မဇ္ဈိမနိကာယ်

၂—အဋ္ဌကနာဂရသုတ်

၁၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ဝေသာလီပြည် ဗေလုဝရွာငယ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါအဋ္ဌကမြို့သား ဒသမသူကြွယ်သည် ပါဋလိပုတ်ပြည်သို့ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ရောက် လာ၏။

ထိုအခါ အဋ္ဌကမြို့သား ဒသမသူကြွယ်သည် ကုက္ကုဋာရုံကျောင်း ရဟန်းတစ်ပါးထံသို့ ချဉ်းကပ်ပြီး လျှင်ထိုရဟန်းကို ရှိခိုး၍ သင့်တင့်လျောက်ပတ်သော အရပ်၌ နေလျက် ထိုရဟန်းအား— “အသျှင်ဘုရား့အသျှင်အာနန္ဒာသည် ယခုအခါ အဘယ်အရပ်၌ သီတင်းသုံးနေတော်မူပါသနည်း၊ တပည့်တော်တို့သည်ထိုအသျှင်အာနန္ဒာကို ဖူးမြော်လိုပါကုန်၏”ဟု လျှောက်၏။ သူကြွယ် ဤအသျှင်အာနန္ဒာသည် ဝေသာလီပြည် ဗေလုဝရွာငယ်၌ သီတင်းသုံးနေတော်မူပေ၏ဟု (မိန့်ဆို၏)။

ထိုအခါ အဋ္ဌကမြို့သား ဒသမသူကြွယ်သည် ပါဋလိပုတ်ပြည်၌ ပြုဖွယ်ကိစ္စကို ပြီးဆုံးစေပြီးနောက်ဝေသာလီပြည် ဗေလုဝရွာငယ် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာကို ရိုသေစွာ ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေ၏။

၁၈။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် အဋ္ဌကမြို့သား ဒသမသူကြွယ်သည် အသျှင်အာနန္ဒာအား—“အသျှင်ဘုရားအာနန္ဒာ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရား တို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည်ဟောကြားထားတော်မူသော (ဤသို့ သဘောရှိသော) တရားတစ်ခုသည် ရှိပါသလော၊ ယင်းတရား၌မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောရဟန်းအား မလွတ်မြောက်သေးသော စိတ် သည်လည်း လွတ်မြောက်ရ၏၊ မကုန်ခန်းသေးသောအာသဝေါတို့သည်မူလည်း ကုန်ခန်းခြင်းသို့ ရောက် ကုန်၏၊ မရောက်ရသေးသော အတုမဲ့သောယောဂ၏ကုန်ရာသို့လည်း ရောက်နိုင်၏၊ (ဤသို့သဘောရှိ သော တရားတစ်ခုသည် ရှိပါသလော”)ဟုလျှောက်၏။

သူကြွယ် သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဟောကြားထားတော်မူသော (ဤသို့သဘောရှိသော) တရားတစ်ခုသည် ရှိပေ၏၊ ယင်းတရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား မလွတ်မြောက်သေးသော စိတ်သည်လည်းလွတ်မြောက်ရ၏၊ မကုန်ခန်းသေးသော အာသဝေါတို့သည်မူလည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက်ရသေးသော အတုမဲ့သော ယောဂ၏ကုန်ရာသို့လည်း ရောက်နိုင်၏၊ ဤသို့သဘောရှိသောတရားတစ်ခုသည် ရှိပေ၏ဟု (မိန့်ဆို၏)။

အသျှင်ဘုရားအာနန္ဒာ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဟောကြားထားတော်မူသောတရားတစ်ခုသည် အဘယ်ပါနည်း၊ ယင်းတရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍နေသော ရဟန်းအား မလွတ်မြောက်သေးသော စိတ်သည်လည်းလွတ် မြောက်ရ၏၊ မကုန်ခန်းသေးသော အာသဝေါတို့သည်မူလည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက်ရ သေးသော အတုမဲ့သော ယောဂ၏ကုန်ရာသို့လည်း ရောက်နိုင်၏၊ (ဤသို့သဘောရှိသောတရားတစ်ခုဟူ သည် အဘယ်ပါနည်းဟု လျှောက်၏)။

၁၉။ သူကြွယ် ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့်တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုပုဂ္ဂိုလ်သည် ဤသို့ဆင်ခြင်၏— “ဤပဌမဈာန်သည်လည်း အပြုပြင်ခံ တရားဖြစ်၏၊ စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်၏၊ ယင်းအပြုပြင်ခံတရား, စေ့ဆော်အားထုတ်မှု ကြောင့်ဖြစ်သော တရားအားလုံးသည် အမြဲမရှိ၊ ချုပ်ပျောက်ခြင်းသဘောရှိ၏”ဟု သိ၏။

ထိုရဟန်းသည် ထိုတရား၌တည်လျက် အာသဝေါကုန်ခြင်းသို့ ရောက်၏။ အကယ်၍ အာသဝေါကုန်ခြင်းသို့ မရောက်သေးသည် ဖြစ်အံ့၊ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့်အောက် (ကာမ) ဘုံ၌ (ပဋိသန္ဓေ) နေခြင်းအဖို့ရှိကုန်သော သံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို (ဗြဟ္မာ့) ဘုံ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို (ဗြဟ္မာ့) ဘုံမှ ပြန်လည်တတ်သော သဘောမရှိ။

သူကြွယ် ဤတရားသည်လည်း သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဟောကြားထားတော်မူသော တရားတစ်ခုဖြစ်ပေ၏၊ ယင်းတရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍နေသော ရဟန်းအား မလွတ်မြောက်သေးသော စိတ်သည်လည်းလွတ် မြောက်ရ၏၊ မကုန်ခန်းသေးသော အာသဝေါတို့သည်မူလည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက်ရ သေးသော အတုမဲ့ ယောဂကုန်ရာ (ဘေးကင်းရာ) သို့လည်း ရောက်နိုင်၏။ (၁)

၂ဝ။ သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် ဝိတက်ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ဤသို့ဆင်ခြင်၏—ဤဒုတိယဈာန်သည်လည်း အပြုပြင်ခံတရားဖြစ်၏၊ စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်၏။ပ။ အတုမဲ့ယောဂကုန်ရာ (ဘေးကင်းရာ) သို့လည်း ရောက်နိုင်၏ဟု (ဆင်ခြင်၏)။ (၂)

သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ဤသို့ဆင်ခြင်၏— ဤတတိယဈာန်သည်လည်း အပြုပြင်ခံတရားဖြစ်၏၊ စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်၏။ပ။ အတုမဲ့ ယောဂကုန်ရာ (ဘေးကင်းရာ) သို့လည်း ရောက်နိုင်၏ဟု (ဆင်ခြင်၏)။ (၃)

သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့် လည်းကောင်း။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏— ဤစတုတ္ထဈာန်သည်လည်း အပြုပြင်ခံတရားဖြစ်၏၊ စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်၏။ပ။ အတုမဲ့ ယောဂကုန်ရာ (ဘေးကင်းရာ) သို့ လည်း ရောက်နိုင်၏ဟု (ဆင်ခြင်၏)။ (၄)

သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် ချမ်းသာစေလိုခြင်းမေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် တစ်ခု သောအရပ်မျက်နှာကို ပျံ ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက်အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက်ဖီလာ အရပ်မျက်နှာကို ပျံ ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ်မျက်နှာတို့၌ရှိသော သတ္တဝါအားလုံးကိုမိမိနှင့်အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ ့နှံ့စေ၍ နေ၏။ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏— “မေတ္တာဟူသော ဤလွတ်မြောက်သော စိတ်သည်လည်း အပြုပြင်ခံတရားဖြစ်၏၊ စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်၏၊ ယင်းအပြုပြင်ခံတရား, စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်လာသော တရားအားလုံးသည် အမြဲမရှိ၊ ချုပ်ပျောက်ခြင်း သဘော ရှိ၏”ဟု သိ၏၊ ထိုရဟန်းသည် ထိုတရား၌ တည်လျက်။ပ။ အတုမဲ့ ယောဂကုန်ရာ (ဘေးကင်းရာ) သို့လည်း ရောက်နိုင်၏။ (၅)

သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် သနားခြင်း ‘ကရုဏာ’ နှင့်တကွဖြစ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်တကွဖြစ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်တကွဖြစ်သောစိတ် ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခု မြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့်အထက် အောက် ဖီလာ အရပ်မျက်နှာကို ပျံ ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ်မျက်နှာတို့၌ရှိသောသတ္တဝါ အားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏— “ဥပေက္ခာဟူသောဤလွတ်မြောက်သော စိတ် သည်လည်း အပြုပြင်ခံတရား ဖြစ်၏၊ စေ့ဆော်အားထုတ်မှုကြောင့်ဖြစ်ပေါ်၏၊ ယင်းအပြုပြင်ခံတရား, စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်လာသော တရားအားလုံးသည်အမြဲမရှိ ချုပ်ပျောက်ခြင်းသဘောရှိ၏”ဟု သိ၏။ ထိုရဟန်းသည် ထိုတရား၌ တည်လျက်။ပ။ အတုမဲ့ယောဂကုန်ရာ (ဘေးကင်းရာ) သို့လည်း ရောက်နိုင်၏။ (၆—၇—၈)

သူကြွယ် နောက် တစ်မျိုးကား ရဟန်းသည် ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတနသမာပတ်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ဤသို့ဆင်ခြင်၏— “ဤအာကာသာ နဉ္စာယတနသမာပတ်သည်လည်း အပြုပြင်ခံတရားဖြစ်၏၊ စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်၏၊ ယင်းအပြုပြင်ခံတရား, စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်သော တရားအားလုံးသည် အမြဲမရှိ ချုပ်ပျောက်ခြင်းသဘော ရှိ၏”ဟု သိ၏။ ထိုရဟန်းသည် ထိုတရား၌ တည်လျက်။ပ။ အတုမဲ့ ယောဂကုန်ရာ (ဘေးကင်းရာ) သို့ ရောက်နိုင်၏။ (၉)

သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍”ဝိညာဉ်သည် အဆုံးမရှိ”ဟု နှလုံးသွင်းလျက် ဝိညာဏဉ္စာယတနသမာပတ်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏— “ဤဝိညာဏဉ္စာယတနသမာပတ်သည်လည်း အပြုပြင်ခံတရားဖြစ်၏၊ စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်၏၊ ယင်းအပြုပြင်ခံတရား, စေ့ဆော်အားထုတ်မှုကြောင့်ဖြစ်ပေါ်သော တရားအားလုံးသည် အမြဲမရှိ၊ ချုပ်ပျောက်ခြင်းသဘောရှိ၏”ဟု သိ၏။ ထိုရဟန်းသည်ထိုတရား၌ တည်လျက်။ပ။ အတုမဲ့ ယောဂကုန်ရာသို့ ရောက်နိုင်၏။ (၁ဝ)

သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနသမာပတ်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည်ဤသို့ ဆင်ခြင်၏— “ဤအာကိဉ္စညာယတနသမာပတ်သည်လည်း အပြုပြင်ခံတရားဖြစ်၏၊ စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်၏၊ ယင်းအပြုပြင်ခံတရား, စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်သောတရား အားလုံးသည် အမြဲမရှိ၊ ချုပ်ပျောက်ခြင်းသဘောရှိ၏”ဟု သိ၏။

ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါကုန်ခြင်းသို့ မရောက်သေးသည် ဖြစ်အံ့၊ ထိုတရား၌ တပ်မက်ခြင်းဖြင့်, ထိုတရား၌ နှစ်သက်ခြင်းဖြင့်အောက် (ကာမဘုံ၌ ပဋိသန္ဓေနေခြင်း) အဖို့ရှိကုန်သော သံယောဇဉ်ငါးပါးတို့၏ ကုန်ခြင်းကြောင့် (ဗြဟ္မာ့) ဘုံ၌ ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို (ဗြဟ္မာ့) ဘုံ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို (ဗြဟ္မာ့) ဘုံမှ ပြန်လည်တတ်သော သဘောမရှိ။

သူကြွယ် ဤတရားသည်လည်း သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဟောကြားတော်မူသော တရားတစ်ခု ဖြစ်ပေ၏၊ ယင်းတရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ် အပ်သော စိတ်ရှိသည်ဖြစ်၍နေသော ရဟန်းအား မလွတ်မြောက်သေးသော စိတ်သည်လည်းလွတ်မြောက် ရ၏၊ မကုန်ခန်းသေးသော အာသဝေါတို့သည်မူလည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက်ရသေး သော အတုမဲ့ ယောဂကုန်ရာ (ဘေးကင်းရာ) သို့လည်း ရောက်နိုင်၏ဟု (မိန့်ဆို၏)။ (၁၁)

၂၁။ ဤသို့ မိန့်ဆိုတော်မူသော် အဋ္ဌကမြို့သား ဒသမသူကြွယ်သည် အသျှင်အာနန္ဒာအား—“အသျှင်ဘုရားအာနန္ဒာ တစ်ခုသော ရွှေအိုး၏ မျက်နှာဝကို ရှာသော ယောကျာ်းသည် တစ်ကြိမ်တည်း့သာလျှင် တစ်ဆယ့် တစ်လုံးသော ရွှေအိုးတို့၏ မျက်နှာဝတို့ကို ရရာသကဲ့သို့၊ ဤအတူသာလျှင်အကျွန်ုပ် သည် တစ်ခုသော အမြိုက်နိဗ္ဗာန်တံခါးကို ရှာပါလျက် တစ်ကြိမ်တည်းဖြင့်သာလျှင်တစ်ဆယ့်တစ်ခုသော အမြိုက်နိဗ္ဗာန်တံခါးတို့ကို ပွါးများရန် ရရှိပါပြီ။

အသျှင်ဘုရား ယောကျာ်းတစ်ယောက်အား တံခါးတစ်ဆယ့်တစ်ပေါက်ရှိသော အိမ်သည် ရှိရာ၏၊ ထိုယောကျာ်းသည် ထိုအိမ်ကို မီးလောင်သည်ရှိသော် တစ်ပေါက်ပေါက်သော တံခါးဖြင့်လည်း မိမိကိုယ်ကိုချမ်းသာအောင် ပြုခြင်းငှါ စွမ်းနိုင်ရာသကဲ့သို့၊ အသျှင်ဘုရား ဤအတူသာလျှင် တပည့်တော်သည် ဤအမြိုက်နိဗ္ဗာန်တံခါး တစ်ဆယ့်တစ်ပေါက်တို့တွင် တစ်ပေါက်ပေါက်သော အမြိုက်နိဗ္ဗာန်တံခါးဖြင့်ပင် မိမိကိုယ်ကို ချမ်းသာအောင် ပြုခြင်းငှါ စွမ်းနိုင်ပါလတ္တံ့။

အသျှင်ဘုရား သာသနာတော်မှတစ်ပါး အခြားအယူဝါဒရှိကြကုန်သော ဤတိတ္ထိတို့သည်ပင် (ဆရာ့အတွက်) ဆရာစား ဥစ္စာကို ရှာမှီးကြတုံသေး၏၊ တပည့်တော်သည် အသျှင်မြတ်အာနန္ဒာအား ပူဇော်မှုကိုအဘယ်ကြောင့် မပြုဘဲ ရှိပါအံ့နည်း”ဟု လျှောက်၏။

ထို့နောက် အဋ္ဌကမြို ့သား ဒသမသူကြွယ်သည် ပါဋလိပုတ်ပြည်နှင့် ဝေသာလီပြည်နေ ရဟန်း သံဃာကိုစည်းဝေးစေ၍ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင် အောင်မိမိကိုယ်တိုင် လုပ်ကျွေး၏၊ ရဟန်းတစ်ပါးတစ်ပါးကိုလည်း တစ်စုံစီ တစ်စုံစီသော သင်္ကန်းဖြင့်ဖုံးလွှမ်း (လှူဒါန်း) ၏။ အသျှင်အာနန္ဒာကို သုံးထည်သော သင်္ကန်းဖြင့် ဖုံးလွှမ်း (လှူဒါန်း) ၏၊ အသျှင်အာနန္ဒာအတွက် ငါးရာတန်ကျောင်းကို ဆောက်လုပ်စေသတည်း။

နှစ်ခုမြောက် အဋ္ဌကနာဂရသုတ် ပြီး၏။