မဇ္ဈိမနိကာယ်

၇။ စူဠဟတ္ထိပဒေါပမသုတ်

၂၈၈။ အကျွန်ုပ်သည် ဤသို့ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဇာဏေုဿာဏိပုဏ္ဏားသည် အလုံးစုံဖြူသော မြည်းကသောရထားဖြင့် မွန်းတည့်အချိန်၌ သာဝတ္ထိပြည်မှ ထွက်လာစဉ် အဝေးမှလာသော ပိလောတိကပရိဗိုဇ်ကိုမြင်၍ပိလောတိက ပရိဗိုဇ်အား—

“အသျှင် ဝစ္ဆာယနသည် ယခု မွန်းတည့်ချိန်၌ အဘယ်မှ လာသနည်း” ဟု ပြောဆို၏။

အသျှင် ငါသည် ရဟန်းဂေါတမအထံမှ လာခဲ့၏ဟု (ဆို၏)။

“အသျှင် ဝစ္ဆာယနသည် ရဟန်းဂေါတမ၏ ပညာအစွမ်းကို အဘယ်သို့ ထင်မှတ်သနည်း၊ ပညာရှိဟုထင်မှတ်ပါသလော” ဟု (မေး၏)။

အသျှင် ငါသည် အဘယ်လိုလူစားနည်း၊ အဘယ်လိုလူစားဖြစ်၍ ရဟန်းဂေါတမ၏ ပညာစွမ်းကိုသိနိုင်အံ့နည်း၊ ရဟန်းဂေါတမ၏ ပညာစွမ်းကို သိနိုင်မည့် သူသည်လည်း ထို (ရဟန်းဂေါတမ) ကဲ့သို့သဘောရှိသော သူသာလျှင် ဖြစ်ရပေမည်ဟု (ဆို၏)။

“အသျှင် ဝစ္ဆာယနသည် ရဟန်းဂေါတမကို မြတ်သော ချီးမွမ်းခြင်းဖြင့် ချီးမွမ်းဘိ၏” ဟု (ဆို၏)။

အသျှင် ငါသည် အဘယ်လိုလူစားနည်း၊ အဘယ်လိုလူစားဖြစ်၍ ရဟန်းဂေါတမကို ချီးမွမ်းနိုင်မည်နည်း၊ ထိုအသျှင်ဂေါတမသည် အချီးမွမ်းခံရသူတို့၏ အချီးမွမ်းကို ခံထိုက်၏၊ နတ်လူတို့ထက် မြတ်တော်မူ၏ဟု (ဆို၏)။

“အသျှင် ဝစ္ဆာယနသည် အဘယ်အကျိုးအာနိသင်ကို ကောင်းစွာမြင်၍ ရဟန်းဂေါတမအပေါ်၌ ဤသို့အလွန်ကြည်ညိုနေရသနည်း” ဟု (မေး၏)။

အသျှင် ဥပမာအားဖြင့် ဆင်တော၌ နေလေ့ရှိသော လိမ္မာသောသူသည် ဆင်တောသို့ ဝင်သည်ရှိသော်ထိုဆင်တော၌ အလျားရှည်၍ အနံကျယ်ပြန့်သော ဆင်ခြေရာကြီးကို မြင်ငြားအံ့၊ ထိုသူသည် “အချင်းတို့ဆင်သည် ကြီးမားစွတကား” ဟု ဆုံးဖြတ်ခြင်းသို့ ရောက်သကဲ့သို့၊ ဤအတူပင် ငါသည် ရဟန်းဂေါတမအပေါ်၌ လေးပါးသော (ဉာဏ်) ခြေရာတို့ကို မြင်ရသောအခါမှစ၍ “မြတ်စွာဘုရားသည် (အလုံးစုံသောတရားကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားပေတည်း၊ တရားတော်သည် မြတ်စွာဘုရားကောင်းစွာ ဟောကြားထားသော တရားပေတည်း၊ မြတ်စွာဘုရား၏ တပည့်သံဃာသည်အကျင့်ကောင်းရှိ သော သံဃာပေတည်း” ဟု ဆုံးဖြတ်ခြင်းသို့ ရောက်၏။

၂၈၉။ အဘယ်လေပါးတို့နည်း ဟူမူ— အသျှင် ဤလောက၌ ငါသည် သိမ်မွေ့သော ပညာရှိကုန် သော၊ သူတစ်ပါးအယူဝါဒကို သိပြီးဖြစ်ကုန်သော၊ သားမြီးကို ဖောက်ထွင်းပစ်နိုင်သည့် လေးသမားနှင့်တူကုန်သော အချို့မင်းပညာရှိတို့ကို မြင်ဖူး၏၊ ထိုသူတို့သည် ပညာဖြင့် အယူတို့ကို ဖျက်ဆီးကုန်သကဲ့သို့လှည့်လည်ကုန်၏။

အသျှင် ထိုသူတို့သည် “ရဟန်းဂေါတမသည် ဤမည်သော ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်း ကောင်းရောက်လတ္တံ့” ဟု ကြားကြသဖြင့် “ငါတို့သည် ဤပြဿနာကို ရဟန်းဂေါတမထံသို့ ချဉ်းကပ်၍ ဤသို့မေးခဲ့လျှင် ငါတို့အား ဤသို့ ဖြေကြားငြားအံ့၊ ထိုရဟန်းဂေါတမအား ငါတို့က ဤသို့ အပြစ်တင်ကုန်အံ့၊ ဤသို့ မေးခဲ့လျှင် ငါတို့အား ဤသို့လည်း ဖြေကြားငြားအံ့၊ ထိုရဟန်းဂေါတမအားငါတို့က ဤသို့လည်း အပြစ်တင်ကုန်အံ့” ဟု ပြောဆိုလျက် ပြဿနာကို ပြုစီရင်ကုန်၏။

အသျှင် ထိုသူတို့သည် “ရဟန်းဂေါတမသည် ဤမည်သော ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်း ကောင်းရောက်၏” ဟု ကြားကြသဖြင့် ရဟန်းဂေါတမထံသို့ ချဉ်းကပ်ကုန်၏။ ထိုသူတို့ကို ရဟန်း ဂေါတမသည်တရားစကားတို့ဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ၏။ ထိုသူတို့သည် ရဟန်းဂေါတမက တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေသော် ရဟန်းဂေါတမအား ပြဿနာကိုပင် မမေးကြကုန်၊ အဘယ်မှာလျှင် ထိုရဟန်းဂေါတမအားအပြစ်တင်ကြကုန်အံ့နည်း၊ စင်စစ်သော်ကား ရဟန်းဂေါတမ၏ တပည့်များသာလျှင် ဖြစ်ကုန်၏။

အသျှင် ငါသည် ရဟန်းဂေါတမ၌ ရှေးဦးစွာသော ဤ (ဉာဏ်) ခြေရာကို မြင်သောအခါမှစ၍ “မြတ်စွာဘုရားသည် (အလုံစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားပေတည်း၊ တရားတော်သည် မြတ်စွာဘုရား ကောင်စွာ ဟောကြားထားသော တရားပေတည်း၊ မြတ်စွာဘုရား၏တပည့်သံဃာသည် အကျင့်ကောင်းရှိသော သံဃာပေတည်း” ဟု ဆုံးဖြတ်ခြင်းသို့ ရောက်၏။

အသျှင် တစ်ဖန်ထို့ပြင်လည်း ငါသည် ဤလောက၌ အချို့ကုန်သော ပုဏ္ဏားပညာရှိတို့ကို မြင်၏။ပ။ သူကြွယ်ပညာရှိတို့ကို။ပ။ သိမ့်မွေ့သောပညာရှိကုန်သော၊ သူတစ်ပါးအယူဝါဒကို သိပြီးဖြစ်ကုန်သော၊ သားမြီးကို ဖောက်ထွင်းပစ်နိုင်သည့် လေးသမားနှင့်တူကုန်သော ရဟန်းပညာရှိတို့ကို (မြင်၏)။ ထိုသူတို့သည် ပညာဖြင့် အယူတို့ကို ဖျက်ဆီးကုန်သကဲ့သို့ လှည့်လည်ကုန်၏၊ အသျှင် ထိုသူတို့သည် “ရဟန်းဂေါတမသည် ဤမည်သော ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ရောက်လတ္တံ့” ဟု ကြားကြသဖြင့် “ငါတို့သည် ဤပြဿနာကို ရဟန်းဂေါတမထံသို့ ချဉ်းကပ်၍ ဤသို့ မေးခဲ့လျှင် ငါတို့အားဤသို့ ဖြေကြားငြားအံ့၊ ထိုရဟန်းဂေါတမအား ငါတို့က ဤသို့ အပြစ်တင်ကုန်အံ့၊ ဤသို့ မေးခဲ့လျှင်ငါတို့အား ဤသို့လည်း ဖြေကြားငြားအံ့၊ ထိုရဟန်း ဂေါတမအား ငါတို့က ဤသို့လည်း အပြစ်တင်ကုန်အံ့” ဟု ပြောဆိုလျက် ပြဿနာကို ပြုစီရင်ကြကုန်၏။

အသျှင် ထိုသူတို့သည် “ရဟန်းဂေါတမသည် ဤအမည်ရှိသော ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ရောက်၏” ဟု ကြားကြသဖြင့် ရဟန်းဂေါတမထံသို့ ချဉ်းကပ်ကုန်၏။ ထိုသူတို့ကို ရဟန်းဂေါတမသည် တရားစကားဖြင့် (အကျိုးစီးပွါး) ကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ၏။ ထိုသူတို့သည် ရဟန်းဂေါတမက တရားစကားဖြင့် (အကျိုးစီးပွါး) ကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေသော် ရဟန်းဂေါတမအား ပြဿနာကိုပင် မမေးကြကုန်၊ အဘယ်မှာလျှင် ထိုရဟန်းဂေါတမအားအပြစ်ကို တင်ကြကုန်အံ့နည်း၊ စင်စစ်သော်ကား လူ့ဘောင်မှ ရဟန်းဘောင်သို့ ကပ်ရောက်ခြင်းငှါ ရဟန်းဂေါတမကိုသာလျှင် အခွင့်တောင်းကြကုန်၏။ ထိုသူတို့ကို ရဟန်းဂေါတမသည် ရဟန်းပြု၏။ ထိုသူတို့သည် ထိုရဟန်းဘောင်၌ ရဟန်းပြုကုန်လျက် ဆိတ်ငြိမ်ရာသို့ ကပ်ကြပြီးလျှင် သတိမမေ့မလျော့သည့်ဖြစ်၍ ပြင်းစွာအားထုတ်ခြင်းရှိသည်ဖြစ်၍ တည်ကြည်သောစိတ်ရှိသည်ဖြစ်၍ နေကြကုန်သော် အကြင် (အရဟတ္တဖိုလ်) အကျိုးငှါ အမျိုးသားတို့သည် လူ့ဘောင်မှ (ထွက်ခွါ၍) ရဟန်းဘောင်၌ ကောင်းစွာသာလျှင် ရှင်ရဟန်းပြုကုန်၏၊ မြတ်သောအကျင့်၏ အဆုံးဖြစ်သော အတုမရှိသော ထိုအရဟတ္တဖိုလ်ကိုမကြာမီ မျက်မှောက်ဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြု၍ ပြည့်စုံစေလျက် နေကြကုန်၏။

ထိုသူတို့သည် ဤသို့ ပြောဆိုကြကုန်၏— “အချင်းတို့ ပျက်စီးဖို့ရာ အနည်းငယ်သာ လိုတော့၏၊ အချင်းတို့ ဆုံးရှုံးဖို့ရာ အနည်းငယ်သာ လိုတော့၏၊ အကြောင်းမှန်ကို ဆိုရသော် ငါတို့သည် ရှေးအခါကသမဏ မဟုတ်ဘဲ သမဏဖြစ်ကုန်၏ဟု ဝန်ခံကြကုန်၏၊ ဗြာဟ္မဏမဟုတ်ဘဲ ဗြာဟ္မဏဖြစ်ကုန်၏ဟု ဝန်ခံကြကုန်၏၊ ရဟန္တာမဟုတ်ဘဲ ရဟန္တာဖြစ်ကုန်၏ဟု ဝန်ခံကြကုန်၏၊ ယခုမှသာလျှင် သမဏဖြစ်ကြကုန်၏၊ ယခုမှသာလျှင် ဗြာဟ္မဏဖြစ်ကြကုန်၏၊ ယခုမှသာလျှင် ရဟန္တာဖြစ်ကြကုန်၏” ဟု (ပြောဆိုကြကုန်၏)။

အသျှင် ငါသည် ရဟန်းဂေါတမ၌ လေးခုမြောက်ဖြစ်သော ဤ (ဉာဏ်) ခြေရာကို မြင်သောအခါမှ စ၍ “မြတ်စွာဘုရားသည် (အလုံစုံသောတရားကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားပေတည်း၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောကြားထားသော တရားပေတည်း၊ မြတ်စွာဘုရား၏ တပည့်သံဃာသည် အကျင့်ကောင်းရှိသော တပည့်သံဃာပေတည်း” ဟု ဆုံးဖြတ်ခြင်းသို့ ရောက်၏။

အသျှင် ငါသည် ရဟန်းဂေါတမ၌ လေးပါးကုန်သော ဤ (ဉာဏ်) ခြေရာတို့ကို မြင်သောအခါမှ စ၍ “မြတ်စွာဘုရားသည် (အလုံစုံသောတရားကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားပေတည်း၊ တရားတော်သည် မြတ်စွာဘုရား ကောင်စွာ ဟောကြားထားသော တရားပေတည်း၊ မြတ်စွာဘုရား၏ တပည့်သံဃာသည် အကျင့်ကောင်းရှိသော တပည့်သံဃာပေတည်း” ဟု ဆုံးဖြတ်ခြင်းသို့ ရောက်၏ဟု (ပြောဆို၏)။

၂၉ဝ။ ဤသို့ ပြောဆိုသော် ဇာဏေုဿာဏိပုဏ္ဏားသည် အလုံးစုံဖြူသော မြည်းကသောရထားမှသက်ဆင်း၍ ပခုံးတစ်ဖက်၌ ကိုယ်ဝတ်ကိုတင်၍ မြတ်စွာဘုရားရှိရာအရပ်သို့ လက်အုပ်ကို ညွတ်၍သုံးကြိမ် ဥဒါန်းစကားကို မြွက်ဆို၏ —

“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော် မူသောထိုမြတ်စွာဘုရားအား ရှိခိုးပါ၏၊

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော် မူသောထိုမြတ်စွာဘုရားအား ရှိခိုးပါ၏၊

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော် မူသောထိုမြတ်စွာဘုရားအား ရှိခိုးပါ၏၊

ငါတို့လည်း တစ်ချိန်ချိန်မှာ ထိုအသျှင်ဂေါတမနှင့်အတူ တွေ့ဆုံကောင်း တွေ့ဆုံရတန်ရာ၏၊ တစ်စုံတစ်ရာသော စကားပြောဟောခြင်းသည် ဖြစ်ကောင်း ဖြစ်တန်ရာ၏” ဟု (မြွက်ဆို၏)။

ထို့နောက် ဇာဏေုဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီး၍တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် ပိလောတိကပရိဗိုဇ်နှင့်အတူ ပြောဆိုခဲ့သမျှ စကားအလုံးစုံကိုမြတ်စွာ ဘုရားအား လျှောက်၏။

ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် ဇာဏေုဿာဏိပုဏ္ဏားအား “ပုဏ္ဏား ဤမျှသော စကား ဖြင့်ဆင်ခြေရာဥပမာရှိသော တရားသည် အကျယ်အားဖြင့် မပြည့်စုံသေး၊ ပုဏ္ဏား စင်စစ်သော်ကား့ဆင်ခြေရာဥပမာရှိသော တရားကို အကျယ်အားဖြင့် ပြည့်ပြည့်စုံစုံ နာဦးလော့၊ ကောင်းစွာ နှလုံးသွင်းဦးလော့၊ ဟောကြားအံ့” ဟု ဤသို့ မိန့်ဆို၏။ “ကောင်းပါပြီ အသျှင်ဘုရား” ဟု ဇာဏေုဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —

၂၉၁။ ပုဏ္ဏား ဥပမာသော်ကား ဆင်တော၌ နေလေ့ရှိသူသည် ဆင်တောသို့ ဝင်သည်ရှိသော်ဆင်တော၌ အလျားရှည်၍ အနံကျယ်ပြန့်သော ဆင်ခြေရာကြီးကို မြင်ရ၏၊ ဆင်တော၌ နေလေ့ရှိသောဆင်အတတ်၌ ကျွမ်းကျင်သော သူသည် ထိုသို့မြင်ကာမျှဖြင့် “အချင်းတို့ ဆင်ပြောင်သည် ကြီးမားလှ၏တကား” ဟု ဆုံးဖြတ်ခြင်းသို့ မရောက်ပေ။ ထိုသို့မရောက်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ပုဏ္ဏား ဤခြေရာသည် ဆင်တော၌ ကြီးမားသောခြေရာရှိကုန်သော ပုကွသော ဝါမနိကာဆင်မတို့၏ခြေရာ ဖြစ်ရာသောကြောင့်တည်း။

ထိုသူသည် ထိုခြေရာသို့ အစဉ်လိုက်၏၊ ထိုခြေရာသို့ အစဉ်လိုက်သော် ဆင်တော၌ အလျားရှည်၍အနံကျယ်ပြန့်သော ဆင်ခြေရာကြီးကိုလည်းကောင်း မြင့်ရာ၌ ပွတ်တိုက်ရာကိုလည်းကောင်း မြင်၍ ဆင်တော၌ နေလေ့ရှိသော ဆင်အတတ်၌ ကျွမ်းကျင်သော သူသည် ထိုသို့မြင်ကာမျှဖြင့် “အချင်းတို့ ဆင်ပြောင်ကြီးသည် ကြီးမား၏တကား” ဟု ဆုံးဖြတ်ခြင်းသို့ မရောက်။ ထိုသို့မရောက်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ပုဏ္ဏား ဤခြေရာသည် ဆင်တော၌ ကြီးမားသောခြေရာရှိသော ခြေတံရှည်၍ အစွယ်ကြဲသော ‘ဥစ္စာကာဠာရိကာ’ ဆင်မတို့၏ ခြေရာဖြစ်နိုင်ရာသောကြောင့်တည်း။

ထိုသူသည် ထိုခြေရာသို့ အစဉ်လိုက်၏၊ ထိုခြေရာသို့ အစဉ်လိုက်သော် ဆင်တော၌ အလျားရှည်၍အနံကျယ်ပြန့်သော ဆင်ခြေရာကြီးကိုလည်းကောင်း၊ မြင့်ရာ၌ ပွတ်တိုက်ရာကိုလည်းကောင်း မြင့်ရာ၌အစွယ်တို့ဖြင့် ထိုးခြစ်ရာကိုလည်းကောင်း မြင်၏။ ဆင်တော၌ နေလေ့ရှိသော ဆင်အတတ်၌ ကျွမ်းကျင်သော သူသည် ထိုသို့ မြင်ကာမျှဖြင့် “အချင်းတို့ ဆင်ပြောင်သည် ကြီးမား၏တကား” ဟု ဆုံးဖြတ်ခြင်းသို့ မရောက်။ ထိုသို့ မရောက်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ပုဏ္ဏား ဤခြေရာသည် ဆင်တော၌ကြီးမားသော ခြေရာရှိသော ခြေတံရှည်၍ စဉ်းငယ်ပွင့်သော ပန်းငုံသဏ္ဌာန်အစွယ်ရှိသော ‘ဥစ္စာကဏေရုကာ’ ဆင်မတို့၏ ခြေရာဖြစ်နိုင်ရာသောကြောင့်တည်း။

ထိုသူသည် ထိုခြေရာသို့ အစဉ်လိုက်၏၊ ထိုခြေရာသို့ အစဉ်လိုက်သော် ဆင်တော၌ အလျားရှည်၍အနံကျယ်ပြန့်သော ဆင်ခြေရာကြီးကိုလည်းကောင်း၊ မြင့်ရာ၌ ပွတ်တိုက်ရာကိုလည်းကောင်း မြင့်ရာ၌အစွယ်တို့ဖြင့် ထိုးခြစ်ရာကိုလည်းကောင်း၊ မြင့်ရာ၌ သစ်ခက်ကျိုးကိုလည်းကောင်း မြင်၏။ ထိုဆင်ပြောင်ကိုလည်း သစ်ပင်ရင်း၌ဖြစ်စေ, လွင်တီးခေါင်၌ဖြစ်စေ သွားနေသည်ကိုသော်လည်းကောင်း ရပ်နေသည်ကိုသော်လည်းကောင်း၊ ထိုင်နေသည်ကိုသော်လည်းကောင်း၊ အိပ်နေသည်ကိုသော်လည်းကောင်း မြင်၏။ ထိုသူသည် “ထိုဆင်ကြီးသည်ကား ဤဆင်ပြောင်ကြီးပင်တည်း” ဟု ဆုံးဖြတ်ခြင်းသို့ ရောက်၏။

ပုဏ္ဏား ဤအတူပင် ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) သိတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။ ထိုမြတ်စွာဘုရားသည်နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသောလူလောကကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံပြည့်စုံသော စင်ကြယ်သော တရားကို ဟောတော်မူ၏၊ မြတ်သောအကျင့်ကို့ပြတော် မူ၏။

ထိုတရားကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ့်သားသည်လည်းကောင်း၊ ဇာတ်တစ်မျိုးမျိုး၌ဖြစ်သော သူသည်လည်းကောင်း နာကြားရ၏၊ ထိုသူသည် ထိုတရားတော်ကို နာကြားရသောကြောင့်မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏၊ ထိုသူသည် ယုံကြည်မှုကို ရခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ဤသို့ဆင်ခြင်၏။

“အိမ်ရာထောင်သော ဘဝ၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာခရီးလမ်းမနှင့်တူ၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ အိမ်ရာထောင်သော ဘဝ၌ နေသူသည် ဤမြတ်သောအကျင့်ကို စင်စစ် ပြည့်စုံစွာ စင်စစ် စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်တူစွာ ကျင့်ခြင်းငှါ မလွယ်၊ ငါသည်ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူကောင်းလေစွ” ဟု (ဆင်ခြင်၏)။

ထိုသူသည် နောင်အခါ၌ နည်းသော ဥစ္စာစုကို ပယ်စွန့်၍လည်းကောင်း၊ များသော ဥစ္စာစုကိုပယ်စွန့်၍လည်းကောင်း၊ နည်းသော ဆွေမျိုးစဉ်ဆက်ကို ပယ်စွန့်၍လည်းကောင်း၊ များသော ဆွေမျိုးစဉ်ဆက်ကို ပယ်၍စွန့်လည်းကောင်း ဆံမုတ်ဆိတ်ကို ပယ်စွန့်၍ ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။

၂၉၂။ ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် ရဟန်းတို့၏ သိက္ခာသာဇီဝသို့ ရောက်လျက်အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကိုချထားပြီးဖြစ်၏၊ အရှက်ရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက်နေ၏။

မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ပေးသည်ကိုသာ ခံယူ၏၊ ပေးသည်ကိုသာ နှစ်လို၏၊ မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့်သာ နေ၏။

မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်၏၊ ယုတ်သော အကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏။

မဟုတ် မမှန်ပြောခြင်းကို ပယ်၍ မဟုတ် မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ အမှန်ကိုသာ ဆိုလေ့ရှိ၏၊ မှန်သော စကားချင်း ဆက်စပ်တတ်၏၊ တည်သော စကားရှိ၏၊ ယုံကြည်ထိုက်သော စကားရှိ၏၊ လောကကို လှည့်စားတတ်သူ မဟုတ်၊

ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ဤသူ ထိုသူတို့ ကွဲပြားခြင်းငှါ ဤသူ့ထံမှနားထောင်၍ ထိုသူ့ထံ၌ မပြောတတ်၊ ထိုသူ့ထံမှ နားထောင်၍ ဤသူ့ထံ၌ မပြောတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏။ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကို နှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုသော စကားကို ဆိုလေ့ရှိ၏။

ကြမ်းသောစကားကို ပယ်၍ ကြမ်းသောစကားမှ ရှောင်ကြဉ်၏၊ အကြင်စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့ သက်၏၊ ယဉ်ကျေး၏၊ လူအများနှစ်သက်၏၊ လူအများနှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော စကားကိုသာ ဆို၏။

ပြိန်ဖျင်းသောစကားကို ပယ်၍ပြိန်ဖျင်းသောစကားမှ ရှောင်ကြဉ်၏၊ (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏။ ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့်စပ်သည်ကိုသာဆိုလေ့ရှိ၏၊ အဆုံးအမနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌ အကြောင်းနှင့်တကွသောအပိုင်းအခြားရှိသော အနက်နှင့်ပြည့်စုံသော မှတ်သားလောက်သော စကားကိုသာ ဆိုလေ့ရှိ၏။

၂၉၃။ ထိုရဟန်းသည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏၊ ဆွမ်း့တစ်နပ်သာ စားလေ့ရှိ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်၏၊ နေ့လွဲစာစားခြင်းမှ ရှောင်ကြဉ်၏၊ ကခြင်းသီခြင်း တီးမှုတ်ခြင်း ပွဲကြည့်ခြင်းမှ ရှောင်ကြဉ်၏။ ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှရှောင်ကြဉ်၏၊ မြင့်သော နေရာ မြတ်သော နေရာမှ ရှောင်ကြဉ်၏။ ရွှေငွေကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ကောက်စိမ်းကို၁ ခံယူခြင်းမှ ရှောင်ကြဉ်၏။ အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ မိန်းမအိုမိန်းမပျိုကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ကျွန်မိန်းမ ကျွန်ယောကျာ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ဆိတ်နှင့်သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ကြက် ဝက်ကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ဆင် နွား မြင်းမြည်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ လယ်ယာကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ တမန်အမှုအစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏။ ဝယ်မှု ရောင်းမှုမှ ရှောင်ကြဉ်၏။ ချိန်စဉ်းလဲအသပြာစဉ်းလဲ ခြင်တွယ် တိုင်းတာ စဉ်းလဲခြင်းမှ ရှောင်ကြဉ်၏။ တံစိုးယူခြင်း လှည့်ဖြားခြင်းအတုပြုခြင်းတည်းဟူသော ကောက်ကျစ်ခြင်းမှ ရှောင် ကြဉ်၏။ ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း (ရွာနိဂုံးတို့ကို) ဖျက်ဆီးခြင်း ဓားပြတိုက်ခြင်းမှ ရှောင်ကြဉ်၏။

၂၉၄။ ထိုရဟန်းသည် ကိုယ်ကိုမျှတရုံသော သင်္ကန်း, ဝမ်းကိုမျှတရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် အကြင်အကြင်အရပ်သို့ သွားသော် (ပရိက္ခရာရှစ်ပါးမျှကို) ကောင်းစွာ ယူဆောင်၍သွား၏။ ဥပမာသော်ကား အတောင်ရှိသော ငှက်သည် အကြင်အကြင်အရပ်သို့ ပျံသော် မိမိအတောင်သာဝန်ရှိသည်ဖြစ်၍ ပျံ၏။ ဤအတူ ရဟန်းသည် ကိုယ်ကို မျှတရုံသော သင်္ကန်း, ဝမ်းကိုမျှတရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် အကြင်အကြင်အရပ်သို့ သွားသော် (ပရိက္ခရာရှစ်ပါးမျှကို) ကောင်းစွာယူဆောင်၍ သွား၏။ ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့် ပြည့်စုံသည်ဖြစ်၍ မိမိသန္တာန်၌အပြစ်ကင်းသော ချမ်းသာကို ခံစား၏။

၂၉၅။ ထိုရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောကျာ်း မိန်းမဟူသော) အမှတ်နိမိတ်ကိုစွဲယူလေ့မရှိ။ (လက်ခြေ စသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ အကြင် အကြောင်းကြောင့် စက္ခုန္ဒြေကို မစောင့်စည်းမူ၍နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈ ာ‘ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟုဆိုအပ်ကုန်သော ယုတ်မာသော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုန္ဒြေကိုစောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်ရှောက်၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။

နားဖြင့် သဒ္ဒါရုံကို ကြားသော်။ပ။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ လျှာဖြင့် ရသာရုံကို လျက်သော်။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော်။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောကျာ်း မိန်းမဟူသော) အမှတ်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ အကြင်အကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်မာသော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်ရှောက်၏၊ မနိန္ဒြေ၌စောင့်စည်းခြင်းသို့ ရောက်၏။ ထိုရဟန်းသည် ဤမြတ်သော ဣန္ဒြေကို စောင့်စည်းခြင်းနှင့်ပြည့်စုံသည်ဖြစ်၍ မိမိ သန္တာန်၌ (ဒုက္ခ နှင့်) မရောသော ချမ်းသာကို ခံစား၏။

ထိုရဟန်းသည် ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ တူရူကြည့်ရာတစောင်းကြည့်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာလျက်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

၂၉၆။ ဤမြတ်သော သီလအစု၊ ရောင့်ရဲခြင်း၊ ဣန္ဒြေစောင့်စည်းခြင်း၊ သတိ ဆင်ခြင်ဉာဏ်တို့နှင့်ပြည့်စုံသော ထိုရဟန်းသည် တော သစ်ပင်ရင်း တောင် ချောက် တောင်ခေါင်း သုသာန် တောအုပ့်လွင်ပြင် ကောက်ရိုးပုံဟူသော ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏၊ ထိုရဟန်းသည် ဆွမ်းခံရာမှပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ရှေးရှုကာ သတိကို ဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် (ခန္ဓာငါးပါးတည်းဟူသော) လောက၌မက်မောခြင်း ‘အဘိဇ္ဈာ’ ကို ပယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ’ ကင်းသော စိတ်ဖြင့် နေ၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ စိတ်ကို စင်ကြယ်စေ၏။ ပျက်စီးစေလိုသော ပြစ်မှားမှုကို ပယ်၍မပျက်စီးစေလိုသော စိတ်ရှိသည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ပျက်စီးစေလိုသော ပြစ်မှားမှုမှ စိတ်ကို စင်ကြယ်စေ၏။ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကို ပယ်၍လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည် ဖြစ်၍ အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍သတိရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ နေ၏၊ လေး လံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ စိတ်ကိုစင်ကြယ်စေ၏။ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တရခြင်း ‘ကုက္ကုစ္စ’ ကို ပယ်၍ အတွင်းသန္တာန်၌ငြိမ်သက်သောစိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တရခြင်း ‘ကုက္ကုစ္စ’ မှ စိတ်ကိုစင်ကြယ်စေ၏။ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ကို ပယ်၍ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ကို လွန်မြောက်သည်ဖြစ်၍ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ မဝေ ခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ မှ စိတ်ကိုစင်ကြယ်စေ၏။

၂၉၇။ ထိုရဟန်းသည် စိတ်၏ ညစ်နွမ်းကြောင်းဖြစ်ကုန်သော ပညာ၏ အားနည်းခြင်းကို ပြုတတ်ကုန်သော ဤပိတ်ပင်ကြောင်း ‘နီဝရဏ’ ငါးပါးတို့ကို ပယ်၍ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့်တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။

ပုဏ္ဏား ဤပဌမဈာန်ကိုလည်း မြတ်စွာဘုရား၏ (ဉာဏ်) ခြေရာဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ (ဉာဏ်) ဖြင့် ပွတ်တိုက်ရာဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ (ဉာဏ်) စွယ်ဖြင့် ထိုးခြစ်ရာဟူ၍လည်းကောင်း ဆိုသင့်၏။ မြတ်စွာဘုရား၏ တပည့်သာဝကသည် ထိုသို့ ပဌမဈာန်ဝင်စား၍ နေရရုံမျှဖြင့် “မြတ်စွာဘုရားသည် (အလုံးစုံသော တရားကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားပေတည်း၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောကြားထားသော တရားပေတည်း၊ မြတ်စွာဘုရား၏တပည့်သံဃာသည် အကျင့်ကောင်းရှိသော သံဃာပေတည်း” ဟု ဆုံးဖြတ်ခြင်းသို့ မရောက်သည်သာတည်း။

ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ဝိတက် ဝိစာရတို့၏ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော၊ စိတ်၏တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်ပွါးစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။

ပုဏ္ဏား ဤဒုတိယဈာန်ကိုလည်း။ပ။ ဆိုသင့်၏။ပ။ မြတ်စွာဘုရား၏ တပည့်သံဃာသည် အကျင့်ကောင်းရှိသော သံဃာပေတည်းဟု ဆုံးဖြတ်ခြင်းသို့ မရောက်သည်သာတည်း။

ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့်အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’ နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူသတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ” ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ရောက်၍ နေ၏။

ပုဏ္ဏား ဤတတိယဈာန်ကိုလည်း။ပ။ ဆိုသင့်၏။ပ။ မြတ်စွာဘုရား၏ တပည့်သံဃာသည် အကျင့်ကောင်းရှိသော သံဃာပေတည်းဟု ဆုံးဖြတ်ခြင်းသို့ မရောက်သည်သာတည်း။

ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမဟုတ်သော လျစ်လျူရှုမှု ‘ဥပေက္ခာကြောင့်’ ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ရောက်၍ နေ၏။

ပုဏ္ဏား ဤ စတုတ္ထဈာန်ကိုလည်း မြတ်စွာဘုရား၏ (ဉာဏ်) ခြေရာဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ (ဉာဏ်) ဖြင့် ပွတ်တိုက်ရာဟူ၍လည်းကောင်း မြတ်စွာဘုရား၏ (ဉာဏ်) စွယ်ဖြင့် ထိုးခြစ်ရာဟူ၍လည်းကောင်း ဆိုသင့်၏။ မြတ်စွာဘုရား၏ တပည့်သာဝကသည် ထိုသို့ စတုတ္ထဈာန်ကို ဝင်စား၍ နေရရုံမျှဖြင့် “မြတ်စွာဘုရားသည် (အလုံးစုံသောတရားကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားပေတည်း၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောကြားထားသော တရားပေတည်း၊ မြတ်စွာဘုရား၏တပည့်သံဃာသည် အကျင့်ကောင်းရှိသော သံဃာပေတည်း” ဟု ဆုံးဖြတ်ခြင်းသို့ မရောက်သည်သာတည်း။

၂၉၈။ ဤသို့ ထိုရဟန်း၏ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော်ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော်တည်တံ့လတ် သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရှေး၌ ဖြစ်ဖူးသည်ကို အောက်မေ့နိုင်သော ‘ပုဗ္ဗေနိဝါသာ နုဿတိ’ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုဆောင်၏၊ ရှေးရှုညွတ်စေ၏။ ထိုရဟန်းသည်များပြားသော ရှေး၌ ဖြစ်ဖူးသောဘဝကို အောက်မေ့နိုင်၏၊ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြား သော ရှေး၌ဖြစ်ဖူးသောဘဝကို အောက်မေ့နိုင်၏။

ပုဏ္ဏား ဤပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကိုလည်း မြတ်စွာဘုရား၏ (ဉာဏ်) ခြေရာဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ (ဉာဏ်) ဖြင့် ပွတ်တိုက်ရာဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ (ဉာဏ်) စွယ်ဖြင့် ထိုးခြစ်ရာဟူ၍လည်းကောင်း ဆိုသင့်၏။ မြတ်စွာဘုရား၏ တပည့်သာဝကသည် ထိုသို့ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ရရုံမျှဖြင့် “မြတ်စွာဘုရားသည် (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားပေတည်း၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောကြားထားသော တရားပေတည်း၊ မြတ်စွာဘုရား၏ တပည့်သံဃာသည် အကျင့် ကောင်းရှိသော သံဃာပေတည်း” ဟု ဆုံးဖြတ်ခြင်းသို့မရောက်သည် သာတည်း။

ထိုရဟန်း၏ စိတ်သည် ဤသို့ တည်ကြည်လတ်သော် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ရောက်လတ်သော် ထို (ရဟန်း) သည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကိုသိသော ‘စုတူပပါတ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထို (ရဟန်း) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခုဉာဏ်’ ဖြင့်။ပ။ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိနိုင်၏။

ပုဏ္ဏား ဤ ‘စုတူပပါတ’ ဉာဏ်ကိုလည်း မြတ်စွာဘုရား၏ (ဉာဏ်) ခြေရာဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ (ဉာဏ်) ဖြင့် ပွတ်တိုက်ရာဟူ၍လည်းကောင်း မြတ်စွာဘုရား၏ (ဉာဏ်) စွယ်ဖြင့် ထိုးခြစ်ရာဟူ၍လည်းကောင်း ဆိုသင့်၏။ မြတ်စွာဘုရား၏ တပည့်သာဝကသည် ထိုသို့ ‘စုတူပပါတ’ ဉာဏ်ရရုံမျှဖြင့် “မြတ်စွာဘုရားသည် (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားပေတည်း၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောကြားထားသော တရားပေတည်း၊ မြတ်စွာဘုရား၏တပည့်သံဃာသည် အကျင့်ကောင်းရှိသော သံဃာပေတည်း” ဟု ဆုံးဖြတ်ခြင်းသို့ မရောက်သည်သာတည်း။

၂၉၉။ ထိုရဟန်း၏ စိတ်သည် ဤသို့ တည်ကြည်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ့်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော ‘အာသဝက္ခယ’ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထို (ရဟန်း) သည် ဤကား ဆင်းရဲဟုဟုတ်မှန်သောအတိုင်းသိ၏၊ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ဟုဟုတ်မှန်သော အတိုင်း သိ၏။ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့၏ ဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကားအာသဝေါတရားတို့၏ ချုပ်ရာ (နိဗ္ဗာန်) ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့၏ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဟုဟုတ်မှန်သော အတိုင်း သိ၏။ ပုဏ္ဏား ဤမဂ်ဉာဏ်ကိုလည်း မြတ်စွာဘုရား၏ (ဉာဏ်) ခြေရာဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ (ဉာဏ်) ဖြင့် ပွတ်တိုက်ရာဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ (ဉာဏ်) စွယ်ဖြင့် ထိုးခြစ်ရာဟူ၍လည်းကောင်း ဆိုသင့်၏။ မြတ်စွာဘုရား၏ တပည့်သာဝကသည် ထိုသို့ မဂ်ဉာဏ်ကို ရကာမျှဖြင့် အပြီးအဆုံးသို့ မရောက်သေး။ သို့ရာတွင် “မြတ်စွာဘုရားသည် (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားပေတည်း၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောကြားထားသော တရားပေတည်း၊ မြတ်စွာဘုရား၏ တပည့်သံဃာသည် အကျင့်ကောင်းရှိသော သံဃာပေတည်း” ဟု ဆုံးဖြတ်ခြင်းသို့ကား ရောက်၏။

ဤသို့သိသော ဤသို့မြင်သော ထို (ရဟန်း)၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးသော် “လွတ်မြောက်ပြီ” ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ” ဟု သိ၏။ ပုဏ္ဏား ဤပစ္စဝေက္ခဏာဉာဏ်ကိုလည်း မြတ်စွာဘုရား၏ (ဉာဏ်) ခြေရာဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ (ဉာဏ်) ဖြင့် ပွတ်တိုက်ရာဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ (ဉာဏ်) စွယ်ဖြင့်ထိုးခြစ်ရာဟူ၍လည်းကောင်း ဆို သင့်၏။

ပုဏ္ဏား မြတ်စွာဘုရား၏ တပည့်သာဝကသည် ဤမျှလောက်ဖြင့် “မြတ်စွာဘုရားသည် တရားအားလုံးကို ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားပေတည်း၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာဟောကြားထားသော တရားပေတည်း၊ မြတ်စွာဘုရား၏ တပည့်သံဃာသည် အကျင့်ကောင်းရှိသောသံဃာပေတည်း” ဟု ဆုံးဖြတ်ခြင်းသို့ ရောက်၏။

ပုဏ္ဏား ဤမျှဖြင့် ဆင်ခြေရာဥပမာရှိသော တရားသည် အကျယ်အားဖြင့် ပြည့်စုံ၏ဟု (ဤစကားကိုဟောကြားတော်မူ၏)။

ဤသို့ ဟောကြားတော်မူသော် ဇာဏေုဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားကို—

“အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ (တရားတော် သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသော ဝတ္ထုကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း ‘မျက်စိရှိသောသူတို့သည် အဆင်းတို့ကိုမြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီးမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင်ဘုရား) ဤအတူသာလျှင် အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူ၏။ အသျှင်ဘုရား အကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမ သည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါး) ကို့ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ” ဟု လျှောက်၏။

ခုနစ်ခုမြောက် စူဠဟတ္ထိပဒေါပမသုတ်ပြီး၏။

၁။ ကောက်စိမ်း= အာမကဓည ပါဠိတော် စပါးစိမ်း ခုနစ်မျိုး။