မဇ္ဈိမနိကာယ်

၆—ဥပါလိသုတ်

၅၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာဠန္ဒာမြို့ ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နာဋ၏သား နိဂဏ္ဌသည် နာဠန္ဒာမြို့၌ များစွာသော နိဂဏ္ဌပရိသတ်နှင့်အတူ နေ၏။

ထိုအခါ ဒီဃတပဿီနိဂဏ္ဌသည် နာဠန္ဒာမြို့၌ ဆွမ်းအလို့ငှါ လှည့်လည်၍ ဆွမ်းခံရာမှ ဖဲခွါကာဆွမ်းစားပြီးနောက် ပါဝါရိကသူဌေး၏ သရက်ဥယျာဉ် (ရှိရာ) မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ရပ်နေ၏။ တစ်ခုသော နေရာ၌ ရပ်နေသော ဒီဃတပဿီနိဂဏ္ဌကို မြတ်စွာဘုရားသည် “ဒီဃတပဿီ နေရာတို့သည် ရှိကုန်၏၊ အကယ်၍ အလိုရှိမူ ထိုင်လော့”ဟုမိန့်တော်မူ၏။

ဤသို့မိန့်တော်မူသော် ဒီဃတပဿီနိဂဏ္ဌသည် နိမ့်သော နေရာတစ်ခုကို ယူ၍ သင့်လျော်စွာထိုင်နေ၏၊ သင့်လျော်စွာ ထိုင်နေပြီးသော ဒီဃတပဿီနိဂဏ္ဌကို မြတ်စွာဘုရားသည် “တပဿီ နာဋ၏သား နိဂဏ္ဌသည် မကောင်းမှု ပြုခြင်း၌ မကောင်းမှုဖြစ်ခြင်း၌ အဘယ်မျှလောက်ကုန်သော ကံတို့ကိုပညတ်သနည်း”ဟု မေးတော်မူ၏။ ငါ့သျှင်ဂေါတမ “ကံ ကံ”ဟု ပညတ်ခြင်းသည် နာဋ၏သား နိဂဏ္ဌ၏အလေ့အကျင့်မဟုတ်၊ ငါ့သျှင်ဂေါတမ “ဒဏ် ဒဏ်”ဟု ပညတ်ခြင်းသည်သာ နာဋ၏သား နိဂဏ္ဌ၏အလေ့ အကျင့်ဖြစ်၏ဟု (လျှောက်၏)။

တပဿီ နာဋ၏သား နိဂဏ္ဌသည် မကောင်းမှု ပြုခြင်း၌ မကောင်းမှုဖြစ်ခြင်း၌ အဘယ်မျှလောက်ကုန်သော ဒဏ်တို့ကို ပညတ်သနည်း”ဟု (မေးတော်မူ၏)။ ငါ့သျှင်ဂေါတမ နာဋ၏သား နိဂဏ္ဌသည်မကောင်းမှု ပြုခြင်း၌ မကောင်းမှုဖြစ်ခြင်း၌ ဒဏ်သုံးပါးတို့ကို ပညတ်ပါ၏။ အဘယ်သုံးပါးတို့နည်းဟူမူ— ကာယဒဏ်၊ ဝစီဒဏ်၊ မနောဒဏ်တို့တည်းဟု (လျှောက်၏)။

တပဿီ ကာယဒဏ်ဟူသည် တခြားတစ်ပါးသာလော၊ ဝစီဒဏ်ဟူသည် တခြားတစ်ပါးသာလော၊ မနောဒဏ် ဟူသည် တခြား တစ်ပါးသာလောဟု (မေးတော်မူ၏)။ ငါ့သျှင်ဂေါတမ ကာယဒဏ်ဟူသည်တခြားတစ်ပါးသာတည်း၊ ဝစီဒဏ်ဟူသည် တခြားတစ်ပါးသာတည်း၊ မနောဒဏ်ဟူသည် တခြားတစ်ပါးသာတည်းဟု (လျှောက်၏)။

တပဿီ ဤသို့ ကွဲပြားထူးခြားကုန်သော ဤဒဏ်သုံးပါးတို့တွင် မကောင်းမှု ပြုခြင်း၌ မကောင်းမှုဖြစ်ခြင်း၌ အဘယ်ဒဏ်ကို အပြစ်အကြီးဆုံးဟူ၍ နာဋ၏သား နိဂဏ္ဌသည် ပညတ်သနည်း။ ကာယဒဏ်ကိုလော၊ သို့မဟုတ် ဝစီဒဏ်ကိုလော၊ သို့မဟုတ် မနောဒဏ်ကိုလောဟု (မေးတော်မူ၏)။ ငါ့သျှင်ဂေါတမဤသို့ ကွဲပြားထူးခြားကုန်သော ဤဒဏ်သုံးပါးတို့တွင် မကောင်းမှု ပြုခြင်း၌ မကောင်းမှုဖြစ်ခြင်း၌ကာယဒဏ်ကို အပြစ်အကြီးဆုံးဟူ၍ နာဋ၏သား နိဂဏ္ဌသည် ပညတ်ပါ၏၊ ဝစီဒဏ်နှင့် မနောဒဏ်ကိုထိုကဲ့သို့ မပညတ်ပါဟု (လျှောက်၏)။

တပဿီ “ကာယဒဏ်တည်း”ဟု ဆိုသလော။ ငါ့သျှင်ဂေါတမ “ကာယဒဏ်တည်း”ဟု ဆိုပါ၏။ တပဿီ “ကာယဒဏ်တည်း”ဟု ဆိုသလော။ ငါ့သျှင်ဂေါတမ “ကာယဒဏ်တည်း”ဟု ဆိုပါ၏။ တပဿီ “ကာယဒဏ်တည်း”ဟု ဆိုသလော။ ငါ့သျှင်ဂေါတမ “ကာယဒဏ်တည်း”ဟု ဆိုပါ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် ဒီဃတပဿီနိဂဏ္ဌကို ဤစကားအရာ၌ သုံးကြိမ်တိုင်အောင်တည်စေတော်မူ၏။

၅၇။ ဤသို့မိန့်တော်မူသော် ဒီဃတပဿီနိဂဏ္ဌသည် မြတ်စွာဘုရားအား “ငါ့သျှင်ဂေါတမသင်သည်ကား မကောင်းမှု ပြုခြင်း၌ မကောင်းမှုဖြစ်ခြင်း၌ အဘယ်မျှလောက်သော ဒဏ်တို့ကို ပညတ်ပါသနည်း”ဟု လျှောက်၏။ တပဿီ “ဒဏ် ဒဏ်” ဟူ၍ ပညတ်ခြင်းသည် ငါဘုရား၏ အလေ့အကျင့်မဟုတ်။ တပဿီ “ကံ ကံ” ဟူ၍ ပညတ်ခြင်းသည်သာ ငါဘုရား၏ အလေ့အကျင့် ဖြစ်၏ဟု (မိန့်တော်မူ၏)။ ငါ့သျှင်ဂေါတမ မကောင်းမှု ပြုခြင်း၌ မကောင်းမှုဖြစ်ခြင်း၌ အဘယ်မျှလောက်သော ကံတို့ကိုသင် ပညတ်သနည်းဟု (လျှောက်၏)။ တပဿီ မကောင်းမှု ပြုခြင်း၌ မကောင်းမှုဖြစ်ခြင်း၌ကံသုံးပါးတို့ကို ငါဘုရား ပညတ်၏၊ အဘယ်ကံသုံးပါးတို့နည်း ဟူမူ— ကာယကံ၊ ဝစီကံ၊ မနောကံတို့တည်းဟု (မိန့်တော် မူ၏)။

ငါ့သျှင်ဂေါတမ ကာယကံဟူသည် တခြားတစ်ပါးလော၊ ဝစီကံဟူသည် တခြားတစ်ပါးလော၊ မနောကံဟူသည် တခြားတစ်ပါးလောဟု (လျှောက်၏)။ တပဿီ ကာယကံဟူသည် တခြားတစ်ပါးသာတည်း၊ ဝစီကံဟူသည် တခြားတစ်ပါးသာတည်း၊ မနောကံဟူသည် တခြားတစ်ပါးသာတည်းဟု (မိန့်တော်မူ၏)။ ငါ့သျှင်ဂေါတမ ဤသို့ ကွဲပြားထူးခြားကုန်သော ဤကံသုံးပါးတို့တွင် မကောင်းမှု ပြုခြင်း၌မကောင်းမှုဖြစ်ခြင်း၌ အဘယ်ကံကို အပြစ်အကြီးဆုံးဟူ၍ သင် ပညတ်ပါသနည်း၊ ကာယကံကိုလော၊ ့သို့မဟုတ် ဝစီကံကိုလော၊ သို့မဟုတ် မနောကံကိုလောဟု (လျှောက်၏)။ တပဿီ ဤသို့ ကွဲပြားထူးခြားကုန်သော ဤကံသုံးပါးတို့တွင် မကောင်းမှု ပြုခြင်း၌ မကောင်းမှုဖြစ်ခြင်း၌ မနောကံကို အပြစ်အကြီးဆုံးဟု ငါဘုရား ပညတ်၏၊ ကာယကံနှင့် ဝစီကံကို ထိုကဲ့သို့ မပညတ်ဟု (မိန့်တော်မူ၏)။

ငါ့သျှင်ဂေါတမ “မနောကံတည်း”ဟု ဆိုသလော။ တပဿီ “မနောကံတည်း”ဟု ဆို၏။ ငါ့သျှင်ဂေါတမ “မနောကံတည်း”ဟု ဆိုသလော။ တပဿီ “မနောကံတည်း”ဟု ဆို၏။ ငါ့သျှင်ဂေါတမ”မနောကံတည်း”ဟု ဆိုသလော။ တပဿီ “မနောကံတည်း”ဟု ဆို၏ဟု (မိန့်တော်မူ၏)။ ဤသို့လျှင်ဒီဃတပဿီနိဂဏ္ဌသည် မြတ်စွာဘုရားကို ဤစကားအရာ၌ သုံးကြိမ်တိုင်အောင် တည်စေ၍ နေရာမှထကာ နာဋ၏သား နိဂဏ္ဌထံသို့ ချဉ်းကပ်လေ၏။

၅၈။ ထိုအခါ နာဋ၏သား နိဂဏ္ဌသည် ဥပါလိသူကြွယ် အမှူးရှိသော ဗာလကိနိရွာသား ပရိသတ်ဖြစ်သော များစွာသော လူပရိသတ်နှင့် အတူ နေ၏။ နာဋ၏သား နိဂဏ္ဌသည် အဝေးကလာသောဒီဃတပဿီ နိဂဏ္ဌကို မြင်၍ ဒီဃတပဿီနိဂဏ္ဌအား “တပဿီ သင်သည် ယခုနေ့ခင်းကြောင်တောင်မှာ ဘယ်အရပ်က လာခဲ့သနည်း”ဟု မေး၏။ အသျှင် အကျွန်ုပ်သည်ရဟန်းဂေါတမ၏ အထံမှ လာခဲ့ပါ၏ဟု (ဆို၏)။

တပဿီ သင့်မှာ ရဟန်းဂေါတမနှင့်အတူ တစ်စုံတစ်ခုသော စကားပြောဟောမှုသည် ဖြစ်ခဲ့ပါ၏လောဟု (မေး၏)။ အသျှင် အကျွန်ုပ်မှာ ရဟန်းဂေါတမနှင့်အတူ တစ်စုံတစ်ခုသော စကားပြောဟောမှုသည်ဖြစ်ခဲ့ပါ၏ဟု (ဆို၏)။

တပဿီ သင့်မှာ ရဟန်းဂေါတမနှင့်အတူ အဘယ်သို့လျှင် စကားပြောဟောမှု ဖြစ်ခဲ့ပါသနည်းဟု (မေး၏)။ ထိုအခါ ဒီဃတပဿီနိဂဏ္ဌသည် မြတ်စွာဘုရားနှင့်အတူ စကားပြောဟောမှု ဖြစ်ခဲ့သမျှအားလုံးကို နာဋ၏သား နိဂဏ္ဌအား ပြောကြားလေ၏။

ဤသို့ပြောဆိုသော် နာဋ၏သား နိဂဏ္ဌသည် ဒီဃတပဿီနိဂဏ္ဌအား “တပဿီ ကောင်းလေစွ၊ ကောင်းလေစွ၊ အကြားအမြင် ဗဟုသုတရှိသော ဆရာ၏ အဆုံးအမကို ကောင်းစွာသာလျှင် သိသောတပည့်၏ ထုံးတမ်းစဉ်လာအတိုင်းသာလျှင် ဒီဃတပဿီနိဂဏ္ဌသည် ရဟန်းဂေါတမအား ပြောကြားခဲ့ပေ၏၊ ဤသို့ ကြီးကျယ်သော ကာယဒဏ်ကို ထောက်၍ သေးငယ်သော မနောဒဏ်သည် အဘယ်မှာ ပြောပလောက်မည်နည်း၊ အမှန်အားဖြင့် ကာယဒဏ်သည်သာလျှင် မကောင်းမှု ပြုခြင်း၌ မကောင်းမှု ဖြစ်ခြင်း၌ ကြီးကျယ်သော အပြစ်ရှိ၏၊ ဝစီဒဏ်နှင့် မနောဒဏ်သည် ထိုကဲ့သို့ မကြီးကျယ်ဟု (ဆို၏)။

၅၉။ ဤသို့ဆိုသော် ဥပါလိသူကြွယ်သည် နာဋ၏သား နိဂဏ္ဌကို— “အသျှင်ဘုရား ဒီဃတပဿီ သည်ကောင်းလေစွ၊ ကောင်းလေစွ၊ အကြားအမြင် ဗဟုသုတရှိသော ဆရာ၏ အဆုံးအမကို ကောင်းစွာသာလျှင် သိသော တပည့်၏ ထုံးတမ်းစဉ်လာအတိုင်းသာလျှင် တပဿီအသျှင်ကောင်းသည်ရဟန်းဂေါတမ အား ဖြေကြားခဲ့ပေ၏၊ ဤသို့ကြီးကျယ်သော ကာယဒဏ်ကို ထောက်ဆ၍သေးငယ်သော မနောဒဏ် သည် အဘယ်မှာ ပြောပလောက်မည်နည်း။ အမှန်အားဖြင့်ကာယဒဏ်သည်သာလျှင် မကောင်းမှု ပြုခြင်း၌ မကောင်းမှုဖြစ်ခြင်း၌ ကြီးကျယ်သော အပြစ်ရှိ၏၊ ဝစီဒဏ်နှင့် မနောဒဏ်သည် ထိုကဲ့သို့ မကြီးကျယ်။ အသျှင်ဘုရား အကျွန်ုပ် ယခု သွားပါအံ့၊ ဤစကားအရာ၌ ရဟန်းဂေါတမအား အပြစ်တင်ချေပါအံ့။ တပဿီအသျှင်ကောင်းသည် တည်စေအပ်သကဲ့သို့ ထို့အတူ ရဟန်းဂေါတမသည် အကျွန်ုပ်အား အကယ်၍ တည်စေလတ္တံ့သည် ဖြစ်ငြားအံ့၊ အားရှိသော ယောကျာ်းသည် အမွေးရှည်သောသိုးကို အမွေးတို့၌ ကိုင်တွယ်၍ ရှေးရှုဆွဲငင်ရာသကဲ့သို့၊ ထက်ဝန်းကျင်မှ ဆွဲငင်ရာသကဲ့သို့၊ ထိုမှဤမှ ဆွဲငင်ရာသကဲ့သို့၊ ဤအတူသာလျှင် အကျွန်ုပ်သည် ရဟန်းဂေါတမကို မိမိ၏ အယူဝါဒဖြင့် ရဟန်းဂေါတမ၏ အယူဝါဒကို ရှေ့ရှုဆွဲငင်ပါအံ့၊ ထက်ဝန်ကျင်မှ့ဆွဲငင်ပါအံ့။ ထိုမှ ဤမှ ဆွဲငင်ပါအံ့။

ဥပမာ တစ်နည်းသော်ကား ခွန်အားရှိသော သေတင်းကုပ်၌ အမှုကိစ္စကို လုပ်သော ယောကျာ်းသည် ကြီးစွာသော သေတင်းကုပ်၌ ခင်းထားသော ဖျာကို နက်လှစွာသော ရေအိုင်၌ ချ၍ အစွန်း၌ကိုင်လျက် ရှေးရှု ဆွဲငင်ရာသကဲ့သို့လည်းကောင်း၊ ထက်ဝန်းကျင်မှ ဆွဲငင်ရာသကဲ့သို့လည်းကောင်း၊ ထိုမှဤမှ မွှေ့ရမ်း ဆွဲငင်ရာသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အကျွန်ုပ်သည် ရဟန်းဂေါတမကို မိမိအယူဝါဒဖြင့် ရဟန်းဂေါတမ၏ အယူဝါဒကို ရှေးရှုဆွဲငင်ပါအံ့၊ ထက်ဝန်းကျင်မှ ဆွဲငင်ပါအံ့၊ ထိုမှ ဤမှဆွဲငင်ပါအံ့။

ဥပမာ တစ်နည်းသော်ကား ခွန်အားရှိသော သေသောက်ကြူးသည် ခွက်ကို အစွန်း၌ ကိုင်တွယ်၍အောက်သို့နှိပ်၍ ပွတ်တိုက်ရာသကဲ့သို့လည်းကောင်း၊ အထက်သို့မြှောက်၍ ပွတ်တိုက်ရာသကဲ့သို့လည်းကောင်း၊ ခါတွက်ရာသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အကျွန်ုပ်သည် ရဟန်းဂေါတမကို မိမိ၏အယူဝါဒဖြင့် ရဟန်းဂေါတမ၏ အယူဝါဒကို အောက်သို့နှိပ်၍ ပွတ်တိုက်ပါအံ့၊ အပေါ်သို့မြှောက်၍ ပွတ်တိုက်ပါအံ့၊ ခါတွက် မွှေ့ရမ်းပါအံ့။

ဥပမာ တစ်နည်းသော်ကား အသက်ခြောက်ဆယ်ရှိ၍ ယုတ်သော အားရှိသော င်ပြောင်ကြီးသည် နက်လှစွာသော လေးထောင့်ရေကန်သို့ သက်ဆင်း၍ သာဏဓောဝိကမည်သော ကစားမျိုးကို ကစားလေရာသကဲ့သို့ ထို့အတူသာလျှင် အကျွန်ုပ်သည် ရဟန်းဂေါတမကို သာဏဓောဝိက ကစားမျိုးနှင့် တူသော ကစားခြင်းကို ကစားပေအံ့။ အသျှင်ဘုရား အကျွန်ုပ် ယခု သွားပါအံ့၊ ဤစကားအရာ၌ ရဟန်းဂေါတမအား အပြစ်တင်ပါချေအံ့ဟု (ဆို၏)။ သူကြွယ် သင်သွားလော့၊ ဤစကားအရာ၌ ရဟန်းဂေါတမအားအပြစ်တင်ချေလော့။ သူကြွယ် ရဟန်းဂေါတမအား ငါသည်သော်လည်းကောင်း၊ ဒီဃတပဿီ နိဂဏ္ဌသည်သော်လည်းကောင်း၊ သင်သည်သော်လည်းကောင်း အပြစ်တင်ရာ၏ဟု ဆို၏။

၆ဝ။ ဤသို့ ဆိုသော် ဒီဃတပဿီနိဂဏ္ဌသည် နာဋ၏သား နိဂဏ္ဌအား— “အသျှင်ဘုရား ရဟန်းဂေါတမအား ဥပါလိသူကြွယ် အပြစ်တင်မည်ကို အကျွန်ုပ်မနှစ်သက်ပါ။ အသျှင်ဘုရား ရဟန်းဂေါတမသည် လှည့်ပတ်တတ်ပါ၏၊ စိတ်ညှို့၍ လှည့်ပတ်ခြင်းအတတ်ကို တက်ပါ၏၊ ယင်းအတတ်ဖြင့် အယူတစ်မျိုးရှိသော သူတို့၏ တပည့်တို့ကို ညှို့တတ်ပါ၏”ဟု ဆို၏။ တပဿီ ရဟန်းဂေါတမ၏ တပည့်အဖြစ်သို့ဥပါလိသူကြွယ် ရောက်ရာသော အကြောင်းအခွင့်သည် မရှိ။ ဥပါလိသူကြွယ်၏ တပည့်အဖြစ်သို့ ရဟန်းဂေါတမသာ ရောက်ရာ, ဖြစ်နိုင်ရာသော အကြောင်းအခွင့်သည် ရှိ၏။ သူကြွယ် သင် သွားလော့၊ ဤစကားအရာ၌ ရဟန်းဂေါတမအား အပြစ်တင်ချေလော့။ သူကြွယ် ရဟန်းဂေါတမအား ငါသည်သော်လည်းကောင်း၊ ဒီဃတပဿီ နိဂဏ္ဌသည်သော်လည်းကောင်း၊ သင်သည်သော်လည်းကောင်း အပြစ်တင်ရာ၏ဟု (ဆို၏)။

နှစ်ကြိမ်မြောက်လည်း ဒီဃတပဿီနိဂဏ္ဌသည်။ပ။ သုံးကြိမ်မြောက်လည်း ဒီဃတပဿီနိဂဏ္ဌ သည်နာဋ၏သား နိဂဏ္ဌအား— “အသျှင်ဘုရား ရဟန်းဂေါတမအား ဥပါလိသူကြွယ် အပြစ်တင်မည်ကိုအကျွန်ုပ်မနှစ်သက်ပါ။ အသျှင်ဘုရား ရဟန်းဂေါတမသည် လှည့်ပတ်တတ်ပါ၏၊ စိတ်ညှို့၍ လှည့်ပတ်ခြင်းအတတ်ကို တတ်ပါ၏၊ ယင်းအတတ်ဖြင့် အယူတစ်မျိုးရှိသော သူတို့၏ တပည့်တို့ကို ညှို့တတ်ပါ၏”ဟုဆို၏။ တပဿီ ရဟန်းဂေါတမ၏ တပည့်အဖြစ်သို့ ဥပါလိသူကြွယ် ရောက်ရာသော အကြောင်းအခွင့်သည် မရှိ။ ဥပါလိသူကြွယ်၏ တပည့်အဖြစ်သို့ ရဟန်းဂေါတမသာ ရောက်ရာ, ဖြစ်နိုင်ရာသောအကြောင်းအခွင့်သည် ရှိ၏။ သူကြွယ် သင် သွားလော့၊ ဤစကားအရာ၌ ရဟန်းဂေါတမအား အပြစ်တင်ချေလော့။ သူကြွယ် ရဟန်းဂေါတမအား ငါသည်သော်လည်းကောင်း၊ ဒီဃတပဿီနိဂဏ္ဌသည်သော်လည်းကောင်း၊ သင်သည်သော်လည်းကောင်း အပြစ်တင်ရာ၏ဟု လွှတ်လိုက်၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု ဥပါလိသူကြွယ်သည် နာဋ၏သား နိဂဏ္ဌ၏စကားကို ဝန်ခံပြီး၍့နေရာမှ ထလျက် ရှိခိုးပြီးလျှင် အရိုအသေ ပြုကာ ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေသော မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏၊ ချဉ်းကပ်ပြီးသော် ရိုသေစွာရှိခိုး၍ သင့်လျော်ရာ၌ ထိုင်ကာမြတ်စွာဘုရားအား—“အသျှင်ဘုရား ဒီဃတပဿီနိဂဏ္ဌသည် ဤအရပ်သို့ လာပါသလော”ဟု လျှောက်၏။ သူကြွယ် ဒီဃတပဿီနိဂဏ္ဌသည် ဤအရပ်သို့ လာ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အသျှင်ဘုရားအား ဒီဃတပဿီနိဂဏ္ဌနှင့် တစ်စုံတစ်ခုသော စကားပြောဟောမှုသည် ဖြစ်ပါသလောဟု (လျှောက်၏)။ သူကြွယ် ငါ့အား ဒီဃတပဿီနိဂဏ္ဌနှင့် တစ်စုံတစ်ခုသော စကားပြောဟောမှုသည် ဖြစ်ခဲ့၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားအား ဒီဃတပဿီနိဂဏ္ဌနှင့်အတူ အဘယ်သို့လျှင် စကားပြောဟောမှု ဖြစ်ပါသနည်းဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရားသည် ဒီဃတပဿီနိဂဏ္ဌနှင့်အတူ စကားပြောဟောမှု ဖြစ်သမျှအားလုံးကို ဥပါလိသူကြွယ်အား မိန့်ဆို၏။

၆၁။ ဤသို့မိန့်ဆိုသော် ဥပါလိသူကြွယ်သည် မြတ်စွာဘုရားအား— “အသျှင်ဘုရား တပဿီသည်ကောင်းလေစွ ကောင်းလေစွ၊ အကြားအမြင် ဗဟုသုတရှိသော ဆရာ၏ အဆုံးအမကို ကောင်းစွာသာလျှင် သိသော တပည့်၏ ထုံးတမ်းစဉ်လာအတိုင်းသာလျှင် ဒီဃတပဿီနိဂဏ္ဌသည် မြတ်စွာဘုရားအား ပြောကြားပါပေ၏၊ ဤသို့သဘောရှိသော ဤသို့ ကြီးကျယ်သော ကာယဒဏ်ကိုထောက်ဆ၍ သေးငယ်သော မနောဒဏ်သည် အဘယ်မှာ ပြောပလောက်မည်နည်း။ အမှန်အားဖြင့်ကာယဒဏ်သည်သာလျှင် မကောင်းမှု ပြုခြင်း၌ မကောင်းမှု ဖြစ်ခြင်း၌ ကြီးကျယ်သော အပြစ်ရှိ၏၊ ဝစီဒဏ်နှင့် မနောဒဏ်သည် ထိုကဲ့သို့ မကြီးကျယ်ဟု (လျှောက်၏)။ သူကြွယ် သင်သည်မှန်ကန်သောသစ္စာ၌ တည်၍ အကယ်၍ ပြောဆိုငြားအံ့၊ ဤအကြောင်းအရာ၌ ငါတို့စကား ဆွေးနွေးမှုဖြစ်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ် သည် မှန်ကန်သောသစ္စာ၌ တည်၍ပြောဆိုပါအံ့၊ ဤအကြောင်းအရာ၌ အကျွန်ုပ်တို့ စကားဆွေးနွေးမှု ဖြစ်ပါစေဟု (လျှောက်၏)။

၆၂။ သူကြွယ် ထိုစကားကို သင် အဘယ်သို့ မှတ်ထင်သနည်း။ နိဂဏ္ဌတစ်ယောက်သည် အနာနှိပ်စက် နေ၏၊ ဆင်းရဲရောက်၏၊ ပြင်းစွာနာ၏၊ ရေအေးကို ပယ်၍ ရေနွေးကိုသာ သုံးဆောင်လေ့ရှိ၏၊ ထိုနိဂဏ္ဌသည် ရေအေးကို မရသည်ဖြစ်၍ သေလေရာ၏။ သူကြွယ် နာဋ၏သား နိဂဏ္ဌသည် ဤသေသူနိဂဏ္ဌကို အဘယ်အရပ်၌ ဖြစ်၏ဟု ပညတ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား စိတ်စွဲလမ်း၍ဖြစ်သော နတ်မည်သည် ရှိပါ၏၊ ထိုနတ်မျိုးတို့ ၌ ထိုနိဂဏ္ဌသည် ဖြစ်ပါ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း။ အသျှင်ဘုရား ထိုသူသည် စိတ်စွဲလမ်း၍ သေသောကြောင့်ပါတည်းဟု (လျှောက်၏)။ သူကြွယ် စဉ်းစားလော့၊ သူကြွယ် စဉ်းစား၍ သင်ပြောလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်လည်းကောင်း၊ နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း မစပ်ဟပ်မိဘဲ ရှိချေ၏။ သူကြွယ်သင်သည် “အသျှင်ဘုရား အကျွန်ုပ်သည် မှန်ကန်သော သစ္စာ၌ တည်၍ ပြောဆိုပါအံ့၊ ဤအကြောင်းအရာ၌ အကျွန်ုပ်တို့ စကားဆွေးနွေးမှုဖြစ်ပါစေ”ဟု ဤစကားကို ပြောခဲ့သည် မဟုတ်လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မြတ်စွာဘုရားသည် ဤသို့ မိန့်ထားသော်လည်း အမှန်အားဖြင့် မကောင်းမှုပြုခြင်း၌ မကောင်းမှုဖြစ်ခြင်း၌ ကာယဒဏ်သည်သာလျှင် ကြီးကျယ်သော အပြစ်ရှိ၏၊ ဝစီဒဏ်နှင့် မနောဒဏ်သည် ထိုကဲ့သို့ မကြီးကျယ်ပါဟု (လျှောက်၏)။

၆၃။ သူကြွယ် ထိုစကားကို သင် အဘယ်သို့ မှတ်ထင်သနည်း။ နာဋ၏သား နိဂဏ္ဌသည်စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်းနေ၏၊ အလုံးစုံသော ရေအေးကို ပယ်၏၊ အလုံးစုံသောမကောင်းမှု တားမြစ်ခြင်းကို အားထုတ်နေ၏၊ အလုံးစုံသော မကောင်းမှုကို တားမြစ်ခြင်းဖြင့် ခါတွက်ထား၏၊ အလုံးစုံသော မကောင်းမှုကို တားမြစ်ခြင်းဖြင့် ပျံ့နှံ့နေ၏။ ထိုနာဋ၏သား နိဂဏ္ဌသည် ရှေ့သို့သွားသည်ရှိသော် နောက်သို့ ဆုတ်သည်ရှိသော် များစွာသော သတ္တဝါငယ်တို့ကို သေကျေပျက်စီးခြင်းသို့ ရောက်စေ၏။ သူကြွယ် နာဋ၏သား နိဂဏ္ဌသည် ဤသေကျေပျက်စီးခြင်းသို့ ရောက်စေသော သူ၏့အကျိုးကို အဘယ်အကျိုးဟု ပညတ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား နာဋ၏သား နိဂဏ္ဌသည် စေ့ဆော်ခြင်း ‘စေတနာ’ မရှိသည်ဖြစ်၍ ကြီးသော အပြစ်ရှိ၏ဟု မပညတ်ပါဟု (လျှောက်၏)။

သူကြွယ် အကယ်၍ စေတနာရှိငြားအံ့၊ အဘယ်သို့ ဖြစ်သနည်းဟု (မေးတော်မူ၏)။ အသျှင် ဘုရားကြီးသော အပြစ်ရှိပါ၏ဟု (လျှောက်၏)။ သူကြွယ် စေ့ဆော်မှု ‘စေတနာ’ ကို နာဋ၏သား နိဂဏ္ဌသည်အဘယ်ဒဏ်ဟု ပညတ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား စေ့ဆော်မှု ‘စေတနာ’ ကိုမနောဒဏ်ဟု ပညတ်ပါ၏ဟု (လျှောက်၏)။ သူကြွယ် စဉ်းစားလော့၊ သူကြွယ် စဉ်းစား၍ သင်ပြောကြားလော့။ သင်၏ ရှေ့စကားနှင့် နောက်စကားသည်လည်းကောင်း၊ နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း မစပ်ဟပ်မိဘဲ ရှိချေ၏။ သူကြွယ် သင်သည် “အသျှင်ဘုရား အကျွန်ုပ်သည် မှန်ကန်သောသစ္စာ၌ တည်၍ ပြောဆိုပါအံ့၊ ဤအကြောင်းအရာ၌ အကျွန်ုပ်တို့ စကားဆွေးနွေးမှု ဖြစ်ပါစေ”ဟုဤစကားကို ပြောခဲ့သည် မဟုတ်ပါလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မြတ်စွာဘုရားသည် ဤသို့မိန့်ကြားသော်လည်း အမှန်အားဖြင့် မကောင်းမှုပြုခြင်း၌ မကောင်းမှုဖြစ်ခြင်း၌ ကာယဒဏ်သည်သာလျှင်ကြီးကျယ်သော အပြစ်ရှိ၏၊ ဝစီဒဏ်နှင့် မနောဒဏ်သည် ထိုကဲ့သို့ မကြီးကျယ်ပါဟု (လျှောက်၏)။

၆၄။ သူကြွယ် ထိုစကားကို သင် အဘယ်သို့ မှတ်ထင်သနည်း။ ဤနာဠန္ဒာမြို့သည် စည်ပင်သည်ဝပြောသည် များစွာသော လူရှိသည် စည်ကားသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားမှန်ပါ၏၊ ဤနာဠန္ဒာမြို့သည် စည်ပင်ပါ၏၊ ဝပြောပါ၏၊ များစွာသော လူရှိပါ၏၊ လူစည်ကားပါ၏ဟု (လျှောက်၏)။ သူကြွယ် ထိုစကားကို သင် အဘယ်သို့ မှတ်ထင်သနည်း။ ယောကျာ်းတစ်ယောက်သည် သန်လျက်မိုး၍ လာရာ၏၊ ထိုယောကျာ်းသည် “ငါသည် ဤနာဠန္ဒာမြို့၌ ရှိသမျှသတ္တဝါတို့ကို တစ်ခဏချင်း တစ်မုဟုတ်ချင်းဖြင့် တစ်ခုတည်းသော အသားစု အသားပုံဖြစ်အောင် ပြုပါအံ့”ဟု ဆိုရာ၏။

သူကြွယ် ထိုစကားကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ထိုယောကျာ်းသည် ဤနာဠန္ဒာမြို့၌ ရှိသမျှသတ္တဝါတို့ကို တစ်ခဏချင်း တစ်မုဟုတ်ချင်းဖြင့် တစ်ခုတည်းသော အသားစု အသားပုံဖြစ်အောင်ပြုခြင်းငှါ စွမ်းနိုင်ပါမည်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ယောကျာ်းတို့သည် ဆယ်ယောက်ဖြစ်စေ၊ နှစ်ဆယ်ဖြစ်စေ၊ သုံးဆယ်ဖြစ်စေ၊ လေးဆယ်ဖြစ်စေ၊ ငါးဆယ်ဖြစ်စေ ဤနာဠန္ဒာမြို့၌ ရှိသမျှသတ္တဝါတို့ကို တစ်ခဏချင်း တစ်မုဟုတ်ချင်းဖြင့် တစ်ခုတည်းသော အသားစု အသားပုံဖြစ်အောင်ပြုခြင်းငှါ မစွမ်းနိုင်ပါကုန်၊ အနည်းငယ်သော တစ်ယောက်တည်းသော ယောကျာ်းသည် အဘယ်မှာပြောပလောက်ပါမည်နည်းဟု (လျှောက်၏)။ သူကြွယ် ထိုစကားကို သင် အဘယ်သို့ မှတ်ထင်သနည်း။ တန်ခိုးရှိသော စိတ်တန်ခိုးရှိသည့် အဖြစ်သို့ ရောက်သော သမဏသည်သော်လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်း လာရာ၏၊ ထိုသူသည် ‘ငါသည် ဤနာဠန္ဒာမြို့ကို တစ်ကြိမ် စိတ်ဆိုးကာမျှဖြင့်ပြာဖြစ်အောင်ပြုအံ့’ဟု ဆိုရာ၏။

သူကြွယ် ထိုစကားကို သင် အဘယ်သို့ မှတ်ထင်သနည်း။ တန်ခိုးရှိသော စိတ်တန်ခိုးရှိသည့် အဖြစ်သို့ရောက်သော ထိုသမဏဗြာဟ္မဏသည် ဤနာဠန္ဒာမြို့ကို တစ်ကြိမ် စိတ်ဆိုးကာမျှဖြင့် ပြာဖြစ်အောင်ပြုခြင်းငှါ စွမ်းနိုင်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား နာဠန္ဒာမြို့ ဆယ်မြို့တို့ကိုဖြစ်စေ၊ မြို့နှစ်ဆယ်တို့ကိုဖြစ်စေ၊ မြို့သုံးဆယ်တို့ကိုဖြစ်စေ၊ မြို့လေးဆယ်တို့ကိုဖြစ်စေ၊ မြို့ငါးဆယ်တို့ကိုဖြစ်စေ တန်ခိုးရှိသော စိတ်တန်ခိုးရှိသည့် အဖြစ်သို့ရောက်သော ထိုသမဏဗြာဟ္မဏသည် တစ်ကြိမ် စိတ်ဆိုးကာမျှ ဖြင့် ပြာဖြစ်အောင် ပြုခြင်းငှါ စွမ်းနိုင်၏။ သေးငယ်သော တစ်ခုတည်းသော နာဠန္ဒာမြို့ကိုကား အဘယ်မှာ ပြောပလောက်မည်နည်းဟု (လျှောက်၏)။

သူကြွယ် ထိုသို့ဖြစ်လျှင် စဉ်းစားလော့၊ သူကြွယ် စဉ်းစား၍ သင် ပြောလော့။ သင်၏ ရှေ့စကား နှင့်နောက်စကားသည်လည်းကောင်း၊ နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း မစပ်ဟပ်မိဘဲ ရှိချေ၏။ သူကြွယ် သင်သည် “အသျှင်ဘုရား အကျွန်ုပ်သည် မှန်ကန်သောသစ္စာ၌ တည်၍ ပြောဆိုပါအံ့၊ ဤ့အကြောင်းအရာ၌ အကျွန်ုပ်တို့ စကားဆွေးနွေးမှု ဖြစ်ပါစေ”ဟု ဤစကားကို ပြောဆိုခဲ့သည် မဟုတ်ပါလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မြတ်စွာဘုရား ဤသို့ မိန့်ကြားသော်လည်း မကောင်းမှုပြုခြင်း၌ မကောင်းမှု ဖြစ်ခြင်း၌ ကာယဒဏ်သည်သာလျှင် ကြီးကျယ်သောအပြစ်ရှိ၏၊ ဝစီဒဏ်နှင့် မနောဒဏ်သည် ထိုကဲ့သို့ မကြီးကျယ်ပါဟု (လျှောက်၏)။

၆၅။ သူကြွယ် ထိုစကားကို သင် အဘယ်သို့ မှတ်ထင်သနည်း။ သင်သည် ဒဏ္ဍကီတိုင်း ကာလိင်္ဂတိုင်း မဇ္ဈတိုင်း မာတင်္ဂတိုင်းကို တောအတိဖြစ်နေသည်ဟု ကြားဖူးပါ၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါသည်၊ ဒဏ္ဍကီတိုင်း ကာလိင်္ဂတိုင်း မဇ္ဈတိုင်း မာတင်္ဂတိုင်းကို တောအတိ ဖြစ်နေသည်ဟု ကြားဖူးပါ၏ဟု (လျှောက်၏)။ သူကြွယ် ထိုစကားကို သင်အဘယ်သို့ မှတ်ထင်သနည်း၊ အဘယ်သို့လျှင် သင်ကြားဖူးပါသနည်း၊ အဘယ်အကြောင်းကြောင့် ဒဏ္ဍကီတိုင်း ကာလိင်္ဂတိုင်း မဇ္ဈတိုင်းမာတင်္ဂတိုင်းကို တောအတိ ဖြစ်နေသည်ဟု ကြားဖူးသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်သည် ရသေ့တို့၏ စိတ်ဆိုးခြင်းကြောင့် ထိုဒဏ္ဍကီတိုင်း ကာလိင်္ဂတိုင်း မဇ္ဈတိုင်း မာတင်္ဂတိုင်းသည်တောအတိ ဖြစ်နေသည်ဟု ကြားဖူးပါ၏ဟု (လျှောက်၏)။

သူကြွယ် ထိုသို့ ဖြစ်လျှင် စဉ်းစားလော့၊ သူကြွယ် စဉ်းစား၍ သင်ပြောကြားလော့။ သင်၏ရှေ့စကားနှင့် နောက်စကားသည်လည်းကောင်း နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း မစပ်ဟပ်မိဘဲ ရှိချေ၏။ သူကြွယ် သင်သည် “အသျှင်ဘုရား အကျွန်ုပ်သည် မှန်ကန်သောသစ္စာ၌ တည်၍ ပြောဆိုပါအံ့၊ ဤအကြောင်းအရာ၌ အကျွန်ုပ်တို့ စကားဆွေးနွေးမှု ဖြစ်ပါစေ”ဟု ဤစကားကို ပြောဆိုခဲ့သည်မဟုတ်ပါလောဟု (မိန့်တော်မူ၏)။

၆၆။ အသျှင်ဘုရား အကျွန်ုပ်သည် ရှေးဦးစွာသော ဥပမာဖြင့်ပင်လျှင် မြတ်စွာဘုရား၏ စကားကို နှစ်သက်ဝမ်းမြောက်လှပါပြီ၊ သို့သော်လည်း အကျွန်ုပ်သည် မြတ်စွာဘုရား၏ ဤဆန်းကြယ်လှစွာသောပြဿနာ ဖြေကြားတော်မူခြင်းကို ကြားနာလို၍ မြတ်စွာဘုရားကို ဤဆိုခဲ့တိုင်း ဆန့်ကျင်ဘက်ကဲ့သို့ မထီမဲ့မြင် ပြုမိပါ၏။

အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသော ဝတ္ထုကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအားလမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူ၏၊ အကျွန်ုပ်သည် အသျှင်ဂေါတမကိုကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကို လည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။

၆၇။ သူကြွယ် စူးစမ်းဆင်ခြင်၍ ပြုလော့၊ သင်တို့ကဲ့သို့ ထင်ရှားကျော်စောသော သူတို့အားစူးစမ်းဆင်ခြင်၍ ပြုခြင်းသည် ကောင်း၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မြတ်စွာဘုရားသည်အကျွန်ုပ်ကို “သူကြွယ် စူးစမ်းဆင်ခြင်၍ ပြုလော့၊ သင်တို့ကဲ့သို့ ထင်ရှားကျော်စောသော သူတို့အားစူးစမ်းဆင်ခြင်၍ ပြုခြင်းသည် ကောင်း၏”ဟု မိန့်တော်မူ၏။ ဤစကားဖြင့်လည်း အကျွန်ုပ်သည်မြတ်စွာဘုရားအား အတိုင်းထက်အလွန် ဝမ်းမြောက်ပါ၏၊ နှစ်သက်ပါ၏၊ အသျှင်ဘုရား တစ်ပါးသောအယူရှိသော တိတ္ထိတို့သည် အကျွန်ုပ်ကဲ့သို့သော တပည့်ကို ရခဲ့သော် “ဥပါလိမည်သော သူကြွယ်သည်ငါတို့၏ တပည့် အဖြစ်သို့ ရောက်၏”ဟု နှလုံးသွင်းကာ နာဠန္ဒာတစ်မြို့လုံးကို တံခွန်အောင်လံ စိုက်ဆောင်ကုန်ရာ၏၊ ထိုသို့ ဖြစ်ပါလျက်လည်း မြတ်စွာဘုရားသည် အကျွန်ုပ်ကို “သူကြွယ် စူးစမ်းဆင်ခြင်၍့ပြုလော့၊ သင်တို့ကဲ့သို့ ထင်ရှားကျော်စော သော သူတို့အား စူးစမ်းဆင်ခြင်၍ ပြုခြင်းသည် ကောင်း၏”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်သည် နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားကိုကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကို လည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှ စ၍အသက်ထက် ဆုံး ရတနာသုံးပါးကို ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။

၆၈။ သူကြွယ် ရှည်စွာသော နေ့ညဉ့်ပတ်လုံး သင်၏ အိမ်သည် နိဂဏ္ဌတို့၏ ရေတွင်းသဖွယ် ဖြစ်ခဲ့သောကြောင့် ကပ်ရောက်လာသော ထိုနိဂဏ္ဌတို့အား ဆွမ်းလှူရမည်ကို အောက်မေ့လော့ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို “သူကြွယ် ရှည်စွာသော နေ့ညဉ့်ပတ်လုံး သင်၏အိမ်သည် နိဂဏ္ဌတို့၏ ရေတွင်းသဖွယ် ဖြစ်ခဲ့သောကြောင့် ကပ်ရောက်လာသော ထိုနိဂဏ္ဌတို့အား ဆွမ်းလှူရမည်ကို အောက်မေ့လော့”ဟု မိန့်တော်မူ၏၊ ဤစကားဖြင့်လည်း မြတ်စွာဘုရားအား အတိုင်းထက်အလွန် ဝမ်းမြောက်ပါ၏၊ နှစ်သက်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤစကားကို ကြားဖူးပါသည်—ရဟန်းဂေါတမသည် “ငါ့အား သာလျှင် အလှူကို ပေးလှူအပ်၏၊ တစ်ပါးသော သူတို့အား အလှူကိုမပေးလှူအပ်၊ ငါ၏ တပည့်သားတို့အားသာလျှင် အလှူကို ပေးလှူအပ်၏၊ တစ်ပါးသော သူတို့၏တပည့်သားတို့အား အလှူကို မပေးလှူအပ်၊ ငါ့အား လှူသော အလှူသည်သာလျှင် အကျိုးကြီး၏၊ တစ်ပါးသော သူတို့အား လှူသောအလှူသည် အကျိုးမကြီး၊ ငါ၏ တပည့်သားတို့အား လှူသော အလှူသည်သာလျှင် အကျိုးကြီး၏၊ တစ်ပါးသောသူတို့၏ တပည့်သားတို့အား လှူသောအလှူသည် အကျိုးမကြီး”ဟု ဟောတော်မူ၏ ဟူသောစကားကို ကြားဖူးပါသည်၊ ထိုသို့ဖြစ်လျက်လည်း မြတ်စွာဘုရားသည်အကျွန်ုပ်ကို နိဂဏ္ဌတို့၌လည်း ပေးလှူခြင်း၌ ဆောက်တည်စေ၏၊ အသျှင်ဘုရား စင်စစ်သော်ကားအကျွန်ုပ်တို့သည် ထိုအလှူပေးခြင်း၌ အခါကာလကို သိပါကုန်အံ့၊ အသျှင်ဘုရား ထိုအကျွန်ုပ်သည်သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ဆည်းကပ်သော ဥပါသကာဟုမှတ်တော်မူပါဟု (လျှောက်၏)။

၆၉။ ထိုအခါ မြတ်စွာဘုရားသည် ဥပါလိသူကြွယ်အား အစဉ်အတိုင်းသော တရားစကားကိုဟောတော်မူ၏၊ ဤသည်ကား အဘယ်နည်း၊ ဒါနနှင့်စပ်သော စကားကိုလည်းကောင်း၊ သီလနှင့်စပ်သောစကားကိုလည်းကောင်း၊ နတ်ပြည်နှင့်စပ်သော စကားကိုလည်းကောင်း၊ ကာမဂုဏ်တို့၏ အပြစ်ကိုလည်းကောင်း၊ ယုတ်ညံ့ခြင်းကိုလည်းကောင်း၊ ညစ်ညူးခြင်းကိုလည်းကောင်း၊ (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း ၌ အကျိုးကိုလည်းကောင်း ပြတော်မူ၏။ မြတ်စွာဘုရားသည် ဥပါလိသူကြွယ်၌သင့်လျော်သောစိတ် နူးညံ့သောစိတ် အပိတ်အပင်’နီဝရဏ’ မှ ကင်းသောစိတ် တက်ကြွသောစိတ်ယုံကြည်သောစိတ် ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားတို့၏ ကိုယ်တိုင်ထုတ်ဖော်သိမြင်ပြီးသော ‘သာမုက္ကံသိက’ တရား ဒေသနာတော်ကို ဟောကြားတော်မူလျက်ဆင်းရဲ ‘ဒုက္ခ’ကိုလည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း ‘သမုဒယ’ ကို လည်းကောင်း၊ ဆင်းရဲချုပ်ရာ’နိရောဓ’ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်းစဉ် ‘မဂ္ဂ’ ကိုလည်းကောင်းပြတော်မူ၏၊ မည်းညစ်ခြင်းကင်းသော ဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့၊ ထို့အတူ ဥပါလိသူကြွယ်အား ထိုနေရာ၌ပင်လျှင် “ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံ သည်ချုပ်ခြင်းသဘောရှိ၏”ဟု ကိလေသာမြူ အညစ်အကြေးကင်းသော မျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’ သည်ဖြစ်ပေါ်၏၊ ထိုအခါ ဥပါလိသူကြွယ်သည် တရားကို မြင်ပြီးသည် ဖြစ်၍ တရားသို့ ရောက်ပြီးသည် ဖြစ်၍့တရားကို သိပြီးသည်ဖြစ်၍ တရားသို့ သက်ဝင်ပြီးသည်ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီး သည်ဖြစ်၍သို့လော သို့လော (တွေးတောခြင်း) ကင်းပြီးသည်ဖြစ်၍ မြတ်စွာဘုရားသာသနာ၌ ရဲရင့်ခြင်းသို့ရောက်သည်ဖြစ်၍ သူတစ်ပါးကို အားထားယုံကြည်သည်မဟုတ်ဘဲ မိမိကိုယ်တိုင်ပင် သိမြင်ပြီးသည်ဖြစ်၍မြတ်စွာဘုရားအား “အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့ သွားပါကုန်အံ့၊ အကျွန်ုပ်တို့သည် များသောကိစ္စများသော ပြုဖွယ်ရှိပါကုန်၏”ဟု လျှောက်၏။ သူကြွယ် ယခုအခါ၌ သွားရန် အချိန်ကို သင်သိ၏ (သွားရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။

၇ဝ။ ထိုအခါ ဥပါလိသူကြွယ်သည် မြတ်စွာဘုရား၏ စကားကို နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထလျက်မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ အရိုအသေပြုကာ မိမိအိမ်သို့ ချဉ်းကပ်ပြီးလျှင် တံခါးစောင့် ကိုပြောဆို၏ “အချင်း တံခါစောင့် ယနေ့ကို အစပြု၍ နိဂဏ္ဌယောကျာ်း နိဂဏ္ဌမိန်းမတို့အတွက် တံခါးကိုပိတ်ထား၏၊ မြတ်စွာဘုရား၏ ရဟန်းယောကျာ်း ရဟန်းမိန်းမ ဒါယကာ ဒါယိကာမတို့အတွက် တံခါးကိုဖွင့်ထား၏၊ အကယ်၍ တစ်စုံတစ်ယောက်သော နိဂဏ္ဌသည် လာငြားအံ့၊ ထိုနိဂဏ္ဌကို သင်သည် ဤသို့ပြောကြားလော့—’အသျှင် ရပ်ဦးလော့၊ မဝင်ပါလင့်၊ ယနေ့မှစ၍ ဥပါလိသူကြွယ်သည် ရဟန်းဂေါတမ၏ တပည့်အဖြစ်သို့ ကပ်ရောက်၏၊ နိဂဏ္ဌယောကျာ်း နိဂဏ္ဌမိန်းမတို့အတွက် တံခါးကို ပိတ်ထား၏၊ မြတ်စွာဘုရား၏ ရဟန်းယောကျာ်း ရဟန်းမိန်းမ ဒါယကာ ဒါယိကာမတို့အတွက် တံခါးကို ဖွင့်ထား၏၊ အသျှင် အသျှင်သည် အကယ်၍ ဆွမ်းအလိုရှိငြားအံ့၊ ဤနေရာ၌သာလျှင် ရပ်ပါလော့၊ ဤနေရာ၌ပင်လျှင် အသျှင်တို့အတွက် ဆောင်ယူလာပါကုန်လတ္တံ့’ဟု ဤသို့ ပြောကြားလော့”ဟု (ပြောဆို၏)။ “အသျှင်ကောင်းပါပြီ”ဟု တံခါးစောင့်သည် ဥပါလိသူကြွယ်၏ စကားကို ဝန်ခံ၏။

၇၁။ “ဥပါလိသူကြွယ်သည် ရဟန်းဂေါတမ၏ တပည့်အဖြစ်သို့ ကပ်ရောက်လေပြီတဲ့”ဟု ဒီဃတပဿီနိဂဏ္ဌသည် ကြားလေ၏။ ထိုအခါ ဒီဃတပဿီ နိဂဏ္ဌသည် နာဋ၏သား နိဂဏ္ဌထံသို့ ချဉ်း ကပ်၍နာဋ၏သား နိဂဏ္ဌကို “အသျှင် ဥပါလိသူကြွယ်သည် ရဟန်းဂေါတမ၏ တပည့်အဖြစ်သို့ ကပ်ရောက်လေပြီတဲ့”ဟု အကျွန်ုပ် ကြားရပါ၏ဟု ပြောကြား၏။ တပဿီ ဥပါလိသူကြွယ်သည် ရဟန်းဂေါတမ၏ တပည့်အဖြစ်သို့ ရောက်ရာသော အကြောင်း အခွင့်သည် မရှိ။ ရဟန်းဂေါတမသည်သာဥပါလိ သူကြွယ်၏ တပည့်အဖြစ်သို့ ရောက်ရာသော အကြောင်း အခွင့်သည် ရှိ၏ဟု (ပြောဆို၏)။ နှစ်ကြိမ် မြောက်လည်း ဒီဃတပဿီနိဂဏ္ဌသည်။ပ။ သုံးကြိမ်မြောက်လည်း ဒီဃတပဿီနိဂဏ္ဌသည်နာဋ၏သား နိဂဏ္ဌကို အသျှင် အကျွန်ုပ်သည် ဤစကားကို ကြားရပါ၏။ပ။ ရဟန်းဂေါတမသည်သာလျှင်ဥပါလိ သူကြွယ်၏ တပည့်အဖြစ်သို့ ရောက်ရာသော အကြောင်း အခွင့်သည် ရှိ၏ဟု (ပြောဆို၏)။ အသျှင် ဥပါလိသူကြွယ်သည် ရဟန်းဂေါတမ၏ တပည့်အဖြစ်သို့ ကပ်ရောက်သည် မကပ်ရောက်သည်ကို သိရအောင် အကျွန်ုပ် ယခု သွားပါအံ့ဟု (ဆို၏)။ တပဿီ ဥပါလိ သူကြွယ်သည် ရဟန်းဂေါတမ၏တပည့်အဖြစ်သို့ ကပ်ရောက်သည် မကပ်ရောက်သည်ကို သိရအောင် သင် သွားလော့ဟု (ဆို၏)။

၇၂။ ထိုအခါ ဒီဃတပဿီနိဂဏ္ဌသည် ဥပါလိသူကြွယ်၏အိမ်သို့ ချဉ်းကပ်လေ၏။ တံခါးစောင့် သည်အဝေးမှပင် လာနေသော ဒီဃတပဿီနိဂဏ္ဌကို မြင်လျှင် ဒီဃတပဿီ နိဂဏ္ဌအား “အသျှင် ရပ်ဦးလော့၊ မဝင်ပါလင့်၊ ယနေ့မှစ၍ ဥပါလိသူကြွယ်သည် ရဟန်းဂေါတမ၏ တပည့်အဖြစ်သို့ ကပ် ရောက်၏၊ နိဂဏ္ဌယောကျာ်း နိဂဏ္ဌမိန်းမတို့အတွက် တံခါးကို ပိတ်ထား၏၊ မြတ်စွာဘုရား၏ ရဟန်း ယောကျာ်းရဟန်းမိန်းမ ဒါယကာ ဒါယိကာမတို့အတွက် တံခါးကို ဖွင့်ထား၏၊ အသျှင် အသျှင်တို့သည် အကယ်၍ဆွမ်းအလိုရှိငြားအံ့၊ ဤနေရာ၌သာလျှင် ရပ်ပါလော့၊ ဤနေရာ၌ပင်လျှင် အသျှင်တို့အတွက်ဆောင်ယူလာပါကုန်လတ္တံ့”ဟု (ဆို၏)။

“ငါ့သျှင်တံခါးစောင့် ငါ ဆွမ်းအလိုမရှိ”ဟု ဆို၍ ထိုအရပ်မှ ပြန်ခဲ့ပြီးလျှင် နာဋ၏သား နိဂဏ္ဌထံသို့ချဉ်းကပ်၍ နာဋ၏သား နိဂဏ္ဌအား—“အသျှင် ဥပါလိသူကြွယ်သည် ရဟန်းဂေါတမ၏ တပည့်အဖြစ်သို့ကပ်ရောက်သည်မှာ အမှန်ပင် ဖြစ်၏။ အသျှင် ဥပါလိသူကြွယ်သည် ရဟန်းဂေါတမအား အပြစ်တင်မည်ကို အကျွန်ုပ်မနှစ်သက်ပါ၊ အသျှင် ရဟန်းဂေါတမသည် လှည့်ပတ်တတ်ပါ၏၊ စိတ်ညှို့၍ လှည့်ပတ်ခြင်းအတတ်ကို တတ်ပါ၏၊ ယင်းအတတ်ဖြင့် အယူတစ်မျိုးရှိသော သူတို့၏ တပည့်တို့ကို ညှို့တတ်ပါ၏ဟု ဤသို့ သင့်အား အကျွန်ုပ်သည် တားမြစ်ပါလျက် မရခဲ့ပါလေတကား။ အသျှင် သင်၏ ဥပါလိသူကြွယ်ကို ရဟန်းဂေါတမသည် စိတ်ညှို့လှည့်ပတ်ခြင်းဖြင့် လှည့်ပတ်ထားလေပြီတကား”ဟု (ပြောဆို၏)။ တပဿီ ဥပါလိသူကြွယ်သည် ရဟန်းဂေါတမ၏ တပည့်အဖြစ်သို့ ရောက်ရာသောအကြောင်း အခွင့်သည် မရှိ။ ရဟန်းဂေါတမသည်သာ ဥပါလိသူကြွယ်၏ တပည့်အဖြစ်သို့ရောက်ရာသော အကြောင်း အခွင့်သည် ရှိ၏ဟု (ပြောဆို၏)။

နှစ်ကြိမ်မြောက်လည်း ဒီဃတပဿီနိဂဏ္ဌသည် နာဋ၏သား နိဂဏ္ဌကို ဤသို့ ပြောကြား၏။ပ။ အမှန်ပင်ဖြစ်ခဲ့၏။ပ။ ရဟန်းဂေါတမသည်သာလျှင် ဥပါလိသူကြွယ်၏ တပည့်အဖြစ်သို့ ရောက်ရာသောအကြောင်းအခွင့်သည် ရှိ၏ဟု (ပြောဆို၏)။ သုံးကြိမ်မြောက်လည်း ဒီဃတပဿီနိဂဏ္ဌသည် နာဋ၏သားနိဂဏ္ဌအား ဤစကားကို ပြောဆို၏။ပ။ အမှန်ပင် ဖြစ်ခဲ့၏။ပ။ ရဟန်းဂေါတမသည်သာ ဥပါလိသူကြွယ်၏တပည့်အဖြစ်သို့ ရောက်ရာသော အကြောင်းအခွင့်သည် ရှိ၏ဟု (ပြောဆို၏)။ တပဿီ ဥပါလိသူကြွယ်သည် ရဟန်းဂေါတမ၏ တပည့်အဖြစ်သို့ ကပ်ရောက်သည် မကပ်ရောက်သည်ကို ကိုယ်တိုင် သိရအောင်ယခု ငါသွားချေအံ့ဟု (ဆို၏)။ ထိုအခါ နာဋ၏သား နိဂဏ္ဌသည် များစွာသော နိဂဏ္ဌပရိသတ်နှင့်အတူဥပါလိသူကြွယ်၏အိမ်သို့ ချဉ်းကပ်လေ၏။ တံခါးစောင့်သည် အဝေးမှပင် လာနေသော နာဋ၏သားနိဂဏ္ဌကို မြင်လျှင် နာဋ၏သား နိဂဏ္ဌအား “အသျှင် ရပ်ဦးလော့၊ မဝင်ပါလင့်၊ ယနေ့မှစ၍ ဥပါလိသူကြွယ်သည် ရဟန်းဂေါတမ၏ တပည့်အဖြစ်သို့ ကပ်ရောက်၏၊ နိဂဏ္ဌယောကျာ်း နိဂဏ္ဌမိန်းမတို့အတွက် တံခါးကို ပိတ်ထား၏၊ မြတ်စွာဘုရား၏ ရဟန်းယောကျာ်း ရဟန်းမိန်းမ ဒါယကာ ဒါယိကာမတို့အတွက် တံခါးကို ဖွင့်ထား၏၊ အသျှင် အသျှင်တို့သည် အကယ်၍ ဆွမ်းအလိုရှိ ငြားအံ့၊ ဤနေရာ၌သာ ရပ်ပါလော့၊ ဤနေရာ၌ပင်လျှင် အသျှင်တို့အတွက် ဆောင်ယူလာပါကုန်လတ္တံ့”ဟု (ပြောကြား၏)။

အချင်းတံခါးစောင့် သို့ဖြစ်ပါမူ ဥပါလိသူကြွယ်ထံသို့ ချဉ်းကပ်၍ “အသျှင်နာဋ၏သား နိဂဏ္ဌသည်များစွာသော နိဂဏ္ဌပရိသတ်နှင့် အတူ တံခါးမုခ်၏ ပြင်ပ၌ ရပ်လျက် ရှိပါ၏၊ ထိုနာဋ၏သား နိဂဏ္ဌသည်အသျှင့်အား တွေ့မြင်လိုပါသတတ်”ဟု ပြောကြားပါလော့ဟု (ဆို၏)။ “အသျှင် ကောင်းပါ ပြီ”ဟုတံခါးစောင့်သည် နာဋ၏သား နိဂဏ္ဌအား ပြန်ပြော၍ ဥပါလိသူကြွယ်ထံသို့ ချဉ်းကပ်ပြီးလျှင်ဥပါလိသူကြွယ်အား— “အသျှင်နာဋ၏သား နိဂဏ္ဌသည် များစွာသော နိဂဏ္ဌပရိသတ်နှင့်အတူ တံခါးမုခ်ပြင်ပ၌ ရပ်လျက်ရှိပါ၏၊ ထိုနာဋ၏သား နိဂဏ္ဌသည် အသျှင့်အား တွေ့မြင်လိုပါ၏”ဟု ပြောကြား၏။ အချင်းတံခါးစောင့် သို့ဖြစ်မူ အလယ်တံခါးမုခ်၌ နေရာတို့ကို ခင်းထားလော့ဟု (ဆို၏)။ “အသျှင်ကောင်း ပါပြီ”ဟု တံခါးစောင့်သည် ဥပါလိသူကြွယ်၏ စကားကို ဝန်ခံ၍ အလယ်တံခါးမုခ်၌ နေရာတို့ကိုခင်းထား ပြီးလျှင် ဥပါလိသူကြွယ်ထံသို့ ချဉ်းကပ်၍ “အသျှင် အလယ်တံခါးမုခ်၌ နေရာတို့ကိုခင်းထားပြီးပါပြီ၊ သွားရန် အချိန်ကို သင် သိ၏ (သွားရန်မှာ အသျှင်၏ အလိုအတိုင်းပင် ဖြစ်၏)”ဟု (ပြော၏)။

၇၃။ ထိုအခါ ဥပါလိသူကြွယ်သည် အလယ်တံခါးမုခ်သို့ ချဉ်းကပ်၍ ထိုအရပ်ရှိ အဦး အထွတ် အမြတ်အကောင်းမွန်ဆုံးဖြစ်သော နေရာ၌ ကိုယ်တိုင် ထိုင်ပြီးလျှင် တံခါးစောင့်ကို ခေါ်၍ ပြောဆို၏ —“အချင်းတံခါးစောင့် သို့ဖြစ်မူ နာဋ၏သား နိဂဏ္ဌထံသို့ ချဉ်းကပ်၍ အသျှင် အကယ်၍ အလိုရှိပါမူအတွင်းသို့ ဝင်ခဲ့ပါလော့ဟု ဥပါလိသူကြွယ်သည် ပြောလိုက်ပါ၏ဟု ပြောကြားလော့”ဟု (ဆို၏)။ “အသျှင် ကောင်းပါပြီ”ဟု တံခါးစောင့်သည် ဥပါလိသူကြွယ်၏ စကားကို ဝန်ခံ၍ နာဋ၏သား နိဂဏ္ဌထံသို့ ချဉ်းကပ်ပြီးလျှင် ဤစကားကို ပြောဆို၏။ “အသျှင် အလိုရှိပါမူ အတွင်းသို့ ဝင်ခဲ့ပါလော့ဟု ဥပါလိသူကြွယ်သည် ပြောလိုက်ပါ၏”ဟု (ပြောဆို၏)။

ထိုအခါ နာဋ၏သား နိဂဏ္ဌသည် များစွာသော နိဂဏ္ဌပရိသတ်နှင့်အတူ အလယ်တံခါးမုခ်သို့ ချဉ်းကပ်လေ၏။ ထိုအခါ ဥပါလိသူကြွယ်သည် ရှေးအခါက နာဋ၏သား နိဂဏ္ဌ အဝေးမှ လာသည်ကိုမြင်ရာအရပ်မှ ခရီးဦးကြိုဆို၍ ထိုအရပ်ရှိ အဦး အထွတ် အမြတ် အကောင်းမွန်ဆုံးဖြစ်သော နေရာကိုကိုယ်ဝတ် အပေါ်ရုံဖြင့် ပွတ်တိုက်၍ ဖေးမကိုင်တွယ်၍ ထိုင်နေစေ၏၊ ယခုအခါ၌ကား ထိုသူကြွယ်သည်ထိုအရပ်ရှိ အဦးအထွတ်အမြတ် အကောင်းမွန်ဆုံးဖြစ်သော နေရာ၌ ကိုယ်တိုင် ထိုင်လျက် နာဋ၏သားနိဂဏ္ဌကို “အသျှင် နေရာတို့သည် ရှိပါကုန်၏၊ အကယ်၍ အလိုရှိပါမူ ထိုင်ပါလော့”ဟု ဆို၏။

ဤသို့ဆိုသော် နာဋ၏သား နိဂဏ္ဌသည် ဥပါလိသူကြွယ်အား— “သူကြွယ် သင် ရူးသလော၊ သူကြွယ်သင် မိုက်သလော၊ ‘အသျှင် အကျွန်ုပ် သွားပါအံ့၊ ရဟန်းဂေါတမအား အပြစ်တင်ချေပါအံ့’ဟု ဆို၍သွားပါလျက် များစွာသော ဝါဒအပေါင်းဖြင့် အစွပ်ခံ၍ ပြန်လာခဲ့၏။ သူကြွယ် ဥပမာသော်ကား ဝှေးသင်းသမား ယောကျာ်းတစ်ယောက်သည် သွား၍ ဝှေးစေ့ အထုတ်ခံရလျက် ပြန်လာရသကဲ့သို့၊ သူကြွယ် ဥပမာတစ်နည်းသော်ကား မျက်လုံးထုတ်သမား ယောကျာ်းတစ်ယောက်သည် သွား၍ မျက်လုံးအထုတ်ခံရလျက် ပြန်လာရသကဲ့သို့၊ သူကြွယ် သင်သည် ဤ ဥပမာများအတူသာလျှင် ‘အသျှင် အကျွန်ုပ်သွားပါအံ့၊ ရဟန်းဂေါတမအား အပြစ်တင်ချေပါအံ့’ဟု ဆို၍ သွားပါလျက် များစွာသော ဝါဒအပေါင်းဖြင့်အစွပ်ခံ၍ ပြန်လာခဲ့၏။ သူကြွယ် သင့်ကို ရဟန်းဂေါတမသည် စိတ်ညှို့၍ လှည့်ပတ်ခြင်းဖြင့် လှည့်ပတ်ထားချေပြီတကား”ဟု ပြောဆို၏။

၇၄။ အသျှင် စိတ်ညှို့၍ လှည့်ပတ်ခြင်းသည် အလွန်ကောင်းမွန်ခြင်း ရှိပါ၏၊ အသျှင် စိတ်ညှို့၍ လှည့်ပတ်ခြင်းသည် မွန်မြတ်ခြင်း ရှိပါ၏၊ အသျှင် အကျွန်ုပ်၏ ချစ်လှစွာသော ဆွေမျိုးသားချင်းတို့သည် ဤ စိတ်ညှို့၍ လှည့်ပတ်ခြင်းဖြင့် အညှို့ခံရကုန်ငြားအံ့၊ အသျှင် အကျွန်ုပ်၏ ချစ်လှစွာကုန်သော ဆွေမျိုးသားချင်းတို့မှာလည်း ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာခြင်းငှါ ဖြစ်ကုန်ရာပါ၏၊ အသျှင်အလုံးစုံသော မင်းတို့သည်လည်း ဤစိတ်ညှို့၍ လှည့်ပတ်ခြင်းဖြင့် အညှို့ခံရကုန်ငြားအံ့၊ အလုံးစုံသောမင်းတို့မှာလည်း ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာခြင်းငှါ ဖြစ်ကုန်ရာပါ၏။

အသျှင် အလုံးစုံသော ပုဏ္ဏားတို့သည်လည်း။ပ။ ကုန်သည်တို့သည်လည်း။ပ။ ဆင်းရဲသားတို့သည်လည်း ဤစိတ်ညှို ့၍ လှည့်ပတ်ခြင်းဖြင့် အညှို ့ခံရကုန်ငြားအံ့၊ အလုံးစုံသော ဆင်းရဲသားတို့မှာလည်း ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာခြင်းငှါ ဖြစ်ကုန်ရာပါ၏။ အသျှင် နတ် မာရ်နတ်ဗြဟ္မာနှင့် တကွသော သြကာသလောကသည်လည်းကောင်း၊ သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော သတ္တလောကသည်လည်းကောင်း၊ ဤစိတ်ညှို့ ၍ လှည့်ပတ်ခြင်းဖြင့် အညှို့ခံရကုန်ငြားအံ့၊ နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော သြကာသလောကမှာလည်းကောင်း၊ သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော သတ္တလောကမှာလည်းကောင်း ရှည်မြင့်စွာသောကာလပတ်လုံး စီးပွါးချမ်းသာခြင်းငှါ ဖြစ်ကုန် ရာပါ၏။ ထို့ကြောင့်သာလျှင် အသျှင် သင့်အားဥပမာပြုပါအံ့၊ ဤလောက၌ အချို့ကုန်သော ပညာရှိ ယောကျာ်းတို့သည် ဥပမာဖြင့်လည်း စကား၏ အနက်သဘောကို သိကြကုန်၏။

၇၅။ အသျှင် ရှေးကဖြစ်ဖူးသည်ကား အိုမင်း ရင့်ရော် ကြီးမြင့်သော အရွယ်သို့ ရောက်ပြီးသော ပုဏ္ဏားတစ်ယောက်အား ပျိုမျစ်နုနယ် ငယ်စွာသော ကိုယ်ဝန်အရင့်အမာ သားဖွားခါနီးဖြစ်သော မယားသည် ရှိ၏၊ ထိုအခါ ထိုသတို့သမီးငယ်သည် ထိုပုဏ္ဏားအိုကြီးကို “ပုဏ္ဏားအိုကြီး သင်သည် သွားပါချေ၊ ဈေးမှ မျောက်ရုပ်ငယ်ကို ဝယ်၍ ဆောင်ယူခဲ့ပါလော့၊ ယင်းမျောက်ရုပ်ငယ်သည် အကျွန်ုပ်သားငယ်၏ ကစားဖွယ်ဖြစ်လတ္တံ့”ဟု ဆို၏။

ဤသို့ ဆိုသည်ရှိသော် ထိုပုဏ္ဏားအိုကြီးသည် ထိုသူငယ်မကို “အိုရှင်မ သားဖွားသည့်တိုင်အောင် ဆိုင်းဦးလော့၊ သင်သည် သားယောကျာ်းကို ဖွားမြင်အံ့၊ သင့်သားငယ်၏ ကစားဖွယ်ရာဖြစ်သော မျောက်ထီးရုပ်ကို ဈေးမှ ဝယ်၍ ဆောင်ယူခဲ့ပါအံ့၊ သင်သည် သမီးမိန်းမကို ဖွားမြင်အံ့၊ သင့်သမီးငယ်၏ ကစားဖွယ်ရာဖြစ်သော မျောက်မရုပ်ကို ဈေးမှ ဝယ်၍ ဆောင်ယူခဲ့ပါအံ့”ဟု ဆို၏။

အသျှင် နှစ်ကြိမ်မြောက်လည်း ထိုသတို့သမီးငယ်သည်။ပ။ အသျှင် သုံးကြိမ်မြောက်လည်း ထိုသတို့သမီးငယ်သည် ထိုပုဏ္ဏားအိုကြီးကို “ပုဏ္ဏားအိုကြီး သင်သည် သွားပါချေ၊ ဈေးမှ မျောက်ရုပ်ငယ်ကိုဝယ်၍ ဆောင်ယူခဲ့ပါလော့၊ ယင်းမျောက်ရုပ်ငယ်သည် အကျွန်ုပ်သားငယ်၏ ကစားဖွယ်ဖြစ်လတ္တံ့”ဟုဆို၏။

အသျှင် ထိုအခါ ထိုပုဏ္ဏားအိုကြီးသည် ထိုသတို့သမီးငယ်၌ တပ်မက်စွဲလမ်းသော စိတ်ရှိသည်ဖြစ်၍ ဈေးမှ မျောက်ရုပ်ငယ်ကို ဝယ်ယူ ဆောင်လာခဲ့၍ ထိုသတို့သမီးငယ်အား “ရှင်မ ဤမျောက်ရုပ်ငယ်ကိုဈေးမှ ဝယ်၍ ဆောင်ယူခဲ့ပြီ၊ ယင်းမျောက်ရုပ်ငယ်သည် သင့်သားငယ်၏ ကစားဖွယ် ဖြစ်လတ္တံ့”ဟုဆို၏။

အသျှင် ဤသို့ဆိုသော် ထိုသတို့သမီးသည် ထိုပုဏ္ဏားအိုကြီးကို “ပုဏ္ဏားအိုကြီး အသင်သည် သွားပါချေ၊ ဤမျောက်ရုပ်ငယ်ကို ယူဆောင်၍ ရတ္တပါဏိမည်သော ပန်းဆိုးသမား၏ သားထံသို့ ကပ်၍အဆွေ ရတ္တပါဏိ ငါသည် ဤမျောက်ရုပ်ငယ်ကို ရိုက်နှက်ဖွပ်လျှော်၍ နှစ်ဖက်လုံး ချောမွေ့အောင် ပြု၍ အဝါရောင်ဆေးဖြင့် ဆိုးထားသည်ကို အလိုရှိ၏ဟူ၍ ပြောဆိုလေ”ဟု ပြောဆို၏။ အသျှင် ထိုအခါပုဏ္ဏား အိုကြီးသည် ထိုသတို့သမီးငယ်၌ တပ်မက်စွဲလမ်းသော စိတ်ရှိသည်ဖြစ်၍ ထိုမျောက်ရုပ်ငယ်ကိုယူဆောင် ကာ ရတ္တပါဏိမည်သော ပန်းဆိုးသမား၏ သားထံသို့ ချဉ်းကပ်၍ ရတ္တပါဏိမည်သောပန်းဆိုးသမား သားကို “အဆွေ ရတ္တပါဏိ ငါသည် ဤမျောက်ရုပ်ငယ်ကို ရိုက်နှက်ဖွပ်လျှော်၍နှစ်ဖက်လုံး ချောမွေ့ အောင် ပြု၍ အဝါရောင်ဆေးဖြင့် ဆိုးထားသည်ကို အလိုရှိပါ၏”ဟု ပြောဆို၏။ အသျှင် ဤသို့ပြောဆို သော် ရတ္တပါဏိမည်သော ပန်းဆိုးသမား၏ သားသည် ထိုပုဏ္ဏားအိုကြီးကို”အသျှင်ပုဏ္ဏားအိုကြီး သင်၏ မျောက်ရုပ်ငယ်သည် အဆိုးကား ခံနိုင်ပါ၏၊ ရိုက်နှက်ဖွပ်လျှော်မှုကိုမခံနိုင်ပါ၊ ပွတ်တိုက်ခြင်းကို မခံနိုင် ပါ”ဟု ပြောဆို၏။

အသျှင် ဤအတူသာလျှင် မိုက်ကုန်သော နိဂဏ္ဌတို့၏ အယူဝါဒသည် သူမိုက်တို့၏ အစွဲအလမ်း ကိုသာခံနိုင်၏၊ ပညာရှိတို့၏ အစွဲအလမ်းကို မခံနိုင်၊ အစိစစ်ကို မခံနိုင်၊ အစမ်းသပ်ကို မခံနိုင်။ အသျှင်ထိုပုဏ္ဏားအိုကြီးသည် နောက်အခါ၌ ပုဆိုးသစ်အစုံကို ယူဆောင်၍ ရတ္တပါဏိမည်သော ပန်းဆိုး သမား၏သားထံသို့ ချဉ်းကပ်၍ ရတ္တပါဏိမည်သော ပန်းဆိုးသမား၏ သားကို “အဆွေ ရတ္တပါဏိ ငါသည်ဤပုဆိုးသစ်အစုံကို ရိုက်နှက်ဖွပ်လျှော်၍ နှစ်ဖက်လုံး ချောမွေ့အောင် ပြု၍ အဝါရောင်ဆေးဖြင့်ဆိုးထားသည်ကို အလိုရှိ၏”ဟု ပြောဆို၏။ အသျှင် ဤသို့ ပြောဆိုသော် ရတ္တပါဏိမည်သော ပန်းဆိုးသမား၏ သားသည် ထိုပုဏ္ဏားအိုကြီးကို “အသျှင်ပုဏ္ဏားအိုကြီး သင်၏ ဤပုဆိုးအစုံသည် အဆိုးကိုလည်း ခံနိုင်ပါ၏၊ အရိုက်အနှက် အဖွပ်အလျှော်ကိုလည်း ခံနိုင်ပါ၏၊ အပွတ်အတိုက်ကိုလည်း ခံနိုင်ပါ၏”ဟု ပြောဆို၏။

အသျှင် ဤအတူသာလျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား၏ အယူဝါဒသည် ပညာရှိတို့၏ အစွဲအလမ်းကို ခံနိုင်၏။ သူမိုက်တို့၏ အစွဲအလမ်းကို မခံနိုင်၊ အစိစစ်ကိုလည်း ခံနိုင်၏၊ အစမ်းသပ်ကိုလည်း ခံနိုင်၏ဟု (ဆို၏)။

သူကြွယ် သင့်ကို မင်းနှင့် တကွသော ပရိသတ်သည် “ဥပါလိသူကြွယ်သည် နာဋ၏သား နိဂဏ္ဌ၏တပည့်တည်း”ဟု သိ၏။ သူကြွယ် (ယခုအခါ) သင့်ကို မည်သူ၏ တပည့်ဟု မှတ်ကြရပါကုန်အံ့နည်းဟု (မေး၏)။ ဤသို့ဆိုသော် ဥပါလိသူကြွယ်သည် နေရာမှ ထ၍ ပခုံးတစ်ဖက်၌ ကိုယ်ဝတ်ကို စံပယ်တင်လျက် မြတ်စွာဘုရား ရှိတော်မူရာအရပ်သို့ လက်အုပ်ချီကာ နာဋ၏သား နိဂဏ္ဌကို “အသျှင် ထိုသို့ဖြစ်မူ့ အကျွန်ုပ်သည် မည်သူ၏ တပည့်ဖြစ်သည်ကို နားထောင်လော့”ဟု ဆိုလေ၏ —

၇၆။ အကျွန်ုပ်သည် မြဲမြံသောပညာရှိတော်မူသော၊ မောဟကင်းဝေးတော်မူ ပြီးသော၊ ငြောင့်တံသင်းတို့ကို ဖျက်ဆီးတော်မူပြီးသော၊ အောင်ပြီးသော အောင်ပွဲရှိ တော်မူသော၊ ဆင်းရဲကင်းဝေးတော်မူပြီးသော၊ ညီမျှသော စိတ်ရှိတော်မူသော၊ ကြီးပွားသောအကျင့်သီလရှိတော်မူသော၊ ကောင်းမြတ်သော ပညာရှိတော်မူသော၊ ရာဂအစရှိသော အဆိပ်ကိုလွန်မြောက်တော်မူပြီးသော၊ ရာဂအညစ်အကြေး ကင်းဝေးတော်မူပြီးသော ထို မြတ်စွာဘုရား၏တပည့်ဖြစ်ပေ၏။

အကျွန်ုပ်သည် တွေးတော ယုံမှားခြင်း ကင်းတော်မူသော၊ နှစ်သက်သောစိတ်ရှိ တော်မူသော၊ လောကသားတို့၏ တပ်မက်စရာတို့ကို ပျို့အန်တော်မူပြီးသော၊ မုဒိတာတရားရှိတော်မူသော၊ ပြုပြီးသောရဟန်းကိစ္စရှိတော်မူသော၊ လူတွင်ထူးကဲ တစ်ယောက်တည်းသာ ဖြစ်တော်မူသော၊ အဆုံးဘဝကိုယ်ကာယကို ဆောင်တတ် သော၊ ထူးမြတ်သောလူ ဖြစ်တော်မူသော၊ ခိုင်းနှိုင်းစရာဥပမာရှိတော်မမူသော၊ ကိလေသာမြူကြေး ကင်းဝေးတော်မူသော ထိုမြတ်စွာဘုရား၏ တပည့်ဖြစ်ပေ၏။

အကျွန်ုပ်သည် ယုံမှားရှိတော်မမူသော၊ လိမ္မာယဉ်ကျေးတော်မူသော၊ သတ္တဝါတို့ ၏ ရှေ့ဆောင်တစ်ဆူဖြစ်တော်မူသော၊ မြတ်သော ရထားထိန်းဖြစ်တော်မူသော၊ မိမိထက် ကဲလွန်သူ ရှိတော်မမူသော၊ စင်ကြယ်သော တရားရှိတော်မူသော၊ ယုံမှား ခြင်းကင်းတော်မူပြီးသော၊ ပညာတော်ရောင်ဖြင့်ထွန်းပြောင်တောက်ပတော်မူပြီး သော၊ မာန်တံခွန်ကို ကုန်စင်အောင် ဖြတ်တော်မူပြီးသော၊ လုံ့လဝီရိယရှိတော်မူ သော ထိုမြတ်စွာဘုရား၏ တပည့်ဖြစ်ပေ၏။

အကျွန်ုပ်သည် ရဲရင့်သူတို့တွင် ပြိုင်ဘက်ကင်းတော်မူသော၊ နှိုင်းယှဉ်အပ်သောသူ ရှိတော်မမူသော၊ နက်နဲသော ဂုဏ်ရှိတော်မူသော၊ အရဟတ္တမဂ်ဉာဏ်သို့ ရောက် တော်မူပြီးသော၊ ဘေးမဲ့ခြင်းကိုပြုတော်မူတတ်သော၊ ဉာဏ်နှင့် ပြည့်စုံတော်မူပြီးသော တရားတော်၌သာ တည်တော်မူသော၊ စောင့်စည်းထားသော ကိုယ်စိတ်ရှိ တော်မူသော၊ ရာဂအစရှိသော ကပ်ငြိခြင်းကိုလွန်မြောက်တော်မူပြီးသော၊ ကိလေသာရန်အပေါင်းမှ ကောင်းကောင်းကြီး လွတ်မြောက်တော်မူပြီးသောထို မြတ်စွာဘုရား၏ တပည့်ဖြစ်ပေ၏။

အကျွန်ုပ်သည် အကြောင်းလေးပါးတို့ဖြင့် အပြစ်ကင်းတော်မူသော၊ ဆိတ်ငြိမ်သော ကျောင်းနေရာ၌ သာနေတော်မူသော၊ ကုန်ပြီးသော သံယောဇဉ်ရှိတော်မူသော၊ ခပ်သိမ်းသော ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသော၊ တိုင်ပင်သင့်သော ပညာရှိတော်မူသော၊ ခါတွက်အပ်ပြီးသော ကိလေသာရှိတော်မူသော၊ ချထားပြီးသော မာန်တံခွန်ရှိတော်မူသော၊ ရာဂကင်းတော်မူပြီးသော၊ ယဉ်ကျေးတော်မူပြီးသော၊ ပပဉ္စတရားတို့ကို ပယ်ရှားတော်မူပြီးသော ထိုမြတ်စွာဘုရား၏တပည့်ဖြစ်ပေ၏။

အကျွန်ုပ်သည် (ဝိပဿီစသော) ဘုရားသျှင်တို့တွင် ခုနစ်ဆူမြောက် ဖြစ်တော်မူသော၊ ကောက်ကျစ်စဉ်းလဲခြင်းမှ ကင်းဝေးတော်မူသော၊ ဝိဇ္ဇာဉာဏ်သုံးပါးနှင့် ပြည့်စုံတော်မူသော၊ မြတ်သောသဗ္ဗညုအဖြစ်သို့ ရောက်တော်မူသော၊ ကိလေသာ အညစ် အကြေးတို့ကိုဆေးကြောသုတ်သင်တော်မူပြီးသော၊ ဂါထာဖွဲ့ခြင်း၌ လိမ္မာ တော်မူထသော၊ ကိုယ်စိတ်နှစ်ပါးငြိမ်းအေးတော်မူပြီးသော၊ သိသင့်သည်ကို သိတော်မူသော၊ ဓမ္မဒါန အလှူတော်ကို ဦးစွာပေးလှူတော်မူတတ်သော၊ သည်းခံခြင်းငှါ စွမ်းနိုင်တော်မူသော ထိုမြတ်စွာဘုရား၏ တပည့်ဖြစ်ပေ၏။

အကျွန်ုပ်သည် သူမြတ်ဖြစ်တော်မူသော၊ ပွါးများအပ်ပြီးသောစိတ်ရှိတော်မူသော၊ ရအပ် ရသင့်ရောက်အပ် ရောက်သင့်သော ဂုဏ်ကျေးဇူးတို့ကို ရတော်မူ ရောက် တော်မူပြီးသော၊ အနက်အဓိပ္ပါယ်သဘာဝတို့ကို အကျယ်ချဲ့၍ ပြတော်မူတတ်သော၊ သတိနှင့် ပြည့်စုံတော်မူသော၊ ထူးသောဉာဏ်ဖြင့်ရှုမြင်တော်မူတတ်သော၊ ကာမဂုဏ်တို့၌ ညွတ်ခြင်းကင်းတော်မူသော၊ ကာမဂုဏ်တို့၌တိမ်းခြင်းကင်းတော်မူ သော၊ တဏှာမှ ကင်းဝေးတော်မူသော၊ စိတ်တန်ခိုးရှိသည့် အဖြစ်သို့ ရောက်တော်မူပြီးသော ထိုမြတ်စွာဘုရား၏ တပည့်ဖြစ်ပေ၏။

အကျွန်ုပ်သည် ကောင်းစွာ ထင်ရှားကျော်စောတော်မူသော၊ ဈာန်တရားကို ဝင်စားတော်မူလေ့ရှိသော၊ ကိလေသာတို့သို့ အစဉ်မလိုက်သော စိတ်ရှိတော်မူသော၊ ကိလေသာအညစ်အကြေးတို့မှစင်ကြယ်တော်မူသော၊ ကိလေသာတည်းဟူသော နှောင်ဖွဲ့ခြင်းမှ ကင်းဝေးတော်မူသော၊ အကျိုးစီးပွါးကိုပြုတော်မူသော၊ (ကိလေသာတို့မှ) ကင်းဆိတ်တော်မူသော၊ အထွတ်အထိပ်သို့ ရောက်တော်မူပြီး သော၊ သံသရာဝဋ်မှ ကူးမြောက်တော်မူပြီးသော၊ သတ္တဝါတို့ကို သံသရာမှ ကူးမြောက်စေတော်မူတတ်သောထိုမြတ်စွာဘုရား၏ တပည့်ဖြစ်ပေ၏။

အကျွန်ုပ်သည် ငြိမ်သက်သော ဣန္ဒြေရှိတော်မူသော၊ မြေကြီးပမာ ကြီးကျယ် သောပညာရှိတော်မူသော၊ များမြတ်သော ပညာရှိတော်မူသော၊ ကင်းဝေးသော လောဘရှိ တော်မူသော၊ ရှေးဘုရားသျှင်တို့နှင့် တူစွာ လာခြင်းဖြစ်ခြင်းရှိတော်မူသော၊ ကောင်းသောစကားကိုသာဆိုတော်မူတတ်သော၊ တုဘက်ကင်းပြီး တစ်ဦးတည်းသော ပုဂ္ဂိုလ်မြတ်ဖြစ်တော်မူသော၊ ပြိုင်ဘက်ကင်းတော်မူသော၊ ကေသရာဇာ ခြင်္သေ့မင်းကဲ့သို့ ရဲတင်းသောစိတ်ရှိတော်မူသော၊ နူးညံ့သိမ်မွေ့သော ပညာရှိတော်မူ သော ထိုမြတ်စွာဘုရား၏ တပည့်ဖြစ်ပေ၏။

အကျွန်ုပ်သည် ဖြတ်ပြီးသော တဏှာရှိတော်မူသော၊ ညေယျဓံငါးပါးကို သိတော် မူပြီးသော၊ ကင်းပြီးသော ကိလေသာအငွေ့အသက်ရှိတော်မူသော၊ တဏှာဒိဋ္ဌိတို့ဖြင့် မလိမ်း ကျံအပ်သော၊ အဝေးမှဆောင်ယူ၍ လှူအပ်သော အလှူကို ခံတော်မူ ထိုက်သော၊ ပူဇော်အပ်သော နတ်ဖြစ်တော်မူသော၊ ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်ဖြစ်တော် မူသော၊ အတူရှိတော်မမူသော၊ လောကအလုံးတွင်အကြီးမြတ်ဆုံးဖြစ်တော်မူသော၊ ရောက်အပ် ရအပ်ပြီးသော အခြံအရံ အကျော်အစောရှိတော်မူသောထိုမြတ်စွာ ဘုရား၏ တပည့်ဖြစ်ပေ၏ဟု (ဆိုလေ၏)။

၇၇။ သူကြွယ် သင်သည် ရဟန်းဂေါတမ၏ ဤဂုဏ်ကျေးဇူးတို့ကို အဘယ်အခါက ဖွဲ့ဆိုသီကုံးထားသနည်းဟု (မေး၏)။ အသျှင် ဥပမာသော်ကား အထူးထူးသော ပန်းတို့ဖြင့် စုပေါင်းထားသော ပန်းစုပန်းပုံသည် ရှိလေရာ၏၊ ထိုပန်းပုံကို ပန်းကုံးခြင်း၌ လိမ္မာသော ပန်းသည်သည်လည်းကောင်း၊ ထိုပန်းသည်၏ တပည့်သည်လည်းကောင်း ဆန်းကြယ်သော ပန်းကုံးကို သီကုံးလေရာသကဲ့သို့၊ ဤအတူသာလျှင် ထိုမြတ်စွာဘုရားသည် များစွာသော ဂုဏ်ကျေးဇူးရှိတော်မူ၏၊ အရာမက များပြားလှသော ဂုဏ်ကျေးဇူး ရှိတော်မူ၏။ အသျှင် ချီးကျူးထိုက်သူ၏ ဂုဏ်ကျေးဇူးကို အဘယ်သူ မချီးကျူးဘဲ နေနိုင်ပါအံ့နည်းဟု (ဆို၏)။ ထိုအခါ မြတ်စွာဘုရားအား ပူဇော်သကာ ပြုသည်ကို သည်းမခံနိုင်ရကား ထိုနေရာ၌ပင် နာဋ၏သား နိဂဏ္ဌ၏ ခံတွင်းမှ လောလောပူသော သွေးသည် အန်ထွက်လေ၏။

ခြောက်ခုမြောက် ဥပါလိသုတ် ပြီး၏။