မဇ္ဈိမနိကာယ်

၁ဝ—ကီဋာဂိရိသုတ်

၁၇၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကာသိတိုင်းတို့၌ ဒေသစာရီလှည့်လည်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို— “ရဟန်းတို့ ငါသည် ညဉ့်စာစားခြင်းကို ကြဉ်ရှောင်၍သာလျှင် စား၏။ ရဟန်းတို့ ညဉ့်စာစားခြင်းကို ကြဉ်ရှောင်၍သာလျှင် စားသောငါသည် အနာမရှိသည့် အဖြစ်ကိုလည်းကောင်း၊ ဆင်းရဲမရှိသည့် အဖြစ်ကိုလည်းကောင်း၊ လျင်စွာထနိုင်ခြင်းကိုလည်း ကောင်း အားရှိသည့် အဖြစ်ကိုလည်းကောင်း၊ ချမ်းသာစွာနေရခြင်းကိုလည်းကောင်း ကောင်းစွာ သိ၏။ ရဟန်းတို့ လာကြကုန်လော့၊ သင်တို့လည်း ညဉ့်အခါ၌စားခြင်းကို ကြဉ်ရှောင်၍သာလျှင် စားကြကုန် လော့။ ရဟန်းတို့ ညဉ့်စာစားခြင်းကိုကြဉ်ရှောင်၍သာလျှင် စားကြကုန်သည်ရှိသော် သင်တို့လည်း အနာမရှိသည့်အဖြစ်ကို လည်းကောင်း၊ ဆင်းရဲမရှိသည့်အဖြစ်ကို လည်းကောင်း၊ လျင်စွာထနိုင်ခြင်းကို လည်းကောင်း၊ အားရှိသည့်အဖြစ်ကိုလည်းကောင်း၊ ချမ်းသာစွာ နေရခြင်းကိုလည်းကောင်း ကောင်းစွာသိကြကုန်လတ္တံ့”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ” ဟူ၍သာလျှင် ထိုရဟန်းတို့သည်မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ကာသိတိုင်းတို့၌ အစဉ်အတိုင်း ဒေသစာရီလှည့်လည်တော်မူသော် ကီဋာဂိရိမည်သော ကာသိတိုင်းသူတို့၏ နိဂုံးသို့ ရောက်တော်မူ၍ ထိုကီဋာဂိရိနိဂုံး၌ပင် မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။

၁၇၅။ ထိုအခါ အဿဇိ ပုနဗ္ဗသုကအမည်ရှိကုန်သော ရဟန်းတို့သည် ကီဋာဂိရိ၌ ကျောင်းနေရဟန်း တို့ဖြစ်ကြကုန်၏။ ထိုအခါ၌ များစွာကုန်သော ရဟန်းတို့သည် အဿဇိ ပုနဗ္ဗသုကရဟန်းတို့ရှိရာအရပ်သို့ချဉ်းကပ်ကြကုန်၍ အဿဇိ ပုနဗ္ဗသုကရဟန်းတို့အား “ငါ့သျှင်တို့ မြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့သည်ညဉ့်စာစားခြင်းကို ကြဉ်ရှောင်၍သာလျှင် စားကြကုန်၏။ ငါ့သျှင်တို့ ညဉ့်စာစားခြင်းကို ကြဉ်ရှောင်၍သာလျှင် စားကြကုန်သော မြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့သည် အနာမရှိသည့်အဖြစ်ကိုလည်းကောင်း၊ ဆင်းရဲမရှိသည့်အဖြစ်ကိုလည်းကောင်း၊ လျင်စွာထနိုင်ခြင်းကိုလည်းကောင်း၊ အားရှိသည့်အဖြစ်ကိုလည်းကောင်း၊ ချမ်းသာစွာ နေရခြင်းကိုလည်းကောင်း ကောင်းစွာ သိရှိကြကုန်၏။ ငါ့သျှင်တို့လာကြကုန်လော့၊ သင်တို့လည်း ညဉ့်စာစားခြင်းကို ကြဉ်ရှောင်၍သာလျှင် စားကြကုန်လော့၊ ငါ့သျှင်တို့ညဉ့်စာစားခြင်းကို ကြဉ်ရှောင်၍သာလျှင် စားကြကုန်သည်ရှိသော် သင်တို့လည်းအနာမရှိသည့်အဖြစ်ကိုလည်းကောင်း၊ ဆင်းရဲ မရှိသည့်အဖြစ်ကိုလည်းကောင်း၊ လျင်စွာထနိုင်ခြင်းကိုလည်းကောင်း၊ အားရှိသည့်အဖြစ်ကိုလည်းကောင်း၊ ချမ်းသာစွာနေရခြင်းကိုလည်းကောင်း ကောင်းစွာ သိကြကုန်လတ္တံ့”ဟု ပြောဆိုကြကုန်၏။

ဤသို့ ပြောဆိုသည်ရှိသော် အဿဇိ ပုနဗ္ဗသုကရဟန်းတို့သည် ထိုရဟန်းတို့အား ဤသို့ ပြောဆိုကြကုန်၏ “ငါ့သျှင်တို့ ငါတို့သည် ညချမ်းအခါ၌လည်းကောင်း၊ နံနက်စောစော၌လည်းကောင်း၊ နေ့အခါနေလွဲအခါ၌လည်းကောင်း စားကြကုန်၏၊ ညချမ်းအခါ၌လည်းကောင်း၊ နံနက်စောစော၌လည်းကောင်း၊ နေ့ အခါ နေလွဲအခါ၌လည်းကောင်း စားကြသော ငါတို့သည် အနာမရှိသည့်အဖြစ်ကိုလည်းကောင်း၊ ဆင်းရဲ မရှိသည့်အဖြစ်ကိုလည်းကောင်း၊ လျင်စွာထနိုင်ခြင်းကိုလည်းကောင်း၊ အားရှိသည့်အဖြစ်ကိုလည်းကောင်း၊ ချမ်းသာစွာ နေရခြင်းကိုလည်းကောင်း ကောင်းစွာ သိရှိကြကုန်၏။ ့ငါတို့သည် လက်ငင်း အကျိုးကို စွန့်လွှတ်၍ နောင်မှရရှိမည့် အကျိုးသို့ အဘယ့်ကြောင့်လိုက်ရကုန်အံ့နည်း၊ ငါတို့သည် ညဉ့်အခါ၌ လည်းကောင်း၊ နံနက်စောစော၌လည်းကောင်း၊ နေ့အခါနေလွဲအခါ၌လည်းကောင်း စားကြကုန်အံ့”ဟု ပြောဆိုကြကုန်၏။ ထိုရဟန်းတို့သည်အဿဇိ ပုနဗ္ဗသုကရဟန်းတို့ကို သိနားလည်စေခြင်းငှါ မတတ်နိုင်ကြ ကုန်သောကြောင့်မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်ကြ ပြီးသော်မြတ်စွာဘုရားအား—“အသျှင်ဘုရား အကျွန်ုပ်တို့သည် အဿဇိ ပုနဗ္ဗသုကရဟန်းတို့ထံသို့ ချဉ်းကပ်ကြ၍အဿဇိ ပုနဗ္ဗသုကရဟန်းတို့ကို ‘ငါ့သျှင်တို့ မြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့သည် ညဉ့်စာစားခြင်းကိုကြဉ်ရှောင်၍သာလျှင် စားကြကုန်၏၊ ငါ့သျှင်တို့ ညဉ့်စာစားခြင်းကို ကြဉ်ရှောင်၍သာ လျှင် စားကြသောမြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့သည် အနာမရှိသည့် အဖြစ်ကိုလည်းကောင်း၊ ဆင်းရဲမရှိသည့်အဖြစ်ကိုလည်းကောင်း၊ လျင်စွာထနိုင်ခြင်းကိုလည်းကောင်း၊ အားရှိသည့်အဖြစ်ကိုလည်းကောင်း၊ ချမ်းသာစွာ နေရခြင်းကိုလည်းကောင်း ကောင်းစွာ သိကြကုန်၏။

ငါ့သျှင်တို့ လာကြကုန်လော့၊ သင်တို့လည်း ညဉ့်စာစားခြင်းကို ကြဉ်ရှောင်၍သာလျှင် စားကြကုန်လော့၊ ငါ့သျှင်တို့ ညဉ့်စာစားခြင်းကို ကြဉ်ရှောင်၍သာလျှင် စားကြကုန်သည်ရှိသော် သင်တို့လည်းအနာမရှိသည့်အဖြစ်ကိုလည်းကောင်း၊ ဆင်းရဲမရှိသည့်အဖြစ်ကိုလည်းကောင်း၊ လျင်စွာထနိုင်ခြင်းကိုလည်းကောင်း၊ အားရှိသည့်အဖြစ်ကိုလည်းကောင်း၊ ချမ်းသာစွာ နေရခြင်းကိုလည်းကောင်း၊ သိကြရကုန်လတ္တံ့’ဟု ပြောဆိုကြပါကုန်၏။ မြတ်စွာဘုရား ဤသို့ပြောဆိုသည်ရှိသော် အဿဇိ ပုနဗ္ဗသုကရဟန်းတို့သည်အကျွန်ုပ်တို့ကို ‘ငါ့သျှင်တို့ ငါတို့သည် ညချမ်းအခါ၌လည်းကောင်း၊ နံနက်စောစော၌လည်းကောင်း၊ နေ့အခါ နေလွဲအခါ၌လည်းကောင်း စားကြကုန်၏၊ ညချမ်းအခါ၌လည်းကောင်း၊ နံနက်စောစော၌လည်းကောင်း၊ နေ့အခါ နေလွဲအခါ၌လည်းကောင်း စားကြကုန်သော ငါတို့သည်အနာမရှိသည့်အဖြစ်ကိုလည်းကောင်း၊ ဆင်းရဲမရှိသည့်အဖြစ်ကိုလည်းကောင်း၊ လျင်စွာထနိုင်ခြင်းကိုလည်းကောင်း၊ အားရှိသည့် အဖြစ်ကိုလည်း ကောင်း၊ ချမ်းသာစွာနေရခြင်းကိုလည်းကောင်း ကောင်းစွာ သိကြပါကုန်၏။ ထိုငါတို့သည် လက်ငင်း အကျိုးကို စွန့်လွှတ်၍နောင်မှရရှိမည့် အကျိုးသို့ အဘယ်ကြောင့် လိုက်ရကုန်အံ့နည်း။ ငါတို့သည် ညချမ်းအခါ၌လည်းကောင်း၊ နံနက်စောစော၌လည်းကောင်း၊ နေ့အခါ နေလွဲအခါ၌လည်းကောင်း စားကြ ကုန်အံ့’ဟုပြောဆိုကြပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် အဿဇိပုနဗ္ဗသုကရဟန်းတို့ကို သိနားလည်စေခြင်းငှါ မတတ်နိုင်ကြသောကြောင့် ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကြပါကုန်၏”ဟု လျှောက်ထားကြကုန်၏။

၁၇၆။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို “ရဟန်း လာလော့၊ ‘အသျှင်တို့ကို မြတ်စွာဘုရား ခေါ်တော်မူ၏’ဟု အဿဇိ ပုနဗ္ဗသုကရဟန်းတို့ကို ငါ့စကားဖြင့် ခေါ်ချေလော့”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၍ အဿဇိပုနဗ္ဗသုကရဟန်းတို့ ရှိရာသို့ ချဉ်းကပ်ပြီးလျှင် “မြတ်စွာဘုရားက အသျှင်ဘုရားတို့ကို ခေါ်တော်မူ၏”ဟု အဿဇိ ပုနဗ္ဗသုက ရဟန်းတို့ကို ပြောလေ၏။ အဿဇိ ပုနဗ္ဗသုကရဟန်းတို့က “ငါ့သျှင်ကောင်းပါပြီ”ဟု ထိုရဟန်းအား ပြန်ကြား၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးလျှင် ရိုသေစွာ ရှိခိုး၍သင့်လျော်ရာ၌ ထိုင်နေကုန်၏။

မြတ်စွာဘုရားသည် သင့်လျော်ရာ၌ ထိုင်နေကုန်သော ထိုအဿဇိ ပုနဗ္ဗသုကရဟန်းတို့ကို “ရဟန်းတို့များစွာသော ရဟန်းတို့သည် သင်တို့ထံသို့ ချဉ်းကပ်၍ ဤသို့ ပြောဆိုကြသည် မဟုတ်လော၊ ‘ငါ့သျှင်တို့ မြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့သည် ညဉ့်စာစားခြင်းကို ကြဉ်ရှောင်၍သာလျှင် စားကြကုန်၏၊ ငါ့သျှင်တို့ ညဉ့်စာစားခြင်းကို ကြဉ်ရှောင်၍သာလျှင် စားကြကုန်သော မြတ်စွာဘုရားနှင့် ရဟန်း့သံဃာတို့သည် အနာမရှိသည့်အဖြစ်ကိုလည်းကောင်း၊ ဆင်းရဲမရှိသည့်အဖြစ်ကိုလည်းကောင်း၊ လျင်စွာထနိုင်ခြင်းကိုလည်းကောင်း၊ အားရှိသည့်အဖြစ်ကိုလည်းကောင်း၊ ချမ်းသာစွာ နေရခြင်းကိုလည်းကောင်းကောင်းစွာ သိကြရကုန်၏။

ငါ့သျှင်တို့ လာကြကုန်လော့၊ သင်တို့လည်း ညဉ့်စာစားခြင်းကို ကြဉ်ရှောင်၍သာလျှင် စားကြကုန်လော့၊ ငါ့သျှင်တို့ ညဉ့်စာစားခြင်းကို ကြဉ်ရှောင်၍သာလျှင် စားကြကုန်သည်ရှိသော် သင်တို့သည်လည်းအနာမရှိသည့်အဖြစ်ကိုလည်းကောင်း၊ ဆင်းရဲမရှိသည့်အဖြစ်ကိုလည်းကောင်း၊ လျင်စွာထနိုင်ခြင်းကိုလည်းကောင်း၊ ခွန်အားရှိသည့်အဖြစ်ကိုလည်းကောင်း၊ ချမ်းသာစွာ နေရခြင်းကိုလည်းကောင်း ကောင်းစွာသိကြရကုန်လတ္တံ့’ဟု ပြောကြကုန်သည် မဟုတ်လော။

ရဟန်းတို့ ဤသို့ပြောဆိုသည်ရှိသော် သင်တို့သည် ထိုရဟန်းတို့ကို ‘ငါ့သျှင်တို့ ငါတို့သည်ညချမ်းအခါ၌လည်းကောင်း၊ နံနက်စောစော၌လည်းကောင်း၊ နေ့အခါ နေလွဲအခါ၌လည်းကောင်း စားကြကုန်၏၊ ညချမ်းအခါ၌လည်းကောင်း၊ နံနက်စောစော၌လည်းကောင်း၊ နေ့အခါ နေလွဲအခါ၌လည်းကောင်းစားကြကုန်သော ငါတို့သည် အနာမရှိသည့်အဖြစ်ကိုလည်းကောင်း၊ ဆင်းရဲမရှိသည့်အဖြစ်ကိုလည်းကောင်း၊ လျင်စွာထနိုင်ခြင်းကိုလည်းကောင်း၊ အားရှိသည့်အဖြစ်ကိုလည်းကောင်း၊ ချမ်းသာစွာ နေရခြင်းကိုလည်းကောင်း ကောင်းစွာ သိကြပါကုန်၏။ ငါတို့သည် လက်ငင်းအကျိုးကို စွန့်လွှတ်၍ နောင်မှရရှိမည့်အကျိုးသို့ အဘယ်ကြောင့် လိုက်ရပါကုန်အံ့နည်း၊ ငါတို့သည် ညချမ်းအခါ၌လည်းကောင်း၊ နံနက်စောစော၌လည်းကောင်း၊ နေ့အခါ နေလွဲအခါ၌လည်းကောင်း စားကြကုန်အံ့”ဟု ဤသို့ ပြောဆိုကြသည် မဟုတ်လော”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏ (ဟု လျှောက်ကြကုန်၏)။

၁၇၇။ ရဟန်းတို့ “အလုံးစုံသော ချမ်းသာကိုလည်းကောင်း၊ ဆင်းရဲကိုလည်းကောင်း၊ ဆင်းရဲ မဟုတ်ချမ်းသာမဟုတ်သည်ကိုလည်းကောင်း ခံစားနေသော ပုဂ္ဂိုလ်သတ္တဝါအား အကုသိုလ်တရားတို့သည်ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏”ဟု ဤသို့ ငါတရားဟောကြားထားသည်ကိုသင်တို့ သိကြကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မသိကြပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ “ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်အား ဤသို့ သဘောရှိသော ချမ်းသာကိုခံစားသည်ရှိသော် အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏။ အချို့သော ပုဂ္ဂိုလ်အား ဤသို့ သဘောရှိသော ချမ်းသာကို ခံစားသည်ရှိသော် အကုသိုလ်တရားတို့သည်ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏။ အချို့သော ပုဂ္ဂိုလ်အား ဤသို့ သဘောရှိသော ဆင်းရဲကို ခံစားသည်ရှိသော် အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့သည်ဆုတ်ယုတ်ကုန်၏။ အချို့သော ပုဂ္ဂိုလ်အား ဤသို့ သဘောရှိသော ဆင်းရဲကို ခံစားသည်ရှိသော်အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏။ အချို့သော ပုဂ္ဂိုလ်အား ဤသို့ သဘောရှိသော ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သည်ကို ခံစားသည်ရှိသော် အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏။ အချို့သော ပုဂ္ဂိုလ်အား ဤသို့သဘောရှိသော ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သည်ကို ခံစားသည်ရှိသော် အကုသိုလ်တရားတို့သည်ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏”ဟု ဤသို့ ငါ တရားဟောကြားထားသည်ကိုသင်တို့ သိကြကုန်သည်မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား သိကြပါ၏ဟု (လျှောက်ကြကုန်၏)။

၁၇၈။ ရဟန်းတို့ ကောင်းပေ၏၊ ရဟန်းတို့ “ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်အား ဤသို့သဘောရှိသော ချမ်းသာကို ခံစားသည်ရှိသော် အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏”ဟူသော ဤအကြောင်းကို ငါမသိရ မမြင်ရ ထင်ထင်ရှားရှားမသိရမျက်မှောက်မပြုရ ပညာဖြင့် မတွေ့ရသေးသည် အကယ်၍ ဖြစ်ငြားအံ့၊ ဤသို့ မသိသေးဘဲလျက် “ဤ့သို့သဘောရှိသော ချမ်းသာခံစားမှုကို ပယ်စွန့်ကြကုန်လော့”ဟု ငါဟောကြားငြားအံ့၊ ရဟန်းတို့ ငါ၏ဤ ဟောကြားခြင်းသည် သင့်လျော်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မသင့်လျော်ရာပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ “ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်အား ဤသို့သဘောရှိသော ချမ်းသာကိုခံစားသည်ရှိသော် အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏”ဟူသော ဤအကြောင်းကို ငါ သိရ မြင်ရ ထင်ထင်ရှားရှားသိရ မျက်မှောက်ပြုရ ပညာဖြင့် တွေ့ရသောကြောင့်သာလျှင် “ဤသို့သဘောရှိသော ချမ်းသာခံစားမှုကို ပယ်စွန့်ကြကုန်လော့”ဟု ငါ ဟောကြား၏။

ရဟန်းတို့ “ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်အား ဤသို့သဘောရှိသော ချမ်းသာကို ခံစားသည်ရှိသော် အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏” ဟူသော ဤအကြောင်းကို ငါ မသိရ မမြင်ရ ထင်ထင်ရှားရှားမသိရ မျက်မှောက်မပြုရ ပညာဖြင့် မတွေ့ရသေးသည် အကယ်၍ ဖြစ်ငြားအံ့၊ ဤသို့ ငါမသိသေးဘဲလျက် “ဤသို့သဘောရှိသော ချမ်းသာခံစားမှုကို ပြည့်စုံစေ၍ နေကြကုန်လော့”ဟု ငါ ဟောကြားငြားအံ့၊ ရဟန်းတို့ ငါ၏ ဤဟောကြားခြင်းသည်သင့်လျော်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မသင့်လျော်ရာပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ “ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်အား ဤသို့ သဘောရှိသော ချမ်းသာကိုခံစားသည်ရှိသော် အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏”ဟူသော ဤအကြောင်းကို ငါ သိရ မြင်ရ ထင်ထင်ရှားရှားသိရ မျက်မှောက်ပြုရ ပညာဖြင့် တွေ့ရသောကြောင့်သာလျှင် “ဤသို့သဘောရှိသော ချမ်းသာခံစားမှုကို ပြည့်စုံစေ၍ နေကြကုန်လော့”ဟု ငါ ဟောကြား၏။

၁၇၉။ ရဟန်းတို့ “ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်အား ဤသို့ သဘောရှိသော ဆင်းရဲကိုခံစားသည်ရှိသော် အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏”ဟူသော ဤအကြောင်းကို ငါ မသိရ မမြင်ရ ထင်ထင်ရှားရှားမသိရ မျက်မှောက်မပြုရ ပညာဖြင့် မတွေ့ရသေးသည် အကယ်၍ ဖြစ်ငြားအံ့၊ ဤသို့ ငါမသိသေးဘဲလျက် “ဤသို့ သဘောရှိသော ဆင်းရဲခံစားမှုကိုပယ်စွန့်ကြကုန်လော့”ဟု ငါဟောကြားငြားအံ့၊ ရဟန်းတို့ ငါ၏ ဤဟောကြားခြင်းသည် သင့်လျော်ရာအံ့လော”ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မသင့်လျော်ရာပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ “ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်အား ဤသို့ သဘောရှိသော ဆင်းရဲကိုခံစားသည်ရှိသော် အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏”ဟူသော ဤအကြောင်းကို ငါ သိရ မြင်ရ ထင်ထင်ရှားရှားသိရ မျက်မှောက်ပြုရ ပညာဖြင့် တွေ့ရသောကြောင့်သာလျှင် “ဤသို့သဘောရှိသော ဆင်းရဲခံစားမှုကို ပယ်စွန့်ကြကုန်လော့”ဟု ငါ ဟောကြား၏။

ရဟန်းတို့ “ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်အား ဤသို့သဘောရှိသော ဆင်းရဲကို ခံစားသည်ရှိသော် အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏”ဟူသော ဤအကြောင်းကို ငါ မသိရ မမြင်ရ ထင်ထင်ရှားရှားမသိရ မျက်မှောက်မပြုရ ပညာဖြင့် မတွေ့ရသေးသည် အကယ်၍ ဖြစ်ငြားအံ့၊ ဤသို့ ငါ မသိသေးဘဲလျက် “ဤသို့သဘောရှိသော ဆင်းရဲခံစားမှုကိုပြည့်စုံစေ၍ နေကြကုန်လော့”ဟု ငါဟောကြားငြားအံ့၊ ရဟန်းတို့ ငါ၏ ဤဟောကြားခြင်းသည်သင့်လျော်ရာအံ့လော”ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မသင့်လျော်ရာပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ “ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်အား ဤသို့ သဘောရှိသော ဆင်းရဲကို ခံစားသည်ရှိသော် အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏” ဟူသော ဤအကြောင်းကို ငါ သိရ မြင်ရ ထင်ထင်ရှားရှားသိရ မျက်မှောက်ပြုရ ပညာဖြင့် တွေ့ရသောကြောင့်သာလျှင် “ဤသို့သဘောရှိသော ဆင်းရဲခံစားမှုကို ပြည့်စုံစေ၍ နေကြကုန်လော့”ဟု ငါ ဟော့ကြား၏။

၁၈ဝ။ ရဟန်းတို့ “ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်အား ဤသို့သဘောရှိသော ဆင်းရဲ မဟုတ်ချမ်းသာမဟုတ်သည်ကို ခံစားသည်ရှိသော် အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏”ဟူသော ဤအကြောင်းကို ငါမသိရ မမြင်ရ ထင်ထင်ရှားရှားမသိရမျက်မှောက်မပြုရ ပညာဖြင့် မတွေ့ရသေးသည် အကယ်၍ ဖြစ်ငြားအံ့၊ ဤသို့ ငါ မသိသေးဘဲလျက်”ဤသို့သဘောရှိသော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည့် ခံစားမှုကို ပယ်စွန့်ကြကုန်လော့”ဟု ငါဟောကြားငြားအံ့၊ ရဟန်းတို့ ငါ၏ ဤဟောကြားခြင်းသည် သင့်လျော်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မသင့်လျော်ရာပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ “ဤသာသနာတော်၌အချို့သော ပုဂ္ဂိုလ်အား ဤသို့ သဘောရှိသော ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သည်ကို ခံစားသည်ရှိသော် အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏”ဟူသော ဤအကြောင်းကို ငါ သိရ မြင်ရ ထင်ထင်ရှားရှားသိရ မျက်မှောက်ပြုရ ပညာဖြင့် တွေ့ရသောကြောင့်သာလျှင် “ဤသို့သဘောရှိသော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည့်ခံစားမှုကို စွန့်လွှတ်ကြကုန်လော့”ဟု ငါ ဟောကြား၏။

ရဟန်းတို့ “ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်အား ဤသို့သဘောရှိသော ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သည့်ခံစားမှုကို ခံစားသည်ရှိသော် အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏” ဟူသော ဤအကြောင်းကို ငါ မသိရ မမြင်ရ ထင်ထင်ရှားရှားမသိရမျက်မှောက်မပြုရ ပညာဖြင့် မတွေ့ရသေးသည် အကယ်၍ ဖြစ်ငြားအံ့၊ ဤသို့ ငါ မသိသေးဘဲလျက်”ဤသို့သဘောရှိသော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည့်ခံစားမှုကို ပြည့်စုံစေ၍ နေကြကုန်လော့”ဟုငါ ဟောကြားငြားအံ့၊ ရဟန်းတို့ ငါ၏ ဤဟောကြားခြင်းသည် သင့်လျော်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မသင့်လျော်ရာပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ “ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်အား ဤသို့သဘောရှိသော ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သည်ကို ခံစားသည်ရှိသော် အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏” ဟူသော ဤအကြောင်းကို ငါ သိရ မြင်ရ ထင်ထင်ရှားရှားသိရ မျက်မှောက်ပြုရ ပညာဖြင့် တွေ့ရသောကြောင့်သာလျှင် “ဤသို့သဘောရှိသော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည့်ခံစားမှု ကို ပြည့်စုံစေ၍ နေကြကုန်လော့”ဟု ငါ ဟောကြား၏။

၁၈၁။ ရဟန်းတို့ ရဟန်းအားလုံးတို့သည်ပင် မမေ့မလျော့ ပြုရမည်ဟု ငါ မဟောပေ။ ရဟန်းတို့ရဟန်းအားလုံးတို့သည်ပင် မမေ့မလျော့ မပြုရဟူ၍လည်း ငါ မဟောပေ။ ရဟန်းတို့ အာသဝေါကုန်ပြီးကုန်သော (မဂ်) အကျင့်ကို ကျင့်သုံးပြီးကုန်သော ပြုဖွယ်ကိစ္စကို ပြုပြီးကုန်သော ခန္ဓာဝန်ကို ချထားပြီးကုန်သော မိမိအကျိုးစီးပွါးကို ရပြီး ရောက်ပြီးကုန်သော သံယောဇဉ်ကုန်ပြီးကုန်သော ကောင်းစွာသိသဖြင့်ကိလေသာမှ လွတ်ပြီးကုန်သော ရဟန္တာ ရဟန်းတို့သည် ရှိကြကုန်၏။ ရဟန်းတို့ ထိုသို့သဘောရှိကုန်သော ရဟန်းတို့အား မမေ့မလျော့ ပြုရမည်ဟု ငါ မဟော။ အဘယ်ကြောင့်ဟူမူ— ထိုရဟန်းတို့သည်မမေ့မလျော့ခြင်းဖြင့် ပြုဖွယ်ကို ပြုပြီးပြီ၊ ထိုရဟန္တာ ရဟန်းတို့သည် မေ့လျော့ခြင်းငှါ မထိုက်ကုန်ပြီဖြစ်သောကြောင့်တည်း။

ရဟန်းတို့ အရဟတ္တဖိုလ်သို့ မရောက်သေးကုန်သော ကျင့်ဆဲ ‘သေက္ခ’ ရဟန်းတို့သည် အတုမဲ့ဖြစ် သောယောဂကုန်ရာ နိဗ္ဗာန်ကို တောင့်တနေကြကုန်၏။ ရဟန်းတို့ ထိုသို့သဘောရှိကုန်သော ကျင့်ဆဲ’သေက္ခ’ရဟန်းတို့သည် မမေ့မလျော့ ပြုရမည်ဟု ငါ ဟော၏။ အဘယ့်ကြောင့်နည်းဟူမူ—ဤအသျှင်တို့ သည် သင့်လျော်သော ကျောင်းတို့ကို မှီဝဲရကုန်သည်ရှိသော် အဆွေခင်ပွန်းကောင်းတို့ကိုဆည်းကပ်ကြရ ကုန်သည်ရှိသော် ဣန္ဒြေတို့ကို အညီအမျှထားရကုန်သည်ရှိသော် ကောင်းစွာသာလျှင့်လူ့ဘောင်မှ ရဟန်း ဘောင်၌ ရဟန်းပြုကြသော အမျိုးကောင်းသားများ မျှော်လင့်ထားကြသောမြတ်သောအကျင့်၏ ဆုံးခန်း တိုင်မှုဖြစ်သည့် အတုမဲ့ဖြစ်သော အရဟတ္တဖိုလ်ကျိုးကို မျက်မှောက်ဘဝ၌ပင်ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ နေနိုင်ကုန်တန်ရာ၏ဟုနှလုံးသွင်းသောကြောင့်တည်း။ ရဟန်းတို့ မမေ့မလျော့ ခြင်း၏ အကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ဤရဟန်းတို့သည် မမေ့မလျော့ ပြုရမည်ဟု ငါ ဟော၏။

၁၈၂။ ရဟန်းတို့ လောက၌ ဤခုနစ်ယောက်သောပုဂ္ဂိုလ်တို့သည် ထင်ထင်ရှားရှား ရှိကုန်၏၊ အဘယ်ခုနစ်ယောက်တို့နည်းဟူမူ— ဥဘတောဘာဂဝိမုတ္တ ‘ရူပကာယ နာမကာယ နှစ်ပါးစုံမှ လွတ်မြောက်သော’ ပုဂ္ဂိုလ်၊ ပညာဝိမုတ္တ ‘ပညာဖြင့် လွတ်မြောက်ပြီးသော’ ပုဂ္ဂိုလ်၊ ကာယသက္ခိ ‘ဈာန်ဖြင့် ရှေးဦးစွာတွေ့၍ နောက်မှ နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်းရှိသော’ ပုဂ္ဂိုလ်၊ ဒိဋ္ဌိပ္ပတ္တ ‘သောတာပတ္တိမဂ်ရပြီးနောက်အရဟတ္တဖိုလ်ရောက်မည့်’ ပုဂ္ဂိုလ်၊ သဒ္ဓါဝိမုတ္တ ‘သဒ္ဓါပြဋ္ဌာန်း၍ ကိလေသာမှ လွတ်မည့်’ ပုဂ္ဂိုလ်၊ ဓမ္မာနုသာရီ ‘ပညာဖြင့် အစဉ်လျှောက်၍ မဂ်သို့ ရောက်မည့်’ ပုဂ္ဂိုလ်၊ သဒ္ဓါနုသာရီ ‘သဒ္ဓါဖြင့် အစဉ်လျှောက်၍ မဂ်သို့ ရောက်မည့်’ ပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ ဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ်ဟူသည် အဘယ်နည်း— ရဟန်းတို့ ဤသာသနာတော်၌အချို့သော ပုဂ္ဂိုလ်သည် ကသိုဏ်းရုပ်တို့ကို လွတ်မြောက်၍ နာမ်သမာပတ်ဖြစ်သော ငြိမ်သက်သောဝိမောက္ခတို့ကို ကိုယ်ဖြင့် တွေ့၍ နေ၏၊ ထိုပုဂ္ဂိုလ်အား ပညာဖြင့်လည်း မြင်၍ အာသဝေါတရားတို့သည်ကုန်ခန်းကုန်၏၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ဥဘတောဘာဂဝိမုတ္တ ပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။ ရဟန်းတို့ ဤရဟန်းမျိုးကို မမေ့မလျော့ ပြုရမည်ဟု ငါ မဟောပေ။ အဘယ့်ကြောင့်နည်းဟူမူ— ထိုရဟန်းသည် မမေ့မလျော့ခြင်းဖြင့်် ပြုဖွယ်ကို ပြုပြီးဖြစ်၍ မေ့လျော့ခြင်းငှါ မထိုက်တော့ပြီဖြစ်သောကြောင့်တည်း။ (၁)

ရဟန်းတို့ ပညာဝိမုတ္တပုဂ္ဂိုလ်ဟူသည် အဘယ်နည်း— ရဟန်းတို့ အချို့သော ပုဂ္ဂိုလ်သည် ရုပ်တို့ ကိုလွန်မြောက်၍ နာမ်သမာပတ်ဖြစ်သော ငြိမ်သက်သော ဝိမောက္ခတို့ကို ကိုယ်ဖြင့် တွေ့၍ မနေပေ၊ ထိုပုဂ္ဂိုလ်အား ပညာဖြင့် မြင်၍ အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကိုပညာဝိမုတ္တပုဂ္ဂိုလ် ဟူ၍ ဆိုရ၏။ ရဟန်းတို့ ဤရဟန်းမျိုးကိုလည်း မမေ့မလျော့ ပြုရမည်ဟု ငါ မဟောပေ။ အဘယ့်ကြောင့်နည်းဟူမူ— ထိုရဟန်းသည် မမေ့မလျော့ခြင်းဖြင့်် ပြုဖွယ်ကို ပြုပြီးဖြစ်၍ မေ့လျော့ခြင်းငှါ မထိုက်တော့ပြီဖြစ်သောကြောင့်တည်း။ (၂)

ရဟန်းတို့ ကာယသက္ခိပုဂ္ဂိုလ်ဟူသည် အဘယ်နည်း— ရဟန်းတို့ ဤသာသနာတော်၌ အချို့သောပုဂ္ဂိုလ်သည် ကသိုဏ်းရုပ်တို့ကို လွန်မြောက်၍ နာမ်သမာပတ်ဖြစ်သော ငြိမ်သက်သော ဝိမောက္ခတို့ကိုကိုယ်ဖြင့် တွေ့၍ နေ၏၊ ထိုပုဂ္ဂိုလ်အား ပညာဖြင့်လည်း မြင်၍ အချို့သော အာသဝေါတရားတို့သည်ကုန်ခန်းကုန်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ကာယသက္ခိပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။ ရဟန်းတို့ ဤရဟန်းမျိုးကိုမမေ့မလျော့ ပြုရမည်ဟု ငါ ဟော၏။ အဘယ့်ကြောင့်နည်းဟူမူ— ဤအသျှင်သည် သင့်လျော်သောကျောင်းတို့ကို မှီဝဲရသည်ရှိသော် အဆွေခင်ပွန်းကောင်းတို့ကို ဆည်းကပ်ရသည်ရှိသော် ဣန္ဒြေတို့ကိုအညီ အမျှထားရသည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်၌ ကောင်းစွာသာလျှင် ရဟန်းပြုကုန်သောအမျိုး ကောင်းသားများ မျှော်လင့်ထားကြသော မြတ်သောအကျင့်၏ ဆုံးခန်းတိုင်မှုဖြစ်သည့်အတုမဲ့ဖြစ်သော အရဟတ္တဖိုလ်ကျိုးကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေနိုင်တန်ရာ၏ဟု နှလုံးသွင်းသောကြောင့်တည်း။ ရဟန်းတို့ဤမမေ့မလျော့ခြင်း၏ အကျိုး ကို ကောင်းစွာမြင်သည်ဖြစ်၍ ဤရဟန်းမျိုးကို မမေ့မလျော့ ပြုရမည်ဟုငါ ဟော၏။ (၃)

ရဟန်းတို့ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်ဟူသည် အဘယ်နည်း— ရဟန်းတို့ ဤသာသနာတော်၌ အချို့သောပုဂ္ဂိုလ်သည် ကသိုဏ်းရုပ်တို့ကို လွန်မြောက်၍ နာမ်သမာပတ်ဖြစ်သော ငြိမ်သက်သော ဝိမောက္ခတို့ကို့ကိုယ်ဖြင့် တွေ့၍ မနေ၊ ထိုပုဂ္ဂိုလ်အား ပညာဖြင့်ကား မြင်၍ အချို့သော အာသဝေါတရားတို့သည်ကုန်ခန်းကုန်၏၊ ထိုပုဂ္ဂိုလ်သည် မြတ်စွာဘုရားဟောထားသော တရားတို့ကို ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိ၏၊ စင်ကြယ်စွာ ကျင့်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။ ရဟန်းတို့ဤရဟန်းမျိုးကိုလည်း မမေ့မလျော့ ပြုရမည်ဟု ငါ ဟော၏။ အဘယ့်ကြောင့်နည်းဟူမူ— ဤအသျှင်သည်သင့်လျော်သော ကျောင်းတို့ကို မှီဝဲရသည်ရှိသော် အဆွေခင်ပွန်းကောင်းတို့ကို ဆည်းကပ်ရသည်ရှိသော်ဣန္ဒြေတို့ကို အညီအမျှထားရသည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်၌ ကောင်းစွာသာလျှင် ရဟန်းပြုကြကုန်သော အမျိုးကောင်းသားများ မျှော်လင့်ထားကြသော မြတ်သောအကျင့်၏ ဆုံးခန်းတိုင်မှုဖြစ်သည့် အတုမဲ့ဖြစ်သော အရဟတ္တဖိုလ်ကျိုးကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေနိုင်တန်ရာ၏ဟု နှလုံးသွင်းသောကြောင့်တည်း။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း၏ အကျိုးကို ကောင်းစွာမြင်သည်ဖြစ်၍ ဤရဟန်းမျိုးကို မမေ့မလျော့ ပြုရမည်ဟုငါ ဟော၏။ (၄)

ရဟန်းတို့ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်ဟူသည် အဘယ်နည်း— ရဟန်းတို့ ဤသာသနာတော်၌ အချို့သောပုဂ္ဂိုလ်သည် ကသိုဏ်းရုပ်တို့ကို လွန်မြောက်၍ နာမ်သမာပတ်ဖြစ်သော ငြိမ်သက်သော ဝိမောက္ခတို့ကိုကိုယ်ဖြင့်တွေ့၍ မနေ၊ ထိုပုဂ္ဂိုလ်အား ပညာဖြင့်ကား မြင်၍ အချို့သော အာသဝေါတရားတို့သည်ကုန်ခန်းကုန်၏။ ထိုပုဂ္ဂိုလ်သည် မြတ်စွာဘုရား၌လည်း ယုံကြည်ခြင်း ‘သဒ္ဓါ’ သည် သက်ဝင်၏၊ အမြစ်အရင်းဖြစ်၍ တည်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။ ရဟန်းတို့ ဤရဟန်းမျိုးကိုလည်း မမေ့မလျော့ ပြုရမည်ဟု ငါ ဟော၏။ အဘယ်ကြောင့်နည်း ဟူမူ— ဤအသျှင်သည်သင့်လျော်သော ကျောင်းတို့ကို မှီဝဲရသည်ရှိသော် အဆွေခင်ပွန်းကောင်းတို့ကို ဆည်းကပ်ရသည်ရှိသော်ဣန္ဒြေတို့ကို အညီအမျှထားရသည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်၌ ကောင်းစွာသာလျှင် ရဟန်းပြုကုန်သော အမျိုးကောင်းသားများ မျှော်လင့်ထားကြသော မြတ်သော အကျင့်၏ ဆုံးခန်းတိုင်မှုဖြစ်သည့်အတုမဲ့ဖြစ်သော အရဟတ္တဖိုလ်ကျိုးကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေနိုင်တန်ရာ၏ဟု နှလုံးသွင်းသောကြောင့်တည်း။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း၏ အကျိုးကို ကောင်းစွာမြင်သည်ဖြစ်၍ ဤရဟန်းမျိုးကို မမေ့မလျော့ ပြုရမည်ဟု ငါ ဟော၏။ (၅)

ရဟန်းတို့ ဓမ္မာနုသာရီပုဂ္ဂိုလ်ဟူသည် အဘယ်နည်း— ရဟန်းတို့ ဤသာသနာတော်၌ အချို့သောပုဂ္ဂိုလ်သည် ကသိုဏ်းရုပ်တို့ကို လွန်မြောက်၍ နာမ်သမာပတ်ဖြစ်သော ငြိမ်သက်သော ဝိမောက္ခတို့ကိုကိုယ်ဖြင့် တွေ့၍ မနေ၊ ထိုပုဂ္ဂိုလ်အား ပညာဖြင့်ကား မြင်၍ အချို့သော အာသဝေါတရားတို့သည်ကုန်ခန်းကုန်၏၊ ထိုပုဂ္ဂိုလ်သည် မြတ်စွာဘုရား ဟောထားသော တရားတို့ကို ပညာဖြင့် အနည်းငယ်မျှသာ ရှုနိုင်၏၊ စင်စစ်သော်ကား ထိုပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေဟူသောဤတရားတို့သည် ရှိကုန်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ဓမ္မာနုသာရီပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။ ရဟန်းတို့ဤရဟန်းမျိုးကိုလည်း မမေ့မလျော့ ပြုရမည်ဟု ငါ ဟော၏။ အဘယ်ကြောင့်နည်းဟူမူ— ဤအသျှင်သည်သင့်လျော်သော ကျောင်းတို့ကို မှီဝဲရသည်ရှိသော် အဆွေခင်ပွန်းကောင်းတို့ကို ဆည်းကပ်ရသည်ရှိသော်ဣန္ဒြေတို့ကို အညီအမျှထားရသည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်၌ ကောင်းစွာသာလျှင် ရဟန်းပြုကြကုန်သော အမျိုးကောင်းသားများ မျှော်လင့်ထားကြသော မြတ်သောအကျင့်၏ ဆုံးခန်းတိုင်မှုဖြစ်သည့် အတုမဲ့ဖြစ်သော အရဟတ္တဖိုလ်ကျိုးကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေနိုင်တန်ရာ၏ဟု နှလုံးသွင်းသောကြောင့်တည်း။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း၏ အကျိုးကို ကောင်းစွာမြင်သည်ဖြစ်၍ ဤရဟန်းမျိုးကို မမေ့မလျော့ ပြုရမည်ဟုငါ ဟော၏။ (၆)

ရဟန်းတို့ သဒ္ဓါနုသာရီပုဂ္ဂိုလ်ဟူသည် အဘယ်နည်း— ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ကသိုဏ်းရုပ်တို့ကို လွန်မြောက်၍ နာမ်သမာပတ်ဖြစ်သော ငြိမ်သက်သော ဝိမောက္ခတို့ကိုကိုယ်ဖြင့် တွေ့၍ မနေ၊ ထိုရဟန်းအား ပညာဖြင့်ကား မြင်၍ အချို့သောအာသဝေါတရားတို့သည်ကုန်ခန်းကုန်၏၊ ထိုရဟန်းသည် မြတ်စွာဘုရား၌ ယုံကြည်ခြင်းမျှ ကြည်ညိုခြင်းမျှသည်လည်း ဖြစ်၏၊ စင်စစ်သော်ကား ထိုပုဂ္ဂိုလ်မှာ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေဟူသော ဤတရားတို့သည် ရှိကုန်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို သဒ္ဓါနုသာရီပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။ ရဟန်းတို့ ဤရဟန်းမျိုးကိုလည်း မမေ့မလျော့ ပြုရမည်ဟု ငါဟော၏။ အဘယ့်ကြောင့်နည်း ဟူမူ— ဤအသျှင်သည် လျောက်ပတ်သော ကျောင်းတို့ကို မှီဝဲရသည်ရှိသော် အဆွေခင်ပွန်းကောင်းတို့ကို ဆည်းကပ်ရသည်ရှိသော်ဣန္ဒြေတို့ကို အညီအမျှထားရသည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်၌ ကောင်းစွာသာလျှင်ရဟန်းပြုကုန်သော အမျိုး ကောင်းသားများ မျှော်လင့်ထားကြသော မြတ်သော အကျင့်၏ဆုံးခန်းတိုင်မှုဖြစ်သည့် အတုမဲ့ဖြစ်သော အရဟတ္တဖိုလ်ကျိုးကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံ စေ၍ နေနိုင်တန်ရာ၏ဟုနှလုံးသွင်းသောကြောင့်တည်း။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း၏ အကျိုးကို ကောင်းစွာမြင်သည်ဖြစ်၍ဤရဟန်းမျိုးကို မမေ့မလျော့ ပြုရမည်ဟု ငါ ဟော၏။ (၇)

၁၈၃။ ရဟန်းတို့ စလျှင်စချင်းပင် အရဟတ္တဖိုလ်၌ တည်ခြင်းကို ငါမဟော၊ ရဟန်းတို့ စင်စစ်သော်ကား သိက္ခာစဉ်, လုပ်ငန်းစဉ်, ကျင့်စဉ်ဖြင့် အရဟတ္တဖိုလ်၌ တည်ခြင်းသည် ဖြစ်၏။ ရဟန်းတို့အဘယ်သို့လျှင် သိက္ခာစဉ်, လုပ်ငန်းစဉ်, ကျင့်စဉ်ဖြင့် အရဟတ္တဖိုလ်၌ တည်ခြင်းသည်ဖြစ်သနည်း ဟူမူ— ရဟန်းတို့ သဒ္ဓါတရားဖြစ် သောသူသည် အနီးသို့ ချဉ်းကပ်၏၊ အနီးသို့ချဉ်းကပ်သောသူသည် အရို အသေဆည်းကပ်၏၊ အရိုအသေ ဆည်းကပ်သောသူသည် နားထောင်၏၊ နားထောင်သောသူသည် တရား နာ၏၊ တရားနာ၍ တရားကို ဆောင်၏၊ ဆောင်ပြီးသော တရားတို့၏အနက်ကို ဆင်ခြင်၏၊ အနက်ကို ဆင်ခြင်သောသူသည် တရားတို့ကို ရှုနိုင်၏၊ တရားတို့ကိုရှုနိုင်သည်ရှိသော် အလိုဆန္ဒဖြစ်ပေါ်၏၊ အလို ဆန္ဒဖြစ်ပေါ်သောသူသည် အားထုတ်၏၊ အားထုတ်၍နှိုင်းချိန်၏၊ နှိုင်းချိန်၍ လွန်စွာအားထုတ်၏၊ နိဗ္ဗာန် သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍နာမကာယဖြင့်လည်း မြတ်သော သစ္စာကို မျက်မှောက်ပြု၏၊ မဂ်ပညာဖြင့်လည်း ထိုမြတ်သောသစ္စာကိုထိုးထွင်း၍ မြင်၏။

ရဟန်းတို့ ထိုသဒ္ဓါတရားမျှလည်း မဖြစ်ပလေ၊ ထိုအနီးသို့ ချဉ်းကပ်ခြင်းမျှလည်း မဖြစ်ပလေ၊ ထိုအရိုအသေ ဆည်းကပ်ခြင်းမျှလည်း မဖြစ်ပလေ၊ ထိုနားထောင်ခြင်းမျှလည်း မဖြစ်ပလေ၊ ထိုတရားနာခြင်းမျှလည်း မဖြစ်ပလေ၊ ထိုတရားကို ဆောင်ခြင်းမျှလည်း မဖြစ်ပလေ၊ ထိုအနက်ကို ဆင်ခြင်ခြင်းမျှလည်း မဖြစ်ပလေ၊ ထိုတရားကို ရှုနိုင်ခြင်းမျှလည်း မဖြစ်ပလေ၊ ထိုအလိုဆန္ဒမျှလည်း မဖြစ်ပလေ၊ ထိုအားထုတ်ခြင်းမျှလည်း မဖြစ်ပလေ၊ ထိုနှိုင်းချိန်ခြင်းမျှလည်း မဖြစ်ပလေ၊ ထိုပြင်းထန်စွာ အားထုတ်ခြင်းမျှလည်း မဖြစ်ပလေ။ ရဟန်းတို့ (သင်တို့သည်) ဖောက်ပြန်သော အကျင့်ရှိကုန်၏၊ မှားသောအကျင့်ရှိကုန်၏။ ရဟန်းတို့ ဤအချည်းနှီးသော ယောကျာ်းတို့သည် ဤသာသနာတော်မှ အဘယ်မျှဝေးဝေးပြေးကြလိမ့်မည်နည်း။

၁၈၄။ ရဟန်းတို့ သစ္စာလေးပါးကို ပြသော ဗျာကရုဏ်း၁သည် ရှိ၏။ ယင်းဗျာကရုဏ်းကိုအကျဉ်းအားဖြင့်ပြသော် သိကြား လိမ္မာသော ယောကျာ်းသည် မကြာမြင့်မီပင်လျှင် ပညာဖြင့် အနက်ကိုသိနိုင်ရာ၏။ ရဟန်းတို့ သင်တို့အား ငါအကျဉ်းပြပေအံ့၊ ငါ၏ ထိုအနက်ကို (သင်တို့) သိနိုင်ကုန်အံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်တို့သည် အဘယ်လူစားတို့ဖြစ်၍ အဘယ်မှာ တရားသိသူတို့ ဖြစ်နိုင်ပါအံ့နည်းဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ပစ္စ္စည်းလေးပါးကို အလေးပြုနေသောပစ္စည်းလေးပါးအမွေခံနေသော ပစ္စည်းလေးပါးတို့နှင့် ရောယှက်နေသော ဆရာအားသော်လည်း “ငါတို့အား ဤသို့ဖြစ်မူ ထိုအမှုကို ပြုကုန်အံ့၊ ငါတို့အား ဤသို့ မဖြစ်မူ ထိုအမှုကို မပြုကုန်အံ့”ဟု ဤသို့သဘောရှိသော ဤဈေးဆိုခြင်း ဈေးဆစ်ခြင်းမျိုးသည် မဖြစ်။ ရဟန်းတို့ ပစ္စ္စည်းလေးပါးတို့နှင့် ရောယှက်ခြင်း အချင်းခပ်သိမ်း ကင်း၍နေသော မြတ်စွာဘုရားအား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ရဟန်းတို့ယုံကြည်ခြင်းရှိသော ဆရာ့အဆုံးအမ၌ သက်ဝင်၍ ကျင့်နေသော တပည့် ‘သာဝက’ အား— “မြတ်စွာဘုရားသည် ဆရာတည်း၊ ငါသည် တပည့်ဖြစ်၏၊ မြတ်စွာဘုရားသည် သိ၏၊ ငါသည် မသိ”ဟု ဤသဘောသည် ဖြစ်၏။

ရဟန်းတို့ ယုံကြည်ခြင်းရှိသော ဆရာ့အဆုံးအမ၌ သက်ဝင်၍ ကျင့်နေသော တပည့်သာဝကအားဆရာ့အဆုံးအမသည် ကြီးပွါးစည်ပင်၏။ အခြေခိုင်ခံ့၏။ ရဟန်းတို့ ယုံကြည်ခြင်းရှိသောဆရာ့အဆုံးအမ၌ သက်ဝင်၍ ကျင့်နေသော တပည့်သာဝကအား “ကိုယ်၌ အရေသည်လည်းကောင်း၊ အကြောသည်လည်း ကောင်း၊ အရိုးသည်လည်းကောင်း အကယ်၍ ကြွင်းကျန်စေကာမူအသားအသွေးသည် ခန်းခြောက်စေ ကာမူ ယောကျာ်းတို့၏အစွမ်း ယောကျာ်းတို့၏ဝီရိယယောကျာ်းတို့၏လုံ့လဖြင့် ရအပ်ရောက်အပ်သော အရဟတ္တဖိုလ်သို့ မရောက်သေးသမျှ ဝီရိယ၏လျော့ပါးခြင်းသည် မဖြစ်လတ္တံ့” ဟူသော ဤသဘောသည် ဖြစ်၏။ ရဟန်းတို့ ယုံကြည်ခြင်းရှိသောဆရာ့အဆုံးအမ၌ သက်ဝင်၍ ကျင့်သောတပည့်အား “မျက် မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်လည်းကောင်း၊ ဥပါဒါန် ကြွင်းရှိသေးမူ အနာဂါမ်ပုဂ္ဂိုလ်အဖြစ်လည်းကောင်း” ဤသို့ နှစ်ပါးသော အကျိုးတို့တွင်တစ်ပါးပါးသော အကျိုးသည် ဧကန်ဖြစ်ရမည်ဟု မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကို နှစ်ခြိုက်ဝမ်းမြောက်ကြ ကုန်၏။

ဆယ်ခုမြောက် ကီဋာဂိရိသုတ် ပြီး၏။

နှစ်ခုမြောက် ဘိက္ခုဝဂ် ပြီး၏။

၁။ ဗျာကရုဏ်း= ဟောကြားချက်၊