မဇ္ဈိမနိကာယ်

၈— မဓုပိဏ္ဍိကသုတ်

၁၉၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကိုယူ (ဆောင်) ကာ ကပိလဝတ်ပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ ကပိလဝတ်ပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီးနောက် မဟာဝုန်တောဆီသို့ နေ့သန့်တော်မူရန် ချဉ်းကပ်ဝင်ရောက်၍ ဥသျှစ်ပင်ပျိုရင်း၌ နေ့သန့်ထိုင်နေတော်မူ၏။ ဒဏ္ဍပါဏိ သာကီဝင်မင်းသားသည် အညောင်းပြေ လမ်းလျှောက်လှည့်လည်သည်ရှိသော် မဟာဝုန်တောဆီသို့ ချဉ်းကပ်လေ၏။ မဟာဝုန်တောသို့ ဝင်ရောက်၍ ဥသျှစ်ပင်ပျိုရင်းမြတ်စွာဘုရားရှိရာ အရပ်သို့ ချဉ်းကပ်ပြီးနောက် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြီးလျှင် ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို (ပြောဆို) ပြီးဆုံးစေ၍ တုတ်ကို ထောက်ကာ သင့်လျော်သော အရပ်၌ ရပ်တည်လျက် မြတ်စွာဘုရားကို “(အသျှင်) ရဟန်းသည် အဘယ်အယူရှိသနည်း၊ ့အဘယ်ကို ပြောကြားလေ့ရှိသနည်း” ဟု ဤစကားကို လျှောက်ကြား၏၊ “ငါ့သျှင် အကြင်သို့သော အယူရှိသည်ဖြစ်၍ နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏမင်းများ လူများနှင့်တကွသော လူ့လောက၌ မည်သူနှင့် မျှမငြင်းခုံ၊ အကြင်သို့သော အကြောင်းကြောင့် ကာမဂုဏ်တို့နှင့်မယှဉ်သည်ဖြစ်၍ သို့လော သို့လော တွေးတောယုံမှားခြင်း မရှိသည်ဖြစ်၍ ကုက္ကုစ္စပြတ်ပြီးသည် ဖြစ်၍ဘဝငယ် ဘဝကြီး၌ တပ်မက်ခြင်းကင်းလျက်နေသော ရဟန္တာဖြစ်ပြီးသော (ငါ့မှာ) (ကိလေသာ) သညာတို့သည် မကိန်းဝပ်ကုန်၊ ဒါယကာ ငါသည် ဤသို့သော အယူရှိ၏။ ဤသို့သော အကြောင်းကို ပြောကြားလေ့ ရှိ၏” ဟု ဤသို့ မိန့်တော်မူသည်ရှိသော် ဒဏ္ဍပါဏိမည်သော သာကီဝင်မင်းသားသည် ဦးခေါင်းကို ညိတ်၍ လျာကို ထုတ်ကာ နဖူးပြင်၌ နဖူးရေးသုံးခုကို ထစေ၍ တုတ်ကို ထောက်လျက် ဖဲခွါသွားလေ၏။

၂ဝဝ။တို့နောက် မြတ်စွာဘုရားသည် ညနေချမ်းအချိန် ကိန်းအောင်းရာမှ ထတော်မူလျက် နိဂြောဓာရုံကျောင်းဆီသို့ ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်တော်မူကာ ရဟန်းတို့ကို “ရဟန်းတို့ငါသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူ (ဆောင်) ကာ ကပိလဝတ်ပြည်သို့ဆွမ်းခံဝင်တော်မူခဲ့၏။ ကပိလဝတ်ပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီးနောက်မဟာဝုန်တောဆီသို့ နေ့သန့်တော်မူရန် ချဉ်းကပ်ဝင်ရောက်၍ ဥသျှစ်ပင်ပျိုအရင်း၌ နေ့သန့်ထိုင် နေတော်မူခဲ့၏။ ရဟန်းတို့ ဒဏ္ဍပါဏိမည်သော သာကီဝင်မင်းသားသည်လည်း အညောင်းပြေ လမ်းလျှောက်လှည့်လည်သည်ရှိသော် မဟာဝုန်တောဆီသို့ ချဉ်းကပ် မိလေ၏။ မဟာဝုန်တောသို့ ဝင်ရောက်၍ဥသျှစ်ပင်ပျိုရင်း ငါရှိရာ အရပ်သို့ ချဉ်းကပ်ပြီးနောက် ငါနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ် ဆက်ပြီးလျှင်ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို (ပြောဆို) ပြီးဆုံးစေ၍ တုတ်ကို ထောက်ကာ သင့်လျော်သောအရပ်၌ ရပ်တည်လျက် ငါ့ကို ‘(အသျှင်) ရဟန်းသည် အဘယ်အယူရှိသနည်း၊ အဘယ်ကို ပြောကြားလေ့ရှိသနည်း’ဟု လျှောက်ကြား၏။ ရဟန်းတို့ ဤသို့ လျှောက်ထားသည်ရှိသော် ငါသည် ဒဏ္ဍပါဏိမည်သောသာကီဝင်မင်းသားကို ‘ဒါယကာ အကြင်သို့သော အယူရှိသည်ဖြစ်၍ နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသောနတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများ နှင့်တကွသော လူ့လောက၌ မည်သူ နှင့်မျှ မငြင်းခုံ၊ အကြင်သို့သော အကြောင်းကြောင့် ကာမဂုဏ်တို့နှင့် မယှဉ်သည်ဖြစ်၍ သို့လော သို့လောတွေးတောယုံမှားခြင်း မရှိသည်ဖြစ်၍ ကုက္ကုစ္စပြတ်ပြီးသည်ဖြစ်၍ ဘဝငယ် ဘဝကြီး၌ တပ်မက်ခြင်းကင်းလျက်နေသော ရဟန္တာဖြစ်ပြီးသော (ငါ့မှာ) (ကိလေသာ) သညာတို့သည် မကိန်းဝပ်ကုန်၊ ဒါယကာငါသည် ဤသို့သော အယူရှိ၏။ ဤသို့သော အကြောင်းကို ပြောကြားလေ့ရှိ၏’ဟု ပြောဆိုခဲ့၏။ ရဟန်းတို့ ဤသို့ပြောဆိုသည်ရှိသော် ဒဏ္ဍပါဏိမည်သော သာကီဝင်မင်းသားသည် ဦးခေါင်းကို ညိတ်၍ လျာကိုထုတ်ကာ နဖူးပြင်၌ နဖူးရေး သုံးခုကို ထစေ၍ တုတ်ကို ထောက်လျက် ဖဲခွါ (သွား) လေ၏” ဟု မိန့်တော်မူ၏။

၂ဝ၁။ ဤသို့ မိန့်တော်မူသည်ရှိသော် ရဟန်းတစ်ပါးသည် “အသျှင်ဘုရား မြတ်စွာဘုရားသည် အဘယ်အယူရှိတော်မူသည်ဖြစ်၍ နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏမင်းများ လူများ နှင့်တကွသော လူ့လောက၌ မည်သူနှင့်မျှ ငြင်းခုံတော်မမူပါသနည်း၊ အသျှင် ဘုရားအဘယ်သို့သော အကြောင်းကြောင့်လည်း ကာမဂုဏ်တို့နှင့် မယှဉ်သည်ဖြစ်၍ သို့လော သို့လောတွေးတောယုံမှားခြင်း မရှိသည်ဖြစ်၍ ကုက္ကုစ္စပြတ်ပြီးသည်ဖြစ်၍ ဘဝငယ် ဘဝကြီး၌ တပ်မက်ခြင်းကင်းလျက် နေတော်မူသော ရဟန္တာဖြစ်ပြီးသော မြတ်စွာဘုရား၌ (ကိလေသာ) သညာတို့သည် မကိန်းဝပ်ပါကုန်သနည်း” ဟု မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏။ ရဟန်း အကြင် အကြောင်းကြောင့်သတ္တဝါကို ချဲ့ထွင်မှုသညာအစုတို့သည် လွှမ်းမိုး၍ ဖြစ်ကုန်၏၊ ဤအကြောင်း၌ အလွန်နှစ်သက်ခြင်းစွဲလမ်းပြောဆိုခြင်း သက်ဝင်စွဲယူခြင်းသည် အကယ်၍ မရှိငြားအံ့၊ ဤ (မရှိခြင်း) သည်ပင် ရာဂါနုသယ့ ‘တပ်စွန်းမှုကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း၊ ဤသည်ပင် ပဋိဃာနုသယ ‘ထိပါးမှု ကိန်းဝပ်ခြင်း’တို့၏အဆုံးတည်း။ ဤသည်ပင် ဒိဋ္ဌာနုသယ ‘မှားယွင်းသောအမြင်ကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း၊ ဤသည်ပင်ဝိစိကိစ္ဆာနုသယ ‘တွေးတောယုံမှားမှုကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း၊ ဤသည်ပင် မာနာနုသယ ‘မောက်မာမှုကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း၊ ဤသည်ပင် ဘဝရာဂါနုသယ ‘ဘဝကို တပ်စွန်းမှုကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း၊ ဤသည်ပင် အဝိဇ္ဇာနုသယ ‘မသိမှုကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း၊ ဤသည်ပင် တုတ်ဆွဲယူခြင်း ဓားလက်နက်ဆွဲယူခြင်း ရန်ဖြစ်ခြင်း သဘောကွဲလွဲခြင်း ငြင်းခုံခြင်း နင်နင်ဟုပြောဆိုခြင်း ကုန်းချောခြင်း မုသားပြောဆိုခြင်းတို့၏ အဆုံးတည်း၊ ဤအကြောင်း၌ ယုတ်ညံ့သော ဤအကုသိုလ်တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏ဟု မြတ်စွာဘုရားသည် ဤတရားစကားကိုဟောကြားတော်မူ၏။ ဤ တရားစကားကို ဟောကြားတော်မူပြီးလျှင် မြတ်စွာဘုရားသည် နေရာမှထတော်မူကာ ကျောင်းသို့ ဝင်တော် မူလေ၏။

၂ဝ၂။ ထိုအခါ ထိုရဟန်းများမှာ မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမီ ဤသို့သောအကြံဖြစ်ပေါ်လာ၏။ “ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည်၊ ‘ရဟန်း အကြင်အကြောင်းကြောင့်သတ္တဝါကို ချဲ့ထွင်မှုသညာ အစုတို့သည် လွှမ်းမိုး၍ ဖြစ်ကုန်၏။ ဤအကြောင်း၌ အလွန်နှစ်သက်ခြင်းစွဲလမ်းပြော ဆိုခြင်း သက်ဝင်စွဲယူခြင်းသည် အကယ်၍ မရှိငြားအံ့၊ ဤ (မရှိခြင်း) သည်ပင် ရာဂါနုသယ ‘တပ်စွန်းမှု ကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း။ပ။ ဤအကြောင်း၌ ယုတ်ညံ့သောဤအကုသိုလ်တရားတို့သည် အကြွင်း မဲ့ ချုပ်ကုန်၏’ဟု ဤညွှန်ကြားချက်ကို အကျဉ်းချုပ်ညွှန်ပြ၍အနက်သဘောကို အကျယ်မဝေဖန်ပဲ နေရာမှ ထတော်မူကာ ကျောင်းသို့ ဝင်တော်မူခဲ့၏၊ မြတ်စွာဘုရားအကျဉ်းချုပ်ညွှန်ပြလျက် အကျယ် မဝေဖန်ခဲ့သော ဤညွှန်ပြချက် အနက်သဘောကို အဘယ်သူသည်အကျယ်အားဖြင့် ဝေဖန်နိုင်ရာသ နည်း” ဟု (ဤသို့သော အကြံသည် ဖြစ်ပေါ်လာ၏)။

ထိုအခါ ထိုရဟန်းတို့အား “ဤအသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အချီးမွမ်းခံရ၏၊ ပညာရှိသီတင်းသုံးဖော်တို့ အမြှောက်စားလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရားအကျဉ်းချုပ်ညွှန်ပြလျက် အကျယ်မဝေဖန်ခဲ့သော ဤညွှန်ပြချက်၏ အနက်သဘောကို အကျယ်ဝေဖန်ရန် စွမ်းလည်းစွမ်းနိုင်၏၊ ငါတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်၍ အသျှင်မဟာကစ္စာနအား ဤအနက်သဘောကို မေးမြန်းကြရမူ ကောင်းပေမည်” ဟု အကြံဖြစ်ပေါ်လာပြန်၏။

ထို့နောက် ထိုရဟန်းတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာကစ္စာနနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်၍ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို (ပြောဆို) ပြီးဆုံးစေကာတစ်ခုသော နေရာ၌ ထိုင်နေကုန်လျက် အသျှင်မဟာကစ္စာနအား ဤစကားကို ပြောဆို လျှောက်ထားကုန်၏။

ငါ့သျှင် ကစ္စာန ငါတို့အား မြတ်စွာဘုရားသည် “ရဟန်း သတ္တဝါကို ချဲ့ထွင်မှုသညာအစုတို့ လွှမ်းမိုး၍ဖြစ်သော အကြောင်း၌ အလွန်နှစ်သက်ခြင်း စွဲလမ်းပြောဆိုခြင်း သက်ဝင်စွဲယူခြင်းသည် အကယ်၍မရှိငြားအံ့၊ ဤမရှိခြင်းသည်ပင် ရာဂါနုသယ ‘တပ်စွန်းမှုကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း။ပ။ ဤအကြောင်း၌ ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏” ဟူသော ဤညွှန်ပြချက်ကို အကျဉ်းချုပ် ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထကာ ကျောင်းသို့ဝင်တော်မူခဲ့၏၊ ငါ့သျှင် ကစ္စာန မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမြင့်မီ ငါတို့အား “မြတ်စွာဘုရားသည် ‘အကြင်အကြောင်းကြောင့် သတ္တဝါကို ချဲ့ထွင်မှု သညာအစုတို့ လွှမ်းမိုး၍ဖြစ်သော အကြောင်း၌အလွန်နှစ်သက်ခြင်း စွဲလမ်းပြောဆိုခြင်း သက်ဝင်စွဲယူခြင်းသည် အကယ်၍ မရှိငြားအံ့၊ ဤသို့ မရှိခြင်းသည်ပင် ရာဂါနုသယ ‘တပ်စွန်းမှုကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း။ပ။ ဤအကြောင်း၌ ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏” ဟူသော ဤညွှန်ပြချက်ကို အကျဉ်းချုပ်ညွှန်ပြ၍ အနက့်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှထကာ ကျောင်းသို့ ဝင်တော်မူခဲ့၏။ အဘယ်သူသည် မြတ်စွာဘုရား အကျဉ်းချုပ် ညွှန်ပြ၍ အကျယ်အားဖြင့် အနက်သဘောကို မဝေဖန်သော ဤညွှန်ပြချက်၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်နိုင်ရာသနည်း” ဟု ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်လာပါ၏။ ငါ့သျှင် ကစ္စာန ထိုငါတို့မှာ “ဤအသျှင်ကစ္စာနသည် မြတ်စွာဘုရား၏ ချီးမွမ်းခြင်းကို ခံရ၏၊ ပညာရှိသီတင်းသုံးဖော်တို့၏ မြှောက်စားခြင်းကိုလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ် ညွှန်ပြ၍ အကျယ်မဝေဖန်ခဲ့သော ဤညွှန်ပြချက်၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်ရန်စွမ်းလည်း စွမ်းနိုင်၏။ ငါတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်၍ အနက်သဘောကို မေးမြန်းကြရမူ ကောင်းပေမည်” ဟု ဤသို့သော စိတ်အကြံ ဖြစ်ပေါ်လာပြန်ပါ၏။ အသျှင်မဟာကစ္စာနသည် ဝေဖန်ပါလော့ဟု (ပြောဆိုလျှောက်ထားကြကုန်၏)။

၂ဝ၃။ ငါ့သျှင်တို့ ဥပမာဆိုသော် အနှစ်သာရကို အလိုရှိ၍ အနှစ်သာရကို ရှာမှီးသော ယောကျာ်း သည်အနှစ်ရှာလှည့်လည်သော် တည်နေဆဲဖြစ်သော အနှစ်ပြည့်သော သစ်ပင်ကြီး၏ အမြစ်ရင်းကိုလည်းကောင်း၊ ပင်စည်ကိုလည်းကောင်း ကျော်လွန်၍သာလျှင် အခက် အရွက်၌ အနှစ်သာရကို ရှာသင့်၏ဟုထင်မှတ်ရာသကဲ့သို့၊ ဤအတူ အသျှင်တို့သည် မြတ်စွာဘုရား မျက်မှောက်ဖြစ်ပါလျက် ထိုမြတ်စွာဘုရားကိုကျော်လွန်၍ ငါတို့အား ဤအနက်ကို မေးမြန်းသင့်၏ဟု ထင်မှတ်ကြကုန်၏။ ငါ့သျှင်တို့ မှန်ပါသည်၊ ထိုမြတ်စွာဘုရားသည် သိသင့်သည်ကို သိတော်မူ၏၊ မြင်သင့်သည်ကို မြင်တော်မူ၏၊ မျက်စိသဖွယ် ဖြစ်တော်မူ၏၊ အသိဉာဏ်သဖွယ် ဖြစ်တော်မူ၏၊ တရားသဖွယ် ဖြစ်တော်မူ၏၊ မြတ်သော မဂ်သဖွယ် ဖြစ်တော်မူ၏၊ (သစ္စာကို) ဟောကြားတော်မူ၏၊ ဖြစ်စေတော်မူတတ်၏၊ အနက်ကို ထုတ်ဆောင်ပြတော်မူတတ်၏၊ အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်၏၊ တရားအရှင် ဖြစ်တော်မူ၏၊ ရှေးဘုရားများအတူ ဖြစ်တော်မူ၏၊ ဤအနက်သဘောကို မြတ်စွာဘုရားကိုသာလျှင် မေးမြန်းရန် အချိန်အခါ ဖြစ်၏။ သင်တို့အားမြတ်စွာဘုရားဖြေကြားတော်မူသည့်အတိုင်း ထိုအနက်ကို မှတ်ကြကုန်ရာ၏ဟု (ဆို၏)။

ငါ့သျှင် ကစ္စာန စင်စစ်သော်ကား မြတ်စွာဘုရားသည် သိသင့်သည်ကို သိတော်မူ၏၊ မြင်သင့်သည်ကိုမြင်တော်မူ၏၊ မျက်စိသဖွယ် ဖြစ်တော်မူ၏၊ အသိဉာဏ်သဖွယ် ဖြစ်တော်မူ၏၊ တရားသဖွယ် ဖြစ်တော်မူ၏၊ မြတ်သော မဂ်သဖွယ် ဖြစ်တော်မူ၏၊ (သစ္စာကို) ဟောကြားတော်မူတတ်၏၊ ဖြစ်စေတော်မူတတ်၏၊ အနက်ကို ထုတ်ဆောင်ပြတော်မူတတ်၏၊ အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်၏၊ တရားအရှင်ဖြစ်တော်မူ၏၊ ရှေးဘုရားများ အတူ ဖြစ်တော်မူ၏၊ ဤအနက်သဘောကို မြတ်စွာဘုရားကိုသာလျှင်မေးမြန်းရန် အချိန်အခါ ဖြစ်ပါ၏။ ငါတို့အား မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအနက်သဘောကို မှတ်ကြကုန်ရာ၏။ သို့သော်လည်း အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား၏ ချီးမွမ်းခြင်းကိုခံရ၏၊ ပညာရှိသီတင်းသုံးဖော်တို့၏ မြှောက်စားခြင်းကိုလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်ခဲ့သော ဤညွှန်ပြချက် ‘တရားအမြွက်’၏ အနက်သဘောကိုအကျယ်အားဖြင့် ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏။ အသျှင်မဟာ ကစ္စာနသည် ဝန်မလေးသည်ကိုပြု၍ဝေဖန်ပါလော့ဟု (လျှောက်ကြကုန်၏)။ ငါ့သျှင်တို့ ထိုသို့ တာဝန်ထား၍ နာကြားလိုကြမူ နာကြားကြကုန်၊ ကောင်းစွာ နလုံးသွင်းကြကုန်၊ ဟောကြားပေအံ့ဟု (မိန့်ဆိုတော်မူ၏)။ “ငါ့သျှင် ကောင်းပါပြီ” ဟုထိုရဟန်းတို့သည် အသျှင်မဟာကစ္စာနအား ပြန်ကြားလျှောက်ထားကြကုန်၏။ အသျှင်မဟာကစ္စာနသည်ဤစကားကို ဟောကြား၏ —

၂ဝ၄။ ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် “ရဟန်း သတ္တဝါကို ချဲ့ထွင်မှုသညာအစုတို့ လွှမ်းမိုး၍ဖြစ်သောအကြောင်း၌ အလွန်နှစ်သက်ခြင်း စွဲလမ်းပြောဆိုခြင်း သက်ဝင်စွဲယူခြင်းသည် အကယ် ၍မရှိငြားအံ့၊ ဤမရှိခြင်းသည် ရာဂါနုသယ ‘တပ်စွန်းမှုကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း။ပ။ ဤအကြောင်း၌ ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့သည် အကြွင်းမဲ့ချုပ်ကုန်၏” ဟူသော ညွှန်ပြချက်ကို့အကျဉ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထကာ ကျောင်းသို့ ဝင်တော်မူခဲ့၏။ ငါ့သျှင်တို့ မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်ခဲ့သော ဤညွှန်ပြချက် ‘တရားအမြွက်’၏အနက်သဘောကို ဤသို့အကျယ်အားဖြင့် ငါသိပါ၏။

ငါ့သျှင်တို့ မျက်စိကိုလည်းကောင်း အဆင်းတို့ကိုလည်းကောင်း စွဲ၍ မြင်သိ ‘စက္ခုဝိညာဏ်’ စိတ် ဖြစ်၏၊ သုံးခုတို့၏ ပေါင်းဆုံခြင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ ဖြစ်၏၊ တွေ့ထိခြင်း ‘ဖဿ’ ဟူသောအကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ဖြစ်၏၊ ခံစားပြီးသော အာရုံကို မှတ်သား၏၊ မှတ်သားပြီးသောအာရုံကိုကြံစည်၏၊ ကြံစည်ပြီးသော အာရုံကို ချဲ့ထွင်၏၊ အာရုံကို ချဲ့ထွင်ခြင်းဟူသောအကြောင်းကြောင့် သတ္တဝါကို အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော မျက်စိဖြင့် သိရသော အဆင်းတို့၌ချဲ့ထွင်မှုသညာအစုတို့သည် လွှမ်းမိုး၍ ဖြစ်ကုန်၏။

ငါ့သျှင်တို့ နားကိုလည်းကောင်း၊ အသံတို့ကိုလည်းကောင်း စွဲ၍ ကြားသိ ‘သောတဝိညာဏ်’ စိတ်ဖြစ်၏။ပ။ ငါ့သျှင်တို့ နှာခေါင်းကိုလည်းကောင်း၊ အနံ့တို့ကိုလည်းကောင်း စွဲ၍ နံသိ ‘ဃာနဝိညာဏ်’စိတ်ဖြစ်၏။ပ။ ငါ့သျှင်တို့ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ လျက်သိ ‘ဇိဝှါဝိညာဏ်’စိတ် ဖြစ်၏။ပ။ ငါ့သျှင်တို့ ကိုယ်ကိုလည်းကောင်း၊ အတွေ့အထိတို့ကိုလည်းကောင်း စွဲ၍ ထိသိ ‘ကာယဝိညာဏ်’စိတ် ဖြစ်၏။ပ။ ငါ့သျှင်တို့ စိတ်ကိုလည်းကောင်၊ း သဘာဝဓမ္မတို့ကိုလည်းကောင်း စွဲ၍အထူးသိ ‘မနောဝိညာဏ်’စိတ် ဖြစ်၏၊ သုံးခုတို့၏ ပေါင်းဆုံခြင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ ဖြစ်၏၊ တွေ့ထိခြင်း ‘ဖဿ’ဟူသော အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ဖြစ်၏၊ ခံစားပြီးသော အာရုံကိုမှတ်သား၏၊ မှတ်သားပြီးသော အာရုံကိုကြံစည်၏၊ ကြံစည်ပြီးသော အာရုံကို ချဲ့ထွင်၏၊ အာရုံကိုချဲ့ထွင်ခြင်းဟူသော အကြောင်းကြောင့် သတ္တဝါကို အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော စိတ်ဖြင့် အထူးသိရသော သဘာဝဓမ္မတို့၌ ချဲ့ထွင်မှုသညာအစုတို့သည် လွှမ်းမိုး၍ ဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုသူသည် စင်စစ်သော်ကား မျက်စိ+အဆင်း=မြင်သိ ‘စက္ခုဝိညာဏ်’ စိတ်ဖြစ်သော် တွေ့ထိမှု ‘ဖဿ’ဟု ပညတ်အံ့သော အကြောင်းသည် ရှိ၏။ တွေ့ထိမှုပညတ်ခြင်းရှိသော် ခံစားမှု ‘ဝေဒနာ’ဟုပညတ်အံ့သော အကြောင်းသည် ရှိ၏။ ခံစားမှုဟု ပညတ်ခြင်းရှိသော် မှတ်သားမှု ‘သညာ’ဟုပညတ်အံ့သော အကြောင်းသည် ရှိ၏။ မှတ်သားမှုဟု ပညတ်ခြင်းရှိသော်ကြံစည်မှု ‘ဝိတက်’ဟုပညတ်အံ့သော အကြောင်းသည် ရှိ၏။ ကြံစည်မှုဟု ပညတ်ခြင်းရှိသော် ချဲ့ထွင်ရေးသညာအစုများ လွှမ်းမိုး၍ ဖြစ်မှုဟု ပညတ်အံ့သော အကြောင်းသည် ရှိ၏။

ငါ့သျှင်တို့ ထိုသူသည် စင်စစ်သော်ကား နား+အသံ။ပ။ နှာခေါင်း+အနံ့။ပ။ လျှာ+အရသာ။ပ။ ကိုယ်+အတွေ့အထိ။ပ။ စိတ်+သဘာဝဓမ္မ=အထူးသိ ‘မနောဝိညာဏ်စိတ်’ ဖြစ်လေသော် တွေ့ထိမှု ‘ဖဿ’ဟုပညတ်အံ့သော အကြောင်းသည် ရှိ၏။ တွေ့ထိမှုဟု ပညတ်ခြင်းရှိသော် ခံစားမှု ‘ဝေဒနာ’ဟု ပညတ်အံ့သော အကြောင်းသည် ရှိ၏။ ခံစားမှုဟု ပညတ်ခြင်းရှိသော် မှတ်သားမှု ‘သညာ’ဟု ပညတ်အံ့သောအကြောင်းသည် ရှိ၏။ မှတ်သားမှုဟု ပညတ်ခြင်းရှိသော်ကြံစည်မှု ‘ဝိတက်’ဟု ပညတ်အံ့သောအကြောင်းသည် ရှိ၏။ ကြံစည်မှုဟု ပညတ်ခြင်းရှိသော် ချဲ့ထွင်ရေးသညာအစုများ လွှမ်းမိုး၍ ဖြစ်မှုဟုပညတ်အံ့သော အကြောင်းသည် ရှိ၏။

ငါ့သျှင်တို့ ထိုသူသည် စင်စစ်သော်ကား မျက်စိ+အဆင်း=မြင်သိ ‘စက္ခုဝိညာဏ်’ စိတ်မဖြစ်လေသော်တွေ့ထိမှု ‘ဖဿ’ဟု ပညတ်အံ့သော အကြောင်းသည် မရှိ။ တွေ့ထိမှုဟု ပညတ်ခြင်းမရှိသော် ခံစားမှု ‘ဝေဒနာ’ဟု ပညတ်အံ့သော အကြောင်းသည် မရှိ။ ခံစားမှုဟု ပညတ်ခြင်းမရှိသော် မှတ်သားမှု ‘သညာ’ဟု ပညတ်အံ့သော အကြောင်းသည် မရှိ။ မှတ်သားမှုဟု ပညတ်ခြင်းမရှိသော်ကြံစည်မှု ‘ဝိတက်’ဟုပညတ်အံ့သော အကြောင်းသည် မရှိ။ ကြံစည်မှုဟု ပညတ်ခြင်းမရှိသော် ချဲ့ထွင်ရေးသညာအစုများလွှမ်းမိုး၍ ဖြစ်မှုဟု ပညတ်အံ့သော အကြောင်းသည် မရှိ။

ငါ့သျှင်တို့ ထိုသူသည် စင်စစ်သော်ကား နား+အသံ။ပ။ နှာခေါင်း+အနံ့။ပ။ လျှာ+အရသာ။ပ။ ကိုယ်+အတွေ့အထိ။ပ။ စိတ်+သဘာဝဓမ္မ=အထူးသိ ‘မနောဝိညာဏ်စိတ်’ မဖြစ်လေသော် တွေ့ထိမှု ‘ဖဿ’ဟုပညတ်အံ့သော ဤအကြောင်းသည် မရှိ။ တွေ့ထိမှုပညတ်ခြင်းမရှိသော် ခံစားမှု ‘ဝေဒနာ’ဟုပညတ်အံ့သော အကြောင်းသည် မရှိ။ ခံစားမှုဟု ပညတ်ခြင်းမရှိသော် မှတ်သားမှု ‘သညာ’ဟု ပညတ်အံ့သော အကြောင်းသည် မရှိ။ မှတ်သားမှုဟု ပညတ်ခြင်းမရှိသော်ကြံစည်မှု ‘ဝိတက်’ဟု ပညတ်အံ့သောအကြောင်းသည် မရှိ။ ကြံစည်မှုဟု ပညတ်ခြင်းမရှိသော် ချဲ့ထွင်ရေးသညာအစုများ လွှမ်းမိုး၍ ဖြစ်မှုဟုပညတ်အံ့သော အကြောင်းသည် မရှိ။

ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် “ရဟန်း သတ္တဝါကို ချဲ့ထွင်မှုသညာအစုတို့ လွှမ်းမိုး၍ဖြစ်သော အကြောင်း၌ အလွန်နှစ်သက်ခြင်း စွဲလမ်းပြောဆိုခြင်း သက်ဝင်စွဲယူခြင်းသည် အကယ်၍မရှိငြား အံ့၊ ဤမရှိခြင်းသည် ရာဂါနုသယ ‘တပ်စွန်းမှုကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း။ပ။ ဤအကြောင်း၌ ယုတ်ညံ့သော ထိုအကုသိုလ် တရားတို့သည် အကြွင်းမဲ့ချုပ်ကုန်၏” ဟုအကြင်ညွှန်ပြချက်ကို အကျဉ်းချုပ် ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှထကာကျောင်းသို့ ဝင်တော်မူခဲ့၏။ ငါ့သျှင်တို့ ငါသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍အကျယ်မဝေဖန်သော ဤညွှန်ပြချက်၏ အနက်သဘောကို ဤသို့ အကျယ်အားဖြင့် သိပါ၏။ အသျှင်တို့အလိုရှိကြကုန်သော် အသျှင်တို့သည် မြတ်စွာဘုရားသို့ သာလျှင် ချဉ်းကပ်ကြကုန်၍ ဤအနက်သဘောကိုတစ်ဖန် မေးမြန်းကြကုန်ရာ၏။ ငါတို့အား မြတ်စွာ ဘုရား ဖြေကြားတော်မူသည့်အတိုင်းထိုအနက်သဘောကို မှတ်ကုန်ရာ၏ဟု (မိန့်ဆို၏)။

၂ဝ၅။ ထိုအခါ ရဟန်းတို့သည် အသျှင်မဟာကစ္စာန၏ မိန့်ကြားချက်ကို အလွန်နှစ်သက်ဝမ်းမြောက်ကုန်၍ နေရာမှ ထကြပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်၍ မြတ်စွာဘုရားကို ရိုသေစွာရှိခိုးကြကုန်လျက် လျောက်ပတ်သော အရပ်၌ ထိုင်နေကြကာ ဤစကားကို လျှောက်ထားကြကုန်၏ — “အသျှင်ဘုရား တပည့်တော်တို့အား မြတ်စွာဘုရားသည် ရဟန်း သတ္တဝါကို ချဲ့ထွင်မှုသညာအစုတို့လွှမ်း မိုး၍ဖြစ်သော အကြောင်း၌ အလွန်နှစ်သက်ခြင်း စွဲလမ်းပြောဆိုခြင်း သက်ဝင်စွဲယူခြင်းသည်အကယ်၍ မရှိငြားအံ့၊ ဤမရှိခြင်းသည်ပင် ရာဂါနုသယ ‘တပ်စွန်းမှုကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း။ပ။ ဤ အကြောင်း၌ ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏” ဟုအကြင်ညွှန်ပြချက် ‘တရားအမြွက်’ကို အကျဉ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ် မဝေဖန်ဘဲနေရာမှ ထတော်မူကာ ကျောင်းသို့ ဝင်တော်မူခဲ့၏။

အသျှင်ဘုရား ထိုတပည့်တော်တို့မှာ မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမီ “ငါ့သျှင်တို့ ငါတို့ အားမြတ်စွာဘုရားသည် ‘ရဟန်း သတ္တဝါကို ချဲ့ထွင်မှုသညာအစုတို့ လွှမ်းမိုး၍ဖြစ်သော အကြောင်း၌အလွန်နှစ်သက်ခြင်း စွဲလမ်းပြောဆိုခြင်း သက်ဝင်စွဲယူခြင်းသည် အကယ်၍ မရှိငြားအံ့၊ ဤ (မရှိခြင်း) သည်ပင် ရာဂါနုသယ ‘တပ်စွန်းမှုကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း၊ ပဋိဃာနုသယ ‘ထိပါးမှုကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း၊ ဒိဋ္ဌာနုသယ ‘မှားယွင်းသောအမြင်ဒိဋ္ဌိကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း၊ ဝိစိကိစ္ဆာနုသယ ‘တွေးတောယုံမှားမှုကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း၊ မာနာနုသယ ‘မောက်မာမှုကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း၊ ဘဝရာဂါနုသယ ‘ဘဝကိုတပ်စွန်းမှု ကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း၊ အဝိဇ္ဇာနုသယ ‘မသိမှုကိန်းဝပ်ခြင်း’တို့၏ အဆုံးတည်း၊ ဤသည်ပင် တုတ်ကို ဆွဲယူခြင်း ဓားလက်နက်ကိုဆွဲယူခြင်း ရန်ဖြစ်ခြင်း သဘောကွဲလွဲခြင်း ငြင်းခုံခြင်း နင်နင်ဟု ပြောဆိုခြင်း ကုန်းချောခြင်း မုသားပြောဆိုခြင်းတို့၏ အဆုံးတည်း။ ဤအကြောင်း၌ ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့သည် အကြွင်းမရှိချုပ်ကုန်၏’ဟူသော ဤညွှန်ပြချက်ကို အကျဉ်းချုပ် ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲနေရာ မှထကာ ကျောင်းသို့ ဝင်တော်မူခဲ့၏။ အဘယ်သူသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍့အကျယ် မဝေဖန်သော ဤညွှန်ပြချက်၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်နိုင်ရာသနည်း” ဟုဤသို့သော စိတ်အကြံ ဖြစ်ပေါ်ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်တို့မှာ “ဤအသျှင်မဟာကစ္စာနသည်မြတ်စွာ ဘုရား ချီးမွမ်းခြင်းကို ခံရ၏၊ ပညာရှိသီတင်းသုံးဖော်များ မြှောက်စားခြင်းကိုလည်း ခံရ၏၊ အသျှင်မဟာ ကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤညွှန်ပြချက်၏အနက်သဘော ကို အကျယ်အားဖြင့် ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည်အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်၍ အနက်သဘောကို မေးမြန်းကြရမူ ကောင်းပေမည်” ဟု ဤသို့သောစိတ်အကြံဖြစ်ပေါ်ခဲ့ပါသည်။ အသျှင် ဘုရား ထိုအခါ တပည့်တော်တို့သည် အသျှင်မဟာကစ္စာနထံသို့ချဉ်းကပ်၍ ဤအနက်သဘောကို မေးမြန်းကြပါကုန်၏။ အသျှင်ဘုရား ထိုတပည့်တော်တို့အားအသျှင်မဟာကစ္စာနသည် ဤအခြင်းအရာ ပုဒ်ဝါကျ အက္ခရာတို့ဖြင့် အနက်သဘောကို ဝေဖန်ပြပါ၏ဟု (ဤစကားကို လျှောက်ထားကုန်၏)။

ရဟန်းတို့ မဟာကစ္စာနသည် ပညာရှိ၏၊ ပညာကြီး၏။ ရဟန်းတို့ ငါ့ကိုလည်း သင်တို့သည်ဤအနက်သဘောကို အကယ်၍ မေးမြန်းကြကုန်ငြားအံ့၊ ငါသည်လည်း ထိုအနက်သဘောကိုမဟာကစ္စာန ဖြေကြားသကဲ့သို့ပင် ဖြေကြားရာ၏၊ ဤညွှန်ပြချက်၏ အနက်သဘောသည်ဤသည်ပင်တည်း၊ ဤ အတိုင်း ထိုအနက်သဘောကို မှတ်ကြကုန်ဟုဤသို့ဟောကြားတော်မူသည်ရှိသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားကို “အသျှင်ဘုရားဥပမာသော်ကား ဆာလောင်ခြင်း အားနည်းခြင်းဖြင့် နှိပ်စက်ထားသော ယောကျာ်းသည် ပျားမုန့်ဆုပ်ကိုရငြားအံ့၊ ထိုသူသည် မည်သည့်ဘက်မှမဆို လျက်ပါမူ ထပ်၍သွန်း လောင်းဖွယ်မလို ချို (မြိန်) သောအရသာကို ရရာသကဲ့သို့၊ အသျှင်ဘုရား ဤအတူပင်ကြံစည်တတ်သည့် ပညာတတ်သဘောရှိသောရဟန်းသည် ဤတရား ဒေသနာ၏ အနက်ကို ပညာဖြင့် မည်သည့်ဘက်မှ မဆို စူးစမ်းဆင်ခြင်ငြားအံ့၊ ဝမ်းမြောက်ခြင်း စိတ်ကြည်လင်ခြင်းကို ရရာမည်သာတည်း။ အသျှင်ဘုရား ဤ တရားဒေသနာသည်အဘယ်အမည်ရှိပါသနည်း” ဟု ဤစကားကို လျှောက်ထား၏။ အာနန္ဒာ ထို့ကြောင့် သင်သည်ဤတရားဒေသနာကို “မဓုပိဏ္ဍိကဒေသနာ” ဟူ၍သာလျှင် မှတ်လော့ဟု မြတ်စွာဘုရားသည် ဤတရားကိုဟောတော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား ဟောတော်မူသော တရားကို နှစ်ခြိုက်ဝမ်းမြောက်လေ၏။

ရှစ်ခုမြောက် မဓုပိဏ္ဍိကသုတ်ပြီး၏။