မဇ္ဈိမနိကာယ်

၈— သလ္လေခသုတ်

၈၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင် မဟာစုန္ဒသည် ညချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ထိုင်လျက် မြတ်စွာဘုရားအား— ့

“အသျှင်ဘုရား အတ္တအယူဝါဒနှင့်လည်းကောင်း၊ လောကအယူဝါဒနှင့်လည်းကောင်း စပ်သောဤမိစ္ဆာဒိဋ္ဌိ အမျိုးမျိုးတို့သည် လောက၌ ထင်ရှားဖြစ်ပေါ်ပါကုန်၏။ အသျှင်ဘုရား နှလုံးသွင်းသောရဟန်းအား နှလုံးသွင်းစ၌ပင် ဤမိစ္ဆာဒိဋ္ဌိတို့ကို ပယ်ခြင်း စွန့်ခြင်းသည် ဖြစ်နိုင်ပါသလော” ဟု လျှောက်၏။

၈၂။ စုန္ဒ အတ္တအယူဝါဒနှင့်လည်းကောင်း၊ လောကအယူဝါဒနှင့်လည်းကောင်း စပ်သော ဤ မိစ္ဆာဒိဋ္ဌိအမျိုးမျိုးတို့သည် လောက၌ ထင်ရှားဖြစ်ပေါ်ကုန်၏။ ဤ မိစ္ဆာဒိဋ္ဌိတို့သည် အကြင် ခန္ဓာငါးပါး၌ ဖြစ်ပေါ်လာကုန်၏၊ ကိန်းဝပ်နေကုန်၏။ ဖြစ်ပွားနေကုန်၏၊ ထိုခန္ဓာငါးပါးကို “ဤခန္ဓာငါးပါးသည် ငါ့ဥစ္စာမဟုတ်၊ ဤခန္ဓာ ငါးပါးသည် ငါမဟုတ်၊ ဤခန္ဓာငါးပါးသည် ငါ့အတ္တမဟုတ်” ဟု ဤသို့သော အခြင်းအရာအားဖြင့်ဟုတ်မှန်သောအတိုင်း မှန်ကန်သော ပညာဖြင့် ရှုမြင်သောသူအား ဤမိစ္ဆာဒိဋ္ဌိတို့ကို ပယ်ခြင်းစွန့်ခြင်းသည် ဖြစ်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်ခြင်း ‘ဝိစာရ’ နှင့်တကွဖြစ်သော (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသောပဌမ ဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား “ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏” ဟုစိတ်အကြံ အစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤ ဈာန်တရားတို့ကို အရိယာ၏အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုမျက်မှောက်ချမ်းသာစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည်ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’တို့၏ချုပ်ငြိမ်းခြင်းကြောင့် မိမိကိုယ်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ ကိုဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်ကို ဝင်စား၍နေရာ၏၊ ထိုရဟန်းအား “ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏” ဟု စိတ်အကြံအစည်ဖြစ်ရာသောအကြောင်းသည် ရှိပေ၏။ စုန္ဒ ဤ ဈာန်တရားတို့ကို အရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကို မျက်မှောက်ချမ်းသာစွာ နေရရေးတရားတို့ဟုခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်း ကြောင့်လျစ်လျူရှု၍သာလျှင် နေ၏၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍ ဆင်ခြင်ဉာဏ်နှင့်ပြည့်စုံသည်ဖြစ်၍ ချမ်းသာခြင်း ‘သုခ’ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အရိယာပုဂ္ဂိုလ်တို့သည် အကြင် တတိယဈာန်ကြောင့်ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ” ဟု ပြောကြားကုန်၏၊ ထိုတတိယဈာန်ကိုဝင်စား၍ နေရာ၏၊ ထိုရဟန်းအား “ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏” ဟုစိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤဈာန်တရားတို့ကို အရိယာ၏ အဆုံးအမ၌ကိလေသာခေါင်းပါးရေး တရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကို မျက်မှောက်ချမ်းသာစွာနေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ချမ်းသာခြင်း ‘သုခ’ကိုလည်း ပယ်ခြင်းကြောင့်ဆင်းရဲခြင်း ‘ဒုက္ခ’ ကိုလည်း ပယ်ခြင်းကြောင့် ရှေးဦးကပင်လျှင် ဝမ်းသာခြင်း ‘သောမနဿ’ နှလုံးမသာခြင်း ‘ဒေါမနဿ’တို့၏ ချုပ်နှင့်ခြင်းကြောင့် ဆင်းရဲလည်းမဟုတ် ချမ်းသာလည်းမဟုတ်သော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် စင်ကြယ်သော သတိရှိသော စတုတ္ထဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား “ငါသည် ကိလေသာ ခေါင်းပါးခြင်းဖြင့် နေ၏” ဟု စိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည်ရှိပေ၏။ စုန္ဒ ဤဈာန်တရားတို့ကို အရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ့်မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကို မျက်မှောက်ချမ်းသာစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ” ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတနဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား “ငါသည်ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏” ဟု စိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤဈာန်တရားတို့ကို အရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုငြိမ်းချမ်းစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ” ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား “ငါသည် ကိလေသာ ခေါင်းပါးခြင်းဖြင့် နေ၏” ဟု စိတ်အကြံအစည်ဖြစ်ရာသောအကြောင်း သည် ရှိပေ၏။ စုန္ဒ ဤဈာန်သမာပတ်တရားတို့ကို အရိယာ၏ အဆုံးအမ၌ကိလေသာခေါင်းပါးရေး တရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုငြိမ်းချမ်းစွာနေရရေးတရားတို့ဟု ခေါ်ဆိုရ ကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ” ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား “ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏” ဟု စိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤဈာန်သမာပတ်တရားတို့ကို အရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ်မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုငြိမ်းချမ်းစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍နေဝသညာနာသညာယတနဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား “ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏” ဟု စိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤဈာန်တရားတို့ကိုအရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုငြိမ်းချမ်းစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

၈၃။ စုန္ဒ ဤဆိုလတ္တံ့သော အရာတို့၌ သင်တို့သည် ခေါင်းပါးခြင်းကို ပြုသင့်၏၊ အခြားသူတို့ သည်ညှဉ်းဆဲတတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မညှဉ်းဆဲတတ်သူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အသက်သတ်ခြင်းကို ပြုတတ်သူတို့ဖြစ်ကြသော်လည်းငါတို့ကား ဤအရာ၌ အသက်သတ်ခြင်းမှ ကြဉ်ရှောင်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကိုပြုသင့်၏။ အခြားသူတို့သည် မပေးသည်ကို ယူတတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မမြတ်သောအကျင့်ကို ကျင့်တတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မြတ်သောအကျင့်ကို ကျင့်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မဟုတ်မမှန်ပြောတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မဟုတ်မမှန်ပြောခြင်းမှ ကြဉ်ရှောင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ကုန်းစကားကို ပြောသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ကုန်းစကားမှ ကြဉ်ရှောင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ကြမ်းသောစကားကို ပြောသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ကြမ်းသောစကားမှ ကြဉ်ရှောင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်ပြိန်ဖျင်းသောစကားကို ပြောသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ပြိန်ဖျင်းသော စကားပြောခြင်းမှ ကြဉ်ရှောင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည့် (သူတစ်ပါး ပစ္စည်းဘဏ္ဍာကို) ရှေးရှုကြံစည်တတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ရှေးရှုမကြံစည် တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့ဖျက်ဆီးလိုသောစိတ် ရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ဖျက်ဆီးလိုသောစိတ်မရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်း ပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသောအယူရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော အယူရှိကြသူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော အကြံအစည်ရှိကြသူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော အကြံ အစည်ရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော စကား ရှိကြသူတို့ဖြစ်ကြသော်လည်းငါတို့ကား ဤအရာ၌ မှန်ကန်သော စကားရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသောအမှု ရှိကြသူတို့ဖြစ်ကြသော်လည်း ငါတို့ ကား ဤအရာ၌မှန်ကန်သောအမှု ရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြား သူတို့သည်မှားယွင်းသော အသက်မွေးမှုရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန် သောအသက်မွေးမှုရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော လုံ့လရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော လုံ့လရှိကြ သူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော အောက်မေ့ခြင်းရှိကြသူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော အောက်မေ့ခြင်းရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော တည်ကြည်ခြင်းရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော တည်ကြည်ခြင်းရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကိုပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော ဉာဏ်ရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌မှန်ကန်သော ဉာဏ်ရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်မှားယွင်း သော လွတ်မြောက်ခြင်းရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သောလွတ်မြောက်ခြင်းရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။

အခြားသူတို့သည် လေးလံထိုင်းမှိုင်းခြင်း နှိပ်စက်ခံရသူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌လေးလံထိုင်းမှိုင်းခြင်းကင်းကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ပျံ့လွင့်သောစိတ် ရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ပျံ့လွင့်သောစိတ် မရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ယုံမှားတတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ယုံမှားခြင်းကို လွန်မြောက်ကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အမျက်ထွက်လေ့ရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ အမျက်ထွက်လေ့ မရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ရန်ငြိုးဖွဲ့တတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ရန်ငြိုးမဖွဲ့တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကိုပြုသင့်၏။ အခြားသူတို့သည် ဂုဏ်ကျေးဇူးကို ချေဖျက်တတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ဂုဏ်ကျေးဇူးကို မချေဖျက်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ဂုဏ်ပြိုင်တတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ဂုဏ်မပြိုင်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ငြူစူတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ မငြူစူတတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ဝန်တိုတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ဝန်မတိုတတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် စဉ်းလဲတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌မစဉ်းလဲ တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် လှည့်ပတ်တတ့်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မလှည့်ပတ်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ခက်ထန်တတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ မခက်ထန် တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်အလွန်မောက်မာသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ အလွန်မမောက်မာသူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အပြောအဆိုခက်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ အပြော အဆို လွယ်သူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ယုတ်မာသော မိတ်ဆွေရှိသူတို့ဖြစ်ကြသော်လည်းငါတို့ကား ဤအရာ၌ကောင်းသော မိတ်ဆွေရှိသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် သတိမေ့လျော့သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤ အရာ၌ သတိမမေ့မလျော့သူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် သဒ္ဓါ တရားမရှိသူတို့ဖြစ်ကြသော်လည်းငါတို့ကား ဤအရာ၌ သဒ္ဓါတရားရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အရှက်မရှိသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ရှက်စိတ်ရှိသူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မကြောက်လန့်တတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ကြောက်လန့်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အကြားအမြင်မရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ အကြားအမြင်များသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်ပျင်းရိသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ လုံ့လစိုက် ထုတ်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် သတိလွတ်သောသူတို့ ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ ထင်သော သတိရှိသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်ပညာမဲ့သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ပညာနှင့် ပြည့်စုံသူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မိမိအယူကို လွန်စွာစွဲလမ်းကာ မြဲမြံစွာယူကြကုန်လျက်ပြန်လည် မစွန့်လွှတ်နိုင်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မိမိအယူကို လွန်စွာမစွဲလမ်းဘဲမြဲမြံစွာမယူကြကုန်ဘဲ ပြန်လည် စွန့်လွှတ်နိုင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။

၈၄။ စုန္ဒ ငါဘုရားသည် ကုသိုလ်တရားတို့၌ စိတ်ဖြစ်ပေါ်ခြင်းမျှကိုလည်း ကျေးဇူးများ လှ၏ဟုဟော၏၊ ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ ပြုလုပ် စီမံ စေခိုင်းခြင်း စသည်တို့၌ အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ စုန္ဒ ထို့ကြောင့် အခြားသူတို့သည် ညှဉ်းဆဲတတ်သူတို့ ဖြစ်ကြ သော်လည်း ငါတို့သည်ဤအရာ၌ မညှဉ်းဆဲတတ်သူတို့ ဖြစ်ကြကုန်အံ့ဟု စိတ်ကို ဖြစ်စေသင့်၏။ အခြားသူတို့သည်အသက်သတ်ခြင်းကို ပြုတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ အသက်သတ်ခြင်းမှကြဉ်ရှောင်သူတို့ ဖြစ်ကြ ကုန်အံ့ဟု စိတ်ကို ဖြစ်စေသင့်၏။ပ။ အခြားသူတို့သည် မိမိအယူကို လွန်စွာစွဲလမ်းကာ မြဲမြံစွာ ယူကြ ကုန်လျက် ပြန်လည်မစွန့်လွှတ်နိုင်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ မိမိအယူကို လွန်စွာ မစွဲလမ်းဘဲ မြဲမြံစွာမယူကြကုန်ဘဲ ပြန်လည်စွန့်လွှတ်နိုင်သူတို့ဖြစ်ကြကုန်အံ့ဟု စိတ်ကို ဖြစ်စေသင့်၏။

၈၅။ စုန္ဒ ဥပမာသော်ကား မညီညွတ်သော လမ်းရှိခဲ့သော် အခြားညီညွတ်သော လမ်းသည် ထို လမ်းကိုရှောင်လွှဲရန် ဖြစ်သကဲ့သို့လည်းကောင်း၊ စုန္ဒ ဥပမာတစ်နည်းသော်ကား မညီညွတ်သော ဆိပ်ကမ်းရှိခဲ့သော်အခြားညီညွတ်သော ဆိပ်ကမ်းသည် ထိုဆိပ်ကမ်းကို ရှောင်လွှဲရန် ဖြစ်သကဲ့သို့လည်းကောင်း စုန္ဒဤအတူပင် ညှဉ်းဆဲတတ်သော ပုဂ္ဂိုလ်အား မညှဉ်းဆဲမှုသည် ရှောင်လွှဲရန် လမ်း ဖြစ်၏။ အသက်သတ်ခြင်းကို ပြုသော ပုဂ္ဂိုလ်အား အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှုသည် ရှောင်လွှဲရန်လမ်းဖြစ်၏။ မပေးသည်ကို ယူတတ်သော ပုဂ္ဂိုလ်အား မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်းသည့်ရှောင်လွှဲရန် လမ်းဖြစ်၏။ မမြတ်သောအကျင့်ကို ကျင့်တတ်သော ပုဂ္ဂိုလ်အား မမြတ်သောအကျင့်ကိုကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မဟုတ်မမှန် ပြောတတ်သော ပုဂ္ဂိုလ်အားမဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ကုန်းစကားကို ပြောတတ်သောပုဂ္ဂိုလ်အား ကုန်းစကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ကြမ်းသောစကားကို ပြောသောပုဂ္ဂိုလ်အား ကြမ်းသောစကားမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ပြိန်ဖျင်းသောစကားကို ပြောတတ်သော ပုဂ္ဂိုလ်အားပြိန်ဖျင်းသောစကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည်ရှောင်လွှဲရန် လမ်းဖြစ်၏။ (သူတစ်ပါးပစ္စည်းဘဏ္ဍာကို) ရှေးရှုကြံစည်တတ်သော ပုဂ္ဂိုလ်အား (သူတစ်ပါးပစ္စည်းဘဏ္ဍာကို) ရှေးရှု မကြံစည်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ဖျက်ဆီးလိုသော စိတ်ရှိသောပုဂ္ဂိုလ်အား ဖျက်ဆီးလိုသောစိတ် မရှိ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အယူရှိသောပုဂ္ဂိုလ်အား မှန်ကန်သော အယူသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အကြံအစည်ရှိသောပုဂ္ဂိုလ်အား မှန်ကန်သော အကြံအစည်သည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော စကားရှိသောပုဂ္ဂိုလ်အား မှန်ကန်သောစကားသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အမှုရှိသော ပုဂ္ဂိုလ်အားမှန်ကန်သော အမှုသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အသက်မွေးမှုရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော အသက်မွေးမှုသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော လုံ့လရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော လုံ့လသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အောက်မေ့ခြင်း ရှိသော ပုဂ္ဂိုလ်အားမှန်ကန်သော အောက်မေ့ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော တည်ကြည်ခြင်းရှိသောပုဂ္ဂိုလ်အား မှန်ကန်သော တည်ကြည်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော ဉာဏ်ရှိသောပုဂ္ဂိုလ်အား မှန်ကန်သော ဉာဏ်သည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော လွတ်မြောက်ခြင်းရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော လွတ်မြောက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။

လေးလံထိုင်းမှိုင်းခြင်း အနှိပ်စက်ခံရသော ပုဂ္ဂိုလ်အား လေးလံထိုင်းမှိုင်းမှု ကင်းခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ပျံ့လွင့်သော စိတ်ရှိသော ပုဂ္ဂိုလ်အား မပျံ့လွင့်သော စိတ်သည် ရှောင်လွှဲရန်လမ်းဖြစ်၏။ ယုံမှားတတ်သော ပုဂ္ဂိုလ်အား ယုံမှားခြင်းကို လွန်မြောက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ အမျက်ထွက်လေ့ရှိသော ပုဂ္ဂိုလ်အား အမျက်မထွက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ရန်ငြိုးဖွဲ့တတ်သော ပုဂ္ဂိုလ်အား ရန်ငြိုးမဖွဲ့ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ဂုဏ်ကျေးဇူးကို ချေဖျက်သောပုဂ္ဂိုလ်အား ဂုဏ်ကျေဇူးကို မချေဖျက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ဂုဏ်ပြိုင်တတ်သော ပုဂ္ဂိုလ်အား ဂုဏ်မပြိုင်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ငြူစူတတ်သော ပုဂ္ဂိုလ်အား မငြူစူခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ဝန်တိုတတ်သော ပုဂ္ဂိုလ်အား ဝန်မတိုခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ စဉ်းလဲတတ်သော ပုဂ္ဂိုလ်အား မစဉ်းလဲခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ လှည့်ပတ်တတ်သော ပုဂ္ဂိုလ်အား မလှည့်ပတ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ခက်ထန်တတ်သော ပုဂ္ဂိုလ်အား မခက်ထန်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ အလွန်မောက်မာခြင်းရှိသော ပုဂ္ဂိုလ်အား အလွန် မောက်မာမှု မရှိခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ အပြောအဆိုခက်သောပုဂ္ဂိုလ်အား အပြောအဆိုလွယ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ယုတ်မာသောမိတ်ဆွေရှိသော ပုဂ္ဂိုလ်အား ကောင်းသောမိတ်ဆွေသည် ရှောင်လွှဲရန်လမ်းဖြစ်၏။ သတိမေ့လျော့သော ပုဂ္ဂိုလ်အား သတိမမေ့မလျော့ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ သဒ္ဓါတရားမရှိသော ပုဂ္ဂိုလ်အား သဒ္ဓါတရားရှိခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ အရှက်မရှိသောပုဂ္ဂိုလ်အား ရှက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မကြောက်လန့်တတ်သော ပုဂ္ဂိုလ်အား ကြောက်လန့်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ အကြားအမြင်မရှိသော ပုဂ္ဂိုလ်အား အကြားအမြင် များခြင်းသည်ရှောင်လွှဲရန် လမ်းဖြစ်၏။ ပျင်းရိသော ပုဂ္ဂိုလ်အား လုံ့လစိုက်ထုတ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ သတိလွတ်သော ပုဂ္ဂိုလ်အား ထင်သော သတိသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ပညာမဲ့သော ပုဂ္ဂိုလ်အား့ပညာနှင့်ပြည့်စုံခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မိမိအယူကို လွန်စွာ စွဲလမ်းကာ မြဲမြံစွာယူလျက်ပြန်လည်မစွန့်လွှတ်နိုင်သော ပုဂ္ဂိုလ်အား မိမိအယူကို လွန်စွာမစွဲ လမ်းဘဲ မြဲမြံစွာ မယူဘဲ ပြန်လည်စွန့်လွှတ်နိုင်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။

၈၆။ စုန္ဒ ဥပမာသော်ကား အကုသိုလ်တရားအားလုံးတို့သည် အောက်အဖို့ (အပါယ်ဘုံ) သို့ရောက်ကြောင်း တရားဖြစ်ကုန်သကဲ့သို့လည်းကောင်း၊ ကုသိုလ်တရားအားလုံးတို့သည် အထက်အဖို့ (သုဂတိဘုံ) သို့ ရောက်ကြောင်းတရား ဖြစ်ကုန်သကဲ့သို့လည်းကောင်း ဤအတူပင် ညှဉ်းဆဲတတ်သောပုဂ္ဂိုလ်အား မညှဉ်းဆဲခြင်းသည် အထက်အဖို့အတွက် ဖြစ်၏။ အသက်ကို သတ်ဖြတ်တတ်သော ပုဂ္ဂိုလ်အား အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် အထက်အဖို့အတွက် ဖြစ်၏။ပ။ မိမိအယူကိုလွန်စွာ စွဲလမ်းကာ မြဲမြံစွာယူလျက် ပြန်လည်မစွန့်လွှတ်နိုင်သော ပုဂ္ဂိုလ်အား မိမိ အယူကို လွန်စွာမစွဲလမ်းဘဲ မြဲမြံစွာ မယူဘဲ ပြန်လည်စွန့်လွှတ်နိုင်ခြင်းသည် အထက်အဖို့အတွက် ဖြစ်၏။

၈၇။ စုန္ဒ မိမိသည် (ကာမဂုဏ်ငါးပါးတည်းဟူသော) ညွန်ပျောင်း၌ နစ်မြုပ်နေသူဖြစ်လျက် (ကာမ ဂုဏ်ငါးပါးတည်းဟူသော) ညွန်ပျောင်း၌ နစ်မြုပ်သော အခြားသူကို ထုတ်ဆောင်နိုင်လိမ့်မည်ဟူသောအကြောင်းသည် မရှိချေ။ စုန္ဒ မိမိသည် (ကာမဂုဏ်ငါးပါးတည်းဟူသော) ညွန်ပျောင်း၌ နစ်မြုပ်နေသူမဟုတ်ခဲ့လျှင်ကား (ကာမဂုဏ်ငါးပါးတည်းဟူသော) ညွန်ပျောင်း၌ နစ်မြုပ်နေသော အခြားသူကို ထုတ်ဆောင်နိုင်လိမ့်မည် ဟူသော အကြောင်းသည် ရှိပေ၏။

စုန္ဒ မိမိသည် မယဉ်ကျေးသေးသူ မဆုံးမအပ်သေးသူ ကိလေသာမငြိမ်းအေးသေးသူဖြစ်လျက်အခြားသူကို ယဉ်ကျေးစေနိုင် ဆုံးမနိုင် ကိလေသာကိုငြိမ်းအေးစေနိုင်လိမ့်မည်ဟူသော အကြောင်းသည်မရှိချေ။ စုန္ဒ မိမိသည် ယဉ်ကျေးပြီးသူ ဆုံးမအပ်ပြီးသူ ကိလေသာငြိမ်းအေးပြီးသူ ဖြစ်ခဲ့လျှင်ကား အခြားသူကို ယဉ်ကျေးစေနိုင်၊ ဆုံးမနိုင်၊ ကိလေသာကိုငြိမ်းအေးစေနိုင်လိမ့်မည် ဟူသော အကြောင်းသည်ရှိပေ၏။

စုန္ဒ ဤအတူပင် ညှဉ်းဆဲတတ်သော ပုဂ္ဂိုလ်အား မညှဉ်းဆဲခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ အသက်ကိုသတ်ဖြတ်တတ်သော ပုဂ္ဂိုလ်အား အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်းသည်ငြိမ်း အေးရန်ဖြစ်၏။ မပေးသည်ကို ယူတတ်သော ပုဂ္ဂိုလ်အား မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မမြတ်သောအကျင့်ကို ကျင့်တတ်သော ပုဂ္ဂိုလ်အား မမြတ်သောအကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မဟုတ်မမှန် ပြောတတ်သော ပုဂ္ဂိုလ်အား မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ကုန်းစကားကို ပြောတတ်သောပုဂ္ဂိုလ်အားကုန်းစကားမှ ရှောင်ကြဉ်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ကြမ်းသောစကားကို ပြောတတ်သော ပုဂ္ဂိုလ်အား ကြမ်းသောစကားမှ ရှောင်ကြဉ်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ပြိန်ဖျင်းသော စကားကို ပြောတတ်သော ပုဂ္ဂိုလ်အားပြိန်ဖျင်းသော စကားကိုပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ (သူတစ်ပါးပစ္စည်းဘဏ္ဍာကို) ရှေးရှုကြံစည်တတ်သော ပုဂ္ဂိုလ်အား (သူတစ်ပါးပစ္စည်း ဘဏ္ဍာကို) ရှေးရှုမကြံစည်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ဖျက်ဆီးလိုသော စိတ်ရှိသော ပုဂ္ဂိုလ်အား ဖျက်ဆီးလိုသောစိတ်မရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသော အယူရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော အယူရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသော အကြံအစည်ရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော အကြံအစည်ရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသောစကားရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော စကားရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသောအမှုရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော အမှုရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသော အသက်မွေးမှုရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော အသက်မွေးမှုရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသော လုံ့လရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော လုံ့လရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသော အောက်မေ့ခြင်းရှိသောပုဂ္ဂိုလ်အား မှန်ကန်သော ့အောက်မေ့ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသော တည်ကြည်ခြင်းရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော တည်ကြည်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသော ဉာဏ်ရှိသော ပုဂ္ဂိုလ်အား မှန်ကန်သောဉာဏ်ရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသော လွန်မြောက်ခြင်းရှိသော ပုဂ္ဂိုလ်အား မှန်ကန်သောလွန်မြောက်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။

လေးလံထိုင်းမှိုင်းခြင်း အနှိပ်စက်ခံနေရသော ပုဂ္ဂိုလ်အား လေးလံထိုင်းမှိုင်းမှု ကင်းခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ပျံ့လွင့်သော စိတ်ရှိသော ပုဂ္ဂိုလ်အား မပျံ့လွင့်သော စိတ်ရှိခြင်းသည်ငြိမ်းအေးရန်ဖြစ်၏။ ယုံမှားတတ်သော ပုဂ္ဂိုလ်အား ယုံမှားမှုကို လွန်မြောက်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ အမျက်ထွက်လေ့ရှိသော ပုဂ္ဂိုလ်အား အမျက်မထွက်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ရန်ငြိုးဖွဲ့တတ်သော ပုဂ္ဂိုလ်အား ရန်ငြိုးမဖွဲ့ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ဂုဏ်ကျေးဇူးကို ချေဖျက်တတ်သော ပုဂ္ဂိုလ်အား ဂုဏ်ကျေးဇူးကို မချေဖျက်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ဂုဏ်ပြိုင်တတ်သော ပုဂ္ဂိုလ်အား ဂုဏ်မပြိုင်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ငြူစူတတ်သော ပုဂ္ဂိုလ်အား မငြူစူခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ဝန်တိုတတ်သော ပုဂ္ဂိုလ်အား ဝန်မတိုခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ စဉ်းလဲတတ်သော ပုဂ္ဂိုလ်အားမစဉ်းလဲခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ လှည့်ပတ်တတ်သော ပုဂ္ဂိုလ်အား မလှည့်ပတ်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ခက်ထန်တတ်သောပုဂ္ဂိုလ်အား မခက်ထန်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ အလွန်မောက်မာခြင်းရှိသော ပုဂ္ဂိုလ်အား အလွန်မမောက်မာခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ အပြောအဆိုခက်သောပုဂ္ဂိုလ်အား အပြောအဆိုလွယ်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ယုတ်မာသောမိတ်ဆွေရှိသော ပုဂ္ဂိုလ်အားကောင်းသော မိတ်ဆွေရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ သတိမေ့လျော့သော ပုဂ္ဂိုလ်အား သတိမမေ့မလျော့ခြင်းသည်ငြိမ်းအေးရန်ဖြစ်၏။ သဒ္ဓါတရားမရှိသော ပုဂ္ဂိုလ်အား သဒ္ဓါတရားရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ အရှက်မရှိသော ပုဂ္ဂိုလ်အား ရှက်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မကြောက်လန့်တတ်သောပုဂ္ဂိုလ်အား ကြောက်လန့်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ အကြားအမြင်မရှိသော ပုဂ္ဂိုလ်အားအကြားအမြင်များခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ပျင်းရိသော ပုဂ္ဂိုလ်အား လုံ့လကြိုးကုတ် အားထုတ်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ သတိလွတ်သော ပုဂ္ဂိုလ်အား ထင်သောသတိရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ပညာမဲ့သော ပုဂ္ဂိုလ်အား ပညာနှင့်ပြည့်စုံခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မိမိအယူကိုလွန်စွာ စွဲလမ်းကာ မြဲမြံစွာယူလျက် ပြန်လည်မစွန့်လွှတ်နိုင်သော ပုဂ္ဂိုလ်အား မိမိအယူကို လွန်စွာမစွဲလမ်းဘဲ မြဲမြံစွာမယူဘဲ ပြန်လည်စွန့်လွှတ်နိုင်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။

၈၈။ စုန္ဒ ဤသို့လျှင် ငါဘုရားသည် (ကိလေသာ) ခေါင်းပါးခြင်းအကြောင်းကို ဟောကြားခဲ့ပြီ၊ စိတ်ဖြစ်ပုံအကြောင်းကို ဟောကြားခဲ့ပြီ၊ ရှောင်လွှဲခြင်းအကြောင်းကို ဟောကြားခဲ့ပြီ၊ အထက်အဖို့သို့ ရောက်ကြောင်းကို ဟောကြားခဲ့ပြီ၊ ငြိမ်းအေးခြင်းအကြောင်းကို ဟောကြားခဲ့ပြီ။ စုန္ဒ တပည့် ‘သာဝက’တို့၏အကျိုးစီးပွားကို ရှာမှီး လိုလားလျက် အစဉ်သနားစိတ်ရှိသော သင်တို့ဆရာ ငါဘုရားသည် အစဉ်သနားစိတ်ကို စွဲ၍ ပြုသင့် ပြုထိုက်သော တာဝန်ကို သင်တို့အတွက် ပြုပြီးပေပြီ။ စုန္ဒ ဤသည်တို့ကားသစ်ပင်ရင်း, ဆိတ်ငြိမ်ရာဌာနတို့ ဖြစ်ကုန်၏၊ (တရားကို) ရှုဆင်ခြင်ကြကုန်လော့၊ သတိမမေ့မလျော့ကြကုန်လင့်၊ နောင်အခါမှ နှလုံးမသာ မဖြစ်ကြကုန်လင့်၊ ဤကား ငါတို့၏ အဆုံးအမတော်ပေတည်းဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ အသျှင်မဟာစုန္ဒသည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေသတည်း။

မြတ်စွာဘုရားသခင်ဟောကြားတော်မူသည့် သလ္လေခမည်သော သုတ္တန်သည် နက်နဲ၏၊ သမုဒ္ဒရာနှင့်နှိုင်းယှဉ်သင့်၏၊ အကြောင်းငါးပါးတို့နှင့်တကွ လေးဆယ့်လေးပါးသော ပုဒ်တို့ကို ဟောကြားတော်မူ၏။

ရှစ်ခုမြောက် သလ္လေခသုတ်ပြီး၏။