မဇ္ဈိမနိကာယ်

၁— သာလေယျကသုတ်

၄၃၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းအပေါင်းတို့နှင့်အတူ ကောသလတိုင်းတို့၌ဒေသစာရီ လှည့်လည်တော်မူသည်ရှိသော် သာလာမည်သော ပုဏ္ဏားရွာသို့ ဆိုက်ရောက်လေ၏။ သာလာရွာသား ပုဏ္ဏား သူကြွယ်တို့သည် “အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် များစွာသော ရဟန်းအပေါင်းနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူသည်ရှိသော် သာလာ ရွာသို့ ရောက်တော်မူ၏။

ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ထွက်၏။ ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံး စုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓမည်တော် မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်းဝိဇ္ဇာစရဏ သမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်းလောကဝိဒူ မည်တော်မူ၏။ ဆုံးမ ထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ လွန်မြတ်သောပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာဒေဝမနုဿနံ မည်တော်မူ၏၊ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း ဗုဒ္ဓမည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏ဟု (ပျံ့နှံ့၍ ထွက်၏)။

ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤသြကာသလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော ဤသတ္တလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏၊ ထိုမြတ်စွာ့ဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသောအနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သောမြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့ သဘောရှိသော ရဟန္တာပုဂ္ဂိုလ်တို့ကို ဖူးမြော်ရခြင်းသည်ကောင်းသည်သာတည်း” ဟု ကြားသိရလေ၏။

ထိုအခါ သာလာရွာသား ပုဏ္ဏားသူကြွယ်တို့သည် မြတ်စွာဘုရားထံ ချဉ်းကပ်ကြကုန်ပြီးလျှင် အချို့တို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်လျက်, အချို့တို့က မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေလျက် အချို့တို့ကမူ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီကုန်လျက်,အချို့တို့က အမည် အမျိုးအနွယ်ကို ပြောကြားကုန်လျက်, အချို့တို့က ဆိတ်ဆိတ်ဖြစ်ကုန်လျက် သင့်လျော်သောနေရာ၌ ထိုင်ကြကုန်၏။ သင့်လျော်သော နေရာ၌ ထိုင်နေကြပြီးသော် သာလာရွာသားပုဏ္ဏား သူကြွယ်တို့သည် မြတ်စွာဘုရားအား—

“အသျှင်ဂေါတမ ဤလောက၌ အချို့သော သတ္တဝါများ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ချမ်းသာကင်းသော မကောင်းသောသူတို့ လားရာ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ကြရသော အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင်ဂေါတမ ဤလောက၌ အချို့သောသတ္တဝါများ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသောသူတို့ လားရာ နတ်ပြည်သို့ ရောက်ကြရသော အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း” ဟု လျှောက်ထားကြကုန်၏။

သူကြွယ်တို့ မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သောသတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ကြရကုန်၏။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ကောင်းသောသူတို့ လားရာ နတ်ပြည်သို့ ရောက်ကြရကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်မူ၍ အကျဉ်းအားဖြင့် မိန့်ဆိုထားသော ဤတရားတော်၏ အနက်အဓိပ္ပါယ်ကို တပည့်တော်တို့ အကျယ် မသိပါကုန်၊ တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်မူ၍ အကျဉ်းအားဖြင့် မိန့်ဆိုထားသောဤတရားတော်၏ အနက်အဓိပ္ပါယ်ကို သိနိုင်သော အခြင်းအရာအားဖြင့် တပည့်တော်တို့အား တရားကိုအကျယ်ဟောကြားပါလော့ဟု (လျှောက်ကြကုန်၏)။

သူကြွယ်တို့ သို့ဖြစ်လျှင် နားထောင်ကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ “ကောင်းပါပြီ အသျှင်ဘုရား” ဟု သာလာရွာသား ပုဏ္ဏားသူကြွယ်တို့သည်မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏။

၄၄ဝ။ သူကြွယ်တို့ ကိုယ်ဖြင့် မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။ နှုတ်ဖြင့် မတရားမှုမမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏၊ စိတ်ဖြင့် မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည်သုံးမျိုးရှိ၏။

သူကြွယ်တို့ အဘယ်သို့လျှင် ကိုယ်ဖြင့် မတရားမှု မမျှတမှုကို ပြုလုပ်ခြင်း သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သူသည် အသက်သတ်လေ့ရှိ၏၊ ကြမ်းကြုတ်၏၊ သွေးစွန်းသောလက်ရှိ၏၊ သတ်ပုတ် ရိုက်နှက်ခြင်း၌ စိတ်ဝင်စား၏ း သတ္တဝါတို့၌ သနားခြင်း မရှိ။

မပေးသည်ကို ယူလေ့ရှိ၏၊ ရွာ၌တည်သည်ဖြစ်စေ၊ တော၌တည်သည်ဖြစ်စေ သူတစ်ပါးဥစ္စာ သူတစ် ပါးအဆောက်အဦကို မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် ယူတတ်၏။

ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ အမိစောင့်ရှောက်ထားသော မိန်းမ, အဖစောင့်ရှောက့်ထားသော မိန်းမ, အမိအဖစောင့်ရှောက်ထားသော မိန်းမ, မောင်ကြီးမောင်ငယ် စောင့်ရှောက်ထားသောမိန်းမ, အစ်မညီမ စောင့်ရှောက်ထားသော မိန်းမ, ဆွေမျိုးစောင့်ရှောက်ထားသော မိန်းမ, အနွယ်စောင့်ရှောက်ထားသော မိန်းမ, တရားကျင့်ဖော်တို့ စောင့်ရှောက်ထားသော မိန်းမ, ကြောင်းလမ်းထားသောမိန်းမ, ဒဏ်ထားသော မိန်းမ, အယုတ်ဆုံးအားဖြင့် ပန်းကုံးရံထားအပ်သော မိန်းမတို့၌ ကျူးလွန်ခြင်းသို့ရောက်၏။ သူကြွယ်တို့ ဤသို့လျှင် ကိုယ်ဖြင့် မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။

သူကြွယ်တို့ အဘယ်သို့လျှင် နှုတ်ဖြင့် မတရားမှု မမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ သနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သူသည် မုသားပြောဆိုလေ့ ရှိ၏၊ သဘင်၌ တည်သည်ဖြစ်စေ၊ ပရိသတ်၌တည်သည်ဖြစ်စေ၊ ဆွေမျိုးအလယ်၌ တည်သည်ဖြစ်စေ၊ အသင်းအပင်းအလယ်၌ တည်သည်ဖြစ်စေ၊ မင်းမျိုး အလယ်၌ တည်သည်ဖြစ်စေ ခေါ်ဆောင်၍ “အချင်းယောကျာ်း သိသော အကြောင်းကို ပြောဆိုလော့” ဟု သက်သေပြုလျက် မေးမြန်းလတ်သော် ထိုယောကျာ်းသည် မသိသည်ကို “ငါသိ၏” ဟူ၍သော်လည်းကောင်း၊ သိသည်ကို “ငါမသိ” ဟူ၍သော်လည်းကောင်း၊ မမြင်သည်ကို “ငါမြင်၏” ဟူ၍သော်လည်းကောင်း မြင်သည်ကို “ငါမမြင်” ဟူ၍သော်လည်းကောင်း ပြောဆို၏။ ဤသို့ မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါးအကြောင်းကြောင့်ဖြစ်စေ၊ အနည်းငယ်မျှသော လာဘ်အာမိသဟူသော အကြောင်းကြောင့်ဖြစ်စေ သိလျက်သာလျှင် မုသားပြောဆို၏။

ကုန်းစကား ပြောဆို၏၊ ဤသူတို့ထံမှ နားထောင်၍ ဤသူတို့၏ ထိုသူတို့နှင့် ကွဲပြားခြင်းငှါထိုသူတို့ထံ၌ ပြောကြားတတ်၏၊ ထိုသူတို့ထံမှ နားထောင်၍ ထိုသူတို့၏ ဤသူတို့နှင့် ကွဲပြားခြင်းငှါဤသူတို့ထံ၌ ပြောကြားတတ်၏။ ဤသို့ ညီညွတ်သူတို့ကို ကွဲပြားအောင် ပြုတတ်၏၊ ကွဲပြားသူတို့ကိုလည်း အားပေးတတ်၏၊ ကွဲပြားခြင်း၌ မွေ့လျော်၏၊ ကွဲပြားခြင်း၌ ပျော်ပိုက်၏၊ ကွဲပြားခြင်းကိုနှစ်သက်၏၊ ကွဲပြားခြင်းကို ပြုတတ်သော စကားကို ပြောဆိုတတ်၏။

ကြမ်းတမ်းသော စကား ရှိ၏၊ ဆူးသဖွယ် အဖုအထစ်ရှိ၍ ကြမ်းတမ်းသော သူတစ်ပါးနားကိုစပ်ခါးစေတတ် သူတစ်ပါးအား ထိခိုက်တတ်သော အမျက်ထွက်ခြင်းနှင့် နီးစပ်လျက် တည်တံ့ခြင်းကို မဖြစ်စေတတ်သည့် သဘောရှိသော စကားကို ပြောဆိုတတ်၏။

ပြိန်ဖျင်းသော စကားကို ပြောဆိုတတ်၏၊ မသင့်သောအခါ ဆိုလေ့ရှိ၏၊ မဟုတ်သည်ကို ဆိုလေ့ ရှိ၏၊ အကျိုးနှင့် မစပ်သည်ကို ဆိုလေ့ရှိ၏၊ တရားနှင့် မစပ်သည်ကို ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် မစပ်သည်ကိုဆိုလေ့ရှိ၏၊ မသင့်သောအခါ၌ အကြောင်းမရှိသော အပိုင်းအခြားမရှိသော အစီးအပွားနှင့် မစပ်သောနှလုံး၌ မသိုမှီး သင့်သည့် စကားကို ပြောဆိုတတ်၏။ သူကြွယ်တို့ ဤသို့လျှင် နှုတ်ဖြင့် မတရားမှုမမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏။

သူကြွယ်တို့ အဘယ်သို့လျှင် စိတ်ဖြင့် မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိသနည်း၊ သူကြွယ်တို့ ဤလောက၌ အချို့သူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ များ၏။ “သူတစ်ပါး၏ ဥစ္စာသည်ငါ၏ ဥစ္စာဖြစ်မူ ကောင်းလေစွ” ဟု သူတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို ရှေးရှုကြံစည်တတ်၏။

ဖျက်ဆီးလိုစိတ်ရှိ၏၊ “ဤသတ္တဝါတို့သည် အညှဉ်းဆဲခံကြရပါစေဟူ၍သော်လည်းကောင်း၊ အသတ်ခံ ကြရပါစေဟူ၍သော်လည်းကောင်း၊ အဖြတ်ခံကြရပါစေဟူ၍သော်လည်းကောင်း၊ ပျက်စီးကြပါစေဟူ၍သော်လည်းကောင်း၊ ဘာမျှ မဖြစ်ပါစေကုန်လင့်” ဟူ၍သော်လည်းကောင်း ဤသို့ ဖျက်ဆီးလိုသောစိတ် အကြံအစည်ရှိ၏။

မှားသောအယူရှိ၏၊ “ပေးလှူခြင်း၏ အကျိုးသည် မရှိ၊ ယစ်ပူဇော်ခြင်း၏ အကျိုးသည် မရှိ၊ ဟုံးပူဇော်ခြင်း၏ အကျိုးသည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည်မရှိ၊ တစ်ပါးသော လောကသည် မရှိ၊ အမိကျေးဇူးသည် မရှိ၊ အဖကျေးဇူးသည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကိုလည်းကောင်း တစ်ပါးသော လောကကိုလည်းကောင်း့ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သောကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်” ဟု ဖောက်ပြန်သောအမြင်ရှိ၏။

သူကြွယ်တို့ ဤသို့လျှင် စိတ်ဖြင့် မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိ၏။

သူကြွယ်တို့ ဤသို့ မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သောသတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ကြရကုန်၏။

၄၄၁။ သူကြွယ်တို့ ကိုယ်ဖြင့် တရားမှု မျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။ နှုတ်ဖြင့် တရားမှုမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏။ စိတ်ဖြင့် တရားမှု မျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိ၏။

သူကြွယ်တို့ အဘယ်သို့လျှင် ကိုယ်ဖြင့် တရားမှု မျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အသက်သတ်ခြင်းကိုပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကိုချထားပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသောသတ္တဝါတို့၏ အစီးအပွားကို လိုလားလျက်နေ၏။

မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ရွာ၌ တည်သည်ဖြစ်စေ၊ တော၌ တည်သည်ဖြစ်စေ သူတစ်ပါးဥစ္စာ သူတစ်ပါး အဆောက်အဦကို မပေးဘဲ ခိုလိုသော စိတ်အစုဖြင့်မယူတတ်။

ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းကို ပယ်၍ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ အမိစောင့်ရှောက်ထားသော မိန်းမ, အဖစောင့်ရှောက်ထားသော မိန်းမ, အမိအဖစောင့်ရှောက်ထားသော မိန်းမ, မောင်ကြီးမောင်ငယ်စောင့်ရှောက်ထားသော မိန်းမ, အစ်မ ညီမစောင့်ရှောက်ထားသော မိန်းမ, ဆွေမျိုးစောင့် ရှောက်ထားသော မိန်းမ, အနွယ်စောင့်ရှောက်ထားသောမိန်းမ, တရားကျင့်ဖော်တို့ စောင့်ရှောက်ထားသော မိန်းမ, ကြောင်းလမ်းထားသော မိန်းမ,ဒဏ်ထားသော မိန်းမ, အယုတ်ဆုံးအား ဖြင့် ပန်းကုံးရံထားသော မိန်းမတို့၌ ကျူး လွန်ခြင်းသို့မရောက်” ၊ သူကြွယ်တို့ ဤသို့လျှင် ကိုယ်ဖြင့် တရားမှု မျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။

သူကြွယ်တို့ အဘယ်သို့လျှင် နှုတ်ဖြင့် တရားမှု မျှတမှုကို ပြောဆိ်ုခြင်းသည် လေးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သူသည် မုသားပြောဆိုခြင်းကို ပယ်၍ မုသားပြောဆိုခြင်းမှရှောင်ကြဉ်၏၊ သဘင်၌ တည်သည်ဖြစ်စေ၊ ပရိသတ်၌ တည်သည်ဖြစ်စေ၊ ဆွေမျိုးအလယ်၌တည်သည်ဖြစ်စေ၊ အသင်း အပင်းအလယ်၌ တည်သည်ဖြစ်စေ၊ မင်းမျိုးအလယ်၌ တည်သည်ဖြစ်စေခေါ်ဆောင်၍ “အချင်းယောကျာ်း သိသောအကြောင်းကို ပြောဆိုလော့” ဟု သက်သေပြုလျက်မေးမြန်းလတ်သော် ထိုယောကျာ်းသည် မသိသည်ကို “ငါမသိ” ဟူ၍သော်လည်းကောင်း၊ သိသည်ကို “ငါသိ၏” ဟူ၍သော်လည်းကောင်း၊ မမြင်သည် ကို “ငါမမြင်” ဟူ၍သော်လည်းကောင်း၊ မြင်သည်ကို “ငါမြင်၏” ဟူ၍သော်လည်းကောင်း ပြောဆို၏။ ဤသို့ မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါးအကြောင်းကြောင့်ဖြစ်စေ၊ အနည်းငယ်မျှသော လာဘအာမိသ ဟူသောအကြောင်းကြောင့်ဖြစ်စေ သိလျက် မုသားမပြောဆို။

ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ဤသူတို့ထံမှ နားထောင်၍ ဤသူတို့၏ထိုသူတို့နှင့် ကွဲပြားခြင်းငှာ ထိုသူတို့ထံ၌ မပြောကြားတတ်၊ ထိုသူတို့ထံမှ နားထောင်၍ ထိုသူတို့၏ဤသူတို့နှင့် ကွဲပြားခြင်းငှာ ဤသူတို့ထံ၌ မပြောကြားတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကိုနှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုသော စကားကို ပြောဆိုတတ်၏။

ကြမ်းသောစကားကို ပယ်၍ ကြမ်းသောစကားမှ ရှောင်ကြဉ်၏၊ အပြစ်ကင်း၍ နားချမ်းသာသောနှစ်လိုဖွယ်ရှိသော နှလုံးသို့ သက်ဝင်သော ယဉ်ကျေး၍ လူအများနှစ်သက် လူအများနှစ်ခြိုက်သောသဘောရှိသည့် စကားကို ပြောဆိုတတ်၏။

ပြိန်ဖျင်းသောစကား ပြောဆိုခြင်းကို ပယ်၍ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊ ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌ အကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အစီးအပွားနှင့်စပ်သော မှတ်သားလောက်သောစကားကို ပြောဆိုတတ်၏။ သူကြွယ်တို့ ဤသို့လျှင် နှုတ်ဖြင့် တရားမှု မျှတမှုကို ပြောဆိုခြင်းသည်လေးမျိုးရှိ၏။

သူကြွယ်တို့ အဘယ်သို့လျှင် စိတ်ဖြင့် တရားမှု မျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ မများ, “သူတစ်ပါး၏ ဥစ္စာသည်ငါ၏ ဥစ္စာဖြစ်မူ ကောင်းလေစွ” ဟု သူတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို ရှေးရှုမကြံစည်တတ်။

ဖျက်ဆီးလိုစိတ်မရှိ၊ “ဤသတ္တဝါတို့သည် ရန်မရှိ ကြောင့်ကြမှုမရှိ ဆင်းရဲမှုမရှိကြကုန်ဘဲ ချမ်းသာ စွာမိမိကိုယ်ကို ဆောင်နိုင်ပါကြစေ” ဟု မဖျက်ဆီးလိုသော စိတ်အကြံအစည်ရှိ၏။

မှန်သော အယူရှိ၏၊ “ပေးလှူခြင်း၏ အကျိုးသည် ရှိ၏၊ ယစ်ပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ ဟုံးပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် ရှိ၏၊ ဤလောကသည်ရှိ၏၊ တစ်ပါးသော လောကသည် ရှိ၏၊ အမိကျေးဇူးသည် ရှိ၏၊ အဖကျေးဇူးသည် ရှိ၏၊ သေ၍တစ်ဖန် ဖြစ်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသောလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက်ဟောကြားနိုင်ကုန်သော ညီညွတ်သော အကျင့်ရှိ ကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ရှိကုန်၏” ဟု မဖောက်ပြန်သော အမြင်ရှိ၏။

သူကြွယ်တို့ ဤသို့လျှင် စိတ်ဖြင့် တရားမှု မျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိ၏။

သူကြွယ်တို့ ဤတရားမှု မျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောသူတို့လားရာ နတ်ပြည်သို့ရောက်ကြ ရကုန်၏။

၄၄၂။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ များသောဥစ္စာရှိသော မင်းမျိုး မင်းနွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟုအကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ များသောဥစ္စာရှိသော မင်းမျိုး မင်းနွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ အဘယ်အကြောင်းကြောင့်နည်းဟူမူ— ထိုသူသည်တရား မှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်ပေတည်း။

သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ များသောဥစ္စာရှိသော ပုဏ္ဏားမျိုး ပုဏ္ဏားနွယ်အဖြစ်သို့။ပ။ များသောဥစ္စာရှိသော သူကြွယ်မျိုးသူကြွယ်နွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ များသောဥစ္စာရှိသော သူကြွယ်မျိုး သူကြွယ်နွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းရှိ၏။ အဘယ့်ကြောင့်နည်း ဟူမူ— ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။

သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ စာတုမဟာရာဇ်နတ်မျိုး နတ်နွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ စာတုမဟာရာဇ်နတ်မျိုး နတ်နွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ အဘယ့်ကြောင့်နည်း ဟူမူ— ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူဖြစ်သောကြောင့်တည်း။

သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ တာဝတိံသာနတ်။ပ။ ယာမာနတ်။ပ။ တုသိတာနတ်။ပ။ နိမ္မာနရတိနတ်။ပ။ ပရနိမ္မိတဝသဝတ္တီနတ်။ပ။ (ပဌမဈာန်ဘုံ) ဗြဟ္မာအပေါင်း၌ ဖြစ်ကုန်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ (ပဌမဈာန်ဘုံ) ဗြဟ္မာအပေါင်း၌ ဖြစ်ကုန်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ အဘယ်အကြောင့်ကြာင့်နည်း ဟူမူ— ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။

သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ အာဘာဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ အာဘာဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရာသောအကြောင်းသည် ရှိ၏။ အဘယ်အကြောင်းကြောင့်နည်း ဟူမူ— ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။

သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ပရိတ္တာဘာဗြဟ္မာ။ပ။ အပ္ပမာဏာဘာဗြဟ္မာ။ပ။ အာဘဿရာဗြဟ္မာ။ပ။ ပရိတ္တသုဘာဗြဟ္မာ။ပ။ အပ္ပမာဏသုဘာ ဗြဟ္မာ။ပ။ သုဘကိဏှာဗြဟ္မာ။ပ။ ဝေဟပ္ဖိုလ်ဗြဟ္မာ။ပ။ အဝိဟာဗြဟ္မာ။ပ။ အတပ္ပါဗြဟ္မာ။ပ။ သုဒဿာဗြဟ္မာ။ပ။ သုဒဿီဗြဟ္မာ။ပ။ အကနိဋ္ဌဗြဟ္မာ။ပ။ အာကာသာနဉ္စာယတနဘုံသို့ ကပ်ရောက်သော ဗြဟ္မာ။ပ။ ဝိညာဏဉ္စာ ယတနဘုံသို့ ကပ်ရောက်သော ဗြဟ္မာ။ပ။ အာကိဉ္စညာယတနဘုံသို့ကပ်ရောက်သော ဗြဟ္မာ။ပ။ နေဝသညာ နာသညာယတနဘုံသို့ ကပ်ရောက်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ နေဝသညာနာသညာယတနဘုံသို့ ကပ်ရောက်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ အဘယ်အကြောင်းကြောင့်နည်း ဟူမူ— ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။

သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခု ဘဝ၌ပင် ထူးသောဉာဏ်ဖြင့် သိ၍ ကိုယ်တိုင် မျက်မှောက်ပြုလျက်ရောက် ၍ နေရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်အာသဝေါ ကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ ပင်လျှင် ထူးသောဉာဏ်ဖြင့် သိ၍ ကိုယ်တိုင် မျက်မှောက်ပြုလျက်ရောက်၍ နေရာသော အကြောင်းသည် ရှိ၏။ အဘယ်အကြောင့်ကြောင့်နည်းဟူမူ— ထိုသူသည် တရားမှုမျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သော ကြောင့်တည်းဟု (မိန့်တော်မူ၏)။

၄၄၃။ ဤသို့ ဟောကြားတော်မူသော် သာလာရွာသား ပုဏ္ဏား သူကြွယ်တို့သည် မြတ်စွာဘုရားအား “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအားလမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသူတို့သည် အဆင်းတို့ကိုမြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်းအသျှင်ဂေါတမ ဤအတူသာ လျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားကို့ပြတော်မူပါပေ၏၊ ထိုအကျွန်ုပ်တို့သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်း ကပ်ပါကုန်၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏။ အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာတို့ဟု မှတ် တော်မူပါ” ဟူ၍ လျှောက်ကုန်၏။

ရှေးဦးစွာသော သာလေယျကသုတ်ပြီး၏။