မဇ္ဈိမနိကာယ်

၁ဝ—ဝေခနသသုတ်

၂၇၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဝေခနသပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေကာ တစ်ခုသောနေရာ၌ရပ်တည်လျက် မြတ်စွာဘုရား အထံတော်၌ “ဤသည်ကား လွန်မြတ်သော အဆင်းတည်း၊ ဤသည်ကားလွန်မြတ်သော အဆင်းတည်း”ဟု ဥဒါန်းကျူးရင့်၏။

ကစ္စာန အဘယ်ကြောင့် သင်သည် “ဤသည်ကား လွန်မြတ်သော အဆင်းတည်း၊ ဤသည်ကားလွန်မြတ်သော အဆင်းတည်း”ဟု ဆိုဘိသနည်း။ ကစ္စာန ထိုမြတ်သောအဆင်းဟူသည် အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ အကြင်အဆင်းထက် သာလွန်မွန်မြတ်သော အခြားအဆင်းသည် မရှိ၊ ထိုအဆင်းသည် မြတ်သောအဆင်းမည်၏ဟု (လျှောက်၏)။ ကစ္စာန အကြင်အဆင်းထက်သာလွန်မွန်မြတ် သော အခြားအဆင်းသည် မရှိ၊ ထိုအဆင်းဟူသည် အဘယ်နည်း။ အသျှင်ဂေါတမအကြင်အဆင်းထက် သာလွန်မွန်မြတ်သော အခြားအဆင်းသည် မရှိ၊ ထိုအဆင်းသည် မြတ်သောအဆင်း့မည်ပါ၏ဟု (လျှောက် ၏)။ ကစ္စာန သင်၏ ဤစကားသည် ရှည်လျားပြန့်ကျယ်လှချေ၏၊ “အသျှင်ဂေါတမ အကြင်အဆင်းထက် သာလွန်မွန်မြတ်သော အခြားအဆင်းသည် မရှိ၊ ထိုအဆင်းသည်မြတ်သောအဆင်းမည်၏”ဟု ဆိုဘိ၏၊ ထိုအဆင်းကိုလည်း မပညတ်နိုင်၊ ကစ္စာန ဥပမာအားဖြင့်”ငါသည် ဤတိုင်းနယ်၌ ကောင်းခြင်းပြည့်ကြွယ် တိုင်းနယ်မယ် ‘ဇနပဒကလျာဏီ’ကို လိုချင်၏၊ ချစ်ကြိုက်၏”ဟု ဆိုသော ယောကျာ်းသည် ရှိရာ၏။ ထိုယောကျာ်းကို “အချင်းယောကျာ်း သင်လိုချင်ချစ်ကြိုက်သော ကောင်းခြင်းပြည့်ကြွယ် တိုင်းနယ်မယ် ‘ဇနပဒကလျာဏီ’ ကို’မင်းအမျိုးသမီးဟူ၍လည်းကောင်း၊ ပုဏ္ဏားအမျိုးသမီးဟူ၍လည်းကောင်း၊ ကုန်သည်အမျိုးသမီးဟူ၍လည်းကောင်း၊ သူဆင်းရဲအမျိုးသမီးဟူ၍လည်းကောင်း’ သိပါ၏လော”ဟု မေးကုန်ရာ၏။

ဤသို့မေးသော် မသိပါဟူ၍ ဆိုရာ၏၊ ထိုယောကျာ်းကို “အချင်းယောကျာ်း သင်လိုချင်ချစ်ကြိုက် သောကောင်းခြင်းပြည့်ကြွယ် တိုင်းနယ်မယ် ‘ဇနပဒကလျာဏီ’ ကို ‘ဤအမည်ရှိ၏ဟူ၍လည်းကောင်း၊ ဤအမျိုးအနွယ်ဖြစ်၏ဟူ၍လည်းကောင်း။ပ။ ‘(အရပ်) မြင့်၏ဟူ၍လည်းကောင်း၊ (အရပ်) နိမ့်၏ဟူ၍လည်းကောင်း၊ (အရပ်) အလတ်စား (မမြင့် မနိမ့်) ဖြစ်၏ဟူ၍လည်းကောင်း၊ အသားမည်း၏ဟူ၍လည်းကောင်း၊ အသားဝါရွှေ၏ဟူ၍လည်းကောင်း၊ အသားညို၏ဟူ၍လည်းကောင်း’ သိပါ၏လော။ ‘ဤမည်သော ရွာ၌နေ၏ဟူ၍လည်းကောင်း၊ ဤမည်သောနိဂုံး၌ နေ၏ဟူ၍လည်းကောင်း၊ ဤမည်သော မြို့၌နေ၏ဟူ၍လည်း ကောင်း’ သိပါ၏လော”ဟု မေးကုန်ပြန်ရာ၏။ ဤသို့မေးသော် မသိပါဟုဖြေဆိုရာ၏။ ထိုယောကျာ်းကို “အချင်းယောကျာ်း သင်သည် မသိမမြင်ဖူးသူကိုလိုချင်ချစ်ကြိုက်နေသလော”ဟု မေးကုန်ပြန်ရာ၏။ ဤသို့မေးသော်ဟုတ်ရာပါ၏ဟု ပြောဆိုရာ၏။

ကစ္စာန ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ ဤသို့ဖြစ်လျှင် ထိုယောကျာ်း၏ စကားသည်အခြေအမြစ်မရှိသောစကား ဖြစ်နေသည်မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ဖြစ်လျှင်ထိုယောကျာ်း၏ စကားသည် အခြေအမြစ်မရှိသောစကား မချွတ်ပင် ဖြစ်နေပါ၏ဟု (လျှောက်၏)။ ကစ္စာန သင်သည် ဤအတူသာလျှင် “အသျှင်ဘုရား အကြင်အဆင်းထက် သာလွန်မွန်မြတ်သောအခြားအဆင်း သည် မရှိ၊ ထိုအဆင်းသည် မြတ်သောအဆင်း မည်၏”ဟု ဆို၏။ ထိုအဆင်းကိုလည်းမပညတ်နိုင်ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ဥပမာအားဖြင့် အလွန်တောက်ပသော အမျိုးမှန်သောရှစ်မြှောင့်ရှိသော ကောင်းစွာ ပြုပြင်ပြီးဖြစ်သော ဝေဠုရိယ ကြောင်မျက်ရွဲရတနာကို ကမ္ဗလာနီပေါ်၌ချထားသည်ရှိသော် အရောင်ထွက်၏၊ အလွန်တောက်၏၊ တင့်တယ်၏၊ အတ္တသည် ဤသို့သောအဆင်းရှိ၏၊ သေသည်မှ နောက်၌ မြဲ၏ဟု (လျှောက်၏)။

၂၇၉။ ကစ္စာန ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ အလွန်တောက်ပသော အမျိုးမှန်သောရှစ်မြှောင့်ရှိသော ကောင်းစွာ ပြုပြင်ပြီးဖြစ်သော ကမ္ဗလာနီပေါ်၌ ချထားအပ်သော အရောင်ထွက်သောထွန်းတောက်သော တင့်တယ်သော ဝေဠုရိယ ကြောင်မျက်ရွဲရတနာရောင်နှင့် မှောင်မိုက်သော ညဉ့်အခါ၌ (ထွက်သော) ပိုးစုံးကြူးရောင် နှစ်မျိုးတို့တွင် အဘယ်အရောင်သည် သာလွန်ကောင်းမြတ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤအရောင်နှစ်မျိုးတို့တွင် မှောင်မိုက်သော ညဉ့်အခါ၌ (ထွက်သော) ပိုးစုံးကြူးရောင်သည် သာလွန်ကောင်းမြတ်ပါ၏ဟု (လျှောက်၏)။

ကစ္စာန ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ မှောင်မိုက်သော ညဉ့်အခါ၌ (ထွက်သော) ပိုးစုံးကြူးရောင်နှင့် မှောင်မိုက်သော ညဉ့်အခါ၌ (ထွန်းညှိသော) ဆီမီးရောင် နှစ်မျိုးတို့တွင် အဘယ်အရောင်သည် သာလွန်ကောင်းမြတ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤအရောင်နှစ်မျိုးတို့တွင်မှောင်မိုက်သော ညဉ့်အခါ၌ (ထွန်းညှိသော) ဆီမီးရောင်သည် သာလွန်ကောင်းမြတ်ပါ၏ဟု (လျှောက်၏)။

ကစ္စာန ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ မှောင်မိုက်သော ညဉ့်အခါ၌ (ထွန်းညှိသော) ဆီမီးရောင်နှင့် မှောင်မိုက်သော ညဉ့်အခါ၌ (တောက်လောင်သော) မီးပုံကြီးရောင် နှစ်မျိုးတို့တွင် အဘယ့်အရောင်သည် သာလွန်ကောင်းမြတ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမဤအရောင်နှစ်မျိုးတို့တွင် မှောင်မိုက်သော ညဉ့်အခါ၌ (တောက်လောင်သော) မီးပုံကြီးရောင်သည်သာလွန်ကောင်းမြတ်ပါ၏ဟု (လျှောက်၏)။

ကစ္စာန ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ မှောင်မိုက်သော ညဉ့်အခါ၌ (တောက်လောင် သော) မီးပုံကြီးရောင်နှင့် ညဉ့်မိုးသောက်ယံအခါ မိုးတိမ်ကင်းသည့် ကောင်းကင်မြင့်၌ (ထွက်ပြူသော) သောက်ရှူးကြယ်ရောင် နှစ်မျိုးတို့တွင် အဘယ်အရောင်သည် သာလွန်ကောင်းမြတ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤအရောင်နှစ်မျိုးတို့တွင် ညဉ့်မိုးသောက်ယံအခါ မိုးတိမ်ကင်းသည့် ကောင်းကင်မြင့်၌ (ထွက်ပြူသော) သောက်ရှူးကြယ်ရောင်သည် သာလွန်ကောင်းမြတ်ပါ၏ဟု (လျှောက်၏)။

ကစ္စာန ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ ညဉ့်မိုးသောက်ယံအခါ မိုးတိမ်ကင်းသည့်ကောင်းကင်မြင့်၌ (ထွက်ပြူသော) သောက်ရှူးကြယ်ရောင်နှင့် တစ်ဆယ့်ငါးရက်မြောက် ဥပုသ်နေ့ မိုးတိမ်ကင်းသည့် ကောင်းကင်မြင့်၌ တည့်မတ်သော သန်းခေါင်ယံအချိန်တွင် ထွန်းလင်းသော လရောင် နှစ်မျိုးတို့တွင် အဘယ် အရောင်သည် သာလွန်ကောင်းမြတ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤအရောင်နှစ်မျိုးတို့တွင် တစ်ဆယ့်ငါးရက်မြောက် ဥပုသ်နေ့ မိုးတိမ်ကင်းသည့် ကောင်းကင်မြင့်၌ တည့်မတ်သော သန်းခေါင်ယံအချိန်တွင် ထွန်းလင်းသော လရောင်သည် သာလွန်ကောင်းမြတ်ပါ၏ဟု (လျှောက်၏)။

ကစ္စာန ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ တစ်ဆယ့်ငါးရက်မြောက် ဥပုသ်နေ့ မိုးတိမ်ကင်းသည့်ကောင်းကင်မြင့်၌ တည့်မတ်သော သန်းခေါင်ယံအချိန်တွင် ထွန်းလင်းသော လရောင်နှင့် မိုးလတို့၏နောက်ဆုံး တန်ဆောင်မုန်းလအခါ မိုးတိမ်ကင်းသည့် မိုးကောင်းကင်မြင့်၌ မွန်းမတ်မတ်တည့် ချိန်တွင် (ထွန်းလင်းသော) နေရောင်နှစ်မျိုးတို့တွင် အဘယ်အရောင်သည် သာလွန်ကောင်းမြတ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤအရောင်နှစ်မျိုးတို့တွင် မိုးလတို့၏ နောက်ဆုံး တန်ဆောင်မုန်းလအခါ၌ မိုးတိမ်ကင်းသည့် မိုးကောင်းကင်မြင့်၌ မွန်းမတ်မတ်တည့်ချိန်တွင် (ထွန်းလင်းသော) နေရောင်သည်သာလွန်ကောင်းမြတ်ပါ၏ဟု (လျှောက်၏)။ ကစ္စာန လနေတို့၏ အလင်းရောင်ကို မခံစားကြသော နတ်တို့သည် လနေတို့၏ အလင်းရောင်ကို ခံစားသော နတ်တို့ထက် သာလွန်များပြားကုန်၏၊ ထိုနတ်တို့ကိုငါသိ၏။ ထိုသို့ပင် သိသော်လည်း အကြင်အဆင်းထက် သာလွန် မွန်မြတ်သော တစ်ပါးသောအဆင်းသည်မရှိဟူ၍ ငါမဆို၊ ကစ္စာန ထိုသို့ဖြစ်လျက် အကြင်အဆင်းသည် ပိုးစုံးကြူးအောက်လည်း ယုတ်ညံ့၏၊ အောက်တန်းကျ၏၊ ထိုအဆင်းကို မြတ်သော အဆင်းဟု သင် ဆိုဘိ၏၊ ထိုအဆင်းကိုလည်း မပညတ်နိုင်။

၂၈ဝ။ ကစ္စာန ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ— စက္ခု ဝိညာဏ်ဖြင့်သိအပ်ကုန်သော အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေတတ်သည့် ချစ်ဖွယ်သဘောရှိ၍နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော ရူပါရုံ။ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော။ပ။ သဒ္ဒါရုံ။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံ။ ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေတတ်သည့် ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော ဖောဋ္ဌဗ္ဗာရုံ တို့တည်း၊ ကစ္စာန ဤသည်တို့ကား ကာမဂုဏ်ငါးပါးတို့တည်း။ ကစ္စာန ဤကာမဂုဏ် ငါးပါးတို့ကို အစွဲပြု၍ ဖြစ်ပေါ်သည့် ချမ်းသာမှု ဝမ်းမြောက်မှုကိုကာမချမ်းသာဟူ၍ ဆိုအပ်၏။ ဤသို့ ကာမသုခကို ကာမဂုဏ်တို့ထက် မြတ်၏ဟု ဆိုရ၏၊ ကာမဂ္ဂသုခ (နိဗ္ဗာနသုခ) ကို ကာမသုခထက် မြတ်၏ဟု ဆိုရ၏ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသော် ဝေခနသပရိဗိုဇ်သည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ အံ့သြဖွယ်ကောင်းလှပါ၏၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပါ၏၊ အသျှင်ဂေါတမသည် ‘ကာမသုခကို ကာမဂုဏ်တို့ထက် မြတ်၏ဟု ဆိုရ၏၊ ကာမဂ္ဂသုခ (နိဗ္ဗာနသုခ) ကို ကာမသုခထက် မြတ်၏ဟု ဆိုရ၏’ ဟူသော ဤ့စကားကို အလွန်ကောင်းစွာ ပြောကြားပါပေ၏။ အသျှင်ဂေါတမ ကာမသုခကို ကာမဂုဏ်တို့ထက်မြတ်၏ဟု ဆိုရပါ၏၊ ကာမဂ္ဂသုခ (နိဗ္ဗာနသုခ) ကို ကာမသုခထက် မြတ်၏ဟု ဆိုရပါ၏”ဟု (လျှောက်၏)။ ကစ္စာန အယူအဆတခြား၊ နှစ်သိမ့်သဘော တူညီမှုတခြား၊ နှစ်သက်ကျေနပ်မှုတခြား၊ အားထုတ်မှု တခြား၊ ဆရာတခြားရှိသော သင်သည် ကာမတို့ကိုလည်းကောင်း၊ ကာမသုခကိုလည်းကောင်း၊ ကာမဂ္ဂသုခ (နိဗ္ဗာနသုခ) ကိုလည်းကောင်း သိနိုင်ခဲ၏။ ကစ္စာန အာသဝေါကုန်ပြီးသော (မဂ်) အကျင့်ကို ကျင့်သုံးပြီး သော ပြုဖွယ်ကိစ္စကို ပြုပြီးသော တာဝန်ကို ချထားပြီးသောကိုယ်ကျိုး ကိုယ့်စီးပွါးကို ရယူပြီးသော ဘဝသံယောဇဉ်ကုန်ခန်းပြီးသော ကောင်းစွာ သိ၍ကိလေသာတို့မှ လွတ်မြောက်ပြီးသော ရဟန္တာရဟန်း တို့သည် ရှိကုန်၏၊ ထိုရဟန်းတို့သည်သာကာမတို့ကိုလည်းကောင်း၊ ကာမသုခကိုလည်းကောင်း၊ ကာမဂ္ဂသုခ (နိဗ္ဗာနသုခ) ကိုလည်းကောင်းသိကုန်ရာ၏ဟု (မိန့်တော်မူ၏)။

၂၈၁။ ဤသို့ မိန့်တော်မူသော် ဝေခနသပရိဗိုဇ်သည် စိတ်ဆိုးသည် နှလုံးမသာယာသည်ဖြစ်၍မြတ်စွာဘုရားကိုသာလျှင် အပြစ်တင်လို၍ မြတ်စွာဘုရားကိုသာလျှင် ရှုတ်ချလို၍ မြတ်စွာဘုရားကိုသာလျှင်ဆိုလို၍ “ရဟန်းဂေါတမအပေါ်သို့ ကျရောက်စေမည်”ဟု (နှလုံးသွင်းကာ) “ဤသို့သာလျှင် ဤလောက၌အချို့သော သမဏဗြာဟ္မဏတို့သည် ရှေ့အစွန်းကို မသိကုန်ဘဲလျက် နောက်အစွန်းကို မမြင်ကုန်ဘဲလျက်’ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ (မဂ်) ကိစ္စအလို့ငှါတစ်ပါးသော ပြုဖွယ်မရှိတော့ပြီဟု သိကုန်၏’ ဟူ၍ ဝန်ခံကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ စကားသည်စကားမျှသာ ဖြစ်၏၊ ရယ်ဖွယ်သာလျှင် ဖြစ်၏၊ အမည်မျှသာ ဖြစ်၏၊ အကျိုးမရှိသည်သာ ဖြစ်၏၊ အချည်းအနှီးသာ ဖြစ်၏”ဟု မြတ်စွာဘုရားကို လျှောက်၏။ ကစ္စာန ရှေ့အစွန်းကို မသိကြကုန်ဘဲလျက်နောက်အစွန်းကို မမြင်ကြကုန်ဘဲလျက် “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိတော့ပြီဟု သိကုန်၏” ဟူ၍ဝန်ခံကုန်သော သမဏဗြာဟ္မဏတို့အတွက် ထိုနှိမ်နင်းမှုသည် လမ်းမှန်သည်သာ ဖြစ်၏။

ကစ္စာန ရှေ့အစွန်းကို ထားဦးလော့၊ နောက်အစွန်းကို ထားဦးလော့၊ ဟန်မဆောင် မလှည့်ပတ်ဖြောင့်မတ်သော သဘောရှိသည့် သိနားလည်သော ယောကျာ်းသည် လာပါစေ၊ ငါ ဆုံးမမည်၊ ငါ တရားဟောမည်၊ ဆုံးမသည့်အတိုင်း ကျင့်သုံးသူသည် မကြာမြင့်မီပင် ဤသို့လျှင် အဝိဇ္ဇာအနှောင်အဖွဲ့မှ လွတ်မြောက်ပြီဟု ကိုယ်တိုင်သာလျှင် သိလိမ့်မည်၊ ကိုယ်တိုင်သာလျှင် မြင်လိမ့်မည်။ ကစ္စာန ဥပမာအားဖြင့်ကလေးသူငယ် လူမမယ် ပက်လက်အိပ်အရွယ်ကို ကြိုးအနှောင်အဖွဲ့တို့ဖြင့် လည်ပင်းလျှင်ငါးခုမြောက်ဖြစ် သော နှောင်ဖွဲ့ခြင်းတို့ဖြင့် နှောင်ဖွဲ့ထားရာ၏၊ ထိုသူငယ်၏ ကြီးပွါးခြင်းကို အစွဲပြု၍ဣန္ဒြေတို့၏ ရင့်ခြင်းကို အစွဲပြု၍ ထိုအနှောင်အဖွဲ့တို့သည် ကျွတ်လွတ်ကုန်ရာ၏။ ထိုသတို့သားသည်ငါ ကျွတ်လွတ်ခဲ့ပြီဟု ကျွတ်လွတ်ခြင်းကိုကား သိရာ၏၊ နှောင်ဖွဲ့ခြင်းကိုကား မသိရာ။ ကစ္စ္စာနဤအတူသာလျှင် ဟန်မ ဆောင် မလှည့်ပတ် ဖြောင့်မတ်သော သဘောရှိသည့် သိနားလည်သောယောကျာ်းသည် လာပါစေ၊ ငါ ဆုံးမမည်၊ ငါ တရားဟောမည်၊ ငါ ဆုံးမသည့်အတိုင်း ကျင့်သုံးသူသည်မကြာမြင့်မီပင် ဤသို့လျှင် အဝိဇ္ဇာအနှောင်အဖွဲ့မှ လွတ်မြောက်ပြီဟု ကိုယ်တိုင်သာလျှင် သိလိမ့်မည်၊ ကိုယ်တိုင်သာလျှင် မြင်လိမ့် မည်ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသော် ဝေခနသပရိဗိုဇ်သည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ (တရားတော် သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ရာဟု ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါ”ဟု လျှောက်ထား၏။

ဆယ်ခုမြောက် ဝေခနသသုတ် ပြီး၏။

သုံးခုမြောက် ပရိဗ္ဗာဇကဝဂ် ပြီး၏။