မဇ္ဈိမနိကာယ်

၉—စူဠသကုလုဒါယိသုတ်

၂၆၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ သကုလုဒါယီပရိဗိုဇ်သည် များစွာသော ပရိဗိုဇ်ပရိသတ်နှင့်အတူ ဥဒေါင်းတို့အား အစာကျွေးရာဖြစ်သော ပရိဗိုဇ်အရံ၌ နေ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းအလို့ငှါဝင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားအား “ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံသွားရန် အလွန်စောသေး၏၊ အကယ်၍ ငါသည် ဥဒေါင်းတို့အား အစာကျွေးရာဖြစ်သော ပရိဗိုဇ်အရံ၌ရှိသော သကုလုဒါယီပရိဗိုဇ်အထံသို့ ချဉ်းကပ်ရမူ ကောင်းလေရာ၏”ဟု အကြံဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် ဥဒေါင်းတို့အားအစာကျွေးရာဖြစ်သော ပရိဗိုဇ်အရံသို့ ချဉ်းကပ်တော်မူ၏။

ထိုအခါ သကုလုဒါယီပရိဗိုဇ်သည် များပြားသော ဖီလာစကားကို ပဲ့တင်ထပ်မျှ ပြင်းပြကျယ်လောင် သောအသံဖြင့် ပြောဆိုလျက် များစွာသော ပရိဗိုဇ်ပရိသတ်နှင့်အတူ နေ၏။ ဤသည်တို့ကား အဘယ်တို့နည်း၊ မင်းနှင့်စပ်သောစကား ခိုးသူနှင့့််စပ်သောစကား အမတ်ကြီးနှင့်စပ်သောစကား စစ်သည်နှင့်စပ်သောစကား ကြောက်မက်ဖွယ်နှင့်စပ်သောစကား စစ်ထိုးခြင်းနှင့်စပ်သောစကား စားဖွယ်နှင့်စပ်သောစကားသောက်ဖွယ်နှင့်စပ်သောစကား အဝတ်နှင့်စပ်သောစကား အိပ်ရာနှင့်စပ်သောစကား ပန်းနှင့်စပ်သောစကားနံ့သာနှင့်စပ်သောစကား ဆွေမျိုးနှင့်စပ်သောစကား ယာဉ်နှင့်စပ်သောစကား ရွာနှင့်စပ်သောစကား နိဂုံးနှင့်စပ်သောစကား မြို့နှင့်စပ်သောစကား နယ်နှင့်စပ်သောစကား မိန်းမနှင့်စပ်သောစကား ယောကျာ်းနှင့်စပ်သောစကား သူရဲကောင်းနှင့်စပ်သောစကား လမ်းနှင့်စပ်သောစကား ရေခပ်ဆိပ်နှင့်စပ်သောစကားသေလွန်သူနှင့်စပ်သောစကား အထွေထွေနှင့်စပ်သောစကား လောက (အကြောင်း) နှင့်စပ်သောစကားသမုဒ္ဒရာ (အကြောင်း) နှင့်စပ်သောစကား ကြီးပွားခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သောစကားတို့တည်း။ သကုလုဒါယီပရိဗိုဇ်သည် ကြွလာတော်မူသော မြတ်စွာဘုရားကို အဝေးကပင် မြင်လတ်သော် “အသျှင်တို့တိတ်ဆိတ်စွာ နေကြကုန်လော့၊ အသံမပြုကြကုန်လင့်၊ ဤရဟန်းဂေါတမသည် ကြွလာနေ၏။ ထိုအသျှင်သည် တိတ်ဆိတ်ခြင်းကို အလိုရှိ၏၊ တိတ်ဆိတ်ခြင်း၏ဂုဏ်ကို ဆိုလေ့ရှိ၏၊ ပရိသတ် အသံတိတ်ဆိတ်နေသည်ကို သိလျှင် ချ ဉ်းကပ်သင့်၏ဟု အောက်မေ့တန်ရာ၏”ဟူ၍ မိမိပရိသတ်ကို သေဝပ်စွာ နေရန်ပြောဆို၏။ ထိုအခါ ထိုပရိဗိုဇ်တို့သည် ဆိတ်ဆိတ်နေကုန်၏။

၂၇ဝ။ ထိုအခါ မြတ်စွာဘုရားသည် သကုလုဒါယီပရိဗိုဇ်ထံသို့ ချဉ်းကပ်တော်မူ၏။ ထိုအခါ သကုလုဒါယီပရိဗိုဇ်သည် မြတ်စွာဘုရားအား “အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကြွလာတော်မူပါလော့၊ အသျှင်ဘုရား မြတ်စွာဘုရား၏ ကြွလာခြင်းသည် ကောင်းသော ကြွလာခြင်းဖြစ်ပါသည်။ အသျှင်ဘုရား မြတ်စွာဘုရားသည် ဤအရပ်သို့ ကြွလာရန် အလှည့်ကို ကြာမြင့်မှ ပေးတော်မူဘိ၏၊ အသျှင်ဘုရား ထိုင်တော်မူပါလော့၊ ဤနေရာကို ပြင်ထားပါ၏”ဟု လျှောက်၏။ မြတ်စွာဘုရားသည်ခင်းထားအပ်သော နေရာ၌ ထိုင်တော်မူ၏။ သကုလုဒါယီပရိဗိုဇ်သည်လည်း နိမ့်သော ထိုင်စရာတစ်ခုကိုယူ၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်ပြီးသော သကုလုဒါယီပရိဗိုဇ်အား မြတ်စွာဘုရားသည် “ဥဒါယီ ယခုအခါ အဘယ်စကားဖြင့် သင်တို့ စည်းဝေးနေထိုင်ကြကုန်သနည်း၊ သင်တို့၏မပြီးဆုံးသေးသော အကြားစကားသည်ကား အဘယ်နည်း”ဟု မေးတော်မူ၏။ အသျှင်ဘုရား ယခုအခါ့အကျွန်ုပ်တို့ စုဝေးထိုင်နေလျက် ပြောဆိုနေသော စကားကို ထားပါဦး၊ ဤစကားမျိုးသည် မြတ်စွာဘုရားအား နောက်အခါ၌လည်း ကြားရန် ခဲယဉ်းမည်မဟုတ်ပါ။ အသျှင်ဘုရား ဤပရိသတ်သို့ အကျွန်ုပ်ချဉ်းကပ်သောအခါ ဤပရိသတ်သည် များစွာသော ဖီလာစကားကို ပြောဆိုလျက် နေပါ၏။ အသျှင်ဘုရားဤပရိသတ်သို့ အကျွန်ုပ် ချဉ်းကပ်သောအခါ “ရဟန်း ဥဒါယီသည် ငါတို့အား တရားဟောလိမ့်မည်၊ ထိုတရားကို နားထောင်ကြကုန်အံ့”ဟု ဤပရိသတ်သည် အကျွန်ုပ်၏ မျက်နှာကို မော်ကြည့်လျက်သာနေပါ၏။ အသျှင်ဘုရား ဤပရိသတ်သို့ မြတ်စွာဘုရား ချဉ်းကပ်သောအခါ “ငါတို့အား မြတ်စွာဘုရားသည် တရားဟောလိမ့်မည်၊ ထိုတရားကို နာကြကုန်အံ့”ဟု အကျွန်ုပ်သည်လည်းကောင်း၊ ဤပရိသတ်သည်လည်းကောင်း မြတ်စွာဘုရား မျက်နှာကို မော်ကြည့်လျက်သာ နေကြပါကုန်၏ဟု (လျှောက်၏)။

၂၇၁။ ဥဒါယီ သို့ဖြစ်မူ ငါတရားဟောရမည့် အကြောင်းကို သင် စ၍ ပြောလော့ဟု (မိန့်တော်မူ ၏)။ အသျှင်ဘုရား ယခင့် ယခင် နေ့တို့က “အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ ငါသွားနေသည် ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည်ရှေးရှုထင်၏”ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ဝန်ခံသောသူသည် ရှိ၏။ ထိုပုဂ္ဂိုလ်သည် အကျွန်ုပ်က ရှေ့အဖို့ကို အကြောင်းပြု၍ ပြဿနာကို မေးသည်ရှိသော် အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကိုဖုံးလွှမ်း၏၊ အပသို့ စကားကို ရောက်စေ၏၊ အမျက်ထွက်ခြင်း စိတ်ဆိုးခြင်း နှလုံးမသာယာခြင်းကိုလည်းထင်စွာပြု၏။ ထိုအကျွန်ုပ်အား မြတ်စွာဘုရားကိုသာလျှင် အကြောင်းပြု၍ “သြော် ဘုန်းတော်ကြီးသောမြတ်စွာဘုရား၊ သြော် ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား မြတ်စွာဘုရားသည်ဤတရားတို့ကို ကောင်းစွာ ကျွမ်းကျင်တော်မူ၏”ဟု အောက်မေ့မိပါ၏။ ဥဒါယီ အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ ငါသွားနေသည် ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ၊ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ဝန်ခံသောထိုပုဂ္ဂိုလ်သည် သင်က ရှေ့အဖို့ကိုအကြောင်းပြု၍ ပြဿနာကို မေးသည်ရှိသော် အကြောင်းတစ်ပါးဖြင့်အကြောင်းတစ်ပါးကို ဖုံးလွှမ်း၏၊ အပသို့ စကားကို ရောက်စေ၏၊ အမျက်ထွက်ခြင်း စိတ်ဆိုးခြင်း နှလုံးမသာယာခြင်းကိုလည်း ထင်စွာ ပြု၏ဟု (သင် ဆို၏)။ ထိုသူသည် အဘယ်သူနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား နာဋ၏သား နိဂဏ္ဌပါတည်းဟု (လျှောက်၏)။

ဥဒါယီ အကြင်သူသည် များစွာသော ရှေးကနေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ရာ၏။ ဤသည်တို့ကား အဘယ်နည်း၊ တစ်ခုသောဘဝကိုလည်းကောင်း နှစ်ခုသောဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များသော အစီအရင်ရှိသော ရှေးကနေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ရာ၏။ ထိုသူသည် ငါ့အား ရှေ့အဖို့ကိုအကြောင်းပြု၍ ပြဿနာမေးခဲ့မူ ထိုသူ့အားလည်း ငါသည် ရှေ့အဖို့ကိုအကြောင်းပြု၍ ပြဿနာကို မေးအံ့၊ ထိုသူသည်လည်းငါ့အား ရှေ့အဖို့ကိုအကြောင်းပြု၍ ပြဿနာကို ဖြေခြင်းဖြင့် စိတ်ကို နှစ်သက်စေခဲ့မူ ထိုသူ့အားလည်းငါသည် ရှေ့အဖို့ကိုအကြောင်းပြု၍ ပြဿနာ ဖြေကြားခြင်းဖြင့် စိတ်ကို နှစ်သက်စေရာ၏။

ဥဒါယီ အကြင်သူသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက် သာလွန်သော နတ်တို့၏မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်၍ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိရာ၏။ ထိုသူသည် ငါ့အား နောက်အဖို့ကိုအကြောင်းပြု၍ ပြဿနာမေးခဲ့မူ ငါသည်လည်း ထိုသူ့အား နောက်အဖို့ကိုအကြောင်းပြု၍ ပြဿနာကို မေးအံ့။ ထိုသူသည်လည်း ငါ့အား နောက်အဖို့ကိုအကြောင်းပြု၍ပြဿနာဖြေကြားခြင်းဖြင့် စိတ်ကို နှစ်သိမ့်စေခဲ့မူ ငါသည်လည်း ထိုသူ့အား နောက်အဖို့ကိုအကြောင်းပြု၍ ပြဿနာကို ဖြေကြားခြင်းဖြင့် စိတ်ကို နှစ်သိမ့်စေရာ၏။

ဥဒါယီ သို့ပင်ဖြစ်သော်လည်း ရှေ့အဖို့ကို ထားဦး၊ နောက်အဖို့ကို ထားဦး၊ သင့်အား “ဤအကြောင်းရှိသော် ဤအကျိုးတရားဖြစ်၏၊ ဤအကြောင်းတရားဖြစ်ခြင်းကြောင့် ဤအကျိုးတရားဖြစ်၏၊ ဤအကြောင်း တရားမရှိသော် ဤအကျိုးတရားသည် မရှိ (မဖြစ်)၊ ဤအကြောင်းတရား ချုပ်ခြင်းကြောင့်ဤအကျိုးတရားသည် ချုပ်၏”ဟူသော တရားကို သင့်အား ဟောပေအံ့။ အသျှင်ဘုရား အကျွန်ုပ်သည်ဤခန္ဓာကိုယ်ဖြင့် ခံစားဖူးသမျှ အားလုံးကိုသော်လည်း အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ အောက်မေ့ခြင်းငှါ မစွမ်းနိုင်ပါ။ အကျွန်ုပ်သည် မြတ်စွာဘုရားကဲ့သို့ များစွာသော ရှေးကနေခဲ့ဖူးသော ခန္ဓာအစဉ်ကို အဘယ်မှာ အောက်မေ့နိုင်ပါအံ့နည်း။ ဤခန္ဓာအစဉ်ဟူသည် အဘယ်နည်းဟူမူ —တစ်ခုသော ဘဝ နှစ်ခုသော ဘဝ။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည် အနွယ်) နှင့်တကွ များစွာသော များပြားသော ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အဘယ်မှာ အောက်မေ့နိုင်ပါအံ့နည်း။ အသျှင်ဘုရား အကျွန်ုပ်သည် ယခုအခါ မြေဖုတ်ဘီလူးမျှကိုသော်လည်း မမြင်ပါ၊ အကျွန်ုပ်သည် မြတ်စွာဘုရားကဲ့သို့ အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါအဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသောလားရာရှိသော သတ္တဝါတို့ကို အဘယ်မှာမြင်နိုင်ပါအံ့နည်း၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကိုအဘယ်မှာ သိနိုင်ပါအံ့နည်း။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို “ဥဒါယီ သို့ပင်ဖြစ်သော်လည်း ရှေ့အစွန်းကို ထားဦး၊ နောက်အစွန်းကို ထားဦး၊ သင့်အား ‘ဤအကြောင်းရှိသော် ဤအကျိုး ဖြစ်၏၊ ဤအကြောင်းတရားဖြစ်ခြင်းကြောင့် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်းတရားမရှိသော် ဤအကျိုးတရား မဖြစ်၊ ဤအကြောင်းတရား ချုပ်ခြင်းကြောင့် ဤအကျိုးတရားချုပ်၏’ဟူသော တရားကို သင့်အား ဟောပေအံ့”ဟု အကျွန်ုပ်ကို မြတ်စွာဘုရား မိန့်တော်မူသော စကားသည် အကျွန်ုပ်အား အတိုင်းထက်အလွန်မထင်မြင်နိုင်ပါ။ အသျှင်ဘုရား အကျွန်ုပ်သည် အကယ်၍ မိမိ၏ဆရာ့ဝါဒ၌ ပြဿနာဖြေကြားခြင်းဖြင့်မြတ်စွာဘုရား၏ စိတ်ကို နှစ်သိမ့်စေနိုင်ကောင်းတန်ရာပါ၏ဟု (လျှောက်၏)။

၂၇၂။ ဥဒါယီ သင်၏ ဆရာ့ဝါဒ၌ အဘယ်သို့ ဖြစ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရားအကျွန်ုပ်တို့၏ မိမိဆရာ့ဝါဒ၌ “ဤသည်ကား လွန်မြတ်သော အဆင်းတည်း၊ ဤသည်ကား လွန်မြတ်သော အဆင်းတည်း”ဟု ဖြစ်ပါ၏ဟု (လျှောက်၏)။

ဥဒါယီ သင်၏ ဆရာ့ဝါဒ၌ “ဤသည်ကား လွန်မြတ်သော အဆင်းတည်း၊ ဤသည်ကား လွန်မြတ်သောအဆင်းတည်း”ဟု ဖြစ်ပါ၏ဟူ၍ ဆို၏။ ထိုမြတ်သော အဆင်းဟူသည် အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကြင်အဆင်းထက် သာလွန်မွန်မြတ်သော အခြားအဆင်းသည် မရှိ၊ ထိုအဆင်းသည် မြတ်သောအဆင်း မည်ပါ၏ဟု (လျှောက်၏)။

အကြင်အဆင်းထက် သာလွန်မွန်မြတ်သော အခြားအဆင်းမရှိသော ထိုမြတ်သောအဆင်း ဟူသည်အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကြင်အဆင်းထက် သာလွန်မွန်မြတ်သော အခြားအဆင်းသည် မရှိ၊ ထိုအဆင်းသည် မြတ်သောအဆင်း မည်ပါ၏ဟု (လျှောက်၏)။

ဥဒါယီ သင်၏ ဤစကားသည် ရှည်လျားကျယ်ပြန့်လှချေ၏ “အသျှင်ဘုရား အကြင်အဆင်းထက်သာလွန်မွန်မြတ်သော အခြားအဆင်းသည် မရှိ၊ ထိုအဆင်းသည် မြတ်သောအဆင်း မည်၏”ဟု ဆိုဘိ၏၊ ထိုအဆင်းကိုလည်း မပညတ်နိုင်။ ဥဒါယီ ဥပမာအားဖြင့် “ငါသည် ဤတိုင်းနယ်၌ ကောင်းခြင်းပြည့်ကြွယ်တိုင်းနယ်မယ် ‘ဇနပဒကလျာဏီ’ ကို လိုချင်၏၊ ချစ်ကြိုက်၏”ဟု ဆိုသော ယောကျာ်းသည် ရှိရာ၏။ ထိုယောကျာ်းကို ဤသို့ မေးကုန်ရာ၏ — “အချင်းယောကျာ်း သင်လိုချင် ချစ်ကြိုက်သော ကောင်းခြင်းပြည့်ကြွယ် တိုင်းနယ်မယ် ‘ဇနပဒကလျာဏီ’ကို ‘မင်းအမျိုးသမီးဟူ၍လည်းကောင်း၊ ပုဏ္ဏားအမျိုးသမီးဟူ၍လည်းကောင်း၊ ကုန်သည်အမျိုးသမီးဟူ၍လည်းကောင်း၊ သူဆင်းရဲအမျိုးသမီးဟူ၍လည်းကောင်း’သိပါ၏လော”ဟု (မေးကုန်ရာ၏)။ ဤသို့ မေးသော် မသိပါဟူ၍ ဖြေဆိုရာ၏။ ထိုယောကျာ်းကို ဤသို့မေးကုန်ပြန်ရာ၏ — “အချင်းယောကျာ်း သင်လိုချင် ချစ်ကြိုက်သော ကောင်းခြင်းပြည့်ကြွယ် တိုင်းနယ်မယ်’ဇနပဒကလျာဏီ’ကို ‘ဤအမည်ရှိ၏ဟူ၍လည်းကောင်း၊ ဤအမျိုးအနွယ်ဖြစ်၏ဟူ၍လည်းကောင်း။ပ။ (အရပ်) မြင့်၏ဟူ၍လည်းကောင်း၊ (အရပ်) နိမ့်၏ဟူ၍လည်းကောင်း၊ အလတ်စား (မနိမ့်မမြင့်) ဖြစ်၏ဟူ၍လည်းကောင်း၊ (အသား) မည်း၏ဟူ၍လည်းကောင်း၊ (အသား) ဝါရွှေ၏ဟူ၍လည်းကောင်း၊ (အသား) ညို၏ဟူ၍လည်းကောင်း’ သိပါ၏လော၊ ‘ဤမည်သော ရွာ၌နေ၏ဟူ၍လည်းကောင်း၊ (ဤမည်သော) နိဂုံး၌နေ၏ဟူ၍လည်းကောင်း၊ (ဤမည်သော) မြို ့၌ နေ၏ဟူ၍လည်းကောင်း’ သိပါ၏လော”ဟု (မေးကုန်ပြန်ရာ၏)။ ဤသို့မေးသော် မသိပါဟု ဖြေဆိုရာ၏။ ထိုယောကျာ်းကို ဤသို့ မေးကုန်ပြန်ရာ၏—“အချင်းယောကျာ်း သင်သည် မသိမမြင်ဖူးသူကို လိုချင်ချစ်ကြိုက်နေသလော”ဟု (မေးကုန်ပြန်ရာ၏)။ ဤသို့မေးသော်ဟုတ်ရာပါ၏ဟု ဖြေဆိုရာ၏။

ဥဒါယီ ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ ဤသို့ဖြစ်လျှင် ထိုယောကျာ်း၏ စကားသည် အခြေအမြစ်မရှိသောစကား၁ ဖြစ်နေသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤသို့ဖြစ်လျှင် ထိုယောကျာ်း၏ စကားသည် အခြေအမြစ်မရှိသောစကား မချွတ်ပင် ဖြစ်နေပါ၏ဟု (လျှောက်၏)။

ဥဒါယီ အသင်သည် ဤအတူသာလျှင် “အသျှင်ဘုရား အကြင်အဆင်းထက် သာလွန်မွန်မြတ်သောအခြားအဆင်းသည် မရှိ၊ ထိုအဆင်းသည် မြတ်သောအဆင်း ဖြစ်၏”ဟု ဆို၏။ ထိုအဆင်းကိုလည်းမပညတ်နိုင်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဥပမာအားဖြင့် အလွန်တောက်ပသော အမျိုးမှန်သော ရှစ်မြှောင့်ရှိသော ကောင်းစွာပြုပြင်ပြီးဖြစ်သော ဝေဠုရိယ ‘ကြောင်မျက်ရွဲ’ ရတနာကို ကမ္ဗလာနီပေါ်၌ ချထားသည်ရှိသော်အရောင်ထွက် ၏၊ ထွန်းတောက်၏၊ တင့်တယ်၏၊ အတ္တသည် ဤသို့သောအဆင်းရှိ၏၊ သေသည်မှနောက်၌ မြဲ၏ဟု (လျှောက်၏)။

၂၇၃။ ဥဒါယီ ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ အလွန်တောက်ပသော အမျိုးမှန်သောရှစ်မြှောင့်ရှိသော ကောင်းစွာ ပြုပြင်ပြီးဖြစ်သော ကမ္ဗလာနီပေါ်၌ ချထားအပ်သော အရောင်ထွက်သော ထွန်းတောက်သော တင့်တယ်သော ဝေဠုရိယကြောင်မျက်ရွဲရတနာရောင်နှင့် မှောင်မိုက်သော ညဉ့်အခါထွက်သော ပိုးစုံးကြူးရောင် နှစ်မျိုးတို့တွင် အဘယ်အရောင်သည် သာလွန်ကောင်းမြတ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤအရောင်နှစ်မျိုးတို့တွင် မှောင်မိုက်သော ညဉ့်အခါ၌ (ထွက်သော) ပိုးစုံးကြူး ရောင်သည် သာလွန်ကောင်းမြတ်ပါ၏ဟု (လျှောက်၏)။

ဥဒါယီ ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ မှောင်မိုက်သော ညဉ့်အခါ၌ (ထွက်သော) ပိုးစုံးကြူးရောင်နှင့် မှောင်မိုက်သော ညဉ့်အခါ၌ (ထွန်းညှိသော) ဆီမီးရောင် နှစ်မျိုးတို့တွင် အဘယ်အရောင်သည် သာလွန်ကောင်းမြတ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤ အရောင်နှစ်မျိုးတို့တွင် မှောင်မိုက်သော ညဉ့်အခါ၌ (ထွန်းညှိသော) ဆီမီးရောင်သည် သာလွန်ကောင်းမြတ်ပါ၏ဟု (လျှောက်၏)။

ဥဒါယီ ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ မှောင်မိုက်သော ညဉ့်အခါ၌ (ထွန်းညှိသော) ဆီမီးရောင်နှင့် မှောင်မိုက်သော ညဉ့်အခါ၌ (တောက်လောင်သော) မီးပုံကြီးရောင် နှစ်မျိုးတို့တွင်အဘယ် အရောင်သည် သာလွန်ကောင်းမြတ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရားဤအရောင်နှစ်မျိုးတို့တွင် မှောင်မိုက်သော ညဉ့်အခါ၌ (တောက်လောင်သော) မီးပုံကြီးအရောင်သည်သာလွန်ကောင်းမြတ်ပါ၏ဟု (လျှောက်၏)။

ဥဒါယီ ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ မှောင်မိုက်သော ညဉ့်အခါ၌ (တောက်လောင်သော) ့မီးပုံကြီးရောင်နှင့် ညဉ့်မိုးသောက်ယံအခါ၌ မိုးတိမ်ကင်းသည့် ကောင်းကင်မြင့်၌ (ထွက်ပြူသော) သောက်ရှူးကြယ်ရောင် နှစ်မျိုးတို့တွင် အဘယ်အရောင်သည် သာလွန်ကောင်းမြတ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤအရောင်နှစ်မျိုးတို့တွင် ညဉ့်မိုးသောက်ယံအခါ၌ မိုးတိမ်ကင်းသည့် ကောင်းကင်မြင့်၌ (ထွက်ပြူသော) သောက်ရှူးကြယ်ရောင်သည် သာလွန်ကောင်းမြတ်ပါ၏ဟု (လျှောက်၏)။

ဥဒါယီ ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ ညဉ့်မိုးသောက်ယံအခါ မိုးတိမ်ကင်းသည့်ကောင်းကင်မြင့်၌ (ထွက်ပြူသော) သောက်ရှူးကြယ်ရောင်နှင့် တစ်ဆယ့်ငါးရက်မြောက် ဥပုသ်နေ့ မိုးတိမ်ကင်းသည့် ကောင်းကင်မြင့်၌ တည့်မတ်သော သန်းခေါင်ယံအချိန်တွင် (ထွန်းလင်းသော) လရောင် နှစ်မျိုးတို့တွင် အဘယ်အရောင်သည် သာလွန်ကောင်းမြတ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤအရောင် နှစ်မျိုးတို့တွင် တစ်ဆယ့်ငါးရက်မြောက် ဥပုသ်နေ့ မိုးတိမ်ကင်းသည့် ကောင်းကင်မြင့်၌ တည့်မတ်သော သန်းခေါင်ယံအချိန်တွင် (ထွန်းလင်းသော) လရောင်သည် သာလွန်ကောင်းမြတ်ပါ၏ဟု (လျှောက်၏)။

ဥဒါယီ ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ တစ်ဆယ့်ငါးရက်မြောက် ဥပုသ်နေ့ မိုးတိမ်ကင်းသည့် ကောင်းကင်မြင့်၌ တည့်မတ်သော သန်းခေါင်ယံအချိန်တွင် (ထွန်းလင်းသော) လရောင်နှင့် မိုးလတို့၏ နောက်ဆုံး တန်ဆောင်မုန်းလအခါ မိုးတိမ်ကင်းသည့် ကောင်းကင်မြင့်၌ မွန်းမတ်မတ်တည့်ချိန်တွင် (ထွန်းလင်းသော) နေရောင်နှစ်မျိုးတို့တွင် အဘယ်အရောင်သည် သာလွန်ကောင်းမြတ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤအရောင် နှစ်မျိုးတို့တွင် မိုးလတို့၏ နောက်ဆုံး တန်ဆောင်မုန်းလအခါမိုးတိမ်ကင်းသည့် ကောင်းကင်မြင့်၌ မွန်းမတ်မတ် တည့်ချိန်တွင် (ထွန်းလင်းသော) နေရောင်သည်သာလွန်ကောင်းမြတ်ပါ၏ဟု (လျှောက်၏)။

ဥဒါယီ လနေတို့၏ အလင်းရောင်ကို မခံစားသော နတ်တို့သည် လနေတို့၏ အလင်းရောင်ကိုခံစားသော နတ်တို့ထက် သာလွန်များပြားကုန်၏၊ ထိုနတ်တို့ကို ငါသိ၏၊ ထိုသို့ပင်သိသော်လည်း”အကြင်အဆင်းထက် သာလွန်မွန်မြတ်သော အခြားအဆင်းမရှိ” ဟူ၍ ငါမဆို။ ဥဒါယီ ထိုသို့ဖြစ်လျက်”အကြင်အဆင်းသည် ပိုးစုံးကြူး အောက်လည်း ယုတ်ညံ့၏၊ အောက်တန်းကျ၏၊ ထိုအဆင်းကို မြတ်သောအဆင်း”ဟု သင် ဆိုဘိ၏၊ ထိုအဆင်း ကိုလည်း မပညတ်နိုင်ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားစကားတော်သည် အံ့သြဖွယ် ရှိလှပါ၏၊ ကောင်းသော စကားကိုသ ဆိုတော်မူတတ်သော မြတ်စွာဘုရားစကားတော်သည် အံ့သြဖွယ်ရှိလှပါ၏ဟု (လျှောက်၏)။

ဥဒါယီ သင်သည် အဘယ်အကြောင်းကြောင့် “မြတ်စွာဘုရား စကားတော်သည် အံ့သြဖွယ် ရှိလှပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား စကားတော်သည် အံ့သြဖွယ် ရှိလှပါ၏”ဟုဆိုဘိသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်တို့၏ မိမိဆရာ့အယူဝါဒ၌ “ဤ သည်ကားလွန်မြတ်သော အဆင်းတည်း၊ ဤသည်ကား လွန်မြတ်သော အဆင်းတည်း”ဟု အယူဝါဒ ဖြစ်ပါ၏။ အသျှင်ဘုရားထို အကျွန်ုပ်တို့သည် မြတ်စွာဘုရားက မိမိဆရာ့အယူဝါဒ၌ မေးစစ်သည်ရှိသော်စိစစ်သည်ရှိသော် ဆိုဆုံးမသည်ရှိသော် ဆိတ်သုဉ်းကြပါကုန်၏၊ အချည်းနှီးဖြစ်ကြပါကုန်၏၊ လွဲချော်ကြပါကုန်၏ဟု (လျှောက်၏)။

၂၇၄။ ဥဒါယီ စင်စစ် ချမ်းသာသော လောကသည် ရှိသလော၊ စင်စစ် ချမ်းသာသော လောကကိုမျက်မှောက်ပြုရန် အထောက်အထားခိုင်လုံသော အကျင့်သည် ရှိပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်တို့၏ မိမိဆရာ့အယူဝါဒ၌ “စင်စစ် ချမ်းသာသော လောကသည် ရှိပါ၏၊ စင်စစ်ချမ်းသာသော လောကကို မျက်မှောက်ပြုရန် အထောက်အထား ခိုင်လုံသော အကျင့်သည် ရှိပါ၏”ဟု (လျှောက်၏)။

ဥဒါယီ စင်စစ် ချမ်းသာသော လောကကို မျက်မှောက်ပြုရန် အထောက်အထားခိုင်လုံသော အကျင့်ဟူသည် အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤလောက၌ အချို့သူသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းကို ပယ်၍ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောဆိုခြင်းကို ပယ်၍ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ထို့အပြင်အကျင့်ဂုဏ် တစ်မျိုးမျိုးကို ဆောက်တည်၍ ကျင့်၏။ အသျှင်ဘုရား ဤသည်ကား စင်စစ် ချမ်းသာသောလောကကို မျက်မှောက်ပြုရန် အထောက်အထားခိုင်လုံသော အကျင့်ပါတည်းဟု (လျှောက်၏)။

ဥဒါယီ ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှရှောင်ကြဉ်သော အခါ၌ ခန္ဓာကိုယ်အတ္တဘောသည် စင်စစ် ချမ်းသာရှိသလော၊ ချမ်းသာဆင်းရဲ တွဲလျက်ရှိသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ချမ်းသာဆင်းရဲ တွဲလျက် ရှိပါ၏ဟု (လျှောက်၏)။

ဥဒါယီ ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကိုယူခြင်းမှ ရှောင်ကြဉ်သောအခါ၌ ခန္ဓာကိုယ်အတ္တဘောသည် စင်စစ် ချမ်းသာရှိသလော၊ ချမ်းသာဆင်းရဲတွဲလျက် ရှိသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ချမ်းသာဆင်းရဲ တွဲလျက်ရှိပါ၏ဟု (လျှောက်၏)။

ဥဒါယီ ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းကို ပယ်၍ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သော အခါ၌ ခန္ဓာကိုယ်အတ္တဘောသည် စင်စစ်ချမ်းသာရှိသလော၊ ချမ်းသာဆင်းရဲ တွဲလျက်ရှိသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ချမ်းသာဆင်းရဲတွဲလျက်ရှိပါ၏ဟု (လျှောက်၏)။

ဥဒါယီ ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ မဟုတ်မမှန် ပြောဆိုခြင်းကို ပယ်၍ မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်သောအခါ၌ စင်စစ် ချမ်းသာရှိသလော၊ ချမ်းသာဆင်းရဲ တွဲလျက် ရှိသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ချမ်းသာဆင်းရဲ တွဲလျက် ရှိပါ၏ဟု (လျှောက်၏)။

ဥဒါယီ ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ အကျင့်ဂုဏ်တစ်မျို းမျိုးကို ဆောက်တည်၍ကျင့်သောအခါ၌ ခန္ဓာကိုယ်အတ္တဘောသည် စင်စစ် ချမ်းသာရှိသလော၊ ချမ်းသာဆင်းရဲ တွဲလျက် ရှိသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ချမ်းသာဆင်းရဲ တွဲလျက် ရှိပါ၏ဟု (လျှောက်၏)။

ဥဒါယီ ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ ရောပြွမ်းသော ချမ်းသာ ဆင်းရဲမှုရှိသော အကျင့်ကိုအစွဲပြု၍ စင်စစ် ချမ်းသာသောလောကကို မျက်မှောက်ပြုရန် ဖြစ်နိုင်ရာအံ့လောဟု (မေးတော်မူ၏)။ မြတ်စွာဘုရား စကားတော်သည် အံ့သြဖွယ်ကောင်းလှပါ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရား စကားတော်သည် အံ့သြဖွယ်ကောင်းလှပါ၏ဟု (လျှောက်၏)။

ဥဒါယီ သင်သည် အဘယ်အကြောင်းကြောင့် “မြတ်စွာဘုရား စကားတော်သည် အံ့သြဖွယ် ကောင်းလှပါ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား စကားတော်သည် အံ့သြဖွယ်ကောင်းလှပါ၏”ဟု ဆိုဘိသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်တို့၏ မိမိဆရာ့အယူဝါဒ၌”စင်စစ် ချမ်းသာသော လောကသည် ရှိ၏၊ စင်စစ် ချမ်းသာသောလောကကို မျက်မှောက်ပြုရန်အထောက်အထား ခိုင်လုံသော အကျင့်သည် ရှိ၏”ဟူသော အယူဝါဒသည် ဖြစ်ပါ၏။ အသျှင်ဘုရားအကျွန်ုပ်တို့သည် မြတ်စွာဘုရားက မိမိဆရာ့အယူဝါဒ၌ မေးစစ်သည်ရှိသော် စိစစ်သည်ရှိသော် ဆိုဆုံးမသည်ရှိသော် ဆိတ်သုဉ်းကြပါကုန်၏၊ အချည်းနှီးဖြစ်ကြပါကုန်၏၊ လွဲချော်ကြပါကုန်၏ဟု (လျှောက်၏)။

၂၇၅။ အသျှင်ဘုရား စင်စစ် ချမ်းသာသောလောကသည် ရှိပါသလော၊ စင်စစ် ချမ်းသာသောလောကကို မျက်မှောက်ပြုရန် အထောက်အထား ခိုင်လုံသော အကျင့်သည် ရှိပါသလောဟု (လျှောက်၏)။ ဥဒါယီ စင်စစ် ချမ်းသာသောလောကသည် ရှိသည်သာတည်း၊ စင်စစ်ချမ်းသာသောလောကကို မျက်မှောက်ပြုရန် အထောက်အထား ခိုင်လုံသော အကျင့်သည်ရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား စင်စစ် ချမ်းသာသော လောကကို မျက်မှောက် ပြုရန် အထောက်အထား ခိုင်လုံသောအကျင့်ဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တရားတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက် ဝိစာရတို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ပီတိကိုလည်း မတပ်မက်ခြင်း (စက်ဆုပ်ခြင်း) ကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ ဥဒါယီ စင်စစ် ချမ်းသာသော လောကကို မျက်မှောက် ပြုရန်အထောက်အထား ခိုင်လုံသော ထိုအကျင့် ဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ထို (ငါးပါးသီလ) အကျင့်သည် စင်စစ် ချမ်းသာသော လောကကို မျက်မှောက် ပြုရန်အထောက်အထား ခိုင်လုံသော အကျင့် မဟုတ်သေးပါ၊ အသျှင်ဘုရား ဤမျှ အတိုင်းအရှည်ရှိသော (တတိယဈာန်) အကျင့်ဖြင့် ထိုသူသည် စင်စစ် ချမ်းသာသောလောကကို မျက်မှောက်ပြုပြီးသာ ဖြစ်ပါ၏ဟု (လျှောက်၏)။ ဥဒါယီ ဤမျှအတိုင်းအရှည်ရှိသော (တတိယဈာန်) အကျင့်ဖြင့် ထိုသူသည် စင်စစ်ချမ်းသာ သော လောကကို မျက်မှောက်ပြုပြီး မဟုတ်သေး၊ ထို (တတိယဈာန်) အကျင့်သည် စင်စစ်ချမ်းသာ သော လောကကို မျက်မှောက်ပြုရန် အထောက်အထား ခိုင်လုံရုံမျှသာ ဖြစ်သေး၏ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသော် သကုလုဒါယီပရိဗိုဇ်၏ ပရိသတ်တို့သည် “ဤအရာ၌ ငါတို့သည် ဆရာနှင့်တကွ ပျက်စီးကြကုန်၏၊ ဤအရာ၌ ငါတို့သည် ဆရာနှင့်တကွ ပျက်စီးကြကုန်၏၊ ငါတို့သည် ဤထက်အလွန်ထူးကဲသည်ကို မသိကြကုန်”ဟု ပဲ့တင်ထပ်မျှ ပြင်းပြကျယ်လောင်သော အသံကို ပြုကြကုန်၏။

ထိုအခါ သကုလုဒါယီပရိဗိုဇ်သည် တိတ်ဆိတ်အောင် ပြု၍ မြတ်စွာဘုရားအား “အသျှင်ဘုရားထိုသူသည် အဘယ်သို့သော အတိုင်းအရှည်ဖြင့် စင်စစ် ချမ်းသာသော လောကကို မျက်မှောက်ပြုပါသနည်း”ဟု (လျှောက်၏)၊ ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် သုခကို ပယ်ခြင်းကြောင့်လည်းကောင်း။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ စင်စစ် ချမ်းသာသောလောကသို့ကပ်ရောက်ကြသော နတ်တို့နှင့်အတူ ကောင်းစွာတည်ရ၏၊ ကောင်းစွာ စကားပြောရ၏၊ ဆွေးနွေးရ၏၊ ဥဒါယီ ထိုသူသည် ဤမျှ အတိုင်းအရှည်ဖြင့် စင်စစ် ချမ်းသာသောလောကကို မျက်မှောက်ပြု၏ဟု (မိန့်တော်မူ၏)။

၂၇၆။ အသျှင်ဘုရား ရဟန်းတို့သည် စင်စစ် ဤချမ်းသာသောလောကကို မျက်မှောက်ပြုလိုသောကြောင့် မြတ်စွာဘုရားအထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးကြကုန်သလောဟု (လျှောက်၏)။ ဥဒါယီ ရဟန်းတို့သည် စင်စစ် ချမ်းသာသောလောကကို မျက်မှောက်ပြုလိုသောကြောင့် ငါ့အထံ၌မြတ်သော အကျင့်ကို ကျင့်ကြသည် မဟုတ်ကုန်၊ ဥဒါယီ သာလွန်မွန်မြတ်သော အခြားတရားတို့သည်ရှိကုန်သေး၏၊ ယင်းတရားတို့ကို မျက်မှောက်ပြုလိုသောကြောင့် ရဟန်းတို့သည် ငါ့အထံ၌မြတ်သောအကျင့်ကို ကျင့်ကြကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ရဟန်းတို့သည် မြတ်စွာဘုရားအထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးနေကြကြောင်းဖြစ်သော မျက်မှောက်ပြုရမည့် သာလွန်မွန်မြတ်သော တရားတို့ဟူသည် အဘယ်တို့ပါနည်းဟု (လျှောက်၏)။ ဥဒါယီ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကိုဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ သစ္စာလေးပါးတရားတို့ကို သိစေတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည်ဤလောက၌ ပွင့်တော်မူ၏။ပ။ ထိုရဟန်းသည် စိတ်ညစ်ညူးကြောင်းဖြစ်၍ ပညာအားနည်းခြင်းကိုပြုတတ်သော ဤနီဝရဏတရားငါးပါးတို့ကို ပယ်၍ ကာမဂုဏ်တရားတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ့ပဌမဈာန်သို့ ရောက်၍ နေ၏။ ဥဒါယီ ဤသည်လည်း ရဟန်းတို့သည် ငါ့အထံ၌ မြတ်သောအကျင့်ကိုကျင့်သုံးနေကြကြောင်းဖြစ်သော မျက်မှောက်ပြုရမည့် သာလွန်မွန်မြတ်သော တရားပင်တည်း။

ဥဒါယီ တစ်ဖန် ထို့ပြင်လည်း ဝိတက် ဝိစာရတို့၏ ငြိမ်းခြင်းကြောင့် ဒုတိယဈာန်။ တတိယဈာန်။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ဥဒါယီ ဤသည်လည်း ရဟန်းတို့သည် ငါ့အထံ၌ မြတ်သောအကျင့်ကိုကျင့်သုံးနေကြကြောင်းဖြစ်သော မျက်မှောက်ပြုရမည့် သာလွန်မွန်မြတ်သော တရားပင်တည်း။

ထိုရဟန်းသည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါသင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့တတ်သောဉာဏ်အကျိုးငှါ စိတ်ကို ရှေးရှု ညွတ်စေ၏၊ ထိုရဟန်းသည် များပြားသော ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း၊ တစ်ခုသော ဘဝကိုလည်းကောင်း၊ နှစ်ခုသောဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ ဥဒါယီ ဤသည်လည်း ရဟန်းတို့သည်ငါ့အထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးနေကြကြောင်းဖြစ်သော မျက်မှောက်ပြုရမည့် သာလွန်မွန်မြတ်သောတရားပင်တည်း။

ထိုရဟန်းသည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါသင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် သတ္တဝါတို့၏ စုတိပဋိသန္ဓေကို သိတတ်သော ဉာဏ်အကျိုးငှါစိတ်ကို ရှေးရှုညွတ်စေ၏၊ ထိုရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်၏။ပ။ ကံအားလျော်စွာ ဖြစ်ပေါ်သောသတ္တဝါတို့ကို အပြားအားဖြင့် သိ၏။ ဥဒါယီ ဤသည်လည်း ရဟန်းတို့သည် ငါ့အထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးနေကြကြောင်းဖြစ်သော မျက်မှောက်ပြုရမည့် သာလွန်မွန်မြတ်သော တရားပင်တည်း။

ထိုရဟန်းသည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေး မရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါသင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော ‘အာသဝက္ခယဉာဏ်’ အလို့ငှါ စိတ်ကို ရှေးရှုဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထိုရဟန်းသည် ဤတရားကား ဆင်းရဲဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ဤတရားကား ဆင်းရဲဖြစ်ကြောင်းဟု။ပ။ ဤတရားကား ဆင်းရဲချုပ်ငြိမ်းရာ (နိဗ္ဗာန်)ဟု။ ဤတရားကား ဆင်းရဲချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်တိုင်းမှန်စွာသိ၏၊ ဤတရားတို့ကား အာသဝေါတရားတို့ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ဤတရားကား အာသဝေါတရားတို့၏ ဖြစ်ကြောင်းဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ဤတရားကား အာသဝေါတရားတို့၏ ချုပ်ရာ (နိဗ္ဗာန်)ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ဤတရားကား အာသဝေါတရားတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ဤသို့သိသော ဤသို့မြင်သော ထိုရဟန်း၏စိတ်သည်ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးသော အရဟတ္တဖိုလ်၌ လွတ်မြောက်ပြီဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စ အလို့ငှါတစ်ပါးသော ပြုဖွယ်ကိစ္စမရှိတော့ပြီ”ဟု သိ၏။ ဥဒါယီ ဤသည်လည်း ရဟန်းတို့သည် ငါ့အထံ၌မြတ်သော အကျင့်ကို ကျင့်သုံးနေကြကြောင်းဖြစ်သော မျက်မှောက်ပြုရမည့် သာလွန်မွန်မြတ်သော တရားပင်တည်း။ ဥဒါယီရဟန်းတို့သည် ငါ့အထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးနေကြကြောင်းဖြစ်သောမျက်မှောက်ပြုရမည့် သာလွန်မွန်မြတ်သော တရားတို့ဟူသည် ဤတရားတို့ပင်တည်းဟု (မိန့်တော်မူ၏)။

၂၇၇။ ဤသို့ မိန့်တော်မူသည်ရှိသော် ဥဒါယီပရိဗိုဇ်သည် မြတ်စွာဘုရားကို “အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါ၏၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသော ဝတ္ထုကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူ၏၊ အကျွန်ုပ်သည် အသျှင်ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား အထံတော်၌ ရှင်အဖြစ်ကိုရလိုပါ၏၊ ပဉ္စင်း အဖြစ်ကို ရလိုပါ၏ဟု (လျှောက်၏)။

ဤသို့ လျှောက်သည်ရှိသော် သကုလုဒါယီပရိဗိုဇ်၏ ပရိသတ်တို့သည် သကုလုဒါယီပရိဗိုဇ်ကို”အသျှင်ဥဒါယီ အသျှင်ဥဒါယီသည် ရဟန်းဂေါတမအထံ၌ မြတ်သောအကျင့်ကို မကျင့်ပါလင့်၊ အသျှင်ဥဒါယီသည် ဆရာတစ်ဆူ ဖြစ်ပြီးလျက် တပည့်နေ နေခြင်းကို မနေပါလင့်၊ ဥပမာအားဖြင့် အိုးစရည်းကြီးဖြစ်ပြီးလျက် ရေသယ်အိုး ဖြစ်ရာသကဲ့သို့ အသျှင်ဥဒါယီအားလည်း ဖြစ်ပါလတ္တံ့။ အသျှင်ဥဒါယီသည်ရဟန်းဂေါတမအထံ၌ မြတ်သော အကျင့်ကို မကျင့်ပါလင့်၊ အသျှင်ဥဒါယီသည် ဆရာတစ်ဆူ ဖြစ်ပြီးလျက်တပည့်နေ နေခြင်းကို မနေပါလင့်”ဟု ပြောဆိုကြကုန်၏။ ဤသို့လျှင် သကုလုဒါယီပရိဗိုဇ်၏ ပရိသတ်သည် သကုလုဒါယီပရိဗိုဇ်ကို မြတ်စွာဘုရားအထံ၌ မြတ်သောအကျင့်ကို ကျင့်ခြင်း၌ အန္တရာယ်ကို ပြုလေသတည်း။

ကိုးခုမြောက် စူဠသကုလုဒါယိသုတ် ပြီး၏။

၁။ အပ္ပါဋိဟီရကထန္တိ အနိယျာနိကံ အမူလကံ နိရတ္ထကံ သမ္ပဇ္ဇတိ (အဋ္ဌကထာ)။