မဇ္ဈိမနိကာယ်

၇— စူဠတဏှာသင်္ခယသုတ်

၃၉ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရသူဌေး၏ အမိသဖွယ်ဖြစ်သောဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်တို့ကို အစိုးရသော သိကြားမင်းသည့်မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသောစွာရှိခိုး၍ တစ်ခုသောအရပ်၌ ရပ်တည်ကာ “အသျှင်ဘုရား အဘယ်မျှလောက်သော အကျင့်ဖြင့် ရဟန်းသည် အကျဉ်းအားဖြင့် တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်သော စိတ်ရှိသူ၊ ဧကန်ပြီးဆုံးခြင်းရှိသူ၊ ဧကန်ဘေးကင်းခြင်းရှိသူ၊ ဧကန်မြတ်သော အကျင့်ရှိသူ ဧကန်အဆုံးစခန်း ပန်တိုင်ရှိသူ နတ်လူတို့ထက်မြတ်သူ ဖြစ်ပါသနည်း” ဟု လျှောက်၏။

သိကြားမင်း ဤသာသနာတော်၌ ရဟန်းသည် “တရားအားလုံးတို့ကို သက်ဝင်စွဲလမ်းခြင်းငှါမသင့်” ဟု ကြားဖူး၏။ သိကြားမင်း ဤသို့ “တရားအားလုံးတို့ကို သက်ဝင်စွဲလမ်းခြင်းငှါ မသင့်” ဟုကြားဖူးသော ထိုရဟန်းသည် တရားအားလုံးကို အထူးသိ၏၊ တရားအားလုံးကို အထူးသိပြီး၍ တရားအားလုံးကို ပိုင်းခြား၍ သိ၏၊ တရားအားလုံးကို ပိုင်းခြားသိပြီး၍ ချမ်းသာကိုဖြစ်စေ၊ ဆင်းရဲကိုဖြစ်စေ၊ ချမ်းသာမဟုတ် ဆင်းရဲမဟုတ်သည်ကိုဖြစ်စေ အမှတ်မရှိသော ဝေဒနာကို ခံစား၏။ ထိုရဟန်းသည် ထိုခံစားခြင်း ‘ဝေဒနာ’တို့၌ မမြဲသောအားဖြင့် ရှုမြင်လျက် နေ၏၊ တပ်စွန်းခြင်းကင်းသောအားဖြင့် ရှုမြင်လျက် နေ၏။ ချုပ်သောအားဖြင့် ရှုမြင်လျက်နေ၏။ စွန့်လွှတ် ပြေးဝင်သောအားဖြင့် ရှုမြင်လျက် နေ၏။ ထိုရဟန်းသည် ထိုခံစားခြင်း ‘ဝေဒနာ’တို့၌ မမြဲသောအားဖြင့် ရှုမြင်လျက်နေသော် တပ်စွန်းခြင်းကင်းသောအားဖြင့် ရှုမြင်လျက်နေသော် ချုပ်သောအားဖြင့် ရှုမြင်လျက်နေသော် စွန့်လွှတ်ပြေးဝင်သောအားဖြင့်ရှုမြင်လျက်နေသော် လောက၌ (သင်္ခါရ) တစ်စုံတစ်ရာကိုမျှ မစွဲယူပေ၊ မစွဲယူသော် ထက်ဝန်းကျင်မတပ် မက်တော့ပေ၊ ထက်ဝန်းကျင် မတပ်မက်သော် အလိုလို ကိုယ်တိုင်သာလျှင်ငြိမ်းအေး၏၊ “ပဋိသန္ဓေ နေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့” ဟု သိ၏။ သိကြားမင်း ဤမျှလောက်သော အကျင့်ဖြင့်ရဟန်းသည် အကျဉ်းအားဖြင့် တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍လွတ်မြောက်သောစိတ်ရှိသူ၊ ဧကန်ပြီး ဆုံးခြင်း ရှိသူ၊ ဧကန်ဘေးကင်းခြင်းရှိသူ၊ ဧကန်မြတ်သောအကျင့်ရှိ့သူ၊ ဧကန်အဆုံးစခန်ပန်းတိုင်ရှိသူ၊ နတ် လူတို့ထက်မြတ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ နတ်တို့ကို အစိုးရသော သိကြားမင်းသည် မြတ်စွာဘုရား၏ တရားကို နှစ်ခြိုက်ဝမ်း မြောက်၍မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထိုနေရာ၌ပင် ကွယ်လေ၏။

၃၉၁။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရား၏ အနီး၌ ထိုင်နေ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် “အသို့နည်း၊ ထိုနတ်သည် မြတ်စွာဘုရား၏ တရားစကားကို သိ၍ ဝမ်းမြောက်လေသလော၊ သို့မဟုတ် မသိမူဘဲ ဝမ်းမြောက်လေသလော။ ထိုနတ်သည် မြတ်စွာဘုရား၏တရားစကား ကို သိ၍သော်လည်းကောင်း၊ မသိမူ၍သော်လည်းကောင်း ဝမ်းမြောက်သလော၊ ထိုနတ်ကိုငါသိအောင်ပြုရ မူ ကောင်းပေမည်” ဟု အကြံဖြစ်၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည်ဥပမာသော်ကား အားရှိ သော ယောကျာ်းသည် ကွေးထားသော လက်မောင်းကိုဆန့်ရာသကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးရာသကဲ့သို့လည်းကောင်းဤအတူပင်လျှင် ပုဗ္ဗာရုံကျောင်း မိဂါရသူဌေး၏ အမိသဖွယ် ဖြစ်သော ဝိသာခါ၏ ပြာသာဒ်၌ ကွယ်ကာတာဝတိံသာနတ်တို့၌ ထင်ရှားဖြစ်၏။

ထိုအခါ နတ်တို့ကို အစိုးရသော သိကြားမင်းသည် သရက်ဖြူတစ်ပင်ရှိသော ဥယျာဉ်၌ နတ်၌ ဖြစ်သောတူရိယာငါးရာတို့နှင့် ကောင်းစွာကုံလုံပြည့်စုံသည်ဖြစ်၍ နတ်စည်းစိမ်ကို ခံစားလျက်နေ၏။ နတ်တို့ကိုအစိုးရသော သိကြားမင်းသည် အဝေးမှ လာသော အသျှင်မဟာမောဂ္ဂလာန်ကို မြင်၍ ထိုနတ်၌ ဖြစ်သောတူရိယာငါးရာတို့ကို ပယ်မြစ်ကာ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်ပြီးလျှင် “အသျှင် မောဂ္ဂလာန်ကြွခဲ့ပါလော့၊ အသျှင်မောဂ္ဂလာန် သင်၏ ကြွလာခြင်းသည် ကောင်းသော ကြွလာခြင်းပါ တည်း၊ ့အသျှင်မောဂ္ဂလာန် ဤနတ်ပြည်သို့ လာဖို့ရန် အလှည့်ကို ကြာမြင့်မှ ပြုတော်မူ၏၊ အသျှင် မောဂ္ဂလာန်ထိုင်တော်မူပါ။ ဤနေရာကို ခင်းထားပါပြီ” ဟု အသျှင်မဟာမောဂ္ဂလာန်အား လျှောက်ထား၏။ အသျှင်မဟာမောဂ္ဂလာန်သည် ခင်းထားသော နေရာ၌ ထိုင်တော်မူ၏။

နတ်တို့ကိုအစိုးရသော သိကြားမင်းသည်လည်း အခြားနိမ့်သော နေရာကို ယူ၍ သင့်လျော်သော နေရာ၌ထိုင်၏။ သင့်လျော်သော နေရာ၌ ထိုင်သော နတ်တို့ကိုအစိုးရသော သိကြားမင်းကို အသျှင်မဟာမောဂ္ဂလာန်သည် “သိကြားမင်း အဘယ်သို့လျှင် မြတ်စွာဘုရားက သင်တို့အား အကျဉ်းအားဖြင့်တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်ခြင်းကို ဟောကြားတော်မူသနည်း၊ တောင်းပန်ပါ၏၊ ငါတို့သည်လည်း ဤတရားစကားကို ကြားနာခြင်းငှာ အဖို့ရှိသူတို့ ဖြစ်လိုကုန်၏” ဟုမိန့်ဆို၏။

၃၉၂။ အသျှင်မောဂ္ဂလာန် တပည့်တော်တို့မှာ ပြုဖွယ်ကိစ္စ များပြားလှပါကုန်၏၊ (သို့ရာတွင်) မိမိပြုဖွယ် ကိစ္စအတွက် အနည်းငယ်သာဖြစ်၍ တာဝတိံသာနတ်တို့၏ ပြုဖွယ်ကိစ္စအတွက်သာလျှင် စင်စစ်များလှပါကုန်၏။ အသျှင်မောဂ္ဂလာန် စင်စစ်ကား ကောင်းစွာ ကြားနာထားသော ကောင်းစွာ သင်ယူထားသော ကောင်းစွာ နှလုံးသွင်းထားသော ကောင်းစွာ ဆောင်ထားသော တရားသည် တပည့်တော်တို့မှလျင်စွာသာလျှင် ကွယ်ပျောက် ပါ၏။

အသျှင်မောဂ္ဂလာန် ရှေး၌ဖြစ်ဖူးသည်ကား စစ်ဆင်စုရုံးထားသော နတ် အသုရာ စစ်ပွဲကြီးသည်ဖြစ်ခဲ့ပါ၏။ အသျှင်မောဂ္ဂလာန် ထိုစစ်ပွဲကြီး၌ နတ်တို့က အနိုင်ရ၍ အသုရာတို့သည် ရှုံးနိမ့်ပါကုန်၏။ အသျှင်မောဂ္ဂလာန် ထိုတပည့်တော်သည် ထိုစစ်ပွဲကြီးကို အောင်မြင်၍ စစ်အောင်သူ ဖြစ်ပါ၏၊ ထိုစစ်နိုင်ရာအောင်မြေမှ ပြန်လှည့်ကာ ဝေဇယန္တာမည်သော ပြာသာဒ်ကို ဖန်ဆင်းပါ၏။ အသျှင်မောဂ္ဂလာန်ဝေဇယန္တာ ပြာသာဒ်မှာဘုံဆောင် တစ်ရာ့တစ်ဆောင်ရှိ၍ ဘုံဆောင်တစ်ဆောင် တစ်ဆောင်၌အထွဋ်ရှိသော အခန်း ခုနှစ်ရာစီ ရှိ၏၊ အထွဋ်ရှိသောအခန်း တစ်ခန်းတစ်ခန်း၌လည်း နတ်သမီးခုနစ်ယောက်စီရှိ၏၊ နတ်သမီးတစ်ယောက် တစ်ယောက်၌လည်း အလုပ်အကျွေး ခုနစ်ယောက်စီရှိပါကုန်၏။ အသျှင် မောဂ္ဂလာန် အသျှင် (ဘုရား) သည် ဝေဇယန္တာ ပြာသာဒ်၏မွေ့လျော်ဖွယ်ရှိသည့်အဖြစ်ကို ရှုမြင်ရန် အလိုရှိပါသလောဟု လျှောက်ကြား၏။ အသျှင်မဟာမောဂ္ဂလာန်သည် ဆိတ်ဆိတ်နေခြင်းဖြင့် သည်းခံ တော်မူ၏။

၃၉၃။ ထိုအခါ နတ်တို့ကိုအစိုးရသော သိကြားမင်းသည်လည်းကောင်း၊ ဝေဿဝဏ်နတ်မင်းကြီးသည်လည်းကောင်း အသျှင်မဟာမောဂ္ဂလာန်ကို ရှေ့ဆောင်ပြု၍ ဝေဇယန္တာပြာသာဒ်ဆီသို့ ချဉ်းကပ်ကုန်၏။ နတ်တို့ကို အစိုးရသော သိကြားမင်း၏ အလုပ်အကျွေးတို့သည် အဝေးမှ လာသော အသျှင်မဟာမောဂ္ဂလာန်ကို မြင်၍ ကြောက်ရွံ့ရှက်နိုးကြကာ မိမိ မိမိအခန်းသို့ ဝင်ကုန်၏။ ချွေးမသည် ယောက္ခမကိုမြင်၍ ကြောက်ရွံ့ရှက်နိုးသကဲ့သို့ နတ်တို့ကိုအစိုးရသော သိကြားမင်း၏ အလုပ်အကျွေးတို့သည် အသျှင်မဟာမောဂ္ဂလာန်ကို မြင်၍ ကြောက်ရွံ့ရှက်နိုးကြကာ မိမိ မိမိအခန်းသို့ ဝင်ကုန်၏။

ထိုအခါ နတ်တို့ကို အစိုးရသော သိကြားမင်းသည်လည်းကောင်း၊ ဝေဿဝဏ်နတ်မင်းကြီးသည်လည်းကောင်း အသျှင်မောဂ္ဂလာန်ကို ဝေဇယန္တာပြာသာဒ်၌ စကြ, ံသွားတော်မူစေကုန်၏၊ လှည့်လည်တော်မူစေကုန်၏။ အသျှင်မောဂ္ဂလာန် ဝေဇယန္တာပြာသာဒ်၏ ဤမွေ့လျော်ဖွယ် အဖြစ်ကိုလည်း ရှုတော်မူပါ၊ အသျှင် မောဂ္ဂလာန် ဝေဇယန္တာ ပြာသာဒ်၏ ဤမွေ့လျော်ဖွယ်အဖြစ်ကိုလည်းရှုတော်မူပါဟု (လျှောက်ကြားကုန်၏)။ အသျှင်သိကြားမင်း၏ ဤဝေဇယန္တာပြာသာဒ်သည်တင့်တယ်လှပေ၏၊ ရှေးက ကောင်းမှုပြုခဲ့သူ၏ ထုံးတမ်းစဉ်လာပင် ဖြစ်ပေ၏။ လူတို့သည်လည်းတစ်စုံတစ်ရာ မွေ့လျော်ဖွယ်အဖြစ်ကို တွေ့မြင်ကုန်သော် “အချင်းတို့ တာဝတိံသာနတ်တို့၏အဆောင်ကဲ့သို့ တင့်တယ်၏” ဟု ဆိုကုန်၏။ အသျှင်သိကြားမင်း၏ ထိုဝေဇယန္တာပြာသာဒ်သည့်တင့်တယ်လှ ပေ၏၊ ရှေးက ကောင်းမှုပြုခဲ့သူ၏ ထုံးတမ်းစဉ်လာပင် ဖြစ်ပေ၏ဟု (ဆို၏)။

ထိုအခါ “ဤနတ်သည် အလွန်ပြင်းပြစွာ မေ့လျော့နေ၏၊ ငါသည် ဤနတ်ကို ထိတ်လန့်စေရမူကောင်းပေမည်” ဟု အသျှင်မဟာမောဂ္ဂလာန်အား ဤအကြံသည် ဖြစ်၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် ဝေဇယန္တာပြာသာဒ်ကို ခြေမဖြင့် တုန်လှုပ်ယိမ်းယိုင်စေနိုင်သော သဘောရှိသော တန်ခိုးဖန်ဆင်းမှုကို ပြုတော်မူ၏။

ထိုအခါ နတ်တို့ကိုအစိုးရသော သိကြားမင်းသည်လည်းကောင်း ဝေဿဝဏ်နတ်မင်းကြီးသည်လည်းကောင်း၊ တာဝတိ ံသာနတ်တို့သည်လည်းကောင်း “အချင်းတို့ ရဟန်း၏ တန်ခိုးကြီးသည့်အဖြစ်သည်အာနုဘော် ကြီးသည့်အဖြစ်သည် အံ့ဖွယ်ရှိပေစွ၊ မဖြစ်စဖူး ဖြစ်လေစွ၊ နတ်ဘုံဗိမာန်ကိုပင်သော်လည်းခြေမဖြင့် တုန်လှုပ်ယိမ်းယိုင်စေနိုင်ဘိ၏” ဟု အံ့သြခြင်း မဖြစ်စဖူးဖြစ်ခြင်း စိတ်ရှိကုန်၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် နတ်တို့ကိုအစိုးရသော သိကြားမင်း၏ ထိတ်လန့်ခြင်းကြက်သီးမွေးညင်းထခြင်းဖြစ်သည်ကို သိ၍ “သိကြားမင်း အဘယ်သို့လျှင် မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်ခြင်းကို ဟောကြားတော်မူသနည်း၊ တောင်းပန်ပါ၏၊ ငါတို့သည်လည်း ဤတရားစကားကို ကြားနာခြင်းငှါ အဖို့ရှိသူတို့ ဖြစ်လိုကုန်၏” ဟု နတ်တိ်ု့ကိုအစိုးရသော သိကြားမင်းအား ပြောဆို၏။

၃၉၄။ အသျှင်မဟာမောဂ္ဂလာန် တပည့်တော်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ရပ်တည်ကာ “အသျှင်ဘုရား အဘယ်မျှလောက်သော အကျင့်ဖြင့် အကျဉ်းအားဖြင့် ရဟန်းသည် တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်သောစိတ်ရှိသူ၊ ဧကန်ပြီးဆုံး ခင်းရှိသူ၊ ဧကန်ဘေးကင်းခြင်းရှိသူ၊ ဧကန်မြတ်သောအကျင့်ရှိသူ၊ ဧကန်အဆုံးစခန်း ပန်းတိုင်ရှိသူ၊ နတ်လူတို့ထက်မြတ်သူ ဖြစ်ပါသနည်း” ဟု ဤစကားကို လျှောက်၏။ အသျှင်မောဂ္ဂလာန် ဤသို့လျှောက်သော် မြတ်စွာဘုရားသည် တပည့်တော်ကို “သိကြားမင်း ဤသာသနာတော်၌ရဟန်းသည် တရားအားလုံးတို့ကို သက်ဝင်စွဲလမ်းခြင်းငှါ ‘မသင့်’ဟု ကြားနာဖူး၏။ သိကြားမင်းရဟန်းသည် ‘တရားအားလုံးတို့ကို သက်ဝင်စွဲလမ်းခြင်းငှာ မသင့်’ဟု ဤသို့ ကြားနာဖူး၏။ ထိုရဟန်းသည် တရားအားလုံးကို အထူးသိ၏၊ တရားအားလုံးကို အထူးသိ၍ တရားအားလုံးကို ပိုင်းခြား၍သိ၏။ တရားအားလုံးကို ပိုင်းခြားသိ၍ ချမ်းသာသည်လည်းဖြစ်သော ဆင်းရဲသည်လည်း ဖြစ်သောဆင်းရဲ မဟုတ် ချမ်းသာမဟုတ်သည်လည်းဖြစ်သော တစ်စုံတစ်ရာသော ခံစားခြင်းကို ခံစား၏။ ထိုရဟန်းသည် ထိုခံစားခြင်းတို့၌ မမြဲသောအားဖြင့် ရှုမြင်လျက် နေ၏၊ တပ်စွန်းမှုကင်းသောအားဖြင့်ရှုမြင်လျက် နေ၏၊ ချုပ်သောအားဖြင့် ရှုမြင်လျက် နေ၏၊ စွန့်လွှတ်ပြေးဝင်သောအားဖြင့် ရှုမြင်လျက်နေ၏။ ထိုရဟန်းသည် ထိုခံစားခြင်းတို့၌ မမြဲသောအားဖြင့် ရှုမြင်လျက်နေသော်တပ်စွန်းမှုကင်းသောအားဖြင့် ရှုမြင်လျက်နေ သော် ချုပ်သောအားဖြင့် ရှုမြင်လျက်နေသော်စွန့်လွှတ်ပြေးဝင်သောအားဖြင့် ရှုမြင်လျက်နေသော် လောက ၌ တစ်စုံတစ်ရာကိုမျှ မစွဲယူ၊ မစွဲယူသော်ထက်ဝန်းကျင် မတပ်မက်၊ ထက်ဝန်းကျင် မတပ်မက်သော် အလိုလိုသာလျှင် ထက်ဝန်းကျင်ငြိမ်း၏၊ (ပဋိသန္ဓေ) နေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှာ တစ်ပါးသော ပြုဖွယ်မရှိတော့ဟု သိ၏။ သိကြားမင်း ဤမျှလောက်သောအကျင့်ဖြင့် အကျဉ်းအားဖြင့် ရဟန်းသည် တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍လွတ်မြောက်သောစိတ်ရှိသူ၊ ဧကန်ပြီးဆုံးခြင်းရှိသူ၊ ဧကန်ဘေးကင်းခြင်းရှိသူ၊ ဧကန်မြတ်သော အကျင့်ရှိသူ၊ ဧကန်အဆုံးစခန်း ပန်းတိုင်ရှိသူ၊ နတ်လူတို့ထက် မြတ်သူဖြစ်၏” ဟု ဤစကားကို မိန့်ကြား တော်မူပါ၏။ အသျှင်မောဂ္ဂလာန် ဤသို့လျှင် တပည့်တော်အား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့်တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်ခြင်းကို ဟောကြားတော်မူပါ၏ဟု့လျှောက်၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် နတ်တို့ကိုအစိုးရသော သိကြားမင်း၏ စကားကို အလွန်နှစ်သက် ဝမ်းမြောက်သည်ဖြစ်၍ အားရှိသောယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်ရာသကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးရာသကဲ့သို့လည်းကောင်း ဤအတူပင်လျှင်တာဝတိ ံသာနတ်တို့၌ ကွယ်ကာ ပုဗ္ဗာရုံကျောင်း မိဂါရသူဌေး၏ အမိသဖွယ်ဖြစ်သော ဝိသာခါ၏ ပြာသာဒ်၌ ထင်ရှားဖြစ်၏။

ထိုအခါ နတ်တို့ကိုအစိုးရသော သိကြားမင်း၏ အလုပ်အကျွေးတို့သည် အသျှင်မဟာမောဂ္ဂလာန်ဖဲခွါသွား၍ မကြာမီ နတ်တို့ကိုအစိုးရသော သိကြားမင်းကို “အချင်း သင်၏ဆရာ ထိုမြတ်စွာဘုရား ဟူသည် ဤရဟန်းပင်လော” ဟု မေးကုန်၏။

အသျှင်မတို့ ထိုရဟန်းသည် ငါ၏ဆရာ မြတ်စွာဘုရား မဟုတ်၊ ဤရဟန်းသည် ငါ၏ သီတင်း သုံးဖော်အသျှင်မဟာမောဂ္ဂလာန်တည်းဟု (ပြန်ပြော၏)။

အသျှင်သိကြားမင်း သင်သည် အရတော်လေစွ၊ သင်သည် အလွန်အရတော်လေစွ၊ သင်၏ သီတင်းသုံးဖော်ပင် ဤမျှလောက် တန်ခိုးကြီး၏၊ ဤမျှလောက် အာနုဘော်ကြီး၏၊ သင်၏ဆရာ မြတ်စွာဘုရားကား အံ့သြဖွယ် တန်ခိုးကြီးပေမည်တကားဟု (ဆိုကုန်၏)။

၃၉၅။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရား ကိုရိုသေစွာ ရှိခိုး၍ သင့်လျော်သော နေရာ၌ ထိုင်ကာ “အသျှင်ဘုရား ထင်ရှားကျော်စောသူတို့တွင်တစ်ဦးဖြစ်သော တန်ခိုးကြီးသည့် နတ်အား အကျဉ်းအားဖြင့် တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကိုအာရုံပြု၍ လွတ်မြောက်ခြင်းကို ဟောကြားခဲ့သည်ကို မြတ်စွာဘုရားသည် အမှတ်ရတော်မူပါ၏လော” ဟုလျှောက်၏။

မောဂ္ဂလာန် ငါ အမှတ်ရမိ၏၊ နတ်တို့ကို အစိုးရသော သိကြားမင်းသည် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင်ငါ့ကို ရိုသေစွာရှိခိုး၍ သင့်လျော်သောနေရာ၌ ရပ်တည်ကာ “အသျှင်ဘုရား အဘယ်မျှလောက်သောအကျင့်ဖြင့် ရဟန်းသည် အကျဉ်းအားဖြင့် တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်သော စိတ်ရှိသူ၊ ဧကန်ပြီးဆုံးခြင်းရှိသူ၊ ဧကန်ဘေးကင်းခြင်းရှိသူ၊ ဧကန်မြတ်သောအကျင့်ရှိသူ၊ ဧကန်အဆုံးစခန်း ပန်းတိုင်ရှိသူ၊ နတ်လူတို့ထက်မြတ်သူ ဖြစ်ပါသနည်း” ဟု လျှောက်၏။

မောဂ္ဂလာန် ဤသို့လျှောက်သော် ငါသည် နတ်တို့ကို အစိုးရသော သိကြားမင်းကို “သိကြားမင်းဤသာသနာတော်၌ ရဟန်းသည် ‘တရားအားလုံးတို့ကို သက်ဝင်စွဲလမ်းခြင်းငှာ မသင့်’ဟု ကြားနာဖူး၏။ သိကြားမင်း ‘တရားအားလုံးတို့ကို သက်ဝင်စွဲလမ်းခြင်းငှာ မသင့်’ဟု ဤသို့ ကြားနာဖူးသောထိုရဟန်းသည် တရားအားလုံးကို အထူးသိ၏၊ တရားအားလုံးကို အထူးသိပြီး၍ တရားအားလုံးကို ပိုင်းခြား၍ သိ၏၊ တရားအားလုံးကို ပိုင်းခြားသိပြီး၍ ချမ်းသာသည်လည်းဖြစ်သော၊ ဆင်းရဲသည်လည်းဖြစ်သော၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည်လည်းဖြစ်သော အမှတ်မရှိသော ဝေဒနာကို ခံစား၏။ ထိုရဟန်း သည် ထိုခံစားခြင်း ဝေဒနာတို့၌ မမြဲသောအားဖြင့် ရှုမြင်လျက် နေ၏၊ တပ်စွန်းမှုကင်းသောအားဖြင့် ရှုမြင်လျက် နေ၏၊ ချုပ်သောအားဖြင့် ရှုမြင်လျက် နေ၏၊ စွန့်လွှတ်ပြေးဝင်သောအားဖြင့် ရှုမြင်လျက် နေ၏။ ထိုရဟန်းသည် ထိုခံစားခြင်း ‘ဝေဒနာ’တို့၌မမြဲသောအားဖြင့် ရှုမြင်လျက်နေသော် တပ်စွန်းမှု ကင်းသောအားဖြင့် ရှုမြင်လျက်နေသော်ချုပ်သောအားဖြင့် ရှုမြင်လျက် နေသော် စွန့်လွှတ်ပြေးဝင်သော အားဖြင့် ရှုမြင်လျက်နေသော်လောက၌ (သင်္ခါရ) တစ်စုံတစ်ရာကိုမျှ မစွဲယူပေ၊ မစွဲယူသော် ထက်ဝန်းကျင် မတပ်မက်တော့ပေ၊ ထက်ဝန်းကျင် မတပ်မက်သော် အလိုလိုသာလျှင်ငြိမ်းအေး၏၊ ‘ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှာ တစ်ပါး သော ပြုဖွယ့်မရှိတော့ပြီ’ဟု ခွဲခြား၍ သိ၏။ သိကြားမင်း ဤမျှလောက်သော အကျင့်ဖြင့် ရဟန်းသည်အကျဉ်းအားဖြင့် တပ်မက်မှု ‘တဏှာ’ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်သောစိတ်ရှိသူ၊ ဧကန်ပြီးဆုံးခြင်း ရှိသူ၊ ဧကန်ဘေးကင်းခြင်းရှိသူ၊ ဧကန်မြတ်သော အကျင့်ရှိသူ၊ ဧကန်အဆုံးစခန်း ပန်းတိုင်ရှိသူ၊ နတ်လူတို့ထက် မြတ်သူဖြစ်၏” ဟု မိန့်တော်မူ၏။ မောဂ္ဂလာန်ဤသို့လျှင် ငါသည် “နတ်တို့ကိုအစိုးရ သော သိကြားမင်းအား အကျဉ်းအားဖြင့်တပ်မက်မှု ‘တဏှာ’ ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ် မြောက်ခြင်းကို ဟောကြားခဲ့သည်ကိုအမှတ်ရ၏” ဟု မြတ်စွာဘုရားသည် မိန့်ကြားတော်မူ၏။

မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်စွာခံယူလေသတည်း။

ခုနစ်ခုမြောက် စူဠတဏှာသင်္ခယသုတ်ပြီး၏။