မဇ္ဈိမနိကာယ်

၁ဝ—အပဏ္ဏကသုတ်

၉၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီလှည့်လည်တော်မူလတ်သော် သာလာအမည်ရှိသော ကောသလတိုင်း ပုဏ္ဏားရွာသို့ ရောက် တော်မူ၏။ သာလာရွာသား ပုဏ္ဏားသူကြွယ်တို့သည် ဤသို့ ကြားသိကြလေကုန်၏—“အချင်းတို့ သာကီဝင်မင်းမျိုးမှရဟန်းပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည် များစွာသော ရဟန်းသံဃာ နှင့်အတူကောသလတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူရာ သာလာရွာသို့ ရောက်တော်မူ၏။ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏—’ထိုမြတ်စွာဘုရားသည်ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင့်ကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူ၏၊ လောက ကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမ တတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရောပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူတတ်သောအကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည် တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း’ဘဂဝါ’ မည်တော်မူ၏’ဟု (ပျံ ့နှံ့၍ ထွက်၏)။

ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤသြကာသလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏတို့နှင့်တကွသော မင်းများ လူများနှင့်တကွသော သတ္တဝါ့အပေါင်းကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကြားတော်မူ၏။ အလုံးစုံပြည့်စုံသော စင်ကြယ်သောမြတ်သော အကျင့်ကို ပြတော်မူ၏။ ထိုသို့သဘောရှိသော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြော်ရခြင်းသည်ကောင်းသည်သာတည်း”ဟု (ကြားသိကြကုန်၏)။

ထိုအခါ သာလာရွာသား ပုဏ္ဏားသူကြွယ်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်လျက်အချို့တို့သည် မြတ်စွာဘုရားကို ရှိခိုး၍ လျောက်ပတ်သော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ လျောက်ပတ်သော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားရှိရာအရပ်သို့ လက်အုပ်ချီကုန်လျက် လျောက်ပတ်သော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် အမည်အနွယ်ကို ပြောကြားလျက် လျောက်ပတ်သော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် တိတ်ဆိတ်စွာလျောက်ပတ်သော နေရာ၌ ထိုင်ကုန်၏။

၉၃။ လျောက်ပတ်သော နေရာ၌ ထိုင်နေကြကုန်သော သာလာရွာသား ပုဏ္ဏား သူကြွယ်တို့ကိုမြတ်စွာဘုရားသည်—“သူကြွယ်တို့ အကြောင်းခိုင်မာသော ယုံကြည်မှုကို ရစေနိုင်သော တစ်စုံတစ်ယောက်သော နှစ်သက်လောက်သော ဆရာသမားသည် သင်တို့မှာ ရှိသလော”ဟု မိန့်တော်မူ၏။ အသျှင်ဘုရားအကြောင်းခိုင်မာသော ယုံကြည်မှုကို ရစေနိုင်သော တစ်စုံတစ်ယောက်သော နှစ်သက်လောက်သော ဆရာသမားသည် အကျွန်ုပ်တို့မှာ မရှိပါဟု (လျှောက်ကြကုန်၏)။ သူကြွယ်တို့ သင်တို့သည် နှစ်သက်လောက်သော ဆရာသမားကို မရကြသော် ဧကန် အကျိုးရှိသော ဤအကျင့်တရားကို ကောင်းစွာ ဆောက်တည်၍ကျင့်ထိုက်၏။ သူကြွယ်တို့ ဧကန် အကျိုးရှိသော အကျင့်တရားကို စွဲယူ ဆောက်တည်ထားသော် ထိုအကျင့်တရားသည် သင်တို့အတွက် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါးခြင်း ချမ်းသာခြင်းငှါဖြစ်လတ္တံ့။ သူကြွယ်တို့ ဧကန် အကျိုးရှိသော အကျင့်တရားဟူသည် အဘယ်နည်း—

၉၄။ သူကြွယ်တို့ “ပေးလှူခြင်းသည် အကျိုးမရှိ၊ ယဇ်ကြီးပူဇော်ခြင်းသည် အကျိုးမရှိ၊ ယဇ်ကလေး (ဟုံး) ပူဇော်ခြင်းသည် အကျိုးမရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တမလွန်လောကသည် မရှိ၊ အမိ၏ ကျေးဇူးမရှိ၊ အဖ၏ ကျေးဇူးမရှိ၊ သေ၍ တစ်ဖန်ဖြစ်ပေါ်လာသော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကိုလည်းကောင်း တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော ကောင်းသောအကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်”ဟု ဤသို့ပြောဆိုယူဆကြကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ သူကြွယ်တို့ ထိုသမဏဗြာဟ္မဏတို့နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဝါဒ ရှိကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည်—“ပေးလှူခြင်းသည် အကျိုးရှိ၏၊ ယဇ်ကြီးပူဇော်ခြင်းသည် အကျိုးရှိ၏၊ ယဇ်ကလေး (ဟုံး) ပူဇော်ခြင်းသည်အကျိုးရှိ၏၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တစ်ပါးသောလောကသည် ရှိ၏၊ အမိ၏ ကျေးဇူးရှိ၏၊ အဖ၏ ကျေးဇူးရှိ၏၊ သေ၍ တစ်ဖန် ဖြစ်ပေါ်လာသောသတ္တဝါတို့သည် ရှိကုန်၏၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သောကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည်လည်း ရှိကုန်သည်သာတည်း”ဟုပြောဆိုကြကုန်၏။ သူကြွယ်တို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤသမဏဗြာဟ္မဏတို့သည် အချင်းချင်း ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဝါဒ ရှိကြကုန်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင် ဘုရား မှန်ပါ၏ဟု (လျှောက်ကြကုန်၏)။

၉၅။ သူကြွယ်တို့ ထိုအယူနှစ်မျိုးတို့တွင် “ပေးလှူခြင်းသည် အကျိုးမရှိ၊ ယဇ်ကြီးပူဇော်ခြင်းသည်အကျိုးမရှိ။ပ။ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း၊ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် မရှိကုန်”ဟု ဤသို့ ပြောဆိုယူဆကြကုန်သော သမဏဗြာဟ္မဏတို့အား ကာယသုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက်၊ ဤသုံးပါးသော ကုသိုလ်တရားတို့ကို ဖောက်ခွဲဖျက်ဆီး၍ ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်၊ ဤသုံးပါးသော အကုသိုလ်တရားတို့ကို ဆောက်တည်၍ ကျင့်ကြကုန်လတ္တံ့ ဟူသော အပြစ်သာ ဧကန်ဖြစ်ရမည်။ အဘယ်ကြောင့်နည်း၊ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အကုသိုလ်တရားတို့၏ အပြစ်ယုတ်ညံ့ပုံ ညစ်ညူးပုံကို မမြင်ကြကုန်၊ ကုသိုလ်တရားတို့၏ အကုသိုလ်မှ ထွက်မြောက်ခြင်း၌ အကျိုးကို, ဖြူစင်သော အဖို့ကို မမြင်ကြကုန်သောကြောင့်တည်း။

ထင်ရှားရှိသည်သာလျှင်ဖြစ်သော တမလွန်လောကကို “တမလွန်လောကသည် မရှိ”ဟု ထိုသူမှာအယူရှိ၏၊ ထိုသူ၏ ထိုအယူသည် မှားသော အယူဖြစ်၏၊ ထင်ရှားရှိသည်သာလျှင်ဖြစ်သော တမလွန်လောကကို “တမလွန်လောကသည် မရှိ”ဟု ကြံ၏၊ ထိုသူ၏ ထိုအကြံသည် မှားသော အကြံဖြစ်၏၊ ထင်ရှားရှိသည်သာ လျှင်ဖြစ်သော တမလွန်လောကကို “တမလွန်လောကသည် မရှိ” ဟူသော စကားကိုပြောဆို၏၊ ထိုသူ၏ ထိုစကားသည် မှားသော စကားဖြစ်၏၊ ထင်ရှားရှိသည်သာလျှင်ဖြစ်သော တမလွန်လောကကို “တမလွန်လောကသည် မရှိ”ဟု ပြောဆို၏။ ဤသူသည် တမလွန်လောကကိုသိကြကုန်သော ရဟန္တာအသျှင်တို့အား ဆန့်ကျင်ဘက်ပြု၏။

ထင်ရှားရှိသည်သာလျှင်ဖြစ်သော တမလွန်လောကကို “တမလွန်လောကသည် မရှိ”ဟု သူတစ်ပါးကို သိစေ၏၊ ထိုသူ၏ ထိုသိစေခြင်းသည် မသူတော်တရားကို သိစေခြင်း ဖြစ်၏၊ ထိုမသူတော်တရားကိုသိစေခြင်းဖြင့်လည်း မိမိကိုယ်ကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ဤသို့လျှင် ထိုသူမှာ ရှေးမဆွကပင်လျှင် ကောင်းသောသဘောသည် ပယ်ထားပြီးဖြစ်၏။ မကောင်းသောသဘောသည် ရှေးရှုတည်နေ၏။

ဤမှားသောအယူ၊ မှားသောအကြံ၊ မှားသောစကား၊ အရိယာတို့နှင့်ဆန့်ကျင်ခြင်း၊ မသူတော်တရားကို သိစေခြင်း၊ မိမိကိုယ်ကို ချီးမြှောက်ခြင်း၊ သူတစ်ပါးကို ရှုတ်ချခြင်း၊ ဤသို့ များစွာသော ယုတ်မာသော ဤအကုသိုလ်တရားတို့သည် မှားသောအယူဟူသော အကြောင်းကြောင့် ထိုသူမှာ ဖြစ်ပေါ်လာကုန်၏။

သူကြွယ်တို့ ထိုအယူနှစ်မျိုးတို့တွင် ပညာရှိသော ယောကျာ်းတစ်ယောက်သည် ဤသို့ ဆင်ခြင်၏—တမလွန်လောကသည် အကယ်၍ မရှိသည်ဖြစ်အံ့၊ ဤသို့မရှိခဲ့သော် ဤအသျှင်ယောကျာ်းပုဂ္ဂိုလ်သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ မိမိကိုယ်ကို ချမ်းသာအောင် ပြုလတ္တံ့။

တမလွန်လောကသည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ထိုသို့ရှိခဲ့ပါမူ ဤအသျှင်ယောကျာ်းပုဂ္ဂိုလ်သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာဖြစ်သော ဖရိုဖရဲကျရာဖြစ်သော ငရဲသို့ ရောက်ရလတ္တံ့။

တမလွန်လောကသည် အကယ်၍ မရှိပါနှင့်ဦး၊ ထိုအသျှင်သမဏဗြာဟ္မဏတို့၏ စကားသည် မှန်သည်ပင်ဖြစ်ပါစေဦး၊ ထိုသို့ပင် ဖြစ်သော်လည်း ဤအသျှင်ယောကျာ်းပုဂ္ဂိုလ်သည် မျက်မှောက်သောကိုယ်၏အဖြစ်၌ပင်လျှင် “သီလမရှိသော၊ မှားသော အယူရှိသော၊ နတ္ထိကဝါဒရှိသောယောကျာ်းတည်း”ဟု ပညာရှိတို့ အကဲ့ရဲ့ကို ခံရ၏။

တမလွန်လောကသည် အကယ်၍ ရှိသည်သာလျှင် ဖြစ်အံ့၊ ဤသို့ ရှိခဲ့သော် ဤအသျှင်ယောကျာ်းပုဂ္ဂိုလ်သည် မျက်မှောက်သော ကိုယ်၏အဖြစ်၌လည်း ပညာရှိတို့ အကဲ့ရဲ့ခံရခြင်း၊ ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှ နောက်၌လည်း ချမ်းသာကင်းသော မကောင်းသော လားရာဖြစ်သော ဖရိုဖရဲကျရာဖြစ်သော ငရဲသို့ ရောက်ရခြင်းအားဖြင့် နှစ်ပါးစုံ ဆုံးရှုံး၏၊ ဤသို့ ထိုသူ၏ မကောင်းသောအားဖြင့် စွဲယူဆောက်တည်ထားသော ဤဧကန်အကျိုးရှိသော အကျင့်တရားသည် တစ်ဖက်သတ် နှံ့၍ တည်၏၊ ကုသိုလ်အရာကို ကြဉ်ရှောင်၏။

၉၆။ သူကြွယ်တို့ ထို အယူနှစ်မျိုးတို့တွင် “ပေးလှူခြင်း၏ အကျိုးသည် ရှိ၏။ပ။ အကြင်သမဏဗြာဟ္မဏတို့သည် ဤလောကကိုလည်းကောင်း တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားကုန်၏”ဟု ဤသို့ ပြောဆိုယူဆလေ့ရှိကုန်သော သမဏဗြာဟ္မဏတို့မှာ ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက် ဤသုံးပါးသော အကုသိုလ်တရားတို့ကိုဖောက်ခွဲဖျက်ဆီး၍ ကာယသုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက် ဤသုံးပါးသော ကုသိုလ်တရားတို့ကိုဆောက်တည်၍ ကျင့်ကုန်လတ္တံ့ဟူသော အကျိုးသာ ဧကန်ဖြစ်ရမည်။ အဘယ့်ကြောင့်နည်း၊ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အကုသိုလ်တရားတို့၏ အပြစ် ယုတ်ညံ့ပုံ ညစ်ညူးပုံကို မြင်ကြ၍ ကုသိုလ်တရားတို့၏ မကောင်းမှုတို့မှ ထွက်မြောက်ခြင်း၌ အကျိုးကို ဖြူစင်သောအဖို့ကို မြင်ကြကုန်သောကြောင့်တည်း။

ထိုမှတစ်ပါး ထင်ရှားရှိသည်သာလျှင်ဖြစ်သော တမလွန်လောကကို “တမလွန်လောကသည် ရှိ၏”ဟုထိုသူမှာ အယူရှိ၏၊ ထိုသူ၏ ထိုအယူသည် မှန်သော အယူဖြစ်၏၊ ထင်ရှားရှိသည်သာလျှင်ဖြစ်သောတမလွန် လောကကို “တမလွန်လောကသည် ရှိ၏”ဟု ကြံ၏။ ထိုသူ၏ ထိုအကြံသည် မှန်သော အကြံဖြစ်၏၊ ထင်ရှားရှိသည်သာလျှင်ဖြစ်သော တမလွန်လောကကို “တမလွန်လောကသည် ရှိ၏”ဟူသောစကားကို ဆို၏၊ ထိုသူ၏ ထိုစကားသည် မှန်သော စကားဖြစ်၏။ ထင်ရှားရှိသည်သာလျှင်ဖြစ်သောတမလွန်လောကကို “တမလွန်လောကသည် ရှိ၏”ဟု ပြောဆို၏၊ ဤသူသည် တမလွန်လောကကိုသိကုန်သော ရဟန္တာပုဂ္ဂိုလ်တို့အား ဆန့်ကျင်ဘက်မပြုလုပ်၊ ထင်ရှားရှိသည်သာလျှင်ဖြစ်သော တမလွန်လောကကို “တမလွန်လောကသည် ရှိ၏”ဟု သူတစ်ပါးကို သိစေ၏။ ထိုသူ၏ ထိုသိစေခြင်းသည်သူတော်ကောင်းတရားကို သိစေခြင်းဖြစ်၏။ ထိုသူတော်ကောင်း တရားကို သိစေခြင်းဖြင့်လည်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ၊ ဤသို့လျှင် ထိုသူမှာ ရှေးမဆွကပင်လျှင် မကောင်းသောသဘောသည် ပယ်ထားပြီးဖြစ်၏။ ကောင်းသောသဘောသည် ရှေးရှုတည်နေ၏။

ဤမှန်ကန်သောအယူ၊ မှန်ကန်သောအကြံ၊ မှန်ကန်သောစကား၊ အရိယာတို့နှင့် မဆန့်ကျင်ခြင်း၊ သူတော်ကောင်းတရားကို သိစေခြင်း၊ မိမိကိုယ်ကို မချီးမြှောက်ခြင်း၊ သူတစ်ပါးကို မရှုတ်ချခြင်းဤသို့ များစွာသော ဤကုသိုလ်တရားတို့သည် မှန်သော အယူဟူသော အကြောင်းကြောင့် ထိုသူမှာဖြစ်ပေါ်လာ ကုန်၏။

သူကြွယ်တို့ ထိုအယူနှစ်မျိုးတို့တွင် ပညာရှိသော ယောကျာ်းသည် ဤသို့ ဆင်ခြင်၏— တမလွန်လောကသည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ဤသို့ရှိခဲ့သော် ဤအသျှင်ယောကျာ်းပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာဖြစ်သော နတ်ပြည်လောကသို့ ရောက်ရလတ္တံ့။ တမလွန်လောကသည် အကယ်၍ မရှိပါနှင့်ဦး၊ ထိုအသျှင်သမဏဗြာဟ္မဏတို့၏ စကားသည် မှန်သည်ပင်ဖြစ်ပါစေဦး၊ ထိုသို့ဖြစ်သော်လည်း ဤအသျှင်ယောကျာ်းသည် မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင်”သီလ ရှိသော၊ မှန်သော အယူရှိသော၊ ကံ, ကံ၏အကျိုးကို ယုံကြည်သော ဝါဒရှိသော ယောကျာ်းပုဂ္ဂိုလ်တည်း”ဟု ပညာရှိတို့ အချီးအမွမ်းခံရ၏။

တမလွန်လောကသည် အကယ်၍ ရှိသည်သာလျှင် ဖြစ်အံ့၊ ဤသို့ ရှိခဲ့သော် ဤအသျှင်ယောကျာ်းပုဂ္ဂိုလ်သည် မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင်လျှင် ပညာရှိတို့ အချီးအမွမ်းခံရခြင်း၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာဖြစ်သော နတ်ပြည်လောကသို့ ရောက်ရခြင်းအားဖြင့် နှစ်ပါးစုံ အောင်မြင်၏။ ဤသို့ ထိုသူ၏ ကောင်းစွာ စွဲယူဆောက်တည်ထားသော ဧကန်အကျိုးရှိသော ဤအကျင့်တရားသည် နှစ်ပါးသော အဖို့ကို နှံ့၍ တည်၏၊ အကုသိုလ်အရာကို ကြဉ်ရှောင်၏။

၉၇။ သူကြွယ်တို့ “ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေသူ၊ နှိပ်စက်သူ နှိပ်စက်စေသူ၊ ပူဆွေး အောင်ပြုသူ ပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူ တုန်လှုပ်စေသူ၊ အသက်ကို သတ်သူ (သတ်စေသူ)၊ ခိုးယူသူ (ခိုးယူစေသူ)၊ အိမ်ကို ဖောက်ထွင်းသူ (ဖောက်ထွင်းစေသူ)၊ တစ်အိမ် တည်းကိုတိုက်ခိုက်လုယူသူ (တိုက်ခိုက်လုယူစေသူ)၊ ရွာကို တိုက်ခိုက်လုယူသူ (တိုက်ခိုက်လုယူစေသူ)၊ လမ်းခရီး၌စောင့်၍ လုယက်သူ (လုယက်စေသူ)၊ သူ့မယားကို သွားလာသူ (သွားလာစေသူ)၊ မဟုတ်မမှန်စကားကိုပြောသူ (ပြောစေသူ) များသည် မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်၊ ဤမြေပေါ်ရှိသတ္တဝါတို့ကို သင်တုန်းသွားစက်ဖြင့် တစ်ခုတည်းသော အသားစု အသားပုံဖြစ်အောင် အကယ်၍ပြုစေကာမူ ထိုအကြောင်းကြောင့် မကောင်းမှု မရှိ၊ မကောင်းမှုဖြစ်ခြင်း မရှိ၊ အသက်ကို သတ်လျက်သတ်စေလျက်၊ ဖြတ်လျက် ဖြတ်စေလျက်၊ နှိပ်စက်လျက် နှိပ်စက်စေလျက် ဂင်္ဂါမြစ်၏တောင်ဘက်ကမ်းသို့ အကယ်၍ သွားနေလျှင် ထို (သတ်ခြင်းစသော) အကြောင်းကြောင့် မကောင်းမှု မရှိ၊ မကောင်းမှုဖြစ်ခြင်း မရှိ။ လှူလျက် လှူစေလျက်၊ ပူဇော်လျက် ပူဇော်စေလျက် ဂင်္ဂါမြစ်၏ မြောက်ဘက်ကမ်းသို့ အကယ်၍ သွားနေလျှင် ထိုလှူခြင်းစသော အကြောင်းကြောင့် ကောင်းမှု မရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိ၊ အလှူပေးခြင်း ဣန္ဒြေကိုဆုံးမခြင်း သီလစောင့်စည်းခြင်း အမှန်ဆိုခြင်းတို့ကြောင့်ကောင်းမှုမရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိ”ဟု ဤသို့ ပြောဆိုကြံဆလေ့ရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ သူကြွယ်တို့ ထိုသမဏဗြာဟ္မဏတို့နှင့်ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဝါဒရှိသော အချို့သော သမဏဗြာဟ္မဏတို့သည်—

သူကြွယ်တို့ “ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေသူ၊ နှိပ်စက်သူ နှိပ်စက်စေသူ၊ ပူဆွေးအောင် ပြုသူပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူ တုန်လှုပ်စေသူ၊ အသက်ကို သတ်သူ (သတ်စေသူ)၊ ခိုးယူသူ (ခိုးယူစေသူ)၊ အိမ်ကို ဖောက်ထွင်းသူ (ဖောက်ထွင်းစေသူ)၊ ရွာကို တိုက်ခိုက်လုယူသူ (တိုက်ခိုက်လုယူစေသူ)၊ တစ်အိမ်တည်းကို တိုက်ခိုက်လုယူသူ (တိုက်ခိုက်လုယူစေသူ)၊ ခရီးလမ်း၌ စောင့်၍ လုယက်သူ (လုယက်စေသူ)၊ သူ့မယားကို သွားလာသူ (သွားလာစေသူ)၊ မဟုတ်မမှန်စကားကို ပြောသူ (ပြောစေသူ) များသည် မကောင်းမှုကို ပြုသော်လည်း ပြုသည်မည်၏၊ ဤမြေပေါ်ရှိ သတ္တဝါတို့ ကို သင်တုန်းသွားစက်ဖြင့် တစ်ခုတည်းသော အသားစု အသားပုံဖြစ်အောင်အကယ်၍ ပြုအံ့၊ ထို အကြောင်းကြောင့် မကောင်းမှုသည် ရှိ၏၊ မကောင်းမှုဖြစ်ခြင်းသည် ရှိ၏၊ အသက်ကို သတ်လျက် သတ် စေလျက်၊ ဖြတ်လျက် ဖြတ်စေလျက်၊ နှိပ်စက်လျက် နှိပ်စက်စေလျက်ဂင်္ဂါမြစ်၏ တောင်ဘက်ကမ်းသို့ အကယ်၍ သွားနေစေကာမူ ထိုသတ်ခြင်းစသော အကြောင်းကြောင့်မကောင်းမှုသည် ရှိ၏၊ မကောင်းမှု ဖြစ်ခြင်းသည် ရှိ၏၊ လှူလျက် လှူစေလျက်၊ ပူဇော်လျက်ပူဇော်စေလျက် ဂင်္ဂါမြစ်၏ မြောက်ဘက်ကမ်း သို့ အကယ်၍ သွားနေစေကာမူ ထိုလှူခြင်းစသောအကြောင်းကြောင့် ကောင်းမှုသည် ရှိ၏၊ ကောင်းမှု ဖြစ်ခြင်းသည် ရှိ၏၊ အလှူပေးခြင်းဣန္ဒြေကိုဆုံးမခြင်း သီလစောင့်စည်းခြင်း အမှန်ဆိုခြင်းတို့ကြောင့် ကောင်းမှုသည် ရှိ၏၊ ကောင်းမှုဖြစ်ခြင်းသည် ရှိ၏”ဟု ဤသို့ ပြောဆို လေ့ရှိကြ၏။ သူကြွယ်တို့ ထို အရာကို အဘယ်သို့မှတ်ထင်ကုန်သနည်း၊ ဤသမဏဗြာဟ္မဏတို့သည် အချင်းချင်း ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဝါဒရှိကုန်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏ဟု (လျှောက်ကြကုန်၏)။

၉၈။ သူကြွယ်တို့ ထိုအယူနှစ်မျိုးတို့တွင် “ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေသူ၊ နှိပ်စက်သူနှိပ်စက်စေသူ၊ ပူဆွေးအောင် ပြုသူ ပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူ တုန်လှုပ်စေသူ၊ အသက်ကို သတ်သူ (သတ်စေသူ)၊ ခိုးယူသူ (ခိုးယူစေသူ)၊ အိမ်ကို ဖောက်ထွင်းသူ (ဖောက်ထွင်းစေသူ)၊ ရွာကို တိုက်ခိုက် လုယူသူ (တိုက်ခိုက်လုယူစေသူ)၊ တစ်အိမ်တည်းကို တိုက်ခိုက်လုယူသူ့ (တိုက်ခိုက်လုယူစေသူ)၊ ခရီးလမ်း၌ စောင့်၍ လုယက်သူ (လုယက်စေသူ)၊ သူ့မယားကို သွားလာသူ (သွားလာစေသူ)၊ မဟုတ်မမှန်စကားကို ပြောသူ (ပြောစေသူ) များသည် မကောင်းမှုကို ပြုသော်လည်းပြုသည်မမည်၊ ဤမြေပေါ်ရှိ သတ္တဝါတို့ကို သင်တုန်းသွားစက်ဖြင့် တစ်ခုတည်းသော အသားစုအသားပုံ ဖြစ်အောင် အကယ်၍ ပြုစေကာမူ ထိုအကြောင်းကြောင့် မကောင်းမှုမရှိ၊ မကောင်းမှုဖြစ်ခြင်းမရှိ၊ အသက်ကို သတ်လျက် သတ်စေလျက်၊ ဖြတ်လျက် ဖြတ်စေလျက်။ပ။ အလှူပေးခြင်းဣန္ဒြေကိုဆုံးမခြင်း သီလစောင့်စည်းခြင်း အမှန်ဆိုခြင်းတို့ကြောင့် ကောင်းမှုမရှိ၊ ကောင်းမှုဖြစ်ခြင်းမရှိ”ဟု ပြောဆိုယူဆလေ့ရှိ ကြသော သမဏဗြာဟ္မဏတို့အား ကာယသုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက်၊ ဤသုံးပါးသော ကုသိုလ်တရားတို့ကို ဖောက်ခွဲဖျက်ဆီး၍ ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်၊ ဤသုံးပါးသော အကုသိုလ်တရားတို့ကို ဆောက်တည်၍ကျင့်ကုန်လတ္တံ့ဟူသော အပြစ်သည်သာ ဧကန်ဖြစ်ရမည်။ အဘယ့်ကြောင့်နည်း၊ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အကုသိုလ်တရားတို့၏ အပြစ်ယုတ်ညံ့ပုံ ညစ်ညူးပုံကို မမြင်ကြကုန်၊ ကုသိုလ်တရားတို့၏ မကောင်းမှုမှ ထွက်မြောက်ခြင်း၌ အကျိုးကို ဖြူစင်သော အဖို့ကိုမမြင်ကြကုန်သောကြောင့်တည်း။

ထင်ရှားရှိသည်သာလျှင် ဖြစ်သော ပြုလုပ်မှုကို “ပြုလုပ်မှုသည် မရှိ”ဟု ထိုသူမှာ အယူရှိ၏၊ ထိုသူ၏ ထိုအယူသည် မှားသော အယူဖြစ်၏။

ထင်ရှားရှိသည်သာလျှင် ဖြစ်သော ပြုလုပ်မှုကို “ပြုလုပ်မှုသည် မရှိ”ဟု ကြံ၏၊ ထိုသူ၏ ထိုအကြံသည် မှားသော အကြံဖြစ်၏။

ထင်ရှားရှိသည်သာလျှင် ဖြစ်သော ပြုလုပ်မှုကို “ပြုလုပ်မှုသည် မရှိ” ဟူသော စကားကို ပြော ဆို၏၊ ထိုသူ၏ ထိုစကားသည် မှားသော စကားဖြစ်၏။

ထင်ရှားရှိသည်သာလျှင် ဖြစ်သော ပြုလုပ်မှုကို “ပြုလုပ်မှုသည် မရှိ”ဟု ပြောဆို၏၊ ဤသူသည်ကိရိယဝါဒအယူရှိကုန်သော ရဟန္တာအသျှင်တို့အား ဆန့်ကျင်ဘက်ပြု၏။

ထင်ရှားရှိသည်သာလျှင် ဖြစ်သော ပြုလုပ်မှုကို “ပြုလုပ်မှုသည် မရှိ”ဟု သူတစ်ပါးကို သိစေ၏၊ ထိုသူ၏ သိစေခြင်းသည် မသူတော်တရားကို သိစေခြင်း ဖြစ်၏၊ မသူတော်တရားကို သိစေခြင်းဖြင့်လည်းမိမိကိုယ်ကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ဤသို့လျှင် ထိုသူမှာ ရှေးမဆွကပင်လျှင်ကောင်းသော သဘောသည် ပယ်ထားပြီးဖြစ်၏၊ မကောင်းသောသဘောသည်သာ ရှေးရှုတည်နေ၏။

ဤမှားသောအယူ၊ မှားသောအကြံ၊ မှားသောစကား၊ အရိယာတို့နှင့် ဆန့်ကျင်ခြင်း၊ မသူတော်တရားကို သိစေခြင်း၊ မိမိကိုယ်ကို ချီးမြှောက်ခြင်း၊ သူတစ်ပါးကို ရှုတ်ချခြင်း ဤသို့ များစွာသောယုတ်မာသော ဤအကုသိုလ်တရားတို့သည် မှားသောအယူဟူသော အကြောင်းကြောင့် ထိုသူမှာ ဖြစ်ပေါ်လာကုန်၏။ သူကြွယ်တို့ ထိုအယူနှစ်မျိုးတို့တွင် ပညာရှိသော ယောကျာ်းသည် ဤသို့ ဆင်ခြင်၏—ပြုလုပ်မှုသည် အကယ်၍ မရှိသည် ဖြစ်အံ့၊ ဤသို့ မရှိခဲ့သော် ဤအသျှင်ယောကျာ်းပုဂ္ဂိုလ်သည်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ မိမိကိုယ်ကို ချမ်းသာအောင် ပြုလတ္တံ့။ ပြုလုပ်မှုသည်အကယ်၍ ရှိသည်ဖြစ်အံ့၊ ဤသို့ ရှိခဲ့သော် ဤအသျှင် ယောကျာ်းပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာဖြစ်သော ဖရိုဖရဲ ကျရာဖြစ်သောငရဲသို့ ရောက်ရလတ္တံ့။ ပြုလုပ်မှုသည် အကယ်၍ မရှိပါစေနှင့်ဦး၊ ထိုအသျှင်သမဏဗြာဟ္မဏတို့၏စကားသည် မှန်သည်ပင်ဖြစ်ပါစေဦး၊ ထိုသို့ဖြစ်သော်လည်း ဤအသျှင် ယောကျာ်းပုဂ္ဂိုလ်သည်မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင် “သီလမရှိသော၊ မှားသောအယူရှိသော၊ အကိရိယဝါဒရှိသောယောကျာ်းပုဂ္ဂိုလ် တည်း”ဟု ပညာရှိတို့ အကဲ့ရဲ့ကို ခံရ၏။

ပြုအပ်သော မကောင်းမှုသည် အကယ်၍ ရှိသည်သာလျှင် ဖြစ်အံ့၊ ဤသို့ ရှိခဲ့သော် ဤအသျှင့်ယောကျာ်းပုဂ္ဂိုလ်သည် မျက်မှောက်သော ကိုယ်၏ အဖြစ်၌လည်း ပညာရှိတို့ အကဲ့ရဲ့ခံရခြင်း၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌လည်း ချမ်းသာကင်းသော မကောင်းသောလားရာဖြစ်သော ပျက်စီး၍ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်ရခြင်းအားဖြင့် နှစ်ပါးစုံ ဆုံးရှုံး၏။ ဤသို့ ထိုသူ၏ မကောင်းသောအားဖြင့် စွဲယူဆောက် တည်ထားသော ဧကန်အကျိုးရှိသော ဤအကျင့်တရားသည် တစ်ဖက်သတ်နှံ့၍ တည်၏၊ ကုသိုလ်အရာကို ကြဉ်ရှောင်၏။

၉၉။ သူကြွယ်တို့ ထိုအယူနှစ်မျိုးတို့တွင် “ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေသူ၊ နှိပ်စက်သူ နှိပ်စက်စေသူ၊ ပူဆွေးအောင် ပြုသူ ပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူ တုန်လှုပ်စေသူ၊ အသက်ကို သတ်သူ (သတ်စေသူ)၊ ခိုးယူသူ (ခိုးယူစေသူ)၊ အိမ်ကို ဖောက်ထွင်းသူ (ဖောက်ထွင်းစေသူ)၊ ရွာကို တိုက်ခိုက် လုယူသူ (တိုက်ခိုက်လုယူစေသူ)၊ တစ်အိမ်တည်းကို တိုက်ခိုက်လုယူသူ (တိုက်ခိုက်လုယူစေသူ)၊ လမ်းခရီး၌ စောင့်၍ လုယက်သူ (လုယက်စေသူ)၊ သူ့မယားကို သွားလာသူ (သွားလာစေသူ)၊ မဟုတ်မမှန်စကားကို ပြောသူ (ပြောစေသူ) များသည် မကောင်းမှုကို ပြုသော်ပြုသည် မည်၏၊ ဤမြေပေါ်ရှိ သတ္တဝါတို့ကို သင်တုန်းသွားစက်ဖြင့် တစ်ခုတည်းသော အသားစုအသားပုံဖြစ်အောင် အကယ်၍ ပြုသော် ထိုအကြောင်းကြောင့် မကောင်းမှုသည် ရှိ၏၊ မကောင်းမှုဖြစ်ခြင်း သည် ရှိ၏၊ အသက်ကို သတ်လျက် သတ်စေလျက်၊ ဖြတ်လျက် ဖြတ်စေလျက်၊ နှိပ်စက်လျက် နှိပ်စက် စေလျက် ဂင်္ဂါမြစ်၏ တောင်ဘက်ကမ်းသို့ အကယ်၍ သွားနေစေကာမူထို (သတ်ခြင်းစသော) အကြောင်း ကြောင့် မကောင်းမှုသည် ရှိ၏၊ မကောင်းမှုဖြစ်ခြင်း ရှိ၏၊ လှူလျက်လှူစေလျက်၊ ပူဇော်လျက် ပူဇော်စေလျက် ဂင်္ဂါမြစ်၏ မြောက်ဘက်ကမ်းသို့ အကယ်၍ သွားနေစေကာမူထိုလှူ ခြင်း (စသော) အကြောင်းကြောင့် ကောင်းမှုသည် ရှိ၏၊ ကောင်းမှုဖြစ်ခြင်းသည် ရှိ၏၊ အလှူပေးခြင်း ဣန္ဒြေကို ဆုံးမခြင်း သီလစောင့်စည်းခြင်း အမှန်ဆိုခြင်းတို့ကြောင့် ကောင်းမှုသည် ရှိ၏၊ ကောင်းမှုဖြစ်ခြင်းသည် ရှိ၏”ဟု ဤသို့ ပြောဆိုယူဆကြကုန်သော သမဏဗြာဟ္မဏတို့အားကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်၊ ဤသုံးပါးသော အကုသိုလ်တရားတို့ကို ဖောက်ခွဲဖျက်ဆီး၍ကာယသုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက်၊ ဤသုံးပါးသော ကုသိုလ်တရားတို့ကိုကျင့်ကုန်လတ္တံ့ဟူသော အကျိုးသည်သာ ဧကန်ဖြစ်ရမည်။ အဘယ့်ကြောင့်နည်း၊ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အကုသိုလ်တရားတို့၏ အပြစ်ယုတ်ညံ့ပုံ ညစ်ညူးပုံကို မြင်ကြကုန်၍ကုသိုလ်တရားတို့၏ မကောင်းမှုတို့မှ ထွက်မြောက်ခြင်း၌ အကျိုးကို, ဖြူစင်သောအဖို့ကိုမြင်ကြကုန်သောကြောင့်တည်း။

ထင်ရှားရှိသည်သာလျှင်ဖြစ်သော ပြုလုပ်မှုကို “ပြုလုပ်မှုသည် ရှိ၏”ဟု ထိုသူမှာ အယူရှိ၏၊ ထိုသူ၏ထိုအယူသည် မှန်သော အယူဖြစ်၏။ ထင်ရှားရှိသည်သာလျှင်ဖြစ်သော ပြုလုပ်မှုကို “ပြုလုပ်မှု သည်ရှိ၏”ဟု ကြံ၏။ ထိုသူ၏ ထိုအကြံသည် မှန်သော အကြံဖြစ်၏။ ထင်ရှားရှိသည်သာလျှင်ဖြစ်သောပြုလုပ်မှုကို “ပြုလုပ်မှုသည် ရှိ၏”ဟူသော စကားကို ပြောဆို၏၊ ထိုသူ၏ ထိုစကားသည် မှန်သောစကားဖြစ်၏။ ထင်ရှားရှိသည် သာလျှင်ဖြစ်သော ပြုလုပ်မှုကို “ပြုလုပ်မှုသည် ရှိ၏”ဟု ပြောဆို၏။ ဤသူသည် ကိရိယဝါဒ အယူရှိကုန်သော ရဟန္တာပုဂ္ဂိုလ်တို့အား ဆန့်ကျင်ဘက် မပြုလုပ်။ ထင်ရှားရှိသည်သာလျှင်ဖြစ်သော ပြုလုပ်မှုကို “ပြုလုပ်မှုသည် ရှိ၏”ဟု သူတစ်ပါးကို သိစေ၏၊ ထိုသူ၏ သိစေခြင်းသည်း သူတော်ကောင်းတရားကို သိစေခြင်းဖြစ်၏။ ထိုသူတော်ကောင်းတရားကို သိစေခြင်းဖြင့်လည်းမိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ၊ ဤသို့လျှင် ထိုသူမှာ ရှေးမဆွကပင်လျှင် မကောင်းသောသဘောသည် ပယ်ထားပြီးဖြစ်၏။ ကောင်းသောသဘောသည် ရှေးရှုတည်နေ၏။

ဤမှန်ကန်သောအယူ၊ ဤမှန်ကန်သောအကြံ၊ ဤမှန်ကန်သောစကား၊ ဤအရိယာတို့နှင့် မဆန့်ကျင်ခြင်း၊ သူတော်ကောင်းတရားကို သိစေခြင်း၊ မိမိကိုယ်ကို မချီးမြှောက်ခြင်း၊ သူတစ်ပါးကို မရှုတ်ချ့ခြင်း ဤသို့ များစွာသော ဤကုသိုလ်တရားတို့သည် မှန်သောအယူဟူသော အကြောင်းကြောင့် ထိုသူမှာဖြစ်ပေါ်လာကုန်၏။

သူကြွယ်တို့ ထိုအယူနှစ်မျိုးတို့တွင် ပညာရှိယောကျာ်းသည် ဤသို့ ဆင်ခြင်၏— ပြုလုပ်မှုသည်အကယ်၍ ရှိသည်သာဖြစ်အံ့၊ ဤသို့ရှိခဲ့သော် ဤအသျှင်ယောကျာ်းပုဂ္ဂိုလ်သည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ ကောင်းသောလားရာဖြစ်သော နတ်ပြည်လောကသို့ ရောက်ရလတ္တံ့။

ပြုလုပ်မှုသည် အကယ်၍ မရှိပါနှင့်ဦး၊ ထိုအသျှင်သမဏဗြာဟ္မဏတို့၏ စကားသည် မှန်သည်ဖြစ်ပါစေဦး၊ ထိုသို့ ဖြစ်သော်လည်း ဤအသျှင်ယောကျာ်းပုဂ္ဂိုလ်သည် မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင်လျှင် “သီလရှိသော၊ မှန်သော အယူရှိသော၊ ကိရိယဝါဒရှိသော ယောကျာ်းပုဂ္ဂိုလ်တည်း”ဟု ပညာရှိတို့ အချီးအမွမ်းခံရ၏။

ပြုလုပ်မှုသည် အကယ်၍ ရှိသည်သာလျှင် ဖြစ်အံ့၊ ဤသို့ ရှိခဲ့သော် ဤအသျှင်ယောကျာ်း ပုဂ္ဂိုလ် သည်မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင်လျှင် ပညာရှိတို့ အချီးအမွမ်းခံရခြင်း၊ ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှ နောက်၌ ကောင်းသောလားရာဖြစ်သော နတ်ပြည်လောကသို့ ရောက်ရခြင်းအားဖြင့် နှစ်ပါးစုံအောင်မြင်၏၊ ထိုသို့ ထိုသူ၏ ဤသို့ကောင်းစွာ စွဲယူဆောက်တည်ထားသော ဧကန်အကျိုးရှိသော ဤအကျင့်တရားသည် နှစ်ပါးသော အဖို့ကို နှံ့၍ တည်၏၊ အကုသိုလ်အရာကို ကြဉ်ရှောင်၏။

၁ဝဝ။ သူကြွယ်တို့ “သတ္တဝါတို့ ညစ်ညူးရန် အကြောင်းသည် မရှိ၊ အထောက်အပံ့သည် မရှိ၊ အကြောင်းမရှိ အထောက်အပံ့မရှိဘဲ သတ္တဝါတို့သည် ညစ်ညူးကုန်၏။ သတ္တဝါတို့ စင်ကြယ်ရန်အကြောင်းသည် မရှိ၊ အထောက်အပံ့သည် မရှိ၊ အကြောင်း မရှိ အထောက်အပံ့ မရှိဘဲ သတ္တဝါတို့သည်စင်ကြယ်ကုန်၏။ ခွန်အားသည် မရှိ၊ လုံ့လသည် မရှိ၊ ယောကျာ်းတို့ စွမ်းအားသည် မရှိ၊ ယောကျာ်းတို့ အားထုတ်မှုသည် မရှိ၊ အလုံးစုံသော သတ္တဝါ အလုံးစုံသော သက်ရှူသတ္တဝါ အလုံးစုံသော ထင်ရှားဖြစ်သောသတ္တဝါ အလုံးစုံသော သက်ရှိအရာတို့သည် အစွမ်းမရှိကုန်၊ ခွန်အားမရှိကုန်၊ လုံ့လမရှိကုန်၊ ဖြစ်မြဲအတိုင်း ဆုံစည်းသည့်အတိုင်း သဘာဝအတိုင်း အမျိုးမျိုးဖြစ်ကုန်၍ ဇာတ်အထူး ခြောက်မျိုးတို့၌သာလျှင် ချမ်းသာဆင်းရဲကို ခံစားကုန်၏”ဟု ဤသို့ ပြောဆိုယူဆကြကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။

သူကြွယ်တို့ ထိုသမဏဗြာဟ္မဏတို့နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဝါဒရှိကြကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် “သတ္တဝါတို့ ညစ်ညူးရန် အကြောင်းသည် ရှိ၏၊ အထောက်အပံ့သည် ရှိ၏၊ အကြောင်းရှိသည်ဖြစ်၍ အထောက်အပံ့ရှိသည်ဖြစ်၍ သတ္တဝါတို့သည် ညစ်ညူးကုန်၏။ သတ္တဝါတို့ စင်ကြယ်ရန် အကြောင်းသည် ရှိ၏၊ အထောက်အပံ့သည် ရှိ၏၊ အကြောင်းရှိသည် ဖြစ်၍ အထောက်အပံ့ရှိသည် ဖြစ်၍ သတ္တဝါတို့သည် စင်ကြယ်ကုန်၏။ ခွန်အားသည်ရှိ၏၊ လုံ့လသည် ရှိ၏၊ ယောကျာ်းတို့ စွမ်းအားသည် ရှိ၏၊ ထိုယောကျာ်းတို့ အားထုတ်မှုသည် ရှိ၏၊ အလုံးစုံသောသတ္တဝါ အလုံးစုံသော သက်ရှူ သတ္တဝါ အလုံးစုံသော ထင်ရှားဖြစ်သောသတ္တဝါ အလုံးစုံသောသက်ရှိအရာတို့သည် အစွမ်းရှိကုန်၏၊ ခွန်အားရှိကုန်၏၊ လုံ့လရှိကုန်၏၊ ဖြစ်မြဲအတိုင်း ဆုံစည်းသည့်အတိုင်း သဘာဝအတိုင်း အမျိုးမျိုးဖြစ်ကုန်၏၊ ဇာတ်အထူးခြောက်မျိုးတို့၌သာလျှင် ချမ်းသာဆင်းရဲကိုမခံစားကုန်”ဟု ဤသို့ ပြောဆိုလေ့ရှိကုန်၏။

သူကြွယ်တို့ ထိုသဘောကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤသမဏဗြာဟ္မဏတို့သည် အချင်း ချင်းဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဝါဒရှိကုန်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏ဟု (လျှောက်ကြကုန်၏)။

၁ဝ၁။ သူကြွယ်တို့ ထိုအယူနှစ်မျိုးတို့တွင် “သတ္တဝါတို့ ညစ်ညူးရန် အကြောင်းသည် မရှိ၊ အထောက်အပံ့သည် မရှိ၊ အကြောင်းမရှိ အထောက်အပံ့မရှိဘဲ သတ္တဝါတို့သည် ညစ်ညူးကုန်၏။ ့သတ္တဝါ တို့ စင်ကြယ်ရန် အကြောင်းသည် မရှိ၊ အထောက်အပံ့သည် မရှိ၊ အကြောင်းမရှိအထောက်အပံ့မရှိဘဲ သတ္တဝါတို့သည် စင်ကြယ်ကုန်၏။ ခွန်အားသည် မရှိ၊ လုံ့လသည် မရှိ၊ ယောကျာ်းတို့ စွမ်းအားသည် မရှိ၊ ယောကျာ်းတို့ အားထုတ်မှုသည် မရှိ၊ အလုံးစုံသော သတ္တဝါအလုံးစုံသော သက်ရှူသတ္တဝါ အလုံး စုံသော ထင်ရှားဖြစ်သောသတ္တဝါ အလုံးစုံသောသက်ရှိအရာတို့သည် အစွမ်းမရှိကုန်၊ ခွန်အားမရှိကုန်၊ လုံ့လမရှိကုန်၊ ဖြစ်မြဲအတိုင်းဆုံစည်းသည့်အတိုင်း သဘာဝအတိုင်း အမျိုးမျိုးဖြစ်ကုန်၍ ဇာတ်အထူး ခြောက်မျိုးတို့၌သာလျှင်ချမ်းသာဆင်းရဲကို ခံစားကုန်၏”ဟု ဤသို့ ပြောဆိုယူဆကြသော သမဏ ဗြာဟ္မဏတို့အားကာယသုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက်၊ ဤသုံးပါးသော ကုသိုလ်တရားတို့ကို ဖောက်ခွဲဖျက်ဆီး၍ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်၊ ဤသုံးပါးသော အကုသိုလ်တရားတို့ကို ဆောက်တည်၍ကျင့်ကြကုန်လတ္တံ့ဟူသော အပြစ်သည်သာ ဧကန်ဖြစ်ရမည်။

ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ထိုသမဏဗြာဟ္မဏတို့သည် အကုသိုလ်တရားတို့၏အပြစ်ယုတ်ညံ့ပုံ ညစ်ညူးပုံကို မမြင်ကြကုန်၊ ကုသိုလ်တရားတို့၏ မကောင်းမှုမှ ထွက်မြောက်ခြင်း၌အကျိုးကို ဖြူစင်သောအဖို့ကို မမြင်ကြကုန်သောကြောင့်တည်း။ ထင်ရှားရှိသည်သာလျှင်ဖြစ်သောအကြောင်းရင်းကို “အကြောင်းရင်းသည် မရှိ”ဟု ထိုသူမှာ အယူရှိ၏၊ ထိုသူ၏ ထိုအယူသည် မှားသောအယူဖြစ်၏။ ထင်ရှားရှိသည်သာလျှင်ဖြစ်သော အကြောင်းရင်းကို “အကြောင်းရင်းသည် မရှိ”ဟု ကြံ၏။ ထိုသူ၏ ထိုအကြံသည် မှားသော အကြံဖြစ်၏။ ထင်ရှားရှိသည်သာလျှင်ဖြစ်သော အကြောင်းရင်းကို”အကြောင်းရင်းသည် မရှိ” ဟူသော စကားကို ပြောဆို၏၊ ထိုသူ၏ ထိုစကားသည် မှားသော စကားဖြစ်၏။ ထင်ရှားရှိသည်သာလျှင်ဖြစ်သော အကြောင်းရင်းကို “အကြောင်းရင်းသည် မရှိ”ဟု ပြောဆို၏၊ ဤသူသည် အကြောင်းရင်းရှိ၏ဟူသော ဟေတုဝါဒရှိကြကုန်သော ရဟန္တာအသျှင်တို့အား ဆန့်ကျင်ဘက်ပြု၏။ ထင်ရှားရှိသည်သာလျှင်ဖြစ်သော အကြောင်းရင်းကို “အကြောင်းရင်းသည် မရှိ”ဟု သူတစ်ပါးတို့ကို သိစေ၏၊ ထိုသူ၏ သိစေခြင်းသည် မသူတော်တရားကို သိစေခြင်းဖြစ်၏၊ ထိုမသူတော်တရားကိုသိစေခြင်းဖြင့်လည်း မိမိကိုယ်ကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ဤသို့လျှင် ထိုသူမှာ ရှေးမဆွကပင်လျှင် ကောင်းသောသဘောသည် ပယ်ထားပြီးဖြစ်၏၊ မကောင်းသော သဘောသည် ရှေးရှုတည်နေ၏။

ဤမှားသောအယူ၊ မှားသောအကြံ၊ မှားသောစကား၊ အရိယာတို့နှင့် ဆန့်ကျင်ခြင်း၊ မသူတော်တရားကို သိစေခြင်း၊ မိမိကိုယ်ကို ချီးမြှောက်ခြင်း၊ သူတစ်ပါးကို ရှုတ်ချခြင်း ဤသို့ များစွာသော ယုတ်ညံ့သော ဤအကုသိုလ်တရားတို့သည် မှားသောအယူဟူသော အကြောင်းကြောင့် ထိုသူမှာ ဖြစ်ပေါ်လာကုန်၏။

သူကြွယ်တို့ ထိုအယူနှစ်မျိုးတို့တွင် ပညာရှိယောကျာ်းသည် ဤသို့ ဆင်ခြင်၏—အကြောင်းရင်းသည်အကယ်၍ မရှိသည်ဖြစ်အံ့၊ ဤသို့ မရှိခဲ့သော် ဤအသျှင်ယောကျာ်းပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှ နောက်၌ မိမိကိုယ်ကို ချမ်းသာအောင် ပြုလတ္တံ့။ အကြောင်းရင်းသည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ဤသို့ရှိခဲ့သော် ဤအသျှင်ယောကျာ်းပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ချမ်းသာကင်းသော မကောင်းသောလားရာဖြစ်သော ဖရိုဖရဲကျရာဖြစ်သော ငရဲသို့ ရောက်ရလတ္တံ့။ အကြောင်းရင်းသည် အကယ်၍ မရှိပါစေနှင့်ဦး၊ ထိုအသျှင်သမဏဗြာဟ္မဏတို့၏ စကားသည် မှန်သည်ပင်ဖြစ်ပါစေဦး၊ ထိုသို့ဖြစ်သော်လည်း ဤအသျှင်ယောကျာ်းပုဂ္ဂိုလ်သည် မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင် “သီလမရှိသော၊ မှားသောအယူရှိသော၊ အကြောင်းရင်းမရှိဟု ယူဆသော ယောကျာ်းပုဂ္ဂိုလ်တည်း”ဟု ပညာရှိတို့ အကဲ့ရဲ့ခံရ၏။ အကြောင်းရင်းသည် အကယ်၍ ရှိသည်သာလျှင် ဖြစ်အံ့၊ ဤသို့ ရှိခဲ့သော် ဤအသျှင်ယောကျာ်းပုဂ္ဂိုလ်သည် မျက်မှောက်သော ကိုယ်၏ အဖြစ်၌လည်း ပညာရှိတို့အကဲ့ရဲ့ခံရခြင်း၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌လည်း ချမ်းသာကင်းသော မကောင်းသောလားရာဖြစ်သော ဖရိုဖရဲကျရာဖြစ်သော ငရဲသို့ ရောက်ရခြင်းအားဖြင့် နှစ်ပါးစုံ ဆုံးရှုံး၏၊ ဤသို့ ထိုသူ၏မကောင်းသောအားဖြင့် စွဲယူဆောက်တည်ထားသော ဧကန်အကျိုးရှိသော ဤအကျင့် တရားသည်တစ်ဖက်သတ်နှံ့၍ တည်၏၊ ကုသိုလ်အရာကို ကြဉ်ရှောင်၏။

၁ဝ၂။ သူကြွယ်တို့ ထိုအယူနှစ်မျိုးတို့တွင် “သတ္တဝါတို့ ညစ်ညူးရန် အကြောင်းသည် ရှိ၏၊ အထောက်အပံ့သည် ရှိ၏၊ အကြောင်းရှိသည်ဖြစ်၍ အထောက်အပံ့ရှိသည်ဖြစ်၍ သတ္တဝါတို့သည် ညစ်ညူးကုန်၏။ သတ္တဝါတို့ စင်ကြယ်ရန် အကြောင်းသည် ရှိ၏၊ အထောက်အပံ့သည် ရှိ၏၊ အကြောင်းရှိသည်ဖြစ်၍ အထောက်အပံ့ရှိသည်ဖြစ်၍ သတ္တဝါတို့သည် စင်ကြယ်ကုန်၏။ ခွန်အားသည် ရှိ၏၊ လုံ့လသည်ရှိ၏၊ ယောကျာ်းတို့ စွမ်းအားသည် ရှိ၏၊ ယောကျာ်းတို့ အားထုတ်မှုသည် ရှိ၏၊ အလုံးစုံသောသတ္တဝါအလုံးစုံသောသက်ရှူသတ္တဝါ အလုံးစုံသော ထင်ရှားဖြစ်သောသတ္တဝါ အလုံးစုံသောသက်ရှိအရာတို့သည်အစွမ်းရှိကုန်၏၊ ခွန်အားရှိကုန်၏၊ လုံ့လရှိကုန်၏၊ ဖြစ်မြဲအတိုင်း ဆုံစည်းသည့်အတိုင်း သဘာဝအတိုင်းအမျိုးမျိုးဖြစ်ကုန်၏၊ ဇာတ်အထူးခြောက်မျိုးတို့၌သာလျှင် ချမ်းသာဆင်းရဲကို မခံစားကုန်”ဟု ဤသို့ပြောဆိုယူဆကြကုန်သော သမဏဗြာဟ္မဏတို့အား ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်၊ ဤသုံးပါးသော အကုသိုလ်တရားတို့ကို ဖောက်ခွဲဖျက်ဆီး၍ ကာယသုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက်၊ ဤသုံးပါးသော ကုသိုလ်တရားတို့ကို ဆောက်တည်၍ ကျင့်ကြကုန် လတ္တံ့ဟူသော အကျိုးသည်သာ ဧကန်ဖြစ်ရမည်။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် အကုသိုလ်တရားတို့၏ အပြစ်ယုတ်ညံ့ပုံ ညစ်ညူးပုံကို မြင်ကြကုန်၍ ကုသိုလ်တရားတို့၏ မကောင်းမှုမှ ထွက်မြောက်ခြင်း၌ အကျိုးကို ဖြူစင်သောအဖို့ကို မြင်ကြကုန်သောကြောင့်တည်း။

ထင်ရှားရှိသည်သာလျှင်ဖြစ်သော အကြောင်းရင်းကို “အကြောင်းရင်းသည် ရှိ၏”ဟု ထိုသူမှာ အယူရှိ၏၊ ထိုသူ၏ ထိုအယူသည် မှန်သောအယူ ဖြစ်၏။ ထင်ရှားရှိသည်သာလျှင်ဖြစ်သော အကြောင်းရင်းကို”အကြောင်းရင်းသည် ရှိ၏”ဟု ကြံ၏၊ ထိုသူ၏ ထိုအကြံသည် မှန်သောအကြံ ဖြစ်၏။ ထင်ရှားရှိသည်သာ လျှင်ဖြစ်သော အကြောင်းရင်းကို “အကြောင်းရင်းသည် ရှိ၏” ဟူသော စကားကိုပြောဆို၏၊ ထိုသူ၏ ထိုစကားသည် မှန်သောစကား ဖြစ်၏။ ထင်ရှားရှိသည်သာလျှင်ဖြစ်သောအကြောင်းရင်းကို “အကြောင်း ရင်းသည် ရှိ၏”ဟု ပြောဆို၏၊ ဤသူသည် အကြောင်းရင်းရှိ၏ဟူသောဝါဒရှိကုန်သော ရဟန္တာအသျှင် တို့အား ဆန့်ကျင်ဘက်ကို မပြုလုပ်။ ထင်ရှားရှိသည်သာလျှင်ဖြစ်သောအကြောင်းရင်းကို “အကြောင်း ရင်းသည် ရှိ၏”ဟု သူတစ်ပါးကို သိစေ၏၊ ထိုသူ၏ သိစေခြင်းသည်သူတော်ကောင်းတရားကို သိစေ ခြင်းဖြစ်၏၊ ထိုသူတော်ကောင်းတရားကို သိစေခြင်းဖြင့်လည်းမိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ဤသို့လျှင် ထိုသူမှာ ရှေးမဆွကပင်လျှင်မကောင်းသောသဘောသည် ပယ်ထားပြီးဖြစ်၏၊ ကောင်းသော သဘောသည် ရှေးရှူတည်နေ၏။

ဤမှန်ကန်သောအယူ၊ မှန်ကန်သောအကြံ၊ မှန်ကန်သောစကား၊ အရိယာပုဂ္ဂိုလ်တို့နှင့် မဆန့်ကျင်ခြင်း၊ သူတော်ကောင်းတရားကို သိစေခြင်း၊ မိမိကိုယ်ကို မချီးမြှောက်ခြင်း၊ သူတစ်ပါးကို မရှုတ်ချခြင်း၊ ဤသို့ များစွာသော ဤကုသိုလ်တရားတို့သည် မှန်ကန်သော အယူဟူသောအကြောင်းကြောင့် ထိုသူမှာဖြစ်ပေါ်လာကုန်၏။ သူကြွယ်တို့ ထိုအယူနှစ်မျိုးတို့တွင် ပညာရှိယောကျာ်းသည် ဤသို့ ဆင်ခြင်၏—အကြောင်းရင်းသည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ဤသို့ရှိခဲ့သော် ဤအသျှင်ယောကျာ်းပုဂ္ဂိုလ်သည်ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာဖြစ်သော နတ်ပြည်လောကသို့ရောက်ရလတ္တံ့။

အကြောင်းရင်းသည် အကယ်၍ မရှိပါနှင့်ဦး၊ ထိုအသျှင်သမဏဗြာဟ္မဏတို့၏ စကားသည် မှန် သည်ပင်ဖြစ်ပါစေဦး၊ ထိုသို့ ဖြစ်သော်လည်း ဤအသျှင်ယောကျာ်းပုဂ္ဂိုလ်သည် မျက်မှောက်သော ကိုယ်၏့အဖြစ်၌ပင်လျှင် “သီလရှိသော၊ မှန်သောအယူရှိသော၊ ဟေတုဝါဒရှိသော ယောကျာ်းပုဂ္ဂိုလ်တည်း”ဟုပညာရှိတို့ အချီးအမွမ်းခံရ၏။ အကြောင်းရင်းသည် အကယ်၍ ရှိသည်သာလျှင် ဖြစ်အံ့၊ ဤသို့ ရှိခဲ့သော်ဤအသျှင်ယောကျာ်းပုဂ္ဂိုလ်သည် မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင်လျှင် ပညာရှိတို့ အချီးအမွမ်းခံရခြင်း၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာဖြစ်သော နတ်ပြည်လောကသို့ရောက်ရခြင်းအားဖြင့် နှစ်ပါးစုံ အောင်မြင်၏။ ဤသို့ ထိုသူ၏ ကောင်းစွာ စွဲယူဆောက်တည်ထားသောဧကန်အကျိုးရှိသော ဤအကျင့်တရားသည် နှစ်ပါးသော အဖို့ကို နှံ့၍ တည်၏၊ အကုသိုလ်အရာကိုကြဉ်ရှောင်၏။

၁ဝ၃။ သူကြွယ်တို့ “အချင်းခပ်သိမ်း အရူပဗြဟ္မာမည်သည် မရှိ”ဟု ဤသို့ ပြောဆိုယူဆလေ့ရှိကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ သူကြွယ်တို့ ထိုသမဏဗြာဟ္မဏတို့နှင့်ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဝါဒရှိကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် “အချင်းခပ်သိမ်း အရူပဗြဟ္မာမည်သည် ရှိ၏”ဟု ဤသို့ ပြောဆိုကြကုန်၏။ သူကြွယ်တို့ ထိုသဘောကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤသမဏ ဗြာဟ္မဏတို့သည် အချင်းချင်း ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဝါဒရှိကုန်သည်မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏ဟု (လျှောက်ကြကုန်၏)။

သူကြွယ်တို့ ထိုအယူနှစ်မျိုးတို့တွင် ပညာရှိယောကျာ်းသည် ဤသို့ ဆင်ခြင်၏—“ထိုအသျှင်သမဏဗြာဟ္မဏတို့သည် ‘အချင်းခပ်သိမ်း အရူပဗြဟ္မာသည် မရှိ’ဟု ဤသို့ ပြောဆိုယူဆကြကုန်၏၊ ဤအရာကို ငါ မမြင်။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည်လည်း ‘အချင်းခပ်သိမ်း အရူပဗြဟ္မာမည်သည်ရှိ၏’ဟု ဤသို့ ပြောဆိုကြကုန်၏။ ဤအရာကို ငါ မသိ။ စင်စစ်အားဖြင့် ငါသည် မမြင်ဘဲမသိဘဲလျက် တစ်ဖက်သတ်အားဖြင့် ယူဆ၍ ‘ဤငါ၏ စကားသည်သာလျှင် မှန်၏၊ တစ်ပါးသူတို့၏စကားသည် (အမှား) အချည်းနှီးသာတည်း’ဟု ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မလျောက်ပတ်ရာ။ ‘အချင်းခပ်သိမ်း အရူပ ဗြဟ္မာမည်သည် မရှိ’ဟု ဤသို့ ပြောဆိုယူဆကြ ကုန်သောအသျှင်သမဏဗြာဟ္မဏတို့၏ စကားသည် အကယ်၍ မှန်သည်ဖြစ်အံ့။ ရုပ်ရှိကုန်သော ဈာန်စိတ်ဖြင့်ပြီးကုန်သော နတ်ဗြဟ္မာတို့၌ ဧကန် ငါ ဖြစ်ရ လတ္တံ့ဟူသော ဤအကြောင်းကား ရှိ၏။

ထိုမှတစ်ပါး ‘အချင်းခပ်သိမ်း ရုပ်မရှိသောအရူပဗြဟ္မာတို့သည် ရှိကုန်၏’ဟု ဤသို့ ပြောဆိုယူဆကြကုန်သော အသျှင်သမဏဗြာဟ္မဏတို့၏ စကားသည် အကယ်၍ မှန်သည်ဖြစ်အံ့၊ ရုပ်မရှိကြကုန်သောအရူပဈာန်သညာဖြင့် ပြီးဆုံးကုန်သော နတ်ဗြာဟ္မာတို့၌ ဧကန် ငါ ဖြစ်ရလတ္တံ့ဟူသောဤအကြောင်းကား ရှိ၏။ အမှန်အားဖြင့် ရုပ်ဟူသော အကြောင်းကြောင့် တုတ်ကိုကိုင်ခြင်းဓားကိုကိုင်ခြင်း ငြင်းခုံခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်ဘက်ပြောဆိုခြင်း နင်နင်ဟုဆိုခြင်း ကုန်းချောခြင်းမုသားပြောဆိုခြင်းတို့သည် ထင်ရှားကုန်၏၊ ရုပ်မရှိသော အရူပဗြဟ္မာဘုံ၌ အချင်းခပ်သိမ်းထိုအလုံးစုံသည် မရှိ”ဟု ဆင်ခြင်၏။ ထိုပညာရှိယောကျာ်းသည် ဤသို့ ပညာဖြင့် ဆင်ခြင်၍ရုပ်တရားတို့ကိုသာလျှင် ငြီးငွေ့ခြင်းငှါ တပ်ခြင်း ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။

၁ဝ၄။ သူကြွယ်တို့ “အချင်းခပ်သိမ်း ဘဝတို့၏ ချုပ်ငြိမ်းခြင်းသည် မရှိ”ဟု ဤသို့ ပြောဆိုယူဆကြကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကြကုန်၏။ သူကြွယ်တို့ ထိုသမဏဗြာဟ္မဏတို့နှင့်ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်အယူဝါဒရှိကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် “အချင်းခပ်သိမ်းဘဝတို့၏ ချုပ်ငြိမ်းခြင်းသည် ရှိ၏”ဟု ဤသို့ ပြောဆိုကြကုန်၏။ သူကြွယ်တို့ ထိုသဘောကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ဤသမဏဗြာဟ္မဏတို့သည် အချင်းချင်း ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဝါဒရှိကြကုန်သည် မဟုတ်ကုန်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏ဟု (လျှောက်ကြကုန်၏)။

သူကြွယ်တို့ ထိုအယူနှစ်မျိုးတို့တွင် ပညာရှိယောကျာ်းသည် ဤသို့ ဆင်ခြင်၏—“ထိုအသျှင်သမဏဗြာဟ္မဏတို့သည် ‘အချင်းခပ်သိမ်း ဘဝတို့၏ ချုပ်ငြိမ်းခြင်းသည် မရှိ’ဟု ဤသို့ ပြောဆိုယူဆ့ကြကုန်၏၊ ဤအရာကို ငါမမြင်။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည်လည်း ‘အချင်းခပ်သိမ်း ဘဝတို့၏ချုပ်ငြိမ်းခြင်းသည် ရှိ၏’ဟု ဤသို့ ပြောဆိုယူဆကြကုန်၏၊ ဤအရာကို ငါမသိ။ စင်စစ်အားဖြင့်ငါသည် မသိဘဲ မမြင်ဘဲလျက် တစ်ဖက်သတ်အားဖြင့် ယူဆ၍ ‘ဤငါ၏ စကားသည်သာလျှင် မှန်၏၊ တစ်ပါး သူတို့၏ စကားသည် (အမှား) အချည်းနှီးသာတည်း’ဟု ပြောဆိုငြားအံ့၊ ထိုသို့ပြောဆိုခြင်းသည် မလျောက်ပတ်ရာ။ ‘အချင်းခပ်သိမ်း ဘဝတို့၏ ချုပ်ငြိမ်းခြင်းသည် မရှိ’ဟု ဤသို့ပြောဆိုယူဆကြ ကုန်သော အသျှင်သမဏဗြာဟ္မဏတို့၏ စကားသည် အကယ်၍ မှန်သည် ဖြစ်အံ့။ ရုပ်မရှိကြကုန်သော အရူပဈာန်သညာဖြင့် ပြီးကုန်သော နတ်ဗြဟ္မာတို့၌ ဧကန် ငါ ဖြစ်ရလတ္တံ့ဟူသောဤအကြောင်းကား ရှိ၏။

ထိုမှတစ်ပါး ‘အချင်းခပ်သိမ်း ဘဝတို့၏ ချုပ်ငြိမ်းခြင်းသည် ရှိ၏’ဟု ဤသို့ ပြောဆိုယူဆကြ ကုန်သောအသျှင်သမဏဗြာဟ္မဏတို့၏ စကားသည် အကယ်၍ မှန်သည်ဖြစ်အံ့၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင် ထက်ဝန်းကျင် ငြိမ်းအေးရလတ္တံ့ဟူသော ဤအကြောင်းကား ရှိ၏။ အမှန်အားဖြင့်’အချင်းခပ်သိမ်း ဘဝတို့၏ ချုပ်ငြိမ်းခြင်းသည် မရှိ’ဟု ဤသို့ ပြောဆိုယူဆကြကုန်သော အသျှင်သမဏဗြာဟ္မဏတို့၏ ဤအယူသည် တပ်မက်ခြင်းရာဂနှင့် တကွ ဖြစ်ခြင်းငှါ နီး၏၊ သံယောဇဉ်နှင့် တကွဖြစ်ခြင်းငှါ နီး၏၊ ဝဋ်ဒုက္ခ၌ အလွန်နှစ်သက်ခြင်းငှါ နီး၏၊ ဝဋ်ဒုက္ခ၌ မျိုသိပ်ခြင်းငှါ နီး၏၊ ဝဋ်ဒုက္ခ၌စွဲလမ်းခြင်းငှါ နီး၏။ ‘အချင်းခပ်သိမ်း ဘဝတို့၏ ချုပ်ငြိမ်းခြင်းသည် ရှိ၏’ဟု ဤသို့ ပြောဆိုယူဆကြကုန်သော အသျှင်သမဏဗြာဟ္မဏတို့၏ အယူသည် တပ်မက်ခြင်း’ရာဂ’ နှင့် တကွ မဖြစ်ခြင်းငှါ နီး၏၊ သံယောဇဉ်ကင်းခြင်းငှါ နီး၏၊ ဝဋ်ဒုက္ခ၌ လွန်စွာနှစ်သက်မှု မရှိခြင်းငှါ နီး၏၊ ဝဋ်ဒုက္ခ၌ မမျိုသိပ်ခြင်းငှါနီး၏၊ ဝဋ်ဒုက္ခ၌ စွဲလမ်းမှု မရှိခြင်းငှါ နီး၏”ဟု ထိုပညာရှိ ယောကျာ်းသည် ဤသို့ ပညာဖြင့် ဆင်ခြင်၍ဘဝတို့ကိုသာလျှင် ငြီးငွေ့ခြင်းငှါ တပ်ခြင်းကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။

၁ဝ၅။ သူကြွယ်တို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်း ဟူမူ— သူကြွယ်တို့ လောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်၏၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်၏။ သူကြွယ်တို့ လောက၌ အချို့သောပုဂ္ဂိုလ်သည် သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်၏၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်၏။ သူကြွယ်တို့ လောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုလည်း ပူပန်ဆင်းရဲစေတတ်၏၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့်အားထုတ်၏။ သူတစ်ပါးကိုလည်းပူပန်ဆင်းရဲစေတတ်၏၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့်အားထုတ်၏။ သူကြွယ်တို့ လောက၌ အချို့သောပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သူလည်း မဟုတ်၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သူလည်း မဟုတ်၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်းမဟုတ်၊ ထိုသူသည် မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်၊ သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်သည်ဖြစ်၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်မှု မရှိသည် ငြိမ်းချမ်းသည် အေးမြသည် ချမ်းသာသုခကို ခံစားရသည်ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရ၏။

၁ဝ၆။ သူကြွယ်တို့ မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သော မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း—သူကြွယ်တို့ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် အဝတ်မဝတ်ဘဲ နေ၏၊ လူ့အကျင့်ကို စွန့်၍ (ရပ်လျက် ကျင်ကြီး ကျင်ငယ်စွန့်ခြင်းစသည်ကို) ကျင့်၏၊ လက်ဖြင့် (မစင်ကို) သုတ်၏။ပ။ ဤဆိုအပ်ပြီးသော နည်းဖြင့် ဤသို့သဘောရှိသောများစွာသော ကိုယ်ခန္ဓာကို ပူပန်စေမှု အဖန်ဖန်ဆင်းရဲစေမှု၌ အားထုတ်သည်ဖြစ်၍ နေထိုင်၏။ သူကြွယ်တို့ ဤပုဂ္ဂိုလ်ကို မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သော မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ့ပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။

သူကြွယ်တို့ သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သော သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန် တလဲလဲပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း— သူကြွယ်တို့ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သိုးသတ်သမား ဖြစ်၏၊ ဝက်သတ်သမား ဖြစ်၏။ပ။ ထိုမှတစ်ပါး ကြမ်း၊ ကတ်သော အမှုတို့ကို ပြုလုပ်အားထုတ်သူ အားလုံးတည်း။ သူကြွယ်တို့ ဤပုဂ္ဂိုလ်မျိုးကို သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သော သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။

သူကြွယ်တို့ ဤလောက၌ မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေ မှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သူဖြစ်သည့်ပြင် သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍ သူတစ်ပါးကိုပူပန်ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း—သူကြွယ်တို့ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ရေမြေကို အစိုးရသည့် ထိပ်ထက်၌ အဘိသိက်သွန်းလောင်းအပ်သော ဘုရင်မင်းမြတ်သော်လည်း ဖြစ်၏။ပ။ ထို (မင်း) ၏ ကျေးကျွန် အစေအပါး အလုပ်သမားတို့သည်လည်း အပြစ်ဒဏ်ဖြင့် အခြိမ်းအခြောက် ခံကြရကုန်သည်ဖြစ်၍ မျက်ရည်ဖြင့်ပြည့်သောမျက်နှာရှိကြကုန်လျက် ငိုကြွေးကြကုန်လျက် အမှုကြီးငယ်တို့ကို ပြုလုပ်ကြရကုန်၏။ သူကြွယ်တို့ ဤပုဂ္ဂိုလ်မျိုးကို မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲပြုကျင့်အားထုတ်သူဖြစ်သည့်အပြင် သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍ သူတစ်ပါးကိုပူပန် ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။

သူကြွယ်တို့ မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သူ မဟုတ်သည့်ပြင် မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ မဟုတ်သည်သာမက သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သူ မဟုတ်သည့်ပြင် သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်မျိုး မဟုတ်သောမိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ် သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်သူဖြစ်၍ မျက်မှောက် အတ္တဘော၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်မှု မရှိသည် ငြိမ်းချမ်းသည် အေးမြသည်ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း—

သူကြွယ်တို့ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။ပ။ ထိုရဟန်းသည် စိတ်ညစ်ညူးခြင်းကိုဖြစ်စေတတ်ကုန်သော ပညာ၏ အားနည်းခြင်းကို ပြုတတ်ကုန်သော နီဝရဏတရားငါးပါးတို့ကို ပယ်ဖျောက်၍ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း’ဝိတက်’ နှင့်တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့်တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။

ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည် ခြင်း’သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသောဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။

ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော်တည်တံ့လတ်သော် ထို (ရဟန်း) သည် ရှေး၌ဖြစ်ဖူးသောဘဝကို အောက်မေ့နိုင်သော ‘ပုဗ္ဗေနိဝါသာနုဿတိ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် များပြားသော ရှေး၌ဖြစ်ဖူးသောဘဝကို အောက်မေ့နိုင်၏၊ ဤသည်ကား အဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် အမည်အနွယ်နှင့်တကွ များပြားသော ရှေး၌ ဖြစ့်ဖူးသော ဘဝကို အောက်မေ့၏။

ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ရောက်လတ်သော် သတ္တဝါတို့၏ သေခြင်းဖြစ်ခြင်းကို သိသော ‘စုတူပပါတ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သောနတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခုဉာဏ်’ ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါမြတ်သော သတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသောသတ္တဝါမကောင်း သော လားရာရှိသောသတ္တဝါတို့ကို မြင်၏။ပ။ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကို သိ၏။

ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ရောက်လတ်သော် အာသဝေါတရားတို့ကို ကုန်စေသော ‘အာသဝက္ခယ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထို (ရဟန်း) သည် ဤကား ဆင်းရဲ ‘ဒုက္ခ’ဟုဟုတ်မှန်သောအတိုင်း သိ၏။ပ။ ဤကားအာသဝတို့ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း ကျင့်စဉ် ‘အာသဝနိရောဓဂါမိနီပဋိပဒါ’ဟုဟုတ်မှန်သောအတိုင်းသိ၏၊ ဤသို့သိသော် ဤသို့မြင်သော် ထို (ရဟန်း) ၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးလတ်သော် ‘လွတ်မြောက်ခဲ့လေပြီ’ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စ အလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ”ဟု သိ၏။

သူကြွယ်တို့ ဤပုဂ္ဂိုလ်ကို မိမိကိုယ်ကို မပူပန် မဆင်းရဲစေတတ်ဘဲ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ မဟုတ်သည့်ပြင် သူတစ်ပါးတို့အား မပူပန် မဆင်းရဲစေတတ်ဘဲသူတစ်ပါးတို့အား ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ မဟုတ်သော ပုဂ္ဂိုလ်ဖြစ်သည့်ပြင် မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်ဘဲ သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်သည်ဖြစ်၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်မှု မရှိသည် ငြိမ်းချမ်းသည် အေးမြသည် ချမ်းသာသုခကို ခံစားရသည်ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရသူဟူ၍ဆိုရ၏ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသော် သာလာရွာသား ပုဏ္ဏားသူကြွယ်တို့သည် မြတ်စွာဘုရားအား “အသျှင် ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း မျက်စိလည်သောသူအား လမ်းမှန်ကိုပြောကြားဘိသကဲ့သို့လည်းကောင်း ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟုအမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အကျွန်ုပ်တို့သည်အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏၊ သံဃာ တော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ အသျှင်ဂေါတမသည်အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သောဥပါသကာတို့ဟု မှတ်တော်မူပါ”ဟု လျှောက်ကြကုန်၏။

ဆယ်ခုမြောက် အပဏ္ဏကသုတ် ပြီး၏။

ရှေးဦးစွာသော ဂဟပတိဝဂ် ပြီး၏။