မဇ္ဈိမနိကာယ်

၆— မဟာသစ္စကသုတ်

၃၆၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်းကြီး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်အခါ၌သပိတ်သင်္ကန်းကို ယူဆောင်လျက် ဝေသာလီပြည်သို့ ဆွမ်းခံဝင်လို၍ ကောင်းစွာ ဝတ်ရုံတော်မူ၏။

ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် အညောင်းပြေ လမ်းလျှောက် လှည့်လည်သော်မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းဆီသို့ ချဉ်းကပ်၏။ အသျှင်အာနန္ဒာသည် အဝေးမှလာသော နိဂဏ္ဌတက္ကတွန်း၏သား သစ္စကကို မြင်၍ “အသျှင်ဘုရား ပညာပြိုင်ဆိုင်ပြောတတ်သော ပညာရှိ၏ဟု ပြောဆိုတတ်သော လူအပေါင်းက သူတော်ကောင်းဟု သမုတ်ထားသော ဤနိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် လာပါ၏၊ အသျှင်ဘုရား ထိုသစ္စကသည် မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကို အလိုရှိပါ၏၊ တရားတော်၏ ကျေးဇူးမဲ့ကို အလိုရှိပါ၏၊ သံဃာတော်၏ ကျေးဇူးမဲ့ကို အလိုရှိပါ၏၊ အသျှင်ဘုရားတောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် သနားခြင်းကိုစွဲ၍ တမုဟုတ်မျှ ထိုင်တော်မူပါလော့” ဟု မြတ်စွာဘုရားအား လျှောက်သဖြင့် ခင်းထားသော နေရာ၌ ထိုင်တော်မူ၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သားသစ္စကသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကားပြောဆို၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို (ပြောဆို) ပြီးဆုံးစေ၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်လျက်—

၃၆၅။ အသျှင်ဂေါတမ ကိုယ်ကောင်ပွားစီးရေးကိုသာ အားထုတ်လျက် စိတ်ပွားစီးရေးကိုကား့အားမထုတ်ဘဲ နေကြသည့် အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ အသျှင်ဂေါတမ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်၌ဖြစ်သော ဆင်းရဲဝေဒနာကို တွေ့ထိခံစားကုန်၏။ အသျှင်ဂေါတမ ရှေး၌ဖြစ်ဖူးသည်ကား ကိုယ်၌ ဖြစ်သော ဆင်းရဲဝေဒနာဖြင့် တွေ့ထိခံစားသူအား ပေါင်တန်းခြင်းသော်လည်း ဖြစ်ရတုံဘိ၏၊ နှလုံးသော်လည်း ကွဲရတုံဘိ၏၊ သွေးပူသော်လည်း ခံတွင်းမှ အန်ထွက်ရတုံဘိ၏၊ ရူးသွပ်ခြင်းစိတ်ပျံ့လွင့်ခြင်းသို့သော်လည်း ရောက်ရတုံဘိ၏။ အသျှင်ဂေါတမ ထိုသူ၏ စိတ်သည် ကိုယ်သို့ အစဉ်လိုက်၏။ ကိုယ်၏ အစွမ်းအားဖြင့် ဖြစ်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ စိတ်ကို မပွားစီးစေအပ်သည့် အဖြစ်ကြောင့်တည်း။

အသျှင်ဂေါတမ စိတ်ပွားစီးရေးကိုသာ အားထုတ်လျက် ကိုယ်ကောင်ပွားစီးရေးကိုကား အားမထုတ်ဘဲနေကြသည့် အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ အသျှင်ဂေါတမ ထိုသမဏဗြာဟ္မဏတို့သည် စိတ်၌ ဖြစ်သော ဆင်းရဲဝေဒနာကို တွေ့ထိခံစားကုန်၏။ အသျှင်ဂေါတမ ရှေး၌ဖြစ်ဖူးသည်ကားစိတ်၌ဖြစ်သော ဆင်းရဲဝေဒနာဖြင့် တွေ့ထိခံစားသူအား ပေါင်တန်းခြင်းသော်လည်း ဖြစ်ရတုံဘိ၏၊ နှလုံးသော်လည်း ကွဲရတုံဘိ၏၊ သွေးပူသော်လည်း ခံတွင်းမှ အန်ထွက်ရတုံဘိ၏၊ ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းသို့သော်လည်း ရောက်ရတုံဘိ၏။ အသျှင်ဂေါတမ ထိုသူ၏ ကိုယ်သည် စိတ်သို့ အစဉ်လိုက်၏။ စိတ်၏အစွမ်းအားဖြင့် ဖြစ်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ကိုယ်ကို မပွားစီးစေအပ်သည့်အဖြစ်ကြောင့်တည်း။ အသျှင်ဂေါတမ “စင်စစ်သော်ကား အသျှင်ဂေါတမ၏ တပည့်သာဝကတို့သည် စိတ်ပွားစီးရေးကိုသာ အားထုတ်လျက် ကိုယ်ပွားစီးရေး ကိုကား အားမထုတ်ဘဲ နေကြကုန်၏” ဟုဤသို့လျှင် အကျွန်ုပ်အား အကြံအစည်ဖြစ်ပါ၏ဟု ဆို၏။

၃၆၆။ အဂ္ဂိဝေဿန အဘယ်သို့လျှင် ကိုယ်ကောင်ပွားစီးရေးကို သင်ကြားဖူးသနည်းဟု (မေးတော်မူ၏)။

ဤ (ကြားဖူးသော) ကိုယ်ကောင်ပွားစီးရေးဟူသည် အဘယ်နည်းဟူမူ— အသျှင်ဂေါတမ ဝစ္ဆနွယ်၌ဖြစ်သော နန္ဒ၊ သံကိစ္စနွယ်၌ဖြစ်သော ကိသနှင့် မက္ခလိဂေါသာလတို့တည်း။ ဤသူတို့သည် အဝတ်မဝတ်ဘဲ နေကုန်၏၊ လွတ်လပ်စွာ ကျင့်ကုန်၏၊ လက်ဖြင့် (မစင်ကို) သုတ်လေ့ရှိကုန်၏၊ အသျှင် လာပါလော့ဆိုသူ၏ ဆွမ်းကို မခံကုန်၊ ရပ်ပါဦး ဆိုသူ၏ ဆွမ်းကို မခံကုန်၊ မိမိမရပ်မီ ရှေးရှုလာသော ဆွမ်းကိုမခံကုန်၊ ရည်စူး၍ ပြုသော ဆွမ်းကို မခံကုန်၊ ပင့်ဖိတ်ဆွမ်းကို မခံကုန်၊ ထို (နန္ဒစသော) သူတို့သည်အိုးဝမှကော်၍ လောင်းသော ဆွမ်းကို မခံကုန်၊ တောင်းဝမှ ကော်၍ လောင်းသော ဆွမ်းကို မခံကုန်၊ တံခါးခုံခြား၍ (လောင်းသော) ဆွမ်းကို မခံကုန်၊ တုတ်ခြား၍ (လောင်းသော) ဆွမ်းကို မခံကုန်၊ ကျည်ပွေ့ခြား၍ (လောင်းသော) ဆွမ်းကို မခံကုန်၊ နှစ်ယောက်စားနေစဉ်မှ (လောင်းသော) ဆွမ်းကို မခံကုန်၊ ကိုယ်ဝန်ဆောင်မိန်းမ၏ ဆွမ်းကို မခံကုန်၊ နို့တိုက်ဆဲမိန်းမ၏ ဆွမ်းကို မခံကုန်၊ ယောကျာ်းနှင့်နှီးနှောနေသော မိန်းမ၏ ဆွမ်းကို မခံကုန်၊ ဆော်အောစုဆောင်း၍ လောင်းသော ဆွမ်းတို့ကို မခံကုန်၊ ခွေးမျှော်နေရာမှ ဆွမ်းကို မခံကုန်၊ ယင်အုံရာမှ ဆွမ်းကို မခံကုန်၊ ငါးမစားကုန်၊ အမဲမစားကုန်၊ သေမသောက်ကုန်၊ အရက်မသောက်ကုန်၊ ဖွဲ၌ မြှုပ်ထားသော ဆေးရေကို မသောက်ကုန်၊ ထိုသူတို့သည်တစ်အိမ်၌သာ ဆွမ်းခံ၍ တစ်လုတ်သာ စားကုန်၏၊ နှစ်အိမ်၌သာ ဆွမ်းခံ၍ နှစ်လုတ်သာ စားကုန်၏။ပ။ ခုနစ်အိမ်၌သာ ဆွမ်းခံ၍ ခုနစ်လုတ်သာ စားကုန်၏၊ ဆွမ်းလောင်း ခွက်ငယ် တစ်ခုစာဖြင့်လည်း ရောင့်ရဲကုန်၏၊ ဆွမ်းလောင်းခွက်ငယ် နှစ်ခုစာဖြင့်လည်း ရောင့်ရဲကုန်၏။ပ။ ဆွမ်းလောင်းခွက်ငယ် ခုနစ်ခုစာဖြင့်လည်း ရောင့်ရဲကုန်၏၊ တစ်ရက်ခြားလည်း အစာစားကုန်၏၊ နှစ်ရက်ခြားလည်း အစာစားကုန်၏။ပ။ ခုနစ်ရက်ခြားလည်း အစာစားကုန်၏။ ဤနည်းဖြင့် လခွဲတစ်ကြိမ်တိုင်အောင်လည်း ဤသို့ သဘောရှိသောရက်ပိုင်းခြား၍ အစာစားခြင်း အကျင့်ကို ကျင့်လျက် နေပါကုန်၏ဟု (ဆို၏)။

အဂ္ဂိဝေဿန ထိုသူတို့သည် ထိုမျှလောက်ဖြင့်သာလျှင် မျှတကုန်သလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ဤမျှလောက်ဖြင့်သာလျှင် မျှတသည် မဟုတ်ပါ။ အသျှင်ဂေါတမ တစ်ခါတစ်ရံအလွန်မွန်မြတ်သော ခဲဖွယ်တို့ကို ခဲကုန်၏၊ အလွန်မွန်မြတ်သော စားဖွယ်တို့ကို စားကုန်၏၊ အလွန်မွန်မြတ်သော လျက်ဖွယ်တို့ကို လျက်ကုန်၏၊ အလွန်မွန်မြတ်သော သောက်ဖွယ်တို့ကို သောက်ကုန်၏၊ ထိုသူတို့သည် ဤကိုယ်ကို အားယူစေသည် မည်ကုန်၏၊ ပွားစေသည် မည်ကုန်၏၊ အဆီတိုးစေသည် မည်ကုန်၏ဟု (ဆို၏)။

အဂ္ဂိဝေဿန ထိုသူတို့သည် ရှေးဖြစ်သည့် ပြုကျင့်နိုင်ခဲသော အကျင့်ကို ပယ်၍ နောက်ကာလ၌တိုးပွားစေကုန်၏။ ဤသို့အားဖြင့် ဤကိုယ်၏ တိုးပွားခြင်း ဆုတ်ယုတ်ခြင်းသည် ဖြစ်၏။ အဂ္ဂိဝေဿနအဘယ်သို့လျှင် စိတ်ပွားစီးရေးကို သင်ကြားဖူးသနည်းဟု မေးတော်မူ၏။ စိတ်ပွားစီးရေးကို မြတ်စွာဘုရားမေးတော်မူသော် နိဂဏ္ဌ တက္ကတွန်း၏သား သစ္စကသည် ပြည့်စုံအောင် မဖြေဆိုနိုင်။

၃၆၇။ ထိုအခါ မြတ်စွာဘုရားသည် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကအား— “အဂ္ဂိဝေဿန သင် သည်ရှေး၌ဖြစ်သော ကိုယ်ပွားစီးရေးကို ဆို၏၊ ထိုကိုယ်ပွားစီးရေးသည်လည်း မြတ်စွာဘုရား၏ အဆုံးအမသာသနာတော်၌ တရားနှင့်လျော်သော ကိုယ်ပွားစီးရေး မဟုတ်ပေ။ အဂ္ဂိဝေဿန ကိုယ်ပွားစီးရေးကိုသော်လည်း သင်မသိ၊ စိတ်ပွားစီးရေးကိုကား အဘယ်မှာ သင် သိလတ္တံ့နည်း။ အဂ္ဂိဝေဿန စင်စစ်သော်ကား ပွားများမထားသော ကိုယ်ရှိသူ ပွားများမထားသော စိတ်ရှိသူ ပွားများထားသော ကိုယ်ရှိသူ ပွားများထားသော စိတ်ရှိသူ ဖြစ်ပုံကို နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားအံ့” ဟု မိန့်တော်မူ၏။

နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် “အသျှင် ကောင်းပါပြီ” ဟု မြတ်စွာဘုရားအား ပြန်ကြား သဖြင့်မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏။

၃၆၈။ အဂ္ဂိဝေဿန အဘယ်သို့လျှင် ပွားစီးမထားသော ကိုယ်ရှိသူ ပွားစီးမထားသော စိတ်ရှိသူဖြစ်သနည်း၊ အဂ္ဂိဝေဿန ဤလောက၌ အကြားအမြင်မရှိသော ပုထုဇ္ဇဉ်အား ချမ်းသာခံစားခြင်းသည်ဖြစ်ပေါ်၏။ ထိုသူသည် ချမ်းသာခံစားခြင်းဖြင့် တွေ့ထိခံရသော် ချမ်းသာခံစားခြင်း၌ လွန်စွာတပ်စွန်းခြင်းလည်း ဖြစ်၏၊ ချမ်းသာခံစားခြင်း၌ လွန်စွာတပ်စွန်းခြင်းရှိသည့် အဖြစ်သို့လည်း ရောက်၏။ ထိုသူအားထိုချမ်းသာခံစားခြင်းသည် ချုပ်ပျောက်၏၊ ချမ်းသာခံစားခြင်း၏ ချုပ်ပျောက်ခြင်းကြောင့် ဆင်းရဲခံစားခြင်းသည် ဖြစ်ပေါ်၏။ ထိုသူသည် ဆင်းရဲခံစားခြင်းဖြင့် တွေ့ထိခံရသော် ပူဆွေး၏၊ ပင်ပန်းရ၏၊ ငိုကြွေးရ၏၊ ရင်ဘတ်စည်တီး ငိုရ၏၊ တွေဝေမိန်းမောခြင်းသို့ ရောက်ရ၏။ အဂ္ဂိဝေဿန ထိုသူအားဤဖြစ်ပေါ်လာ သော ချမ်းသာခံစားခြင်းသည်လည်း ကိုယ်ကို မပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကိုသိမ်းကျုံး၍ တည်၏။ ဖြစ်ပေါ်လာသော ဆင်းရဲခံစားခြင်းသည်လည်း စိတ်ကို မပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကို သိမ်းကျုံး၍ တည်၏။ အဂ္ဂိဝေဿန ဤသို့ မည်သည့်ပုဂ္ဂိုလ်အားမဆိုနှစ်မျိုး နှစ်စားဖြစ်၍ ဖြစ် ပေါ်လာသော ချမ်းသာခံစားခြင်းသည်လည်း ကိုယ်ကို မပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကို သိမ်း ကျုံး၍ တည်၏။ ဖြစ်ပေါ်လာသော ဆင်းရဲခံစားခြင်းသည်လည်းစိတ်ကို မပွားစီးစေအပ်သည့်အဖြစ် ကြောင့် စိတ်ကို သိမ်းကျုံး၍ တည်၏။ အဂ္ဂိဝေဿန ဤသို့လျှင်ပွားစီးမထားသော ကိုယ်ရှိသူ ပွားစီး မထားသော စိတ်ရှိသူဖြစ်၏။

၃၆၉။ အဂ္ဂိဝေဿန အဘယ်သို့လျှင် ပွားစီးထားသော ကိုယ်ရှိသူ ပွားစီးထားသော စိတ်ရှိသူဖြစ်သနည်း၊ အဂ္ဂိဝေဿန ဤလောက၌ အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သာဝကအားချမ်းသာခြင်းသည် ဖြစ်ပေါ်၏။ ထိုသူသည် ချမ်းသာခံစားခြင်းဖြင့် တွေ့ထိခံရသော် ချမ်းသာခံစားခြင်း၌လွန်စွာတပ်စွန်းခြင်းလည်း မဖြစ်ပေ၊ ချမ်းသာခံစားခြင်း၌ လွန်စွာတပ်စွန်းခြင်းရှိသည်အဖြစ်သို့လည်းမရောက်၊ ထိုသူအား ထိုချမ်းသာ ခံစားခြင်းသည် ချုပ်ပျောက်၏၊ ချမ်းသာခံစားခြင်း၏ ချုပ်ပျောက်ခြင်းကြောင့် ဆင်းရဲခံစားခြင်းသည် ဖြစ်၏။ ထိုသူသည် ဆင်းရဲခံစားခြင်းဖြင့် တွေ့ထိခံရသော် မပူဆွေးရပေ၊ ့မပင်ပန်းရပေ၊ မငိုကြွေးရပေ၊ ရင်ဘတ်စည်တီး မငိုကြွေးရပေ၊ တွေဝေမိန်းမောခြင်းသို့ မရောက်ရပေ။ အဂ္ဂိဝေဿန ထိုပုဂ္ဂိုလ်အား ဤဖြစ်ပေါ်လာသော ချမ်းသာခံစားခြင်းသည်လည်း ကိုယ်ကို ပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ပေ။ ဖြစ်ပေါ်လာသော ဆင်းရဲခံစားခြင်းသည်လည်းစိတ်ကို ပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ပေ။

အဂ္ဂိဝေဿန ဤသို့ မည်သည့်ပုဂ္ဂိုလ်အားမဆို နှစ်မျိုးနှစ်စားဖြစ်၍ ဖြစ်ပေါ်လာသော ချမ်းသာခံစားခြင်းသည်လည်း ကိုယ်ကို ပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ပေ။ ဖြစ်ပေါ်လာသော ဆင်းရဲခံစားခြင်းသည်လည်း စိတ်ကို ပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ပေ။ အဂ္ဂိဝေဿန ဤသို့လျှင် ပွားစီးထားသော ကိုယ်ရှိသူ ပွားစီးထားသော စိတ်ရှိသူဖြစ်၏ဟု (မိန့်တော်မူ၏)။

၃၇ဝ။ အသျှင်ဂေါတမ ဤသို့ဖြစ်လျှင် အသျှင်ဂေါတမသည် ပွားစီးထားသော ကိုယ်ရှိသူ ပွားစီးထားသော စိတ်ရှိသူ ဖြစ်၏ဟု အသျှင်ဂေါတမအား အကျွန်ုပ် ကြည်ညိုပါ၏ဟု (ဆို၏)။

အဂ္ဂိဝေဿန စစ်စစ်သော်ကား သင်သည် ဤစကားကို ထိပါးစောင်းချိတ်၍ ဆိုသည်သာ ဖြစ်၏။ သို့ရာတွင် သင့်အား ငါ ဟောကြားအံ့။ အဂ္ဂိဝေဿန ငါသည် ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်ဆိုးသောအဝတ်တို့ကို ဝတ်ကာ လူ့ဘောင်မှ ထွက်ခွါလျက် ရဟန်းဘောင်၌ ရဟန်းပြုသောအခါမှစ၍ ဖြစ်ပေါ်လာသော ချမ်းသာခံစားခြင်းသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ တည်နိုင်ရာသော အကြောင်းမရှိပေ၊ ဖြေ်ပါ်လာသော ဆင်းရဲခံ စားခြင်းသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ တည်နိုင်ရာသော အကြောင်းမရှိပေဟု (မိန့်တော်မူ၏)။

စိတ်ကို သိမ်းကျုံး၍ တည်နိုင်ရာသော ချမ်းသာခံစားခြင်းမျိုးသည် အသျှင်ဂေါတမအား မဖြစ်ပေါ်လေယောင်တကား၊ စိတ်ကို သိမ်းကျုံး၍ တည်နိုင်ရာသော ဆင်းရဲခံစားခြင်းမျိုးသည် အသျှင်ဂေါတမအားမဖြစ်ပေါ် လေယောင်တကားဟု (ဆို၏)။

၃၇၁။ အဂ္ဂိဝေဿန အဘယ်မှာ မဖြစ်ပေါ်ဘဲ ရှိအံ့နည်း။ အဂ္ဂိဝေဿန ဤသာသနာတော်၌ ငါသည်အရိယာမဂ်ကို မရမီ (သစ္စာလေးပါးကို) ထိုးထွင်း၍ မသိသေးသော ဘုရားလောင်းမျှသာ ဖြစ်နေစဉ်က “လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြောင်း ဖြစ်၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏။ လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစွာ စင်စစ် စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်တူစွာ ဤမြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မလွယ်။ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ကာ လူ့ဘောင်မှ ထွက်ခွါလျက် ရဟန်းဘောင်သို့ ဝင်ရမူ ကောင်းလေစွ” ဟု ဤသို့သော အကြံအစည်သည် ဖြစ်၏။

အဂ္ဂိဝေဿန နောင်အခါ၌ ပျိုမျစ်သည်သာလျှင် ဖြစ်၍ ကောင်းစွာ မည်းနက်သော ဆံပင်ရှိသော ပဌမအရွယ်နှင့် ပြည့်စုံသဖြင့် အရွယ်ကောင်းသော ထိုငါသည် မလိုလားသော အမိအဖများ မျက်ရည်ယိုစီးလျက် ငိုကြွေးကုန်စဉ် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြုခဲ့၏။ ထိုငါသည် ဤဆိုခဲ့သည့်အတိုင်း ရဟန်းဖြစ်ပြီးလျက်သာလျှင်အဘယ်အရာသည် အပြစ်ကင်းသော တရားပေနည်းဟု ရှာဖွေလျက်, အဘယ်အရာသည် (အတုမရှိ) မြတ်သောငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေလျက် ကာလာမအနွယ်၌ဖြစ်သော အာဠာရထံသို့ ချဉ်းကပ်ပြီးနောက် ကာလာမအနွယ်၌ ဖြစ်သော အာဠာရကို “ငါ့သျှင် ကာလာမ ငါသည် ဤသာသနာတော်၌မြတ်သော အကျင့်ကို ကျင့်လို၏” ဟု ဤစကားကို ပြောဆို၏။ အဂ္ဂိဝေဿန ဤသို့ ပြောဆိုသော်ကာလာမအနွယ်၌ ဖြစ်သော အာဠာရက “အသျှင်သည် နေပါလော့၊ ဤတရားကား ပညာရှိယောကျာ်းသည် မကြာမီပင် မိမိ၏ဆရာအယူကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ပြည့်စုံစေ၍နေနိုင်ရာသော သဘောရှိပါ၏” ဟု ငါ့အား ပြောဆို၏။ အဂ္ဂိဝေဿန ထိုငါသည် မကြာမီ လျင်မြန်စွာသာ့လျှင် ထိုတရားကို သင်ယူ၏။ အဂ္ဂိဝေဿန ထိုငါသည် နှုတ်ခမ်းလှုပ်ရုံမျှသာ ဆိုပြသည်ကို လိုက်ဆိုရုံမျှလောက်ဖြင့်သာလျှင် သိပြီဟူသော စကားကိုလည်းကောင်း၊ ခိုင်မြဲပြီဟူသော စကားကိုလည်းကောင်း ပြောဆိုနိုင်၏။ ငါကိုယ်တိုင်ကလည်း သိ၏ မြင်၏ဟု ဝန်ခံ၏၊ သူတစ်ပါးတို့ကလည်း ပြောဆိုကြကုန်၏။ အဂ္ဂိဝေဿန ထိုငါ့အား ကာလာမအနွယ်၌ဖြစ်သော အာဠာရသည် ဤတရားကို ‘ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေရာ၏’ဟု ယုံကြည်မှု သက်သက်မျှဖြင့် ပြောကြားသည်မဟုတ်၊ စင်စစ်အားဖြင့် ကာလာမအနွယ်၌ဖြစ်သော အာဠာရသည် ဤတရားကို သိမြင်လျက် နေ၏” ဟုအကြံဖြစ်၏။

အဂ္ဂိဝေဿန ထိုအခါ ငါသည် ကာလာမအနွယ်၌ဖြစ်သော အာဠာရထံသို့ ချဉ်းကပ်ပြီးလျှင်— “ငါ့သျှင်ကာလာမ အဘယ်မျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာပြည့်စုံစေ၍ နေ၏ဟူ၍ ပြောကြားသနည်း” ဟု ကာလာမအနွယ်၌ဖြစ်သော အာဠာရကို ပြောဆို၏။ အဂ္ဂိဝေဿန ဤ သို့ ပြောဆိုသော် ကာလာမအနွယ်၌ဖြစ်သော အာဠာရသည် အာကိဉ္စညာယတနဈာန်ကိုပြောကြား၏။ အဂ္ဂိဝေဿန ထိုငါ့အား “ကာလာမအနွယ်၌ဖြစ်သော အာဠာရအားသာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိသည် မဟုတ်၊ ငါ့အားလည်း ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိ၏။ ကာလာမအနွယ်၌ဖြစ်သောအာဠာရအားသာလျှင် အားထုတ်မှု ‘ဝီရိယ’ ရှိသည် မဟုတ်၊ ငါ့အားလည်း အားထုတ်မှု ‘ဝီရိယ’ ရှိ၏။ ကာလာမအနွယ်၌ဖြစ် သော အာဠာရအားသာလျှင် အောက်မေ့ခြင်း ‘သတိ’ ရှိသည် မဟုတ်၊ ငါ့အားလည်းအောက်မေ့ခြင်း ‘သတိ’ ရှိ၏။ ကာလာမအနွယ်၌ဖြစ်သော အာဠာရအားသာလျှင်တည်ကြည်ခြင်း ‘သမာဓိ’ ရှိသည် မဟုတ်၊ ငါ့အားလည်း တည်ကြည်ခြင်း ‘သမာဓိ’ ရှိ၏။ ကာလာမအနွယ်၌ဖြစ်သော အာဠာရအားသာလျှင် အသိဉာဏ် ‘ပညာ’ ရှိသည် မဟုတ်၊ ငါ့အားလည်းအသိဉာဏ် ‘ပညာ’ ရှိ၏။

“ထူးသောဉာဏ်ဖြင့် ‘ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏’ဟု ကာလာမအနွယ်၌ဖြစ် သောအာဠာရ ပြောကြားထားသော တရားကို မျက်မှောက်ပြုခြင်းငှါ ငါအားထုတ်ရမူ ကောင်းပေမည်” ဟုအကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် မကြာမီ လျင်မြန်စွာသာလျှင် ထိုတရားကို ထူးသောဉာဏ်ဖြင့်ကိုယ် တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏။

အဂ္ဂိဝေဿန ထိုအခါ ငါသည် ကာလာမအနွယ်၌ဖြစ်သော အာဠာရထံသို့ ချဉ်းကပ်ပြီးလျှင်ကာလာမအနွယ်၌ဖြစ်သော အာဠာရအား “ငါ့သျှင်ကာလာမ ဤမျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ပြောကြားပါသလော” ဟု ပြောဆို၏။

ငါ့သျှင် ဤမျှလောက်ဖြင့် ဤတရားကို ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံ စေ၍ငါ ပြောကြားပါ၏ဟု (ဝန်ခံ၏)။

ငါ့သျှင် ငါသည်လည်း ဤမျှလောက်ဖြင့် ဤတရားကို ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေပါ၏ဟု (ပြောဆို၏)။

ငါ့သျှင် သင်ကဲ့သို့သော သီတင်းသုံးဖော်အသျှင်ကို ငါတို့ တွေ့မြင်ကြရခြင်းသည် ငါတို့မှာအရတော်လေစွ၊ ငါတို့မှာ အလွန်အရတော်လေစွ၊ ဤသို့ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါ ပြောကြားသော တရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်သည် နေ၏၊ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာပြည့်စုံစေ၍ သင်နေကြောင်းဖြစ်သော တရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာပြည့်စုံစေ၍ ငါပြောကြား၏။ ဤသို့ ငါ သိသော တရားကို သင် သိ၏၊ သင် သိသော တရားကို ငါသိ၏။ ဤသို့လျှင် ငါကဲ့သို့ပင် သင်လည်း ဖြစ်၏၊ သင်ကဲ့သို့ပင် ငါလည်း ဖြစ်၏။ ငါ့သျှင် လာလော့၊ ယခုအခါ သူတော်ကောင်း (ဖြစ်သော ငါတို့) နှစ်ဦးလုံးပင် ဤဂိုဏ်းကို (ရှေ့) ဆောင်ကြကုန်အံ့ဟု့ (ပြောဆို၏)။

အဂ္ဂိဝေဿန ဤသို့လျှင် ကာလာမအနွယ်၌ဖြစ်သော အာဠာရသည် ငါ၏ ဆရာဖြစ်လျက် မိမိ၏တပည့်ဖြစ်သော ငါ့ကို မိမိနှင့် အညီအမျှထား၏၊ ငါ့ကို မွန်မြတ်သော ပူဇော်ခြင်းဖြင့်လည်း ပူဇော်၏။ အဂ္ဂိဝေဿန ထိုငါ့အား “ဤတရားသည်ငြီးငွေ့ရန်အလို့ငှါ မဖြစ်၊ တပ်မက်ခြင်းကင်းရန် အလို့ငှါ မဖြစ်၊ (ဝဋ်ဆင်းရဲ) ချုပ်ရန် အလို့ငှါ မဖြစ်၊ (ကိလေသာ) ငြိမ်းရန်အလို့ငှါ မဖြစ်၊ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ မဖြစ်၊ (သစ္စာလေးပါးကို) သိရန်အလို့ငှါ မဖြစ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ မဖြစ်၊ အာကိဉ္စညာယတနဘုံ၌ ဖြစ်ရုံမျှ အကျိုးငှါသာလျှင် ဖြစ်၏” ဟု အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည်ထိုတရားကို တန်ဆာမဆင်ဘဲ ထိုတရားမှငြီးငွေ့၍ ဖဲခွါခဲ့၏။

၃၇၂။ အဂ္ဂိဝေဿန ထိုငါသည် အဘယ်အရာသည် အပြစ်ကင်းသော တရားပေနည်းဟု ရှာဖွေ လျက်,အဘယ်အရာသည် (အတုမရှိ) မြတ်သောငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေလျက် ရာမသား ဥဒကထံသို့ချဉ်းကပ်ပြီးနောက် ရာမသား ဥဒကအား— “ငါ့သျှင် ငါသည် ဤသာသနာတော်၌ မြတ်သော အကျင့်ကိုကျင့်လို၏” ဟု ဤစကားကို ပြောဆို၏။ အဂ္ဂိဝေဿန ဤသို့ပြောဆိုသော် ရာမသား ဥဒကက “အသျှင်သည် နေပါလော့၊ ဤတရားကား ပညာရှိယောကျာ်းသည် မကြာမီပင် မိမိ၏ဆရာ့အယူကိုထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေရာသော သဘောရှိပါ၏” ဟု ဤစကားကို ငါ့အား ပြောဆို၏။ အဂ္ဂိဝေဿန ထိုငါသည် မကြာမီ လျင်မြန်စွာသာလျှင် ထိုတရားကိုသင်ယူ၏။ အဂ္ဂိဝေဿန ထိုငါသည် နှုတ်ခမ်းလှုပ်ရုံမျှ ဆိုပြသည်ကို လိုက်ဆိုရုံမျှလောက်ဖြင့်သာလျှင်သိပြီ ဟူသော စကားကိုလည်းကောင်း၊ ခိုင်မြဲပြီဟူသော စကားကိုလည်းကောင်း ပြောဆိုနိုင်၏။ ငါကိုယ်တိုင်ကလည်း သိ၏ မြင်၏ဟု ဝန်ခံ၏၊ သူတစ်ပါးတို့ကလည်း ပြောဆိုကြကုန်၏။ အဂ္ဂိဝေဿနထိုငါ့အား “ရာမသည် ဤတရားကို ‘ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေရာ၏” ဟု ယုံကြည်မှုသက်သက်မျှဖြင့် ပြောကြားသည် မဟုတ်၊ စင်စစ်အားဖြင့် ရာမသည်ဤတရားကို သိမြင်လျက် နေ၏” ဟု အကြံဖြစ်၏။

အဂ္ဂိဝေဿန ထိုအခါ ငါသည် ရာမသား ဥဒကထံသို့ ချဉ်းကပ်ပြီးလျှင် “ငါ့သျှင်ရာမ အဘယ်မျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါနေ၏ ဟူ၍ပြောကြားသနည်း” ဟု ရာမသား ဥဒကကို ပြောဆို၏။ အဂ္ဂိဝေဿန ဤသို့ ပြောဆိုသော် ရာမသားဥဒကသည် နေဝသညာနာသညာယတနဈာန်ကို ပြောကြား၏။ အဂ္ဂိဝေဿန ထိုငါ့အား “ရာမအားသာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိသည် မဟုတ်၊ ငါ့အားလည်း ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိ၏။ ရာမအားသာလျှင် အား ထုတ်မှု ‘ဝီရိယ’ရှိသည် မဟုတ်၊ ငါ့အားလည်း အားထုတ်မှု ‘ဝီရိယ’ ရှိ၏။ ရာမအားသာလျှင် အောက်မေ့ခြင်း ‘သတိ’ ရှိသည် မဟုတ်၊ ငါ့အားလည်း အောက်မေ့ခြင်း ‘သတိ’ ရှိ၏။ ရာမအားသာလျှင် တည်ကြည်ခြင်း ‘သမာဓိ’ ရှိသည် မဟုတ်၊ ငါ့အားလည်း တည်ကြည်ခြင်း ‘သမာဓိ’ရှိ၏။ ရာမအားသာလျှင် အသိ ဉာဏ် ‘ပညာ’ ရှိသည် မဟုတ်၊ ငါ့အားလည်း အသိဉာဏ်ပညာ ရှိ၏။ ‘ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက် မှောက်ပြုကာ ပြည့်စုံစေ၍ ငါနေ၏’ဟု ရာမ ပြောကြားထားသောတရားကို မျက်မှောက်ပြုခြင်းငှါ ငါ အားထုတ်ရမူ ကောင်းပေမည်’ဟု အကြံဖြစ်၏။ အဂ္ဂိဝေဿနထိုငါသည် မကြာမီ လျင်မြန်စွာလျှင် ထို တရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာပြည့်စုံစေ၍ နေ၏။

အဂ္ဂိဝေဿန ထိုအခါ ငါသည် ရာမသား ဥဒကထံသို့ ချဉ်းကပ်၍ ရာမသား ဥဒကအား “ငါ့သျှင်ဤမျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ပြောကြားပါသလော” ဟု (ပြောဆို၏)။

ငါ့သျှင် ဤမျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံ စေ၍့ငါ ပြောကြားပါ၏ဟု (ဝန်ခံ၏)။ ငါ့သျှင် ငါသည်လည်း ဤမျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေပါ၏ဟု (ပြောဆို၏)။

ငါ့သျှင် သင်ကဲ့သို့သော သီတင်းသုံးဖော်အသျှင်ကို ငါတို့ တွေ့မြင်ကြရခြင်းသည် ငါတို့မှာ အရတော်လေစွ၊ ငါတို့မှာ အလွန်အရတော်လေစွ၊ ဤသို့ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာပြည့်စုံစေ၍ ငါပြောကြားသော တရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍သင်သည် နေ၏၊ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေကြောင်းဖြစ်သော တရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြား၏။ ဤသို့ ငါသိ သော တရားကို သင် သိ၏၊ သင်သိသော တရားကို ငါသိ၏။ ဤသို့လျှင်ငါကဲ့သို့ပင် သင်လည်း ဖြစ်၏၊ သင်ကဲ့သို့ပင် ငါလည်း ဖြစ်၏။ ငါ့သျှင် လာလော့၊ ယခုအခါသင်သည် ဤဂိုဏ်းကို (ရှေ့) ဆောင်ပါ လော့ဟု ပြောဆို၏။

အဂ္ဂိဝေဿန ဤသို့လျှင် ရာမသား ဥပကသည် ငါ၏ သီတင်းသုံးဖော်ဖြစ်လျက် ငါ့ကို ဆရာ့အရာ၌်ထား၏၊ ငါ့ကို မွန်မြတ်သော ပူဇော်ခြင်းဖြင့်လည်း ပူဇော်၏။ အဂ္ဂိဝေဿန ထိုငါ့အား ဤသို့သောအကြံ သည် ဖြစ်၏။ “ဤတရားသည်ငြီးငွေ့ရန်အလို့ငှါ မဖြစ်၊ တပ်မက်ခြင်းကင်းရန်အလို့ငှါ မဖြစ်၊ (ဝဋ်ဆင်း ရဲ) ချုပ်ရန် အလို့ငှါ မဖြစ်၊ (ကိလေသာ) ငြိမ်းရန်အလို့ငှါ မဖြစ်၊ (ထူးသောဉာဏ်ဖြင့်) သိရန်အလို့ငှါ မဖြစ်၊ (သစ္စာလေးပါးကို) သိရန်အလို့ငှါ မဖြစ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ မဖြစ်။ နေဝသညာ နာသညာယတနဘုံ၌ ဖြစ်ရုံမျှ အကျိုးငှါသာလျှင် ဖြစ်၏” ဟု (အကြံဖြစ်၏)။ အဂ္ဂိဝေဿနထိုငါသည် ထို တရားကို တန်ဆာမဆင်ဘဲ ထိုတရားမှငြီးငွေ့၍ ဖဲခွါခဲ့၏။

၃၇၃။ အဂ္ဂိဝေဿန ထိုငါသည် အဘယ်အရာသည် အပြစ်ကင်းသော တရားပေနည်းဟု ရှာဖွေ လျက်,အဘယ်အရာသည် (အတုမရှိ) မြတ်သောငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေလျက် မဂဓတိုင်းတို့၌အစဉ်အတိုင်း ဒေသစာရီ လှည့်လည်သော် ဥရုဝေလတော သေနာနိဂုံးသို့ ရောက်၏။ ထိုအရပ်၌ မွေ့လျော်ဖွယ်ရာ မြေအဖို့ကိုလည်းကောင်း၊ ကြည်နူးဖွယ်ကောင်းသော တောအုပ်ကိုလည်းကောင်း၊ စီးဆင်းနေသော မြစ်ကိုလည်းကောင်း၊ မွေ့လျော်ဖွယ်ကောင်းသော သန့်ရှင်းသော ဆိပ်ကမ်းကိုလည်းကောင်း၊ အနီးအနားမှ ဆွမ်းခံရွာကိုလည်းကောင်း မြင်၏။ အဂ္ဂိဝေဿန ထိုငါအား ဤသို့သော အကြံသည် ဖြစ်၏။ “အချင်းတို့ မြေအဖို့သည် စင်စစ် မွေ့လျော်ဖွယ် ရှိလှပေ၏ တောအုပ်သည်လည်း ကြည်နူးဖွယ် ကောင်းလှပေ၏၊ မြစ်သည်လည်း တသွင်သွင် စီးဆင်းနေ၏၊ ဆိပ်ကမ်းသည်လည်း သန့်ရှင်း၍ မွေ့လျော်ဖွယ်ကောင်းလှပေ၏၊ ဆွမ်းခံရွာသည်လည်း နီးနားလှပေ၏၊ ဤအရပ်သည် ကမ္မဋ္ဌာန်းအားထုတ်လိုသောအမျိုးသားအား ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ သင့်လျော်ရာ၏ဟု (အကြံဖြစ်၏)။ အဂ္ဂိဝေဿန ဤအရပ်သည် ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ သင့်လျော်လှပေ၏” ဟု နှလုံးသွင်းလျက် ထိုအရပ်၌ပင် ငါနေခဲ့ပေ၏။

၃၇၄။ အဂ္ဂိဝေဿန စင်စစ် ရှေးက မကြားဖူးသေးသည့် အံ့သြဖွယ်ရာဖြစ်သော ဥပမာသုံးရပ်တို့ သည်ငါ့အား ထင်လာကုန်၏။ အဂ္ဂိဝေဿန ဥပမာသော်ကား ရေ၌ ချထားသော အစေးရှိသော ထင်းစို သည်ရှိ၏။ ထိုအခါ ယောကျာ်းသည် “မီးကို ဖြစ်စေအံ့၊ အပူဓာတ်ကို ထင်ရှားပြုအံ့” ဟု မီးပွတ်ခုံကို ယူ၍လာရာ၏။ အဂ္ဂိဝေဿန ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ် ထိုယောကျာ်းသည် ရေ၌ချထားသော အစေးရှိသော ဤမည်သော ထင်းစိုကို မီးပွတ်ခုံကို ယူ၍ ပွတ်တိုက်သော် မီးကိုဖြစ်စေနိုင်ရာသလော၊ အပူဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ဤအရာသည် မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အသျှင်ဂေါတမ ဤမည်သောထင်းသည် အစေးရှိသော ထင်းစိုဖြစ်သည့်ပြင် ရေ၌လည်း ချထားသောကြောင့်တည်း။ ထိုယောကျာ်းသည်ကိုယ်ပင်ပန်းရုံ စိတ်ဆင်းရဲရုံသာလျှင် အဖို့ရှိရာပါ၏ဟု (လျှောက်၏)။

အဂ္ဂိဝေဿန ဤ အတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ စိတ့်ဖြင့်လည်းကောင်း၊ လိုချင်မှုတို့မှ မကင်းဆိတ်ဘဲ နေကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ် ‘ဝတ္ထုကာမ’တို့၌ လိုချင်တပ်မက်မှု ‘ကာမစ္ဆန္ဒ’ လိုချင်မှုဟူသော အစေးလိုချင်မှုဟူသော မိန်းမောတွေဝေခြင်း လိုချင်မှုဟူသော မွပ်သိပ်ခြင်း လိုချင်မှုဟူသော ပူဆာခြင်းကို ကောင်းစွာမပယ်ရသေး၊ ကောင်းစွာ မငြိမ်းရသေး။ အကယ်၍ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကို ခံစားရကုန်သော်လည်းသိခြင်းငှါ မြင်ခြင်းငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ မထိုက်ကုန်။ အကယ်၍ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကိုမခံစားရကုန်သော်လည်း သိခြင်းငှါ မြင်ခြင်းငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ အဂ္ဂိဝေဿန ငါရှေးက မကြားဖူးသေးသည့် ရှေးဦးစွာဖြစ်သော အံ့သြဖွယ်ရာ ဤဥပမာသည် ငါ့အားထင်လာ၏။

၃၇၅။ အဂ္ဂိဝေဿန ရှေးက မကြားဖူးသေးသည့် အခြားအံ့သြဖွယ်ရာဖြစ်သော နှစ်ခုမြောက် ဥပမာသည်လည်း ငါ့အား ထင်လာပြန်၏။ အဂ္ဂိဝေဿန ဥပမာသော်ကား ရေမှ ဝေးစွာ ကုန်း၌ ချထားသောအစေးရှိသော ထင်းစိုသည် ရှိ၏။ ထိုအခါ ယောကျာ်းသည် “မီးကို ဖြစ်စေအံ့၊ အပူဓာတ်ကို ထင်ရှားပြုအံ့” ဟု မီးပွတ်ခုံကို ယူ၍ လာရာ၏။ အဂ္ဂိဝေဿန ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ်ထိုယောကျာ်းသည် ရေမှ ဝေးစွာ ကုန်း၌ ချထားသော အစေးရှိသော ဤမည်သော ထင်းစိုကိုမီးပွတ်ခုံကို ယူ၍ ပွတ်တိုက်သော် မီးကို ဖြစ်စေနိုင်ရာသလော၊ အပူဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော် မူ၏)။

အသျှင်ဂေါတမ ဤအရာသည် မဖြစ်နိုင်ပါ။ အဘယ်ကြောင့်နည်းဆိုသော် အသျှင်ဂေါတမ ဤမည် သောထင်းသည် ရေမှ ဝေးစွာ ကုန်း၌ ချထားစေကာမူ အစေးရှိသော ထင်းစိုဖြစ်သောကြောင့်တည်း။ ထိုယောကျာ်းသည် ကိုယ်ပင်ပန်းရုံ စိတ်ဆင်းရဲရုံသာလျှင် အဖို့ရှိရာပါ၏ဟု (လျှောက်၏)။

အဂ္ဂိဝေဿန ဤ အတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ ကင်းဆိတ်လျက် နေကုန်၏။ ထိ်ုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ် ‘ဝတ္ထုကာမ’တို့၌ လိုချင်တပ်မက်မှု ‘ကာမစ္ဆန္ဒ’ လိုချင်မှုဟူသော အစေးလိုချင်မှုဟူ သော မိန်းမောတွေဝေခြင်း လိုချင်မှုဟူသော မွတ်သိပ်ခြင်း လိုချင်မှုဟူသော ပူဆာခြင်းကိုကောင်းစွာ မပယ်ရသေး၊ ကောင်းစွာ မငြိမ်းရသေး။ အကယ်၍ ထိုအသျှင်သမဏဗြာဟ္မဏတို့သည်လုံ့လကြောင့်ဖြစ် ကုန်သော ကြမ်းတမ်း စပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကိုခံစားရကုန်သော်လည်း သိခြင်းငှါ မြင်ခြင်းငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ အကယ်၍ထိုအသျှင် သမဏ ဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြမ်းတမ်းစပ်ခါးဆိုးရွားထက်မြက်ကုန်သော ဆင်းရဲ ဝေဒနာတို့ကို မခံစားရကုန်သော်လည်း သိခြင်းငှါ မြင်ခြင်းငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန် ကုန်။ အဂ္ဂိဝေဿန ငါရှေးက မကြားဖူးသေးသည့် အံ့သြဖွယ်ရာနှစ်ခုမြောက် ဥပမာသည် ငါ့အား ထင်လာ၏။

၃၇၆။ အဂ္ဂိဝေဿန ရှေးက မကြားဖူးသေးသည့် အခြားအံ့သြဖွယ်ရာဖြစ်သော သုံးခုမြောက် ဥပမာသည်လည်း ငါ့အား ထင်လာပြန်၏။ အဂ္ဂိဝေဿန ဥပမာသော်ကား ရေမှ ဝေးစွာ ကုန်း၌ ချထားသောအစေးမရှိသော ထင်းချောက်သည် ရှိ၏။ ထိုအခါ ယောကျာ်းသည် “မီးကို ဖြစ်စေအံ့၊ အပူဓာတ်ကို ထင်ရှားပြုအံ့” ဟု မီးပွတ်ခုံကို ယူ၍ လာရာ၏။ အဂ္ဂိဝေဿန ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ် ထိုယောကျာ်းသည် ရေမှ ဝေးစွာ ကုန်း၌ ချထားသော အစေးမရှိသော ထင်းချောက်ကို မီးပွတ်ခုံကို ယူ၍ ပွတ်သော် မီးကို ဖြစ်စေနိုင်ရာသလော၊ အပူဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ဤအရာကား ဖြစ်နိုင်ပါ၏။ အဘယ်ကြောင့်နည်း ဆိုသော် အသျှင်ဂေါတမ ဤမည်သော ထင်းသည် အစေးမရှိသော ထင်းဖြစ်သည့်ပြင် ရေမှ ဝေးစွာ ကုန်း၌လည်း ချထားသောကြောင့်ပါတည်းဟု (လျှောက်၏)။

အဂ္ဂိဝေဿန ဤ အတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ ကင်းဆိတ်လျက် နေကုန်၏။ ထိ်ုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ် ‘ဝတ္ထုကာမ’တို့၌ လိုချင်တပ်မက်မှု ‘ကာမစ္ဆန္ဒ’ လိုချင်မှုဟူသော အစေးလိုချင်မှုဟူ သော မိန်းမောတွေဝေခြင်း လိုချင်မှုဟူသော မွတ်သိပ်ခြင်း လိုချင်မှုဟူသော ပူဆာခြင်းကိုကောင်းစွာ ပယ်ပြီးဖြစ်၏၊ ကောင်းစွာငြိမ်းပြီးဖြစ်၏။ အကယ်၍ ထိုအသျှင်သမဏဗြာဟ္မဏတို့သည်လုံ့လကြောင့်ဖြစ် ကုန်သော ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကိုခံစားရကုန်သော်လည်း သိခြင်းငှါ မြင်ခြင်းငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ ထိုက်တန်ကုန်၏။ အကယ်၍ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြမ်းတမ်း စပ်ခါးဆိုးရွားထက်မျက်ကုန်သော ဆင်းရဲဝေဒနာတို့ကို မခံစားရကုန်သော်လည်း သိခြင်းငှါ မြင်ခြင်းငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ ထိုက်တန်ကုန်၏။ အဂ္ဂိဝေဿန ရှေးက မကြားဖူးသေးသည့် အံ့သြဖွယ်ရာသုံးခုမြောက် ဥပမာသည် ငါ့အား ထင်လာ၏။ အဂ္ဂိဝေဿန ရှေးက မကြားဖူးသေးသည့်ဤအံ့သြဖွယ်ရာဖြစ်သော ဤဥပမာ သုံးရပ်တို့သည် ငါ့အား ထင်လာကုန်၏၊

၃၇၇။ အဂ္ဂိဝေဿန “ငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ (အံကြိတ်၍) လျှာဖြင့် အာစောက်ကိုထိလျက် (တောက်ခေါက်လျက်) စိတ်ဖြင့် စိတ်ကို ဖိနှိပ်ရမူ ဖျစ်ညှစ်ရမူ ပင်ပန်းစေရမူ ကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ်၏၊ ဖျစ်ညှစ်၏၊ ပင်ပန်းစေ၏၊ အဂ္ဂိဝေဿန ထိုငါသည် သွားတို့ဖြင့်သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ် ဖျစ်ညှစ် ပင်ပန်းစေသော်လက်ကတီးကြားတို့မှ ချွေးတို့သည် ယိုထွက်ကုန်၏။ အဂ္ဂိဝေဿန ဥပမာသော်ကား အားရှိသောယောကျာ်းသည် အားနည်းသော ယောကျာ်းကို ဦးခေါင်း၌ ကိုင်၍သော်လည်းကောင်း၊ ပခုံး၌ ကိုင်၍သော်လည်းကောင်း ဖိနှိပ်ရာ ဖျစ်ညှစ်ရာ ပင်ပန်းစေရာ သကဲ့သို့၊ ဤအတူ ငါသည် သွားတို့ဖြင့် သွားကိုကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ် ဖျစ်ညှစ် ပင်ပန်းစေသော် လက်ကတီးကြားတို့မှ ချွေးတို့သည် ယိုထွက်ကုန်၏။ အဂ္ဂိဝေဿန ငါသည် တွန့်တိုဆုတ်နစ်ခြင်းမရှိသော လုံ့လဝီရိယကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ။ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်းရှိခဲ့၏၊ မငြိမ်းအေးခဲ့၊ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ဆင်းရဲဝေဒနာသည်လည်းငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

၃၇၈။ အဂ္ဂိဝေဿန “ငါသည် ထွက်သက် ဝင်သက် မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်ကိုသာလျှင် ဝင်စားရမူကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏။ အဂ္ဂိဝေဿန ထိုငါသည်ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော်နားတွင်းတို့မှ ထွက်သော လေတို့၏ အသံသည် လွန်ကဲပြင်းထန်စွာ ဖြစ်၏။ အဂ္ဂိဝေဿန ပန်းပဲသမားတို့၏ ဖားဖို (ဆွဲ) မှုတ်သော် လွန်ကဲပြင်းထန်သော အသံသည် ဖြစ်သကဲ့သို့၊ ဤအတူပင်လျှင် ငါသည်ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော်နားတွင်းတို့မှ ထွက်သော လေတို့၏ အသံသည် လွန်ကဲပြင်းထန်စွာ ဖြစ်၏။ အဂ္ဂိဝေဿန ငါသည် တွန့်တိုဆုတ်နစ်ခြင်းမရှိသော လုံ့လဝီရိယကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည့်ထင်ပြီ။ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို ဖြစ်စေတတ်သောအားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့၊ အဂ္ဂိဝေဿန ဤသို့သဘောရှိသောဖြစ်ပေါ်လာသော ဆင်းရဲဝေဒနာသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

အဂ္ဂိဝေဿန “ငါသည် ထွက်သက်ဝင်သက် မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်ကိုသာလျှင် ဝင်စားရမူကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏။ အဂ္ဂိဝေဿနထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက် ဝင်သက်တို့ကို ချုပ်တည်း ပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော လေတို့သည် ဦးထိပ်၌တိုးဝှေ့ကုန်၏။ အဂ္ဂိဝေဿန အားရှိသော ယောကျာ်းသည် ထက်သောချွန်းဖြင့် ဦးထိပ်၌ကြိတ်နှိပ်ရာသကဲ့သို့ ဤအတူပင်လျှင် ငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်း ပိတ်ပင်ထားသော် လွန်စွာပြင်းထန်သောလေတို့သည် ဦးထိပ်၌ တိုးဝှေ့ကုန်၏။ အဂ္ဂိဝေဿန ငါသည် တွန့်တိုဆုတ်နစ်ခြင်းမရှိသောလုံ့လဝီရိယကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ။ အားထုတ်ခြင်းဖြင့်ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်းကြောင့်သာလျှင်ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့၊ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာ သောဆင်းရဲဝေဒနာသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

အဂ္ဂိဝေဿန “ငါသည် ထွက်သက်ဝင်သက် မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ကိုသာလျှင် ဝင်စားရမူကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ခံတွင်းမှလည်းကောင်း နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏။ အဂ္ဂိဝေဿနထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ဦးခေါင်းကိုက်ခဲခြင်းတို့သည်ဖြစ်ကုန်၏။ အဂ္ဂိဝေဿန အားရှိသော ယောကျာ်းသည် ခိုင်ခံ့သော သားရေလွန်ပိုင်းဖြင့် ဦးခေါင်းကိုရစ်ပတ်ထားရာသကဲ့သို့ ဤ အတူပင်လျှင် ငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သောဦးခေါင်းကိုက်ခဲခြင်းတို့သည် ဖြစ်ကုန်၏။ အဂ္ဂိဝေဿန ငါသည် တွန့်တိုဆုတ်နစ်ခြင်း မရှိသောလုံ့လဝီရိယကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ။ အားထုတ်ခြင်းဖြင့်ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထို ဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်းကြောင့်သာလျှင်ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့၊ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသောဆင်းရဲဝေဒနာသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

အဂ္ဂိဝေဿန “ငါသည် ထွက်သက်ဝင်သက် မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ကိုသာလျှင် ဝင်စားရမူကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏။ အဂ္ဂိဝေဿနထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သောလေတို့သည် ဝမ်းကိုထိုးဆွရစ်မွှေကုန်၏။ အဂ္ဂိဝေဿန ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏တပည့်သည်လည်းကောင်း ထက် သော သားလှီးဓားငယ်ဖြင့် ဝမ်းကို ထိုးဆွ ရစ်မွှေရာသကဲ့သို့ဤအတူပင်လျှင် ငါသည် ခံတွင်းမှလည်း ကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား သော် လွန်ကဲပြင်းထန်သော လေတို့သည် ဝမ်းကို့ထိုးဆွရစ်မွှေကုန်၏။ အဂ္ဂိဝေဿန ငါသည် တွန့်တို ဆုတ်နစ်ခြင်းမရှိသော လုံ့လဝီရိယကိုအားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ။ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသောငါ၏ ကိုယ်သည် ထိုဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်း ကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့၊ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ဆင်းရဲဝေဒနာသည်လည်းငါ၏စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

အဂ္ဂိဝေဿန “ငါသည် ထွက်သက်ဝင်သက် မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ ကိုသာလျှင် ဝင်စားရမူကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏။ အဂ္ဂိဝေဿနထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ကိုယ်၌ ပူလောင်ခြင်းသည်ဖြစ်၏။ အဂ္ဂိဝေဿန အား ရှိသော ယောကျာ်းနှစ်ယောက်တို့သည် အားနည်းသော ယောကျာ်းကိုအသီးအသီး လက်မောင်းတို့၌ ကိုင်၍ မီးကျီးတွင်း၌ ကင်ကုန်ရာသကဲ့သို့ အပြန်ပြန်။ မိုက်ကုန်ရာသကဲ့သို့ဤအတူပင်လျှင် ငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်း ပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ကိုယ်၌ ပူလောင်ခြင်းသည်ဖြစ်၏။ အဂ္ဂိဝေဿန ငါသည် တွန့် တိုဆုတ်နစ်ခြင်းမရှိသော လုံ့လဝီရိယကို အားထုတ်ပြီးပြီ၊ ငါ့အားမေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ။ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည်ထိုဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့၊ အဂ္ဂိဝေဿန ဤသို့ သဘောရှိသော ဖြစ်ပေါ်လာ သော ဆင်းရဲဝေဒနာသည်လည်း ငါ၏ စိတ်ကိုသိမ်းကျုံး၍ မတည်နိုင်။

အဂ္ဂိဝေဿန စင်စစ်သော်ကား နတ်တို့သည် ငါ့ကို မြင်၍ “ရဟန်းဂေါတမသည် သေလေပြီ” ဟုဆိုကုန်၏။ အချို့နတ်တို့ကမူ “ရဟန်းဂေါတမသည် မသေသေး၊ စင်စစ်ကား သေအံ့ဆဲဆဲသာဖြစ်၏” ဟုဆိုကုန်၏။ အချို့နတ်တို့သည်ကား “ရဟန်းဂေါတမသည် သေလည်း မသေသေး၊ သေအံ့ဆဲဆဲလည်းမဟုတ်၊ ရဟန်းဂေါတမသည် ရဟန္တာတည်း၊ ရဟန္တာ၏ နေခြင်းကား ဤသို့သဘောရှိ၏” ဟု ဆိုကုန်၏။

၃၇၉။ အဂ္ဂိဝေဿန “ငါသည် လုံးဝ အစာအာဟာရ ဖြတ်၍ ကျင့်ရမူ ကောင်းပေမည်” ဟု ငါ့အားအကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုအခါ နတ်တို့သည် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် “အချင်း သင်သည် လုံးဝအစာအာဟာရကို ဖြတ်၍ မကျင့်ပါလင့်၊ အကယ်၍ သင်သည် လုံးဝ အစာအာဟာရကို ဖြတ်၍ ကျင့်အံ့၊ ငါတို့သည် သင်၏ အမွေးတွင်းတို့မှ နတ်သြဇာကို တစ်ဆင့်သွင်းကြရအံ့၊ ထိုနတ်သြဇာဖြင့် သင်သည်မျှတလတ္တံ့” ဟု ဆိုကုန်၏။ အဂ္ဂိဝေဿန “ငါသည်လည်း လုံးဝမစား” ဟု ဝန်ခံငြားအံ့၊ ဤနတ်တို့သည်လည်း အမွေးတွင်းတို့မှ နတ်သြဇာကို တစ်ဆင့်သွင်းကုန်ရာ၏၊ ထိုနတ်သြဇာဖြင့်လည်း ငါသည် မျှတရအံ့၊ ထိုဝန်ခံခြင်းသည် ငါ့အား မုသားဖြစ်ရာ၏” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ထိုနတ်တို့ကို တားမြစ်၏၊ “မသင့်” ဟု ပြောဆို၏။

၃၈ဝ။ အဂ္ဂိဝေဿန “ငါသည် တစ်လက်ဖက် တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျိုရမူ ကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် တစ်လက်ဖက်တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျို၏။ အဂ္ဂိဝေဿန တစ်လက်ဖက်တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျိုသော ထိုငါ၏ ကိုယ်သည် အလွန့်ပိန်ကြုံခြင်းသို့ ရောက်၏။ ထိုအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ အင်္ဂါကြီးငယ်တို့သည် ကစွန်းနွယ်၏အဆစ်တို့ကဲ့သို့လည်းကောင်း၊ နွယ်ပုပ်နွယ်ငန်း၏ အဆစ်တို့ကဲ့သို့လည်းကောင်း ဖြစ်ပေါ်နေ၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ တင်ပါးဆုံသားသည် ကုလားအုပ်ခြေရာကဲ့သို့ ဖြစ်ပေါ်နေ၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ ကျောက်ကုန်းရိုးသည် ပုတီးကုန်းကဲ့သို့ အမြင့်အနိမ့် ဖြစ်ပေါ်နေ၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ဇရပ်ဆွေး၏ အခြင်တို့သည် ဖရိုဖရဲ အထက်တင် အောက်ကျ ပျက်စီးကျနေကုန်သကဲ့သို့ ငါ၏ နံရိုးတို့သည် ဖရိုဖရဲ အထက်တင် အောက်ကျ ဖြစ်နေကုန်၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် နက်သော ရေတွင်း၌ ရေအဝန်းသည် နက်ရှိုင်း၍ အောက်သို့ ဝင်နေသလို ထင်ရသကဲ့သို့ ငါ၏ မျက်တွင်းတို့၌ မျက်လုံးတို့သည် နက်ရှိုင်း၍ အောက်သို့ ဝင်နေသလို ထင်ရကုန်၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် အနုဆွတ်ထားသော ဗူးခါးသီးသည် လေနေပူဖြင့် တွေ့ထိကာ ရှှုံ့တွနေသကဲ့သို့ ထိုငါ၏ ဦးခေါင်းရေသည် ရှှုံ့တွနေ၏။

အဂ္ဂိဝေဿန ထိုငါသည် ဝမ်းရေကို သုံးသပ်အံ့ဟု သုံးသပ်သော် ကျောက်ကုန်းရိုးကိုသာလျှင် ကိုင်မိ၏၊ ကျောက်ကုန်းရိုးကို သုံးသပ်အံ့ဟု သုံးသပ်သော် ဝမ်းရေကိုသာလျှင် ကိုင်မိ၏။ အဂ္ဂိဝေဿန ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ ဝမ်းရေသည် ကျောက်ကုန်းရိုးကပ်သည်အထိ ဖြစ်ပေါ်နေ၏။ အဂ္ဂိဝေဿန ထိုငါသည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း စွန့်အံ့ဟု သွားသော် ထိုနေရာ၌သာ ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် မှောက်ခုံလဲကျ၏။ အဂ္ဂိဝေဿန ထိုငါသည် ဤကိုယ်ကိုသာလျှင် သက်သာစေလို၍ လက်ဖြင့် ကိုယ်တို့ကို ပွတ်သပ်၏။ အဂ္ဂိဝေဿန လက်ဖြင့် ကိုယ်တို့ကို ပွတ်သပ်သော် အမြစ်ဆွေးနေကုန်သော အမွေးတို့သည် ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ကိုယ်မှ ကျွတ်ကျကုန်၏။

အဂ္ဂိဝေဿန စင်စစ် လူတို့သည် ငါ့ကို မြင်၍ “ရဟန်းဂေါတမသည် မည်းသော အဆင်းရှိ၏” ဟုဆိုကုန်၏။ အချို့လူတို့ကမူ “ရဟန်းဂေါတမသည် မည်းသော အဆင်းရှိသည် မဟုတ်၊ ရဟန်းဂေါတမသည် ရွှေသော အဆင်းရှိ၏” ဟု ဆိုကုန်၏။ အချို့လူတို့သည်ကား “ရဟန်းဂေါတမသည် မည်းသောအဆင်းရှိသည် မဟုတ်၊ ရွှေသော အဆင်းရှိသည် မဟုတ်၊ ရဟန်းဂေါတမသည် ကြမ်းပိုးကျောက်ကုန်းအရေအဆင်းရှိ၏” ဟု ဆိုကုန်၏။ အဂ္ဂိဝေဿန ထိုမျှလောက် စင်ကြယ်ဖြူဖွေးလျက်ရှိသော ငါ၏ အရေအဆင်းသည် ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် အလွန်ပျက်စီးနေ၏။

၃၈၁။ အဂ္ဂိဝေဿန “အတိတ်ကာလက အားထုတ်ခြင်းကြောင့် ဖြစ်ကုန်သော ကြမ်းတမ်း စပ်ခါးဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကို ခံစားခဲ့ကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည်ဤခံစားခြင်းလောက်သာလျှင် ဖြစ်၏၊ ဤခံစားခြင်းထက် မပိုလွန်။ အနာဂတ်ကာလမှာလည်း အားထုတ်ခြင်းလုံ့လကြောင့် ဖြစ်ကုန်သော ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကိုခံစား လတ္တံ့ကုန်သော သမဏဗြာဟ္မဏ အားလုံးတို့သည် ဤခံစားခြင်းလောက်သာလျှင် ဖြစ်လတ္တံ့၊ ဤခံစားခြင်း ထက် မပိုလွန်။ ဤယခုပစ္စုပ္ပန်ကာလ၌လည်း အားထုတ်ခြင်းလုံ့လကြောင့် ဖြစ်ကုန်သောကြမ်းတမ်း စပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကို ခံစားနေကုန်သောသမဏဗြာဟ္မဏအားလုံးတို့သည် ဤခံစားခြင်းလောက်သာလျှင် ဖြစ်၏၊ ဤခံစားခြင်းထက် မပိုလွန်ငြါသည် ဤစပ်ခါးသော ပြုနိုင်ခဲသောအမှုကို ပြုကျင့်ခြင်းဖြင့် လူတို့၏ တရားထက်လွန်သောအရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ် အမြင်ထူးကို မရခဲ့။ သစ္စာလေးပါးကို သိခြင်းငှါ လမ်းစဉ်သည်တစ်ခြားရှိသေးသလော” ဟု ငါ့အား အကြံ ဖြစ်၏။ အဂ္ဂိဝေဿန ထိုငါ့အား “ငါသည်ခမည်းတော်သကျမင်း၏ (လယ်ထွန်မင်္ဂလာ) အမှု၌ အေးမြ သော သပြေပင်အရိပ်၌ ထိုင်လျက်ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်း ဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’နှင့် တကွဖြစ်သော၊ (နိဝရဏ) ကင်းဆိတ်ငြိမ်ခြင်းကြောင့်ဖြစ်သော၊ ့နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေဖူး သည်ကို အမှတ်ရ၏။ ဤပဌမဈာန်သည် သစ္စာလေးပါးကို သိခြင်းငှါ လမ်းစဉ်ဖြစ်တန်ရာ၏” ဟု အကြံဖြစ်၏။ အဂ္ဂိဝေဿနထိုငါ့အား “ဤသည်ပင်လျှင် သစ္စာလေးပါးကို သိခြင်းငှါ လမ်းစဉ်တည်း” ဟု အောက် မေ့ခြင်းသို့အစဉ်လိုက်သော စိတ်ဖြစ်၏။ အဂ္ဂိဝေဿန ထိုငါ့အား “ကာမဂုဏ်တို့မှ။ ကဉ်၍သာလျှင်အကုသိုလ်တရားတို့မှ ကြဉ်၍သာလျှင်ဖြစ်သော ပဌမဈာန်ချမ်းသာကို ငါသည် ကြောက်လေသလော” ဟုဤအကြံသည် ဖြစ်၏။ အဂ္ဂိဝေဿန ထိုငါ့အား “ကာမဂုဏ်တို့မှ ကြဉ်၍သာလျှင် အကုသိုလ်တရားတို့မှကြဉ်၍သာလျှင်ဖြစ်သော ပဌမဈာန်ချမ်းသာကို ငါမကြောက်” ဟု ဤအကြံဖြစ်၏။

၃၈၂။ အဂ္ဂိဝေဿန ထိုငါ့အား “ဤသို့ အလွန်ပိန်ကြုံသော အဖြစ်သို့ရောက်သော ကိုယ်ဖြင့် ထို (ပဌမဈာန်) ချမ်းသာကို ရရန် မလွယ်။ ငါသည် ကြမ်းတမ်းသော ထမင်း မုယော မုန့် အစာအာဟာရကိုစားရမူ ကောင်းပေမည်” ဟု အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ကြမ်းတမ်းသော ထမင်း မုယောမုန့် အစာ အာဟာရကို စား၏။ အဂ္ဂိဝေဿန ထိုအခါ ငါ၏ အထံ၌ “ရဟန်းဂေါတမသည် ရသောတရားကို ငါတို့အား ပြောကြားလတ္တံ့” ဟု ရဟန်းငါးပါး (ပဉ္စဝဂ္ဂီ)တို့သည် လုပ်ကျွေးနေကုန်၏။ အဂ္ဂိဝေဿန ကြမ်းတမ်းသော ထမင်း မုယောမုန့် အစာအာဟာရကို ငါစားသောအခါ “ရဟန်းဂေါတမသည် ပစ္စည်းများပြားခြင်းငှာ ကျင့်၏၊ ကမ္မဋ္ဌာန်း အားထုတ်မှု အလုပ်ခွင်မှ ထွက်လာသူ ဖြစ်၏၊ ပစ္စည်းများပြားခြင်းငှာ လှည့်လည်၏” ဟုငြီးငွေ့၍ ထိုရဟန်း ငါးပါးတို့သည် ငါ၏ထံမှ ဖဲခွာကုန်၏။

၃၈၃။ အဂ္ဂိဝေဿန ငါသည် ကြမ်းတမ်းသော အစာအာဟာရကို စား၍ အားကို ယူကာကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ အဂ္ဂိဝေဿနဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ချမ်းသာခံစားမှုသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

ဝိတက် ဝိစာရတို့၏ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ချမ်းသာခံစားမှုသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

နှစ်သိမ့်ခြင်း ‘ပီတိ’ကိုလည်း မတက်မက်ခြင်းကြောင့် သတိ,သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာ ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယဈာန်) ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာနေလေ့ရှိသူ” ဟု အရိယာ (ပုဂ္ဂိုလ်)တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ချမ်းသာခံစားမှုသည်လည်း ငါ၏ စိတ်ကို သိမ်း ကျုံး ၍ မတည်နိုင်။

ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း ဝမ်းသာခြင်းနှလုံးမသာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ အဂ္ဂိဝေဿန ဤသို့သဘောရှိသောဖြစ်ပေါ်လာသော ချမ်းသာခံစားမှုသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

၃၈၄။ ထိုငါ၏ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်သော (ပုဗ္ဗေနိဝါသာနုဿတိ) ဉာဏ်အလို့ငှာ စိတ်ကို (ရှေးရှုဆောင်ခဲ့ပြီ) ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် များပြားသော ရှေး၌ဖြစ်ဖူးသည်ကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ အဖြစ်သနစ်နှင့် တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၏။ အဂ္ဂိဝေဿန ငါသည် ညဉ့်၏ ရှေးဦးပဌမယာမ်၌ ရှေးဦးစွာသော အသိဉာဏ် ‘ဝိဇ္ဇာ’ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) မှောင်ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ် အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။ မမေ့မလျော့ဘဲ ပြင်းစွာအားထုတ်လျက် တည်ကြည်သောစိတ်ရှိသည်ဖြစ်၍ နေသောသူအား အဝိဇ္ဇာမှောင်ကင်း၍ ပညာဉာဏ်အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ချမ်းသာခံစားမှုသည်လည်း ငါ၏စိတ်ကို သိမ်းကျုံး၍ မတည် နိုင်။

၃၈၅။ ထိုငါသည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် သတ္တဝါတို့၏ သေခြင်း ‘စုတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’ ကို သိသော ဉာဏ်အလို့ငှာ စိတ်ကို ရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွတ်စေခဲ့ပြီ။

ထိုငါသည် အထူးသဖြင့်စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါအဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာ ‘ဂတိ’ ရှိသောသတ္တဝါ မကောင်းသောလားရာ ‘ဂတိ’ရှိသော သတ္တဝါတို့ကို မြင်ပြီ၊ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကို သိပြီ။ပ။ အဂ္ဂိဝေဿန ငါသည် ညဉ့်၏ အလယ်ဖြစ်သော မဇ္ဈိမယာမ်၌ နှစ်ခုမြောက် အသိဉာဏ် ‘ဝိဇ္ဇာ’ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) မှောင် ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

မမေ့လျော့ပဲ ပြင်းစွာအားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသော သူအားအဝိဇ္ဇာမှောင် ကင်း၍ ပညာဉာဏ်အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ချမ်းသာသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

၃၈၆။ ထိုငါသည် ဤသို့တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် အာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သော ဉာဏ်အလို့ငှာစိတ်ကို ရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွတ်စေခဲ့ပြီ။

ထိုငါသည် ဤကား ဆင်းရဲဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏အကြောင်းဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်ဟုဟုတ်မှန်သောအတိုင်းသိ၏၊ ဤကား ဆင်းရဲ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏။

ဤသည်တို့ကား အာသဝေါတရားတို့ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့၏ဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤကား အာသဝေါတရားတို့ ချုပ်ရာ (နိဗ္ဗာန်) ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏။

ဤသို့ သိသော ဤသို့ မြင်သော ထိုငါ၏ စိတ်သည် ကမာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ ဘဝါသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်လေပြီ” ဟု အသိဉာဏ်ဖြစ်ပေါ်ခဲ့ပြီ၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စ္စအလို့ငှာ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ” ဟု သိ၏။

အဂ္ဂိဝေဿန ငါသည် ညဉ့်၏နောက်ဆုံးဖြစ်သော ပစ္ဆိမယာမ်၌ သုံးခုမြောက် အသိဉာဏ် ‘ဝိဇ္ဇာ’ကိုရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ သည် ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) မှောင်ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။ မမေ့လျော့ပဲ ပြင်းစွာအားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား အဝိဇ္ဇာမှောင်ကင်း၍ ပညာဉာဏ်အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ချမ်းသာခံစားမှုသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

၃၈၇။ အဂ္ဂိဝေဿန ငါသည် အရာမကများစွာသော ပရိသတ်၌ တရားဟောဖူးသည်ကို အမှတ်ရ၏၊ စင်စစ် တစ်ဦးစီတစ်ဦးစီသော ပုဂ္ဂိုလ်တိုင်းကပင် “ငါ့ကိုသာလျှင် ရည်ရွယ်၍ ရဟန်းဂေါတမကား တရားဟော၏” ဟု ဤသို့ ငါ့အား ထင်မှတ်၏။ အဂ္ဂိဝေဿန ဤထင်မှတ်ချက်ကို ဤအတိုင်း မမှတ်သင့်။ သိစေခြင်းငှာသာလျှင် မြတ်စွာဘုရားသည် သူတစ်ပါးတို့အား တရားဟော၏။ အဂ္ဂိဝေဿန ထိုငါသည်ထို (တရား) စကား၏ အဆုံး၌ (ငါ) အခါခပ်သိမ်း နေကြောင်းဖြစ်သော ထိုရှေးဖြစ်သော (အရဟတ္တဖိုလ်) သမာဓိ၏ အာရုံဖြစ်သော နိဗ္ဗာန်၌သာလျှင် စိတ်ကို ကောင်းစွာတည်စေ၏၊ ကောင်းစွာနေစေ၏၊ အာရုံ တစ်ခုတည်းရှိမှုကို ပြု၏၊ ကောင်းစွာ ဆောက်တည်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ၏ ဤစကားကား ယုံကြည်ထိုက်ပါ၏။ ကိလေသာရန်သူကို သတ်နိုင်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော မြတ်စွာဘုရား၏ ထုံးတမ်းစဉ်လာပင် ဖြစ်ပါ၏။ အသျှင်ဂေါတမသည် “နေ့အခါ အိပ်ဖူးသည်ကို” အမှတ်ရပါ၏လောဟု (မေးလျှောက်၏)။

အဂ္ဂိဝေဿန ငါသည် နွေဥတုတို့၏ နောက်ဆုံးဖြစ်သောလ၌ ဆွမ်းခံရာမှ ဖဲခွာခဲ့၍ ဆွမ်းစားပြီးနောက်ဒုကုဋ်သင်္ကန်းကို လေးထပ်ခင်းကာ လက်ယာနံပါးဖြင့် သတိ သမ္ပဇဉ်ရှိသည်ဖြစ်၍ အိပ်ပျော်ဖူး သည်ကိုအမှတ်ရ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ ဤနေ့အခါအိပ်ခြင်းကို အချို့သော သမဏဗြာဟ္မဏတို့က ‘တွေဝေသောနေခြင်း’ဟုဆိုကုန်၏ဟု (ဆို၏)။

အဂ္ဂိဝေဿန ဤမျှဖြင့် တွေဝေသော သူသည်လည်းကောင်း၊ မတွေဝေသော သူသည်လည်း ကောင်းမဖြစ်သေး။ အဂ္ဂိဝေဿန စင်စစ်သော်ကား တွေဝေသောသူ မတွေဝေသောသူဖြစ်သည့်အ ကြောင်းကိုနာလော့ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားအံ့ဟု (မိန့်တော်မူ၏)။ အသျှင် (ဂေါတမ) ကောင်းပါပြီဟု နိဂဏ္ဌ တက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရားအား ပြန်ကြား၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏ —

၃၈၈။ အဂ္ဂိဝေဿန မည်သူမှာမဆို ပူပန်ညစ်ညူးစေတတ်သော တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ် သောပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်းသေခြင်းကို ဖြစ်စေတတ်ကုန်သော အာသဝေါတရားတို့ကို မပယ်ရသေး၊ ထိုသူကို ငါသည် ‘တွေဝေသူ’ဟုဟောကြား၏။ အဂ္ဂိဝေဿန အာသဝေါတရားတို့ကို မပယ်ခြင်းကြောင့် တွေဝေသူ ဖြစ်၏။ အဂ္ဂိဝေဿနမည်သူမှာမဆို ပူပန်ညစ်ညူးစေတတ်သော တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်သော ပူလောင်ခြင်းနှင့်တကွဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်းကိုဖြစ်စေတတ်ကုန်သော အာသဝေါ တရားတို့ကို ပယ်ထား၏၊ ထိုသူကို ငါသည် ‘မတွေဝေသူ’ဟုဟောကြား၏။ အဂ္ဂိဝေဿန အာသဝေါတရားတို့ကို ပယ်ခြင်းကြောင့် မတွေဝေသူ ဖြစ်၏။

အဂ္ဂိဝေဿန မြတ်စွာဘုရားမှာ ပူပန်ညစ်ညူးစေတတ်သော တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်သောပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်းကို ဖြစ်စေတတ်ကုန်သော အာသဝေါတရားတို့ကို ပယ်ထားကုန်၏၊ အမြစ်အရင်းကိုအကြွင်းမဲ့ ဖြတ်ထားကုန်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုထားကုန်၏၊ တစ်ဖန်မဖြစ်ခြင်းကို့ပြုထားကုန်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ အဂ္ဂိဝေဿန ခေါင်းလည်ပြတ်ပြီးသောထန်းပင်သည် တစ်ဖန်စည်ပင်ခြင်းငှာ မထိုက်သကဲ့သို့ မြတ်စွာဘုရားမှာ ပူပန်ညစ်ညူးစေတတ်သောတစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်သော ပူလောင်ခြင်းနှင့် တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်းကိုဖြစ်စေ တတ်ကုန်သော အာသဝေါတရားတို့ကိုပယ်ထားကုန်၏၊ အမြစ် အရင်းကို ဖြတ်ထားကုန်၏။ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုထားကုန်၏၊ တစ်ဖန်မဖြစ်ခြင်းကို ပြု ထားကုန်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေဟု (မိန့်တော်မူ၏)။

၃၈၉။ ဤသို့ မိန့်တော်မူသော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ အံ့သြဖွတ်ရှိပါပေ၏၊ အသျှင်ဂေါတမ မဖြစ်စဖူး ဖြစ်ပါပေ၏၊ ဤသို့ ထိခိုက်၍ ထိခိုက်၍ အပြောခံရသော စောင်းချိတ်သော စကားတို့ဖြင့် အပြောခံရသော အသျှင်ဂေါတမ၏ အရေအဆင်းသည်ဖြူစင်၏၊ မျက်နှာအဆင်းသည်လည်း ကြည်လင်၏၊ ကိလေသာရန်သူကို သတ်နိုင်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော မြတ်စွာဘုရား၏ ထုံးတမ်းစဉ်လာပင်ဖြစ်ပါပေသည်။

အသျှင်ဂေါတမ အကျွန်ုပ်သည် ပူရဏကဿပကို စကားလမ်းစဉ်ဖြင့် အပြစ်တင်ဆိုဖူးသည်ကိုအမှတ်ရပါ၏၊ ထိုပူရဏကဿပသည်လည်း အကျွန်ုပ်က စကားလမ်းစဉ်ဖြင့် အပြစ်တင်ဆိုသော် အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးဖိ၏၊ အပသို့ စကားကို လွှဲဖယ်၏၊ အမျက်ထွက်ခြင်းပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြု၏၊ အသျှင်ဂေါတမမှာကား ဤသို့ ထိခိုက်၍ ထိခိုက်၍ ပြောဆိုသော်လည်း စောင်းချိတ်စကားတို့ဖြင့် ပြောဆိုသော်လည်း အရေအဆင်းသည် ဖြူစင်၏၊ မျက်နှာအဆင်းသည်လည်း ကြည်လင်၏၊ ကိလေသာ ရန်သူကို သတ်နိုင်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိသော မြတ်စွာဘုရား၏ ထုံးတမ်းစဉ်လာပင် ဖြစ်ပါပေသည်။

အသျှင်ဂေါတမ အကျွန်ုပ်သည် မက္ခလိဂေါသာလကို။ပ။ အဇိတကေသကမ္ဗလကို။ ပကုဓကစ္စာယန ကို။ ဗေလဋ္ဌသား သဉ္စယကို။ နာဋ၏သား နိဂဏ္ဌတက္ကတွန်းကို စကားလမ်းစဉ်ဖြင့် အပြစ်တင်ဆိုဖူးသည် ကိုအမှတ်ရပါ၏၊ ထိုနာဋ၏သား နိဂဏ္ဌတက္ကတွန်းသည်လည်း အကျွန်ုပ်က စကားလမ်းစဉ်ဖြင့် အပြစ်တင်ဆိုသော် အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးဖိ၏၊ အပသို့ စကားကို လွှဲဖယ်၏၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကိုလည်း ထင်ရှားပြု၏။ အသျှင်ဂေါတမမှာကား ဤသို့ ထိခိုက်၍ထိခိုက်၍ ပြောဆိုသော်လည်း အရေအဆင်းသည် ဖြူစင်၏၊ မျက်နှာအဆင်းသည်လည်း ကြည်လင်၏၊ ကိလေသာရန်သူကို သတ်နိုင်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော မြတ်စွာဘုရား၏ ထုံးတမ်းစဉ်လာပင် ဖြစ်ပါပေသည်။

အသျှင်ဂေါတမ ယခုအခါ အကျွန်ုပ်တို့သည် သွားပါကုန်အံ့၊ အကျွန်ုပ်တို့သည် များသောကိစ္စ (ရှိပါကုန်၏)၊ များသောပြုဖွယ် ရှိပါကုန်၏” ဟု (လျှောက်၏)။

အဂ္ဂိဝေဿန ယခုအခါ သွားရန် အချိန်အခါကို သင်သိ၏ (သွားရန်မှာ သင်၏ အလိုအတိုင်းသာဖြစ်၏) ဟု (မိန့်တော်မူ၏)။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရား၏ တရားစကားကို နှစ်ခြိုက်ဝမ်းမြောက်၍ နေရာမှ ထကာ ဖဲခွါသွားလေ၏။

ခြောက်ခုမြောက် မဟာသစ္စကသုတ်ပြီး၏။