မဇ္ဈိမနိကာယ်

၈— မဟာဟတ္ထိပဒေါပမသုတ်

၃ဝဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင် ရဟန်းတို့” ဟု ခေါ်တော်မူ၏။ “ငါ့သျှင်” ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထားကြကုန်၏၊ အသျှင်သာရိပုတြာသည် ဤသို့ မိန့်ဆိုလေ၏ —

ငါ့သျှင်တို့ ဥပမာသော်ကား ကုန်းပြင်၌ သွားကုန်သော သတ္တဝါတို့၏ ခြေရာအားလုံးတို့သည်ဆင်ခြေရာ၌ အတွင်းဝင်ခြင်းသို့ ရောက်ကုန်၏၊ ကြီးသည့်အဖြစ်ကြောင့် ဆင်ခြေရာကို ထိုခြေရာတို့ထက်မြတ်၏ဟု ဖြေကြားရသကဲ့သို့ ငါ့သျှင်တို့ ဤအတူသာလျှင် ကုသိုလ်တရားအားလုံးတို့သည် လေးပါးသောအရိယသစ္စာတို့၌ အကျဉ်းချုံးခြင်းသို့ ရောက်ကုန်၏။ အဘယ်လေးပါးတို့၌ ပေါင်းဆုံခြင်းသို့ ရောက်ကုန်သနည်း၊ ဒုက္ခဖြစ်သော အရိယသစ္စာ၊ ဒုက္ခဖြစ်ကြောင်းဖြစ်သော အရိယသစ္စာ၊ ဒုက္ခချုပ်ရာဖြစ်သောအရိယသစ္စာ၊ ဒုက္ခချုပ်ရာသို့ ရောက်ကြောင်းအကျင့်ဖြစ်သော အရိယသစ္စာတို့၌ ပေါင်းဆုံခြင်းသို့ ရောက်ကုန်၏။

၃ဝ၁။ ငါ့သျှင်တို့ ဒုက္ခဖြစ်သော အရိယသစ္စာဟူသည် အဘယ်နည်း။ (ပဋိသန္ဓေတည်နေ) ဖြစ်ပွါးခြင်း ‘ဇာတိ’သည်လည်း ဒုက္ခတည်း၊ အိုမင်းဆွေးမြေ့ခြင်း ‘ဇရာ’သည်လည်း ဒုက္ခတည်း၊ သေခြင်း ‘မရဏ’သည်လည်း ဒုက္ခတည်း၊ ပူဆွေးခြင်း ‘သောက’ ငိုကြွေးခြင်း ‘ပရိဒေဝ’ (ကိုယ်) ဆင်းရဲခြင်း ‘ဒုက္ခ’ စိတ်ဆင်း ရဲခြင်း ‘ဒေါမနဿ’ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’တို့သည်လည်း ဒုက္ခတို့တည်း၊ အလိုရှိ သောအရာကို မရခြင်းသည်လည်း ဒုက္ခတည်း၊ အကျဉ်းအားဖြင့် စွဲယူအပ်သောခန္ဓာငါးပါးတို့သည်လည်း ဒုက္ခတို့တည်း။

ငါ့သျှင်တို့ စွဲယူအပ်သော ခန္ဓာငါးပါးတို့သည် အဘယ်တို့နည်း။ ရုပ်ဟူသော စွဲယူအပ်သော ခန္ဓာ၊ ခံစားခြင်းဟူသော စွဲယူအပ်သော ခန္ဓာ၊ မှတ်သားခြင်းဟူသော စွဲယူအပ်သော ခန္ဓာ၊ ပြုပြင်စီရင်ခြင်းဟူသော စွဲယူအပ်သော ခန္ဓာ၊ အထူးသိခြင်းဟူသော စွဲယူအပ်သော ခန္ဓာတို့တည်း။

ငါ့သျှင်တို့ ရုပ်ဟူသော စွဲယူအပ်သော ခန္ဓာဟူသည် အဘယ်နည်း။ မဟာဘုတ်လေးပါးတို့လည်းကောင်း၊ မဟာ ဘုတ်လေးပါးတို့ကို စွဲ၍ဖြစ်သော ရုပ်တို့လည်းကောင်းတည်း။ ငါ့သျှင်တို့ မဟာဘုတ်လေးပါးတို့ဟူသည် အဘယ်တို့နည်း၊ မြေဓာတ် ရေဓာတ် အပူအအေး (မီး) ဓာတ် လေဓာတ်တို့တည်း။

၃ဝ၂။ ငါ့သျှင်တို့ မြေဓာတ်ဟူသည် အဘယ်နည်း။ မြေဓာတ်သည် အတွင်းဖြစ်သော မြေဓာတ်သည်ရှိ၏၊ အပဖြစ်သော မြေဓာတ်သည် ရှိ၏။

ငါ့သျှင်တို့ အတွင်းဖြစ်သော မြေဓာတ်ဟူသည် အဘယ်နည်း။ မိမိသန္တာန်၌ ဖြစ်သော မိမိကိုယ်ကို စွဲ၍ဖြစ်သော ခက်မာကြမ်းတမ်းခြင်းသို့ ရောက်သော စွဲယူအပ်သော ရုပ်တည်း။ ဤရုပ်တို့ ဟူသည်အဘယ်နည်း၊ ဆံပင်, မွေးညင်း, ခြေသည်းလက်သည်း, သွား, အရေ၊ အသား, အကြော, အရိုး,ရိုးတွင်းခြင်ဆီ, အညို့၊ နှလုံး, အသည်း, အမြှေး, အဖျင်း, အဆုတ်၊ အူမ, အူသိမ်, အစာသစ်,အစာဟောင်း၊ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိသန္တာန်၌ဖြစ်သော မိမိကိုယ်ကိုစွဲ၍့ဖြစ်သော ခက်မာကြမ်းတမ်းခြင်းသို့ရောက်သော စွဲယူအပ်သော ရုပ်သည် ရှိ၏။ ငါ့သျှင်တို့ ဤရုပ်ကိုအတွင်းဖြစ်သော မြေဓာတ်ဟူ၍ ဆိုရ၏။

အတွင်းဖြစ်သော မြေဓာတ်သည်လည်းကောင်း၊ အပဖြစ်သော မြေဓာတ်သည်လည်းကောင်း မြေဓာတ်သာတည်း။

ထိုမြေဓာတ်ကို “ဤမြေဓာတ်သည် ငါပိုင်မဟုတ်၊ ဤမြေဓာတ်သည် ငါမဟုတ်၊ ဤမြေဓာတ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်” ဟု ဤသို့ မြေဓာတ်ကို အမှန်အတိုင်း ကောင်းသောပညာဖြင့် ရှုသင့်၏၊ ဤသို့ ဤမြေဓာတ်ကို အမှန်အတိုင်း ကောင်းသောပညာဖြင့် ရှုမြင်လတ်သော် မြေဓာတ်၌ငြီးငွေ့၏၊ စိတ်သည်မြေဓာတ်၌ တပ်ခြင်းကင်း၏။

ငါ့သျှင်တို့ အကြင်အခါ၌ အပဖြစ်သော ရေဓာတ်သည် ပျက်စီး၏၊ ထိုရေဓာတ် ပျက်စီးသောအခါအပဖြစ်သော မြေဓာတ်သည် ကွယ်ပျောက်၏။ ငါ့သျှင်တို့ ထိုသို့ ကွယ်ပျောက်သောကြောင့်သာလျှင်ထိုမျှလောက် ကြီးသော အပဖြစ်သော မြေဓာတ်၏ မမြဲသည့်အဖြစ်သည် ထင်ရှားလတ္တံ့၊ ကုန်ခြင်းသဘောရှိသည့် အဖြစ်သည် ထင်ရှားလတ္တံ့၊ ပျက်စီးခြင်းသဘောရှိသည့် အဖြစ်သည် ထင်ရှားလတ္တံ့၊ ဖောက်ပြန်ခြင်းသဘောရှိသည့် အဖြစ်သည် ထင်ရှားလတ္တံ့၊ (အချိန်) အနည်းငယ်သာ တည်တံ့ခြင်းရှိသည့်တဏှာက စွဲယူအပ်သော ဤကိုယ်ခန္ဓာအား “ငါဟုလည်းကောင်း ငါပိုင်ဟုလည်းကောင်း ငါဖြစ်၏” ဟုလည်းကောင်း အဘယ်မှာ စွဲယူသင့်မည်နည်း။ ထိုအခါ ထိုရဟန်းအား ဤအတွင်းဖြစ်သော မြေဓာတ်၌စွဲယူခြင်းသည် မဖြစ်သည်သာတည်း။

ငါ့သျှင်တို့ ထိုရဟန်းကို သူတစ်ပါးတို့က အကယ်၍ ဆဲရေးကုန်ငြားအံ့၊ ရေရွတ်ကုန်ငြားအံ့၊ ခြုတ်ခြယ်ကုန်ငြားအံ့၊ ညှဉ်းဆဲကုန်ငြားအံ့။ ထိုရဟန်းသည် ဤသို့ သိ၏၊ ငါ့မှာ နား၌ ပေါင်းဆုံတွေ့ထိခြင်းကြောင့် ဖြစ်သော ဤဆင်းရဲခံစားခြင်းသည် ဖြစ်သည်သာတည်း၊ ထိုဆင်းရဲခံစားခြင်းသည်လည်းအကြောင်းကို စွဲ၍ ဖြစ်၏၊ အကြောင်းကို မစွဲဘဲ မဖြစ်နိုင်၊ အဘယ်ကို စွဲ၍ ဖြစ်သနည်း၊ တွေ့ထိခြင်းကိုစွဲ၍ ဖြစ်၏။ ထိုဟန်းသည် “တွေ့ထိခြင်းသည် အမြဲမရှိ” ဟု ရှုမြင်၏၊ “ခံစားခြင်းသည် အမြဲမရှိ” ဟုရှုမြင်၏၊ “မှတ်သားခြင်းသည် အမြဲ မရှိ” ဟု ရှုမြင်၏၊ “ပြုပြင်စီရင်မှုတို့သည် အမြဲမရှိကုန်” ဟု ရှုမြင်၏၊ “အထူးသိမှုစိတ်သည် အမြဲမရှိ” ဟု ရှုမြင်၏၊ ထိုရဟန်း၏ စိတ်သည် ဓာတ်အာရုံသို့သာလျှင် သက်ဝင်၏၊ ကြည်လင်၏၊ ကောင်းစွာတည်၏၊ ဆုံးဖြတ်၏။

ငါ့သျှင်တို့ ထိုရဟန်းကို သူတစ်ပါးတို့က အနိဋ္ဌာရုံဖြစ်သော မနှစ်သက်ဖွယ်ဖြစ်သော နှလုံးကိုမပွါးစေတတ်သော လက်အတွေ့အထိ ခဲအတွေ့အထိ တုတ်အတွေ့အထိ ဓားလက်နက်အတွေ့အထိတို့ဖြင့်အကယ်၍ လုံ့လပြုကုန်ငြားအံ့၊ ထိုရဟန်းသည် ဤသို့ အပြားအားဖြင့် သိ၏၊ “ဤကိုယ်သည် လက်အတွေ့အထိများဖြစ်ရာ ခဲအတွေ့အထိများဖြစ်ရာ တုတ်အတွေ့အထိများဖြစ်ရာ ဓားလက်နက်အတွေ့အထိများဖြစ်ရာသဘော ရှိ၏။ မြတ်စွာဘုရားသည် လွှဥပမာရှိသော အဆုံးအမ၌ ‘ရဟန်းတို့ လူသတ် ခိုးသူတို့သည် နှစ်ဖက်ရိုးရှိသော လွှဖြင့် အင်္ဂါကြီးငယ်တို့ကို အကယ်၍လည်း တိုက်ဖြတ်ကုန်ငြားအံ့၊ ထိုသို့တိုက်ဖြတ်ရာ၌လည်း အကြင်သူသည် စိတ်ပြစ် မှားငြားအံ့၊ ထိုသူသည် ထိုစိတ်ပြစ်မှားခြင်းဖြင့် ငါ၏အဆုံးအမကို ပြုကျင့်သူမဟုတ်’ ဟူသော စကားကို ဟောထားတော်မူ၏။

ငါသည် တွန့်တိုဆုတ်နစ်ခြင်းမရှိသော လုံ့လကို အားထုတ်အံ့၊ ငါ့မှာ မမေ့ပျောက်နိုင်သော သတိ သည်ရှေးရှုထင်လာ၏၊ (ငါ၏) ကိုယ်ခန္ဓာသည် ပူပန်ခြင်းမရှိငြိမ်းအေး၏၊ (ငါ၏) စိတ်သည် တစ်ခုတည်းသော အာရုံဟူသော အဖို့အစုရှိသည်ဖြစ်၍ ကောင်းစွာ တည်ငြိမ်၏။ ယခု ဤကိုယ်၌ လက်အတွေ့အထိတို့သည်လည်း ဖြစ်မူဖြစ်ကုန်စေ, ခဲအတွေ့အထိတို့သည်လည်း ဖြစ်မူဖြစ်ကုန်စေ, တုတ်အတွေ့အထိတို့သည်လည်း ဖြစ်မူဖြစ်ကုန်စေ, ဓားလက်နက်အတွေ့အထိတို့သည်လည်း ဖြစ်မူဖြစ်ကုန်စေ မြတ်စွာဘုရားတို့၏ ဤအဆုံးအမကို လိုက်နာ ပြုသင့်သည်သာတည်း” ဟု (ဤသို့ အပြားအားဖြင့်သိ၏)။

ငါ့သျှင်တို့ ထိုရဟန်းသည် ဤသို့ မြတ်စွာဘုရားကို အောက်မေ့လျက် ဤသို့ တရားတော်ကိုအောက်မေ့လျက် ဤသို့ သံဃာတော်ကို အောက်မေ့လျက် ကုသိုလ်နှင့်စပ်သော လျစ်လျူရှုခြင်းသည်အကယ်၍ ကောင်းစွာ မတည်အံ့။ ထိုရဟန်းသည် ထိုသို့ မတည်ခြင်းကြောင့် “ငါသည် ဤသို့ မြတ်စွာဘုရားကို အောက်မေ့လျက် ဤသို့ တရားတော်ကို အောက်မေ့လျက် ဤသို့ သံဃာတော်ကို အောက်မေ့လျက် ကုသိုလ်နှင့်စပ်သော လျစ်လျူရှုခြင်းသည် ကောင်းစွာမတည်၊ ငါ့မှာ အရမတော်လေစွတကား၊ ငါ့မှာ အရတော်သည် မဟုတ်လေစွတကား၊ ငါသည် မကောင်းသဖြင့် ရလေစွတကား၊ ငါသည်ကောင်းစွာ ရသည် မဟုတ်လေစွတကား” ဟု ထိတ်လန့်ခြင်းသို့ ရောက်၏။

ငါ့သျှင်တို့ ချွေးမသည် ယောက္ခမကို မြင်၍ ထိတ်လန့်ခြင်းသို့ ရောက်သကဲ့သို့ ဤအတူပင်လျှင်အကယ်၍ ထိုရဟန်းသည် ဤသို့ မြတ်စွာဘုရားကို အောက်မေ့လျက် ဤသို့ တရားတော်ကို အောက်မေ့လျက် ဤသို့ သံဃာတော်ကို အောက်မေ့လျက် ကုသိုလ်နှင့်စပ်သော လျစ်လျူရှုခြင်းသည် အကယ်၍ကောင်းစွာ မတည်အံ့။ ထိုရဟန်းသည် ထိုသို့ မတည်ခြင်းကြောင့် “ငါသည် ဤသို့ မြတ်စွာဘုရားကိုအောက်မေ့လျက် ဤသို့ တရားတော်ကို အောက်မေ့လျက် ဤသို့ သံဃာတော်ကို အောက်မေ့လျက်ကုသိုလ်နှင့်စပ်သော လျစ်လျူရှုခြင်းသည် ကောင်းစွာ မတည်၊ ငါ့မှာ အရမတော်လေစွတကား၊ ငါ့မှာအရ တော်သည် မဟုတ်လေစွတကား၊ ငါသည် မကောင်းသဖြင့် ရလေစွတကား၊ ငါသည် ကောင်းစွာရသည် မဟုတ်လေစွ တကား” ဟု ထိတ်လန့်ခြင်းသို့ ရောက်၏။

ငါ့သျှင်တို့ ထိုရဟန်းသည် ဤသို့ မြတ်စွာဘုရားကို အောက်မေ့သော် ဤသို့ တရားတော်ကိုအောက်မေ့သော် ဤသို့ သံဃာတော်ကို အောက်မေ့သော် ကုသိုလ်နှင့်စပ်သော လျစ်လျူရှုခြင်းသည်အကယ်၍ ကောင်းစွာ တည်အံ့၊ ထိုရဟန်းသည် ထိုသို့တည်ခြင်းကြောင့် ဝမ်းမြောက်သောစိတ်ရှိ၏။ ငါ့သျှင်တို့ ဤမျှသော အတိုင်းအရှည်ဖြင့်လည်း ရဟန်းသည် (အဆုံးအမကို) များစွာလိုက်နာ၏။

၃ဝ၃။ ငါ့သျှင်တို့ ရေဓာတ်သည် အဘယ်နည်း။ ရေဓာတ်သည် အတွင်းဖြစ်သော ရေဓာတ်သည် ရှိ၏၊ အပဖြစ်သော ရေဓာတ်သည် ရှိ၏။

ငါ့သျှင်တို့ အတွင်းဖြစ်သော ရေဓာတ်သည် အဘယ်နည်း။ မိမိသန္တာန်၌ ဖြစ်သော မိမိကိုယ်ကိုစွဲ၍ဖြစ်သော ရေ, ရေအပါအဝင်ဖြစ်သော စွဲယူအပ်သော ရုပ်သည် ရှိ၏၊ ဤရုပ်သည် အဘယ်နည်း၊ သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ၊ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်၊ တစ်ပါးလည်း ဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိသန္တာန်၌ ဖြစ်သော မိမိကိုယ်ကိုစွဲ၍ဖြစ်သော ရေ,ရေအပါအဝင်ဖြစ်သော စွဲယူအပ်သောရုပ် (သည် ရှိ၏)။ ငါ့သျှင်တို့ ဤရုပ်ကို အတွင်းဖြစ်သောရေဓာတ်ဟု ဆိုရ၏။

အတွင်းဖြစ်သော ရေဓာတ်သည်လည်းကောင်း၊ အပဖြစ်သော ရေဓာတ်သည်လည်းကောင်း ရေဓာတ်သာတည်း။

ထိုရေဓာတ်ကို “ဤရေဓာတ်သည် ငါပိုင်မဟုတ်၊ ဤရေဓာတ်သည် ငါမဟုတ်၊ ဤရေဓာတ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်” ဟု ဤသို့ ဤရေဓာတ်ကို အမှန်အတိုင်း ကောင်းသောပညာဖြင့် ရှုသင့်၏၊ ဤသို့ဤရေဓာတ်ကို အမှန်အတိုင်း ကောင်းသောပညာဖြင့် ရှုမြင်လတ်သော် ရေဓာတ်၌ငြီးငွေ့၏၊ စိတ်သည်ရေဓာတ်၌ တပ်ခြင်းကင်း၏။

ငါ့သျှင်တို့ အကြင်အခါ၌ အပဖြစ်သော ရေဓာတ်သည် ပျက်စီး၏၊ ထိုရေဓာတ်သည် ရွာကိုလည်းမျှော၏၊ နိဂုံးကိုလည်း မျှော၏၊ ။ မို့ကိုလည်း မျှော၏၊ ဇနပုဒ်ကိုလည်း မျှော၏၊ ဇနပုဒ်တစ်စိတ်ကိုလည်း မျှော၏၊ ထိုအခါသည် ရှိသည်သာတည်း။

ငါ့သျှင်တို့ အကြင်အခါ မဟာသမုဒ္ဒရာ၌ ယူဇနာတစ်ရာရှိသော ရေတို့သည်လည်း ကုန်ခန်းကုန်၏၊ ယူဇနာနှစ်ရာရှိသော ရေတို့သည်လည်း ကုန်ခန်းကုန်၏၊ ယူဇနာသုံးရာရှိသော ရေတို့သည်လည်း ကုန့်ခန်းကုန်၏၊ ယူဇနာလေးရာရှိသော ရေတို့သည်လည်း ကုန်ခန်းကုန်၏၊ ယူဇနာငါးရာရှိသော ရေတို့သည်လည်း ကုန်ခန်းကုန်၏၊ ယူဇနာခြောက်ရာရှိသော ရေတို့သည်လည်း ကုန်ခန်းကုန်၏၊ ယူဇနာခုနစ်ရာရှိသော ရေတို့သည်လည်း ကုန်ခန်းကုန်၏၊ ထိုအခါသည် ရှိသည်သာတည်း။

ငါ့သျှင်တို့ အကြင်အခါ မဟာသမုဒ္ဒရာ၌ ထန်းခုနစ်ဆင့်ရှိသော ရေသည်လည်း တည်၏၊ ထန်းခြောက်ဆင့်ရှိသော ရေသည်လည်း တည်၏၊ ထန်းငါးဆင့်ရှိသော ရေသည်လည်း တည်၏၊ ထန်းလေးဆင့် ရှိသော ရေသည်လည်း တည်၏၊ ထန်းသုံးဆင့်ရှိသော ရေသည်လည်း တည်၏၊ ထန်းနှစ်ဆင့်ရှိသော ရေသည်လည်း တည်၏၊ ထန်းပင်မျှလောက်သော ရေသည်လည်း တည်၏၊ ထိုအခါသည် ရှိသည်သာ တည်း။

ငါ့သျှင်တို့ အကြင်အခါ မဟာသမုဒ္ဒရာ၌ ခုနစ်သူရှိသော ရေသည်လည်း တည်၏၊ ခြောက်သူရှိသောရေသည်လည်း တည်၏၊ ငါးသူရှိသော ရေသည်လည်း တည်၏၊ လေးသူရှိသော ရေသည်လည်းတည်၏၊ သုံးသူရှိသော ရေသည်လည်း တည်၏၊ နှစ်သူရှိသော ရေသည်လည်း တည်၏၊ တစ်သူမျှလောက်သော ရေသည်လည်း တည်၏၊ ထိုအခါသည် ရှိသည်သာတည်း။

ငါ့သျှင်တို့ အကြင်အခါ မဟာသမုဒ္ဒရာ၌ တစ်သူဝက်သော ရေသည်လည်း တည်၏၊ ခါးမျှလောက် သောရေသည်လည်း တည်၏၊ ဒူးဆစ်မျှလောက်သော ရေသည်လည်း တည်၏၊ ခြေမျက်စိမျှလောက်သောရေသည်လည်း တည်၏၊ ထိုအခါသည် ရှိသည်သာတည်း။

ငါ့သျှင်တို့ အကြင်အခါ မဟာသမုဒ္ဒရာ၌ လက်တစ်ဆစ်စွတ်ရုံမျှလည်း ရေသည် မရှိ၊ ထိုအခါသည်ရှိသည်သာတည်း။

ငါ့သျှင်တို့ ထို (သို့ မရှိသော) ကြောင့်သာလျှင် ထိုမျှလောက်ကြီးသော အပဖြစ်သော ရေဓာတ်၏မမြဲသည့် အဖြစ်သည် ထင်လတ္တံ့၊ ကုန်ခြင်းသဘောရှိသည်၏အဖြစ်သည် ထင်လတ္တံ့၊ ပျက်ခြင်းသဘောရှိသည်၏အဖြစ်သည် ထင်လတ္တံ့၊ ဖောက်ပြန်ခြင်းသဘောရှိသည်၏အဖြစ်သည် ထင်လတ္တံ့။ (အချိန်) အနည်းငယ်သာ တည်တံ့ခြင်းရှိသည့် တဏှာက စွဲယူအပ်သော ဤကိုယ်ခန္ဓာအား “ငါဟုလည်းကောင်း၊ ငါပိုင်ဟုလည်းကောင်း၊ ငါဖြစ်၏” ဟုလည်းကောင်း အဘယ်မှာ စွဲယူသင့်မည်နည်း။ ထိုအခါထိုရဟန်းအား ဤအတွင်းဖြစ်သော ရေဓာတ်၌ (စွဲယူခြင်းသည်) မဖြစ်သည်သာတည်း။ပ။

ငါ့သျှင်တို့ ထိုရဟန်းသည် ဤသို့ မြတ်စွာဘုရားကို အောက်မေ့သော် ဤသို့ တရားတော်ကိုအောက်မေ့သော် ဤသို့ သံဃာတော်ကို အောက်မေ့သော် ကုသိုလ်နှင့်စပ်သော လျစ်လျူရှုခြင်းသည်အကယ်၍ ကောင်းစွာ တည်အံ့၊ ထိုရဟန်းသည် ထိုသို့တည်ခြင်းကြောင့် ဝမ်းမြောက်သော စိတ်ရှိ၏။ ငါ့သျှင်တို့ ဤမျှသော အတိုင်းအရှည်ဖြင့်လည်း ရဟန်းသည် (အဆုံးအမကို) များစွာ လိုက်နာ၏။

၃ဝ၄။ ငါ့သျှင်တို့ အပူအအေး (မီး) ဓာတ်သည် အဘယ်နည်း။ အပူအအေး (မီး) ဓာတ်သည်အတွင်ဖြစ်သော အပူအအေး (မီး) ဓာတ်သည် ရှိ၏၊ အပဖြစ်သော အပူအအေး (မီး) ဓာတ်သည် ရှိ၏။

ငါ့သျှင်တို့ အတွင်းဖြစ်သော အပူအအေး (မီး) ဓာတ်သည် အဘယ်နည်း။ မိမိသန္တာန်၌ ဖြစ်သော မိမိကိုယ်ကိုစွဲ၍ဖြစ်သော အပူအအေး (မီး), အပူအအေး (မီး) အပါအဝင်ဖြစ်သော စွဲယူအပ်သော ရုပ်သည်ရှိ၏၊ ဤရုပ်သည် အဘယ်နည်း၊ အကြင် အပူအအေး (မီး) ဓာတ်ဖြင့်လည်း ပြင်းစွာ ပူ၏။ အကြင်အပူအအေး (မီး) ဓာတ်ဖြင့်လည်း ဆွေးမြေ့ရင့်ကျက်၏၊ အကြင် အပူအအေး (မီး) ဓာတ်ဖြင့်လည်း ထက်ဝန်းကျင် လောင်၏၊ အကြင် အပူအအေး (မီး) ဓာတ်ဖြင့်လည်း စားအပ် သောက်အပ် ခဲအပ်လျက်အပ်သော အစာသည် ကောင်းစွာ ကျေကျက်ခြင်းသို့ ရောက်၏၊ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ (အလုံးစုံ) သော မိမိသန္တာန်၌ ဖြစ်သော မိမိ ကိုယ်ကိုစွဲ၍ဖြစ်သော အပူအအေး (မီး),အပူအအေး (မီး) အပါအဝင် ဖြစ်သော စွဲယူအပ်သော ရုပ်သည် ရှိ၏။ ငါ့သျှင်တို့ ဤရုပ်ကိုအတွင်းဖြစ်သော အပူအအေး (မီး) ဓာတ်ဟု ဆိုအပ်၏။

အတွင်းဖြစ်သော အပူအအေး (မီး) ဓာတ်သည်လည်းကောင်း၊ အပဖြစ်သော အပူအအေး (မီး) ဓာတ်သည်လည်းကောင်း အပူအအေး (မီး) ဓာတ်သာတည်း။

ထိုအပူအအေး (မီး) ဓာတ်ကို “ဤအပူအအေး (မီး) ဓာတ်သည် ငါပိုင်မဟုတ်၊ ဤအပူအအေး (မီး) ဓာတ်သည် ငါမဟုတ်၊ ဤအပူအအေး (မီး) ဓာတ်သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်” ဟု ဤသို့အပူအအေး (မီး) ဓာတ်ကို အမှန်အတိုင်း ကောင်းသောပညာဖြင့် ရှုသင့်၏၊ ဤသို့ဤအပူအအေး (မီး) ဓာတ်ကို အမှန် အတိုင်း ကောင်းသော ပညာဖြင့် ရှုမြင်၍ အပူအအေး (မီး) ဓာတ်၌ငြီးငွေ့၏၊ စိတ်သည် အပူအအေး (မီး) ဓာတ်၌ တပ်ခြင်းကင်း၏။

ငါ့သျှင်တို့ အကြင်အခါ၌ အပဖြစ်သော အပူအအေး (မီး) ဓာတ်သည် ပျက်စီး၏၊ ထိုအပူအအေး (မီး) ဓာတ်သည် ရွာကိုလည်း လောင်၏၊ နိဂုံးကိုလည်း လောင်၏၊ ။ မို့ကိုလည်း လောင်၏၊ ဇနပုဒ်ကိုလည်း လောင်၏၊ ဇနပုဒ်တစ်စိတ်ကိုလည်း လောင်၏၊ ထိုအပူအအေး (မီး) ဓာတ်သည် စိမ်းစိုသော အရာဝတ္ထုကိုလည်းကောင်း၊ လမ်းခရီး (ကြီး) ကိုလည်းကောင်း၊ ကျောက်တောင်ကိုလည်းကောင်း၊ ရေကိုလည်းကောင်း၊ မွေ့လျော်ဖွယ်ရာ မြေအဖို့ကိုလည်းကောင်း အကြောင်းပြုကာ မီးစာမရှိ၍ငြိမ်း၏၊ ထိုအခါသည်ရှိသည်သာတည်း။

ငါ့သျှင်တို့ အကြင်အခါ၌ ကြက်တောင်ဖြင့်လည်းကောင်း၊ သားရေမျှင်ဖြင့်လည်းကောင်း မီးကို ရှာမှီးကုန်၏။ ထိုအခါသည် ရှိသည်သာတည်း။

ငါ့သျှင်တို့ ထိုသို့ရှာမှီးရသောကြောင့်သာလျှင် ထိုမျှလောက်ကြီးသော အပဖြစ်သော အပူအအေး (မီး) ဓာတ်၏ မမြဲသည့် အဖြစ်သည် ထင်လတ္တံ့၊ ကုန်ခြင်းသဘောရှိသည့်အဖြစ်သည် ထင်လတ္တံ့၊ ပျက်ခြင်းသဘောရှိသည့် အဖြစ်သည် ထင်လတ္တံ့၊ ဖောက်ပြန်ခြင်းသဘောရှိသည့်အဖြစ်သည် ထင်လတ္တံ့။ (အချိန်) အနည်းငယ်သာတည် တံ့ခြင်းရှိသည့် တဏှာသည် စွဲယူအပ်သော ဤကိုယ်ခန္ဓာအား “ငါဟုလည်းကောင်း၊ ငါပိုင်ဟုလည်းကောင်း၊ ငါ ဖြစ်၏” ဟုလည်းကောင်း အဘယ်မှာ စွဲယူသင့်မည်နည်း။ ထိုအခါ ထိုရဟန်းအား ဤအတွင်းဖြစ်သော အပူ အအေး (မီး) ဓာတ်၌ စွဲယူခြင်းသည် မဖြစ်သည်သာတည်း။ပ။

ငါ့သျှင်တို့ ထိုရဟန်းသည် ဤသို့ မြတ်စွာဘုရားကို အောက်မေ့သော် ဤသို့ တရားတော်ကိုအောက်မေ့သော် ဤသို့ သံဃာတော်ကို အောက်မေ့သော် ကုသိုလ်နှင့်စပ်သော လျစ်လျူရှုခြင်းသည်အကယ်၍ ကောင်းစွာ တည်အံ့၊ ထိုရဟန်းသည် ထိုသို့ တည်ခြင်းကြောင့် ဝမ်းမြောက်သော စိတ်ရှိ၏။ ငါ့သျှင်တို့ ဤမျှသော အတိုင်းအရှည်ဖြင့်လည်း ရဟန်းသည် (အဆုံးအမကို) များစွာ လိုက်နာ၏။

၃ဝ၅။ ငါ့သျှင်တို့ လေဓာတ်သည် အဘယ်နည်း။ လေဓာတ်သည် အတွင်းဖြစ်သော လေဓာတ်သည်ရှိ၏၊ အပဖြစ်သော လေဓာတ်သည် ရှိ၏။

ငါ့သျှင်တို့ အတွင်းဖြစ်သော လေဓာတ်သည် အဘယ်နည်း။ မိမိသန္တာန်၌ ဖြစ်သော မိမိကိုယ်ကို စွဲ၍ဖြစ်သော လေ, လေအပါအဝင်ဖြစ်သော စွဲယူအပ်သော ရုပ်သည် ရှိ၏။ ဤရုပ်သည် အဘယ်နည်း၊ အထက်သို့ တက်သော လေ၊ အောက်သို့ သက်သော လေ၊ ဝမ်း၌ တည်သော လေ၊ အူအတွင်း၌တည်သော လေ၊ အင်္ဂါကြီးငယ်တို့သို့ အစဉ်လျှောက်သော လေ၊ ဝင်သက် ထွက်သက်လေ၊ ဤလေတို့တည်း။ တစ်ပါးလည်း ဖြစ်သော အမှတ်မရှိ (အလုံးစုံ) သော မိမိသန္တာန်၌ဖြစ်သော မိမိကိုယ်ကိုစွဲ၍ဖြစ်သော လေ, လေအပါအဝင်ဖြစ်သော စွဲယူ အပ်သောရုပ်သည် ရှိ၏။ ငါ့သျှင်တို့ ဤရုပ်ကို အတွင်းဖြစ်သော လေဓာတ်ဟု ဆိုအပ်၏။

အတွင်းဖြစ်သော လေဓာတ်သည်လည်းကောင်း အပဖြစ်သော လေဓာတ်သည်လည်းကောင်းလေဓာတ်သာတည်း။

ထိုလေဓာတ်ကို “ဤလေဓာတ်သည် ငါပိုင်မဟုတ်၊ ဤလေဓာတ်သည် ငါမဟုတ်၊ ဤလေဓာတ်သည်ငါ့ကိုယ် “အတ္တ” မဟုတ်” ဟု ဤသို့ ဤလေဓာတ်ကို အမှန်အတိုင်း ကောင်းသောပညာဖြင့် ရှုသင့်၏၊ ့ဤသို့ ဤလေဓာတ်ကို အမှန်အတိုင်း ကောင်းသောပညာဖြင့် ရှုမြင်လတ်သော် လေဓာတ်၌ငြီးငွေ့၏၊ စိတ်သည် လေဓာတ်၌ တပ်ခြင်းကင်း၏။

ငါ့သျှင်တို့ အကြင်အခါ၌ အပဖြစ်သော လေဓာတ်သည် ပျက်စီး၏၊ ထိုလေဓာတ်သည် ရွာကိုလည်းတိုက်လွှင့်၏၊ နိဂုံးကိုလည်း တိုက်လွှင့်၏၊ ။ မို့ကိုလည်း တိုက်လွှင့်၏၊ ဇနပုဒ်ကိုလည်း တိုက်လွှင့်၏၊ ဇနပုဒ် တစ်စိတ်ကိုလည်း တိုက်လွှင့်၏၊ ထိုအခါသည် ရှိသည်သာတည်း။

ငါ့သျှင်တို့ အကြင်အခါ၌ နွေဥတုတို့၏ နောက်ဆုံးလ၌ ထန်းရွက်ယပ်ဝန်းဖြင့်လည်းကောင်း၊ မီးခပ်ယပ်ဖြင့်လည်းကောင်း လေကို ရှာကုန်၏။ ရေစီးကျရာ တံစက်မြိတ်၌လည်း မြက်သက်ငယ်တို့သည်မလှုပ်ရှားကုန်။ ထိုအခါသည် ရှိသည်သာတည်း။

ငါ့သျှင်တို့ ထို (သို့ဖြစ်သော) ကြောင့်သာလျှင် ထိုမျှလောက်ကြီးသော အပဖြစ်သော လေဓာတ်၏မမြဲသည့် အဖြစ်သည် ထင်လတ္တံ့၊ ကုန်ခြင်းသဘောရှိသည့်အဖြစ်သည် ထင်လတ္တံ့၊ ပျက်စီးခြင်းသဘောရှိသည့်အဖြစ်သည် ထင်လတ္တံ့၊ ဖောက်ပြန်ခြင်းသဘောရှိသည့်အဖြစ်သည် ထင်လတ္တံ့။ (အချိန်) အနည်းငယ် သာ တည်တန့်ခြင်းရှိသည့် တဏှာသည် စွဲယူအပ်သော ဤကိုယ်ခန္ဓာအား “ငါဟုလည်းကောင်း၊ ငါပိုင်ဟုလည်းကောင်း၊ ငါဖြစ်၏” ဟုလည်းကောင်း အဘယ်မှာစွဲယူသင့်မည်နည်း။ ထိုအခါ ထိုရဟန်းအား ဤ အတွင်းဖြစ်သော လေဓာတ်၌ စွဲယူခြင်းသည်မဖြစ်သည်သာတည်း။

ငါ့သျှင်တို့ အကယ်၍ ထိုရဟန်းကို သူတစ်ပါးတို့က အကယ်၍ ဆဲရေးကုန်ငြားအံ့၊ ရေရွတ်ကုန်ငြား အံ့၊ ခြုတ်ခြယ်ကုန်ငြားအံ့၊ ညှဉ်းဆဲကုန်ငြားအံ့။ ထိုရဟန်းသည် ငါ့အား နား၌ ပေါင်းဆုံတွေ့ထိခြင်းကြောင့်ဖြစ်သော ဤဆင်းရဲခံစားခြင်းသည် ဖြစ်သည်သာတည်း၊ ထိုဆင်းရဲခံစားခြင်းသည်လည်း စွဲ၍ ဖြစ်၏၊ မစွဲဘဲ မဖြစ်၊ အဘယ်ကို စွဲ၍ ဖြစ်သနည်း၊ တွေ့ထိခြင်းကို စွဲ၍ ဖြစ်၏။ ထိုတွေ့ထိခြင်းသည်လည်းအမြဲမရှိဟု ရှုမြင်၏။ ခံစားခြင်းသည် အမြဲမရှိဟု ရှုမြင်၏။ မှတ်သားခြင်းသည် အမြဲမရှိဟု ရှုမြင်၏။ ပြုပြင်စီရင်မှုတို့သည် အမြဲမရှိကုန်ဟု ရှုမြင်၏၊ အထူးသိမှုစိတ်သည် အမြဲမရှိဟု ရှုမြင်၏။ ထိုရဟန်း၏စိတ်သည် ဓာတ်အာရုံ၌သာလျှင် သက်ဝင်၏၊ ကြည်လင်၏၊ ကောင်းစွာ တည်၏၊ ဆုံးဖြတ်၏။

ငါ့သျှင်တို့ ရဟန်းကို သူတစ်ပါးတို့က အနိဋ္ဌာရုံဖြစ်သော မနှစ်သက်ဖွယ်ဖြစ်သော နှလုံးကို မပွါးများစေတတ်သော လက်အတွေ့အထိ ခဲအတွေ့အထိ တုတ်အတွေ့အထိ ဓားလက်နက်အတွေ့အထိတို့ဖြင့်အကယ်၍ လုံ့လပြုကုန်အံ့။ ထိုရဟန်းသည် ဤသို့ အပြားအားဖြင့် သိ၏။ “ဤကိုယ်သည် လက်အတွေ့အထိများဖြစ်ရာ ခဲအတွေ့အထိများဖြစ်ရာ တုတ်အတွေ့အထိများဖြစ်ရာ ဓားလက်နက်အတွေ့အထိများဖြစ်ရာသဘော ရှိ၏။ မြတ်စွာဘုရားသည် လွှဥပမာရှိသော အဆုံးအမ၌ ‘ရဟန်းတို့ လူသတ် ခိုးသူတို့သည်နှစ်ဖက်ရိုးရှိသောလွှဖြင့် အင်္ဂါကြီးငယ်တို့ကို အကယ်၍လည်း တိုက်ဖြတ်ကုန်ငြားအံ့၊ ထိုသို့ တိုက်ဖြတ်ရာ၌လည်း အကြင်သူသည် စိတ်ပြစ်မှားငြားအံ့၊ ထိုသူသည် ထိုစိတ်ပြစ်မှားခြင်းဖြင့် ငါ၏အဆုံးအမကိုပြုကျင့်သူမဟုတ်’ဟူသောစကားကို ဟောထားတော်မူ၏။ ငါသည် တွန့်တိုဆုတ်နစ်ခြင်းမရှိသော လုံ့လကိုအားထုတ်အံ့၊ ငါ့မှာ မမေ့ပျောက်နိုင်သော သတိသည် ရှေးရှုထင်လာ၏၊ ငါ၏ ကိုယ်ခန္ဓာသည် ပူပန်ခြင်းမရှိငြိမ်းအေး၏၊ ငါ၏ စိတ်သည် တစ်ခုတည်းသော အာရုံဟူ သောအဖို့အစုရှိသည်ဖြစ်၍ ကောင်းစွာတည်ငြိမ်၏။ ယခု ဤကိုယ်၌ လက်အတွေ့အထိတို့သည်လည်း ဖြစ်မူဖြစ်ကုန်စေ, ခဲအတွေ့အထိတို့သည်လည်း ဖြစ်မူဖြစ်ကုန်စေ, တုတ်အတွေ့အထိတို့သည်လည်း ဖြစ်မူဖြစ်ကုန်စေ, ဓား လက်နက်အတွေ့အထိတို့သည်လည်း ဖြစ်မူဖြစ်ကုန်စေ မြတ်စွာဘုရားတို့၏ ဤအဆုံးအမကို လိုက်နာပြုသင့်သည် သာတည်း” ဟု (ဤသို့ အပြားအားဖြင့် သိ၏)။

ငါ့သျှင်တို့ ထိုရဟန်းသည် ဤသို့ မြတ်စွာဘုရားကို အောက်မေ့လျက် ဤသို့ တရားတော်ကိုအောက်မေ့လျက် ဤသို့ သံဃာတော်ကို အောက်မေ့လျက် ကုသိုလ်နှင့်စပ်သော လျစ်လျူရှုခြင်းသည့်အကယ်၍ ကောင်းစွာ မတည်အံ့။ ထိုရဟန်းသည် ထို (သို့မတည်ခြင်း) ကြောင့် “ငါသည် ဤသို့ မြတ်စွာဘုရားကို အောက်မေ့လျက် ဤသို့ တရားတော်ကို အောက်မေ့လျက် ဤသို့ သံဃာတော်ကို အောက်မေ့လျက် ကုသိုလ်နှင့်စပ်သော လျစ်လျူရှုခြင်းသည် ကောင်းစွာမတည်၊ ငါ့မှာ အရမတော်လေစွတကား၊ ငါ့မှာ အရတော်သည် မဟုတ်လေစွတကား၊ ငါသည် မကောင်းသဖြင့် ရလေစွတကား၊ ငါသည်ကောင်းစွာရ သည် မဟုတ်လေစွတကား” ဟု ထိတ်လန့်ခြင်းသို့ ရောက်၏။

ငါ့သျှင်သို့ ချွေးမသည် ယောက္ခမကို မြင်၍ ထိတ်လန့်ခြင်းသို့ ရောက်သကဲ့သို့ ဤအတူပင်လျှင် ထိုရဟန်းသည် ဤသို့ မြတ်စွာဘုရားကို အောက်မေ့လျက် ဤသို့ တရားတော်ကို အောက်မေ့လျက် ဤသို့သံဃာတော်ကို အောက်မေ့လျက် ကုသိုလ်နှင့်စပ်သော လျစ်လျူရှုခြင်းသည် အကယ်၍ ကောင်းစွာ မတည်အံ့။ ထိုရဟန်းသည် ထို (သို့မတည်ခြင်း) ကြောင့် “ငါသည် ဤသို့ မြတ်စွာဘုရားကို အောက်မေ့လျက် ဤသို့ တရားတော်ကို အောက်မေ့လျက် ဤသို့ သံဃာတော်ကို အောက်မေ့လျက် ကုသိုလ်နှင့်စပ်သောလျစ်လျူရှုခြင်းသည် ကောင်းစွာ မတည်၊ ငါ့မှာ အရမတော်လေစွတကား၊ ငါ့မှာ အရတော်သည် မဟုတ်လေစွတကား၊ ငါသည် မကောင်းသဖြင့် ရလေစွတကား၊ ငါသည် ကောင်းစွာရသည် မဟုတ်လေစွတကား” ဟု ထိတ်လန့်ခြင်းသို့ ရောက်၏။

ငါ့သျှင်တို့ ထိုရဟန်းသည် ဤသို့ မြတ်စွာဘုရားကို အောက်မေ့သော် ဤသို့ တရားတော်ကို အောက်မေ့သော် ဤသို့ သံဃာတော်ကို အောက်မေ့သော် ကုသိုလ်နှင့်စပ်သော လျစ်လျူရှုခြင်းသည်ကောင်းစွာ တည်အံ့၊ ထိုရဟန်းသည် ထိုသို့တည်ခြင်းကြောင့် ဝမ်းမြောက်သော စိတ်ရှိ၏၊ ငါ့သျှင်တို့ ဤမျှသော အတိုင်း အရှည်ဖြင့်လည်း ရဟန်းသည် (အဆုံးအမကို) များစွာလိုက်နာ၏။

၃ဝ၆။ ငါ့သျှင်တို့ ဥပမာသော်ကား သစ်သားကိုလည်းကောင်း၊ နွယ်ကိုလည်းကောင်း၊ သက်ငယ်ကိုလည်းကောင်း၊ မြေညက်ကိုလည်းကောင်း စွဲ၍ ဝိုင်းရံထားသော ဟင်းလင်းပြင်သည် အိမ်ဟူ၍သာလျှင်ရေတွက်ခြင်းသို့ ရောက်သကဲ့သို့ ဤအတူပင်လျှင် အရိုးကိုလည်းကောင်း၊ အကြောကိုလည်းကောင်း၊ အသားကိုလည်းကောင်း၊ အရေကိုလည်းကောင်း စွဲ၍ ဝိုင်းရံထားသော ဟင်းလင်းပြင်သည် ရုပ်ဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။

ငါ့သျှင်တို့ အတွင်းဖြစ်သော မျက်စိအကြည်ရုပ်သည်လည်း မပျက်စီး၊ အပဖြစ်သော အဆင်းရုပ်သည်လည်း ထင်ခြင်းသို့ မရောက်ကုန်၊ ထိုအာရုံကို စွဲ၍ ဖြစ်သော ဆင်ခြင်ခြင်းသည်လည်း မဖြစ်။ ထိုမျှလောက် ထိုအာရုံကို စွဲ၍ဖြစ်သော အထူးသိမှု (စက္ခုဝိညာဏ်) စိတ်အစု၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် မရှိသည်သာတည်း။

ငါ့သျှင်တို့ အတွင်းဖြစ်သော မျက်စိအကြည်ရုပ်သည်လည်း မပျက်စီး၊ အပဖြစ်သော အဆင်းရုပ်သည်လည်း ထင်ခြင်းသို့ ရောက်ကုန်၏၊ ထိုအာရုံကို စွဲ၍ ဖြစ်သော ဆင်ခြင်ခြင်းသည်ကား မဖြစ်။ ထိုမျှလောက် ထိုအာရုံကို စွဲ၍ဖြစ်သော အထူးသိမှု (စက္ခုဝိညာဏ်) စိတ်အစု၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် မရှိသည်သာတည်း။

ငါ့သျှင်တို့ အကြင်အခါ အတွင်းဖြစ်သော မျက်စိအကြည်ရုပ်သည်လည်း မပျက်စီး၊ အပဖြစ်ကုန်သောအဆင်းရုပ်တို့သည်လည်း ထင်ခြင်းသို့ ရောက်ကုန်၏၊ ထိုအာရုံကို စွဲ၍ဖြစ်သော ဆင်ခြင်ခြင်းသည်လည်းဖြစ်၏။ ဤသို့ ဖြစ်သည်ရှိသော် ထိုအာရုံကို စွဲ၍ဖြစ်သော အထူးသိမှု (စက္ခုဝိညာဏ်) စိတ်အစု၏ထင်ရှားဖြစ်ပေါ်လာခြင်းသည် ရှိ၏။

ထိုစက္ခုဝိညာဏ်စိတ်ဖြစ်ခိုက်ပုဂ္ဂိုလ်၏ ရုပ်သည် ရုပ်ဟု စွဲယူအပ်သော ခန္ဓာ၌ ရေတွက်ခြင်းသို့ရောက်၏။ ထိုစက္ခုဝိညာဏ်စိတ်ဖြစ်ခိုက်ပုဂ္ဂိုလ်၏ ခံစားခြင်းသည် ခံစားခြင်းဟု စွဲယူအပ်သောခန္ဓာ၌ရေတွက်ခြင်းသို့ ရောက်၏။

ထိုစက္ခုဝိညာဏ်စိတ်ဖြစ်ခိုက်ပုဂ္ဂိုလ်၏ မှတ်သားခြင်းသည် မှတ်သားခြင်းဟု စွဲယူအပ်သော ခန္ဓာ၌့ရေတွက်ခြင်းသို့ ရောက်၏။ ထိုစက္ခုဝိညာဏ်စိတ်ဖြစ်ခိုက်ပုဂ္ဂိုလ်၏ ပြုပြင်စီရင်မှုတို့သည် ပြုပြင်စီရင်မှုဟုစွဲယူအပ်သောခန္ဓာ၌ ရေတွက်ခြင်းသို့ ရောက်ကုန်၏။ ထိုစက္ခုဝိညာဏ်စိတ်ဖြစ်ခိုက်ပုဂ္ဂိုလ်၏ အထူးသိမှုသည် အထူးသိမှုစိတ်ဟု စွဲယူ အပ်သောခန္ဓာ၌ ရေတွက်ခြင်းသို့ ရောက်၏။ ထိုရဟန်းသည် ဤသို့သိ၏ — “ဤစွဲယူအပ်သော ခန္ဓာငါးပါးတို့၏ ဤသို့ ပေါင်းယူခြင်း စုရုံးခြင်း အညီအမျှဖြစ်ခြင်းသည်ဖြစ်သတတ်၊ မြတ်စွာဘုရားသည် ‘စွဲ၍ဖြစ်ရာအကြောင်းကို မြင်သောသူသည် အကျိုးတရားကို မြင်၏၊ အကျိုးတရားကို မြင်သောသူသည် စွဲ၍ဖြစ်ရာအကြောင်းကို မြင်၏’ဟု ဤစကားကို ဟောထားတော်မူသည်သာတည်း။ ဤစွဲယူအပ်သော ခန္ဓာငါးပါးတို့သည် စွဲ၍ဖြစ်ပေါ်လာသော အကျိုးတရားတို့သာတည်း။ ဤစွဲယူအပ်သော ခန္ဓာငါးပါးတို့၌ လိုချင်မှု တွယ်တာမှု တပ်စွန်းမှု သက်ဝင် စွဲယူမှုတို့သည် ဒုက္ခဖြစ်ကြောင်းတည်း။ ဤစွဲယူအပ်သော ခန္ဓာငါးပါးတို့၌ လိုချင်တပ်စွန်းမှုကို ဖျောက်ခြင်း လိုချင်တပ်စွန်းမှုကိုပယ်ခြင်းသည် ဒုက္ခ၏ချုပ်ရာတည်း” ဟု (သိ၏)။ ငါ့သျှင်တို့ ဤမျှလောက် အတိုင်းအရှည် ဖြင့်လည်းရဟန်းသည် အဆုံးအမကို များစွာလိုက်နာ၏။

ငါ့သျှင်တို့ အတွင်းဖြစ်သော နားအကြည်ရုပ်သည်လည်း မပျက်စီး။ပ။ နှာခေါင်းအကြည်ရုပ်သည်လည်းမပျက်စီး။ လျှာအကြည်ရုပ်သည်လည်း မပျက်စီး။ ကိုယ်အကြည်ရုပ်သည်လည်း မပျက်စီး။ပ။ ဘဝင်စိတ်သည်လည်း မပျက်စီး၊ အပဖြစ်ကုန်သော သဘာဝဓမ္မတို့သည်လည်း ထင်ခြင်းသို့ မရောက်ကုန်၊ ထိုအာရုံကို စွဲ၍ ဖြစ်သော ဆင်ခြင်ခြင်းသည်လည်း မဖြစ်၊ ထိုမျှလောက် ထိုအာရုံကို စွဲ၍ဖြစ်သောအထူးသိမှု (မနောဝိညာဏ်) စိတ် အစု၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် မရှိသည်သာတည်း။

ငါ့သျှင်တို့ အတွင်းဖြစ်သော ဘဝင်စိတ်သည်လည်း မပျက်စီး၊ အပဖြစ်သော သဘာဝဓမ္မတို့သည်လည်းထင်ခြင်းသို့ ရောက်ကုန်၏၊ ထိုအာရုံကိုစွဲ၍ ဖြစ်သော ဆင်ခြင်ခြင်းသည်ကား မဖြစ်။ ထိုမျှလောက်ထိုအာရုံကို စွဲ၍ဖြစ်သော အထူးသိမှု (မနောဝိညာဏ်) စိတ်အစု၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် မရှိသည်သာတည်း။

ငါ့သျှင်တို့ အကြင်အခါ အတွင်းဖြစ်သော ဘဝင်စိတ်သည်လည်း မပျက်စီး၊ အပဖြစ်သော သဘာဝဓမ္မတို့သည်လည်း ထင်ခြင်းသို့ရောက်ကုန်၏၊ ထိုအာရုံကိုစွဲ၍ ဖြစ်သော ဆင်ခြင်ခြင်းသည်လည်း ဖြစ်၏။ ဤသို့ဖြစ်သည်ရှိသော် ထိုအာရုံကို စွဲ၍ဖြစ်သော အထူးသိမှု (မနောဝိညာဏ်) စိတ်အစု၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် ရှိ၏။ ထိုမနောဝိညာဏ်စိတ်ဖြစ်ခိုက်ပုဂ္ဂိုလ်၏ ရုပ်သည် ရုပ်ဟု စွဲယူအပ်သောခန္ဓာ၌ ရေတွက်ခြင်းသို့ ရောက်၏။ ထိုမနောဝိညာဏ်စိတ်ဖြစ်ခိုက်ပုဂ္ဂိုလ်၏ ခံစားခြင်းသည် ခံစားခြင်းဟု စွဲယူအပ်သောခန္ဓာ၌ ရေတွက်ခြင်းသို့ ရောက်၏။ ထိုမနောဝိညာဏ်စိတ်ဖြစ်ခိုက်ပုဂ္ဂိုလ်၏ မှတ်သားခြင်းသည်မှတ်သားခြင်းဟု စွဲယူအပ်သောခန္ဓာ၌ ရေတွက်ခြင်းသို့ ရောက်၏။ ထိုမနောဝိညာဏ်စိတ်ဖြစ်ခိုက်ပုဂ္ဂိုလ်၏ပြုစီရင်မှုတို့သည် ပြုစီရင်မှုဟု စွဲယူအပ်သောခန္ဓာ၌ ရေတွက်ခြင်းသို့ ရောက်ကုန်၏။ ထိုမနောဝိညာဏ်စိတ်ဖြစ်ခိုက်ပုဂ္ဂိုလ်၏ အထူးသိမှုစိတ်သည် အထူးသိမှုစိတ်ဟု စွဲယူအပ်သော ခန္ဓာ၌ ရေတွက်ခြင်းသို့ရောက်၏။

ထိုရဟန်းသည် ဤသို့ သိ၏— “ဤစွဲယူအပ်သော ခန္ဓာငါးပါးတို့၏ ဤသို့ ပေါင်းယူခြင်း စုရုံးခြင်းအညီအမျှဖြစ်ခြင်းသည် ဖြစ်သတတ်၊ မြတ်စွာဘုရားသည် ‘စွဲယူ၍ဖြစ်ရာအကြောင်းကို မြင်သောသူသည်အကျိုးတရားကို မြင်၏၊ အကျိုးတရားကို မြင်သောသူသည် စွဲ၍ဖြစ်ရာအကြောင်းကို မြင်၏’ဟု ဤစကားကို ဟောထားတော်မူသည်သာတည်း။ ဤစွဲယူအပ်ကုန်သော ခန္ဓာငါးပါးတို့သည် စွဲ၍ဖြစ်ပေါ်လာသော အကျိုးတရားတို့သာတည်း။ ဤစွဲယူအပ်သော ခန္ဓာငါးပါးတို့၌ လိုချင်မှု တွယ်တာမှု တပ်စွန်းမှုသက်ဝင်စွဲယူမှုတို့သည် ဒုက္ခဖြစ်ကြောင်းတည်း။ ဤစွဲယူအပ်သော ခန္ဓာငါးပါးတို့၌ လိုချင်တပ်စွန်းမှုကိုဖျောက်ခြင်း လိုချင်တပ်စွန်းမှုကို ပယ်ခြင်းသည် ဒုက္ခ၏ချုပ်ရာတည်း” ဟု (သိ၏)။ ငါ့သျှင်တို့ ဤမျှသောအတိုင်းအရှည်ဖြင့်လည်း ရဟန်းသည် အဆုံးအမကို များစွာ လိုက်နာ၏ဟု အသျှင်သာရိပုတြာသည် ဤ့တရားကို ဟောကြား၏။ ထိုရဟန်းတို့သည် အသျှင်သာရိပုတြာ၏ တရားကို နှစ်လိုကုန်သည်ဖြစ်၍ဝမ်းမြောက်စွာ ခံယူလေကုန်သတည်း။

ရှစ်ခုမြောက် မဟာဟတ္ထိပဒေါပမသုတ်ပြီး၏။