မဇ္ဈိမနိကာယ်

၄— စူဠဝေဒလ္လသုတ်

၄၆ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဝိသာခ ဥပါသကာသည် ဓမ္မဒိန္နာရဟန်းမိန်းမထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်သော နေရာ၌ ထိုင်လျက် ဤစကားကို ပြောဆို၏ —

အသျှင်မ “သက္ကာယ သက္ကာယ၁ဟု ဆို၏၊ အသျှင်မ အဘယ်ကို သက္ကာယဟု မြတ်စွာဘုရားဟောထားပါသနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ဤဥပါဒါနက္ခန္ဓာ (စွဲလမ်းဖွယ် ခန္ဓာ) ငါးပါးတို့ကို သက္ကာယဟု မြတ်စွာဘုရားဟောတော်မူ၏။

အဘယ်ငါးပါးတို့နည်း ဟူမူ— ရူပုပါဒါနက္ခန္ဓာ (ရုပ်ဟူသော စွဲလမ်းဖွယ်ခန္ဓာ)၊ ဝေဒနုပါဒါနက္ခန္ဓာ (ခံစားမှုဟူသော စွဲလမ်းဖွယ်ခန္ဓာ)၊ သညုပါဒါနက္ခန္ဓာ (မှတ်သားမှုဟူသော စွဲလမ်းဖွယ်ခန္ဓာ)၊ သင်္ခါရုပါဒါနက္ခန္ဓာ (ပြုစီရင်မှုဟူသော စွဲလမ်းဖွယ်ခန္ဓာ)၊ ဝိညာဏုပါဒါနက္ခန္ဓာ (အထူးသိမှုဟူသော စွဲလမ်းဖွယ်ခန္ဓာ)တို့တည်း။ ဒါယကာဝိသာခ ဤဥပါဒါနက္ခန္ဓာ (စွဲလမ်းဖွယ်ခန္ဓာ) ငါးပါးတို့ကို သက္ကာယဟု မြတ်စွာဘုရား ဟောတော်မူ၏ဟု (မိန့်ဆို၏)။

“အသျှင်မ ကောင်းပါပေ့၏” ဟု ဝိသာခဥပါသကာသည် ဓမ္မဒိန္နာရဟန်းမိန်းမ၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ ထို့ထက်အလွန် ပြဿနာကို မေးလျှောက်ပြန်၏။

“အသျှင်မ သက္ကာယဖြစ်ပေါ်ကြောင်း သက္ကာယဖြစ်ပေါ်ကြောင်းဟု ဆို၏၊ အသျှင်မ အဘယ်ကိုသက္ကာယ ဖြစ်ပေါ်ကြောင်းဟု မြတ်စွာဘုရား ဟောတော်မူပါသနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်သော နှစ်သက်တပ်စွန်းမှု ‘နန္ဒီရာဂ’ နှင့် တစ်ကွဖြစ်သော ထိုထိုဘုံဘဝ၌ အလွန်နှစ်သက်တတ်သော ကာမဂုဏ်ကို တပ်မက်မှု ‘ကာမတဏှာ’၊ ဘုံဘဝကိုတပ်မက်မှု ‘ဘဝ တဏှာ’၊ ဘုံဘဝကင်းပြတ်မှုကို တပ်မက်မှု ‘ဝိဘဝတဏှာ’၊ ဤတပ်မက်မှု ‘တဏှာ’ကိုသက္ကာယဖြစ်ပေါ်ကြောင်းဟု မြတ်စွာဘုရား ဟောတော်မူ၏ဟု (မိန့်ဆို၏)။

“အသျှင်မ သက္ကာယချုပ်ရာ, သက္ကာယချုပ်ရာဟု ဆို၏၊ အသျှင်မ အဘယ်ကို သက္ကာယချုပ်ရာဟုမြတ်စွာဘုရား ဟောတော်မူပါသနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ထိုတပ်မက်မှု ‘တဏှာ’၏သာလျှင် အကြွင်းမဲ့ တပ်စွန်းခြင်းကင်းသောအားဖြင့် ချူပ်ရာ,စွန့်လွှတ်ရာ, တစ်ဖန်စွန့်လွှတ်ရာ, လွတ်မြောက်ရာ, တွယ်တာကပ်ငြိမှုမရှိရာ (နိဗ္ဗာန်) ကို သက္ကာယချုပ်ရာဟု မြတ်စွာဘုရား ဟောတော်မူ၏ဟု (မိန့်ဆို၏)။

“အသျှင်မ သက္ကာယချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်, သက္ကာယချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ဟု ဆို၏။ အသျှင်မ အဘယ်ကို သက္ကာယချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟု မြတ်စွာဘုရား ဟောတော်မူပါသနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ဤမြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကိုပင်လျှင် သက္ကာယချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ဟု မြတ်စွာဘုရား ဟောတော်မူ၏။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’၊ မှန်သောအကြံအစည် ‘သမ္မာသင်္ကပ္ပ’၊ မှန်သောစကား ‘သမ္မာဝါစာ’၊ မှန်သောအမှု ‘သမ္မာကမ္မန္တ’၊ မှန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’၊ မှန်သောအားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ မှန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ပေတည်းဟု (မိန့်ဆို၏)။

“အသျှင်မ ထိုစွဲလမ်းမှု ‘ဥပါဒါန်’သည်ပင်လျှင် ထိုစွဲလမ်းဖွယ် ခန္ဓာ (ဥပါဒါနက္ခန္ဓာ) ငါးပါးတို့လော၊ သို့မဟုတ် စွဲလမ်းမှု ‘ဥပါဒါန်’သည် စွဲလမ်းဖွယ် ခန္ဓာ (ဥပါဒါနက္ခန္ဓာ) ငါးပါးတို့မှ တစ်ခြားလော” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ထိုစွဲလမ်းမှု ‘ဥပါဒါန်’ သည်ပင်လျှင် ထိုစွဲလမ်းဖွယ် ခန္ဓာ (ဥပါဒါနက္ခန္ဓာ) ငါးပါးတို့မဟုတ်ကုန်၊ စွဲလမ်းမှု ‘ဥပါဒါန်’သည် စွဲလမ်းဖွယ် ခန္ဓာ (ဥပါဒါနက္ခန္ဓာ) ငါးပါးတို့မှ တစ်ခြားလည်း မဟုတ်။ ဒါယကာဝိသာခ စွဲလမ်းဖွယ် ခန္ဓာ (ဥပါဒါနက္ခန္ဓာ) ငါးပါးတို့၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည် စွဲလမ်းဖွယ်ခန္ဓာ (ဥပါဒါနက္ခန္ဓာ) ငါးပါးတို့၌ စွဲလမ်းမှု ‘ဥပါဒါန်’ မည်၏ဟု (မိန့်ဆို၏)။

၄၆၁။ “အသျှင်မ အဘယ်သို့ သက္ကာယဒိဋ္ဌိ ဖြစ်သနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိသော, အရိယာတရား၌ မကျွမ်းကျင် သော,အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, သူတော်ကောင်း တရား၌မကျွမ်းကျင်သော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော, အကြားအမြင်မရှိသော ပုထုဇဉ် သည်ရုပ်ကို အတ္တဟု ရှု၏၊ (ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ရုပ်ဟုလည်း ကောင်း၊ ရုပ်၌ အတ္တဟုလည်းကောင်း ရှု၏။ ခံစားမူ ‘ဝေဒနာ’ကို။ပ။ မှတ်သားမှု ‘သညာ’ကို။ပ။ ပြုစီရင်မှု ‘သင်္ခါရ’တို့ကို။ပ။ အထူးသိမှု ‘ဝိညာဉ်’ကို အတ္တဟု ရှု၏၊ (ကြွင်းခန္ဓာကို) အထူးသိမှု ‘ဝိညာဉ်’ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ အထူးသိမူ ‘ဝိညာဉ်’ဟုလည်းကောင်း၊ အထူးသိမှု ‘ဝိညာဉ်’၌ အတ္တဟုလည်း ကောင်း ရှု၏။ ဝိသာခ ဤသို့လျှင် သက္ကာယဒိဋ္ဌိ ဖြစ်၏ဟု (မိန့်ဆို၏)။

“အသျှင်မ အဘယ်သို့လျှင် သက္ကာဒိဋ္ဌိ မဖြစ်သနည်း” ဟု (လျောက်၏)။

ဒါယကာဝိသာခ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော,အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော သူတော်ကောင်းတရား၌ကျွမ်းကျင်သော သူတော်ကောင်းတရား၌ ယဉ်ကျေးသော, အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သာဝကသည် ရုပ်ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ရုပ်ဟု မရှု၊ ရုပ်၌အတ္တဟု မရှု။ ခံစားမူ ‘ဝေဒနာ’ကို။ပ။ မရှု။ မှတ်သားမှု ‘သညာ’ ကို။ပ။ မရှု။ ပြုစီရင်မှု ‘သင်္ခါရ’တို့ကို။ပ။ မရှု။ အထူးသိမှု ‘ဝိညာဉ်’ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာကို) အထူးသိမှု ‘ဝိညာဉ်’ရှိသော အတ္တဟု မရှု။ အတ္တ၌ အထူးသိမူ ‘ဝိညာဉ်’ဟု မရှု၊ အထူးသိမှု ‘ဝိညာဉ်’၌အတ္တဟု မရှု။ ဒါယကာဝိသာခ ဤသို့လျှင် သက္ကာယဒိဋ္ဌိ မဖြစ်ဟု (မိန့်ဆို၏)။

၄၆၂။ “အသျှင်မ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ဟူသည် အဘယ်နည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ဤသည်ပင်လျှင် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်တည်း။ ဤမဂ်ဟူသည်အဘယ်နည်း ဟူမှု— မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’၊ မှန်သောအကြံအစည် ‘သမ္မာသင်္ကပ္ပ’၊ မှန်သောစကား ‘သမ္မာဝါစာ’၊ မှန်သောအမှု ‘သမ္မာကမ္မ န္တ’၊ မှန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’၊ မှန်သောအားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်သောအောက်မေ့မှု ‘သမ္မာသတိ’၊ မှန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’ ပေတည်းဟု (မိန့်ဆို၏)။

“အသျှင်မ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်သည် အပြုအပြင်ခံ ‘သင်္ခတ’ တရားလော၊ သို့မဟုတ်အပြုအပြင်ခံမဟုတ်သော ‘အသင်္ခတ’ တရားလော” ဟု (လျှောက်၏)။

ဒါယကာဝိသာခ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်သည် အပြုအပြင်ခံ ‘သင်္ခတ’ တရားပေတည်းဟု (မိန့်ဆို၏)။

“အသျှင်မ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ဖြင့် အစု ‘ခန္ဓာ’ သုံးပါးတို့ကို သိမ်းယူရသလော၊ သို့မဟုတ် အစု ‘ခန္ဓာ’သုံးပါးတို့ဖြင့် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို သိမ်းယူရသလော” ဟု (လျှောက်၏)။

ဒါယကာဝိသာခ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ဖြင့် အစု ‘ခန္ဓာ’ သုံးပါးတို့ကို မသိမ်းယူရ။ အစု ‘ခန္ဓာ’သုံးပါးတို့ဖြင့်သာ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို သိမ်းယူရာ၏။ ဒါယကာဝိသာခမှန်သောစကား ‘သမ္မာဝါစာ’၊ မှန်သောအမှု ‘သမ္မာကမ္မ န္တ’၊ မှန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’၊ ဤတရားတို့ကို သီလအစု ‘သီလက္ခန္ဓာ’၌ သိမ်းယူရကုန်၏။ မှန်သောအားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ မှန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’၊ ဤတရားတို့ကို တည်ကြည်မှုအစု ‘သမာဓိက္ခန္ဓာ’၌ သိမ်းယူရကုန်၏။ မှန်သော အယူ ‘သမ္မာဒိဋ္ဌိ’၊ မှန်သောအကြံအစည် ‘သမ္မာသင်္ကပ္ပ’၊ ဤတရားတို့ကို အပြားအားဖြင့် သိမှုအစု ‘ပညာက္ခန္ဓာ’၌ သိမ်းယူရကုန်၏ဟု (မိန့်ဆို၏)။

“အသျှင်မ အဘယ်သည် တည်ကြည်မှု ‘သမာဓိ’ ပါနည်း၊ အဘယ်တရားတို့သည် တည်ကြည်မှုဖြစ်ကြောင်း ‘သမာဓိနိမိတ်’တို့ပါနည်း၊ အဘယ်တရားတို့သည် တည်ကြည်မှု၏ အခြံအရံတို့ပါနည်း။ အဘယ် သည် တည်ကြည်မှုကို ပွားများခြင်းပါနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ စိတ်၏ အာရုံတစ်မျိုးတည်းသာရှိခြင်းသည် တည်ကြည်မှု ‘သမာဓိ’တည်း။ လေးပါးသော အောက်မေ့မှု ထင်ခြင်း ‘သတိပဋ္ဌာန်’တို့သည် တည်ကြည်မှုဖြစ်ကြောင်း ‘သမာဓိနိမိတ်’တို့တည်း။ လေးပါးသော ကောင်းစွာအားထုတ်ခြင်း ‘သမ္မပ္ပဓာန်’တို့သည် တည်ကြည်မှု၏ အခြံအရံတို့တည်း။ ထိုတရားတို့ကိုသာလျှင် မှီဝဲခြင်း ပွားများခြင်း ကြိမ်ဖန်များစွာပြုခြင်းသည် ဤအရာ၌ တည်ကြည်မှုကို ပွါးများခြင်းတည်းဟု (မိန့်ဆို၏)။

၄၆၃။ “အသျှင်မ သင်္ခါရတို့သည် အဘယ်မျှတို့နည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ သင်္ခါရတို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’၊ နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’၊ စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’၊ ဤသုံးပါးတို့တည်းဟု (မိန့်ဆို၏)။

“အသျှင်မ အဘယ်သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ မည်သနည်း၊ အဘယ်သည် နှုတ်ကိုပြုစီရင်မှု ‘ဝစီသင်္ခါရ’ မည်သနည်း၊ အဘယ်သည် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ မည်သနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ထွက်သက် ဝင်သက်တို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ မည်၏၊ ဝိတက်ဝိစာရတို့သည် နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ မည်၏၊ သညာ, ဝေဒနာတို့သည် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ မည်၏ဟု (မိန့်ဆို၏)။

“အသျှင်မ အဘယ်ကြောင့် ထွက်သက် ဝင်သက်တရားတို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ မည်သနည်း၊ အဘယ်ကြောင့် ဝိတက် ဝိစာရတို့သည် နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ မည်သနည်း၊ အဘယ်ကြောင့် သညာ, ဝေဒနာတို့သည် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ မည်သနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ထိုထွက်သက်ဝင်သက်တရားတို့သည် ကိုယ်၌ ဖြစ်ကုန်၏၊ ကိုယ်နှင့် စပ်ကုန်၏၊ ထို့ကြောင့် ထိုထွက်သက်ဝင်သက်တို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ မည်၏။ ဒါယကာဝိသာခရှေးဦးကပင်ကြံစည်၍ စဉ်းစား၍ နောက်မှ စကားကို မြွက်ဆို၏၊ ထို့ကြောင့် ဝိတက် ဝိစာရတို့သည်နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ မည်၏၊ ထိုသညာ,ဝေဒနာတို့သည် စိတ်၌ ဖြစ်ကုန်၏၊ စိတ်နှင့် စပ်ကုန်၏၊ ထို့ကြောင့် သညာ, ဝေဒနာတို့သည် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ မည်၏ဟု (မိန့်ဆို၏)။

၄၆၄။ “အသျှင်မ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်မှု ‘နိရောဓသမာပတ်’ သည် အဘယ်သို့ဖြစ်ပါသနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်သော ရဟန်းအား “ငါသည် သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်လိမ့်မည် ဟူ၍လည်းကောင်း၊ ငါသည် သညာ,ဝေဒနာချုပ်နေခြင်းသို့ ရောက်၏ဟူ၍လည်းကောင်း၊ ငါသည် သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ပြီ” ဟူ၍လည်းကောင်း စိတ်မဖြစ်။ စင်စစ်သော်ကား ထိုရဟန်းသည် ထိုသို့ ချုပ်စိမ့်သောငှါ ဆောင်စွမ်းနိုင်သော စိတ်ကို ရှေးဦးကပင် ထိုသို့သော အခြင်းအရာဖြင့် ပွါးများထား၏။

“အသျှင်မ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်သော (နိရောဓသမာပတ်ဝင်စားသည့်) ရဟန်း အားအဘယ်တရားတို့ ရှေးဦးစွာ ချုပ်ကြပါသနည်း၊ ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ လော၊ သို့မဟုတ်နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ လော၊ သို့မဟုတ် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’လော” ဟု (လျှောက်၏)။

ဒါယကာဝိသာခ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်သော (နိရောဓသမာပတ်ဝင်စားသည့်) ရဟန်းအား နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ ရှေးဦးစွာ ချုပ်၏၊ ထို့နောက် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’၊ ထို့နောက် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ ချုပ်၏ဟု (မိန့်ဆို၏)။

“အသျှင်မ သညာ, ဝေဒနာ ချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထမှုသည် အဘယ် သို့ဖြစ်သနည်း” ဟု (လျှောက်၏)။ ှဒါယကာဝိသာခ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထသောရဟန်းအား “ငါသည် သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်းမှ ထတော့မည်ဟူ၍လည်းကောင်းငါသည် သညာ,ဝေဒနာ ချုပ်နေခြင်းသို့ ရောက်ခြင်းမှ ထ၏ဟူ၍လည်းကောင်း ငါသည် သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်းမှ ထပြီးပြီ” ဟူ၍လည်းကောင်း စိတ်မဖြစ်။ စင်စစ်သော်ကား ထိုရဟန်းသည်ထိုသို့ထစိမ့်သောငှါ ဆောင်စွမ်းနိုင်သော စိတ်ကို ရှေးဦးကပင် ထိုသို့သောအခြင်းအရာဖြင့် ပွါးများထား၏ဟု (မိန့်ဆို၏)။

“အသျှင်မ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’မှ ထသော ရဟန်းအားအဘယ်တရားတို့ ရှေးဦးစွာ ဖြစ်ပေါ်ကြပါသနည်း၊ ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ လော၊ သို့မဟုတ် နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ လော၊ သို့မဟုတ် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ လော” ဟု (လျှောက်၏)။

ဒါယကာဝိသာခ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထသောရဟန်းအား စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ ရှေးဦးစွာ ဖြစ်ပေါ်၏၊ ထို့နောက် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’၊ ထို့နောက် နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ ဖြစ်ပေါ်၏ဟု (မိန့်ဆို၏)။

“အသျှင်မ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထပြီးသော ရဟန်းကိုအဘယ်မျှသော တွေ့ထိမှု ‘ဖဿ’တို့သည် တွေ့ထိကုန်သနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထပြီးသောရဟန်းကို ဆိတ်သုဉ်းသော တွေ့ထိမှု ‘သုညတဖဿ’၊ (အာရုံ) နိမိတ်မရှိသော တွေ့ထိမှု ‘အနိမိတ္တဖဿ’၊ တောင့်တမှုမရှိသော တွေ့ထိမှု ‘အပ္ပဏိဟိတဖဿ’ ဟူသော တွေ့ထိမှု သုံးပါးတို့သည် တွေ့ထိကုန်၏ဟု (မိန့်ဆို၏)။

“အသျှင်မ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထပြီးသော ရဟန်း၏စိတ်သည် အဘယ်သို့ ညွတ်ပါသနည်း၊ အဘယ်သို့ ကိုင်းပါသနည်း၊ အဘယ်သို့ ရှိုင်းပါသနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထပြီးသော ရဟန်း၏ စိတ်သည် ကင်းဆိတ်မှု ‘ဝိဝေက’ (နိဗ္ဗာန်) သို့ ညွတ်၏၊ ကင်းဆိတ်မှု ‘ဝိဝေက’ (နိဗ္ဗာန်) သို့ ကိုင်း၏၊ ကင်းဆိတ်မှု ‘ဝိဝေက’ (နိဗ္ဗာန်) သို့ ရှိုင်း၏ဟု (မိန့်ဆို၏)။

၄၆၅။ “အသျှင်မ ခံစားမှု ‘ဝေဒနာ’တို့သည် အဘယ်မျှတို့ပါနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ခံစားမှု ‘ဝေဒနာ’တို့သည် ချမ်းသာခံစားမှု, ဆင်းရဲခံစားမှု, ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၊ ဤသုံးပါးတို့တည်းဟု (မိန့်ဆို၏)။

“အသျှင်မ ချမ်းသာခံစားမှုသည် အဘယ်ပါနည်း၊ ဆင်းရဲခံစားမှုသည် အဘယ်ပါနည်း၊ ဆင်းရဲ မဟုတ်ချမ်းသာမဟုတ်သော ခံစားမှုသည် အဘယ်ပါနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ကိုယ်၌သော်လည်းကောင်း၊ စိတ်၌သော်လည်းကောင်း ဖြစ်သည့် ချမ်းမြေ့သာယာစွာခံစားခြင်းသည် ချမ်းသာခံစားမှုပင်တည်း။ ဒါယကာဝိသာခ ကိုယ်၌သော်လည်းကောင်း၊ စိတ်၌သော်လည်းကောင်း ဖြစ်သည့် ဆင်းရဲငြိုငြင်စွာ ခံစားခြင်းသည် ဆင်းရဲခံစားမှုပင်တည်း။ ဒါယကာဝိသာခ့ကိုယ်၌သော်လည်းကောင်း၊ စိတ်၌သော်လည်းကောင်း ဖြစ်သည့် သာယာစွာလည်းမဟုတ်မသာမယာလည်း မဟုတ်သော ခံစားခြင်းသည် ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှုပင်တည်းဟု (မိန့်ဆို၏)။

“အသျှင်မ ချမ်းသာခံစားမှုသည် မည်သို့ချမ်းသာပါသနည်း၊ မည်သို့ဆင်းရဲပါသနည်း၊ ဆင်းရဲခံစားမှုသည် မည်သို့ချမ်းသာပါသနည်း၊ မည်သို့ဆင်းရဲပါသနည်း၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သောခံစားမှုသည် မည်သို့ ချမ်းသာပါသနည်း၊ မည်သို့ဆင်းရဲပါသနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ချမ်းသာခံစားမှုသည် တည်ရှိနေဆဲအားဖြင့် ချမ်းသာ၏၊ ဖေါက်ပြန်ပြောင်းလဲသောအားဖြင့် ဆင်းရဲ၏။ ဆင်းရဲခံစားမှုသည် တည်ရှိနေဆဲအားဖြင့် ဆင်းရဲ၏၊ ဖေါက်ပြန်ပြောင်းလဲသောအားဖြင့် ချမ်းသာ၏။ ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သော ခံစားမှုသည် သိသောအားဖြင့် ချမ်းသာ၏၊ မသိသောအားဖြင့် ဆင်းရဲ၏ဟု (မိန့်ဆို၏)။

“အသျှင်မ ချမ်းသာခံစားမှု၌ အဘယ်အနုသယသည် ကိန်းဝပ်သနည်း၊ ဆင်းရဲခံစားမှု၌ အဘယ်အနုသယသည် ကိန်းဝပ်သနည်း၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၌ အဘယ်အနုသယသည်ကိန်းဝပ်သနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ချမ်းသာခံစားမှု၌ ရာဂါနုသယသည် ကိန်းဝပ်၏၊ ဆင်းရဲခံစားမှု၌ ပဋိဃာနုသယ သည်ကိန်းဝပ်၏၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၌ အဝိဇ္ဇာနုသယသည် ကိန်းဝပ်၏ဟု (မိန့်ဆို၏)။

“အသျှင်မ ချမ်းသာခံစားမှုအားလုံး၌ ရာဂါနုသယသည် ကိန်းဝပ်ပါသလော၊ ဆင်းရဲခံစားမှု အား လုံး၌ပဋိဃာနုသယသည် ကိန်းဝပ်ပါသလော၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှုအားလုံး၌အဝိဇ္ဇာနုသယသည် ကိန်းဝပ်ပါသလော” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ချမ်းသာခံစားမှုအားလုံး၌ ရာဂါနုသယသည် မကိန်းဝပ်၊ ဆင်းရဲခံစားမှုအားလုံး၌ပဋိဃာနုသယသည် မကိန်းဝပ်၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှုအားလုံး၌ အဝိဇ္ဇာနုသယသည် မကိန်းဝပ်ဟု (မိန့်ဆို၏)။

“အသျှင်မ ချမ်းသာခံစားမှု၌ အဘယ်ကို ပယ်ရပါမည်နည်း၊ ဆင်းရဲခံစားမှု၌ အဘယ်ကို ပယ်ရပါမည်နည်း၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၌ အဘယ်ကို ပယ်ရပါမည်နည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ချမ်းသာခံစားမှု၌ ရာဂါနုသယကို ပယ်ရမည်၊ ဆင်းရဲခံစားမှု၌ ပဋိဃာနုသယကိုပယ်ရမည်၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၌ အဝိဇ္ဇာနုသယကို ပယ်ရမည်ဟု (မိန့်ဆို၏)။

“အသျှင်မ ချမ်းသာခံစားမှုအားလုံး၌ ရာဂါနုသယကို ပယ်သင့်ပါသလော၊ ဆင်းရဲခံစားမှုအားလုံး၌ပဋိဃာနုသယကို ပယ်သင့်ပါသလော၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှုအားလုံး၌အဝိဇ္ဇာနုသယ ကို ပယ်သင့်ပါသလော” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ချမ်းသာခံစားမှုအားလုံး၌ ရာဂါနုသယကို မပယ်ရ၊ ဆင်းရဲခံစားမှုအားလုံး၌ပဋိဃာနုသယကို မပယ်ရ၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှုအားလုံး၌ အဝိဇ္ဇာနုသယကိုမပယ်ရ။

ဒါယကာဝိသာခ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့်တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သည့် နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုပဌမဈာန်ဖြင့် တပ်မက်မှု ‘ရာဂ’ ကို ပယ်၏၊ ထိုပဌမဈာန်၌ ရာဂါနုသယသည် မကိန်းဝပ်။ ဒါယကာ ဝိသာခ ဤသာသနာတော်၌ ရဟန်းသည် “ယခုအခါ၌ အရိယာတို့ရောက်၍ နေကြသည့် တည်ရာ ‘အရဟတ္တဖိုလ်’ ကို ငါသည် အဘယ်အခါ၌ ရောက်၍ နေရအံနည်း” ဟု့ဆင်ခြင်၏။ ဤသို့ မြတ်သော လွတ်မြောက်ရာ အရဟတ္တဖိုလ်၌ တောင့်တမှုကို ဖြစ်စေသော ရဟန်းအားတောင့်တမှု ဟူသော အကြောင်းကြောင့် စိတ်ဆင်းရဲမှု “ဒေါမနဿ” ဖြစ်၏၊ ထိုစိတ်ဆင်းရဲမှု ‘ဒေါမနဿ’ဖြင့် ထိခိုက်မှု ‘ပဋိဃ’၂ကို ပယ်၏၊ ထိုစိတ်ဆင်းရဲမှု ‘ဒေါမနဿ’၌ ပဋိဃာနုသယသည် မကိန်းဝပ်။ ဒါယကာ ဝိသာခ ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာဆင်းရဲကိုပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းမြောက်ခြင်း နှလုံးမသာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ကြောင့် ဖြစ်သည့်သတိ၏ စင်ကြယ်ခြင်း ရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုစတုတ္ထဈာန်ဖြင့် မသိမှု ‘အဝိဇ္ဇာ’ကိုပယ်၏၊ ထိုစတုတ္ထဈာန်၌ အဝိဇ္ဇာနုသယသည် မကိန်းဝပ်ဟု (မိန့်ဆို၏)။

၄၆၆။ “အသျှင်မ ချမ်းသာခံစားမှု၏ပြိုင်ဘက်ကား အဘယ်ပါနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ချမ်းသာခံစားမှု၏ပြိုင်ဘက်ကား ဆင်းရဲခံစားမှုပင်တည်းဟု (မိန့်ဆို၏)။

“အသျှင်မ ဆင်းရဲခံစားမှု၏ပြိုင်ဘက်ကား အဘယ်ပါနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ဆင်းရဲခံစားမှု၏ပြိုင်ဘက်ကား ချမ်းသာခံစားမှုပင်တည်းဟု (မိန့်ဆို၏)။

“အသျှင်မ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၏ပြိုင်ဘက်ကား အဘယ်ပါနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၏ပြိုင်ဘက်ကား မသိမှု ‘အဝိဇ္ဇာ’ပင်တည်းဟု (မိန့်ဆို၏)။

“အသျှင်မ မသိမှု ‘အဝိဇ္ဇာ’၏ ပြိုင်ဘက်ကား အဘယ်ပါနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ မသိမှု ‘အဝိဇ္ဇာ’၏ပြိုင်ဘက်ကား သိမှု ‘ဝိဇ္ဇာ’ ပင်တည်းဟု (မိန့်ဆို၏)။

“အသျှင်မ သိမှု ‘ဝိဇ္ဇာ’၏ပြိုင်ဘက်ကား အဘယ်ပါနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ သိမှု ‘ဝိဇ္ဇာ’၏ပြိုင်ဘက်ကား လွတ်မြောက်မှု ‘ဝိမုတ္တိ’ ပင်တည်းဟု (မိန့်ဆို၏)။

“အသျှင်မလွတ်မြောက်မှု ‘ဝိမုတ္တိ’၏ပြိုင်ဘက်ကား အဘယ်ပါနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ လွတ်မြောက်မှု ‘ဝိမုတ္တိ’၏ပြိုင်ဘက်ကားငြိမ်းအေးမှု ‘နိဗ္ဗာန်’ ပင်တည်းဟု (မိန့်ဆို၏)။

“အသျှင်မငြိမ်းအေးမှု ‘နိဗ္ဗာန်’၏ပြိုင်ဘက်ကား အဘယ်နည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ပြဿနာကို လွန်၍သွား၏၊ ပြဿနာတို့၏ အဆုံးအပိုင်းအခြားကို ယူရန် မစွမ်း နိုင်။ ဒါယကာဝိသာခ မှန်၏၊ မြတ်သော အကျင့်သည် နိဗ္ဗာန်သို့ သက်ဝင်၏၊ နိဗ္ဗာန်လျှင် လားရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏။ ဒါယကာဝိသာခ အလိုရှိခဲ့မူ သင်သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထိုအနက်ကိုမေးလျှောက်လော့။ သင့်အား မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအနက်ကို မှတ်လော့ဟု (မိန့်ဆို၏)။

၄၆၇။ ထိုအခါ ဝိသာခဥပါသကာသည် ဓမ္မဒိန္နာရဟန်းမိန်းမ၏ စကားကို နှစ်သက် ဝမ်းမြောက်၍နေရာမှ ထလျက် ဓမ္မဒိန္နာရဟန်းမိန်းမကို ရိုသေစွာ ရှိခိုးပြီးလျှင် အရိုအသေပြုကာ မြတ်စွာဘုရားထံသို့ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ဓမ္မဒိန္နာရဟန်းမိန်းမနှင့်အတူ ကောင်းစွာ နှီးနှောပြောဆိုခဲ့သမျှသော စကားအလုံးစုံကို မြတ်စွာဘုရားအား လျှောက်ကြား၏။

ဤသို့ လျှောက်ကြားသော် မြတ်စွာဘုရားသည် ဝိသာခဥပါသကာအား— “ဝိသာခ ဓမ္မဒိန္နာရဟန်းမိန်းမသည် ပညာရှိ၏၊ ဝိသာခ ဓမ္မဒိန္နာရဟန်းမိန်းမသည် များသောပညာရှိ၏၊ ဝိသာခ ငါ့ကိုလည်းအကယ်၍ ထိုအနက်ကို မေးငြားအံ့၊ ငါသည်လည်း ထိုအနက်ကို ဓမ္မဒိန္နာရဟန်းမိန်းမ ဖြေကြားသကဲ့သို့ပင်လျှင် ဖြေကြားရာ၏၊ ထိုပြဿနာ၏ အနက်သည် ဤအနက်ပင်တည်း၊ ဤသို့ပင် ထိုအနက်ကို မှတ်လော့” ဟု (မိန့်တော်မူ၏)။ ဝိသာခဥပါသကာသည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကိုနှစ်လို သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေသတည်း။

လေးခုမြောက် စူဠဝေဒလ္လသုတ်ပြီး၏။

၁။ သက္ကာယဟုူသည် ထင်ရှားရှိကိုယ်တည်း။

၂။ ဒေါမနဿဖြင့် ပဋိဃကို မပယ်နိုင်။ ငါ၌ ဒေါမနဿကို မဖြစ်စေအံ့ဟု နှလုံးသွင်းလျက် ဝီရိယကို မြဲမြံစွာပြု၍ ကျင့်သဖြင့် ရအပ်သော အနာဂါမိမဂ်ဖြင့်သာ ပဋိဃကို ပယ်၏ဟု မှတ်ရာ၏။ ။ (အဋ္ဌကထာ)။