မဇ္ဈိမနိကာယ်

၂—မဟာရာဟုလောဝါဒသုတ်

၁၁၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏။ အသျှင်ရာဟုလာသည်လည်း နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် မြတ်စွာဘုရား၏ နောက်မှနောက်မှ အစဉ်လိုက်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် နောက်သို့ ပြန်ကြည့်တော်မူ၍ အသျှင်ရာဟုလာကို— “ရာဟုလာ အတိတ်အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်းအဇ္ဈ တ္တသန္တာန်၌လည်းဖြစ်သော အပဗဟိဒ္ဓသန္တာန်၌လည်းဖြစ်သော ရုန့်ရင်းကြမ်းတမ်းသည်လည်းဖြစ်သော နူးညံ့သိမ်မွေ့သည်လည်းဖြစ်သော ယုတ်သည်လည်းဖြစ်သော မြတ်သည်လည်း ဖြစ်သော ဝေးသည်လည်းဖြစ်သော နီးသည်လည်းဖြစ်သော အကြင် အလုံးစုံသောရုပ်သည် ရှိ၏၊ ထိုအလုံးစုံသော ရုပ်သည် ငါပိုင်ဥစ္စာ မဟုတ်၊ ထိုအလုံးစုံသော ရုပ်သည် ငါမဟုတ်၊ ထိုအလုံးစုံသော ရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်ဟု ဤသို့ ထိုရုပ်ကိုဟုတ်မှန်သော အတိုင်းကောင်းသော ပညာဖြင့် ရှုရမည်ဟု (မိန့်တော်မူ၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရား ရုပ်ကိုသာလျှင် ရှုရပါမည်လော၊ စကားကောင်းကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ရုပ်ကိုသာလျှင် ရှုရပါမည်လောဟု (လျှောက်၏)။ ရာဟုလာ ရုပ်ကိုလည်းရှုရမည်၊ ဝေဒနာကိုလည်း ရှုရမည်၊ သညာကိုလည်း ရှုရမည်၊ သင်္ခါရတို့ကိုလည်း ရှုရမည်၊ ရာဟုလာဝိညာဏ်ကိုလည်း ရှုရမည်ဟု (မိန့်တော်မူ၏)။ ထိုအခါ အသျှင်ရာဟုလာသည် “မြတ်စွာဘုရားက မျက်မှောက်တွင် ဆုံးမခြင်းဖြင့် ဆုံးမအပ်သည်ရှိသော် အဘယ်မည်သော သူသည် ယနေ့ ရွာသို့ ဆွမ်းအလို့ငှါဝင်တော့အံ့နည်း”ဟု နှလုံးပြုလျက် ထိုနေရာမှ ပြန်လှည့်၍ သစ်တစ်ပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကိုဖြောင့်စွာထားလျက် ကမ္မဋ္ဌာန်း သို့ရှေးရှု သတိကိုဖြစ်စေ၍ ထိုင်နေ၏။ အသျှင်သာရိပုတြာသည်သစ်တစ်ပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်စွာ ထားလျက် ကမ္မဋ္ဌာန်းသို့ရှေးရှု သတိကိုဖြစ်စေ၍ထိုင်နေသော အသျှင်ရာဟုလာကို မြင်၍ “ရာဟုလာ ထွက်သက်, ဝင်သက်၌ အောက်မေ့မှုဟူသောအာနာပါနဿတိဘာဝနာကို ပွါးများလေလော့၊ ရာဟုလာ ထွက်သက်, ဝင်သက်၌ အောက်မေ့မှုဟူသောအာနာပါနဿတိဘာဝနာကို ပွါးများသည်ရှိသော် အကြိမ်များစွာ လေ့လာသည်ရှိသော် များမြတ်သောအကျိုးရှိ၏၊ များမြတ်သော အာနိသင်ရှိ၏”ဟု မိန့်တော်မူ၏။

၁၁၄။ ထို့နောက် အသျှင်ရာဟုလာသည် ညနေချမ်းအချိန်၌ ကိန်းအောင်းရာမှ ထ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ပြီးသော် “အသျှင်ဘုရား အာနာပါနဿတိဘာဝနာသည် အဘယ်သို့ ပွါးများအပ်သည်ရှိသော် အဘယ်သို့ ကြိမ်ဖန်များစွာ လေ့လာအပ်သည်ရှိသော် များမြတ်သောအကျိုး များမြတ်သောအာနိသင် ရှိပါသနည်း”ဟု လျှောက်၏။ ရာဟုလာ အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ကြမ်းတမ်းသော ကြမ်းတမ်းခြင်းသို့ ရောက်သောအကြင်အလုံး စုံသော ဥပါဒိန္နမည်သော ကံတရားသည် အကျိုးအဖြစ်ဖြင့် ယူအပ်သော ရုပ်တရားသည်ရှိ၏။ ဤဥပါဒိန္န ရုပ်တရားဟူသည် အဘယ်နည်း —ဆံပင်, အမွေး, ခြေသည်း လက်သည်း, သွား, အရေ၊ အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့၊ နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်၊ အူမ, အူသိမ်, အစာသစ်, အစာဟောင်း။ ထို့အပြင် အဇ္ဈ တ္တသန္တာန်၌ဖြစ်သောကိုယ်ကိုစွဲ၍ဖြစ်သော ကြမ်း တမ်းသော ကြမ်းတမ်းသည်၏အဖြစ်သို့ရောက်သော အခြားအလုံးစုံသောဥပါဒိန္နရုပ်တရားသည် ရှိ၏၊ ရာဟုလာ ဤဆိုအပ်ပြီးသော အလုံးစုံသော ရုပ်တရားကို အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ပထဝီဓာတ်ဟူ၍ ဆိုအပ်ပေ၏။

အမှန်အားဖြင့် အကြင်အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ပထဝီဓာတ်သည်လည်းကောင်း၊ အကြင်ဗဟိဒ္ဓသန္တာန်၌ဖြစ်သော ပထဝီဓာတ်သည်လည်းကောင်း ရှိ၏၊ ထိုအလုံးစုံသော ပထဝီဓာတ်သည် ပထဝီဓာတ်ချင်းတူသည်သာတည်း။ “ထိုအလုံးစုံသော ပထဝီဓာတ်သည် ငါပိုင်ဥစ္စာ မဟုတ်၊ ထိုပထဝီဓာတ်သည်ငါမဟုတ်၊ ထိုပထဝီဓာတ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်” ဟူ၍ ဤသို့ ထိုနှစ်ပါးသော ပထဝီဓာတ်ကိုမဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုအပ်၏၊ ဤသို့ ထိုပထဝီဓာတ်ကိုမဖောက်မပြန်ဟုတ်မှန်သောအတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုလတ်သော် ပထဝီဓာတ်၌ငြီးငွေ့၏၊ ပထဝီဓာတ်၌ စိတ်သည် တပ်ခြင်းကင်း၏။

၁၁၅။ ရာဟုလာ အာပေါဓာတ်ဟူသည် အဘယ်နည်း— အာပေါဓာတ်သည် အချို့ကား အဇ္ဈ တ္တသန္တာန်၌ ဖြစ်၏၊ အချို့ကား ဗဟိဒ္ဓသန္တာန်၌ ဖြစ်၏၊ ရာဟုလာ အဇ္ဈ တ္တသန္တာန်၌ဖြစ်သော အာပေါဓာတ်ဟူသည် အဘယ်နည်း— အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ကိုယ်ကိုစွဲ၍ဖြစ်သော ယိုစီးသော ယိုစီးခြင်းသို့ရောက်သော အကြင်ဥပါဒိန္နဓာတ် သဘောသည် ရှိ၏၊ ဤဥပါဒိန္နဓာတ်သဘောဟူသည် အဘယ်နည်း။ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်။ ထို့အပြင် အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ကိုယ်ကိုစွဲ၍ဖြစ်သော ယိုစီးသော ယိုစီးခြင်းသို့ရောက်သော အခြားအလုံးစုံသော ဥပါဒိန္နဓာတ်သဘောသည် ရှိ၏၊ ရာဟုလာ ဤသို့သဘောရှိသော ဓာတ်သဘောကို အဇ္ဈ တ္တသန္တာန်၌ဖြစ်သော အာပေါဓာတ်ဟူ၍ ဆိုအပ်၏။ အမှန်အားဖြင့် အကြင်အဇ္ဈ တ္တသန္တာန်၌ဖြစ်သော အာပေါဓာတ်သည်လည်းကောင်း၊ အကြင်ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော အာပေါဓာတ်သည်လည်းကောင်း ရှိ၏၊ ဤအလုံးစုံသော အာပေါဓာတ်သည် အာပေါဓာတ်ချင်း တူသည်သာတည်း။ “ထိုအလုံးစုံသော အာပေါဓာတ်သည် ငါပိုင်ဥစ္စာ မဟုတ်၊ ထိုအာပေါဓာတ်သည် ငါမဟုတ်၊ ထိုအာပေါဓာတ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟူ၍ ဤသို့ ထိုအာပေါဓာတ်ကို မဖောက်မပြန်ဟုတ်မှန်သောအတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုအပ်၏၊ ဤသို့ ထိုအာပေါဓာတ်ကိုမဖောက်မပြန်ဟုတ်မှန်သောအတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုလတ်သော် အာပေါဓာတ်၌ငြီးငွေ့၏၊ အာပေါဓာတ်၌ စိတ်သည် တပ်ခြင်းကင်း၏။

၁၁၆။ ရာဟုလာ တေဇောဓာတ်ဟူသည် အဘယ်နည်း—တေဇောဓာတ်သည် အချို့ကား အဇ္ဈ တ္တသန္တာန်၌ ဖြစ်၏၊ အချို့ကား ဗဟိဒ္ဓသန္တာန်၌ ဖြစ်၏၊ ရာဟုလာ အဇ္ဈ တ္တသန္တာန်၌ဖြစ်သော တေဇောဓာတ်ဟူသည် အဘယ်နည်း— အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ကိုယ်ကိုစွဲ၍ဖြစ်သော ပူလောင်သော ပူလောင်ခြင်းသို့ရောက်သော အကြင် ဥပါဒိန္နဓာတ်သဘောသည် ရှိ၏၊ ဤဥပါဒိန္နဓာတ်သဘောဟူသည် အဘယ်နည်း၊ ပူလောင်ကြောင်းဖြစ်သော ပူလောင်တတ်သော ဓာတ်သဘော၊ ရင့်ရော်ဆွေးမြေ့ကြောင်း ဖြစ်သောဓာတ်သဘော၊ ထက်ဝန်းကျင် ပူလောင်ကြောင်းဖြစ်သော ဓာတ်သဘော၊ စားအပ် သောက်အပ် ခဲအပ်လျက်အပ်သော အစာအာဟာရကောင်းစွာ ကြေကျက်ခြင်းသို့ ရောက်ကြောင်းဖြစ်သော ဓာတ်သဘော၊ ထို့အပြင် အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ကိုယ်ကိုစွဲ၍ဖြစ်သော ပူလောင်သော ပူလောင်ခြင်းသို့ရောက်သောအခြားအလုံးစုံသော ဥပါဒိန္နဓာတ်သဘောသည် ရှိ၏၊ ရာဟုလာ ဤအလုံးစုံသော ဓာတ်သဘောကိုအဇ္ဈ တ္တသန္တာန်၌ဖြစ်သော တေဇောဓာတ်ဟူ၍ ဆိုအပ်၏။

အမှန်အားဖြင့် အကြင်အဇ္ဈ တ္တသန္တာန်၌ဖြစ်သော တေဇောဓာတ်သည်လည်းကောင်း အကြင်ဗဟိဒ္ဓသန္တာန်၌ဖြစ်သော တေဇောဓာတ်သည်လည်းကောင်း ရှိ၏၊ ထိုအလုံးစုံသော တေဇောဓာတ်သည်တေဇော ဓာတ်ချင်း တူသည်သာတည်း။ “ထိုအလုံးစုံသော တေဇောဓာတ်သည် ငါပိုင်ဥစ္စာ မဟုတ်၊ ထိုတေဇော ဓာတ်သည် ငါမဟုတ်၊ ထိုတေဇောဓာတ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟူ၍ ဤသို့ထိုတေဇောဓာတ်ကို မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုအပ်၏၊ ဤသို့ ထိုတေဇောဓာတ် ကို မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့်ရှုလတ်သော် တေဇောဓာတ်၌ ငြီးငွေ့၏၊ တေဇောဓာတ်၌ စိတ်သည် တပ်ခြင်းကင်း၏။

၁၁၇။ ရာဟုလာ ဝါယောဓာတ်ဟူသည် အဘယ်နည်း— ဝါယောဓာတ်သည် အချို့ကား အဇ္ဈ တ္တသန္တာန်၌ ဖြစ်၏၊ အချို့ကား ဗဟိဒ္ဓသန္တာန်၌ ဖြစ်၏၊ ရာဟုလာ အဇ္ဈ တ္တသန္တာန်၌ဖြစ်သောဝါယောဓာတ် ဟူသည် အဘယ်နည်း— အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ကိုယ်ကိုစွဲ၍ဖြစ်သောထောက်ပံ့ခိုင်မာသော ထောက်ပံ့ ခိုင်မာခြင်းသို့ရောက်သော အကြင်ဥပါဒိန္နဓာတ်သဘောသည် ရှိ၏၊ ဤဥပါဒိန္နဓာတ်သဘောသည် အဘယ် နည်းဟူမူ—အထက်သို့ ဆန်တက်သောလေ၊ အောက်သို့စုန်ဆင်းသောလေ၊ ဝမ်း၌ တည်သောလေ၊ အူအတွင်း၌ တည်သောလေ၊ အင်္ဂါကြီး ငယ်သို့အစဉ်လျှောက်တတ်သောလေ၊ ထွက်သက်, ဝင်သက်လေ၊ ထို့အပြင် အဇ္ဈ တ္တသန္တာန်၌ဖြစ်သောကိုယ်ကိုစွဲ၍ဖြစ်သော ထောက်ပံ့ခိုင်မာသော ထောက်ပံ့ခိုင်မာခြင်းသို့ ရောက်သော အခြားအလုံးစုံသောဥပါဒိန္နဓာတ် သဘောသည် ရှိ၏၊ ရာဟုလာ ဤအလုံးစုံသော ဓာတ် သဘောကိုအဇ္ဈ တ္တသန္တာန်၌ဖြစ်သော ဝါယောဓာတ် ဟူ၍ ဆိုအပ်၏။

အမှန်အားဖြင့် အကြင်အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ဝါယောဓာတ်သည်လည်းကောင်း အကြင် ဗဟိဒ္ဓသန္တာန်၌ဖြစ်သော ဝါယောဓာတ်သည်လည်းကောင်း ရှိ၏၊ ထိုအလုံးစုံသော ဝါယောဓာတ်သည် ဝါယောဓာတ်ချင်း တူသည်သာတည်း။ “ထိုအလုံးစုံသော ဝါယောဓာတ်သည် ငါပိုင်ဥစ္စာ မဟုတ်၊ ထို ဝါယောဓာတ်သည် ငါမဟုတ်၊ ထိုဝါယောဓာတ်သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟူ၍ ဤသို့ ထိုဝါယောဓာတ်သဘောကို မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုအပ်၏၊ ဤသို့ထိုဝါယောဓာတ်ကို မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုလတ်သော်ဝါယောဓာတ်၌ ငြီးငွေ့၏၊ ဝါယောဓာတ်၌ စိတ်သည် တပ်ခြင်းကင်း၏။

၁၁၈။ ရာဟုလာ အာကာသဓာတ်ဟူသည် အဘယ်နည်း— အာကာသဓာတ်သည် အချို့ကားအဇ္ဈ တ္တသန္တာန်၌ ဖြစ်၏၊ အချို့ကား ဗဟိဒ္ဓသန္တာန်၌ ဖြစ်၏၊ ရာဟုလာ အဇ္ဈ တ္တသန္တာန်၌ဖြစ်သောအာကာသဓာတ်ဟူသည် အဘယ်နည်း—အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ကိုယ်ကိုစွဲ၍ဖြစ်သော မရေးမခြစ်အပ်သော မရေးမခြစ်ခြင်းသို့ ရောက်သော အကြင်ဥပါဒိန္နအာကာသဓာတ်သည် ရှိ၏၊ ဤဥပါဒိန္နအာကာသဓာတ်ဟူသည် အဘယ်နည်း— နားပေါက်၊ နှာခေါင်းပေါက်၊ ခံတွင်းပေါက်၊ စားအပ် သောက်အပ် ခဲအပ်လျက်အပ်သော အစာကို မျိုချရာ အပေါက်၊ စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာတည်နေရာ အပေါက်၊ စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာ အောက်သို့ ထွက်ရာအပေါက်၊ ထို့အပြင် အဇ္ဈ တ္တသန္တာန်၌ဖြစ်သော ကိုယ်ကိုစွဲ၍ ဖြစ်သော ဟင်းလင်းပြင်, ဟင်းလင်းပြင်အဖြစ်သို့ ရောက်သော ကောင်းကင်, ကောင်းကင်အဖြစ်သို့ ရောက်သော အပေါက်, အပေါက်အဖြစ်သို့ရောက်သော အသားအသွေးတို့နှင့် မထိစပ်သော ကိုယ်၌ တည်သော ဤအရာ အားလုံးကို အဇ္ဈ တ္တသန္တာန်၌ဖြစ်သော အာကာသဓာတ်ဟူ၍ ဆိုအပ်၏။

အမှန်အားဖြင့် အကြင်အဇ္ဈ တ္တသန္တာန်၌ဖြစ်သော အာကာသဓာတ်သည်လည်းကောင်း အကြင်ဗဟိဒ္ဓသန္တာန်၌ဖြစ်သော အာကာသဓာတ်သည်လည်းကောင်း ရှိ၏၊ ထိုအလုံးစုံသော အာကာသဓာတ်သည်အာကာသဓာတ်ချင်းတူသည်သာတည်း။ “ထိုအာကာသဓာတ်သည် ငါပိုင်ဥစ္စာ မဟုတ်၊ ထိုအာကာသဓာတ်သည် ငါမဟုတ်၊ ထိုအာကာသဓာတ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟူ၍ ဤသို့သာလျှင် ထိုအာကာသဓာတ်ကို မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုအပ်၏၊ ဤသို့ ထိုအာကာသဓာတ်ကို မဖောက်မပြန်ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ဖြင့် ရှုလတ်သော်အာကာသဓာတ်၌ ငြီးငွေ့၏၊ အာကာသဓာတ်၌ စိတ်သည် တပ်ခြင်းကင်း၏။

၁၁၉။ ရာဟုလာ မြေကြီးနှင့်တူစွာ ဘာဝနာကို ပွါးများလော့၊ ရာဟုလာ မြေကြီးနှင့်တူစွာ ဘာဝနာကိုပွါးများသော သင့်အား ဖြစ်ပေါ်လာကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အတွေ့တို့သည် စိတ်ကိုသိမ်းကျုံး၍ မတည်ကုန်လတ္တံ့။ ရာဟုလာ ဥပမာသော်ကား မြေကြီး၌ စင်ကြယ်သော ဝတ္ထုကို လည်းပစ်ချကုန်၏၊ မစင်ကြယ်သော ဝတ္ထုကိုလည်း ပစ်ချကုန်၏၊ ကျင်ကြီးကိုလည်း ပစ်ချကုန်၏၊ ကျင်ငယ်ကိုလည်း ပစ်ချကုန်၏၊ တံတွေးကိုလည်း ပစ်ချကုန်၏၊ ပြည်ကိုလည်း ပစ်ချကုန်၏၊ သွေးကိုလည်း ပစ်ချကုန်၏။ မြေကြီးသည် ထိုစင်ကြယ်သောဝတ္ထု မစင်ကြယ်သောဝတ္ထုဖြင့်ငြီးငွေ့ ရွံရှာစက်ဆုပ်မှု မဖြစ်။ ရာဟုလာ သင်သည် ဤဥပမာအတူသာလျှင် မြေကြီးနှင့်တူစွာ ဘာဝနာကိုပွါးများလော့၊ ရာဟုလာ မြေကြီးနှင့်တူစွာ ဘာဝနာကို ပွါးများသော သင့်အား ဖြစ်ပေါ်လာကုန်သောနှစ်သက်ဖွယ် မနှစ်သက်ဖွယ် အတွေ့တို့သည် စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ကုန်လတ္တံ့။

ရာဟုလာ ရေနှင့်တူစွာ ဘာဝနာကို ပွါးများလော့၊ ရာဟုလာ ရေနှင့်တူစွာ ဘာဝနာကို ပွါးများသောသင့်အား ဖြစ်ပေါ်လာကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အတွေ့တို့သည် စိတ်ကို သိမ်းကျုံး၍မတည်နိုင်ကုန်လတ္တံ့။ ရာဟုလာ ဥပမာသော်ကား ရေ၌ စင်ကြယ်သော ဝတ္ထုကိုလည်းဆေးကြောကုန်၏၊ မစင်ကြယ်သော ဝတ္ထုကိုလည်း ဆေးကြောကုန်၏၊ ကျင်ကြီးကိုလည်းဆေးကြောကုန်၏၊ ကျင်ငယ်ကို လည်း ဆေးကြောကုန်၏၊ တံတွေးကိုလည်း ဆေးကြောကုန်၏၊ ပြည်ကိုလည်း ဆေးကြောကုန်၏၊ သွေးကိုလည်း ဆေးကြောကုန်၏။ ရေသည် ထိုစင်ကြယ်သောဝတ္ထုမစင်ကြယ်သောဝတ္ထုဖြင့် ငြီးငွေ့ ရွံရှာ စက်ဆုပ်မှု မဖြစ်။ ရာဟုလာ ဤဥပမာအတူ သာလျှင် သင်သည်ရေနှင့်တူစွာ ဘာဝနာကို ပွါးများလော့၊ ရာဟုလာ ရေနှင့်တူစွာ ဘာဝနာကို ပွါးများသော သင့်အားဖြစ်ပေါ်လာကုန်သော နှစ်သက်ဖွယ် မနှစ် သက်ဖွယ် အတွေ့တို့သည် စိတ်ကို သိမ်းကျုံး၍မတည်နိုင်ကုန်လတ္တံ့။

ရာဟုလာ မီးနှင့်တူစွာ ဘာဝနာကို ပွါးများလော့၊ ရာဟုလာ မီးနှင့်တူစွာ ဘာဝနာကို ပွါးများသောသင့်အား ဖြစ်ပေါ်လာကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အတွေ့တို့သည် စိတ်ကို သိမ်းကျုံး၍မတည်နိုင်ကုန်လတ္တံ့။ ရာဟုလာ ဥပမာသော်ကား မီးသည် စင်ကြယ်သော ဝတ္ထုကိုလည်း လောင်၏၊ မစင်ကြယ်သော ဝတ္ထုကိုလည်း လောင်၏၊ ကျင်ကြီးကိုလည်း လောင်၏၊ ကျင်ငယ်ကိုလည်း လောင်၏၊ တံတွေးကိုလည်း လောင်၏၊ ပြည်ကိုလည်း လောင်၏၊ သွေးကိုလည်း လောင်၏။ မီးသည် ထိုစင်ကြယ်သောဝတ္ထု မစင်ကြယ်သောဝတ္ထုဖြင့် ငြီးငွေ့ ရွံရှာ စက်ဆုပ်မှု မဖြစ်။ ရာဟုလာ ဤဥပမာအတူသာလျှင်သင်သည် မီးနှင့်တူစွာ ဘာဝနာကို ပွါးများလော့၊ ရာဟုလာ မီးနှင့်တူစွာ ဘာဝနာကို ပွါးများသောသင့်အား ဖြစ်ပေါ်လာကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အတွေ့တို့သည် စိတ်ကို သိမ်းကျုံး၍မတည်နိုင်ကုန်လတ္တံ့။

ရာဟုလာ လေနှင့်တူစွာ ဘာဝနာကို ပွါးများလော့၊ ရာဟုလာ လေနှင့်တူစွာ ဘာဝနာကို ပွါးများသောသင့်အား ဖြစ်ပေါ်လာကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အတွေ့တို့သည် စိတ်ကို သိမ်းကျုံး၍မတည်နိုင်ကုန်လတ္တံ့။ ရာဟုလာ ဥပမာသော်ကား လေသည် စင်ကြယ်သော ဝတ္ထုကိုလည်း တိုက်ခတ်၏၊ မစင်ကြယ်သော ဝတ္ထုကိုလည်း တိုက်ခတ်၏၊ ကျင်ကြီးကိုလည်း တိုက်ခတ်၏၊ ကျင်ငယ်ကိုလည်းတိုက်ခတ်၏၊ တံတွေးကိုလည်း တိုက်ခတ်၏၊ ပြည်ကိုလည်း တိုက်ခတ်၏၊ သွေးကိုလည်း တိုက်ခတ်၏။ လေသည် ထိုစင်ကြယ်သော ဝတ္ထု မစင်ကြယ်သောဝတ္ထုဖြင့် ငြီးငွေ့ ရွံရှာ စက်ဆုပ်မှု မဖြစ်။ ရာဟုလာဤဥပမာအတူသာလျှင် သင်သည် လေနှင့်တူစွာ ဘာဝနာကို ပွါးများလော့၊ ရာဟုလာ လေနှင့် တူစွာဘာဝနာကို ပွါးများသော သင့်အား ဖြစ်ပေါ်လာကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အတွေ့တို့သည်စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ကုန်လတ္တံ့။

ရာဟုလာ ကောင်းကင်နှင့်တူစွာ ဘာဝနာကို ပွါးများလော့၊ ရာဟုလာ ကောင်းကင်နှင့်တူစွာ ဘာဝနာကိုပွါးများသော သင့်အား ဖြစ်ပေါ်လာကုန်သော နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အတွေ့တို့သည် စိတ်ကိုသိမ်းကျုံး၍ မတည်နိုင်ကုန်လတ္တံ့။ ရာဟုလာ ဥပမာသော်ကား ကောင်းကင်သည် တစ်စုံတစ်ခု သောအရပ်၌ မတည်။ ရာဟုလာ ဤဥပမာအတူသာလျှင် သင်သည် ကောင်းကင်နှင့်တူစွာ ဘာဝနာကိုပွါးများလော့၊ ရာဟုလာ ကောင်းကင်နှင့်တူစွာ ဘာဝနာကို ပွါးများသော သင့်အား ဖြစ်ပေါ်လာကုန်သောနှစ်သက်ဖွယ် မနှစ်သက်ဖွယ် အတွေ့တို့သည် စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ကုန်လတ္တံ့။

၁၂ဝ။ ရာဟုလာ မေတ္တာဘာဝနာကို ပွါးများလော့၊ ရာဟုလာ မေတ္တာဘာဝနာကို ပွါးများသောသင့်အား အမျက်ထွက်ခြင်းဗျာပါဒ ကင်းပျောက်လတ္တံ့။ ရာဟုလာ ကရုဏာဘာဝနာကို ပွါးများလော့၊ ရာဟုလာ ကရုဏာဘာဝနာကို ပွါးများသော သင့်အား ညှဉ်းဆဲမှုကင်းပျောက်လတ္တံ့။ ရာဟုလာ မုဒိတာဘာဝနာကို ပွါးများလော့၊ ရာဟုလာ မုဒိတာဘာဝနာကို ပွါးများသော သင့်အား မပျော်ပိုက်ခြင်း ကင်း့ပျောက်လတ္တံ့။ ရာဟုလာ ဥပေက္ခာဘာဝနာကို ပွါးများလော့၊ ရာဟုလာ ဥပေက္ခာဘာဝနာကို ပွါးများသော သင့်အား ထိပါးခြင်း ကင်းပျောက်လတ္တံ့။ ရာဟုလာ အသုဘဘာဝနာကို ပွါးများလော့၊ ရာဟုလာအသုဘဘာဝနာကို ပွါးများသော သင့်အား တပ်နှစ်သက်မှုရာဂ ကင်းပျောက်လတ္တံ့။ ရာဟုလာ အနိစ္စသညာဘာဝနာကို ပွါးများလော့၊ ရာဟုလာ အနိစ္စသညာဘာဝနာကို ပွါးများသော သင့်အား ငါဟူသောမာန်မာန ကင်းပျောက်လတ္တံ့။

၁၂၁။ ရာဟုလာ ထွက်သက် ဝင်သက်ကို အောက်မေ့ခြင်း ‘အာနာပါနဿတိ’ ဘာဝနာကို ပွါးများ လော့၊ ရာဟုလာ အာနာပါနဿတိဘာဝနာသည် ပွါးများအပ်သည်ရှိသော် အကြိမ်များစွာ လေ့လာအပ်သည်ရှိသော် သင့်အား များမြတ်သော အကျိုး များမြတ်သောအာနိသင် ရှိ၏။ ရာဟုလာ အာနာပါနဿတိဘာဝနာသည် အဘယ်ကဲ့သို့ ပွါးများသည်ရှိသော် အဘယ်ကဲ့သို့ ကြိမ်ဖန်များစွာ လေ့လာသည်ရှိသော်များမြတ်သောအကျိုး များမြတ်သောအာနိသင် ရှိသနည်း။

ရာဟုလာ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်သည်ဖြစ်၍လည်းကောင်း၊ သစ်ပင်ရင်းသို့ကပ်သည်ဖြစ်၍လည်းကောင်း၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်သည်ဖြစ်၍လည်းကောင်း တင်ပလ္လင်ခွေ၍ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ကမ္မဋ္ဌာန်းသို့ရှေးရှု သတိကိုဖြစ်စေ၍ ထိုင်နေ၏၊ ထိုရဟန်းသည်သတိနှင့် မကင်းမူ၍သာလျှင် ထွက်သက်ကို ဖြစ်စေ၏၊ သတိနှင့် မကင်းမူ၍သာလျှင် ဝင်သက်ကိုဖြစ်စေ၏။

ရှည်စွာသော ထွက်သက်ကို ဖြစ်စေသည်ရှိသော် ရှည်စွာသော ထွက်သက်ကို ဖြစ်စေ၏ဟု သိ၏၊ ရှည်စွာသော ဝင်သက်ကို ဖြစ်စေသည်ရှိသော် ရှည်စွာသော ဝင်သက်ကို ဖြစ်စေ၏ဟု သိ၏၊ တိုသောထွက်သက်ကို ဖြစ်စေသည်ရှိသော် တိုသော ထွက်သက်ကို ဖြစ်စေ၏ဟု သိ၏၊ တိုသော ဝင်သက်ကိုဖြစ်စေသည်ရှိသော် တိုသော ဝင်သက်ကို ဖြစ်စေ၏ဟု သိ၏။

အစအလယ်အဆုံးဟူသော အလုံးစုံသော ထွက်သက်အပေါင်းကို ထင်စွာသိလျက် ထွက်သက်ကိုဖြစ်စေအံ့ဟု ကျင့်၏၊ အစအလယ်အဆုံးဟူသော အလုံးစုံသော ဝင်သက်အပေါင်းကို ထင်စွာသိလျက်ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။

ပီတိကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ ပီတိကို ထင်စွာသိလျက် ဝင်သက်ကိုဖြစ်စေအံ့ဟု ကျင့်၏။ သုခကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ သုခကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။ စိတ္တသင်္ခါရကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့ဟုကျင့်၏၊ စိတ္တသင်္ခါရကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။ ရုန့်ရင်းသော စိတ္တသင်္ခါရကိုငြိမ်းစေလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ ရုန့်ရင်းသော စိတ္တသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်ကိုဖြစ်စေအံ့ဟု ကျင့်၏။

စိတ်ကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ စိတ်ကို ထင်စွာသိလျက် ဝင်သက်ကိုဖြစ်စေအံ့ဟု ကျင့်၏။ စိတ်ကို ဝမ်းမြောက်စေလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ စိတ်ကိုဝမ်းမြောက် စေလျက် ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။

စိတ်ကို ကောင်းစွာ အာရုံ၌ထားလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ စိတ်ကို ကောင်းစွာ အာရုံ၌ထားလျက် ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။ စိတ်ကို ကိလေသာမှ လွတ်စေလျက် ထွက်သက်ကိုဖြစ်စေအံ့ဟု ကျင့်၏၊ စိတ်ကို ကိလေသာမှ လွတ်စေလျက် ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။

အနိစ္စဟု အဖန်တလဲလဲ ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ အနိစ္စဟု အဖန်တလဲလဲ ရှုလျက်ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။ ရာဂကင်းရာ နိဗ္ဗာန်ကို အဖန်တလဲလဲ ရှုလျက် ထွက်သက်ကိုဖြစ်စေအံ့ဟု ကျင့်၏၊ ရာဂကင်းရာ နိဗ္ဗာန်ကို အဖန်တလဲလဲ ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။ ့ရာဂ၏ချုပ်ရာ နိဗ္ဗာန်ကို အဖန်တလဲလဲ ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ ရာဂ၏ချုပ်ရာနိဗ္ဗာန်ကို အဖန်တလဲလဲ ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။ ကိလေသာကို စွန့်ရာနိဗ္ဗာန်စွန့်တတ်သောမဂ်ကို အဖန်တလဲလဲ ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏၊ ကိလေသာကို စွန့်ရာနိဗ္ဗာန် စွန့်တတ်သောမဂ်ကို အဖန်တလဲလဲ ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့ဟု ကျင့်၏။

ရာဟုလာ ဤသို့ ပွါးများထားသော ဤသို့ လေ့လာထားသော အာနာပါနဿတိဘာဝနာသည်များမြတ်သောအကျိုး များမြတ်သောအာနိသင် ရှိ၏။ ရာဟုလာ အာနာပါနဿတိဘာဝနာကို ဤသို့ပွါးများထားသော် ဤသို့ အကြိမ်များစွာ လေ့လာထားသော် အဆုံးဖြစ်သော ထွက်သက်ဝင်သက်တို့သည်လည်း ထင်ရှားကုန်၍သာလျှင် ချုပ်ကုန်၏၊ မထင်ရှားဘဲ ချုပ်သည် မဟုတ်ကုန်ဟု မြတ်စွာဘုရားသည်ဤတရားကို ဟောတော်မူ၏။ အသျှင်ရာဟုလာသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်လေ၏။

နှစ်ခုမြောက် မဟာရာဟုလောဝါဒသုတ် ပြီး၏။