မဇ္ဈိမနိကာယ်

၃—မဟာဝစ္ဆသုတ်

၁၉၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဝစ္ဆအနွယ်ဖြစ်သော ပရိဗိုဇ်သည် မြတ်စွာဘုရား ရှိတော်မူရာအရပ်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်သော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား— “အကျွန်ုပ်သည် အသျှင်ဂေါတမနှင့်အတူ စကားပြောဆိုရဖူးသည်မှာ ကာလကြာပါပြီ၊ အကျွန်ုပ် တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည်အကျွန်ုပ်အား အကျဉ်းအားဖြင့် ကုသိုလ် အကုသိုလ်ကို ဟောကြားတော်မူပါလော့”ဟု လျှောက်ထား၏။ ဝစ္ဆ သင့်အား အကျဉ်းအားဖြင့်လည်း ကုသိုလ် အကုသိုလ်ကို ငါ ဟောနိုင်၏၊ သင့်အား အကျယ်အားဖြင့်လည်း ကုသိုလ် အကုသိုလ်ကို ငါ ဟောနိုင်၏။ ဝစ္ဆ သို့ရာတွင် သင့်အား အကျဉ်းအားဖြင့် ကုသိုလ်အကုသိုလ်ကို ငါ ဟောပေအံ့၊ ထိုကုသိုလ် အကုသိုလ်ကို နာကြားလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ” ဟူ၍ ဝစ္ဆအနွယ်ဖြစ်သောပရိဗိုဇ်သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤစကားကိုမိန့်တော်မူ၏—

၁၉၄။ ဝစ္ဆ လိုချင်မှု ‘လောဘ’သည် အကုသိုလ်တည်း၊ မလိုချင်မှု ‘အလောဘ’သည် ကုသိုလ် တည်း။ ဝစ္ဆ ပြစ်မှားမှု ‘ဒေါသ’သည် အကုသိုလ်တည်း၊ မပြစ်မှားမှု ‘အဒေါသ’သည် ကုသိုလ်တည်း။ ဝစ္ဆတွေဝေမှု ‘မောဟ’သည် အကုသိုလ်တည်း၊ မတွေဝေမှု ‘အမောဟ’သည် ကုသိုလ်တည်း။ ဝစ္ဆ့ဤသို့လျှင် ဤသုံးပါးကုန်သော တရားတို့သည် အကုသိုလ်တို့တည်း၊ ဤသုံးပါးကုန်သော တရားတို့သည်ကုသိုလ် တို့တည်း။

ဝဝ္ဆ အသက်သတ်ခြင်းသည် အကုသိုလ်တည်း၊ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် ကုသိုလ်တည်း။ ဝစ္ဆ မပေးသော ဥစ္စာကို ခိုးယူခြင်းသည် အကုသိုလ်တည်း၊ မပေးသော ဥစ္စာကို ခိုးယူခြင်းမှရှောင်ကြဉ်ခြင်းသည် ကုသိုလ်တည်း။ ဝစ္ဆ ကာမဂုဏ်တို့၌ မှောက်မှားသော အကျင့်သည် အကုသိုလ်တည်း၊ ကာမဂုဏ်တို့၌ မှောက်မှားသော အကျင့်မှ ရှောင်ကြဉ်ခြင်းသည် ကုသိုလ်တည်း။ ဝစ္ဆ မဟုတ်မမှန် ပြောဆိုခြင်းသည် အကုသိုလ်တည်း၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းသည် ကုသိုလ်တည်း။ ဝစ္ဆ ကုန်းတိုက်စကား ပြောဆိုခြင်းသည် အကုသိုလ်တည်း၊ ကုန်းတိုက်စကား ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်းသည် ကုသိုလ်တည်း။ ဝစ္ဆ ကြမ်းသော စကားကို ပြောဆိုခြင်းသည် အကုသိုလ်တည်း၊ ကြမ်းသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းသည် ကုသိုလ်တည်း။ ဝစ္ဆ အဖျင်းပြောခြင်းသည်အကုသိုလ်တည်း၊ အဖျင်းပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းသည် ကုသိုလ်တည်း။ ဝစ္ဆ သူတစ်ပါးဥစ္စာကိုရှေးရှုကြံစည်ခြင်းသည် အကုသိုလ်တည်း၊ သူတစ်ပါးဥစ္စာကို ရှေးရှု ကြံစည်ခြင်းမှ ရှောင်ကြဉ်ခြင်းသည်ကုသိုလ်တည်း။ ဝစ္ဆ သတ္တဝါတို့ကို ပျက်စီးစေလိုခြင်းသည် အကုသိုလ်တည်း၊ မပျက်စီးစေ လိုခြင်းသည်ကုသိုလ်တည်း။ ဝစ္ဆ မှားသော အမြင်သည် အကုသိုလ်တည်း၊ မှန်သော အမြင်သည် ကုသိုလ်တည်း။ ဝစ္ဆ ဤသို့လျှင် ဤဆယ်ပါးသော တရားတို့သည် အကုသိုလ်တို့တည်း၊ ဤဆယ်ပါးသော တရားတို့သည် ကုသိုလ်တို့တည်း။

ဝစ္ဆ ရဟန်းအား တဏှာသည် ပယ်ပြီး အမြစ်ပြတ်ပြီး ထန်းပင်ငုတ်ကဲ့သို့ပြုပြီး တစ်ဖန်မဖြစ်အောင်ပြုပြီးဖြစ်သောကြောင့် တစ်ဖန် ဖြစ်ပေါ်ခြင်းသဘော မရှိသောကြောင့် ထိုရဟန်းသည် ရဟန္တာ တည်း၊ ကုန်ပြီးသော အာသဝေါရှိ၏၊ ကျင့်သုံးပြီးသော မြတ်သောအကျင့်ရှိ၏၊ ပြုပြီးသော အမှုရှိ၏၊ ချထားပြီးသော ဝန်ရှိ၏၊ ရောက်ပြီး ရပြီးသော မိမိအကျိုးစီးပွါးရှိ၏၊ ကုန်ပြီးသော သံယောဇဉ်ရှိ၏၊ ကောင်းစွာသိ၍ ကိလေသာမှ လွတ်ပြီဟု (မိန့်တော်မူ၏)။

၁၉၅။ အသျှင်ဂေါတမကို ထားပါဦး၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသောလွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို မျက်မှောက်ဘဝ၌သာလျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေနိုင်သော အသျှင်ဂေါတမ၏ တပည့်ဖြစ်သော တစ်ပါးသော ရဟန်းမျှလည်း ရှိပါ၏လောဟု (လျှောက်၏)။ ဝစ္ဆ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေသော ငါ၏ တပည့်ဖြစ်သော ရဟန်းတို့သည် တစ်ရာ နှစ်ရာ သုံးရာလေးရာ ငါးရာလည်းမက စင်စစ်အားဖြင့် လွန်စွာ များကုန်သည်သာတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမကို ထားပါဦး၊ ရဟန်းတို့ကို ထားပါဦး၊ အာသဝေါတရားတို့ ကုန်ခြင်းကြောင့်အာသဝေါမရှိသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ပညာ ကို မျက်မှောက် ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေနိုင် သော အသျှင်ဂေါတမ၏ တပည့်မဖြစ်သော တစ်ယောက်သော ရဟန်းမိန်မမျှလည်း ရှိပါ၏လောဟု (လျှောက်၏)။ ဝစ္ဆ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော’အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေနိုင်သော ငါ၏တပည့်မဖြစ်သော ရဟန်းမိန်းမတို့သည် တစ်ရာ နှစ်ရာ သုံးရာ လေးရာ ငါးရာလည်းမက စင်စစ်အားဖြင့် လွန်စွာ များကုန်သည်သာတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမကို ထားပါဦး၊ ရဟန်းတို့ကို ထားပါဦး၊ ရဟန်းမိန်းမတို့ကို ထားပါဦး၊ အောက် အဖို့၌ဖြစ်စေတတ်သော သံယောဇဉ်ငါးပါးတို့၏ ကုန်ခြင်းကြောင့် ဥပပါတ်ပဋိသန္ဓေတည်နေသော ထိုဗြဟ္မာ့ပြည်၌ ပရိနိဗ္ဗာန်ပြုမည်ဖြစ်သော ထိုဗြဟ္မာ့ပြည်မှ ဆုတ်နစ်ပြန်လည်ခြင်းသဘောမရှိသော အသျှင်ဂေါတမ၏ တပည့်ဖြစ်သော အဝတ်ဖြူကို ဝတ်သော မြတ်သော အကျင့်ကို ကျင့်သော လူဖြစ်သော တစ်ယောက်သော ဥပါသကာမျှလည်း ရှိပါ၏လောဟု (လျှောက်၏)။ ဝစ္ဆ အောက်အဖို့၌ ဖြစ်စေတတ်သောသံယောဇဉ်ငါးပါးတို့၏ ကုန်ခြင်းကြောင့် ဥပပါတ်ပဋိသန္ဓေတည်နေသော ထိုဗြဟ္မာ့ပြည်၌ ပရိနိဗ္ဗာန်ပြုမည်ဖြစ်သော ထိုဗြဟ္မာ့ပြည်မှ ဆုတ်နစ်ပြန် လည်ခြင်းသဘောမရှိသော ငါ၏ တပည့်ဖြစ်သော အဝတ် ဖြူကိုဝတ်သော မြတ်သော အကျင့်ကို ကျင့်သော လူဥပါသကာတို့သည် တစ်ရာ နှစ်ရာ သုံးရာ လေးရာငါးရာလည်းမက စင်စစ်အားဖြင့် လွန်စွာ များကုန်သည်သာတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမကို ထားပါဦး၊ ရဟန်းတို့ကို ထားပါဦး၊ ရဟန်းမိန်းမတို့ကို ထားပါဦး၊ အဝတ်ဖြူကိုဝတ်ကုန်သော မြတ်သော အကျင့်ကို ကျင့်ကုန်သော လူဥပါသကာတို့ကို ထားပါဦး၊ ဆရာ့အဆုံးအမ၌ယုံမှားခြင်းကို လွန်မြောက်ပြီးသည်ဖြစ်၍ သို့လော သို့လော တွေးတောခြင်း ကင်းသည်ဖြစ်၍ ရဲရင့်ခြင်းသို့ ရောက်သည် ဖြစ်၍ သူတစ်ပါးကြောင့် ယုံကြည်သူ မဟုတ်ဘဲ မြတ်စွာဘုရား အဆုံးအမ၌ နေသော၊ အဝတ်ဖြူကို ဝတ်၍ ကာမဂုဏ်ကို ခံစားလျက် အသျှင်ဂေါတမ၏ အဆုံးအမအတိုင်း လိုက်နာသော၊ သွန်သင်သည့်အတိုင်း လိုက်နာသော လူဥပါသကာတစ်ယောက်မျှလည်း ရှိပါ၏လောဟု (လျှောက်၏)။ ဝစ္ဆ ဆရာ့အဆုံးအမ၌ ယုံမှားခြင်းကို လွန်မြောက်ပြီးသည်ဖြစ်၍ သို့လော သို့လော တွေးတောခြင်းကင်းသည် ဖြစ်၍ ရဲရင့်ခြင်းသို့ ရောက်သည်ဖြစ်၍ သူတစ်ပါးကြောင့် ယုံကြည်သူ မဟုတ်ဘဲမြတ်စွာဘုရား အဆုံး အမ၌ နေသော ငါ၏ တပည့်ဖြစ်သော၊ အဝတ်ဖြူကို ဝတ်လျက် ကာမဂုဏ်ကိုခံစားလျက် အဆုံးအမ အတိုင်း လိုက်နာသော၊ သွန်သင်သည့်အတိုင်း လိုက်နာသောလူဥပါသကာတို့သည် တစ်ရာ နှစ်ရာ သုံးရာ လေးရာ ငါးရာလည်းမက စင်စစ်အားဖြင့် လွန်စွာများကုန်သည်သာတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမကို ထားပါဦး၊ ရဟန်းတို့ကို ထားပါဦး၊ ရဟန်းမိန်းမတို့ကို ထားပါဦး၊ အဝတ်ဖြူကိုဝတ်သော မြတ်သောအကျင့်ကို ကျင့်သော လူဥပါသကာတို့ကို ထားပါဦး၊ အဝတ်ဖြူကို ဝတ်သောကာမဂုဏ်ကို ခံစားသော လူဥပါသကာတို့ကို ထားပါဦး၊ အောက်အဖို့၌ ဖြစ်စေတတ်သော သံယောဇဉ်ငါးပါးတို့၏ ကုန်ခြင်းကြောင့် ဗြဟ္မာ့ပြည်၌ ဥပပါတ်ပဋိသန္ဓေတည်နေသော ထိုဗြဟ္မာ့ပြည်၌ ပရိနိဗ္ဗာန်ပြုမည်ဖြစ်သော ထိုဗြဟ္မာ့ပြည်မှ ဆုတ်နစ်ပြန်လည်ခြင်းသဘောမရှိသော အသျှင်ဂေါတမ၏ တပည့်မဖြစ်သော အဝတ်ဖြူကို ဝတ်သော မြတ်သော အကျင့်ကို ကျင့်သော လူဥပါသိကာမတစ်ယောက်မျှလည်းရှိပါ၏လောဟု (လျှောက်၏)။

ဝစ္ဆ အောက်အဖို့၌ ဖြစ်စေတတ်သော သံယောဇဉ်ငါးပါးတို့၏ ကုန်ခြင်းကြောင့် ဗြဟ္မာ့ပြည်၌ဥပပါတ်ပဋိသန္ဓေတည်နေ၍ ထိုဗြဟ္မာ့ပြည်၌ ပရိနိဗ္ဗာန်ပြုမည်ဖြစ်သော ထိုဗြဟ္မာ့ပြည်မှ ဆုတ်နစ်ပြန်လည်ခြင်းသဘော မရှိသော ငါ၏ တပည့်မဖြစ်သော အဝတ်ဖြူကို ဝတ်သော မြတ်သော အကျင့်ကိုကျင့်သော လူဥပါသိကာမတို့သည် တစ်ရာ နှစ်ရာ သုံးရာ လေးရာ ငါးရာလည်းမက စင်စစ်အားဖြင့်လွန်စွာ များကုန်သည်သာတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမကို ထားပါဦး၊ ရဟန်းတို့ကို ထားပါဦး၊ ရဟန်းမိန်းမတို့ကို ထားပါဦး၊ အဝတ်ဖြူကိုဝတ်ကုန်သော မြတ်သောအကျင့်ကို ကျင့်ကုန်သော လူဥပါသကာတို့ကို ထားပါဦး၊ အဝတ်ဖြူကိုဝတ်ကုန်သော ကာမဂုဏ်ကို ခံစားကုန်သော လူဥပါသကာတို့ကို ထားပါဦး၊ အဝတ်ဖြူကို ဝတ်ကုန်သောမြတ်သောအကျင့်ကို ကျင့်ကုန်သော လူဥပါသိကာမတို့ကို ထားပါဦး၊ ဆရာ့အဆုံးအမ၌ ယုံမှားခြင်းကိုလွန်မြောက်ပြီးသည်ဖြစ်၍ သို့လော သို့လော တွေးတောခြင်း ကင်းသည်ဖြစ်၍ ရဲရင့်ခြင်းသို့ ရောက်သည့်ဖြစ်၍ သူတစ်ပါးကြောင့် ယုံကြည်သူမဟုတ်ဘဲ မြတ်စွာဘုရား အဆုံးအမ၌ နေသော၊ အသျှင်ဂေါတမ၏တပည့်မဖြစ်သော၊ အဝတ်ဖြူကို ဝတ်၍ ကာမဂုဏ်ကို ခံစားလျက် အဆုံးအမအတိုင်း လိုက်နာသော၊ သွန်သင်သည့်အတိုင်း လိုက်နာသော လူဥပါသိကာမတစ်ယောက်မျှလည်း ရှိပါ၏လောဟု (လျှောက်၏)။

ဝစ္ဆ ဆရာ့အဆုံးအမ၌ ယုံမှားခြင်းကို လွန်မြောက်ပြီးသည်ဖြစ်၍ သို့လော သို့လော တွေးတောခြင်းကင်းသည်ဖြစ်၍ ရဲရင့်ခြင်းသို့ ရောက်သည်ဖြစ်၍ သူတစ်ပါးကြောင့် ယုံကြည်သူမဟုတ်ဘဲ မြတ်စွာဘုရားအဆုံးအမ၌ နေသော၊ ငါ၏ တပည့်မဖြစ်သေ အဝတ်ဖြူကို ဝတ်၍ ကာမဂုဏ်ကို ခံစားလျက် အဆုံးအမအတိုင်း လိုက်နာသော၊ သွန်သင်သည့်အတိုင်း လိုက်နာသော လူဥပါသိကာမတို့သည် တစ်ရာ နှစ်ရာသုံးရာ လေးရာ ငါးရာလည်းမက စင်စစ်အားဖြင့် လွန်စွာ များကုန်သည်သာတည်းဟု (မိန့်တော်မူ၏)။

၁၉၆။ အသျှင်ဂေါတမ ဤတရားကို အကယ်၍ အသျှင်ဂေါတမသာလျှင် ပြည်စုံစေနိုင်၍ ရဟန်းတို့သည် မပြည့်စုံစေနိုင်ကုန်ငြားအံ့၊ ထိုအကြောင်းကြောင့် ဤမြတ်သော အကျင့်သည် ဤသို့ ပြည့်စုံခြင်းမဖြစ်ရာ။ အသျှင်ဂေါတမ ဤတရားကို အသျှင်ဂေါတမလည်း ပြည်စုံစေနိုင်၍ ရဟန်းတို့လည်း ပြည့်စုံစေနိုင်ကုန်သောကြောင့် ဤမြတ်သော အကျင့်သည် ဤသို့ ပြည့်စုံ၏။

အသျှင်ဂေါတမ ဤတရားကို အကယ်၍ အသျှင်ဂေါတမနှင့် ရဟန်းတို့သာ ပြည့်စုံစေနိုင်၍ ရဟန်းမိန်းမတို့သည် မပြည့်စုံစေနိုင်ကုန်ငြားအံ့၊ ထိုအကြောင်းကြောင့် ဤမြတ်သော အကျင့်သည် ဤသို့ပြည့်စုံ ခြင်း မဖြစ်ရာ။

အသျှင်ဂေါတမ ဤတရားကို အသျှင်ဂေါတမနှင့် ရဟန်း၊ ရဟန်းမိန်းမတို့လည်း ပြည်စုံစေနိုင်ကုန်သောကြောင့် ဤမြတ်သော အကျင့်သည် ဤသို့ ပြည့်စုံ၏။

အသျှင်ဂေါတမ ဤတရားကို အကယ်၍ အသျှင်ဂေါတမနှင့် ရဟန်း၊ ရဟန်းမိန်းမတို့သာ ပြည်စုံစေနိုင်ကုန်၍ အဝတ်ဖြူကို ဝတ်ကုန်သော မြတ်သောအကျင့်ကို ကျင့်ကုန်သော လူဥပါသကာတို့သည်မပြည့်စုံစေနိုင်ကုန်ငြားအံ့၊ ထိုအကြောင်းကြောင့် ဤမြတ်သောအကျင့်သည် ဤသို့ ပြည့်စုံခြင်း မဖြစ်ရာ။

အသျှင်ဂေါတမ ဤတရားကို အသျှင်ဂေါတမနှင့် ရဟန်း၊ ရဟန်းမိန်းမ၊ အဝတ်ဖြူကို ဝတ် ကုန်သောမြတ်သောအကျင့်ကို ကျင့်ကုန်သော လူဥပါသကာတို့သည်လည်း ပြည့်စုံစေနိုင်ကုန်သောကြောင့်ဤမြတ်သော အကျင့်သည် ဤသို့ ပြည့်စုံ၏။

အသျှင်ဂေါတမ ဤတရားကို အကယ်၍ အသျှင်ဂေါတမနှင့် ရဟန်း၊ ရဟန်းမိန်းမ၊ အဝတ်ဖြူကိုဝတ်ကုန်သော မြတ်သောအကျင့်ကို ကျင့်ကုန်သော လူဥပါသကာတို့သာ ပြည်စုံစေနိုင်ကုန်၍ အဝတ်ဖြူကိုဝတ်ကုန်သော ကာမဂုဏ်ကို ခံစားကုန်သော လူဥပါသကာတို့သည် မပြည့်စုံစေနိုင်ကုန်ငြားအံ့၊ ထိုအကြောင်းကြောင့် ဤမြတ်သော အကျင့်သည် ဤသို့ ပြည့်စုံခြင်း မဖြစ်ရာ။

အသျှင်ဂေါတမ ဤတရားကို အသျှင်ဂေါတမနှင့် ရဟန်း၊ ရဟန်းမိန်းမ၊ အဝတ်ဖြူကို ဝတ်ကုန်သောမြတ်သောအကျင့်ကို ကျင့်ကုန်သော လူဥပါသကာ၊ အဝတ်ဖြူကို ဝတ်ကုန်သော ကာမဂုဏ်ကို ခံစားကုန်သော လူဥပါသကာတို့လည်း ပြည့်စုံစေနိုင်ကုန်သောကြောင့် ဤမြတ်သော အကျင့်သည် ဤသို့ ပြည့်စုံ၏။

အသျှင်ဂေါတမ ဤတရားကို အကယ်၍ အသျှင်ဂေါတမနှင့် ရဟန်း၊ ရဟန်းမိန်းမ၊ အဝတ်ဖြူကိုဝတ်ကုန်သော မြတ်သောအကျင့်ကို ကျင့်ကုန်သော လူဥပါသကာ၊ အဝတ်ဖြူကို ဝတ်ကုန်သော ကာမဂုဏ်ကို ခံစားကုန်သော လူဥပါသကာတို့သာ ပြည့်စုံစေနိုင်ကုန်၍ အဝတ်ဖြူကို ဝတ်ကုန်သော မြတ်သောအကျင့်ကို ကျင့်ကုန်သော လူဥပါသိကာမတို့သည် မပြည့်စုံစေနိုင်ကုန်ငြားအံ့၊ ထိုအကြောင်းကြောင့် ဤမြတ်သော အကျင့်သည် ဤသို့ ပြည့်စုံခြင်း မဖြစ်ရာ။

အသျှင်ဂေါတမ ဤတရားကို အသျှင်ဂေါတမနှင့် ရဟန်း၊ ရဟန်းမိန်းမ၊ အဝတ်ဖြူကို ဝတ်ကုန်သောမြတ်သောအကျင့်ကို ကျင့်ကုန်သော လူဥပါသကာ၊ အဝတ်ဖြူကို ဝတ်ကုန်သော ကာမဂုဏ်ကို ခံစား့ကုန်သော လူဥပါသကာ၊ အဝတ်ဖြူကို ဝတ်ကုန်သော မြတ်သောအကျင့်ကို ကျင့်ကုန်သော လူဥပါသိကာမတို့လည်း ပြည့်စုံစေနိုင်ကုန်သောကြောင့် ဤမြတ်သော အကျင့်သည် ဤသို့ ပြည့်စုံ၏။

အသျှင်ဂေါတမ ဤတရားကို အကယ်၍ အသျှင်ဂေါတမနှင့် ရဟန်း၊ ရဟန်းမိန်းမ၊ အဝတ်ဖြူကိုဝတ်ကုန်သော မြတ်သောအကျင့်ကို ကျင့်ကုန်သော လူဥပါသကာ၊ အဝတ်ဖြူကို ဝတ်ကုန်သော ကာမဂုဏ်ကို ခံစားကုန်သော လူဥပါသကာ၊ အဝတ်ဖြူကို ဝတ်ကုန်သော မြတ်သောအကျင့်ကို ကျင့်ကုန်သောလူဥပါသိကာမတို့သာ ပြည့်စုံစေနိုင်ကုန်သည်ဖြစ်၍ အဝတ်ဖြူကို ဝတ်ကုန်သော ကာမဂုဏ်ကို ခံစားကုန်သော လူဥပါသိကာမတို့သည် မပြည့်စုံစေနိုင်ကုန်ငြားအံ့၊ ထိုအကြောင်းကြောင့် ဤမြတ်သောအကျင့်သည်ဤသို့ပြည့်စုံခြင်း မဖြစ်ရာ။

အသျှင်ဂေါတမ ဤတရားကို အသျှင်ဂေါတမနှင့် ရဟန်း၊ ရဟန်းမိန်းမ၊ အဝတ်ဖြူကို ဝတ်ကုန်သောမြတ်သောအကျင့်ကို ကျင့်ကုန်သော လူဥပါသကာ၊ အဝတ်ဖြူကို ဝတ်ကုန်သော ကာမဂုဏ်ကို ခံစားကုန်သော လူဥပါသကာ၊ အဝတ်ဖြူကို ဝတ်ကုန်သော မြတ်သောအကျင့်ကို ကျင့်ကုန်သောလူဥပါသိကာမ၊ အဝတ်ဖြူကို ဝတ်ကုန်သော ကာမဂုဏ်ကို ခံစားကုန်သော လူဥပါသိကာမတို့လည်းပြည့်စုံစေနိုင်ကုန်သော ကြောင့် မြတ်သော အကျင့်သည် ဤသို့ ပြည့်စုံ၏။

၁၉၇။ အသျှင်ဂေါတမ ဥပမာသော်ကား ဂင်္ဂါမြစ်သည် သမုဒ္ဒရာသို့ ညွတ်၍ သမုဒ္ဒရာသို့ ကိုင်း၍သမုဒ္ဒရာသို့ ရှိုင်း၍ သမုဒ္ဒရာကို ဦးဆိုက်၍ တည်သကဲ့သို့၊ ဤအတူ အသျှင်ဂေါတမ၏ ရဟန်းရှင်လူနှင့်တကွသော ဤပရိသတ်သည် နိဗ္ဗာန်သို့ ညွတ်၏၊ နိဗ္ဗာန်သို့ ကိုင်း၏၊ နိဗ္ဗာန်သို့ ရှိုင်း၏၊ နိဗ္ဗာန်ကိုဦးဆိုက်၍ တည်၏။

အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏။ပ။ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ရဟန်းအပေါင်းကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အကျွန်ုပ်သည် အသျှင်ဂေါတမ၏ အထံ၌ရှင်အဖြစ်ကို ရလိုပါ၏၊ ပဉ္စင်းအဖြစ်ကို ရလိုပါ၏ဟု (လျှောက်ထား၏)။

ဝစ္ဆ သာသနာတော်မှတစ်ပါး အခြားအယူဝါဒရှိသော တိတ္ထိတို့အထံ၌ ရဟန်းပြုဖူးသော အကြင်သူ သည်ဤသုတ် အဘိဓမ္မာ ဝိနည်းတည်းဟူသော သာသနာတော်၌ ရှင်အဖြစ်ကို အလိုရှိငြားအံ့၊ ပဉ္စင်းအဖြစ် ကိုအလိုရှိငြားအံ့၊ ထိုသူသည် လေးလတို့ပတ်လုံး (အစမ်းကျင့်သုံးမှု) ပရိဝါသ်နေရ၏၊ လေးလလွန်သဖြင့်နှစ်သက်အားရသော စိတ်ရှိကြကုန်သော ရဟန်းတို့သည် ရှင်ပြုကြကုန်လတ္တံ့၊ ရဟန်းဖြစ်ခြင်းငှါ ပဉ္စင်းခံပေးကြကုန်လတ္တံ့၊ သို့ပင်ဖြစ်လင့်ကစား ဤအရာ၌ ငါသည် ပုဂ္ဂိုလ်၏ ထူးခြားသည့် အဖြစ်ကိုသိတော်မူအပ်ပေ၏ဟု (မိန့်တော် မူ၏)။

အသျှင်ဘုရား အကယ်၍ သာသနာတော်မှတစ်ပါး အခြားအယူဝါဒရှိသော တိတ္ထိတို့အထံ၌ ရဟန်းပြုဖူးသောသူသည် ဤသုတ် အဘိဓမ္မာ ဝိနည်းတည်းဟူသော သာသနာတော်၌ ရှင်အဖြစ်ကို အလိုရှိကုန်လတ်သော် ပဉ္စင်းအဖြစ်ကို အလိုရှိကုန်လတ်သော် လေးလတို့ပတ်လုံး ပရိဝါသ်နေကြရကုန်ငြားအံ့၊ လေးလလွန်သဖြင့် နှစ်သက်အားရသော စိတ်ရှိကြကုန်သော ရဟန်းတော်တို့သည် ရှင်ပြု၍ ပေးကုန်ငြားအံ့၊ ရဟန်းဖြစ်ခြင်းငှါ ပဉ္စင်းခံ၍ ပေးကုန်ငြားအံ့။ (သို့ဖြစ်ခဲ့သော်) အကျွန်ုပ်သည် လေးနှစ်တို့ပတ်လုံးပရိဝါသ်နေပါအံ့၊ လေးနှစ်တို့ကို လွန်သဖြင့် နှစ်သက်အားရသော စိတ်ရှိကုန်သော ရဟန်းတို့သည် ရှင်ပြုတော်မူကြပါစေကုန်သတည်း၊ ရဟန်းဖြစ်ခြင်းငှါ ပဉ္စင်းခံ၍ ပေးကြပါစေကုန်သတည်းဟု (လျှောက်၏)။

ဝစ္ဆဂေါတ္တပရိဗိုဇ်သည် မြတ်စွာဘုရား၏ အထံတော်၌ ရှင်အဖြစ်ကို ရပြီ၊ ပဉ္စင်းအဖြစ်ကို ရပြီ။ ရဟန်းပြု၍ မကြာမြင့်သေးသော ပဉ္စင်းဖြစ်၍ လဝက်သာရှိသေးသော အသျှင်ဝစ္ဆဂေါတ္တသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားအား— “အသျှင်ဘုရား ကျင့်ဆဲ’သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဉာဏ်, ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဝိဇ္ဇာဖြင့် ရောက်သင့်ရောက်ထိုက်သော တရားသို့ အကျွန်ုပ် ကပ်ရောက်ပါပြီ၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား ထို့ထက်လွန်မြတ်သော တရားကို ဟောတော်မူပါဦးလော့”ဟု (လျှောက်၏)။

ဝစ္ဆ ထိုသို့ဖြစ်မူ သမထဘာဝနာ, ဝိပဿနာဘာဝနာ ဤနှစ်ပါးသော တရားတို့ကို သင်သည်တစ်ဆင့်တက်၍ ပွါးများလော့၊ ဝစ္ဆ သင်သည် သမထဘာဝနာ, ဝိပဿနာဘာဝနာဟူသော ဤနှစ်ပါးသော တရားတို့ကို တစ်ဆင့်တက်၍ ပွါးများသည်ရှိသော် များစွာသော ဓာတ်တို့ကို ထိုးထွင်း၍ သိခြင်းငှါဖြစ်လတ္တံ့။

၁၉၈။ ဝစ္ဆ “များသော အစီအရင်ရှိသော တန်ခိုးဖန်ဆင်းခြင်းကို အဖန်ဖန် အစဉ်ခံစားနိုင် (ပြီးစေနိုင်) ရာ၏၊ တစ်ယောက်တည်းဖြစ်လျက်လည်း အများဖြစ်နိုင်ရာ၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်နိုင်ရာ၏၊ ကိုယ်ထင်ရှားဖြစ်စေနိုင်ရာ၏၊ ကိုယ်ကို ပျောက်ကွယ်စေနိုင်ရာ၏၊ နံရံတစ်ဖက်သို့လည်းကောင်း၊ တံတိုင်းတစ်ဖက်သို့လည်းကောင်း၊ တောင်တစ်ဖက်သို့လည်းကောင်း မထိပါးဘဲ ကောင်းကင်၌ကဲ့သို့ သွားလာနိုင်ရာ၏၊ မြေ၌လည်း ငုတ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြုနိုင်ရာ၏၊ ရေ၌လည်းမနစ်မြုပ်ဘဲ မြေအပြင်၌ကဲ့သို့ သွားလာနိုင်ရာ၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေသဖြင့် အတောင်ရှိသော ငှက်ကဲ့သို့ သွားနိုင်ရာ၏၊ ဤသို့ ကြီးသော တန်ခိုးကြီးသော အာနုဘော်ရှိကုန်သော ဤလနေတို့ကိုသော်လည်း လက်ဖြင့် သုံးသပ်နိုင်ရာ၏၊ ဆုပ်ကိုင်နိုင်ရာ၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ဖြင့် မိမိအလိုအတိုင်း ဖြစ်စေနိုင်ရာ၏ဟု သင်အလိုရှိသမျှသော ထိုထို (တန်ခိုး အမျိုးမျိုးဖန်ဆင်းခြင်း) ရာတို့၌ပင်သတိတည်းဟူသော အကြောင်းရှိလတ်သော် သက်သေခံထိုက်သည့်အဖြစ်သို့ ရောက်လတ္တံ့။ (၁)

ဝစ္ဆ “လူတို့၏ နားထက် သာလွန်သော အထူးသဖြင့် စင်ကြယ်သော နတ်တို့၏ နားနှင့် တူသောသောတဓာတ်ဖြင့် လူ၌ဖြစ်သောအသံ နတ်၌ဖြစ်သောအသံ အဝေး၌ဖြစ်သောအသံ အနီး၌ဖြစ်သောအသံဟုဆိုအပ်ကုန်သော အကြင်နှစ်ပါးသော အသံတို့ကို ကြားနိုင်ရာ၏”ဟု သင်အလိုရှိသမျှသော ထိုထိုအရာတို့၌ပင် သတိတည်းဟူသော အကြောင်းရှိလတ်သော် သက်သေခံထိုက်သည့်အဖြစ်သို့ ရောက်လတ္တံ့။ (၂)

ဝစ္ဆ “မိမိ၏ စိတ်ဖြင့် တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို ပိုင်းခြား၍ သိနိုင်ရာ၏၊ ရာဂနှင့် တကွဖြစ်သော စိတ်ကိုလည်း ‘ရာဂနှင့် တကွဖြစ်သော စိတ်’ဟု ပိုင်းခြား၍ သိနိုင်ရာ၏၊ ရာဂကင်းသော စိတ်ကိုလည်း ‘ရာဂကင်းသော စိတ်’ဟု ပိုင်းခြား၍ သိနိုင်ရာ၏၊ ဒေါသနှင့် တကွဖြစ်သော စိတ်ကိုလည်း ‘ဒေါသနှင့် တကွဖြစ်သော စိတ်’ဟု ပိုင်းခြား၍ သိနိုင်ရာ၏၊ ဒေါသကင်းသော စိတ်ကိုလည်း ‘ဒေါသကင်းသော စိတ်’ဟု ပိုင်းခြား၍ သိနိုင်ရာ၏၊ မောဟနှင့် တကွဖြစ်သော စိတ်ကိုလည်း’မောဟနှင့် တကွဖြစ်သော စိတ်’ဟု ပိုင်းခြား၍ သိနိုင်ရာ၏၊ မောဟကင်းသော စိတ်ကိုလည်း ‘မောဟကင်းသော စိတ်’ဟု ပိုင်းခြား၍ သိနိုင်ရာ၏၊ တွန့်သော စိတ်ကိုလည်း ‘တွန့်သော စိတ်’ဟု ပိုင်းခြား၍သိနိုင်ရာ၏၊ ပျံ့လွင့်သော စိတ်ကိုလည်း ‘ပျံ့လွင့်သော စိတ်’ဟု ပိုင်းခြား၍ သိနိုင်ရာ၏၊ မြတ်သောစိတ်ကိုလည်း ‘မြတ်သောစိတ်’ဟု ပိုင်းခြား၍ သိနိုင်ရာ၏၊ အမြတ်မဟုတ်သော စိတ်ကိုလည်း ‘အမြတ်မဟုတ်သော စိတ်’ဟု ပိုင်းခြား၍ သိနိုင်ရာ၏၊ မိမိထက် လွန်မြတ်သော စိတ်ရှိသော (လောကီ) စိတ်ကိုလည်း ‘မိမိထက် လွန်မြတ်သော စိတ်ရှိသော (လောကီ) စိတ်’ဟု ပိုင်းခြား၍ သိနိုင်ရာ၏၊ မိမိထက် လွန်မြတ်သော စိတ်မရှိသော လောကုတ္တရာစိတ်ကိုလည်း ‘မိမိထက် လွန်မြတ်သော စိတ်မရှိသော လောကုတ္တရာစိတ်’ဟု ပိုင်းခြား၍ သိနိုင်ရာ၏။ တည်ကြည်သော စိတ်ကိုလည်း ‘တည်ကြည်သော စိတ်’ဟုပိုင်းခြား၍ သိနိုင်ရာ၏၊ မတည်ကြည်သော စိတ်ကိုလည်း ‘မတည်ကြည်သော စိတ်’ဟု ပိုင်းခြား၍သိနိုင်ရာ၏။ ကိလေသာမှ လွတ်သော စိတ်ကိုလည်း ‘ကိလေသာမှ လွတ်သော စိတ်’ဟု ပိုင်းခြား၍သိနိုင်ရာ၏၊ ကိလေသာမှ မလွတ်သော စိတ်ကိုလည်း ‘ကိလေသာမှ မလွတ်သော စိတ်’ဟု ပိုင်းခြား၍သိနိုင်ရာ၏”ဟု သင်အလိုရှိသမျှသော ထိုထိုအရာတို့၌ပင် သတိတည်းဟူသော အကြောင်းရှိလတ်သော်သက်သေခံထိုက်သည့်အဖြစ်သို့ ရောက်လတ္တံ့။ (၃)

ဝစ္ဆ “များသော အစီအရင်ရှိသော ရှေးကနေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ရာ၏၊ ဤ ရှေးကနေခဲ့ဖူးသော ခန္ဓာအစဉ်ဟူသည် အဘယ်နည်း— တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ နှစ်ဆယ်သော ဘဝတို့ကိုလည်းကောင်း၊ သုံးဆယ်သော ဘဝတို့ကိုလည်းကောင်း၊ လေးဆယ်သော ဘဝတို့ကိုလည်းကောင်း၊ ငါးဆယ်သောဘဝတို့ကိုလည်းကောင်း၊ တစ်ရာသောဘဝကိုလည်းကောင်း၊ တစ်ထောင်သောဘဝကိုလည်းကောင်း၊ တစ်သိန်းသောဘဝကိုလည်းကောင်း၊ များစွာသောပျက်ဆဲ ‘သံဝဋ္ဋ’ကပ်တို့ကိုလည်းကောင်း၊ များစွာသော ဖြစ်ဆဲ ‘ဝိဝဋ္ဋ’ကပ်တို့ကိုလည်းကောင်း၊ များစွာသောပျက်ဆဲ ဖြစ်ဆဲ ‘သံဝဋ္ဋဝိဝဋ္ဋ’ကပ်တို့ကိုလည်းကောင်း အောက်မေ့နိုင်၏၊ ‘ဤမည်သော ဘဝ၌ ဤသို့သောအမည် ဤသို့သောအနွယ် ဤသို့သောအဆင်း ဤသို့သောအစာ အာဟာရရှိသည် ဤသို့သောချမ်းသာဆင်းရဲကို ခံစားရသည် ဤသို့သော အသက်အပိုင်းအခြားရှိသည် ဖြစ်ဖူးပြီ၊ ထိုငါသည် ထိုဘဝမှစုတေခဲ့၍ ဤဘဝ၌ ကပ်ရောက်ခဲ့၏’ဟူ၍ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များစွာသော အစီအရင်ရှိသော ရှေးကနေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ရာ ၏“ဟုသင်အလိုရှိသမျှသော ထိုထိုအရာတို့၌ပင် သတိတည်းဟူသော အကြောင်းရှိလတ်သော် သက်သေခံထိုက်သည့် အဖြစ်သို့ ရောက်လတ္တံ့။ (၄)

ဝစ္ဆ “လူတို့၏ မျက်စိအမြင်ထက် သာလွန်သော အထူးသဖြင့် စင်ကြယ်သော နတ်မျက်စိနှင့် တူသောဉာဏ်မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် စုတေဆဲသတ္တဝါ ပဋိသန္ဓေနေဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သော သတ္တဝါအဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသောသတ္တဝါ မကောင်းသောလာရားရှိသော သတ္တဝါတို့ကို မြင်ရာ၏၊ ကံအားလျော်စွာ ကပ်ရောက်ကြရကုန်သော သတ္တဝါတို့ကိုအပြားအားဖြင့် သိနိုင်ရာ၏။

‘အချင်းတို့ ဤသတ္တဝါတို့သည် ကာယဒုစရိုက်နှင့်လည်း ပြည့်စုံကုန်၏၊ ဝစီဒုစရိုက်နှင့်လည်း ပြည့်စုံကုန်၏၊ မနောဒုစရိုက်နှင့်လည်း ပြည့်စုံကုန်၏၊ အရိယာသူတော်သူမြတ်တို့ကို စွပ်စွဲ ကဲ့ရဲ့တတ်ကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသောအယူ၏ အစွမ်းဖြင့်ပြုအပ်သော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းမှု ပြုသူတို့ လားရာဖြစ်သော ဖရိုဖရဲကျရာဖြစ်သော ငရဲသို့ ကပ်ရောက်ကြရကုန်၏။

အချင်းတို့ ဤသတ္တဝါတို့သည်ကား ကာယသုစရိုက်နှင့်လည်း ပြည့်စုံကုန်၏၊ ဝစီသုစရိုက်နှင့်လည်းပြည့်စုံကုန်၏၊ မနောသုစရိုက်နှင့်လည်း ပြည့်စုံကုန်၏၊ အရိယာသူတော်သူမြတ်တို့ကို မစွပ်စွဲတတ် မကဲ့ရဲ့တတ်ကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူ၏ အစွမ်းဖြင့် ပြုအပ်သောကံကို ရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းမှုကို ပြုသောသူတို့၏ သွားရောက်ရာကောင်းမြတ်သော ရူပါရုံ စသည်တို့၏ တည်ရာဖြစ်သော နတ်ပြည်သို့ ကပ်ရောက်ကြရကုန်၏’ ဟူ၍ ဤသို့ လူတို့၏မျက်စိထက် သာလွန်သော အထူးသဖြင့် စင်ကြယ်သော နတ်မျက်စိနှင့်တူသော အဘိညာဉ်မျက်စိဖြင့် စုတေဆဲသတ္တဝါ ပဋိသန္ဓေနေဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသောလာရားရှိသောသတ္တဝါတို့ကို မြင်ရာ၏၊ ကံအားလျော်စွာ ကပ်ရောက်ကြရကုန်သော သတ္တဝါတို့ကို အပြားအားဖြင့်သိနိုင် ရာ၏”ဟု သင် အလိုရှိသမျှသော ထိုထိုအရာတို့၌ပင် သတိဟူသော အကြောင်းရှိလတ်သော်သက်သေခံ ထိုက်သည့် အဖြစ်သို့ ရောက်လတ္တံ့။ (၅)

ဝစ္ဆ “အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုကာ နေနိုင်ရာ၏”ဟု သင် အလိုရှိသမျှသော ထိုထိုအရာတို့၌ပင် သတိဟူသော အကြောင်းရှိလတ်သော် သက်သေခံထိုက်သည့်အဖြစ်သို့ ရောက်လတ္တံ့ဟု (မိန့်တော်မူ၏)။ (၆)

၁၉၉။ ထိုအခါ အသျှင်ဝစ္ဆဂေါတ္တသည် ဘုရားသျှင်ဟောကြားသည်တရားကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက် အရိုအသေ ပြု၍ ဖဲသွားလေ၏။ ထို့နောက် အသျှင်ဝစ္ဆဂေါတ္တသည် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့လုံ့လရှိသည်ဖြစ်၍ (နိဗ္ဗာန်) သို့ စေလွှတ်အပ်သော စိတ်ရှိလျက် နေသည်ရှိသော် မကြာမြင့်မီပင်လျှင် လူ့ဘောင်မှရဟန်းဘောင်၌ ရဟန်းပြုကုန်သော အမျိုးကောင်းသားများ မျှော်လင့်ထားကြသည့် အတုမဲ့သောမြတ်သောအကျင့်၏ ဆုံးခန်းတိုင်ရောက်မှုကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာပြည့်စုံစေ၍ နေ၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤအရဟတ္တဖိုလ်ဟူသော အကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိပြီ”ဟု သိရှိပြီ။ အသျှင်ဝစ္ဆဂေါတ္တသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

၂ဝဝ။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြင်ရန်အလို့ငှါ ကြွသွား ကုန်၏၊ အသျှင်ဝစ္ဆဂေါတ္တသည် အဝေးကသာလျှင် ကြွလာကုန်သော ထိုရဟန်းတို့ကို မြင်လေ၏၊ မြင်သောကြောင့် ထိုရဟန်းတို့ရှိရာ အရပ်သို့ ချဉ်းကပ်ပြီးလျှင် ထိုရဟန်းတို့ကို “အသျှင်တို့ သင်တို့သည်အဘယ်အရပ်သို့ ကြွကုန်အံ့နည်း”ဟု ဤစကားကို လျှောက်၏။ ငါ့သျှင် ငါတို့သည် မြတ်စွာဘုရားကိုဖူးမြင်ရန်အလို့ငှါ သွားကုန်အံ့ဟု (ဆိုကုန်၏)။ ထိုသို့ဖြစ်ပါမူ အသျှင်တို့သည် အကျွန်ုပ်၏ စကားဖြင့်မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးပါကုန်လော့၊ “အသျှင်ဘုရား ဝစ္ဆဂေါတ္တရဟန်းသည်မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏၊ ‘အကျွန်ုပ်သည် မြတ်စွာဘုရားကို လုပ်ကျွေးပြီးပါပြီ၊ အကျွန်ုပ်သည် စကား ကောင်းကိုသာ ဆိုတော်မူတတ်သော မြတ်စွာဘုရားကို လုပ်ကျွေးပြီးပါပြီ’ဟုဤသို့လည်း လျှောက် ထားကြပါကုန်လော့”ဟု (လျှောက်၏)။ “ငါ့သျှင် ကောင်းပါပြီ”ဟုတိုရဟန်းတို့သည် အသျှင်ဝစ္ဆဂေါတ္တ အား ပြန်ကြားကြကုန်ပြီ။

ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရား ရှိတော်မူရာအရပ်သို့ ချဉ်းကပ်ကြကုန်၍ မြတ်စွာဘုရားကိုအလွန်ရိုသေစွာ ရှိခိုး၍ သင့်တင့်လျောက်ပတ်သော အရပ်၌ နေပြီးသော ထိုရဟန်းတို့သည် မြတ်စွာဘုရားကို “အသျှင်ဘုရား ဝစ္ဆဂေါတ္တသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏၊ ‘အကျွန်ုပ်သည်မြတ်စွာဘုရားကို လုပ်ကျွေးပြီးပါပြီ၊ အကျွန်ုပ်သည် စကားကောင်းကိုသာ ဆိုတော်မူတတ်သောမြတ်စွာဘုရားကို လုပ်ကျွေးပြီးပါပြီ’ဟု ဤသို့လည်း လျှောက်ထားပါဦး”ဟု မှာဆိုလိုက်ပါ၏ဟု မြတ်စွာဘုရားအား ဤစကားကို လျှောက်ထားကုန်ပြီ။ ငါသည် ရှေးဦးမဆွကပင် ဝစ္ဆဂေါတ္တရဟန်း၏ စိတ်ကိုငါ၏ စိတ်ဖြင့် “ဝစ္ဆဂေါတ္တရဟန်းသည် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံ၏၊ ကြီးသောတန်ခိုး ကြီးသောအာနုဘော်ရှိ၏”ဟု ပိုင်းခြား၍ သိအပ်ပြီ။ နတ်တို့သည်လည်း ငါ့အား “အသျှင်ဘုရား ဝစ္ဆဂေါတ္တရဟန်းသည် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံ၏၊ ကြီးသောတန်ခိုး ကြီးသောအာနုဘော် ရှိ၏”ဟု ဤအကြောင်းကို လျှောက်ထားကြကုန်ပြီဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူပြီ။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏စကားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကြကုန်ပြီ။

သုံးခုမြောက် မဟာဝစ္ဆသုတ် ပြီး၏။