မဇ္ဈိမနိကာယ်

၅— စူဠဓမ္မသမာဒါနသုတ်

၄၆၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်ဆိုတော်မူ၏။ ရဟန်းတို့ တရားကို ဆောက်တည်ခြင်းတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်းဟူမူ— ရဟန်းတို့ ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏၊ ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏၊ ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏၊ ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏။

၄၆၉။ ရဟန်းတို့ ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲ ကျိုးရှိသည့် တရားဆောက်တည်ခြင်းကားအဘယ်နည်း။ ရဟန်းတို့ “ကာမတို့၌ အပြစ်မရှိ” ဟု ပြောဆိုလေ့ရှိကုန် ယူလေ့ရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ထိုသူတို့သည် ကာမဂုဏ်တို့ကို သုံးဆောင်ခံစားကုန်၏။ ဆံထုံးထုံးကုန်သော ရသေ့ပရိဗိုဇ်မတို့နှင့် ပျော်ပါးကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် “ကာမတို့၌အဘယ်မည်သော မရောက်လာသေးသော ဘေးကို မြင်ကုန်၍ ကာမတို့ကို ပယ်ခြင်းကို ပြောဆိုရကုန်ဘိသနည်း၊ ကာမတို့ကို လွန်မြောက်ခြင်းကို ပညတ်ရကုန်ဘိသနည်း၊ ပျိုနုသော ဤပရိဗိုဇ်မ၏ နူးညံ့သောအမွေးရှိသော လက်မောင်း၏ အတွေ့သည် ချမ်းသာ၏” ဟု ထိုသူတို့ ပြောဆိုကုန်၏။ ထိုသူတို့သည်ကာမဂုဏ်တို့ကို ခံစားကြကုန်၏။ ကာမဂုဏ်တို့ကို ခံစားကြကုန်သောကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့ လားရာ ပျက်စီး၍ ကျရာ ငရဲသို့ရောက်ကြရ ကုန်၏။ ထိုသူတို့သည် ထိုငရဲ၌ ကြမ်းတမ်း စပ်ခါး ဆိုးရွားထက်မြက်သော ဆင်းရဲဝေဒနာကိုခံစားကြရ ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် “ကာမတို့၌ ဤမရောက်လာ သေးသောဘေးကိုမြင်ကုန်၍ ကာမတို့ကို ပယ်ခြင်းကို ပြောဆိုကုန်၏၊ ကာမတို့ကို လွန်မြောက်ခြင်းကို ပညတ်ကုန်၏၊ ငါတို့သည် ကာမအထောက်ပံ့ ကာမအရင်းခံကြောင့် ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မျက်သောဆင်းရဲဝေဒနာကို ခံစား ကြရကုန်၏ဟု ထိုသူတို့ ပြောဆိုကုန်၏။

ရဟန်းတို့ ဥပမာသော်ကား နွေဥတုတို့၏ နောက်ဆုံးလ၌ မာလောနွယ်သီးမှည့်သည် ကွဲရာ၏၊ ထိုအခါထိုမာလောနွယ်စေ့သည် တစ်ခုသော အင်ကြင်းပင်ရင်း၌ ကျရာ၏။ ထိုအခါ ထိုအင်ကြင်းပင်၌စောင့်နေသော နတ်သည် ကြောက်ရွံ့ ထိတ်လန့်လျက် ပူပန်ခြင်းသို့ ရောက်ရာ၏။ ထိုအခါ ထိုအင်ကြင်းပင်စောင့်နတ်၏ မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးသားချင်းဖြစ်ကုန်သော အရံစောင့်နတ် တောစောင့်နတ်သစ်ပင်စောင့်နတ် ဆေးမျိုးပင် မြက်ပင် တောစိုးပင်တို့၌ စောင့်နေသော နတ်တို့သည် ပေါင်းဆုံစုရုံးလာကြ၍ “အသျှင်သည် မကြောက်ပါလင့်၊ အသျှင်သည် မကြောက်ပါလင့်၊ ဤမာလောနွယ်စေ့ကို့ဥဒေါင်းသော်လည်း မျိုရာ၏၊ သားကောင်းသော်လည်း စားရာ၏၊ တောမီးသော်လည်း လောင်ရာ၏၊ တောအလုပ် သမားတို့သော်လည်း ကောက်ယူသွားကုန်ရာ၏၊ ခြတို့သော်လည်း တက်ကုန်ရာ၏၊ မျိုးမအောင်ဘဲသော်လည်း ဖြစ်ရာ၏” ဟု စိတ်သက်သာရာ ရစေကုန်ရာ၏။

ရဟန်းတို့ ထို့နောက် ထို မာလောနွယ်စေ့ကို ဥဒေါင်းလည်း မမျိုရာ၊ သားကောင်လည်း မစားရာ၊ တောမီးလည်း မလောင်ရာ၊ တောအလုပ်သမားတို့လည်း ကောက်ယူ မသွားကုန်ရာ၊ ခြတို့လည်းမတက် ကုန်ရာ၊ မျိုးအောင်သည်လည်း ဖြစ်ရာ၏။ ထိုမာလောနွယ်စေ့သည် မိုးဦးကျ မိုးရွာသွန်းသော်ကောင်းစွာ သာလျှင် ပေါက်ရာ၏။ ထိုမာလောနွယ်သည် ပျိုနု၏၊ နူးညံ့၏၊ အမွေးရှိ၏၊ နွယ်လက်မောင်းရှိ၏၊ ထို မာလောနွယ်သည် ထိုအင်ကြင်းပင်ကို ကပ်မှီရာ၏။

ရဟန်းတို့ ထိုအခါ ထိုအင်ကြင်းပင်စောင့်နတ်အား ဤသို့ အကြံဖြစ်ရာ၏—

“မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးသားချင်းဖြစ်ကုန်သော ထိုအသျှင် အရံစောင့်နတ် တောစောင့်နတ်သစ်ပင်စောင့်နတ် ဆေးမျိုးပင် မြက်ပင် တောစိုးပင်တို့၌ စောင့်သော နတ်တို့သည် မာလောနွယ်စေ့၌အဘယ်မည်သော မရောက်လာသေးသည့် ဘေးကို မြင်ကုန်၍ ပေါင်းဆုံစုရုံးလာကြကာ ‘အသျှင်သည်မကြောက်ပါလင့်၊ အသျှင်သည် မကြောက်ပါလင့်၊ ဤမာလောနွယ်စေ့ကို ဥဒေါင်းသော်လည်း မျိုရာ၏၊ သားကောင်းသော်လည်း စားရာ၏၊ တောမီးသော်လည်း လောင်ရာ၏၊ တောအလုပ်သမားသော်လည်းကောက်ယူသွားကုန်ရာ၏၊ ခြတို့သော်လည်း တက်ကုန်ရာ၏၊ မျိုးမအောင်ဘဲသော်လည်း ဖြစ်ရာ၏’ဟုဤသို့ စိတ်သက်သာရာ ရစေကုန်ဘိသနည်း၊ ပျိုနုသော ဤမာလောနွယ်၏ နူးညံ့သော အမွေးရှိသောနွယ်လက်မောင်း အတွေ့သည် ချမ်းသာ၏” ဟု (အကြံဖြစ်ရာ၏)။

ထိုမာလောနွယ်သည် ထိုအင်ကြင်းပင်ကို ရစ်ပတ်နွယ်တက်၍ အထက်၌ ခွယှက်ခြင်းကို ပြုလျက်အောက်သို့ တွဲကြပြီးလျှင် ထိုအင်ကြင်းပင်၏ ကြီးကုန် ကြီးကုန်သော အကိုင်းတို့ကို ချိုးဖျက်ရာ၏။

ရဟန်းတို့ ထိုအခါ ထိုအင်ကြင်းပင်စောင့်နတ်အား ဤသို့ အကြံဖြစ်ရာ၏—

“မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးသားချင်းဖြစ်သော ထိုအသျှင် အရံစောင့်နတ် တောစောင့်နတ် သစ်ပင်စောင့်နတ် ဆေးမျိုးပင် မြက်ပင် တောစိုးပင်တို့၌ စောင့်နေရသော နတ်တို့သည် မာလောနွယ်စေ့၌ ဤမရောက် လာသေးသော ဘေးကို မြင်၍ ပေါင်းဆုံစုရုံးကြလျက် ‘အသျှင်သည် မကြောက်လင့်၊ အသျှင်သည် မကြောက်ပါလင့်’ ဤမာလောနွယ်စေ့ကို ဥဒေါင်းသော်လည်း မျိုရာ၏၊ သားကောင်းသော်လည်း စားရာ၏၊ တောမီးသော်လည်း လောင်ရာ၏၊ တောအလုပ်သမားတို့သော်လည်း ကောက်ယူသွားကုန်ရာ၏၊ ခြတို့သော်လည်း တက်ကုန်ရာ၏၊ မျိုးမအောင်ဘဲသော်လည်း ဖြစ်ရာ၏’ဟု စိတ်သက်သာရာရစေကုန်ရာ၏။ ငါသည် မာလောနွယ်စေ့ဟူသော အကြောင်းကြောင့် ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်သော ဆင်းရဲဝေဒနာကို ခံစားရ၏” ဟု (အကြံ ံဖြစ်ရာ၏)။

ရဟန်းတို့ ဤအတူပင်လျှင် “ကာမတို့၌ အပြစ်မရှိ” ဟု ပြောဆိုလေ့ရှိကုန် ယူလေ့ရှိကုန်သောအချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ထိုသူတို့သည် ကာမဂုဏ်တို့ကို သုံးဆောင်ခံစားကုန်၏၊ ဆံထုံးထုံးသော ရသေ့ပရိဗိုဇ်မတို့နှင့် ပျော်ပါးကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် “ကာမတို့၌အဘယ်မည်သော မရောက်လာသေးသော ဘေးကို မြင်ကုန်၍ ကာမတို့ကို ပယ်ခြင်းကို ပြောဆိုရကုန်ဘိသနည်း၊ ကာမတို့ကို လွန်မြောက်ခြင်းကို ပညတ်ရကုန်ဘိသနည်း၊ ပျိုနုသော ဤပရိနိုဇ်မ၏ နူးညံ့သော အမွေးရှိသော လက်မောင်းအတွေ့သည် ချမ်းသာ၏” ဟု ထိုသူတို့သည် ပြောဆိုကုန်၏။ ထိုသူတို့သည် ကာမဂုဏ်တို့ကို ခံစားကြကုန်၏၊ ကာမဂုဏ်တို့ကို ခံစားကြကုန်သောကြောင့် ကိုယ်ခန္ဓာပျက်စီး၍သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော သူတို့လားရာ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ရကုန်၏။ ထိုသူတို့သည် ထိုငရဲ၌ ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်သော ဆင်းရဲဝေဒနာကို ခံစားကြရကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် “ကာမတို့၌ ဤမရောက်လာသေးသော ဘေးကို မြင်ကုန်၍့ကာမတို့ကို ပယ်ခြင်းကို ပြောဆိုကုန်ရာ၏၊ ကာမတို့ကို လွန်မြောက်ခြင်းကို ပညတ်ကုန်ရာ၏၊ ငါတို့သည် ကာမအထောက်အပံ့ ကာမအရင်းခံကြောင့် ဤကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်သောဆင်းရဲဝေဒနာကို ခံစားကြရကုန်၏” ဟု ထိုသူတို့ ပြောဆိုကုန်၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းဟု ဆိုရ၏။

၄၇ဝ။ ရဟန်းတို့ ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းသည် အဘယ်နည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အဝတ်မဝတ်ဘဲ နေ၏၊ လွတ်လပ်စွာကျင့်၏၊ လက်ဖြင့် (မစင်ကို) သုတ်၏၊ အသျှင်လာလော့ ဆိုသူ၏ ဆွမ်းကိုမခံ၊ အသျှင်ရပ်လော့ ဆိုသူ၏ ဆွမ်းကိုမခံ၊ မိမိမကပ်ရောက်မီ ယူဆောင်လာသော ဆွမ်းကိုမခံ၊ ရည်စူး၍ပြုသော ဆွမ်းကိုမခံ၊ ပင့်ဖိတ်ဆွမ်းကိုမခံ၊ အိုးဝမှ (ကော်၍ လောင်းသော) ဆွမ်းကိုမခံ၊ တောင်းဝမှ (ကော်၍လောင်းသော) ဆွမ်းကိုမခံ၊ တံခါးခုံခြား၍ (လောင်းသော) ဆွမ်းကိုမခံ၊ တုတ်ခြား၍ (လောင်းသော) ဆွမ်းကိုမခံ၊ ကျည်ပွေ့ခြား၍ (လောင်းသော) ဆွမ်းကိုမခံ၊ နှစ်ယောက်စား နေစဉ် ထ၍ (လောင်းသော) ဆွမ်းကိုမခံ၊ ကိုယ်ဝန်ဆောင်မိန်းမလောင်းသော ဆွမ်းကိုမခံ၊ နို့တိုက်ဆဲမိန်းမ လောင်းသော ဆွမ်းကိုမခံ၊ ယောကျာ်းနှင့် နှီးနှောနေသော မိန်းမလောင်သော ဆွမ်းကိုမခံ၊ ဆော်အော စုဆောင်း၍ လောင်းသော ဆွမ်းတို့ကိုမခံ၊ ခွေးမျှော်ရာမှ ဆွမ်းကိုမခံ၊ ယင်အုံရာမှ ဆွမ်းကိုမခံ၊ ငါးမစား၊ အမဲမစား၊ သေမသောက် အရက်မသောက်၊ ဖွဲ၌မြှုပ်သော ဆေးရည်ကို မသောက်၊ တစ်အိမ်၌သာ ဆွမ်းခံ၏၊ တစ်လုတ်သာ စား၏၊ နှစ်အိမ်၌သာဆွမ်းခံ၏၊ နှစ်လုတ်သာ စား၏။ပ။ ခုနစ်အိမ်၌သာ ဆွမ်းခံ၏၊ ခုနစ်လုတ်သာ စား၏၊ ဆွမ်းလောင်းခွက်ငယ် တစ်ခုစာဖြင့်လည်း ရောင့်ရဲ၏၊ ဆွမ်းလောင်းခွက်ငယ် နှစ်ခုစာဖြင့်လည်း ရောင့်ရဲ၏။ပ။ ဆွမ်းလောင်းခွက်ငယ် ခုနစ်ခုစာတို့ဖြင့်လည်း ရောင့်ရဲ၏၊ တစ်ရက်ခြားလည်း အစာစား၏၊ နှစ်ရက်ခြားလည်းအစာစား၏။ပ။ ခုနစ်ရက်ခြားလည်း အစာစား၏။ ဤနည်းဖြင့် လခွဲတစ်ကြိမ်တိုင်အောင်လည်း ဤသို့သဘောရှိသော ရက်ပိုင်းခြား၍ အစာစားခြင်းအကျင့်ကို ကျင့်လျက် နေ၏။

ထိုသူသည် ဟင်းရွက်ကိုသော်လည်း စားနေ၏၊ ပြောင်းဆန်ကိုသော်လည်း စားနေ၏၊ ကျိတ်သီးဆန်ကိုသော်လည်း စားနေ၏၊ သားရေဖတ်အစအနကိုလည်း စားနေ၏၊ မှော်ကိုသော်လည်း စားနေ၏၊ ဖွဲနုကိုသော်လည်း စားနေ၏၊ ထမင်းရည်ကိုသော်လည်း သောက်နေ၏၊ နှမ်းမှုန့်ညက်ကိုသော်လည်း စားနေ၏၊ မြက်ကို သော်လည်း စားနေ၏၊ နွားချေကိုသော်လည်း စားနေ၏၊ တောသစ်မြစ် သစ်သီးကို စားလျက် မျှတ၏၊ ကြွေကျသော သစ်သီးကိုစားလျက် မျှတ၏။

ထိုသူသည် ပိုက်ဆံလျှော်အဝတ်တို့ကိုလည်း ဝတ်၏၊ ပိုက်ဆံလျှော်နှင့် ရောနှောရက်သော အဝတ်တို့ကိုလည်း ဝတ်၏၊ လူသေကောင်မှ အဝတ်တို့ကိုလည်း ဝတ်၏၊ ပံ့သကူအဝတ်တို့ကိုလည်း ဝတ်၏၊ သစ်ခေါက် အဝတ်တို့ကိုသော်လည်း ဝတ်၏၊ သစ်နက်ရေကိုလည်း ဝတ်၏၊ သစ်နက်ရေမျှင်အဝတ်ကိုလည်း ဝတ်၏၊ သမန်း မြက်အဝတ်ကိုလည်း ဝတ်၏၊ လျှော်တေအဝတ်ကိုလည်း ဝတ်၏၊ ပျဉ်ချပ်အဝတ်ကိုလည်း ဝတ်၏၊ ဆံခြည် ကမ္ဗလာအဝတ်ကိုလည်း ဝတ်၏၊ သားမြီးကမ္ဗလာကိုလည်း ဝတ်၏၊ ခင်ပုတ်ငှက်တောင်အဝတ်ကိုလည်း ဝတ်၏၊ ဆံမုတ်ဆိတ်ကိုလည်း နုတ်၏၊ ဆံမုတ်ဆိတ်နုတ်ခြင်းအမှုကိုအားထုတ်၏၊ ထိုင်ရန်နေရာကို ပယ်၍ ရပ်လျက်လည်း နေ၏။ ဆောင့်ကြောင့်ထိုင်နေ၏၊ ဆောင့်ကြောင့်ထိုင်နေခြင်း အမှုကိုလည်း အားထုတ်၏၊ ဆူးအခင်းပေါ်၌လည်း နေ၏၊ ဆူးအခင်းပေါ်၌အိပ်၏၊ ညနေချမ်းလျှင် သုံးကြိမ်မြောက် ရေသို့ သက်ဆင်းခြင်းအမှုကို အားထုတ်နေ၏၊ ဤသို့လျှင်ဤသို့သဘောရှိသည့် များ ပြားသော ကိုယ်ကို လွန်မင်းစွာ ပူပန်စေသော အကျင့်ကိုမပြတ်အားထုတ်လျက် နေ၏။

ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့ လားရာ့ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းဟု ဆိုရ၏။

၄၇၁။ ရဟန်းတို့ ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းကားအဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် ပြကတေ့အားဖြင့် တပ်မက်မှု ‘ရာဂ’အားကြီးသောသဘော ရှိ၏။ ထိုသူသည် တပ်မက်မှု ‘ရာဂ’ ကြောင့်ဖြစ်သော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကိုမပြတ် ခံစားရ၏။ ပြကတေ့ အားဖြင့်ပြစ်မှားမှု ‘ဒေါသ’ အားကြီးသောသဘော ရှိ၏၊ ထိုသူသည်ပြစ်မှားမှု ‘ဒေါသ’ကြောင့်ဖြစ်သော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို မပြတ် ခံစားရ၏။ ပြကတေ့အားဖြင့်တွေဝေမှု ‘မောဟ’အားကြီးသောသဘော ရှိ၏၊ ထိုသူသည် တွေဝေမှု ‘မောဟ’ ကြောင့်ဖြစ်သောကိုယ်ဆင်းရဲ စိတ် ဆင်းရဲကို မပြတ်ခံစားရ၏။ ထိုသူသည် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲနှင့် တကွလည်းမျက်ရည်စက်လက် ငိုကြွေးလျက် ပြည့်စုံစင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်၏။ ထိုသူသည်ကိုယ်ခန္ဓာပျက်စီး၍ သေသည် မှ နောက်၌ ကောင်းသောသူတို့လားရာ နတ်ပြည်သို့ ရောက်ရ၏၊ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းဟုဆိုရ၏။

၄၇၂။ ရဟန်းတို့ ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းကား အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် ပြကတေ့အားဖြင့်တပ်မက် မှု ‘ရာဂ’ အားကြီးသောသဘော မရှိ၊ ထိုသူသည် တပ်မက်မှု ‘ရာဂ’ကြောင့်ဖြစ်သော ကိုယ်ဆင်းရဲစိတ် ဆင်းရဲကို မပြတ်မခံစားရ။ ပြကတေ့အားဖြင့် ပြစ်မှားမှု ‘ဒေါသ’အားကြီးသောသဘော မရှိ၊ ထိုသူသည် ပြစ်မှားမှု ‘ဒေါသ’ကြောင့် ဖြစ်သော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို မပြတ် မခံစားရ။ ပြကတေ့အားဖြင့် တွေဝေမှု ‘မောဟ’ အားကြီးသောသဘော မရှိ၊ ထိုသူသည် တွေဝေမှု ‘မောဟ’ ကြောင့်ဖြစ်သော ကိုယ်ဆင်း ရဲ စိတ်ဆင်းရဲကို မပြတ် မခံစားရ။ ထိုသူသည် ကာမဂုဏ်တို့မှကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်မှု ‘ဝိတက်’ နှင့် တကွဖြစ်သောသုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’နှင့် တကွဖြစ် သော (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သည့် နှစ်သိမ့်ခြင်း ‘ပီတိ’ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍နေ၏။ ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌စိတ်ကို ကြည်လင်စေတတ်သော စိတ်တည် ကြည်မှု ‘သမာဓိ’ကို ဖြစ်ပွားစေတတ်သောကြံစည်မှု ‘ဝိတက်’မရှိသော သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’ မရှိသော တည်ကြည်မှု ‘သမာဓိ’ ကြောင့်ဖြစ်သည့်နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ရောက်၍ နေ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသောသူတို့လားရာဗြဟ္မာ့ပြည်သို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်းချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းဟု ဆိုရ၏။

ရဟန်းတို့ တရားဆောက်တည်ခြင်းတို့သည် ဤလေးပါးတို့ပင်တည်းဟု ဤတရားစကားကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားကို နှစ်ခြိုက် ဝမ်းမြောက်ကြကုန်၏။

ငါးခုမြောက်သော စူဠဓမ္မသမာဒါနသုတ်ပြီး၏။