မဇ္ဈိမနိကာယ်

၁—တေဝိဇ္ဇဝစ္ဆသုတ်

၁၈၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တောတွင် အထွတ်တပ်သော ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဝစ္ဆအနွယ်ဖြစ်သော ပရိဗိုဇ်သည် သရက်ဖြူပင်တစ်ပင်ရှိသော ပရိဗိုဇ်အရံ၌ နေ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကိုယူလျက် ဝေသာလီပြည်သို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားအား “ဝေသာလီပြည်သို့ဆွမ်းအလို့ငှါ လှည့်လည်ရန် အလွန်စောသေး၏၊ ငါသည် သရက်ဖြူပင်တစ်ပင်ရှိသော ဧကပုဏ္ဍရီကပရိဗိုဇ်အရံရှိ ဝစ္ဆအနွယ်ဖြစ်သော ပရိဗိုဇ်ထံသို့ ချဉ်းကပ်ရမူ ကောင်းလေရာ၏”ဟု အကြံဖြစ်၏။ ထိုအခါမြတ်စွာဘုရားသည် သရက်ဖြူပင် တစ်ပင်ရှိသော ပရိဗိုဇ်အရံရှိ ဝစ္ဆအနွယ်ဖြစ်သော ပရိဗိုဇ်ထံသို့ ချဉ်းကပ်တော်မူ၏။ ဝစ္ဆအနွယ်ဖြစ်သော ပရိဗိုဇ်သည် အဝေးမှပင်လျှင် မြတ်စွာဘုရား ကြွလာတော်မူသည်ကိုမြင်၍ မြတ်စွာဘုရားအား—“အသျှင်ဘုရား မြတ်စွာဘုရားသည် လာတော်မူပါလော့၊ အသျှင်ဘုရားမြတ်စွာဘုရား၏ လာခြင်းသည် ကောင်းစွာ လာခြင်းပါတည်း၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ဤအရပ်သို့ ကြွလာရန် အလှည့်ကို ကြာမြင့်မှပင် ပြုတော်မူဘိ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည်ထိုင်တော်မူပါ၊ ဤနေရာကို ခင်းထားပါ၏”ဟု လျှောက်ထား၏။ မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ထိုင်တော်မူ၏။

ဝစ္ဆအနွယ်ဖြစ်သော ပရိဗိုဇ်သည်လည်း တစ်ခုသော နိမ့်သော နေရာကို ယူ၍ လျောက်ပတ်စွာထိုင်ပြီးသော် မြတ်စွာဘုရားအား—“အသျှင်ဘုရား ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ အလုံးစုံကိုမြင်၏၊ ငါ သွားနေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေအမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ဝန်ခံ၏” ဟူ၍ ကြားဖူးပါ၏၊ အသျှင်ဘုရား “ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ ငါသွားနေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ဝန်ခံ၏” ဟူ၍ ပြောဆိုသောသူတို့သည် မြတ်စွာဘုရား၏စကားအရ ပြောဆိုသူများ ဖြစ်ပါကုန်၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သောအားဖြင့်မစွပ်စွဲဘဲလည်း ရှိကြပါ ကုန်၏လော၊ အကြောင်းမှန်ကိုလည်း အကြောင်းမှန်အားလျော်စွာပြောကြားကြပါကုန်၏လော၊ မြတ်စွာ ဘုရား၏ စကားကို လိုက်၍ ပြောဆိုသော သီတင်းသုံးဖော်တစ်စုံတစ်ယောက်သည် သူတစ်ပါးကဲ့ရဲ့ အပ်သော အကြောင်းရှိသည်ဖြစ်၍ ကဲ့ရဲ့စရာ အနည်းငယ်မျှမရှိဘဲ ဖြစ်ပါသလောဟု လျှောက်ထား၏။ “ဝစ္ဆ ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ အလုံးစုံကိုမြင်၏၊ ငါ သွားနေသည်ဖြစ်စေ၊ ရပ်နေ သည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေအမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှု ထင်၏ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ဝန်ခံ၏” ဟူ၍ ပြောဆိုသောသူတို့သည် ငါ၏ စကားအရ ပြောဆို သူများ မဟုတ်ကုန်၊ ငါ့ကို မဟုတ်မမှန်သောအားဖြင့်လည်းစွပ်စွဲကြကုန်၏ဟု (မိန့်တော်မူ၏)။

၁၈၆။ အသျှင်ဘုရား ထိုသို့မဟုတ်မူ အဘယ်သို့ ပြောဆိုသော အကျွန်ုပ်တို့သည် မြတ်စွာဘုရား၏စကားအရ ပြောဆိုသူများ ဖြစ်ပါကုန်သနည်း၊ မြတ်စွာဘုရားကို မဟုတ်မမှန်သောအားဖြင့် မစွပ်စွဲဘဲလည်း ရှိကြပါကုန်သနည်း၊ အကြောင်းမှန်ကိုလည်း အကြောင်းမှန်အားလျော်စွာ ပြောကြားကြသည်ဖြစ်ပါ ကုန်သနည်း၊ မြတ်စွာဘုရား၏ စကားကို လိုက်၍ ပြောဆိုသော သီတင်းသုံးဖော်တစ်စုံတစ်ယောက်သည် သူတစ်ပါးကဲ့ရဲ့အပ်သော အကြောင်းရှိသည်ဖြစ်၍ ကဲ့ရဲ့စရာအကြောင်းသည်အနည်းငယ်မျှ မရှိဘဲ ဖြစ်ပါ သနည်းဟု (လျှောက်၏)။

ဝစ္ဆ “ရဟန်းဂေါတမသည် ဝိဇ္ဇာသုံးပါးရှိ၏”ဟု ပြောဆိုသောသူသည် အမှန်အားဖြင့် ငါ၏ စကား အရပြောဆိုခြင်း ဖြစ်ရာ၏၊ ငါ့ကို မမှန်သောအားဖြင့်လည်း မစွပ်စွဲရာ၊ အကြောင်းမှန်ကိုလည်းအကြောင်းမှန်အားလျော်စွာ ပြောကြားသည် ဖြစ်ရာ၏၊ ငါ၏ စကားကို လိုက်၍ ပြောဆိုသော သီတင်းသုံးဖော် တစ်စုံတစ်ယောက်သည် သူတစ်ပါးကဲ့ရဲ့အပ်သော အကြောင်းရှိသည်ဖြစ်၍ ကဲ့ရဲ့စရာအကြောင်းလည်း အနည်းငယ်မျှ မရှိရာ။

ဝစ္ဆ ငါသည် အလိုရှိသလောက် များသော အပြားရှိသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကိုအောက်မေ့နိုင်၏။ ဤရှေး၌ နေဖူးသော ခန္ဓာအစဉ်ဟူသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များသော အပြားရှိသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။

ဝစ္ဆ ငါသည် အလိုရှိသလောက် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သောနတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် စုတေဆဲသတ္တဝါ ပဋိသန္ဓေနေဆဲသတ္တဝါ ယုတ်သောသတ္တဝါမြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသောသတ္တဝါမကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်၏။ပ။ ကံအားလျော်စွာ ကပ်ရောက်ရသောသတ္တဝါတို့ကို အပြားအားဖြင့် သိ၏။

ဝစ္ဆ ငါသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားမရှိသော စိတ်၏ ကိလေသာမှ့လွတ်ခြင်း ပညာဖြင့် ကိလေသာမှ လွတ်ခြင်းကို မျက်မှောက်သော ဘဝ၌သာလျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိလျက် မျက်မှောက်ပြုကာ ရောက်၍ နေ၏။

ဝစ္ဆ ရဟန်းဂေါတမသည် ဝိဇ္ဇာသုံးပါးရှိ၏ဟု ပြောဆိုသူသည် ငါ၏ စကားအရ ပြောဆိုခြင်း ဖြစ်ရာ၏၊ ငါ့ကို မဟုတ်မမှန်သောအားဖြင့်လည်း မစွပ်စွဲရာ၊ အကြောင်းမှန်ကို အကြောင်းမှန်အားလျော်စွာပြောကြားသည် ဖြစ်ရာ၏၊ ငါ၏ စကားကို လိုက်၍ ပြောဆိုသော သီတင်းသုံးဖော် တစ်စုံတစ်ယောက်သည် သူတစ်ပါးကဲ့ရဲ့အပ်သော အကြောင်းရှိသည်ဖြစ်၍ ကဲ့ရဲ့စရာအကြောင်းသည် အနည်းငယ်မျှလည်းမရှိရာဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသော် ဝစ္ဆအနွယ်ဖြစ်သော ပရိဗိုဇ်သည် မြတ်စွာဘုရားအား—“အသျှင်ဂေါတမ လူတို့၏သံယောဇဉ်ကို မပယ်မစွန့်မူ၍ ကိုယ်ခန္ဓာပျက်စီးသည်မှ နောက်၌ ဒုက္ခအဆုံးကို ပြုသော တစ်စုံတစ်ယောက်သော သူသည် ရှိပါသလော”ဟု (လျှောက်၏)။ ဝစ္ဆ လူတို့၏ သံယောဇဉ်ကို မပယ်မစွန့်မူ၍ကိုယ်ခန္ဓာပျက်စီးသည်မှ နောက်၌ ဒုက္ခ၏ အဆုံးကို ပြုသော တစ်စုံတစ်ယောက်သောသူသည် မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ လူတို့၏ သံယောဇဉ်ကို မပယ်မစွန့်မူ၍ ကိုယ်ခန္ဓာပျက်စီးသည်မှ နောက်၌ နတ်ပြည်သို့ ရောက်သော တစ်စုံတစ်ယောက်သောသူသည် ရှိပါသလောဟု (လျှောက်၏)။ ဝစ္ဆ “လူတို့၏ သံယောဇဉ်ကို မပယ် မစွန့်မူ၍ ကိုယ်ခန္ဓာပျက်စီးသည်မှ နောက်၌ နတ်ပြည်သို့ရောက်သောသူတို့သည် တစ်ရာ နှစ်ရာ သုံးရာ လေးရာမက အများအပြား ရှိကုန်သည်သာတည်း”ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ကိုယ်ခန္ဓာပျက်စီးသည်မှ နောက်၌ ဒုက္ခ၏ အဆုံးကို ပြုသော တစ်စုံတစ်ယောက်သော အာဇီဝကသည် ရှိပါသလောဟု (လျှောက်၏)။

ဝစ္ဆ ကိုယ်ခန္ဓာပျက်စီးသည်မှ နောက်၌ ဒုက္ခ၏ အဆုံးကို ပြုသော တစ်စုံတစ်ယောက်သောအာဇီဝကသည် မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ကိုယ်ခန္ဓာပျက်စီးသည်မှ နောက်၌နတ်ပြည်သို့ ရောက်သော တစ်စုံတစ်ယောက်သော အာဇီဝကသည် ရှိပါသလောဟု (လျှောက်၏)။ ဝစ္ဆဤကမ္ဘာမှ ပြန်ရေသော် ကိုးဆယ်တစ်ကမ္ဘာထက်၌ တစ်ယောက်သော အာဇီဝကကို ကြဉ်၍ တစ်စုံတစ်ယောက်သော အာဇီဝကကိုမျှ နတ်ပြည်သို့ ရောက်သည်ကို ငါ မအောက်မေ့မိ၊ မသိမြင်ခဲ့၊ ထိုတစ်ယောက်သော အာဇီဝကသည်လည်း ကမ္မဝါဒီ ကိရိယဝါဒီဖြစ်သော ငါသာလျှင် ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ဤသို့ဖြစ်မူ ဤတိတ္ထိတို့၏ အကျင့်သည် အယုတ်ဆုံးအားဖြင့် နတ်ပြည်သို့ရောက်ခြင်းမှလည်း ဆိတ်သုဉ်း၏ဟု (လျှောက်၏)။ ဝစ္ဆ ဤတိတ္ထိတို့၏ အကျင့်သည် အယုတ်ဆုံးအားဖြင့်နတ်ပြည်သို့ ရောက်ခြင်းမှလည်း ဆိတ်သုဉ်း၏ဟု မိန့်တော်မူ၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ ဝစ္ဆအနွယ်ဖြစ်သော ပရိဗိုဇ်သည် မြတ်စွာဘုရား၏ တရားစကားတော်ကို နှစ်ခြိုက်ဝမ်းမြောက်လေ၏။

ရှေးဦးစွာသော တေဝိဇ္ဇဝစ္ဆသုတ် ပြီး၏။