မဇ္ဈိမနိကာယ်

၅— စူဠသစ္စကသုတ်

၃၅၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်းကြီး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် ဝေသာလီပြည်၌နေ၏။ စကားပြိုင်ဆိုင်ပြောဆိုတတ်၏၊ “ငါသည် ပညာရှိတည်း” ဟု ပြောဆိုတတ်၏၊ များစွာသောလူအ ပေါင်းက သူတော်ကောင်းဟု သမုတ်ထားအပ်၏။ ထိုသစ္စကသည် ဝေသာလီပြည် ပရိသတ်၌ဤသို့ သော စကားကို ပြောဆို၏။

“စကားလမ်းစဉ်ဖြင့် ငါအပြစ်တင်ဆိုသော် မတုန်မလှုပ် မယိမ်းယိုင်မည့် လက်ကတီးကြားတို့မှ ချွေးမထွက်မည့် ရဟန်းအပေါင်းရှိသူ ဂိုဏ်းရှိသူ ဂိုဏ်းဆရာဖြစ်သူ သမဏဗြာဟ္မဏကိုသော်လည်းကောင်း၊ ကိလေသာကို ပယ်သတ်နိုင်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိသော ဘုရားဟု ဝန်ခံသူကိုသော်လည်းကောင်း ငါ မတွေ့မြင်၊ စိတ်မရှိသော တုံးတိုင်ကိုသော်လည်း စကားလမ်းစဉ်ဖြင့် ငါအပြစ်တင် ဆိုငြားအံ့၊ ထိုတုံးတိုင်သည်လည်း စကားလမ်းစဉ်ဖြင့် ငါအပြစ်တင်ဆိုသော် တုန်လှုပ် ယိမ်းယိုင်ရာ၏၊ လူဖြစ်သောသူမှာ အဘယ်ဆိုဖွယ်ရှိတော့အံ့နည်း” ဟု (ပြောဆို၏)။

ထိုအခါ အသျှင်အဿဇိသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာဝေသာလီပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် ဝေသာလီပြည်၌ အညောင်းပြေ လမ်းလျှောက်လှည့်လည်သော် အဝေးမှ ကြွလာသည့် အသျှင်အဿဇိကို မြင်လျှင် ချဉ်းကပ်၍အသျှင် အဿဇိနှင့်အတူ ဝမ်းမြောက်ဝမ်းသာ စကားပြောဆို၍ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံးစေ၍ သင့်တင့် လျောက်ပတ်သော နေရာ၌ ရပ်လျက် နိဂဏ္ဌတက္ကတွန်း၏သားသစ္စကက “အို အဿဇိ ရဟန်းဂေါတမသည် တပည့်သာဝကတို့ကို အဘယ်သို့ ဆုံးမသနည်း၊ ရဟန်းဂေါတမမှာ တပည့် သာဝကတို့အပေါ်၌ အဘယ်သို့ အစိတ်အပိုင်းရှိသော ညွှန်ကြားချက်သည်များစွာဖြစ်သနည်း” ဟုမေး၏။

အဂ္ဂိဝေဿန မြတ်စွာဘုရားသည် တပည့်သာဝကတို့ကို ဤသို့ ဆုံးမ၏။ မြတ်စွာဘုရား၏ တပည့်သာဝကတို့အပေါ်၌ ဤသို့ အစိတ်အပိုင်းရှိသော ညွှန်ကြားချက်သည် များစွာ ဖြစ်၏။ “ရဟန်းတို့ရုပ်သည် အမြဲမရှိ၊ ခံစားခြင်း ‘ဝေဒနာ’သည် အမြဲမရှိ၊ မှတ်သားခြင်း ‘သညာ’သည် အမြဲမရှိ၊ ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့သည် အမြဲမရှိကုန်၊ အထူးသိမှု ‘ဝိညာဏ်’ သည် အမြဲမရှိ။ ရဟန်းတို့ ရုပ်သည် ကိုယ် ‘အတ္တ’မဟုတ်၊ ခံစားခြင်းသည် ကိုယ် ‘အတ္တ’ မဟုတ်၊ မှတ်သားခြင်းသည် ကိုယ် ‘အတ္တ’ မဟုတ်၊ ပြုပြင်စီရင်မှုတို့ သည် ကိုယ် ‘အတ္တ’ မဟုတ်ကုန်၊ အထူးသိမှု ‘ဝိညာဏ်’သည် ကိုယ် ‘အတ္တ’ မဟုတ်၊ အလုံးစုံသော ပြုပြင် စီရင်မှုတို့သည် အမြဲမရှိကုန်၊ အလုံးစုံသော တရားတို့သည်ကိုယ် ‘အတ္တ’မဟုတ်ကုန်” ဟု မြတ်စွာဘုရား သည် တပည့်သာဝကတို့ကို ဆုံးမ၏။ မြတ်စွာဘုရား၏တပည့်သာဝကတို့အပေါ်၌ ဤသို့ အစိတ်အပိုင်း ရှိသော ညွှန်ကြားချက်သည် များစွာဖြစ်၏ဟု (ဆို၏)။

အဿဇိ မတော်မလျော် ကြားရကုန်၏တကား၊ ငါတို့သည် ရဟန်းဂေါတမ ဤသို့ဟောပြောလေ့ရှိသည်ကို ကြားရပေ၏၊ ငါတို့သည် တစ်ချိန်ချိန်၌ ထိုအသျှင်ဂေါတမနှင့်အတူ တွေ့ဆုံရကောင်းတန်ရာ၏၊ ့တစ်စုံတစ်ရာသော စကားအပြန်အလှန် ပြောဆိုခြင်းသည် ဖြစ်ကောင်းတန်ရာ၏၊ ထိုယုတ်ညံ့သော အမြင်ဒိဋ္ဌိမှ ကင်းဆိတ်စေနိုင်ကောင်းတန်ရာ၏ဟု (ဆို၏)။

၃၅၄။ ထိုအခါ ငါးရာမျှလောက်ရှိကုန်သော လိစ္ဆဝီမင်းတို့သည် ဆွေးနွေးတိုင်ပင်ရာ လွှတ်တော်၌တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စဖြင့် စည်းဝေးကုန်၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် လိစ္ဆဝီမင်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင်—

“လိစ္ဆဝီမင်းတို့ ထွက်ကြကုန်လော့၊ လိစ္ဆဝီမင်းတို့ ထွက်ကြကုန်လော့၊ ယနေ့ ငါ့မှာ ရဟန်း ဂေါတမနှင့်အတူ စကားအပြန်အလှန် ပြောဆိုခြင်း ဖြစ်ရလတ္တံ့။ ထင်ရှားသော ထေရ်တို့တွင် တစ်ပါးအပါအဝင်ဖြစ်သော (ရဟန်းဂေါတမ၏) တပည့်သာဝက အဿဇိမည်သော ရဟန်းသည် ငါ့အား ဝန်ခံသကဲ့သို့ ရဟန်းဂေါတမသည် ငါ့အား ဝန်ခံခဲ့လျှင် အားရှိသော ယောကျာ်းသည် အမွေးရှည်ရှိသောသိုးကိုအမွေးတို့၌ ဆွဲကိုင်၍ ငင်ရာ တွန်းရာ ငင်လည်းငင် တွန်းလည်း တွန်းရာသကဲ့သို့၊ ဤအတူပင်လျှင်ငါသည် ရဟန်းဂေါတမကို စကားလမ်းစဉ်ဖြင့် အပြစ်ကို (တင်ဆို၍) ငင်ရအံ့၊ တွန်းရအံ့၊ ငင်လည်းငင်တွန်းလည်း တွန်းရအံ့၊ သေတင်းကုတ်ရှိ အားရှိသော အလုပ်သမားသည် သေတင်းကုတ်၌ ခင်းထားသောကြီးလှစွာသော ဖျာကို နက်စွာသော ရေအိုင်၌ ပစ်ချ၍ အနားစွန်း၌ ကိုင်ဆွဲ၍ ငင်ရာ တွန်းရာ ငင်လည်းငင် တွန်းလည်း တွန်းရာသကဲ့သို့၊ ဤအတူပင်လျှင် ငါသည် ရဟန်းဂေါတမကို စကားလမ်းစဉ်ဖြင့် အပြစ်ကို (တင်ဆို၍) ငင်ရအံ့၊ တွန်းရအံ့၊ ငင်လည်းငင် တွန်းလည်း တွန်းရအံ့၊ အားရှိသော သေသောက်ကြူးသည် သေသောက်ခွက်ကို အနားစွန်း၌ ကိုင်ဆွဲ၍ မှောက်ခါရာ လှန်ခါရာ အကြိမ်ကြိမ် လှုပ်ခါရာသကဲ့သို့၊ ဤအတူပင်လျှင် ငါသည် ရဟန်းဂေါတမကို စကားလမ်းစဉ်ဖြင့် အပြစ်ကို (တင်ဆို၍) မှောက်ခါရအံ့၊ လှန်ခါရအံ့၊ အကြိမ်ကြိမ် လှုပ်ခါရအံ့။ အနှစ်ခြောက်ဆယ်ရှိမှ အားယုတ်သော ဆင်ပြောင်သည် နက်စွာသော ရေကန်သို့ သက်ဆင်း၍ လျှော်မျှင်ဆေး (ကြော) သည်နှင့် အလားတူသော ကစားခြင်းမျိုးကိုကစား သကဲ့သို့၊ ဤအတူပင်လျှင် ငါသည် ရဟန်းဂေါတမကို လျှော်မျှင်ဆေး (ကြော) သည်နှင့်အလားတူသော ကစားခြင်းမျိုးကို ကစားရအံ့။ လိစ္ဆဝီမင်းတို့ ထွက်ကြကုန်လော့၊ လိစ္ဆဝီမင်းတို့ထွက်ကြကုန်လော့၊ ယနေ့ ငါ့မှာ ရဟန်းဂေါတမနှင့်အတူ စကားအပြန်အလှန် ပြောဆိုခြင်း ဖြစ်လတ္တံ့” ဟုပြောဆို၏။

ထိုသို့ဆိုရာ၌ အချို့သော လိစ္ဆဝီမင်းတို့က “ရဟန်းဂေါတမသည် နိဂဏ္ဌတက္ကတွန်း၏သား သစ္စ ကအားအဘယ်မှာ အပြစ်ကို တင်နိုင်လတ္တံ့နည်း၊ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကကသာ ရဟန်းဂေါတမ အားအပြစ်ကို တင်နိုင်လတ္တံ့” ဟု ဆိုကုန်၏။ အချို့သော လိစ္ဆဝီမင်းတို့ကလည်း “နိဂဏ္ဌတက္ကတွန်း၏ သားသစ္စကသည် ဘယ်လိုလူစားဖြစ်၍ မြတ်စွာဘုရားအား အပြစ်ကို တင်နိုင်လတ္တံ့နည်း၊ မြတ်စွာဘုရားကသာ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကအား အပြစ်ကို တင်နိုင်လတ္တံ့” ဟု ဆိုကုန်၏။

ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် ငါးရာမျှလောက်ရှိသော လိစ္ဆဝီမင်းတို့ဖြင့်။ ခံရံလျက်မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းဆီသို့ ချဉ်းကပ်၏။

၃၅၅။ ထိုအခါ များစွာသော ရဟန်းတို့သည် လွင်တီးခေါင်၌ စင်္ကြံသွားကုန်၏။ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် ထိုရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် “အသျှင်တို့ ယခုအခါ ထိုအသျှင်ဂေါတမသည်အဘယ်၌ နေသနည်း၊ ငါတို့သည် ထိုအသျှင်ဂေါတမကို တွေ့မြင်လိုကုန်၏” ဟု ထိုရဟန်းတို့အား ပြောဆို၏။

အဂ္ဂိဝေဿန ထိုမြတ်စွာဘုရားသည် မဟာဝုန်တောကြီးသို့ သက်ဝင်၍ တစ်ခုသော သစ်ပင်ရင်း၌နေ့သန့်ရန် ထိုင်နေတော်မူ၏ဟု (ပြောဆိုကုန်၏)။

ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် များစွာသော လိစ္ဆဝီမင်းပရိသတ်နှင့် အတူ မဟာဝုန်တောကြီးသို့ သက်ဝင်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်း့သာ စကားပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံးစေ၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်၏။ ထိုလိစ္ဆဝီမင်းတို့သည်လည်း အချို့သူတို့က မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်နေကုန်၏။ အချို့သူတို့က မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ စကားပြောဆို ကုန်၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံးစေ၍သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကုန်၏။ အချို့သူတို့က မြတ်စွာဘုရားထံသို့ လက်အုပ်ကိုညွတ်စေ၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကုန်၏။ အချို့သူတို့က မြတ်စွာဘုရားအထံ၌ အမည်အနွယ်ကို ကြား၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကုန်၏။ အချို့သူတို့က ဆိတ်ဆိတ် (ဖြစ်၍) သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကုန်၏။

၃၅၆။ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်လျက် “အကယ်၍အသျှင်ဂေါတမက အကျွန်ုပ်အား ပြဿနာကို မေးမြန်းခြင်းငှါ အခွင့်ပြုငြားအံ့၊ အကျွန်ုပ်သည်အသျှင်ဂေါတမကို တစ်စုံတစ်ရာသော အကြောင်းကို မေးလိုပါ၏” ဟု မြတ်စွာဘုရားအား လျှောက်ထား၏။

အဂ္ဂိဝေဿန မေးလိုလျှင် မေးလော့ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမသည် တပည့်သာဝကတို့ကို အဘယ်သို့ ဆုံးမသနည်း၊ အသျှင်ဂေါတမ၏ တပည့်သာဝကတို့အပေါ်၌ အဘယ်သို့သော အစိတ်အပိုင်းရှိသော ညွှန်ကြားချက်သည် များစွာဖြစ်သနည်းဟု (မေး၏)။

အဂ္ဂိဝေဿန ငါသည် တပည့်သာဝကတို့ကို ဤသို့လျှင် ဆုံးမ၏၊ ငါ၏ တပည့်သာဝကတို့အပေါ်၌ဤသို့ အစိတ်အပိုင်းရှိသော ညွှန်ကြားချက်သည် များစွာဖြစ်၏။ “ရဟန်းတို့ ရုပ်သည် အမြဲမရှိ၊ ခံစားခြင်း ‘ဝေဒနာ’သည် အမြဲမရှိ၊ မှတ်သားခြင်း ‘သညာ’သည် အမြဲမရှိ၊ ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့သည် အမြဲမရှိကုန်၊ အထူးသိမှု ‘ဝိညာဏ်’ သည် အမြဲမရှိ။ ရဟန်းတို့ ရုပ်သည် ကိုယ် ‘အတ္တ’ မဟုတ်၊ ခံစားခြင်းသည် ကိုယ် ‘အတ္တ’ မဟုတ်၊ မှတ်သားခြင်းသည် ကိုယ် ‘အတ္တ’ မဟုတ်၊ ပြုပြင်စီရင်မှုတို့သည် ကိုယ် ‘အတ္တ’ မဟုတ်ကုန်၊ အထူးသိမှု ‘ဝိညာဏ်’သည် ကိုယ် ‘အတ္တ’ မဟုတ်၊ အလုံးစုံသောပြုပြင်စီရင်မှုတို့သည် အမြဲမရှိကုန်၊ အလုံးစုံသော တရားတို့သည် ကိုယ် ‘အတ္တ’ မဟုတ်ကုန်” ဟုဤသို့လျှင် ငါသည် တပည့် သာဝကတို့ကို ဆုံးမ၏၊ ငါ့မှာ တပည့်သာဝကတို့အပေါ်၌ ဤသို့အစိတ်အပိုင်းရှိသော ညွှန်ကြားချက် သည် များစွာဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အကျွန်ုပ်မှာ ဥပမာ (တစ်ခု) ထင်မြင်လာပါ၏ဟု (ဆို၏)။

“အဂ္ဂိဝေဿန ထို့ပမာကို ထင်ရှားပါစေ” ဟု မြတ်စွာဘုရားက မိန့်ကြားတော်မူ၏။

အသျှင်ဂေါတမ ဥပမာသော်ကား အလုံးစုံသော ဤမျိုးစေ့အားလုံးနှင့် အပင်အားလုံးတို့သည် မြေကိုမှီ၍မြေ၌တည်ကာ ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ကုန်၏၊ ဤသို့လျှင် ဤမျိုးစေ့အားလုံးနှင့် အပင် အားလုံးတို့သည် ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ကုန်သကဲ့သို့လည်းကောင်း၊ အသျှင်ဂေါတမ ဥပမာ တစ်နည်းသော်ကား ဤအားအစွမ်းဖြင့် ပြုအပ်သော အမှုကိစ္စအားလုံးတို့ကို မြေကို မှီ၍ မြေ၌ တည်ကာ ပြုရကုန်၏၊ ဤသို့ ဤအားအစွမ်းဖြင့် ပြုအပ်သော အမှုကိစ္စတို့ကို ပြုရကုန်သကဲ့သို့လည်းကောင်း အရှင်ဂေါတမ ဤအတူပင် (လျှင်) ရုပ်ကို ကိုယ် ‘အတ္တ’ဟု ယူဆသော ဤသတ္တဝါပုဂ္ဂိုလ်သည် ရုပ်၌ တည်၍ ကုသိုလ် အကုသိုလ်တို့ကို ဖြစ်ပွားစေ၏၊ ခံစားခြင်းကိုကိုယ် ‘အတ္တ’ဟု ယူဆသော ဤသတ္တဝါပုဂ္ဂိုလ်သည် ခံစားခြင်း၌ တည်၍ ကုသိုလ် အကုသိုလ်တို့ကိုဖြစ်ပွားစေ၏၊ မှတ်သားခြင်းကို ကိုယ် ‘အတ္တ’ဟု ယူဆသော ဤသတ္တဝါ ပုဂ္ဂိုလ်သည် မှတ်သားခြင်း၌တည်၍ ကုသိုလ် အကုသိုလ်တို့ကို ဖြစ်ပွားစေ၏၊ ပြုပြင်စီရင်မှုတို့ကို ကိုယ် ‘အတ္တ’ဟု ယူဆသော ဤသတ္တဝါပုဂ္ဂိုလ်သည် ပြုပြင်စီရင်မှုတို့၌ တည်၍ ကုသိုလ် အကုသိုလ်တို့ကို ဖြစ်ပွားစေ၏၊ အထူးသိမှု့ဝိညာဏ်ကို ကိုယ် ‘အတ္တ’ဟု ယူဆသော ဤသတ္တဝါပုဂ္ဂိုလ်သည် အထူးသိမှုဝိညာဏ်၌ တည်၍ ကုသိုလ်အကုသိုလ်တို့ကို ဖြစ်ပွားစေ၏ဟု (ဆို၏)။

အဂ္ဂိဝေဿန ရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ ခံစားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ မှတ်သားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ ပြုပြင်စီရင်မှုတို့သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ အထူးသိမှု ‘ဝိညာဏ်’သည် ငါ၏ ကိုယ် ‘အတ္တ’ တည်းဟု သင် ဤသို့ ဆိုလေသလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ “ရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ ခံစားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ မှတ်သားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ ပြုပြင်စီရင်မှုတို့သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ အထူးသိမှု ‘ဝိညာဏ်’သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု အကျွန်ုပ်လည်း ဤသို့ ဆိုပါ၏၊ ဤများစွာသောလူအပေါင်းကလည်း ဤသို့ပင် ဆိုပါ၏ဟု (ဆို၏)။

အဂ္ဂိဝေဿန များစွာသော သင်၏လူအပေါင်းသည် အဘယ်သို့ ပြုလတ္တံ့နည်း၊ အဂ္ဂိဝေဿန မိမိဝါဒကိုသာလျှင် သင် ဖြေရှင်းလော့ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ “ရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ ခံစားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ မှတ်သားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ ပြုပြင်စီရင်မှုတို့သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ အထူးသိမှု ‘ဝိညာဏ်’သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု အကျွန်ုပ်လည်း ဤသို့ ပြောဆိုပါ၏ဟု (ဆို၏)။

၃၅၇။ အဂ္ဂိဝေဿန ထိုသို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးဦးအံ့၊ သင်နှစ်သက်သည့် အတိုင်းထိုအမေးကို ဖြေကြားရာ၏၊ အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ် သနည်း၊ ပသေနဒိ ကောသလမင်းကဲ့သို့၊ သို့မဟုတ် မဂဓတိုင်းကို အစိုးရသော ဝေဒေဟီ (မိဖုရား)၏သားအဇာတသတ်မင်းကဲ့သို့ အဘိသိက်သွန်းပြီးသော ရေမြေရှင်မင်းအား မိမိနိုင်ငံ၌ သတ်ဖြတ်ညှဉ်းဆဲထိုက်သူကို သတ်ဖြတ်ညှဉ်းဆဲစေရန်လည်းကောင်း၊ ဥစ္စာဆုံးရှုံးစေထိုက်သူကို ဥစ္စာဆုံးရှုံးစေရန်လည်းကောင်း၊ နှင်ထုတ်ထိုက်သူကို နှင်ထုတ်စေရန်လည်းကောင်း အာဏာသည် ဖြစ်နိုင်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ပသေနဒိကောသလမင်းကဲ့သို့၊ သို့မဟုတ် မဂဓတိုင်းကို အစိုးရသော ဝေဒေဟီ (မိဖုရား)၏သား အဇာတသတ်မင်းကဲ့သို့ အဘိသိက်သွန်းပြီးသော ရေမြေရှင်မင်းအား မိမိနိုင်ငံ၌ သတ်ဖြတ်ညှဉ်းဆဲထိုက်သူကို သတ်ဖြတ်ညှဉ်းဆဲစေရန်လည်းကောင်း ဥစ္စာဆုံးရှုံးစေထိုက်သူကို ဥစ္စာဆုံးရှုံးစေရန်လည်းကောင်း၊ နှင်ထုတ်ထိုက်သူကို နှင်ထုတ်စေရန်လည်းကောင်း အာဏာသည် ဖြစ်နိုင်ရာပါ၏ဟု (ဆို၏)။

အသျှင်ဂေါတမ မှန်ပါ၏။ ဤအစည်းအရုံးအဖွဲ့အစည်းဖြစ်သော ဝဇ္ဇီတိုင်းအစိုးရ မလ္လာတိုင်းအစိုးရတို့အားသော်မှ မိမိနိုင်ငံ၌ သတ်ဖြတ်ညှဉ်းဆဲထိုက်သူကို သတ်ဖြတ်ညှဉ်းဆဲစေရန်လည်းကောင်း၊ ဥစ္စာဆုံးရှုံးစေထိုက်သူကို ဥစ္စာဆုံးရှုံးစေရန်လည်းကောင်း၊ နှင်ထုတ်ထိုက်သူကို နှင်ထုတ်စေရန်လည်းကောင်းအာဏာသည် ဖြစ်နိုင်ပါသေး၏၊ ပသေနဒိကောသလမင်း၊ သို့မဟုတ် မဂဓတိုင်းကို အစိုးရသော ဝေဒေဟီ (မိဖုရား)၏သား အဇာတသတ်မင်းကဲ့သို့သော အဘိသိတ်သွန်းပြီးသော ရေမြေရှင်မင်းအားမူကားအဘယ် ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ အာဏာဖြစ်နိုင်ရာပါ၏၊ အသျှင်ဂေါတမ အာဏာဖြစ်ရန်လည်းထိုက်ပါ၏ဟု (ဆို၏)။

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်ရုပ်ကို “ရုပ်သည် ငါ၏ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ ဆို၏။ ထိုရုပ်၌ “ငါ၏ ရုပ်သည် ဤသို့ ဖြစ်ပေစေ၊ ငါ၏ ရုပ်သည်ဤသို့ မဖြစ်စေလင့်” ဟု သင် အာဏာထားနိုင်သလော” ဟု မေးတော်မူ၏။

ဤသို့မေးတော်မူသော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် ဆိတ်ဆိတ်နေ၏၊ နှစ်ကြိမ်မြောက်လည်းမြတ်စွာဘုရားသည် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကကို အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင့်အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်ရုပ်ကို “ရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ဆို၏။ ထိုရုပ်၌ “ငါ၏ ရုပ်သည် ဤသို့ ဖြစ်ပေစေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်” ဟု သင်အာဏာထား နိုင်သလော” ဟု မေးတော်မူ၏။ နှစ်ကြိမ်မြောက်လည်း နိဂဏ္ဌတက္ကတွန်း၏သားသစ္စကသည် ဆိတ်ဆိတ် နေ၏၊

ထိုအခါ မြတ်စွာဘုရားသည် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကကို “အဂ္ဂိဝေဿန ယခု ဖြေကြားလော့၊ သင် ယခု ဆိတ်ဆိတ်နေရန် အခါ မဟုတ်တော့ပေ၊ အဂ္ဂိဝေဿန သုံးကြိမ်တိုင်အောင် အကြောင်းအားလျော်ကန်သော ပြဿနာကို မြတ်စွာဘုရားက မေးပါလျက် တစ်စုံတစ်ယောက်သော သူသည် မဖြေကြားငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ဤနေရာ၌ပင်လျှင် ခုနစ်စိတ်ကွဲရာ၏” ဟု မိန့်တော်မူ၏။

ထိုစဉ်အခါ၌ သိကြားမင်းသည် ဘီလူးအသွင်ဖြင့် ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံရှိသောသံဝရဇိန်လက်နက်ကို စွဲကိုင်ပြီးလျှင် “ဤနိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် သုံးကြိမ်တိုင်တိုင်အကြောင်း အားလျော်ကန်သော ပြဿနာကို မြတ်စွာဘုရားက မေးပါလျက် မဖြေခဲ့ပါလျှင်ယင်းနေရာ၌ပင် ထို (သစ္စက)၏ ဦးခေါင်းကို ခုနစ်စိတ်ခွဲအံ့” ဟုကြံရွယ်၍ နိဂဏ္ဌတက္ကတွန်း၏သားသစ္စက၏ အထက် ကောင်းကင်၌ ရပ်လျက်နေ၏။ ထိုဘီလူးအသွင်ရှိသည့် ဝဇိရစိန်လက်စွဲသောသိကြားမင်းကို မြတ်စွာ ဘုရားနှင့် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကတို့သာ မြင်ကြရ၏။ ထိုအခါနိဂဏ္ဌတက္ကတွန်း၏သား သစ္စက သည် ကြောက်ရွံ့ထိတ်လန့် ကြက်သီးမွေးညင်းထသည်ဖြစ်၍မြတ်စွာဘုရားကိုသာလျှင် မှီခိုရာ ပုန်း အောင်းရာ ကိုးကွယ်ရာဟု ရှာမှီးလျက် “အသျှင်ဂေါတမသည်အကျွန်ုပ်ကို မေးပါဦးလော့၊ ဖြေပါအံ့” ဟု လျှောက်ထား၏။

၃၅၈။ အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်ရုပ်ကို “ရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ ဆို၏။ ထိုရုပ်၌ “ငါ၏ ရုပ်သည် ဤသို့ ဖြစ်ပါစေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်” ဟု သင်အာဏာထားနိုင်သလော” ဟု (မေးတော်မူ၏)။

“အသျှင်ဂေါတမ အာဏာမထားနိုင်ပါ” ဟု (လျှောက်၏)။

အဂ္ဂိဝေဿန စဉ်းစားလော့၊ စဉ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်လည်းကောင်း၊ နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း (အချင်းချင်း) မဆက်စပ်ပါတကား။

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင် ခံစားခြင်း ‘ဝေဒနာ’ ကို “ခံစားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ ဆို၏။ ထိုခံစားခြင်း ‘ဝေဒနာ’၌ ငါ၏ ခံစားခြင်းသည် ဤသို့ ဖြစ်ပေစေ၊ ငါ၏ ခံစားခြင်းသည် ဤသို့မဖြစ်စေလင့်” ဟု သင် အာဏာထားနိုင်သလောဟု (မေးတော်မူ၏)။

“အသျှင်ဂေါတမ အာဏာမထားနိုင်ပါ” ဟု (လျှောက်၏)။

အဂ္ဂိဝေဿန စဉ်းစားလော့၊ စဉ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်လည်းကောင်း၊ နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း (အချင်းချင်း) မဆက်စပ်ပါတကား။

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်မှတ်သားခြင်း ‘သညာ’ကို “မှတ်သားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ ဆို၏။ ထိုမှတ်သားခြင်း ‘သညာ’ ၌ ငါ၏ မှတ်သားခြင်းသည် ဤသို့ ဖြစ်ပေစေ၊ ငါ၏ မှတ်သားခြင်းသည် ဤသို့မဖြစ်စေလင့်” ဟု သင် အာဏာထားနိုင်သလောဟု (မေးတော်မူ၏)။

“အသျှင်ဂေါတမ အာဏာမထားနိုင်ပါ” ဟု (လျှောက်၏)။

အဂ္ဂိဝေဿန စဉ်းစားလော့၊ စဉ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်လည်းကောင်း၊ နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း (အချင်းချင်း) မဆက်စပ်ပါတကား။

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင် ပြုပြင်စီရင်မှု့ ‘သင်္ခါရ’ကို “ပြုပြင်စီရင်မှုတို့သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ ဆို၏။ ထိုပြုပြင်စီရင်မှု ‘သင်္ခါရ’တို့၌ ငါ၏ ပြုပြင်စီရင်မှုတို့သည် ဤသို့ ဖြစ်ပါစေကုန်၊ ငါ၏ ပြုပြင်စီရင်မှုတို့သည် ဤသို့ မဖြစ်စေကုန်လင့်” ဟု သင် အာဏာထားနိုင်သလောဟု (မေးတော်မူ၏)။

“အသျှင်ဂေါတမ အာဏာမထားနိုင်ပါ” ဟု (လျှောက်၏)။

အဂ္ဂိဝေဿန စဉ်းစားလော့၊ စဉ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်လည်းကောင်း၊ နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း၊ (အချင်းချင်း) မဆက်စပ်ပါတကား။

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင် အထူးသိမှု ‘ဝိညာဏ်’ကို “အထူးသိမှု ‘ဝိညာဏ်’သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ ဆို၏။ ထိုအထူးသိမှု ‘ဝိညာဏ်’ ၌ ငါ၏ အထူးသိမှု ‘ဝိညာဏ်’သည် ဤသို့ ဖြစ်ပစေ၊ ငါ၏ အထူးသိမှု ‘ဝိညာဏ်’သည် ဤသို့ မဖြစ်စေလင့်” ဟု သင် အာဏာထားနိုင်သလောဟု (မေးတော်မူ၏)။

“အသျှင်ဂေါတမ အာဏာမထားနိုင်ပါ” ဟု (လျှောက်၏)။

အဂ္ဂိဝေဿန စဉ်းစားလော့၊ စဉ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်လည်းကောင်း၊ နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း (အချင်းချင်း) မဆက်စပ်ပါတကား။

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ မမြဲပါဟု (လျှောက်၏)။

မမြဲသောအရာသည် ဆင်းရဲမှု ဖြစ်သလော၊ ချမ်းသာမှု ဖြစ်သလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ဆင်းရဲမှု ဖြစ်ပါ၏ဟု (လျှောက်၏)။

မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်း သဘောရှိသော ထိုရုပ်ကို “ဤရုပ်သည် ငါပိုင်ဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု ရှုခြင်းငှါ လျော်ကန်ပါ့မည်လောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ မလျော်ကန်ပါဟု (လျှောက်၏)။

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ ခံစားခြင်းသည်။ပ။ မှတ်သားခြင်းသည်။ပ။ ပြုပြင်စီရင်မှုတို့သည်။ပ။

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အထူးသိမှု ‘ဝိညာဏ်’သည်မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ မမြဲပါဟု (လျှောက်၏)။

မမြဲသောအရာသည် ဆင်းရဲမှု ဖြစ်သလော၊ ချမ်းသာမှု ဖြစ်သလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ဆင်းရဲမှု ဖြစ်ပါ၏ဟု (လျှောက်၏)။

မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်း သဘောရှိသော ထိုဝိညာဏ်ကို “ဤဝိညာဏ်သည် ငါပိုင်ဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ် ‘အတ္တ’ တည်း” ဟု ရှုခြင်းငှါ လျော်ကန်ပါ့မည်လောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ မလျော်ကန်ပါဟု (လျှောက်၏)။

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်သူသည် ဆင်းရဲဒုက္ခကို တွယ်တာလျက်, ဆင်းရဲဒုက္ခသို့ ကပ်ရောက်လျက်, ဆင်းရဲဒုက္ခသို့ သက်ဝင်လျက် ဆင်းရဲဒုက္ခကို “ဤဆင်းရဲ ဒုက္ခသည် ငါပိုင်ဖြစ်၏၊ ဤဆင်းရဲ ဒုက္ခသည် ငါ ဖြစ်၏၊ ဤဆင်းရဲ ဒုက္ခသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု ရှု၏၊ စင်စစ်သော်ကား ထိုသူသည် ကိုယ်တိုင် ဆင်းရဲဒုက္ခကို ပိုင်းခြား၍သော်လည်းသိနိုင်ရာသလော၊ ဆင်းရဲ ဒုက္ခကို ကုန်ခန်းစေ၍သော်လည်း နေနိုင်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ဤအချက်သည် အဘယ်မှာ ဖြစ်နိုင်ရာပါအံ့နည်း၊ မဖြစ်နိုင်ရာသည်သာတည်းဟု (လျှောက်၏)။

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင်အဘယ်သို့ ထင်မှတ်သနည်း၊ ဤသို့ဖြစ်သော် သင်သည်ဆင်းရဲဒုက္ခကို တွယ်တာနေသူဖြစ်၍, ဆင်းရဲဒုက္ခသို့ ကပ်ရောက်နေသူဖြစ်၍, ဆင်းရဲဒုက္ခသို့ သက်ဝင်နေသူဖြစ်၍ ဆင်းရဲဒုက္ခကို “ဤဆင်းရဲဒုက္ခသည် ငါပိုင်ဖြစ်၏၊ ဤဆင်းရဲဒုက္ခသည် ငါဖြစ်၏၊ ဤဆင်းရဲဒုက္ခသည် ငါ၏ကိုယ် ‘အတ္တ’ တည်း” ဟု ရှုရာရောက်သည် မဟုတ်လောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ အဘယ်မှာ မရောက်ဘဲ ရှိပါအံ့နည်း၊ ရှုရာရောက်ပါ၏ဟု (လျှောက်၏)။

၃၅၉။ အဂ္ဂိဝေဿန ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ယောကျာ်းသည်အနှစ်ရှာ လှည့်လည်သော် ထက်သော ဓားမကို ယူ၍ တောသို့ ဝင်ရာ၏။ ထိုယောကျာ်းသည် ထိုတော၌နု၍ အတွင်း၌ ဖူးတံမရှိသော ဖြူးဖြောင့်သော ငှက်ပျောတုံးကြီးကို တွေ့မြင်ရာ ထိုငှက်ပျောတုံးကို အရင်း၌ ဖြတ်လှဲရာ၏၊ အရင်း၌ ဖြတ်လှဲပြီးလျှင် အဖျား၌ ဖြတ်ရာ၏၊ အဖျား၌ ဖြတ်ပြီးသော် ငှက်ပျောပတ်ရစ်ကို ခွါရာ၏။ ထိုယောကျာ်းသည် ထိုငှက်ပျောတုံး၌ အပတ်ရစ်ကို ခွါသော် အကာကိုသော်လည်း မရရာ၊ အနှစ်ကိုမူ အဘယ်မှာ ရနိုင်အံ့နည်း။

အဂ္ဂိဝေဿန ဤအတူပင် သင့်ကို မိမိဝါဒ၌ ငါက စိစစ်သော် မေးမြန်းသော် အပြန် အလှန်မေးမြန်းသော် သင်သည် အနှစ်တုံး၍ အသုံးမကျဘဲ ကျရှူံးသူ ဖြစ်သည်သာတည်း။

အဂ္ဂိဝေဿန သင်သည် ဝေသာလီပြည် ပရိသတ်၌ “စကားလမ်းစဉ်ဖြင့် ငါအပြစ်တင်ဆိုသော်မတုန်မလှုပ် မယိမ်းမယိုင်မည့် လက်ကတီးကြားတို့မှ ချွေးမယိုထွက်မည့် ရဟန်းအပေါင်းရှိသူ ဂိုဏ်းရှိသူဂိုဏ်းဆရာ သမဏဗြာဟ္မဏကိုသော်လည်းကောင်း၊ ကိလေသာကို ပယ်သတ်နိုင်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိသော ဘုရားဟု ဝန်ခံသူကိုသော်လည်းကောင်း ငါ မတွေ့မြင်၊ စိတ်မရှိသော တုံးတိုင်ကိုသော်လည်း စကားလမ်းစဉ်ဖြင့် ငါအပြစ်တင်ဆိုငြားအံ့၊ ထိုတုံးတိုင်သည်လည်း စကားလမ်းစဉ်ဖြင့်ငါအပြစ်တင်ဆိုသော် တုန်လှုပ်ယိမ်းယိုင်ရာ၏၊ လူဖြစ်သောသူမှာ အဘယ်ဆိုဖွယ်ရာရှိတော့အံ့နည်း” ဟု ဆိုခဲ့၏။ အဂ္ဂိဝေဿန သင့်မှာသာလျှင် နဖူးမှ ကျကုန်သော ချွေးပေါက် အချို့တို့သည် အပေါ်ရုံကို ဖေါက်၍မြေကြီး၌ တည်ကုန်၏၊ အဂ္ဂိဝေဿန ငါ့မှာကား ယခု ကိုယ်၌ ချွေးမရှိဟု မြတ်စွာဘုရားသည် ထိုပရိသတ်၌ ရွှေအဆင်းရှိသော ကိုယ်ကို ဖွင့်လှစ်ပြတော်မူ၏။

ဤသို့ မိန့်တော်မူသော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် နှုတ်ဆိတ်၍ မျက်နှာမသာယာဘဲလည်ပင်း ငိုက်ဆိုက်ကျကာ မျက်နှာအောက်ချပြီး မှိုင်တွေလျက်ကြံရာမရဘဲ ထိုင်နေ၏။

၃၆ဝ။ ထိုအခါ လိစ္ဆဝီမင်းသား ဒုမ္မုခသည် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် နှုတ်ဆိတ်၍မျက်နှာမသာယာဘဲ လည်ပင်းငိုက်ဆိုက်ကျကာ မျက်နှာအောက်ချပြီး မှိုင်တွေလျက်ကြံရာမရသည်ကိုသိ၍ “မြတ်စွာဘုရား တပည့်တော်မှာ ဥပမာ ထင်လာပါ၏” ဟု မြတ်စွာဘုရားအား လျှောက်ထား၏။ “ဒုမ္မုခ ထို့ပမာကို ထင်ရှားစေလော့” ဟု မြတ်စွာဘုရားက မိန့်တော်မူ၏။

အသျှင်ဘုရား ရွာ၏ အနီး၌ဖြစ်စေ၊ နိဂုံး၏အနီး၌ဖြစ်စေ ရေကန်သည် ရှိ၏၊ ထိုရေကန်၌ ပုဇွန်လုံးသည် ရှိရာပါ၏။ ထိုအခါ များစွာသော သူငယ်သူငယ်မတို့သည် ထိုရွာမှလည်းကောင်း၊ ထိုနိဂုံးမှလည်းကောင်း ထွက်၍ ထိုရေကန်ဆီသို့ ချဉ်းကပ်ကြပြီးလျှင် ရေကန်သို့ သက်ဆင်း၍ ထိုပုဇွန်လုံးကို ရေမှထုတ်ဆောင်ကာ ကုန်း၌ တည်စေကုန်ရာ၏။ အသျှင်ဘုရား ထွက်လာတိုင်း ထွက်လာတိုင်းသော ထိုပုဇွန်လုံး၏ ခြေချောင်း လက်ချောင်း ဟူသမျှကိုပင် ထိုသူငယ်သူငယ်မတို့သည် တုတ်ချောင်းဖြင့်ဖြစ်စေအိုးခြမ်းကွဲဖြင့်ဖြစ်စေ ဖြတ်ကုန်ရာ၏၊ ချိုးကုန်ရာ၏၊ ထက်ဝန်းကျင် ချိုးကုန်ရာ၏။ အသျှင်ဘုရား ဤသို့လျှင် ထိုပုဇွန်လုံးသည် ခြေချောင်း လက်ချောင်း အားလုံး အဖြတ်ခံရ အချိုးခံရ ထက်ဝန်းကျင် အချိုးခံထားရသဖြင့် ထိုရေကန်သို့ ရှေးကကဲ့သို့ ပြန်လည် သက်ဆင်းရန် မဖြစ်နိုင်တော့သကဲ့သို့၊ ဤအတူ့ပင်လျှင် နိဂဏ္ဌတက္ကတွန်း၏သား သစ္စက၏ ထောင်ထလှုပ်ရှား နေသော အယူဝါဒခြေချောင်းလက်ချောင်း အားလုံးတို့ကို မြတ်စွာဘုရားသည် ဖြတ်ထားအပ်ကုန်၏၊ ချိုးထားအပ်ကုန်၏၊ ထက်ဝန်းကျင် ချိုးထား အပ်ကုန်၏။ အသျှင်ဘုရား ယခုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည်မြတ်စွာဘုရား ထံသို့ အပြစ် တင်လိုသဖြင့် ပြန်လည်ချဉ်းကပ်ရန် မဖြစ်နိုင်တော့ပါဟု လျှောက်၏။

ဤသို့ လျှောက်သော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကက “ဒုမ္မုခ သင်သည် ရပ်ဆိုင်းဦးလော့၊ ဒုမ္မုခသင်သည် ရပ်ဆိုင်းဦးလော့၊ ငါတို့သည် သင်နှင့် အတူ မပြောဆို မတိုင်ပင်ကြကုန်၊ ငါတို့သည်အသျှင်ဂေါတမနှင့်အတူ ပြောဆို တိုင်ပင်ကြကုန်၏” ဟု လိစ္ဆဝီမင်းသား ဒုမ္မုခအား ပြောဆို၏။

၃၆၁။ (ထို့နောက်) အသျှင်ဂေါတမ အကျွန်ုပ်တို့နှင့် အကျွန်ုပ်မှ တစ်ပါးသော များစွာသောသမဏဗြာဟ္မဏတို့၏ စကားသည် တည်ရှိစေဦး၊ ဤစကားသည် ဆိုမြည် ယောင်ယမ်းသကဲ့သို့သောစကားမျှသာ ဖြစ်၏။ အဘယ်မျှသော အတိုင်းအရှည်ဖြင့် အသျှင်ဂေါတမ၏ တပည့်သာဝကသည် အဆုံးအမကို လိုက်နာသူ ညွှန်ကြားချက်ကို လိုက်နာသူ ဖြစ်သနည်း၊ ယုံမှားခြင်းကို လွန်မြောက်လျက် သို့လောသို့လော တွေးတောခြင်း ကင်းလျက် ရဲရင့်ခြင်း (ဉာဏ်) သို့ ရောက်လျက် သူတစ်ပါးကို ယုံကြည်ရန်မလိုတော့သည်ဖြစ်၍ မြတ်စွာဘုရား သာသနာတော်၌ နေပါသနည်းဟု မေး၏။

အဂ္ဂိဝေဿန ဤသာသနာတော်၌ ငါ၏ တပည့်သာဝကသည် အတွင်း၌ဖြစ်သည်ဖြစ်စေ၊ အပ၌ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ (တည်သည်) ဖြစ်စေ၊ အနီး၌ (တည်သည်) ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ရုပ်အားလုံးကို “ဤရုပ်သည် ငါပိုင် မဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ့ကိုယ် ‘အတ္တ’ မဟုတ်” ဟု ဤသို့ဤရုပ်ကို အမှန်အတိုင်း ကောင်းသော ပညာဖြင့် ရှုမြင်၏။ ခံစားခြင်းကို။ပ။ မှတ်သားခြင်းကို။ပ။ ပြုပြင် စီရင်မှုတို့ကို။ပ။ အတွင်း၌ ဖြစ်သည်ဖြစ်စေ၊ အပ၌ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည် ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ (တည်သည်) ဖြစ်စေ၊ အနီး၌ (တည်သည်) ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အထူးသိမှု ‘ဝိညာဏ်’ အားလုံးကို “ဤအထူးသိမှု ‘ဝိညာဏ်’သည် ငါပိုင်မဟုတ်၊ ဤအထူးသိမှု ‘ဝိညာဏ်’သည် ငါ မဟုတ်၊ ဤအထူးသိမှု ‘ဝိညာဏ်’သည် ငါ့ကိုယ် ‘အတ္တ’ မဟုတ်” ဟု ဤသို့ ဤအထူးသိမှု ‘ဝိညာဏ်’ကိုအမှန်အတိုင်း ကောင်းသော ပညာဖြင့် ရှုမြင်၏။ အဂ္ဂိဝေဿန ဤမျှသော အတိုင်းအရှည်ဖြင့် ငါ၏တပည့်သာဝကသည် အဆုံးအမကို လိုက်နာသူ ညွှန် ကြားချက်ကို လိုက်နာသူ ဖြစ်၏၊ ယုံမှားခြင်းကိုလွန်မြောက်လျက် သို့လော သို့လော တွေးတောခြင်း ကင်းလျက် ရဲရင့်ခြင်းဉာဏ်သို့ ရောက်လျက်သူတစ်ပါးကို ယုံကြည်ရန် မလိုတော့သည် ဖြစ်၍ မြတ်စွာ ဘုရား သာသနာတော်၌ နေ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အဘယ်မျှသော အတိုင်းအရှည်ဖြင့် ရဟန်းသည် အာသဝေါကုန်ပြီးသော မဂ်အကျင့် ကိုကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကို ပြုကျင့်ပြီးသော ဝန်ကို ချထားပြီးသော မိမိ (အရဟတ္တဖိုလ်) အကျိုးစီးပွားသို့ ရောက်ပြီးသော ဘဝကိုနှောင်ဖွဲ့ခြင်း ‘သံယောဇဉ်’ ကုန်ခန်းပြီးသော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသော ရဟန္တာ ဖြစ်ပါသနည်းဟု (မေး၏)။

အဂ္ဂိဝေဿန ဤသာသနာတော်၌ ရဟန်းသည် အတွင်း၌ဖြစ်သည်ဖြစ်စေ၊ အပ၌ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ (တည်သည်) ဖြစ်စေ၊ အနီး၌ (တည်သည်) ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ရုပ်အားလုံးကို “ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ့ကိုယ်မဟုတ်” ဟု ဤသို့ ဤရုပ်ကို အမှန်အတိုင်းကောင်းသောပညာဖြင့် ရှုမြင်၍ မစွဲလမ်းဘဲ လွတ်မြောက်၏။ ခံစားခြင်းကို။ပ။ မှတ်သားခြင်းကို။ပ။ ပြုပြင် စီရင်မှုတို့ကို။ပ။ အတွင်း၌ဖြစ်သည်ဖြစ်စေ၊ အပ၌ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ ့သိမ်မွေ့သည် ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ (တည်သည်) ဖြစ်စေ၊ အနီး၌ (တည်သည်) ဖြစ်စေ၊ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အထူးသိမှု ‘ဝိညာဏ်’ အားလုံးကို “ဤအထူးသိမှု ‘ဝိညာဏ်’သည် ငါ့ဥစ္စာမဟုတ်၊ ဤအထူးသိမှု ‘ဝိညာဏ်’သည် ငါမဟုတ်၊ ဤအထူးသိမှု ‘ဝိညာဏ်’သည် ငါ့ကိုယ်မဟုတ်” ဟု ဤသို့ ဤအထူးသိမှုဝိညာဏ်ကို အမှန်အတိုင်း ကောင်းသောပညာဖြင့် ရှုမြင်၍ မစွဲလမ်းဘဲ လွတ် မြောက်၏။ အဂ္ဂိဝေဿန ဤမျှသော အတိုင်းအရှည်ဖြင့်ရဟန်းသည် အာသဝေါကုန်ပြီးသော မဂ်အကျင့် ကို ကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကို ပြုကျင့်ပြီးသောဝန်ကို ချထားပြီးသော မိမိ (အရဟတ္တဖိုလ်) အကျိုး စီးပွားသို့ ရောက်ပြီးသောဘဝကိုနှောင်ဖွဲ့ခြင်း ‘သံယောဇဉ်’ ကုန်ခန်းပြီးသော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသော ရဟန္တာဖြစ်၏ဟု (မိန့်တော်မူ၏)။

(ထို့နောက်) အဂ္ဂိဝေဿန ဤသို့ လွတ်မြောက်ပြီးသော စိတ်ရှိသော ရဟန်းသည် အမြင်ထူးခြားခြင်း၊ အကျင့်ထူးခြားခြင်း၊ လွတ်မြောက်မှုထူးခြားခြင်းဟူသော သုံးပါးသော ထူးခြားခြင်းတို့နှင့် ပြည့်စုံ၏။ အဂ္ဂိဝေဿန ဤသို့လွတ်မြောက်ပြီးသော စိတ်ရှိသော ရဟန်းသည် မြတ်စွာဘုရားကိုသာလျှင် အရိုအသေပြု၏၊ အလေးပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ “သိတော်မူသော ထိုမြတ်စွာဘုရားသည် သိစေခြင်းငှါ တရားကို ဟောကြားတော်မူ၏၊ ယဉ်ကျေးတော်မူပြီးသော ထိုမြတ်စွာဘုရားသည် ယဉ်ကျေး (စေ)ခြင်းငှါ တရားကို ဟောတော်မူ၏၊ (ကိလေသာ) ငြိမ်းတော်မူပြီးသော ထိုမြတ်စွာဘုရားသည် (ကိလေသာ) ငြိမ်း (စေ)ခြင်းငှါ တရားကို ဟောတော်မူ၏၊ (သြဃလေးပါးကို) ကူးမြောက်တော်မူပြီးသော ထိုမြတ်စွာဘုရားသည် (သြဃလေးပါး) ကို ကူးမြောက် (စေ)ခြင်းငှါ တရားကို ဟောတော်မူ၏၊ အကြွင်းမဲ့ငြိမ်းအေး တော်မူပြီးသော ထိုမြတ်စွာဘုရားသည် အကြွင်းမဲ့ငြိမ်းအေး (စေ)ခြင်းငှါ တရားကို ဟောတော်မူ၏” ဟု မိန့်တော်မူ၏။

၃၆၂။ ဤသို့ မိန့်တော်မူသော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ အကျွန်ုပ်တို့သည် အသျှင်ဂေါတမကို စကားလမ်းစဉ်ဖြင့် အပြစ်တင်ဆို ပုတ်ခတ်ထိုက်၏ဟု ထင်မှတ်မိပါကုန်၏၊ အကျွန်ုပ်တို့သည်သာလျှင် ဂုဏ်ကို ချေဖျက်လေ့ရှိပါကုန်၏၊ အကျွန်ုပ်တို့သည် စကားမောက်မာခြင်း ရှိပါကုန်၏။ အသျှင်ဂေါတမ (မှန်ပါ၏)၊ အမုန်ယစ်သော ဆင်ကို ပုတ်ခတ်၍ ယောကျာ်းအား ချမ်းသာခြင်းသည် ဖြစ်ရာပါသေး၏၊ အသျှင်ဂေါတမကို ပုတ်ခတ်၍ ယောကျာ်းမှာချမ်းသာခြင်းသည် မဖြစ်ရာသည်သာတည်း။ အသျှင်ဂေါတမ တောက်ပြောင်သော မီးပုံကို ပုတ်ခတ်၍ယောကျာ်းအား ချမ်း သာခြင်းသည် ဖြစ်ရာပါသေး၏၊ အသျှင်ဂေါတမကို ပုတ်ခတ်၍ ယောကျာ်းအားချမ်းသာခြင်းသည် မဖြစ်ရာသည်သာတည်း။ အသျှင်ဂေါတမ လျင်သောအဆိပ်ရှိသောမြွေကြမ်းသောအဆိပ်ရှိသောမြွေကို ပုတ် ခတ်၍ ယောကျာ်းအား ချမ်းသာခြင်းသည် ဖြစ်ရာပါသေး၏၊ အသျှင်ဂေါတမကို ပုတ်ခတ်၍ ယောကျာ်း အား ချမ်းသာခြင်းသည် မဖြစ်ရာသည်သာတည်း။ အသျှင်ဂေါတမ အကျွန်ုပ်တို့သည် အသျှင်ဂေါတမကို စကားလမ်းစဉ်ဖြင့် အပြစ်တင်ဆို ပုတ်ခတ်ထိုက်၏ဟုထင်မှတ်မိပါကုန်၏၊ အကျွန်ုပ်တို့သည်သာ ဂုဏ်ကို ချေဖျက်လေ့ရှိပါကုန်၏၊ အကျွန်ုပ်တို့သည်စကားမောက်မာခြင်း ရှိပါကုန်၏။ အသျှင်ဂေါတမသည် နက် ဖြန်အလို့ငှါ အကျွန်ုပ်၏ ဆွမ်းကိုရဟန်းသံဃာနှင့်အတူ ခံယူတော်မူပါဟု လျှောက်၏။ မြတ်စွာဘုရား သည် ဆိတ်ဆိတ်နေခြင်းဖြင့်လက်ခံတော်မူ၏။

၃၆၃။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရား၏ လက်ခံခြင်းကို သိ၍ထိုလိစ္ဆဝီမင်းတို့ကို “လိစ္ဆဝီမင်းတို့ ငါ၏စကားကို နားထောင်ကြကုန်လော့၊ ရဟန်းဂေါတမကို နက်ဖြန့်အလို့ငှါ ရဟန်းသံဃာနှင့် အတူ ပင့်ဖိတ်ထား၏၊ ရဟန်းဂေါတမအား လျောက်ပတ်၏ဟု ထင်မှတ်ကြသော ဝတ္ထုကို ငါ့ထံသို့ ရှေးရှုဆောင်ခဲ့ကြကုန်” ဟု ပြောဆို၏။ ထိုအခါ ထိုလိစ္ဆဝီမင်းတို့သည် ထိုညဉ့်ကုန်လွန်သော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကထံသို့ ပို့ဆွမ်း ဆွမ်းအိုးငါးရာမျှလောက်ကို ပို့ကြကုန်၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မိမိအရံ၌ မွန်မြတ်သော ခဲဖွယ် စားဖွယ်ကို စီရင်စေ၍မြတ်စွာဘုရားအား “အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ” ဟု အချိန်တန်ကြောင်းကိုလျှောက် စေ၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာနိဂဏ္ဌတက္ကတွန်း၏သား သစ္စကအရံဆီသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ရဟန်းသံဃာနှင့်အတူ ထိုင်တော်မူ၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော်ကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည်တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရားဆွမ်းစားပြီး၍ သပိတ်မှလက်ကို ဖယ်ပြီးသောအခါ တစ်ခုသော နိမ့်သော နေရာကို ယူ၍ သင့်တင့်လျောက်ပတ်သော နေရာ၌ထိုင်၏။ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်လျက် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ အလှူဒါန၌ ကုသိုလ် (အကျိုး) ရင်းသည်လည်းကောင်း၊ ကြီးမြတ်သော ကုသိုလ် (အကျိုး) ဆက်သည်လည်းကောင်း ရှိ၏၊ ထိုအကျိုးရင်း အကျိုးဆက်သည် ပေးလှူသူ (လိစ္ဆဝီမင်း)တို့အား ချမ်းသာခြင်းငှါ ဖြစ်ပါစေ” ဟု ဆို၏၊ အဂ္ဂိဝေဿန သင်ကဲ့သို့ တပ်စွန်းခြင်း ပြစ်မှားခြင်း တွေဝေခြင်း မကင်းသေးသော အလှူခံပုဂ္ဂိုလ်ကို စွဲ၍ ပေးသော ဒါနမှုသည် ပေးလှူသူ လိစ္ဆဝီမင်းတို့အတွက်ဖြစ်လတ္တံ့၊ အဂ္ဂိဝေဿန ငါကဲ့သို့ တပ်စွန်းခြင်း ပြစ်မှားခြင်း တွေဝေခြင်း ကင်းသော အလှူခံပုဂ္ဂိုလ်ကိုစွဲ၍ ပေးလှူသော ဒါနမှုသည်ကား သင့်အတွက် ဖြစ်လတ္တံ့ဟု (မိန့်ကြားတော်မူ၏)။

ငါးခုမြောက် စူဠသစ္စကသုတ်ပြီး၏။