မဇ္ဈိမနိကာယ်

၁ဝ— စူဠသာရောပမသုတ်

၃၁၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပိင်္ဂလကောစ္ဆပုဏ္ဏားသည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံး စေ၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသောပိင်္ဂလကောစ္ဆ ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤသို့ လျှောက်၏—

“အသျှင်ဂေါတမ တပည့်အပေါင်းနှင့် ပြည့်စုံကုန်သော ဂိုဏ်းနှင့် ပြည့်စုံကုန်သော ဂိုဏ်းဆရာဖြစ်ကုန်သော ထင်ရှားကုန်သော ကျော်စောကုန်သော အယူဝါဒကို တီထွင်သူဖြစ်ကုန်သော သူတော်ကောင်းဟုလူအများက သမုတ်ထားသူဖြစ်ကုန်သော ပူရဏကဿပ, မက္ခလိဂေါသလ, အဇိတကေသကမ္ဗလ,ပကုဓကစ္စာယန, ဗေလဋ္ဌ သား သဉ္စယ, နာဋသား နိကဏ္ဌဟူသော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ထိုသူအားလုံးတို့သည် မိမိတို့ ဝန်ခံသည့်အတိုင်း သိပါကုန်သလော၊ အားလုံးတို့သည်ပင် မသိဘဲ ရှိပါကုန်သလော၊ သို့မဟုတ် အချို့တို့သည် သိပါကုန်သလော၊ အချို့တို့သည် မသိပါကုန်သလော” ဟု (လျှောက်၏)။

ပုဏ္ဏား “ထိုသူအားလုံးတို့သည် မိမိတို့ ဝန်ခံသည့်အတိုင်း သိပါကုန်သလော၊ အားလုံးတို့သည်ပင် လျှင်မသိဘဲ ရှိပါကုန်သလော၊ သို့မဟုတ် အချို့တို့သည် သိပါကုန်သလော၊ အချို့တို့သည် မသိပါကုန်သလော” ဟု မေးလျှောက်ခြင်းသည် မသင့်လျော်။ ရှိစေဦး ပုဏ္ဏား သင့်အား တရားဟောအံ့၊ ထိုတရား့ကို နာလော့၊ ကောင်းစွာ နာလော့၊ ဟောကြားအံ့ဟု (မိန့်တော်မူ၏)။ “အသျှင် ကောင်းပါပြီ” ဟုပိင်္ဂလကောစ္ဆ ပုဏ္ဏားသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားလေသော် မြတ်စွာဘုရားသည် (ဆိုလတ္တံ့သော) ဤတရားကို ဟောတော်မူ၏ —

၃၁၃။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့််၍တည်သော သစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင်, အကာကိုလွန်၍သာလျှင်,အခွံကို လွန်၍သာလျှင်, အပွေးကိုလွန်၍သာလျှင် အခက်အရွက်ကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက်ဖဲခွာသွားရာ၏။ ထိုသူကို မျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ ဤသို့ ပြောဆိုရာ၏၊ “ဤအသျှင်ယောကျာ်းသည် စင်စစ် အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကို မသိ၊ အပွေးကို မသိ၊ အခက်အရွက်ကို မသိ၊ ထိုသို့ မသိသောကြောင့်သာလျှင် အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသောဤအသျှင်ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ရှိပြည့်တည်သော သစ်ပင်ကြီး၏အနှစ်ကိုလွန်၍သာလျှင်, အကာကိုလွန်၍ သာလျှင်, အခွံကိုလွန်၍သာလျှင်, အပွေးကိုလွန်၍သာလျှင်အခက်အရွက်ကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ် လျက် ဖဲခွာသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့်ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရလတ္တံ့” ဟု (ပြောဆိုရာ၏)။

၃၁၄။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့််သော သစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင်, အကာကိုလွန်၍သာလျှင်,အခွံကို လွန်၍သာလျှင် အပွေးကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွာသွားရာ၏။ ထိုသူကိုမျက်စိအမြင် ရှိသော ယောကျာ်းသည် မြင်၍ ဤသို့ ပြောဆိုရာ၏၊ “ဤအသျှင်ယောကျာ်းသည် စင်စစ်အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကို မသိ၊ အပွေးကို မသိ၊ အခက်အရွက်ကို မသိ၊ ထိုသို့မသိသောကြောင့်သာလျှင် အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ဤအသျှင်ယောကျာ်းသည်အနှစ်ရှာလှည့်လည်သော် အနှစ်ရှိ သော သစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင်, အကာကိုလွန်၍သာလျှင်,အခွံကိုလွန်၍သာလျှင် အပွေးကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွာသွား၏။ ထိုယောကျာ်းသည်အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရလတ္တံ့” ဟု (ပြောဆိုရာ၏)။

၃၁၅။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့််သော သစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင်, အကာကိုလွန်၍သာလျှင် အခွံကိုဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွါသွားရာ၏။ ထိုသူကို မျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ဤသို့ ပြောဆိုရာ၏၊ “ဤအသျှင် ယောကျာ်းသည် စင်စစ် အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကိုမသိ၊ အပွေးကို မသိ၊ အခက်အရွက်ကို မသိ၊ ထိုသို့ မသိသောကြောင့်သာလျှင် အနှစ်ကို အလိုရှိ၍အနှစ်ကို ရှာမှီးသော ဤအသျှင် ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သောသစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင်, အကာကိုလွန်၍သာလျှင် အခွံကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရလတ္တံ့” ဟု (ပြောဆိုရာ၏)။

၃၁၆။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့််၍တည်သော သစ်ပင်ကြီး၏ အနှစ်ကိုလွန်၍သာလျှင် အကာကို ဖြတ်ယူ၍အနှစ်ဟု ထင်မှတ်လျက် ဖဲခွါသွားရာ၏။ ထိုသူကို မျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ ဤသို့ပြောဆိုရာ၏၊ “ဤအသျှင် ယောကျာ်းသည် စင်စစ် အနှစ်ကို မသိ၊ အကာကို မသိ၊ အခွံကို မသိ၊ အပွေးကို မသိ၊ အခက်အရွက်ကို မသိ၊ ထိုသို့ မသိသောကြောင့်သာလျှင် အနှစ်ကို အလိုရှိ၍ အနှစ်ကိုရှာမှီးသော ဤအသျှင် ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏အနှစ်ကိုလွန်၍သာလျှင် အကာကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွါသွား၏။ ထိုယောကျာ်းသည့်အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရလတ္တံ့” ဟု (ပြောဆိုရာ၏)။

၃၁၇။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့််၍တည်သော သစ်ပင်ကြီး၏ အနှစ်ကိုသာလျှင် ဖြတ်ယူ၍ အနှစ်ဟု သိလျက်ဖဲခွါသွား ရာ၏။ ထိုသူကို မျက်စိအမြင်ရှိသော ယောကျာ်းသည် မြင်၍ ဤသို့ ပြောဆိုရာ၏၊ “ဤအသျှင်ယောကျာ်းသည် စင်စစ် အနှစ်ကို သိ၏၊ အကာကို သိ၏၊ အခွံကို သိ၏၊ အပွေးကို သိ၏၊ အခက်အရွက်ကို သိ၏။ ထိုသို့ သိသောကြောင့်သာလျှင် အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ဤအသျှင်ယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော အပင်ကြီး၏ အနှစ်ကိုသာလျှင်ဖြတ်ယူ၍ အနှစ်ဟု သိလျက် ဖဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်းခံစားရလတ္တံ့” ဟု (ပြောဆိုရာ၏)။

၃၁၈။ ပုဏ္ဏား ဤအတူပင်လျှင် ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့က လွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခတွင်းသို့ သက်ဝင် လျှောကျလျက် ဆင်းရဲခြင်းအနှိပ် စက်ခံ နေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန်ထင်ရှားဖြစ်ကောင်း တန်ရာ၏” ဟု ယုံကြည်ခြင်း ‘သဒ္ဓါ’ ဖြင့် လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ရဟန်းပြု၏။ ထိုသူသည် ဤကဲ့သို့ ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကိုဖြစ်စေပြန်၏။ ထိုရဟန်းသည် ထို လာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းကျဖြစ်၍အကြံအစည်ပြည့်စုံသူလည်း ဖြစ်၏။ ထိုရဟန်း သည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် “ငါသည်လာဘ်သပ်ပကာ အကျော်အစောရှိသူ ဖြစ်၏၊ ငါမှတစ်ပါးသော အခြားရဟန်းတို့သည်ကားမထင်ရှားကုန်၊ တန်ခိုးအာနုဘော် နည်းကုန်၏” ဟု မိမိကိုယ် ကို မြှင့်တင်၍ သူတစ်ပါးကိုကား နှိမ့်ချ၏။ လာဘ်သပ်ပကာ အကျော်အစောထက်လည်း သာလွန်မွန်မြတ် ကုန်သော တစ်ပါးသောတရားတို့ကိုမျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို မဖြစ်စေ၊ အားထုတ်ခြင်းလည်း မရှိ၊ တွန့်ဆုတ်သောအလိုအဇ္ဈသယသာရှိ၍ အဆုံးအမကို လျော့ရဲစွာ ယူလေ့ရှိပေ၏။

ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကိုရှာမှီးသော ထိုယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ရှိသော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍သာလျှင်, အကာကိုလွန်၍သာလျှင်, အခွံကိုလွန်၍သာလျှင်, အပွေးကိုလွန်၍သာလျှင် အခက်အရွက်ကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွာသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရလတ္တံ့။ ပုဏ္ဏား ငါသည် ဤပုဂ္ဂိုလ်ကို ထို့ပမာနှင့် အလားတူသူဟု ဟောကြား၏။

၃၁၉။ ပုဏ္ဏား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်းသေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ကလွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခတွင်းသို့ သက်ဝင် လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏” ဟုယုံကြည်ခြင်း ‘သဒ္ဓါ’ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤကဲ့သို့ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲ့၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့် တင်မူ၍ သူတစ်ပါးကို မနှိမ့်ချပေ။ လာဘ်သပ်ပကာ အကျော်အစောထက်လည်း သာလွန်မွန်မြတ်သော တစ်ပါးသောတရားတို့ကို မျက်မှောက်ပြုခြင်းငှါအလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့်ဆုတ်သော အလို အဇ္ဈာသယရှိ၍ အဆုံးအမကိုလည်းလျော့ရဲစွာ ယူလေ့မရှိပေ။ ထိုရဟန်းသည် အကျင့်သီလနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထို့အကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူ ဖြစ်၏။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် “ငါသည် အကျင့်သီလရှိသူ ဖြစ်၏၊ ကောင်းသောတရားရှိသူ ဖြစ်၏၊ ငါမှတစ်ပါးကုန်သော အခြားရဟန်းတို့သည်ကား အကျင့်သီလမရှိသူ ယုတ်ညံ့သောတရားရှိသူ ဖြစ်ကုန်၏” ဟုမိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကိုကား နှိမ့်ချ၏။ အကျင့်သီလနှင့် ပြည့်စုံခြင်းထက်လည်း သာလွန်မွန်မြတ်ကုန်သော တစ်ပါးသောတရားတို့ကို မျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို မဖြစ်စေ၊ အားထုတ်ခြင်းလည်း မရှိ၊ တွန့်ဆုတ်သော အလိုအဇ္ဈာသယသာရှိ၍ အဆုံးအမကိုလည်း လျော့ရဲစွာ ယူလေ့ရှိပေ၏။

ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကိုရှာမှီးသော ထိုယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍သာလျှင်, အကာကိုလွန်၍သာလျှင်,အခွံကိုလွန်၍သာလျှင် အပွေးကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွာသွား၏။ ထိုယောကျာ်းသည်အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရလတ္တံ့။ ပုဏ္ဏား ငါသည် ဤပုဂ္ဂိုလ်ကို ထို့ပမာနှင့်အလားတူသူဟု ဟောကြား၏။

၃၂ဝ။ ပုဏ္ဏား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်းသေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ကလွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခတွင်းသို့ သက်ဝင် လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏” ဟုယုံကြည်ခြင်း ‘သဒ္ဓါ’ ဖြင့် လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤကဲ့သို့ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲ့၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကို မနှိမ့်ချပေ။ လာဘ်သပ်ပကာ အကျော်အစောထက်လည်း သာလွန်မွန်မြတ်ကုန်သော တစ်ပါးသော တရားတို့ကိုမျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့်ဆုတ်သောအလို အဇ္ဈာသယရှိ၍အဆုံးအမကိုလည်း လျော့ရဲစွာ ယူလေ့မရှိပေ။ ထိုရဟန်းသည် အကျင့်သီလနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထို အကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူကားမဟုတ်ပေ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ အကျင့်သီလ နှင့် ပြည့်စုံခြင်းထက်လည်း သာလွန်မွန်မြတ်သောတစ်ပါးသော တရားတို့ကို မျက်မှောက်ပြုခြင်းငှါ အလို ဆန္ဒကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့်ဆုတ်သော အလိုအဇ္ဈာသယရှိ၍ အဆုံးအမကိုလည်း လျော့ ရဲစွာ ယူလေ့မရှိပေ။ ထိုရဟန်းသည်တည်ကြည်ခြင်းသမာဓိနှင့်ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထို တည်ကြည်ခြင်းသမာဓိနှင့်ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူ ဖြစ်ခဲ့၏။ ထိုရဟန်း သည်ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် “ငါသည် တည်ကြည်ခြင်းသမာဓိရှိသူ ဖြစ်၏၊ အာရုံတစ်ခုတည်း၌ တည်တံ့သောစိတ်ရှိသူ ဖြစ်၏၊ ငါမှတစ်ပါးသော အခြားရဟန်းတို့သည်ကား တည်ကြည်ခြင်းသမာဓိမရှိသူ တုန်လှုပ်ပျံ့လွင့်သောစိတ်ရှိသူတို့ ဖြစ်ကုန်၏” ဟု မိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကိုကားနှိမ့်ချ၏။ တည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံခြင်းထက်လည်း သာလွန်မွန်မြတ်သော တစ်ပါးသော တရားတို့ကို မျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို မဖြစ်စေ၊ အားထုတ်ခြင်းလည်း မရှိ၊ တွန့်ဆုတ်သော အလိုအဇ္ဈာသယရှိ၍ အဆုံးအမကိုလည်း လျော့ရဲစွာ ယူလေ့ရှိပေ၏။

ပုဏ္ဏား ဥပမာသော်ကား အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ထိုယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍သာလျှင်, အကာကိုလွန်၍သာလျှင်အခွံကို ဖြတ်ယူ၍ အနှစ်ဟု ထင်မှတ်လျက် ဖဲခွါသွား၏။ ထိုသူသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကို့လည်း မခံစားရလတ္တံ့။ ပုဏ္ဏား ငါသည် ဤပုဂ္ဂိုလ်ကို ထို့ပမာနှင့် အလားတူသူဟု ဟောကြား၏။

၃၂၁။ ပုဏ္ဏား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်းသေခြင်း ပူဆွေးခြင်း။ပ။ ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏” ဟုယုံကြည်ခြင်း ‘သဒ္ဓါ’ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤကဲ့သို့ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုသူသည် ထိုလာဘ်သပ်ပကာအကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲ့၏။ ထိုရဟန်းသည်ထိုလာဘ်သပ် ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ လာဘ်သပ်ပကာ အကျော်အစောထက်လည်း သာလွန်မွန်မြတ်သော တစ်ပါးသောတရားတို့ကိုမျက်မှောက်ပြုခြင်းငှါ အလို ဆန္ဒကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့်ဆုတ်သောအလိုအဇ္ဈာသယရှိ၍ အဆုံးအမကိုလည်း လျော့ ရဲစွာယူလေ့မရှိပေ။ ထိုရဟန်းသည် အကျင့်သီလနှင့်ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့် သီလနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍အကြံအစည်ပြည့်စုံသူကား မဟုတ်ပေ။ ထိုရဟန်းသည် ထို အကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကိုမမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ အကျင့်သီလနှင့် ပြည့်စုံခြင်းထက်လည်းသာလွန်မွန်မြတ်သော တစ်ပါးသော တရားတို့ကို မျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒ ကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့်ဆုတ်သော အလိုအဇ္ဈာသယရှိ၏၊ အဆုံးအမကိုလည်း လျော့ရဲစွာယူလေ့မရှိပေ။ ထိုရဟန်းသည် တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည် ပြည့်စုံသူကား မဟုတ်ပေ။ ထိုရဟန်းသည် ထိုတည်တံ့ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်းမနှိမ့်ချပေ။ တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းထက်လည်း သာလွန်မွန်မြတ်ကုန်သော တစ်ပါးသောတရားတို့ကို မျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်း ထုတ်၏၊ မတွန့်ဆုတ်သော အလိုအဇ္ဈာသယရှိ၍ အဆုံးအမကိုလည်း လျော့ရဲစွာ ယူလေ့မရှိပေ။ ထိုရဟန်းသည် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကိုရ၏။ ထိုရဟန်းသည် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူ ဖြစ်၏။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် “ငါသည် သိမြင်လျက် နေ၏၊ ငါမှ တစ်ပါးသော အခြားရဟန်းတို့သည်ကား မသိမမြင်ဘဲ နေကုန်၏” ဟု မိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါးကိုလည်း နှိမ့်ချပေ၏။ ထိုဉာဏ်အမြင်ထက်လည်း သာလွန်မွန်မြတ်ကုန်သော တစ်ပါးသော တရားတို့ကို မျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို မဖြစ်စေ၊ အားထုတ်ခြင်းလည်း မရှိ၊ တွန့်ဆုတ်သော အလိုအဇ္ဈာသယရှိ၍ အဆုံးအမကိုလည်းလျော့ရဲစွာ ယူလေ့ရှိ၏။

ပုဏ္ဏား ဥပမာသော်ကား အနှစ်ကိုအလိုရှိ၍ အနှစ်ကိုရှာမှီးသော ထိုယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍သာလျှင် အကာကို ဖြတ်ယူ၍အနှစ်ဟု ထင်မှတ်လျက် ဖဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်းမခံစားရလတ္တံ့။ ပုဏ္ဏား ငါသည် ဤပုဂ္ဂိုလ်ကို ထို့ပမာနှင့် အလားတူသူဟု ဟောကြား၏။

၃၂၂။ ပုဏ္ဏား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်းသေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ကလွှမ်းမိုးဖိစီးထားသောကြောင့် ဆင်းရဲဒုက္ခတွင်းသို့ သက်ဝင် လျှောကျလျက် ဆင်းရဲအနှိပ်စက်ခံနေရ၏။ ချမ်းသာမဖက်သော ဤဆင်းရဲအစုကို ကုန်ဆုံးအောင်ပြုလုပ်ဖို့ရန် ထင်ရှားဖြစ်ကောင်းတန်ရာ၏” ဟု ယုံကြည်ခြင်း ‘သဒ္ဓါ’ ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤကဲ့သို့ ရဟန်းပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာအကျော်အစောဖြင့် စိတ်တိုင်းမကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲ့၏။ ထိုရဟန်းသည့်ထိုလာဘ်သပ် ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ လာဘ်သပ်ပကာ အကျော်အစောထက်လည်း သာလွန်မွန်မြတ်ကုန်သော တစ်ပါးသောတရားတို့ကိုမျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်း ထုတ်၏၊ မတွန့်ဆုတ်သောအလိုအဇ္ဈာသယရှိ၍ အဆုံးအမကိုလည်း လျော့ရဲစွာယူလေ့မရှိပေ။ ထိုရဟန်းသည် အကျင့်သီလနှင့်ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့် သီလနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍အကြံအစည်ပြည့်စုံသူကား မဟုတ်ပေ။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကိုမမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ အကျင့် သီလနှင့် ပြည့်စုံခြင်းထက်လည်းသာလွန်မွန်မြတ်ကုန်သော တစ်ပါးသောတရားတို့ကို မျက်မှောက် ပြုခြင်း ငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့်ဆုတ်သော အလိုအဇ္ဈာသယရှိ၍ အဆုံးအမကိုလည်းလျော့ရဲစွာယူလေ့မရှိပေ။ ထိုရဟန်းသည် တည်ကြည်ခြင်းသမာဓိနှင့်ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်း သည်ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူကား မဟုတ် ပေ။ ထိုရဟန်းသည် ထိုတည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်းထက်လည်း သာလွန်မွန်မြတ်ကုန်သောတစ်ပါးသောတရားတို့ကို မျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့်ဆုတ်သော အလိုအဇ္ဈာသယရှိ၍ အဆုံးအမကိုလည်း လျော့ရဲစွာ ယူလေ့မရှိပေ။ ထိုရဟန်းသည် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရ၏။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ကို စိတ်တိုင်းကျဖြစ်၍ အကြံအစည်ပြည့်စုံသူကားမဟုတ်ပေ။ ထိုရဟန်းသည် ထိုဉာဏ်အမြင်ဖြင့် မိမိကိုယ်ကို မမြှင့်တင်မူ၍ သူတစ်ပါးကိုလည်း မနှိမ့်ချပေ။ ဉာဏ်အမြင်ထက်လည်း သာလွန်မွန်မြတ်သော တစ်ပါးသောတရားတို့ကို မျက်မှောက်ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်းထုတ်၏၊ မတွန့်ဆုတ်သော အလို အဇ္ဈာသယရှိ၍ အဆုံးအမကိုလည်းလျော့ရဲစွာ ယူလေ့မရှိပေ။

၃၂၃။ ပုဏ္ဏား အဘယ်တရားတို့သည် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်ကုန်သနည်း၊ ပုဏ္ဏား ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်၏။

ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်၏။

ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကို မတပ်မက်ခြင်းကြောင့် အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’ နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း ‘သုခ’ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာနေလေ့ရှိသူ” ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏားဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်၏။

ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်းဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာ့မရှိသော ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်၏။

ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အလုံးစုံသော ရူပသညာတို့ကို လွန်မြောက်ခြင်းကြောင့်ထိခိုက်မှု ‘ပဋိဃ’ သညာတို့ ချုပ်ခြင်းကြောင့် အမျိုးမျိုးသော သညာ ‘နာနတ္တသညာ’တို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ” ဟု (စီးဖြန်းကာ) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်၏။

ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အလုံးစုံသော အာကာသာနဉ္စာယတနဈာန်ကို လွန် မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ” ဟု (စီးဖြန်းကာ) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏားဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်၏။

ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အလုံးစုံသော ဝိညာဏဉ္စာယတနဈာန်ကို လွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ” ဟု (စီးဖြန်းကာ) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်၏။

ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အလုံးစုံသော အာကိဉ္စညာယတနဈာန်ကို လွန်မြောက်၍နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်၏။

ပုဏ္ဏား တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အလုံးစုံသော နေဝသညာနာသညာယတနဈာန်ကိုလွန်မြောက်၍ မှတ်သိခြင်း ခံစားခြင်းတို့ ချုပ်ရာ (နိရောဓသမာပတ်) ကို ပြည့်စုံစေ၍ နေ၏။ ထိုရဟန်းအား ပညာဖြင့်လည်း မြင်ခြင်းကြောင့် အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏။ ပုဏ္ဏား ဤတရားသည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် အထူးသဖြင့်လည်း သာလွန်၏၊ အထူးသဖြင့်လည်းမွန်မြတ်၏။ ပုဏ္ဏား ဤတရားတို့သည်လည်း (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ထက် သာလွန်မွန်မြတ်ကုန်၏။

၃၂၄။ ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကိုရှာမှီးသော ထိုယောကျာ်းသည် အနှစ်ရှာလှည့်လည်သော် အနှစ်ပြည့်၍တည်သော သစ်ပင်ကြီး၏ အနှစ်ကိုသာလျှင် ဖြတ်ယူ၍ အနှစ်ဟု သိလျက်ဖဲခွါသွား၏။ ထိုယောကျာ်းသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကို ခံစားရလတ္တံ့။ ပုဏ္ဏား ငါသည်ဤပုဂ္ဂိုလ်ကို ထို့ပမာနှင့် အလားတူသူဟု ဟောကြား၏။

ပုဏ္ဏား ဤသို့လျှင် ဤသာသနာတော်သည် လာဘ်သပ်ပကာ အကျော်အစောဟူသော အကျိုးရှိမှုအတွက် မဟုတ်ပေ၊ အကျင့်သီလနှင့် ပြည့်စုံခြင်းဟူသော အကျိုးရှိမှုအတွက်လည်း မဟုတ်ပေ၊ တည်ကြည်ခြင်းသမာဓိဟူသော အကျိုးရှိမှုအတွက်လည်း မဟုတ်ပေ၊ (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ဟူသော အကျိုးရှိမှုအတွက်လည်း မဟုတ်ပေ။ ပုဏ္ဏား အကြင်မပျက်စီးသော စိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည်ရှိ၏၊ ဤသာသနာတော်သည် ဤမပျက်စီးနိုင်သော စိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်) အတွက်သာ ဖြစ်၏၊ ဤမပျက်စီးနိုင်သော စိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် အနှစ်အသားပေတည်း၊ ဤမပျက်စီးနိုင်သော စိတ်လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် အဆုံး (ပန်းတိုင်) ပေတည်းဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသော် ပိင်္ဂလကောစ္ဆပုဏ္ဏားသည် မြတ်စွာဘုရားအား— “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏။ပ။ အသျှင်ဂေါတမ အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု လျှောက်ကြား၏။

ဆယ်ခုမြောက် စူဠသာရောပမသုတ်ပြီး၏။

သုံးခုမြောက် သြပမ္မဝဂ်ပြီး၏။

ထိုသြပမ္မဝဂ်၏ သုတ်အကျဉ်းချုပ်

ကကစ္စူပမသုတ် အလဂဒ္ဒူပမသုတ် ဝမ္မိကသုတ် ရထဝိနီတသုတ် နိဝါပသုတ် ပါသရာသိသုတ် စူဠဟတ္ထိပဒေါပမသုတ် မဟာဟတ္ထိပဒေါပမသုတ် မဟာသာရောပမ သုတ် စူဠသာရောပမသုတ်အားဖြင့် ဆယ်သုတ်တို့တည်း။