မဇ္ဈိမနိကာယ်
၆— အာကင်္ခေယျသုတ်
၆၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟုခေါ်တော်မူ၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား “အသျှင်ဘုရား” ဟုပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤတရားဒေသနာကို ဟောကြားတော်မူ၏ —
ရဟန်းတို့ သီလနှင့် ပြည့်စုံ ပါတိမောက်နှင့် ပြည့်စုံကုန်သည်ဖြစ်၍ နေကြကုန်လော့၊ ပါတိမောက္ခသံဝရသီလကို စောင့်စည်းလျက် အာစာရသီလ ဂေါစရသီလတို့နှင့် ပြည့်စုံကြကုန်သည်ဖြစ်၍ နေကြကုန်လော့၊ အနည်းငယ်မျှသော အပြစ်တို့၌ ဘေးဟု ရှုလေ့ရှိသည်ဖြစ်၍ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်လျက် ကျင့်ကြကုန်လော့။
၆၅။ ရဟန်းတို့ ရဟန်းသည် “သီတင်းသုံးဖော်တို့၏ ချစ်ခင်အပ်သူ မြတ်နိုးအပ်သူ လေးစား အပ်သူ ချီးမွမ်းအပ်သူ ဖြစ်လို၏” ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ မိမိ၏ စိတ်ကိုငြိမ်သက်အောင် ကြိုးစားသူ (ကမ္မဋ္ဌာန်း) ရှုမှုကို ပစ်ပယ်မထားသူ ဝိပဿနာနှင့် ပြည့်စုံသူ ဆိတ်ငြိမ်ရာ (ကျောင်း) တို့ကို၁ တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၁)
ရဟန်းတို့ ရဟန်းသည် “သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏အထောက်အပံ့ ဆေး့အသုံးအဆောင်တို့ကို ရသူဖြစ်လို၏” ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ မိမိ၏စိတ်ကိုငြိမ်သက်အောင် ကြိုးစားသူ (ကမ္မဋ္ဌာန်း) ရှုမှုကို ပစ်ပယ်မထားသူ ဝိပဿနာနှင့် ပြည့်စုံသူဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၂)
ရဟန်းတို့ ရဟန်းသည် “ငါသည် အကြင်ပုဂ္ဂိုလ်တို့၏ သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏အထောက်အပံ့ ဆေးအသုံးအဆောင်ကို သုံးဆောင်၏၊ ထိုပုဂ္ဂိုလ်တို့၏ ထိုဒါနပြုခြင်းတို့သည်ကြီးမြတ်သော အကျိုးအာနိသင်ရှိကြပါစေ” ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ မိမိ၏စိတ်ကိုငြိမ်သက်အောင် ကြိုးစားသူ (ကမ္မဋ္ဌာန်း) ရှုမှုကို ပစ်ပယ်မထားသူ ဝိပဿနာနှင့် ပြည့်စုံသူဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၃)
ရဟန်းတို့ ရဟန်းသည် “သေ၍ပြိတ္တာဖြစ်နေကြသော ငါ၏ အကြင် ဆွေမျိုးသားချင်းတို့သည် ငါ့ကိုကြည်ညိုစိတ်ဖြင့် အောက်မေ့ကြကုန်၏၊ ထိုဆွေမျိုးသားချင်းတို့၏ ထိုကြည်ညိုစိတ်ဖြင့် အောက်မေ့မှုသည် ကြီးမြတ်သော အကျိုးအာနိသင်ရှိပါစေ” ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူမိမိ၏ စိတ်ကိုငြိမ်သက်အောင် ကြိုးစားသူ (ကမ္မဋ္ဌာန်း) ရှုမှုကို ပစ်ပယ်မထားသူ ဝိပဿနာနှင့် ပြည့်စုံသူဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၄)
၆၆။ ရဟန်းတို့ ရဟန်းသည် “မပျော်မွေ့မှု ပျော်မွေ့မှုတို့ကို နှိမ်နင်းသူ ဖြစ်ရလို၏၊ ငါ့ကိုမပျော်မွေ့မှုသည် မနှိမ်နင်းစေရာ၊ ဖြစ်ပေါ်လာသည့် မပျော်မွေ့မှုကို ဖိနှိပ်၍ ဖိနှိပ်၍ နေလို၏” ဟုအကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၅)
ရဟန်းတို့ ရဟန်းသည် “ကြောက်ရွံ့ခြင်းနှင့် ကြောက်မက်ဖွယ်ကို နှိမ်နင်းသူ ဖြစ်ရလို၏၊ ငါ့ကိုကြောက်ရွံ့ခြင်းနှင့် ကြောက်မက်ဖွယ်သည် မနှိမ်နင်းစေရာ၊ ဖြစ်ပေါ်လာသည့် ကြောက်ရွံ့ခြင်းနှင့် ကြောက်မက်ဖွယ်ကို ဖိနှိပ်၍ ဖိနှိပ်၍ နေလို၏” ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၆)
ရဟန်းတို့ ရဟန်းသည် “အလွန်စင်ကြယ်သော စိတ်ကြောင့် ဖြစ်သည့် မျက်မှောက်ချမ်းသာစွာနေရရေး ဟူသော (ရူပါဝစရ) ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူ ဖြစ်ရလို၏” ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကိုတိုးပွားစေ သူသာလျှင် ဖြစ်ရာ၏။ (၇)
ရဟန်းတို့ ရဟန်းသည် “ရုပ်တို့ကို လွန်မြောက်ခြင်းကြောင့် အေးမြသော အရူပဖြစ်သည့် ဝိမောက္ခ (ဈာန်)တို့ကို (နာမ်) ကိုယ်ဖြင့် ထိရောက်၍ နေလို၏” ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၈)
၆၇။ ရဟန်းတို့ ရဟန်းသည် “သုံးပါးသော သံယောဇဉ်အနှောင်အဖွဲ့တို့၏ အကြွင်းမဲ့ကုန်ခြင်း ကြောင့်အပါယ်သို့ ကျခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသောသောတာပန် ဖြစ်လို၏” ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၉)
ရဟန်းတို့ ရဟန်းသည် “သုံးပါးသော သံယောဇဉ်အနှောင်အဖွဲ့တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့်လည်းကောင်း၊ တပ်မက်ခြင်း ‘ရာဂ’ ကြမ်းတမ်းပြစ်မှားခြင်း ‘ဒေါသ’ တွေဝေခြင်း ‘မောဟ’တို့၏ ခေါင်းပါးခြင်းကြောင့်လည်းကောင်း ဤ (လူ့) လောကသို့ တစ်ကြိမ်သာလာ၍ ဝဋ်ဆင်းရဲ၏အဆုံးကို ပြုလတ္တံ့သော သကဒါဂါမ် ဖြစ်လို၏” ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၁ဝ)
ရဟန်းတို့ ရဟန်းသည် “အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ့်အနှောင်အဖွဲ့တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (ဗြဟ္မာဘုံ၌) ဥပပါတ် ပဋိသန္ဓေနေ၍ ထို (ဘုံ) ၌ သာလျှင်ပရိနိဗ္ဗာန် ပြုလတ္တံ့သော ထိုဘုံမှ ပြန်လည်ခြင်းသဘောမရှိသူ ဖြစ်ရလို၏” ဟု အကယ်၍ တောင့်တခဲ့ပါမူသီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၁၁)
၆၈။ ရဟန်းတို့ ရဟန်းသည် “များပြားသော တန်ခိုးကို ဖန်ဆင်းလို၏၊ တစ်ယောက်တည်းဖြစ်လျက်လည်း အများဖြစ်လို၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လို၏၊ ကိုယ်ထင်ရှားဖြစ်စေ လို၏၊ ကိုယ်ပျောက် စေလို၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲကောင်းကင် ၌ကဲ့သို့ သွားလို၏၊ မြေ၌လည်း ငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြုလို၏၊ ရေ၌လည်းမကွဲစေဘဲ မြေ၌ ကဲ့သို့ သွားလို၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသောငှက်ကဲ့သို့ သွားလို၏၊ ဤမျှ တန်ခိုးကြီး၍ ဤမျှ အာနုဘော်ကြီးကုန်သော ဤလနေတို့ကိုပင် လက်ဖြင့်သုံးသပ်လို၏၊ ဆုပ်ကိုင်လို၏၊ ဗြဟ္မာ့ပြည် တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်းဖြစ်စေလို၏” ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကိုတိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၁၂)
ရဟန်းတို့ ရဟန်းသည် “အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သော နတ်တို့၏နားနှင့်တူသော နား ‘ဒိဗ္ဗသောတဉာဏ်’ ဖြင့် နတ်၌လည်း ဖြစ်ကုန်သော လူ၌လည်း ဖြစ်ကုန် သောဝေးသည်လည်း ဖြစ်ကုန်သော နီးသည်လည်း ဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားလို၏” ဟုအကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၁၃)
ရဟန်းတို့ ရဟန်းသည် “တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့်ပိုင်းခြား၍ သိလို၏၊ တပ်မက်ခြင်းနှင့် တကွသော စိတ်ကိုလည်း ‘တပ်မက်ခြင်းနှင့် တကွသော စိတ်’ဟုသိလို၏၊ တပ်မက်ခြင်းကင်းသော စိတ်ကိုလည်း ‘တပ်မက်ခြင်းကင်းသောစိတ်’ဟု သိလို၏၊ အမျက်ထွက်ခြင်းနှင့်တကွသော စိတ်ကိုလည်း ‘အမျက်ထွက်ခြင်းနှင့် တကွသောစိတ်’ဟု သိလို၏၊ အမျက်ထွက်ခြင်းကင်းသော စိတ်ကိုလည်း ‘အမျက်ထွက်ခြင်းကင်းသော စိတ်’ဟု သိလို၏၊ တွေဝေခြင်းနှင့်တကွသော စိတ်ကိုလည်း ‘တွေဝေခြင်းနှင့် တကွသော စိတ်’ဟု သိလို၏၊ တွေဝေခြင်းကင်းသောစိတ်ကိုလည်း ‘တွေဝေခြင်းကင်းသော စိတ်’ဟု သိလို၏၊ ကျုံ့သော စိတ်ကိုလည်း ‘ကျုံ့သောစိတ်’ဟုသိလို၏၊ ပျံ့သော စိတ်ကိုလည်း ‘ပျံ့သောစိတ်’ဟု သိလို၏၊ မဟဂ္ဂုတ်စိတ်ကိုလည်း ‘မဟဂ္ဂုတ်စိတ်’ဟုသိလို၏၊ မဟဂ္ဂုတ်မဟုတ်သော စိတ်ကိုလည်း ‘မဟဂ္ဂုတ်မဟုတ်သော စိတ်’ဟု သိလို၏၊ သာလွန်သောတရားရှိသော စိတ်ကိုလည်း ‘သာလွန်သော တရားရှိသောစိတ်’ဟု သိလို၏၊ သာလွန်သော တရားမရှိသောစိတ်ကိုလည်း ‘သာလွန်သော တရားမရှိသောစိတ်’ဟု သိလို၏၊ တည်ကြည်သော စိတ်ကိုလည်း ‘တည်ကြည်သောစိတ်’ဟု သိလို၏၊ မတည်ကြည်သော စိတ်ကိုလည်း ‘မတည်ကြည်သောစိတ်’ဟုသိလို၏၊ လွတ်မြောက်သော စိတ်ကိုလည်း ‘လွတ်မြောက်သောစိတ်’ဟု သိလို၏၊ မလွတ်မြောက်သောစိတ်ကိုလည်း ‘မလွတ်မြောက်သောစိတ်’ဟု သိလို၏” ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကိုဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၁၄)
ရဟန်းတို့ ရဟန်းသည် “များပြားသော ရှေး၌ဖြစ်ဖူးသည်ကို အောက်မေ့လို၏၊ ဤသည်ကားအဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်း့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း ‘ဤမည်သောဘဝ၌ (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သောအစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲ ခံစားခြင်းရှိခဲ့၏၊ ဤသို့သော အသက်အပိုင်း အခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့ သောအမည်ဤသို့သောအနွယ် ဤသို့သောအဆင်း ဤသို့သောအစာ ဤသို့သော ချမ်းသာဆင်းရဲ ခံစားခြင်းဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏’ဟုဤသို့အခြင်းအရာနှင့်တကွ အဖြစ်သနစ်နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသည် ကိုအောက်မေ့လို၏” ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၁၅)
ရဟန်းတို့ ရဟန်းသည် “အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သောနတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခုဉာဏ်’ ဖြင့် သေဆဲသတ္တဝါ၊ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သောသတ္တဝါမြတ်သောသတ္တဝါ၊ အဆင်းလှသောသတ္တဝါ၊ အဆင်းမလှသောသတ္တဝါ၊ ကောင်းသောလားရာရှိသောသတ္တဝါ၊ မကောင်းသောလားရာ ရှိသောသတ္တဝါတို့ကို မြင်လို၏၊ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကို သိလို၏၊ ‘အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသောမကောင်းသော အကျင့် ‘ကာယဒုစရိုက်’၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘မနော ဒုစရိုက်’တို့နှင့် ပြည့်စုံ၏၊ အရိယာတို့ကိုစွပ်စွဲကုန်၏၊ မှားသောအယူရှိကုန်၏၊ မှားသောအယူဖြင့် ပြုသော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည်ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်း သော မကောင်းသောလားရာ ပျက်စီး၍ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ကုန်၏။ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသောကောင်းသော အကျင့် ‘ကာယသုစရိုက်’၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’၊ စိတ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘မနောသုစရိုက်’တို့နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သောအယူရှိကုန်၏၊ မှန်သောအယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည် သို့ ရောက်ကုန်၏’ဟု ဤသို့လျှင်အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခုဉာဏ်’ ဖြင့် သေဆဲသတ္တဝါ၊ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သောသတ္တဝါ၊ မြတ်သောသတ္တဝါ၊ အဆင်းလှသောသတ္တဝါ၊ အဆင်းမလှသောသတ္တဝါ၊ ကောင်းသော လားရာရှိသော သတ္တဝါ၊ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်လို၏၊ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကိုသိလို၏” ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကိုသာလျှင် ဖြည့်ကျင့်သူ ဖြစ်ရာ၏။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၁၆)
၆၉။ ရဟန်းတို့ ရဟန်းသည် “အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင်ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေလို၏” ဟု အကယ်၍ တောင့်တခဲ့ပါမူသီလတို့ကို သာလျှင် ဖြည့်ကျင့်သူ မိမိ၏ စိတ်ကိုငြိမ်အောင် ကြိုးစားသူ ကမ္မဋ္ဌာန်းရှုမှုကိုပစ်ပယ်မထားသူ ဝိပဿနာနှင့် ပြည့်စုံသူ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၁၇)
“ရဟန်းတို့ သီလနှင့် ပြည့်စုံ ပါတိမောက်နှင့် ပြည့်စုံကုန်သည်ဖြစ်၍ နေကြကုန်လော့၊ ပါတိမောက္ခသံဝရသီလကို စောင့်စည်းလျက် အာစာရသီလ ဂေါစရသီလတို့နှင့် ပြည့်စုံကုန်သည်ဖြစ်၍ နေကြကုန်လော့၊ ့အနည်းငယ်မျှသော အပြစ်တို့၌ ဘေးဟုရှုလေ့ရှိသည်ဖြစ်၍ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်လျက် ကျင့်ကြကုန်လော့” ဟု ဟောခဲ့သော စကားသည် ဤသည်ကို စွဲ၍ ဟောကြားတော်မူခြင်းဖြစ်၏ဟု—
မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။
ခြောက်ခုမြောက် အာကင်္ခေယျသုတ်ပြီး၏။
၁။ ၁— ဆိတ်ငြိမ်ရာအရပ်၌ဖြစ်သော ကမ္မဋ္ဌာန်းတို့ကို