မဇ္ဈိမနိကာယ်
၄—မဟာမာလုကျသုတ်
၁၂၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ရဟန်းတို့ဟု ခေါ်တော်မူ၏။ ရဟန်းတို့က အသျှင်ဘုရားဟု ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် “ရဟန်းတို့သင်တို့သည် ငါဟောကြားထားသော အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ်ငါးပါးတို့ကို မှတ်မိကြကုန်၏လော”ဟု မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူသော် အသျှင်မာလုကျပုတ္တသည် “အသျှင်ဘုရား တပည့်တော်သည် မြတ်စွာ ဘုရားဟောကြားထားသော အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ်ငါးပါးတို့ကို မှတ်သားမိပါ၏”ဟု မြတ်စွာဘုရားအား လျှောက်ထား၏။ မာလုကျပုတ္တ သင်သည် အဘယ်သို့သော အခြင်းအရာအား ဖြင့်ငါဟောကြားထားသော အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ်ငါးပါးတို့ကို မှတ်သားမိ သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်သည် သက္ကာယဒိဋ္ဌိ ‘မိမိကိုယ်ကောင်၌ ငါဟု စွဲယူမှု’ ကိုအောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ်ဟု မြတ်စွာဘုရား ဟောထားသည်ကို မှတ်သား မိပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဝိစိကိစ္ဆာ ‘ယုံမှားမှု’ကို အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ်ဟုမြတ်စွာဘုရား ဟောထားသည်ကို မှတ်သားမိပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် သီလဗ္ဗတပရာမာသ’အလေ့အကျင့်တို့၌ အမှားသုံးသပ်မှု’ကို အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ်ဟု မြတ်စွာဘုရားဟောထားသည်ကို မှတ်သားမိပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ကာမစ္ဆန္ဒ ‘ကာမဂုဏ်တို့၌လိုလားမှု’ ကို အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ်ဟု မြတ်စွာဘုရား ဟော ထားသည်ကိုမှတ်သားမိပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ဗျာပါဒ ‘ဖျက်ဆီးလိုမှု’ကို အောက်တန်း၌ဖြစ်စေတတ်သည့် သံယောဇဉ်ဟု မြတ်စွာဘုရား ဟောထားသည်ကို မှတ်သားမိပါ၏၊ အသျှင်ဘုရားအကျွန်ုပ်သည် ဤသို့လျှင် မြတ်စွာဘုရား ဟောကြားထားသော အောက်တန်း၌ ဖြစ်စေတတ်သည့်သံယောဇဉ်ငါးပါးတို့ကို မှတ်သားမိပါ၏ဟု (လျှောက်၏)။
မာလုကျပုတ္တ သင်သည် အဘယ်မည်သောသူအား ဤသို့ အောက်တန်း၌ ဖြစ်စေတတ်သည့်သံယောဇဉ်ငါးပါးတို့ကို ငါဟောကြားထားသည်ကို မှတ်သားမိသနည်း။ မာလုကျပုတ္တ အယူတစ်ပါးရှိကြသော ပရိဗိုဇ်တို့သည် သူငယ်လျှင် ဥပမာရှိသော ဤဆိုမည့် စွပ်စွဲခြင်းဖြင့် စွပ်စွဲကြကုန်မည် မဟုတ်လော။ မာလုကျပုတ္တ ပက်လက်အိပ်အရွယ် လူမမယ်ဖြစ်သော ကလေးသူငယ်အား ငါ့ကိုယ်ကောင်ဟူ၍မျှလည်း မဖြစ်သေး၊ ထိုသူငယ်အား ငါ့ကိုယ်ကောင်၌ ငါဟု စွဲယူမှုသည်ကား အဘယ်မှာဖြစ်နိုင်အံ့နည်း၊ (သို့ရာတွင်) ထိုသူငယ်အား ငါ့ကိုယ်ကောင်၌ ငါဟု စွဲယူမှု အကိန်းဓာတ်ကား ကိန်းနေသည်သာတည်း။ မာလုကျပုတ္တ ပက်လက်အိပ်အရွယ် လူမမယ်ဖြစ်သော ကလေးသူငယ်အား သဘာဝဓမ္မတို့ ဟူ၍မျှလည်း မဖြစ်သေး၊ ထိုသူငယ်အား သဘာဝဓမ္မတို့၌ ယုံမှားမှု အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း၊ (သို့ရာတွင်) ထိုသူငယ်အား ယုံမှားမှု အကိန်းဓာတ်ကား ကိန်းနေသည်သာတည်း။
မာလုကျပုတ္တ ပက်လက်အိပ်အရွယ် လူမမယ်ဖြစ်သော ကလေးသူငယ်အား အလေ့ဟူ၍မျှလည်း မဖြစ်သေး၊ ထိုသူငယ်အား အလေ့တို့၌ အလေ့အကျင့်ကို အမှားသုံးသပ်မှုသည် အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း၊ (သို့ရာတွင်) ထိုသူငယ်အား အလေ့အကျင့်တို့၌ အမှားသုံးသပ်မှု အကိန်းဓာတ်ကား ကိန်းနေသည်သာတည်း။
မာလုကျပုတ္တ ပက်လက်အိပ်အရွယ် လူမမယ်ဖြစ်သော ကလေးသူငယ်အား ကာမဂုဏ်တို့ဟူ၍မျှလည်း မဖြစ်သေး၊ ထိုသူငယ်အား ကာမဂုဏ်တို့၌ လိုလားမှု အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း၊ (သို့ရာတွင်) ထိုသူငယ်အား ကာမဂုဏ်တို့၌ လိုလားမှု အကိန်းဓာတ်ကား ကိန်းနေသည်သာတည်း။
မာလုကျပုတ္တ ပက်လက်အိပ်အရွယ် လူမမယ်ဖြစ်သော ကလေးသူငယ်အား သတ္တဝါတို့ဟူ၍မျှလည်း မဖြစ်သေး၊ ထိုသူငယ်အား သတ္တဝါတို့၌ ဖျက်ဆီးလိုမှု အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း၊ (သို့ရာတွင်) ထိုသူငယ်အား သတ္တဝါတို့၌ ဖျက်ဆီးလိုမှု အကိန်းဓာတ်ကား ကိန်းနေသည်သာတည်း။ မာလုကျပုတ္တ အယူတစ်ပါး ရှိကြသော ပရိဗိုဇ်တို့သည် သူငယ်လျှင် ဥပမာရှိသော ဤဆိုခဲ့ပြီးသည့် စွပ်စွဲခြင်းဖြင့် စွပ်စွဲကြကုန်မည် မဟုတ်လောဟု (မေးတော်မူ၏)။
ဤသို့ မိန့်တော်မူသော် အသျှင်အာနန္ဒာသည် “မြတ်စွာဘုရား အောက်တန်း၌ ဖြစ်စေတတ်သည့်သံယောဇဉ်ငါးပါးတို့ကို မြတ်စွာဘုရား ဟောကြားတော်မူဖို့ရန် အခါပါတည်း၊ ကောင်းသောစကားကိုဆိုတော်မူတတ်သော မြတ်စွာဘုရား အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ်ငါးပါးတို့ကို မြတ်စွာဘုရား ဟောကြားတော်မူဖို့ရန် အခါပါတည်း၊ မြတ်စွာဘုရားအထံမှ ကြားနာကြရ၍ ရဟန်းတော်တို့သည် မှတ်သားကြရပါကုန်လတ္တံ့”ဟု မြတ်စွာဘုရားအား လျှောက်ထား၏။ အာနန္ဒာ ထိုသို့ဖြစ်မူ နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ကောင်းပါပြီဟုအသျှင် အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်၍ လျှောက်ကြား၏။ မြတ်စွာဘုရားသည် ဤသို့မိန့်တော်မူ၏—
၁၃ဝ။ အာနန္ဒာ အရိယာပုဂ္ဂိုလ်တို့ကို ပညာမျက်စိဖြင့် မမြင်သော, အရိယာပုဂ္ဂိုလ်တို့၏ တရား၌ မလိမ္မာသော, အရိယာပုဂ္ဂိုလ်တို့၏ တရား၌ မဆုံးမအပ်သေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်သော, သူတော် ကောင်းတို့၏ တရား၌ မလိမ္မာသော, သူတော်ကောင်းတို့၏ တရား၌ မဆုံးမအပ်သေးသော, အကြားအမြင် မရှိသော ပုထုဇဉ် ပုဂ္ဂိုလ်သည် မိမိကိုယ်ကောင်၌ ငါဟု စွဲယူမှုမြှေးယှက်နေသော မိမိကိုယ်ကောင်၌ ငါဟု စွဲယူမှု ဖြစ်၍နေသော စိတ်ဖြင့် နေထိုင်၏၊ ဖြစ်ပေါ်လာသော သက္ကာယဒိဋ္ဌိ ‘မိမိကိုယ်ကောင်၌ ငါဟု စွဲယူမှု’၏ ထွက်မြောက်ရာကိုလည်း ဟုတ်တိုင်းမှန်စွာ မသိ။ ထိုပုဂ္ဂိုလ်၏ အားစွမ်းရှိနေသော မပယ်ဖျက်ရသေးသော ထိုမိမိကိုယ်ကောင်၌ ငါဟုစွဲယူမှုသည် အောက်တန်း၌ ဖြစ်စေတတ်သည့်သံယောဇဉ်မည်၏။
ယုံမှားမှု မြှေးယှက်နေသော ယုံမှားမှု ဖြစ်၍နေသော စိတ်ဖြင့် နေထိုင်၏၊ ဖြစ်ပေါ်လာသော ဝိစိကိစ္ဆာ’ယုံမှားမှု’ ၏ ထွက်မြောက်ရာကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။ ထိုပုဂ္ဂိုလ်၏ အားစွမ်းရှိနေသောမပယ်ဖျက်ရသေးသော ထိုယုံမှားမှုသည် အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ်မည်၏။
အလေ့အကျင့်၌ အမှားသုံးသပ်ခြင်းမြှေးယှက်နေသော အလေ့အကျင့်၌ အမှားသုံးသပ်ခြင်းဖြစ်၍ နေသောစိတ်ဖြင့် နေထိုင်၏၊ ဖြစ်ပေါ်လာသော သီလဗ္ဗတပရာမာသ ‘အလေ့အကျင့် အမှားသုံးသပ်မှု’ ၏ထွက်မြောက်ရာကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။ ထိုပုဂ္ဂိုလ်၏ အားစွမ်းရှိနေသော မပယ်ဖျက်ရသေးသောထိုအလေ့အကျင့်၌ အမှားသုံးသပ်မှုသည် အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ်မည်၏။
ကာမဂုဏ်တပ်မက်မှု မြှေးယှက်နေသော ကာမဂုဏ်တပ်မက်မှုဖြစ်၍နေသော စိတ်ဖြင့် နေထိုင်၏၊ ဖြစ်ပေါ်လာသော ကာမရာဂ ‘ကာမဂုဏ်တပ်မက်မှု’၏ ထွက်မြောက်ရာကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။ ထိုပုဂ္ဂိုလ်၏ အားစွမ်းရှိနေသော မပယ်ဖျက်ရသေးသော ထိုကာမဂုဏ်တပ်မက်မှုသည် အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ်မည်၏။
ဖျက်ဆီးလိုမှုမြှေးယှက်နေသော ဖျက်ဆီးလိုမှုဖြစ်၍နေသော စိတ်ဖြင့် နေထိုင်၏၊ ဖြစ်ပေါ်လာသောဗျာပါဒ ‘ဖျက်ဆီးလိုမှု’၏ ထွက်မြောက်ရာကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။ ထိုပုဂ္ဂိုလ်၏ အားစွမ်းရှိနေသော မပယ်ဖျက်ရသေးသော ထိုဖျက်ဆီးလိုမှုသည် အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ် မည်၏။
၁၃၁။ အာနန္ဒာ အရိယာပုဂ္ဂိုလ်တို့ကို ပညာမျက်စိဖြင့် မြင်သော, အရိယာပုဂ္ဂိုလ်တို့၏ တရား၌လိမ္မာသော, အရိယာပုဂ္ဂိုလ်တို့၏ တရား၌ ဆုံးမအပ်ပြီသော၊ သူတော်ကောင်းတို့ကို မြင်သော, သူတော်ကောင်းတရား၌ လိမ္မာသော, သူတော်ကောင်းတို့၏ တရား၌ ဆုံးမအပ်ပြီးသော, အကြားအမြင်ရှိသော အရိယာ၏ တပည့်သည် မိမိကိုယ်ကောင်၌ ငါဟု စွဲယူမှု မမြှေးယှက်သော မိမိကိုယ်ကောင်၌ ငါဟုစွဲယူမှုမဖြစ်သော စိတ်ဖြင့် နေထိုင်၏၊ ဖြစ်ပေါ်လာသော သက္ကာယဒိဋ္ဌိ ‘မိမိကိုယ်ကောင်၌ ငါဟု စွဲယူမှု’၏ထွက်မြောက်ရာကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏။ ထိုသူအား ထိုသက္ကာယဒိဋ္ဌိ ‘မိမိကိုယ်ကောင်၌ ငါဟုစွဲယူမှု’ သည် အနုသယနှင့်တကွ ပျောက်ကင်း၏။
ယုံမှားမှု မမြှေးယှက်သော ယုံမှားမှုမဖြစ်သော စိတ်ဖြင့် နေထိုင်၏၊ ဖြစ်ပေါ်လာသောဝိစိကိစ္ဆာ့’ယုံမှားမှု’၏ ထွက်မြောက်ရာကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏။ ထိုသူအား ထိုဝိစိကိစ္ဆာ ‘ယုံမှားမှု’ သည်အနုသယနှင့်တကွ ပျောက်ကင်း၏။
အလေ့အကျင့်၌ အမှားသုံးသပ်မှု မမြှေးယှက်သော အလေ့အကျင့်၌ အမှားသုံးသပ်မှုမဖြစ်သော စိတ်ဖြင့်နေထိုင်၏၊ ဖြစ်ပေါ်လာသော သီလဗ္ဗတပရာမာသ ‘အလေ့အကျင့်၌ အမှားသုံးသပ်မှု’ ၏ထွက်မြောက်ရာကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏။ ထိုသူအား ထိုသီလဗ္ဗတပရာမာသ ‘အလေ့အကျင့်၌အမှားသုံးသပ်မှု’ သည် အနုသယနှင့် တကွ ပျောက်ကင်း၏။
ကာမဂုဏ်တပ်မက်မှု မမြှေးယှက်သော ကာမဂုဏ်တပ်မက်မှုမဖြစ်သော စိတ်ဖြင့် နေထိုင်၏၊ ဖြစ်ပေါ်လာသော ကာမရာဂ’ကာမဂုဏ်တပ်မက်မှု’ ၏ ထွက်မြောက်ရာကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏။ ထိုသူအား ထိုကာမရာဂ ‘ကာမဂုဏ်တပ်မက်မှု’သည် အနုသယနှင့်တကွ ပျောက်ကင်း၏။
ဖျက်ဆီးလိုမှု မမြှေးယှက်သော ဖျက်ဆီးလိုမှုမဖြစ်သော စိတ်ဖြင့် နေထိုင်၏၊ ဖြစ်ပေါ်လာသော ဗျာပါဒ’ဖျက်ဆီးလိုမှု’ ၏ ထွက်မြောက်ရာကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏။ ထိုသူအား ထိုဗျာပါဒ ‘ဖျက်ဆီးလိုမှု’သည် အနုသယနှင့်တကွ ပျောက်ကင်း၏။
၁၃၂။ အာနန္ဒာ အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့ကို ပယ်ဖျောက်ရန်ဖြစ်သောလမ်းကြောင်းအကျင့်ကို မစွဲယူ မကျင့်ကြံမူ၍ အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့ကို သိနိုင် မြင်နိုင် ပယ်သတ်နိုင်ရာသော အကြောင်းသည် မရှိသည်သာတည်း။
အာနန္ဒာ ဥပမာသော်ကား တည်တံ့နေသော အနှစ်ရှိသော သစ်ပင်ကြီး၏ အခွံနှင့်အကာကို မဖြတ်ဘဲ အနှစ်ကို ဖြတ်နိုင်ရာသော အကြောင်းသည် မရှိနိုင်သကဲ့သို့ ဤအတူသာလျှင် အောက်တန်း၌ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့ကို ပယ်သတ်ရန်ဖြစ်သော လမ်းကြောင်းအကျင့်ကို မစွဲယူ မကျင့်ကြံမူ၍ အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့ကို သိနိုင် မြင်နိုင် ပယ်သတ်နိုင်ရာသော အကြောင်းသည် မရှိသည်သာတည်း။
အာနန္ဒာ အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့ကို ပယ်စွန့်ရန်ဖြစ်သောလမ်းကြောင်း အကျင့်ကို စွဲယူကျင့်ကြံ၍ အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့ကိုသိနိုင် မြင်နိုင် ပယ်နိုင်ရာသော အကြောင်းသည် ရှိသည်သာတည်း။
အာနန္ဒာ ဥပမာသော်ကား တည်တံ့နေသော အနှစ်ရှိသော သစ်ပင်ကြီး၏ အခွံနှင့် အကာကိုဖြတ်ပြီးမှသာလျှင် အနှစ်ကို ဖြတ်နိုင်ရာသော အကြောင်းသည် ရှိနိုင်ရာသကဲ့သို့ ဤအတူသာလျှင်အောက် တန်း၌ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့ကို ပယ်စွန့်ရန်ဖြစ်သော လမ်းကြောင်းအကျင့်ကိုစွဲယူ ကျင့်ကြံပြီးမှသာလျှင် အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့ကို သိနိုင် မြင်နိုင်ပယ်နိုင်ရာသော အကြောင်းသည် ရှိသည်သာတည်း။
အာနန္ဒာ ဥပမာတစ်နည်းသော်ကား ဂင်္ဂါမြစ်သည် ရေပြည့်၏၊ ကမ်းနှင့်ညီမျှ၏၊ ကျီးငုံ့သောက် နိုင်၏၊ ထိုအခါ အားနည်းသော ယောကျာ်းတစ်ယောက်သည် “ငါသည် ဤဂင်္ဂါမြစ်၏ ရေအလျဉ်ကို လက်ရုံးဖြင့်ဖြတ်၍ ဖီလာကန့်လန့်ပင် ကမ်းတစ်ဖက်သို့ ချမ်းသာစွာ ကူးအံ့”ဟု ဆို၍ လာရာ၏၊ ထိုယောကျာ်းသည် ဂင်္ဂါမြစ်၏ ရေအလျဉ်ကို လက်ရုံးဖြင့် ဖြတ်၍ ဖီလာကန့်လန့် ကမ်းတစ်ဖက်သို့ချမ်းသာစွာ ကူးခြင်းငှါ မစွမ်းနိုင်ရာသကဲ့သို့ ဤအတူသာလျှင် မည်သည့်ပုဂ္ဂိုလ်တို့အား မဆို မိမိကိုယ်ကောင်ချုပ်ငြိမ်းစိမ့်သောငှါ တရားဟောသည်ရှိသော် စိတ်သည် မသက်ဝင်၊ မကြည်လင်၊ ကောင်းစွာမတည်၊ လွတ်လွတ်မဝင်၊ ဤသူတို့ကို ထိုအားနည်းသော ယောကျာ်းကဲ့သို့ မှတ်ရမည်။
အာနန္ဒာ ဥပမာသော်ကား ဂင်္ဂါမြစ်သည် ရေပြည့်၏၊ ကမ်းနှင့်ညီမျှ၏၊ ကျီးငုံ့သောက်နိုင်၏၊ ထိုအခါအားကောင်းသော ယောကျာ်းတစ်ယောက်သည် “ငါသည် ဤဂင်္ဂါမြစ်၏ ရေအလျဉ်ကို လက်ရုံးဖြင့် ဖြတ်၍ဖီလာကန့်လန့်ပင် ကမ်းတစ်ဖက်သို့ ချမ်းသာစွာ ကူးအံ့”ဟု ဆို၍ လာရာ၏။ ထိုယောကျာ်း သည့်ဂင်္ဂါမြစ်၏ ရေအလျဉ်ကို လက်ရုံးဖြင့် ဖြတ်၍ ဖီလာကန့်လန့် ကမ်းတစ်ဖက်သို့ ချမ်းသာစွာ ကူးခြင်းငှါစွမ်းနိုင်ရာသကဲ့သို့ ဤအတူသာလျှင် မည်သည့်ပုဂ္ဂိုလ်တို့အားမဆို မိမိကိုယ်ကောင် ချုပ်ငြိမ်း စိမ့်သောငှါတရားဟောသည်ရှိသော် စိတ်သည် သက်ဝင်၏၊ ကြည်လင်၏၊ ကောင်းစွာတည်၏၊ လွတ်လွတ် ဝင်၏၊ ဤသူတို့ကို ထိုအားရှိသော ယောကျာ်းကဲ့သို့ မှတ်ရမည်။
၁၃၃။ အာနန္ဒာ အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့ကို ပယ်စွန့်ရန်လမ်းကြောင်းကား အဘယ်နည်း၊ အကျင့်ကား အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည်ကာမဂုဏ် ကင်းဆိတ်ခြင်းဖြင့် အကုသိုလ်တရားတို့ကို ပယ်ခြင်းကြောင့် အချင်းခပ်သိမ်း ကိုယ်လေးတွဲခြင်းတို့၏ ငြိမ်းခြင်းကြောင့် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှကင်းဆိတ်၍သာလျှင် ဝိတက်နှင့်လည်း တကွ, ဝိစာရနှင့်လည်း တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ ပီတိ သုခရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။
ထိုရဟန်းသည် ထိုသမာပတ်၌ ပါဝင်သော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားတို့ကိုမမြဲသောအားဖြင့် ဆင်းရဲသောအားဖြင့် ရောဂါအားဖြင့် အိုင်းအမာအားဖြင့် မြားငြောင့်အားဖြင့် မချမ်းသာသောအားဖြင့် အနာအားဖြင့် သူစိမ်းပြင်ပအားဖြင့် ပျက်စီးတတ်သောအားဖြင့် သတ္တမှကင်းသောအားဖြင့် အနှစ်အသားမရှိသော အားဖြင့် ကောင်းစွာ ရှု၏၊ ထိုရဟန်းသည် ထိုခန္ဓာငါးပါးတို့မှ စိတ်ကို ကွာစေ၏၊ ထိုရဟန်းသည် ထိုခန္ဓာငါးပါး တရားတို့မှ စိတ်ကို ကွာစေ၍ “သင်္ခါရအားလုံးတို့၏ငြိမ်းရာ ဥပဓိအားလုံးတို့ကိုစွန့်လွှတ်ရာ တောင့်တမှုကုန်ရာ တပ်မက်မှုကင်းရာ ချုပ်ငြိမ်းရာ နိဗ္ဗာန်သည် ငြိမ်သက်၏ မွန်မြတ်၏”ဟု အမြိုက်ဓာတ်သို့ စိတ်ကို ရှေးရှုဆောင်၏၊ ထိုရဟန်းသည် ထိုဝိပဿနာ၌ တည်လျက် အာသဝေါတရားကုန်ခြင်းသို့ ရောက်၏၊ အာသဝေါကုန်ခြင်းသို့ အကယ်၍ မရောက်သည်ဖြစ်အံ့၊ ထိုဝိပဿနာတရား၌ တပ်မက်မှုဖြင့်, ထိုဝိပဿနာတရား၌ နှစ်သက်ခြင်းဖြင့် အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ်ငါးပါးတို့၏ ကုန်ခြင်းကြောင့် ဥပပါတ်ပဋိသန္ဓေနေသော ဗြဟ္မာဖြစ်၏၊ ထိုဗြဟ္မာ့ပြည်၌ပင်လျှင် ပရိနိဗ္ဗာန်ပြုရ၏၊ ထိုဗြဟ္မာ့ပြည်မှ ပြန်လည်ခြင်းသဘောမရှိချေ။ အာနန္ဒာအောက်တန်း၌ ဖြစ်စေတတ်သည့်သံယောဇဉ် ငါးပါးတို့ကို ပယ်စွန့်ရန် ဤသည်ကား လမ်းကြောင်းတည်း၊ ဤသည်ကား အကျင့်တည်း။
အာနန္ဒာ ထိုမှတစ်ပါး ဝိတက်ဝိစာရတို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍နေ၏။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ ရောက်၍နေ၏၊ ထိုရဟန်းသည် ထိုသမာပတ်၌ ပါဝင်သော ရုပ်ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားတို့ကို။ပ။ ထိုဗြဟ္မာ့ပြည်မှ ပြန်လည်ခြင်းသဘောမရှိတော့ချေ။ အာနန္ဒာ အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ်ငါးပါးတို့ကို ပယ်စွန့်ရန် ဤသည်ကား လမ်းကြောင်းတည်း၊ ဤသည်ကား အကျင့်တည်း။
အာနန္ဒာ ထိုမှတစ်ပါး ရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ရူပသညာတို့ကို လွန်မြောက်ခြင်းကြောင့် ပဋိဃသညာတို့၏ ချုပ်ငြိမ်းခြင်းကြောင့် အထူးထူးသော သညာတို့ကိုနှလုံးမသွင်းမူ၍ “ကောင်း ကင်သည် အဆုံးမရှိ”ဟု ပွါးများလျက် အာကာသာနဉ္စာယတနဈာန်သို့ရောက်၍ နေ၏။
ထိုရဟန်းသည် ထိုသမာပတ်၌ ပါဝင်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားတို့ကို။ပ။ ထိုဗြဟ္မာ့ပြည်မှ ပြန်လည်ခြင်းသဘော မရှိတော့ချေ။ အာနန္ဒာ အောက်တန်း၌ ဖြစ်စေတတ်သည့်သံယောဇဉ်ငါးပါးတို့ကို ပယ်စွန့်ရန် ဤသည်ကား လမ်းကြောင်းတည်း၊ ဤသည်ကား အကျင့်တည်း။
အာနန္ဒာ ထိုမှတစ်ပါး ရဟန်းသည် အလုံးစုံအားဖြင့် အာကာသနဉ္စာယတနဈာန်ကို လွန်မြောက်၍”ပဌမာ ရုပ္ပဝိညာဏ်သည် အဆုံးမရှိ”ဟု စီးဖြန်းလျက် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် ထိုသမာပတ်၌ ပါဝင်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားတို့ကို။ပ။ ထိုဗြဟ္မာ့ပြည်မှ ပြန်လည်ခြင်း သဘောမရှိတော့ချေ။ အာနန္ဒာ အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ်ငါးပါး့တို့ကို ပယ်စွန့်ရန် ဤသည်ကား လမ်းကြောင်းတည်း၊ ဤသည်ကား အကျင့်တည်း။
အာနန္ဒာ ထိုမှတစ်ပါး ရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဝိညာဏဉ္စာယတနဈာန်ကိုလွန်မြောက်၍ “တစ်စုံတစ်ခုစိုးစဉ်းမျှ မရှိ”ဟု ပွါးများလျက် အာကိဉ္စညာယတနဈာန်သို့ ရောက်၍နေ၏။ ထိုရဟန်းသည် ထိုသမာပတ်၌ ပါဝင်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားတို့ကို။ပ။ ထိုဗြဟ္မာ့ပြည် မှ ပြန်လည်ခြင်းသဘောမရှိတော့ချေ။ အာနန္ဒာ အောက်တန်း၌ ဖြစ်စေတတ်သည့်သံယောဇဉ်ငါးပါးတို့ကို ပယ်စွန့်ရန် ဤသည်ကား လမ်းကြောင်းတည်း၊ ဤသည်ကား အကျင့်တည်းဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့ကို ပယ်စွန့်ရန် ဤသည်ပင်လမ်းကြောင်း, ဤသည်ပင် အကျင့်ဖြစ်ပါမူ ဤသာသနာတော်၌ အဘယ့်ကြောင့် အချို့သော ရဟန်းတို့သည် စေတောဝိမုတ္တိဖြစ်ကုန်၍ အချို့သော ရဟန်းတို့သည် ပညာဝိမုတ္တိဖြစ်ပါကုန်သနည်းဟု (လျှောက်၏)။ အာနန္ဒာ ဤအရာ၌ ဣန္ဒြေထူးခြားသည်၏ အဖြစ်ကို စွဲ၍ ဤသို့ ဖြစ်၏ဟူ၍ ငါဟော၏ဟုမြတ်စွာ ဘုရားသည် ဤစကားကို မိန့်တော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားတော်ကိုနှစ်ခြိုက် ဝမ်းမြောက်လေ၏။
လေးခုမြောက် မဟာမာလုကျသုတ် ပြီး၏။