မဇ္ဈိမနိကာယ်

၂— မဟာဂေါသိင်္ဂသုတ်

၃၃၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂေါသိင်္ဂမည်သော အင်ကြင်းတော၌ အလွန်ကျော်စော ထင်ရှား သောထေရ်တပည့်သာဝကဖြစ်ကြသည့် အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန် အသျှင်မဟာကဿပအသျှင်အနုရုဒ္ဓါ အသျှင်ရေဝတ အသျှင်အာနန္ဒာတို့အပြင် အခြားများလှစွာသည့် အလွန်ကျော်စောထင်ရှားသော ထေရ်တပည့်သာဝကတို့နှင့်အတူ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် ညနေချမ်းအချိန် ကိန်းအောင်းရာမှ ထကာ အသျှင်မဟာကဿပထံ ချဉ်းကပ်ပြီးလျှင် “ငါ့သျှင်ကဿပ လာသွားကြကုန်အံ့၊ အသျှင်သာရိပုတြာထံသို့ တရားနာခြင်းငှါ ချဉ်းကပ်ကုန်အံ့” ဟုဤစကားကို ပြောဆို၏။ “ငါ့သျှင် ကောင်းပြီ” ဟု အသျှင်မဟာကဿပသည်အသျှင်မဟာမောဂ္ဂလာန်အား ပြန်ကြား၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန် အသျှင်မဟာကဿပအသျှင်အနုရုဒ္ဓါတို့သည် အသျှင် သာရိပုတ္တရာထံသို့ တရားနာခြင်းငှါ ချဉ်းကပ်ကြကုန်၏။ အသျှင်အာနန္ဒာသည် အသျှင်သာရိပုတြာထံသို့ တရားနာခြင်းငှါ ချဉ်းကပ်ကြသော အသျှင်မဟာမောဂ္ဂလာန်အသျှင်မဟာကဿပ အသျှင်အနုရုဒ္ဓါတို့ကို မြင်၍ အသျှင်ရေဝတထံသို့ ချဉ်းကပ်ပြီးလျှင် “ငါ့သျှင် ရေဝတဤမည်သော အသျှင်သူတော်ကောင်းတို့သည် အသျှင်သာရိပုတြာထံသို့ တရားနာခြင်းငှါချဉ်းကပ်ကြကုန်၏၊ ငါ့သျှင် ရေဝတ လာသွားကြ ကုန်အံ့၊ အသျှင်သာရိပုတြာထံသို့ တရားနာခြင်းငှါချဉ်းကပ်ကြကုန်အံ့” ဟု ဤစကားကို ပြောဆို၏။ အသျှင်ရေဝတက “ငါ့သျှင် ကောင်းပြီ” ဟုအသျှင်အာနန္ဒာအား ပြန်ကြား၏။ ထို့နောက် အသျှင်ရေဝတ နှင့် အသျှင်အာနန္ဒာတို့သည်အသျှင်သာရိပုတြာထံသို့ တရားနာခြင်းငှါ ချဉ်းကပ်ကြကုန်၏။

၃၃၃။ အသျှင်သာရိပုတြာသည် အဝေးမှလာသော အသျှင်ရေဝတနှင့် အသျှင်အာနန္ဒာတို့ကို မြင်၍အသျှင်အာနန္ဒာအား—

“အသျှင်အာနန္ဒာ လာလော့၊ မြတ်စွာဘုရား အလုပ်အကျွေးဖြစ်၍ မြတ်စွာဘုရား၏ အနီး၌ ကျက်စားသော အသျှင်အာနန္ဒာ၏ လာခြင်းသည် ကောင်းသော လာခြင်းပေတည်း။ ငါ့သျှင်အာနန္ဒာ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် မွေ့လျော်ဖွယ်ရှိ၏၊ ညဉ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်အာနန္ဒာ အဘယ်ကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည်တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆိုမေးမြန်း၏။

ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် များသော အကြားအမြင် ရှိ၏၊ နာကြားထားပြီးသော တရားကို ဆောင်၏၊ နာကြားထားသော တရားကို ဆည်းပူး၏။ အကြင်တရားတို့သည်အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်၏၊ အနက်, သဒ္ဒါနှင့်လည်း ပြည့်စုံကုန်၏၊ အလုံးစုံထက်ဝန်းကျင်မှ ပြည့်ဝလုံလောက်သည့် စင်ကြယ်သော မြတ်သော အကျင့်ကိုလည်းညွှန်ပြကုန်၏၊ ထိုရဟန်းသည် ထိုသို့ သဘောရှိသော တရားတို့ကို များစွာ နာကြားထားကုန်၏၊ (နှုတ်တက်) ဆောင်ထားကုန်၏၊ နှုတ်ဖြင့် သရဇ္ဈ ာယ်ထားကုန်၏၊ စိတ်ဖြင့်ကြံစည်ထားကုန်၏၊ ဉာဏ်အမြင်ဖြင့် ကောင်းစွာ ထိုးထွင်း၍ သိထားကုန်၏၊ ထိုရဟန်းသည် ပရိသတ်လေးပါးတို့အား အက္ခရာပြည့်စုံ ပီပြင်ကုန်သော စကားစဉ်မပြတ်ကုန်သော ပုဒ်ဗျည်းတို့ဖြင့် ကိန်းဝပ်မှု ‘အနုသယ’ကို ပယ်ခွာခြင်းငှါဟောကြား၏။ ငါ့သျှင်သာရိပုတြာ ဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည်တင့်တယ်နိုင်ရာပါ၏ဟု (လျှောက်၏)။

၃၃၄။ ဤသို့ဆိုသော် အသျှင်သာရိပုတြာသည် အသျှင်ရေဝတအား—

“ငါ့သျှင်ရေဝတ အသျှင်အာနန္ဒာသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ ငါတို့သည် အသျှင်ရေဝတကို ယခု မေးကုန်အံ့၊ ငါ့သျှင်ရေဝတ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည်မွေ့လျော်ဖွယ်ရှိ၏၊ ညဉ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်ရေဝတ အဘယ်ကဲ့သို့သော ရဟန်းဖြင့်ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆိုမေးမြန်း၏။

ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် တစ်ပါးထည်းတည်း ကိန်းအောင်းခြင်းလျှင်မွေ့လျော်မှုရှိ၏၊ တစ်ပါးထည်းတည်း ကိန်းအောင်းရာ၌ ပျော်ပိုက်၏၊ မိမိစိတ်၏ငြိမ်းအေးမှု၌မပြတ်အား ထုတ် လျက်ရှိ၏၊ ဈာန်ကိုလည်း ဖျက်ဆီးခြင်းမရှိ၊ ဝိပဿနာဉာဏ်နှင့် ပြည့်စုံ၏၊ ဆိတ်ငြိမ်ရာတို့ကိုလည်း ပွားစေ၏၊ ငါ့သျှင်သာရိပုတြာ ဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သောအင်ကြင်းတောသည် တင့် တယ်နိုင်ရာပါ၏ဟု (လျှောက်၏)။

၃၃၅။ ဤသို့ဆိုသော် အသျှင်သာရိပုတြာသည် အသျှင်အနုရုဒ္ဓါအား—

“ငါ့သျှင်အနုရုဒ္ဓါ အသျှင်ရေဝတသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ ငါတို့ သည်အသျှင်အနုရုဒ္ဓါကို ယခုမေးကုန်အံ့၊ ငါ့သျှင်အနုရုဒ္ဓါ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် မွေ့လျော်ဖွယ်ရှိ၏၊ ညဉ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ် ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်အနုရုဒ္ဓါ အဘယ်ကဲ့သို့သော ရဟန်းဖြင့်ဂေါသိင်္ဂ မည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆိုမေးမြန်း၏။

ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် လောကဓာတ်အထောင်ကို ကြည့်နိုင်၏။ ငါ့သျှင်သာရိပုတြာ ဥပမာသော်ကား (ပညာ) မျက်စိ အမြင်ရှိသော ယောကျာ်းသည် ပြာသာဒ်မြတ်အထက်သို့ တက်လျက် (လှည်းဘီးစက်) အကွပ် အဝန်းအဝိုင်းအထောင်ကို ကြည့်ရာသကဲ့သို့ ဤအတူပင်လျှင်ရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသောမျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် လောကဓာတ် အထောင်ကို ကြည့်ရှုနိုင်၏။ ငါ့သျှင်သာရိပုတြာ ဤကဲ့သို့သောရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာပါ၏ဟု (လျှောက်၏)။

၃၃၆။ ဤသို့ဆိုသော် အသျှင်သာရိပုတြာသည် အသျှင်မဟာကဿပအား—

“ငါ့သျှင်ကဿပ အသျှင်အနုရုဒ္ဓါသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ ငါတို့သည် အသျှင်မဟာကဿပကို ယခု မေးကုန်အံ့၊ ငါ့သျှင်ကဿပ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည်မွေ့လျော်ဖွယ် ရှိ၏၊ ညဉ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်ကဿပ အဘယ်ကဲ့သို့သော ရဟန်းဖြင့်ဂေါသိင်္ဂမည်သော အင်ကြင်း တောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပြန်၏။

ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် မိမိလည်း အရညကင်ဓုတင် ဆောင်၍အရညကင်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ပိဏ္ဍပါတ်ဓုတင်ဆောင်၍ပိဏ္ဍပါတ်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ပံသုကူဓုတင်ဆောင်၍ ပံသုကူဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း တိစီဝရိတ်ဓုတင်ဆောင်၍ တိစီဝရိတ်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အလိုနည်းသူဖြစ်၍ အလိုနည်းခြင်း၏ဂုဏ် ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ရောင့်ရဲလွယ်သူဖြစ်၍ ရောင့်ရဲလွယ်ခြင်း၏ ဂုဏ်ကိုလည်းပြောဆို လေ့ရှိ၏၊ မိမိလည်း ကိလေသာတို့မှ ကင်းဆိတ်သူဖြစ်၍ ကင်းဆိတ်ခြင်း၏ ဂုဏ်ကိုလည်းပြောဆို လေ့ရှိ၏၊ မိမိလည်း ရောနှောခြင်းမရှိသူဖြစ်၍ မရောနှောခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ ့မိမိလည်း အားထုတ်ခြင်း လုံ့လရှိသူဖြစ်၍ အားထုတ်ခြင်း လုံ့လ၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အကျင့်သီလနှင့် ပြည့်စုံသူဖြစ်၍ အကျင့်သီလနှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံသူဖြစ်၍ တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အထူးသိခြင်း ‘ပညာ’နှင့် ပြည့်စုံသူဖြစ်၍ အထူးသိခြင်း ‘ပညာ’နှင့်ပြည်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း လွတ်မြောက်ခြင်း ‘အရိယဖိုလ်’နှင့် ပြည့်စုံသူဖြစ်၍ လွတ်မြောက်ခြင်း ‘အရိယဖိုလ်’နှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း လွတ်မြောက်ခြင်း ‘အရိယဖိုလ်’ကို သိမြင်ခြင်း (ဆင်ခြင်ဉာဏ်) နှင့် ပြည့်စုံသူဖြစ်၍ လွတ်မြောက်ခြင်း ‘အရိယဖိုလ်’ကို သိမြင်ခြင်း ‘ဆင်ခြင်ဉာဏ်’နှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏။ ငါ့သျှင်သာရိပုတြာ ဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည်တင့်တယ်နိုင်ရာ၏ဟု (လျှောက်၏)။

၃၃၇။ ဤသို့ ဆိုသော် အသျှင်သာရိပုတြာသည် အသျှင်မဟာမောဂ္ဂလာန်အား—

“ငါ့သျှင်မောဂ္ဂလာန် အသျှင်မဟာကဿပသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ငါတို့သည် အသျှင်မဟာမောဂ္ဂလာန်ကို ယခု မေးကုန်အံ့၊ ငါ့သျှင်မောဂ္ဂလာန် ဂေါသိင်္ဂမည်သောအင်ကြင်းတောသည် မွေ့လျော်ဖွယ်ရှိ၏၊ ညဉ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ်ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်မောဂ္ဂလာန် အဘယ်ကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပြန်၏။

ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းနှစ်ပါးတို့သည် အဘိဓမ္မာစကားကို ပြောဆိုကုန်၏။ ထိုရဟန်းနှစ်ပါးတို့သည် အချင်းချင်း ပြဿနာကိုလည်း မေးကြကုန်၏၊ အချင်းချင်း မေးအပ်သောပြဿနာကိုလည်း ဖြေကြကုန်၏၊ မေးရန် ဖြေရန် မစွမ်းနိုင်သည် မဟုတ်ကုန်၊ ထိုရဟန်းတို့အားတရားနှင့်စပ်သော စကားသည်လည်း မပြတ်ဖြစ်ခြင်း ရှိ၏။ ငါ့သျှင်သာရိပုတြာ ဤကဲ့သို့သော ရဟန်းဖြင့်ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာပါ၏ဟု (လျှောက်၏)။

၃၃၈။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် အသျှင်သာရိပုတြာအား—

“ငါ့သျှင်သာရိပုတြာ ငါတို့အားလုံးပင် မိမိထင်မြင်ချက်အတိုင်း ဖြေကြားကြလေပြီ။ ထိုအချက်၌ငါတို့သည် အသျှင်သာရိပုတြာကို မေးပါကုန်အံ့၊ ငါ့သျှင်သာရိပုတြာ ဂေါသိင်္ဂမည်သောအင်ကြင်းတောသည် မွေ့လျော်ဖွယ်ရှိ၏၊ ညဉ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည်ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်သာရိပုတြာအဘယ်ကဲ့သို့သော ရဟန်း ဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟုပြောဆိုမေးမြန်းပြန်၏။

ငါ့သျှင် မောဂ္ဂလာန် ဤသာသနာတော်၌ ရဟန်းသည် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေ၏၊ ရဟန်းသည် စိတ်၏ အလိုအတိုင်း မဖြစ်ပေ။ ထိုရဟန်းသည် နံနက်အချိန်၌ မိမိနေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ နေ့လယ် ‘မွန်းတည့်’ အချိန်၌လည်း မိမိနေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ ညနေချမ်းအချိန်၌လည်းမိမိနေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ ငါ့သျှင် မောဂ္ဂလာန် ဥပမာသော်ကား မင်း မင်းအမတ်ကြီးတို့၏ပုဆိုးသေတ္တာသည် အမျိုးမျိုး ဆိုးထားသော ပုဆိုးတို့ဖြင့် ပြည့်လျက် ရှိရာ၏။ ထိုမင်း မင်းအမတ်ကြီးသည် နံနက်အချိန်၌ ဝတ်ရုံလိုသော ပုဆိုးအစုံကို နံနက်အချိန်၌သာ ဝတ်ရုံရာ၏။ နေ့လယ် ‘မွန်းတည့်’အချိန်၌ ဝတ်ရုံလိုသော ပုဆိုးအစုံကို နေ့လည် ‘မွန်းတည့်’အချိန်၌သာ ဝတ်ရုံရာ၏။ ညနေချမ်းအချိန်၌ဝတ်ရုံလိုသော ပုဆိုးအစုံကို ညနေချမ်းအချိန်၌သာ ဝတ်ရုံရာ၏။ ငါ့သျှင်မောဂ္ဂလာန် ဤအတူပင်လျှင်ရဟန်းသည် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေ၏၊ ရဟန်းသည် စိတ်၏ အလိုအတိုင်း မဖြစ်ပေ။ ထို့ရဟန်းသည် နံနက်အချိန်၌ မိမိနေလိုရာ သမာပတ်ဖြင့်နေနိုင်၏။ နေ့လယ် ‘မွန်းတည့်’ အချိန်၌လည်း မိမိနေလိုရာသမာပတ်ဖြင့် နေနိုင်၏။ ညနေချမ်းအချိန်၌လည်း မိမိနေလိုရာသမာပတ်ဖြင့် နေနိုင်၏။ ငါ့သျှင်မောဂ္ဂလာန် ဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာပါ၏ဟု (လျှောက်၏)။

၃၃၉။ ထိုအခါ အသျှင်သာရိပုတြာသည် ထိုအသျှင်တို့အား “ငါ့သျှင်တို့ ငါတို့အားလုံးပင် မိမိထင်မြင်ချက်အတိုင်း ဖြေကြားခဲ့လေပြီ။ ငါ့သျှင်တို့ လာ, သွားကြကုန်အံ့၊ မြတ်စွာဘုရားအထံသို့ချဉ်းကပ် ၍ ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြကုန်အံ့၊ မြတ်စွာဘုရားက ငါတို့အားဖြေကြား တော်မူသည့်အတိုင်း မှတ်ယူကြကုန်အံ့” ဟု ပြောဆို၏။ “ငါ့သျှင် ကောင်းပါပြီ” ဟုထိုအသျှင်တို့သည် အသျှင်သာရိပုတြာအား ပြန်ကြားကုန်၏။ ထိုအခါ ထိုအသျှင်တို့သည်မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက်သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်နေကြကုန်သည် ရှိသော် အသျှင်သာရိပုတြာသည်မြတ်စွာဘုရားအား—

“အသျှင်ဘုရား ဤသာသနာတော်၌ အသျှင်ရေဝတနှင့် အသျှင်အာနန္ဒာတို့သည် တပည့်တော် အထံ သို့တရားနာခြင်းငှါ ချဉ်းကပ်ပါကုန်၏။ အသျှင်ဘုရား တပည့်တော်သည် အဝေးမှ လာသော အသျှင်ရေဝတနှင့် အသျှင်အာနန္ဒာတို့ကို မြင်၍ အသျှင်အာနန္ဒာအား ‘အသျှင်အာနန္ဒာ လာပါလော့၊ မြတ်စွာဘုရား၏ အလုပ်အကျွေး ဖြစ်၍ မြတ်စွာဘုရား၏အနီး၌ ကျက်စားသော အသျှင်အာနန္ဒာ၏လာခြင်းသည် ကောင်းသောလာခြင်းပေတည်း။ ငါ့သျှင် အာနန္ဒာ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည်မွေ့လျော်ဖွယ် ရှိ၏၊ ညဉ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင် အာနန္ဒာ အဘယ်ကဲ့သို့သော ရဟန်းဖြင့်ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပါသည်။ အသျှင်ဘုရား ဤသို့မေးမြန်း သော် အသျှင်အာနန္ဒာသည် တပည့်တော်အား ‘ငါ့သျှင် သာရိပုတြာဤသာသနာတော်၌ ရဟန်းသည် များသော အကြားအမြင် ရှိ၏၊ နာကြားထားသော တရားကိုဆောင်၏။ပ။ ကိန်းဝပ်မှု ‘အနုသယ’ ကို ပယ်ခွါခြင်းငှါ တရားဟောကြား၏။ ငါ့သျှင်သာရိပုတြာဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာ၏’ဟုပြောဆိုပါသည်” ဟု (လျှောက်၏)။

သာရိပုတြာ ကောင်း၏၊ ကောင်း၏၊ အာနန္ဒာသည် ကောင်းစွာ ဖြေကြားသော် ယင်းအတိုင်းသာ လျှင်ဖြေကြားရာ၏။ သာရိပုတြာ (မှန်၏။)၊ အာနန္ဒာသည် များသော အကြားအမြင်ရှိ၏၊ နာကြားထား သောတရားကို ဆောင်၏။ နာကြားထားသော တရားကို ဆည်းပူး၏။ အကြင်တရားတို့သည် အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်၏၊ အနက်,သဒ္ဒါနှင့်လည်းပြည့်စုံကုန်၏၊ အလုံးစုံထက်ဝန်းကျင်မှ ပြည့်ဝလုံလောက်သည့် စင်ကြယ်သော မြတ်သောအကျင့်ကိုလည်းညွှန်းပြကုန်၏၊ ထိုအာနန္ဒာသည် ထိုသို့ သဘောရှိကုန်သော တရားတို့ကို များစွာ နာကြားထားကုန်၏၊ (နှုတ်တက်) ဆောင်ထားကုန်၏၊ နှုတ်ဖြင့် သရဇ္ဈ ာယ်ထားကုန်၏၊ စိတ်ဖြင့်ကြံစည်ထားကုန်၏၊ ဉာဏ်အမြင်ဖြင့် ကောင်းစွာ ထိုးထွင်း၍ သိထားကုန်၏၊ ထိုအာနန္ဒာသည် ပရိသတ်လေးပါးတို့အားအက္ခရာပြည့်စုံ ပီပြင် ကုန်သော စကားစဉ် မပြတ်ကုန်သော ပုဒ်ဗျည်းတို့ဖြင့် ကိန်းဝပ်မှု ‘အနုသယ’ ကိုပယ်ခွါခြင်းငှါ တရား ဟောကြား၏ဟု (မိန့်တော်မူ၏)။

၃၄ဝ။ အသျှင်ဘုရား ဤသို့ဆိုသော် တပည့်တော်သည် အသျှင်ရေဝတအား “ငါ့သျှင်ရေဝတအသျှင်အာနန္ဒာသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ ငါတို့သည် အသျှင်ရေဝတကိုယခုမေးပါကုန်အံ့၊ ‘ငါ့သျှင် ရေဝတ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် မွေ့လျော်ဖွယ်ရှိ၏၊ ညဉ့်သည့်အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်ရေဝတ အဘယ်ကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပြန်ပါသည်။

“အသျှင်ဘုရား ဤသို့မေးမြန်းသော် အသျှင်ရေဝတသည် တပည့်တော်အား ‘ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် တစ်ပါးထည်းတည်း ကိန်းအောင်းခြင်းလျှင် မွေ့လျော်မှုရှိ၏။ တစ်ပါးထည်းတည်း ကိန်းအောင်းရာ၌ ပျော်ပိုက်၏၊ မိမိစိတ်၏ငြိမ်းအေးမှု၌ မပြတ်အားထုတ်လျက် ရှိ၏၊ ဈာန်ကို ဖျက်ဆီးခြင်းမရှိ၊ ဝိပဿနာ (ဉာဏ်) နှင့်ပြည့်စုံ၏၊ ဆိတ်ငြိမ်ရာတို့ကိုလည်း ပွားစေ၏။ ငါ့သျှင်သာရိပုတြာ ဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာ၏’ဟုပြောဆိုပြန်ပါသည်” ဟု (လျှောက်၏)။

သာရိပုတြာ ကောင်း၏၊ ကောင်း၏၊ ရေဝတသည် ကောင်းစွာ ဖြေကြားသော် ယင်းအတိုင်းသာလျှင်ဖြေကြားရာ၏။ သာရိပုတြာ (မှန်၏)။ ရေဝတသည် တစ်ပါးထည်းတည်း ကိန်းအောင်းခြင်းလျှင်မွေ့လျော်မှု ရှိ၏၊ တစ်ပါးထည်းတည်း ကိန်းအောင်းရာ၌ ပျော်ပိုက်၏၊ မိမိစိတ်၏ငြိမ်းအေးမှု၌ မပြတ်အားထုတ်လျက် ရှိ၏၊ ဈာန်ကိုလည်း ဖျက်ဆီးခြင်းမရှိ၊ ဝိပဿနာ (ဉာဏ်) နှင့် ပြည့်စုံ၏၊ ဆိတ်ငြိမ်ရာတို့ကို ပွားစေ၏ဟု (မိန့်တော်မူ၏)။

၃၄၁။ အသျှင်ဘုရား ဤသို့ဆိုသော် တပည့်တော်သည် အသျှင်အနုရုဒ္ဓါအား “ငါ့သျှင်အနုရုဒ္ဓါအသျှင်ရေဝတသည်။ပ။ ငါ့သျှင်အနုရုဒ္ဓါ အဘယ်ကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပြန်ပါသည်။

“အသျှင်ဘုရား ဤသို့ မေးမြန်းသော် အသျှင်အနုရုဒ္ဓါသည် တပည့်တော်အား ‘ငါ့သျှင်သာရိပုတြာဤသာသနာတော်၌ ရဟန်းသည် အထူးသဖြင့် စင်ကြယ်သောလူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ဉာဏ်မျက်စိ ‘ဒိဗ္ဗစက္ခု’ဖြင့် လောကဓာတ်အထောင်ကို ကြည့်နိုင်၏။ ငါ့သျှင်သာရိပုတြာဥပမာသော်ကား ပညာမျက်စိ အမြင်ရှိသော ယောကျာ်းသည်။ပ။ ငါ့သျှင်သာရိပုတြာ ဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာ၏ဟု ပြောဆိုပါသည်” ဟု (လျှောက်၏)။

သာရိပုတြာ ကောင်း၏၊ ကောင်း၏၊ အနုရုဒ္ဓါသည် ကောင်းစွာ ဖြေကြားသော် ယင်းအတိုင်းသာ လျှင်ဖြေကြားရာ၏။ သာရိပုတြာ (မှန်၏)။ အနုရုဒ္ဓါသည် လူတို့၏ မျက်စိအမြင်ထက် သာလွန်သောနတ်တို့၏ မျက်စိအမြင်နှင့်တူသော ဉာဏ်မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် လောကဓာတ်အထောင်ကိုကြည့်နိုင်၏ဟု (မိန့်တော်မူ၏)။

၃၄၂။ အသျှင်ဘုရား ဤသို့ဆိုသော် တပည့်တော်သည် အသျှင်မဟာကဿပအား “ငါ့သျှင်ကဿပအသျှင်အနုရုဒ္ဓါသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ ငါတို့သည် အသျှင်မဟာကဿပကို ယခုမေးကုန်အံ့။ပ။ ငါ့သျှင်ကဿပ အဘယ်ကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သောအင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပြန်ပါသည်။

“အသျှင်ဘုရား ဤသို့ မေးမြန်းသော် အသျှင်မဟာကဿပသည် တပည့်တော်အား ငါ့သျှင် သာရိပုတြာဤသာသနာတော်၌ ရဟန်းသည် မိမိလည်း အရညကင်ဓုတင်ဆောင်ဖြစ်၍ အရညကင်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ပိဏ္ဍပါတ်ဓုတင်ဆောင်၍။ပ။ မိမိလည်း ပံသုကူဓုတင်ဆောင်၍။ပ။ မိမိလည်း တိစီဝရိတ်ဓုတင်ဆောင်၍။ပ။ မိမိလည်း အလိုနည်းသူဖြစ်၍။ပ။ မိမိလည်းရောင့်ရဲလွယ်သူဖြစ်၍။ပ။ မိမိလည်း ကိလေသာတို့မှ ကင်းဆိတ်ခြင်းရှိသူဖြစ်၍။ပ။ မိမိလည်း ရောနှောခြင်းမရှိသူဖြစ်၍။ပ။ မိမိလည်းအား ထုတ်ခြင်းလုံ့လရှိသူဖြစ်၍။ပ။ မိမိလည်း အကျင့်သီလနှင့်ပြည့်စုံသူဖြစ်၍။ပ။ မိမိလည်း တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံသူဖြစ်၍။ပ။ မိမိလည်း အထူးသိခြင်း ‘ပညာ’နှင့်ပြည့်စုံသူဖြစ်၍။ပ။ မိမိလည်း လွတ်မြောက်ခြင်း ‘အရိယဖိုလ်’ နှင့်ပြည့်စုံသူဖြစ်၍။ပ။ မိမိလည်း လွတ်မြောက့်ခြင်း ‘အရိယဖိုလ်’ကို သိမြင်ခြင်း (ဆင်ခြင်ဉာဏ်) နှင့် ပြည့်စုံသူဖြစ်၍ လွတ်မြောက်ခြင်း ‘အရိယဖိုလ်’ကိုသိမြင်ခြင်း ‘ဆင်ခြင်ဉာဏ်’နှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏။ ငါ့သျှင်သာရိပုတြာ ဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာ၏’ဟု ပြောဆိုပါသည်” ဟု (လျှောက်၏)။

သာရိပုတြာ ကောင်း၏၊ ကောင်း၏၊ ကဿပသည် ကောင်းစွာ ဖြေကြားသော် ယင်းအတိုင်းသာ လျှင်ဖြေကြားရာ၏။ သာရိပုတြာ (မှန်၏)။ ကဿပသည် မိမိလည်း အရညကင်ဓုတင်ဆောင်ဖြစ်၍အရညကင်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ပိဏ္ဍပါတ်ဓုတင်ဆောင်၍ပိဏ္ဍပါတ်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ပံသုကူဓုတင်ဆောင်၍ ပံသုကူဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း တိစီဝရိတ်ဓုတင်ဆောင်၍ တိစီဝရိတ်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အလိုနည်းသူဖြစ်၍ အလိုနည်းခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ရောင့်ရဲလွယ်သူဖြစ်၍ ရောင့်ရဲလွယ်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ကိလေသာတို့မှ ကင်းဆိတ်သူဖြစ်၍ ကိလေသာတို့မှ ကင်းဆိတ်ခြင်း၏ ဂုဏ်ကိုလည်းပြောဆိုလေ့ရှိ၏၊ မိမိလည်း ရောနှောခြင်းမရှိသူ ဖြစ်၍ မရောနှောခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အားထုတ်ခြင်း လုံ့လရှိသူဖြစ်၍ အားထုတ်ခြင်း လုံ့လ၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အကျင့်သီလနှင့်ပြည့်စုံသူဖြစ်၍ အကျင့်သီလနှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံသူဖြစ်၍ တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အထူးသိခြင်း ‘ပညာ’နှင့် ပြည့်စုံသူ ဖြစ်၍ အထူးသိခြင်း ‘ပညာ’ နှင့်ပြည်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း လွတ်မြောက်ခြင်း ‘အရိယဖိုလ်’နှင့်ပြည့်စုံသူဖြစ်၍လွတ်မြောက်ခြင်း ‘အရိယဖိုလ်’နှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း လွတ်မြောက်ခြင်း ‘အရိယဖိုလ်’ကို သိမြင်ခြင်း (ဆင်ခြင်ဉာဏ်) နှင့် ပြည့်စုံသူဖြစ်၍ လွတ်မြောက်ခြင်း ‘အရိယဖိုလ်’ကိုသိမြင်ခြင်း (ဆင်ခြင်ဉာဏ်) နှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏ဟု (မိန့်တော်မူ၏)။

၃၄၃။ အသျှင်ဘုရား ဤသို့ဆိုသော် တပည့်တော်သည် အသျှင်မဟာမောဂ္ဂလာန်အား—

“ငါ့သျှင်မောဂ္ဂလာန် အသျှင်မဟာကဿပသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ငါတို့သည် အသျှင်မဟာမောဂ္ဂလာန်ကို ယခု မေးကုန်အံ့။ပ။ ငါ့သျှင်မောဂ္ဂလာန် အဘယ်ကဲ့သို့သောရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပြန်ပါသည်။ အသျှင်ဘုရား ဤသို့မေးမြန်းသော် အသျှင်မဟာမောဂ္ဂလာန်သည် တပည့်တော်အား ‘ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းနှစ်ပါးတို့သည် အဘိဓမ္မာစကားကို ပြောဆိုကုန်၏။ ထိုရဟန်းနှစ်ပါးတို့သည် အချင်းချင်း ပြဿနာကိုလည်း မေးကြကုန်၏၊ အချင်းချင်းမေးအပ်သောပြဿနာကိုလည်း ဖြေကြကုန်၏၊ မေးရန် ဖြေရန် မစွမ်းနိုင်သည် မဟုတ်ကုန်၊ ထိုရဟန်းတို့အားတရားနှင့်စပ်သော စကားသည်လည်း မပြတ်ဖြစ်ခြင်းရှိ၏။ ငါ့သျှင်သာရိပုတြာ ဤကဲ့သို့သော ရဟန်းဖြင့်ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာ၏’ဟု ပြောဆိုပါသည်” ဟု (လျှောက်၏)။

သာရိပုတြာ ကောင်း၏၊ ကောင်း၏၊ မောဂ္ဂလာန်သည် ကောင်းစွာ ဖြေကြားသော် ယင်းအတိုင်းသာလျှင် ဖြေကြားရာ၏။ သာရိပုတြာ (မှန်၏)။ မောဂ္ဂလာန်သည် တရားကို ဟောကြားပြောဆိုတတ်သူ ‘ဓမ္မကထိက’ တည်းဟု (မိန့်တော်မူ၏)။

၃၄၄။ ဤသို့ မိန့်ကြားသော် အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားအား “အသျှင်ဘုရား ထိုအခါတပည့်တော်သည် အသျှင်သာရိပုတြာအား—

“ငါ့သျှင်သာရိပုတြာ ငါတို့အားလုံးပင် မိမိထင်မြင်ချက်အတိုင်း ဖြေကြားခဲ့ကြပြီ။ ထိုအချက်၌တပည့်တော်တို့သည် အသျှင်သာရိပုတြာကို ယခုမေးပါကုန်အံ့၊ ငါ့သျှင်သာရိပုတြာ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် မွေ့လျော်ဖွယ်ရှိ၏၊ ညဉ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်သာရိပုတြာအဘယ်ကဲ့ သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟုပြောဆို မေး မြန်းပြန်ပါသည်။

အသျှင်ဘုရား ဤသို့ မေးမြန်းသော် အသျှင်သာရိပုတြာသည် တပည့်တော်အား ‘ငါ့သျှင် မောဂ္ဂလာန်ဤသာသနာတော်၌ ရဟန်းသည် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေ၏၊ ရဟန်းသည် စိတ်၏ အလိုအတိုင်းမဖြစ်ပေ။ ထိုရဟန်းသည် နံနက်အချိန်၌ မိမိနေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ နေ့လယ် ‘မွန်းတည့်’ အချိန်၌ မိမိနေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ ညနေချမ်းအချိန်၌ မိမိနေလိုရာ သမာပတ်ဖြင့်နေနိုင်၏။ ငါ့သျှင် မောဂ္ဂလာန် ဥပမာသော်ကား မင်း မင်းအမတ်ကြီးတို့၏ ပုဆိုးသေတ္တာသည် အမျိုးမျိုးဆိုးထားသော ပုဆိုးတို့ဖြင့် ပြည့်လျက်ရှိရာ၏။ ထိုမင်း မင်းအမတ်ကြီးသည် နံနက်အချိန်၌ ဝတ်ရုံလိုသောပုဆိုးအစုံကို နံနက်အချိန်၌သာ ဝတ်ရုံရာ၏။ နေ့လယ် ‘မွန်းတည့်’အချိန်၌ ဝတ်ရုံလိုသော ပုဆိုးအစုံကိုနေ့လယ် ‘မွန်းတည့်’အချိန်၌သာ ဝတ်ရုံရာ၏။ ညနေချမ်းအချိန်၌ ဝတ်ရုံလိုသော ပုဆိုးအစုံကို ညနေချမ်းအချိန်၌သာ ဝတ်ရုံရာ၏။ ငါ့သျှင်မောဂ္ဂလာန် ဤအတူပင်လျှင် ရဟန်းသည် စိတ်ကို မိမိအလိုအတိုင်းဖြစ်စေ၏၊ ရဟန်းသည် စိတ်၏အလိုအတိုင်း မဖြစ်ပေ။ ထိုရဟန်းသည် နံနက်အချိန်၌ နေလိုရာသမာပတ်ဖြင့် နေနိုင်၏။ နေ့လယ် ‘မွန်းတည့်’ အချိန်၌ နေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ ညနေချမ်းအချိန်၌ နေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ ငါ့သျှင်မောဂ္ဂလာန် ဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာ၏ဟု ပြောဆိုပါသည်” ဟု (လျှောက်၏)။

မောဂ္ဂလာန် ကောင်း၏၊ ကောင်း၏၊ သာရိပုတြာသည် ကောင်းစွာဖြေကြားသော် ယင်းအတိုင်းသာလျှင် ဖြေကြားရာ၏။ မောဂ္ဂလာန် (မှန်၏)။ သာရိပုတြာသည် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေ၏၊ သာရိပုတြာသည် စိတ်၏အလိုအတိုင်း မဖြစ်ပေ။ ထိုသာရိပုတြာသည် နံနက်အချိန်၌ နေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ နေ့လယ် ‘မွန်းတည့်’ အချိန်၌ နေလိုရာသမာပတ်ဖြင့် နေနိုင်၏။ ညနေချမ်းအချိန်၌ နေလိုရာသမာပတ်ဖြင့် နေနိုင်၏ဟု (မိန့်တော်မူ၏)။

၃၄၅။ ဤသို့ မိန့်ကြားတော်မူသော် အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအား “အသျှင်ဘုရားအဘယ်သူ၏ စကားသည် ကောင်းစွာ ဆိုအပ်သော စကားပါနည်း” ဟု လျှောက်၏။ သာရိပုတြာသင်တို့ အားလုံး၏ စကားသည် အကြောင်း ‘ပရိယာယ်’အားဖြင့် ကောင်းစွာဆိုအပ်သောစကားချည်းပေတည်း။ သို့သော်လည်း ငါ၏ စကားကိုလည်း နာကြဦးလော့၊ အဘယ်ကဲ့သို့သောရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်းဆိုသော် သာရိပုတြာဤသာသနာတော်၌ ရဟန်းသည် ဆွမ်း ခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ် ဖွဲ့ခွေပြီးလျှင်ကိုယ်ကို ဖြောင့်မတ်စွာထား၍ (ကမ္မဋ္ဌာန်းသို့) ရှေးရှု (သတိကို) ဖြစ်စေလျက် “အကြင်မျှလောက်ငါ၏စိတ်သည် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်မြောက်သေး၊ ထိုမျှလောက် ငါသည်ဤထက်ဝယ်ဖွဲ့ခွေ နေခြင်းကို မဖျက်တော့အံ့” ဟု အဓိဋ္ဌာန်၍ ထိုင်နေ၏။ သာရိပုတြာ ဤကဲ့သို့သောရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင် ရာ၏ဟု မြတ်စွာဘုရားသည်ဤတရားကို ဟောကြားတော်မူ၏။

ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ ဟောကြားတော်မူအပ်သော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။

နှစ်ခုမြောက် မဟာဂေါသိင်္ဂသုတ်ပြီး၏။