မဇ္ဈိမနိကာယ်
၂— ဝေရဉ္စကသုတ်
၄၄၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သိီတင်းသုံးနေတော်မူ၏။ ထိုအခါ ဝေရဉ္ဇရွာသား ပုဏ္ဏားသူကြွယ်တို့သည် တစ်စုံတစ်ရာသောပြုဖွယ်ကိစ္စဖြင့် သာဝတ္ထိပြည်၌ (ရောက်ရှိ) နေကုန်၏။ ဝေရဉ္ဇရွာသား ပုဏ္ဏားသူကြွယ်တို့သည် ဤသို့ကြားကုန်၏—
“အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် သာဝတ္ထိ ပြည်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအသျှင်ဂေါတမ၏ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏— ထိုမြတ်စွာဘုရားသည် ပူဇော်အထူး ကိုခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတာ်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္နမည်တော်မူ၏၊ ကောင်း သောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတမည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်းသတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာ လေးပါးတရားတို့ကို) ကိုယ်တိုင် သိ၍ သူတစ်ပါးတို့ကိုသိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသောအကြောင်းကြောင့်လည်း ဘဂဝါမည်တော်မူ၏ဟု (ပျံ ့နှံ့၍ ထွက်၏)။
ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤသြကာသလောကကိုလည်းကောင်း၊ သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော ဤသတ္တလောကကိုလည်းကောင်း ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသောတရားကို ဟောတော်မူ၏။ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏။ ထိုသို့သဘောရှိသော ရဟန္တာ (ပုဂ္ဂိုလ်)တို့ကို ဖူးမျှော်ရခြင်းသည် ကောင်းသည်သာတည်း” ဟု (ကြားသိရလေ၏)။
ထိုအခါ ဝေရဉ္ဇရွာသား ပုဏ္ဏားသူကြွယ်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင်အချို့တို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်လျက်, အချို့တို့က မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ်အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေလျက်, အချို့တို့ကမူ မြတ်စွာဘုရားရှိရာ အရပ်သို့ လက်အုပ်ချီကုန်လျက်, အချို့တို့က အမည် အမျိုးအနွယ်ကို ပြောကြားကုန်လျက်, အချို့တို့က ဆိတ်ဆိတ်ဖြစ်ကုန်လျက် သင့်လျော်သော နေရာ၌ ထိုင်ကြကုန်၏။ သင့်လျော်သော နေရာ၌ ထိုင်နေကြပြီးသော် ဝေရဉ္ဇရွာသား ပုဏ္ဏားသူကြွယ်တို့သည် မြတ်စွာဘုရားအား— ့
“အသျှင်ဂေါတမ ဤလောက၌ အချို့သော သတ္တဝါများ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ပျက်စီး၍ကျရာ ငရဲသို့ ရောက်ကြရသော အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင်ဂေါတမ ဤလောက၌ အချို့သောသတ္တဝါများ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသောသူတို့လားရာ နတ်ပြည်သို့ ရောက်ကြရသောအကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း” ဟု လျှောက်ထားကြကုန်၏။
သူကြွယ်တို့ မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့ လားရာပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်ကြရကုန်၏။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ကောင်းသောသူတို့လားရာ နတ်ပြည်သို့ ရောက်ကြရကုန်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်မူ၍ အကျဉ်းအားဖြင့် မိန့်ဆိုထားသော ဤတရားတော်၏ အကျယ်အနက်အဓိပ္ပါယ်ကို တပည့်တော်တို့ အကျယ် မသိပါကုန်။ တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်မူ၍ အကျဉ်းအားဖြင့် မိန့်ဆိုထားသော ဤတရားတော်၏ အနက်အဓိပ္ပါယ်ကို သိနိုင်လောက်သော အခြင်းအရာအားဖြင့်တပည့်တော်တို့ အား တရားကို အကျယ်ဟောကြားတော်မူပါလော့ဟု (လျှောက်ကြကုန်၏)။
သူကြွယ်တို့ ထိုသို့ဖြစ်လျှင် နားထောင်ကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ “ကောင်းပါပြီအသျှင်ဘုရား” ဟု ဝေရဉ္ဇရွာသား ပုဏ္ဏားသူကြွယ်တို့သည်မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏ —
၄၄၅။ သူကြွယ်တို့ ကိုယ်ဖြင့် မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏၊ နှုတ်ဖြင့် မတရားမှုမမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏၊ စိတ်ဖြင့် မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည်သုံးမျိုးရှိ၏။
သူကြွယ်တို့ အဘယ်သို့လျှင် ကိုယ်ဖြင့် မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သော သူသည် အသက်သတ်လေ့ရှိ၏။ ကြမ်းကြုတ်၏၊ သွေး စွန်းသောလက်ရှိ၏၊ သတ်ပုတ်ရိုက်နှက်ခြင်း၌ စိတ်ဝင်စား၏၊ သတ္တဝါတို့၌ သနားခြင်း မရှိ။
မပေးသည်ကို ယူလေ့ရှိ၏။ပ။ သုတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို မပေးဘဲ ခိုးလိုသောစိတ်အစုဖြင့် ယူတတ်၏။
ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ အမိစောင့်ရှောက်ထားသော မိန်းမ။ပ။ ထိုသို့သဘောရှိသော မိန်းမတို့၌ ကျူးလွန်ခြင်းသို့ ရောက်၏၊ သူကြွယ်တို့ ဤသို့လျှင် ကိုယ်ဖြင့် မတရားမှု မမျှတမှုပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။
သူကြွယ်တို့ အဘယ်သို့လျှင် နှုတ်ဖြင့် မတရားမှု မမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သောသူသည် မုသားပြောဆိုလေ့ရှိ၏။ သဘင်၌ တည်သည် ဖြစ်စေ။ပ။ သိလျက်သာလျှင် မုသားပြောဆို၏။ ကုန်းစကား ပြောဆိုတတ်၏၊ ဤသူတို့ထံမှ နားထောင်၍ထိုသူတို့ထံ၌ ပြောကြားတတ်၏။ပ။ ကွဲပြားခြင်းကို ပြုတတ်သောစကားကို ပြောဆိုတတ်၏။ ကြမ်းသောစကားရှိ၏၊ (စူးသဖွယ်) အဖုအထစ် ရှိ၍ ကြမ်းတမ်းသော။ပ။ သဘောရှိသော စကားကို ပြောဆိုတတ်၏။ ပြိန်ဖျင်းသောစကားကို ပြောဆိုတတ်၏၊ မသင့်သောအခါ၌ ဆိုလေ့ရှိ၏။ပ။ အပိုင်းအခြားမရှိသောအစီးအပွားနှင့် မစပ်သော။ပ။ သူကြွယ်တို့ ဤသို့လျှင် နှုတ်ဖြင့် မတရားမှု မမျှတမှု ပြောဆိုခြင်းသည်လေးမျိုးရှိ၏။
သူကြွယ်တို့ အဘယ်သို့လျှင် စိတ်ဖြင့် မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သောသူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ များ၏။ပ။ သူတစ်ပါး၏ဥစ္စာသည် ငါ၏ ဥစ္စာဖြစ်မူ ကောင်းလေစွဟု ရှေးရှုကြံစည်တတ်၏။ ဖျက်ဆီးလိုစိတ်ရှိ၏၊ “ဤသတ္တဝါတို့သည် အညှဉ်းဆဲခံကြရပါစေဟူ၍သော်လည်းကောင်း။ပ။ ဘာမျှ မဖြစ်ပါစေကုန်လင့်” ဟူ၍လည်းကောင်း “ဤသို့ဖျက်စီးလိုသော စိတ်အကြံအစည် ရှိ၏။ မှားသောအယူရှိ၏၊ “ ပေးလှူခြင်း၏ အကျိုးသည် မရှိ၊ ယဇ်ပူဇော်ခြင်း၏ အကျိုးသည် မရှိ။ပ။ မျက်မှောက်ပြု၍ ဟောကြားနိုင်ကုန်သော။ပ။ ဟုဖောက်ပြန်သော အမြင်ရှိ၏။ သူကြွယ်တို့ ဤသို့လျှင် စိတ်ဖြင့် မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိ၏။
သူကြွယ်တို့ ဤသို့မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ကြရကုန်၏။
၄၄၆။ သူကြွယ်တို့ ကိုယ်ဖြင့် တရားမှု မျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏၊ နှုတ်ဖြင့် တရား မှုမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏၊ စိတ်ဖြင့် တရားမှု မျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုး ရှိ၏။
သူကြွယ်တို့ အဘယ်သို့လျှင် ကိုယ်ဖြင့် တရားမှု မျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သောသူသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေ၏။ မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏။ပ။ သူတစ်ပါးဥစ္စာ။ပ။ အဆောက်အဦကို မပေးဘဲ ခိုးလိုသောစိတ်အစု ဖြင့် မယူတတ်။ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းကို ပယ်၍။ပ။ ထိုသို့သဘောရှိသောမိန်းမတို့၌ ကျူးလွန်ခြင်းသို့ မရောက်။ သူကြွယ်တို့ ဤသို့လျှင် ကိုယ်ဖြင့် တရားမှု မျှတမှုကိုပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။
သူကြွယ်တို့ အဘယ်သို့လျှင် နှုတ်ဖြင့် တရားမှု မျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သောသူသည် မုသားပြောဆိုခြင်းကို ပယ်၍ မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ သဘင်၌ တည်သည်ဖြစ်စေ။ပ။ သိလျက်သာလျှင် မုသားမပြောဆို။ ကုန်းစကားကို ပယ်၍။ပ။ ညီညွတ်ခြင်းကို ပြုတတ်သော စကားကို ပြောဆိုတတ်၏။ ကြမ်းသောစကားကို ပယ်၍။ပ။ ထိုသို့သဘော ရှိသောစကားကို ပြောဆိုတတ်၏။ ပြိန်ဖျင်းသောစကားပြောဆိုခြင်းကို ပယ်၍။ပ။ သင့်သောအခါ၌ အကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အစီးအပွားနှင့်စပ်သော။ပ။ သူကြွယ်တို့ဤသို့လျှင် နှုတ် ဖြင့် တရားမှု မျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏။
သူကြွယ်တို့ အဘယ်သို့လျှင် စိတ်ဖြင့် တရားမှု မျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သောသူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ မများ၊ “သူတစ်ပါး၏ ဥစ္စာသည် ငါ၏ ဥစ္စာဖြစ်မူ ကောင်းလေစွ” ဟု သူတစ်ပါးဥစ္စာ သူတစ်ပါး အဆောက်အဦကို ရှေးရှုမကြံစည်တတ်။ ဖျက်ဆီးလိုစိတ် မရှိ၊ “ဤသတ္တဝါတို့သည် ရန်မရှိ ကြောင့်ကြမှုမရှိ ဆင်းရဲမှုမရှိကြကုန်ဘဲချမ်းသာစွာ မိမိကိုယ်ကို ဆောင်နိုင်ကြပါစေ” ဟု မဖျက်ဆီးလိုသော စိတ်အကြံအစည်ရှိ၏။ မှန်သောအယူရှိ၏၊ “ပေးလှူခြင်း၏ အကျိုးသည် ရှိ၏၊ ယဇ်ပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ ဟုံးပူဇော်ခြင်း၏အကျိုးသည် ရှိ၏။ပ။ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော။ပ။ ဟု မဖောက်ပြန်သော အမြင် ရှိ၏။ သူကြွယ်တို့ ဤသို့လျှင် စိတ်ဖြင့် တရားမှု မျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိ၏။
သူကြွယ်တို့ ဤသို့ တရားမှု မျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သတ္တဝါ့တို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောသူတို့လားရာ နတ်ပြည်သို့ ရောက်ကြရကုန်၏။
၄၄၇။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာ ပျက်စီး၍သေသည်မှ နောက်၌ များသောဥစ္စာရှိသော မင်းမျိုးမင်းနွယ် အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟုအကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ များသော ဥစ္စာရှိသော မင်းမျိုး မင်းနွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည်ရှိ၏။ ထိုသို့ရောက်ရခြင်းသည်အဘယ်အကြောင်းကြောင့်နည်း၊ ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူဖြစ်သောကြောင့်ပေတည်း။
သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ များသော ဥစ္စာရှိသော ပုဏ္ဏား။ပ။ များသော ဥစ္စာရှိသော သူကြွယ်မျိုး သူကြွယ်နွယ်အဖြစ်သို့ရောက်ရမူကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ များသောဥစ္စာရှိသော သူကြွယ်မျိုး သူကြွယ်နွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ထိုသို့ရောက်ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။
သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ စာတုမဟာရာဇ်နတ်မျိုး နတ်နွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူကိုယ်ခန္ဓာပျက် စီး၍ သေသည်မှနောက်၌ စာတုမဟာရာဇ်နတ်မျိုး နတ်နွယ်အဖြစ်သို့ ရောက်ရာသောအကြောင်းသည် ရှိ၏။ ထိုသို့ရောက်ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ထိုသူသည် တရားမှုမျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သော ကြောင့်တည်း။
သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ တာဝတိံသာနတ်။ပ။ ယာမာနတ်။ပ။ တုသိတာနတ်။ပ။ နိမ္မာနရတိနတ်။ပ။ ပရနိမ္မိတဝသဝတ္တီနတ်။ပ။ (ပဌမဈာန်ဘုံ) ဗြဟ္မာအပေါင်း၌ ဖြစ်ကုန်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ (ပဌမဈာန်ဘုံ) ဗြဟ္မာအပေါင်း၌ဖြစ်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ် အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ထိုသို့ရောက်ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။
သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ အာဘာဗြဟ္မာမျိုး ဗြဟ္မာနွယ် အဖြစ်သို့ ရောက်ရမူကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူကိုယ်ခန္ဓာ ပျက်စီး၍ သေသည်မှနောက်၌ အာဘာဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရာသောအကြောင်းသည်ရှိ၏။ ထိုသို့ရောက် ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ထိုသူသည် တရားမှုမျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။
သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ ပရိတ္တာဘာဗြဟ္မာ။ပ။ အပ္ပမာဏာဘာဗြဟ္မာ။ပ။ အာဘဿရာဗြဟ္မာ။ပ။ ပရိတ္တသုဘာဗြဟ္မာ။ပ။ အပ္ပမာဏသုဘာ ဗြဟ္မာ။ပ။ သုဘကိဏှာဗြဟ္မာ။ပ။ ဝေဟပ္ဖိုလ်ဗြဟ္မာ။ပ။ အဝိဟာဗြဟ္မာ။ပ။ အတပ္ပါဗြဟ္မာ။ပ။ သုဒဿာဗြဟ္မာ။ပ။ သုဒဿီဗြဟ္မာ။ပ။ အကနိဋ္ဌဗြဟ္မာ။ပ။ အာကာသာနဉ္စာယတနဘုံသို့ ကပ်ရောက်သောဗြဟ္မာ။ပ။ ဝိညာဏဉ္စာယတန ဘုံသို့ ကပ်ရောက်သောဗြဟ္မာ။ပ။ အာကိဉ္စညာယတနဘုံသို့ကပ်ရောက်သောဗြဟ္မာ။ပ။ နေဝသညာနာသညာယတနဘုံသို့ ကပ်ရောက်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌့နေဝသညာနာသညာယတနဘုံသို့ ကပ်ရောက်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရာသောအကြောင်းသည် ရှိ၏။ ထိုသို့ရောက်ရခြင်းသည် အဘယ်အကြာင်းကြောင့်နည်း၊ ထိုသူသည် တရားမှုမျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။
သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ပညာကို ယခု ဘဝ၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက်ရောက်၍ နေရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍နေရာသောအကြောင်းသည် ရှိ၏။ ထိုသို့ရောက်၍ နေရခြင်းသည် အဘယ့်ကြောင်းကြောင့်နည်း၊ ထိုသူသည်တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။
၄၄၈။ ဤသို့ ဟောကြားတော်မူသော် ဝေရဉ္ဇရွာသား ပုဏ္ဏားသူကြွယ်တို့သည် မြတ်စွာဘုရားအား “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကိုမြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း၊ အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကိုပြတော်မူပါပေ၏။ ထိုအကျွန်ုပ်တို့သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်း ကပ်ပါကုန်၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာတို့ဟု မှတ် တော်မူပါ” ဟူ၍လျှောက်ကြကုန်၏။
နှစ်ခုမြောက် ဝေရဉ္ဇကသုတ်ပြီး၏။