မဇ္ဈိမနိကာယ်

၄—မဓုရသုတ်

၃၁၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ အသျှင်မဟာကစ္စည်းသည် မဓုရာပြည် နွားမြေရင်းတော၌ သီတင်းသုံးနေတော်မူ၏။ အဝနိ ္တမင်း၏မြေး မဓုရာမင်းသည် ဤဆိုလတ္တံ့သောအတိုင်း ကြားသိရလေပြီ “အချင်းတို့ အသျှင်ကစ္စည်းသည် မဓုရာပြည် နွားမြေရင်းတော၌ နေ၏၊ ထိုအသျှင်ကစ္စည်းမထေရ်၏ ဤသို့ ကောင်းမြတ်သောကျော်စောသံသည် ပျံ့နှံ့၍ တက်၏၊ ‘လိမ္မာ၏၊ ထက်မြက်၏၊ ထိုးထွင်း၍ သိနိုင်သော ပညာရှိ၏၊ အကြားအမြင်များ၏၊ ဆန်းကြယ်စွာ ဟောကြားတတ်၏၊ ကောင်းသောပဋိဘာန် ‘ဉာဏ်’ ရှိ၏၊ အသက်သိက္ခာလည်းကြီး၏၊ ရဟန္တာလည်း ဖြစ်၏’ဟု ပျံ့နှံ့၍ တက်၏၊ ထိုသို့သဘောရှိသော ရဟန္တာအသျှင်တို့ကို ဖူးမြော်ရခြင်းသည် ကောင်းမြတ်သည်သာတည်း”ဟု (ကြားသိရလေ၏)။

ထိုအခါ အဝနိ ္တမင်း၏မြေး မဓုရာမင်းသည် ကောင်းကုန် အလွန်ကောင်းကုန်သော ယာဉ်တို့ကို ကစေ၍ကောင်းသော ယာဉ်ကို တက်စီးပြီးလျှင် ကောင်းကုန် အလွန်ကောင်းကုန်သော ယာဉ်တို့ဖြင့် ကြီးစွာသောမင်း၏ ကျက်သရေဖြင့် အသျှင်ကစ္စည်းမထေရ်ကို ဖူးမြော်ရန် မဓုရာပြည်မှ ထွက်လေ၏၊ ယာဉ်ဖြင့်သွားနိုင်သမျှသော အရပ်ကို ယာဉ်ဖြင့်သွား၍ ယာဉ်မှ သက်ပြီးသော် ခြေကျင်သာလျှင် အသျှင်မဟာကစ္စည်းမထေရ်ထံသို့ ချဉ်းကပ်၍ အသျှင်မဟာကစ္စည်းမထေရ်နှင့် ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ အသျှင်ကစ္စည်းမထေရ်အား ဤစကားကို လျှောက်၏—

“အသျှင်ကစ္စာန ပုဏ္ဏားတို့သည် ‘ပုဏ္ဏားမျိုးသည်သာ မြတ်ပါ၏၊ တစ်ပါးသော အမျိုးသည် ယုတ်၏၊ ပုဏ္ဏားမျိုးသည်သာ ဖြူစင်၏၊ တစ်ပါးသောအမျိုးသည် မည်းညစ်၏၊ ပုဏ္ဏားတို့သည်သာလျှင်စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်။ ပုဏ္ဏားတို့သည်သာလျှင့်ဗြဟ္မာ၏သားရင်းတို့ ဖြစ်ကုန်၏၊ ခံတွင်းမှ ပေါက်ဖွားသူများ ဖြစ်ကုန်၏၊ ဗြဟ္မာမှ ပေါက်ဖွားလာကုန်၏၊ ဗြဟ္မာဖန်ဆင်းထားသူ တို့ ဖြစ်ကုန်၏၊ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏’ဟု ဆိုကြကုန်၏၊ ဤပြောဆိုရာ၌ အသျှင်ကစ္စည်းသည် အသို့ပြောဆိုလိုသနည်း”ဟု (လျှောက်၏)။ မင်းကြီး”ပုဏ္ဏားမျိုးသာလျှင် မြတ်၏၊ တစ်ပါးသော အမျိုး သည် ယုတ်၏၊ ပုဏ္ဏားမျိုးသည်သာလျှင် ဖြူစင်၏၊ တစ်ပါးသောအမျိုးသည် မည်းညစ်၏၊ ပုဏ္ဏားတို့ သည်သာလျှင် စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သည်သာလျှင် ဗြဟ္မာ၏ သားရင်းတို့ ဖြစ်ကုန်၏၊ ခံတွင်းမှပေါက်ဖွားသူများ ဖြစ်ကုန်၏၊ ဗြဟ္မာမှ ပေါက်ဖွားလာကုန်၏၊ ဗြဟ္မာဖန်ဆင်းထားသူတို့ ဖြစ်ကုန်၏၊ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏” ဟူသည် လောက၌ စကားသာ လျှင် ဖြစ်ပေ၏။ မင်းကြီး”ပုဏ္ဏားမျိုးသည်သာ မြတ်သော အမျိုးတည်း၊ တစ်ပါးသော အမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏အမွေခံတို့ ဖြစ်ကုန်၏” ဟူသည် လောက၌ စကားသာလျှင် ဖြစ်ပုံအကြောင်းကိုဤဆိုလတ္တံ့သောနည်းဖြင့် သိသင့်၏။

၃၁၈။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ မင်းမျိုးသည် အကယ်၍ ဥစ္စာ စပါး ရွှေငွေတို့ဖြင့် အလိုပြည့်ဝစေနိုင်ငြားအံ့၊ တစ်ပါးသောမင်းမျိုးလည်း ထိုမင်းမျိုး၏ ရှေးဦးစွာ ထရာသည်၊ နောက်မှ အိပ်ရာသည်၊ အမိန့်ကို နာခံရာသည်၊ စိတ်ကြိုက်ကို လိုက်ရာသည်၊ ချစ်ဖွယ်ကို ပြောကြားရာသည်။ ပုဏ္ဏားမျိုးလည်း ထိုမင်းမျိုး၏။ ကုန်သည်မျိုးလည်း ထိုမင်းမျိုး၏။ သူဆင်းရဲမျိုးလည်း ထိုမင်းမျိုး၏ ရှေးဦးစွာ ထရာသည်၊ နောက်မှ အိပ်ရာသည်၊ အမိန့်ကိုနာခံရာသည်၊ စိတ်ကြိုက်ကို လိုက်ရာသည်၊ ချစ်ဖွယ်ကို ပြောကြားရာသည် မဟုတ်လောဟု (မေး၏)။ အသျှင်ကစ္စာန မင်းမျိုးသည် အကယ်၍ ဥစ္စာ စပါး ရွှေငွေတို့ဖြင့် အလိုပြည့်ဝစေ နိုင်ငြားအံ့၊ တစ်ပါးသော မင်းမျိုးလည်း ထိုမင်း မျိုး၏ ရှေးဦးစွာ ထရာပါ၏၊ နောက်မှ အိပ်ရာပါ၏၊ အမိန့်ကိုနာခံရာပါ၏၊ စိတ်ကြိုက်ကို လိုက်ရာ ပါ၏၊ ချစ်ဖွယ်ကို ပြောကြားရာပါ၏။ ပုဏ္ဏားမျိုးလည်း ထိုမင်းမျိုး၏။ ကုန်သည်မျိုးလည်း ထိုမင်း၏။ သူဆင်းရဲမျိုးလည်း ထိုမင်းမျိုး၏ ရှေးဦးစွာ ထရာပါ၏၊ နောက်မှ အိပ်ရာပါ၏၊ အမိန့်ကို နာခံရာပါ၏၊ စိတ်ကြိုက်ကို လိုက်ရာပါ၏၊ ချစ်ဖွယ်ကိုပြောကြားရာပါ၏ဟု (လျှောက်၏)။

မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ပုဏ္ဏားမျိုးသည် အကယ်၍ ဥစ္စာ စပါး ရွှေငွေတို့ဖြင့် အလိုပြည့်ဝစေနိုင်ငြားအံ့၊ တစ်ပါးသော ပုဏ္ဏားမျိုးလည်း ထိုပုဏ္ဏားမျိုး၏ ရှေးဦးစွာ ထရာသည်၊ နောက်မှ အိပ်ရာသည်၊ အမိန့်ကို နာခံရာသည်၊ စိတ်ကြိုက်ကို လိုက်ရာသည်၊ ချစ်ဖွယ်ကိုပြောကြားရာသည်။ ကုန်သည်မျိုးလည်း ထိုပုဏ္ဏားမျိုး၏။ သူဆင်းရဲမျိုးလည်း ထိုပုဏ္ဏားမျိုး၏။ မင်းမျိုးလည်း ထိုပုဏ္ဏားမျိုး၏ ရှေးဦးစွာ ထရာသည်၊ နောက်မှ အိပ်ရာသည်၊ အမိန့်ကို နာခံရာသည်၊ စိတ်ကြိုက်ကို လိုက်ရာသည်၊ ချစ်ဖွယ်ကို ပြောကြား ရာသည် မဟုတ်လောဟု (မေး၏)။ အသျှင်ကစ္စာန ပုဏ္ဏားမျိုးသည် အကယ်၍ ဥစ္စာ စပါး ရွှေငွေတို့ဖြင့် အလိုပြည်ဝစေနိုင်ငြားအံ့၊ တစ်ပါးသော ပုဏ္ဏားမျိုးလည်း ထိုပုဏ္ဏားမျိုး၏ ရှေးဦးစွာ ထရာပါ၏၊ နောက်မှ အိပ်ရာပါ၏၊ အမိန့်ကို နာခံရာပါ၏၊ စိတ်ကြိုက်ကို လိုက်ရာပါ၏၊ ချစ်ဖွယ်ကို ပြောကြားရာပါ၏။ ကုန်သည်မျိုးလည်း ထိုပုဏ္ဏားမျိုး၏။ပ။ သူဆင်းရဲမျိုးလည်း ထိုပုဏ္ဏာမျိုး၏။ပ။ မင်းမျိုးလည်း ထိုပုဏ္ဏားမျိုး၏ ရှေးဦးစွာ ထရာပါ၏၊ နောက်မှ အိပ်ရာပါ၏၊ အမိန့်ကို နာခံရာပါ၏၊ စိတ်ကြိုက်ကို လိုက်ရာပါ၏၊ ချစ်ဖွယ်ကို ပြောကြားရာပါ၏ဟု (လျှောက်၏)။

မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ကုန်သည်မျိုးသည် အကယ်၍ ဥစ္စာ စပါး ရွှေငွေတို့ဖြင့် အလိုပြည့်ဝစေနိုင်ငြားအံ့၊ တစ်ပါးသော ကုန်သည်မျိုးလည်း ထိုကုန်သည်မျိုး၏ ရှေးဦးစွာထရာသည်၊ နောက်မှ အိပ်ရာသည်၊ အမိန့်ကို နာခံရာသည်၊ စိတ်ကြိုက်ကို လိုက်ရာသည်၊ ချစ်ဖွယ်ကိုပြောကြားရာသည်။ သူဆင်းရဲမျိုးလည်း ထိုကုန်သည်မျိုး၏။ မင်းမျိုးလည်း ထိုကုန်သည်မျိုး၏။ ပုဏ္ဏား့မျိုးလည်း ထိုကုန်သည်မျိုး၏ ရှေးဦးစွာ ထရာသည်၊ နောက်မှ အိပ်ရာသည်၊ အမိန့်ကို နာခံရာသည်၊ စိတ်ကြိုက်ကို လိုက်ရာသည်၊ ချစ်ဖွယ်ကို ပြောကြားရာသည် မဟုတ်လောဟု (မေး၏)။ အသျှင်ကစ္စာနကုန်သည်မျိုးသည် အကယ်၍ ဥစ္စာ စပါး ရွှေ ငွေတို့ဖြင့် အလိုပြည့်ဝစေနိုင်ငြားအံ့၊ တစ်ပါးသော ကုန်သည်မျိုးလည်း ထိုကုန်သည်မျိုး၏ ရှေးဦးစွာ ထရာပါ၏၊ နောက်မှ အိပ်ရာပါ၏၊ အမိန့်ကို နာခံရာပါ၏၊ စိတ်ကြိုက်ကို လိုက်ရာပါ၏၊ ချစ်ဖွယ်ကို ပြောကြားရာပါ၏။ သူဆင်းရဲမျိုးလည်း ထိုကုန်သည်မျိုး၏။ မင်းမျိုးလည်း ထိုကုန်သည်မျိုး၏။ ပုဏ္ဏားမျိုးလည်း ထိုကုန်သည်မျိုး၏ ရှေးဦးစွာ ထရာပါ၏၊ နောက်မှအိပ်ရာပါ၏၊ အမိန့်ကို နာခံရာပါ၏၊ စိတ်ကြိုက်ကို လိုက်ရာပါ၏၊ ချစ်ဖွယ်ကို ပြောကြားရာပါ၏ဟု (လျှောက်၏)။

မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သူဆင်းရဲမျိုးသည် အကယ်၍ ဥစ္စာ စပါး ရွှေငွေတို့ဖြင့် အလိုပြည့်ဝစေနိုင်ငြားအံ့၊ တစ်ပါးသော သူဆင်းရဲမျိုးလည်း ထိုသူဆင်းရဲမျိုး၏ ရှေးဦးစွာထရာသည်၊ နောက်မှ အိပ်ရာသည်၊ အမိန့်ကို နာခံရာသည်၊ စိတ်ကြိုက်ကို လိုက်ရာသည်၊ ချစ်ဖွယ်ကိုပြောကြားရာသည် မင်းမျိုးလည်း ထိုသူဆင်းရဲမျိုး၏။ ပုဏ္ဏားမျိုးလည်း ထိုသူဆင်းရဲမျိုး၏။ပ။ ကုန်သည်မျိုးလည်း ထိုသူဆင်းရဲမျိုး၏ ရှေးဦးစွာ ထရာသည်၊ နောက်မှ အိပ်ရာသည်၊ အမိန့်ကို နာခံရာသည်၊ စိတ်ကြိုက်ကို လိုက်ရာသည်၊ ချစ်ဖွယ်ကို ပြောကြားရာသည် မဟုတ်လောဟု (မေး၏)။ အသျှင် ကစ္စာနသူဆင်းရဲမျိုးသည် အကယ်၍ ဥစ္စာ စပါး ရွှေ ငွေတို့ဖြင့် အလိုပြည့်ဝစေနိုင်ငြားအံ့၊ တစ်ပါးသောသူဆင်းရဲမျိုးလည်း ထိုသူဆင်းရဲမျိုး၏ ရှေးဦးစွာ ထရာပါ၏၊ နောက်မှ အိပ်ရာပါ၏၊ အမိန့်ကို နာခံရာပါ၏၊ စိတ်ကြိုက်ကို လိုက်ရာပါ၏၊ ချစ်ဖွယ်ကို ပြောကြားရာပါ၏၊ မင်းမျိုးလည်း ထိုသူဆင်းရဲမျိုး၏။ပ။ ပုဏ္ဏားမျိုးလည်း ထိုသူဆင်းရဲမျိုး၏။ပ။ ကုန်သည်မျိုးလည်း ထိုသူဆင်းရဲ မျိုး၏ ရှေးဦးစွာ ထရာပါ၏၊ နောက်မှ အိပ်ရာပါ၏၊ အမိန့်ကို နာခံရာပါ၏၊ စိတ်ကြိုက်ကို လိုက်ရာပါ၏၊ ချစ်ဖွယ်ကို ပြောကြားရာပါ၏ဟု (လျှောက်၏)။

မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ယင်းသို့ ဖြစ်လတ်သော် ဤအမျိုးလေးပါး တို့သည်တူမျှကြကုန်သလော၊ မတူမျှကြကုန်သလော၊ ဤအရာ၌ သင်မင်းကြီးအား အဘယ်သို့သောထင်မြင်ချက်ရှိ သနည်းဟု (မေး၏)။ အသျှင်ကစ္စာန ဤသို့ ဖြစ်သည်ရှိသော် စင်စစ်အားဖြင့် ဤ အမျိုးလေးပါးတို့သည် တူမျှပါကုန်၏၊ ဤအရာ၌ ဤအမျိုးလေးပါးတို့၏ ခြားနားမှု တစ်စုံတစ်ခုကိုမျှ မမြင်ပါဟု (လျှောက်၏)။ မင်းကြီး “ပုဏ္ဏားမျိုးသည်သာလျှင် မြတ်၏၊ တစ်ပါးသော အမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟူသည် လောက၌ စကားသာလျှင် ဖြစ်ပုံအကြောင်းကို ဤဆိုခဲ့ပြီးသောနည်းဖြင့်လည်း သိသင့်၏ဟု (မိန့်ဆို၏)။

၃၁၉။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ မင်းမျိုးသည် အသက်သတ်လေ့ရှိငြားအံ့၊ မပေးသည်ကို ယူလေ့ရှိငြားအံ့၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိငြားအံ့၊ မဟုတ်မမှန် ပြောဆိုလေ့ရှိငြားအံ့၊ ကုန်းတိုက်လေ့ရှိငြားအံ့၊ ကြမ်းတမ်းသော စကားကို ပြောဆိုလေ့ရှိငြားအံ့၊ ပြိန်ဖျင်းသော စကားကို ပြောဆိုလေ့ရှိငြားအံ့၊ သူတစ်ပါးစည်းစိမ်ကို လိုချင်တပ်မက်လေ့ရှိငြားအံ့၊ သူတစ်ပါးကို ပျက်စီးစေလိုစိတ် ရှိငြားအံ့၊ မှားသောအယူ ရှိငြားအံ့၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာဖြစ်သော ဖရိုဖရဲကျရာဖြစ်သော ငရဲသို့ရောက်ရာသ လော၊ မရောက်ရာသလော၊ ဤအရာ၌ သင့်အား အဘယ်သို့ ထင်မြင်ချက်ရှိသနည်းဟု (မေး၏)။ အသျှင်ကစ္စာန မင်းမျိုးသည်လည်း အသက်သတ်လေ့ရှိငြားအံ့၊ မပေးသည်ကို ယူလေ့ရှိငြားအံ့၊ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိငြားအံ့၊ မဟုတ်မမှန် ပြောဆိုလေ့ရှိငြားအံ့၊ ကုန်းတိုက်လေ့ရှိငြားအံ့၊ ကြမ်းတမ်း သော စကားကို ပြောဆိုလေ့ရှိငြားအံ့၊ ပြိန်ဖျင်းသော စကားကို ပြောဆိုလေ့ ရှိငြားအံ့၊ သူတစ်ပါးစည်းစိမ် ကို လိုချင်တပ်မက်လေ့ရှိငြားအံ့၊ သူတစ်ပါးကို ပျက်စီးစေလိုသောစိတ် ရှိငြားအံ့၊ ့မှားသောအယူ ရှိငြားအံ့၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့သာ ရောက်ရာပါ၏၊ ဤအရာ၌ အကျွန်ုပ်အား ဤသို့သောထင်မြင်ချက်ရှိပါ၏၊ ဤသို့သာလျှင် အကျွန်ုပ်သည် ရဟန္တာတို့၏ (အထံမှ) ဤစကားကို ကြားဖူးပါ၏ဟု (လျှောက်၏)။

မင်းကြီး ကောင်းစွ ကောင်းစွ၊ မင်းကြီး သင်၏ ဤသို့သော ထင်မြင်ချက်ကား ကောင်းလှပေ၏။ ရဟန္တာတို့၏ (အထံမှ) သင်ကြားရသော ဤစကားသည် ကောင်းလှပေ၏။ မင်းကြီး ထိုအရာကိုအဘယ် သို့ မှတ်ထင်သနည်း၊ ဤလောက၌ ပုဏ္ဏားမျိုးသည်။ပ။ ဤလောက၌ ကုန်သည်မျိုးသည်။ပ။ ဤ လောက၌ သူဆင်းရဲမျိုးသည် အသက်သတ်လေ့ရှိငြားအံ့၊ မပေးသည်ကို ယူလေ့ရှိငြားအံ့။ပ။ မှားသော အယူရှိငြားအံ့၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသောမကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ရောက်ရာသလော၊ မရောက်ရာသလော၊ ဤအရာ၌သင့်အား အဘယ်သို့ ထင်မြင် ချက်ရှိသနည်းဟု (မေး၏)။ အသျှင်ကစ္စာန သူဆင်းရဲသည်လည်းအသက်သတ်လေ့ရှိငြားအံ့၊ မပေးသည် ကို ယူလေ့ရှိငြားအံ့။ပ။ မှားသောအယူ ရှိငြားအံ့၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသောလားရာ ဖရိုဖရဲကျရာငရဲသို့သာ ရောက်ရာပါ၏၊ ဤအရာ၌ အကျွန်ုပ်အား ဤသို့သော ထင်မြင်ချက်ရှိပါ၏၊ ဤသို့သာလျှင်အကျွန်ုပ်သည် ရဟန္တာတို့၏ အထံမှ ဤစကားကို ကြားဖူးပါ၏ဟု (လျှောက်၏)။

မင်းကြီး ကောင်းစွ ကောင်းစွ၊ မင်းကြီး သင်၏ ဤသို့သော ထင်မြင်ချက်ကား ကောင်းလှပေ၏။ ရဟန္တာတို့၏ အထံမှ သင်ကြားရသော ဤစကားသည် ကောင်းလှပေ၏။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ယင်းသို့ ဖြစ်သည်ရှိသော် ဤအမျိုးလေးပါးတို့သည် တူမျှကုန်သလော၊ မတူမျှကုန်သလော၊ ဤအရာ၌ သင်မင်းကြီးအား အဘယ်သို့သော ထင်မြင်ချက်ရှိသနည်းဟု (မေး၏)။ အိုကစ္စာန ဤသို့ ဖြစ်သည်ရှိသော် စင်စစ်အားဖြင့် ဤအမျိုးလေးပါးတို့သည် တူမျှကြပါကုန်၏၊ ဤအရာ၌ ထိုအမျိုးလေးပါးတို့၏ ခြားနားမှု တစ်စုံတစ်ခုကိုမျှ မမြင်ပါဟု (လျှောက်၏)။ မင်းကြီး “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ တစ်ပါးသော အမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏” ဟူသည်ဤလောက၌ စကားသာလျှင် ဖြစ်ပုံအကြောင်းကို ဤဆိုခဲ့ပြီးသော နည်းဖြင့်လည်း သိသင့်၏။

၃၂ဝ။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ မင်း မျိုးသည် အသက်သတ်ခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ ကာမတို့၌ မှားယွင်းစွာကျင့်ခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ ကုန်းတိုက်ခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ ကြမ်းတမ်းသော စကားကို ဆိုခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ ပြိန်ဖျင်းသော စကားကိုဆိုခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ သူတစ်ပါး စည်းစိမ်ကို တပ်မက်သောအားဖြင့် မကြံစည်ငြားအံ့၊ သူတစ်ပါးကို ပျက်စီး စေလိုစိတ် မရှိငြားအံ့၊ ဖြောင့်မှန်သော အယူကို ယူငြားအံ့၊ ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ ရောက်ရာသလော၊ မရောက်ရာသလော၊ ဤအရာ၌ သင့်အား အဘယ်သို့သော ထင်မြင်ချက်ရှိသနည်းဟု (မေး၏)။ အသျှင်ကစ္စာန မင်းမျိုးသည်လည်း အသက်သတ် ခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ မပေးသည်ကို ယူခြင်းမှကြဉ်ရှောင်ငြားအံ့၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ မဟုတ်မမှန်ပြောဆို ခြင်းမှကြဉ်ရှောင်ငြားအံ့၊ ကုန်းတိုက်ခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှကြဉ်ရှောင်ငြားအံ့၊ ပြိန်ဖျင်းသော စကားကို ဆိုခြင်းမှ ကြဉ် ရှောင်ငြားအံ့၊ သူတစ်ပါးစည်းစိမ်ကိုတပ်မက်သောအားဖြင့် မကြံစည်ငြားအံ့၊ သူတစ်ပါးကို ပျက်စီး စေလိုသောစိတ် မရှိငြားအံ့၊ ဖြောင့်မှန်သော အယူရှိငြားအံ့၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာနတ်ပြည်လောကသို့ ရောက်ရာပါ၏၊ ဤအရာ၌ အကျွန်ုပ်အား ဤသို့သော ထင်မြင် ချက်ရှိပါ၏၊ ့ဤသို့သာလျှင် အကျွန်ုပ်သည် ရဟန္တာတို့၏ (အထံမှ) ဤစကားကို ကြားဖူးပါ၏ဟု (လျှောက်၏)။

မင်းကြီး ကောင်းစွ ကောင်းစွ၊ မင်းကြီး သင်၏ ဤသို့သော ထင်မြင်ချက်ကား ကောင်းလှပေ၏။ ရဟန္တာတို့၏ (အထံမှ) သင်ကြားရသော ဤစကားသည် ကောင်းလှပေ၏။ မင်းကြီး ထိုအရာကိုအဘယ် သို့ မှတ်ထင်သနည်း၊ ဤလောက၌ ပုဏ္ဏားမျိုးသည်။ပ။ ဤလောက၌ ကုန်သည်မျိုးသည်။ပ။ ဤ လောက၌ သူဆင်းရဲမျိုးသည် အသက်သတ်ခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ မပေးသည်ကို ယူခြင်းမှကြဉ်ရှောင် ငြားအံ့၊ ဖြောင့်မှန် သောအယူ ရှိငြားအံ့၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ကောင်းသော လားရာ နတ်ပြည်လောကသို့ ရောက်ရာသလော၊ မရောက်ရာသလော၊ ဤအရာ၌သင့်အား အဘယ်သို့ သော ထင်မြင်ချက်ရှိသနည်းဟု (မေး၏)။ အသျှင်ကစ္စာန သူဆင်းရဲမျိုးသည်လည်းအသက်သတ်ခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ငြားအံ့။ပ။ ဖြောင့်မှန်သောအယူ ရှိငြားအံ့၊ ကိုယ် ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာနတ်ပြည်လောကသို့ ရောက်ရာပါ၏၊ ဤအရာ၌ အကျွန်ုပ်အား ဤသို့သော ထင်မြင်ချက်ရှိပါ၏၊ ဤသို့သာလျှင် အကျွန်ုပ်သည် ရဟန္တာတို့၏ အထံမှ ဤစကားကို ကြားဖူးပါ၏ဟု (လျှောက်၏)။

မင်းကြီး ကောင်းစွ ကောင်းစွ၊ မင်းကြီး သင်၏ ဤသို့သော ထင်မြင်ချက်ကား ကောင်းလှပေ၏။ ရဟန္တာတို့၏ (အထံမှ) သင်ကြားရသော ဤစကားသည် ကောင်းလှပေ၏။ မင်းကြီး ထိုအရာကိုအဘယ်သို့ မှတ်ထင်သနည်း၊ ဤသို့ ဖြစ်သည်ရှိသော် ဤ အမျိုးလေးပါးတို့သည် တူမျှကုန်သလော၊ မတူမျှကုန်သလော၊ ဤအရာ၌ သင့်အား အဘယ်သို့ ထင်မြင်ချက်ရှိပါသနည်းဟု (မေး၏)။ အသျှင်ကစ္စာန ဤသို့ ဖြစ်သည်ရှိသော် စင်စစ်အားဖြင့် ဤအမျိုးလေးပါးတို့သည် တူမျှပါကုန်၏၊ ဤအရာ၌ဤအမျိုးလေးပါးတို့၏ ခြားနားမှုတစ်စုံတစ်ခုကိုမျှ မမြင်ပါဟု (လျှောက်၏)။ မင်းကြီး “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ တစ်ပါးသောအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏” ဟူသည် ဤလောက၌ စကားသာလျှင် ဖြစ်ပုံအကြောင်းကို ဤဆိုခဲ့ပြီးသော နည်းဖြင့်လည်း သိသင့်၏။

၃၂၁။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ မင်းမျိုးသည် အိမ်ခြံစပ်ကိုမူလည်း ဖြတ်ရာ၏၊ ပုန်းကွယ်၍မူလည်း ခိုးယူရာ၏၊ တစ်အိမ်တည်းကို ဝိုင်းအုံခြံရံ၍တိုက်ခိုက်လုယက် ရာ၏၊ ခရီးဆုံ၌မူလည်း လုယက်လျက် တည်ရာ၏၊ သူတစ်ပါးမယားကိုလည်းသွားလာရာ၏၊ ထိုသူ့ကို မင်းချင်း ယောကျာ်းတို့သည် ဖမ်းယူ၍ “မင်းကြီး ဤသူသည် သင်မင်းကြီး၏ခိုးသူပါတည်း၊ မကောင်းမှု ကို ပြုကျင့်သူ ပါတည်း၊ ဤခိုးသူအား အလိုရှိရာ ဒဏ်ကိုတပ်တော်မူပါလော့”ဟု ဆို၍ သင့်အား အကယ်၍ ပြကုန်ငြားအံ့၊ ထိုခိုးသူကို အဘယ်သို့ပြုရာအံ့နည်းဟု (မေး၏)။ အသျှင်ကစ္စာန သတ်မူ လည်း သတ်ပါကုန်အံ့၊ ပစ္စည်းကိုမူလည်းသိမ်းပိုက်ပါကုန်အံ့။ တိုင်းပြည်မှ နှင်ထုတ်မူလည်း နှင်ထုတ်ပါ ကုန်အံ့၊ အကြောင်းအားလျော်စွာပြုမူလည်း ပြုပါကုန်အံ့။ ထိုသို့ ပြုခြင်သည် အဘယ်အကြောင်း ကြောင့်နည်း၊ အသျှင်ကစ္စာန ထိုသူ၏ရှေးက မင်းမျိုးဟူသော အမည်ကွယ်ပျောက်၍ ခိုးသူဟူသော အရေအတွက်သို့သာရောက်နေသောကြောင့်ပါတည်းဟု (လျှောက်၏)။

မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ ပုဏ္ဏားမျိုးသည်။ပ။ ဤ လောက၌ကုန်သည်မျိုးသည်။ပ။ ဤလောက၌ သူဆင်းရဲမျိုးသည်။ အိမ်ခြံစပ်ကိုမူလည်း ဖြတ်ငြားအံ့၊ ပုန်းကွယ်၍မူလည်း ခိုးယူငြားအံ့၊ တစ်အိမ်တည်းကိုမူလည်း ဝိုင်းအုံခြံရံ၍ တိုက်ခိုက်လုယက်ငြားအံ့၊ ခရီးဆုံ၌မူလည်းလုယက်လျက် တည်ငြားအံ့၊ သူတစ်ပါးမယားကိုလည်း သွားလာငြားအံ့၊ ထိုသူ့ကို မင်းချင်းယောကျာ်းတို့သည် ဖမ်းယူကြကုန်၍ “မင်းကြီး ဤသူကား သင်မင်းကြီး၏ ခိုးသူပါတည်း၊ မကောင်းမှုကို ပြုကျင့်သူပါတည်း၊ ဤသူအား အလိုရှိရာ ဒဏ်ကို တပ်တော်မူပါလော့”ဟု ဆို၍ သင့်အား အကယ်၍ပြကုန်ငြားအံ့၊ ထိုခိုးသူကို အဘယ်သို့ ပြုရာအံ့နည်းဟု (မေး၏)။ အသျှင်ကစ္စာန သတ်မူလည်း သတ်ပါ့ကုန်အံ့၊ ပစ္စည်းကိုမူလည်း သိမ်းပိုက်ပါကုန်အံ့၊ တိုင်းပြည်မှ နှင်ထုတ်မူလည်း နှင်ထုတ်ပါကုန်အံ့၊ အကြောင်းအားလျော်စွာ ပြုမူလည်း ပြုပါကုန်အံ့။ ထိုသို့ ပြုလုပ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ အသျှင်ကစ္စာန ထိုသူ၏ ရှေးက သူဆင်းရဲမျိုး ဟူသောအမည် ကွယ်ပျောက်၍ ခိုးသူဟူသော အရေအတွက်သို့သာ ရောက်နေသောကြောင့်ပါတည်းဟု (လျှောက်၏)။

မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤသို့ ဖြစ်သည်ရှိသော် ဤအမျိုးလေးပါး တို့သည်တူမျှကုန်သလော၊ မတူမျှကုန်သလော၊ ဤအရာ၌ သင့်အား အဘယ်သို့သော ထင်မြင်ချက်ရှိ သနည်းဟု (မေး၏)။ အသျှင်ကစ္စာန ဤသို့ ဖြစ်သည်ရှိသော် စင်စစ်အားဖြင့် ဤအမျိုးလေးပါးတို့သည်တူမျှပါကုန်၏၊ ဤအရာ၌ ထိုအမျိုးလေးပါးတို့၏ ခြားနားမှု တစ်စုံတစ်ခုကိုမျှ မမြင်ပါဟု (လျှောက်၏)။ မင်းကြီး “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ တစ်ပါးသောအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏အမွေခံ ဖြစ်ကုန်၏” ဟူသည် လောက၌ စကားသာလျှင် ဖြစ်ပုံအကြောင်းကို ဤဆိုခဲ့ပြီးသော နည်းဖြင့်လည်း သိသင့်၏။

၃၂၂။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ မင်းမျိုးသည် ဆံမုတ် ဆိတ်ကိုရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရာ၏၊ ထိုသူသည် အသက်သတ်ခြင်းမှ ကြဉ်ရှောင်ရာ၏၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ရာ၏၊ မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဉ်ရှောင်ရာ၏၊ ညဉ့်စာစားခြင်းမှ ကြဉ်ရှောင်၍ တစ်နပ်သာ စားရာ၏၊ မြတ်သောအကျင့်ကို ကျင့်ရာ၏၊ သီလရှိရာ၏၊ ကောင်းမြတ်သော အကျင့်ရှိရာ၏၊ ထိုသူကို အသို့ပြုရာအံ့နည်းဟု (မေး၏)။ အသျှင်ကစ္စာန ရှိခိုးမူလည်း ရှိခိုးပါကုန်အံ့၊ ခရီးဦးမူလည်း ကြိုဆိုပါကုန်အံ့၊ နေရာဖြင့်မူလည်း ဖိတ်မန်ပါကုန်အံ့၊ ထိုရဟန်းကို သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးပစ္စည်းတို့ဖြင့်လည်း ဖိတ်မန်ပါကုန်အံ့၊ ထိုရဟန်းအား တရားနှင့်လျော်သော စောင့်ရှောက်ခြင်း တားဆီးခြင်း လုံခြုံခြင်းကိုလည်း စီရင်ပါကုန်အံ့။ ထိုသို့ပြုလုပ်ရခြင်းသည် အဘယ့်ကြောင့်နည်း၊ အသျှင်ကစ္စာန ထိုသူ၏ ရှေးက မင်းမျိုး ဟူသော အမည်သည်ကွယ်ပျောက်၍ ရဟန်းဟူသော အရေအတွက်သို့သာ ရောက်နေသောကြောင့်ပါတည်းဟု (လျှောက်၏)။

မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ ပုဏ္ဏားမျိုးသည်။ပ။ ဤလောက၌ကုန်သည် မျိုးသည်။ပ။ ဤလောက၌ သူဆင်းရဲမျိုးသည် ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသောအဝတ်တို့ကို ဝတ်ရုံပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရာ၏၊ ထိုသူသည် အသက်သတ်ခြင်းမှကြဉ်ရှောင်ရာ၏၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ရာ၏၊ မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဉ်ရှောင်ရာ၏၊ ညဉ့်စာစားခြင်းမှ ကြဉ်ရှောင်၍ တစ်နပ်သာ စားရာ၏၊ မြတ်သောအကျင့်ကို ကျင့်ရာ၏၊ သီလရှိရာ၏၊ ကောင်းမြတ်သော အကျင့် ရှိရာ၏၊ ထိုသူကို အသို့ပြုရာအံ့နည်းဟု (မေး၏)။ အသျှင်ကစ္စာန အကျွန်ုပ်တို့သည် ရှိခိုးမူလည်း ရှိခိုးပါကုန်အံ့၊ ခရီးဦးမူလည်း ကြိုဆိုပါကုန်အံ့၊ နေရာဖြင့်မူလည်း ဖိတ်မန်ပါကုန်အံ့၊ ထိုရဟန်းကို သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ အသက်၏အရံအတားဖြစ်သော ဆေးပစ္စည်းတို့ဖြင့်မူလည်း ဖိတ်မန်ပါ ကုန်အံ့၊ ထိုရဟန်းအား တရားနှင့်လျော်သောစောင့်ရှောက်ခြင်း တားဆီးခြင်း လုံခြုံခြင်းကိုမူလည်း စီရင်ပါကုန်အံ့။ ထိုသို့စီရင်ရခြင်းသည် အဘယ့်ကြောင့်နည်း။ အသျှင်ကစ္စာန ထိုသူ၏ ရှေးက သူဆင်းရဲဟူသောအမည် ကွယ်ပျောက်၍ ရဟန်းဟူသောအရေအတွက်သို့သာ ရောက်နေသောကြောင့်ပါတည်းဟု (လျှောက်၏)။

မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤသို့ ဖြစ်သည်ရှိသော် ဤအမျိုးလေးပါးတို့ သည်တူမျှကုန်သလော၊ မတူမျှကုန်သလော၊ ဤအရာ၌ သင့်အား အဘယ်သို့သော ထင်မြင်ချက်ရှိပါသနည်းဟု (မေး၏)။ အသျှင်ကစ္စာန ဤသို့ ဖြစ်သည်ရှိသော် စင်စစ်အားဖြင့် ဤအမျိုးလေးပါးတို့သည်တူမျှပါကုန်၏၊ ဤအရာ၌ ဤအမျိုးလေးပါးတို့၏ ခြားနားမှု တစ်စုံတစ်ခုကိုမျှ မမြင်ပါဟု (လျှောက်၏)။ မင်းကြီး “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ တစ်ပါးသော အမျိုးသည် ယုတ်၏၊ ပုဏ္ဏားမျိုးသည်သာလျှင့်ဖြူစင်၏၊ တစ်ပါးသော အ မျိုးသည် မည်းညစ်၏၊ ပုဏ္ဏားတို့သည်သာ စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သည်သာလျှင် ဗြဟ္မာ၏ သားရင်းတို့ ဖြစ်ကုန်၏၊ ခံတွင်းမှပေါက်ဖွားလာကုန်၏၊ ဗြဟ္မာဖန်ဆင်း ထားသူများ ဖြစ်ကုန်၏၊ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏” ဟူသည်လောက၌ စကားမျှသာ ဖြစ်ပုံအကြောင်းကို ဤသို့သောနည်းဖြင့်လည်း သိသင့်၏ဟု (မိန့်တော်မူ၏)။

၃၂၃။ ဤသို့ မိန့်တော်မူသော် အဝနိ ္တမင်း၏ မြေးဖြစ်သော မဓုရာမင်းသည် အသျှင်မဟာကစ္စာန အားဤစကားကို လျှောက်၏ “အသျှင်ကစ္စာန (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ကစ္စာန (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ကစ္စာန ဥပမာသော်ကားမှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း ‘မျက်စိအမြင်ရှိသော သူတို့သည်အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်းအသျှင်ကစ္စာန ဤအတူသာလျှင် အသျှင်ကစ္စာနသည် များစွာသော အကြောင်းဖြင့် တရားတော်ကိုပြတော်မူပါပေ၏၊ အသျှင်ကစ္စာန အကျွန်ုပ်သည် အသျှင်ကစ္စာနကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ကစ္စာနသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သောဥပါသကာဟု မှတ်တော်မူပါ”ဟု (လျှောက်၏)။

မင်းကြီး သင်သည် ငါ့ကို ကိုးကွယ်ရာဟူ၍ မဆည်းကပ်လေလင့်၊ ကိုးကွယ်ရာဟူ၍ ငါ ဆည်းကပ် သောမြတ်စွာဘုရားကိုသာလျှင် ကိုးကွယ်ရာဟူ၍ သင် ဆည်းကပ်လေလော့ဟု (ဆို၏)။ အသျှင်ကစ္စာနပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ယခုအခါ အဘယ်အရပ်၌ သီတင်းသုံးနေတော်မူပါသနည်းဟု (လျှောက်၏)။ မင်းကြီးပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်စံတော်မူလေပြီဟု (မိန့်ဆို၏)။

အသျှင်ကစ္စာန မြတ်စွာဘုရားကို ဆယ်ယူဇနာတို့၌ ရှိ၏ဟူ၍ အကျွန်ုပ်တို့ ကြားကုန်ငြားအံ့၊ အကျွန်ုပ်တို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ရန် ဆယ်ယူဇနာတို့ကိုသော်လည်း သွားကြပါကုန်အံ့၊ အသျှင်ကစ္စာန မြတ်စွာဘုရားကို ယူဇနာနှစ်ဆယ်တို့၌ ရှိ၏ဟူ၍ အကျွန်ုပ်တို့ ကြားကုန်ငြားအံ့၊ ယူဇနာသုံးဆယ်တို့၌။ပ။ ယူဇနာလေးဆယ်တို့၌။ပ။ မြတ်စွာဘုရားကို ယူဇနာငါးဆယ်တို့၌ ရှိ၏ဟူ၍ အကျွန်ုပ်တို့ ကြားကုန်ငြားအံ့၊ အကျွန်ုပ်တို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ရန် ယူဇနာငါးဆယ်တို့ကိုသော်လည်းသွားကြပါ ကုန်အံ့။ အသျှင်ကစ္စာန မြတ်စွာဘုရားကို ယူဇနာတစ်ရာ၌ ရှိ၏ဟူ၍ အကျွန်ုပ်တို့ကြားကုန်ငြားအံ့၊ အကျွန်ုပ်တို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ရန် ယူဇနာတစ်ရာတို့ကိုသော်လည်းသွားကြပါကုန်အံ့။ အသျှင် ကစ္စာန ထိုမြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူပြီဖြစ်သောကြောင့်ပရိနိဗ္ဗာန် စံတော်မူပြီးသော မြတ်စွာဘုရားကိုလည်း အကျွန်ုပ်တို့သည် ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ သံဃာတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ အသျှင်ကစ္စာနသည် အကျွန်ုပ်ကို အသက်ရှည်သမျှ ကာလပတ်လုံး (ရတနာသုံးပါးကို) ကိုးကွယ်ရာဟူ၍ ဆည်းကပ်တတ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့ဟု (လျှောက်၏)။

လေးခုမြောက် မဓုရသုတ် ပြီး၏။