မဇ္ဈိမနိကာယ်

၇—မဟာသကုလုဒါယိသုတ်

၂၃၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သော ဝေဠုဝန့်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အလွန်ထင်ရှားကုန်သော များစွာသော ပရိဗိုဇ်တို့သည်ဥဒေါင်းတို့အား အစာကျွေးရာဖြစ်သော ပရိဗိုဇ်အရံ၌ နေကုန်၏။ ဤသည်တို့ကား အဘယ်နည်း၊ အန္နဘာရပရိဗိုဇ် ဝရဓရ ပရိဗိုဇ် သကုလုဒါယီပရိဗိုဇ်နှင့် အခြားထင်ရှားကျော်စောသော ပရိဗိုဇ်တို့တည်း။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင်ရာဇဂြိုဟ်ပြည်သို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားအား “ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံသွားရန် အလွန်စောသေး၏၊ အကယ်၍ ငါသည် ဥဒေါင်းတို့အား အစာကျွေးရာဖြစ်သော ပရိဗိုဇ်အရံရှိသကုလုဒါယီပရိဗိုဇ်ထံသို့ ချဉ်းကပ်ရမူ ကောင်းလေရာ၏”ဟု အကြံဖြစ်၏။

ထိုအခါ မြတ်စွာဘုရားသည် ဥဒေါင်းတို့အား အစာကျွေးရာဖြစ်သော ပရိဗိုဇ်အရံသို့ ချဉ်းကပ်တော်မူ၏။ ထိုအခါ သကုလုဒါယီပရိဗိုဇ်သည် များပြားသော (မဂ်ဖိုလ်မှ) ဖီလာစကားကို ပဲ့တင်ထပ်မျှ ပြင်းပြကျယ်လောင်သော အသံဖြင့် ပြောဆိုလျက် များစွာသော ပရိဗိုဇ်ပရိသတ်နှင့် အတူနေ၏။ ဤသည်ကားအဘယ်နည်း။ မင်းနှင့်စပ် သောစကား ခိုးသူနှင့်စပ်သောစကား အမတ်ကြီးနှင့်စပ်သောစကား စစ်သည်နှင့်စပ်သောစကား ကြောက်ဖွယ်နှင့် စပ်သောစကား စစ်ထိုးခြင်းနှင့်စပ်သောစကား စားဖွယ်နှင့်စပ်သောစကား သောက်ဖွယ်နှင့်စပ်သောစကား အဝတ်နှင့်စပ်သောစကား အိပ်ရာနှင့်စပ်သောစကား ပန်းနှင့်စပ်သောစကား နံ့သာနှင့်စပ်သောစကား ဆွေမျိုးနှင့်စပ်သောစကား ယာဉ်နှင့်စပ်သောစကား ရွာနှင့်စပ်သောစကား နိဂုံးနှင့်စပ်သောစကား မြို့နှင့်စပ်သောစကား နယ်နှင့်စပ်သောစကား မိန်းမနှင့်စပ်သောစကားယောကျာ်းနှင့်စပ်သောစကား သူရဲကောင်းနှင့်စပ်သောစကား လမ်းနှင့်စပ်သောစကား ရေခပ်ဆိပ်နှင့်စပ်သောစကား သေလွန်သူနှင့်စပ်သောစကား အထွေထွေနှင့်စပ်သောစကား လောက (အကြောင်းနှင့်) စပ်သောစကား သမုဒ္ဒရာ (အကြောင်း) နှင့်စပ်သောစကား ကြီးပွါးဆုတ်ယုတ်ခြင်းနှင့်စပ်သောစကားတို့တည်း။ သကုလုဒါယီပရိဗိုဇ်သည် ကြွလာသော မြတ်စွာဘုရားကို အဝေးကပင် မြင်လတ်သော် “အသျှင်တို့ တိတ်ဆိတ်စွာ နေကြကုန်လော့၊ အသံမပြုကြကုန်လင့်၊ ဤရဟန်းဂေါတမသည် ကြွလာနေ၏၊ ထိုအသျှင်သည်တိတ်ဆိတ်ခြင်းကို အလိုရှိ၏၊ တိတ်ဆိတ်ရာ၏ ဂုဏ်ကို ဆိုလေ့ရှိ၏၊ ပရိသတ်အသံ တိတ်နေသည်ကိုသိလျှင် ချဉ်းကပ်သင့်သည်ဟု အောက်မေ့တန်ရာ၏”ဟု မိမိပရိသတ်ကို သေဝပ်စွာနေရန် ပြောဆို၏။ ထိုသို့ဆိုသော် ပရိဗိုဇ်တို့သည် ဆိတ်ဆိတ်နေကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် သကုလုဒါယီပရိဗိုဇ်ထံသို့ ချဉ်းကပ်တော်မူ၏။ ထိုအခါ သကုလုဒါယီပရိဗိုဇ်သည် မြတ်စွာဘုရားအား “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ကြွလာတော်မူပါကုန်လော့၊ အသျှင်ဘုရား မြတ်စွာဘုရား၏ ကြွလာခြင်းသည် ကောင်းသော ကြွလာခြင်း ဖြစ်ပါသည်၊ အသျှင်ဘုရားမြတ်စွာ ဘုရားသည် ဤအရပ်သို့ ကြွလာတော်မူရန် အလှည့်ကို ကြာမြင့်မှ ပေးတော်မူဘိ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ထိုင်တော်မူပါ၊ ဤနေရာကို ပြင်ထားပါ၏”ဟု လျှောက်၏။ မြတ်စွာဘုရားသည် ပြင်ထားသော နေရာ၌ ထိုင်တော်မူ၏။ သကုလုဒါယီပရိဗိုဇ်သည်လည်း နိမ့်သောထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသောသကုလုဒါယီပရိဗိုဇ်အား မြတ်စွာ ဘုရားသည် ဤစကားကို မိန့်တော်မူ၏—

၂၃၈။ ဥဒါယီ ယခုအခါ အဘယ်စကားဖြင့် အသင်တို့ စည်းဝေးနေကြသနည်း၊ သင်တို့၏ မပြီးဆုံးသေးသော အကြားစကားသည် အဘယ်နည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့စုဝေးထိုင်နေလျက် ပြောဆိုနေကြသော စကားကို ထားပါဦး၊ ဤစကားသည် မြတ်စွာဘုရားအားနောက်အခါ၌လည်း ကြားနာရန် ခဲယဉ်းမည် မဟုတ်ပါ၊ အသျှင်ဘုရား ယခင့်ယခင်နေ့တို့၌ စကားအသစ်အဆန်း ထောက်လှမ်း နာကြားရာ ဇရပ်၌ အထူးထူးသော အယူရှိကုန်သော သမဏဗြာဟ္မဏတို့ စုဝေးနေထိုင်ကြရာတွင် ဤအကြားစကားသည် ထင်ရှားဖြစ်ပါ၏— “အချင်းတို့ အင်္ဂတိုင်း မဂဓတိုင်းသူ တိုင်းသားတို့အား အရတော်ပေစွတကား၊ အချင်းတို့ အင်္ဂတိုင်း မဂဓတိုင်းသူ တိုင်းသားတို့အား အလွန်အရ့တော်ပေစွတကား၊ ထိုအင်္ဂတိုင်း မဂဓတိုင်းတို့၌ တပည့်အပေါင်းနှင့်လည်း ပြည့်စုံသော ဂိုဏ်းနှင့်လည်းပြည့်စုံသော ဂိုဏ်းဆရာလည်းဖြစ်သော ထင်ရှားသော ကျော်စောသော အယူဝါဒတီထွင်သူဖြစ်သောသူတော်ကောင်းဟု လူအများက သမုတ်ထားသော ဤသမဏဗြာဟ္မဏတို့သည် ဤရာဇဂြိုဟ်ပြည်သို့ဝါကပ်ရန် ရောက်လာကုန်၏။ ဤပူရဏကဿပသည် တပည့်အပေါင်းနှင့် ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်းပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒတီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်၏၊ ထိုပူရဏကဿပသည်လည်း ရာဇဂြိုဟ်ပြည်သို့ ဝါကပ်ရန်ရောက်လာ၏။ ဤမက္ခလိဂေါသာလသည်လည်း။ပ။ အဇိတကေသကမ္ဗလသည်။ ပကုဓကစ္စာယနသည်။ သဉ္စယဗေလဋ္ဌပုတ္တသည်။ နိဂဏ္ဌနာဋပုတ္တသည် တပည့်အပေါင်းနှင့် ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်းပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒတီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်၏၊ ထိုနိဂဏ္ဌနာဋပုတ္တသည်လည်း ရာဇဂြိုဟ်ပြည်သို့ ဝါကပ်ရန် ရောက်လာ၏။ ဤရဟန်းဂေါတမသည်လည်း တပည့်အပေါင်းနှင့် ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒတီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟုလူအများက သမုတ်ထားသူ ဖြစ်၏၊ ထိုရဟန်းဂေါတမသည်လည်း ရာဇဂြိုဟ်ပြည်သို့ ဝါကပ်ရန် ရောက်လာ၏။ ထိုအင်္ဂတိုင်း မဂဓတိုင်းတို့၌ တပည့်အပေါင်းနှင့်လည်း ပြည့်စုံသော ဂိုဏ်းနှင့်လည်း ပြည့်စုံသောဂိုဏ်းဆရာလည်းဖြစ်သော ထင်ရှားသော ကျော်စောသော အယူဝါဒတီထွင်သူဖြစ်သော သူတော်ကောင်းဟုလူအများက သမုတ်ထားသူဖြစ်သော ဤသမဏဗြာဟ္မဏတို့သည် ဤရာဇဂြိုဟ်ပြည်သို့ ဝါကပ်ရန်ရောက်ကုန်၏။ ဤအသျှင်သမဏဗြာဟ္မဏတို့တွင် အဘယ်သမဏဗြာဟ္မဏသည် တပည့်တို့၏ အရိုသေခံရ အလေးစားခံရ အမြတ်နိုးခံရ အပူဇော်ခံရလေသနည်း။ အဘယ်သမဏ ဗြာဟ္မဏကို တပည့်တို့သည်အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေကြကုန်သနည်း”ဟု အကြားစကားသည် ဖြစ်ပါ၏ဟု (လျှောက်၏)။

၂၃၉။ ထိုအစည်းအဝေး၌ အချို့သော သူတို့သည် ဤသို့ ဆိုကြကုန်၏—“ဤပူရဏကဿပသည်တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒတီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်၏၊ ထိုပူရဏကဿပသည်လည်း တပည့်တို့၏ အရိုအသေမခံရ အလေးစားမခံရ အမြတ်နိုးမခံရ အပူဇော်မခံရ။ ပူရဏကဿပကိုလည်း တပည့်တို့သည် အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ မနေကြကုန်။ ရှေးကဖြစ်ဖူးသည်ကား ပူရဏကဿပသည် အရာမက များစွာသော ပရိသတ်၌ တရားဟော၏။ ထိုပရိသတ်၌ပူရဏကဿပ၏ တပည့်တစ်ယောက်သည် ‘အသျှင်တို့ သင်တို့သည် ပူရဏကဿပကို ဤအကြောင်းကိုမမေးကြပါကုန်လင့်၊ ဤပူရဏကဿပသည် ဤအကြောင်းကို မသိပါ၊ ငါတို့သည် ဤအကြောင်းကိုသိကုန်၏၊ ငါတို့အား ဤအကြောင်းကို မေးကြကုန်လော့၊ ငါတို့သည် ဤအကြောင်းကို အသျှင်တို့အားဖြေကြားကုန်အံ့’ဟု အသံပြု၏။

ရှေးက ဖြစ်ဖူးသည်ကား ပူရဏကဿပသည် လက်မောင်းတို့ကို မြှောက်ချီလျက် ‘အသျှင်တို့တိတ်ဆိတ်စွာ နေကြကုန်လော့၊ အသျှင်တို့ အသံကို မပြုကြပါကုန်လင့်၊ ဤသူတို့သည် အသျှင်တို့ကိုမမေးကြပါကုန်၊ ဤသူတို့သည် ငါတို့ကို မေးကြပါကုန်၏၊ ငါတို့သည် ဤသူတို့အား ဖြေကြားပါကုန်အံ့’ဟု မြည်တမ်းသော်လည်း မရပေ။

ပူရဏကဿပ၏ များစွာသော တပည့်တို့သည် ‘သင်သည် ဤဓမ္မဝိနယကို မသိ၊ ငါသည် ဤဓမ္မဝိနယကို သိ၏။ သင်သည် ဤဓမ္မဝိနယကို အသို့သိနိုင်အံ့နည်း၊ သင်သည် မှားသော အကျင့်ရှိသူဖြစ်၏၊ ငါသည် မှန်သော အကျင့်ရှိသူ ဖြစ်၏၊ ငါ၏ စကားသည် စေ့စပ်၏၊ သင်၏ စကားသည် မစေ့စပ်၊ သင်သည် ရှေးဦးဆိုသင့်သည်ကို နောက်မှ ဆို၏၊ နောက်မှ ဆိုသင့်သည်ကို ရှေးဦးဆို၏၊ သင်၏့ကြာမြင့်စွာ လေ့လာထားသော စကားသည် (သင့်ဆီသို့) ပြန်လှည့်၍ တည်လေပြီ၊ သင့်အယူ၌ ရှိသောအပြစ်ကို ငါတင်ပြပြီ၊ သင် အရေးနိမ့်ပြီ၊ (ငါတင်ပြသော) အပြစ်မှ လွတ်မြောက်ရန် ရှာကြံချေဦးလော့၊ အကယ်၍ စွမ်းနိုင်လျှင်လည်း (ယခုပင်) ဖြေရှင်းလော့’ဟု ဝါဒတင်၍ ဖဲခွါသွားကြကုန်၏၊ ဤသို့လျှင်ပူရဏကဿပသည် တပည့်တို့၏ အရိုအသေမခံရ အလေးပြုမခံရ အမြတ်နိုးမခံရ အပူဇော်မခံရ၊ ပူရဏကဿပကိုမူလည်း တပည့်တို့သည် အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ မနေကြကုန်၊ ပူရဏကဿပသည်ကား သဘာဝမှန်ဖြစ်သော ဆဲရေးခြင်းဖြင့် အဆဲခံရသူ ဖြစ်၏”ဟု (ဆိုကြကုန်၏)။

အချို့သောသူတို့သည် ဤသို့ ဆိုကြကုန်၏ “ဤမက္ခလိဂေါသာလသည်လည်း။ပ။ အဇိတကေသကမ္ဗလသည်။ ပကုဓကစ္စာယနသည်။ သဉ္စယဗေလဋ္ဌပုတ္တသည်။ နိဂဏ္ဌနာဋပုတ္တသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒတီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်၏၊ ထိုနိဂဏ္ဌနာဋပုတ္တသည်လည်း တပည့်တို့၏ အရိုအသေမခံရ အလေးပြုမခံရ အမြတ်နိုးမခံရ အပူဇော်မခံရ။ နိဂဏ္ဌနာဋပုတ္တကိုလည်း တပည့်တို့သည် အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ မနေကြကုန်။ ရှေးက ဖြစ်ဖူးသည်ကား နိဂဏ္ဌနာဋပုတ္တသည် အရာမက များစွာသော ပရိသတ်၌ တရားဟော၏။ ထိုပရိသတ်၌နိဂဏ္ဌနာဋပုတ္တ၏ တပည့်တစ်ယောက်သည် ‘အသျှင်တို့ နိဂဏ္ဌနာဋပုတ္တအား ဤအကြောင်းကို မမေးကြပါကုန်လင့်။ ဤနိဂဏ္ဌနာဋပုတ္တသည် ဤအကြောင်းကို မသိပါ၊ ငါတို့သည် ဤအကြောင်းကို သိပါကုန်၏၊ ငါတို့အား ဤအကြောင်းကို မေးပါကုန်လော့၊ ငါတို့သည် ဤအကြောင်းကို အသျှင်တို့အား ဖြေကြားကုန်အံ့’ဟု အသံပြု၏။ ရှေးက ဖြစ်ဖူးသည်ကား နိဂဏ္ဌနာဋပုတ္တသည် လက်မောင်းတို့ကို မြှောက်ချီလျက် ‘အသျှင်တို့ တိတ်ဆိတ်စွာ နေကြပါကုန်လော့၊ အသျှင်တို့ အသံကို မပြုကြပါကုန်လင့်၊ ဤသူတို့သည် အသျှင်တို့ကို မမေးကြပါကုန်၊ ဤသူတို့သည် ငါတို့ကို မေးပါကုန်၏၊ ငါတို့သည် ဤသူတို့အားဖြေကြားပါကုန်အံ့’ဟု မြည်တမ်းသော်လည်း မရပေ။

နိဂဏ္ဌနာဋပုတ္တ၏ များစွာသော တပည့်တို့သည် ‘သင်သည် ဤဓမ္မဝိနယကို မသိ၊ ငါသည် ဤဓမ္မဝိနယကို သိ၏၊ သင်သည် ဤဓမ္မဝိနယကို အသို့သိနိုင်အံ့နည်း၊ သင်သည် မှားသော အကျင့်ရှိသူဖြစ်၏၊ ငါသည် မှန်သော အကျင့်ရှိသူ ဖြစ်၏၊ ငါ၏ စကားသည် စေ့စပ်၏၊ သင်၏ စကားသည် မစေ့စပ်၊ သင်သည် ရှေးဦး ဆိုသင့်သည်ကို နောက်မှ ဆို၏၊ နောက်မှ ဆိုသင့်သည်ကို ရှေးဦးဆို၏၊ သင်၏ကြာမြင့်စွာ လေ့လာထားသော စကားသည် (သင့်ဆီသို့) ပြန်လှည့်၍ တည်လေပြီ၊ သင့်အယူ၌ ရှိသောအပြစ်ကို ငါတင်ပြပြီ၊ သင်အရေးနိမ့်ပြီ၊ (ငါတင်ပြသော) အပြစ်မှ လွတ်မြောက်ရန် ရှာကြံချေဦးလော့၊ အကယ်၍ စွမ်းနိုင်လျှင်လည်း (ယခုပင်) ဖြေရှင်းလော့’ဟု ဝါဒတင်၍ ဖဲခွါသွားကြကုန်၏။ ဤသို့လျှင်နိဂဏ္ဌနာဋပုတ္တသည် တပည့်တို့၏ အရိုအသေမခံရ အလေးပြုမခံရ အမြတ်နိုးမခံရ အပူဇော်မခံရ။ နိဂဏ္ဌနာဋပုတ္တကိုလည်း တပည့်တို့သည် အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ မနေကြကုန်။ နိဂဏ္ဌနာဋပုတ္တသည်လည်း သဘာဝမှန်ဖြစ်သော ဆဲရေးခြင်းဖြင့် အဆဲခံရသူ ဖြစ်၏”ဟု (ဆိုကြကုန်၏)။

၂၄ဝ။ အချို့သော သူတို့သည် ဤသို့ ဆိုကြကုန်၏—“ဤရဟန်းဂေါတမသည်လည်း တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်၏။ ထိုရဟန်းဂေါတမသည်ကား တပည့်တို့၏ အရိုအသေခံရ၏၊ အလေးပြုခံရ၏၊ အမြတ်နိုးခံရ၏၊ အပူဇော်ခံရ၏၊ ရဟန်းဂေါတမကိုလည်း တပည့်တို့သည် ရိုသေ၍ လေးစား၍ အမှီပြု၍ နေကြကုန်၏။ ရှေးကဖြစ်ဖူးသည်ကား ရဟန်းဂေါတမသည် အရာမက များစွာသော ပရိသတ်၌ တရားဟော၏။ ထိုပရိသတ်၌ရဟန်းဂေါတမ၏ တပည့်ရဟန်းတစ်ပါးသည် ချောင်းဟန့်၏၊ ထိုချောင်းဟန့်သူကို သီတင်းသုံးဖော်တစ်ယောက်သည် ‘ငါ့သျှင် တိတ်ဆိတ်စွာနေပါလော့၊ အသျှင်သည် အသံမပြုပါလင့်၊ ငါတို့၏ဆရာ့မြတ်စွာ ဘုရားသည် တရားဟောနေ၏’ဟု ဆို၍ ဒူးဖြင့်တို့၏။ ရဟန်းဂေါတမသည် အရာမကများပြားသော ပရိသတ်၌ တရားဟောနေသောအခါ ရဟန်းဂေါတမ၏ တပည့်တို့အားချေဆတ်သံသော်လည်းကောင်း ချောင်းဟန့်သံသော်လည်းကောင်း မဖြစ်သည်သာတည်း။ ‘မြတ်စွာဘုရားသည် ငါတို့အား ဟောမည့် တရားကို နာကြားကြကုန်အံ့’ဟု ထိုရဟန်းဂေါတမကိုတောင့်တသော သဘောရှိ သည်ဖြစ်၍ လူများ အပေါင်းသည် ရှေးရှုတည်နေ၏။ လမ်းမကြီးလေးခုဆုံလေရာ၌ ပျားကောင် ပျားဥမရှိသော ပျားရည်ကို ပေးဝေနေသည့် ယောကျာ်းကိုလူများအပေါင်းသည် တောင့်တသော သဘောရှိသည်ဖြစ်၍ ရှေးရှု တည်ရ သကဲ့သို့ ဤအတူသာလျှင်ရဟန်းဂေါတမသည် အရာမက များစွာသော ပရိသတ်၌ တရားဟောနေ သောအခါ မြတ်စွာဘုရား၏တပည့်တို့အား ချေဆတ်သံသော်လည်းကောင်း၊ ချောင်းဟန့်သံသော်လည်း ကောင်း မဖြစ်သည်သာတည်း၊ ‘မြတ်စွာဘုရားသည် ငါတို့အား ဟောမည့်တရားကို နာကြားကြကုန်အံ့’ဟု ထိုရဟန်း ဂေါတမကိုတောင့်တသော သဘောရှိသည်ဖြစ်၍ လူများအပေါင်းသည် ရှေးရှုတည်နေ၏။

ရဟန်းဂေါတမ၏ တပည့်တို့သည် သီတင်းသုံးဖော်တို့နှင့် မသင့်တင့်၍ သိက္ခာချလျက် လူထွက်ကြစေကာမူ ဘုရား၏ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိကုန်၏၊ တရား၏ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိကုန်၏၊ သံဃာ၏ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိကုန်၏၊ သူတစ်ပါးကို မကဲ့ရဲ့ကုန်မူ၍ ‘ငါတို့သည်သာလျှင်ကျက်သရေမရှိကြကုန်၊ ငါတို့သည် ဘုန်းကံနည်းပါးကုန်၏၊ ထိုငါတို့သည် ဤသို့ ကောင်းစွာ ဟောကြားထားသော သာသနာတော်၌ ရဟန်းပြုကြပါကုန်လျက် အသက်ထက်ဆုံး ပြည့်ပြည့်စုံစုံ စင်စင်ကြယ်ကြယ်မြတ်သော အကျင့်ကို ကျင့်ရန် မတတ်နိုင်ကြကုန်’ဟု မိမိကိုယ်ကိုသာလျှင် ကဲ့ရဲ့ကြကုန်၏။

ထိုသူတို့သည် အရံစောင့်အဖြစ်ဖြင့်သော်လည်းကောင်း၊ ဥပါသကာအဖြစ်ဖြင့်သော်လည်းကောင်း၊ ငါးပါးသီလတို့ကို ဆောက်တည်၍ ကျင့်ကြကုန်၏။ ဤသို့လျှင် ရဟန်းဂေါတမသည် တပည့်တို့၏ အရိုအသေခံရ၏၊ အလေးအစားခံရ၏၊ အမြတ်အနိုးခံရ၏၊ အပူဇော်ခံရ၏။ ရဟန်းဂေါတမကိုလည်း တပည့်တို့သည် အရိုအသေပြု၍ အလေးအမြတ်ပြု၍ အမှီပြု၍ နေကြကုန်၏ဟု (ဆိုကုန်၏)။

၂၄၁။ ဥဒါယီ ငါ့ကို တပည့်များ ရိုသေ လေးစား မြတ်နိုး ပူဇော်ကြောင်းဖြစ်သော အရိုအသေပြု၍အလေးပြု၍ အမှီပြု၍ နေကြောင်းဖြစ်သော အဘယ်မျှသော တရားတို့ကို ငါ၌ ရှိသည်ဟုသင်မြင်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြတ်စွာဘုရားကို တပည့်တို့သည် ရိုသေ လေးစားမြတ်နိုး ပူဇော်ကြောင်းဖြစ်သော အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေကြောင်းဖြစ်သော ငါးပါးသောတရား တို့ကို မြတ်စွာဘုရား၌ (ရှိသည်ဟု) အကျွန်ုပ်မြင်ပါ၏။ အဘယ်ငါးပါးတို့နည်းဟူမူ—အသျှင်ဘုရား မြတ်စွာဘုရားသည် အာဟာရနည်းပါး၏၊ အာဟာရနည်းပါးခြင်း၏ဂုဏ်ကိုလည်းချီးကျူးတော်မူလေ့ရှိ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အာဟာရနည်းပါး၍အာဟာရနည်းပါးခြင်း၏ဂုဏ်ကိုလည်း ချီးကျူး တော်မူလေ့ရှိခြင်းဟူသော ဤပဌမတရားကိုမြတ်စွာဘုရား၌ (ရှိသည်ဟု) အကျွန်ုပ်ကောင်းစွာ မြင်ပါ၏၊ ယင်းတရားကြောင့် မြတ်စွာဘုရားကိုတပည့်တို့သည် ရိုသေကုန်၏၊ လေးစားကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ အရိုအသေပြု၍အလေးပြု၍ အမှီပြု၍ နေကုန်၏။ (၁)

အသျှင်ဘုရား တစ်ဖန်ထို့ပြင်လည်း မြတ်စွာဘုရားသည် ရရသမျှသော သင်္ကန်းဖြင့် ရောင့်ရဲ၏၊ ရရသမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း ချီးကျူးတော်မူလေ့ရှိ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရရသမျှသော သင်္ကန်းဖြင့် ရောင့်ရဲ၍ ရရသမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်းချီးကျူးတော်မူလေ့ရှိခြင်းဟူသော ဤဒုတိယတရားကို မြတ်စွာဘုရား၌ (ရှိသည်ဟု) အကျွန်ုပ်ကောင်းစွာမြင်ပါ၏၊ ယင်းတရားကြောင့် မြတ်စွာဘုရားကို တပည့်တို့သည် ရိုသေကုန်၏၊ လေးစားကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေကုန်၏။ (၂)

အသျှင်ဘုရား တစ်ဖန်ထို့ပြင်လည်း မြတ်စွာဘုရားသည် ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း ချီးကျူးတော်မူလေ့ရှိ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲ၍ ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း ချီးကျူးတော်မူလေ့ရှိခြင်းဟူသော ဤတတိယတရားကို မြတ်စွာဘုရား၌ (ရှိသည်ဟု) အကျွန်ုပ်ကောင်းစွာမြင်ပါ၏၊ ယင်းတရားကြောင့် မြတ်စွာဘုရားကို တပည့်တို့သည် ရိုသေကုန်၏၊ လေးစားကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေကုန်၏။ (၃)

အသျှင်ဘုရား တစ်ဖန်ထို့ပြင်လည်း မြတ်စွာဘုရားသည် ရရသမျှသော ကျောင်းဖြင့် ရောင့်ရဲ၏၊ ရရသမျှသော ကျောင်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကိုလည်း ချီးကျူးတော်မူလေ့ရှိ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရရသမျှသော ကျောင်းဖြင့် ရောင့်ရဲ၍ ရရသမျှသော ကျောင်းဖြင့်ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း ချီးကျူးတော်မူလေ့ ရှိခြင်းဟူသော ဤစတုတ္ထတရားကို မြတ်စွာဘုရား၌ (ရှိသည်ဟု) အကျွန်ုပ်ကောင်းစွာ မြင်ပါ၏၊ ယင်းတရားကြောင့် မြတ်စွာဘုရားကို တပည့်တို့သည်ရိုသေကုန်၏၊ လေးစားကုန်၏၊ မြတ်နိုး ကုန်၏၊ ပူဇော်ကုန်၏၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍နေကုန်၏။ (၄)

အသျှင်ဘုရား တစ်ဖန်ထို့ပြင်လည်း မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာအရပ်သို့ ကပ်တော်မူ၏၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ခြင်း၏ဂုဏ်ကိုလည်း ချီးကျူးတော်မူလေ့ရှိ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည်ဆိတ်ငြိမ်ရာ အရပ်သို့ကပ်၍ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ခြင်း၏ဂုဏ်ကိုလည်း ချီးကျူးတော်မူလေ့ရှိခြင်းဟူသော ဤပဉ္စမတရားကို မြတ်စွာဘုရား၌ (ရှိသည်ဟု) အကျွန်ုပ်ကောင်းစွာ မြင်ပါ၏၊ ယင်းတရားကြောင့် မြတ်စွာဘုရားကို တပည့်တို့သည် ရိုသေကုန်၏၊ လေးစားကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေကုန်၏။ (၅)

အသျှင်ဘုရား မြတ်စွာဘုရားကို တပည့်သားတို့ ရိုသေ လေးစား မြတ်နိုး ပူဇော်ကြောင်းဖြစ်သောအရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေကြောင်းဖြစ်သော ဤတရားငါးပါးတို့ကို မြတ်စွာဘုရား၌ (ရှိသည်ဟု) အကျွန်ုပ် ကောင်းစွာ မြင်ပါ၏ဟု (လျှောက်၏)။

၂၄၂။ ဥဒါယီ အကယ်၍ ငါ့ကို “ရဟန်းဂေါတမသည် အာဟာရနည်းပါး၏၊ အာဟာရနည်းပါးခြင်း၏ဂုဏ်ကိုလည်း ချီးကျူးလေ့ရှိ၏”ဟု နှလုံးသွင်း၍ တပည့်တို့သည် ရိုသေလေးစားကုန် မြတ်နိုးကုန်ပူဇော်ကုန်ငြားအံ့၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေကုန်ငြားအံ့၊ ဥဒါယီ ထိုသို့ဖြစ်မူ ဆွမ်းတစ်လောင်းစာမျှ ဆွမ်းတစ် လောင်းစာဝက်မျှ ဥသျှစ်သီးမျှ ဥသျှစ်သီးတစ်ဝက်မျှ အာဟာရရှိကုန်သောငါ၏တပည့်တို့သည် ရှိကုန်၏။ ဥဒါယီ ငါသည် တစ်ခါတစ်ရံ ဤသပိတ်ဖြင့် အောက်နားရေးနှင့်အမျှသောဆွမ်းကိုလည်း သုံးဆောင်၏၊ ထို့ထက် အလွန်လည်း သုံးဆောင်၏။ ဥဒါယီ အကယ်၍ ငါ့ကို “ရဟန်းဂေါတမသည် အာဟာရနည်းပါး၏။ အာဟာရနည်းပါးခြင်း၏ ဂုဏ်ကိုလည်း ချီးကျူးလေ့ရှိ၏”ဟု နှလုံးသွင်း၍ တပည့်တို့သည် ရိုသေကုန် လေးစားကုန် မြတ်နိုးကုန် ပူဇော်ကုန်ငြားအံ့၊ အရိုအသေပြု၍အလေးပြု၍ အမှီပြု၍ နေကုန်ငြားအံ့။ ဥဒါယီ ဆွမ်းတစ်လောင်း စာမျှ ဆွမ်းတစ်လောင်းစာဝက်မျှဥသျှစ်သီးမျှ ဥသျှစ်သီးတစ်ဝက်မျှ အာဟာရရှိကုန်သော ငါ၏ ထိုတပည့်တို့ သည် ဤအာဟာရနည်းပါးမှုရှိသော အကျင့်တရားဖြင့် ငါ့ကို မရိုသေကုန်ရာ၊ မလေးစားကုန်ရာ၊ မမြတ်နိုးကုန်ရာ၊ မပူဇော်ကုန်ရာ၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ မနေကုန်ရာ။ (၁)

ဥဒါယီ အကယ်၍ ငါ့ကို “ရဟန်းဂေါတမသည် ရရသမျှသော သင်္ကန်းဖြင့် ရောင့်ရဲ၏၊ ရရသမျှသောသင်္ကန်းဖြင့် ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း ချီးကျူးလေ့ရှိ၏”ဟု တပည့်တို့သည် ရိုသေကုန်ငြားအံ့၊ လေးစားကုန်ငြားအံ့၊ မြတ်နိုးကုန်ငြားအံ့၊ ပူဇော်ကုန်ငြားအံ့၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍နေကုန်ငြားအံ့၊ ဥဒါယီ မြေမှုန့်အလိမ်းလိမ်းကပ်သော ပံ့သကူသင်္ကန်းကို ဆောင်ကုန်သော, ့ခေါင်းပါးသော သင်္ကန်းကို ဆောင်ကုန်သော ငါ၏တပည့်တို့သည် ရှိကုန်၏၊ ထိုတပည့်တို့သည်သုသာန်သင်းချိုင်းမှလည်း ကောင်း၊ တံမြက်ချေးစုရာအမှိုက်ပုံမှလည်းကောင်း၊ အိမ်ဈေးမှလည်းကောင်းအဝတ်စုတ်တို့ကို ရွေးချယ် ကာ ဒုကုဋ်သင်္ကန်းပြု၍ ဆောင်ကုန်၏။ ဥဒါယီ ငါသည် တစ်ရံတစ်ခါဒါယကာတို့လှူဒါန်းသော သင်္ကန်း တို့ကို ဆောင်၏၊ ခိုင်ခံ့ကုန်သော ဓားဖြင့် ဖြတ်ထားသောကြောင့်ခေါင်းပါးမှုရှိကုန်သော ဘူးသီးမွေးနှင့်အ တူ နူးညံ့သည့်အမွေးရှိသော သင်္ကန်းတို့ကိုလည်း ဆောင်၏။ ဥဒါယီ အကယ်၍ ငါ့ကို “ရဟန်းဂေါတမ သည် ရရသမျှသောသင်္ကန်းဖြင့် ရောင့်ရဲ၏၊ ရရသမျှသောသင်္ကန်းဖြင့် ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း ချီးကျူးလေ့ရှိ၏”ဟု တပည့်တို့သည် ရိုသေကုန်ငြားအံ့၊ လေးစားကုန်ငြားအံ့၊ မြတ်နိုးကုန်ငြားအံ့၊ ပူဇော်ကုန်ငြားအံ့၊ အရိုအသေပြု၍ အလေးပြု၍အမှီပြု၍နေကုန်ငြားအံ့။ ဥဒါယီ ထိုသို့ဖြစ်မူ မြေမှုန့် အလိမ်းလိမ်းကပ်သော ပံ့သကူသင်္ကန်းကိုဆောင်ကုန်သော ခေါင်းပါးသော သင်္ကန်းကို ဆောင်ကုန်သော သုသာန်သင်းချိုင်းမှလည်းကောင်း၊ တံမြက်ချေးစုရာအမှိုက်ပုံမှလည်းကောင်း၊ အိမ်ဈေးမှလည်းကောင်း အဝတ်စုတ်တို့ကို ရွေးချယ်ကာဒုကုဋ်သင်္ကန်း ပြု၍ ဆောင်ကုန်သော ငါ၏ထိုတပည့်တို့သည် ငါ့ကို ဤ သင်္ကန်း၌ ရောင့်ရဲသောအကျင့်တရားဖြင့် မရိုသေကုန်ရာ၊ မလေးစားကုန်ရာ၊ မမြတ်နိုးကုန်ရာ၊ မပူဇော် ကုန်ရာ၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ မနေကုန်ရာ။ (၂)

ဥဒါယီ အကယ်၍ ငါ့ကို “ရဟန်းဂေါတမသည် ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ရရသမျှသောဆွမ်းဖြင့် ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း ချီးကျူးလေ့ရှိ၏”ဟု တပည့်တို့သည် ရိုသေကုန်ငြားအံ့၊ လေးစားကုန်ငြားအံ့၊ မြတ်နိုးကုန်ငြားအံ့၊ ပူဇော်ကုန်ငြားအံ့၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေကုန်ငြားအံ့၊ ဥဒါယီ ထိုသို့ဖြစ်မူ ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်ကုန်သော အိမ်စဉ်မပြတ် ဆွမ်းရပ်သောအကျင့်’သပဒါနဓုတင်’ ကို ဆောက်တည်ကုန်သော သပိတ်လက်စွဲ၍ ဆွမ်းခံသောအကျင့်၌ မွေ့လျော်ကုန်သောငါ၏တပည့်တို့သည် ရှိကုန်၏၊ ထိုတပည့်တို့သည် ရွာတွင်းသို့ ဝင်ကုန်သည်ရှိသော် နေရာဖြင့် ဖိတ်သော်လည်း မသာယာကုန်။ ဥဒါယီ ငါသည်ကား တစ်ခါတစ်ရံ ပင့်ဖိတ်ရာ၌လည်း ရွေးချယ်ထားသဖြင့် မည်းသော စပါးလုံးမှကင်းသော များစွာသောဟင်း များစွာသော ဟင်းလျာရှိသော သလေးဆွမ်းကို သုံးဆောင်၏။ ဥဒါယီ အကယ်၍ ငါ့ကို “ရဟန်းဂေါတမသည် ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ရရသမျှသောဆွမ်းဖြင့် ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း ချီးကျူးလေ့ရှိ၏”ဟု တပည့်တို့သည် ရိုသေကုန်ငြားအံ့၊ လေးစားကုန်ငြားအံ့၊ မြတ်နိုးကုန်ငြားအံ့၊ ပူဇော်ကုန်ငြားအံ့၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍နေကုန်ငြားအံ့၊ ဥဒါယီ ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်ကုန်သော အိမ်စဉ် မပြတ် ဆွမ်းရပ်သောအကျင့်’သပဒါနဓုတင်’ ကို ဆောက်တည်ကုန်သော သပိတ်လက်စွဲ၍ ဆွမ်းခံသောအကျင့်၌ မွေ့လျော်ကုန်သောရွာတွင်းသို့ ဝင်ကုန်သည်ရှိသော် နေရာဖြင့် ပင့်ဖိတ်သော်လည်း မသာယာကြကုန်သော ငါ၏ ထိုတပည့်တို့သည် ဤရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲသော အကျင့်ဖြင့် ငါ့ကို မရိုသေကုန်ရာ၊ မလေးစား ကုန်ရာ၊ မမြတ်နိုးကုန်ရာ၊ မပူဇော်ကုန်ရာ၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ မနေကုန်ရာ။ (၃)

ဥဒါယီ အကယ်၍ ငါ့ကို “ရဟန်းဂေါတမသည် ရရသမျှသော ကျောင်းဖြင့် ရောင့်ရဲ၏၊ ရရသမျှသောကျောင်းဖြင့် ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း ချီးကျူးလေ့ရှိ၏”ဟု တပည့်တို့သည် ရိုသေကုန်ငြားအံ့၊ လေးစားကုန် ငြားအံ့၊ မြတ်နိုးကုန်ငြားအံ့၊ ပူဇော်ကုန်ငြားအံ့၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေကုန်ငြားအံ့၊ ဥဒါယီ သစ်ပင်ရင်း၌နေခြင်း ‘ရုက္ခမူဓုတင်’ ကို ဆောက်တည်ကုန်သော လွင်တီးခေါင်၌နေခြင်း ‘အဗ္ဘောကာသိကဓုတင်’ ကို ဆောက်တည်ကုန်သော ငါ၏ တပည့်တို့သည် ရှိကုန်၏၊ ထိုတပည့်တို့ သည် ရှစ်လတို့ပတ်လုံး အမိုးသို့ မချဉ်းကပ်ကုန်။ ဥဒါယီ ငါသည် တစ်ရံတစ်ခါအတွင်းအပ လိမ်းကျံ ထားကုန်သော လေမတိုက်ကုန်သော လုံခြုံ သော တံခါးရွက်ရှိကုန်သောပိတ်ထားသော လေသာတံခါး ရှိကုန်သော အထွတ်တပ်သော ကျောင်းတို့၌လည်း နေ၏။ ဥဒါယီ့အကယ်၍ ငါ့ကို “ရဟန်းဂေါတမသည် ရရသမျှသော ကျောင်းဖြင့် ရောင့်ရဲ၏၊ ရရသမျှသောကျောင်းဖြင့့််ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း ချီးကျူးလေ့ ရှိ၏”ဟု ဤတပည့်တို့သည် ရိုသေကုန်ငြားအံ့၊ လေးစားကုန်ငြားအံ့၊ မြတ်နိုးကုန်ငြားအံ့၊ ပူဇော်ကုန်ငြား အံ့၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍နေကုန်ငြားအံ့။ ဥဒါယီ သစ်ပင်ရင်း၌နေခြင်း ‘ရုက္ခမူ ဓုတင်’ ကို ဆောက်တည်ကုန်သောလွင်တီးခေါင်၌နေခြင်း ‘အဗ္ဘောကာသိကဓုတင်’ ကို ဆောက်တည်ကုန် သော ရှစ်လတို့ပတ်လုံးအမိုးသို့မချဉ်းကပ်ကြကုန်သော ငါ၏ ထိုတပည့်တို့သည် ငါ့ကို ဤရရသမျှသော ကျောင်းဖြင့်ရောင့်ရဲသော အကျင့်တရားဖြင့် မရိုသေကုန်ရာ၊ မလေးစားကုန်ရာ၊ မမြတ်နိုးကုန်ရာ၊ မပူဇော်ကုန်ရာ၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ မနေကုန်ရာ။ (၄)

ဥဒါယီ အကယ်၍ ငါ့ကို “ရဟန်းဂေါတမသည် ဆိတ်ငြိမ်သော အရပ်သို့ ချဉ်းကပ်လေ့ရှိ၏၊ ဆိတ်ငြိမ်သောအရပ်သို့ ချဉ်းကပ်ခြင်း၏ဂုဏ်ကိုလည်း ချီးကျူးလေ့ရှိ၏”ဟု ဤသို့ တပည့်တို့သည် ရိုသေကုန်ငြားအံ့၊ လေးစားကုန်ငြားအံ့၊ မြတ်နိုးကုန်ငြားအံ့၊ ပူဇော်ကုန်ငြားအံ့၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေကုန်ငြားအံ့၊ ဥဒါယီ တော၌သာနေခြင်း ‘အရညကင်ဓုတင်’ ကို ဆောက်တည်ကုန်သော အစွန်အဖျားဖြစ်သော ကျောင်း၌ နေကုန်သော ငါ၏ တပည့်တို့သည် ရှိကုန်၏၊ ထိုတပည့်တို့သည် လူနှင့် မနီးမဝေးသော တောမြိုင်ကြီးအတွင်း အစွန်ဖြစ်သော ကျောင်းတို့ကို သက်ဝင်ကုန်၍ နေကြကုန်၏။ ထိုတပည့်တို့သည် လခွဲတစ်ကြိမ် ပါတိမောက်ပြခြင်းငှါ သံဃာ့အလယ်သို့ ဝင်ရောက်ကြကုန်၏။ ဥဒါယီငါသည် တစ်ခါတစ်ရံ ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမ မင်း မင်း၏အမတ် တိတ္ထိ တိတ္ထိတို့၏ တပည့်တို့နှင့် ရောနှော၍ နေ၏။ ဥဒါယီ အကယ်၍ ငါ့ကို “ရဟန်းဂေါတမသည် ဆိတ်ငြိမ်ရာသို့ကပ်တတ်၏၊ ဆိတ်ငြိမ်ရာသို့ ကပ်ခြင်း၏ဂုဏ်ကိုလည်း ချီးကျူးလေ့ရှိ၏”ဟု တပည့်တို့သည် ရိုသေကုန်ငြားအံ့၊ လေးစားကုန်ငြားအံ့၊ မြတ်နိုးကုန်ငြားအံ့၊ ပူဇော်ကုန် ငြားအံ့၊ အရိုအသေပြု၍ အလေးပြု၍အမှီ ပြု၍ နေကုန်ငြားအံ့။ ဥဒါယီ တော၌သာနေခြင်း ‘အာရညကင်ဓုတင်’ကို ဆောက်တည်ကုန်သောအစွန် အဖျားဖြစ်သော ကျောင်း၌နေကုန်သော လူနှင့်မနီး တောမြိုင်ကြီး အတွင်း၌ အစွန်ဖြစ်သောကျောင်းတို့ ကို သက်ဝင်၍နေကုန်သော လခွဲတစ်ကြိမ် ပါတိမောက်ပြခြင်းငှါ သံဃအ့အလယ်သို့ဝင်ရောက်ကြကုန်သော ငါ၏ ထိုတပည့်တို့သည် ငါ့ကို ဤဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်သောအကျင့်တရားဖြင့် မရိုသေ ကုန်ရာ၊ မလေးစားကုန်ရာ၊ မမြတ်နိုးကုန်ရာ၊ မပူဇော်ကုန်ရာ၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ မနေကုန်ရာ။ (၅)

ဥဒါယီ ဤသို့လျှင် ဤငါးပါးသောတရားတို့ဖြင့် ငါ့ကို ငါ၏တပည့်တို့သည် ရိုသေသည် မဟုတ်ကုန်၊ လေးစားသည် မဟုတ်ကုန်၊ မြတ်နိုးသည် မဟုတ်ကုန်၊ ပူဇော်သည် မဟုတ်ကုန်၊ အရိုအသေပြု၍အလေးပြု၍ အမှီပြ၍ မနေကြကုန်။

၂၄၃။ ဥဒါယီ ငါ၏တပည့်များ ရိုသေ လေးစား မြတ်နိုး ပူဇော်ကြောင်းဖြစ်သော အရိုအသေပြု၍အလေးပြု၍ အမှီပြု၍ နေကြောင်းဖြစ်သော အခြား တရားငါးမျိုးတို့သည် ရှိကုန်၏၊ အဘယ်ငါးမျိုးတို့နည်းဟူမူ — ဥဒါယီ ငါ၏ တပည့်တို့သည် “ရဟန်းဂေါတမသည် သီလရှိ၏၊ လွန်မြတ်သော သီလအစုနှင့် ပြည့်စုံ၏”ဟု အလွန်မြတ်သော သီလ၌ ချီးမွမ်းကုန်၏၊ ဥဒါယီ ငါ၏တပည့်တို့သည်”ရဟန်းဂေါတမ သည် သီလရှိ၏၊ လွန်မြတ်သော သီလအစုနှင့် ပြည့်စုံ၏”ဟု အလွန်မြတ်သော သီလ၌ချီးမွမ်းကြခြင်းဟူ သော ဤတရားသည်ကား ပဌမတရားပေတည်း၊ ယင်းတရားကြောင့် ငါ၏တပည့်တို့သည် ရိုသေကုန်၏၊ လေးစားကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ အရိုအသေပြု၍အလေးပြု၍ အမှီပြု၍ နေကုန်၏။

၂၄၄။ ဥဒါယီ တစ်ဖန်လည်း ငါ၏ တပည့်တို့သည် “ရဟန်းဂေါတမသည် သိသည်ဖြစ်၍သာလျှင်’သိ၏’ဟု ဆို၏၊ ရဟန်းဂေါတမသည် မြင်သည်ဖြစ်၍သာလျှင် ‘မြင်၏’ဟု ဆို၏၊ ရဟန်းဂေါတမသည့်အထူးသိ၍သာလျှင် တရားဟော၏၊ အထူးမသိဘဲ တရားဟောသည် မဟုတ်။ ရဟန်းဂေါတမသည်အကြောင်းရှိသော တရားကိုသာလျှင် ဟော၏၊ အကြောင်းမရှိသော တရားကို မဟော။ ရဟန်းဂေါတမသည် အကြောင်းကို ဖော်ပြ၍ တရားဟော၏၊ အကြောင်းကို မဖော်ပြမူ၍ တရားဟောသည် မဟုတ်”ဟုလွန်ကဲသောဉာဏ်အမြင်၌ ချီးမွမ်းကြကုန်၏၊ ဥဒါယီ ငါ၏ တပည့်တို့သည် “ရဟန်းဂေါတမသည် သိသည်ဖြစ်၍သာလျှင် ‘သိ၏’ဟု ဆို၏၊ ရဟန်းဂေါတမသည် မြင်သည်ဖြစ်၍သာလျှင် ‘မြင်၏’ဟု ဆို၏၊ ရဟန်းဂေါတမသည် အထူးသိ၍သာလျှင် တရားဟော၏၊ အထူးမသိဘဲ တရားဟောသည်မဟုတ်။ ရဟန်းဂေါတမသည် အကြောင်းရှိသော တရားကိုသာ ဟော၏၊ အကြောင်းမရှိသော တရားကို မဟော၊ ရဟန်းဂေါတမသည် အကြောင်းကို ဖော်ပြ၍ တရားဟော၏၊ အကြောင်းကို မဖော်ပြမူ၍ တရားဟောသည်မဟုတ်”ဟု လွန်ကဲသော ဉာဏ်အမြင်၌ ချီးမွမ်းကြခြင်းဟူသော ဤတရားသည်ကား ဒုတိယတရားပေတည်း၊ ယင်းတရားကြောင့် ငါ၏ တပည့်တို့သည် ရိုသေကုန်၏၊ လေးစားကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေကုန်၏။

၂၄၅။ ဥဒါယီ တစ်ဖန်လည်း ငါ၏ တပည့်တို့သည် “ရဟန်းဂေါတမသည် ပညာရှိ၏၊ လွန်မြတ်သောပညာအစုနှင့် ပြည့်စုံ၏၊ ကျရောက်လာမည့် စကားလမ်းကြောင်းကိုလည်း မြင်လိမ့်မည် မဟုတ်၊ ဖြစ်ပေါ်လာသော သူတစ်ပါး၏ ပြိုင်ဆိုင်ပြောဆိုမှုကိုလည်း အကြောင်းနှင့်တကွ ကောင်းစွာ နှိမ်ခြင်းဖြင့်နှိမ်နိုင်လိမ့်မည် မဟုတ်ဟူသော ဤအကြောင်းသည် မရှိ”ဟု လွန်ကဲသောပညာ၌ ချီးမွမ်းကုန်၏။ ဥဒါယီထိုငါဆိုမည့်စကားကို အဘယ်သို့ ထင်မှတ်သနည်း၊ ငါ၏ တပည့်တို့သည် ဤသို့ သိကုန်လျက် ဤသို့မြင်ကုန်လျက် ကြားညှပ်စကား သွင်းကုန်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မသွင်းကုန်ရာပါဟု (လျှောက်၏)။ ဥဒါယီ ငါသည် တပည့်တို့ထံမှ သွန်သင်မှုကို မတောင့်တ၊ စင်စစ်အားဖြင့် ငါ၏သွန်သင်မှုကိုသာလျှင် တပည့်တို့သည် တောင့်တကုန်၏။ ဥဒါယီ ငါ၏ တပည့်တို့သည် “ရဟန်းဂေါတမသည် ပညာရှိ၏၊ လွန်မြတ်သော ပညာဂုဏ်နှင့် ပြည့်စုံ၏၊ ကျရောက်လာမည့် စကားလမ်းကြောင်းကိုလည်း မြင်လိမ့်မည် မဟုတ်၊ ဖြစ်ပေါ်လာသော သူတစ်ပါး၏ ပြိုင်ဆိုင်ပြောဆိုမှုကိုလည်း အကြောင်းနှင့်တကွ ကောင်းစွာ နှိမ်ခြင်းဖြင့် နှိမ်နိုင်လိမ့်မည် မဟုတ်ဟူသော ဤအကြောင်းသည် မရှိ”ဟု လွန်ကဲသောပညာ၌ ချီးမွမ်းခြင်းဟူသော ဤတရားသည် တတိယတရားတည်း၊ ယင်းတရားကြောင့် ငါ၏ တပည့်တို့သည် ရိုသေကုန်၏၊ လေးစားကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေကုန်၏။

၂၄၆။ ဥဒါယီ တစ်ဖန်လည်း ငါ၏တပည့်တို့သည် တစ်စုံတစ်ခုသော ဆင်းရဲဖြင့် ဆင်းရဲရောက်ကြ သော်ဆင်းရဲအနှိပ်စက်ခံကြရသော် ငါ့ထံသို့ ချဉ်းကပ်၍ အရိယာတို့၏ ဆင်းရဲအမှန်တရား ‘ဒုက္ခအရိယသစ္စာ’ ကို မေးကြကုန်၏။ မေးသည်ရှိသော် ငါသည် ထိုတပည့်တို့အား အရိယာတို့၏ ဆင်းရဲအမှန်တရားကို ဖြေကြား၏၊ ငါသည် အမေးကို ဖြေကြားခြင်းဖြင့် ထိုတပည့်တို့၏ စိတ်ကို နှစ်သက်စေ၏။ ထိုတပည့်တို့သည် ငါ့ကို ဆင်းရဲဖြစ်ကြောင်း၊ ဆင်းရဲချုပ်ရာ၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အရိယာတို့၏ အကျင့်မှန်တရားကို မေးကြကုန်၏၊ မေးသည်ရှိသော် ငါသည် ထိုတပည့်တို့အား ဆင်းရဲချုပ်ရာသို့ရောက်ကြောင်း အရိယာတို့၏ အကျင့်မှန် တရားကို ဖြေကြား၏။ ငါသည် အမေးကို ဖြေကြားခြင်းဖြင့်ထိုတပည့်တို့၏ စိတ်ကို နှစ်သက်စေ၏။ ဥဒါယီ ငါ၏ တပည့်တို့သည် တစ်စုံတစ်ခုသော ဆင်းရဲခြင်းဖြင့်ဆင်းရဲရောက်ကြသော် ဆင်းရဲအနှိပ်စက်ခံကြရသော် ငါ့ထံသို့ ချဉ်းကပ်၍ အရိယာတို့၏ ဆင်းရဲအမှန်တရားကို မေးကြကုန်၏။ မေးသည်ရှိသော် ငါသည် ထိုတပည့်တို့အား အရိယာတို့၏ ဆင်းရဲအမှန်တရားကို ဖြေကြား၏။ ငါသည် အမေးကို ဖြေကြားခြင်းဖြင့် ထိုတပည့်တို့၏ စိတ်ကို နှစ်သက်စေ၏၊ ထိုတပည့် တို့သည် ငါ့ကို ဆင်းရဲဖြစ်ကြောင်း ဆင်းရဲချုပ်ရာ ဆင်းရဲချုပ်ရာသို့ရောက်ကြောင်းအရိယာတို့၏ အကျင့် မှန်တရားကို မေးကြကုန်၏။ မေးသည်ရှိသော် ငါသည် ထိုတပည့်တို့အား့ဆင်းရဲချုပ်ရာသို့ ရောက် ကြောင်း အရိယာတို့၏ အကျင့်မှန်တရားကို ဖြေကြား၏၊ ငါသည် အမေးကိုဖြေကြားခြင်းဖြင့် ထိုတပည့် တို့၏ စိတ်ကို နှစ်သက်စေခြင်းဟူသော ဤတရားသည် စတုတ္ထတရားတည်း၊ ယင်းတရားကြောင့် ငါ၏ တပည့်တို့သည် ရိုသေကုန်၏၊ လေးစားကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ အရိုအသေပြု၍ အလေး ပြု၍ အမှီပြု၍ နေကုန်၏။

၂၄၇။ ဥဒါယီ တစ်ဖန်လည်း ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားသောအတိုင်း ကျင့်ကုန်သော ငါ၏တပည့်တို့သည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများကုန်၏။ ဥဒါယီဤသာသနာတော်၌ ရဟန်းသည် ပြင်းပြသောလုံ့လ, ဆင်ခြင်ဉာဏ်, သတိနှင့် ပြည့်စုံသည်ဖြစ်၍ လောက၌မက်မောမှု ‘အဘိဇ္ဈာ’ နှလုံးမသာမှု ‘ဒေါမနဿ’ ကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အဖန်တလဲလဲ ရှုလျက် နေ၏။ ဝေဒနာတို့၌ ဝေဒနာကို အဖန်တလဲလဲ ရှုလျက် နေ၏။ စိတ်၌ စိတ်ကို အဖန်တလဲလဲ ရှုလျက် နေ၏။ ပြင်းပြသောလုံ့လ, ဆင်ခြင်ဉာဏ်, သတိနှင့် ပြည့်စုံသည်ဖြစ်၍ လောက၌မက်မောမှု ‘အဘိဇ္ဈာ’ နှလုံးမသာမှု’ဒေါမနဿ’ ကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို အဖန်တလဲလဲ ရှုလျက်နေ၏။ ထိုသတိ ပဋ္ဌာန်လေးပါးကို ရှုရာ၌ များစွာသော ငါ၏ တပည့်တို့သည် အဘိညာဉ်၏အဆုံး ကမ်းတစ်ဖက်သို့ ရောက်၍ နေကြကုန်၏။

ဥဒါယီ တစ်ဖန်လည်း ငါသည် တပည့်တို့အား အကျင့်တို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏ တပည့်တို့သည် သမ္မပ္ပဓာန်လေးပါးတို့ကို ပွါးများကုန်၏။ ဥဒါယီဤသာသနာတော်၌ ရဟန်းသည် မဖြစ်ပေါ်သေးသည့် ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မဖြစ်စေရန်အလို ‘ဆန္ဒ’ ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လကို ဖြစ်စေ၏၊ စိတ်ကို ချီးမြှောက်၏၊ ကြိုးစား၏။ ဖြစ်ပြီးသည့် ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်ဖျောက်ရန် အလို ‘ဆန္ဒ’ ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လကို ဖြစ်စေ၏၊ စိတ်ကို ချီးမြှောက်၏၊ ကြိုးစား၏။ မဖြစ်သေးသည့် ကုသိုလ်တရားတို့ကိုဖြစ်စေရန် အလို ‘ဆန္ဒ’ ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လကို ဖြစ်စေ၏၊ စိတ်ကို ချီးမြှောက်၏၊ ကြိုးစား၏၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တည်တံ့စေရန် မပျောက်ပျက်စေရန် လွန်စွာပွါးများစေရန်ပြန့်ပြောစေရန် ပွါးများမှုဘာဝနာ၏ ပြည့်စုံစေရန် အလို ‘ဆန္ဒ’ ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လကိုဖြစ်စေ၏၊ စိတ်ကို ချီးမြှောက်၏၊ ကြိုးစား၏။ ထိုသမ္မပ္ပဓာန်လေးပါးကို ပွါးများရာ၌ များစွာကုန်သောငါ၏တပည့်တို့သည် အဘိညာဉ်၏အဆုံး ကမ်းတစ်ဖက်သို့ရောက်၍ နေကြကုန်၏။

ဥဒါယီ တစ်ဖန်လည်း ငါသည် တပည့်တို့အား အကျင့်တို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏ တပည့်တို့သည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများကုန်၏။ ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒလျှင် အကြောင်းရင်းရှိသော သမာဓိ ကြိုးစားအားထုတ်မှုဟူသောဝီရိယနှင့် ပြည့်စုံသော ပြည့်စုံပြီးစီးခြင်း ‘ဣဒ္ဓိပါဒ်’ ၏အကြောင်းကို ပွါးများ၏။ ဝီရိယလျှင် အကြောင်းရင်းရှိသောသမာဓိ ကြိုးစားအားထုတ်မှုဟု ဆိုအပ်သော ဝီရိယနှင့်ပြည့်စုံသော ပြည့်စုံပြီးစီးခြင်း ‘ဣဒ္ဓိပါဒ်’၏အကြောင်းကို ပွါးများ၏။ စိတ်လျှင် အကြောင်းရင်းရှိသော သမာဓိ ကြိုးစားအားထုတ်မှုဟုဆိုအပ်သော ဝီရိယနှင့်ပြည့်စုံသော ပြည့်စုံပြီးစီးခြင်း ‘ဣဒ္ဓိပါဒ်’ ၏ အကြောင်းကို ပွါးများ၏။ ဝီမံသဟူသော ပညာလျှင် အကြောင်းရင်းရှိသော သမာဓိ ကြိုးစားအားထုတ်မှုဟု ဆိုအပ်သောဝီရိယနှင့်ပြည့်စုံသော ပြည့်စုံပြီးစီးခြင်း ‘ဣဒ္ဓိပါဒ်’ ၏အကြောင်းကို ပွါးများ၏။ ထိုဣဒ္ဓိပါဒ် လေးပါးတို့ကိုပွါးများရာ၌ များစွာသော ငါ၏ တပည့်တို့သည် အဘိညာဉ်၏အဆုံး ကမ်းတစ်ဖက်သို့ ရောက်၍နေကြကုန်၏။

ဥဒါယီ တစ်ဖန်လည်း ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏ တပည့်တို့သည် ဣန္ဒြေငါးပါးတို့ကို ပွါးများကုန်၏။ ဥဒါယီဤသာသနာတော်၌ ရဟန်းသည် အေးငြိမ်းရာသို့ ရောက်စေတတ်သော မဂ်သို့ ရောက်စေတတ်သော သဒ္ဓိန္ဒြေကို ပွါးများ၏။ပ။ ဝီရိယိန္ဒြေကို ပွါးများ၏။ပ။ သတိန္ဒြေကို ပွါးများ၏။ပ။ သမာဓိန္ဒြေကို ပွါးများ၏။ အေးငြိမ်းရာသို့ ရောက်စေတတ်သော မဂ်သို့ ရောက်စေတတ်သော ပညိန္ဒြေကို ပွါးများ၏။ ထိုဣန္ဒြေငါးပါးတို့ကို ပွါးများရာ၌လည်း များစွာကုန်သော ငါ၏ တပည့်တို့သည် အဘိညာဉ်၏အဆုံး ကမ်းတစ်ဖက်သို့ ရောက်၍ နေကြကုန်၏။

ဥဒါယီ တစ်ဖန်လည်း ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏ တပည့်တို့သည် ဗိုလ်ငါးပါးတို့ကို ပွါးများကုန်၏။ ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် အေးငြိမ်းရာသို့ ရောက်စေတတ်သော မဂ်သို့ ရောက်စေတတ်သောသဒ္ဓါဗိုလ်ကို ပွါးများ၏။ပ။ ဝီရိယဗိုလ်ကို ပွါးများ၏။ပ။ သတိဗိုလ်ကို ပွါးများ၏။ပ။ သမာဓိဗိုလ်ကိုပွါးများ၏။ အေးငြိမ်းရာသို့ ရောက်စေတတ်သော မဂ်သို့ ရောက်စေတတ်သော ပညာဗိုလ်ကို ပွါးများ၏။ ထိုဗိုလ်ငါးပါးတို့ကို ပွါးများရာ၌လည်း များစွာသော ငါ၏ တပည့်တို့သည် အဘိညာဉ်၏အဆုံး ကမ်းတစ်ဖက်သို့ ရောက်၍ နေကြကုန်၏။

ဥဒါယီ တစ်ဖန်လည်း ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏ တပည့်တို့သည် ခုနစ်ပါးသောဗောဇ္ဈင်တရားတို့ကို ပွါးများကုန်၏။ ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် (နိဗ္ဗာန်ဟူသော) ဥပဓိဝိဝေကကို မှီသော ရာဂကင်းရာနိဗ္ဗာန်ကို မှီသော ရာဂ၏ ချုပ်ရာ နိရောဓသစ္စာကို မှီသော စွန့်လွှတ်ရာ နိဗ္ဗာန်သို့ ရှေးရှုညွတ်သောသတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ပဿဒ္ဓိ သမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ (နိဗ္ဗာန်ဟူသော) ဥပဓိဝိဝေကကို မှီသော ရာဂကင်းရာ နိဗ္ဗာန်ကို မှီသော ရာဂချုပ်ရာ နိရောဓသစ္စာကို မှီသော စွန့်လွှတ်ရာ နိဗ္ဗာန်သို့ ရှေးရှုညွတ်သော ဥပေက္ခာ သမ္ဗောဇ္ဈင်ကို ပွါးများ၏။ ထိုဗောဇ္ဈင်ခုနစ်ပါးကို ပွါးများရာ၌လည်း များစွာကုန်သော ငါ၏ တပည့်တို့သည် အဘိညာဉ်၏အဆုံး ကမ်းတစ်ဖက်သို့ ရောက်၍ နေကြကုန်၏။

ဥဒါယီ တစ်ဖန်လည်း ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏ တပည့်တို့သည် မြတ်သောအင်္ဂါရှစ်ပါးရှိသော မဂ်ကို ပွါးများကုန်၏။ ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် မှန်ကန်သော အယူ ‘သမ္မာဒိဋ္ဌိ’ ကို ပွါးများ၏၊ မှန်ကန်သော အကြံ ‘သမ္မာ သင်္ကပ္ပ’ ကို ပွါးများ၏၊ မှန်ကာန်သော စကား ‘သမ္မာဝါစာ’ ကို ပွါးများ၏၊ မှန်ကန်သော အမှု ‘သမ္မာကမ္မန္တ’ ကို ပွါးများ၏၊ မှန်ကန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’ ကို ပွားများ၏၊ မှန်ကန်သော လုံ့လ ‘သမ္မာဝါယာမ’ ကို ပွားများ၏၊ မှန်ကန်သော သတိ ‘သမ္မာသတိ’ ကို ပွါးများ၏၊ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ ကို ပွားများ၏။ ထိုမဂ္ဂင်ရှစ်ပါးကို ပွားများရာ၌လည်း များစွာသော ငါ၏ တပည့်တို့သည် အဘိညာဉ်၏အဆုံး ကမ်းတစ်ဖက်သို့ ရောက်၍ နေကြကုန်၏။

၂၄၈။ ဥဒါယီ တစ်ဖန်လည်း ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏။ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏ တပည့်တို့သည် ရှစ်ပါးသော ဝိမောက္ခတို့ကို ပွါးများကုန်၏။ ရူပဈာန်ရှိသည်ဖြစ်၍ ရုပ်တို့ကို ရှု၏၊ ဤကား ပဌမဝိမောက္ခတည်း။ အတွင်းသန္တာန်၌ ရုပ်ဟူသော အမှတ်အသား မရှိသည်ဖြစ်၍ အပသန္တာန်၌ ရုပ်တို့ကို ရှု၏၊ ဤကား ဒုတိယဝိမောက္ခတည်း။ တင့်တယ်၏ဟူ၍သာလျှင် နှလုံးသွင်း၏၊ ဤကား တတိယဝိမောက္ခတည်း။ ရူပသညာတို့ကို၁လုံးဝလွန်မြောက်၍ ပဋိဃသညာတို့၂ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို၃ လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတနဈာန်ကို ဝင်စား၍ နေ၏၊ ဤကားစတုတ္ထဝိမောက္ခတည်း။ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဈာန်ကို ဝင်စား၍ နေ၏၊ ဤကား ပဉ္စမဝိမောက္ခတည်း။ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှမရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနဈာန်ကို ဝင်စား၍ နေ၏၊ ဤကား ဆဋ္ဌဝိမောက္ခတည်း။ အာကိဉ္စညာ ယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဈာန်ကို ဝင်စား၍ နေ၏၊ ဤကား သတ္တမ ဝိမောက္ခတည်း။ နေဝသညာနာသညာယတနဈာန်ကို လုံးဝလွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာဖြစ်သော နိရောဓသမာပတ်ကိုဝင်စား၍ နေ၏၊ ဤကား အဋ္ဌမဝိမောက္ခတည်း။ ထိုရှစ်ပါးသော ဝိမောက္ခတို့ကို ပွါးများရာ၌လည်းများစွာသော ငါ၏ တပည့်တို့သည် အဘိညာဉ်၏အဆုံး ကမ်းတစ်ဖက်သို့ ရောက်၍ နေကြကုန်၏။

၂၄၉။ ဥဒါယီ တစ်ဖန်လည်း ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏ တပည့်တို့သည် လွှမ်းမိုးကြောင်း’အဘိဘာယတန’ဈာန် ရှစ်ပါးတို့ကို ပွါးများကုန်၏။

အတွင်းသန္တာန်၌ ရုပ်ဟု အမှတ်ရှိသူတစ်ယောက်သည် အပသန္တာန်၌ အဆင်းလှ မလှဖြစ်သည့်သေးငယ်သော ရူပါရုံတို့ကို မြင်၍ ထိုရူပါရုံတို့ကို နှိပ်စက်လွှမ်းမိုးလျက် သိအံ့ မြင်အံ့ဟူ၍ အမှတ်ရှိ၏၊ ဤကား ပဌမ အဘိဘာယတနတည်း။

အတွင်းသန္တာန်၌ ရုပ်ဟု အမှတ်ရှိသူတစ်ယောက်သည် အပသန္တာန်၌ အဆင်းလှ မလှဖြစ်သည့်ကြီးမားသော ရူပါရုံတို့ကို မြင်၍ ထိုရူပါရုံတို့ကို နှိပ်စက်လွှမ်းမိုးလျက် သိအံ့ မြင်အံ့ဟူ၍ အမှတ်ရှိ၏၊ ဤကား ဒုတိယ အဘိဘာယတနတည်း။

အတွင်းသန္တာန်၌ ရုပ်ဟု အမှတ်မရှိသူတစ်ယောက်သည် အပသန္တာန်၌ အဆင်းလှ မလှဖြစ်သည့်သေးငယ်သော ရူပါရုံတို့ကို မြင်၍ ထိုရူပါရုံတို့ကို နှိပ်စက်လွှမ်းမိုးလျက် သိအံ့ မြင်အံ့ဟူ၍ အမှတ်ရှိ၏၊ ဤကား တတိယအဘိဘာယတနတည်း။

အတွင်းသန္တာန်၌ ရုပ်ဟု အမှတ်မရှိသူတစ်ယောက်သည် အပသန္တာန်၌ အဆင်းလှ မလှဖြစ်သည့်ကြီးမားသော ရူပါရုံတို့ကို မြင်၍ ထိုရူပါရုံတို့ကို နှိပ်စက်လွှမ်းမိုးလျက် သိအံ့ မြင်အံ့ဟူ၍ အမှတ်ရှိ၏၊ ဤကား စတုတ္ထအဘိဘာယတနတည်း။

အတွင်းသန္တာန်၌ ရုပ်ဟု အမှတ်မရှိသူတစ်ယောက်သည် အပသန္တာန်၌ ညို၍ ညိုသောအဆင်းညိုသောအသွေး ညိုသောအရောင်ရှိကုန်သော ရူပါရုံတို့ကို ဥပမာ အောင်မဲညိုပန်းသည် ညို၍ ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင် ရှိသကဲ့သို့လည်းကောင်း ဗာရာဏသီတိုင်းပြည်ဖြစ်နှစ်ဖက်ချော အဝတ်သည် ညို၍ ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသကဲ့သို့လည်းကောင်း ဤအတူ သာလျှင် အတွင်းသန္တာန်၌ ရုပ်ဟု အမှတ်မရှိသူတစ်ယောက်သည်အပသန္တာန်၌ ညို၍ ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင် ရှိကုန်သော ရူပါရုံတို့ကို မြင်၍ထိုရူပါရုံတို့ကို နှိပ်စက်လွှမ်းမိုးလျက် သိအံ့ မြင်အံ့ဟူ၍ အမှတ်ရှိ၏၊ ဤကား ပဉ္စမအဘိဘာယတနတည်း။

အတွင်းသန္တာန်၌ ရုပ်ဟု အမှတ်မရှိသူတစ်ယောက်သည် အပသန္တာန်၌ ဝါ၍ ဝါသောအဆင်း ဝါသောအသွေး ဝါသောအရောင်ရှိကုန်သော ရူပါရုံတို့ကို ဥပမာ မဟာလှေကားပန်းသည် ဝါ၍ ဝါသောအဆင်း ဝါသောအသွေး ဝါသောအရောင်ရှိသကဲ့သို့ လည်းကောင်း၊ ဗာရာဏသီတိုင်းပြည်ဖြစ် နှစ်ဖက်ချောအဝတ်သည် ဝါ၍ ဝါသောအဆင်း ဝါသောအသွေး ဝါသောအရောင်ရှိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အတွင်းသန္တာန်၌ ရုပ်ဟု အမှတ်မရှိသူတစ်ယောက်သည် အပသန္တာန်၌ ဝါ၍ ဝါသောအဆင်းဝါသောအသွေး ဝါသောအရောင်ရှိကုန်သော ရူပါရုံတို့ကို မြင်၍ ထိုရူပါရုံတို့ကို နှိပ်စက်လွှမ်းမိုးလျက် သိအံ့မြင်အံ့ဟူ၍ အမှတ်ရှိ၏၊ ဤကား ဆဋ္ဌအဘိ ဘာယတနတည်း။

အတွင်းသန္တာန်၌ ရုပ်ဟု အမှတ်မရှိသူတစ်ယောက်သည် အပသန္တာန်၌ နီ၍ နီသောအဆင်း နီသောအသွေး နီသောအရောင်ရှိကုန်သော ရုပ်တို့ကို ဥပမာ မိုးစွေပန်းသည် နီသကဲ့သို့ နီသောအဆင်းရှိသကဲ့သို့ နီသောအသွေးရှိသကဲ့သို့ နီသောအရောင်ရှိသကဲ့သို့လည်းကောင်း၊ ဗာရာဏသီတိုင်းပြည်ဖြစ် နှစ်ဖက့်ချောအဝတ်သည် နီ၍ နီသောအဆင်း နီသောအသွေး နီသောအရောင်ရှိသကဲ့သို့လည်းကောင်းဤအတူသာ လျှင် အတွင်းသန္တာန်၌ ရုပ်ဟု အမှတ်မရှိသူတစ်ယောက်သည် အပသန္တာန်၌ နီ၍နီသောအဆင်း နီသော အသွေး နီသောအရောင်ရှိကုန်သော ရူပါရုံတို့ကို မြင်၍ ထိုရူပါရုံတို့ကို နှိပ်စက်လွှမ်းမိုးလျက် သိအံ့ မြင်အံ့ဟူ၍ အမှတ်ရှိ၏၊ ဤကား သတ္တမ အဘိဘာယတနတည်း။

အတွင်းသန္တာန်၌ ရုပ်ဟု အမှတ်မရှိသူတစ်ယောက်သည် အပသန္တာန်၌ ဖြူ၍ ဖြူသောအဆင်းဖြူသောအသွေး ဖြူသောအရောင်ရှိကုန်သော ရုပ်တို့ကို ဥပမာ သောက်ရှူးကြယ်သည် ဖြူ၍ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသကဲ့သို့လည်းကောင်း၊ ဗာရာဏသီတိုင်းပြည်ဖြစ် နှစ်ဖက်ချောအဝတ်သည် ဖြူ၍ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အတွင်းသန္တာန်၌ ရုပ်ဟု အမှတ်မရှိသူတစ်ယောက်သည် အပသန္တာန်၌ ဖြူ၍ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိကုန်သော ရူပါရုံတို့ကို မြင်၍ ထိုရူပါရုံတို့ကို နှိပ်စက်လွှမ်းမိုးလျက် သိအံ့ မြင်အံ့ဟူ၍ အမှတ်ရှိ၏၊ ဤကား အဋ္ဌမအဘိဘာယတနတည်း။ ထို (လွှမ်းမိုးကြောင်း) အဘိဘာယတနကို ပွါးများရာ၌လည်း များစွာသော ငါ၏ တပည့်တို့သည် အဘိညာဉ်၏အဆုံး ကမ်းတစ်ဖက်သို့ ရောက်၍ နေကြကုန်၏။

၂၅ဝ။ ဥဒါယီ တစ်ဖန်လည်း ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏တပည့်တို့သည် ဆယ်ပါးသော ကသိုဏ်းအာရုံတို့ကိုပွါးများကုန်၏။ တစ်ယောက်သောပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းကို အထက် အောက် ဖီလာအရပ်၌ နှစ်မျိုးမရှိ တစ်ခုတည်းရှိ၏၊ အတိုင်းအရှည်မရှိဟု ကောင်းစွာ သိ၏။ တစ်ယောက်သော ပုဂ္ဂိုလ်သည် အာပေါကသိုဏ်းကို။ပ။ ကောင်းစွာ သိ၏။ တစ်ယောက်သော ပုဂ္ဂိုလ်သည် တေဇောကသိုဏ်းကို။ပ။ ကောင်းစွာ သိ၏။ တစ်ယောက်သော ပုဂ္ဂိုလ်သည် ဝါယောကသိုဏ်းကို။ပ။ ကောင်းစွာ သိ၏။ တစ်ယောက်သော ပုဂ္ဂိုလ်သည် နီလကသိုဏ်းကို။ပ။ ကောင်းစွာ သိ၏။ တစ်ယောက်သော ပုဂ္ဂိုလ်သည် ပီတကသိုဏ်းကို။ပ။ ကောင်းစွာ သိ၏။ တစ်ယောက်သော ပုဂ္ဂိုလ်သည် လောဟိတကသိုဏ်းကို။ပ။ ကောင်းစွာ သိ၏။ တစ်ယောက်သော ပုဂ္ဂိုလ်သည် သြဒါတကသိုဏ်းကို။ပ။ ကောင်းစွာ သိ၏။ တစ်ယောက်သော ပုဂ္ဂိုလ် သည် အာကာသကသိုဏ်းကို။ပ။ ကောင်းစွာ သိ၏။ တစ်ယောက်သောပုဂ္ဂိုလ်သည် ဝိညာဏကသိုဏ်း ကို အထက် အောက် ဖီလာအရပ်၌ နှစ်မျိုးမရှိ တစ်ခုတည်းရှိ၏၊ အတိုင်းအရှည်မရှိဟု ကောင်းစွာ သိ၏။ ထိုဆယ်ပါးသော ကသိုဏ်းကို ပွါးရာ၌လည်း များစွာသော ငါ၏တပည့်တို့သည် အဘိညာဉ်၏အဆုံး ကမ်းတစ်ဖက်သို့ ရောက်၍ နေကြကုန်၏။

၂၅၁။ ဥဒါယီ ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏ တပည့်တို့သည် လေးပါးသော ဈာန်တို့ကို ပွါးများကုန်၏။ ဥဒါယီဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွဖြစ်သော သုံးသပ်ခြင်း ‘ဝိစာရ’ နှင့်တကွဖြစ်သော (နီဝရဏ) ကင်း ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသောပဌမဈာန်သို့ရောက်၍ နေ၏၊ ထို (ရဟန်း) သည် ဤကိုယ်ကိုပင်လျှင် (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ (နီဝရဏ) ကင်း ဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့်ထိုရဟန်း၏ တစ်ကိုယ်လုံး မပျံ့နှံ့သောနေရာ အနည်းငယ်မျှမရှိ၊ ဥဒါယီ ဥပမာသော်ကားကျွမ်းကျင်သော ရေချိုးပေးသူသည်လည်း ကောင်း၊ ရေချိုးပေးသူ၏တပည့်သည်လည်းကောင်း ကြေးခွက်၌ရေချိုး ကသယ်မှုန့်တို့ကို ဖြူးပြီးလျှင် ရေဖြင့် ဖျန်းလျက် ဖျန်းလျက် အခဲပြုရာ၏၊ ထိုရေချိုးကသယ်မှုန့်ခဲသည် အစေးဖြင့် စိမ့်ဝင်လျက် ရှိရာ၏၊ အစေးဖြင့် ဖွဲ့စည်းလျက် ရှိရာ၏၊ အတွင်းအပြင်၌့အစေးဖြင့် နှံ့လျက်ရှိရာ၏၊ ယိုကျခြင်းလည်း မရှိရာ၊ ဥဒါယီ ဤအတူ ရဟန်းသည် ဤကိုယ်ကိုသာလျှင် (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သောနေရာ အနည်းငယ်မျှမရှိ။

ဥဒါယီ တစ်ဖန်လည်း ရဟန်းသည် ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’ တို့၏ ချုပ်ခြင်း ကြောင့်မိမိကိုယ်၌ စိတ်ကိုကြည်လင်စေတတ်သော စိတ်၏တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်ပွါးများစေတတ် သောကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ်ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ကြောင့် ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ရောက်၍ နေ၏၊ ထိုရဟန်းသည်ဤကိုယ်ကိုပင်လျှင် တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ဖြင့်စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ ့နှံ့စေ၏၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး မပျံ့နှံ့သောနေရာ အနည်းငယ်မျှမရှိ။ ဥဒါယီ ဥပမာသော်ကား နက်စွာသော စိမ့်ရေရှိသော ရေအိုင်သည် ရှိရာ၏၊ ထိုရေအိုင်၏ အရှေ့အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ အနောက်အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ မြောက်အရပ်၌လည်းရေဝင်ပေါက် မရှိရာ၊ တောင်အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ မိုးသည်လည်း အချိန်မှန် သည်းထန်စွာရွာသွန်းခြင်း မရှိရာ၊ သို့သော်လည်း ထိုရေအိုင်မှ အေးမြသော ရေအယဉ်သည် စိမ့်ထွက်၍ ထိုရေအိုင်ကိုပင်လျှင် အေးမြသောရေဖြင့် စိုစွတ်စေရာ၏၊ အလုံးစုံ စိုစွတ်စေရာ၏၊ ပြည့််စေရာ၏၊ ပျံ့နှံ့စေရာ၏၊ အေးမြသောရေဖြင့် ထိုရေအိုင်တစ်ခုလုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိရာ၊ ဥဒါယီ ဤအတူရဟန်းသည် ဤကိုယ်ကိုပင်လျှင် တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း’သုခ’ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့််စေ၏၊ ပျံ့နှံ့စေ၏၊ တည်ကြည်ခြင်း ‘သမာဓိ’ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး မပျံ့နှံ့သောနေရာ အနည်းငယ်မျှ မရှိ။

ဥဒါယီ တစ်ဖန်လည်း ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့်သာလျှင် သတိ, သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် တတိယဈာန်ကြောင့် ထိုသူ့ကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟုအရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ရဟန်းသည် ထိုတတိယဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤကိုယ်ကိုသာလျှင် နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသော ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံစိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’ မရှိသော ချမ်းသာခြင်း ‘သုခ’ဖြင့် ထိုရဟန်း၏တစ်ကိုယ်လုံး မပျံ့နှံ့သောနေရာ အနည်းငယ်မျှ မရှိ။ ဥဒါယီ ဥပမာသော်ကား ဥပ္ပလကြာ၄ တော၌လည်းကောင်း၊ ပဒုမ္မာကြာတော၌လည်းကောင်း၊ ပုဏ္ဍရိက်ကြာတော၌လည်းကောင်း၊ ဥပ္ပလကြာ အချို့တို့သည်လည်းကောင်း၊ ပဒုမ္မာကြာ အချို့တို့သည်လည်းကောင်း၊ ပုဏ္ဍရိက်ကြာ အချို့တို့သည်လည်းကောင်း ရေ၌ပေါက်ကုန်၏၊ ရေ၌ ကြီးပွါးကုန်၏၊ ရေမှ မပေါ်ထွက်သေးကုန်၊ ရေထဲ၌ မြုပ်၍ ဖွံ့ဖြိုးကုန်၏၊ ထိုကြာတို့သည် အဖျားအရင်းတိုင်အောင် အေးမြသော ရေဖြင့် စိုစွတ်ကုန်၏၊ အလုံးစုံစိုစွတ်ကုန်၏၊ ပြည့်ကုန်၏၊ ပျံ့နှံ့ ကုန်၏၊ ထိုဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာ အလုံးစုံ၌ အေးမြသောရေဖြင့် မပျံ့နှံ့သောနေရာအနည်းငယ်မျှ မရှိရာ။ ဥဒါယီ ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် နှစ်သိမ့်ခြင်း ‘ပီတိ’ မရှိသောချမ်းသာခြင်း ‘သုခ’ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’မရှိသော ချမ်းသာခြင်း ‘သုခ’ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး မပျံ့နှံ့သောနေရာ အနည်းငယ်မျှ မရှိ။

ဥဒါယီ တစ်ဖန်လည်း ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင့်ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် သန့်ရှင်းဖြူစင်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုရဟန်း၏ တစ်ကိုယ်လုံး သန့်ရှင်းဖြူစင်သော စိတ်ဖြင့် မပျံ့နှံ့သောနေရာ အနည်းငယ်မျှ မရှိ။ ဥဒါယီ ဥပမာသော်ကားယောကျာ်းသည် ဖြူသောအဝတ်ဖြင့် ဦးခေါင်းနှင့်တကွ (တစ်ကိုယ်လုံး) ခြုံ၍ ထိုင်နေသည်ရှိသော် ထိုယောကျာ်း၏ တစ်ကိုယ်လုံး၌ ဖြူသောအဝတ်ဖြင့် မပျံ့နှံ့သောနေရာ အနည်းငယ်မျှ မရှိရာ။ ဥဒါယီဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် သန့်ရှင်းဖြူစင်သော စိတ်ပြင့် ပျံ့နှံ့စေ၍နေ၏၊ ထိုရဟန်း၏တစ်ကိုယ်လုံး၌ သန့်ရှင်းဖြူစင်သော စိတ်ဖြင့် မပျံ့နှံ့သောနေရာ အနည်းငယ်မျှ မရှိ။ ထိုဈာန်လေးပါးကိုပွါးများရာ၌လည်း များစွာသော ငါ၏ တပည့်တို့သည် အဘိညာဉ်၏အဆုံး ကမ်းတစ်ဖက်သို့ ရောက်၍နေကြကုန်၏။

၂၅၂။ ဥဒါယီ တစ်ဖန်လည်း ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကြကုန်သော ငါ၏ တပည့်တို့သည် ဤသို့ သိကုန်၏—“ငါ၏ ဤကိုယ်ကား ရုပ်ရှိ၏၊ မဟာဘုတ်လေးပါး အစုအဝေးဖြစ်၏၊ မိဘတို့မှ ပေါက်ဖွား၏၊ ထမင်း မုန့်တို့ဖြင့်ကြီးပွား၏၊ မမြဲခြင်း ပွတ်သပ်ပေးရခြင်း၅ ဆုပ်နယ်ပေးရခြင်း ပြိုကွဲခြင်း ပျက်စီးခြင်း သဘောရှိ၏၊ ငါ၏ဤဝိညာဉ်သည်လည်း ဤ (ကိုယ်) ၌ မှီတွယ်၏၊ ဤ (ကိုယ်) ၌ ဆက်စပ်၏ဟု (သိကြကုန်၏)။ ဥဒါယီဥပမာသော်ကား အလွန်တောက်ပသော အမျိုးမှန်သော ရှစ်မြှောင့်ရှိသော ကောင်းစွာ ပြုပြင်ပြီးဖြစ်သောအရည်ကောင်းသော အထူးကြည်လင်သော နောက်ကျုခြင်းကင်းသော (သွေးခြင်း ဖောက်ခြင်းစသော) အခြင်းအရာအားလုံးနှင့် ပြည့်စုံသော ဝေဠုရိယ ‘ကြောင်မျက်ရွဲ’ ရတနာသည် ရှိရာ၏၊ ထို (ဝေဠုရိယ’ကြောင်မျက်ရွဲ’ ရတနာ) ၌ ညိုသောချည်ကိုသော်လည်းကောင်း၊ ဝါသောချည်ကိုသော်လည်းကောင်း၊ နီသော ချည်ကိုသော်လည်းကောင်း၊ ဖြူသောချည်ကိုသော်လည်းကောင်း၊ ဝါဖျော့သောချည်ကိုသော်လည်းကောင်း တပ်ထားရာ၏၊ ထို (ဝေဠုရိယ ‘ကြောင်မျက်ရွဲ’ ရတနာ) ကိုမျက်စိအမြင်ရှိသော ယောကျာ်းသည် လက်၌ တင်ထား၍ — ဤဝေဠုရိယ ကြောင်မျက်ရွဲ ရတနာသည်အလွန်တောက်ပ၏၊ အမျိုးမှန်၏၊ ရှစ်မြှောင့်ရှိ၏၊ ကောင်းစွာ ပြုပြင်ပြီးဖြစ်၏၊ အရည်ကောင်း၏၊ အထူးကြည်လင်၏၊ နောက်ကျုခြင်းကင်း၏၊ (သွေးခြင်း ဖောက်ခြင်းစသော) အခြင်းအရာအားလုံးနှင့်ပြည့်စုံ၏၊ ထို (ဝေဠုရိယ ‘ကြောင်မျက်ရွဲ’ ရတနာ) ၌ ဤ ညိုသောချည်ကိုတပ်ထား၏ဟူ၍သော်လည်းကောင်း၊ ဤဝါသောချည်ကို တပ်ထား၏ ဟူ၍သော်လည်း ကောင်း၊ ဤနီသောချည်ကို တပ်ထား၏ ဟူ၍သော်လည်းကောင်း၊ ဤဖြူသောချည်ကို တပ်ထား၏ ဟူ၍သော်လည်းကောင်း၊ ဤဝါဖျော့သောချည်ကို တပ်ထား၏ဟူ၍သော်လည်းကောင်း ဆင်ခြင်ရာ၏။ ဥဒါယီဤအတူသာလျှင် ငါသည် တပည့်တို့အား အကျင့်တရားကို ဟောကြားထား၏၊ ဟောကြားသည့်အတိုင်းကျင့်ကြကုန်သော ငါ၏ တပည့်တို့သည် ဤသို့ အပြားအားဖြင့် သိကြကုန်၏— “ငါ၏ ဤကိုယ်ကားရုပ်ရှိ၏၊ မဟာဘုတ်လေးပါး အစုအဝေးဖြစ်၏၊ မိဘတို့မှ ပေါက်ဖွား၏၊ ထမင်း မုန့်တို့ဖြင့် ကြီးပွား၏၊ မမြဲခြင်း ပွတ်သပ်ပေးရခြင်း ဆုပ်နယ်ပေးရခြင်း ပြိုကွဲခြင်း ပျက်စီးခြင်း သဘောရှိ၏၊ ငါ၏ ဤဝိညာဉ်သည်လည်း ဤ (ကိုယ်) ၌ မှီတွယ်၏၊ ဤ (ကိုယ်) ၌ ဆက်စပ်၏ဟု သိကုန်၏၊ ထိုသို့ သိရာ၌လည်းများစွာသော ငါ၏ တပည့်တို့သည် အဘိညာဉ်၏အဆုံး ကမ်းတစ်ဖက်သို့ ရောက်၍ နေကြကုန်၏။

၂၅၃။ ဥဒါယီ တစ်ဖန်လည်း ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏ တပည့်တို့သည် ဤ (မိမိ) ကိုယ်မှ တစ်ပါးသော ရုပ်ရှိသော စိတ်ဖြင့်ပြီးသော အဂ ငါ်္ကြီးငယ်အလုံးစုံရှိသော ဣန္ဒြေ မချို့တဲ့သော ကိုယ်ကို ဖန်ဆင်းကုန်၏။ ဥဒါယီ ဥပမာသော်ကား ယောကျာ်းသည် ဖြူဆံမြက်မှ အညွန့်တံကို နုတ်ရာ၏၊ ထိုယောကျာ်းအား—့”ဤကား ဖြူဆံမြက်တည်း၊ ဤကား အညွန့်တံတည်း၊ ဖြူဆံမြက်ကား တခြား၊ အညွန့်တံကား တခြားတည်း၊ ဖြူဆံမြက်မှသာလျှင် အညွန့်တံကို နုတ်ထား၏”ဟု အကြံဖြစ်ရာ၏။ ဥဒါယီ ဥပမာတစ်မျိုးသော်ကား ယောကျာ်းသည် သန်လျက်ကို အအိမ်မှ ထုတ်ရာ၏၊ ထို (ယောကျာ်း) အား “ဤကားသန်လျက်တည်း၊ ဤကား အအိမ်တည်း၊ သန်လျက်ကား တခြား၊ အအိမ်ကား တခြားတည်း၊ အအိမ်မှသာလျှင် သန်လျက်ကို ထုတ်ထား၏”ဟု အကြံဖြစ်ရာ၏။ ဥဒါယီ ဥပမာတစ်မျိုးသော်ကား ယောကျာ်းသည် အရေခွံမှ မြွေကို ထုတ်ရာ၏၊ ထို (ယောကျာ်း) အား— “ဤကား မြွေတည်း၊ ဤကား အရေတည်း၊ မြွေကား တခြား၊ အရေကား တခြားတည်း၊ အရေခွံမှသာလျှင် မြွေကို ထုတ်ထား၏”ဟုအကြံဖြစ်ရာ၏။ ဥဒါယီ ဤဥပမာအတူပင်လျှင် ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏ တပည့်တို့သည် ဤ (မိမိ) ကိုယ်မှ တစ်ပါးသော ရုပ်ရှိသော စိတ်ဖြင့်ပြီးသော အင်္ဂါကြီးငယ် အလုံးစုံရှိသော ဣန္ဒြေမချို့တဲ့သော ကိုယ်ကို ဖန်ဆင်းကုန်၏။ ထိုသို့ ဖန်ဆင်းရာ၌လည်း များစွာသော ငါ၏ တပည့်တို့သည် အဘိညာဉ်၏အဆုံး ကမ်းတစ်ဖက်သို့ ရောက်၍ နေကြကုန်၏။

၂၅၄။ ဥဒါယီ တစ်ဖန်လည်း ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏ တပည့်တို့သည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကိုပြီးစေကုန်၏။ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွားကုန်၏၊ အများဖြစ်လျက်လည်းတစ်ယောက်တည်း ဖြစ်လာ၏၊ ကိုယ်ကို ထင်ရှားဖြစ်စေ၏၊ ကိုယ်ကို ပျောက်ကွယ်စေ၏၊ နံရံတစ်ဖက်တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့ သွားကုန်၏၊ မြေ၌လည်း ငုပ်ခြင်းပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြုလုပ်ကုန်၏၊ ရေ၌လည်း မကွဲစေဘဲ မြေ၌ကဲ့သို့ သွားကုန်၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သွားကုန်၏၊ ဤသို့ တန်ခိုးကြီးကုန်သောဤသို့ အာနုဘော်ကြီးကုန်သော ဤ လ နေတို့ကိုလည်း လက်ဖြင့် သုံးသပ်ကုန်၏၊ ဆုပ်ကိုင်ကုန်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေကုန်၏။ ဥဒါယီ ဥပမာသော်ကားကျွမ်းကျင်သော အိုးထိန်းသည်သည်လည်းကောင်း၊ အိုးထိန်းသည်၏ တပည့်သည်လည်းကောင်း မြေကိုညက်စွာနယ်ပြီးသော် အလိုရှိရာ အိုးခွက်အမျိုးမျိုးကို ပြုလုပ်ရာ၏၊ ပြီးစေရာ၏၊ ဥဒါယီ ဥပမာတစ်မျိုးသော်ကား ကျွမ်းကျင်သော ဆင်စွယ်ပန်းပုသည်သည်လည်းကောင်း၊ ဆင်စွယ်ပန်းပုသည်၏ တပည့်သည်လည်းကောင်း ဆင်စွယ်ကို ကောင်းစွာ ပြုပြင်ပြီးသော် အလိုရှိရာ ဆင်စွယ်ထည်ကို ပြုလုပ်ရာ၏၊ ပြီးစေရာ၏။

ဥဒါယီ ဥပမာတစ်မျိုးသော်ကား ကျွမ်းကျင်သော ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ရွှေကို ကောင်းစွာ ပြုပြင်ပြီးသော် အလိုရှိရာ ရွှေထည်ကို ပြုလုပ်ရာ၏၊ ပြီးစေရာ၏၊ ဥဒါယီ ဤဥပမာအတူပင်လျှင် ငါသည် တပည့်တို့အား အကျင့်တရားကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏ တပည့်တို့သည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေကုန်၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွားကုန်၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာ၏၊ ကိုယ်ကို ထင်ရှားဖြစ်စေကုန်၏၊ ကိုယ်ပျောက်စေကုန်၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့ သွားကုန်၏၊ မြေ၌လည်းငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြုကုန်၏၊ ရေ၌လည်း မကွဲစေဘဲ မြေ၌ကဲ့သို့ သွားကုန်၏၊ ကောင်းကင် ၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သွားကုန်၏၊ ဤသို့ ကြီးသောတန်ခိုးရှိ ကုန်သော ဤသို့ ကြီးသော အာနုဘော်ရှိကုန်သော ဤ လ နေတို့ကိုလည်းလက်ဖြင့်သုံးသပ်ကုန်၏၊ ဆုပ်ကိုင်ကုန်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်းဖြစ်စေကုန်၏။ ထိုတန်ခိုး ဖန်ဆင်းရာ၌လည်း များစွာသော ငါ၏ တပည့်တို့သည် အဘိညာဉ်၏အဆုံး့ကမ်းတစ်ဖက်သို့ ရောက်၍ နေကြကုန်၏။

၂၅၅။ ဥဒါယီ တစ်ဖန်လည်း ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏တပည့်တို့သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏နားထက်သာလွန်သော နတ်တို့၏ နားနှင့်တူသော ‘ဒိဗ္ဗသောတ’ ဉာဏ်ဖြင့် နတ်၌လည်းဖြစ်ကုန်သော လူ၌လည်းဖြစ်ကုန်သော ဝေးသည်လည်းဖြစ်ကုန်သော နီးသည်လည်း ဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကိုကြားကုန်၏။ ဥဒါယီ ဥပမာအားဖြင့် အားရှိသော ခရုသင်းမှုတ်သမားသည် အနည်းငယ်သော ကြောင့်ကြစိုက်ခြင်းဖြင့် အရပ်လေးမျက်နှာတို့ကို သိစေနိုင်ရာသကဲ့သို့ ဥဒါယီ ဤအတူပင်လျှင် ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏ တပည့်တို့သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက်သာလွန်သော နတ်တို့၏ နားနှင့်တူသော’ဒိဗ္ဗသောတ’ ဉာဏ်ဖြင့် နတ်၌လည်းဖြစ်ကုန်သော လူ၌လည်းဖြစ်ကုန်သော ဝေးသည်လည်းဖြစ်ကုန်သောနီးသည်လည်းဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားကုန်၏။ ထိုဒိဗ္ဗသောတအဘိညာဉ်၌လည်းများစွာသော ငါ၏ တပည့်တို့သည် အဘိညာဉ်၏အဆုံး ကမ်းတစ်ဖက်သို့ ရောက်၍ နေကြကုန်၏။

၂၅၆။ ဥဒါယီ တစ်ဖန်လည်း ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏ တပည့်တို့သည် တစ်ပါးသောသတ္တဝါ တစ်ပါးသောပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍ သိကုန်၏၊ စွဲမက်ခြင်း ‘ရာဂ’ နှင့်တကွသော စိတ်ကိုလည်းစွဲမက်ခြင်း ‘ရာဂ’ နှင့် တကွသော စိတ်ဟု သိကုန်၏၊ စွဲမက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ကိုလည်း စွဲမက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ဟု သိကုန်၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’ နှင့် တကွသော စိတ်ကိုလည်းအမျက်ထွက်ခြင်း ‘ဒေါသ’ နှင့် တကွသော စိတ်ဟု သိကုန်၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသောစိတ်ကို လည်း အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသော စိတ်ဟု သိကုန်၏၊ တွေဝေခြင်း ‘မောဟ’ နှင့်တကွသော စိတ် ကိုလည်း တွေဝေခြင်း ‘မောဟ’ နှင့်တကွသော စိတ်ဟုသိကုန်၏၊ တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်ကိုလည်း တွေဝေခြင်း၆ ‘မောဟ’ ကင်းသော စိတ်ဟုသိကုန်၏၊ ကျုံ့သော စိတ်ကိုလည်း ကျုံ့သော စိတ်ဟု သိကုန်၏၊ ပျံ့သော စိတ်ကိုလည်း ပျံ့သောစိတ်ဟု သိကုန်၏၊ မြတ်သည်၏အဖြစ်သို့ ရောက် သော ‘မဟဂ္ဂုတ်’ စိတ်ကိုလည်း မြတ်သည်၏အဖြစ်သို့ရောက်သော ‘မဟဂ္ဂုတ်’ စိတ်ဟု သိကုန်၏၊ မြတ် သည်၏အဖြစ်သို့ မရောက်သော စိတ်ကိုလည်းမြတ်သည်၏အဖြစ်သို့ မရောက်သော စိတ်ဟု သိကုန်၏၊ သာလွန်သော တရားရှိသော စိတ်ကိုလည်းသာလွန်သော တရားရှိသော စိတ်ဟု သိကုန်၏၊ သာလွန် သော တရားမရှိသော စိတ်ကိုလည်းသာလွန်သော တရားမရှိသော စိတ်ဟု သိကုန်၏၊ တည်ကြည်သော စိတ်ကိုလည်းတည်ကြည်သောစိတ်ဟု သိကုန်၏၊ မတည်ကြည်သော စိတ်ကိုလည်း မတည်ကြည်သော စိတ်ဟုသိကုန်၏၊ လွတ်မြောက်သော စိတ်ကိုလည်း လွတ်မြောက်သောစိတ်ဟု သိကုန်၏၊ မလွတ်မြောက် သောစိတ်ကိုလည်း မလွတ်မြောက်သော စိတ်ဟု သိကုန်၏၊

ဥဒါယီ ဥပမာသော်ကား ငယ်ရွယ်သော အလှပြင်လေ့ရှိသော မိန်းမပျိုသည် လည်းကောင်း၊ ယောကျာ်းပျိုသည်လည်းကောင်း သန့်ရှင်းဖြူစင်သော မှန်၌ဖြစ်စေ၊ ကြည်လင်သော ရေခွက်၌ဖြစ်စေ မိမိ မျက်နှာရိပ်ကို ကြည့်ရှုလတ်သော် (မှဲ့စသော) အပြောက်အစွန်းရှိသည်ကို (မှဲ့စသော) အပြောက် အစွန်းရှိ၏ဟုသိရာ၏၊ (မှဲ့စသော) အပြောက်အစွန်းမရှိသည်ကို (မှဲ့စသော) အပြောက်အစွန်းမရှိဟု သိရာ၏။ ဥဒါယီ ဤအတူသာလျှင် ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့် အတိုင်း ကျင့်ကုန်သော ငါ၏ တပည့်တို့သည် တစ်ပါးသောသတ္တဝါ တစ်ပါးသောပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍ သိကုန်၏၊ စွဲမက်ခြင်း ‘ရာဂ’ နှင့်တကွသော စိတ်ကိုလည်းစွဲမက်ခြင်း ‘ရာဂ’နှင့် တကွသော စိတ်ဟု သိကုန်၏၊ စွဲမက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ကိုလည်း စွဲမက့်ခြင်း ‘ရာဂ’ကင်းသော စိတ်ဟု သိကုန်၏။ပ။ အမျက်ထွက်ခြင်း ‘ဒေါသ’ နှင့် တကွသော စိတ်ကိုလည်းအမျက်ထွက်ခြင်း ‘ဒေါသ’ နှင့် တကွသော စိတ်ဟု သိကုန်၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’ကင်းသောစိတ်ကိုလည်း အမျက်ထွက်ခြင်း ‘ဒေါသ’ကင်းသော စိတ်ဟု သိကုန်၏၊ တွေဝေခြင်း’မောဟ’နှင့်တကွသော စိတ်ကိုလည်း တွေဝေခြင်း ‘မောဟ’နှင့်တကွသော စိတ်ဟု သိကုန်၏၊ တွေဝေခြင်း ‘မောဟ’ကင်းသော စိတ်ကိုလည်း တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်ဟု သိကုန်၏၊ ကျုံ့သောစိတ်ကိုလည်း ကျုံ့သောစိတ်ဟု သိကုန်၏၊ ပျံ့သောစိတ် ကိုလည်း ပျံ့သောစိတ်ဟု သိကုန်၏၊ မြတ်သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’ စိတ်ကိုလည်း မြတ်သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’ စိတ်ဟု သိကုန်၏၊ မြတ်သည်၏ အဖြစ်သို့ မရောက်သော စိတ်ကိုလည်းမြတ်သည်၏အဖြစ်သို့ မရောက်သော စိတ်ဟု သိကုန်၏၊ သာလွန်သော တရားရှိသော စိတ်ကိုလည်းသာလွန်သော တရားရှိသော စိတ်ဟု သိကုန်၏၊ သာလွန်သော တရားမရှိသော စိတ်ကိုလည်းသာလွန်သော တရားမရှိသော စိတ်ဟု သိကုန်၏၊ တည်ကြည်သော စိတ်ကိုလည်းတည်ကြည်သောစိတ်ဟု သိကုန်၏၊ မတည်ကြည်သော စိတ်ကိုလည်း မတည်ကြည်သော စိတ်ဟုသိကုန်၏၊ လွတ်မြောက်သော စိတ်ကိုလည်း လွတ်မြောက်သောစိတ်ဟု သိကုန်၏၊ မလွတ်မြောက်သောစိတ်ကိုလည်း မလွတ်မြောက်သော စိတ်ဟု သိကုန်၏၊ ထိုပရစိတ္တဝိဇာနနအဘိညာဉ်၌လည်း များစွာသောငါ၏တပည့်တို့သည် အဘိညာဉ်၏အဆုံး ကမ်းတစ်ဖက်သို့ ရောက်၍ နေကြကုန်၏။

၂၅၇။ ဥဒါယီ တစ်ဖန်လည်း ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏ တပည့်တို့သည် များပြားသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ကုန်၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း “ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်းဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည် အနွယ်) နှင့် တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ကုန်၏။

ဥဒါယီ ဥပမာအားဖြင့် ယောကျာ်းသည် မိမိရွာမှ တစ်ပါးသော ရွာသို့ သွားရာ၏၊ ထိုရွာမှလည်းတစ်ပါးသောရွာသို့ သွားရာ၏၊ ထိုယောကျာ်းသည် ထိုရောက်သောရွာမှ မိမိရွာသို့သာလျှင် ပြန်လာရာ၏၊ ထိုယောကျာ်းအား “ငါသည် မိမိနေရာရွာမှ တစ်ပါးသော ရွာကို သွားခဲ့၏၊ ထိုရွာ၌လည်း ဤသို့ရပ်ခဲ့၏၊ ဤသို့ ထိုင်ခဲ့၏၊ ဤသို့ ပြောဆိုခဲ့၏၊ ဤသို့ ဆိတ်ဆိတ်နေခဲ့၏၊ ထိုရွာမှလည်းဤမည်သောရွာသို့ သွား ခဲ့၏၊ ထိုရွာ၌လည်း ဤသို့ ရပ်ခဲ့၏၊ ဤသို့ ထိုင်ခဲ့၏၊ ဤသို့ ပြောဆိုခဲ့၏၊ ဤသို့ ဆိတ်ဆိတ်နေခဲ့၏၊ ထိုငါသည် ထိုရွာမှ မိမိရွာသို့သာလျှင် ပြန်လာ၏”ဟု အကြံဖြစ်ရာ၏။ ဥဒါယီဤဥပမာအတူသာလျှင် ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန် သော ငါ၏တပည့်တို့သည် များသော အစီအရင်ရှိသော ရှေးကနေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင် ကုန်၏။ ဤရှေးက နေခဲ့ဖူးသော ခန္ဓာအစဉ်ဟူသည်အဘယ်နည်းဟူမူ— တစ်ခုသောဘဝကိုလည်း ကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည် အနွယ်) နှင့်တကွ များပြားသော ရှေးက ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ကုန်၏။ ထိုပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်၌လည်း များစွာသော ငါ၏ တပည့်တို့သည် အဘိညာဉ်၏အဆုံးကမ်းတစ်ဖက်သို့ ရောက်၍ နေကြကုန်၏။

၂၅၈။ ဥဒါယီ တစ်ဖန်လည်း ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏တပည့်တို့သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသောသတ္တဝါ မကောင်းသောလားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာဖြစ်ပေါ် သော သတ္တဝါတို့ကို သိ၏။ “အချင်းတို့ ဤသတ္တဝါတို့သည် ကာယဒုစရိုက်နှင့် ပြည့်စုံကုန်၏၊ ဝစီ ဒုစရိုက်နှင့် ပြည့်စုံကုန်၏၊ မနောဒုစရိုက်နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသောအယူရှိကုန်၏၊ မှားသောအယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာ ငရဲ၌ဖြစ်ပေါ်ကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကာယသုစရိုက်နှင့် ပြည့်စုံကုန်၏၊ ဝစီသုစရိုက်နှင့်ပြည့်စုံကုန်၏၊ မနောသုစရိုက်နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ကောင်းသောလားရာ နတ်ပြည်၌ ဖြစ်ပေါ်ကုန်၏”ဟု ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသောသတ္တဝါ မကောင်းသောလားရာရှိသောသတ္တဝါတို့ကို မြင်ကုန်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိကုန်၏။

ဥဒါယီ ဥပမာအားဖြင့် မြဲမြံစွာ ဖွဲ့ချည်အပ်သော တံခါးနှစ်ခုရှိသော အိမ်သည် ရှိရာ၏၊ ထိုအိမ်၌မျက်စိအမြင်နှင့် ပြည့်စုံသော ယောကျာ်းသည် အိမ်၏ အလယ်၌ ရပ်တည်လျက် အိမ်သို့ဝင်ကုန်သောအိမ်မှထွက်ကုန်သော ထိုမှ ဤမှ လျှောက်ကုန်သော ထိုမှ ဤမှ လှည့်လည်ကုန်သော လူတို့ကို မြင်ရာ၏၊ ဥဒါယီ ဤဥပမာအတူသာလျှင် ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏တပည့်တို့သည် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန် သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါကောင်းသောလားရာရှိသောသတ္တဝါ မကောင်းသောလားရာရှိသော သတ္တဝါတို့ကို မြင်ကုန်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိကုန်၏။ပ။ ထိုဒိဗ္ဗစက္ခုအဘိညာဉ်၌လည်း များစွာသောငါ၏ တပည့်တို့သည် အဘိညာဉ်၏အဆုံး ကမ်းတစ်ဖက်သို့ ရောက်၍ နေကြကုန်၏။

၂၅၉။ ဥဒါယီ တစ်ဖန်လည်း ငါသည် တပည့်တို့အား အကျင့်တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သော ငါ၏တပည့်တို့သည် အာသဝေါတရားတို့ ကုန်ခြင်းကြောင့်အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေကုန်၏။ ဥဒါယီဥပမာ အားဖြင့် တောင်ဝှမ်း၌ ကြည်လင်သန့်ရှင်း နောက်ကျုကင်းသော ရေအိုင်သည် ရှိရာ၏၊ မျက်စိအမြင်ရှိ သော ယောကျာ်းသည် ထိုရေအိုင်၏ ကမ်း၌ ရပ်လျက် ခရု ယောက်သွား ကျောက်စရစ့်အိုးခြမ်း ငါး အပေါင်းတို့ သွားနေကြသည်ကိုလည်းကောင်း၊ ရပ်တည်နေကြသည်ကိုလည်းကောင်းမြင်ရာ၏၊ ထို ယောကျာ်းအား ဤသို့ အကြံဖြစ်ရာ၏— “ဤရေအိုင်သည် ကြည်လင် သန့်ရှင်းနောက်ကျုကင်း၏၊ ထို ရေအိုင်၌ ခရု ယောက်သွား ကျောက်စရစ် အိုးခြမ်း ငါးအပေါင်းတို့ သွားလည်းသွားကြကုန်၊ ရပ်လည်း ရပ်ကြကုန်၏”ဟု သိသည် ဖြစ်ရာ၏။ ဥဒါယီ ဤဥပမာအတူသာလျှင် ငါသည်တပည့်တို့အား အကျင့် တရားတို့ကို ဟောကြားထား၏၊ ဟောကြားထားသည့်အတိုင်း ကျင့်ကုန်သောငါ၏ တပည့်တို့သည် အာသဝေါတရားတို့ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော’အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့်ကိုယ်တိုင် မျက်မှောက် ပြုလျက် ရောက်၍ နေကုန်၏။ ထိုစေတောဝိမုတ္တိ ပညာဝိမုတ္တိ၌လည်းများစွာသော ငါ၏ တပည့်တို့သည် အဘိညာဉ်၏အဆုံး ကမ်းတစ်ဖက်သို့ ရောက်၍ နေကြကုန်၏။ ဥဒါယီ ဤသည်ကား ပဉ္စမတရား ပေတည်း၊ ယင်းတရားကြောင့် ငါ၏ တပည့်တို့သည် ရိုသေကုန်၏၊ လေးစားကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ အရိုအသေပြု၍ အလေးပြု၍ အမှီပြု၍ နေကြကုန်၏။

ဥဒါယီ ဤသည်တို့ကား ငါးပါးသောတရားတို့တည်း။ ယင်းတရားတို့ကြောင့် ငါ၏ တပည့်တို့သည်ငါ့ကို ရိုသေကုန်၏၊ လေးစားကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ အရိုအသေပြု၍ အလေးပြု၍အမှီပြု၍ နေကုန်၏ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူ၏။ သကုလုဒါယီ ပရိဗိုဇ်သည် မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာ ခံယူလေသတည်း။

ခုနစ်ခုမြောက်မဟာသကုလုဒါယိသုတ် ပြီး၏။

၁။ ရူပသညာ—ရူပဈာန်၌ ဖြစ်သောသညာ။

၂။ ပဋိဃသညာ—စက္ခုစသော ဝတ္ထုရုပ်ငါးပါး၌ ရူပါရုံစသော အာရုံငါးပါးတို့ ထိခိုက်သောအခါ ဖြစ်ပေါ်လာသော ပဉ္စဝိညာဏ်သညာ။

၃။ ပဋိဃသညာမှ တစ်ပါးသော အမျိုးမျိုးသော ကာမာဝစရသညာ။

၄။ ဥပ္ပလ ကြာဖြူ ကြာနီ ကြာညို။

၅။ သူငယ်နံ့သာပျောက်စေခြင်းငှါ ငယ်စဉ်က နံ့သာဖြင့် ပွတ်သပ်ပေးရခြင်းကို ဆိုလိုသည်။

၆။ တွေဝေခြင်း မောဟဟူသည်— သစ္စာလေးပါးအရာ၌ အမှန်ကို မသိခြင်း အမှားကို သိခြင်းတည်း။