မဇ္ဈိမနိကာယ်

၉— မဟာအဿပုရသုတ်

၄၁၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် အင်္ဂတိုင်း အဿပုရမည်သော အင်္ဂမင်းသားတို့၏ နိဂုံး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့က “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည်ဤသို့ မိန့်တော်မူ၏ — ရဟန်းတို့ လူအပေါင်းက သင်တို့ကို “သမဏ သမဏ” ဟု ကောင်းစွာ သိ၏၊ သင်တို့ကလည်း “သင်တို့သည် အဘယ်သူတို့နည်း” ဟု မေးသော် “သမဏများ ဖြစ်ကုန်၏” ဟု ဝန်ခံကုန်၏။ ရဟန်းတို့ ဤသို့ အသမုတ်ခံရသော ဤသို့ ဝန်ခံသော သင်တို့သည် “သမဏဖြစ်ကြောင်း ဗြာဟ္မဏဖြစ်ကြောင်းတရားတို့ကို ဆောက်တည်၍ ကျင့်ကုန်သော် ငါတို့၏ ဤအသမုတ်ခံရခြင်းနှင့်ဝန်ခံခြင်းသည်လည်း အမှန်အတိုင်း ဖြစ်လတ္တံ့။ ငါတို့သည် အကြင်သူတို့၏ သင်္ကန်း ဆွမ်း့ ကျောင်း အိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ ဆေးအဆောက်အဦကို သုံးဆောင်ကုန်၏၊ ထိုသူတို့၏ငါတို့အပေါ်၌ ထိုပြုလုပ်ခြင်းတို့ သည် များသောအကျိုး များသောအာနိသင်ရှိသည် ဖြစ်ကုန်လတ္တံ့၊ ငါတို့၏ ဤရဟန်းအဖြစ်သည်လည်း မမြုံဘဲ အကျိုးများ၍ တိုးပွားခြင်းရှိသည် ဖြစ်လတ္တံ့” ဟုဤသို့လျှင် ကျင့်ကြံအားထုတ်ရမည်။

၄၁၆။ ရဟန်းတို့ သမဏဖြစ်ကြောင်း ဗြာဟ္မဏဖြစ်ကြောင်းတရားတို့သည် အဘယ်တို့နည်း။ ရဟန်းတို့ “ရှက်ခြင်း ကြောက်ခြင်းနှင့် ပြည့်စုံကုန်အံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်း ကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန်ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင်နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုးကို အလိုရှိသည်ဖြစ်သော သင်တို့အား အထက်ဖြစ်သော ပြုဖွယ်ကိစ္စရှိလတ်သော် ရဟန်းအကျိုး မဆုတ်ယုတ်ပါစေလင့်။

၄၁၇။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “ငါတို့သည် ကိုယ်အမူအရာကို စင်ကြယ်စေအံ့၊ ပေါ်လွင်စေအံ့၊ ထင်ရှားစေအံ့၊ မကျိုးပေါက်စေအံ့၊ စောင့်စည်းထားအံ့၊ ထိုစင်ကြယ်သော ကိုယ်အမူအရာရှိခြင်းဖြင့် မိမိကိုယ်ကိုလည်း မမြှင့်တင်အံ့၊ သူတစ်ပါးကိုလည်း မနှိမ့်ချအံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံ အားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်းကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန် ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင် နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုး ကို အလိုရှိသည်ဖြစ်သော သင်တို့အား အထက်ဖြစ်သော ပြုဖွယ်ကိစ္စရှိလတ်သော်ရဟန်းအကျိုး မဆုတ် ယုတ်ပါစေလင့်။

၄၁၈။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “ငါတို့သည် နှုတ်အမူအရာကို စင်ကြယ်စေအံ့၊ ပေါ်လွင်စေအံ့၊ ထင်ရှားစေအံ့၊ မကျိုးပေါက်စေအံ့၊ စောင့်စည်းထားအံ့၊ ထိုစင်ကြယ်သော နှုတ်အမူအရာရှိခြင်းဖြင့် မိမိကိုယ်ကိုလည်း မမြှင့်တင်အံ့၊ သူတစ်ပါးကိုလည်း မနှိမ့်ချအံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်းကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ နှုတ်အမူအရာသည် စင်ကြယ်၏၊ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန် ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင် နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုးကို အလိုရှိသည် ဖြစ်သော သင်တို့အား အထက်ဖြစ်သော ပြုဖွယ်ကိစ္စရှိလတ်သော် ရဟန်းအကျိုး မဆုတ်ယုတ်ပါစေလင့်။

၄၁၉။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “ငါတို့သည်စိတ်အမူအရာကို စင်ကြယ်စေအံ့၊ ပေါ်လွင်စေအံ့၊ ထင်ရှားစေအံ့၊ မကျိုးပေါက်စေအံ့၊ စောင့်စည်းထားအံ့၊ ထိုစင်ကြယ်သော စိတ်အမူအရာရှိခြင်းဖြင့်လည်း မိမိကိုယ်ကို မမြှင့်တင်အံ့၊ သူတစ်ပါးကိုလည်း မနှိမ့်ချအံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်းကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ နှုတ်အမူအရာသည် စင်ကြယ်၏၊ စိတ်အမူအရာသည် စင်ကြယ်၏၊ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည့်ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန် ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟုဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင် နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုးကို အလိုရှိသည်ဖြစ်သော သင်တို့အားအထက်ဖြစ်သော ပြုဖွယ်ကိစ္စရှိလတ်သော် ရဟန်းအကျိုး မဆုတ်ယုတ်ပါစေလင့်။

၄၂ဝ။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “ငါတို့သည် အသက်မွေးမှုကို စင်ကြယ်စေအံ့၊ ပေါ်လွင်စေအံ့၊ ထင်ရှားစေအံ့၊ မကျိုးပေါက်စေအံ့၊ စောင့်စည်းထားအံ့၊ ထိုစင်ကြယ်သော အသက်မွေးမှုရှိခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်အံ့၊ သူတစ်ပါးကို မနှိမ့်ချအံ့” ဟုဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်းကြောက်ခြင်းနှင့် ပြည့်စုံ ကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ နှုတ်အမူအရာသည်စင်ကြယ်၏၊ စိတ်အမူအရာသည် စင်ကြယ်၏၊ အသက်မွေးမှုသည် စင်ကြယ်၏၊ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့ သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန်ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင်နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုးကို အလိုရှိသည်ဖြစ်သော သင်တို့အား အထက်ဖြစ်သော ပြုဖွယ်ကိစ္စ ရှိလတ်သော်ရဟန်းအကျိုး မဆုတ်ယုတ်ပါစေလင့်။

၄၂၁။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ ဣန္ဒြေတံခါးတို့ကိုပိတ်ထားသူဖြစ်ကုန်အံ့၊ မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ကို မြင်သော် (မိန်းမယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ မရှိကုန်အံ့၊ (လက်ခြေစသော အင်္ဂါပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိကုန်အံ့၊ (အကယ်၍) စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေကိုမစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈ ာ‘ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့်) ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်ကုန်အံ့၊ စက္ခုန္ဒြေကို စောင့်စည်းကုန်အံ့၊ စက္ခုန္ဒြေ၌စောင့်စည်းခြင်းသို့ ရောက်ကုန်အံ့။

နားဖြင့် အသံ ‘သဒ္ဒါရုံ’ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ကို နမ်းသော်။ပ။ လျှာဖြင့်အရသာ ‘ရသာရုံ’ ကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိသော်။ပ။ စိတ်ဖြင့်သဘော ‘ဓမ္မာရုံ’ ကိုသိသော် (မိန်းမယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိကုန်အံ,၊ (လက်ခြေစသော အင်္ဂါပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိကုန်အံ့၊ (အကယ်၍) မနိန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက် မောခြင်း ‘အဘိဇ္ဈ ာ‘ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်ညံ့သောအကုသိုလ်တရားတို့သည် ထို မစောင့်စည်းသူကို အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့်) ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့် ကုန်အံ့၊ မနိန္ဒြေကို စောင့်စည်းကုန်အံ့၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ရောက်ကုန်အံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်း ကြောက်ခြင်းနှင့် ပြည့်စုံ ကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ နှုတ်အမူအရာသည် စင်ကြယ်၏၊ စိတ်အမူအရာသည် စင်ကြယ်၏၊ အသက်မွေးမှုသည် စင်ကြယ်၏၊ ဣန္ဒြေတံခါးတို့ကို ပိတ်ဆို့ထားသူများ ဖြစ်ကုန်၏၊ ဤမျှ ဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန် ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှမရှိပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့် သာလျှင် နှစ်သက်ခြင်းသို့ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေ အံ့၊ ရဟန်းအကျိုးကို့အလိုရှိသည်ဖြစ်သော သင်တို့အား အထက်ဖြစ်သော ပြုဖွယ်ကိစ္စရှိသော် ရဟန်း အကျိုး မဆုတ်ယုတ်ပါစေလင့်။

၄၂၂။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “ဘောဇဉ်၌အတိုင်းအရှည် သိသူတို့ ဖြစ်ကုန်အံ့၊ သင့်လျော်သော အကြောင်းအားဖြင့် ဆင်ခြင်၍ အာဟာရကို သုံးဆောင်ကုန်အံ့၊ မြူးထူးရန် မာန်ယစ်ရန် (အသား) ပြည့်ဖြိုးရန် (အရေအဆင်း) ကြည်လင်ရန်အလို့ငှာမသုံးဆောင်ကုန်အံ့၊ ဤကိုယ်သည် တည်တံ့ရန် မျှတရန် ဆာလောင်မွတ်သိပ်ခြင်းကို ပယ်ဖျောက်ရန်မြတ်သောအကျင့်ကို အားထုတ်ရန်မျှသာ အာဟာရကို သုံးဆောင်ကုန်အံ့၊ ဤသို့ သုံးဆောင်ခြင်းဖြင့်ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်ကုန်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေကုန်အံ့၊ ငါတို့အား မျှတခြင်းအပြစ်မရှိခြင်း ချမ်းသာစွာနေရခြင်းတို့သည် ဖြစ်ကုန်လတ္တံ့” ဟု ရည်ရွယ်လျက် အာဟာရကို သုံးဆောင်ကုန်အံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်း ကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ နှုတ်အမူအရာသည် စင်ကြယ်၏၊ စိတ်အမူအရာသည် စင်ကြယ်၏၊ အသက်မွေးမှုသည် စင်ကြယ်၏၊ ဣန္ဒြေကို ပိတ်ဆို့ထား သူများ ဖြစ်ကုန်၏၊ ဘောဇဉ်၌ အတိုင်းအရှည်ကိုသိသူများ ဖြစ်ကုန်၏၊ ဤမျှဖြင့်သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာထိုထက်အလွန် ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင် နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုး ကို အလိုရှိသည်ဖြစ်သော သင်တို့အား အထက်ဖြစ်သောပြုဖွယ်ကိစ္စရှိလတ်သော် ရဟန်း အကျိုး မဆုတ် ယုတ်ပါစေလင့်။

၄၂၃။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “နိုးကြားခြင်းကိုအားထုတ်သူတို့ ဖြစ်ကုန်အံ့၊ နေ့အခါ၌ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် အပိတ်အပင် ‘နီဝရဏ’ တရားတို့မှစိတ်ကို သုတ်သင်ကုန်အံ့၊ ညဉ့်ဦးယံ၌ စင်္ကြံသွားခြင်းဖြင့် အပိတ်အပင် ‘နီဝရဏ’ တရားတို့မှ စိတ်ကိုသုတ်သင်ကုန်အံ့၊ သန်းခေါင်ယံ၌ လကျာ်နံတောင်းဖြင့် (လကျာ်) ခြေ၌ (လက်ဝဲ) ခြေကိုစဉ်းငယ်လွန်ကာ တင်ထား၍ သတိ, ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ထအံ့ဟု အမှတ်သညာကိုနှလုံးသွင်းလျက် မြတ် သော အိပ်ခြင်းကို ပြုကုန်အံ့၊ မိုးသောက်ယံ၌ စောစောထ၍ စင်္ကြံသွားခြင်းထိုင်ခြင်းဖြင့် အပိတ် အပင် ‘နီဝရဏ’ တရားတို့မှ စိတ်ကို သုတ်သင်ကုန်အံ့” ဟု ဤသို့လျှင် သင်တို့သည်ကျင့်ကြံအားထုတ်ရ မည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်း ကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ငါတို့၏ ကိုယ်အမူအရာ သည် စင်ကြယ်၏၊ နှုတ်အမူအရာသည် စင်ကြယ်၏၊ စိတ်အမူအရာသည်စင်ကြယ်၏၊ အသက်မွေးမှုသည် စင်ကြယ်၏၊ ဣန္ဒြေတံခါးတို့ကို ပိတ်ဆို့ထားသူများ ဖြစ်ကုန်၏၊ ဘောဇဉ်၌ အတိုင်းအရှည်ကိုသိသူများ ဖြစ်ကုန်၏၊ နိုးကြားခြင်းကို အားထုတ်သူများ ဖြစ်ကုန်၏၊ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ် ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန် ပြုဖွယ်ကိစ္စ တစ်စုံ တစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင် နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုးကို အလို ရှိသည်ဖြစ်သော သင်တို့အား အထက်ဖြစ်သောပြုဖွယ်ကိစ္စရှိလတ်သော် ရဟန်းအကျိုး မဆုတ်ယုတ်ပါစေ လင့်။

၄၂၄။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “သတိသမ္ပဇဉ်နှင့်ပြည့်စုံသူ ဖြစ်ကုန်အံ့၊ ရှေ့သို့တိုးရာ နောက်သို့ဆုတ်ရာ၌ သိလျက်ပြုလေ့ရှိသူ ဖြစ်ကုန်အံ့၊ တူရှုကြည့်ရာတစ်စောင်း ကြည့်ရာ၌ သိလျက်ပြုလေ့ရှိသူ ဖြစ်ကုန်အံ့၊ ကွေးရာ ဆန့်ရာ၌ သိလျက်ပြုလေ့ရှိသူဖြစ်ကုန်အံ့၊ ဒုကုဋ် သပိတ်သင်္ကန်းကို ဆောင်ရာ၌ သိလျက်ပြုလေ့ရှိသူ ဖြစ်ကုန်အံ့၊ စားရာ သောက်ရာ့ခဲရာ လျက်ရာ၌ သိလျက် ပြုလေ့ရှိသူ ဖြစ်ကုန်အံ့၊ ကျင်ကြီးကျင်ငယ်စွန့်ရာ၌ သိလျက်ပြုလေ့ရှိသူဖြစ်ကုန်အံ့၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ သိလျက်ပြုလေ့ရှိသူဖြစ်ကုန်အံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်း ကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ နှုတ်အမူအရာသည် စင်ကြယ်၏၊ စိတ်အမူအရာသည် စင်ကြယ်၏၊ အသက်မွေးမှုသည် စင်ကြယ်၏၊ ဣန္ဒြေ တံခါးတို့ကို ပိတ်ဆို့ထားသူ ဖြစ်ကုန်၏၊ ဘောဇဉ်၌ အတိုင်းအရှည်ကို သိသူ ဖြစ်ကုန်၏၊ နိုးကြားခြင်းကို အားထုတ်သူ ဖြစ်ကုန်၏၊ သတိသမ္ပဇဉ်နှင့် ပြည့်စုံသူ ဖြစ်ကုန်၏။ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထို့ထက်အလွန်ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏၊ ထိုမျှလောက်ဖြင့်သာလျှင်နှစ်သက်ခြင်းသို့ ရောက် ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုးကို အလိုရှိ သည်ဖြစ်သော သင်တို့အား အထက်ဖြစ်သော ပြုဖွယ်ကိစ္စရှိလတ်သော်ရဟန်းအကျိုး မဆုတ်ယုတ်ပါ စေလင့်။

၄၂၅။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကိုချောက်ကို တောင်ခေါင်းကို သုသာန်ကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲ၏၊ ထို (ရဟန်း) သည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍ ကမ္မဋ္ဌာန်း သို့ ရှေးရှု သတိကို ဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် (ဥပါဒါနက္ခန္ဓာငါးပါးဟူသော) လောက၌ မက် မောခြင်း ‘အဘိဇ္ဈ ာ‘ကို ပယ်၍ မက်မောခြင်း ‘အဘိဇ္ဈ ာ‘ကင်းသောစိတ်ဖြင့် နေ၏၊ မက်မောခြင်း ‘အဘိဇ္ဈ ာ‘မှ စိတ်ကို စင်ကြယ်စေ၏။ ပျက်စီး စေလိုသောဒေါသကို ပယ်၍ မပျက်စီးစေလိုသော စိတ်ရှိ သည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကိုလိုလားလျက် နေ၏၊ ပျက်စီးစေလိုသော ဒေါသမှ စိတ်ကို စင်ကြယ်စေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ကို ပယ်၍ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍ အောက်မေ့ဆင်ခြင်လျက်အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ လေးလံထိုင်း မှိုင်းခြင်း ‘ထိနမိဒ္ဓ’မှ စိတ်ကို စင်ကြယ်စေ၏။ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ’ ကို ပယ်၍ မိမိသန္တာန်၌ငြိမ်းအေးသောစိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတဖန်ပူပန်ခြင်း ‘ကုက္ကုစ္စ’တို့မှ စိတ်ကို စင်ကြယ်စေ၏။ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်၍ ယုံ မှားခြင်း ‘ဝိစိကိစ္ဆာ’ကိုလွန်မြောက်သည်ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ မှ စိတ်ကို စင်ကြယ်စေ၏။

၄၂၆။ ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် ကြွေးယူ၍ အလုပ်ကို လုပ်ကိုင်ရာ၏၊ ထိုသူ၏ထိုအလုပ်တို့သည် ဖွံ့ဖြိုးကုန်ရာ၏၊ ထိုသူသည် အဟောင်းဖြစ်သော ကြွေးရင်းတို့ကိုလည်း ဆပ်ရာ၏၊ ထိုသူအား သားမယားကြွေးမွေးရန်အလို့ငှါ အမြတ်လည်း ကျန်ရာ၏။ ထိုသူအား —

“ငါသည် ရှေးက ကြွေးယူ၍ အလုပ်တို့ကို လုပ်ကိုင်၏၊ ထိုငါ့အား ထိုအလုပ်များ ဖွံ့ဖြိုးကုန်၏၊ ငါသည် အဟောင်းဖြစ်သော ကြွေးရင်းတို့ကိုလည်း ဆပ်ရ၏၊ ငါ့အား သားမယားကျွေးမွေးရန် အမြတ်လည်း ကျန်သေး၏” ဟု အကြံဖြစ်ရာ၏။

ထိုသူသည် ထိုအကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ ရောက်ရာ၏။

ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား အနာရောဂါရှိသော ဆင်းရဲနှိပ်စက်ခံရသော ပြင်းစွာ မကျန်းမာသော ယောကျာ်းသည် ရှိရာ၏၊ ထိုသူအား ထမင်းကိုလည်း စားလိုစိတ် မရှိရာ၊ ထိုသူ၏ ကိုယ်၌ အားလည်း မရှိရာ၊ ထိုသူသည် နောင်အခါ၌ ထိုအနာရောဂါမှ လွတ်ရာ၏၊ ထိုသူသည် ထမင်းကိုလည်း နှစ့်သက်ရာ၏၊ ထိုသူ၏ ကိုယ်၌ အားလည်း ရှိရာ၏။ ထိုသူအား —

“ငါသည် ရှေး၌ အနာရောဂါရှိသော ဆင်းရဲအနှိပ်စက်ခံနေရသော ပြင်းစွာမကျန်းမာသောသူ ဖြစ်ခဲ့၏၊ ငါသည် ထမင်းကိုလည်း စားလိုစိတ် မရှိခဲ့၊ ငါ၏ ကိုယ်၌ အားလည်း မရှိခဲ့၊ ထိုငါသည် ယခုအခါ ထိုအနာရောဂါမှ လွတ်ခဲ့၏၊ ငါသည် ထမင်းကိုလည်း စားလိုစိတ် ရှိ၏၊ ငါ၏ ကိုယ်၌ အားလည်း ရှိ၏” ဟုအကြံဖြစ်ရာ၏။

ထိုသူသည် ထိုအကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ ရောက်ရာ၏။

ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား နှောင်အိမ်၌ နှောင်ဖွဲ့ခံရသော ယောကျာ်းသည် ရှိရာ၏၊ ထိုသူသည်နောင်အခါ၌ ထိုနှောင်အိမ်မှငြိမ်းချမ်းစွာ ဘေးကင်းလျက် ချမ်းသာစွာ လွတ်ရာ၏၊ ထိုသူအားစည်းစိမ်အနည်း ငယ်မျှ ပျက်စီးခြင်းမရှိရာ၊ ထိုသူအား —

“ငါသည် ရှေးက နှောင်အိမ်၌ နှောင်ဖွဲ့ခံခဲ့ရ၏၊ ထိုငါသည် ယခုအခါ ထိုနှောင်အိမ်မှငြိမ်းချမ်းစွာဘေးကင်းလျက် လွတ်ခဲ့၏၊ ငါ့အား စည်းစိမ်အနည်းငယ်မျှ ပျက်စီးခြင်းလည်း မရှိ” ဟု အကြံဖြစ်ရာ၏။

ထိုသူသည် ထိုအကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ ရောက်ရာ၏။

ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား (မိမိကိုယ်ကို) မိမိမစိုးပိုင်သော သူတစ်ပါးတို့ စိုးပိုင်သောအလိုရှိရာသို့ မသွားနိုင်သော ကျွန်ယောကျာ်းသည် ရှိရာ၏၊ ထိုသူသည် နောင်အခါ၌ ထိုကျွန်အဖြစ်မှလွတ်ရာ၏၊ (မိမိကိုယ်ကို) မိမိစိုးပိုင်သော သူတစ်ပါးတို့ မစိုးပိုင်သော အလိုရှိရာသို့ သွားနိုင်သောလွတ်လပ်သူ ဖြစ်ရာ၏၊ ထိုသူအား —

“ငါသည် ရှေး၌ (မိမိကိုယ်ကို) မိမိမစိုးပိုင်သော သူတစ်ပါးတို့ စိုးပိုင်သော အလိုရှိရာသို့ မသွားနိုင်သော ကျွန်ဖြစ်ခဲ့၏၊ ထိုငါသည် ယခုအခါ ထိုကျွန်အဖြစ်မှ လွတ်ခဲ့၏၊ (မိမိကိုယ်ကို) မိမိစိုးပိုင်သောသူတစ်ပါးတို့ မစိုးပိုင်သော (ကျွန်အဖြစ်မှ) လွတ်မြောက်ပြီးသော အလိုရှိရာသို့ သွားနိုင်သူ ဖြစ်၏” ဟုအကြံဖြစ်ရာ၏။

ထိုသူသည် ထိုအကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ ရောက်ရာ၏။

ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား ယောကျာ်းသည် ရှည်ဝေးသော ခရီးခဲကို ဥစ္စာအသုံးအဆောင်နှင့်တကွ သွားရာ၏၊ ထိုသူသည် နောင်အခါ၌ ထိုခရီးခဲကို ချမ်းသာစွာ ဘေးမရှိဘဲ လွန်မြောက်ရာ၏၊ ထိုသူအား စည်းစိမ်အနည်းငယ်မျှ ပျက်စီးခြင်းလည်း မရှိရာ၊ ထိုသူအား —

“ငါသည် ရှေးက ရှည်ဝေးသော ခရီးခဲကို ဥစ္စာအသုံးအဆောင်နှင့်တကွ သွားခဲ့၏၊ ထိုငါသည် ယခု အခါထိုခရီးခဲကို ချမ်းသာစွာ ဘေးမရှိဘဲ လွန်မြောက်ခဲ့၏၊ ငါ့အား စည်းစိမ်အနည်းငယ်မျှ ပျက်စီးခြင်းလည်းမရှိ” ဟု အကြံဖြစ်ရာ၏။

ထိုသူသည် ထိုအကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ ရောက်ရာ၏။

ရဟန်းတို့ ဤအတူ ရဟန်းသည် မိမိ၌ မပယ်အပ်ကုန်သေးသော ဤအပိတ်အပင် ‘နီဝရဏ’ တရားငါးပါးတို့ကို ကြွေးကဲ့သို့၊ အနာရောဂါကဲ့သို့၊ နှောင်အိမ်ကဲ့သို့၊ ကျွန်အဖြစ်ကဲ့သို့၊ ရှည်ဝေးသောခရီးခဲကဲ့သို့ကောင်းစွာ ရှု၏။

ရဟန်းတို့ ရဟန်းသည် အပိတ်အပင် ‘နီဝရဏ’ တရား ငါးပါးတို့ကို ပယ်ပြီး ဖြစ်သည်တို့ကိုကြွေးကင်းသကဲ့သို့၊ အနာရောဂါကင်းသကဲ့သို့၊ နှောင်အိမ်မှ လွတ်သကဲ့သို့၊ (ကျွန်အဖြစ်မှ) လွတ်မြောက်သကဲ့သို့၊ ငြိမ်းချမ်း သာယာသောအရပ်သို့ ရောက်သကဲ့သို့ ဤအတူ ကောင်းစွာ ရှု၏။

၄၂၇။ ထိုရဟန်းသည် စိတ်ညစ်ညူးကြောင်းဖြစ်ကုန်သော ပညာ၏ အားနည်းခြင်းကို ပြုတတ်ကုန်သော အပိတ်အပင် ‘နီဝရဏ’ တရား ငါးပါးတို့ကို ပယ်၍ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း့ ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထို (ရဟန်း) သည်ဤကိုယ်ကိုပင်လျှင် (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ် စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏။ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံးမပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိ။

ရဟန်းတို့ ဥပမာသော်ကား ကျွမ်းကျင်သော ရေချိုးပေးသူသည်လည်းကောင်း၊ ရေချိုးပေးသူ၏တပည့်သည်လည်းကောင်း ကြေးခွက်၌ ရေချိုးကသယ်မှုန့်တို့ကို ဖြူးပြီးလျှင် ရေဖြင့် ဖျန်းလျက် ဖျန်းလျက် အခဲပြုရာ၏၊ ထိုရေချိုးကသယ်မှုန့်အခဲသည် အစေးဖြင့် စိမ့်ဝင်လျက် ရှိရာ၏၊ အစေးဖြင့် ဖွဲ့စည်းလျက် ရှိရာ၏၊ အတွင်းအပြင်၌ အစေးဖြင့် ပျံ့နှံ့လျက် ရှိရာ၏၊ ယိုကျခြင်းလည်း မရှိ။

ရဟန်းတို့ ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏။ (နီဝရဏ) ကင်း ဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

၄၂၈။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သောနေရာ အနည်းငယ်မျှမရှိ။

ရဟန်းတို့ ဥပမာသော်ကား နက်စွာသော စိမ့်ရေရှိသော ရေအိုင်သည် ရှိရာ၏၊ ထိုရေအိုင်၏အရှေ့အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ အနောက်အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ မြောက်အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ တောင်အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ မိုးသည်လည်း အချိန်မှန်မှန်သည်းထန်စွာ ရွာသွန်းခြင်း မရှိရာ၊ သို့သော်လည်း ထိုရေအိုင်မှ အေးမြသော ရေအယဉ်သည် စိမ့်ထွက်၍ထိုရေအိုင်ကိုပင်လျှင် အေးမြသောရေဖြင့် စိုစွတ်စေရာ၏၊ အလုံးစုံစိုစွတ်စေရာ၏၊ ပြည့်စေရာ၏၊ ပျံ့နှံ့စေရာ၏၊ အေးမြသောရေဖြင့် ထိုရေအိုင် တစ်ခုလုံး၌ မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိရာ။

ရဟန်းတို့ ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် တည်ကြည်ခြင်း ‘သမာဓိ’ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိ။

၄၂၉။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် နှစ်သက်ခြင်း ‘ပီတိ’ကိုလည်း မစွဲမက်ခြင်း ကြောင့်သတိ, သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှု၍သာလျှင် နေ၏၊ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ကိုယ်ဖြင့်ခံစား၏၊ အကြင် တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ ရှိသူ” ဟုအရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏၊ ထို (ရဟန်း) သည်ဤကိုယ်ကိုပင်လျှင် နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသော ချမ်းသာခြင်း ‘သုခ’ဖြင့် စိုစွတ်စေ၏၊ အလုံးစုံစိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသော ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိ။

ရဟန်းတို့ ဥပမာသော်ကား ဥပ္ပလ (ဖြူ နီ ညို) ကြာတော၌လည်းကောင်း၊ ပဒုမ္မာကြာတော၌လည်းကောင်း၊ ပုဏ္ဍရိက်ကြာတော၌လည်းကောင်း၊ ဥပ္ပလ (ဖြူ နီ ညို) ကြာအချို့တို့သည်လည်းကောင်း၊ ပဒုမ္မာကြာ အချို့တို့သည်လည်းကောင်း၊ ပုဏ္ဍရိက်ကြာအချို့တို့သည်လည်းကောင်း၊ ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီး ပွားကုန်၏၊ ရေမှ မပေါ်ထွက်သေးကုန်၊ ရေထဲ၌ မြုပ်၍ ဖွံ့ဖြိုးကုန်၏၊ ထိုကြာတို့သည်အဖျား အရင်းတိုင်အောင် အေးမြသော ရေဖြင့် စိုစွတ်ကုန်၏၊ အလုံးစုံ စိုစွတ်ကုန်၏၊ ပြည့်ကုန်၏၊ ပျံ့နှံ့ကုန်၏၊ ထို့ပ္ပလ (ဖြူ နီ ညို) ကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာ အစိတ်အပိုင်းအလုံးစုံ၌ အေးမြသောရေဖြင့် မပျံ့နှံ့ သော နေရာအနည်းငယ်မျှ မရှိရာ။

ရဟန်းတို့ ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသော ချမ်းသာခြင်း ‘သုခ’ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသောချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိ။

၄၃ဝ။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့််ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် သန့်ရှင်းဖြူစင်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုရဟန်း၏တစ်ကိုယ်လုံး၌ သန့်ရှင်းဖြူစင်သော စိတ်ဖြင့် မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် ဖြူသောအဝတ်ဖြင့် ဦးခေါင်းနှင့်တကွ (တစ်ကိုယ်လုံး) ခြုံ၍ ထိုင်နေသည်ရှိသော် ထိုယောကျာ်း၏ တစ်ကိုယ်လုံး၌ ဖြူသောအဝတ်ဖြင့် မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိ။

ရဟန်းတို့ ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် သန့်ရှင်းဖြူစင်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုရဟန်း၏ တစ်ကိုယ်လုံး၌ စင်ကြယ်တောက်ပသော စိတ်ဖြင့် မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

၄၃၁။ ဤသို့တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေး မရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် ရှေး၌ဖြစ်ဖူးသောဘဝကို အောက်မေ့၍ သိသော ‘ပုဗ္ဗေနိဝါသာနုဿတိ’ဉာဏ် အလို့ငှါ စိတ်ကို (ရှေးရှုပို့ဆောင်၏) ရှေးရှုညွတ်စေ၏။ ထို (ရဟန်း) သည်များပြားသော ရှေး၌ဖြစ်ဖူးသောဘဝကို အောက်မေ့၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၏။

ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် မိမိရွာမှ တစ်ပါးသော ရွာသို့ သွားရာ၏၊ ထိုရွာမှလည်းတစ်ပါးသော ရွာသို့ သွားရာ၏၊ ထို (ယောကျာ်း) သည် ထိုရွာမှ မိမိရွာသို့သာလျှင် ပြန်လာရာ၏။ ထိုယောကျာ်းအား —

“ငါသည် မိမိရွာမှ ဤမည်သောရွာသို့ သွားခဲ့၏။ ထိုရွာ၌လည်း ဤသို့ ရပ်ခဲ့၏၊ ဤသို့ ထိုင်ခဲ့၏၊ ဤသို့ ပြောဆိုခဲ့၏၊ ဤသို့ ဆိတ်ဆိတ်နေခဲ့၏။ ထိုရွာမှလည်း ဤမည်သောရွာသို့ သွားခဲ့၏။ ထိုရွာ၌လည်း ဤသို့ ရပ်ခဲ့၏၊ ဤသို့ ထိုင်ခဲ့၏၊ ဤသို့ ပြောဆိုခဲ့၏၊ ဤသို့ ဆိတ်ဆိတ်နေခဲ့၏။ ထိုငါသည်ထို ရွာမှ မိမိရွာသို့သာလျှင် ပြန်လာ၏” ဟု (စိတ်အမှတ်အသားဖြစ်ရာ၏)။

ရဟန်းတို့ ဤအတူ ရဟန်းသည် များပြားသော ရှေး၌ဖြစ်ဖူးသောဘဝကို အောက်မေ့၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့လျှင် အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသောဘဝကို အောက်မေ့၏။

၄၃၂။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ့်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော ‘စုတူပပါတ’ဉာဏ်အလို့ငှာ စိတ်ကို (ရှေးရှုပို့ဆောင်၏) ရှေးရှုညွတ်စေ၏။ ထိုရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါအဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသောလားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကို သိ၏။ပ။

ရဟန်းတို့ ဥပမာသော်ကား မျက်နှာချင်းဆိုင် တံခါးရှိသော အိမ်နှစ်ဆောင်တို့သည် ရှိကုန်ရာ၏။ ထိုအိမ်၌ မျက်စိအမြင်ရှိသော ယောကျာ်းသည် အလယ်၌ ရပ်တည်လျက် အိမ်သို့ ဝင်ကုန်သော အိမ်မှထွက်ကုန်သော လမ်းမ၌ လမ်လျှောက်သွားလာကုန်သော လှည့်လည်ကုန်သော လူတို့ကို ရှုမြင်ရာ၏။

ရဟန်းတို့ ဤအတူ ရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သောနတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါမြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသော သတ္တဝါမကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာဖြစ်ပေါ်သော သတ္တဝါတို့ကိုသိ၏။ပ။

၄၃၃။ ဤသို့တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော ‘အာသဝက္ခယ’ဉာဏ် အလို့ငှာ စိတ်ကို (ရှေးရှုပို့ဆောင်၏) ရှေးရှုညွတ်စေ၏။ ထို (ရဟန်း) သည် ဤကား ဆင်းရဲဟုဟုတ်မှန် သော အတိုင်း သိ၏၊ ဤကားဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သောအတိုင်းသိ၏၊ ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ သို့ ရောက် ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤသည်တို့ကားအာသဝေါတရားတို့ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့ ဖြစ်ပေါ်ခြင်း၏အကြောင်းဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့ ချုပ်ရာ ‘နိဗ္ဗာန်’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါ တရားတို့ ချုပ်ရာ ‘နိဗ္ဗာန်’ သို့ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤသို့သိသော ဤသို့မြင်သော ထိုရဟန်း၏စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ် မြောက်၏၊ အဝိဇ္ဇာသဝမှလည်းလွတ်မြောက်၏၊ လွတ်မြောက်ပြီးသော် “လွတ်မြောက်ပြီ” ဟု အသိဥာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ (မဂ်) ကိစ္စအလို့ငှါတစ်ပါးသော ပြုဖွယ်မရှိတော့ပြီ” ဟု သိ၏။

ရဟန်းတို့ ဥပမာသော်ကား တောင်ဝှမ်း၌ ကြည်လင်သန့်ရှင်း နောက်ကျုကင်းသော ရေအိုင်သည်ရှိရာ၏၊ မျက်စိအမြင်ရှိသော ယောကျာ်းသည် ထိုရေအိုင်၏ ကမ်း၌ ရပ်လျက် ခရု ယောက်သွား ကျောက်စရစ် အိုးခြမ်း ငါးအပေါင်းတို့ သွားနေကြ ရပ်နေကြသည်ကို မြင်ရာ၏၊ ထိုယောကျာ်းအား —

“ဤရေအိုင်သည် ကြည်လင်သန့်ရှင်း နောက်ကျုကင်း၏၊ ထိုရေအိုင်၌ ဤခရု ယောက်သွားကျောက်စရစ် အိုးခြမ်း ငါးအပေါင်းတို့ သွားနေကြ ရပ်နေကြ၏” ဟု အကြံဖြစ်ရာ၏။

ရဟန်းတို့ ဤအတူ ဤကား ဆင်းရဲတည်းဟုဟုတ်မှန်သောအတိုင်း သိ၏။ပ။ ဤမဂ်ကိစ္စ အလို့ငှာတစ်ပါးသော ပြုဖွယ်မရှိတော့ပြီဟု သိ၏။

၄၃၄။ ရဟန်းတို့ ဤရဟန်းကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း၊ ရေချိုးပြီးသူဟူ၍လည်းကောင်း၊ သိပြီးသူဟူ၍လည်းကောင်း၊ (ကိလေသာတို့ကို) ညှဉ်းဆဲပြီးသူဟူ၍လည်းကောင်း၊ ့ (ကိလေသာတို့မှ) ဝေးသူဟူ၍လည်းကောင်း၊ ရဟန္တာဟူ၍လည်းကောင်း ဆိုရ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘သမဏ’ ဖြစ်သနည်း။ ထိုရဟန်းမှာ ပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန်ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကို ဖြစ်စေတတ်ကုန်သောယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကိုငြိမ်းပြီးကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ‘သမဏ’ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘ဗြာဟ္မဏ’ ဖြစ်သနည်း။ ထိုရဟန်းမှာ ပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကိုဖြစ်စေတတ်ကုန် သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို အပပြုပြီးဖြစ်ကုန်၏။ ရဟန်းတို့ဤသို့လျှင် ရဟန်း သည် ‘ဗြာဟ္မဏ’ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘ရေချိုးပြီးသူ’ ဖြစ်သနည်း။ ထိုရဟန်းအား ပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကို ဖြစ်စေတတ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို မဂ်ရေစင်ဖြင့် ချိုးအပ်ပြီးဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ‘ရေချိုးပြီးသူ’ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘သိပြီးသူ’ဖြစ်သနည်း။ ထိုရဟန်းအား ပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကို ဖြစ်စေတတ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို သိထားပြီးဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင်ရဟန်းသည် ‘သိပြီးသူ’ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘ညှဉ်းဆဲပြီးသူ’ ဖြစ်သနည်း။ ထိုရဟန်းအား ပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကိုဖြစ်စေတတ် ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို ညှဉ်းဆဲပြီးဖြစ်ကုန်၏။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် ‘ညှဉ်းဆဲပြီးသူ’ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘(ကိလေသာတို့မှ) ဝေးသူ’ ဖြစ်သနည်း။ ထိုရဟန်းအားပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်သော ပူလောင်ခြင်းနှင့် တကွဆင်းရဲခြင်း အကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကိုဖြစ်စေတတ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဝေးပြီးဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ‘(ကိလေသာတို့မှ) ဝေးသူ’ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘ရဟန္တာ’ ဖြစ်သနည်း။ ထိုရဟန်းအား ပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကိုဖြစ်စေတတ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဝေးပြီးဖြစ်ကုန်၏။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် ‘ရဟန္တာ’ဖြစ်၏ဟု ဤတရားစကားကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။

ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောကြားတော်မူသော တရားကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။

ကိုးခုမြောက် မဟာအဿပုရသုတ်ပြီး၏။