မဇ္ဈိမနိကာယ်

၃— မဟာဝေဒလ္လသုတ်

၄၄၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် ညနေချမ်းအချိန်ကိန်းအောင်ရာ မှ ထ၍ အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်သာရိပုတြာနှင့်အတူဝမ်းမြောက်ဖွယ် အမှတ် ရဖွယ်စကားကို ပြောဆိုပြီး ဆုံးစေလျက် တစ်ခုသောနေရာ၌ ထိုင်ပြီးသော်—

“ငါ့သျှင် ပညာမဲ့သူ ပညာမဲ့သူဟု ဆို၏၊ ငါ့သျှင် အဘယ်အကြောင်းကြောင့် “ပညာမဲ့သူ” ဟု ဆိုရသနည်း” ဟု လျှောက်၏။

ငါ့သျှင် “အပြားအားဖြင့် မသိတတ်, အပြားအားဖြင့် မသိတတ်” ဟူသော အကြောင်းကြောင့် “ပညာမဲ့သူ” ဟု ဆိုရ၏။

အဘယ်သို့လျှင် အပြားအားဖြင့် မသိတတ်သနည်း။ ဤကား ဆင်းရဲတည်းဟု အပြားအားဖြင့်မသိတတ်၊ ဤကား ဆင်းရဲဖြစ်ကြောင်းတည်းဟု အပြားအားဖြင့် မသိတတ်၊ ဤကား ဆင်းရဲချုပ်ရာတည်းဟု အပြားအားဖြင့် မသိတတ်၊ ဤကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်တည်းဟု့အပြားအားဖြင့် မသိတတ်။ ငါ့သျှင် (ဤသို့လျှင်) “အပြားအားဖြင့် မသိတတ်, အပြားအားဖြင့် မသိတတ်” ဟူသော အကြောင်းကြောင့် “ပညာမဲ့သူ” ဟု ဆိုရ၏ဟု (မိန့်ဆို၏)။

“ငါ့သျှင် ကောင်းပါပေ၏” ဟု အသျှင်မဟာကောဋ္ဌိကသည် အသျှင်သာရိပုတြာ၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ အသျှင်သာရိပုတြာကို ထိုထက်အလွန် ပြဿနာမေးမြန်းပြန်၏။

“ငါ့သျှင် ပညာရှိသူ, ပညာရှိသူဟု ဆိုရ၏၊ ငါ့သျှင် အဘယ်အကြောင်းကြောင့် ‘ပညာရှိသူ’ဟု ဆိုရသနည်း” ဟု (လျှောက်၏)။

“ငါ့သျှင် “အပြားအားဖြင့် သိတတ်, အပြားအားဖြင့် သိတတ်” သော အကြောင်းကြောင့် “ပညာရှိသူ” ဟု ဆိုရ၏။

အဘယ်သို့လျှင် အပြားအားဖြင့် သိတတ်သနည်း။ ဤကား ဆင်းရဲတည်းဟု အပြားအားဖြင့်သိတတ်၏၊ ဤကား ဆင်းရဲဖြစ်ကြောင်းတည်းဟု အပြားအားဖြင့် သိတတ်၏၊ ဤကား ဆင်းရဲချုပ်ရာတည်းဟု အပြားအားဖြင့် သိတတ်၏၊ ဤကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်တည်းဟုအပြားအားဖြင့် သိတတ်၏။ ငါ့သျှင် (ဤသို့လျှင်) “အပြားအားဖြင့် သိတတ်, အပြားအားဖြင့် သိတတ်” သော အကြောင်းကြောင့် “ပညာရှိသူ” ဟု ဆိုရ၏ဟု (မိန့်ဆို၏)။

“ငါ့သျှင် “ဝိညာဏ် ဝိညာဏ်” ဟု ဆိုရ၏၊ ငါ့သျှင် အဘယ်အကြောင်းကြောင့် “ဝိညာဏ်” ဟုဆိုရသနည်းဟု (လျှောက်၏)။

ငါ့သျှင် “အထူးသိတတ်, အထူးသိတတ်” သော အကြောင်းကြောင့် “ဝိညာဏ်” ဟု ဆိုရ၏။

အဘယ်သို့ အထူးသိတတ်သနည်း။ ချမ်းသာဟုလည်း အထူးသိတတ်၏၊ ဆင်းရဲဟုလည်း အထူးသိတတ်၏၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်ဟုလည်း အထူးသိတတ်၏။ ငါ့သျှင် “အထူးသိတတ်, အထူးသိတတ်” သော အကြောင်းကြောင့် “ဝိညာဏ်” ဟု ဆိုရ၏ဟု (မိန့်ဆို၏)။

ငါ့သျှင် အပြားအားဖြင့် သိမှု ‘ပညာ’ အထူးသိမှု ‘ဝိညာဏ်’ ဤတရားတို့သည် ရောနှောကြကုန်သလော၊ သို့မဟုတ် မရောနှောကြကုန်သလော၊ ဤတရားတို့ကို အသီးအသီးပြု၍ ခြားနားချက်ကိုပညတ်ရန် ရနိုင်ပါသလောဟု (လျှောက်၏)။

ငါ့သျှင် အပြားအားဖြင့် သိမူ ‘ပညာ’ အထူးသိမှု ‘ဝိညာဏ်’ ဤတရားတို့သည် ရောနှောကြကုန်၏၊ မရောနှောသည် မဟုတ်ကုန်၊ ဤတရားတို့ကို အသီးအသီးပြု၍ ခြားနားချက်ကို ပညတ်ရန် မရနိုင်ပေငါ့သျှင် အပြားအားဖြင့်သိသော အရာကိုပင် အထူးသိ၏။ အထူးသိသော အရာကိုပင် အပြားအားဖြင့်သိ၏။ ထို့ကြောင့် ဤတရားတို့သည် ရောနှောကြကုန်၏၊ မရောနှောသည် မဟုတ်ကုန်၊ ဤတရားတို့ကိုအသီးအသီးပြု၍ ခြားနားချက်ကို ပညတ်ရန် မရနိုင်ပေဟု (မိန့်တော်မူ၏)။

ငါ့သျှင် ရောနှောကုန်သော, မရောနှောသည်မဟုတ်ကုန်သော အပြားအားဖြင့် သိမှု ‘ပညာ’နှင့်အထူးသိမှု ‘ဝိညာဏ်’ ဤတရားတို့၏ ခြားနားမှုကား အဘယ်နည်းဟု (လျှောက်၏)။

ငါ့သျှင် ရောနှောကုန်သော, မရောနှောသည်မဟုတ်ကုန်သော အပြားအားဖြင့် သိမှု ‘ပညာ’နှင့် အထူးသိမှူ ‘ဝိညာဏ်’တို့တွင် ပညာကို ပွားများရ၏၊ ဝိညာဏ်ကို ပိုင်းခြား၍ သိရ၏၊ ဤသည်ကား ထိုတရားတို့၏ ခြားနားချက်ပေတည်းဟု (မိန့်တော်မူ၏)။

၄၅ဝ။ ငါ့သျှင် “ဝေဒနာ ဝေဒနာ” ဟု ဆိုရ၏၊ ငါ့သျှင် အဘယ်အကြောင်းကြောင့် “ဝေဒနာ” ဟုဆိုရသနည်းဟု (လျှောက်၏)။

ငါ့သျှင် “ခံစားတတ်, ခံစားတတ်” သော အကြောင်းကြောင့် “ဝေဒနာ” ဟု ဆိုရ၏။

အဘယ်ကို ခံစားတတ်သနည်း။ ချမ်းသာကိုလည်း ခံစားတတ်၏၊ ဆင်းရဲကိုလည်း ခံစားတတ်၏၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည်ကိုလည်း ခံစားတတ်၏။ ငါ့သျှင် “ခံစားတတ် ခံစားတတ်” သောအကြောင်းကြောင့် “ဝေဒနာ” ဟု ဆိုရ၏ဟု (မိန့်ဆို၏)။

ငါ့သျှင် “သညာ သညာ” ဟု ဆိုရ၏၊ ငါ့သျှင် အဘယ်အကြောင်းကြောင့် “သညာ” ဟု ဆိုရသနည်းဟု (လျှောက်၏)။

ငါ့သျှင် “မှတ်သားတတ် မှတ်သားတတ်” သော အကြောင်းကြောင့် “သညာ” ဟု ဆိုရ၏။

အဘယ်ကို မှတ်သားတတ်သနည်း။ ညိုသောအရာကိုလည်း မှတ်သားတတ်၏၊ ရွှေသောအရာကိုလည်းမှတ်သားတတ်၏၊ နီသောအရာကိုလည်း မှတ်သားတတ်၏။ ဖြူသောအရာကိုလည်း မှတ်သားတတ်၏။ ငါ့သျှင် “မှတ်သားတတ် မှတ်သားတတ်” သော အကြောင်းကြောင့် “သညာ” ဟု ဆိုရ၏ဟု (မိန့် ဆို၏)။

ငါ့သျှင် ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’နှင့် အထူးသိမှု ‘ဝိညာဏ်’၊ ဤတရားတို့သည်ရောနှောကုန်သလော၊ သို့မဟုတ် မရောနှောကုန်သလော၊ ဤတရားတို့ကို အသီးအသီးပြု၍ခြားနားချက် ကို ပညတ်ရန် ရနိုင်ပါသလောဟု (လျှောက်၏)။

ငါ့သျှင် ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’နှင့် အထူးသိမှု ‘ဝိညာဏ်’၊ ဤတရားတို့သည်ရောနှောကုန်၏၊ မရောနှောသည် မဟုတ်ကုန်၊ ဤတရားတို့ကို အသီးအသီးပြု၍ ခြားနားချက်ကို ပညတ်ရန် မရနိုင်ပေ။ ငါ့သျှင် အာရုံကိုပင် ခံစား၏၊ ခံစားသော အာရုံကိုပင် မှတ်သား၏၊ မှတ်သားသောအာရုံ ကိုပင် အထူးသိတတ်၏။ ထို့ကြောင့် ဤတရားတို့သည် ရောနှောကုန်၏၊ မရောနှောသည်မဟုတ်ကုန်၊ ဤတရားတို့ကို အသီးအသီးပြု၍ ခြားနားချက်ကို ပညတ်ရန် မရနိုင်ပေဟု (မိန့်ဆို၏)။

၄၅၁။ ငါ့သျှင် ဣန္ဒြေငါးပါးတို့မှ လွတ်သော စင်ကြယ်သော အထူးသိမှု (စတုတ္ထဈာန်) စိတ်ဖြင့်အဘယ်တို့ကို သိသင့်သနည်းဟု (လျှောက်၏)။

ငါ့သျှင် ဣန္ဒြေငါးပါးတို့မှ လွတ်သော စင်ကြယ်သော အထူးသိမှု (စတုတ္ထဈာန်) စိတ်ဖြင့် “ကောင်းကင်သည် အဆုံးမရှိ” ဟု အာကာသာနဉ္စာယတနသမာပတ်ကို သိသင့်၏၊ “ဝိညာဏ်သည် အဆုံးမရှိ” ဟုဝိညာဏဉ္စာ ယတနသမာပတ်ကို သိသင့်၏၊ “တစ်စုံတစ်ရာမျှ မရှိ” ဟု အာကိဉ္စညာယတနသမာပတ်ကိုသိသင့်၏ဟု (မိန့်ဆို၏)။

ငါ့သျှင် သိသင့်သော တရားကို အဘယ်ဖြင့် အပြားအားဖြင့် သိတတ်သနည်းဟု (လျှောက်၏)။ ငါ့သျှင်သိသင့်သော တရားကို ပညာမျက်စိဖြင့် အပြားအားဖြင့် သိတတ်၏ဟု (မိန့်ဆို၏)။

ငါ့သျှင် ပညာသည် အဘယ်အကျိုးရှိသနည်းဟု (လျှောက်၏)။ ငါ့သျှင် ပညာသည် အထူးသိခြင်းအကျိုးရှိ၏၊ ပိုင်းခြား၍သိခြင်း အကျိုး ရှိ၏၊ ပယ်စွန့်ခြင်း အကျိုးရှိ၏ဟု (မိန့်ဆို၏)။

၄၅၂။ ငါ့သျှင် မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ ဖြစ်ရန် အကြောင်းတို့ကား အဘယ်တို့နည်းဟု (လျှောက်၏)။

ငါ့သျှင် မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ ဖြစ်ရန် အကြောင်းတို့ကား သူတစ်ပါးတရားသံနှင့် အသင့်အား ဖြင့်နှလုံးသွင်းခြင်း ဤနှစ်ပါးတို့တည်း။ ငါ့သျှင် မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ ဖြစ်ရန် အကြောင်းတို့ကားဤနှစ်ပါးတို့တည်းဟု (မိန့်ဆို၏)။

ငါ့သျှင် အဘယ်အကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ သည်လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ် အကျိုးလည်းရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ် အကျိုးအာနိ သင်လည်းရှိသနည်း၊ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာ အကျိုးလည်းရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာ အကျိုးအာနိသင်လည်း ရှိသနည်းဟု (လျှောက်၏)။

ငါ့သျှင် ငါးပါးသောအကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ သည်လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ် အကျိုးလည်း ရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်အကျိုးအာနိသင်လည်း ရှိ၏၊ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာ အကျိုးလည်းရှိ၍ လွတ်မြောက်သော ‘အရဟတ္တ ဖိုလ်’ ပညာအကျိုးအာနိသင်လည်း ရှိ၏။ ငါ့သျှင် ဤသာသနာတော်၌ မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ သည် စောင့်စည်းမှု ‘သီလ’ အထောက်အပံ့ကိုလည်း ရ၏၊ တရားကို ကြားနာမှုအထောက်အပံ့ ကိုလည်း ရ၏၊ ကမ္မဋ္ဌာန်း ဆွေးနွေးမှု အထောက်အပံ့ကိုလည်း ရ၏၊ ဈာန်သမာပတ့် ‘သမထ’ အထောက်အပံ့ကိုလည်း ရ၏၊ အထူးထူးရှုမှု ‘ဝိပဿနာ’ အထောက်အပံ့ကိုလည်း ရ၏။ ငါ့သျှင် ဤ ငါးပါးသော အကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’သည် လွတ် မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်အကျိုးလည်း ရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်အကျိုး အာနိသင်လည်း ရှိ၏။ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာအကျိုးလည်း ရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာအကျိုးအာနိသင်လည်းရှိ၏ဟု (မိန့်ဆို၏)။

၄၅၃။ ငါ့သျှင် ဘဝတို့သည် အဘယ်တို့နည်းဟု (လျှောက်၏)။

ငါ့သျှင် ဘဝတို့သည် ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ၊ ဤသုံးပါးတို့တည်းဟု (မိန့်ဆို၏)။

ငါ့သျှင် အဘယ့်ကြောင့် နောင်အခါ တစ်ဖန်ဘဝသစ် ထင်ရှားဖြစ်ပေါ်ရသနည်းဟု (လျှောက်၏)။

ငါ့သျှင် မသိမှုအပိတ်အဆီး ‘အဝိဇ္ဇာနီဝရဏ’ နှင့် တပ်မက်မှုအနှောင်အဖွဲ့ ‘တဏှာသံယောဇဉ်’ ရှိကုန်သော သတ္တဝါတို့အား ထိုထို အာရုံ၌ အလွန်နှစ်သက်မှုကြောင့် နောင်အခါ၌ တစ်ဖန်ဘဝသစ် ထင်ရှားဖြစ်ပေါ်ရ၏ဟု (မိန့်ဆို၏)။

ငါ့သျှင် အဘယ့်ကြောင့် နောင်အခါ၌ တစ်ဖန်ဘဝသစ် ထင်ရှားမဖြစ်ပေါ်ရသနည်းဟု (လျှောက်၏)။

ငါ့သျှင် မသိမှု ‘အဝိဇ္ဇာ’ ကင်းခြင်း, သိမှု ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခြင်းနှင့် တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့်နောင်အခါ၌ တစ်ဖန်ဘဝသစ် ထင်ရှားမဖြစ်ပေါ်ရပေဟု (မိန့်ဆို၏)။

၄၅၄။ ငါ့သျှင် ပဌမဈာန်သည် အဘယ်နည်းဟု (လျှောက်၏)။

ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’နှင့်တကွဖြစ်သော၊ သုံးသပ်ဆင် ခြင်ခြင်း ‘ဝိစာရ’နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဤသည်ကို ပဌမဈာန်ဟု ဆိုရ၏ဟု (မိန့်ဆို၏)။

ငါ့သျှင် ပဌမဈာန်သည် အင်္ဂါအဘယ်မျှရှိသနည်းဟု (လျှောက်၏)။

ငါ့သျှင် ပဌမဈာန်သည် အင်္ဂါငါးပါးရှိ၏။ ငါ့သျှင် ဤသာသနာတော်၌ ပဌမဈာန်ကို ဝင်စားသောရဟန်းအားကြံစည်မှု ‘ဝိတက်’ သည်လည်းကောင်း၊ သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’သည်လည်းကောင်း၊ နှစ်သိမ့်မှု (ပီတိ) သည်လည်းကောင်း၊ ချမ်းသာမှု ‘သုခ’သည်လည်းကောင်း၊ စိတ်တည်ကြည်မှု ‘စိတ္တေကဂ္ဂတာ’သည်လည်းကောင်း ဖြစ်၏။ ငါ့သျှင် ပဌမဈာန်သည် ဤသို့ အင်္ဂါငါးပါးရှိ၏ဟု (မိန့်ဆို၏)။

ငါ့သျှင် ပဌမဈာန်သည် အဘယ်မျှသော အင်္ဂါတို့ကို ပယ်၍ အဘယ်မျှသော အင်္ဂါတို့နှင့် ပြည့်စုံ သနည်းဟု (လျှောက်၏)။

ငါ့သျှင် ပဌမဈာန်သည် ငါးပါးသော အင်္ဂါတို့ကို ပယ်၍ ငါးပါးသော အင်္ဂါတို့နှင့် ပြည့်စုံ၏။ ငါ့သျှင်ဤသာသနာတော်၌ ပဌမဈာန်ကို ဝင်စားသော ရဟန်းသည် လိုချင်တပ်မက်မှု ‘ကာမစ္ဆန္ဒ’ ကို ပယ်၏၊ ဖျက်ဆီးလိုမှု ‘ဗျာပါဒ’ ကို ပယ်၏၊ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို ပယ်၏၊ ပျံ့လွင့်မှု နောင်တပူပန်မှု ‘ဥဒ္စစ္စကုက္ကုစ္စ’ကို ပယ်၏၊ တွေးတောယုံမှားမှု ‘ဝိစိကိစ္ဆာ’ကို ပယ်၏။

ကြံစည်မှု ‘ဝိတက်’၊ သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’၊ နှစ်သိမ့်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်တည်ကြည်မှု ‘စိတ္တေကဂ္ဂတာ’ ဖြစ်၏။ ငါ့သျင် ပဌမဈာန်သည် ဤသို့ ငါးပါးသော အင်္ဂါတို့ကို ပယ်၍ငါးပါးသော အင်္ဂါတို့နှင့် ပြည့်စုံ၏ဟု (မိန့်ဆို၏)။

၄၅၅။ ငါ့သျှင်တို့ ဤငါးပါးကုန်သော ဣန္ဒြေတို့သည် အသီးအသီး အာရုံရှိကုန်၏၊ အသီးအသီးကျက်စားရာရှိကုန်၏။ တစ်ပါးသည် တစ်ပါး၏ ကျက်စားရာအာရုံကို မခံစားကုန်။ အဘယ်ဣန္ဒြေတို့နည်း၊ မျက်စိဣန္ဒြေ, နားဣန္ဒြေ, နှာခေါင်းဣန္ဒြေ, လျှာဣန္ဒြေ, ကိုယ်ဣန္ဒြေတို့တည်း။

ငါ့သျှင် အသီးအသီးအာရုံ, အသီးသီးကျက်စားရာရှိကုန်၍ တစ်ပါးသည် တစ်ပါး၏ ကျက်စားရာ အာရုံကို့မခံစားကုန်သော ဣနြေငြါးပါးတို့၏ အားထားရာကား အဘယ်နည်း၊ ထိုဣန္ဒြေတို့၏ ကျက်စားရာအာရုံကို အဘယ်တရားက ခံစားသနည်းဟု (လျှောက်၏)။

ငါ့သျှင် ငါးပါးကုန်သော ဣန္ဒြေတို့သည် အသီးအသီး အာရုံရှိကုန်၏၊ အသီးအသီးကျက်စားရာ ရှိကုန်၏၊ တစ်ပါးသည် တစ်ပါး၏ ကျက်စားရာအာရုံကို မခံစားကုန်။ အဘယ်ဣန္ဒြေတို့နည်း၊ မျက်စိ ဣန္ဒြေ,နားဣန္ဒြေ, နှာခေါင်းဣန္ဒြေ, လျှာဣန္ဒြေ, ကိုယ်ဣန္ဒြေတို့တည်း။ ငါ့သျှင် အသီးအသီးအာရုံ, အသီးအသီးကျက်စားရာ ရှိကုန်၍ တစ်ပါးသည် တစ်ပါး၏ ကျက်စားရာအာရုံကို မခံစားကုန်သော ဣန္ဒြေငါးပါးတို့၏ အားထားရာကား (ဇော) စိတ်ပင် ဖြစ်၏၊ ထိုဣန္ဒြေတို့၏ ကျက်စားရာအာရုံကို ဇောစိတ်ကပင်ခံစား၏ဟု (မိန့်ဆို၏)။

၄၅၆။ ငါ့သျှင် ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ မျက်စိဣန္ဒြေ, နားဣန္ဒြေ,နှာခေါင်းဣန္ဒြေ, လျှာဣန္ဒြေ, ကိုယ်ဣန္ဒြေတို့တည်း။

ငါ့သျှင် ဣန္ဒြေငါးပါးတို့သည် အဘယ်ကို စွဲ၍ တည်ကုန်သနည်းဟု (လျှောက်၏)။

ငါ့သျှင် ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ ဣန္ဒြေတို့သည် အဘယ်ငါးပါးတို့နည်း၊ မျက်စိဣန္ဒြေ,နားဣန္ဒြေ, နှာခေါင်းဣန္ဒြေ, လျှာဣန္ဒြေ, ကိုယ်ဣန္ဒြေတို့တည်း။ ငါ့သျှင် ဤဣနြေငြါးပါးတို့သည် အသက် ‘ဇီဝိတိန္ဒြေ’ကို စွဲ၍ တည်ကုန်၏ဟု (မိန့်ဆို၏)။

ငါ့သျှင် အသက် ‘ဇီဝိတိန္ဒြေ’ သည် အဘယ်ကို စွဲ၍ တည်သနည်းဟု (လျှောက်၏)။

ငါ့သျှင် အသက် ‘ဇီဝိတိန္ဒြေ’ သည် ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ ကို စွဲ၍ တည်၏ဟု (မိန့်ဆို၏)။

ငါ့သျှင် ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ သည် အဘယ်ကို စွဲ၍ တည်သနည်းဟု (လျှောက်၏)။

ငါ့သျှင် ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ သည် အသက် ‘ဇီဝိတိန္ဒြေ’ကို စွဲ၍ တည်၏ဟု (မိန့်ဆို၏)။

ငါ့သျှင် “အသက် ‘ဇီဝိတိန္ဒြေ’ သည် ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ကို စွဲ၍ တည်၏” ဟု ယခုပင်အသျှင်သာရိပုတြာ ပြောဆိုသည်ကို ငါတို့ သိရကုန်၏။ ငါ့သျှင် “ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’သည်အသက် ‘ဇီဝိတိန္ဒြေ’ ကို စွဲ၍ တည်၏” ဟု ယခုပင် အသျှင်သာရိပုတြာ ပြောဆိုသည်ကို ငါတို့သိရကုန်၏။ ငါ့သျှင် ဤစကား၏ အနက်အဓိပ္ပါယ်ကို အဘယ်ကဲ့သို့ သိမှတ်ရမည်နည်းဟု (လျှောက်၏)။

ငါ့သျှင် သို့ဖြစ်လျှင် သင့်အား ဥပမာပြုအံ့၊ ဤလောက၌ ဥပမာဖြင့်လည်း အချို့သော ပညာရှိယောကျာ်းတို့သည် ပြောဆိုသော စကား၏ အနက်အဓိပ္ပါယ်ကို သိကုန်၏။ ငါ့သျှင် တောက်လောင်သောဆီမီး၏ မီးလျှံကို စွဲ၍ အလင်းရောင်သည် ထင်ရှားသကဲ့သို့၊ အလင်းရောင်ကို စွဲ၍ မီးလျှံသည် ထင်ရှားသကဲ့သို့၊ ဤအတူပင် အသက် ‘ဇီဝိတိန္ဒြေ’သည် ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ကို စွဲ၍ တည်၏၊ ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’သည် အသက် ‘ဇီဝိတိန္ဒြေ’ကို စွဲ၍ တည်၏” ဟု (မိန့်ဆို၏)။

၄၅၇။ ငါ့သျှင် ထိုအသက်တို့သည်ပင် ထိုခံစားတတ်သော သဘောတို့လော၊ သို့မဟုတ် အသက်တို့ကတစ်ခြား, ခံစားတတ်သောသဘောတို့က တစ်ခြားတို့လောဟု (လျှောက်၏)။

ငါ့သျှင် ထိုအသက်တို့သည်ပင် ထိုခံစားတတ်သောသဘောတို့ မဟုတ်ကုန်။ ငါ့သျှင် မှန်၏၊ ထိုအသက်တို့သည်ပင် ထိုခံစားတတ်သော သဘောတို့ ဖြစ်ခဲ့ကြမူ ဤမှတ်သားမှု ‘သညာ’, ခံစားမှု ‘ဝေဒနာ’တို့ ချုပ်ရာ ‘နိရောဓ သမာပတ်’ကို ဝင်စားသော ရဟန်းအား (သမာပတ်မှ) ထခြင်းသည် မထင်ရှားရာ၊ ငါ့သျှင် အသက်က တစ်ခြား, ခံစားတတ်သော သဘောက တစ်ခြားဖြစ်ခြင်းကြောင့် မှတ်သားမှု ‘သညာ’,ခံစားမှု ‘ဝေဒနာ’တို့ ချုပ်ရာ ‘နိရောဓ သမာပတ်’ကို ဝင်စားသော ရဟန်းအား (သမာပတ်မှ) ထခြင်းသည်ထင်ရှား၏ဟု (မိန့်ဆို၏)။

ငါ့သျှင် ဤကိုယ်ကို အဘယ်တရားတို့က စွန့်ခွါသွားသောအခါ ဤကိုယ်သည် စိတ်မရှိသော ထင်းတုံးကဲ့သို့ စွန့်ပစ်ချထားအပ်သည်ဖြစ်၍ လဲလျောင်းရသနည်းဟု (လျှောက်၏)။

ငါ့သျှင် ဤကိုယ်ကို အသက် ‘ဇီဝိတိန္ဒြေ’၊ ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’၊ ဝိညာဏ်၊ ဤတရား့သုံးပါးတို့ စွန့်ခွါသွားသောအခါ ဤကိုယ်သည် စိတ်မရှိ သော ထင်းတုံးကဲ့သို့ စွန့်ပစ်ချထားအပ်သည်ဖြစ်၍ လဲလျောင်းရ၏ဟု (မိန့်ဆို၏)။

ငါ့သျှင် သေဆုံးကွယ်လွန်သူ (လူသေကောင်) နှင့် မှတ်သားမှု ‘သညာ’, ခံစားမှု ‘ဝေဒနာ’တို့ ချုပ်ရာ ‘နိရောဓသမာပတ်’ ကို ဝင်စားသူ ရဟန်းတို့၏ ခြားနားချက်ကား အဘယ်နည်းဟု (လျှောက်၏)။

ငါ့သျှင် သေဆုံးကွယ်လွန်သူ (လူသေကောင်) အား ကိုယ်၏ အပြုခံ (ထွက်သက် ဝင်သက်)တို့သည်ချုပ်ကုန်ငြိမ်းကုန်၏၊ နှုတ်မြွက်မှုကို ပြုပြင်တတ်သော ဝိတက်ဝိစာရတို့သည် ချုပ်ကုန်ငြိမ်းကုန်၏၊ စိတ်၏ အပြုခံ (သညာ, ဝေဒနာ)တို့သည် ချုပ်ကုန်ငြိမ်းကုန်၏၊ အသက် ‘ဇီဝိတိန္ဒြေ’ သည် ကုန်၏၊ ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ သည်ငြိမ်း၏၊ ဣန္ဒြေတို့သည် ပျက်စီးကုန်၏။

မှတ်သားမှု ‘သညာ’, ခံစားမှု ‘ဝေဒနာ’တို့ ချုပ်ရာ ‘နိရောဓသမာပတ်’ ကို ဝင်စားသော ရဟန်းအားကိုယ်၏ အပြုခံ (ထွက်သက် ဝင်သက်)တို့သည် ချုပ်ကုန်ငြိမ်းကုန်၏၊ နှုတ်မြွက်မှုကို ပြုပြင်တတ်သောဝိတက်ဝိစာရတို့သည် ချုပ်ကုန်ငြိမ်းကုန်၏၊ စိတ်၏ အပြုခံ (သညာ, ဝေဒနာ)တို့သည် ချုပ်ကုန်ငြိမ်းကုန်၏။ အသက် ‘ဇီဝိတိန္ဒြေ’ သည် မကုန်၊ ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ သည် မငြိမ်း၊ ဣန္ဒြေတို့သည် အထူး ကြည်လင်ကုန်၏၊ ငါ့သျှင် ဤသည်ကား သေဆုံးကွယ်လွန်သူ (လူသေကောင်) နှင့်မှတ်သားမှု ‘သညာ’,ခံစားမှု ‘ဝေဒနာ’တို့ ချုပ်ရာ ‘နိရောဓသမာပတ်’ ကို ဝင်စားသူ ရဟန်းတို့၏ခြားနားချက် တည်းဟု (မိန့်ဆို၏)။

၄၅၈။ ငါ့သျှင် ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော လွတ်မြောက်သော စိတ်ဟူသော (နေဝသညာနာသညာယတန) သမာပတ်၏ အကြောင်းသည် အဘယ်မျှတို့နည်းဟု (လျှောက်၏)။

ငါ့သျှင် ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော လွတ်မြောက်သော စိတ်ဟူသော (နေဝသညာနာသညာယတန) သမာပတ်၏ အကြောင်းတို့သည် လေးပါးတို့တည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည်ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာမှုနှင့် နှလုံးမသာမှုတို့၏ ရှေးဦးကပင်ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သောလွတ်မြောက်သော စိတ်ဟူသော (နေဝသညာနာသညာယတန) သမာပတ်၏ အကြောင်းတို့သည် ဤလေးပါးတို့တည်းဟု (မိန့်ဆို၏)။

ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ်ဟူသော (ဖလ) သမာပတ်၏အကြောင်းတို့သည် အဘယ်မျှတို့နည်းဟု (လျှောက်၏)။

ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ်ဟူသော (ဖလ) သမာပတ်၏ အကြောင်းတို့သည် နှစ်ပါးတို့တည်း။ အလုံးစုံသော (အာရုံ) နိမိတ်တို့ကို နှလုံးမသွင်းခြင်း၊ သင်္ခါရနိမိတ် မရှိရာ (နိဗ္ဗာန်) ဓာတ်ကို နှလုံးသွင်းခြင်းတို့တည်း။ ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သောစိတ်ဟူသော (ဖလ) သမာပတ်၏ အကြောင်းတို့သည် ဤနှစ်ပါးတို့ပင်တည်းဟု (မိန့်ဆို၏)။

ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ် (ဖလသမာပတ်) တည်တံ့ရန် အကြောင်းတို့သည် အဘယ်မျှတို့နည်းဟု (လျှောက်၏)။

ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ် (ဖလသမာပတ်) တည်တံ့ရန် အကြောင်းတို့သည် သုံးပါးတို့တည်း။ အလုံးစုံသော (အာရုံ) နိမိတ်တို့ကို နှလုံးမသွင်းခြင်း၊ သင်္ခါရနိမိတ်မရှိရာ (နိဗ္ဗာန်) ဓာတ်ကို နှလုံးသွင်းခြင်း၊ ရှေးဦးကပင် (မည်မျှကြာအောင် ဝင်စားမည်ဟု အချိန်ကာလပိုင်းခြားမှု) ပြုစီရင်ခြင်းတို့တည်း။ ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ် (ဖလသမာပတ်) တည်တံ့ရန် အကြောင်းတို့သည် ဤသုံးပါးတို့ပင်တည်းဟု (မိန့်ဆို၏)။

ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ် (ဖလသမာပတ်) မှ ထရန် အကြောင်း့တို့သည် အဘယ်မျှတို့နည်းဟု (လျှောက်၏)။

ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ် (ဖလသမာပတ်) မှ ထရန် အကြောင်းတို့သည် နှစ်ပါးတို့တည်း။ အလုံးစုံသော (အာရုံ) နိမိတ်တို့ကို နှလုံးသွင်းခြင်း၊ သင်္ခါရနိမိတ်မရှိရာ (နိဗ္ဗာန်) ဓာတ်ကို နှလုံးမသွင်းခြင်းတို့တည်း။ ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သောစိတ် (ဖလသမာပတ်) မှ ထရန် အကြောင်းတို့သည် ဤနှစ်ပါးတို့ပင်တည်းဟု (မိန့်ဆို၏)။

၄၅၉။ ငါ့သျှင် အတိုင်းအရှည်မရှိသော လွတ်မြောက်သောစိတ် (သမာပတ်)၊ ဘာမျှမရှိဟူသော လွတ်မြောက်သောစိတ ် (သမာပတ်)၊ (အာရုံ) ဆိတ်သုဉ်းသော လွတ်မြောက်သောစိတ် (သမာပတ်)၊ (အာရုံ) နိမိတ် မရှိသော လွတ်မြောက်သောစိတ် (သမာပတ်)၊ ဤတရားတို့သည် အနက်အဓိပ္ပါယ် အသီးသီးဖြစ်၍ သဒ္ဒါ အသီးသီး ဖြစ်ကုန်သလော၊ သို့မဟုတ် အနက်အဓိပ္ပါယ် တူ၍ သဒ္ဒါမျှသာအသီးအသီး ဖြစ်သလောဟု (လျှောက်၏)။

ငါ့သျှင် အတိုင်းအရှည်မရှိသော လွတ်မြောက်သောစိတ် (သမာပတ်)၊ ဘာမျှမရှိဟူသော လွတ်မြောက်သော စိတ် (သမာပတ်)၊ (အာရုံ) ဆိတ်သုဉ်းသော လွတ်မြောက်သောစိတ် (သမာပတ်)၊ (အာရုံ) နိမိတ်မရှိသော လွတ်မြောက် သောစိတ် (သမာပတ်)၊ ဤတရားတို့သည် အနက်အဓိပ္ပါယ် အသီးသီးဖြစ်၍သဒ္ဒါအသီးသီး ဖြစ်ကုန်၏ဟူသော အကြောင်းလည်း ရှိ၏။ အနက်အဓိပ္ပါယ် တူ၍ သဒ္ဒါမျှသာလျှင်အသီးအသီး ဖြစ်၏ဟူသော အကြောင်းလည်း ရှိ၏။

ငါ့သျှင် ဤတရားတို့သည် အနက်အဓိပ္ပါယ် အသီးသီးဖြစ်၍ သဒ္ဒါအသီးသီး ဖြစ်ကုန်၏ဟူသောအကြောင်းကား အဘယ်နည်း။

ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် မေတ ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာ ကိုပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်။ သုံးခုမြောက်။ လေးခုမြောက်အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက်အောက်ဖီလာ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့် အတူပြု၍သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသောကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေလျက်နေ၏။

ကရုဏာနှင့်ယှဉ်သော စိတ်ဖြင့်။ပ။ မုဒိတာနှင့်ယှဉ်သော စိတ်ဖြင့်။ပ။ ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့်တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်။ သုံးခုမြောက်။ လေးခုမြောက်အရပ်ကိုပျံ့နှံ့စေ၍ နေ၏။ ဤနည်းအားဖြင့် အထက်အောက်ဖီလာ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော ဥပေက္ခာနှင့်ယှဉ်သော စိတ်ပြင့် ပျံ့နှံ့စေ၍ နေ၏။ ငါ့သျှင်ဤနေခြင်းကို အတိုင်းအရှည် မရှိသော လွတ်မြောက်သောစိတ် (သမာပတ်) ဟု ဆိုရ၏။

ငါ့သျှင် ဘာမျှမရှိဟူသော လွတ်မြောက်သောစိတ် (သမာပတ်) ဟူသည် အဘယ်နည်း။ ငါ့သျှင်ဤသာသနာတော်၌ ရဟန်းသည် အခြင်းအရာအားလုံးအားဖြင့် ဝိညာဏဉ္စာယတနဈာန် (အာရုံ) ကို လွန်မြောက်၍ “ဘာမျှ မရှိ” ဟု အာကိဉ္စညာယတနသမာပတ်ကို ပြည့်စုံစေ၍ နေ၏။ ငါ့သျှင် ဤနေခြင်းကိုဘာမျှမရှိဟူသော လွတ်မြောက်သော စိတ် (သမာပတ်) ဟု ဆိုရ၏။

ငါ့သျှင် (အာရုံ) ဆိတ်သုဉ်းသော လွတ်မြောက်သောစိတ် (သမာပတ်) ဟူသည် အဘယ်နည်း။ ငါ့သျှင်ဤသာသနာတော်၌ ရဟန်းသည် တော၌တည်၍ဖြစ်စေ၊ သစ်ပင်ရင်း၌တည်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာ ကျောင်းအိပ်ရာနေရာ၌တည်၍ဖြစ်စေ “ဤ လွတ်မြောက်သောစိတ် (သမာပတ်) သည် ကိုယ် ‘အတ္တ’ မှလည်းကောင်း၊ ကိုယ်ပိုင်ဥစ္စာ ‘အတ္တနိယ’မှလည်းကောင်း ဆိတ်သုဉ်း၏” ဟု ဤသို့ ဆင်ခြင်၏။ ငါ့သျှင်ဤဆင်ခြင်ခြင်းကို (အာရုံ) ဆိတ်သုဉ်းသော လွတ်မြောက်သောစိတ် (သမာပတ်) ဟု ဆိုရ၏။

ငါ့သျှင် (အာရုံ) နိမိတ်မရှိသော လွတ်မြောက်သောစိတ် (သမာပတ်) ဟူသည် အဘယ်နည်း။ ငါ့သျှင့်ဤသာသနာတော်၌ ရဟန်းသည် အလုံးစုံသော (အာရုံ) နိမိတ်တို့ကို နှလုံးမသွင်းခြင်းကြောင့် (အာရုံ) နိမိတ်မရှိသော တည်တံ့သောစိတ်ကို ပြည့်စုံစေ၍ နေ၏။ ငါ့သျှင် ဤနေခြင်းကို (အာရုံ) နိမိတ် မရှိသောလွတ်မြောက်သောစိတ် (သမာပတ်) ဟု ဆိုရ၏။

ငါ့သျှင် ဤတရားတို့သည် အနက်အဓိပ္ပါယ်အသီးသီးဖြစ်၍ သဒ္ဒါအသီးသီးဖြစ်ကုန်၏ ဟူသောအကြောင်းကား ဤသည်ပင်တည်း။

ငါ့သျှင် ဤတရားတို့သည် အနက်အဓိပ္ပါယ်တူ၍ သဒ္ဒါမျှသာလျှင် အသီးသီးဖြစ်၏ ဟူသောအကြောင်းကား အဘယ်နည်း။

ငါ့သျှင် တပ်စွန်းမှု ‘ရာဂ’သည် အတိုင်းအရှည်ကို ပြုတတ်၏၊ ပြစ်မှားမှု ‘ဒေါသ’သည် အတိုင်းအရှည်ကို ပြုတတ်၏၊ တွေဝေမှု ‘မောဟ’သည် အတိုင်းအရှည်ကို ပြုတတ်၏။ ထိုတရားတို့သည်အာသဝေါကုန်ပြီးသော ရဟန်းအား ပယ်ပြီးဖြစ်ကုန်၏၊ အမြစ်ဖြတ်ပြီး ဖြစ်ကုန်၏၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်ကုန်၏၊ တဖန် မဖြစ်အောင် ပြုပြီးဖြစ်ကုန်၏၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိတော့ကုန်။ ငါ့သျှင် အတိုင်းအရှည် မရှိသော လွတ်မြောက်သောစိတ် (သမာပတ်) ဟူသမျှတို့တွင် မပျက်စီးသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်ကို အမြတ်ဆုံးဟု ပြောကြားထိုက်၏။ ထိုမပျက်စီးသောလွတ်မြောက်သော အရဟတ္တဖိုလ်စိတ်သည် တပ်စွန်းမှု ‘ရာဂ’ မှ ဆိတ်သုဉ်း၏။ ပြစ်မှားမှု ‘ဒေါသ’မှ ဆိတ်သုဉ်း၏။ တွေဝေမှု ‘မောဟ’မှ ဆိတ်သုဉ်း၏။

ငါ့သျှင် တပ်စွန်းမှု ‘ရာဂ’ သည် နှိပ်စက်တတ်၏၊ ပြစ်မှားမှု ‘ဒေါသ’ သည် နှိပ်စက်တတ်၏၊ တွေဝေမှု ‘မောဟ’ သည် နှိပ်စက်တတ်၏၊ ထိုတရားတို့သည် အာသဝေါကုန်ပြီးသော ရဟန်းအား ပယ်ပြီး ဖြစ်ကုန်၏၊ အမြစ်ဖြတ်ပြီး ဖြစ်ကုန်၏၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်ကုန်၏၊ တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်ကုန်၏၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိတော့ကုန်။ ငါ့သျှင် နှိပ်စက်တတ်သည့်အာရုံ, နှိပ်စက်တတ်သည့် ရာဂစသည်မရှိသော လွတ်မြောက်သောစိတ် (သမာပတ်) ဟူသမျှတို့တွင်မပျက်စီးသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်ကို အမြတ်ဆုံးဟု ပြောကြားထိုက်၏။

ထိုမပျက်စီးသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်သည် တပ်စွန်းမှု ‘ရာဂ’မှ ဆိတ်သုဉ်း၏။ ပြစ်မှားမှု ‘ဒေါသ’မှ ဆိတ်သုဉ်း၏၊ တွေဝေမှု ‘မောဟ’မှ ဆိတ်သုဉ်း၏။

ငါ့သျှင် တပ်စွန်းမှု ‘ရာဂ’ သည် (အာရုံ) နိမိတ်ကို ပြုတတ်၏၊ ပြစ်မှားမှု ‘ဒေါသ’သည် (အာရုံ) နိမိတ်ကိုပြုတတ်၏၊ တွေဝေမှု ‘မောဟ’သည် (အာရုံ) နိမိတ်ကို ပြုတတ်၏။ ထိုတရားတို့သည် အာသဝေါကုန်ပြီးသော ရဟန်းအား ပယ်ပြီး ဖြစ်ကုန်၏။ အမြစ်ဖြတ်ပြီး ဖြစ်ကုန်၏။ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်ကုန်၏၊ တဖန် မဖြစ်အောင် ပြုပြီးဖြစ်ကုန်၏၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိတော့ကုန်။ ငါ့သျှင် (အာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ် (သမာပတ်) ဟူသမျှတို့တွင် မပျက်စီးသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်ကို မြတ်၏ဟု ပြောကြားထိုက်၏။ ထိုမပျက်စီးသောလွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်သည် တပ်စွန်း မှု ‘ရာဂ’ မှ ဆိတ်သုဉ်း၏၊ ပြစ်မှားမှု ‘ဒေါသ’မှဆိတ်သုဉ်း၏၊ တွေဝေမှု ‘မောဟ’ မှ ဆိတ်သုဉ်း၏။

ငါ့သျှင် ဤတရားတို့သည် အနက်အဓိပ္ပါယ်တူ၍ သဒ္ဒါမျှသာလျှင် အသီးအသီးဖြစ်၏ဟူသောအကြောင်းကား ဤသည်ပင်တည်းဟု အသျှင်သာရိပုတြာသည် ဖြေဆို၏။

အသျှင်မဟာကောဋ္ဌိကသည် အသျှင်သာရိပုတြာဟောကြားတော်မူသော တရားတော်ကို နှစ်လိုဝမ်းမြောက်စွာ ခံယူလေသတည်း။

သုံးခုမြောက် မဟာဝေဒလ္လသုတ် ပြီး၏။