မဇ္ဈိမနိကာယ်

၇—စာတုမသုတ်

၁၅၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် စာတုမရွာ ရှစ်ရှားတော၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါအသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန် အမှူးရှိကုန်သော ငါးရာသော ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြင်ရန် စာတုမရွာသို့ ရောက်လာကြကုန်၏။ ထိုဧည့်သည်ရဟန်းတို့သည် ကျောင်းနေရဟန်းတို့နှင့်အတူ ဝမ်းမြောက်ဝမ်းသာ စကားပြောကြားကုန်သည်ရှိသော် ကျောင်းအိပ်ရာနေရာတို့ကို ခင်းကုန်သည်ရှိသော် သပိတ်သင်္ကန်းတို့ကို သိုမှီးသိမ်းဆည်းကုန်သည်ရှိသော် ကျယ်သောအသံ ဆူညံသောအသံတို့သည်ဖြစ်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည်— “အာနန္ဒာ ငါးစိမ်းသည်များ ငါးရောင်းရာ၌ကဲ့သို့ ဤကျယ်လောင် သောအသံ ဆူညံသောအသံတို့ကား အဘယ်အသံတို့နည်း”ဟု အသျှင်အာနန္ဒာကို (မေးတော်မူ၏)။ အသျှင်ဘုရား အသျှင်သာရိပုတြာ အသျှင်မောဂ္ဂလာန် အမှူးရှိကုန်သော ဤငါးရာသော ရဟန်းတို့သည်မြတ်စွာဘုရားကို ဖူးမြင်ရန် စာတုမရွာသို့ ရောက်လာကြပါကုန်၏။ ထိုဧည့်သည်ရဟန်းတို့သည် ကျောင်းနေရဟန်းတို့နှင့် အတူ ဝမ်းမြောက်ဝမ်းသာ စကားပြောဆိုကြကုန်သည် ဖြစ်၍ ကျောင်းအိပ်ရာနေရာတို့ကိုခင်းကြကုန်သည် ဖြစ်၍ သပိတ်သင်္ကန်းတို့ကို သိုမှီးသိမ်းဆည်းကြကုန်သည် ဖြစ်၍ ကျယ်လောင်သောအသံ ဆူညံသောအသံတို့ ဖြစ်ကြပါကုန်၏ဟု (လျှောက်၏)။

အာနန္ဒာ သို့ဖြစ်ပါမူ ငါ့စကားဖြင့် “မြတ်စွာဘုရားသည် အသျှင်ဘုရားတို့ကို ခေါ်တော်မူ၏”ဟု ထိုရဟန်းတို့ကို ခေါ်ချေလော့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာ သည်မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၍ ထိုရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် “အသျှင်ဘုရား တို့ကိုမြတ်စွာဘုရား ခေါ်တော်မူ၏”ဟု ထိုရဟန်းတို့ကို ဤသို့ ပြောကြားလေ၏။

“ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်အာနန္ဒာအား ပြန်ကြားလျှောက်ထားကြ၍မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်ပြီးလျှင် အလွန်ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေကြကုန်၏၊ သင့်လျော်ရာ၌ ထိုင်နေကြသော ထိုဧည့်သည်ရဟန်းတို့ကို မြတ်စွာဘုရားသည် “ရဟန်းတို့ သင်တို့သည်အဘယ့်ကြောင့် တံငါသည်များ ငါးရောင်းရာ၌ကဲ့သို့ ကျယ်သောအသံ ဆူညံသောအသံ ရှိကြကုန်သနည်း”ဟု မိန့်တော်မူ၏။

အသျှင်ဘုရား အသျှင်သာရိပုတြာ အသျှင်မောဂ္ဂလာန် အမှူးရှိကုန်သော ဤငါးရာသော ရဟန်းတို့ သည်မြတ်စွာဘုရားကို ဖူးမြင်ရန် စာတုမရွာသို့ ရောက်လာကြပါကုန်၏။ ထိုဧည့်သည်ရဟန်းတို့သည်ကျောင်းနေ ရဟန်းတို့နှင့် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောကြားကြကုန်သည်ဖြစ်၍ အိပ်ရာနေရာတို့ကို ခင်းကြကုန်သည်ဖြစ်၍ သပိတ်သင်္ကန်းကို သိုမှီးဆိမ်းဆည်းကြကုန်သည်ဖြစ်၍ ကျယ်လောင်သောအသံ ဆူညံသောအသံ ရှိကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သွားကြကုန်၊ သင်တို့ကို နှင်ထုတ်၏၊ သင်တို့သည် ငါ၏ အထံ၌ မနေသင့်ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြ၍ နေရာမှ ထကာ ရိုသေစွာ ရှိခိုးပြီးလျှင် အရိုအသေပြု၍ ကျောင်းအိပ်ရာနေရာကို သိုမှီးဆိမ်းဆည်းပြီးလျှင် သပိတ်သင်္ကန်းကို ယူကာ ဖဲသွားကြလေကုန်၏။

၁၅၈။ ထိုအခါ စာတုမရွာ၌ နေကြကုန်သော သာကီဝင်မင်းတို့သည် မင်းကွန်း၌ တစ်စုံတစ်ခုသောပြုဖွယ်ကိစ္စဖြင့် စည်းဝေးကြကုန်၏။ စာတုမရွာ၌ နေကြကုန်သော သာကီဝင်မင်းတို့သည် အဝေးမှကြွလာကုန်သော ထိုရဟန်းတို့ကို မြင်ကြကုန်၏၊ မြင်ကြ၍ ထိုရဟန်းတို့ထံသို့ ချဉ်းကပ်ကြပြီးလျှင်”အသျှင်ဘုရားတို့ ယခု အဘယ်အရပ်သို့ ကြွတော်မူကုန်အံ့နည်း”ဟု ထိုရဟန်းတို့ကို မေးလျှောက်ကြကုန်၏။ ငါ့သျှင်ဒါယကာတို့ မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နှင်ထုတ်တော်မူ၏ဟု (ပြောကြကုန်၏)။ အသျှင်ဘုရားတို့ ထိုသို့ဖြစ်ပါမူ တစ်ခဏမျှ ဆိုင်းငံ့နေတော်မူကြပါကုန်ဦးလော့၊ တပည့်တော်တို့ သည် မြတ်စွာဘုရားကို ကျေနပ်စေခြင်းငှါ စွမ်းနိုင်ကောင်း စွမ်းနိုင်ကြပါလိမ့်မည်ဟု (လျှောက်ကြ ကုန်၏)။ “ငါ့သျှင်ဒါယကာတို့ ကောင်းပြီ”ဟု ထိုရဟန်းတို့သည် စာတုမရွာသားသာကီဝင်မင်းတို့အား ပြန်ကြား ပြောဆိုကြကုန်၏။

ထိုအခါ စာတုမရွာသား သာကီဝင်မင်းတို့သည် မြတ်စွာဘုရားရှိတော်မူရာသို့ ချဉ်းကပ်ကြ၍ ရိုသေစွာရှိခိုးကြပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေကြကုန်၏၊ ထိုင်နေကြပြီးသော် စာတုမရွာသား သာကီဝင်မင်းတို့သည် မြတ်စွာဘုရားကို “အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို ကျေနပ် တော်မူပါလော့၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို ဆုံးမတော်မူပါလော့၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရှေးအခါက ရဟန်းအပေါင်းကို ချီးမြှောက်တော်မူသကဲ့သို့၊ ဤအတူ မြတ်စွာဘုရားသည်ယခုအခါ၌လည်း ရဟန်းအပေါင်းကို ချီးမြှောက်တော်မူပါလော့၊ အသျှင်ဘုရား ဤရဟန်းအပေါင်း၌ရဟန်းပြု၍ မကြာသေးကုန်သော ယခုမှ ဤသာသနာတော်သို့ ရောက်လာကြကုန်သော အသစ်ဖြစ်သောရဟန်းတို့သည် ရှိပါကုန်၏၊ ထိုအသစ်ဖြစ်သော ရဟန်းတို့သည် မြတ်စွာဘုရားကို မဖူးမြင်ကြရကုန်သည်ရှိသော် စိတ်ပြောင်းလွဲခြင်း စိတ်ဖောက်ပြန်ခြင်း ဖြစ်ရာပါ၏၊ အသျှင်ဘုရား ဥပမာသော်ကား နုနယ်သောမျိုးသစ်ပင်တို့သည် ရေကို မရကုန်သည်ရှိသော် ပြောင်းလွဲခြင်း ဖောက်ပြန်ခြင်း ဖြစ်ရာသကဲ့သို့၊ အသျှင်ဘုရား ဤအတူသာလျှင် ဤရဟန်းအပေါင်း၌ ရဟန်းပြု၍ မကြာသေးကုန်သော ယခုမှဤသာသနာတော် သို့ ရောက်လာကြကုန်သော အသစ်ဖြစ်သော ရဟန်းတို့သည် ရှိပါကုန်၏၊ ထိုအသစ်ဖြစ်သော ရဟန်းတို့သည် မြတ်စွာဘုရားကို မဖူးမြင်ကြရကုန်သည်ရှိသော် စိတ်ပြောင်းလွဲခြင်းစိတ်ဖောက်ပြန်ခြင်း ဖြစ်ရာပါ၏။ အသျှင်ဘုရား ဥပမာတစ်နည်းသော်ကား နုနယ်သော နို့စို့နွားငယ်သည်အမိကို မမြင်ရ သည်ရှိသော် စိတ်ပြောင်းလွဲခြင်း စိတ်ဖောက်ပြန်ခြင်း ဖြစ်ရာသကဲ့သို့၊ အသျှင်ဘုရားဤအတူ သာလျှင် ဤရဟန်းအပေါင်း၌ ရဟန်းပြု၍ မကြာသေးသော ယခုမှ ဤသာသနာတော်သို့ရောက်လာကြကုန်သော အသစ်ဖြစ်သော ရဟန်းတို့သည် ရှိပါကုန်၏၊ ထိုအသစ်ဖြစ်သော ရဟန်းတို့သည်မြတ်စွာဘုရားကို မဖူးမြင်ကြရကုန်သည်ရှိသော် စိတ်ပြောင်းလွဲခြင်း စိတ်ဖောက်ပြန်ခြင်း ဖြစ်ရာပါ၏။ အသျှင်ဘုရား မြတ်စွာ ဘုရားသည် ရဟန်းအပေါင်းကို ကျေနပ်တော်မူပါလော့၊ အသျှင်ဘုရားမြတ်စွာဘုရားသည် ရဟန်း အပေါင်းကို ပြောဆိုဆုံးမတော်မူပါလော့၊ အသျှင်ဘုရား မြတ်စွာဘုရားသည့်ရှေးအခါက ရဟန်းအပေါင်း ကို ချီးမြှောက်တော်မူသကဲ့သို့၊ ဤအတူ မြတ်စွာဘုရားသည်ယခုအခါ၌လည်း ရဟန်းအပေါင်းကို ချီးမြှောက်တော်မူပါလော့”ဟု လျှောက်ကြကုန်၏။

၁၅၉။ ထိုအခါ သဟမ္ပတိဗြဟ္မာသည် မိမိစိတ်ဖြင့် မြတ်စွာဘုရား၏ စိတ်အကြံကို သိ၍ အားရှိသောယောကျာ်းသည် ကွေး၍ထားသော လက်မောင်းကို ဆန့်တန်းသကဲ့သို့လည်းကောင်း၊ ဆန့်တန်း၍ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် ဗြဟ္မာ့ပြည်၌ ကွယ်ခဲ့၍ မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားဖြစ်ပေါ်လာ၏။ ထိုအခါ သဟမ္ပတိဗြဟ္မာသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ကိုယ်ဝတ်စံပယ် တင်သည်ကို ပြု၍ မြတ်စွာဘုရားရှိတော်မူရာ အရပ်သို့ လက်အုပ်ကို ညွတ်စေ၍ မြတ်စွာဘုရားအား— “အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို ကျေနပ်တော်မူပါလော့၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို ပြောဆိုဆုံးမတော်မူပါလော့၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရှေးအခါက ရဟန်းအပေါင်းကို ချီးမြှောက်တော်မူသကဲ့သို့၊ ဤအတူ ယခုအခါ၌လည်းရဟန်းအပေါင်းကို ချီးမြှောက်တော်မူပါလော့။ အသျှင်ဘုရား ဤရဟန်းအပေါင်း၌ ရဟန်းပြု၍ မကြာသေးကုန်သော ယခုမှ ဤသာသနာတော်သို့ ရောက်လာကြကုန်သော အသစ်ဖြစ်သော ရဟန်းတို့သည်ရှိပါကုန်၏၊ ထိုအသစ်ဖြစ်သော ရဟန်းတို့သည် မြတ်စွာဘုရားကို မဖူးမြင်ကြရကုန်သည်ရှိသော် စိတ်ပြောင်းလွဲခြင်း စိတ်ဖောက်ပြန်ခြင်း ဖြစ်ရာပါ၏။ အသျှင်ဘုရား ဥပမာသော်ကား နုနယ်သော မျိုးသစ်ပင်တို့သည် ရေကို မရကုန်သည်ရှိသော် ပြောင်းလွဲခြင်း ဖောက်ပြန်ခြင်း ဖြစ်ရာသကဲ့သို့၊ အသျှင်ဘုရားဤအတူသာလျှင် ဤရဟန်းအပေါင်း၌ ရဟန်းပြု၍ မကြာသေးကုန်သော ယခုမှ ဤသာသနာတော်သို့ရောက်လာကုန်သော အသစ်ဖြစ်သော ရဟန်းတို့သည် ရှိပါကုန်၏၊ ထိုအသစ်ဖြစ်သော ရဟန်းတို့သည်မြတ်စွာဘုရားကို မဖူးမြင်ကြရကုန်သည်ရှိသော် စိတ်ပြောင်းလွဲခြင်း စိတ်ဖောက်ပြန်ခြင်း ဖြစ်ရာပါ၏။

အသျှင်ဘုရား ဥပမာတစ်နည်းသော်ကား နုနယ်သော နို့စို့နွားငယ်သည် အမိကို မမြင်ရသည်ရှိသော်စိတ်ပြောင်းလွဲခြင်း စိတ်ဖောက်ပြန်ခြင်း ဖြစ်ရာသကဲ့သို့၊ အသျှင်ဘုရား ဤအတူသာလျှင် ဤရဟန်းအပေါင်း၌ ရဟန်းပြု၍ မကြာသေးကုန်သော ယခုမှ ဤသာသနာတော်သို့ ရောက်လာကြကုန်သောအသစ်ဖြစ်သော ရဟန်းတို့သည် ရှိပါကုန်၏၊ ထိုအသစ်ဖြစ်သော ရဟန်းတို့သည် မြတ်စွာဘုရားကိုမဖူးမြင်ကြရကုန်သည်ရှိသော် စိတ်ပြောင်းလွဲခြင်း စိတ်ဖောက်ပြန်ခြင်း ဖြစ်ရာပါ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို ကျေနပ်တော်မူပါလော့၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို ပြောဆိုဆုံးမတော်မူပါလော့၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရှေးအခါက ရဟန်းအပေါင်းကို ချီးမြှောက်တော်မူသကဲ့သို့၊ ဤအတူ မြတ်စွာဘုရားသည် ယခုအခါ၌လည်း ရဟန်းအပေါင်းကိုချီးမြှောက်တော်မူပါလော့”ဟု လျှောက်လေ၏။

၁၆ဝ။ စာတုမရွာသား သာကီဝင်မင်းသားတို့သည်လည်းကောင်း၊ သဟမ္ပတိ ဗြဟ္မာသည်လည်း ကောင်း၊ မြတ်စွာဘုရားကို မျိုးသစ်ပင်ငယ်ဥပမာဖြင့်လည်းကောင်း၊ နွားငယ်ဥပမာဖြင့်လည်းကောင်း ကျေနပ်စိမ့်သောငှါ စွမ်းနိုင်ကြလေကုန်၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်မထေရ်သည် ရဟန်းတို့ကို”ငါ့သျှင်တို့ ထကြကုန်လော့၊ သပိတ်သင်္ကန်းကို ယူကြကုန်လော့၊ မြတ်စွာဘုရားကို စာတုမရွာသားသာကီဝင်မင်းသားတို့သည်လည်းကောင်း၊ သဟမ္ပတိဗြဟ္မာသည်လည်းကောင်း၊ မျိုးသစ်ပင်ငယ်ဥပမာဖြင့်လည်းကောင်း၊ နွားငယ်ဥပမာဖြင့်လည်းကောင်း ကျေနပ်စေပြီ”ဟု မိန့်တော်မူ၏။

“ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်မဟာမောဂ္ဂလာန်အား ပြန်ကြားလျှောက်ထားကြကုန်၍ နေရာမှ ထကြပြီးလျှင် သပိတ်သင်္ကန်းကို ယူကြကာ မြတ်စွာဘုရားရှိတော်မူရာ အရပ်သို့ချဉ်းကပ်ကြကုန်၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ကြကုန်၏၊ သင့်လျော်ရာ၌ ထိုင်နေသောအသျှင်သာရိပုတြာကို မြတ်စွာဘုရားသည် “သာရိပုတြာ ရဟန်းအပေါင်းကို ငါနှင်ထုတ်စဉ်က သင့်အားအဘယ်သို့သော စိတ်အကြံဖြစ်လေသနည်း”ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်အား “မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပြီ၊ ယခုအခါမြတ်စွာဘုရားသည် ကြောင့်ကြမဲ့ မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာနေခြင်းကိုအားထုတ်တော် မူလျက် နေတော်မူလတ္တံ့၊ ယခုအခါ ငါတို့သည်လည်း ကြောင့်ကြမဲ့ မျက်မှောက်သောကိုယ်၏အဖြစ်၌ ချမ်းသာစွာ နေထိုင်မှုကို အားထုတ်ကုန်လျက် နေကြကုန်တော့အံ့”ဟု ဤသို့အကြံဖြစ်ပါ၏ဟု (လျှောက် ၏)။ သာရိပုတြာ သင်ဆိုင်းငံ့ဦးလော့၊ သာရိပုတြာ မျက်မှောက်သောကိုယ်၏အဖြစ်၌ ချမ်းသာစွာနေခြင်း ကို သင်ဆိုင်းငံ့ဦးလော့ဟု (မိန့်တော်မူ၏)။

ထို့နောက် မြတ်စွာဘုရားသည် အသျှင်မဟာမောဂ္ဂလာန်ကို “မောဂ္ဂလာန် ရဟန်းအပေါင်းကို ငါနှင်ထုတ်စဉ်က သင့်အား အဘယ်သို့သော စိတ်အကြံဖြစ်လေသနည်း”ဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်အား “မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပြီ၊ ယခုအခါမြတ်စွာဘုရားသည် ကြောင့်ကြမဲ့ မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာနေတော်မူခြင်းကိုအားထုတ်လျက် နေတော်မူ လတ္တံ့၊ ယခုအခါ ငါသည်လည်းကောင်း၊ အသျှင်သာရိပုတြာသည်လည်းကောင်း ရဟန်းအပေါင်းကို ဆောင် ကြကုန်တော့အံ့”ဟု ဤသို့သောအကြံဖြစ်ပါ၏ဟု (လျှောက်၏)။

မောဂ္ဂလာန် ကောင်းပေစွ ကောင်းပေစွ၊ မောဂ္ဂလာန် ငါသည်လည်းကောင်း၊ သာရိပုတြာ မောဂ္ဂလာန်တို့သည်လည်ကောင်း ရဟန်းအပေါင်းကို ဆောင်ကြကုန်အံ့ဟု (မိန့်တော်မူ၏)။

၁၆၁။ ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏—ရဟန်းတို့ ရေသို့ သက်ဆင်းသောသူ၌ လေးပါးသော ဤဘေးတို့သည် မချွတ်ဖြစ်ရကုန်မည်။ အဘယ်လေးပါးတို့နည်းဟူမူ— လှိုင်းတံပိုးဘေး၊ မိကျောင်းဘေး၊ ဝဲဘေး၊ ငါးမန်းဘေးတို့တည်း။ ရဟန်းတို့ ရေသို့သက်ဆင်းသောသူ၌လေးပါးကုန်သော ဤဘေးတို့သည် မချွတ်ဖြစ်ရကုန်မည်။ ရဟန်းတို့ ဤအတူသာလျှင် ဤသာသနာတော်၌ လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုသော အချို့သော ပုဂ္ဂိုလ်၌ လေးပါးသော ဤဘေးတို့သည် မချွတ်ဖြစ်ရကုန်မည်။ အဘယ်လေးပါးတို့နည်း ဟူမူ—လှိုင်းတံပိုးဘေး၊ မိကျောင်းဘေး၊ ဝဲဘေး၊ ငါးမန်းဘေးတို့တည်း။

၁၆၂။ ရဟန်းတို့ လှိုင်းတံပိုးဘေးဟူသည် အဘယ်နည်း—ရဟန်းတို့ ဤသာသနာတော်၌ အချို့ သောအမျိုးကောင်းသားသည် “ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့၌ နစ်မြုပ်နေရ၏၊ ဒုက္ခတွင်း၌ နစ်မြုပ်နေရ၏၊ ဒုက္ခအနှိပ်စက်ခံနေရ၏၊ ဤဆင်းရဲတုံးသက်သက်ကို ဆုံးအောင်ပြုနိုင်မှုသည် ထင်ကောင်းတန်ရာ၏”ဟုကြံ၍ သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသို့သော အခြင်းအရာအားဖြင့်ရဟန်းပြုသော ထိုရဟန်းကို သီတင်းသုံးဖော်တို့သည် “သင်သည် ဤသို့ ရှေ့သို့ တက်ရမည်။ သင်သည် ဤသို့ နောက်သို့ ဆုတ်ရမည်၊ သင်သည် ဤသို့ တူရူကြည့်ရမည်၊ သင်သည် ဤသို့တစောင်း ကြည့်ရမည်၊ သင်သည် ဤသို့ ကွေးရမည်၊ သင်သည် ဤသို့ ဆန့်ရမည်၊ သင်သည် ဤသို့ဒုကုဋ် သပိတ်သင်္ကန်းကို ဆောင်ရမည်”ဟု သွန်သင် ဆုံးမကြကုန်၏။ ထိုရဟန်းအား “ရှေးလူဖြစ်စဉ်အခါက ငါတို့သည် သူတစ်ပါးတို့ကို သွန်သင်ဆုံးမကြကုန်၏၊ ငါတို့၏ သားလောက် မြေးလောက်သာရှိကြကုန်သော ဤရဟန်းတို့သည်ကား ငါတို့ကို သွန်သင်ဆုံးမထိုက်သည်ဟု မှတ်ထင်နေကြကုန်၏”ဟုဤသို့သော အကြံဖြစ်၏။ ထိုရဟန်းသည် ရဟန်းသိက္ခာကို စွန့်ပယ်၍ လူထွက်၏။ ရဟန်းတို့ ဤရဟန်းကို ဤသို့သဘောရှိသော လှိုင်းတံပိုးဘေးကို ကြောက်သည်ဖြစ်၍ ရဟန်းသိက္ခာကို စွန့်ပယ်၍လူထွက်သောပုဂ္ဂိုလ်ဟု ဆိုရ၏။ ရဟန်းတို့ ‘လှိုင်းတံပိုးဘေး’ဟူသော ဤအမည်သည် ပြင်းထန်သောအမျက်ဒေါသ၏ အမည်တည်း။

၁၆၃။ ရဟန်းတို့ မိကျောင်းဘေးဟူသည် အဘယ်နည်း— ရဟန်းတို့ အချို့သော အမျိုး့ကောင်းသားသည် “ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့၌ နစ်မြုပ်နေရ၏၊ ဒုက္ခတွင်း၌ နစ်မြုပ်နေရ၏၊ ဒုက္ခ အနှိပ်စက်ခံနေရ၏၊ ဤဆင်းရဲတုံးသက်သက်ကို ဆုံးအောင် ပြုနိုင်မှုသည် ထင်ကောင်းတန်ရာ၏”ဟု ကြံ၍ သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသို့သော အခြင်းအရာဖြင့် ရဟန်းပြုသော ထိုရဟန်းကို သီတင်းသုံးဖော်တို့သည် “ဤအစာကို သင်ခဲရ စားရမည်၊ ဤအစာကို သင် မခဲရ မစားရ၊ ဤအစာကို သင် သုံးဆောင်ရမည်၊ ဤအစာကို သင် မသုံးဆောင်ရ၊ ဤလျက်ဖွယ်ကို သင် လျက်ရမည်၊ ဤလျက်ဖွယ်ကို သင် မလျက်ရ၊ ဤသောက်ဖွယ်ကို သင် သောက်ရမည်၊ ဤသောက်ဖွယ်ကို သင်မသောက်ရ၊ အပ်သော ခဲဖွယ်ကို သင် ခဲရစားရမည်၊ မအပ်သော ခဲဖွယ်ကို သင် မခဲရ မစားရ၊ အပ်သော သုံးဆောင်ဖွယ်တို့ကို သင် သုံးဆောင်ရမည်၊ မအပ်သော သုံးဆောင်ဖွယ် တို့ကို သင် မသုံးဆောင်ရ၊ အပ်သော လျက်ဖွယ်ကို သင် လျက်ရမည်၊ မအပ်သော လျက်ဖွယ်ကို သင် မလျက်ရ၊ အပ်သော သောက်ဖွယ်ကို သင် သောက်ရမည်၊ မအပ်သော သောက်ဖွယ်ကို သင် မသောက်ရ၊ နံနက်ကာလ၌ သင် ခဲရစားရမည်၊ နေလွဲကာလ၌ သင် မခဲရမစားရ၊ နံနက်ကာလ၌ သင်သုံးဆောင်ရမည်၊ နေလွဲကာလ၌ သင် မသုံးဆောင်ရ၊ နံနက်ကာလ၌ သင် လျက်ရမည်၊ နေလွဲကာလ၌သင် မလျက်ရ၊ နံနက်ကာလ၌ သင် သောက်ရမည်၊ နေလွဲကာလ၌ သင် မသောက်ရ”ဟူ၍သွန်သင်ဆုံးမကြကုန်၏။

ထိုရဟန်းအား “ရှေးလူဖြစ်စဉ်အခါက ငါတို့သည် အလိုရှိရာကို ခဲရစားရကုန်၏၊ အလိုမရှိရာကို မခဲရမစားရကုန်၊ အလိုရှိရာကို သုံးဆောင်ရကုန်၏၊ အလိုမရှိရာကို မသုံးဆောင်ရကုန်၊ အလိုရှိရာကိုလျက်ရကုန်၏၊ အလိုမရှိရာကို မလျက်ရကုန်၊ အလိုရှိရာကို သောက်ရကုန်၏၊ အလိုမရှိရာကို မသောက်ရကုန်၊ အပ်သည်ကိုလည်း ခဲရစားရကုန်၏၊ မအပ်သည်ကိုလည်း ခဲရစားရကုန်၏၊ အပ်သည်ကိုလည်းသုံးဆောင်ရကုန်၏၊ မအပ်သည်ကိုလည်း သုံးဆောင်ရကုန်၏၊ အပ်သည်ကိုလည်း လျက်ရကုန်၏၊ မအပ်သည်ကိုလည်း လျက်ရကုန်၏၊ အပ်သည်ကိုလည်း သောက်ရကုန်၏၊ မအပ်သည်ကိုလည်း သောက်ရကုန်၏။

နံနက်ကာလ၌လည်း ခဲရစားရကုန်၏၊ နေလွဲကာလ၌လည်း ခဲရစားရကုန်၏၊ နံနက်ကာလ၌လည်းသုံးဆောင်ရကုန်၏၊ နေလွဲကာလ၌လည်း သုံးဆောင်ရကုန်၏၊ နံနက်ကာလ၌လည်း လျက်ရကုန်၏၊ နေလွဲ ကာလ၌လည်း လျက်ရကုန်၏၊ နံနက်ကာလ၌လည်း သောက်ရကုန်၏၊ နေလွဲကာလ၌လည်းသောက်ရ ကုန်၏၊ သဒ္ဓါတရားရှိကြသော သူကြွယ်တို့သည် နေ့အခါ နေလွဲအခါ၌ မွန်မြတ်လှစွာသောခဲဖွယ်ဘောဇဉ် ကိုလည်း ငါတို့အား ပေးလှူကြကုန်၏၊ ထိုခဲဖွယ်ဘောဇဉ်၌လည်း ဤ ရဟန်းတို့သည်နှုတ်ပိတ်မှုကို ပြုကြလေယောင် တကား”ဟု ဤသို့ အကြံဖြစ်၏။ ထိုရဟန်းသည် သိက္ခာကိုစွန့်လွှတ်၍ လူထွက်၏၊ ရဟန်းတို့ ဤရဟန်းကို မိကျောင်းဘေးကို ကြောက်သဖြင့် ရဟန်းသိက္ခာကိုစွန့်လွှတ်၍ လူထွက်သော ပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။ ရဟန်းတို့ ‘မိကျောင်းဘေး’ဟူသော ဤအမည်သည်ဝမ်းရေးကို ကြောင့်ကြစိုက်ခြင်း ၏ အမည်တည်း။

၁၆၄။ ရဟန်းတို့ ဝဲဘေးဟူသည် အဘယ်နည်း—ရဟန်းတို့ ဤသာသနာတော်၌ အချို့သောအမျိုးကောင်းသားသည် “ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့၌ နစ်မြုပ်နေရ၏၊ ဒုက္ခတွင်း၌ နစ်မြုပ်နေရ၏၊ ဒုက္ခ အနှိပ်စက်ခံနေရ၏၊ ဤ ဆင်းရဲတုံးသက်သက်ကို ဆုံးအောင် ပြုနိုင်မှုသည် ထင်ကောင်းတန်ရာ၏”ဟုသဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြု၏။ ထိုသူသည် ဤသို့ ရဟန်းပြုပြီးသော်နံနက်အခါ၌ သင်္ကန်း ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူ၍ ကိုယ်ကိုလည်းကောင်း၊ နှုတ်ကိုလည်းကောင်း မစောင့်စည်းဘဲသာ လျှင် သတိမထားဘဲ ဣန္ဒြေတို့ကို မစောင့်စည်းဘဲ့ရွာသို့ဖြစ်စေ၊ နိဂုံးသို့ဖြစ်စေ ဆွမ်းအလို့ငှါ ဝင်၏။ ထိုရဟန်းသည် ရွာနိဂုံးတို့၌ ကာမဂုဏ်ငါးပါးတို့ဖြင့်ပြည့်စုံကုံလုံလျက် စံစားနေသော သူကြွယ်ကိုသော် လည်းကောင်း၊ သူကြွယ်၏သားကိုသော်လည်းကောင်းမြင်လေ၏။

ထိုရဟန်းအား “ငါတို့သည် ရှေးလူဖြစ်စဉ်အခါက ငါးပါးသောကာမဂုဏ်တို့နှင့် ပြည့်စုံကုံလုံလျက်စံစားခဲ့ ဖူးကုန်၏၊ ငါ၏ အိမ်၌ စည်းစိမ်ချမ်းသာတို့သည် ရှိကုန်သည်သာတည်း၊ စည်းစိမ်ချမ်းသာတို့ကိုစံစားခြင်းငှါလည်းကောင်း၊ ကောင်းမှုကုသိုလ်တို့ကို ပြုခြင်းငှါလည်းကောင်းတတ်ကောင်းသည်သာတည်း”ဟု ဤသို့ အကြံဖြစ်၏။ ထိုရဟန်းသည် သိက္ခာကို စွန့်လွှတ်၍လူထွက်၏။ ရဟန်းတို့ ဤရဟန်းကို ဝဲဘေးမှ ကြောက်သဖြင့် ရဟန်းသိက္ခာကို စွန့်လွှတ်၍လူထွက်သောပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။ ရဟန်းတို့ ‘ဝဲဘေး’ဟူသော ဤအမည်သည် ငါးပါးကုန်သောကာမဂုဏ်တို့၏ အမည်တည်း။

၁၆၅။ ရဟန်းတို့ ငါးမန်းဘေးဟူသည် အဘယ်နည်း—ရဟန်းတို့ ဤသာသနာတော်၌ အချို့သောအမျိုးကောင်းသားသည် “ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့၌ နစ်မြုပ်နေရ၏၊ ဒုက္ခတွင်း၌ နစ်မြုပ်နေရ၏၊ ဒုက္ခ အနှိပ်စက်ခံနေရ၏၊ ဤဆင်းရဲတုံးသက်သက်ကို ဆုံးအောင် ပြုနိုင်မှုသည် ထင်ကောင်းတန်ရာ၏”ဟုသဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြု၏၊ ထိုအမျိုးကောင်းသားသည် ဤသို့ရဟန်းပြုပြီးသော် နံနက် အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူ၍ ကိုယ်ကိုလည်းကောင်း၊ နှုတ်ကိုလည်းကောင်း မစောင့်စည်းဘဲသာလျှင် သတိမထားဘဲ ဣန္ဒြေတို့ကို မစောင့်စည်းဘဲ ရွာသို့ဖြစ်စေ၊ နိဂုံးသို့ဖြစ်စေ ဆွမ်း အလို့ငှါ ဝင်၏။ ထိုရဟန်းသည် ထိုရွာနိဂုံးတို့၌ သေသေသပ်သပ်ကျစ်ကျစ်လျစ်လျစ် ဝတ်ရုံမထားသော မာတုဂါမကို မြင်လေ၏၊ သေသေသပ်သပ် ကျစ်ကျစ် လျစ်လျစ်ဝတ်ရုံမထားသော မာတုဂါမကို မြင်သော် ထိုသူ၏ စိတ်ကို တပ်နှစ်သက်မှု’ရာဂ’သည် ဖျက်ဆီး၏၊ ထိုရဟန်းသည် ရာဂအဖျက်ဆီးခံရသော စိတ်ကြောင့် ရဟန်းသိက္ခာကို စွန့်လွှတ်၍ လူထွက်၏။ ရဟန်းတို့ ဤသို့သဘောရှိသော ရဟန်းကို ငါးမန်းဘေးမှ ကြောက်သဖြင့် ရဟန်းသိက္ခာကို စွန့်လွှတ်၍လူထွက်သော ပုဂ္ဂိုလ်ဟု ဆိုရ၏။ ရဟန်းတို့ ‘ငါးမန်းဘေး’ဟူသော ဤအမည်သည် မာတုဂါမ၏အမည်တည်း။ ရဟန်းတို့ ဤသာသနာတော်၌ လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုသောအချို့သောပုဂ္ဂိုလ်အား ဤဘေးလေးပါးတို့သည် မချွတ်ဖြစ်ရ ကုန်မည်ဟု မြတ်စွာဘုရားသည် ဤသုတ်ကိုဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။

ခုနစ်ခုမြောက် စာတုမသုတ် ပြီး၏။