မဇ္ဈိမနိကာယ်

၆—လဋုကိကောပမသုတ်

၁၄၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် အင်္ဂုတ္တရာပတိုင်း အာပဏမည်သော နိဂုံး၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူတော်မူပြီးလျှင် အာပဏနိဂုံးသို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏၊ အာပဏနိဂုံးသို့ ဆွမ်းခံလှည့်လည်၍ ဆွမ်းခံရာမှဖဲခဲ့ကာ ဆွမ်းစားပြီးနောက် တောအုပ်တစ်ခုသို့ နေ့သန့်စင်တော်မူရန် ဝင်ရောက်၍ သစ်တစ်ပင်ရင်း၌နေ့သန့်စင်တော်မူ၏။

အသျှင်ဥဒါယီသည်လည်း နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင်အာပဏနိဂုံးသို့ ဆွမ်းအလို့ငှါ ဝင်လေ၏၊ အာပဏနိဂုံး၌ ဆွမ်းအလို့ငှါ လှည့်လည်၍ ဆွမ်းခံရာမှ ဖဲခဲ့ကာဆွမ်းစားပြီးနောက် ထိုတောအုပ်ရှိရာသို့ နေ့သန့်စင်ရန် ဝင်ရောက်၍ သစ်တစ်ပင်ရင်း၌ နေ့သန့်စင်နေလေ၏။

ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်၍ ကိန်းအောင်းနေသော အသျှင်ဥဒါယီအား “မြတ်စွာဘုရားသည် ငါတို့၏များစွာသော ဆင်းရဲတရားတို့ကို စင်စစ် ပယ်ဖျောက်တတ်ပါပေ၏၊ မြတ်စွာဘုရားသည် ငါတို့၏များစွာသော ချမ်းသာတရားတို့ကို စင်စစ် ရှေးရှုဆောင်တတ်ပါပေ၏၊ မြတ်စွာဘုရားသည် ငါတို့၏့များစွာသော အကုသိုလ်တရားတို့ကို စင်စစ် ပယ်ဖျောက်တတ်ပါပေ၏၊ မြတ်စွာဘုရားသည် ငါတို့၏များစွာသော ကုသိုလ်တရားတို့ကို စင်စစ် ရှေးရှုဆောင်တတ်ပါပေ၏”ဟု စိတ်အကြံဖြစ်ပေါ်၏။ ထို့နောက် အသျှင်ဥဒါယီသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထလျက် မြတ်စွာဘုရားရှိတော်မူရာသို့ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေ၏။

၁၄၉။ သင့်လျော်ရာ၌ ထိုင်နေပြီးသော အသျှင်ဥဒါယီသည် မြတ်စွာဘုရားအား ဤသို့ လျှောက်ထား၏ — “အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်၍ ကိန်းအောင်းနေသော တပည့်တော်အား’မြတ်စွာဘုရား သည် ငါတို့၏ များစွာသော ဆင်းရဲတရားတို့ကို စင်စစ် ပယ်ဖျောက်တတ်ပါပေ၏၊ မြတ်စွာဘုရားသည် ငါတို့၏ များစွာသော ချမ်းသာတရားတို့ကို စင်စစ် ရှေးရှုဆောင်တတ်ပါပေ၏၊ မြတ်စွာဘုရားသည် ငါတို့ ၏ များစွာသော အကုသိုလ်တရားတို့ကို စင်စစ် ပယ်ဖျောက်တတ်ပါပေ၏၊ မြတ်စွာဘုရားသည် ငါတို့၏ များစွာသော ကုသိုလ်တရားတို့ကို စင်စစ် ရှေးရှုဆောင်တတ်ပါပေ၏’ဟုဤသို့သော စိတ်အကြံ ဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် ရှေးအခါက ညအခါ၌လည်းကောင်း၊ နံနက်အခါ၌လည်းကောင်း၊ နေ့နေလွဲအခါ၌လည်းကောင်း စားကြပါကုန်၏။

အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့ကို ‘ရဟန်းတို့ သင်တို့သည် နေလွဲသောအခါ၌ စားခြင်းကိုပယ်စွန့်ကြကုန်လော့’ဟု မိန့်တော်မူခဲ့စဉ်က ‘သဒ္ဓါတရားရှိသော သူကြွယ်တို့သည် နေလွဲသော အခါ၌မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို ငါတို့အား ပေးလှူကုန်၏၊ ထိုခဲဖွယ်ဘောဇဉ်ကိုလည်း ငါတို့အားပယ်ရမည်ဟု မြတ်စွာဘုရားဟောတော်မူ၏၊ ထိုခဲဖွယ်ဘောဇဉ်ကိုလည်း ငါတို့အား စွန့်လွှတ်ရမည်ဟုမြတ်စွာဘုရား ဟောတော်မူ၏’ဟု အကျွန်ုပ်အား စိတ်ပြောင်းလွဲမှု စိတ်ဆင်းရဲမှု ဖြစ်ခဲ့ရပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်တို့သည် မြတ်စွာဘုရား၌ ချစ်ခြင်း ရိုသေခြင်း ရှက်ခြင်း ကြောက်ခြင်းတို့ကို ကောင်းစွာ ထောက်မြော်ကြလျက် ဤသို့လျှင် ထိုနေ့နေလွဲအခါ၌ စားခြင်းကို ပယ်စွန့်ကြပါကုန်၏။

အသျှင်ဘုရား ထိုအကျွန်ုပ်တို့သည် ညဉ့်အခါ၌လည်း စားပါကုန်၏၊ နံနက်အခါ၌လည်း စားပါ ကုန်၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့ကို ‘ရဟန်းတို့ သင်တို့သည် ဤညဉ့်အခါ၌ စားခြင်းကိုပယ်စွန့်ကြကုန်လော့’ဟု မိန့်တော်မူခဲ့စဉ်က ‘ငါတို့၏ ဤနှစ်ထပ်သော အစာတို့တွင်သာလွန်မြတ်သည်ဟု ဆိုရသော ညဉ့်စာကိုလည်း ငါတို့အား ပယ်ရမည်ဟု မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုမြတ်သော ညဉ့်စာကိုလည်း ငါတို့အား စွန့်ရမည်’ဟု မြတ်စွာဘုရားဟောတော်မူ၏ဟု အကျွန်ုပ်အားစိတ်ပြောင်းလွဲမှု စိတ်ဆင်းရဲမှု ဖြစ်ခဲ့ရပါ၏။

အသျှင်ဘုရား ရှေးကဖြစ်ဖူးသည်မှာ တစ်ယောက်သော ယောကျာ်းသည် နေ့အခါ၌ ဟင်းလျာကို ရ၍’ဤဟင်းလျာကို ထားကြကုန်လော့၊ ညချမ်းအခါ ငါတို့အားလုံး တစ်စုတစ်ရုံးတည်း စားကြကုန်အံ့’ဟုဆို၏။ အသျှင်ဘုရား အထူးပြုပြင်ထားသော ခဲဖွယ်တို့သည် ညဉ့်အခါ၌သာ အားလုံးစုံလင်၍ နေ့အခါ၌ကား အနည်းငယ်သာ ဖြစ်ပါကုန်၏။ အသျှင်ဘုရား ထိုအကျွန်ုပ်တို့သည် မြတ်စွာဘုရား၌ ချစ်ခြင်းရိုသေခြင်း ရှက်ခြင်း ကြောက်ခြင်းတို့ကို ကောင်းစွာ ထောက်မြော်ကြလျက် ဤသို့လျှင် ညဉ့်အခါ၌စားခြင်းကို ပယ်ခဲ့ကြပါကုန်၏။

အသျှင်ဘုရား ရှေးကဖြစ်ဖူးသည်မှာ ရဟန်းတို့သည် ညဉ့်မှောင်မိုက်၌ ဆွမ်းခံလှည့်လည်ကြကုန်သည်ရှိသော် အညစ်အကြေးစွန့်ရာသို့လည်း ဝင်မိကြကုန်၏၊ ညွန်တွင်းသို့လည်း ကျကြကုန်၏၊ ဆူးရှိသော တွင်းကိုလည်း နင်းမိကြကုန်၏၊ အိပ်နေသော နွားမကိုလည်း တက်နင်းမိကြကုန်၏၊ ခိုးခဲ့ပြီးသောသူခိုး မခိုးရသေးသော သူခိုးတို့နှင့်လည်း တွေ့ဆုံမိကြကုန်၏၊ မာတုဂါမသည်မူလည်း ထိုရဟန်းကိုမေထုန်အကျင့်ဖြင့် ဖိတ်၏ ‘မေထုန်ကျင့်ရန် ပြောဆို၏’။

အသျှင်ဘုရား ရှေးကဖြစ်ဖူးသည်မှာ တပည့်တော်သည် ညဉ့်မှောင်မိုက်၌ ဆွမ်းအလို့ငှါ လှည့်လည်၏၊ အသျှင်ဘုရား ခွက်ဆေးကြောနေသော မိန်းမတစ်ယောက်သည် လျှပ်စစ်ပြက်သော အခိုက်၌ အကျွန်ုပ် ကို့မြင်၍ ‘အမလေး ကိုယ်ကျိုးနဲပါပေါ့၊ ဘီလူးကြီးပါတကား’ဟု လန့်အော်ပါ၏။

အသျှင်ဘုရား ဤသို့လန့်အော်သော် တပည့်တော်သည် ‘နှမ ငါသည် ဘီလူးမဟုတ်ပါ၊ ဆွမ်းရပ်နေသော ရဟန်းပါ’ဟု ထိုမိန်းမကို ပြောဆိုခဲ့ပါ၏၊ ‘ရဟန်းအား မိဘမဲ့လေယောင်တကား၊ ရဟန်းအားမိဘမဲ့လေယောင် တကား၊ ရဟန်း ထက်လှစွာသော ဓားငယ်ဖြင့် သင်၏ ဝမ်းဗိုက်ကို ထိုးဖောက်ခြင်းကမြတ်သေး၏၊ ညဉ့်မှောင်မိုက်၌ ဝမ်းဟူသောအကြောင်းကြောင့် ဆွမ်းခံလှည့်လည်ခြင်းသည်မမြတ်သည်သာ တည်း’ဟု ထိုမိန်းမက ဆိုပါ၏။

အသျှင်ဘုရား ထိုအကြောင်းကို ပြန်အောက်မေ့သော အကျွန်ုပ်အား ‘မြတ်စွာဘုရားသည် ငါတို့၏များစွာသော ဆင်းရဲတရားတို့ကို စင်စစ် ပယ်ရှားတော်မူတတ်ပါပေ၏၊ မြတ်စွာဘုရားသည် ငါတို့၏များစွာသော ချမ်းသာတရားတို့ကို စင်စစ် ရှေးရှုဆောင်တတ်ပါပေ၏၊ မြတ်စွာဘုရားသည် ငါတို့၏များစွာသော အကုသိုလ် တရားတို့ကို စင်စစ် ပယ်ရှားတတ်ပါပေ၏၊ မြတ်စွာဘုရားသည် ငါတို့၏များစွာသော ကုသိုလ်တရားတို့ကို စင်စစ် ရှေးရှုဆောင်တတ်ပါပေ၏’ဟူ၍ ဤသို့ အကြံဖြစ်ပါ၏”ဟု (လျှောက်၏)။

၁၅ဝ။ ဥဒါယီ ဤသို့သာ ဖြစ်ကြကုန်၏၊ အချို့သော အချည်းနှီးသော ယောကျာ်းတို့ကို “ဤ အရာကိုပယ်ကြကုန်လော့”ဟု ငါက ဆိုသည်ရှိသော် ထိုရဟန်းတို့သည် “ဤနည်းနည်းပါးပါးကလေးမှာအဘယ်ပြောပလောက်သနည်း၊ ဤရဟန်းသည် ခေါင်းပါးခြင်း၌ ကြောင့်ကြစိုက်လွန်းသည်သာတည်း”ဟုဆိုကုန်၏။

ထိုရဟန်းတို့သည် ထိုအရာကိုလည်း မစွန့်ကုန်၊ ငါ၌လည်းကောင်း၊ သိက္ခာသုံးပါးကို လိုလားကုန် သောရဟန်းတို့၌လည်းကောင်း မကျေနပ်မှုဖြစ်ကြကုန်၏။ ဥဒါယီ ထိုအချည်းနှီးသော ယောကျာ်းတို့ အားထိုနည်းနည်း ပါးပါးကလေးသည်ပင် အားကြီးသော အနှောင်အဖွဲ့ မြဲမြံသော အနှောင်အဖွဲ့ ခိုင်ခံ့ သောအနှောင်အဖွဲ့ မဆွေးမြေ့သော အနှောင်အဖွဲ့ ဖြစ်၏၊ ကြီးစွာသော သစ်သားတောက်လည်း ဖြစ်နေ၏။

ဥဒါယီ ဥပမာသော်ကား ဘီလုံးငှက်ငယ်သည် နွယ်ပုတ်အနှောင်အဖွဲ့ဖြင့် ဖွဲ့မိသော် ထိုအရပ်၌သာ လျှင်ညှဉ်းဆဲခံရခြင်းသို့လည်းကောင်း၊ အဖမ်းခံရခြင်းသို့လည်းကောင်း၊ သေဆုံးခြင်းသို့လည်းကောင်းရောက်၏။ ဥဒါယီ “အနှောင်အဖွဲ့ခံရသဖြင့် ထိုအရပ်၌ပင် ထိုဘီလုံးငှက်ငယ်၏ ညှဉ်းဆဲခံရခြင်း အဖမ်းခံရခြင်း သေဆုံးခြင်းသို့ ရောက်ကြောင်းဖြစ်သော နွယ်ပုတ်အနှောင်အဖွဲ့သည်ကား ထိုဘီလုံးငှက်ငယ်အတွက် အားမရှိသော အနှောင်အဖွဲ့ အားနည်းသော အနှောင်အဖွဲ့ ဆွေးမြေ့သော အနှောင်အဖွဲ့ အနှစ်မရှိသော အနှောင်အဖွဲ့သာ ဖြစ်၏”ဟု ဆိုငြားအံ့၊ ထိုသူ၏ ပြောဆိုချက်သည် ကောင်းစွာ ပြောဆိုခြင်းဖြစ်ပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်ပါ၊ အသျှင်ဘုရား အနှောင်အဖွဲ့ခံရသဖြင့် ထိုအရပ်၌ပင် ထိုဘီလုံးငှက်ငယ်၏ ညှဉ်းဆဲခံရခြင်း အဖမ်းခံရခြင်း သေဆုံးရခြင်းသို့ ရောက်ကြောင်းဖြစ်သော နွယ်ပုတ်အနှောင်အဖွဲ့သည်ကား ထိုဘီလုံးငှက်ငယ်အတွက် အားကြီးသော အနှောင်အဖွဲ့ မြဲမြံသောအနှောင်အဖွဲ့ ခိုင်ခံ့သော အနှောင်အဖွဲ့ မဆွေးမြေ့သော အနှောင်အဖွဲ့ ဖြစ်၏၊ ကြီးစွာသော သစ်သားတောက်လည်း ဖြစ်ပါ၏ဟု (လျှောက်၏)။

ဥဒါယီ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော အချည်းနှီးသော ယောကျာ်းတို့ကို”ဤအရာကို စွန့်ကြကုန်လော့”ဟု ငါက ဆိုသည်ရှိသော် “ဤနည်းနည်းပါးပါးကလေးမှာ အဘယ်ပြောပလောက်သနည်း၊ ဤရဟန်းသည် ခေါင်းပါးခြင်း၌ ကြောင့်ကြစိုက်လွန်းသည်သာတည်း”ဟု ဆိုကြကုန်၏။ ထိုရဟန်းတို့သည် ထိုအရာကိုလည်း မစွန့်ကုန်၊ ငါ၌လည်းကောင်း၊ သိက္ခာသုံးပါးကို လိုလားကုန်သောရဟန်းတို့၌လည်းကောင်း မကျေနပ်မှု ဖြစ်ကြကုန်၏။

ဥဒါယီ ထိုအချည်းနှီးသော ယောကျာ်းတို့အား ထိုနည်းနည်းပါးပါးကလေးသည်ပင် အားကြီးသောအနှောင်အဖွဲ့ မြဲမြံသော အနှောင်အဖွဲ့ ခိုင်ခံ့သော အနှောင်အဖွဲ့ မဆွေးမြေ့သော အနှောင်အဖွဲ့ ဖြစ်၏၊ ့ကြီးစွာသော သစ်သားတောက်လည်း ဖြစ်၏။

၁၅၁။ ဥဒါယီ ဤသာသနာတော်၌ အချို့သော အမျိုးကောင်းသားတို့ကို “ဤအရာကို ပယ်ကြကုန်လော့”ဟု ငါက ဆိုသည်ရှိသော် ထိုအမျိုးကောင်းသားတို့သည် “မြတ်စွာဘုရားက ငါတို့အား ပယ်ရမည်စွန့်ရမည်ဟု ဟောထားသော ဤနည်းနည်းပါးပါးကလေးမျှ ဖြစ်သော ပယ်စရာသည် အဘယ်မှာမပြောပလောက်ဘဲရှိအံ့နည်း”ဟု ဆိုကြကုန်၏။

ထိုသူတို့သည် ထိုအရာကိုလည်း ပယ်ကြကုန်၏၊ ငါ၌လည်းကောင်း၊ သိက္ခာသုံးပါးကို အလိုရှိကြကုန်သော ရဟန်းတို့၌လည်းကောင်း မကျေနပ်မှု မဖြစ်ကြကုန်၊ ထိုရဟန်းတို့သည် ထိုအရာကို ပယ်စွန့်ကြ၍ ကြောင့်ကြမစိုက်ကြဘဲ မာန်ကျကုန်လျက် သူတစ်ပါးပေးသောဝတ္ထုဖြင့် အသက်မွေးကြကာသားသမင်သဖွယ် စိတ်ထားဖြင့် နေကြကုန်၏၊ ဥဒါယီ ထိုရဟန်းတို့အား ထိုအရာသည် အားမရှိသောအနှောင်အဖွဲ့အားနည်းသော အနှောင်အဖွဲ့ ဆွေးမြေ့သော အနှောင်အဖွဲ့ အနှစ်မရှိသော အနှောင်အဖွဲ့ဖြစ်၏။

ဥဒါယီ ဥပမာသော်ကား လှည်းသန်နှင့်အလားတူ အစွယ်ရှိသော ထွားကျိုင်း၍ အမျိုးကောင်းသောစစ်မြေပြင်သို့ ဝင်ဖူးသော မင်းစီးဆင်သည် မြဲမြံသော ကြိုးအနှောင်အဖွဲ့တို့ဖြင့် အနှောင်အဖွဲ့ခံရသော်အနည်းငယ်မျှသာ ကိုယ်ကို ညွတ်စေ၍ ထိုအနှောင်အဖွဲ့တို့ကို ဖြတ်လျက် ကောင်းစွာ ဖျက်ဆီး၍ အလိုရှိရာအရပ်သို့ ဖဲသွားလေ၏။

ဥဒါယီ “လှည်းသန်နှင့် အလားတူ အစွယ်ရှိသော ထွားကျိုင်း၍ အမျိုးကောင်းသော စစ်မြေပြင်သို့ဝင်ဖူးသော မင်းစီးဆင်သည် မြဲမြံသော ကြိုးအနှောင်အဖွဲ့တို့ဖြင့် အနှောင်အဖွဲ့ခံရသော် အနည်းငယ်သာကိုယ်ကို ညွတ်စေ၍ ထိုအနှောင်အဖွဲ့တို့ကို ဖြတ်၍ ကောင်းစွာ ဖျက်ဆီး၍ အလိုရှိရာအရပ်သို့ဖဲထွက်လေရာသော အနှောင်အဖွဲ့သည်ကား ထိုဆင်အတွက် အားရှိသော အနှောင်အဖွဲ့ မြဲမြံသောအနှောင် အဖွဲ့ ခိုင်ခံ့သော အနှောင်အဖွဲ့ မဆွေးမြေ့သော အနှောင်အဖွဲ့ ဖြစ်၏၊ ကြီးစွာသောသစ်သားတောက် လည်း ဖြစ်၏”ဟု ဆိုငြားအံ့၊ ထိုသူ၏ ပြောဆိုချက်သည် ကောင်းစွာ ပြောဆိုခြင်းဖြစ်ပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်ပါ။

အသျှင်ဘုရား လှည်းသန်နှင့် အလားတူ အစွယ်ရှိသော ထွားကျိုင်း၍ အမျိုးကောင်းသော စစ်မြေပြင်သို့ ဝင်ဖူးသော မင်းစီးဆင်သည် မြဲမြံသော ကြိုးအနှောင်အဖွဲ့တို့ဖြင့် အနှောင်အဖွဲ့ခံရသော် စဉ်းငယ်သာလျှင် ကိုယ်ကိုညွတ်စေ၍ ထိုအနှောင်အဖွဲ့တို့ကို ဖြတ်လျက် ကောင်းစွာ ဖျက်ဆီး၍ အလိုရှိရာ အရပ်သို့ ဖဲသွားလေရာသော အနှောင်အဖွဲ့သည်ကား အားနည်းသော အနှောင်အဖွဲ့။ပ။ အနှစ်မရှိသောအနှောင်အဖွဲ့ ဖြစ်ပါ၏ဟု (လျှောက်၏)။

ဥဒါယီ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော အမျိုးကောင်းသားတို့ကို “ဤအရာကိုစွန့်ပယ်ကြကုန်လော့”ဟု ငါက ဆိုသည်ရှိသော် ထို အမျိုးကောင်းသားတို့သည် “မြတ်စွာဘုရားက ငါတို့အား ပယ်ရမည် စွန့်ရမည်ဟု ဟောထားသော ဤနည်းနည်းပါးပါးကလေးဖြစ်သော ပယ်စရာသည်အဘယ်မှာ မပြောပလောက်ဘဲ ရှိအံ့နည်း”ဟု ဆိုကြကုန်၏။

ထိုသူတို့သည် ထိုအရာကိုလည်း ပယ်ကြကုန်၏၊ ငါ၌လည်းကောင်း၊ သိက္ခာသုံးပါးကို အလိုရှိကြကုန်သော ရဟန်းတို့၌လည်းကောင်း၊ မကျေနပ်မှု မဖြစ်ကြကုန်၊ ထိုသူတို့သည် ထိုအရာကို ပယ်စွန့်ကြ၍ကြောင့်ကြ မစိုက်ကြဘဲ မာန်ကျကုန်လျက် သူတစ်ပါးပေးသောဝတ္ထုဖြင့် အသက်မွေးကြကာ သားသမင်သဖွယ် စိတ်ထားဖြင့် နေကြကုန်၏။ ဥဒါယီ ထိုရဟန်းတို့အား ထိုအရာသည် အားမရှိသောအနှောင်အဖွဲ့ အားနည်းသော အနှောင်အဖွဲ့ ဆွေးမြေ့သော အနှောင်အဖွဲ့ အနှစ်မရှိသော အနှောင်အဖွဲ့ဖြစ်၏။

၁၅၂။ ဥဒါယီ ဥပမာသော်ကား ကိုယ်ပိုင်ဥစ္စာမရှိ၍ စည်းစိမ်ကင်းသော သူဆင်းရဲယောကျာ်းသည် ရှိ၏၊ ့ထိုယောကျာ်းအား ဖရိုဖရဲပျက်စီး၍ ကျီးတသောသောနေသော စုတ်နုပ်သော အိမ်တစ်ဆောင်ရှိ၏၊ ဖရိုဖရဲပျက်စီး၍ ထန်းလျှော်ခက်ထားသော စုတ်နုပ်သော ခုတင် တစ်ခုသည်လည်း ရှိ၏၊ အိုးတစ်လုံး၌ထည့်ထားသော ညံ့ဖျင်းသော လူးစပါး ဘူးစေ့ ဖရုံစေ့သည်လည်း ရှိ၏၊ အကျည်းတန်သော မယားတစ်ယောက်လည်း ရှိ၏။

ထိုသူဆင်းရဲယောကျာ်းသည် လက်ခြေတို့ကို ဆေးကြောပြီးလျှင် နှစ်သက်ဖွယ်ဘောဇဉ်ကို သုံးဆောင်ပြီးနောက် အေးချမ်းသောအရိပ်၌ သမထဝိပဿနာကို အားထုတ်ကာ အရံတွင်းမှာနေသော ရဟန်းကို မြင်လေရာ၏။ ထိုသူဆင်းရဲအား “အိုအချင်းတို့ ရဟန်း၏အဖြစ်သည် ချမ်းသာလေစွ၊ အိုအချင်းတို့ရဟန်း၏အဖြစ်သည် အနာကင်းလေစွ၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကိုဝတ်ရုံ၍ အိမ်ရာထောင်သော လူ့ဘောင်မှ အိမ်ရာမထောင်သော ရဟန်းဘောင်၌ ရဟန်းပြုရမူ ထိုသူမျိုးဖြစ်လေရာ၏”ဟု အကြံဖြစ်၏။

ထိုသူဆင်းရဲယောကျာ်းသည် ဖရိုဖရဲပျက်စီး၍ ကျီးတသောသောနေသော စုတ်နုပ်သော အိမ်တစ်ဆောင်ကို စွန့်ပယ်၍လည်းကောင်း၊ ဖရိုဖရဲပျက်စီး၍ ထန်းလျှော်ခက်ထားသော စုတ်နုပ်သော ခုတင်တစ်ခုကို ပယ်စွန့်၍လည်းကောင်း၊ အိုးတစ်လုံး၌ ထည့်ထားသော ညံ့ဖျင်းသော လူးစပါး ဘူးစေ့ဖရုံစေ့ကို ပယ်စွန့်၍လည်းကောင်း၊ အကျည်းတန်သော မယားတစ်ယောက်ကို ပယ်စွန့်၍လည်းကောင်း၊ ဆံမုတ်ဆိတ် ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်သင်္ကန်းတို့ကို ဝတ်ရုံ၍ အိမ်ရာထောင်သောလူ့ဘောင်မှ အိမ်ရာမထောင်သော ရဟန်းဘောင်၌ ရဟန်းပြုခြင်းငှါ မတတ်နိုင်လေရာ။

ဥဒါယီ “ဖရိုဖရဲ ပျက်စီး၍ ကျီးတသောသောနေသော စုတ်နုပ်သော အိမ်တစ်ဆောင်ကို ပယ်၍လည်းကောင်း၊ ဖရိုဖရဲပျက်စီး၍ ထန်းလျှော်ခက်ထားသော စုတ်နုပ်သော ခုတင်တစ်ခုကို ပယ်စွန့်၍လည်းကောင်း၊ အိုးတစ်လုံး၌ ထည့်ထားသော ညံ့ဖျင်းသော လူးစပါး ဘူးစေ့ ဖရုံစေ့ကို ပယ်စွန့်၍လည်းကောင်း၊ အကျည်းတန်သော မယားတစ်ယောက်ကို ပယ်စွန့်၍လည်းကောင်း ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည်ဆိုးသော အဝတ်သင်္ကန်းတို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်၌ ထိုယောကျာ်း ရဟန်းပြုရန် မတတ်နိုင်အောင် နှောင်ဖွဲ့ထားသော အနှောင်အဖွဲ့ကား ထိုယောကျာ်းအတွက် အားမရှိသောအနှောင်အဖွဲ့ အားနည်းသော အနှောင်အဖွဲ့ ဆွေးမြေ့သော အနှောင်အဖွဲ့ အနှစ်မရှိသော အနှောင်အဖွဲ့သာ ဖြစ်၏”ဟု ဆိုငြားအံ့၊ ထိုသူ၏ ဆိုခြင်းသည် ကောင်းစွာ ဆိုခြင်းဖြစ်ပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်ပါ။

အသျှင်ဘုရား “ဖရိုဖရဲ ပျက်စီး၍ ကျီးတသောသောနေသော စုတ်နုပ်သော အိမ်တစ်ဆောင်ကိုပယ်စွန့်၍လည်းကောင်း၊ ဖရိုဖရဲ ပျက်စီး၍ ထန်းလျှော်ခက်ထားသော စုတ်နုပ်သော ခုတင်တစ်ခုကိုပယ်စွန့်၍လည်းကောင်း၊ အိုးတစ်လုံး၌ ထည့်ထားသော ညံ့ဖျင်းသော လူးစပါး ဘူးစေ့ ဖရုံစေ့ကိုပယ်စွန့်၍လည်းကောင်း အကျည်းတန်သော မယားတစ်ယောက်ကို ပယ်စွန့်၍လည်းကောင်းဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်သင်္ကန်းတို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်၌ထိုယောကျာ်း ရဟန်းပြုခြင်းငှါ မစွမ်းနိုင်အောင် နှောင်ဖွဲ့ထားသော အနှောင်အဖွဲ့ကား ထိုသူအတွက်အားရှိသော အနှောင်အဖွဲ့ မြဲမြံသော အနှောင်အဖွဲ့ ခိုင်ခံ့သော အနှောင်အဖွဲ့ မဆွေးမြေ ့သောအနှောင်အဖွဲ့ ဖြစ်၏၊ ကြီးစွာသော သစ်သားတောက်လည်း ဖြစ်ပါ၏ဟု (လျှောက်၏)။

ဥဒါယီ ဤအတူသာလျှင် အချို့သော အချည်းနှီးသော ယောကျာ်းတို့ကို “ဤအရာကို စွန့်ပယ်ကြကုန်လော့”ဟု ငါက ဆိုသည်ရှိသော် “ဤနည်းနည်းပါးပါးကလေးမှာ အဘယ်ပြောပလောက်သနည်း၊ ဤရဟန်းသည် ခေါင်းပါးခြင်း၌ ကြောင့်ကြစိုက်လွန်းသည်သာတည်း”ဟု ဆိုကုန်၏။ ထိုရဟန်းတို့သည် ထိုအရာကိုလည်း မစွန့်ကြကုန်၊ ငါ၌လည်းကောင်း သိက္ခာသုံးပါးကို လိုလားသော ရဟန်းတို့၌လည်းကောင်းမကျေနပ်မှု ဖြစ်ကြကုန်၏။ ဥဒါယီ ထိုအချည်းနှီးသော ယောကျာ်းတို့အား ထိုနည်းနည်းပါးပါးကလေး့သည် အားကြီးသော အနှောင်အဖွဲ့ မြဲမြံသော အနှောင်အဖွဲ့ ခိုင်ခံ့သော အနှောင်အဖွဲ့ မဆွေးမြေ့သောအနှောင်အဖွဲ့ ဖြစ်ပါ၏၊ ကြီးစွာသော သစ်သားတောက်လည်း ဖြစ်ပါ၏။

၁၅၃။ ဥဒါယီ ဥပမာသော်ကား ကြွယ်ဝသော များသော ဥစ္စာရှိသော များသော စည်းစိမ်ရှိသောအရာမကသော ရွှေနိက္ခအပေါင်း အရာမကသော စပါးအပေါင်း အရာမကသော လယ်မြေအပေါင်း အရာမကသော ယာမြေအပေါင်း အရာမကသော မယားအပေါင်း အရာမကသော ကျွန်ယောကျာ်းအပေါင်းအရာမကသော ကျွန်မိန်းမအပေါင်းတို့ကို ဆည်းပူးထားသော သူကြွယ်သည်သော်လည်းကောင်း၊ သူကြွယ်၏သားသည်သော်လည်းကောင်း ရှိ၏။ ထိုသူကြွယ် သို့မဟုတ် သူကြွယ်၏သားသည် လက်ခြေတို့ကိုဆေးကြောပြီးလျှင် နှစ်သက်ဖွယ် ဘောဇဉ်ကို သုံးဆောင်ပြီးနောက် အေးချမ်းသောအရိပ်၌ သမထဝိပဿနာကို အားထုတ်ကာ အရံတွင်းမှာ နေသော ရဟန်းကို မြင်လေရာ၏။

ထိုသူကြွယ် သို့မဟုတ် သူကြွယ်၏သားအား “အချင်းတို့ ရဟန်း၏အဖြစ်သည် ချမ်းသာလေစွ တကား၊ အချင်းတို့ ရဟန်း၏အဖြစ်သည် အနာကင်းလေစွတကား၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည်ဆိုးသော အဝတ်သင်္ကန်းကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုရမူ ထို သူမျိုးဖြစ်လေရာ၏”ဟု အကြံဖြစ်ရာ၏။

ထိုသူကြွယ် သို့မဟုတ် သူကြွယ်၏သားသည် အရာမကသော ရွှေနိက္ခအပေါင်း အရာမကသောစပါးအပေါင်း အရာမကသော လယ်မြေအပေါင်း အရာမကသော ယာမြေအပေါင်း အရာမကသော မယားအပေါင်း အရာမကသော ကျွန်ယောကျာ်းအပေါင်း အရာမကသော ကျွန်မိန်းမအပေါင်းတို့ကို ပယ်စွန့်၍ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်သင်္ကန်းတို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်း ပြုခြင်းငှာ စွမ်းနိုင်လေရာ၏။

ဥဒါယီ “အရာမကသော ရွှေနိက္ခအပေါင်း အရာမကသော စပါးအပေါင်း အရာမကသော လယ်မြေအပေါင်း အရာမကသော ယာမြေအပေါင်း အရာမကသော မယားအပေါင်း အရာမကသော ကျွန်ယောကျာ်းအပေါင်း အရာမကသော ကျွန်မိန်းမအပေါင်းတို့ကို ပယ်စွန့်၍ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည်ဆိုးသော အဝတ်သင်္ကန်းတို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်၌ ထိုသူကြွယ်, သို့မဟုတ်သူကြွယ်၏သား ရဟန်းပြုခြင်းငှါ စွမ်းနိုင်အောင် နှောင်ဖွဲ့ထားသော အနှောင်အဖွဲ့ကား ထိုသူကြွယ်, သို့မဟုတ် သူကြွယ်၏သားအတွက် အားရှိသော အနှောင်အဖွဲ့ မြဲမြံသော အနှောင်အဖွဲ့ ခိုင်ခံ့သောအနှောင်အဖွဲ့ မဆွေးမြေ့သော အနှောင်အဖွဲ့ ဖြစ်၏၊ ကြီးစွာသော သစ်သားတောက်လည်း ဖြစ်၏ဟုဆိုငြားအံ့။ ထိုသူ၏ ဆိုခြင်းသည် ကောင်းစွာဆိုခြင်း ဖြစ်ပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားမဖြစ်ပါ။

အသျှင်ဘုရား အရာမကသော ရွှေနိက္ခအပေါင်း အရာမကသော စပါးအပေါင်း အရာမကသောလယ်မြေအပေါင်း အရာမကသော ယာမြေအပေါင်း အရာမကသော မယားအပေါင်း အရာမကသော ကျွန်ယောကျာ်းအပေါင်း အရာမကသော ကျွန်မိန်းမအပေါင်းတို့ကို ပယ်စွန့်၍ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည်ဆိုးသော အဝတ်သင်္ကန်းတို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်၌ ထိုသူကြွယ်, သို့မဟုတ်သူကြွယ်၏သား ရဟန်းပြုခြင်းငှါ စွမ်းနိုင်အောင် နှောင်ဖွဲ့ထားသော အနှောင်အဖွဲ့ကား ထိုသူကြွယ်, သို့မဟုတ် သူကြွယ်၏သားအတွက် အားမရှိသော အနှောင်အဖွဲ့ အားနည်းသော အနှောင်အဖွဲ့ ဆွေးမြေ့သော အနှောင်အဖွဲ့ အနှစ်မရှိသော အနှောင်အဖွဲ့ ဖြစ်ပါ၏ဟု (လျှောက်၏)။

ဥဒါယီ ဤအတူသာလျှင် အချို့သော အမျိုးကောင်းသားတို့ကို “ဤအရာကို ပယ်စွန့်ကြကုန် လော့”ဟုငါက ဆိုသည်ရှိသော် ထိုအမျိုးကောင်းသားတို့သည် “မြတ်စွာဘုရားက ငါတို့အား ပယ်ရမည်စွန့်ရမည်ဟု ဟောသော ဤနည်းနည်းပါးပါးကလေးမျှဖြစ်သော ပယ်စရာသည် အဘယ်မှာ မပြောပလောက်ဘဲ ရှိအံ့နည်း”ဟု ဆိုကြကုန်၏။

ထိုအမျိုးကောင်းသားတို့သည် ထိုအရာကိုလည်း ပယ်စွန့်ကြကုန်၏၊ ငါ၌လည်းကောင်း၊ သိက္ခာသုံးပါးကို အလိုရှိကြကုန်သော ရဟန်းတို့၌လည်းကောင်း မကျေနပ်မှု မဖြစ်ကြကုန်။ ထိုသူတို့သည်ထိုအရာကို ပယ်စွန့်ကြ၍ ကြောင့်ကြမစိုက်ကြဘဲ မာန်ကျကုန်လျက် သူတစ်ပါးပေးသောဝတ္ထုဖြင့် အသက်မွေးကြကာ သားသမင်သဖွယ် စိတ်ထားဖြင့် နေကြကုန်၏၊ ဥဒါယီ ထိုရဟန်းတို့အား ထိုအရာသည်အားမရှိသော အနှောင်အဖွဲ့ အားနည်းသော အနှောင်အဖွဲ့ ဆွေးမြေ့သော အနှောင်အဖွဲ့ အနှစ်မရှိသောအနှောင်အဖွဲ့ ဖြစ်ပေ၏။

၁၅၄။ ဥဒါယီ လေးယောက်ကုန်သော ဤပုဂ္ဂိုလ်တို့သည် လောက၌ ထင်ထင်ရှားရှားရှိကုန်၏၊ အဘယ်လေးယောက်တို့နည်းဟူမူ —ဥဒါယီ အချို့သော ပုဂ္ဂိုလ်သည် ဥပဓိ ‘ခန္ဓုပဓိစသော ဥပဓိလေးပါး’ကို ပယ်ခြင်းငှါ ဥပဓိ ‘ခန္ဓုပဓိစသော ဥပဓိလေးပါး’ ကို စွန့်ခြင်းငှါ ကျင့်ကြံ၏။ ဥပဓိ ‘ခန္ဓုပဓိစသောဥပဓိလေးပါး’ ကို ပယ်ခြင်းငှါ ဥပဓိ ‘ခန္ဓုပဓိစသော ဥပဓိလေးပါး’ ကို စွန့်လွှတ်ခြင်းငှါ ကျင့်ကြံသောထိုပုဂ္ဂိုလ်ကို ဥပဓိနှင့် စပ်ယှဉ်ကုန်သော စိတ်ကူးခြင်း ကြံစည်ခြင်းတို့သည် လွှမ်းမိုးလာကုန်၏။ ထိုပုဂ္ဂိုလ်သည် ထိုဥပဓိနှင့် စပ်ယှဉ်ကုန်သော စိတ်ကူးခြင်း ကြံစည်ခြင်းတို့ကို လက်ခံ၏၊ မစွန့်လွှတ်၊ မပယ်ဖျောက်၊ ကင်းပျောက်အောင် မပြု၊ တစ်ဖန် မဖြစ်ခြင်းသို့ မရောက်စေ။ ဥဒါယီ ငါသည် ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို ဥပဓိနှင့် ယှဉ်သူဟူ၍ ဟောကြား၏၊ ဥပဓိနှင့် မယှဉ်သူဟူ၍ မဟောကြား။ ထိုသို့ မဟောကြားခြင်းသည် အဘယ့်ကြောင့်နည်း၊ ဥဒါယီ ငါသည် ဤပုဂ္ဂိုလ်၌ ဣန္ဒြေထူးခြားသည့်အဖြစ်ကို သိသောကြောင့်တည်း။

ဥဒါယီ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ဥပဓိကို ပယ်ခြင်းငှါ ဥပဓိကို စွန့်ခြင်းငှါကျင့်ကြံ၏၊ ဥပဓိကို ပယ်ခြင်းငှါ ဥပဓိကို စွန့်ခြင်းငှါ ကျင့်ကြံသော ထိုပုဂ္ဂိုလ်ကို ဥပဓိနှင့် စပ်ယှဉ်ကုန်သော စိတ်ကူးခြင်း ကြံစည်ခြင်းတို့သည် လွှမ်းမိုးလာကုန်၏။ ထိုပုဂ္ဂိုလ်သည် ထိုဥပဓိနှင့် စပ်ယှဉ်ကုန်သော စိတ်ကူးခြင်း ကြံစည်ခြင်းတို့ကို လက်မခံ၊ စွန့်လွှတ်၏၊ ပယ်ဖျောက်၏၊ ကင်းပျောက်အောင်ပြု၏၊ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။

ဥဒါယီ ငါသည် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကိုလည်း ဥပဓိနှင့် ယှဉ်သူဟူ၍ ဟောကြား၏၊ ဥပဓိနှင့်မယှဉ်သူဟူ၍ မဟောကြား။ ထိုသို့ မဟောကြားခြင်းသည် အဘယ်ကြောင့်နည်း၊ ဥဒါယီ ငါသည်ဤပုဂ္ဂိုလ်၌ ဣန္ဒြေထူးခြားသည့်အဖြစ်ကို သိသောကြောင့်တည်း။

ဥဒါယီ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ဥပဓိကို ပယ်ခြင်းငှါ ဥပဓိကို စွန့်ခြင်းငှါ ကျင့်၏၊ ဥပဓိကို ပယ်ခြင်းငှါ ဥပဓိကို စွန့်ခြင်းငှါ ကျင့်သော ထိုပုဂ္ဂိုလ်ကို တစ်ရံတစ်ခါ သတိမေ့လျော့ခြင်းကြောင့် ဥပဓိနှင့် စပ်ယှဉ်ကုန်သော စိတ်ကူးခြင်း ကြံစည်ခြင်းတို့သည် လွှမ်းမိုးလာကုန်၏၊ ဥဒါယီသတိဖြစ်ခြင်းသည် နှေးသေး၏၊ စင်စစ် ထိုစိတ်ကူးခြင်း ကြံစည်ခြင်းကို လျင်စွာသာလျှင် စွန့်လွှတ်၏၊ ပယ်ဖျောက်၏၊ ကင်းပျောက်အောင် ပြု၏၊ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။

ဥဒါယီ ဥပမာသော်ကား ယောကျာ်းတစ်ယောက်သည် တစ်နေ့ပတ်လုံး လောလောပူသော သံအိုးခင်း၌နှစ်ပေါက် သုံးပေါက်သော ရေတို့ကို ချရာ၏။ ဥဒါယီ ရေပေါက်တို့၏ ကျခြင်းသည် နှေး၏၊ စင်စစ်ထိုရေပေါက်သည် လျင်စွာသာလျှင် ကုန်ခန်းခြင်းသို့ ရောက်သကဲ့သို့ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့ သောပုဂ္ဂိုလ်သည် ဥပဓိကို ပယ်ခြင်းငှါ ဥပဓိကို စွန့်ခြင်းငှါ ကျင့်ကြံ၏။

ဥပဓိကို ပယ်ခြင်းငှါ ဥပဓိကို စွန့်ခြင်းငှါ ကျင့်သော ထိုပုဂ္ဂိုလ်ကို တစ်ရံတစ်ခါ သတိမေ့လျော့ခြင်းကြောင့် ဥပဓိနှင့်စပ်ယှဉ်ကုန်သော စိတ်ကူးခြင်း ကြံစည်ခြင်းတို့သည် လွှမ်းမိုးလာကုန်၏။ သတိဖြစ်ခြင်းသည် နှေး၏၊ စင်စစ် ထိုစိတ်ကူးခြင်း ကြံစည်ခြင်းကို လျင်စွာသာလျှင် စွန့်လွှတ်၏၊ ပယ်ဖျောက်၏၊ ကင်းပျောက်အောင် ပြု၏၊ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ဥဒါယီ ငါသည် ဤသို့ သဘောရှိသောပုဂ္ဂိုလ်ကိုလည်း ဥပဓိနှင့် ယှဉ်သူဟူ၍ ဟောကြား၏၊ ဥပဓိနှင့် မယှဉ်သူဟူ၍ မဟောကြား။ ထိုသို့မဟောကြားခြင်းသည် အဘယ်ကြောင့်နည်း၊ ဥဒါယီ ငါသည် ဤပုဂ္ဂိုလ်၌ ဣန္ဒြေထူးခြားသည့်အဖြစ်ကိုသိသောကြောင့်တည်း။

ဥဒါယီ ဤ သာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ဥပဓိသည် ဒုက္ခ၏ အကြောင်းရင်းတည်းဟုဤသို့ သိ၍ ဥပဓိကင်း၏၊ ဥပဓိကုန်ရာ၌ စိတ်သက်ဝင်၏။ ဥဒါယီ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကိုဥပဓိနှင့် မယှဉ်သူဟူ၍ ဟောကြား၏၊ ဥပဓိနှင့် ယှဉ်သူဟူ၍ မဟောကြား။ ထိုသို့ မဟောကြားခြင်းသည်အဘယ်ကြောင့်နည်း၊ ဥဒါယီ ငါသည် ဤပုဂ္ဂိုလ်၌ ဣန္ဒြေထူးခြားသည့်အဖြစ်ကို သိသောကြောင့်တည်း။ ဥဒါယီ လေးယောက်ကုန်သော ဤပုဂ္ဂိုလ်တို့သည် လောက၌ ထင်ရှားရှိကုန်၏။

၁၅၅။ ဥဒါယီ ဤငါးပါးသော ကာမဂုဏ်တို့သည် ရှိကုန်၏။ အဘယ်ငါးပါးတို့နည်းဟူမူ — စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်အပ်သောသဘောရှိကုန်သော ကာမနှင့်စပ်ယှဉ်ကုန်သော တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော ရူပါရုံတို့သည်လည်းကောင်း၊ သောတဝိညာဏ် ဖြင့် သိအပ်ကုန်သော။ပ။ သဒ္ဒါရုံတို့သည်လည်းကောင်း၊ ဃာနဝိညဏ်ဖြင့်သိအပ်ကုန်သော။ပ။ ဂန္ဓာရုံတို့သည်လည်းကောင်း၊ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော။ပ။ ရသာရုံတို့သည်လည်းကောင်း၊ ကာယဝိညဏ်ဖြင့် သိအပ်ကုန်သော အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်အပ်သောသဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သောဖောဋ္ဌဗ္ဗာရုံတို့သည်လည်းကောင်း ရှိကြကုန်၏။ ဥဒါယီ အမှန်အားဖြင့် ကာမဂုဏ်တရားတို့ကား ဤငါးပါးတို့တည်း။

ဥဒါယီ ဤငါးပါးသော ကာမဂုဏ်တို့ကို စွဲ၍ အကြင် ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းသည် ဖြစ်၏၊ ဤသို့သဘောရှိသော ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းကို ကာမသုခဟူ၍, မစင်နှင့်တူသော သုခဟူ၍, ပုထုဇဉ် သုခဟူ၍, အရိယာမဟုတ်သူတို့၏သုခဟူ၍ ဆိုရ၏၊ မမှီဝဲအပ်၊ မပွါးများအပ်၊ မလေ့ လာအပ်၊ ထိုသုခမှ ကြောက်အပ်၏ ဟူ၍ ငါ ဟော၏။

၁၅၆။ ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် ကာမတရားတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်ဝိစာရတို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ပီတိကိုလည်း မတပ်မက်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ သုခကိုပယ်ခြင်းကြောင့်လည်း။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ဤသို့သဘောရှိသော ဈာန်ချမ်းသာသုခကို ကာမမှလွတ်မြောက်နေသော သုခဟူ၍, (ဂဏ, ကိလေနှစ်ထွေ မွေ့လျော်ရာမှ) ကင်းဆိတ်သော သုခဟူ၍, ငြိမ်းအေးသောသုခဟူ၍, အမှန်သိမှုကို ဖြစ်စေနိုင်သော သုခဟူ၍ ဆိုရ၏၊ မှီဝဲအပ်၏၊ ပွါးများအပ်၏၊ လေ့လာအပ်၏၊ ထိုသုခမျိုးမှ မကြောက်အပ်ဟု ငါဟော၏။

ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် ကာမတရားတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ရောက်၍ နေ၏။ ဥဒါယီ ဤပဌမဈာန်ကို တုန်လှုပ်တတ်သော တရားဟူ၍ ငါဟော၏၊ ထိုပဌမဈာန်၌အဘယ်သည် တုန်လှုပ်တတ်သနည်း၊ ထိုပဌမဈာန်၌ ဝိတက် ဝိစာရတို့သည် မချုပ်သေးကုန်၊ ဤဝိတက်ဝိစာရသည်ပင် ထို ပဌမဈာန်၌ တုန်လှုပ်တတ်သော တရားဖြစ်ပေ၏။ ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် ဝိတက်ဝိစာရငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ဥဒါယီ ဤဒုတိယဈာန်ကိုလည်း တုန်လှုပ်တတ်သော တရားဟူ၍ ငါဟော၏။ ထိုဒုတိယဈာန်၌ အဘယ်သည် တုန်လှုပ်တတ်သနည်း။ ထိုဒုတိယဈာန်၌ ပီတိသုခသည် မချုပ်သေး၊ ဤပီတိသုခသည်ပင်လျှင် ထိုဒုတိယဈာန်၌တုန်လှုပ်တတ်သော တရားဖြစ်ပေ၏။

ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် ပီတိကို စက်ဆုပ်ခြင်းကြောင့်လည်း။ပ။ တတိယဈာန်သို့ရောက်၍နေ၏။ ဥဒါယီ ဤတတိယဈာန်ကိုလည်း တုန်လှုပ်တတ်သော တရားဟူ၍ ငါဟော၏။ ထိုတတိယဈာန်၌ အဘယ်သည် တုန်လှုပ်တတ်သနည်း၊ ထိုတတိယဈာန်၌ ဥပေက္ခာသုခသည် မချုပ်သေး၊ ့ဤ ဥပေက္ခာသုခသည်ပင်လျှင် ထိုတတိယဈာန်၌ တုန်လှုပ်တတ်သော တရားဖြစ်ပေ၏။ ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် သုခကို ပယ်ခြင်းကြောင့်လည်း။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ဥဒါယီ ဤစတုတ္ထဈာန်ကို မတုန်လှုပ်တတ်သော တရားဟူ၍ ငါဟော၏။

ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် ကာမတရားတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ရောက်၍ နေ၏။ ဥဒါယီ ဤပဌမဈာန်ကို ငြိတွယ်သင့်သော တရားမဟုတ်ဟု ငါ ဟော၏၊ ပယ်စွန့်ကြကုန်ဟု ငါဟော၏၊ လွန်မြောက်ကြကုန်ဟု ငါဟော၏။ ထိုပဌမဈာန်ကို လွန်မြောက်ကြောင်း တရားကားအဘယ်နည်း — ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် ဝိတက်ဝိစာရတို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယ ဈာန်သို့ ရောက်၍နေ၏။ ဤဒုတိယဈာန်တရားသည် ထိုပဌမဈာန်သုခကိုလွန်မြောက်ကြောင်းတရား တည်း။ ဥဒါယီ ဤဒုတိယဈာန်ကိုလည်း ငြိတွယ်သင့်သော တရားမဟုတ်ဟုငါဟော၏၊ ပယ်စွန့်ကြ ကုန်ဟု ငါဟော၏၊ လွန်မြောက်ကြကုန်ဟု ငါဟော၏။ ထိုဒုတိယဈာန်ကိုလွန်မြောက်ကြောင်းတရားကား အဘယ်နည်း — ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် ပီတိကိုစက်ဆုပ်ခြင်းကြောင့်လည်းကောင်း။ပ။ တတိယဈာန်သို့ ရောက်၍နေ၏။ ဤတတိယဈာန်သည်ထိုဒုတိယဈာန်ကို လွန်မြောက်ကြောင်းတရား တည်း။ ဥဒါယီ ဤတတိယဈာန်ကိုလည်း ငြိတွယ်သင့်သောတရားမဟုတ်ဟု ငါဟော၏၊ ပယ်စွန့်ကြ ကုန်ဟု ငါဟော၏၊ လွန်မြောက်ကြကုန်ဟု ငါဟော၏။ ထိုတတိယဈာန်ကို လွန်မြောက်ကြောင်း တရား ကား အဘယ်နည်း — ဥဒါယီ ဤသာသနာတော်၌ရဟန်းသည် သုခကို ပယ်ခြင်းကြောင့်လည်း။ပ။ စတုတ္ထဈာန်သို့ ရောက်၍နေ၏၊ ဤစတုတ္ထဈာန်သည်ထိုတတိယ ဈာန်ကို လွန်မြောက်ကြောင်းတရား တည်း။ ဥဒါယီ ဤစတုတ္ထဈာန်ကိုလည်းငြိတွယ်သင့်သော တရားမဟုတ်ဟု ငါဟော၏၊ ပယ်စွန့်ကြ ကုန်ဟု ငါဟော၏၊ လွန်မြောက်ကြကုန်ဟုငါဟော၏။ ထိုစတုတ္ထဈာန်ကို လွန်မြောက် ကြောင်းတရားကား အဘယ်နည်း — ဥဒါယီဤသာသနာတော်၌ ရဟန်းသည် အချင်းခပ်သိမ်း ရူပသညာတို့ကို လွန်မြောက် ခြင်းကြောင့်ပဋိဃသညာတို့၏ ချုပ်ခြင်းကြောင့် အထူးထူးသော သညာတို့ကို နှလုံးမသွင်းခြင်းကြောင့်”ကောင်းကင်ပညတ်သည် အဆုံးမရှိ”ဟု စီးဖြန်းလျက် အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။

ဤအာကာသာနဉ္စာယတနဈာန်သည် ထိုစတုတ္ထဈာန်ကို လွန်မြောက်ကြောင်းတရားတည်း။ ဥဒါယီဤအာကာသာနဉ္စာယတနဈာန်ကိုလည်း ငြိတွယ်သင့်သော တရားမဟုတ်ဟု ငါဟော၏၊ ပယ်စွန့်ကြကုန်ဟုငါဟော၏၊ လွန်မြောက်ကြကုန်ဟု ငါဟော၏။ ထိုအာကာသာနဉ္စာယတနဈာန်ကို လွန်မြောက်ကြောင်းတရားကား အဘယ်နည်း — ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် အချင်းခပ်သိမ်း အာကာသာနဉ္စာယတနဈာန်ကို လွန်မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ”ဟု စီးဖြန်းလျက် ဝိညာဏဉ္စာယတနဈာန်သို့ရောက်၍နေ၏၊ ဤဝိညာဏဉ္စာယတန ဈာန်သည် ထိုအာကာသာနဉ္စာယတနဈာန်ကို လွန်မြောက်ကြောင်းတရားတည်း။ ဥဒါယီ ဤဝိညာဏဉ္စာယတန ဈာန်ကိုလည်း ငြိတွယ်သင့်သော တရားမဟုတ်ဟုငါဟော၏၊ ပယ်စွန့်ကြကုန်ဟု ငါဟော၏၊ လွန်မြောက်ကြကုန်ဟု ငါဟော၏။ ထိုဝိညာဏဉ္စာယတနဈာန်ကို လွန် မြောက်ကြောင်းတရားကား အဘယ်နည်း — ဥဒါယီဤသာသနာတော်၌ ရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဝိညာဏဉ္စာယတနဈာန်ကိုလွန်မြောက်၍ “စိုးစဉ်းမျှ အကြွင်းမရှိ”ဟု စီးဖြန်းလျက် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ ဤအာကိဉ္စညာယတန ဈာန်သည် ထိုဝိညာဏဉ္စာယတနဈာန် ကို လွန်မြောက်ကြောင်းတရားတည်း။

ဥဒါယီ ဤအာကိဉ္စညာယတနဈာန်ကိုလည်း ငြိတွယ်သင့်သော တရားမဟုတ်ဟု ငါဟော၏၊ ပယ်စွန့်ကြကုန်ဟု ငါဟော၏၊ လွန်မြောက်ကြကုန်၏ဟု ငါဟော၏။ ထိုအာကိဉ္စညာယတနဈာန်ကို လွန်မြောက်ကြောင်း တရားကား အဘယ်နည်း — ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် အာကိဉ္စညာယနဈာန်ကို လွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍့နေ၏။ ဤနေဝသညာ နာသညာယတနဈာန်သည် ထိုအာကိဉ္စညာယတနဈာန်ကို လွန်မြောက်ကြောင်းတရားတည်း။

ဥဒါယီ ဤနေဝသညာနာသညာယတနဈာန်ကိုလည်း ငြိတွယ်သင့်သော တရားမဟုတ်ဟု ငါ ဟော၏၊ ပယ်စွန့်ကြကုန်ဟု ငါ ဟော၏၊ လွန်မြောက်ကြကုန်ဟု ငါ ဟော၏။ ထို နေဝသညာ နာသညာယတနဈာန်ကို လွန်မြောက်ကြောင်းတရားကား အဘယ်နည်း— ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည်ခပ်သိမ်းသော အခြင်းအရာအားဖြင့် နေဝသညာနာသညာယတနဈာန်ကို လွန်မြောက်၍ သညာ ဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်၍ နေ၏။ ဤတရားကား ထိုနေဝသညာနာသညာယတနဈာန်ကို လွန်မြောက်ကြောင်းတရားတည်း။ ဥဒါယီ ဤသို့လျှင် နေဝသညာနာသညာယတနဈာန်ကိုလည်းပယ်ရမည်ဟု ငါဟော၏။ ဥဒါယီ မပယ်ရဟု ငါ ဟောသော ကြီးကြီးငယ်ငယ်သော သံယောဇဉ်ကိုသင်မြင်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မမြင်ပါဟု (လျှောက်၏)။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ အသျှင်ဥဒါယီသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်လေ၏။

ခြောက်ခုမြောက် လဋုကိကောပမသုတ် ပြီး၏။