မဇ္ဈိမနိကာယ်

၉—ဂေါလိယာနိသုတ်

၁၇၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ လျော့ပါးသော အကျင့်ရှိသော ဂေါလိယာနိမည်သောတောကျောင်းနေရဟန်းသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် သံဃာ့အလယ်သို့ ဆိုက်ရောက်လာ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ဂေါလိယာနိရဟန်းကို အကြောင်းပြု၍ ရဟန်းတို့ကို (ဤသို့) မိန့်တော်မူ၏—

ငါ့သျှင်တို့ သံဃာ့ဘောင်သို့ ရောက်၍ သံဃာ့ဘောင်၌ နေသော တောကျောင်းနေရဟန်းသည်သီတင်းသုံးဖော်တို့၌ ရိုသေလေးစားခြင်းရှိသည် ဖြစ်ရာ၏။ ငါ့သျှင်တို့ သံဃာ့ဘောင်သို့ရောက်၍ သံဃာ့ဘောင်၌နေသော တောကျောင်းနေ ရဟန်းသည် အကယ်၍ သီတင်းသုံးဖော်တို့၌ ရိုသေလေးစားခြင်း မရှိငြားအံ့။ ထိုရဟန်းအား “သီတင်းသုံးဖော်တို့၌ ရိုသေလေးစားခြင်းမရှိသော ဤအသျှင်အား တစ်ယောက်တည်း တောကျောင်း၌ ကိုယ်စိုးကိုယ်ပိုင်နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆိုဖွယ်ရာတို့ဖြစ်တတ်ကုန်၏။ ထို့ကြောင့် သံဃာ့ဘောင်သို့ ရောက်၍ သံဃာ့ဘောင်၌ နေသော တောကျောင်းနေရဟန်းသည် သီတင်းသုံးဖော်တို့၌ ရိုသေလေးစားခြင်းရှိသည် ဖြစ်ရာ၏။ (၁)

ငါ့သျှင်တို့ သံဃာ့ဘောင်သို့ ရောက်၍ သံဃာ့ဘောင်၌နေသော တောကျောင်းနေရဟန်းသည် “ဤသို့နေလျှင် မထေရ်ကြီးရဟန်းတို့ကို တိုးဝှေ့၍နေရာလည်း မရောက်၊ သီတင်းငယ်ရဟန်းတို့ကို နေရာဖြင့်တားမြစ်ရာလည်းမရောက်”ဟု နေရာ၌ လိမ္မာသည် ဖြစ်ရာ၏။ ငါ့သျှင်တို့ သံဃာ့ဘောင်သို့ ရောက်၍သံဃာ့ဘောင်၌ နေသော တောကျောင်းနေရဟန်းသည် အကယ်၍ နေရာ၌ မလိမ္မာငြားအံ့။ ထိုရဟန်းအား “နေရာ၌ လိမ္မာခြင်း မရှိသော ဤအသျှင်အား တစ်ယောက်တည်း တောကျောင်း၌ ကိုယ်စိုးကိုယ်ပိုင်နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆိုဖွယ်ရာတို့ ဖြစ်တတ်ကုန်၏။ ထို့ကြောင့်သံဃာ့ဘောင်သို့ ရောက်၍ သံဃာ့ဘောင်၌ နေသော တောကျောင်းနေရဟန်းသည် နေရာ၌ လိမ္မာသည်ဖြစ်ရာ၏။ (၂)

ငါ့သျှင်တို့ သံဃာ့ဘောင်သို့ ရောက်၍ သံဃာ့ဘောင်၌ နေသော တောကျောင်းနေရဟန်းသည် ဝတ်ကြီးဝတ်ငယ်ကို ဖြည့်ကျင့်ခြင်းဟူသော ‘အာဘိသမာစာရိက’ကျင့်ဝတ်ကိုလည်း သိရမည်။ ငါ့သျှင်တို့သံဃာ့ဘောင်သို့ ရောက်၍ သံဃာ့ဘောင်၌နေသော တောကျောင်းနေရဟန်းသည် အကယ်၍ ဝတ်ကြီး့ဝတ်ငယ်ကို ဖြည့်ကျင့်ခြင်းဟူသော ‘အာဘိသမာစာရိက’ကျင့်ဝတ်ကို မသိရှိငြားအံ့။ ထိုရဟန်းအား”ဝတ်ကြီးဝတ်ငယ်ကို ဖြည့်ကျင့်ခြင်းဟူသော ‘အာဘိသမာစာရိက’ကျင့်ဝတ်ကို မသိသော ဤအသျှင်အားတစ်ယောက်တည်း တောကျောင်း၌ ကိုယ်စိုးကိုယ်ပိုင်နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆိုဖွယ်ရာတို့သည် ဖြစ်တတ်ကုန်၏။ ထို့ကြောင့် သံဃာ့ဘောင်သို့ ရောက်၍ သံဃာ့ဘောင်၌ နေသော တောကျောင်းနေရဟန်းသည် ဝတ်ကြီးဝတ်ငယ်ကို ဖြည့်ကျင့်ခြင်းဟူသော ‘အာဘိသမာစာရိက’ ကျင့်ဝတ်ကိုလည်း သိရမည်။ (၃)

ငါ့သျှင်တို့ သံဃာ့ဘောင်သို့ ရောက်၍ သံဃာ့ဘောင်၌ နေသော တောကျောင်းနေရဟန်းသည်အလွန်စောစွာ ရွာသို့ မဝင်အပ်၊ နေမြင့်မှ မပြန်အပ်။ ငါ့သျှင်တို့ သံဃာ့ဘောင်သို့ ရောက်၍ သံဃာ့ဘောင်၌ နေသော တောကျောင်းနေရဟန်းသည် အကယ်၍ အလွန်စောစွာ ရွာသို့ဝင်ငြားအံ့၊ အကယ်၍အလွန်နေမြင့်မှ ပြန်ငြားအံ့၊ ထိုရဟန်းအား “အလွန်စောစွာ ရွာသို့ဝင်သော အလွန်နေမြင့်မှ ပြန်သောဤအသျှင်အား တစ်ယောက်တည်း တောကျောင်း၌ ကိုယ်စိုးကိုယ်ပိုင်နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆိုဖွယ်ရာတို့ ဖြစ်တတ်ကုန်၏။ ထို့ကြောင့် သံဃာ့ဘောင်သို့ ရောက်၍ သံဃာ့ဘောင်၌နေသော တောကျောင်းနေ ရဟန်းသည် အလွန်စောစွာ ရွာသို့ မဝင်အပ်၊ အလွန်နေမြင့်မှ မပြန်အပ်။ (၄)

ငါ့သျှင်တို့ သံဃာ့ဘောင်သို့ ရောက်၍ သံဃာ့ဘောင်၌ နေသော တောကျောင်းနေ ရဟန်းသည်ဆွမ်းမစားမီလည်းကောင်း၊ ဆွမ်းစားပြီးနောက်၌လည်းကောင်း ဒါယကာတို့ အိမ်သို့ မလှည့်လည်အပ်။ ငါ့သျှင်တို့ သံဃာ့ဘောင်သို့ ရောက်၍ သံဃာ့ဘောင်၌ နေသော တောကျောင်းနေရဟန်းသည် ဆွမ်းမစားမီလည်းကောင်း၊ ဆွမ်းစားပြီးနောက်၌လည်းကောင်း အကယ်၍ ဒါယကာတို့ အိမ်သို့ လှည့်လည်ငြားအံ့။ ထိုရဟန်းအား “တစ်ယောက်တည်း ကိုယ်စိုးကိုယ်ပိုင်နေသော ဤတောကျောင်းနေ အသျှင်သည်ဤနေလွဲ သောအခါ လှည့်လည်ခြင်းကို လေ့လာနေပုံရ၏။ ထိုအလေ့အလာသည် သံဃာ့ဘောင်သို့ရောက်သော် လည်း အကျင့်ပါလျက်ရှိ၏”ဟု ပြောဆိုဖွယ်ရာတို့ ဖြစ်တတ်ကုန်၏။ ထို့ကြောင့်သံဃာ့ဘောင်သို့ ရောက် ၍ သံဃာ့ဘောင်၌ နေသော တောကျောင်းနေရဟန်းသည်ဆွမ်းမစားမီလည်းကောင်း၊ ဆွမ်းစားပြီး နောက်၌လည်းကောင်း ဒါယကာတို့ အိမ်သို့ မလှည့်လည်အပ်။ (၅)

ငါ့သျှင်တို့ သံဃာ့ဘောင်သို့ ရောက်၍ သံဃာ့ဘောင်၌ နေသော တောကျောင်းနေရဟန်းသည်စိတ်မလေလွင့်သည် မလျှပ်ပေါ်သည် ဖြစ်ရာ၏။ ငါ့သျှင်တို့ သံဃာ့ဘောင်သို့ ရောက်၍ သံဃာ့ဘောင်၌နေသော တောကျောင်းနေရဟန်းသည် အကယ်၍ စိတ်လေလွင့်သည် လျှပ်ပေါ်သည် ဖြစ်ငြားအံ့၊ ထိုရဟန်းအား “တစ်ယောက်တည်း ကိုယ်စိုးကိုယ်ပိုင်နေသော ဤတောကျောင်းနေအသျှင်သည် ဤစိတ်လေလွင့်မှု လျှပ်ပေါ်မှုကို လေ့လာနေပုံရ၏။ ထိုအလေ့အလာသည် သံဃာ့ဘောင်သို့ ရောက်သော်လည်းအကျင့်ပါလျက်ရှိ၏”ဟု ပြောဆိုဖွယ်ရာတို့ ဖြစ်တတ်ကုန်၏။ ထို့ကြောင့် သံဃာ့ဘောင်သို့ ရောက်၍သံဃာ့ဘောင်၌ နေသော တောကျောင်းနေရဟန်းသည် စိတ်မလေလွင့်သည် မလျှပ်ပေါ်သည် ဖြစ်ရာ၏။ (၆)

ငါ့သျှင်တို့ သံဃာ့ဘောင်သို့ ရောက်၍ သံဃာ့ဘောင်၌ နေသော တောကျောင်းနေရဟန်းသည် နှုတ်မကြမ်းသည် စကားဘောက်သောက် မပြောသည် ဖြစ်ရာ၏။ ငါ့သျှင်တို့ သံဃာ့ဘောင်သို့ ရောက်၍သံဃာ့ဘောင်၌ နေသော တောကျောင်းနေရဟန်းသည် အကယ်၍ နှုတ်ကြမ်းသည်စကားဘောက်သောက် ပြောသည် ဖြစ်ငြားအံ့၊ ထိုရဟန်းအား “နှုတ်ကြမ်း၍ စကားဘောက်သောက်ပြောခြင်းရှိသော ဤ အသျှင်အား တစ်ယောက်တည်း တောကျောင်း၌ ကိုယ်စိုးကိုယ်ပိုင်နေသဖြင့်အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆိုဖွယ်ရာတို့ ဖြစ်တတ်ကုန်၏။ ထို့ကြောင့် သံဃာ့ဘောင်သို့ရောက်၍ သံဃာ့ဘောင်၌ နေသော တောကျောင်းနေရဟန်းသည် နှုတ်မကြမ်းသည့်စကားဘောက်သောက်မပြောသည် ဖြစ်ရာ၏။ (၇)

ငါ့သျှင်တို့ သံဃာ့ဘောင်သို့ ရောက်၍ သံဃာ့ဘောင်၌ နေသော တောကျောင်းနေရဟန်းသည်ဆိုဆုံးမလွယ်သည် အဆွေခင်ပွန်းကောင်းရှိသည် ဖြစ်ရာ၏။ ငါ့သျှင်တို့ သံဃာ့ဘောင်သို့ ရောက်၍သံဃာ့ ဘောင်၌နေသော တောကျောင်းနေရဟန်းသည် အကယ်၍ ဆိုဆုံးမခက်သည်အဆွေခင်ပွန်းယုတ်ရှိသည် ဖြစ်ငြားအံ့။ ထိုရဟန်းအား “ဆိုဆုံးမခက်၍ အဆွေခင်ပွန်းယုတ်ရှိသောဤအသျှင်အား တစ်ယောက် တည်း တောကျောင်း၌ ကိုယ်စိုးကိုယ်ပိုင်နေသဖြင့်အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆိုဖွယ်ရာတို့ ဖြစ် တတ်ကုန်၏။ ထို့ကြောင့် သံဃာ့ဘောင်သို့ရောက်၍ သံဃာ့ဘောင်၌ နေသော တောကျောင်းနေရဟန်း သည် ဆိုဆုံးမလွယ်သည့်အဆွေခင်ပွန်းကောင်းရှိသည် ဖြစ်ရာ၏။ (၈)

ငါ့သျှင်တို့ တောကျောင်းနေရဟန်းသည် ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသည် ဖြစ်ရာ၏။ ငါ့သျှင်တို့တောကျောင်းနေရဟန်းသည် အကယ်၍ ဣန္ဒြေတို့၌ မလုံခြုံသော တံခါးရှိသည် ဖြစ်ငြားအံ့။ ထိုရဟန်းအား “ဣန္ဒြေတို့၌ မလုံခြုံသည့် တံခါးရှိသော ဤအသျှင်အား တစ်ယောက်တည်း တောကျောင်း၌ကိုယ်စိုးကိုယ်ပိုင်နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆိုဖွယ်ရာတို့ ဖြစ်တတ်ကုန်၏။ ထို့ကြောင့်တောကျောင်းနေရဟန်းသည် ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသည် ဖြစ်ရာ၏။ (၉)

ငါ့သျှင်တို့ တောကျောင်းနေရဟန်းသည် ဘောဇဉ်၌ အတိုင်းအရှည်ကို သိသည် ဖြစ်ရာ၏။ ငါ့သျှင် တို့တောကျောင်းနေရဟန်းသည် အကယ်၍ ဘောဇဉ်၌ အတိုင်းအရှည်ကို မသိငြားအံ့။ ထိုရဟန်းအား”ဘောဇဉ်၌ အတိုင်းအရှည်ကို မသိသော ဤအသျှင်အား တစ်ယောက်တည်း တောကျောင်း၌ ကိုယ်စိုးကိုယ်ပိုင်နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆိုဖွယ်ရာတို့ ဖြစ်တတ်ကုန်၏။ ထို့ကြောင့်တောကျောင်းနေရဟန်းသည် ဘောဇဉ်၌ အတိုင်းအရှည်ကို သိသည် ဖြစ်ရာ၏။ (၁ဝ)

ငါ့သျှင်တို့ တောကျောင်းနေရဟန်းသည် နိုးကြားခြင်း၌ အားထုတ်ခြင်းရှိသည် ဖြစ်ရာ၏။ ငါ့သျှင်တို့တောကျောင်းနေရဟန်းသည် အကယ်၍ နိုးကြားခြင်း၌ အားထုတ်ခြင်း မရှိသည် ဖြစ်ငြားအံ့။ ထိုရဟန်းအား “နိုးကြားခြင်းကို အားထုတ်ခြင်းမရှိသော ဤအသျှင်အား တစ်ယောက်တည်း တောကျောင်း၌ကိုယ်စိုးကိုယ်ပိုင် နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆိုဖွယ်ရာတို့ ဖြစ်တတ်ကုန်၏။ ထို့ကြောင့်တောကျောင်းနေရဟန်းသည် နိုးကြားခြင်းကို အားထုတ်ခြင်းရှိသည် ဖြစ်ရာ၏။ (၁၁)

ငါ့သျှင်တို့ တောကျောင်းနေရဟန်းသည် အားထုတ်အပ်သော ဝီရိယရှိသည် ဖြစ်ရာ၏။ ငါ့သျှင်တို့တောကျောင်းနေရဟန်းသည် အကယ်၍ ပျင်းရိသည် ဖြစ်ငြားအံ့။ ထိုရဟန်းအား “ပျင်းရိခြင်းရှိသော ဤအသျှင်အား တစ်ယောက်တည်း တောကျောင်း၌ ကိုယ်စိုးကိုယ်ပိုင်နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟုပြောဆိုဖွယ်ရာတို့ ဖြစ်တတ်ကုန်၏။ ထို့ကြောင့် တောကျောင်းနေရဟန်းသည် အားထုတ်သော ဝီရိယရှိသည် ဖြစ်ရာ၏။ (၁၂)

ငါ့သျှင်တို့ တောကျောင်းနေရဟန်းသည် ထင်သော သတိရှိသည် ဖြစ်ရာ၏။ ငါ့သျှင်တို့ တောကျောင်းနေရဟန်းသည် အကယ်၍ လွတ်သော သတိရှိသည် ဖြစ်ငြားအံ့။ ထိုရဟန်းအား “လွတ်သောသတိရှိသော ဤအသျှင်အား တစ်ယောက်တည်း တောကျောင်း၌ ကိုယ်စိုးကိုယ်ပိုင်နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆိုဖွယ်ရာတို့ ဖြစ်တတ်ကုန်၏။ ထို့ကြောင့် တောကျောင်းနေရဟန်းသည်ထင်သော သတိရှိသည် ဖြစ်ရာ၏။ (၁၃)

ငါ့သျှင်တို့ တောကျောင်းနေရဟန်းသည် စိတ်တည်ကြည်သည် ဖြစ်ရာ၏။ ငါ့သျှင်တို့ တောကျောင်းနေရဟန်းသည် အကယ်၍ စိတ်မတည်ကြည်ငြားအံ့။ ထိုရဟန်းအား “စိတ်မတည်ကြည်သော ဤအသျှင်အား တစ်ယောက်တည်း တောကျောင်း၌ ကိုယ်စိုးကိုယ်ပိုင်နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆိုဖွယ်ရာတို့ ဖြစ်တတ်ကုန်၏။ ထို့ကြောင့် တောကျောင်းနေရဟန်းသည် စိတ်တည်ကြည်သည် ဖြစ်ရာ၏။ ့ (၁၄)

ငါ့သျှင်တို့ တောကျောင်းနေရဟန်းသည် ပညာဉာဏ်ရှိသည် ဖြစ်ရာ၏။ ငါ့သျှင်တို့ တောကျောင်းနေရဟန်းသည် အကယ်၍ ပညာဉာဏ်မဲ့သည် ဖြစ်ငြားအံ့။ ထိုရဟန်းအား “ပညာဉာဏ်မဲ့သော ဤအသျှင်အား တစ်ယောက်တည်း တောကျောင်း၌ ကိုယ်စိုးကိုယ်ပိုင်နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆိုဖွယ်ရာတို့ ဖြစ်တတ်ကုန်၏။ ထို့ကြောင့် တောကျောင်းနေရဟန်းသည် ပညာဉာဏ်ရှိသည် ဖြစ်ရာ၏။ (၁၅)

ငါ့သျှင်တို့ တောကျောင်းနေရဟန်းသည် အဘိဓမ္မာပိဋကတ်၌လည်းကောင်း၊ ဝိနည်းပိဋကတ်၌လည်းကောင်း အားထုတ်ခြင်းကို ပြုအပ်၏။ ငါ့သျှင်တို့ တောကျောင်းနေရဟန်းကို အဘိဓမ္မာပိဋကတ်၌လည်းကောင်း၊ ဝိနည်းပိဋကတ်၌လည်းကောင်း၊ အမေးပု စ္ဆာကို မေးတတ်ကုန်သော သူတို့သည် ရှိကုန်၏။ ငါ့သျှင်တို့ အဘိဓမ္မာပိဋကတ်၌လည်းကောင်း၊ ဝိနည်းပိဋကတ်၌လည်းကောင်း အမေးပု စ္ဆာကို မေးသည်ရှိသော် တောကျောင်းနေရဟန်းသည် အကယ်၍ ပြည့်စုံစွာ မဖြေဆိုနိုင်ငြားအံ့။ ထိုရဟန်းအား “အဘိဓမ္မာပိဋကတ်၌လည်းကောင်း၊ ဝိနည်းပိဋကတ်၌လည်းကောင်း အမေးပု စ္ဆာမေးသည်ရှိသော် ပြည့်စုံစွာ မဖြေကြားနိုင်သော ဤအသျှင်အား တစ်ယောက်တည်း တောကျောင်း၌ ကိုယ်စိုးကိုယ်ပိုင်နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆိုဖွယ်ရာတို့ ဖြစ်တတ်ကုန်၏။ ထို့ကြောင့် တောကျောင်းနေရဟန်းသည်အဘိဓမ္မာပိဋကတ်၌လည်းကောင်း၊ ဝိနည်းပိဋကတ်၌လည်းကောင်း အားထုတ်ခြင်းကို ပြုအပ်၏။ (၁၆)

ငါ့သျှင်တို့ တောကျောင်းနေရဟန်းသည် ကသိုဏ်းရုပ်တို့ကို လွန်မြောက်၍ နာမ်သမာပတ်ဖြစ်သောငြိမ်သက်သော ဝိမောက္ခတို့၌ အားထုတ်ခြင်းကို ပြုအပ်၏။ ငါ့သျှင်တို့ တောကျောင်းနေရဟန်းကိုကသိုဏ်းရုပ်တို့ကို လွန်မြောက်၍ နာမ်သမာပတ်ဖြစ်သော ငြိမ်သက်သော ဝိမောက္ခတို့၌ အမေးပု စ္ဆာမေးတတ်သော သူတို့သည် ရှိကုန်၏။ ငါ့သျှင်တို့ ကသိုဏ်းရုပ်တို့ကို လွန်မြောက်၍ နာမ်သမာပတ်ဖြစ်သောငြိမ်သက်သော ဝိမောက္ခတို့၌ အမေးပု စ္ဆာမေးသည်ရှိသော် တောကျောင်းနေရဟန်းသည် အကယ်၍ပြည့်စုံစွာ မဖြေဆိုနိုင်ငြားအံ့။ ထိုရဟန်းအား “ကသိုဏ်းရုပ်တို့ကို လွန်မြောက်၍ နာမ်သမာပတ်ဖြစ်သောငြိမ်သက်သော ဝိမောက္ခတို့၌ အမေးပု စ္ဆာမေးသည်ရှိသော် ပြည့်စုံစွာ မဖြေကြားနိုင်သော ဤအသျှင်အားတစ်ယောက်တည်း တောကျောင်း၌ ကိုယ်စိုးကိုယ်ပိုင်နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟုပြောဆိုဖွယ်ရာ တို့ ဖြစ်တတ်ကုန်၏။ ထို့ကြောင့် တောကျောင်းနေရဟန်းသည် ကသိုဏ်းရုပ်တို့ကိုလွန်မြောက်၍ နာမ်သမာပတ်ဖြစ်သော ငြိမ်သက်သော ဝိမောက္ခတို့၌ အားထုတ်ခြင်းကို ပြုအပ်၏။ (၁၇)

ငါ့သျှင်တို့ တောကျောင်းနေရဟန်းသည် လူတို့၏ ကုသိုလ်ကမ္မပထတရားထက် လွန်မြတ်သော (ဈာန်မဂ်ဖိုလ်) တရား၌ အားထုတ်ခြင်းကို ပြုအပ်၏။ ငါ့သျှင်တို့ တောကျောင်းနေရဟန်းကို လူတို့၏ကုသိုလ်ကမ္မပထတရားထက် လွန်မြတ်သော (ဈာန်မဂ်ဖိုလ်) တရား၌ အမေးပု စ္ဆာမေးတတ်သော သူတို့သည် ရှိကုန်၏။ ငါ့သျှင်တို့ လူတို့၏ ကုသိုလ်ကမ္မပထတရားထက် လွန်မြတ်သော (ဈာန်မဂ်ဖိုလ်) တရား၌အမေးပု စ္ဆာမေးသည်ရှိသော် တောကျောင်းနေရဟန်းသည် အကယ်၍ ပြည့်စုံစွာ မဖြေဆိုနိုင်ငြားအံ့။ ထိုရဟန်းအား “အရဟတ္တမဂ်ဟူသော ရဟန်းပြုခြင်း၏ အကျိုးကို မသိသော ဤအသျှင်အား တစ်ယောက်တည်း တောကျောင်း၌ ကိုယ်စိုးကိုယ်ပိုင်နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆိုဖွယ်ရာတို့ ဖြစ်တတ်ကုန်၏။ ထို့ကြောင့် တောကျောင်းနေရဟန်းသည် လူတို့၏ ကုသိုလ်ကမ္မပထတရားထက် လွန်မြတ်သော (ဈာန်မဂ်ဖိုလ်) တရား၌ အားထုတ်ခြင်းကို ပြုအပ်၏။ (၁၈)

ဤသို့ မိန့်တော်မူသော် အသျှင်မဟာမောဂ္ဂလာန်သည် အသျှင်သာရိပုတြာအား—“သာရိပုတြာ တောကျောင်းနေရဟန်းသည်သာ ဤတစ်ဆယ့်ရှစ်ပါးသော တရားတို့ကို ဆောက်တည် ကျင့်ကြံအားထုတ်အပ်လေသလော၊ သို့မဟုတ် ရွာနီးကျောင်းနေရဟန်းသည်လည်း ကျင့်ကြံအားထုတ်အပ်သေးသလော”ဟုမေးလျှောက်၏။

“ငါ့သျှင်မောဂ္ဂလာန် တောကျောင်းနေရဟန်းသော်မှလည်း ဤတစ်ဆယ့်ရှစ်ပါးသော တရားတို့ကိုဆောက်တည်၍ ကျင့်အပ်သေး၏၊ ရွာနီးနေရဟန်းမှာကား အဘယ်ဆိုဖွယ်ရှိအံ့နည်း”ဟု မိန့်တော်မူ၏။

ကိုးခုမြောက် ဂေါလိယာနိသုတ် ပြီး၏။