မဇ္ဈိမနိကာယ်

၂—အဂ္ဂိဝစ္ဆသုတ်

၁၈၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဝစ္ဆအနွယ်ဖြစ်သော ပရိဗိုဇ်သည် မြတ်စွာဘုရား ရှိတော်မူရာအရပ်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်သော နေရာ၌ ထိုင်ကာ “အသျှင်ဂေါတမ ‘လောကသည် မြဲ၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည် အချည်းနှီးသာတည်း’ဟု အသျှင်ဂေါတမသည် ဤသို့အယူရှိပါသ လော” ဟူ၍ လျှောက်ထား၏။ ဝစ္ဆ “လောကသည် မြဲ၏၊ ဤအယူသည်သာ မှန်၏၊ ့တစ်ပါးသော အယူ သည် အချည်းနှီးသာတည်း”ဟု ငါသည် ဤသို့ အယူမရှိပါဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ “လောကသည် မမြဲ၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည် အချည်းနှီးသာတည်း”ဟု အသျှင်ဂေါတမသည် ဤသို့ အယူရှိပါသလောဟု (လျှောက်၏)။ ဝစ္ဆ “လောကသည်မမြဲ၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည် အချည်းနှီးသာတည်း”ဟု ငါသည် ဤသို့အယူမရှိပါဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ “လောကသည် အဆုံးရှိ၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည်အချည်းနှီးသာတည်း”ဟု အသျှင်ဂေါတမသည် ဤသို့ အယူရှိပါသလောဟု (လျှောက်၏)။ ဝစ္ဆ “လောကသည် အဆုံးရှိ၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည် အချည်းနှီးသာတည်း”ဟု ငါသည်ဤသို့ အယူမရှိပါဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ “လောကသည် အဆုံးမရှိ၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည်အချည်းနှီးသာတည်း”ဟု အသျှင်ဂေါတမသည် ဤသို့ အယူရှိပါသလောဟု (လျှောက်၏)။ ဝစ္ဆ “လောကသည် အဆုံးမရှိ၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည် အချည်းနှီးသာတည်း”ဟု ငါသည်ဤသို့ အယူမရှိပါဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ “ထိုအသက်သည်ပင် ထိုကိုယ်ကောင်တည်း၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည် အချည်းနှီးသာတည်း”ဟု အသျှင်ဂေါတမသည် ဤသို့ အယူရှိပါသလောဟု (လျှောက်၏)။ ဝစ္ဆ “ထိုအသက်သည်ပင် ထိုကိုယ်ကောင်တည်း၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည်အချည်းနှီး သာတည်း”ဟု ငါသည် ဤသို့ အယူမရှိပါဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ “အသက်သည် တခြား, ကိုယ်ကောင်သည် တခြားတည်း၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည် အချည်းနှီးသာတည်း”ဟု အသျှင်ဂေါတမသည် ဤသို့ အယူရှိပါသလောဟု (လျှောက်၏)။ ဝစ္ဆ “အသက်သည် တခြား, ကိုယ်ကောင်သည် တစ်ခြားတည်း၊ ဤအယူသည်သာမှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ငါသည် ဤသို့ အယူမရှိပါဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါး သောအယူသည် အချည်းနှီးသာတည်း”ဟု အသျှင်ဂေါတမသည် ဤသို့ အယူရှိပါသလောဟု (လျှောက် ၏)။ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည်အချည်းနှီးသာတည်း”ဟု ငါသည် ဤသို့ အယူမရှိပါဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည် အချည်းနှီးသာတည်း”ဟု အသျှင်ဂေါတမသည် ဤသို့ အယူရှိပါသလောဟု (လျှောက်၏)။ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည်အချည်းနှီးသာတည်း”ဟု ငါသည် ဤသို့ အယူမရှိပါဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်း မဖြစ်၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု အသျှင်ဂေါတမသည် ဤသို့အယူရှိပါ သလောဟု (လျှောက်၏)။ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်း မဖြစ်၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ငါသည်ဤသို့ အယူမရှိပါဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်းမဟုတ်၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု အသျှင်ဂေါတမသည် ဤသို့ အယူရှိပါသလောဟု (လျှောက်၏)။ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည့်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည်အချည်းနှီးသာတည်း”ဟု ငါသည် ဤသို့ အယူမရှိပါဟု (မိန့်တော်မူ၏)။

၁၈၈။ အသျှင်ဂေါတမ “လောကသည် မြဲ၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည်အချည်းနှီးသာတည်း”ဟု အသျှင်ဂေါတမသည် ဤသို့ အယူရှိပါသလောဟု မေးသည်ရှိသော် “ဝစ္ဆ’လောကသည် မြဲ၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည် အချည်းနှီးသာတည်း’ ဟူ၍ငါသည် ဤသို့ အယူမရှိပါ”ဟု ဖြေဆို၏။ အသျှင်ဂေါတမ “လောကသည် မမြဲ၊ ဤအယူသည်သာမှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု အသျှင်ဂေါတမသည် ဤသို့ အယူရှိပါသလောဟု မေးသည်ရှိသော် “ဝစ္ဆ ‘လောကသည် မမြဲ၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည်အချည်းနှီးသာတည်း’ ဟူ၍ ငါသည် ဤသို့ အယူမရှိပါ”ဟု ဖြေဆို၏။

အသျှင်ဂေါတမ “လောကသည် အဆုံးရှိ၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည်အချည်းနှီးသာတည်း”ဟု အသျှင်ဂေါတမသည် ဤသို့ အယူရှိပါသလောဟု မေးသည်ရှိသော် “ဝစ္ဆ’လောကသည် အဆုံးရှိ၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည် အချည်းနှီးသာတည်း’ ဟူ၍ငါသည် ဤသို့ အယူမရှိပါ”ဟု ဖြေဆို၏။ အသျှင်ဂေါတမ “လောကသည် အဆုံးမရှိ၊ ဤအယူသည်သာမှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု အသျှင်ဂေါတမသည် ဤသို့ အယူရှိပါသလောဟု မေးသည်ရှိသော် “ဝစ္ဆ ‘လောကသည် အဆုံးမရှိ၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည်အချည်းနှီးသာတည်း’ ဟူ၍ ငါသည် ဤသို့ အယူမရှိပါ”ဟု ဖြေဆို၏။

အသျှင်ဂေါတမ “ထိုအသက်သည်ပင် ထိုကိုယ်ကောင်တည်း၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည် အချည်းနှီးသာတည်း”ဟု အသျှင်ဂေါတမသည် ဤသို့ အယူရှိပါသလောဟု မေးသည်ရှိသော်”ဝစ္ဆ ‘ထိုအသက်သည်ပင် ထိုကိုယ်ကောင်တည်း၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည်အချည်းနှီးသာတည်း’ဟူ၍ ငါသည် ဤသို့ အယူမရှိပါ”ဟု ဖြေဆို၏။

အသျှင်ဂေါတမ “အသက်သည်တခြား, ကိုယ်ကောင်သည် တခြားတည်း၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည် အချည်းနှီးသာတည်း”ဟု အသျှင်ဂေါတမသည် ဤသို့ အယူရှိပါသလောဟုမေးသည်ရှိသော် “ဝစ္ဆ ‘အသက်သည်တခြား, ကိုယ်ကောင်သည် တခြားတည်း၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း’ ဟူ၍ ငါသည် ဤသို့ အယူမရှိပါ”ဟု ဖြေဆို၏။

အသျှင်ဂေါတမ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါး သောအယူသည် အချည်းနှီးသာတည်း”ဟု အသျှင်ဂေါတမသည် ဤသို့ အယူရှိပါသလောဟု မေးသည်ရှိ သော်”ဝစ္ဆ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူ သည်အချည်းနှီးသာတည်း’ဟူ၍ ငါသည် ဤသို့ အယူမရှိပါ”ဟု ဖြေဆို၏။

အသျှင်ဂေါတမ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည် အချည်းနှီးသာတည်း”ဟု အသျှင်ဂေါတမသည် ဤသို့ အယူရှိပါသလောဟု မေးသည်ရှိသော်”ဝစ္ဆ ‘သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည်အချည်းနှီးသာတည်း’ ဟူ၍ ငါသည် ဤသို့ အယူမရှိပါ”ဟု ဖြေဆို၏။

အသျှင်ဂေါတမ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်း မဖြစ်၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု အသျှင်ဂေါတမသည် ဤသို့အယူရှိပါသလောဟု မေးသည်ရှိသော် “ဝစ္ဆ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်း မဖြစ်၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည် အချည်းနှီးသာတည်း’ ဟူ၍ ငါသည်ဤသို့ အယူမရှိပါ”ဟု ဖြေဆို၏။

အသျှင်ဂေါတမ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း့မဟုတ်၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း” ဟူ၍ အသျှင်ဂေါတမသည် ဤသို့ အယူရှိပါသလောဟု မေးသည်ရှိသော် “ဝစ္ဆ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း’ ဟူ၍ ငါသည် ဤသို့ အယူမရှိပါ”ဟု ဖြေဆို၏။ အသျှင်ဂေါတမ အဘယ်သို့သော အပြစ်ကို ကောင်းစွာ မြင်၍ ဤသို့ အခါခပ်သိမ်း ဤဒိဋ္ဌိအယူတို့သို့ မကပ်ရောက်ပါသနည်းဟု (လျှောက်၏)။

၁၈၉။ ဝစ္ဆ လောကသည် မြဲ၏ ဟူသော အယူသည် မိစ္ဆာအယူတည်း၊ မိစ္ဆာဒိဋ္ဌိတည်းဟူသောတောချုံတည်း၊ မိစ္ဆာဒိဋ္ဌိတည်းဟူသော ခရီးခဲတည်း၊ မိစ္ဆာဒိဋ္ဌိတည်းဟူသော ဆူးငြောင့်တည်း၊ မိစ္ဆာဒိဋ္ဌိတည်းဟူသော တုန်လှုပ်ခြင်းတည်း၊ မိစ္ဆာဒိဋ္ဌိတည်းဟူသော သံယောဇဉ်တည်း၊ ဆင်းရဲနှင့် တကွ ဖြစ်၏၊ ညှဉ်းဆဲခြင်းနှင့် တကွ ဖြစ်၏၊ ပြင်းစွာပင်ပန်းခြင်းနှင့် တကွ ဖြစ်၏၊ ပူလောင်ခြင်းနှင့် တကွ ဖြစ်၏၊ ငြီးငွေ့ခြင်းငှါ မဖြစ်၊ တပ်ခြင်း ကင်းခြင်းငှါ မဖြစ်၊ ချုပ်ခြင်းငှါ မဖြစ်၊ ငြိမ်းခြင်းငှါ မဖြစ်၊ အထူးသိခြင်းငှါ မဖြစ်၊ ထိုးထွင်း၍ သိခြင်းငှါ မဖြစ်၊ ချုပ်ငြိမ်းခြင်းငှါ မဖြစ်။

ဝစ္ဆ လောကသည် မမြဲဟူသော။ပ။ ဝစ္ဆ လောကသည် အဆုံးရှိ၏ဟူသော။ပ။ ဝစ္ဆ လောကသည်အဆုံး မရှိဟူသော။ပ။ ဝစ္ဆ ထိုအသက်သည် ထိုကိုယ်ကောင်တည်းဟူသော။ပ။ ဝစ္ဆ အသက်သည်တခြား, ကိုယ်ကောင်သည် တခြားဟူသော။ပ။ ဝစ္ဆ သတ္တဝါသည် သေသည်မှ နောက်၌ဖြစ်၏ဟူသော။ပ။ ဝစ္ဆ သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်ဟူသော။ပ။ ဝစ္ဆ သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်း မဖြစ်ဟူသော။ပ။ ဝစ္ဆ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်ဟူသော အယူသည် မိစ္ဆာအယူတည်း၊ မိစ္ဆာဒိဋ္ဌိတည်းဟူသော တောချုံ တည်း၊ မိစ္ဆာဒိဋ္ဌိတည်းဟူသော ခရီးခဲတည်း၊ မိစ္ဆာဒိဋ္ဌိတည်းဟူသောဆူးငြောင့်တည်း၊ မိစ္ဆာဒိဋ္ဌိတည်းဟူသော တုန်လှုပ်ခြင်းတည်း၊ မိစ္ဆာဒိဋ္ဌိ တည်းဟူသော သံယောဇဉ်တည်း၊ ဆင်းရဲနှင့် တကွ ဖြစ်၏၊ ညှဉ်းဆဲခြင်းနှင့် တကွ ဖြစ်၏၊ ပြင်းစွာပင်ပန်းခြင်းနှင့် တကွ ဖြစ်၏၊ ပူလောင်ခြင်းနှင့် တကွ ဖြစ်၏၊ ငြီးငွေ့ခြင်းငှါ မဖြစ်၊ တပ်ခြင်းကင်းခြင်းငှါ မဖြစ်၊ ချုပ်ခြင်းငှါ မဖြစ်၊ ငြိမ်းခြင်းငှါ မဖြစ်၊ အထူးသိခြင်းငှါ မဖြစ်၊ ထိုးထွင်း၍ သိခြင်းငှါ မဖြစ်၊ ချုပ်ငြိမ်းခြင်းငှါ မဖြစ်။ ဝစ္ဆငါသည် ဤအပြစ်ကို ကောင်းစွာ မြင်သည် ဖြစ်၍သာလျှင် ဤသို့ အခါခပ်သိမ်း ဒိဋ္ဌိအယူတို့သို့မကပ်ရောက်ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမအား တစ်စုံတစ်ခုသော အယူသည် ရှိပါသလောဟု (လျှောက်၏)။ ဝစ္ဆ အယူဟူသောဤစကားကို မြတ်စွာဘုရားသည် ပယ်ထားအပ်ပြီ၊ ဝစ္ဆ မြတ်စွာဘုရားသည် “ဤကား ရုပ်၊ ဤကားရုပ်၏ ဖြစ်ကြောင်း၊ ဤကား ရုပ်၏ ချုပ်ရာ။ ဤကား ဝေဒနာ၊ ဤကား ဝေဒနာ၏ ဖြစ်ကြောင်း၊ ဤကား ဝေဒနာ၏ ချုပ်ရာ။ ဤကား သညာ၊ ဤကား သညာ၏ ဖြစ်ကြောင်း၊ ဤကား သညာ၏ချုပ်ရာ။ ဤကား သင်္ခါရ၊ ဤကား သင်္ခါရတို့၏ ဖြစ်ကြောင်း၊ ဤကား သင်္ခါရတို့၏ ချုပ်ရာ။ ဤကားဝိညာဏ်၊ ဤကား ဝိညာဏ်၏ ဖြစ်ကြောင်း၊ ဤကား ဝိညာဏ်၏ ချုပ်ရာ”ဟု ဤသဘောကိုမြင်ထားအပ်ပြီ။ ထို့ကြောင့် မြတ်စွာဘုရားသည် ငါ, ငါ့ဥစ္စာ, ငါဟူသော ထောင်လွှားမှုကိန်းဝပ်ခြင်း (ဒိဋ္ဌိ, တဏှာ, မာနာနုသယ) ဟူသော အလုံးစုံသော ထင်မှတ်မှု, အလုံးစုံသော မွှေနှောက်မှုတရားတို့၏ကုန်ခြင်း ကြောင့် တပ်မက်ခြင်းကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် စွန့်ခြင်းကြောင့် စွန့်လွှတ်ခြင်းကြောင့်စွဲလမ်းမှု ဥပါဒါန်မရှိခြင်းကြောင့် လွတ်မြောက်၏ဟု ဆို၏ဟူ၍ (မိန့်တော်မူ၏)။

၁၉ဝ။ အသျှင်ဂေါတမ ဤသို့ လွတ်မြောက်သော စိတ်ရှိသော ရဟန်းသည် အဘယ်၌ (ပဋိသန္ဓေအားဖြင့်) ဖြစ်သနည်းဟု (လျှောက်၏)။ ဝစ္ဆ (ပဋိသန္ဓေအားဖြင့်) ဖြစ်၏ ဟူသော အဖြစ်သို့ မရောက်ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ထိုသို့ဖြစ်ပါမူ (ပဋိသန္ဓေအားဖြင့်) မဖြစ်ပါသလောဟု (လျှောက်၏)။ ဝစ္ဆ (ပဋိသန္ဓေအားဖြင့်) မဖြစ်ဟူသော အဖြစ်သို့လည်း မရောက်ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ့ထိုသို့ဖြစ်မူ (ပဋိသန္ဓေအားဖြင့်) ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်း မဖြစ်ပါသလောဟု (လျှောက်၏)။ ဝစ္ဆ (ပဋိသန္ဓေအားဖြင့်) ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်း မဖြစ်ဟူသော အဖြစ်သို့လည်း မရောက်ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ထိုသို့ဖြစ်ပါမူ (ပဋိသန္ဓေအားဖြင့်) ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်ပါသလောဟု (လျှောက်၏)။ ဝစ္ဆ (ပဋိသန္ဓေအားဖြင့်) ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်ဟူသော အဖြစ်သို့လည်း မရောက်ဟု (မိန့်တော်မူ၏)။

“အသျှင်ဂေါတမ ဤသို့ လွတ်မြောက်သော စိတ်ရှိသော ရဟန်းသည် အဘယ်၌ (ပဋိသန္ဓေအားဖြင့်) ဖြစ်ပါသနည်း”ဟု မေးသည်ရှိသော် “ဝစ္ဆ (ပဋိသန္ဓေအားဖြင့်) ဖြစ်၏ဟူသော အဖြစ်သို့ မရောက်”ဟုဆို၏။ “အသျှင်ဂေါတမ ထိုသို့ဖြစ်ပါမူ (ပဋိသန္ဓေအားဖြင့်) မဖြစ်ပါသလော”ဟု မေးသည်ရှိသော် “ဝစ္ဆ (ပဋိသန္ဓေအားဖြင့်) မဖြစ်ဟူသော အဖြစ်သို့လည်း မရောက်”ဟု ဆို၏။ “အသျှင်ဂေါတမ ထိုသို့ဖြစ်ပါမူ (ပဋိသန္ဓေအားဖြင့်) ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်း မဖြစ်ပါသလော”ဟု မေးသည်ရှိသော် “ဝစ္ဆ (ပဋိသန္ဓေအားဖြင့်) ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်း မဖြစ်ဟူသော အဖြစ်သို့လည်း မရောက်”ဟုဆို၏။ “အသျှင်ဂေါတမ ထိုသို့ဖြစ်ပါမူ (ပဋိသန္ဓေအားဖြင့်) ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်းမဟုတ်ပါသလော”ဟု မေးသည်ရှိသော် “ဝစ္ဆ (ပဋိသန္ဓေအားဖြင့်) ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်ဟူသော အဖြစ်သို့လည်း မရောက်”ဟု ဆို၏။ အသျှင်ဂေါတမ ဤအရာ၌ အကျွန်ုပ်သည်နားမလည်ခြင်းသို့ ရောက်ခဲ့ပါ၏၊ ဤအရာ၌ အကျွန်ုပ်သည် တွေဝေခြင်းသို့ ရောက်ခဲ့ပါ၏။ အသျှင်ဂေါတမ၏ ရှေးဦးပြောဆိုသော စကားဖြင့် အကျွန်ုပ်မှာ ဖြစ်ပေါ်လာသော ကြည်လင်ခြင်းမျှသည်လည်းယခုအခါ ကွယ်ပျောက်ပါလေပြီဟု (လျှောက်၏)။ ဝစ္ဆ သင် နားမလည်ခြင်းငှါ ထိုက်ပါပေ၏၊ တွေဝေခြင်း ငှါ ထိုက်ပါပေ၏။ ဝစ္ဆ ဤတရားသည် နက်လည်း နက်နဲ၏၊ မြင်နိုင်ခဲ၏၊ လျော်စွာသိနိုင်ခဲ၏၊ ငြိမ်သက် ၏၊ မွန်မြတ်၏၊ ကြံဆ၍ သိသင့်သော အရာမဟုတ်၊ သိမ်မွေ့၏၊ ပညာရှိတို့သာသိအပ်၏၊ ထိုတရားကို (သာသနာတော်မှ) တစ်ပါးသောအယူ, တစ်ပါးသောအကြိုက်, တစ်ပါးသောအလိုရှိသော၊ တစ်ပါးသော အယူ၌ အားထုတ်ခြင်းရှိသော၊ (သာသနာတော်မှ) တစ်ပါးသောတိတ္ထိဘောင်၌ ဆရာရှိနေသော သင်သည် သိရန်ခက်၏။

၁၉၁။ ဝစ္ဆ ထိုသို့ဖြစ်ပါမူ ဤအရာ၌ သင့်ကိုသာလျှင် မေးမြန်းအံ့၊ သင်သဘောကျသည့်အတိုင်းဖြေကြားလော့။ ဝစ္ဆ ထိုငါဆိုမည့် စကားကို သင်အဘယ်သို့ မှတ်ထင်သနည်း၊ အကယ်၍ သင်၏ ရှေ့၌မီးတောက်နေငြားအံ့၊ “ငါ၏ ရှေ့၌ ဤမီးသည် တောက်နေ၏”ဟု သင် သိရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ အကယ်၍ အကျွန်ုပ်၏ ရှေ့၌ မီးတောက်နေငြားအံ့၊ “င ါ၏ ရှေ့၌ ဤမီးသည်တောက်နေ၏”ဟု အကျွန်ုပ် သိရာပါ၏ဟု (လျှောက်၏)။

ဝစ္ဆ “သင်၏ ရှေ့၌ တောက်နေသော ဤမီးသည် အဘယ်ကို စွဲ၍ တောက်နေ သနည်း”ဟု သင့်ကိုအကယ်၍ မေးငြားအံ့၊ ဝစ္ဆ ဤသို့ မေးသည်ရှိသော် သင်သည် အဘယ်သို့ ဖြေကြားရာသနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ “သင်၏ ရှေ့၌ တောက်နေသော ဤမီးသည် အဘယ်ကို စွဲ၍တောက်နေသနည်း”ဟု အကျွန်ုပ်ကို အကယ်၍ မေးငြားအံ့၊ အသျှင်ဂေါတမ ဤသို့ မေးသည်ရှိသော်အကျွန်ုပ်သည် “ငါ၏ ရှေ့၌ တောက်နေသော ဤမီးသည် မြက် ထင်း လောင်စာကို စွဲ၍ တောက်နေ၏”ဟု ဖြေကြားပါအံ့ဟု (လျှောက်၏)။ ဝစ္ဆ အကယ်၍ သင်၏ ရှေ့၌ ထိုမီးသည် ငြိမ်းငြားအံ့၊ သင်သည်”ငါ၏ ရှေ့၌ ဤမီးသည် ငြိမ်း၏”ဟု သိရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ အကယ်၍အကျွန်ုပ်၏ ရှေ့၌ ထိုမီးသည် ငြိမ်းအံ့၊ “ငါ၏ ရှေ့၌ ဤမီးသည် ငြိမ်းပြီ”ဟု အကျွန်ုပ်သည် သိရာပါအံ့ဟု (လျှောက်၏)။

ဝစ္ဆ “သင်၏ ရှေ့၌ ငြိမ်းအေးသွားသော မီးသည် ဤအရပ်မှ အဘယ်အရပ်သို့ သွားသနည်း၊ အရှေ့အရပ်သို့လည်းကောင်း၊ တောင်အရပ်သို့လည်းကောင်း၊ အနောက်အရပ်သို့လည်းကောင်း၊ မြောက့်အရပ်သို့လည်းကောင်း သွားလေသလော”ဟု အကယ်၍ သင့်ကို မေးငြားအံ့၊ ဝစ္ဆ ဤသို့ မေးသည်ရှိသော် သင်သည် အဘယ်သို့ ဖြေကြားရာသနည်းဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ သွား၏ဟူသော အရေအတွက်သို့ မရောက်၊ အသျှင်ဂေါတမ ထိုမီးသည် အကြင် မြက် ထင်း လောင်စာကို အစွဲပြု၍ တောက်၏၊ ထိုမြက်ထင်းလောင်စာ၏ ကုန်ခြင်းကြောင့်လည်းကောင်း၊ တစ်ပါးသော မီးလောင်စာ၏ မရှိခြင်းကြောင့်လည်းကောင်း လောင်စာမရှိသည်ဖြစ်၍ ငြိမ်းအေးပြီဟူသောရေတွက်ခြင်းသို့သာလျှင် ရောက်ပါ၏ဟု (လျှောက်၏)။

၁၉၂။ ဝစ္ဆ ဤအတူသာလျှင် အကြင် ရုပ်ဖြင့် သတ္တဝါဟူ၍ ပညတ်သော် ပညတ်ရာ၏၊ ထိုရုပ်ကိုမြတ်စွာဘုရားအား ပယ်ပြီးဖြစ်၏၊ အမြစ်ပြတ်ပြီးဖြစ်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ တစ်ဖန်မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိတော့ချေ။ ဝစ္ဆ ရုပ်တို့၏ ကောင်းစွာ ကုန်ခြင်းဖြင့် လွတ်မြောက်ပြီးသော မြတ်စွာဘုရားသည် မဟာသမုဒ္ဒရာကဲ့သို့ နက်နဲ၏၊ မနှိုင်းယှဉ်အပ်၊ ထက်ဝန်းကျင် သက်ဝင်နိုင်ခဲ၏၊ (ပဋိသန္ဓေအားဖြင့်) ဖြစ်၏ဟူသော အဖြစ်သို့လည်း မရောက်၊ (ပဋိသန္ဓေအားဖြင့်) မဖြစ်ဟူသော အဖြစ်သို့လည်း မရောက်၊ (ပဋိသန္ဓေအားဖြင့်) ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်းမဖြစ်ဟူသော အဖြစ်သို့လည်း မရောက်၊ (ပဋိသန္ဓေအားဖြင့်) ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်းမဟုတ်ဟူသော အဖြစ်သို့လည်း မရောက်။

အကြင် ဝေဒနာဖြင့် သတ္တဝါဟူ၍ ပညတ်သော် ပညတ်ရာ၏၊ ထိုဝေဒနာသည် မြတ်စွာဘုရားအားပယ်ပြီး ဖြစ်၏၊ အမြစ်ပြတ်ပြီးဖြစ်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ တစ်ဖန်မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ ဝစ္ဆ ဝေဒနာ၏ ကောင်းစွာ ကုန်ခြင်းဖြင့် လွတ်မြောက်ပြီးသော မြတ်စွာဘုရားသည် မဟာသမုဒ္ဒရာကဲ့သို့ နက်နဲ၏၊ မနှိုင်းယှဉ်အပ်၊ ထက်ဝန်းကျင် သက်ဝင်နိုင်ခဲ၏၊ (ပဋိသန္ဓေအားဖြင့်) ဖြစ်၏ဟူသော အဖြစ်သို့လည်း မရောက်၊ (ပဋိသန္ဓေအားဖြင့်) မဖြစ်ဟူသောအဖြစ်သို့လည်း မရောက်၊ (ပဋိသန္ဓေအားဖြင့်) ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်း မဖြစ်ဟူသော အဖြစ်သို့လည်း မရောက်၊ (ပဋိသန္ဓေအားဖြင့်) ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်ဟူသော အဖြစ်သို့လည်း မရောက်။

အကြင် သညာဖြင့် သတ္တဝါဟူ၍ ပညတ်သော် ပညတ်ရာ၏၊ ထိုသညာသည် မြတ်စွာဘုရားအားပယ်ပြီးဖြစ်၏၊ အမြစ်ပြတ်ပြီးဖြစ်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ တစ်ဖန်မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ ဝစ္ဆ သညာ၏ ကောင်းစွာ ကုန်ခြင်းဖြင့် လွတ်မြောက်ပြီးသော မြတ်စွာဘုရားသည် မဟာသမုဒ္ဒရာကဲ့သို့ နက်နဲ၏၊ မနှိုင်းယှဉ်အပ်၊ ထက်ဝန်းကျင်သက်ဝင်နိုင်ခဲ၏၊ (ပဋိသန္ဓေအားဖြင့်) ဖြစ်၏ဟူသော အဖြစ်သို့လည်း မရောက်၊ (ပဋိသန္ဓေအားဖြင့်) မဖြစ်ဟူသော အဖြစ်သို့လည်း မရောက်၊ (ပဋိသန္ဓေအားဖြင့်) ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်း မဖြစ်ဟူသောအဖြစ်သို့လည်း မရောက်၊ (ပဋိသန္ဓေအားဖြင့်) ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်ဟူသော အဖြစ်သို့လည်း မရောက်။

အကြင် သင်္ခါရတို့ဖြင့် သတ္တဝါဟူ၍ ပညတ်သော် ပညတ်ရာ၏၊ ထိုသင်္ခါရတို့သည် မြတ်စွာဘုရားအားပယ်ပြီးဖြစ်၏၊ အမြစ်ပြတ်ပြီးဖြစ်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ တစ်ဖန်မဖြစ်အောင် ပြုပြီး ဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ ဝစ္ဆ သင်္ခါရတို့၏ ကောင်းစွာ ကုန်ခြင်းဖြင့် လွတ်မြောက်ပြီးသော မြတ်စွာဘုရားသည် မဟာသမုဒ္ဒရာကဲ့သို့ နက်နဲ၏၊ မနှိုင်းယှဉ်အပ်၊ ထက်ဝန်းကျင်သက်ဝင်နိုင်ခဲ၏၊ (ပဋိသန္ဓေအားဖြင့်) ဖြစ်၏ဟူသော အဖြစ်သို့လည်း မရောက်၊ (ပဋိသန္ဓေအားဖြင့်) မဖြစ်ဟူသော အဖြစ်သို့လည်း မရောက်၊ (ပဋိသန္ဓေအားဖြင့်) ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်း မဖြစ်ဟူသောအဖြစ်သို့လည်း မရောက်၊ (ပဋိသန္ဓေအားဖြင့်) ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်ဟူသော အဖြစ်သို့လည်း မရောက်။

အကြင် ဝိညာဏ်ဖြင့် သတ္တဝါဟူ၍ ပညတ်သော် ပညတ်ရာ၏၊ ထိုဝိညာဏ်သည် မြတ်စွာဘုရားအားပယ်ပြီးဖြစ်၏၊ အမြစ်ပြတ်ပြီးဖြစ်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ တစ်ဖန်မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ ဝစ္ဆ ဝိညာဏ်၏ ကောင်းစွာ ကုန်ခြင်းဖြင့် လွတ်မြောက်ပြီးသော မြတ်စွာဘုရားသည် မဟာသမုဒ္ဒရာကဲ့သို့ နက်နဲ၏၊ မနှိုင်းယှဉ်အပ်၊ ထက်ဝန်းကျင် သက်ဝင်နိုင်ခဲ၏၊ (ပဋိသန္ဓေအားဖြင့်) ဖြစ်၏ဟူသော အဖြစ်သို့လည်း မရောက်၊ (ပဋိသန္ဓေအားဖြင့်) မဖြစ်ဟူသော အဖြစ်သို့လည်း မရောက်၊ (ပဋိသန္ဓေအားဖြင့်) ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်း မဖြစ်ဟူသောအဖြစ်သို့လည်း မရောက်၊ (ပဋိသန္ဓေအားဖြင့်) ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်ဟူသော အဖြစ်သို့လည်း မရောက်။

ဤသို့ မိန့်တော်မူသော် ဝစ္ဆအနွယ်ဖြစ်သော ပရိဗိုဇ်သည် မြတ်စွာဘုရားကို— “အသျှင်ဂေါတမဥပမာသော်ကား ရွာ၏လည်းကောင်း နိဂုံး၏လည်းကောင်း မနီးမဝေးသော အရပ်၌အင်ကြင်းပင်ကြီးသည် ရှိလေရာ၏၊ ထိုအင်ကြင်းပင်ကြီး၏ မမြဲသောသဘောကြောင့်အခက်အရွက်တို့သည် ပျက်စီးကုန်ရာ၏၊ အခွံအပွေးတို့သည် ပျက်စီးကုန်ရာ၏၊ အကာတို့သည်ပျက်စီးကုန်ရာ၏၊ ထိုအင်ကြင်းပင်ကြီးသည် နောင် အခါ၌ ကင်းသော အခက်အရွက် ကင်းသောအခွံအပွေး ကင်းသော အကာရှိသည်ဖြစ်၍ အနှစ်သက်သက် သာ တည်နေသကဲ့သို့၊ ဤအတူသာလျှင်အသျှင်ဂေါတမ၏ စကားသည် အခက်အရွက်မှ ကင်းပါပေ၏၊ အခွံအပွေးမှ ကင်းပါပေ၏၊ အကာမှကင်းပါပေ၏၊ အနှစ်သက်သက်၌ တည်ပါပေ၏။

အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အသျှင်ဂေါတမသည် ယနေ့ ကိုအစပြု၍ အသက်ရှည်သမျှ ကာလပတ်လုံး အကျွန်ုပ်ကို (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော သူ’ဥပါသကာ’ ဟူ၍ မှတ်တော်မူပါလော့”ဟု လျှောက်၏။

နှစ်ခုမြောက် အဂ္ဂိဝစ္ဆသုတ် ပြီး၏။