မဇ္ဈိမနိကာယ်

၁—ဃဋိကာရသုတ်

၂၈၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်တကွ ကောသလတိုင်း၌ ဒေသစာရီကြွချီတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် လမ်းခရီးမှ ဖဲခွါတော်မူ၍ တစ်ခုသောအရပ်၌ ပြုံးတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာအား “မြတ်စွာဘုရား ပြုံးတော်မူခြင်း၏ အကြောင်းအထောက် အထားကားအဘယ်လေနည်း၊ မြတ်စွာဘုရားတို့သည် အကြောင်းမရှိဘဲ ပြုံးတော်မမူကြကုန်”ဟု အကြံ ဖြစ်၏။ ထိုအခါ အသျှင်အာနန္ဒာသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို စံပယ်တင်၍ မြတ်စွာ ဘုရားကိုလက်အုပ်ချီကာ “အသျှင်ဘုရား မြတ်စွာဘုရား ပြုံးတော်မူခြင်း၏ အကြောင်းအထောက်အထားကားအဘယ်ပါနည်း၊ မြတ်စွာဘုရားတို့သည် အကြောင်းမရှိဘဲ ပြုံးတော်မမူကြကုန်”ဟု လျှောက်၏။ အာနန္ဒာရှေးအခါက ဤအရပ်၌ ဝေဂဠိင်္ဂမည်သော ရွာနိဂုံးရှိခဲ့ဖူး၏၊ ပြည့်လည်း ပြည့်စုံ၏၊ စည်လည်း စည်ပင်၏၊ လူဦးရေများ၏၊ လူမျိုးစုံရောပြွမ်း၏၊ အာနန္ဒာ ဝေဂဠိင်္ဂရွာ နိဂုံးကို အမှီပြု၍ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် နေတော်မူ၏။ အာနန္ဒာ ဤအရပ်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား၏ အရံကျောင်းတော်သည် ရှိ၏။ အာနန္ဒာပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောကဿပမြတ်စွာဘုရားသည် ဤအရပ်၌ ထိုင်တော်မူလျက် ရဟန်းအပေါင်းကို ဆုံးမတော်မူ၏ဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်အာနန္ဒာသည် သင်္ကန်းကြီးကို လေးထပ်ခင်း၍ မြတ်စွာဘုရားအား “အသျှင်ဘုရားမြတ်စွာဘုရားသည် ဤနေရာ၌ သီတင်းသုံးတော်မူပါလော့၊ ဤမြေပြင်အရပ်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော နှစ်ဆူသော ဘုရားသျှင်တို့ သုံးဆောင်သော မြေပြင်အရပ် ဖြစ်ပါလိမ့်မည်”ဟု လျှောက်ထား၏။ မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ထိုင်တော်မူပြီးနောက် အသျှင်အာနန္ဒာအား ဤစကားကို မိန့်တော်မူ၏—

အာနန္ဒာ ရှေးအခါက ဤအရပ်၌ ဝေဂဠိင်္ဂမည်သော ရွာနိဂုံးရှိခဲ့ဖူး၏၊ ပြည့်လည်း ပြည့်စုံ၏၊ စည်လည်း စည်ပင်၏၊ လူဦးရေများ၏၊ လူမျိုးစုံရောပြွမ်း၏။ အာနန္ဒာ ဝေဂဠိင်္ဂရွာနိဂုံးကို အမှီပြု၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် နေတော်မူ၏။ အာနန္ဒာ ဤအရပ်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား၏အရံကျောင်းတော်သည် ရှိခဲ့ဖူး ၏။ အာနန္ဒာ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိ တော်မူသော ကဿပမြတ်စွာဘုရားသည် ဤအရပ်၌နေတော်မူလျက် ရဟန်းအပေါင်းကို ဆုံးမတော်မူ၏။

၂၈၃။ အာနန္ဒာ ဝေဂဠိင်္ဂရွာနိဂုံး၌ ဃဋိကာရမည်သော အိုးထိန်းသည်သည် ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား၏မြတ်သော အလုပ်အကျွေး ဖြစ်၏။ အာနန္ဒာ ဃဋိကာရအိုးထိန်းသည်အား ဇောတိပါလမည်သော လုလင်သည် အချစ်ဆုံးသူငယ်ချင်း ဖြစ်၏။ အာနန္ဒာ ထိုအခါ ဃဋိကာရအိုးထိန်းသည်သည်ဇောတိပါလလုလင်ကို “အဆွေဇောတိပါလ လာ, သွားကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားကို ဖူးမြင်ရန့်ချဉ်းကပ်ကြပါကုန်စို့၊ ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ထိုမြတ်စွာ ဘုရားအား ဖူးမြင်ရခြင်းကို အကျွန်ုပ်သည် ကောင်းမြတ်၏ဟု အသိအမှတ်ပြုထားပါ၏”ဟု ပြောဆို၏။

အာနန္ဒာ ဤသို့ ပြောဆိုသော် ဇောတိပါလလုလင်သည် ဃဋိကာရအိုးထိန်းသည်ကို “အဆွေ ဃဋိကာရတော်ပြီ၊ ထိုဦးပြည်း ရဟန်းယုတ်ကို ဖူးမြင်ရသဖြင့် အဘယ်အကျိုး ရှိအံ့နည်း”ဟု ပြောဆို၏။ အာနန္ဒာနှစ်ကြိမ်မြောက်လည်း။ပ။ အာနန္ဒာ သုံးကြိမ်မြောက်လည်း ဃဋိကာရအိုးထိန်းသည်သည်ဇောတိပါလလုလင်ကို “အဆွေဇောတိပါလ လာ သွားကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားကို ဖူးမြင်ရန်ချဉ်းကပ်ကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ထိုမြတ်စွာဘုရားအား ဖူးမြင်ရခြင်းကို အကျွန်ုပ်သည် ကောင်းမြတ်၏ဟု အသိအမှတ်ပြုထားပါ၏”ဟု ပြောဆို၏။ အာနန္ဒာ သုံးကြိမ်မြောက်လည်း ဇောတိပါလလုလင်သည် ဃဋိကာရအိုးထိန်းသည်ကို “အဆွေဃဋိကာရ တော်ပြီ၊ ထိုဦးပြည်း ရဟန်းယုတ်ကို ဖူးမြင်ရသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆို၏။ အဆွေဇောတိပါလ သို့ဖြစ်ပါမူ ကြေးတွန်းဆပ်ပြာကို ဆောင်ယူ၍ ရေချိုးရန်မြစ်သို့ သွားကြကုန်အံ့ဟု ဆို၏။ အာနန္ဒာ ဇောတိပါလလုလင်သည် “အဆွေကောင်းပါပြီ” ဟူ၍သာလျှင် ဃဋိကာရအိုးထိန်းသည်၏ စကားကို ရှေးရှုဝန်ခံ၏။ အာနန္ဒာ ထိုအခါဃဋိကာရ အိုးထိန်းသည်သည် လည်းကောင်း၊ ဇောတိပါလလုလင်သည်လည်းကောင်းကြေးတွန်းဆပ်ပြာကို ယူ၍ ရေချိုးရန် မြစ်သို့ သွားကြကုန်၏။

၂၈၄။ အာနန္ဒာ ထိုအခါ ဃဋိကာရအိုးထိန်းသည်သည် ဇောတိပါလလုလင်ကို “အဆွေဇောတိပါလပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောကဿပမြတ်စွာဘုရား၏ ဤအရံကျောင်းတော်သည် အနီး၌ ရှိနေပါ၏၊ အဆွေဇောတိပါလ လာ, သွားကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားကို ဖူးမြင်ရန် ချဉ်းကပ်ကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ဖူးမြင်ရခြင်းကိုအကျွန်ုပ်သည် ကောင်းမြတ်၏ဟု အသိအမှတ် ပြုထားပါ၏”ဟု ပြောဆို၏။ အာနန္ဒာ ဤသို့ ပြောဆိုသည်ရှိသော် ဇောတိပါလလုလင်သည် ဃဋိကာရအိုးထိန်းသည်ကို “အဆွေဃဋိကာရ တော်ပြီ၊ ထိုဦးပြည်းရဟန်းယုတ်ကို ဖူးမြင်ရသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ဆို၏။ အာနန္ဒာ နှစ်ကြိမ်မြောက်လည်း။ပ။ အာနန္ဒာ သုံးကြိမ်မြောက်လည်း ဃဋိကာရအိုးထိန်းသည်သည် ဇောတိပါလ လုလင်ကို”အဆွေဇောတိပါလ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရား၏ ဤအရံသည် အနီး၌ ရှိနေပါ၏။ အဆွေဇောတိပါလလာ, သွားကြပါ ကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပ မြတ်စွာဘုရားကို ဖူးမြင်ရန် ချဉ်းကပ်ကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားအား ဖူးမြင်ရခြင်းကို အကျွန်ုပ်သည် ကောင်းမြတ်၏ဟု အသိအမှတ် ပြုထားပါ၏”ဟုပြောဆို၏။ အာနန္ဒာ သုံးကြိမ်မြောက်လည်း ဇောတိ ပါလလုလင်သည် ဃဋိကာရအိုးထိန်းသည်ကို”အဆွေဃဋိကာရ တော်ပြီ၊ ထိုဦးပြည်း ရဟန်းယုတ်ကို ဖူးမြင်ရသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟုဆို၏။

အာနန္ဒာ ထိုအခါ ဃဋိကာရအိုးထိန်းသည်သည် ဇောတိပါလလုလင်အား ပုဆိုးခါးတောင်းကြိုက်ကို ဆွဲ၍”အဆွေဇောတိပါလ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ့သိတော်မူသော ကဿပမြတ်စွာဘုရား၏ ဤအရံသည် အနီး၌ ရှိနေပါ၏၊ အဆွေဇောတိပါလလာ, သွားကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရားကို ဖူးမြင်ရန် ချဉ်းကပ်ကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ဖူးမြင်ရခြင်းကို အကျွန်ုပ်သည် ကောင်းမြတ်၏ဟု အသိအမှတ် ပြုထားပါ၏”ဟု ဤစကားကို ပြောဆို၏။ အာနန္ဒာထိုအခါ ဇောတိပါလလုလင်သည် ပုဆိုးခါးတောင်းကြိုက်ကို ဖြေ၍ ဃဋိကာရအိုးထိန်းသည်ကို “အဆွေဃဋိကာရ တော်ပြီ၊ ထိုဦးပြည်း ရဟန်းယုတ်ကို ဖူးမြင်ရသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ဆို၏။

အာနန္ဒာ ထိုအခါ ဃဋိကာရ အိုးထိန်းသည်သည် ခေါင်းလျှော်ပြီးသော ဇောတိပါလလုလင်၏ ဆံပင်ကိုဆွဲ၍ “အဆွေဇောတိပါလ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား၏ ဤအရံကျောင်းတော်သည် အနီး၌ ရှိနေပါ၏၊ အဆွေဇောတိပါလ လာ, သွားကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားကို ဖူးမြင်ရန် ချဉ်းကပ်ကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ဖူးမြင်ရခြင်းကို အကျွန်ုပ်သည်ကောင်း မြတ်၏ဟု အသိအမှတ် ပြုထားပါ၏”ဟု ပြောဆို၏။ အာနန္ဒာ ထိုအခါ ဇောတိပါလလုလင်အား “အချင်းတို့ အံ့သြဖွယ်ကောင်းလှ၏တကား၊ အချင်းတို့မဖြစ်ဖူး မြဲ ဖြစ်ချေ၏တကား၊ ဤဃဋိကာရအိုးထိန်းသည်သည် ဇာတ်နိမ့်သူဖြစ်လျက်ခေါင်းလျှော်ပြီးသော ငါတို့၏ ဆံပင်ကို ဆွဲကိုင်သင့်သည်ဟု အောက်မေ့ထင်မှတ်တုံဘိ၏၊ “ဤအရာသည်ကား စင်စစ် မယုတ်ညံ့တန်ရာ”ဟု အကြံဖြစ်ပြီးလျှင် ဃဋိကာရအိုးထိန်းသည်ကို”အဆွေဃဋိကာရ သည့်လောက်ပင် ဖူးမြင်စေလိုသ လော”ဟု ဆို၏။ “အဆွေဇောတိပါလသည့်လောက်ပင် ဖူးမြင်စေလိုပါ၏၊ ပူဇော်အထူးကို ခံတော်မူထိုက် သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ဖူးမြင်ရခြင်း ကို အကျွန်ုပ်သည်ကောင်းမြတ်၏ဟု အသိအမှတ် ပြုထားပါ၏”ဟု (ဆို၏)။ အဆွေဃဋိကာရ သို့ဖြစ်မူ လွှတ်လော့၊ သွားကြကုန်အံ့ဟု (ဆို၏)။

၂၈၅။ အာနန္ဒာ ထိုအခါ ဃဋိကာရအိုးထိန်းသည်သည်လည်းကောင်း၊ ဇောတိပါလလုလင်သည်လည်းကောင်း ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော် မူသော ကဿပမြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် ဃဋိကာရအိုးထိန်းသည်သည်ကား ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပ မြတ်စွာဘုရားကို ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေ၏။ ဇောတိပါလလုလင်သည်ကား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား နှင့် အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ် စကားကို ပြောဆိုပြီးဆုံး စေ၍ သင့်လျော်ရာ၌ ထိုင်၏။ အာနန္ဒာသင့်လျော်ရာ၌ ထိုင်ပြီးသော ဃဋိကာရအိုးထိန်းသည်သည် ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပ မြတ်စွာဘုရားကို “အသျှင်ဘုရားဤဇောတိပါလလုလင်သည် အကျွန်ုပ်၏ အချစ်ဆုံး သူငယ်ချင်းဖြစ်ပါ၏၊ ဤဇောတိပါလလုလင်အားမြတ်စွာဘုရားသည် တရားဟောတော်မူပါ”ဟု လျှောက်၏။

အာနန္ဒာ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရားသည် ဃဋိကာရအိုးထိန်းသည်ကိုလည်းကောင်း၊ ဇောတိပါလလုလင်ကိုလည်းကောင်း တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေ၏၊ (တရားကို) ဆောက်တည်စေ့၏၊ (တရားကျင့်သုံးရန်) ထက်သန်စေ၏၊ ရွှင်လန်းစေ၏။ အာနန္ဒာ ထိုအခါ ဃဋိကာရအိုးထိန်းသည်သည်လည်းကောင်း၊ ဇောတိပါလ လုလင်သည်လည်းကောင်း ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားကတရားစကားဖြင့် (အကျိုး စီးပွားကို) သိမြင်စေ၊ (တရားကို) ဆောက်တည်စေ၊ (တရားကျင့်သုံးရန်) ထက်သန်စေ၊ ရွှင်လန်းစေအပ် သည်ဖြစ်၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူ သော ကဿပမြတ်စွာဘုရား၏ တရားကိုအလွန်နှစ်သက် ဝမ်းမြောက်လျက် နေရာမှ ထပြီးလျှင် ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပ မြတ်စွာဘုရားကို ရှိခိုး၍အရိုအသေပြုကာ ဖဲခွါသွားကြကုန်၏။

၂၈၆။ အာနန္ဒာ ထိုအခါ ဇောတိပါလလုလင်သည် ဃဋိကာရအိုးထိန်းသည်ကို “အဆွေဃဋိကာရသင်သည် ဤတရားကို နာရသည် မဟုတ်ပါလော၊ ထိုသို့နာရပါလျက် အဘယ့်ကြောင့် လူ့ဘောင်မှရဟန်းဘောင်သို့ မဝင်ရောက် (ရဟန်းမ ပြု) ဘိသနည်း”ဟု ဆို၏။ အဆွေဇောတိပါလ မျက်မမြင်မိဘအိုတို့ကို လုပ်ကျွေးနေရသည်ဟု ငါ့ကို သင် သိသည် မဟုတ်လောဟု (ဆို၏)။ အဆွေဃဋိကာရသို့ဖြစ်ပါမူ ငါသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်အံ့ဟု (ဆို၏)။

အာနန္ဒာ ထိုအခါ ဃဋိကာရအိုးထိန်းသည်သည်လည်းကောင်း၊ ဇောတိပါလလုလင်သည်လည်းကောင်းပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောကဿပ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်ရာနေရာ၌ ထိုင်နေကြကုန်၏။ သင့်လျော်ရာ၌ ထိုင်နေပြီးသော ဃဋိကာရအိုးထိန်းသည်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားကို “အသျှင်ဘုရားဤဇောတိပါလလုလင် သည် အကျွန်ုပ်၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်ပါ၏၊ မြတ်စွာဘုရားဤဇောတိပါလလုလင်ကို ရှင်ရဟန်း ပြုပေးတော်မူပါလော့”ဟု လျှောက်၏။ အာနန္ဒာဇောတိပါလလုလင်သည် ပူဇော်အထူးကို ခံတော်မူထိုက် သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား၏ အထံတော် ၌ ရှင်အဖြစ် ရဟန်းအဖြစ်ကို ရလေသတည်း။

၂၈၇။ အာနန္ဒာ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရားသည် ဝေဂဠိင်္ဂရွာနိဂုံး၌ မွေ့လျော်တော်မူသရွေ့ နေတော်မူပြီးလျှင်ဇောတိပါလလုလင် ရဟန်းပြု၍ မကြာမြင့်မီ လဝက်မျှ ရှိသောအခါ ဗာရာဏသီပြည်သို့ ဒေသစာရီကြွချီတော်မူ၏။ အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူသည်ရှိသော် ဗာရာဏသီပြည်သို့ ရောက်လေ၏။ အာနန္ဒာ ထိုဗာရာဏသီပြည်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူ၏။ အာနန္ဒာ ကိကီမည်သော ကာသိမင်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် ဗာရာဏသီပြည်သို့ရောက်တော်မူ၍ ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူသတတ်ဟု ကြားသည်သာတည်း။

အာနန္ဒာ ထိုအခါ ကိကီမည်သော ကာသိမင်းသည် အလွန်ကောင်းသည့် ယာဉ်တို့ကို ကစေ၍အလွန်ကောင်းသည့် ယာဉ်ကို တက်စီးပြီးလျှင် အလွန်ကောင်းသည့် ယာဉ်တို့ဖြင့် ပူဇော်အထူးကိုခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောကဿပမြတ်စွာဘုရားကို ဖူးမြင် ရန် ကြီးစွာသော မင်း၏ ကျက်သရေဖြင့် ဗာရာဏသီပြည်မှထွက်လေ၏၊ ယာဉ်ဖြင့် သွားနိုင်သမျှသော အရပ်ကို ယာဉ်ဖြင့်သွား၍ ယာဉ်မှသက်ပြီးသော့်ခြေကျင်သာလျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေ၏။ အာနန္ဒာ သင့်လျော်ရာ၌ ထိုင်နေသော ကိကီမည်သော ကာသိမင်း ကို ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောကဿပမြတ်စွာဘုရားသည် တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေတော်မူ၏၊ (တရားကို) ဆောက်တည်စေတော်မူ၏၊ (တရားကျင့်သုံးရန်) ထက်သန်စေတော်မူ၏၊ ရွှင်လန်းစေတော်မူ၏။

အာနန္ဒာ ထိုအခါ ကိကီမည်သော ကာသိမင်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံ သောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားက တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေသည်ရှိသော် “အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့်အတူ နက်ဖြန်အလို့ငှါ အကျွန်ုပ်၏ဆွမ်းကို လက်ခံတော်မူပါ”ဟု လျှောက်ထား၏။ အာနန္ဒာ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့်လက်ခံတော်မူ၏။ အာနန္ဒာ ထိုအခါ ကိကီမည်သော ကာသိမင်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှထကာ ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။ အာနန္ဒာ ထိုအခါ ကိကီမည်သော ကာသိမင်းသည် ထိုညဉ့်လွန်မြောက်ပြီးနောက် မိမိနန်းတော်၌ များသော ဟင်းလျာရှိသည့် မွန်မြတ်သော လက်ရွေးစင် ပဏ္ဍုပုဋကသလေးခဲဖွယ်ဘောဇဉ်ကို စီရင်စေပြီးလျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားအား “အသျှင်ဘုရား အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု အချိန် (တန်ကြောင်း) ကို လျှောက်ထားစေ၏။

၂၈၈။ အာနန္ဒာ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ရဟန်းသံဃာနှင့်အတူ ကိကီမည်သော ကာသိမင်း၏ နန်းတော်သို့ ချဉ်းကပ်ပြီးလျှင်ပြင်ထားသော နေရာ၌ ထိုင်နေတော်မူ၏။ အာနန္ဒာ ထိုအခါ ကိကီမည်သော ကာသိမင်းကြီးသည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင်တားမြစ်သည့်တိုင် အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။ အာနန္ဒာ ထိုအခါ ကိကီမည်သောကာသိမင်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ နိမ့်သောထိုင်စရာတစ်ခုကို ယူ၍ သင့်လျော်သော နေရာ၌ ထိုင်နေ၏။ အာနန္ဒာ သင့်လျော်သော နေရာ၌ထိုင်နေပြီးသော ကိကီမည်သော ကာသိမင်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပ မြတ်စွာဘုရားကို “မြတ်စွာဘုရားမြတ်စွာဘုရားသည် ဗာရာဏသီပြည်၌ ဝါဆိုခြင်းကို လက်ခံတော်မူပါ၊ သံဃာတော်အား အကျွန်ုပ်၏ဤသို့သဘောရှိသော လုပ်ကျွေးမှုသည် ဖြစ်ပါလိမ့်မည်”ဟု လျှောက်ထား ၏။ မင်းကြီး မသင့်ချေ၊ ငါသည် ဝါဆိုခြင်းကို ဝန်ခံပြီး ဖြစ်၏ဟု (မိန့်တော်မူ၏)။ အာနန္ဒာ နှစ်ကြိမ် မြောက်လည်း။ပ။ အာနန္ဒာသုံးကြိမ်မြောက်လည်း ကိကီမည်သော ကာသိမင်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား ကို “မြတ်စွာဘုရားမြတ်စွာဘုရားသည် ဗာရာဏသီပြည်၌ ဝါဆိုခြင်းကို လက်ခံတော်မူပါ၊ သံဃာတော် အား အကျွန်ုပ်၏ဤသို့သဘောရှိသော လုပ်ကျွေးမှုသည် ဖြစ်ပါလိမ့်မည်”ဟု လျှောက်ထား၏။ မင်းကြီး မသင့်ချေ၊ ငါသည် ဝါဆိုခြင်းကို ဝန်ခံပြီး ဖြစ်၏ဟု (မိန့်တော်မူ၏)။

အာနန္ဒာ ထိုအခါ ကိကီမည်သော ကာသိမင်းအား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် ဗာရာဏသီပြည်၌ဝါဆိုခြင်းကို လက်မခံဟု စိတ်တစ်မျိုးဖြစ်ခြင်း နှလုံးမသာခြင်းသည် ဖြစ်သည်သာတည်း။ အာနန္ဒာထိုအခါ ကိကီမည်သော ကာသိမင်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားကို “အသျှင်ဘုရား အကျွန်ုပ်အပြင် သာလွန်ထူးမြတ်သည့် အလုပ်အကျွေးတစ်စုံတစ်ယောက် ရှိပါသေးသလော”ဟု လျှောက်၏။

မင်းကြီး ဝေဂဠိင်္ဂမည်သော ရွာနိဂုံး၌ ဃဋိကာရမည်သော အိုးထိန်းသည်သည် ငါ၏ အလုပ်အကျွေးပေတည်း၊ မြတ်သော အလုပ်အကျွေးပေတည်း။ မင်းကြီး သင်မင်းကြီးအား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည်ဗာရာဏသီပြည်၌ ဝါကပ်ခြင်းကို လက်ခံတော်မမူဟု စိတ်တစ်မျိုးဖြစ်ခြင်း နှလုံးမသာခြင်းသည် ရှိသည်သာတည်း။ ထိုသဘောမျိုးသည် ဃဋိကာရအိုးထိန်းသည်အား မရှိသည်သာတည်း၊ ရှိလိမ့်မည်လည်း မဟုတ်သည်သာတည်း။ မင်းကြီး ဃဋိကာရ အိုးထိန်းသည်သည်ကား မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏။ မင်းကြီး ဃဋိကာရအိုးထိန်းသည်သည်ကား အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော အရက်သောက်စားခြင်းမှ ရှောင်ကြဉ်၏။ မင်းကြီးဃဋိကာရအိုးထိန်းသည်သည် မြတ်စွာဘုရား၌ မတုန်မလှုပ် သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံ၏၊ တရားတော်၌ မတုန်မလှုပ် သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံ၏၊ သံဃာတော်၌ မတုန်မလှုပ် သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံ၏၊ အရိယာတို့ နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံ၏။

မင်းကြီး ဃဋိကာရအိုးထိန်းသည်သည် ‘ဒုက္ခ သစ္စာ’ ၌ ယုံမှားကင်း၏၊ ဒုက္ခ၏အကြောင်း ‘သမုဒယသစ္စာ’ ၌ ယုံမှားကင်း၏၊ ဒုက္ခ၏ချုပ်ရာ ‘နိရောဓသစ္စာ’ ၌ ယုံမှားကင်း၏၊ ဒုက္ခ၏ချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့် ‘မဂ္ဂသစ္စာ’ ၌ ယုံမှားကင်း၏၊ မင်းကြီး ဃဋိကာရအိုးထိန်းသည်သည် တစ်ထပ်တည်းသာ စား၏၊ မြတ်သော အကျင့်ကို ကျင့်လေ့ရှိ၏၊ သီလရှိ၏၊ ကောင်းသောသဘော ရှိ၏၊ မင်းကြီး ဃဋိကာရအိုးထိန်းသည်သည် ပတ္တမြား ရွှေ ငွေကို စွန့်ပယ်ထား၏၊ ရွှေ ငွေမှ ကင်း၏၊ မင်းကြီး ဃဋိကာရအိုးထိန်းသည်သည် ကျည်ပွေ့ကို ချထားပြီးဖြစ်၏၊ မိမိလက်ဖြင့် မြေကိုလည်းမတူးဖြို၊ ကမ်းပြိုသောမြေ ကြွက်ကျစ်စာမြေကို ထမ်းပိုးဖြင့် ဆောင်ယူ၍ အိုးခွက် ပြုလုပ်ပြီးလျှင်”ဤနေရာ၌ အိုးခွက်ကို အလိုရှိသူသည် ဆန်အိတ်တို့ကိုဖြစ်စေ၊ ပဲနောက်အိတ်တို့ကိုဖြစ်စေ၊ ကုလားပဲအိတ်တို့ကိုဖြစ်စေ ချထားခဲ့၍ အလိုရှိရာ အိုးခွက်ကို ဆောင်ယူစေသတည်း”ဟု ဆို၏။ မင်းကြီးဃဋိကာရ အိုးထိန်းသည် သည် မျက်မမြင် မိဘအိုတို့ကို လုပ်ကျွေး၏။ မင်းကြီးဃဋိကာရအိုးထိန်းသည်သည် အောက်ပိုင်း သံယောဇဉ်ငါးမျိုးတို့၏ ကုန်ခြင်းကြောင့်ဥပပါတ်ပဋိသန္ဓေနေခြင်း ရှိ၏။ ထိုဗြဟ္မာ့ဘုံ၌ ပရိနိဗ္ဗာန် ပြုလိမ့် မည်၊ ထိုဗြဟ္မာ့ဘုံမှပြန်လည်ခြင်းသဘော မရှိတော့ချေ။

၂၈၉။ မင်းကြီး အခါတစ်ပါး၌ ငါသည် ဝေဂဠိင်္ဂမည်သော ရွာနိဂုံး၌ နေ၏၊ မင်းကြီး ထိုအခါ ငါသည်နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ဃဋိကာရအိုးထိန်းသည်၏မိဘတို့ထံသို့ ချဉ်းကပ်၍ ဃဋိကာရအိုးထိန်းသည်၏ မိဘတို့ကို “ဘဂ္ဂဝအနွယ်ဖြစ်သော ဤဃဋိကာရသည် ယခု အဘယ်သို့ သွားလေသနည်း”ဟု ဆိုဖူးပြီ။ အသျှင်ဘုရား အသျှင်ဘုရား၏ အလုပ်အကျွေးဖြစ်သော ဃဋိကာရသည် (တောသို့) ထွက်သွားပါ၏၊ အတွင်းရှိ ထမင်းအိုးမှ ထမင်းကို ခူးယူ၍ ဟင်းအိုးမှ ဟင်းကို ခပ်ယူသုံးဆောင်တော်မူပါလော့ဟု (လျှောက်၏)။ မင်းကြီး ထိုအခါ ငါသည် (ထမင်း) အိုးမှ့ထမင်းကို ခူးယူ၍ ဟင်းအိုးမှ ဟင်းကို ခပ်ယူသုံးဆောင်ပြီးလျှင် နေရာမှ ထကာ ဖဲခွါသွားခဲ့ဖူးပြီ။ မင်းကြီး ထို့နောက် ဃဋိကာရအိုးထိန်းသည်သည် အမိအဖတို့ထံ ချဉ်းကပ်၍ အမိအဖတို့ကို”အဘယ်သူသည် ထမင်းအိုးမှ ထမင်းကို ခူးယူ၍ ဟင်းအိုးမှ ဟင်းကို ခပ်ယူသုံးဆောင်ပြီးလျှင် နေရာမှထကာ ဖဲခွါလေသနည်း”ဟု မေး၏။ ချစ်သား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် ထမင်းအိုးမှထမင်းကို ခူးယူ၍ ဟင်းအိုးမှ ဟင်းကို ခပ်ယူသုံးဆောင်ပြီးလျှင် နေရာမှ ထကာ ဖဲခွါသွား၏ဟု (ပြောဆိုကြကုန်၏)။ မင်းကြီး ထိုအခါ ဃဋိကာရအိုးထိန်းသည်အား “အရတော်လေစွတကား၊ ငါသည်ကောင်းစွာ ရအပ်ပေစွတကား၊ ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပ မြတ်စွာဘုရားသည် ငါ့အား ဤသို့အလွန်အကျွမ်းဝင်တော်မူပေ၏”ဟု အကြံဖြစ်၏။ မင်းကြီး ထိုအခါ ဃဋိကာရအိုး ထိန်းသည်အားတစ်ဆယ့်ငါးရက်ပတ်လုံး အမိအဖတို့အား ခုနစ်ရက်ပတ်လုံး ပီတိသုခ ဖြစ်လေသတည်း။

၂၉ဝ။ မင်းကြီး အခါတစ်ပါး ငါသည် ထိုဝေဂဠိင်္ဂမည်သော ရွာနိဂုံး၌ပင်လျှင် နေ၏၊ မင်းကြီး ထိုအခါငါသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ဃဋိကာရအိုးထိန်း သည်၏အမိအဖတို့ထံသို့ ချဉ်းကပ်၍ ဃဋိကာရအိုးထိန်းသည်၏ အမိအဖတို့ကို “ဘဂ္ဂဝအနွယ်ဖြစ်သောဤဃဋိကာရသည် ယခု အဘယ်သို့ သွားလေသနည်း”ဟု ဆိုဖူး၏။ အသျှင်ဘုရား အသျှင်ဘုရား၏အလုပ်အကျွေး ဃဋိကာရသည် (တောသို့) ထွက်သွားပါ၏၊ အတွင်းရှိခြင်းတောင်းမှ မုယောမုန့်တို့ကိုယူ၍ ဟင်းအိုးမှ ဟင်းကို ခပ်ယူသုံး ဆောင်တော်မူပါလော့ဟု (လျှောက်၏)။ မင်းကြီး ထိုအခါ ငါသည်ခြင်းတောင်းမှ မုယောမုန့်တို့ကို ယူ၍ ဟင်းအိုးမှ ဟင်းကို ခပ်ယူသုံးဆောင်ပြီးလျှင် နေရာမှ ထ၍ဖဲခဲ့ဖူး၏။ မင်းကြီး ထိုအခါ ဃဋိကာရအိုးထိန်းသည်သည် မိဘတို့ထံ ချဉ်းကပ်၍ မိဘတို့ကို “အဘယ်သူသည် ခြင်းတောင်းမှ မုယောမုန့်ကို ယူ၍ ဟင်းအိုးမှ ဟင်းကို ခပ်ယူသုံးဆောင်ပြီးလျှင် နေရာမှ ထကာဖဲခွါလေသနည်း”ဟု မေး၏။ ချစ်သား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် ခြင်းတောင်းမှ မုယောမုန့်တို့ကို ယူ၍ဟင်းအိုးမှ ဟင်းကို ခပ်ယူသုံးဆောင်ပြီးလျှင် နေရာမှ ထကာ ဖဲခွါသွား၏ဟု (ပြောဆို ကြကုန်၏)။ မင်းကြီး ထိုအခါ ဃဋိကာရအိုးထိန်းသည်အား “ငါ့အား အရတော်လေစွတကား၊ ငါသည် ကောင်းစွာရအပ်ပေသည်တကား၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရားသည် ငါ့အား ဤသို့ အလွန်အကျွမ်းဝင်တော်မူ၏”ဟုအကြံဖြစ်၏။ မင်းကြီး ထိုအခါ ဃဋိကာရအိုးထိန်းသည်အား တစ်ဆယ့်ငါးရက်ပတ်လုံး အမိအဖတို့အားခုနစ်ရက်ပတ် လုံး ပီတိသုခဖြစ်လေသတည်း။

၂၉၁။ မင်းကြီး အခါတစ်ပါး၌ ငါသည် ထိုဝေဂဠိင်္ဂမည်သော ရွာနိဂုံး၌သာလျှင် နေ၏၊ ထိုအခါ ငါ၏နေရာ ဂန္ဓကုဋိသည် မိုးမလုံချေ၊ မင်းကြီး ထိုအခါ ငါသည် ရဟန်းတို့ကို “ရဟန်းတို့ သွားကြကုန်၊ ဃဋိကာရ အိုထိန်းသည်၏ အိမ်၌ မြက်သက်ငယ် (ရှိ, မရှိ) ကို သိကြကုန်လော့”ဟု မိန့်ခဲ့ဖူး၏။ မင်းကြီး ဤသို့ မိန့်သည်ရှိသော် ရဟန်းတို့သည် ငါ့ကို “အသျှင်ဘုရား ဃဋိကာရအိုးထိန်းသည်၏ အိမ်၌မြက်သက်ငယ် မရှိပါ၊ သို့ရာတွင် ထိုအိုးထိန်းသည်၏ အလုပ်တဲ၁၌ မိုး၍ထားသော မြက်သက်ငယ် ရှိပါ၏”ဟု လျှောက်ထားကြကုန်ပြီ။ ရဟန်းတို့ သွားကြကုန်၊ ဃဋိကာရအိုးထိန်းသည်၏ အလုပ်တဲကို အမိုးခွါ၍ ယူခဲ့ကြကုန်လော့ဟု (မိန့်ဆိုပြီ)။ မင်းကြီး ထိုအခါ ရဟန်းတို့သည် ဃဋိကာရအိုးထိန်းသည်၏ အလုပ်တဲကို အမိုးခွါကြကုန်၏။ မင်းကြီး ထိုအခါ ဃဋိကာရအိုးထိန်းသည်၏ အမိအဖတို့သည် ထိုရဟန်းတို့ကို “အဘယ်သူတို့သည် အလုပ်တဲကို အမိုးခွါကြကုန်သနည်း”ဟု မေးမြန်းကြကုန်၏။ အစ်မကြီးရဟန်းတို့ပေတည်း၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရား၏ ဂန္ဓကုဋိသည် မိုးမလုံပါဟု (ပြောဆိုကြကုန်၏)။ အသျှင်ဘုရားတို့ ဆောင်ယူတော်မူကြပါကုန်လော့၊ မျက်နှာလှသော အသျှင်မြတ်တို့ ဆောင်ယူတော်မူကြပါကုန်လော့ဟု (လျှောက်ကြကုန်၏)။

မင်းကြီး ထိုအခါ ဃဋိကာရအိုးထိန်းသည်သည် အမိအဖတို့ထံ ချဉ်းကပ်၍ အမိအဖတို့ကို”အဘယ်သူတို့သည် အလုပ်တဲကို အမိုးခွါကြကုန်ဘိသနည်း”ဟု မေးမြန်း၏။ ချစ်သား ရဟန်းတို့ပါတည်း၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား၏ ဂန္ဓကုဋိသည် မိုးမလုံသတတ်ဟု (ပြောဆိုကြကုန်၏)။ မင်းကြီး ထိုအခါဃဋိကာရအိုးထိန်းသည်အား “ငါ့အား အရတော်လေစွတကား၊ ငါသည် ကောင်းစွာရအပ်ပေသည်တကား၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရားသည် ငါ့အား ဤသို့ အလွန်အကျွမ်း ဝင်တော်မူဘိ၏”ဟုအကြံဖြစ်၏။ မင်းကြီး ထိုအခါ ဃဋိကာရအိုးထိန်းသည်အား တစ်ဆယ့်ငါးရက်ပတ်လုံး အမိအဖတို့အားခုနစ်ရက်ပတ်လုံး ပီတိ သုခဖြစ်လေသတည်း။ မင်းကြီး ထိုအခါ အလုပ်တဲတစ်ခုလုံးသည်ဝါတွင်းသုံးလပတ်လုံး ကောင်းကင်လျှင် အမိုးရှိသည်ဖြစ်၍ တည်၏၊ မိုးမစိုချေ။ မင်းကြီးဃဋိကာရအိုးထိန်းသည်သည် ဤသို့သောသဘောရှိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားဃဋိကာရအိုးထိန်းသည်အား အရတော်လေစွတကား၊ အသျှင်ဘုရား ဃဋိကာရအိုးထိန်းသည်သည် ကောင်းစွာ ရအပ်ပေသည်တကား၊ မြတ်စွာဘုရားသည် ဤသို့ အလွန် အကျွမ်းဝင်တော်မူဘိ၏ဟု (လျှောက်၏)။

၂၉၂။ အာနန္ဒာ ထိုအခါ ကိကီမည်သော ကာသိမင်းသည် ဃဋိကာရအိုးထိန်းသည်ထံသို့ ပဏ္ဍုပုဋက၂ သလေးဆန် လှည်းပေါင်းငါးရာနှင့် ထိုအားလျောက်ပတ်သော ဟင်းချက်စရာတို့ကို ပို့စေ၏။ အာနန္ဒာထိုအခါ မင်းချင်းယောကျာ်းတို့သည် ထိုဃဋိကာရ အိုးထိန်းသည်ထံသို့ ချဉ်းကပ်၍ “အသျှင် ဃဋိကာရပဏ္ဍုပုဋက သလေးဆန် လှည်းပေါင်းငါးရာနှင့် ထိုအားလျောက်ပတ်သော ဟင်းချက်စရာတို့ကို ကိကီမည်သော ကာသိမင်းက ပို့စေပါ၏၊ အသျှင်ဃဋိကာရသည် ထိုပစ္စည်းတို့ကို ခံယူပါလော့”ဟုပြောဆိုကြကုန်၏။ မင်းသည် များသော ကိစ္စရှိ၏၊ များသော ပြုဖွယ် ရှိ၏၊ ငါ့အား တန်ပြီ (တော်ပြီ)။ မင်းအားသာလျှင် ဖြစ်ပါစေလော့ဟု (ပယ်မြစ်၏)။ အာနန္ဒာ သင့်အား “ထိုအခါ ဇောတိပါလလုလင်သည်အခြားသောသူ ဖြစ်လေသလော”ဟု ဤသို့သော အကြံသည် ဖြစ်ရာသည် မဟုတ်လော၊ အာနန္ဒာဤအရာကို ဤသို့ မမှတ်သင့်ပေ၊ ငါသည် ထိုအခါ ဇောတိပါလလုလင် ဖြစ်ခဲ့လေပြီဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားတော်ကိုဝမ်းမြောက်စွာ လက်ခံလေသတည်း။

ရှေးဦးစွာသော ဃဋိကာရသုတ် ပြီး၏။

၁။ အာဝေသနံ သိပ္ပသာလာ အဘိဓာန်။

၂။ အစည်း စည်း၍ နေလှန်းထားသဖြင့် ဖြော့တော့သော အဆင်းရှိသော။