မဇ္ဈိမနိကာယ်
၈—နဠကပါနသုတ်
၁၆၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်း နဠကပါနရွာ ပေါက်တော၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်အနုရုဒ္ဓါ အသျှင်ဘဒ္ဒိယ အသျှင်ကိမိလ အသျှင်ဘဂု အသျှင်ကောဏ္ဍည အသျှင်ရေဝတ အသျှင်အာနန္ဒာ ဤသို့ ထင်ရှားကုန် ထင်ရှားကုန်သော များစွာကုန်သော အမျိုးကောင်းသားတို့သည် မြတ်စွာဘုရားကို ရည်စူး၍ သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုကြကုန်၏၊ ထိုမှတစ်ပါး ထင်ရှားကုန် ထင်ရှားကုန်သော အခြားအမျိုးကောင်းသားတို့သည်လည်း ရဟန်းဘောင်၌ရဟန်း ပြုကြကုန်၏။ ထိုအခါ၌ မြတ်စွာဘုရားသည် ရဟန်းအပေါင်းခြံရံလျက် လွင်တီးခေါင်၌သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ထို အမျိုးကောင်းသားတို့ကို အစွဲပြု၍”ရဟန်းတို့ အကြင် အမျိုးကောင်းသားတို့သည် ငါ့ကို ရည်စူး၍ သဒ္ဓါတရားဖြင့် လူ့ဘောင်မှ့ရဟန်းဘောင်၌ ရဟန်း ပြုကြကုန်၏။ အသို့နည်း၊ ထိုရဟန်းတို့သည် ဤမြတ်သော အကျင့်၌မွေ့လျော်ကြကုန်၏လော”ဟု ရဟန်းတို့ကို မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူသော် ထိုရဟန်းတို့သည် ဆိတ်ဆိတ်နေကြကုန်၏။ နှစ်ကြိမ်မြောက်လည်းမြတ်စွာဘုရားသည် ထိုအမျိုးကောင်းသားတို့ကို အစွဲပြု၍ “ရဟန်းတို့ အကြင်အမျိုးကောင်းသားတို့သည်ငါ့ကို ရည်စူး၍ သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုကြကုန်၏။ အသို့နည်း၊ ထိုရဟန်းတို့သည် ဤမြတ် သောအကျင့်၌ မွေ့လျော်ကြကုန်၏လော”ဟု ရဟန်းတို့ကို မိန့်တော်မူ၏။ နှစ်ကြိမ်မြောက်လည်း ထိုရဟန်းတို့သည် ဆိတ်ဆိတ်နေကြကုန်၏။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသားတို့ကို အစွဲပြု၍ “ရဟန်းတို့ အကြင် အမျိုးကောင်းသားတို့သည် ငါ့ကိုရည်စူး၍ သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုကြကုန်၏။ အသို့နည်း၊ ထိုရဟန်းတို့သည် ဤမြတ်သောအကျင့်၌ မွေ့လျော်ကြကုန်၏လော”ဟု ရဟန်းတို့ကို မိန့်တော်မူ၏။ သုံးကြိမ်မြောက်လည်း ထိုရဟန်းတို့သည် ဆိတ်ဆိတ်နေကြကုန်၏။
၁၆၇။ ထိုအခါ မြတ်စွာဘုရားအား “ငါသည် ထိုအမျိုးကောင်းသားတို့ကို တိုက်ရိုက်မေးရမူကောင်းလေရာ၏”ဟု အကြံတော် ဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် “အနုရုဒ္ဓါတို့ အသို့နည်း၊ သင်တို့သည် မြတ်သောအကျင့်၌ မွေ့လျော်ကြကုန်၏လော”ဟု အသျှင်အနုရုဒ္ဓါကို မိန့်တော်မူ၏။ အသျှင် ဘုရား အကျွန်ုပ်တို့သည် မြတ်သောအကျင့်၌ စင်စစ် မွေ့လျော်ကြပါကုန်၏ဟု (လျှောက်၏)။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုကြကုန် သော အမျိုးကောင်းသားဖြစ်သော သင်တို့အား မြတ်သောအကျင့်၌ မွေ့လျော်ခြင်းသည်သင့်မြတ်လှ၏၊ အနုရုဒ္ဓါတို့ သင်တို့သည် ကောင်းမြတ်သော ပဌမအရွယ်နှင့် ပြည့်စုံကုန်လျက်မည်းနက်သော ဆံရှိကုန် သည်ဖြစ်၍ ကာမဂုဏ်တို့ကို သုံးဆောင်ခံစားသင့်ကုန်ရာ၏။ အနုရုဒ္ဓါတို့သင်တို့သည် ထိုကောင်းမြတ် သော ပဌမအရွယ်နှင့် ပြည့်စုံကုန်သည်ဖြစ်၍ မည်းနက်သောဆံရှိသည်သာဖြစ်ပါကုန်လျက်လည်း လူ့ ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုကြကုန်ဘိ၏။
အနုရုဒ္ဓါတို့ သင်တို့သည် မင်း နှိပ်စက်ပို့ဆောင်၍ လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုကြသည်မဟုတ်ကုန်၊ ခိုးသူ နှိပ်စက်ပို့ဆောင်၍ လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုကြသည် မဟုတ်ကုန်၊ ကြွေးမြီနှိပ်စက်၍ လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုကြသည် မဟုတ်ကုန်၊ ဘေးရန်နှိပ်စက်၍လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုကြသည် မဟုတ်ကုန်၊ အသက်မွေးမှုကြပ်တည်း၍ လူ့ဘောင်မှရဟန်းဘောင်၌ ရဟန်းပြုကြသည် မဟုတ်ကုန်၊ စင်စစ်သော်ကား ငါသည် ပဋိသန္ဓေနေခြင်း အိုခြင်းသေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့၌ နစ်မြုပ်နေရ၏၊ ဒုက္ခတွင်း၌ နစ်မြုပ်နေရ၏၊ ဒုက္ခ အနှိပ်စက်ခံနေရ၏၊ ဤဆင်းရဲတုံးသက်သက်ကို ဆုံးအောင် ပြုနိုင်မှုသည်လည်း ထင်ကောင်းတန်ရာ၏ဟု သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုကြသည်မဟုတ်ကုန်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏ (ဟု လျှောက်ကြကုန်၏)။
အနုရုဒ္ဓါတို့ ဤသို့ ရဟန်း ပြုသော အမျိုးကောင်းသားသည် အဘယ်အမှုကို ပြုသင့်သနည်း—အနုရုဒ္ဓါတို့ ကာမဂုဏ်တရားတို့မှ ကင်းဆိတ်သော အကုသိုလ်တရားတို့မှ ကင်းဆိတ်သော ပီတိသုခကိုလည်းကောင်း၊ ထို့ထက် သာလွန်မွန်မြတ်သော တစ်ပါးသောချမ်းသာကိုလည်းကောင်း မရငြားအံ့။ အဘိဇ္ဈာသည်လည်း ထိုသူ၏ စိတ်ကို သိမ်းကျုံး၍ တည်၏၊ ဗျာပါဒသည်လည်း စိတ်ကို သိမ်းကျုံး၍တည်၏၊ ထိနမိဒ္ဓသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ ဥဒ္ဓစ္စကုက္ကုစ္စသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ ဝိစိကိစ္ဆ ာသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ မမွေ့လျော်ခြင်းသည်လည်းစိတ်ကို သိမ်းကျုံး၍ တည်၏၊ ပျင်းရိခြင်းသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ အနုရုဒ္ဓါတို့ထိုသူသည် ကာမဂုဏ်တရားတို့မှ ကင်းဆိတ်သော အကုသိုလ်တရားတို့မှ ကင်းဆိတ်သော ပီတိသုခကို့လည်းကောင်း ထို့ထက် သာလွန်မွန်မြတ်သော တစ်ပါးသောချမ်းသာကိုလည်းကောင်း မရနိုင်။
အနုရုဒ္ဓါတို့ ကာမဂုဏ်တရားတို့မှ ကင်းဆိတ်သော အကုသိုလ်တရားတို့မှ ကင်းဆိတ်သောပီတိသုခကိုလည်းကောင်း ထို့ထက်သာလွန်မွန်မြတ်သော တစ်ပါးသောချမ်းသာကိုလည်းကောင်း ရငြားအံ့။ အဘိဇ္ဈာသည်လည်း ထိုသူ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ ဗျာပါဒသည်လည်း စိတ်ကို သိမ်းကျုံး၍မတည်နိုင်၊ ထိနမိဒ္ဓသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ ဥဒ္ဓစ္စကုက္ကုစ္စသည်လည်း စိတ်ကိုသိမ်းကျုံး၍ မတည်နိုင်၊ ဝိစိကိစ္ဆ ာသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ မမွေ့လျော်ခြင်းသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ ပျင်းရိခြင်းသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။ အနုရုဒ္ဓါတို့ ထိုသူသည် ကာမဂုဏ်တရားတို့မှ ကင်းဆိတ်သော အကုသိုလ်တရားတို့မှ ကင်းဆိတ်သောပီတိသုခကိုလည်းကောင်း၊ ထို့ထက်သာလွန်မွန်မြတ်သော တစ်ပါးသောချမ်းသာကိုလည်းကောင်း ရနိုင်၏။
၁၆၈။ အနုရုဒ္ဓါတို့ ငါ့အပေါ်၌ သင်တို့ အဘယ်ကဲ့သို့ မှတ်ထင်သနည်း— “ညစ်ညူးစေတတ်ကုန် သောတစ်ဖန်ဘဝသစ်ကိုဖြစ်စေတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွဖြစ်ကုန်သော ဆင်းရဲကျိုးကို ဖြစ်စေတတ်ကုန်သော နောင်အခါ၌ ပဋိသန္ဓေနေမှု အိုမှု သေမှုကို ဖြစ်စေတတ်ကုန်သော အာသဝေါတရားတို့ကိုမြတ်စွာဘုရားသည် မပယ်ရသေး။ ထို့ကြောင့် မြတ်စွာဘုရားသည် အချို့ကို ဆင်ခြင်၍ မှီဝဲ၏၊ အချို့ကိုဆင်ခြင်၍ သည်းခံ၏၊ အချို့ကို ဆင်ခြင်၍ ကြဉ်ရှောင်၏၊ အချို့ကို ဆင်ခြင်၍ ပယ်ဖျောက်၏ဟု ထင်လေသလော”ဟု (မေးတော်မူ၏)။
အသျှင်ဘုရား “ညစ်ညူးစေတတ်ကုန်သော တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွဖြစ်ကုန်သော ဆင်းရဲကျိုးကို ဖြစ်စေတတ်ကုန်သော နောင်အခါ၌ ပဋိသန္ဓေနေမှု အိုမှု သေမှုကို ဖြစ်စေတတ်ကုန်သော အာသဝေါတရားတို့ကို မြတ်စွာဘုရားသည် မပယ်ရသေး။ ထို့ကြောင့် မြတ်စွာဘုရားသည် အချို့ကို ဆင်ခြင်၍ မှီဝဲ၏၊ အချို့ကို ဆင်ခြင်၍ သည်းခံ၏၊ အချို့ကို ဆင်ခြင်၍ ကြဉ်ရှောင်၏၊ အချို့ကို ဆင်ခြင်၍ ပယ်ဖျောက်၏”ဟု ဤသို့ မြတ်စွာဘုရားအပေါ်၌ အကျွန်ုပ်တို့ မထင်ပါ။
အသျှင်ဘုရား “ညစ်ညူးစေတတ်ကုန်သော တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွဖြစ်ကုန်သော ဆင်းရဲကျိုးကို ဖြစ်စေတတ်ကုန်သော နောင်အခါ၌ ပဋိသန္ဓေနေမှု အိုမှု သေမှုကို ဖြစ်စေတတ်ကုန်သော အာသဝေါတရားတို့ကို မြတ်စွာဘုရားသည် ပယ်ပြီးဖြစ်ကုန်၏။ ထို့ကြောင့်မြတ်စွာဘုရားသည် အချို့ကို ဆင်ခြင်၍ မှီဝဲ၏၊ အချို့ကို ဆင်ခြင်၍ သည်းခံ၏၊ အချို့ကို ဆင်ခြင်၍ကြဉ်ရှောင်၏၊ အချို့ကို ဆင်ခြင်၍ ပယ်ဖျောက်၏”ဟု မြတ်စွာဘုရားအပေါ်၌ အကျွန်ုပ်တို့ ထင်ပါကုန်၏ဟု (လျှောက်၏)။
အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ မြတ်စွာဘုရားအား ညစ်ညူးစေတတ်ကုန်သောတစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွဖြစ်ကုန်သော ဆင်းရဲကျိုးကို ဖြစ်စေတတ်ကုန်သော နောင်အခါ၌ ပဋိသန္ဓေနေမှု အိုမှု သေမှုကို ဖြစ်စေတတ်ကုန်သော အာသဝေါတရားတို့သည်ပယ်ပြီးဖြစ်ကုန်၏၊ အမြစ်ပြတ်ပြီး ဖြစ်ကုန်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်ကုန်၏၊ တစ်ဖန် မဖြစ်အောင်ပြုပြီးဖြစ်ကုန်၏၊ နောင်တစ်ဖန် ဖြစ်ပေါ်ခြင်းသဘောမရှိတော့ချေ။ အနုရုဒ္ဓါတို့ ဥပမာသော်ကားလည်ဆစ် ပြတ်ပြီးသော ထန်းပင်သည် တစ်ဖန် ကြီးပွါးစည်ပင်ခြင်းငှါ မထိုက်သကဲ့သို့၊ ဤအတူသာလျှင်မြတ်စွာ ဘုရားသည် ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်ကုန်သောပူလောင်ခြင်းနှင့် တကွဖြစ်ကုန်သော ဆင်းရဲကျိုးကို ဖြစ်စေတတ်ကုန်သော နောင်အခါ၌ ပဋိသန္ဓေနေမှုအိုမှု သေမှုကို ဖြစ်စေတတ်ကုန်သော အာသဝေါတရားတို့သည် ပယ်ပြီးဖြစ်ကုန်၏၊ အမြစ်ပြတ်ပြီးဖြစ်ကုန်၏၊ ထန်းပင် ငုတ်ကဲ့သို့ ပြုပြီးဖြစ်ကုန်၏၊ တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်ကုန်၏၊ နောင်တစ်ဖန်ဖြစ်ခြင်းသဘော မရှိ တော့ချေ။ ထို့ကြောင့် မြတ်စွာဘုရားသည် အချို့ကို ဆင်ခြင်၍ မှီဝဲ၏၊ အချို့ကိုဆင်ခြင်၍ သည်းခံ၏၊ အချို့ကို ဆင်ခြင်၍ ကြဉ်ရှောင်၏၊ အချို့ကို ဆင်ခြင်၍ ပယ်ဖျောက်၏။
အနုရုဒ္ဓါတို့ ထို ငါဆိုမည့်စကားကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အဘယ်သို့ အကျိုးထူးကိုကောင်းစွာ မြင်၍ မြတ်စွာဘုရားသည် ကွယ်လွန်ကုန်ပြီးသော သေဆုံးကုန်ပြီးသော တပည့်သာဝကတို့ကိုဤမည်သော သူသည် ဤမည်သောဘဝ၌ ဖြစ်၏၊ ဤမည်သောသူသည် ဤမည်သောဘဝ၌ ဖြစ်၏ဟုပဋိသန္ဓေတည်နေ ဖြစ်ပေါ်မှုတို့၌ ဟောကြားဘိသနည်း။ အသျှင်ဘုရား အကျွန်ုပ်တို့အား တရားဓမ္မဟူသမျှတို့သည် မြတ်စွာဘုရားလျှင် အရင်းမူလရှိကြပါကုန်၏၊ မြတ်စွာဘုရားလျှင် ရှေ့ဆောင်ရှိကြပါကုန်၏၊ မြတ်စွာဘုရားလျှင် လဲလျောင်းရာရှိကြပါကုန်၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ ထိုဟောတော်မူအပ်သောတရားတော်၏ အနက်သည် မြတ်စွာဘုရားအားသာလျှင် ထင်ရှားတော်မူပါစေလော့။ မြတ်စွာဘုရား၏အထံတော်မှ ကြားနာကြရ၍ ရဟန်းတော်တို့သည် ဆောင်ထားကြပါကုန်လတ္တံ့ဟု (လျှောက်ကုန်၏)။
အနုရုဒ္ဓါတို့ မြတ်စွာဘုရားသည် လူအများအံ့သြစေခြင်းငှါလည်းကောင်း လူအများချီးမွမ်းစေခြင်းငှါလည်းကောင်း လာဘ်ပူဇော်သကာ အကျော်အစောဟူသော အကျိုးငှါလည်းကောင်း ‘လူအပေါင်းသည်ဤသို့ ငါ့ကို သိစေသတည်း’ ဟူ၍လည်းကောင်း ကွယ်လွန်ကုန်ပြီးသော သေဆုံးကုန်ပြီးသော တပည့်သာဝကတို့ကို ဤမည် သောသူသည် ဤမည်သောဘဝ၌ ဖြစ်၏၊ ဤမည်သောသူသည် ဤမည်သောဘဝ၌ ဖြစ်၏ဟု ပဋိသန္ဓေတည် နေဖြစ်ပေါ်မှုတို့၌ မဟောကြား။ အနုရုဒ္ဓါတို့ သဒ္ဓါတရားရှိကုန်သော များစွာနှစ်သက်ခြင်း ဝမ်းမြောက်ခြင်းရှိကုန်သော အမျိုးကောင်းသားတို့သည် ရှိကုန်၏၊ ထိုအမျိုးကောင်းသားတို့သည် ထိုတရားကို ကြားနာကြရကုန်သည်ရှိသော် ထိုအကျိုးငှါ စိတ်ကို ညွတ်စေကုန်လတ္တံ့၊ အနုရုဒ္ဓါတို့ ထိုအမျိုးကောင်းသားတို့အား ထိုစိတ်ညွတ်စေမှုသည် ရှည်မြင့်စွာသော ကာလပတ်လုံးစီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏။
၁၆၉။ အနုရုဒ္ဓါတို့ ဤသာသနာတော်၌ ရဟန်းသည် “သေလွန်ပြီးဖြစ်သော ဤမည်သော ရဟန်းကိုအရဟတ္တဖိုလ်၌ တည်၏” ဟူ၍ မြတ်စွာဘုရား ဟောကြားထားသည်ကို ကြားသိရသော ရဟန်းသည်ထိုသေ လွန်သောအသျှင်ကို “ထိုအသျှင်သည် ဤသို့ သီလရှိ၏ဟူ၍လည်းကောင်း၊ ဤသို့တရားအကျင့်ရှိ ၏ဟူ၍လည်းကောင်း၊ ဤသို့ ပညာရှိ၏ဟူ၍လည်းကောင်း၊ ဤသို့နေလေ့ရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ ကိလေသာမှ လွတ်၏” ဟူ၍လည်းကောင်း ကိုယ်တိုင်လည်းတွေ့မြင်ဖူး၏၊ အဆင့်စကားလည်း ကြားဖူး ၏။ ထိုတွေ့မြင် ကြားသိဖူးသော ရဟန်းသည်ထိုကွယ်လွန်သော ရဟန်း၏ သဒ္ဓါ သီလ သုတ စာဂ ပညာတို့ကို အောက်မေ့လျက်ထိုသဒ္ဓါစသည်ဖြစ်ခြင်း အကျိုးငှါ စိတ်ကို ညွတ်စေ၏။ အနုရုဒ္ဓါတို့ ဤ သို့လည်း ရဟန်းအား ချမ်းသာစွာနေရခြင်းသည် ဖြစ်၏။
အနုရုဒ္ဓါတို့ ဤသာသနာတော်၌ ရဟန်းသည် “သေလွန်ပြီးဖြစ်သော ဤမည်သော ရဟန်းကို’အောက်အဖို့၌ ဖြစ်စေတတ်သော သံယောဇဉ် ငါးပါးကုန်ခြင်းကြောင့် ဗြဟ္မာ့ပြည်၌ ဖြစ်၏၊ ထိုဗြဟ္မာ့ပြည်၌ ပရိနိဗ္ဗာန်စံ၏၊ ထိုဗြဟ္မာ့ပြည်မှ ပြန်လည်ဆုတ်နစ်ခြင်းသဘော မရှိတော့ပြီ’ဟူ၍”မြတ်စွာဘုရား ဟော ကြားထားသည်ကို ကြားသိရသော ရဟန်းသည် ထိုကွယ်လွန်သော အသျှင်ကို”ထိုအသျှင်သည် ဤသို့ သီလရှိ၏ဟူ၍လည်းကောင်း ဤသို့ တရားအကျင့်ရှိ၏။ပ။ ဤသို့ ပညာရှိ၏၊ ဤသို့ နေလေ့ရှိ၏၊ ဤသို့ ကိလေသာမှ လွတ်၏”ဟူ၍လည်းကောင်း ကိုယ်တိုင်လည်း တွေ့မြင်ဖူး၏၊ အဆင့်စကားလည်း ကြားဖူး ၏။ ထိုတွေ့မြင် ကြားသိဖူးသော ရဟန်းသည် ထိုကွယ်လွန်သော ရဟန်း၏သဒ္ဓါ သီလ သုတ စာဂ ပညာတို့ကို အောက်မေ့လျက် ထိုသဒ္ဓါစသည် ဖြစ်ခြင်းအကျိုးငှါ စိတ်ကိုညွတ်စေ၏။ အနုရုဒ္ဓါတို့ ဤ သို့လည်း ရဟန်းအား ချမ်းသာစွာ နေရခြင်းသည် ဖြစ်၏။
အနုရုဒ္ဓါတို့ ဤသာသနာတော်၌ ရဟန်းသည် “သေလွန်ပြီးဖြစ်သော ဤမည်သော ရဟန်းကို’သုံးပါးသော သံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် ရာဂ ဒေါသ မောဟတို့၏ ခေါင်းပါးခြင်းကြောင့်တစ်ကြိမ် မျှသာ ဤလူ့ရွာလောကသို့လာ၍ ဆင်းရဲ၏အဆုံးကို ပြုလတ္တံ့ဖြစ်သော သကဒါဂါမ်ပုဂ္ဂိုလ်’ဟူ၍” မြတ်စွာ ဘုရား ဟောကြားထားသည်ကို ကြားသိရသော ရဟန်းသည်ထိုသေလွန်သောအသျှင်ကို “ထိုအသျှင်သည် ဤသို့ သီလရှိ၏ဟူ၍လည်းကောင်း ဤသို့တရားအကျင့်ရှိ၏။ပ။ ဤသို့ ပညာရှိ၏၊ ဤသို့ နေလေ့ရှိ၏၊ ဤသို့ ကိလေသာမှလွတ်၏” ဟူ၍လည်းကောင်း ကိုယ်တိုင်လည်း တွေ့မြင်ဖူး၏၊ အဆင့်စကားလည်း ကြားဖူး၏။ ထိုတွေ့မြင်ကြားသိဖူးသော ရဟန်းသည် ထိုကွယ်လွန်သော ရဟန်း၏ သဒ္ဓါ သီလ သုတ စာဂပညာတို့ကို အောက်မေ့လျက် ထို သဒ္ဓါစသည်ဖြစ်ခြင်းအကျိုးငှါ စိတ်ကို ညွတ်စေ၏။ အနုရုဒ္ဓါတို့ဤသို့လည်း ရဟန်းအား ချမ်းသာစွာ နေရခြင်းသည် ဖြစ်၏။
အနုရုဒ္ဓါတို့ ဤသာသနာတော်၌ ရဟန်းသည် “သေလွန်ပြီးဖြစ်သော ဤမည်သော ရဟန်းကို’သုံးပါးသောသံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် ဖရိုဖရဲ ကျခြင်းသဘောမရှိသော ကိန်းသေမြဲသောအထက် မဂ် အထက်ဖိုလ်လျှင် လဲလျောင်းရာရှိသော သောတာပန်ပုဂ္ဂိုလ်’ ဟူ၍” မြတ်စွာဘုရားဟောကြားထား သည်ကို ကြားသိရသော ရဟန်းသည် ထိုသေလွန်သော အသျှင်ကို “ထိုအသျှင်သည်ဤသို့ သီလရှိ၏ ဟူ၍လည်းကောင်း၊ ဤသို့ တရားအကျင့်ရှိ၏ဟူ၍လည်းကောင်း။ပ။ ဤသို့ ပညာရှိ၏၊ ဤသို့ နေလေ့ရှိ ၏၊ ဤသို့ ကိလေသာမှ လွတ်၏”ဟူ၍လည်းကောင်း ကိုယ်တိုင်လည်း တွေ့မြင်ဖူး၏၊ အဆင့်စကား လည်း ကြားဖူး၏၊ ထိုတွေ့မြင်ကြားသိဖူးသော ရဟန်းသည် ထိုသေလွန်သော ရဟန်း၏သဒ္ဓါ သီလ သုတ စာဂ ပညာတို့ကို အောက်မေ့လျက် ထိုသဒ္ဓါစသည် ဖြစ်ခြင်းအကျိုးငှါ စိတ်ကိုညွတ်စေ၏။ အနုရုဒ္ဓါတို့ ဤသို့လည်း ရဟန်းအား ချမ်းသာစွာ နေရခြင်းသည် ဖြစ်၏။
၁၇ဝ။ အနုရုဒ္ဓါတို့ ဤသာသနာတော်၌ ဘိက္ခုနီမသည် “သေလွန်ပြီးဖြစ်သော ဤမည်သောဘိက္ခုနီမကို အရဟတ္တဖိုလ်၌ တည်၏”ဟူ၍ မြတ်စွာဘုရား ဟောကြားထားသည်ကို ကြားသိရသောဘိက္ခုနီမသည် ထိုသေလွန်သော အသျှင်မကို “ထိုအသျှင်မသည် ဤသို့ သီလရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ တရားအကျင့်ရှိ၏ ဟူ၍လည်းကောင်း၊ ဤသို့ ပညာရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ နေလေ့ရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ ကိလေသာမှ လွတ်၏”ဟူ၍လည်းကောင်း ကိုယ်တိုင်လည်း တွေ့မြင်ဖူး၏၊ အဆင့်စကားလည်း ကြားဖူး၏၊ ထိုတွေ့မြင်ကြားသိဖူးသော ဘိက္ခုနီမသည် ထိုသေလွန်သောဘိက္ခုနီမ၏သဒ္ဓါ သီလ သုတ စာဂ ပညာတို့ကို အောက်မေ့လျက် ထိုသဒ္ဓါစသည်ဖြစ်ခြင်းအကျိုးငှါ စိတ်ကို ညွတ်စေ၏။ အနုရုဒ္ဓါတို့ ဤသို့လည်း ဘိက္ခုနီမအား ချမ်းသာစွာ နေရခြင်းသည် ဖြစ်၏။
အနုရုဒ္ဓါတို့ ဤသာသနာတော်၌ ဘိက္ခုနီမသည် “သေလွန်ပြီးဖြစ်သော ဤမည်သော ဘိက္ခုနီမကို’အောက်အဖို့၌ ဖြစ်စေတတ်သော သံယောဇဉ် ငါးပါးတို့၏ ကုန်ခြင်းကြောင့် ဗြဟ္မာ့ပြည်၌ဖြစ်၏၊ ထိုဗြဟ္မာ့ပြည်၌ ပရိနိဗ္ဗာန်စံ၏၊ ထိုဗြဟ္မာ့ပြည်မှ ပြန်လည်ဆုတ်နစ်ခြင်း သဘောမရှိ’ဟူ၍” မြတ်စွာဘုရားဟောကြားထားသည်ကို ကြားသိရသော ဘိက္ခုနီမသည် ထိုသေလွန်သောဘိက္ခုနီမကို “ထိုညီမသည်ဤသို့ သီလရှိ၏ဟူ၍လည်းကောင်း ဤသို့ တရားအကျင့်ရှိ၏။ပ။ ဤသို့ ပညာရှိ၏၊ ဤသို့ နေလေ့ရှိ၏၊ ဤသို့ ကိလေသာမှ လွတ်၏” ဟူ၍လည်းကောင်း ကိုယ်တိုင်လည်း တွေ့မြင်ဖူး၏၊ အဆင့်စကားလည်းကြားဖူး၏၊ ထိုတွေ့မြင် ကြားသိဖူးသော ဘိက္ခုနီမသည် ထိုသေလွန်သော ဘိက္ခုနီမ၏ သဒ္ဓါ သီလသုတ စာဂ ပညာတို့ကို အောက်မေ့လျက် ထိုသဒ္ဓါစသည်ဖြစ်ခြင်းအကျိုးငှါ စိတ်ကို ညွတ်စေ၏။ အနုရုဒ္ဓါတို့ ဤသို့လည်း ဘိက္ခုနီမအား ချမ်းသာစွာ နေရခြင်းသည် ဖြစ်၏။
အနုရုဒ္ဓါတို့ ဤသာသနာတော်၌ ဘိက္ခုနီမသည် “သေလွန်ပြီးဖြစ်သော ဤမည်သော ဘိက္ခုနီမကို’သုံးပါးသော သံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် ရာဂ ဒေါသ မောဟတို့၏ ခေါင်းပါးခြင်းကြောင့်တစ်ကြိမ် မျှသာ ဤလူ့ရွာလောကသို့လာ၍ ဆင်းရဲ၏အဆုံးကို ပြုလတ္တံ့ဖြစ်သောသကဒါဂါမ်ပုဂ္ဂိုလ်’ ဟူ၍” မြတ်စွာဘုရား ဟောကြားထားသည်ကို ကြားသိရသော ဘိက္ခုနီမသည်ထိုသေလွန်သော ဘိက္ခုနီမကို “ထိုညီမသည် ဤသို့ သီလရှိ၏ဟူ၍လည်းကောင်း ဤသို့တရားအကျင့်ရှိ၏။ပ။ ဤသို့ ပညာရှိ၏၊ ဤသို့ နေလေ့ရှိ၏၊ ဤသို့ ကိလေသာမှလွတ်၏” ဟူ၍လည်းကောင်း ကိုယ်တိုင်လည်း တွေ့မြင်ဖူး၏၊ အဆင့်စကားလည်း ကြားဖူး၏။ ထိုတွေ့မြင်ကြားသိဖူးသော ဘိက္ခုနီမသည် ထိုသေလွန်သောဘိက္ခုနီမ၏ သဒ္ဓါ သီလ သုတ စာဂပညာတို့ကို အောက်မေ့လျက် ထိုသဒ္ဓါစသည်ဖြစ်ခြင်းအကျိုးငှါ စိတ်ကို ညွတ်စေ ၏။ အနုရုဒ္ဓါတို့ဤသို့လည်း ဘိက္ခုနီမအား ချမ်းသာစွာ နေရခြင်းသည် ဖြစ်၏။
အနုရုဒ္ဓါတို့ ဤသာသနာတော်၌ ဘိက္ခုနီမသည် “သေလွန်ပြီးဖြစ်သော ဤမည်သောဘိက္ခုနီမကို’သုံးပါးသော သံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် ဖရိုဖရဲကျခြင်းသဘောမရှိသော ကိန်းသေမြဲသောအထက် မဂ် အထက်ဖိုလ်လျှင် လဲလျောင်းရာရှိသော သောတာပန်ပုဂ္ဂိုလ်’ ဟူ၍” မြတ်စွာဘုရားဟောကြားထား သည်ကို ကြားသိရသော ဘိက္ခုနီမသည် ထိုသေလွန်သော ဘိက္ခုနီမကို “ထိုညီမသည်ဤသို့ သီလရှိ၏ ဟူ၍လည်းကောင်း၊ ဤသို့ တရားအကျင့်ရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ပညာရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ နေလေ့ရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ ကိလေသာမှလွတ်၏”ဟူ၍လည်းကောင်း ကိုယ်တိုင်လည်း တွေ့မြင်ဖူး၏၊ အဆင့်စကားလည်း ကြားဖူး၏။ ထိုတွေ့မြင်ကြားသိဖူးသော ဘိက္ခုနီမသည် ထိုသေလွန် သော ဘိက္ခုနီမ၏ သဒ္ဓါ သီလ သုတ စာဂပညာတို့ကို အောက်မေ့လျက် ထိုသဒ္ဓါစသည်ဖြစ်ခြင်းအကျိုးငှါ စိတ်ကို ညွတ်စေ၏။ အနုရုဒ္ဓါတို့ဤသို့လည်း ဘိက္ခုနီမအား ချမ်းသာစွာ နေရခြင်းသည် ဖြစ်၏။
၁၇၁။ အနုရုဒ္ဓါတို့ ဤသာသနာတော်၌ ဥပါသကာသည် “သေလွန်ပြီးဖြစ်သော ဤမည်သော ဥပါသကာကို ‘အောက်အဖို့၌ ဖြစ်စေတတ်သော သံယောဇဉ်ငါးပါးတို့၏ ကုန်ခြင်းကြောင့် ဗြဟ္မာ့ပြည်၌ဖြစ်၏၊ ထိုဗြဟ္မာ့ပြည်၌ ပရိနိဗ္ဗာန်စံ၏၊ ထိုဗြဟ္မာ့ပြည်မှ ပြန်လည် ဆုတ်နစ်ခြင်းသဘော မရှိ’ဟူ၍” မြတ်စွာဘုရားဟောကြားထားသည်ကို ကြားသိရသော ဥပါသကာသည် ထိုသေလွန်သော ဥပါသကာကို”ထိုအသျှင်သည် ဤသို့ သီလရှိ၏ဟူ၍လည်းကောင်း ဤသို့ တရားအကျင့်ရှိ၏ဟူ၍လည်းကောင်း ဤသို့ပညာရှိ၏ဟူ၍ လည်းကောင်း၊ ဤသို့ နေလေ့ရှိ၏”ဟူ၍လည်းကောင်း၊ ဤသို့ ကိလေသာမှလွတ်၏ ဟူ၍လည်းကောင်း ကိုယ်တိုင်လည်း တွေ့မြင်ဖူး၏၊ အဆင့်စကားလည်း ကြားဖူး၏၊ ထိုတွေ့မြင်ကြားသိဖူးသော ဥပါသကာ သည် ထိုသေလွန်သော ဥပါသကာ၏ သဒ္ဓါ သီလ သုတ စာဂ ပညာတို့ကိုအောက်မေ့လျက် ထိုသဒ္ဓါ စသည်ဖြစ်ခြင်း အကျိုးငှါ စိတ်ကို ညွတ်စေ၏။ အနုရုဒ္ဓါတို့ ဤသို့လည်းဥပါသကာအား ချမ်းသာစွာ နေရခြင်းသည် ဖြစ်၏။
အနုရုဒ္ဓါတို့ ဤသာသနာတော်၌ ဥပါသကာသည် “သေလွန်ပြီးဖြစ်သော ဤမည်သော ဥပါသကာကို’သုံးပါးသော သံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် ရာဂ ဒေါသ မောဟတို့၏ ခေါင်းပါးခြင်းကြောင့်တစ်ကြိမ်မျှသာ ဤလူ့ရွာလောကသို့ လာ၍ ဒုက္ခ၏အဆုံးကို ပြုလတ္တံ့သော သကဒါဂါမ်ပုဂ္ဂိုလ်’ဟူ၍”မြတ်စွာဘုရား ဟောကြားထားသည်ကို ကြားသိရသော ဥပါသကာသည် ထိုသေလွန်သော ဥပါသကာကို”ထိုအသျှင်သည် ဤသို့ သီလရှိ၏ဟူ၍လည်းကောင်း ဤသို့ တရားအကျင့်ရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ပညာရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ နေလေ့ရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ ကိလေသာမှ လွတ်၏”ဟူ၍လည်းကောင်း ကိုယ်တိုင်လည်း တွေ့မြင်ဖူး၏၊ အဆင့်စကားလည်း ကြားဖူး၏။ ထိုတွေ့မြင် ကြားသိဖူးသော ဥပါသကာသည် ထိုသေလွန်သော ဥပါသကာ၏ သဒ္ဓါ သီလ သုတ စာဂ ပညာတို့ကို အောက်မေ့လျက် ထိုသဒ္ဓါစသည်ဖြစ်ခြင်း အကျိုးငှါ စိတ်ကို ညွတ်စေ၏။ အနုရုဒ္ဓါတို့ ဤသို့လည်း ဥပါသကာအားချမ်းသာစွာ နေရခြင်းသည် ဖြစ်၏။
အနုရုဒ္ဓါတို့ ဤသာသနာတော်၌ ဥပါသကာသည် “သေလွန်ပြီးဖြစ်သော ဤမည်သော ဥပါသကာကို’သုံးပါးသော သံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် ဖရိုဖရဲကျခြင်းသဘောမရှိသော ကိန်းသေမြဲသောအထက်မဂ် အထက်ဖိုလ်လျှင် လဲလျောင်းရာရှိသော သောတာပန်ပုဂ္ဂိုလ်’ ဟူ၍” မြတ်စွာဘုရား့ဟောကြား ထားသည်ကို ကြားသိရသော ဥပါသကာသည် ထိုသေလွန်သောဥပါသကာကို”ထိုအသျှင်သည် ဤသို့ သီလရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ တရားအကျင့်ရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ ပညာရှိ၏ဟူ၍လည်း ကောင်း၊ ဤသို့ နေလေ့ရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ ကိလေသာမှလွတ်၏” ဟူ၍လည်းကောင်း ကိုယ်တိုင်လည်း တွေ့မြင်ဖူး၏၊ အဆင့်စကားလည်း ကြားဖူး၏။ ထိုတွေ့မြင် ကြားသိဖူးသော ဥပါသကာ သည် ထိုသေလွန်သော ဥပါသကာ၏ သဒ္ဓါ သီလ သုတ စာဂပညာတို့ကို အောက်မေ့လျက် ထိုသဒ္ဓါ စသည်ဖြစ်ခြင်းအကျိုးငှါ စိတ်ကို ညွတ်စေ၏။ အနုရုဒ္ဓါတို့ဤသို့လည်း ဥပါသကာအား ချမ်းသာစွာ နေရခြင်းသည် ဖြစ်၏။
၁၇၂။ အနုရုဒ္ဓါတို့ ဤသာသနာတော်၌ ဥပါသိကာမသည် “သေလွန်ပြီးဖြစ်သော ဤမည်သောဥပါသိကာမကို ‘အောက်အဖို့၌ ဖြစ်စေတတ်သော သံယောဇဉ်ငါးပါးတို့၏ ကုန်ခြင်းကြောင့်ဗြဟ္မာ့ပြည်၌ဖြစ် ၏၊ ထိုဗြဟ္မာ့ပြည်၌ ပရိနိဗ္ဗာန်စံ၏၊ ထိုဗြဟ္မာ့ပြည်မှ ပြန်လည်ဆုတ်နစ်ခြင်းသဘောမရှိ’ ဟူ၍” မြတ်စွာ ဘုရား ဟောကြားထားသည်ကို ကြားသိရသော ဥပါသိကာမသည်ထိုသေလွန်သော ဥပါသိကာမကို “ထိုညီမသည် ဤသို့ သီလရှိ၏ဟူ၍လည်းကောင်း၊ ဤသို့တရားအကျင့်ရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ ပညာရှိ၏ဟူ၍လည်းကောင်း၊ ဤသို့နေလေ့ရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ ကိလေသာမှ လွတ်၏”ဟူ၍ လည်းကောင်း ကိုယ်တိုင်လည်းတွေ့မြင်ဖူး၏၊ အဆင့်စကားလည်း ကြားဖူး၏။ ထိုတွေ့မြင်ကြားသိဖူး သော ဥပါသိကာမသည်ထိုသေလွန်သော ဥပါသိကာမ၏ သဒ္ဓါ သီလ သုတ စာဂ ပညာတို့ကို အောက်မေ့လျက်ထိုသဒ္ဓါစသည်ဖြစ်ခြင်း အကျိုးငှါ စိတ်ကို ညွတ်စေ၏။ အနုရုဒ္ဓါတို့ ဤသို့လည်း ဥပါသိကာမအားချမ်းသာစွာ နေရခြင်းသည် ဖြစ်၏။
အနုရုဒ္ဓါတို့ ဤသာသနာတော်၌ ဥပါသိကာမသည် “သေလွန်ပြီးဖြစ်သော ဤမည်သော ဥပါသိကာမကို’သုံးပါးသော သံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် ရာဂ ဒေါသ မောဟတို့၏ခေါင်းပါးခြင်းကြောင့် တစ်ကြိမ်မျှသာ ဤလူ့ရွာလောကသို့လာ၍ ဒုက္ခ၏အဆုံးကို ပြုလတ္တံ့သော သကဒါဂါမ်ပုဂ္ဂိုလ်’ ဟူ၍”မြတ်စွာဘုရား ဟောကြားထားသည်ကို ကြားသိရသော ဥပါသိကာမသည် ထိုသေလွန်သောဥပါသိကာမကို “ထိုညီမသည် ဤသို့ သီလရှိ၏ဟူ၍လည်းကောင်း၊ ဤသို့တရားအကျင့်ရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ ပညာရှိ၏ဟူ၍ လည်းကောင်း၊ ဤသို့နေလေ့ရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ ကိလေသာမှ လွတ်၏”ဟူ၍လည်းကောင်း ကိုယ်တိုင်လည်းတွေ့မြင်ဖူး၏၊ အဆင့်စကားလည်း ကြားဖူး၏၊ ထိုတွေ့မြင် ကြားသိဖူးသော ဥပါသိကာမသည်ထိုသေလွန်သော ဥပါသိကာမ၏ သဒ္ဓါ သီလ သုတ စာဂ ပညာတို့ကို အောက်မေ့လျက်ထိုသဒ္ဓါစသည်ဖြစ်ခြင်းအကျိုးငှါ စိတ်ကို ညွတ်စေ၏။ အနုရုဒ္ဓါတို့ ဤသို့လည်း ဥပါသိကာမအားချမ်းသာစွာ နေရခြင်းသည် ဖြစ်၏။
အနုရုဒ္ဓါတို့ ဤသာသနာတော်၌ ဥပါသိကာမသည် “သေလွန်ပြီးဖြစ်သော ဤမည်သော ဥပါသိကာမ ကို’သုံးပါးသော သံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် ဖရိုဖရဲကျခြင်းသဘောမရှိသော ကိန်းသေ မြဲသောအထက်မဂ် အထက်ဖိုလ်လျှင် လဲလျောင်းရာရှိသော သောတာပန်ပုဂ္ဂိုလ်’ ဟူ၍” မြတ်စွာဘုရားဟောကြားထားသည်ကို ကြားသိရသော ဥပါသိကာမသည် ထိုသေလွန်သော ဥပါသိကာမကို “ထိုညီမသည် ဤသို့ သီလရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ တရားအကျင့်ရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ ပညာရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ နေလေ့ရှိ၏ဟူ၍လည်းကောင်း၊ ဤသို့ ကိလေသာမှ လွတ်၏”ဟူ၍လည်းကောင်း ကိုယ်တိုင်လည်း တွေ့မြင်ဖူး၏၊ အဆင့်စကားလည်း ကြားဖူး၏။ ထိုတွေ့မြင် ကြားသိဖူးသောဥပါသိကာမသည် ထိုသေလွန်သော ဥပါသိကာမ၏ သဒ္ဓါ သီလ သုတ စာဂ ပညာတို့ကို အောက်မေ့လျက် ထိုသဒ္ဓါစသည်ဖြစ်ခြင်းအကျိုးငှါ စိတ်ကို ညွတ်စေ၏။ အနုရုဒ္ဓါတို့ ဤသို့လည်း ဥပါသိကာမအား့ချမ်းသာစွာ နေရခြင်းသည် ဖြစ်၏။
အနုရုဒ္ဓါတို့ ဤသို့လျှင် မြတ်စွာဘုရားသည် လူအများ အံ့သြစေခြင်းငှါလည်းကောင်း၊ လူအများချီးမွမ်းစေခြင်းငှါလည်းကောင်း၊ လာဘ်ပူဇော်သကာ အကျော်အစောဟူသော အကျိုးငှါလည်းကောင်း၊ ‘ဤသို့ လူအပေါင်းသည် ငါ့ကို သိစေသတည်း’ဟူ၍လည်းကောင်း ကွယ်လွန်ကြကုန်ပြီးသော သေလွန်ကုန်ပြီးသော တပည့်သာဝကတို့ကို “ဤမည်သော သူသည် ဤမည်သောဘဝ၌ ဖြစ်၏၊ ဤမည်သောသူသည် ဤမည်သောဘဝ၌ ဖြစ်၏”ဟု မဟောကြား။ အနုရုဒ္ဓါတို့ သဒ္ဓါတရားရှိကုန်သော များစွာ နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းရှိကုန်သော အမျိုးကောင်းသားတို့သည် ရှိကြကုန်၏၊ ထိုအမျိုးကောင်းသားတို့သည် ထိုတရားကို ကြားနာကြရကုန်သည်ရှိသော် ထိုအကျိုးငှါ စိတ်ကိုညွတ်စေကုန်၏။ အနုရုဒ္ဓါတို့ ထို အမျိုးကောင်းသားတို့အား ထိုစိတ်ညွတ်စေမှုသည် ရှည်မြင့်စွာသောကာလပတ်လုံး စီးပွါးချမ်းသာခြင်းငှါ ဖြစ်၏ဟု မြတ်စွာဘုရားသည် ဤသုတ်ကို ဟောတော်မူ၏။ အသျှင်အနုရုဒ္ဓါသည် မြတ်စွာဘုရား၏တရား စကားကို နှစ်ခြိုက်ဝမ်းမြောက်လေ၏။
ရှစ်ခုမြောက် နဠကပါနသုတ် ပြီး၏။