မဇ္ဈိမနိကာယ်

၃—မဃဒေဝသုတ်

၃ဝ၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် မိထိလာပြည် မဃဒေဝမင်း၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် တစ်ခုသောအရပ်၌ ပြုံးတော်မူ၏။ ထိုအခါ အသျှင် အာနန္ဒာအား “မြတ်စွာဘုရား၏ ပြုံးတော်မူခြင်း၏ အကြောင်း အထောက်အထားကား အဘယ်လေနည်း၊ မြတ်စွာဘုရားတို့သည် အကြောင်းမရှိဘဲ ပြုံးတော်မမူကြကုန်”ဟု အကြံဖြစ်၏။ ထိုအခါ အသျှင်အာနန္ဒာသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို စံပယ်တင်၍ မြတ်စွာဘုရားကို လက်အုပ်ချီကာ “အသျှင်ဘုရား မြတ်စွာဘုရား ပြုံးတော်မူခြင်း၏ အကြောင်းအထောက်အထားကား အဘယ်ပါနည်း၊ မြတ်စွာဘုရားတို့သည် အကြောင်းမရှိဘဲ ပြုံးတော်မမူကြပါကုန်”ဟု လျှောက်၏။

အာနန္ဒာ ဤမိထိလာပြည်၌ မဃဒေဝမည်သော မင်းသည် ဖြစ်ဖူးလေပြီ၊ တရားစောင့်၏၊ တရား သဖြင့်မင်းပြု၏၊ တရား၌ တည်၏၊ မြတ်သောမင်းဖြစ်၏၊ နိဂုံးတို့၌ဖြစ်စေ၊ ဇနပုဒ်တို့၌ဖြစ်စေ ပုဏ္ဏားနှင့်အမျိုးသားတို့ အပေါ်ဝယ် တရားကို ပြုကျင့်၏၊ တစ်ဆယ့်လေးရက်မြောက်နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်နေ့၌လည်းကောင်း၊ လဆန်း လဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့၌လည်းကောင်း ဥပုသ်ကိုလည်း ကျင့်သုံး၏။ အာနန္ဒာ ထိုအခါ မဃဒေဝမင်းသည် နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာနှစ်ထောင်ပေါင်းများစွာတို့ကို လွန်သဖြင့် ဆတ္တာသည်ကိုခေါ်၍ “အချင်းဆတ္တာသည် ငါ၏ဦးခေါင်း၌ ဆံဖြူပေါက်သည်တို့ကို မြင်သောအခါ ပြောကြားလော့”ဟု မှာထားပြောဆို၏။ “အရှင်မင်းကြီး ကောင်းပါပြီ” ဟူ၍ ဆတ္တာသည်သည် မဃဒေဝမင်းကြီးအား ပြန်လျှောက်ကြား၏။ အာနန္ဒာ ဆတ္တာသည်သည်နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာ နှစ်ထောင်ပေါင်းများစွာတို့ကို လွန်သောအခါ မဃဒေဝမင်းကြီး၏ ဦးခေါင်း၌ ဆံဖြူပေါက်သည်တို့ကို မြင်၍ “အရှင်မင်းကြီးအား သေမင်းတမန်တို့သည် ထင်ရှားဖြစ်ပါကုန်ပြီ၊ ဦးခေါင်း၌ ဆံဖြူပေါက်ရောက်ခြင်းတို့သည် ထင်ရှားပါကုန်ပြီ”ဟု လျှောက်၏။ အချင်းဆတ္တာသည် သို့ဖြစ်မူ ထိုဆံဖြူတို့ကို မွေးညှပ်ဖြင့် ကောင်းစွာနုတ်ယူ၍ ငါ၏လက်ခုပ်၌ ထည့်လော့ဟု ဆို၏။ အာနန္ဒာ ဆတ္တာသည်သည် “အရှင်မင်းကြီး ကောင်းပါပြီ” ဟူ၍ မဃဒေဝမင်းကြီးစကားကို နာခံ၍ ထို ဆံဖြူတို့ကို မွေးညှပ်ဖြင့် ကောင်းစွာနုတ်၍ မဃဒေဝမင်းကြီး၏ လက်ခုပ်၌ထည့်လေ၏။

၃ဝ၉။ အာနန္ဒာ ထိုအခါ မဃဒေဝမင်းကြီးသည် ဆတ္တာသည်အား ရွာဆုပေးပြီးလျှင် သားတော်ကြီးအိမ်ရှေ့မင်းကို ခေါ်စေ၍ “သားတော်မောင် ငါ့အား သေမင်းတမန်တို့သည် ထင်ရှားဖြစ်ပေါ်ကုန်ပြီ၊ ဦးခေါင်း၌ ဆံဖြူပေါက်ရောက်ခြင်းတို့သည် ထင်ရှားကုန်၏။ ငါသည် လူ့ကာမဂုဏ်တို့ကို ခံစားပြီးပြီ၊ နတ်ကာမဂုဏ်တို့ကို ရှာမှီးရန် အချိန်တန်ခဲ့ပြီ၊ သားတော်မောင် သင်လာလော့၊ ဤတိုင်းနိုင်ငံကို စိုးအုပ်လော့၊ ငါသည်ကား ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံပြီးလျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်တော့အံ့၊ သားတော်မောင် သို့ဖြစ်၍ သင်သည်လည်း ဦးခေါင်း၌ ဆံဖြူတို့ ပေါက်လာသည်ကို မြင်သောအခါ ဆတ္တာသည်အား ရွာဆုပေးပြီးလျှင် သားတော်ကြီးအိမ်ရှေ့မင်းကို မင်းကျင့်တရား၌ ကောင်းစွာ ဆုံးမခဲ့၍ ဆံမုတ်ဆိတ်ကို ရိတ်ပယ်ကာ ဖန်ရည်ဆိုးသောအဝတ်တို့ကို ဝတ်လျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ပါလေ၊ ငါထားခဲ့သော ကောင်းမြတ်သည့်ဤကျင့်ဝတ်အတိုင်း ဆက်လက်ကျင့်ပါလေ၊ သင်သည် ငါ၏ အဆုံးစွန်သော ယောကျာ်း မဖြစ်စေလင့်။ သားတော်မောင် အနွယ်အဆက် ယောကျာ်းကောင်း ဖြစ်ပါလျက် ဤသို့ သဘောရှိသောကောင်းမြတ်သည့် ကျင့်ဝတ်တရား ပြတ်သူသည် ထိုသူတို့တွင် အဆုံးစွန်သော ယောကျာ်း ဖြစ်၏။ သားတော်မောင် ငါထားခဲ့သော ကောင်းမြတ်သည့် ဤကျင့်ဝတ်အတိုင်း ဆက်လက်ကျင့်ပါလေ၊ သင်သည်ငါ၏ အဆုံးစွန်သော ယောကျာ်း မဖြစ်ပါစေလင့်” ဟူသော ဤစကားကို သင့်အား ငါဆို၏။

အနန္ဒာ ထိုအခါ မဃဒေဝမင်းကြီးသည် ဆတ္တာသည်အား ရွာဆုပေးပြီးလျှင် သားတော်ကြီးအိမ်ရှေ့မင်းကို မင်းကျင့်တရား၌ ကောင်းစွာ ဆုံးမခဲ့၍ ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင် ဆံမုတ်ဆိတ်ကို ရိတ်ပယ်ကာ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၏၊ ထိုမဃဒေဝမင်းကြီးသည် ချစ်ခြင်း ‘မေတ္တာ’ နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းဖြင့် အထက်အောက် ဖီလာအရပ်ကို ပျံ ့နှံ့စေ၍ နေ၏၊ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်တူစွာသတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသောကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ ့နှံ့စေ၍ နေ၏။ သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သောစိတ်ဖြင့်။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သောစိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်ကို ပျံ ့နှံ့စေ၍ နေ၏၊ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့်ယှဉ်သော စိတ်ဖြင့် ပျံ ့နှံ့စေ၍ နေ၏။

အာနန္ဒာ မဃဒေဝမင်းကြီးသည် အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး သူငယ်၏ ကစားခြင်းကို ကစား၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး အိမ်ရှေ့မင်းပြု၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး မင်းပြု၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လျက် မြတ်သောအကျင့်ကိုကျင့်သုံး၏။ ထိုမဃဒေဝမင်းကြီးသည် ဗြဟ္မဝိဟာရတရား လေးပါးတို့ကို ပွါးများလျက်ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ဗြဟ္မာ့ပြည်သို့ လား၏။

၃၁ဝ။ အာနန္ဒာ ထိုအခါ မဃဒေဝမင်းကြီး၏ သားတော်သည် နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာနှစ်ထောင်ပေါင်းများစွာတို့ကို လွန်သဖြင့် ဆတ္တာသည်ကို ခေါ်၍ “အချင်းဆတ္တာသည် ငါ၏ဦးခေါင်း၌ဆံဖြူပေါက်သည်တို့ကို မြင်သောအခါ ပြောကြားလော့”ဟု မှာထားပြောဆို၏။ အာနန္ဒာဆတ္တာသည်သည် “အရှင်မင်းကြီး ကောင်းပါပြီ” ဟူ၍သာလျှင် မဃဒေဝမင်းကြီး၏သားတော်အားပြန်ကြားလျှောက်ထား၏။ အာနန္ဒာ ဆတ္တာသည်သည် နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာနှစ်ထောင်ပေါင်းများစွာတို့ကို လွန်သဖြင့် မဃဒေဝ မင်းကြီး၏သားတော်၏ ဦးခေါင်း၌ဆံဖြူပေါက်သည်တို့ကိုမြင်၍ မဃဒေဝမင်းကြီး၏သားတော်ကို “အရှင်မင်းကြီးအား သေမင်းတမန်တို့သည်ထင်ရှားဖြစ်ပါကုန်ပြီ၊ ဦးခေါင်း၌ ဆံဖြူပေါက်ရောက်ခြင်း တို့သည် ထင်ရှားပါကုန်ပြီ”ဟု လျှောက်၏။ အချင်းဆတ္တာသည် သို့ဖြစ်မူ ထိုဆံဖြူတို့ကို မွေးညှပ်ဖြင့် ကောင်းစွာ နုတ်ယူ၍ ငါ၏ လက်ခုပ်၌ထည့်လော့ဟု ဆို၏။ အာနန္ဒာ ဆတ္တာသည်သည် “အရှင်မင်းကြီး ကောင်းပါပြီ” ဟူ၍ မဃဒေဝမင်းကြီး၏သားတော်၏စကားကို နာခံ၍ ထိုဆံဖြူတို့ကို မွေးညှပ်ဖြင့် ကောင်းစွာ နုတ်၍့မဃဒေဝမင်းကြီး၏သား တော့်လက်ခုပ်၌ ထည့်လေ၏။

အာနန္ဒာ ထိုအခါ မဃဒေဝမင်းကြီး၏သားတော်သည် ဆတ္တာသည်အား ရွာဆုပေးပြီးလျှင် သားတော်ကြီးအိမ်ရှေ့မင်းကို ခေါ်စေ၍ “သားတော်မောင် ငါ့အား သေမင်းတမန်တို့သည် ထင်ရှား ဖြစ်ပေါ်ကုန်ပြီ၊ ဦးခေါင်း၌ ဆံဖြူပေါက်ရောက်ခြင်းတို့သည် ထင်ရှားကုန်ပြီ၊ ငါသည် လူ့ကာမဂုဏ်တို့ကိုသုံးဆောင်ခံစားပြီးပြီ၊ နတ်ကာမဂုဏ်တို့ကို ရှာမှီးရန် အချိန်တန်ခဲ့ပြီ၊ သားတော်မောင် သင်လာလော့၊ ဤတိုင်းနိုင်ငံကို အုပ်စိုးလော့၊ ငါသည်ကား ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကိုဝတ်ရုံပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်တော့အံ့။ သားတော်မောင် ထိုသို့ဖြစ်၍ သင်သည်လည်းဦးခေါင်း၌ ဆံဖြူပေါက်လာသည်ကို မြင်သောအခါ ဆတ္တာသည်အား ရွာဆုပေးပြီးလျှင် သားတော်ကြီးအိမ်ရှေ့မင်းကို မင်းကျင့်တရား၌ ကောင်းစွာ ဆုံးမခဲ့၍ ဆံမုတ်ဆိတ်ကို ရိတ်ပယ်ကာ ဖန်ရည်ဆိုးသောအဝတ်တို့ကို ဝတ်ရုံပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါလေလော့၊ ငါထားခဲ့သောကောင်း မြတ်သည့် ဤကျင့်ဝတ်အတိုင်း ဆက်လက်ကျင့်ပါလေ၊ သင်သည် ငါ၏အဆုံးစွန်သောယောကျာ်း မဖြစ်ပါစေလင့်။ သားတော်မောင် အနွယ်အဆက် ယောကျာ်းကောင်းဖြစ်ပါလျက် ဤသို့ သဘောရှိသော ကောင်းမြတ်သည့် ကျင့်ဝတ်တရားပြတ်သူသည် ထိုသူတို့တွင်အဆုံးစွန်သော ယောကျာ်း ဖြစ်၏။ သားတော်မောင် ငါထားခဲ့သော ကောင်းမြတ်သည့်ဤကျင့်ဝတ်အတိုင်း ဆက်လက်ကျင့်ပါလေ၊ သင်သည် ငါ၏ အဆုံးစွန်သော ယောကျာ်းမဖြစ်ပါစေလင့်” ဟူသော ဤစကားကို သင့်အား ငါဆိုဟု (ဆို၏)။

အာနန္ဒာ ထိုအခါ မဃဒေဝမင်းကြီး၏သားတော်သည် ဆတ္တာသည်အား ရွာဆုပေးပြီးလျှင် သားတော်ကြီး အိမ်ရှေ့မင်းကို မင်းအဖြစ်၌ ကောင်းစွာ ဆုံးမခဲ့၍ ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင် ဆံမုတ်ဆိတ်ကို ရိတ်ပယ်ကာ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်၏။ ထိုမဃဒေဝမင်း၏ သားတော်ရဟန်းသည် ချစ်ခြင်း ‘မေတ္တာ’ နှင့်ယှဉ်သော စိတ်ဖြင့်တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့် အထက်အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသောအရပ်အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်အတူ သတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သောအပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ သနားခြင်း ‘ကရုဏာ’နှင့်ယှဉ်သော စိတ်ဖြင့်။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူနှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့် အထက်အောက်ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသောအရပ် အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

အာနန္ဒာ မဃဒေဝမင်းကြီး၏ သားတော်သည် အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး သူငယ်၏ကစားခြင်းကို ကစား၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး အိမ်ရှေ့မင်းပြု၏၊ အနှစ်ရှစ်သောင်း လေးထောင်တို့ ကာလပတ်လုံး မင်းပြု၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး ဤမဃဒေဝသရက် ဥယျာဉ်၌သာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လျက်မြတ်သော အကျင့်ကို ကျင့်၏၊ ထိုမဃဒေဝ မင်းကြီး၏ သားတော်သည် ဗြဟ္မဝိဟာရတရားလေးပါးတို့ကို ပွါးများ လျက် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်အခါ၌ ဗြဟ္မာ့ပြည်သို့ လား၏။

၃၁၁။ အာနန္ဒာ မဃဒေဝမင်းကြီး၏ သား မြေး အဆက်ဆက်ဖြစ်ကုန်သော ရှစ်သောင်းလေးထောင်သော မင်းတို့သည် ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင် ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံကြလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြကုန်၏။ ထိုရှစ်သောင်းလေးထောင်သော မင်းတို့သည် ချစ်ခြင်း’မေတ္တာ’ နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့် အထက်အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏၊ အလုံးစုံသောအရပ် အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်၏။ သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သောစိတ်ဖြင့်။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏၊ ထို့အတူနှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့် အထက်အောက်ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏၊ အလုံးစုံသောအရပ် အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့် တူစွာသတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသောကြောင့်ကြမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်၏။

အနှစ် ရှစ်သောင်း လေးထောင်တို့ ကာလပတ်လုံး သူငယ်တို့၏ ကစားခြင်းကို ကစားကြကုန်၏၊ အနှစ် ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး အိမ်ရှေ့မင်း ပြုကြကုန်၏၊ အနှစ် ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး မင်းပြုကြကုန်၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြကုန်ပြီးလျှင် မြတ်သောအကျင့်ကို ကျင့်ကြကုန်၏၊ ထိုရှစ်သောင်းလေးထောင်သော မင်းတို့သည် ဗြဟ္မဝိဟာရတရား လေးပါးတို့ကို ပွါးများကြလျက် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်အခါ၌ ဗြဟ္မာ့ပြည်သို့ လားကြကုန်ပြီ။ နေမိမင်းသည် ထိုမင်းတို့၏ နောက်ဆုံးဖြစ်၏၊ တရားစောင့်၏၊ တရားသဖြင့် မင်းပြု၏၊ တရား၌တည်၏၊ မြတ်သော မင်းဖြစ်၏၊ ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်းကောင်း၊ နိဂုံးသူ နိဂုံးသားတို့၌လည်းကောင်း၊ ဇနပုဒ်သူ ဇနပုဒ်သားတို့၌လည်းကောင်း တရားသဖြင့် ကျင့်၏၊ လဆန်းပက္ခ လဆုတ်ပက္ခ၏တစ်ဆယ့်လေးရက်မြောက်နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်နေ့၌လည်းကောင်း၊ ရှစ်ရက်မြောက်နေ့၌လည်းကောင်း ဥပုသ်ကို ကျင့်သုံး၏။

၃၁၂။ အာနန္ဒာ တာဝတိံသာနတ်တို့သည် သုဓမ္မာသဘင်၌ အညီအညွတ် စည်းဝေးနေကြစဉ်တစ်ခုသော စကားသည် ထင်ရှားဖြစ်၏— “အချင်းတို့ ဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့အား အရတော်လေစွတကား၊ အချင်းတို့ ဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့သည် ကောင်းစွာ ရအပ်လေစွတကား၊ ယင်းဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့၏ နေမိမင်းသည် တရားစောင့်၏၊ တရားသဖြင့် မင်းပြု၏၊ တရား၌တည်၏၊ မြတ်သော မင်းဖြစ်၏၊ ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်းကောင်း၊ နိဂုံးသူ နိဂုံးသားတို့၌လည်းကောင်း၊ ဇနပုဒ်သူ ဇနပုဒ်သားတို့၌လည်းကောင်း တရားသဖြင့် ကျင့်၏၊ လဆန်းပက္ခ လဆုတ်ပက္ခ၏တစ်ဆယ့်လေးရက်မြောက်နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်နေ့၌လည်းကောင်း၊ ရှစ်ရက်မြောက်နေ့၌လည်းကောင်း၊ ဥပုသ်ကိုလည်း ကျင့်သုံး၏”ဟု ဤစကားသည် ဖြစ်၏။ အာနန္ဒာ ထိုအခါနတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ကို “အချင်းနတ်တို့ သင်တို့သည် နေမိမင်းကြီးကိုဖူးမြင်လိုကြပါကုန်သလော”ဟု မေး၏။ အရှင်သိကြားမင်း အကျွန်ုပ်တို့သည် နေမိမင်းကြီးကို ဖူးမြင်လိုကြပါကုန်၏ဟု (ဆိုကြကုန်၏)။ အာနန္ဒာ ထိုအခါ နေမိမင်းသည် တစ်ဆယ့်ငါးရက် မြောက်ဖြစ်သောထိုဥပုသ်နေ့၌ ဦးခေါင်းလျှော်ပြီးလျှင် ဥပုသ်ကျင့်သုံးလျက် မြတ်သော ပြာသာဒ်ထက်သို့ တက်ရောက်၍နေ၏။ အာနန္ဒာ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် အားရှိသော ယောကျာ်းသည်ကွေး၍ထားသော လက်မောင်းကို ဆန့်တန်းရာသကဲ့သို့လည်းကောင်း၊ ဆန့်တန်း၍ထားသောလက်မောင်းကို ကွေးရာသကဲ့ သို့လည်းကောင်း ဤအတူသာလျှင် တာဝတိံသာနတ်တို့၌ ကွယ်ခဲ့၍့ နေမိမင်း၏ ရှေ့၌ ထင်ရှားဖြစ်၏။

အာနန္ဒာ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် နေမိမင်းကို “မင်းမြတ် သင့်အား အရတော် လေစွ၊ မင်းမြတ် သင်သည် ကောင်းစွာ ရအပ်ပေစွ၊ မင်းမြတ် တာဝတိံသာနတ်တို့သည် သုဓမ္မာသဘင်၌’အချင်းတို့ ဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့အား အရတော်လေစွ၊ အချင်းတို့ ဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့သည် ကောင်းစွာ ရအပ်လေစွ၊ ယင်းဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့၏ နေမိမင်းသည် တရားစောင့်၏၊ တရားသဖြင့် မင်းပြု၏၊ တရား၌တည်၏၊ မြတ်သောမင်းဖြစ်၏၊ ပုဏ္ဏားနှင့်အမျိုးသားတို့၌လည်းကောင်း၊ နိဂုံးသူ နိဂုံးသားတို့၌လည်းကောင်း၊ ဇနပုဒ်သူ ဇနပုဒ်သားတို့၌လည်းကောင်း တရားသဖြင့်ကျင့်၏၊ လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက် မြောက်နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်နေ့၌လည်းကောင်း၊ ရှစ်ရက်မြောက်နေ့၌လည်းကောင်း ဥပုသ်ကိုလည်း ကျင့်သုံး၏’ဟုချီးကျူးကြ ကုန်လျက် စည်းဝေးကြကုန်၏။ မင်းမြတ် သင်မင်းမြတ်အား တာဝတိံသာနတ်တို့သည်ဖူးမြင်လိုကြကုန် ၏၊ မင်းမြတ် သင်မင်းမြတ်ထံ အကျွန်ုပ်သည် အာဇာနည်မြင်းတစ်ထောင်ကသောရထားကို စေလွှတ်ပါ အံ့၊ မင်းမြတ် နတ်၌ဖြစ်သော ယာဉ်ကို မတုန်မလှုပ် မကြောက်မရွံ့တက်စီးပါလော့”ဟု ဆို၏။ အာနန္ဒာ နေမိမင်းသည် ဆိတ်ဆိတ်နေသဖြင့် လက်ခံလေ၏။

၃၁၃။ အာနန္ဒာ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် နေမိမင်း၏ လက်ခံခြင်းကို သိ၍ဥပမာအားဖြင့် အားရှိသော ယောကျာ်းသည် ကွေး၍ထားသော လက်မောင်းကို ဆန့်တန်းရာသကဲ့သို့လည်းကောင်း၊ ဆန့်တန်း၍ ထားသော လက်မောင်းကို ကွေးရာသကဲ့သို့လည်းကောင်း ဤအတူသာလျှင်နေမိမင်း၏ မျက်မှောက်မှ ကွယ်ခဲ့၍ တာဝတိံသာနတ်တို့၌ ထင်ရှားဖြစ်၏။ အာနန္ဒာ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် လူတို့ကို ချီးမြှောက်တတ်သော မာတလိနတ်သားကို “အချင်းမာတလိ သင်လာလော့၊ အာဇာနည်မြင်းတစ်ထောင်ကသော ရထားကို ကပြီးလျှင် နေမိမင်းသို့ ချဉ်းကပ်၍ ‘မင်းမြတ်သင်မင်းမြတ်အတွက် အာဇာနည်မြင်းတစ်ထောင်ကသော ဤရထားကို နတ်တို့အရှင် သိကြားမင်းသည်စေလွှတ်အပ်ပါ၏၊ မင်းမြတ် နတ်၌ဖြစ်သော ယာဉ်ကို မကြောက်မရွံ့ တက်စီးပါလော့’ဟု ဤသို့ဆိုပါလေ”ဟု ပြောဆိုစေလွှတ်၏။ အာနန္ဒာ လူတို့ကို ချီးမြှောက်တတ်သော မာတလိနတ်သားသည်”ကောင်းပါပြီ အရှင်သိကြားမင်း” ဟူ၍သာလျှင် နတ်တို့အရှင် သိကြားမင်း၏ စကားကို ဝန်ခံ၍အာဇာနည်မြင်း တစ်ထောင်ကသော ရထားကို ကလျက် နေမိမင်းကြီးထံသို့ ချဉ်းကပ်ပြီးလျှင် မင်းမြတ်သင်မင်း မြတ်အတွက် အာဇာနည်မြင်း တစ်ထောင်ကသော ဤရထားကို နတ်တို့အရှင် သိကြားမင်းသည်စေလွှတ်ပါ၏၊ မင်းမြတ် နတ်၌ဖြစ်သော ယာဉ်ကို မကြောက်မရွံ့ တက်စီပါလော့၊ မင်းမြတ် (အကျွန်ုပ်) သိလိုသည်မှာ မကောင်းမှု ရှိသူတို့သည် မကောင်းမှုအကျိုးကို ခံစားရာ (ငရဲ) သို့လည်းကောင်း ကောင်းမှုရှိသူတို့သည် ကောင်းမှုအကျိုးကို ခံစားရာ (နတ်ပြည်) သို့လည်းကောင်း သွားရာ ခရီးနှစ်မျိုးတွင်အဘယ်ခရီးဖြင့် သင်မင်းကြီးကို ဆောင်ယူရပါမည်နည်း”ဟု ပြောဆို၏။ မာတလိနတ်သား ငါ့ကိုခရီးနှစ်မျိုးဖြင့်သာလျှင် ဆောင်ယူလော့ဟု (ဆို၏)။ အာနန္ဒာ လူတို့ကို ချီးမြှောက်တတ်သော မာတလိနတ်သားသည် နေမိမင်းကို သုဓမ္မာသဘင်သို့ ကောင်းစွာ သွင်းလေသတည်း။

အာနန္ဒာ နတ်တို့အရှင် သိကြားမင်းသည် အဝေးက လာသော နေမိမင်းကို မြင်လျှင် “မင်းမြတ်ကြွလာတော်မူပါလော့၊ မင်းမြတ် ကောင်းသောလာခြင်း ဖြစ်ပါပေ၏၊ မင်းမြတ် တာဝတိံသာနတ်တို့သည်မင်းမြတ်အား မြင်လိုကြပါကုန်၏၊ သုဓမ္မာသဘင်၌ အညီအညွတ် စည်းဝေးကုန်လျက် ‘အချင်းတို့ဝိဒေဟရာဇ်တိုင်းသူ တိုင်းသားတို့အား အရတော်လေစွတကား၊ အချင်းတို့ ဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့သည် ကောင်းစွာရအပ် လေစွတကား၊ ယင်းဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့၏ နေမိမင်းသည်တရားစောင့်၏၊ တရားသဖြင့် မင်းပြု၏၊ တရား၌ တည်၏၊ မြတ်သော မင်းဖြစ်၏၊ ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်းကောင်း၊ နိဂုံးသူ နိဂုံးသားတို့၌လည်းကောင်း၊ ဇနပုဒ်သူ ဇနပုဒ်သားတို့၌လည်းကောင်း ့တရားသဖြင့် ကျင့်၏၊ လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်နေ့၌လည်းကောင်း၊ ရှစ်ရက်မြောက်နေ့၌လည်းကောင်း ဥပုသ်ကိုလည်း ကျင့်သုံး၏’ဟု ချီးကျူးသော သဘောရှိကြပါကုန်၏။ မင်းမြတ် တာဝတိံသာနတ်တို့သည် သင်မင်းကြီးအားဖူးမြင်လိုကြပါကုန်၏၊ မင်းမြတ် နတ်ပြည်၌ နတ်တို့၏ အာနုဘော်ဖြင့် မွေ့လျော်ပါလော့”ဟု ပြောကြားလေ၏။ အဆွေသိကြားမင်း တော်လောက်ပြီ၊ ထိုမိထိလာပြည်သို့သာလျှင် အကျွန်ုပ်ကို ပြန်ပို့ပါလော့၊ ထိုရှေးနှင့်အတူ ငါသည် ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်းကောင်း နိဂုံးသူ နိဂုံးသားတို့၌လည်းကောင်းဇနပုဒ်သူ ဇနပုဒ်သားတို့၌လည်းကောင်း၊ တရားနှင့်လျော်စွာ ကျင့်ပါအံ့၊ လဆန်းပက္ခ လဆုတ်ပက္ခ၏တစ်ဆယ့်လေးရက်မြောက်နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်နေ့၌လည်းကောင်း ရှစ်ရက်မြောက်နေ့၌လည်းကောင်း ဥပုသ်ကိုလည်း ကျင့်သုံးပါအံ့ဟု (ပြောဆို၏)။

၃၁၄။ အာနန္ဒာ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် လူတို့ကို ချီးမြှောက်တတ်သော မာတလိနတ်သားကို ခေါ်၍ “အချင်းမာတလိ သင်လာခဲ့လော့၊ အာဇာနည်မြင်းတစ်ထောင်ကသော ရထားကိုက၍ နေမိ မင်းကို ထိုမိထိလာပြည်သို့သာလျှင် ပြန်ပို့လေ”ဟု ဆို၏။ အာနန္ဒာ လူတို့ကိုချီးမြှောက်တတ် သော မာတလိ နတ်သားသည် “ကောင်းပါပြီ အရှင်၏ စကားသည်ကောင်းလှပါ၏”ဟု နတ်တို့အရှင် သိကြားမင်း၏ စကားကို ဝန်ခံ၍ အာဇာနည်မြင်း တစ်ထောင်ကသောရထားကို က၍ နေမိမင်းကို ထိုမိထိလာပြည်သို့သာလျှင် ပြန်ပို့၏။ အာနန္ဒာ နေမိမင်းသည်ထိုမိထိလာပြည်၌ ပုဏ္ဏားနှင့် အမျိုးသား တို့၌လည်းကောင်း၊ နိဂုံးသူ နိဂုံးသားတို့၌လည်းကောင်း၊ ဇနပုဒ်သူ ဇနပုဒ်သားတို့၌လည်းကောင်း၊ တရား သဖြင့် ကျင့်၏၊ လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်နေ့၌လည်းကောင်း၊ တစ်ဆယ့် ငါးရက်မြောက်နေ့၌လည်းကောင်း၊ ရှစ်ရက်မြောက်နေ့၌လည်းကောင်း ဥပုသ်ကိုလည်း ကျင့်သုံး၏။ အာနန္ဒာ ထိုအခါ နေမိမင်းသည်နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာ နှစ်ထောင်ပေါင်းများစွာ လွန်သော အခါ၌ ဆတ္တာသည်ကို ခေါ်၍”အချင်း ဆတ္တာသည် ငါ၏ ဦးခေါင်း၌ ဆံဖြူတို့ ပေါက်ရောက်သည်တို့ကို မြင်သောအခါ ငါ့အားပြောကြားပါလေ”ဟု ဆို၏။ အာနန္ဒာ ဆတ္တာသည်သည် “အရှင်မင်းမြတ် ကောင်း ပါပြီ”ဟူ၍သာလျှင်နေမိမင်းအား ပြန်လျှောက်ကြား၏။

အာနန္ဒာ ဆတ္တာသည်သည် နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာ နှစ်ထောင်ပေါင်းများစွာ လွန်သောအခါဝယ် နေမိမင်း၏ ဦးခေါင်း၌ ဆံဖြူပေါက်ရောက်သည်တို့ကို မြင်လေ၍ နေမိမင်းကို “အရှင်မင်းမြတ်အား သေမင်းတမန်တို့သည် ထင်ရှားဖြစ်လတ်ပါကုန်ပြီ၊ ဦးခေါင်း၌ ပေါက်ရောက်သော ဆံဖြူတို့သည် ထင်ပါကုန်၏”ဟု လျှောက်တင်၏။ အချင်းဆတ္တာသည် သို့ဖြစ်မူ ထိုဆံဖြူတို့ကို မွေးညှပ်ဖြင့်ကောင်းစွာ နုတ်၍ ငါ၏ လက်ခုပ်၌ ထည့်လေလော့ဟု (ဆို၏)။ အာနန္ဒာ ဆတ္တာသည်သည် “မင်းမြတ်ကောင်းပါပြီ” ဟူ၍သာလျှင် နေမိမင်း၏ စကားကို ဝန်ခံ၍ ထိုဆံဖြူတို့ကို မွေးညှပ်ဖြင့် ကောင်းစွာ နုတ်၍နေမိမင်း၏ လက်ခုပ်၌ ထည့်၏။ အာနန္ဒာ ထိုအခါ နေမိမင်းသည် ဆတ္တာသည်အား ရွာဆုကို ပေး၍သားကြီးအိမ်ရှေ့မင်းကို ခေါ်စေပြီးလျှင် “သားတော်မောင် ငါ့အား သေမင်းတမန်တို့သည် ထင်ရှားဖြစ်လတ်ကုန်ပြီ၊ ဦးခေါင်း၌ ပေါက်ရောက်သော ဆံဖြူတို့သည် ထင်ရှားကုန်၏၊ ငါသည် လူ့ကာမဂုဏ်တို့ကိုသုံးဆောင်ခံစားရပေပြီ၊ နတ်ကာမဂုဏ်တို့ကို ရှာမှီးရန် အချိန်တန်ပြီ၊ သားတော်မောင် သင်လာလော့၊ ဤတိုင်းပြည်ကို အုပ်စိုးလော့၊ ငါသည်ကား ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကိုဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်တော့အံ့၊ သားတော်မောင် သို့ဖြစ်၍ သင်သည်လည်းဦးခေါင်း၌ ပေါက်ရောက်သော ဆံဖြူတို့ကို မြင်သောအခါ ဆတ္တာသည်အား ရွာဆုကို ပေးပြီးလျှင်သားကြီးအိမ်ရှေ့မင်းကို မင်းကျင့်တရား၌ ကောင်းစွာ ဆုံးမခဲ့၍ ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်လေလော့၊ ငါထားခဲ့သော ကောင်းမြတ်သည့် ဤကျင့်ဝတ်အတိုင်း ဆက်လက်ကျင့်ပါလေ၊ သင်သည် ငါ၏ အဆုံးစွန်သောယောကျာ်း မဖြစ်ပါစေလင့်။ သားတော်မောင် အနွယ်အဆက်၌ ယောကျာ်းကောင်းဖြစ်ပါလျက်ဤသို့သဘော ရှိသော ကောင်းမြတ်သည့် ကျင့်ဝတ်ပြတ်သူသည် ထိုသူတို့တွင် အဆုံးစွန်သောယောကျာ်းဖြစ်ပေ၏၊ သား တော်မောင် ‘ငါထားခဲ့သော ကောင်းမြတ်သည့် ဤကျင့်ဝတ်အတိုင်းဆက်လက်ကျင့်ပါလေ၊ သင်သည် ငါ၏ အဆုံးစွန်သော ယောကျာ်းမဖြစ်ပါစေလင့်’ ဟူသော”ဤစကားကို သင့်အား ငါဆို၏ဟု (ဆို၏)။

၃၁၅။ အာနန္ဒာ ထိုအခါ နေမိမင်းသည် ဆတ္တာသည်အား ရွာဆုကို ပေး၍ သားကြီးအိမ်ရှေ့မင်းကိုမင်းကျင့်ဝတ်၌ ကောင်းစွာ ဆုံးမခဲ့၍ ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင် ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံကာ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ ထိုနေမိမင်းသည်ချစ်ခြင်း ‘မေတ္တာ’ နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသောအရပ် အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့်တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသောအရပ် အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသောမြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

အာနန္ဒာ နေမိမင်းသည်ကား အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး သူငယ်၏ ကစား ခြင်းကိုကစား၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး အိမ်ရှေ့မင်း ပြု၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး မင်းပြု၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ပြီးလျှင် မြတ်သောအကျင့်ကိုကျင့်သုံး ၏၊ ထိုနေမိမင်းသည် ဗြဟ္မဝိဟာရတရား လေးပါးတို့ကို ပွါများ၍ ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်အခါ၌ ဗြဟ္မာ့ပြည်သို့ လား၏။ အာနန္ဒာ နေမိမင်းအား ကဠာရဇနကမည်သောသားသည် ရှိ၏၊ ထိုသားသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ မဝင်ရောက်ချေ။ ထိုကဠာရဇနကသည်ထိုကောင်းမြတ်သော ကျင့်ဝတ်ကို ဖြတ်လေ၏၊ (ထို့ကြောင့်) ထိုကဠာရဇနကသည် ထိုသူတို့တွင်အဆုံးစွန်သော ယောကျာ်း ဖြစ်သတည်း။

၃၁၆။ အာနန္ဒာ သင့်အား “ထိုအခါက ဤကောင်းမြတ်သည့် ကျင့်ဝတ်ကို ထားခဲ့သောမဃဒေဝမင်းသည် အခြားသူ ဖြစ်လေသလော”ဟု အကြံဖြစ်လေရာ၏။ အာနန္ဒာ ဤအရာကို ဤသို့မမှတ်သင့်။ ထိုအခါ ငါသည် မဃဒေဝမင်း ဖြစ်ခဲ့၏၊ ငါထားခဲ့သော ထိုကောင်းမြတ်သည့် ကျင့်ဝတ်တရားအတိုင်း နောင်လာနောက်သားအပေါင်းသည် ဆက်လက်၍ ကျင့်၏။ အာနန္ဒာ ထိုကောင်းမြတ်သည့်ကျင့်ဝတ်တရားသည် ငြီးငွေ့ရန် တပ်မက်မှုကင်းရန် ချုပ်ငြိမ်းရန် ငြိမ်းအေးရန် အထူးသိရန် ထိုးထွင်း၍သိရန် ကောင်းစွာသိရန် မဖြစ်၊ နိဗ္ဗာန် အကျိုးငှါ မဖြစ်၊ ဗြဟ္မာ့ပြည်သို့ ရောက်ရုံသာ ဖြစ်၏။ အာနန္ဒာယခုအခါ ငါထားခဲ့သော ဤကောင်းမြတ်သည့် ကျင့်ဝတ်တရားမှာမူကား ဧကန် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန်တပ်မက်မှုကင်းရန် ချုပ်ငြိမ်းရန် ငြိမ်းအေးရန် အထူးသိရန် ထိုးထွင်း၍သိရန် ဖြစ်၏၊ နိဗ္ဗာန်အကျိုးငှါဖြစ်၏။

အာနန္ဒာ ယခုအခါ ငါထားခဲ့သော ကောင်းမြတ်သည့် အဘယ်ကျင့်ဝတ်တရားသည် ဧကန် ငြီးငွေ့ခြင်းငှါတပ်မက်မှုကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ငြိမ်းအေးခြင်းငှါ အထူးသိခြင်းငှါ ထိုးထွင်း၍သိခြင်းငှါနိဗ္ဗာန်အကျိုးငှါ ဖြစ်သနည်းဟူမူ— အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်တရားပင်တည်း။ ဤအရိယမဂ်ဟူသည်အဘယ်နည်း— မှန်စွာသိမြင်ခြင်း၊ မှန်စွာကြံစည်ခြင်း၊ မှန်စွာပြောဆိုခြင်း၊ မှန်စွာ ပြုလုပ်ခြင်း၊ မှန်စွာအသက်မွေးခြင်း၊ မှန်စွာ အားထုတ်ခြင်း၊ မှန်စွာအောက်မေ့ခြင်း၊ မှန်စွာတည်ကြည်ခြင်းတို့တည်း။ အာနန္ဒာ ယခုအခါ ငါထားခဲ့သော ဤကောင်းမြတ်သည့် ကျင့်ဝတ်တရားသည် စင်စစ်ဧကန် ငြီးငွေ့ခြင်းငှါတပ်မက်မှုကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ငြိမ်းအေးခြင်းငှါ အထူးသိခြင်းငှါ ထိုးထွင်း၍သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏။

အာနန္ဒာ ငါသည် သင်တို့အား ထိုအရာကို ဤသို့ ဟောကြားပေအံ့၊ ငါထားခဲ့သော ဤကောင်းမြတ်သည့် ကျင့်ဝတ်အတိုင်း ဆက်လက်ကျင့်ကြကုန်လော့၊ သင်တို့သည် ငါ၏ အဆုံးစွန်သော ယောကျာ်းများ မဖြစ်ကြစေကုန်လင့်၊ အာနန္ဒာ အနွယ်အဆက် ယောကျာ်းကောင်းဖြစ်ပါလျက် ဤသို့သဘောရှိသောကောင်း မြတ်သည့် ကျင့်ဝတ်တရားပြတ်သူသည် ထိုသူတို့တွင် အဆုံးစွန်သော ယောကျာ်း ဖြစ်ပေ၏၊ အာနန္ဒာ ငါသည် သင်တို့အား ဤသို့ ဟော၏— “ငါထားခဲ့သော ဤကျင့်ဝတ်တရားအတိုင်း ဆက်လက်ကျင့်ကြကုန်လော့၊ သင်တို့သည် ငါ၏ အဆုံးစွန်သော ယောကျာ်းများ မဖြစ်ကြစေကုန်လင့်”ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ စကားတော်ကို ဝမ်းမြောက်စွာ လက်ခံလေသတည်း။

သုံးခုမြောက် မဃဒေဝသုတ် ပြီး၏။