မဇ္ဈိမနိကာယ်

၅—မာဂဏ္ဍိယသုတ်

၂ဝ၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မာသဓမ္မအမည်ရှိသော နိဂုံးတွင် ဘာရဒွါဇဂေါတ္တပုဏ္ဏား၏ မီးတင်းကုပ်အတွင်း မြက်အခင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည်နံနက် အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ကမ္မာသဓမ္မနိဂုံးသို့ ဆွမ်းအလို့ငှါဝင်တော် မူ၏၊ ကမ္မာသဓမ္မနိဂုံးသို့ ဆွမ်းအလို့ငှါ လှည့်လည်တော်မူ၍ ဆွမ်းခံရာမှ ဖဲခဲ့ကာဆွမ်းစားပြီးနောက် တစ်ခုသော တောအုပ်ဆီသို့ နေ့သန့်စင်ခြင်းငှါ ချဉ်းကပ်လေ၏၊ ထိုတောအုပ်သို့သက်ဝင်၍ တစ်ခုသော သစ်ပင်ရင်း၌ နေ့သန့်စင်တော်မူ၏။ ထိုအခါ မာဂဏ္ဍိယပရိဗိုဇ်သည်အညောင်းပြေ လမ်းလျှောက်လှည့် လည်သော် ဘာရဒွါဇဂေါတ္တပုဏ္ဏား၏ မီးတင်းကုပ်ဆီသို့ချဉ်းကပ်မိလေ၏၊ မာဂဏ္ဍိယပရိဗိုဇ်သည် ဘာရဒွါဇဂေါတ္တပုဏ္ဏား၏ မီးတင်းကုပ်အတွင်း၌ ခင်းထားသောမြက်အခင်းကို မြင်၍ “အဆွေဘာရဒွါဇ၏ မီးတင်းကုပ်အတွင်း၌ အဘယ်သူအတွက် ဤမြက်အခင်းကိုခင်းထားပါသနည်း၊ ရဟန်း၏ အိပ်ရာနေရာနှင့် တူယောင်တကား”ဟု ဘာရဒွါဇဂေါတ္တပုဏ္ဏားကိုပြောဆိုလေ၏။

မာဂဏ္ဍိယ သာကီဝင်မင်းသားဖြစ်သော သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ရဟန်းဂေါတမသည် ရှိ၏၊ “ထိုမြတ်စွာဘုရားသည် ဤအကြောင်းကြောင့်လည်း ပူဇော်အထူးကို ခံတော်မူထိုက်၏၊ အလုံးစုံသောတရားတို့ကို ကိုယ်တိုင် မှန်စွာ သိတော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူ၏၊ ့ကောင်းသော စကားကို ဆိုတော်မူတတ်၏၊ လောကကို သိတော်မူ၏၊ ဆုံးမထိုက်သူကို အတုမရှိ ဆုံးမတော်မူတတ်၏၊ နတ်လူတို့၏ဆရာ ဖြစ်တော်မူ၏။ သစ္စာလေးပါးတရားတို့ကို သိစေတော်မူတတ်၏၊ ဘုန်းတန်ခိုးကြီးတော်မူ၏”ဟု ဤသို့လျှင် ထိုရဟန်းဂေါတမ၏ ကျော်စောသံသည် ပျံ့နှံ့ ၍ တက်၏၊ ထိုအသျှင်ဂေါတမအတွက် ဤနေရာကို ခင်းထားပါ၏ဟု (ဆို၏)။ အချင်းဘာရဒွါဇ ဆိုးဝါးစွာ မြင်အပ်သော အရာကို မြင်ကြရကုန်၏၊ အချင်းဘာရဒွါဇ ဆိုးဝါးစွာမြင်အပ်သော အရာကို မြင်ကြရကုန်၏၊ ငါတို့သည် အညွန့်တုံးဖြစ်သော ထိုအသျှင်ဂေါတမ၏ အိပ်ရာကို မြင်ကြရကုန်ဘိ၏ဟု (ဆို၏)။

“မာဂဏ္ဍိယ ဤစကားကို ဆိုင်းငံ့ဦးလော့၊ မာဂဏ္ဍိယ ဤစကားကို ဆိုင်းငံ့ဦးလော့၊ များစွာသော မင်းပညာရှိတို့သည်လည်းကောင်း၊ ပုဏ္ဏားပညာရှိတို့သည်လည်းကောင်း၊ သူကြွယ်ပညာရှိတို့သည်လည်းကောင်း၊ ရဟန်း ပညာရှိတို့သည်လည်းကောင်း ထိုအသျှင်ဂေါတမ၏ စင်ကြယ်သော လမ်းမှန်ဖြစ်သောကုသိုလ်တရား၌ အလွန် ကြည်ညိုကြကုန်၏၊ ဆုံးမထားပြီးဖြစ်ကုန်၏”ဟု (တားမြစ်၏)။ အချင်းဘာရဒွါဇငါတို့သည် ထိုအသျှင်ဂေါတမကို မျက်မှောက်ထင်ထင် အကယ်၍လည်း တွေ့မြင်ကုန်ခဲ့ပါလျှင်မျက်မှောက်၌ လည်း “ရဟန်းဂေါတမသည် အညွန့်တုံးသူတည်း”ဟု ထိုအသျှင်ဂေါတမကို ဆိုဝံ့ပါကုန်၏။ အဘယ် ကြောင့်နည်းဟူမူ— ဤသို့လျှင် ငါတို့၏ ကျမ်းဂန်၌ လာသောကြောင့်တည်းဟု (ဆို၏)။ အကယ်၍ အသျှင် မာဂဏ္ဍိယအား ဝန်မလေးပါမူ ထိုအကြောင်းကို ရဟန်းဂေါတမအား ပြောကြားပါအံ့ဟု (ဆို၏)။ အသျှင် ဘာရဒွါဇသည် ကြောင့်ကြမှုမရှိဘဲ (ငါ) ပြောဆိုအပ်သည့်အတိုင်းသာလျှင် ထိုစကားကိုပြောဆိုပါလော့ဟု (ဆို၏)။

၂ဝ၈။ မြတ်စွာဘုရားသည် လူတို့၏ နားထက် သာလွန်သော အထူးသဖြင့် စင်ကြယ်သော နတ် တို့၏နားနှင့်တူသောနားဖြင့် ဘာရဒွါဇဂေါတ္တပုဏ္ဏား၏ မာဂဏ္ဍိယပရိဗိုဇ်နှင့်အတူ ဤစကားပြောဆိုခြင်းကိုကြားတော်မူသည်သာတည်း။ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ ကိန်းအောင်းရာမှ ထတော်မူလျက် ဘာရဒွါဇဂေါတ္တ ပုဏ္ဏား၏ မီးတင်းကုပ်ရှိရာသို့ ချဉ်းကပ်တော်မူ၍ ခင်းထားသော မြက်အခင်း၌ထိုင်နေတော်မူ၏။ ထိုအခါ ဘာရဒွါဇဂေါတ္တပုဏ္ဏားသည် မြတ်စွာဘုရားရှိတော်မူရာ အရပ်သို့ ချဉ်းကပ်၍မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ စကားပြောဆို၏၊ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ် စကားကိုပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေသော ဘာရဒွါဇဂေါတ္တပုဏ္ဏားကို မြတ်စွာဘုရားက “ဘာရဒွါဇ သင့်အား မာဂဏ္ဍိယပရိဗိုဇ်နှင့်အတူ ဤမြက်အခင်းကိုသာလျှင်အကြောင်းပြု၍ တစ်စုံတစ်ခုသော စကားပြောဆိုမှု ဖြစ်ပါသလော”ဟု မေးတော်မူ၏။

ဤသို့မေးတော်မူသော် ဘာရဒွါဇဂေါတ္တပုဏ္ဏားသည် ထိတ်လန့်ခြင်း ကြက်သီးမွေးညင်းထခြင်းရှိသည်ဖြစ်၍ “အကျွန်ုပ်တို့သည် ထိုအကြောင်းကိုသာလျှင် အသျှင်ဂေါတမအား ပြောကြားလိုကြပါကုန်၏၊ သို့ရာတွင် အသျှင်ဂေါတမသည် မပြောကြားမီသာလျှင် (ထိုအကြောင်းကို) ပြောကြားဘိ၏တကား”ဟုမြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏။

မြတ်စွာဘုရားအား ဘာရဒွါဇဂေါတ္တပုဏ္ဏားနှင့်အတူ ပြောဆိုသော ဤစကားသည် မပြီးပြတ်သေးချေ၊ ထိုအခါ မာဂဏ္ဍိယပရိဗိုဇ်သည် အညောင်းပြေ လမ်းလျှောက် လှည့်လည်၍ ဘာရဒွါဇဂေါတ္တပုဏ္ဏား၏မီးတင်းကုပ်အတွင်း မြတ်စွာဘုရားရှိတော်မူရာသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာပြောဆို၏၊ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေသော မာဂဏ္ဍိယပရိဗိုဇ်ကို မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏—

၂ဝ၉။ “မာဂဏ္ဍိယ မျက်စိသည် ရူပါရုံ၌ မွေ့လျော်၏၊ ရူပါရုံ၌ ပျော်ပိုက်၏၊ ရူပါရုံ၌ နှစ်ခြိုက်၏၊ ထိုမျက်စိကို မြတ်စွာဘုရားသည် ဆုံးမထားပြီ၊ လုံအောင်ပြုထားပြီ၊ စောင့်ရှောက်ထားပြီ ပိတ်ဆို့ထားပြီ၊ ထိုမျက်စိကို ပိတ်ဆို့ခြင်းငှါလည်း တရားဟော၏၊ မာဂဏ္ဍိယ သင်သည် ဤအကြောင်းကို ရည်ရွယ်၍ရဟန်းဂေါတမသည် အညွန့်တုံးသူတည်းဟု ဆိုသလော”ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အကျွန်ုပ့်သည် ဤအကြောင်းကိုသာ ရည်ရွယ်၍ ရဟန်းဂေါတမသည် အညွန့်တုံးသူတည်းဟု ဆိုပါ၏။ အဘယ့်ကြောင့်နည်းဟူမူ— ဤသို့လျှင် အကျွန်ုပ်တို့၏ ကျမ်းဂန်၌လာသောကြောင့်တည်းဟု (လျှောက်၏)။

မာဂဏ္ဍိယ နားသည် သဒ္ဒါရုံ၌ မွေ့လျော်၏။ပ။ မာဂဏ္ဍိယ နှာခေါင်းသည် ဂန္ဓာရုံ၌ မွေ့လျော်၏။ မာဂဏ္ဍိယ လျှာသည် ရသာရုံ၌ မွေ့လျော်၏၊ ရသာရုံ၌ ပျော်ပိုက်၏၊ ရသာရုံ၌ နှစ်ခြိုက်၏၊ ထိုလျှာကိုမြတ်စွာ ဘုရားသည် ဆုံးမထားပြီ၊ လုံအောင်ပြုထားပြီ၊ စောင့်ရှောက်ထားပြီ၊ ပိတ်ဆို့ထားပြီ၊ ထိုလျှာကိုပိတ်ဆို့ခြင်းငှါလည်း တရားဟော၏၊ မာဂဏ္ဍိယ ဤအကြောင်းကို ရည်ရွယ်၍ ရဟန်းဂေါတမသည်အညွန့်တုံးသူတည်းဟု ဆိုပါသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ အကျွန်ုပ်သည်ဤအကြောင်းကို သာလျှင် ရည်ရွယ်၍ ရဟန်းဂေါတမသည် အညွန့်တုံးသူတည်းဟု ဆိုပါ၏၊ အဘယ်ကြောင့်နည်းဟူမူ— ဤသို့လျှင် အကျွန်ုပ်တို့၏ ကျမ်းဂန်၌ လာသောကြောင့်တည်းဟု (လျှောက်၏)။

မာဂဏ္ဍိယ ကိုယ်သည် ဖောဋ္ဌဗ္ဗာရုံ၌ မွေ့လျော်၏၊ ဖောဋ္ဌဗ္ဗာရုံ၌ ပျော်ပိုက်၏။ပ။ မာဂဏ္ဍိယ စိတ်သည်ဓမ္မာရုံ၌ မွေ့လျော်၏၊ ဓမ္မာရုံ၌ ပျော်ပိုက်၏၊ ဓမ္မာရုံ၌ နှစ်ခြိုက်၏၊ ထိုစိတ်ကို မြတ်စွာဘုရားသည်ဆုံးမထားပြီ၊ လုံအောင်ပြုထားပြီ၊ စောင့်ရှောက်ထားပြီ၊ ပိတ်ဆို့ထားပြီ၊ ထိုစိတ်ကို ပိတ်ဆို့ ခြင်းငှါလည်းတရားဟော၏။ မာဂဏ္ဍိယ သင်သည် ဤအကြောင်းကို ရည်ရွယ်၍ ရဟန်းဂေါတမသည် အညွန့်တုံးသူတည်းဟု ဆိုပါသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ အကျွန်ုပ်သည် ဤအကြောင်းကိုသာရည်ရွယ်၍ ရဟန်းဂေါတမသည် အညွန့်တုံးသူတည်းဟု ဆိုပါ၏၊ အဘယ်ကြောင့်နည်း ဟူမူ— ဤသို့လျှင်အကျွန်ုပ်တို့၏ ကျမ်းဂန်၌ လာသောကြောင့်တည်းဟု (လျှောက်၏)။

၂၁ဝ။ မာဂဏ္ဍိယ ထိုငါဆိုမည့် စကားကို အဘယ်သို့ အောက်မေ့သနည်း— ဤလောက၌ အချို့သောသူသည် စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော အလိုရှိအပ်ကုန်သော နှစ်သက်အပ်ကုန်သော နှလုံးကိုပွါးစေတတ်ကုန်သော ချစ်အပ်သောသဘောရှိကုန်သော ကာမနှင့်စပ်ယှဉ်ကုန်သော တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော ရူပါရုံတို့ဖြင့် မွေ့လျော်ပျော်ပါးဖူး၏။ ထိုသူသည် နောက်အခါ၌ ရူပါရုံတို့၏ ဖြစ်ခြင်း၊ ချုပ်ခြင်း၊ သာယာဖွယ်သဘော၊ အပြစ်၊ ထွက်မြောက်ရာတို့ကိုဟုတ်တိုင်းမှန်စွာ သိ၍၊ ရူပါရုံ၌ တပ်နှစ်သက်ခြင်းတဏှာကို စွန့်၍၊ ရူပါရုံကြောင့်ဖြစ်သော ပူလောင်ခြင်းကို ပယ်ဖျောက်၍၊ ဆာလောင်မွတ်သိပ်ခြင်းကင်းသည်ဖြစ်၍၊ အဇ္ဈတ္တသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍ နေရာ၏။ မာဂဏ္ဍိယ သင်သည် ဤသူ့ကို အဘယ်သို့ ဆိုမည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဘာမျှ ဆိုဖွယ်မရှိပါ (ဟု လျှောက်၏)။

မာဂဏ္ဍိယ ထိုငါဆိုမည့် စကားကို အဘယ်သို့အောက်မေ့သနည်း— ဤလောက၌ အချို့သော သူသည်သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့ဖြင့်။ပ။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သောဂန္ဓာရုံတို့ဖြင့်။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့ဖြင့်။ ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သောအလိုရှိအပ် ကုန်သော နှစ်သက်အပ်ကုန်သော နှလုံးကို ပွါးစေတတ်ကုန်သောချစ်အပ်သောသဘောရှိကုန်သော ကာမနှင့်စပ်ယှဉ်ကုန်သော တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သောဖောဋ္ဌဗ္ဗာရုံတို့ဖြင့် မွေ့လျော်ပျော်ပါဖူး၏။ ထိုသူသည် နောက်အခါ၌ ဖောဋ္ဌဗ္ဗာရုံတို့၏ ဖြစ်ခြင်း၊ ချုပ်ခြင်း၊ သာယာဖွယ်သဘော၊ အပြစ်၊ ထွက်မြောက် ရာတို့ကိုဟုတ်တိုင်းမှန်စွာသိ၍၊ ဖောဋ္ဌဗ္ဗာရုံ၌တပ်နှစ်သက်ခြင်းတဏှာကို ပယ်စွန့်၍၊ ဖောဋ္ဌဗ္ဗာရုံကြောင့် ဖြစ်သော ပူလောင်ခြင်းကို ပယ်ဖျောက်၍၊ ဆာလောင်မွတ်သိပ်ခြင်းကင်းသည်ဖြစ်၍၊ အဇ္ဈတ္တသန္တာန်၌ ငြိမ်း အေးသော စိတ်ရှိသည်ဖြစ်၍ နေရာ၏။ မာဂဏ္ဍိယ သင်သည် ဤသူ့ကို အဘယ်သို့ ဆိုမည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမဘာမျှဆိုဖွယ်မရှိပါ (ဟု လျှောက်၏)။

၂၁၁။ မာဂဏ္ဍိယ ငါသည် ရှေးလူဖြစ်စဉ်အခါက စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော အလိုရှိအပ်ကုန်သော နှစ်သက်အပ်ကုန်သော နှလုံးကိုပွါးစေတတ်ကုန်သော ချစ်အပ်သောသဘောရှိကုန်သော ကာမနှင့်စပ်ယှဉ်ကုန်သော တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော ရူပါရုံတို့ ဖြင့်လည်းကောင်း။ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့ဖြင့်လည်းကောင်း။ပ။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့ဖြင့်လည်းကောင်း။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့ဖြင့်လည်းကောင်း။ ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော အလိုရှိအပ်ကုန်သော နှစ်သက်အပ်ကုန်သော နှလုံးကို ပွါးစေတတ်ကုန်သော ချစ်အပ်သောသဘောရှိကုန်သော ကာမနှင့်စပ်ယှဉ်ကုန်သော တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့ဖြင့်လည်းကောင်းဤသို့ ငါးပါးသော ကာမဂုဏ်တို့ဖြင့် ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် မွေ့လျော်ပျော်ပါးဖူး၏။

မာဂဏ္ဍိယ ထိုငါ့အား မိုးဥတုအခါ စံနေရာဖြစ်သော ပြာသာဒ်တစ်ဆောင်၊ ဆောင်းဥတုအခါ စံနေရာဖြစ်သော ပြာသာဒ်တစ်ဆောင်၊ နွေဥတုအခါ စံနေရာဖြစ်သော ပြာသာဒ်တစ်ဆောင်၊ ဤသို့သုံးဆောင် ကုန်သော ပြာသာဒ်တို့သည် ဖြစ်ခဲ့ကုန်၏။ မာဂဏ္ဍိယ ထိုငါသည် မိုးဥတုအခါစံနေရာဖြစ်သော ပြာသာဒ်၌ မိုးလေလတို့ပတ်လုံး ယောကျာ်း (တီးမှုတ်သူ) ကင်းကုန်သောတူရိယာမျိုးတို့ဖြင့် မွေ့လျော်ပျော်ပါးလျက် ပြာသာဒ်အောက်သို့ မသက်ဆင်းပေ၊ ထိုငါသည် နောက်အခါ၌ကာမဂုဏ်တို့၏ ဖြစ်ခြင်း၊ ချုပ်ခြင်း၊ သာယာဖွယ်သဘော၊ အပြစ်၊ ထွက်မြောက်ရာတို့ကိုဟုတ်မှန်သောအတိုင်း သိ၍၊ ကာမဂုဏ်တို့၌ တပ်မက်မောသော တဏှာကို ပယ်စွန့်၍၊ ကာမဂုဏ်ကြောင့်ဖြစ်သော ပူလောင်ခြင်းကို ပယ်ဖျောက်၍၊ ဆာ လောင်မွတ်သိပ်ခြင်းကင်းသည်ဖြစ်၍၊ အတွင်းအဇ္ဈတ္တသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍ နေ၏။ ထိုငါသည် ကာမဂုဏ်တို့၌မကင်းသော တပ်မက်မှုရှိကုန်သော၊ ကာမတဏှာတို့သည် ခဲစားအပ်ကုန်သော၊ ကာမဂုဏ်ကြောင့်ဖြစ်သောပူလောင်ခြင်းဖြင့် ထက်ဝန်းကျင်ပူလောင်ကြကုန်သော၊ ကာမဂုဏ်တို့ကို မှီဝဲကြ ကုန်သောတစ်ပါးသောသတ္တဝါတို့ကို မြင်၏။ ထိုငါသည် ထိုကာမဂုဏ်တို့ကို မတောင့်တ၊ ထိုကာမဂုဏ် တို့၌မမွေ့လျော်ပေ။ အဘယ့်ကြောင့်နည်း ဟူမူ— မာဂဏ္ဍိယ ကာမဂုဏ်တို့ကို ကြဉ်၍သာလျှင် အကုသိုလ်တရားတို့ကို ကြဉ်၍သာလျှင် နတ်၌ဖြစ်သော ချမ်းသာကိုသော်လည်း လွန်၍တည်သော မွေ့လျော်ခြင်းဖြင့်မွေ့လျော်နေသည်ဖြစ်၍ ယုတ်ညံ့သော ကာမဂုဏ်ကို မတောင့်တတော့ပြီ၊ ထိုကာမဂုဏ်၌ မမွေ့လျော်တော့ပြီ။

၂၁၂။ မာဂဏ္ဍိယ ဥပမာသော်ကား ကြွယ်ဝသော များသောဥစ္စာရှိသော များသောစည်းစိမ်ရှိသောသူကြွယ်သည်ပင်ဖြစ်စေ၊ သူကြွယ်သားသည်ပင်ဖြစ်စေ စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့ဖြင့်လည်းကောင်း။ပ။ အလိုရှိအပ်ကုန်သော နှစ်သက်အပ်ကုန်သော နှလုံးကို ပွါးစေတတ်ကုန်သော ချစ်အပ်သောသဘောရှိကုန်သော ကာမနှင့်စပ်ယှဉ်ကုန်သော တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့ဖြင့်လည်းကောင်း ဤသို့ ငါးပါးသော ကာမဂုဏ်တို့ဖြင့် ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက်မွေ့လျော်ပျော်ပါး ဖူးသည် ဖြစ်ရာ၏။ ထိုသူသည် ကိုယ်ဖြင့် သုစရိုက်တရားကို ပြုကျင့်၍ နှုတ်ဖြင့်သုစရိုက်တရားကို ပြု ကျင့်၍ စိတ်ဖြင့် သုစရိုက်တရားကို ပြုကျင့်၍ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာဖြစ်သော နတ်ရွာလောကသို့ တာဝတိံသာနတ်တို့၏အပေါင်းအသင်းအဖြစ်သို့ ကပ်ရောက်ရာ၏။ ထိုသူသည် တာဝတိံသာနတ်ပြည် နန္ဒဝန် ဥယျာဉ်၌နတ်သမီးအပေါင်းခြံရံလျက် နတ်၌ဖြစ်သော ကာမဂုဏ်ငါးပါးတို့ဖြင့် ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် မွေ့လျော်ပျော်ပါးရာ၏။ ထိုသူသည် ကာမဂုဏ်ငါးပါးတို့ဖြင့် ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် မွေ့လျော်ပျော်ပါးနေသော သူကြွယ်ကိုသော် လည်းကောင်း၊ သူကြွယ်၏သားကိုသော်လည်းကောင်းမြင်လေရာ၏။ မာဂဏ္ဍိယ ထိုငါဆိုမည့် စကားကို အသို့အောက်မေ့သနည်း— နန္ဒဝန်ဥယျာဉ်၌နတ်သမီးအပေါင်းခြံရံလျက် နတ်ကာမ ဂုဏ်ငါးပါးတို့ဖြင့် ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက်မွေ့လျော်ပျော်ပါးနေသော ထိုနတ်သားသည် ဤမည်သော သူကြွယ်၏ သော်လည်းကောင်း၊ သူကြွယ့်သား၏သော်လည်းကောင်း လူ့ကာမဂုဏ်ငါးပါးတို့ကို တောင့်တရာသလော၊ ့လူ့ကာမဂုဏ်တို့ဖြင့်လည်း ပြန်လည်နေရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မဖြစ်နိုင်ပါဟု (လျှောက်၏)။ အဘယ်ကြောင့်နည်းဟူမူ— အသျှင်ဂေါတမ လူ့ကာမဂုဏ်တို့ထက် နတ်ကာမဂုဏ်တို့ကသာလွန်ကုန်၏၊ မွန်လည်း မွန်မြတ်ကုန်၏ဟု (လျှောက်၏)။

မာဂဏ္ဍိယ ဤဥပမာအတူသာလျှင် ငါဘုရားသည် ရှေးလူဖြစ်စဉ်က စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန် သောအလိုရှိအပ်ကုန်သော နှစ်သက်အပ်ကုန်သော နှလုံးကို ပွါးစေတတ်ကုန်သော ချစ်အပ်သောသဘောရှိကုန်သော ကာမနှင့်စပ်ယှဉ်ကုန်သော တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော ရူပါရုံတို့ဖြင့်လည်းကောင်း။ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့ဖြင့်လည်းကောင်း။ပ။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သောဂန္ဓာရုံတို့ဖြင့်လည်းကောင်း။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့ဖြင့်လည်းကောင်း။ ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော အလိုရှိအပ်ကုန်သော နှစ်သက်အပ်ကုန်သော နှလုံးကို ပွါးစေတတ်ကုန်သောချစ်အပ်သောသဘောရှိကုန်သော ကာမနှင့်စပ် ယှဉ်ကုန်သော တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော ဗောဋ္ဌဗ္ဗာရုံတို့ဖြင့်လည်းကောင်း ဤသို့ကာမဂုဏ်ငါးပါးဖြင့် ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် မွေ့လျော်ပျော်ပါးဖူး၏။

ထိုငါသည် နောက်အခါ၌ ကာမဂုဏ်တို့၏ ဖြစ်ခြင်း၊ ချုပ်ခြင်း၊ သာယာခြင်းသဘော၊ အပြစ်၊ ထွက်မြောက်ရာတို့ကိုဟုတ်တိုင်းမှန်စွာ သိ၍၊ ကာမတို့၌ တပ်မက်မောခြင်းတဏှာကို ပယ်စွန့်၍၊ ကာမတို့ကြောင့်ဖြစ်သော ပူလောင်ခြင်းကို ပယ်ဖျောက်၍၊ ဆာလောင်မွတ်သိပ်ခြင်းကင်းသည်ဖြစ်၍၊ အတွင်းအဇ္ဈတ္တသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍ နေ၏။ ထိုငါသည် ကာမဂုဏ်တို့၌ မကင်းသေးသောတပ်စွဲမှု ရှိကုန်သော၊ ကာမတဏှာတို့သည် ခဲစားအပ်ကုန်သော၊ ကာမတည်းဟူသော ပူလောင်ခြင်းဖြင့်ထက်ဝန်း ကျင် ပူလောင်ကြကုန်သော၊ ကာမဂုဏ်တို့ကို မှီဝဲကြကုန်သော တစ်ပါးသော သတ္တဝါတို့ကိုမြင်၏၊ ထိုငါသည် ထိုသူတို့၏ ထိုကာမဂုဏ်တို့ကို မတောင့်တတော့ပြီ၊ ထိုကာမဂုဏ်တို့၌မမွေ့လျော်တော့ပြီ။ အဘယ့်ကြောင့်နည်းဟူမူ— မာဂဏ္ဍိယ ကာမဂုဏ်တို့ကို ကြဉ်၍သာလျှင်အကုသိုလ်တရားတို့ကို ကြဉ်၍ သာလျှင် နတ်၌ဖြစ်သော ချမ်းသာကိုသော်လည်း သာလွန်၍ တည်သောမွေ့လျော်ခြင်းဖြင့် မွေ့လျော်နေ သည်ဖြစ်၍ ယုတ်ညံ့သော ကာမဂုဏ်ကို မတောင့်တတော့ပြီ၊ ထိုကာမဂုဏ်၌ မမွေ့လျော်တော့ပြီ။

၂၁၃။ မာဂဏ္ဍိယ ဥပမာသော်ကား နာကျင်သောကိုယ်ရှိသော အနာမှည့်ရင့်သောကိုယ်ရှိသော နူနာရှိသော ယောကျာ်းသည် ပိုးလောက်တို့ အကိုက်အခဲခံရ၍ လက်သည်းတို့ဖြင့် အနာဝတို့ကို ကုပ်ဖဲ့လျက်မီးကျီးစု၌ ကိုယ်ကို ကင်ရာ၏။ ထိုနူနာရှိသော ယောကျာ်း၏ အဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည်အနာကို ကုစားတတ်သော ဆေးဆရာကို ပင့်လာကုန်ရာ၏။ ထိုနူနာစွဲသော ယောကျာ်းအား ထိုအနာကိုကုစားတတ်သော ဆေးဆရာသည် ဆေးကုရာ၏၊ ထိုနူနာစွဲသော ယောကျာ်းသည် ထိုဆေးကို အစွဲပြု၍နူနာတို့မှ လွတ်မြောက်ရာ၏။ အနာမရှိသည်ဖြစ်၍ ချမ်းသာစွာ မိမိကိုယ်ကို အစိုးတရ အလိုရှိတိုင်းနေရသည် အလိုရှိတိုင်း သွားရသည် ဖြစ်ရာ၏။ ထိုနူနာမှ ကင်းပြီးသော ယောကျာ်းသည် နာကျင်သောကိုယ်ရှိသော အနာမှည့်ရင့်သောကိုယ်ရှိသော ပိုးလောက်တို့ အကိုက်အခဲခံနေရ၍ လက်သည်းတို့ဖြင့်အနာဝကို ကုပ်ဖဲ့လျက် မီးကျီးစု၌ ကိုယ်ကို ကင်၍ နေသော နူနာရှိသောအခြားယောကျာ်းတစ်ယောက်ကို မြင်ရာ၏။

မာဂဏ္ဍိယ ထိုငါဆိုမည့် စကားကို အဘယ်သို့ အောက်မေ့ဘိသနည်း— ထိုနူနာမှ ကင်းပြီးသောယောကျာ်းသည် ဤမည်သော နူနာရှိသော ယောကျာ်း၏ မီးကျီးစုကိုလည်းကောင်း ဆေးမှီဝဲမှုကိုလည်းကောင်း တောင့်တရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မဖြစ်နိုင်ပါ (ဟု လျှောက်၏)။ အဘယ် ကြောင့်နည်း ဟူမူ— အသျှင်ဂေါတမ ရောဂါရှိလတ်သော် ဆေးဖြင့် ပြုဖွယ်ကိစ္စသည် ဖြစ်ရာ၏၊ ရောဂါမရှိခဲ့ သော် ဆေးဖြင့် ပြုဖွယ်ကိစ္စသည် မရှိဟု (လျှောက်ထား၏)။

မာဂဏ္ဍိယ ဤအတူသာလျှင် ငါသည် ရှေးလူဖြစ်စဉ်က စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော အလိုရှိ့အပ်ကုန်သော နှစ်သက်အပ်ကုန်သော နှလုံးကို ပွါးစေတတ်ကုန်သော ချစ်အပ်သောသဘောရှိ ကုန်သောကာမနှင့်စပ် ယှဉ်ကုန်သော တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော ရူပါရုံတို့ဖြင့်လည်းကောင်း။ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့ဖြင့်လည်းကောင်း။ပ။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့ဖြင့်လည်းကောင်း။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့ဖြင့်လည်းကောင်း။ ကာယဝိညာဏ်ဖြင့်သိအပ်ကုန်သော အလိုရှိအပ်ကုန်သော နှစ်သက်အပ်ကုန်သော နှလုံးကို ပွါးစေတတ်ကုန်သော ချစ်အပ်သောသဘောရှိကုန်သော ကာမနှင့်စပ်ယှဉ်ကုန်သော တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့ဖြင့်လည်းကောင်း ဤသို့ ကာမဂုဏ်ငါးပါးတို့ဖြင့် ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် မွေ့လျော်ပျော်ပါဖူး၏။

ထိုငါသည် နောက်အခါ၌ ကာမဂုဏ်တို့၏ ဖြစ်ခြင်း၊ ချုပ်ခြင်း၊ သာယာဖွယ်သဘော၊ အပြစ်၊ ထွက်မြောက်ရာတို့ကိုဟုတ်တိုင်းမှန်စွာ သိ၍၊ ကာမဂုဏ်တို့၌ တပ်မက်မောခြင်းတဏှာကို ပယ်စွန့်၍၊ ကာမကြောင့်ဖြစ်သော ပူလောင်ခြင်းကို ပယ်ဖျောက်၍၊ ဆာလောင်မွတ်သိပ်ခြင်းကင်းသည်ဖြစ်၍၊ အတွင်းအဇ္ဈတ္တသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍ နေ၏။

ထိုငါသည် ကာမဂုဏ်တို့၌ မကင်းသေးသော တပ်စွဲမှုရှိကုန်သော ကာမတဏှာတို့သည် ခဲစားအပ်ကုန်သော၊ ကာမတည်းဟူသော ပူလောင်ခြင်းဖြင့် ထက်ဝန်းကျင် ပူလောင်ကြကုန်သော ကာမဂုဏ်တို့ကိုမှီဝဲကြကုန်သော အခြားသော သတ္တဝါတို့ကို မြင်၏။ ထိုငါသည် ထိုသူတို့၏ ထိုကာမဂုဏ်တို့ကို မတောင့်တတော့ပြီ၊ ထိုကာမဂုဏ်တို့၌ မမွေ့လျော်တော့ပြီ။ အဘယ်ကြောင့်နည်းဟူမူ— မာဂဏ္ဍိယ ကာမဂုဏ်တို့ကိုကြဉ်၍သာလျှင် အကုသိုလ်တရားတို့ကို ကြဉ်၍သာလျှင် နတ်၌ဖြစ်သော ချမ်းသာကိုသော်လည်းသာလွန်၍ တည်သော မွေ့လျော်ခြင်းဖြင့် မွေ့လျော်နေသည်ဖြစ်၍ ယုတ်ညံ့သော ကာမဂုဏ်ကိုမတောင့်တတော့ပြီ၊ ထိုကာမဂုဏ်၌ မမွေ့လျော်တော့ပြီ။

၂၁၄။ မာဂဏ္ဍိယ ဥပမာသော်ကား နာကျင်သောကိုယ်ရှိသော အနာမှည့်ရင့်သောကိုယ်ရှိသော နူနာရှိသော ယောကျာ်းသည် ပိုးလောက်တို့ အကိုက်အခဲခံရ၍ လက်သည်းတို့ဖြင့် အနာဝကို ကုပ်ဖဲ့လျက်မီးကျီးစု၌ ကိုယ်ကို ကင်ရာ၏။ ထိုနူနာရှိသော ယောကျာ်း၏ အဆွေခင်ပွန်းဆွေမျိုးသားချင်းတို့သည်အနာကို ကုစားတတ်သော ဆေးဆရာကို ပင့်လာကုန်ရာ၏။ ထိုနူနာရှိသော ယောကျာ်းအား ထိုအနာကိုကုစားတတ်သော ဆေးဆရာသည် ဆေးကုရာ၏၊ ထိုနူနာရှိသော ယောကျာ်းသည် ထိုဆေးကို အစွဲပြု၍နူနာတို့မှ လွတ်မြောက်ရာ၏၊ အနာမရှိသည်ဖြစ်၍ ချမ်းသာစွာ မိမိကိုယ်ကို အစိုးတရ အလိုရှိတိုင်းနေရသည် အလိုရှိတိုင်း သွားရသည် ဖြစ်ရာ၏။ ထိုယောကျာ်းကို အားကြီးသော ယောကျာ်းနှစ်ယောက်တို့သည် လက်မောင်းတစ်ဖက်စီကိုင်၍ မီး ကျီးစုသို့ ဆွဲငင်ကုန်ရာ၏။

မာဂဏ္ဍိယ ထိုငါဆိုမည့် စကားကို အဘယ်သို့ အောက်မေ့ဘိသနည်း— ထိုယောကျာ်းသည် ဤမှထိုမှကိုယ်ကို ရုန်းကန်ရာသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မှန်ပါ၏၊ အဘယ်ကြောင့်နည်း ဟူမူ— အသျှင်ဂေါတမ ဤမီးသည်ကား ဆင်းရဲသော အတွေ့လည်း ရှိပါ၏၊ ကြီးစွာသောပူခြင်းလည်း ရှိပါ၏၊ ပြင်းထန်သော လောင်ခြင်းလည်း ရှိပါ၏ဟု (လျှောက်၏)။ မာဂဏ္ဍိယ ထိုငါဆိုမည့်စကားကို အဘယ်သို့ အောက်မေ့ဘိသနည်း— ထိုမီးသည် ယခုမှသာလျှင် ဆင်းရဲသော အတွေ့လည်း ရှိသလော၊ ကြီးစွာသော ပူခြင်းလည်း ရှိသလော၊ ပြင်းထန်သော လောင်ခြင်းလည်း ရှိသလော၊ သို့မဟုတ် ရှေးအခါကလည်း ထိုမီးသည် ဆင်းရဲသော အတွေ့လည်း ရှိသလော၊ ကြီးစွာသောပူခြင်းလည်း ရှိသလော၊ ပြင်းထန်သော လောင်ခြင်းလည်း ရှိသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ထိုမီးသည် ယခုအခါ၌လည်း ဆင်းရဲသော အတွေ့လည်း ရှိပါ၏၊ ကြီးစွာသောပူခြင်းလည်း ရှိပါ၏၊ ပြင်းထန်သော လောင်ခြင်းလည်း ရှိပါ၏၊ ရှေးအခါကလည်း ဆင်းရဲ သောအတွေ့လည်း ရှိပါ၏၊ ကြီးစွာသော ပူခြင်းလည်း ရှိပါ၏၊ ပြင်းထန်သော လောင်ခြင်းလည်း ရှိပါ၏။

အသျှင်ဂေါတမ နာကျင်သောကိုယ်ရှိသော အနာမှည့်ရင့်သောကိုယ်ရှိသော ပိုးလောက်တို့ အကိုက့်အခဲခံရ၍ လက်သည်းတို့ဖြင့် အနာဝတို့ကို ကုပ်ဖဲ့နေရသော ဤနူနာစွဲသော ယောကျာ်းသည်ကား ဣန္ဒြေပျက်စီးနေသည်ဖြစ်၍ ဆင်းရဲသော အတွေ့ရှိသည်လည်းဖြစ်သော မီး၌ ချမ်းသာ၏ဟု ဖောက်ပြန်မှတ်မှားသော သညာကို ရလျက်နေပါ၏ဟု (လျှောက်၏)။

မာဂဏ္ဍိယ ဤအတူသာလျှင် အတိတ်ဖြစ်သော ကာလ၌လည်း ကာမဂုဏ်သည် ဆင်းရဲသောအတွေ့လည်း ရှိ၏၊ ကြီးစွာသော ပူခြင်းလည်း ရှိ၏၊ ပြင်းထန်သော လောင်ခြင်းလည်း ရှိ၏။ လာလတ္တံ့အနာဂတ် ကာလ၌လည်း ကာမဂုဏ်သည် ဆင်းရဲသော အတွေ့လည်း ရှိ၏၊ ကြီးစွာသော ပူခြင်းလည်းရှိ၏၊ ပြင်းထန်သော လောင်ခြင်းလည်း ရှိ၏။ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၌လည်း ကာမဂုဏ်သည် ဆင်းရဲသော အတွေ့လည်း ရှိ၏၊ ကြီးစွာသော ပူခြင်းလည်း ရှိ၏၊ ပြင်းထန်သော လောင်ခြင်းလည်း ရှိ၏။ မာဂဏ္ဍိယ ဤသတ္တဝါတို့ကား ကာမဂုဏ်တရားတို့၌ မကင်းသေးသော ရာဂရှိကုန်သည်ဖြစ်၍ ကာမတဏှာတို့သည် ခဲစားအပ်ကုန်သည်ဖြစ်၍ ကာမအပူဖြင့် ထက်ဝန်းကျင် လောင်မြိုက်အပ်ကုန်သည်ဖြစ်၍ဣန္ဒြေပျက်စီးနေသည်၏အဖြစ်ကြောင့် ဆင်းရဲသော အတွေ့ရှိသည်သာလျှင် ဖြစ်ကုန်သော ကာမတို့၌ချမ်းသာ၏ဟု ဖောက်ပြန်မှတ်မှားသော သညာကို ရကုန်၏။

၂၁၅။ မာဂဏ္ဍိယ ဥပမာသော်ကား နာကျင်သောကိုယ်ရှိသော အနာမှည့်ရင့်သောကိုယ်ရှိသော နူနာစွဲသော ယောကျာ်းသည် ပိုးလောက်တို့ အကိုက်အခဲခံနေရသည်ဖြစ်၍ လက်သည်းတို့ဖြင့် အနာဝကိုကုပ်ဖဲ့လျက် မီးကျီးစု၌ ကိုယ်ကို ထက်ဝန်းကျင်မှ ကင်၏။ မာဂဏ္ဍိယ နာကျင်သောကိုယ်ရှိသော အနာမှည့်ရင့်ပြီးသော ကိုယ်ရှိသော ပိုးလောက်တို့ အကိုက်အခဲခံနေရသော ဤနူနာရှိသော ယောကျာ်းသည်လက်သည်းတို့ဖြင့် အနာဝကို ကုပ်ဖဲ့လျက် အကြင်အကြင်သို့သော အခြင်းအရာဖြင့် မီးကျီးစု၌ ကိုယ်ကိုထက်ဝန်းကျင်မှ ကင်ရာ၏၊ ထိုထိုသို့သော အခြင်းအရာဖြင့် ထိုယောကျာ်း၏ ထိုအနာဝတို့သည် အလွန်မစင်ကြယ်ကုန်သည်လည်းကောင်း၊ အလွန်မကောင်းသော အနံ့ရှိကုန်သည်လည်းကောင်း၊ အလွန်ပုပ်ကုန်သည်လည်းကောင်း ဖြစ်ကုန်၏။ အနာဝတို့ကို အယားဖျောက်ခြင်းကြောင့်ဖြစ်သော အနည်းငယ်မျှသောသက်သာရာမျှ သာယာကာမျှတို့သည် ဖြစ်ကုန်၏။

မာဂဏ္ဍိယ ဤအတူသာလျှင် ကာမဂုဏ်တို့၌ မကင်းသေးသော ရာဂရှိကုန်သော ကာမတဏှာတို့ သည်ခဲစားအပ်ကုန်သော ကာမဂုဏ်အပူဖြင့်လည်း ထက်ဝန်းကျင် ပူလောင်အပ်ကုန်သော သတ္တဝါတို့သည်ကာမဂုဏ်တို့ကို မှီဝဲကုန်၏။ မာဂဏ္ဍိယ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် ကာမဂုဏ်တို့၌မကင်းသော ရာဂရှိကုန်သော ကာမတဏှာတို့သည် ခဲစားအပ်ကုန်သော ကာမအပူဖြင့်လည်း ထက်ဝန်းကျင် ပူလောင်အပ်ကုန်သော သတ္တဝါတို့သည် ကာမဂုဏ်တို့ကို မှီဝဲကုန်၏။ ထိုထိုသို့သော အခြင်းအရာအားဖြင့် ထိုထိုသတ္တဝါတို့အား ကာမတဏှာတို့သည်လည်း အဖန်ဖန်တိုးပွားကုန်၏၊ ကာမအပူဖြင့်လည်းထက်ဝန်းကျင် ပူလောင်ကုန်၏။ ကာမဂုဏ်ငါးပါးတို့ကို အစွဲပြု၍ဖြစ်သော သက်သာရာမျှ သာယာကာမျှသည်သာလျှင် ဖြစ်၏။

မာဂဏ္ဍိယ ထိုငါဆိုမည့်စကားကို အဘယ်သို့အောက်မေ့သနည်း— မင်းသည်လည်းကောင်း၊ မင်း၏အမတ်သည်လည်းကောင်း ကာမဂုဏ်ငါးပါးတို့ဖြင့် ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် မွေ့လျော်ပျော်ပါးလျက် ကာမတဏှာကို မပယ်မစွန့်မူ၍ ကာမအပူကို မပယ်မဖျောက်မူ၍ ကင်းသော ဆာလောင်မွတ်သိပ်ခြင်းရှိသည်ဖြစ်၍ အတွင်းအဇ္ဈတ္တသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိလျက် နေလည်းနေပြီ၊ နေလည်းနေဆဲ၊ နေလည်းနေလတ္တံ့ဟု သင်မြင်မူလည်း မြင်ဖူးသလော၊ ကြားမူလည်း ကြားဖူးသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ မဖြစ်နိုင်သည်သာတည်းဟု (လျှောက်၏)။

မာဂဏ္ဍိယ ကောင်းပါပေ၏၊ မာဂဏ္ဍိယ မင်းသည်လည်းကောင်း၊ မင်း၏အမတ်သည်လည်းကောင်းကာမဂုဏ်ငါးပါးတို့ဖြင့် ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် မွေ့လျော်ပျော်ပါးလျက် ကာမတဏှာကိုမပယ်မစွန့်မူ၍ ကာမအပူကို မပယ်ဖျောက်မူ၍ ကင်းသော ဆာလောင်မွတ်သိပ်ခြင်းရှိသည်ဖြစ်၍ အတွင်း့အဇ္ဈတ္တသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍ နေမူလည်း နေခဲ့ပြီ၊ နေမူလည်း နေဆဲ၊ နေမူလည်းနေလတ္တံ့၊ ဤသို့ ဖြစ်သည်ကို ငါလည်း မြင်လည်း မမြင်စဖူး၊ ကြားလည်း မကြားစဖူးပေ။

မာဂဏ္ဍိယ ခပ်သိမ်းကုန်သော ရဟန်းတို့သည်လည်းကောင်း၊ ပုဏ္ဏားတို့သည်လည်းကောင်း ကင်း သောဆာလောင်မွတ်သိပ်ခြင်းရှိကုန်သည်ဖြစ်၍ အတွင်းအဇ္ဈတ္တသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိကုန်သည် ဖြစ်၍နေလည်းနေခဲ့ကုန်ပြီ၊ နေလည်းနေကုန်ဆဲ၊ နေလည်းနေကုန်လတ္တံ့၊ ခပ်သိမ်းကုန်သော ထိုရဟန်းပုဏ္ဏားတို့သည် ကာမဂုဏ်တရားတို့၏ ဖြစ်ခြင်း၊ ချုပ်ခြင်း၊ သာယာဖွယ်သဘော၊ အပြစ်၊ ထွက်မြောက်ရာတို့ကိုဟုတ်တိုင်းမှန်စွာ သိကြကုန်၍ ကာမတဏှာတို့ကို ပယ်စွန့်ကုန်၍ ကာမအပူကို ပယ်ဖျောက်ကုန်၍ကင်းသော ဆာလောင်မွတ်သိပ်ခြင်းရှိကုန်သည်ဖြစ်၍ အတွင်းအဇ္ဈတ္တသန္တာန်၌ ငြိမ်းအေးသောစိတ်ရှိကုန်သည်ဖြစ်၍ နေလည်းနေခဲ့ကြကုန်ပြီ၊ နေလည်းနေကြကုန်ဆဲ၊ နေလည်းနေကြကုန်လတ္တံ့ဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ထိုအချိန်၌ ဤဥဒါန်းစကားကို ကျူးရင့်မြွက်ကြားတော်မူ၏—

လာဘ်ဟူသမျှတို့တွင် အနာကင်းခြင်းသည် အသာဆုံးဖြစ်၏၊ ချမ်းသာဟူသမျှ တို့တွင် နိဗ္ဗာန်သည်အသာဆုံးဖြစ်၏၊ အမြိုက်နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လမ်းခရီးတို့တွင် အင်္ဂါရှစ်ပါးရှိသောလမ်းခရီးသည် ဘေးကင်း၍ အမြတ်ဆုံးဖြစ် ပေ၏ဟု (ကျူးရင့်မြွက်ကြားတော်မူ၏)။

၂၁၆။ ဤသို့ မိန့်တော်မူသော် မာဂဏ္ဍိယပရိဗိုဇ်သည် မြတ်စွာဘုရားအား— “အသျှင်ဂေါတမအံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်စဖူး ထူးကဲစွာ ဖြစ်ပါပေစွ၊ အသျှင်ဂေါတမသည် ‘လာဘ်ဟူသမျှတို့တွင် အနာကင်းခြင်းသည် အသာဆုံးဖြစ်၏၊ ချမ်းသာဟူသမျှတို့တွင် နိဗ္ဗာန်သည်အသာဆုံးဖြစ်၏’ဟူ၍ကောင်းစွာပင် မိန့်ကြားပေ၏။ အသျှင်ဂေါတမ အကျွန်ုပ်သည်လည်း ‘လာဘ်ဟူသမျှတို့တွင် အနာကင်းခြင်းသည် အသာဆုံးဖြစ်၏၊ ချမ်းသာဟူသမျှတို့တွင် နိဗ္ဗာန်သည်အသာဆုံးဖြစ်၏’ဟု ပြောဆိုလာကြသောရှေးပရိဗိုဇ်ဆရာ အဆက်ဆက်တို့၏ စကားကို ကြားဖူးပါ၏၊ အသျှင်ဂေါတမ အသျှင်ဂေါတမ မိန့်ဆိုသောဤစကားသည် အကျွန်ုပ် ကြားဖူးသည်နှင့် ညီညွတ်ပါ၏”ဟု လျှောက်ထား၏။

မာဂဏ္ဍိယ သင်သည် ‘လာဘ်ဟူသမျှတို့တွင် အနာကင်းခြင်းသည် အသာဆုံးဖြစ်၏၊ ချမ်းသာဟူသမျှတို့တွင် နိဗ္ဗာန်သည် အသာဆုံးဖြစ်၏’ဟု ပြောဆိုလာကြသော ရှေးပရိဗိုဇ်ဆရာအဆက်ဆက်တို့၏စကားကို ကြားရဖူး၏၊ ထိုအနာကင်းခြင်းဟူသည် အဘယ်နည်း၊ ထိုနိဗ္ဗာန်ဟူသည် အဘယ်နည်းဟု (မေးတော်မူ၏)။ ဤသို့ မေးတော်မူသော် မာဂဏ္ဍိယပရိဗိုဇ်သည် မိမိကိုယ်ကိုသာလျှင် လက်ဖြင့်သုံးသပ်၏၊ “အသျှင်ဂေါတမ ထိုအနာကင်းခြင်းဟူသည် ဤသည်ပင်တည်း၊ ထိုနိဗ္ဗာန်ဟူသည် ဤသည်ပင်တည်း၊ အသျှင်ဂေါတမ အကျွန်ုပ်သည် ယခုအခါ အနာမရှိ ချမ်းချမ်းသာသာရှိ၏၊ စိုးစဉ်းမျှသော ဆင်းရဲမှုသည်အကျွန်ုပ်ကို မနှိပ်စက်နိုင်ပါ”ဟု (လျှောက်၏)။

၂၁၇။ မာဂဏ္ဍိယ ဥပမာသော်ကား ဝမ်းတွင်းကန်းဖြစ်သော ယောကျာ်းသည် ရှိ၏၊ ထိုယောကျာ်း သည်မည်းသောအဆင်း ဖြူသောအဆင်းတို့ကို မမြင်ရာ၊ ညိုသောအဆင်းတို့ကို မမြင်ရာ၊ ရွှေသောအဆင်းတို့ကို မမြင်ရာ၊ နီသော အဆင်းတို့ကို မမြင်ရာ၊ မောင်းသောအဆင်းတို့ကို မမြင်ရာ၊ ညီညွတ်သည် မညီညွတ်သည်ကို မမြင်ရာ၊ ကြယ်နက္ခတ်တာရာတို့၏ အဆင်းကို မမြင်ရာ၊ လနေတို့ကိုမမြင်ရာ၊ ထိုဝမ်းတွင်းကန်းယောကျာ်းသည် “အချင်းတို့ အလွန်အဆင်းလှသော အညစ်အကြေးကင်းသောစင်ကြယ် သော အဝတ်ဖြူသည် ကောင်းမွန်လေစွ တကား”ဟု ပြောဆိုသော မျက်စိမြင်သောသူ၏စကားကို ကြား လေရာ၏။ ထိုဝမ်းတွင်းကန်းသည် အဖြူရှာ လှည့်လည်လာရာ၏။ ထိုဝမ်းတွင်းကန်းကို တစ်ယောက်သော ယောကျာ်းသည် ဆီချေးလိမ်းကျံသော မည်းနက်သည့်သိုးမွေးတို့ဖြင့် ပြုထားသော ပုဆိုးကြမ်းဖြင့် “အချင်းယောကျာ်း ဤပုဆိုးကား သင့်အတွက်အလွန်အဆင်းလှ၍ အညစ်အကြေးကင်းသော စင်ကြယ် သည့် အဝတ်ဖြူတည်း”ဟု လှည့်ပတ်ရာ၏။ ထိုဝမ်းတွင်းကန်းသည် ထိုမည်းနက်သော အဝတ်ကို ယူရာ၏၊ ယူပြီး၍ ဝတ်ရုံရာ၏၊ ဝတ်ရုံပြီး၍့နှစ်သက်သောစိတ်ရှိလျက် “အချင်းတို့ အလွန်အဆင်းလှ၍ အညစ်အကြေးကင်းသော စင်ကြယ်သည့်အဝတ်ဖြူသည် ကောင်းမွန်လေစွတကား”ဟု နှစ်သက်သော စကားကို မြွက်ဆိုရာ၏။

မာဂဏ္ဍိယ ထိုငါဆိုမည့် စကားကို အဘယ်သို့အောက်မေ့သနည်း—အမှန်အားဖြင့် ဝမ်းတွင်းကန်းဖြစ်သော ထိုယောကျာ်းသည် သိ၍ မြင်၍ ဤဆီချေးဖြင့် လိမ်းကျံသော မည်းနက်သည့် သိုးမွေးတို့ဖြင့်ပြုထားသော ပုဆိုးကြမ်းကို ယူရာသလော၊ ယူပြီး၍ ဝတ်ရုံရာသလော၊ ဝတ်ရုံ၍ နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ “အချင်းတို့ အလွန်အဆင်းလှ၍ အညစ်အကြေးကင်းသော စင်ကြယ်သည့် အဝတ်ဖြူသည်ကောင်းမွန်လေစွတကား”ဟု နှစ်သက်သောစကားကို မြွက်ကြားရာသလော၊ သို့မဟုတ် မျက်စိအမြင်ရှိသော ယောကျာ်း၏ စကားကို ယုံကြည်၍ ဆိုရာသလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ထိုဝမ်းတွင်းကန်းယောကျာ်းသည် မသိဘဲ မမြင်ဘဲ ဆီချေးလိမ်းကျံသော ဤမည်းနက်သည့် သိုးမွေးတို့ဖြင့်ပြုထားသော ပုဆိုးကြမ်းကို ခံယူရာ၏၊ ခံယူပြီး၍ ဝတ်ရုံရာ၏၊ ဝတ်ရုံပြီးလျှင် နှစ်သက်သောစိတ်ရှိလျက် “အချင်းတို့ အလွန် အဆင်းလှသော အညစ်အကြေးကင်းသော စင်ကြယ်သည့် အဝတ်ဖြူသည် ကောင်းမွန်လေစွတကား”ဟု နှစ်သက်သော စကားကို မြွက်ကြားလေရာ၏၊ မျက်စိအမြင်ရှိသော ယောကျာ်း၏ ပြောစကားကို ယုံကြည်၍ မြွက်ကြားလေရာ၏ဟု (လျှောက်၏)။

မာဂဏ္ဍိယ ဤအတူသာလျှင် အယူတစ်ပါးရှိကုန်သော ပရိဗိုဇ်တို့သည် ကန်းကုန်၏၊ မျက်စိအမြင်မရှိကုန်၊ အနာကင်းသော အဖြစ်ကို မသိကုန်၊ နိဗ္ဗာန်ကို မမြင်ကုန်၊ ထိုသို့ မသိမမြင်ကြကုန်ဘဲလျက်သာလျှင် “လာဘ်ဟူသမျှတို့တွင် အနာကင်းခြင်းသည် အသာဆုံးဖြစ်၏၊ ချမ်းသာဟူသမျှတို့တွင် နိဗ္ဗာန်သည် အသာဆုံး ဖြစ်၏” ဟူ၍ ဤဂါထာကိုဆိုကုန်၏။ မာဂဏ္ဍိယ ပူဇော်အထူးကိုခံတော်မူထိုက်ကုန်သော ရှေးဘုရားသျှင်တို့သည်—

“လာဘ်ဟူသမျှတို့တွင် အနာကင်းခြင်းသည် အသာဆုံးဖြစ်၏၊ ချမ်းသာဟူသမျှ တို့တွင် နိဗ္ဗာန်သည်အသာဆုံးဖြစ်၏၊ အမြိုက်နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော လမ်းခရီးတို့တွင် အင်္ဂါရှစ်ပါးရှိသောလမ်းခရီးသည် ဘေးကင်း၍ အမြတ်ဆုံးဖြစ် ပေ၏”ဟု ဤဂါထာကို ဟောကြားတော်မူကုန်၏။

၂၁၈။ ထိုဂါထာသည် အစဉ်အားဖြင့် ယခုအခါ ပုထုဇဉ်တို့ ဂါထာဖြစ်၏။ မာဂဏ္ဍိယ ဤခန္ဓာကိုယ်သည် ရောဂါတုံးဖြစ်၏၊ အိုင်းအမာတုံးဖြစ်၏၊ ဆူးငြောင့်တုံးဖြစ်၏၊ ဆင်းရဲတုံးဖြစ်၏၊ အနာတုံးဖြစ်၏။ ထိုသင်သည် ရောဂါတုံးဖြစ်သော အိုင်းအမာတုံးဖြစ်သော ဆူးငြောင့်တုံးဖြစ်သော ဆင်းရဲတုံးဖြစ်သော အနာတုံးဖြစ်သော ဤခန္ဓာကိုယ်ကို “အသျှင်ဂေါတမ ထိုအနာကင်းခြင်းဟူသည် ဤသည်ပင်တည်း၊ ထိုနိဗ္ဗာန်ဟူသည် ဤသည်ပင်တည်း”ဟု ဆို၏။ မာဂဏ္ဍိယ အနာကင်းခြင်းကိုသိနိုင်မည်ဖြစ်သော, နိဗ္ဗာန် ကို မြင်နိုင်မည်ဖြစ်သော, စင်ကြယ်သော ဉာဏ်မျက်စိသည် သင့်မှာ မရှိဟု (မိန့်တော်မူ၏)။ အနာကင်းခြင်းကို အကျွန်ုပ် သိနိုင်မည့်နည်းလမ်းဖြင့် နိဗ္ဗာန်ကို အကျွန်ုပ် မြင်နိုင်မည့်နည်းလမ်းဖြင့် အသျှင်ဂေါတမသည် အကျွန်ုပ်အား တရားဟောခြင်းငှါ စွမ်းနိုင်၏ဟု ဤသို့ အကျွန်ုပ်သည်အသျှင်ဂေါတမ အား ယုံကြည်ပါ၏ဟု (လျှောက်ထား၏)။

၂၁၉။ မာဂဏ္ဍိယ ဥပမာသော်ကား ဝမ်းတွင်းကန်းဖြစ်သော ယောကျာ်းသည် ရှိရာ၏၊ ထိုယောကျာ်းသည် အမည်းအဖြူ အဆင်းတို့ကို မမြင်ရာ၊ ညိုသောအဆင်းတို့ကို မမြင်ရာ၊ ရွှေသောအဆင်းတို့ကို မမြင်ရာ၊ နီသောအဆင်းတို့ကို မမြင်ရာ၊ မောင်းသောအဆင်းတို့ကို မမြင်ရာ၊ ညီညွတ်သည်မညီညွတ်သည်ကို မမြင်ရာ၊ ကြယ်နက္ခတ်တာရာတို့၏ အဆင်းတို့ကို မမြင်ရာ၊ လနေတို့ကို မမြင်ရာ၊ ထိုဝမ်းတွင်းကန်း၏ မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည် မျက်စိကုစားတတ်သော ဆေးဆရာကိုပင့်လာကုန်ရာ၏၊ ထိုဝမ်းတွင်းကန်းအား ထိုမျက်စိ ကုစားတတ်သော ဆေးဆရာသည် ဆေးကုရာ၏၊ ထိုသူကန်းသည် ထိုဆေးကုခြင်းကို အစွဲပြု၍ မျက်စိတို့ကို မဖြစ်စေနိုင်ငြားအံ့၊ မျက်စိတို့ကို မသုတ်သင်နိုင်ငြားအံ့။

မာဂဏ္ဍိယ ထိုငါဆိုမည့်စကားကို အဘယ်သို့အောက်မေ့သနည်း— ထိုဆေးဆရာသည် ပင်ပန်းရုံဆင်းရဲရုံမျှသာ ဖြစ်ရာသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မှန်ပါ၏ဟု (လျှောက်၏)။ မာဂဏ္ဍိယ ဤအတူသာလျှင် ငါသည် သင့်အား “အနာကင်းခြင်း ဟူသည် ဤသည်ပင်တည်း၊ နိဗ္ဗာန်ဟူသည် ဤသည်ပင်တည်း”ဟု အကယ်၍ ဟောရာ၏၊ (ဟောပါလျက်) သင်သည် အနာကင်းခြင်းကို မသိငြားအံ့၊ နိဗ္ဗာန်ကို မမြင်ငြားအံ့၊ ထိုသို့ ဖြစ်သော် ငါ့မှာသာလျှင် ထိုပင်ပန်းခြင်း ထိုဆင်းရဲခြင်းသည်ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။ အနာကင်းခြင်းကို အကျွန်ုပ်သိနိုင်မည့် နည်းလမ်းဖြင့် နိဗ္ဗာန်ကို အကျွန်ုပ်မြင်နိုင်မည့် နည်းလမ်းဖြင့် အသျှင်ဂေါတမသည် အကျွန်ုပ်အား တရားဟောခြင်းငှါ စွမ်းနိုင်ပါ၏ဟု ဤသို့အကျွန်ုပ်သည် အသျှင်ဂေါတမအား ယုံကြည်ပါ၏ဟု (လျှောက်၏)။

၂၂ဝ။ မာဂဏ္ဍိယ ဥပမာသော်ကား ဝမ်းတွင်းကန်းဖြစ်သော ယောကျာ်းသည် ရှိလေရာ၏၊ ထိုဝမ်းတွင်းကန်းယောကျာ်းသည် မည်းသောအဆင်း ဖြူသောအဆင်းတို့ကို မမြင်ရာ၊ ညိုသောအဆင်းတို့ကိုမမြင်ရာ၊ ရွှေသောအဆင်းတို့ကို မမြင်ရာ၊ နီသောအဆင်းတို့ကို မမြင်ရာ၊ မောင်းသောအဆင်းတို့ကိုမမြင်ရာ၊ ညီညွတ်သည် မညီညွတ်သည်ကို မမြင်ရာ၊ ကြယ်နက္ခတ်တာရာတို့၏ အဆင်းတို့ကို မမြင်ရာ၊ လနေတို့ကို မမြင်ရာ၊ ထိုဝမ်းတွင်းကန်းယောကျာ်းသည် “အချင်းတို့ အလွန်အဆင်းလှ၍ အညစ်အကြေးကင်းသော စင်ကြယ်သည့်အဝတ်ဖြူသည် ကောင်းမွန်လေစွတကား”ဟု ပြောဆိုသော မျက်စိမြင်သောသူ၏စကားကို ကြားလေရာ၏။ ထိုဝမ်းတွင်းကန်း ယောကျာ်းသည် အဖြူရှာလှည့်လည်ရာ၏၊ ထိုဝမ်းတွင်းကန်း ယောကျာ်းကို တစ်ယောက်သော ယောကျာ်းသည် ဆီချေးလိမ်းကျံသော မည်းနက်သည့် သိုးမွေးတို့ဖြင့် ပြုထားသော ပုဆိုးကြမ်းဖြင့် “အချင်းယောကျာ်း ဤပုဆိုးကား သင့်အတွက် အလွန်အဆင်းလှ၍အညစ်အကြေးကင်းသော စင်ကြယ်သည့် အဝတ်ဖြူတည်း”ဟု လှည့်ပတ်ရာ၏။ ထိုဝမ်းတွင်းကန်းသည်ထိုအဝတ်ဖြူကို ခံယူရာ၏၊ ခံယူပြီး၍ ဝတ်ရုံရာ၏၊ ထိုဝမ်းတွင်းကန်း၏ မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည် မျက်စိကို ကုစားသော ဆေးဆရာကို ပင့်လာကြကုန်ရာ၏။

ထိုမျက်စိကို ကုစားတတ်သော ဆေးဆရာသည် ထိုဝမ်းတွင်းကန်းအား အထက်သို့ အံစေတတ်သောဆေးကိုလည်းကောင်း၊ အောက်သို့သက်စေတတ်သော ဆေးကိုလည်းကောင်း၊ မျက်စဉ်းခတ်ခြင်းကိုလည်းကောင်း၊ မျက်စိဆေးလိမ်းခြင်းကိုလည်းကောင်း၊ နှာနှပ်ခြင်းကိုလည်းကောင်း ဆေးအမျိုးမျိုးတို့ကိုပေးသဖြင့် ကုသရာ၏၊ ထိုဝမ်းတွင်းကန်းသည် ထိုဆေးတို့ကို အစွဲပြု၍ မျက်စိတို့ကို ဖြစ်စေရာ၏၊ မျက်စိတို့ကို သုတ်သင်ရာ၏။ ထိုဝမ်းတွင်းကန်းမှာ မျက်စိအမြင် ဖြစ်သည်နှင့် တစ်ပြိုင်နက် ဆီချေးဖြင့်လိမ်းကျံထားသော မည်းနက်သည့် သိုးမွေးတို့ဖြင့် ပြုထားသော ဤပုဆိုးကြမ်း၌ လိုချင်တပ်မက်ခြင်းသည်ပျောက်ကင်းလေရာ၏၊ ထိုသို့သဘောရှိသော အဝတ်ပုဆိုးကို ပေးသော ယောကျာ်းကိုမူလည်း”အချင်းတို့ ဤယောကျာ်းသည် ငါ့ကို ‘အချင်းယောကျာ်း ဤအဝတ်ပုဆိုးသည် သင့်အတွက်အလွန်အဆင်းလှ၍ အညစ်အကြေးကင်းသော စင်ကြယ်သည့် အဝတ်ဖြူတည်း’ဟု ဆီချေးလိမ်းကျံသောမည်းနက်သည့် သိုးမွေးတို့ဖြင့် ပြုထားသော ပုဆိုးကြမ်းဖြင့် ရှည်မြင့်စွာသော ကာလပတ်လုံးလှည့်ပတ်ဖျက်ဆီးထားခဲ့ သည်တကား”ဟု မိတ်ဆွေမဟုတ်သူ အရာ၌လည်း ထားရာ၏၊ ရန်သူအရာ၌လည်း ထားရာ၏။ သတ် သင့်သည်ဟူ၍လည်း ထင်မှတ်ရာ၏။

မာဂဏ္ဍိယ ဤအတူသာလျှင် ငါသည် သင့်အား “အနာကင်းခြင်းဟူသည် ဤသည်ပင်တည်း၊ နိဗ္ဗာန်ဟူသည် ဤသည်ပင်တည်း”ဟု အကယ်၍ တရားဟောရာ၏၊ ထိုသင်သည် အနာကင်းခြင်းကို သိရာ၏၊ နိဗ္ဗာန်ကို မြင်ရာ၏။ ဤသို့ မြင်သည်ရှိသော် ထိုသင့်အား သိမြင်တတ်သော ဉာဏ်မျက်စိဖြစ်သည်နှင့်တစ်ပြိုင်နက် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ လိုချင်တပ်မက်ခြင်း ပျောက်ကင်းလေရာ၏၊ သင့်အား”အချင်းတို့ ငါ့ကို ဤစိတ်သည် ရှည်မြင့်စွာသော ကာလပတ်လုံး နှိပ်စက်လှည့်ပတ် ဖျက်ဆီးထားခဲ့သည်တကား၊ ငါသည် ရုပ်ကိုသာလျှင် စွဲလမ်းသည်ဖြစ်၍ စွဲလမ်းဖူး၏၊ ဝေဒနာကိုသာလျှင် စွဲလမ်းသည်ဖြစ်၍့စွဲလမ်းဖူး၏၊ သညာကိုသာလျှင် စွဲလမ်းသည်ဖြစ်၍ စွဲလမ်းဖူး၏၊ သင်္ခါရတို့ကိုသာလျှင် စွဲလမ်းသည်ဖြစ်၍စွဲလမ်းဖူး၏၊ ဝိညာဏ်ကိုသာလျှင် စွဲလမ်းသည်ဖြစ်၍ စွဲလမ်းဖူး၏၊ ထိုငါ့အား စွဲလမ်းမှု ‘ဥပါဒါန်’ ဟူသောအကြောင်းကြောင့် ဘဝသည် ဖြစ်ပေါ်၏၊ ဘဝဟူသော အကြောင်းကြောင့် ဇာတိသည် ဖြစ်ပေါ်၏၊ ဇာတိ ဟူသော အကြောင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ ပူဆွေးခြင်း ‘သောက’ ငိုကြွေးခြင်း’ပရိဒေဝ’ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’ တို့သည်ဖြစ်ကုန်၏၊ ဤသို့ ထိုဆင်းရဲအစု ဖြစ်ပေါ်ခြင်းသည် ထင်ရှား၏”ဟူသော အကြံဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။ အကျွန်ုပ်သည် ဤနေရာမှ မကန်းဘဲ ထနိုင်မည့်နည်းလမ်းဖြင့် အသျှင်ဂေါတမသည် အကျွန်ုပ်အားတရားဟောခြင်းငှါ စွမ်းနိုင်၏ဟု ဤသို့ အကျွန်ုပ်သည် အသျှင်ဂေါတမအား ယုံကြည်ပါ၏ဟု (လျှောက်၏)။

၂၂၁။ မာဂဏ္ဍိယ သို့ဖြစ်မူ သင်သည် သူတော်ကောင်းတို့ကို ဆည်းကပ်လော့၊ မာဂဏ္ဍိယ သင်သည်သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ရသောကြောင့် သူတော်ကောင်းတို့၏ တရားကို ကြားနာ ရလတ္တံ့။ မာဂဏ္ဍိယ သင်သည် သူတော်ကောင်းတို့၏ တရားကို ကြားနာရသောကြောင့် လောကုတ္တရာ တရားအားလျော်သောအကျင့်ကို ကျင့်ရလတ္တံ့။ မာဂဏ္ဍိယ သင်သည် လောကုတ္တရာတရားအား လျော်သောအကျင့်ကို ကျင့်ရသောကြောင့် “ဤသည်တို့ကား ရောဂါတို့တည်း၊ အိုင်းအမာတို့တည်း၊ မြားငြောင့်တို့တည်း၊ ဤ၌ ရောဂါတို့သည် အိုင်းအမာတို့သည် မြားငြောင့်တို့သည် အကြွင်းမဲ့ ချုပ်ကုန်၏။ ထိုငါ့အား စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဘဝ၏ ချုပ်ခြင်းသည် ဖြစ်၏၊ ဘဝ၏ ချုပ်ခြင်းကြောင့်ပဋိသန္ဓေတည်နေရမှု ‘ဇာတိ’ ချုပ်၏၊ ပဋိသန္ဓေတည်နေရမှု ‘ဇာတိ’၏ ချုပ်ခြင်းကြောင့် အိုရခြင်း ‘ဇရာ’၊ သေရခြင်း ‘မရဏ’၊ ပူဆွေးရခြင်း ‘သောက’၊ ငိုကြွေးရခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း’ဒေါမနဿ’၊ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’ တို့သည် ချုပ်ကုန်၏၊ ဤသို့ ဤဆင်းရဲတုံးသက်သက်၏ချုပ်ခြင်းသည် ဖြစ်၏”ဟု ကိုယ်တိုင်သာ သိရလတ္တံ့ဟု (မိန့်တော်မူ၏)။

၂၂၂။ ဤသို့ မိန့်တော်မူသော် မာဂဏ္ဍိယပရိဗိုဇ်သည် မြတ်စွာဘုရားအား “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်၍ ထားအပ်သော အရာဝတ္ထုကို လှန်၍ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်း၍ထားအပ်သော အရာဝတ္ထုကို ဖွင့်လှစ်၍ ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်၍ ခရီးမှားသောသူအား ခရီးမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသောသူတို့သည်အဆင်း ‘ရူပါရုံ’ တို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ညှိထွန်းဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းတို့ဖြင့် တရားတော်ကိုဟောပြတော်မူအပ်ပါပေ၏။ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အကျွန်ုပ်သည် အသျှင်ဂေါတမ၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏”ဟု (လျှောက်၏)။ မာဂဏ္ဍိယ အမှန်အားဖြင့် သာသနာတော်မှ တစ်ပါးသော အယူကို ယူဖူးသော အကြင်သူသည် ဤသုတ်အဘိဓမ္မာ ဝိနည်းတည်းဟူသော သာသနာတော်၌ ရှင်အဖြစ်ကို အလိုရှိငြားအံ့၊ ရဟန်းအဖြစ်ကို အလိုရှိငြားအံ့၊ ထိုသူသည် လေးလတို့ပတ်လုံး ပရိဝါသ်နေရာ၏၊ လေးလတို့ကို လွန်သဖြင့် နှစ်သက်အားရသောစိတ်ရှိကြကုန်သော ရဟန်းတော်တို့သည် ရှင်ပြု၍ ပေးကြကုန်လတ္တံ့၊ ရဟန်းဖြစ်ခြင်းငှါ ပဉ္စင်းခံ၍ ပေးကြကုန်လတ္တံ့၊ သို့သော်လည်း ဤအရာ၌ ပုဂ္ဂိုလ်ထူးခြား ကွဲလွဲသော အဖြစ်ကို သိအပ်ပေ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကယ်၍ သာသနာတော်မှ တစ်ပါးသော အယူကို ယူဖူးသောသူသည် ဤသုတ်အဘိဓမ္မာ ဝိနည်းဟူသော သာသနာတော်၌ ရှင်အဖြစ်ကို အလိုရှိပါမူ ရဟန်းအဖြစ်ကို အလိုရှိပါမူ လေးလ့တို့ပတ်လုံး ပရိဝါသ်နေရ၏၊ လေးလတို့ကို လွန်သဖြင့် နှစ်သက်အားရသော စိတ်ရှိကြကုန်သော ရဟန်းတို့သည် ရှင်ပြု၍ ပေးကုန်ငြားအံ့၊ ရဟန်းဖြစ်ခြင်းငှါ ပဉ္စင်းခံ၍ ပေးကုန်ငြားအံ့။ အကျွန်ုပ်သည် လေးနှစ်တို့ ကာလပတ်လုံး ပရိဝါသ်နေပါအံ့၊ လေးနှစ်တို့လွန်သောအခါ နှစ်သက်အားရသော စိတ်ရှိကြကုန်သောရဟန်းတို့သည် ရှင်ပြု၍ ပေးကြပါကုန်လော့၊ ရဟန်းဖြစ်ခြင်းငှါ ပဉ္စင်းခံ၍ ပေးကြပါကုန်လော့ဟု (လျှောက်၏)။

မာဂဏ္ဍိယပရိဗိုဇ်သည် မြတ်စွာဘုရား၏ အထံတော်၌ ရှင်အဖြစ်ကို ရပြီ၊ ပဉ္စင်းအဖြစ်ကို ရပြီ။ အသျှင်မာဂဏ္ဍိယမထေရ်သည် ရဟန်းပြု၍ မကြာမြင့်မီပင်လျှင် တစ်ပါးတည်း ဆိတ်ငြိမ်ရာ အရပ်သို့ကပ်၍ မမေ့မလျော့ လုံ့လရှိသည်ဖြစ်၍ (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော်မကြာမြင့်မီပင်လျှင် လူ့ဘောင်မှ ရဟန်းဘောင်၌ ကောင်းစွာသာလျှင် ရဟန်းပြုကြကုန်သောအမျိုးကောင်း သားများ မျှော်လင့်ထားသော အတုမဲ့သော မြတ်သောအကျင့်၏ ဆုံးခန်းတိုင်မှုကိုမျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေရပြီ။ “တစ်ဖန် ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤအရဟတ္တဖိုလ်အကျိုးငှါ တစ်ပါး သော ပြုဖွယ်ကိစ္စ မရှိတော့ပြီ”ဟု သိပြီ၊ အသျှင်မာဂဏ္ဍိယသည်ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေပြီတည်း။

ငါးခုမြောက် မာဂဏ္ဍိယသုတ် ပြီး၏။