မဇ္ဈိမနိကာယ်

၈—သမဏမုဏ္ဍိကသုတ်

၂၆ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ သမဏမုဏ္ဍိကာ၏ သားဖြစ်သော ဥဂ္ဂါဟမာနပရိဗိုဇ်သည်တည်ပင်အစဉ်အတန်းရှိသည့် ဇရပ်တစ်ဆောင်သာရှိသော အယူကို ပြိုင်ဆိုင်ပြောဆိုရာဖြစ်သော မလ္လိကာမိဖုရား၏အရံ၌ ငါးရာမျှ အရေအတွက်ရှိသော များစွာသော ပရိဗိုဇ်ပရိသတ်နှင့် အတူ နေ၏။ ထိုအခါပဉ္စကင်္ဂလက်သမားကြီးသည် နေမွန်းတိမ်းအခါ၌ မြတ်စွာဘုရားကို ဖူးမြင်ရန် သာဝတ္ထိပြည်မှ ထွက်၏။ ထိုအခါ ပဉ္စကင်္ဂလက်သမားကြီးအား “မြတ်စွာဘုရားအား ဖူးမြင်ရန် အခါမဟုတ်သေး၊ မြတ်စွာဘုရားသည် ကိန်းအောင်းနေတော်မူ၏၊ နှလုံးကို ပွါးစေတတ်သော ရဟန်းတို့အားလည်း ဖူးမြင်ရန် အခါမဟုတ်သေး၊ နှလုံးကို ပွါးစေတတ်သော ရဟန်းတို့သည် ကိန်းအောင်းနေတော်မူကြကုန်၏။ အကယ်၍ ငါသည်အယူကို ပြိုင်ဆိုင်ပြောဆိုရာဖြစ်သော တည်ပင်အစဉ်အတန်းရှိသော တစ်ဆောင်သော ဇရပ်ရှိသောမလ္လိကာမိဖုရား၏ အရံရှိ သမဏမုဏ္ဍိကာ၏ သားဖြစ်သော ဥဂ္ဂါဟမာနပရိဗိုဇ်ထံ ချဉ်းကပ်ရပါမူကား့ကောင်းလေရာ၏”ဟု အကြံဖြစ်၏။ ထိုအခါ ပဉ္စကင်္ဂလက်သမားကြီးသည် အယူကို ပြိုင်ဆိုင် ပြောဆိုရာဖြစ်သော တည်ပင်အစဉ်အတန်းရှိသော ဇရပ်တစ်ဆောင်သာရှိသည့် မလ္လိကာမိဖုရား၏ အရံရှိ သမဏမုဏ္ဍိကာ၏ သားဖြစ်သော ဥဂ္ဂါဟမာနပရိဗိုဇ်ထံသို့ ချဉ်းကပ်လေ၏။

ထိုအခါ သမဏမုဏ္ဍိကာ၏ သားဖြစ်သော ဥဂ္ဂါဟမာနပရိဗိုဇ်သည် များပြားသော ဖီလာစကားကိုပဲ့တင်ထပ်မျှ ပြင်းပြကျယ်လောင်သော အသံဖြင့် ပြောဆိုလျက် များစွာသော ပရိဗိုဇ်ပရိသတ်နှင့်အတူနေ၏။ ဤသည်တို့ကား အဘယ်နည်း — မင်းနှင့်စပ်သောစကား ခိုးသူနှင့့််စပ်သောစကား အမတ်ကြီးနှင့်စပ်သောစကား စစ်သည်နှင့်စပ်သောစကား ကြောက်မက်ဖွယ်နှင့်စပ်သောစကား စစ်ထိုးခြင်းနှင့်စပ်သောစကား စားဖွယ်နှင့်စပ်သောစကား သောက်ဖွယ်နှင့်စပ်သောစကား အဝတ်နှင့်စပ်သောစကား အိပ်ရာနေရာနှင့်စပ်သောစကား ပန်းနှင့်စပ်သောစကား နံ့သာနှင့်စပ်သောစကား ဆွေမျိုးနှင့်စပ်သောစကား ယာဉ်နှင့်စပ်သောစကား ရွာနှင့်စပ်သောစကား နိဂုံးနှင့်စပ်သောစကား မြို့နှင့်စပ်သောစကား နယ်နှင့်စပ်သောစကား မိန်းမနှင့်စပ်သောစကား ယောကျာ်းနှင့်စပ်သောစကား သူရဲကောင်းနှင့်စပ်သောစကား လမ်းနှင့်စပ်သောစကား ရေခပ်ဆိပ်နှင့်စပ်သောစကား သေလွန်သူနှင့်စပ်သောစကား အထွေထွေနှင့်စပ်သောစကားလောက (အကြောင်း) နှင့်စပ်သောစကား သမုဒ္ဒရာ (အကြောင်း) နှင့်စပ်သောစကား ကြီးပွားခြင်းဆုတ်ယုတ် ခြင်းနှင့် စပ်သောစကားတို့တည်း။

သမဏမုဏ္ဍိကာ၏ သားဖြစ်သော ဥဂ္ဂါဟမာနပရိဗိုဇ်သည် လာနေသော ပဉ္စကင်္ဂလက်သမားကြီးကိုအဝေးကပင် မြင်လတ်သော် “အသျှင်တို့ တိတ်ဆိတ်စွာ နေကြကုန်လော့၊ အသျှင်တို့ အသံကို မပြုကြကုန်လင့်၊ ရဟန်းဂေါတမ၏တပည့် ပဉ္စကင်္ဂလက်သမားကြီးသည် လာနေ၏။ သာဝတ္ထိပြည်နေ ရဟန်းဂေါတမ၏ လူဝတ်ကြောင် တပည့်ရှိသမျှတို့တွင် ဤပဉ္စကင်္ဂလက်သမားကြီးသည် တစ်ယောက်အပါအဝင်ဖြစ်၏။ ထိုအသျှင့်တပည့်တို့သည် တိတ်ဆိတ်ခြင်းကို အလိုရှိကြကုန်၏၊ တိတ်ဆိတ်ခြင်း၌ ဆုံးမထားပြီးဖြစ်ကြကုန်၏၊ တိတ်ဆိတ်ခြင်း၏ ဂုဏ်ကို ချီးကျူးတတ်ကြကုန်၏။ ပရိသတ်အသံ တိတ်ဆိတ်နေသည်ကိုသိလျှင် ချ ဉ်းကပ်သင့်သည်ဟု အောက်မေ့တန်ရာ၏” ဟူ၍ မိမိပရိသတ်ကို သေဝပ်စွာနေရန် ပြောဆို၏။ ထိုသို့ဆိုသော် ထိုပရိဗိုဇ်တို့သည် ဆိတ်ဆိတ်နေကုန်၏။

၂၆၁။ ထိုအခါ ပဉ္စကင်္ဂလက်သမားကြီးသည် သမဏမုဏ္ဍိကာ၏ သားဖြစ်သော ဥဂ္ဂါဟမာနပရိဗိုဇ် ထံသို့ချဉ်းကပ်၍ သမဏမုဏ္ဍိကာ၏ သားဖြစ်သော ဥဂ္ဂါဟမာနပရိဗိုဇ်နှင့် ဝမ်းမြောက်ဝမ်းသာ စကားပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်နေသော ပဉ္စကင်္ဂလက်သမားကြီးအား သမဏမုဏ္ဍိကာ၏ သားဖြစ်သော ဥဂ္ဂါဟမာနပရိဗိုဇ်သည် ဤစကားကို ပြောဆို၏ — “သူကြွယ် ငါသည် တရားလေးပါးတို့နှင့် ပြည့်စုံသော ယောကျာ်းပုဂ္ဂိုလ်ကို ပြည့်စုံသောကုသိုလ်ရှိသူ မြတ်သောကုသိုလ်ရှိသူ မြတ်သောသူတို့သာ ရောက်သင့်သော နေရာသို့ ရောက်သူ (ဝါဒ) စစ်ထိုး၍ မရနိုင်သူ ရဟန်းဟူ၍ ပညတ်၏။ အဘယ်လေးပါးတို့နည်းဟူမူ — သူကြွယ် လောက၌ကိုယ်ဖြင့် မကောင်းမှုကို မပြု၊ မကောင်းသောစကားကို မဆို၊ မကောင်းသောအကြံကို မကြံ၊ မကောင်းသော အသက်မွေးမှုဖြင့် အသက်မမွေး။ သူကြွယ် ငါသည် ဤလေးပါးသော တရားတို့နှင့် ပြည့်စုံသောယောကျာ်းပုဂ္ဂိုလ်ကို ပြည့်စုံသော ကုသိုလ်ရှိသူ မြတ်သော ကုသိုလ်ရှိသူ မြတ်သောသူတို့သာ ရောက်သင့်သော နေရာသို့ ရောက်သူ (ဝါဒ) စစ်ထိုး၍ မရနိုင်သူ ရဟန်းဟူ၍ ပညတ်၏”ဟု (ဆို၏)။

ထိုအခါ ပဉ္စကင်္ဂလက်သမားကြီးသည် သမဏမုဏ္ဍိကာ၏ သားဖြစ်သော ဥဂ္ဂါဟမာနပရိဗိုဇ်၏ စကားကိုနှစ်လည်း မနှစ်သက်၊ ပယ်လည်း မပယ်ခဲ့ပေ၊ မနှစ်သက်ခဲ့ မပယ်ခဲ့မူ၍ “မြတ်စွာဘုရား၏ အထံတော်၌ထိုဥဂ္ဂါဟမာနဆိုသော စကား၏ အနက်ကို သိရအံ့”ဟု နေရာမှ ထကာ ဖဲသွားလေ၏။ ထိုအခါပဉ္စကင်္ဂလက်သမားကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး ပြီးလျှင်သင့်လျော်ရာ၌ ထိုင်လျက် သမဏမုဏ္ဍိကာ၏ သားဖြစ်သော ဥဂ္ဂါဟမာနပရိဗိုဇ်နှင့်အတူ ပြောဆို ခဲ့ရသမျှ့စကားအလုံးစုံကို မြတ်စွာဘုရားအား လျှောက်ထား၏။

၂၆၂။ ဤသို့ လျှောက်ထးသော် မြတ်စွာဘုရားသည် ပဉ္စကင်္ဂလက်သမားကြီးအား ဤစကားကိုမိန့်တော်မူ၏ — လက်သမားကြီး သမဏမုဏ္ဍိကာ၏ သားဖြစ်သော ဥဂ္ဂါဟမာနပရိဗိုဇ်၏ စကားအတိုင်းဖြစ်သည်ရှိသော် ကလေးသူငယ် လူမမယ် ပက်လက်အိပ် အရွယ်သည် ပြည့်စုံသော ကုသိုလ်ရှိသူ မြတ်သောကုသိုလ်ရှိသူ မြတ်သောသူတို့သာ ရောက်သင့်သော နေရာသို့ရောက်သူ (ဝါဒ) စစ်ထိုး၍ မရနိုင်သောသူ ရဟန်းဖြစ်လိမ့်မည်။ လက်သမားကြီး ကလေးသူငယ် လူမမယ် ပက်လက်အိပ်အရွယ်မှာ ကိုယ်ဟူ၍ သိတတ်သော ဉာဏ်မျှလည်း မရှိသေး၊ ကိုယ်လှုပ်ရှားကာမျှမှတစ်ပါး အဘယ်မှာ ကိုယ်ဖြင့်မကောင်းမှုကို ပြုလတ္တံ ့နည်း။ လက်သမားကြီး ကလေးသူငယ် လူမမယ် ပက်လက်အိပ်အရွယ်မှာစကားဟူ၍ သိတတ်သော ဉာဏ်မျှလည်း မရှိသေး၊ ငိုကြွေးရုံမျှမှတစ်ပါး မကောင်းသော စကားကိုအဘယ်မှာ ဆိုလိမ့်မည်နည်း။ လက်သမားကြီး ကလေးသူငယ် လူမမယ် ပက်လက်အိပ်အရွယ်မှာအကြံဟူ၍ သိတတ်သော ဉာဏ်မျှလည်း မရှိသေး၊ မြူးရုံမှတစ်ပါး အဘယ်မှာ မကောင်းသော အကြံကိုကြံလတ္တံ ့နည်း။ လက်သမားကြီး ကလေးသူငယ် လူမမယ် ပက်လက်အိပ်အရွယ်မှာ အသက်မွေးမှုဟူ၍သိတတ်သော ဉာဏ်မျှလည်း မရှိသေး၊ အမိနို့ကိုစို့ခြင်းမှတစ်ပါး အဘယ်မှာ မကောင်းသော အသက်မွေးမှု ရှိလတ္တံ ့နည်း။ လက်သမားကြီး သမဏမုဏ္ဍိကာ၏ သားဖြစ်သော ဥဂ္ဂါဟမာနပရိဗိုဇ်၏ စကားအတိုင်းဖြစ်သည်ရှိသော် ကလေးသူငယ် လူမမယ် ပက်လက်အိပ်အရွယ်သည် ပြည့်စုံသောကုသိုလ်ရှိသူ မြတ်သောကုသိုလ်ရှိသူ မြတ်သော သူတို့သာ ရောက်သင့်သော နေရာသို့ ရောက်သူ (ဝါဒ) စစ်ထိုး၍ မရနိုင်သူရဟန်း ဖြစ်လတ္တံ့။

၂၆၃။ လက်သမားကြီး ငါသည် လေးပါးသော တရားတို့နှင့်ပြည့်စုံသော ယောကျာ်းပုဂ္ဂိုလ်ကိုပြည့်စုံသော ကုသိုလ်မရှိသေးသူ မြတ်သောကုသိုလ်မရှိသေးသူ မြတ်သောသူတို့သာ ရောက်သင့်သောနေရာသို့ ရောက်၍ (ဝါဒ) စစ်ထိုး၍ မရနိုင်သော ရဟန်း မဟုတ်သေးဟူ၍ ပညတ်၏၊ သို့ရာတွင်ဤကလေးသူငယ် လူမမယ် ပက်လက်အိပ်အရွယ်ကို ကျော်လွန်၍ကား တည်၏။ အဘယ်လေးပါးတို့နည်းဟူမူ—လက်သမားကြီး ဤလောက၌ ကိုယ်ဖြင့် မကောင်းမှုကို မပြု၊ မကောင်းသော စကားကို မဆို၊ မကောင်းသောအကြံကို မကြံ၊ မကောင်းသော အသက်မွေးခြင်းကို မမွေးမြူ။ လက်သမားကြီး ငါသည်ဤလေးပါးသောတရားတို့နှင့် ပြည့်စုံသော ယောကျာ်းပုဂ္ဂိုလ်ကို ပြည့်စုံသော ကုသိုလ်မရှိသေးသူ မြတ်သော ကုသိုလ်မရှိသေးသူ မြတ်သောသူတို့သာ ရောက်သင့်သော နေရာသို့ ရောက်၍ ဝါဒစစ်ထိုး၍ မရနိုင်သူ ရဟန်း မဟုတ်သေးဟူ၍ ပညတ်၏။ သို့ရာတွင် ဤကလေးသူငယ် လူမမယ် ပက်လက်အိပ်အရွယ်ကိုကျော်လွန်၍ကား တည်၏။

လက်သမားကြီး ငါသည် ဆယ်ပါးသော တရားတို့နှင့် ပြည့်စုံသော ယောကျာ်းပုဂ္ဂိုလ်ကို ပြည့်စုံသောကုသိုလ်ရှိသူဟူ၍ မြတ်သော ကုသိုလ်ရှိသူဟူ၍ မြတ်သောသူတို့သာ ရောက်သင့်သော နေရာသို့ရောက်သူ (ဝါဒ) စစ်ထိုး၍ မရနိုင်သူ ရဟန်းဟူ၍ ပညတ်၏။ လက်သမားကြီး ဤသည်တို့ကားမကောင်းသော အလေ့အကျင့်တို့တည်း၊ ထိုမကောင်းသော အလေ့အကျင့်ကို သိရမည်ဟု ငါဟော၏။ လက်သမားကြီး မကောင်းသော အလေ့အကျင့်တို့သည် ဤအကြောင်းကြောင့် ဖြစ်ကုန်၏၊ ထိုအကြောင်းကို သိရမည်ဟု ငါဟော၏။ လက်သမားကြီး ဤတရား၌ မကောင်းသော အလေ့အကျင့်တို့သည် အကြွင်းမဲ့ချုပ်ကုန်၏၊ ထိုချုပ်ရာကို သိရမည်ဟု ငါဟော၏။ လက်သမားကြီး ဤသို့ ကျင့်သည်ရှိသော်မကောင်းသော အလေ့အကျင့်တို့ ချုပ်ရန် ကျင့်သည်မည်၏၊ ထိုအကျင့်ကို သိရမည်ဟု ငါဟော၏။

လက်သမားကြီး ဤသည်တို့ကား ကောင်းသော အလေ့အကျင့်တို့တည်း၊ ထိုကောင်းသော အလေ့အကျင့်ကို သိရမည်ဟု ငါဟော၏။ လက်သမားကြီး ကောင်းသော အလေ့အကျင့်တို့သည် ဤအကြောင်းကြောင့် ဖြစ်ကုန်၏၊ ထိုအကြောင်းကို သိရမည်ဟု ငါဟော၏။ လက်သမားကြီး ဤတရား၌့ကောင်းသော အလေ့အကျင့်တို့သည် အကြွင်းမဲ့ချုပ်ကုန်၏။ ထိုချုပ်ရာကို သိရမည်ဟု ငါဟော၏။ လက်သမားကြီး ဤသို့ ကျင့်သည်ရှိသော် ကောင်းသော အလေ့အကျင့်တို့ ချုပ်ရန် ကျင့်သည်မည်၏၊ ထိုအကျင့်ကို သိရမည်ဟု ငါဟော၏။

လက်သမားကြီး ဤသည်တို့ကား မကောင်းသော အကြံတို့တည်း၊ ထိုမကောင်းသော အကြံကိုသိရမည်ဟု ငါဟော၏။ လက်သမားကြီး မကောင်းသော အကြံတို့သည် ဤအကြောင်းကြောင့် ဖြစ်ကုန်၏၊ ထိုအကြောင်းကို သိရမည်ဟု ငါဟော၏။ လက်သမားကြီး ဤတရား၌ မကောင်းသော အကြံတို့သည် အကြွင်းမဲ့ချုပ်ကုန်၏၊ ထိုချုပ်ရာကို သိရမည်ဟု ငါဟော၏။ လက်သမားကြီး ဤသို့ ကျင့်သည်ရှိသော် မကောင်းသော အကြံတို့ ချုပ်ခြင်းငှါ ကျင့်သည် မည်၏၊ ထိုအကျင့်ကို သိရမည်ဟု ငါဟော၏။

လက်သမားကြီး ဤသည်တို့ကား ကောင်းသောအကြံတို့တည်း၊ ထိုကောင်းသောအကြံကို သိရမည်ဟုငါဟော၏။ လက်သမားကြီး ကောင်းသော အကြံတို့သည် ဤအကြောင်းကြောင့် ဖြစ်ကုန်၏၊ ထိုအကြောင်းကို သိရမည်ဟု ငါဟော၏။ လက်သမားကြီး ဤတရား၌ ကောင်းသော အကြံတို့သည်အကြွင်းမဲ့ ချုပ်ကုန်၏၊ ထိုချုပ်ရာကို သိရမည်ဟု ငါဟော၏။ လက်သမားကြီး ဤသို့ ကျင့်သည်ရှိသော်ကောင်းသောအကြံတို့ ချုပ်ခြင်းငှါ ကျင့်သည် မည်၏၊ ထိုအကျင့်ကို သိရမည်ဟု ငါဟော၏။

၂၆၄။ လက်သမားကြီး မကောင်းသော အလေ့အကျင့်တို့ဟူသည် အဘယ်တို့နည်း— လက်သမား ကြီးမကောင်းသော ကိုယ်အမူအရာလည်းကောင်း၊ မကောင်းသော နှုတ်အမူအရာလည်းကောင်း၊ ယုတ်မာသော အသက်မွေးမှုလည်းကောင်း ဤတရားတို့ကို မကောင်းသော အလေ့အကျင့်တို့ဟူ၍ ဆိုရကုန်၏။

လက်သမားကြီး ဤမကောင်းသော အလေ့အကျင့်တို့သည် အဘယ်အကြောင်းကြောင့် ဖြစ်ကုန်သနည်း။ ထိုမကောင်းသော အလေ့အကျင့်တို့၏ ဖြစ်ကြောင်းကိုလည်း ဟောထားပြီ၊ စိတ်လျှင်ဖြစ်ကြောင်း ရှိကုန်၏ ဟူ၍ ဆိုရ၏။ စိတ်ဟူသည် အဘယ်နည်း။ စိတ်သည်လည်း များ၏၊ တစ်ပါးမကများလှ၏၊ အထူးထူးအပြားပြား ရှိ၏၊ မကောင်းသော အလေ့အကျင့်တို့သည် ရာဂနှင့်တကွဖြစ်သောစိတ်ဒေါသနှင့်တကွဖြစ်သောစိတ် မောဟနှင့် တကွဖြစ်သောစိတ်တို့ကြောင့် ဖြစ်ကုန်၏။

လက်သမားကြီး ဤမကောင်းသော အလေ့အကျင့်တို့သည် အဘယ်၌ အကြွင်းမဲ့ ချုပ်ကုန်သနည်း။ ထိုမကောင်းသော အလေ့အကျင့်တို့၏ ချုပ်ရာကိုလည်း ဟောထားပြီ၊ လက်သမားကြီးဤသာသနာတော်၌ ရဟန်းသည် ကာယဒုစရိုက်ကို ပယ်၍ ကာယသုစရိုက်ကို ပွါးများ၏၊ ဝစီဒုစရိုက်ကိုပယ်၍ ဝစီသုစရိုက် ကို ပွါးများ၏၊ မနောဒုစရိုက်ကို ပယ်၍ မနောသုစရိုက်ကို ပွါးများ၏၊ မကောင်းသော အသက်မွေးမှုကို ပယ်၍ ကောင်းသော အသက်မွေးမှုဖြင့် အသက်မွေးခြင်းကို ပြု၏၊ ဤတရား၌ ဤမကောင်းသော အလေ့ အကျင့်တို့သည် အကြွင်းမဲ့ ချုပ်ကုန်၏။

လက်သမားကြီး အဘယ်သို့ ကျင့်သောသူသည် မကောင်းသော အလေ့အကျင့်တို့ ချုပ်ခြင်းငှါကျင့်သောသူ ဖြစ်သနည်း။ လက်သမားကြီး ဤသာသနာတော်၌ ရဟန်းသည် မဖြစ်ကုန်သေးသော ယုတ်မာကုန်သော အကုသိုလ်တရားတို့ မဖြစ်ပေါ်စေခြင်းငှါ ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကိုအားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ပြင်းစွာအားထုတ်၏။ ဖြစ်ပေါ်ကုန်ပြီးသော ယုတ်မာကုန်သောအကုသိုလ် တရားတို့ကို ပယ်ခြင်းငှါ ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အားထုတ်၏၊ စိတ်ကိုချီးမြှောက်၏၊ ပြင်းစွာအားထုတ်၏။ မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့ ဖြစ်ပေါ်စေခြင်းငှါ ဆန္ဒကိုဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ပြင်းစွာ အားထုတ်၏။ ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့၏ တည်ခြင်းငှါ မပျောက်ပျက်ခြင်းငှါ များစွာဖြစ်စေခြင်းငှါ ပြန့်ပြောစေခြင်းငှါ ပွါးများစေခြင်းငှါ ထက်ဝန်းကျင်မှ ပြည့်စုံစေခြင်းငှါ ဆန္ဒကို ဖြစ်စေ၏၊ လုံးလပြု၏၊ ဝီရိယကိုအားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ပြင်းစွာ အားထုတ်၏။ လက်သမားကြီး ဤသို့ ကျင့်သည်ရှိသော်မကောင်းသော အလေ့အကျင့်တို့ ချုပ်ခြင်းငှါ ကျင့်သောသူ ဖြစ်၏။

၂၆၅။ လက်သမားကြီး ကောင်းသော အလေ့အကျင့်တို့ဟူသည် အဘယ်တို့နည်း။ လက်သမား ကြီးကောင်းသော ကိုယ်အမူအရာကိုလည်းကောင်း၊ ကောင်းသော နှုတ်အမူအရာကိုလည်းကောင်း၊ စင်ကြယ်သော အသက်မွေးမှုကိုလည်းကောင်း အလေ့အကျင့်ဟူ၍ ငါဟော၏။ လက်သမားကြီး ဤတရားတို့ကို ကောင်းသော အလေ့အကျင့်တို့ဟူ၍ ဆိုရကုန်၏။

လက်သမားကြီး ဤကောင်းသော အလေ့အကျင့်တို့သည် အဘယ်အကြောင်းကြောင့် ဖြစ်ကုန်သ နည်း။ ထိုကောင်းသော အလေ့အကျင့်တို့၏ ဖြစ်ကြောင်းကိုလည်း ဟောထားပြီ။ စိတ်လျှင်ဖြစ်ကြောင်းရှိကုန်၏ဟူ၍ ဆိုရ၏၊ စိတ်ဟူသည် အဘယ်နည်း။ စိတ်သည် များပြား၏၊ တစ်ပါးမက များလှ၏၊ အထူးထူးအပြားပြား ရှိ၏၊ ကောင်းသော အလေ့အကျင့်တို့သည် ရာဂကင်းသောစိတ် ဒေါသကင်းသောစိတ် မောဟကင်းသောစိတ်တို့ကြောင့် ဖြစ်ကုန်၏။

လက်သမားကြီး ဤကောင်းသော အလေ့အကျင့်တို့သည် အဘယ်၌ အကြွင်းမဲ့ ချုပ်ကုန်သနည်း။ ထိုကောင်းသော အလေ့အကျင့်တို့၏ ချုပ်ရာကိုလည်း ဟောထားပြီ။ လက်သမားကြီးဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ သီလမျှ ဖြင့်ပြီးသော သမာဓိပညာရှိနေသည် မဟုတ်၊ ထိုကောင်းသော အလေ့ အကျင့်များ အကြွင်းမဲ့ ချုပ်ရာဖြစ်သော လွတ်မြောက်သော’အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏။

လက်သမားကြီး အဘယ်သို့ ကျင့်သောသူသည် ကောင်းသော အလေ့အကျင့်တို့ ချုပ်ခြင်းငှါကျင့်သောသူ ဖြစ်သနည်း။ လက်သမားကြီး ဤသာသနာတော်၌ ရဟန်းသည် မဖြစ်ကုန်သေးသောယုတ်မာကုန်သော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှါ ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကိုအားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ပြင်းစွာ အားထုတ်၏။ ဖြစ်ကုန်ပြီးသော ယုတ်မာကုန်သောအကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ။ပ။ မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ။ပ။ ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့ကို တည်ခြင်းငှါ မပျောက်ပျက်ခင်းငှါ များစွာဖြစ်စေခြင်းငှါ ပြန့်ပြောခြင်းငှါ ပွါးများခြင်းငှါ ထက်ဝန်းကျင်မှ ပြည့်စုံစေခြင်းငှါ ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကိုအားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ပြင်းစွာ အားထုတ်၏။ လက်သမားကြီး ဤသို့ ကျင့်သောသူသည်ကောင်းသော အလေ့အကျင့်တို့ ချုပ်ခြင်းငှါ ကျင့်သောသူ ဖြစ်၏။

၂၆၆။ လက်သမားကြီး မကောင်းသော အကြံတို့ဟူသည် အဘယ်တို့နည်း။ လက်သမားကြီးကာမဂုဏ် အကြံ၊ ဖျက်ဆီးမှုအကြံ၊ ညှဉ်းဆဲမှုအကြံ၊ ဤအကြံတို့ကို မကောင်းသော အကြံတို့ဟူ၍ဆိုရကုန်၏။

လက်သမားကြီး ဤမကောင်းသော အကြံတို့သည် အဘယ်အကြောင်းကြောင့် ဖြစ်ကုန်သနည်း။ ထိုမကောင်းသော အကြံတို့၏ ဖြစ်ကြောင်းကိုလည်း ဟောထားပြီ။ အမှတ်အသားလျှင် ဖြစ်ကြောင်းရှိကုန်၏ ဟူ၍ ဆိုရ၏၊ အမှတ်အသားတို့ဟူသည် အဘယ်နည်း။ အမှတ်အသားတို့သည် များကုန်၏၊ တစ်ပါးမက များသော အပြားရှိကုန်၏၊ အထူထူးအပြားပြား များကုန်၏။ ကာမဂုဏ်အမှတ်အသား၊ ဖျက်ဆီးမှုအမှတ်အသား၊ ညှဉ်းဆဲမှု အမှတ်အသား၊ ဤအမှတ်အသားကြောင့် မကောင်းသော အကြံတို့သည် ဖြစ်ကုန်၏။

လက်သမားကြီး ဤမကောင်းသော အကြံတို့သည် အဘယ်၌ အကြွင်းမဲ့ ချုပ်ကုန်သနည်း။ ထိုမကောင်းသော အကြံတို့၏ ချုပ်ရာကိုလည်း ဟောထားပြီ။ လက်သမားကြီး ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ ဤပဌမဈာန်၌ ထိုမကောင်းသော အကြံတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏။

လက်သမားကြီး အဘယ်သို့ ကျင့်သောသူသည် မကောင်းသော အကြံတို့ ချုပ်ခြင်းငှါ ကျင့်သောသူဖြစ်သနည်း။ လက်သမားကြီး ဤသာသနာတော်၌ ရဟန်းသည် မဖြစ်ကုန်သေးသော အကုသိုလ်တရား့တို့ကို မဖြစ်စေခြင်းငှါ ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ပြင်းစွာအားထုတ်၏။ ဖြစ်ကုန်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ။ပ။ မဖြစ်ကုန်သေးသောကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ။ပ။ ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့ကို တည်ခြင်းငှါ မပျောက်ပျက်ခြင်းငှါ အလွန်တိုးပွါးစေခြင်းငှါ ပြန့်ပြောခြင်းငှါ ပွါးများစေခြင်းငှါ ထက်ဝန်းကျင် ပြည့်စုံစေခြင်းငှါဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ပြင်းစွာအားထုတ်၏။ လက်သမားကြီး ဤသို့ ကျင့်သောသူသည် မကောင်းသော အကြံတို့ ချုပ်ခြင်းငှါ ကျင့်သောသူ ဖြစ်၏။

၂၆၇။ လက်သမားကြီး ကောင်းသော အကြံတို့ဟူသည် အဘယ်တို့နည်း။ ကာမဂုဏ်မှ ထွက်မြောက်မှု အကြံ၊ မဖျက်ဆီးမှုအကြံ၊ မညှဉ်းဆဲမှုအကြံ၊ ဤအကြံတို့ကို ကောင်းသော အကြံတို့ဟူ၍ ဆိုရကုန်၏။

လက်သမားကြီး ဤကောင်းသော အကြံတို့သည် အဘယ်လျှင် ဖြစ်ကြောင်းရှိကုန်သနည်း။ ထိုကောင်းသောအကြံတို့၏ ဖြစ်ကြောင်းကိုလည်း ဟောထားပြီ။ အမှတ်အသားလျှင် ဖြစ်ကြောင်းရှိကုန်၏ဟု ဆိုရ၏။ အမှတ်အသားဟူသည် အဘယ်နည်း။ အမှတ်အသားတို့သည် များကုန်၏၊ တစ်ပါးမက များကုန်၏၊ အထူထူးအပြားပြား များကုန်၏။ ကာမဂုဏ်မှ ထွက်မြောက်မှု အမှတ်အသား၊ မဖျက်ဆီးမှု အမှတ်အသား၊ မညှဉ်းဆဲမှု အမှတ်အသား၊ ဤအမှတ်အသားတို့ကြောင့် ကောင်းသောအကြံတို့သည် ဖြစ်ကုန်၏။

လက်သမားကြီး ဤကောင်းသော အကြံတို့သည် အဘယ်၌ အကြွင်းမဲ့ ချုပ်ကုန်သနည်း။ ထိုကောင်းသောအကြံတို့၏ ချုပ်ရာကိုလည်း ဟောထားပြီ။ လက်သမားကြီး ဤသာသနာတော်၌ ရဟန်းသည် ဝိတက် ဝိစာရတို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်ကို ပြည့်စုံစေ၍ နေ၏။ ဤဒုတိယဈာန်၌ထိုကောင်းသော အကြံတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏။

လက်သမားကြီး အဘယ်သို့ ကျင့်သောသူသည် ကောင်းသော အကြံတို့ချုပ်ရန် ကျင့်သောသူ ဖြစ်သနည်း။ လက်သမားကြီး ဤသာသနာတော်၌ ရဟန်းသည် မဖြစ်ကုန်သေးသော အကုသိုလ်တရားတို့ကိုမဖြစ်စေခြင်းငှါ ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ပြင်းစွာအားထုတ်၏။ ဖြစ်ကုန်ပြီးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ။ပ။ မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ။ပ။ ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့ကို တည်ခြင်းငှါမပျောက်ပျက်ခြင်းငှါ လွန်စွာ တိုးပွါးစေခြင်းငှါ ပြန့်ပြောခြင်းငှါ ပွါးများစေခြင်းငှါ ထက်ဝန်းကျင်ပြည့်စုံစေခြင်းငှါ ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ပြင်းစွာအားထုတ်၏။ လက်သမားကြီး ဤသို့ကျင့်သောသူသည် ကောင်းသော အကြံတို့ ချုပ်ရန် ကျင့်သူဖြစ်၏။

၂၆၈။ လက်သမားကြီး အဘယ်ဆယ်ပါးကုန်သော တရားတို့နှင့် ပြည့်စုံသော ယောကျာ်းပုဂ္ဂိုလ်ကိုပြည့်စုံသော ကုသိုလ်ရှိသူ မြတ်သောကုသိုလ်ရှိသူ မြတ်သောပုဂ္ဂိုလ်တို့သာ ရောက်သင့်သော နေရာသို့ရောက်သူ ဝါဒစစ်ထိုး၍ မရနိုင်သူ ရဟန်းဟူ၍ ငါပညတ်သနည်း။ လက်သမားကြီး ဤသာသနာတော်၌ရဟန်းသည် ရဟန္တာတို့၏ မှန်ကန်သော အယူနှင့် ပြည့်စုံ၏၊ ရဟန္တာတို့၏ မှန်ကန်သော အကြံနှင့်ပြည့်စုံ၏၊ ရဟန္တာတို့၏ မှန်ကန်သော စကားနှင့် ပြည့်စုံ၏၊ ရဟန္တာတို့၏ မှန်ကန်သော အမှုနှင့်ပြည့်စုံ၏၊ ရဟန္တာတို့၏ မှန်ကန်သော အသက်မွေးမှုနှင့် ပြည့်စုံ၏၊ ရဟန္တာတို့၏ မှန်ကန်သောအားထုတ်မှုနှင့် ပြည့်စုံ၏၊ ရဟန္တာတို့၏ မှန်ကန်သော အောက်မေ့မှုနှင့် ပြည့်စုံ၏၊ ရဟန္တာတို့၏ မှန်ကန်သော တည်ကြည်မှုနှင့် ပြည့်စုံ၏၊ ရဟန္တာတို့၏ မှန်ကန်သောဉာဏ်နှင့် ပြည့်စုံ၏၊ ရဟန္တာတို့၏ မှန်ကန်သောလွတ်မြောက်မှုနှင့် ပြည့်စုံ၏၊ လက်သမားကြီး ငါသည် ဤဆယ် ပါးသော တရားတို့နှင့် ပြည့်စုံသောယောကျာ်းပုဂ္ဂိုလ်ကို ပြည့်စုံသော ကုသိုလ်ရှိသူ မြတ်သောကုသိုလ်ရှိသူ မြတ်သောပုဂ္ဂိုလ်တို့သာ ရောက်သင့်သော နေရာသို့ ရောက်သူ (ဝါဒ) စစ်ထိုး၍ မရနိုင်သူ ရဟန်းဟူ၍ ပညတ်၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ ပဉ္စကင်္ဂလက်သမားကြီးသည် မြတ်စွာဘုရား၏တရားတော်ကို ဝမ်းမြောက်စွာ လက်ခံလေသတည်း။

ရှစ်ခုမြောက် သမဏမုဏ္ဍိကသုတ် ပြီး၏။