မဇ္ဈိမနိကာယ်

၆—အင်္ဂုလိမာလသုတ်

၃၄၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်း၏ နိုင်ငံတော်၌ ကြမ်း၊ ကတ်သောသွေးစွန်းသော လက်ရှိသော သတ်ဖြတ်ညှဉ်းဆဲမှု၌ စိတ်စောသော သတ္တဝါတို့၌ အသနားကင်းမဲ့သောအင်္ဂုလိမာလမည်သော ခိုးသူသည် ရှိ၏။ ထိုအင်္ဂုလိမာလခိုးသူသည် ရွာတို့ကိုလည်း ရွာမဟုတ်အောင်ပြု၏၊ နိဂုံးတို့ကိုလည်း နိဂုံးမဟုတ်အောင် ပြု၏၊ နယ်ပယ်တို့ကိုလည်း နယ်ပယ်မဟုတ်အောင် ပြု၏။ ထိုအင်္ဂုလိမာလခိုးသူသည် လူတို့ကို သတ်ဖြတ်၍ သတ်ဖြတ်၍ လက်ချောင်းပန်းကုံးကို ဆောင်၏။ ထိုအခါမြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူတော်မူလျက် သာဝတ္ထိပြည်သို့ ဆွမ်းခံလှည့်လည်တော်မူပြီးလျှင် ဆွမ်းခံရာမှ ဖဲခွါတော်မူကာ ဆွမ်းစားပြီးနောက် ကျောင်း အိပ်ရာနေရာကို သိုမှီးသိမ်းဆည်းတော်မူ၍ သပိတ် သင်္ကန်းကို ယူပြီးလျှင် အင်္ဂုလိမာလခိုးသူရှိရာသို့ ခရီးရှည်ကြွတော်မူ၏။

နွားကျောင်းသား ဆိတ်ကျောင်းသား လယ်ထွန်ယောကျာ်း ခရီးသွားတို့သည် အင်္ဂုလိမာလ ခိုးသူရှိရာသို့ ခရီးရှည်ကြွတော်မူသော မြတ်စွာဘုရားကို မြင်ကြကုန်သော် “ရဟန်း ဤခရီးကို မသွားပါလင့်၊ ရဟန်း ဤခရီး၌ ကြမ်းကြုတ်သော သွေးစွန်းသောလက်ရှိသော သတ်ဖြတ်ညှဉ်းဆဲမှု၌ စိတ်စောနေသောသတ္တဝါတို့၌ အသနားကင်းမဲ့သော အင်္ဂုလိမာလမည်သော ခိုးသူသည် ရှိ၏။ ထိုအင်္ဂုလိမာလခိုးသူသည်ရွာတို့ကိုလည်း ရွာမဟုတ်အောင် ပြု၏၊ နိဂုံးတို့ကိုလည်း နိဂုံးမဟုတ်အောင် ပြု၏၊ နယ်ပယ်တို့ကိုလည်းနယ်ပယ်မဟုတ်အောင် ပြု၏။ ထိုအင်္ဂုလိမာလခိုးသူသည် လူတို့ကို သတ်ဖြတ်၍ သတ်ဖြတ်၍လက်ချောင်း ပန်းကုံးကို ဆောင်၏။ ရဟန်း ထိုခရီးကို တစ်ကျိပ် နှစ်ကျိပ် သုံးကျိပ် လေးကျိပ်ငါးကျိပ်သော ယောကျာ်းတို့သည် စုပေါင်း၍ စုပေါင်း၍ သွားကြကုန်၏၊ ထိုသူတို့သည်လည်းအင်္ဂုလိမာလခိုးသူ၏ လက်၌ ပျက်စီးခြင်းသို့ ရောက်ကြရကုန်၏”ဟု ပြောဆို လျှောက်ထား ကြကုန်၏။

ထိုသို့ လျှောက်ထားသော်လည်း မြတ်စွာဘုရားသည် ဆိတ်ဆိတ်ပင် ကြွသွားတော်မူ၏။ နှစ်ကြိမ်မြောက်လည်း နွားကျောင်းသား။ပ။ သုံးကြိမ်မြောက်လည်း နွားကျောင်းသား ဆိတ်ကျောင်းသား လယ်ထွန်ယောကျာ်း ခရီးသွားတို့သည် မြတ်စွာဘုရားကို “ရဟန်း ဤခရီးကို မသွားပါလင့်၊ ရဟန်း ဤခရီး၌ကြမ်းကြုတ်သော သွေးစွန်းသောလက်ရှိသော သတ်ဖြတ်ညှဉ်းဆဲမှု၌ စိတ်စောနေသော သတ္တဝါတို့၌အသနားကင်းမဲ့သော အင်္ဂုလိမာလမည်သော ခိုးသူသည် ရှိ၏။ ထိုအင်္ဂုလိမာလခိုးသူသည် ရွာတို့ကိုလည်းရွာမဟုတ်အောင် ပြု၏၊ နိဂုံးတို့ကိုလည်း နိဂုံးမဟုတ်အောင် ပြု၏၊ နယ်ပယ်တို့ကိုလည်း နယ်ပယ်မဟုတ်အောင် ပြု၏။ ထိုအင်္ဂုလိမာလ ခိုးသူသည် လူတို့ကို သတ်ဖြတ်၍ သတ်ဖြတ်၍ လက်ချောင်းပန်းကုံးကို့ဆောင်၏။ ရဟန်း ထိုခရီးကို တစ်ကျိပ် နှစ်ကျိပ် သုံးကျိပ် လေးကျိပ် ငါးကျိပ်သော ယောကျာ်းတို့သည်စုပေါင်း၍ စုပေါင်း၍ သွားကြကုန်၏၊ ထိုသူတို့သည်လည်း အင်္ဂုလိမာလခိုးသူ၏ လက်၌ ပျက်စီးခြင်းသို့ရောက်ကြရကုန်၏”ဟု ပြောဆိုလျှောက်ထားကြကုန်၏။

၃၄၈။ ထိုသို့လျှောက်သော်လည်း မြတ်စွာဘုရားသည် ဆိတ်ဆိတ်ပင် ကြွသွားတော်မူ၏။ အင်္ဂုလိမာလခိုးသူသည် ကြွလာတော်မူသော မြတ်စွာဘုရားကို အဝေးကပင် မြင်၍ “အချင်းတို့ အံ့သြဖွယ် ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ အကြောင်းမှာ ဤခရီးကို တစ်ကျိပ် နှစ်ကျိပ် သုံးကျိပ် လေးကျိပ်ငါးကျိပ်သော ယောကျာ်းတို့သည် စုပေါင်း၍ စုပေါင်း၍ သွားကြကုန်၏၊ ထိုယောကျာ်း တို့သည်လည်းငါ၏ လက်၌ ပျက်စီးခြင်းသို့ ရောက်ကြရကုန်၏။ သို့ဖြစ်ပါလျက် ဤရဟန်းသည် အဖော်မပါတစ်ပါးတည်း မလေးမခံ့ လာလေယောင်တကား၊ ငါသည် ဤရဟန်းကို သတ်ရမူ ကောင်းလေရာ၏”ဟုအင်္ဂုလိမာလအား ဤအကြံသည် ဖြစ်၏။ ထိုအခါ အင်္ဂုလိမာလခိုးသူသည် သန်လျက်နှင့် ကာကို ဆွဲကိုင်၍လေးနှင့်တောင့်ကို လွယ်ကာ မြတ်စွာဘုရား၏ နောက်မှ နောက်မှ အပြေး လိုက်လေပြီ။ ထိုအခါပြကတေ့အတိုင်း ကြွသွားတော်မူသော မြတ်စွာဘုရားကို အစွမ်းကုန်ပြေးလိုက်သော အင်္ဂုလိမာလခိုးသူမမီနိုင်လောက်အောင် တန်ခိုးဖန်ဆင်းခြင်းကို မြတ်စွာဘုရား ဖန်ဆင်းတော်မူ၏။

ထိုအခါ အင်္ဂုလိမာလအား “အချင်းတို့ အံ့သြဖွယ်ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်လေစွတ ကား၊ အကြောင်းမှာ ရှေးအခါက ငါသည် ပြေးနေသော ဆင်ကိုလည်း လိုက်၍ ဖမ်းနိုင်၏၊ ပြေးနေသောမြည်းကိုလည်း လိုက်၍ ဖမ်းနိုင်၏၊ ပြေးနေသော သမင်ကိုလည်း လိုက်၍ ဖမ်းနိုင်၏၊ ပြေးနေသောရထားကိုလည်း လိုက်၍ ဖမ်းနိုင်၏၊ ထိုသို့ဖမ်းယူနိုင်သော်လည်း ငါသည် ပကတိအတိုင်း သွားနေသောဤရဟန်းကို အစွမ်းကုန်လိုက်သော်လည်း မမှီနိုင်”ဟု အကြံဖြစ်လေ၏။ ရပ်လျက်သာလျှင် မြတ်စွာဘုရားကို “ရဟန်း ရပ်လော့ ရပ်လော့”ဟု ပြောဆို၏။ “အင်္ဂုလိမာလ ငါသည် ရပ်နေ၏၊ သင်သာ ရပ်လော့”ဟု (မိန့်တော်မူ၏)။ ထိုအခါ အင်္ဂုလိမာလ ခိုးသူအား “သာကီဝင်မင်းသား ဖြစ်ကြကုန်သော ဤရဟန်းတို့သည် မှန်သည်ကိုသာ ဆိုလေ့ရှိကြကုန်၏၊ မှန်သည်ကို ဝန်ခံလေ့ရှိကြကုန်၏၊ သို့ဖြစ်လျက် ဤရဟန်းသည် သွားလျက်သာလျှင် ‘အင်္ဂုလိမာလ ငါသည် ရပ်နေ၏၊ သင်သာ ရပ်လော့’ဟု ဆိုဘိ၏၊ ငါသည်ဤရဟန်းကို မေးရပါမူ ကောင်းလေရာ၏”ဟု အကြံဖြစ်၏။

၃၄၉။ ထိုအခါ အင်္ဂုလိမာလခိုးသူသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်ထား၏—

“ရဟန်း သွားနေလျက် ငါရပ်၏ဟု ဆိုဘိ၏၊ ရပ်သော အကျွန်ုပ်ကိုလည်း မရပ်ဟု ဆိုဘိ၏၊ ရဟန်းသင့်အား ထိုအကြောင်းကို မေးပါအံ့၊ သင်သည် အဘယ်သို့ ရပ်တည်၍ အကျွန်ုပ်သည် အဘယ်သို့မရပ်တည်ပါသနည်း”ဟု (လျှောက်၏)။

အင်္ဂုလိမာလ ငါသည် အခါခပ်သိမ်း အလုံးစုံသောသတ္တဝါတို့၌ တုတ် လှံတံကို ချထားပြီးဖြစ်၍ ရပ်လျက်ရှိ၏၊ သင်သည်ကား အလုံးစုံသော သတ္တဝါတို့၌ သတ် ဖြတ်ညှဉ်းဆဲခြင်းမှ မစောင့်စည်းသူ ဖြစ်၏၊ ထို့ကြောင့် ငါသည် ရပ်တည်သူဖြစ်၍ သင်သည် မရပ်တည်သူဖြစ်၏ဟု (မိန့်တော်မူ၏)။

ပူဇော်ထိုက်၍ အမြတ်တရားကို ရှာမှီးလေ့ရှိတော်မူသော မှန်သောစကားကိုသာ ဆိုလေ့ရှိတော်မူသောမြတ်စွာဘုရားသည် အချိန်ကြာမြင့်မှ အကျွန်ုပ်၏ နေရာ ဤတောအုပ်ကြီးသို့ကြွရောက်တော်မူဘိ၏တကား၊ ထိုအကျွန်ုပ်သည် အသျှင်ဘုရား ၏ တရားနှင့် စပ်ယှဉ်သော ဂါထာကိုကြားနာရသည် ဖြစ်ပါ၍ မကောင်းမှုကို ပယ်စွန့်လျက် ကျင့်ပါတော့အံ့။

ဤသို့ လျှောက်ထားပြီးလျှင် ခိုးသူကြီးသည် သန်လျက်ကိုလည်းကောင်း၊ လေးလက်နက်ကိုလည်းကောင်း ထုံးအိုင်ကမ်းပါးပြတ် ချောက်ထဲသို့ လွှင့်ပစ်လေပြီ၊ ခိုးသူကြီးသည်မြတ်စွာဘုရားခြေတော်တို့ကို ရှိခိုးပြီး ထိုအရပ်၌ပင် မြတ်စွာဘုရား အား ရှင်ရဟန်းအဖြစ်ကိုတောင်းပန်လေပြီ။

ထိုအခါ သနားခြင်းရှိတော်မူသော အမြတ်တရားကို ရှာမှီးလေ့ရှိတော်မူသော နတ်နှင့်တကွသောလောက၏ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ထို အင်္ဂုလိမာလခိုးသူကို ‘ရဟန်း လာလော့’ဟုမိန့်ကြားတော်မူ၏၊ ထိုစကားသည် သာလျှင် ထိုအင်္ဂုလိမာလခိုးသူ၏ ရဟန်းအဖြစ် ပြီးစီးလေသတည်း။

၃၅ဝ။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အင်္ဂုလိမာလဟူသော နောက်လိုက်ရဟန်းနှင့် သာဝတ္ထိပြည်သို့ ဒေသစာရီ ကြွချီတော်မူ၏၊ အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူသည်ရှိသော် သာဝတ္ထိပြည်သို့ရောက်တော်မူ၍ ထိုသာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်း၏ နန်းတော်တံခါးဝ၌ များစွာသော လူအပေါင်းသည်စည်းဝေးလျက် “မင်းကြီး သင်မင်းကြီး၏ တိုင်းနိုင်ငံ၌ ကြမ်း၊ ကတ်သော သွေးစွန်းသောလက်ရှိသောသတ်ဖြတ်ညှဉ်းဆဲမှု၌ စိတ်စောနေသော သတ္တဝါတို့၌ အသနားကင်းမဲ့သော အင်္ဂုလိမာလမည်သောခိုးသူသည် ရှိပါ၏။ ထိုအင်္ဂုလိမာလခိုးသူသည် ရွာတို့ကိုလည်း ရွာမဟုတ်အောင် ပြုပါကုန်၏၊ နိဂုံးတို့ကိုလည်း နိဂုံးမဟုတ်အောင် ပြုပါကုန်၏၊ ဇနပုဒ်တို့ကိုလည်း ဇနပုဒ်မဟုတ်အောင် ပြုပါကုန်၏။ ထိုအင်္ဂုလိမာလခိုးသူသည် လူတို့ကို သတ်ဖြတ်၍ သတ်ဖြတ်၍ လက်ချောင်း ပန်းကုံးကို ဆောင်ပါ၏။ အသျှင်မင်းကြီးသည် ထိုအင်္ဂုလိမာလခိုးသူကို တားမြစ်တော်မူပါလော့”ဟု ပြင်းပြကျယ်လောင်သောအသံကို ပြု၏။

ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ငါးရာသောမြင်းတို့ဖြင့် သာဝတ္ထိပြည်မှ နေမွန်းတည့်ချိန် ဝယ်ထွက်ခဲ့၍ ဇေတဝန်ကျောင်းအရံသို့ ဝင်လေ၏၊ ယာဉ်ဖြင့် သွားသင့်သော အရပ်တိုင်အောင် ယာဉ်ဖြင့်သွား၍ ယာဉ်မှ သက်ဆင်းပြီးလျှင် ခြေကျင်သာလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးလျက်သင့်လျော်ရာ၌ ထိုင်နေသော မင်းကြီးကို မြတ်စွာဘုရားသည် “မင်းကြီး သင်သည် မဂဓတိုင်းကိုအစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းကိုမူလည်း အမျက်ထွက်လေသလော၊ ဝေသာလီပြည် လိစ္ဆဝီမင်းတို့ကိုမူလည်း အမျက်ထွက်လေသလော၊ တစ်ပါးသော ရန်သူမင်းတို့ကိုမူလည်း အမျက်ထွက်လေသလော”ဟု မေးတော်မူ၏။ အသျှင်ဘုရား အကျွန်ုပ်သည် မဂဓတိုင်းကို အစိုးရသော သေနိယမည်သောဗိမ္ဗိသာရမင်းကိုလည်း အမျက်မထွက်ပါ၊ ဝေသာလီပြည်ကို အစိုးရကုန်သော လိစ္ဆဝီမင်းတို့ကိုလည်းအမျက်မထွက်ပါ၊ တစ်ပါးသော ရန်သူမင်းတို့ကိုလည်း အမျက်မထွက်ပါ။ အသျှင်ဘုရား တပည့်တော်၏တိုင်းနိုင်ငံ၌ ကြမ်း၊ ကတ်သော သွေးစွန်းသောလက်ရှိသော သတ်ဖြတ်ညှဉ်းဆဲမှု၌ စိတ်စောနေသောသတ္တဝါ တို့၌ အသနားကင်းမဲ့သော အင်္ဂုလိမာလမည်သော ခိုးသူသည် ရှိပါ၏။ ထိုအင်္ဂုလိမာလခိုးသူသည် ရွာတို့ကိုလည်း ရွာမဟုတ်အောင် ပြုပါ၏၊ နိဂုံးတို့ကိုလည်း နိဂုံးမဟုတ်အောင် ပြုပါ၏၊ ဇနပုဒ်တို့ကို လည်း ဇနပုဒ်မဟုတ်အောင် ပြုပါ၏။ ထိုအင်္ဂုလိမာလခိုးသူသည် လူတို့ကို သတ်ဖြတ်၍သတ်ဖြတ်၍ လက်ချောင်းပန်းကုံးကို ဆောင်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ထိုအင်္ဂုလိမာလခိုးသူကိုတားမြစ် ပါအံ့ဟု (လျှောက်၏)။

မင်းကြီး သင်သည် ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်နေသော အသက်သတ်ခြင်းမှ ကြဉ်ရှောင်နေသော မပေးသည်ကိုယူခြင်းမှ ကြဉ်ရှောင် နေသော မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဉ်ရှောင်နေသော တစ်ထပ်သာစားနေသောမြတ်သောတရားရှိသော အင်္ဂုလိမာလကို အကယ်၍ မြင်လျှင် သင် အဘယ်သို့ ပြုအံ့နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရှိမူလည်း ခိုးပါကုန်အံ့၊ ခရီးဦးမူလည်း ကြိုပါကုန်အံ့၊ (ထိုင်ရန်) နေရာ ဖြင့်မူလည်း ပင့်ဖိတ်ပါကုန်အံ့၊ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏အထောက်အပံ့ဖြစ်သောအသက်၏အရံအတားဖြစ်သော ဆေးပစ္စည်းတို့ဖြင့်မူလည်း ဖိတ်ကြားပါကုန်အံ့၊ ထိုသို့သဘောရှိသောရဟန်းအား တရားနှင့်လျော်သော စောင့်ရှောက်လုံခြုံစေမှုကို စီရင်ပါကုန်အံ့။ အသျှင်ဘုရား ယုတ်ညံ့သောသဘောရှိသည့် ဒုဿီလပုဂ္ဂိုလ်အား ဤသို့သဘောရှိသော သီလကို စောင့်စည်းခြင်းသည် အဘယ်မှာ့ဖြစ်နိုင်ပါအံ့နည်းဟု (လျှောက်၏)။

ထိုအခါ အင်္ဂုလိမာလသည် မြတ်စွာဘုရား၏ အနီး၌ ထိုင်နေ၏။ ထိုအခါ မြတ်စွာဘုရားသည် လက်ယာလက်ရုံးကို မြှောက်ချီတော်မူ၍ ပသေနဒိကောသလမင်းကြီးကို “မင်းကြီး အင်္ဂုလိမာလဟူသည်ဤသူတည်း”ဟု မိန့်ကြားတော်မူ၏။ ထိုအခါ ပသေနဒီကောသမင်းကြီးအား ကြောက်ခြင်းသည် ဖြစ်လေ၏။ ကိုယ်ခက်တရော်ရှိ ခြင်းသည် ဖြစ်လေ၏၊ ကြက်သီးမွေးညင်းထခြင်းသည် ဖြစ်လေ၏။ ထိုအခါမြတ်စွာဘုရားသည် ပသေနဒိ ကောသလမင်းကြီး ကြောက်နေသည်ကို ထိတ်လန့်နေသည်ကို ကြက်သီးမွေးညင်းထနေသည်ကို သိတော်မူ၍ ပသေနဒိကောသလမင်းကြီးအား “မင်းကြီး မကြောက်လင့်၊ ဤသူမှသင့်အား ဘေးမရှိတော့ပါ”ဟု မိန့်ကြားတော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးအားကြောက်ခြင်း ကိုယ်ခက်တရော်ရှိခြင်း ကြက်သီးမွေးညင်းထခြင်း အားလုံးသည်ကင်းပျောက်ချုပ်ငြိမ်းလေ၏၊ ထိုအခါ ပသေနဒိကောသမင်းကြီးသည် အသျှင်အင်္ဂုလိမာလထံသို့ချဉ်းကပ်ပြီးလျှင် အသျှင်အင်္ဂုလိမာလအား “အသျှင်ဘုရား အသျှင်သည် အကျွန်ုပ်တို့၏အင်္ဂုလိမာလလေလော”ဟု (လျှောက်၏)။ “မင်းကြီး မှန်ပါ၏”ဟု (မိန့်ဆို၏)။ အသျှင်၏ဖခင်သည်အဘယ်အနွယ် ရှိပါသနည်း၊ အသျှင်၏ မယ်တော်သည် အဘယ်အနွယ် ရှိပါသနည်းဟု (လျှောက်၏)။ မင်းကြီး အဖသည် ဂဂ္ဂအနွယ်ရှိ၍ အမိသည် မန္တာဏီ အနွယ် ရှိ၏ဟု (မိန့်ဆို၏)။ အသျှင်ဘုရားဂဂ္ဂအနွယ်ရှိသော မန္တာဏီ၏ သားဖြစ်သော အသျှင်သည် မွေ့လျော်ပါလော့၊ အကျွန်ုပ်သည်လည်းဂဂ္ဂအနွယ်ရှိသော မန္တာဏီ၏ သားဖြစ်သော အသျှင်မြတ် အကျိုး ငှါ သင်္ကန်း ဆွမ်းကျောင်းအိပ်ရာနေရာ သူနာ၏အထောက်အပံ့ အသက်၏အရံအတားဖြစ်သော ဆေး ပစ္စည်းတို့ဖြင့်ကြောင့်ကြအားထုတ်မှုကို ပြုပါအံ့ဟု (လျှောက်၏)။

၃၅၁။ ထိုအခါ အသျှင်အင်္ဂုလိမာလသည် အရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် ပံသုကူဓုတင်တိစီဝရိက်ဓုတင်ကို ဆောင်၏။ ထိုအခါ အသျှင်အင်္ဂုလိမာလသည် ပသေနဒိကောသလမင်းကြီးကို”မင်းကြီး တန်ပြီ၊ ငါ့အား သင်္ကန်းပြည့်စုံပြီ”ဟု ပြောကြား၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည်မြတ်စွာ ဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် သင့်လျော်ရာနေရာ၌ ထိုင်နေလျက်”အသျှင် ဘုရား အံ့သြဖွယ် ရှိပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရားမြတ်စွာဘုရားသည် မယဉ်ကျေးသော သတ္တဝါတို့ကို ယဉ်ကျေးအောင် လွန်ကဲစွာဆုံးမတော်မူတတ်ပါပေစွ၊ မငြိမ်သက်သော သတ္တဝါတို့ကို လွန်ကဲစွာ ငြိမ်သက်စေတော်မူတတ်ပါပေစွ၊ မငြိမ်းအေးသေးသောသတ္တဝါတို့ကို လွန်ကဲစွာ ငြိမ်းအေးစေတော်မူတတ်ပါပေစွ။ အသျှင်ဘုရားအကျွန်ုပ်တို့သည် ယင်းအင်္ဂုလိမာလကို တုတ်လှံတံဖြင့် သော်လည်းကောင်း၊ ဓားလက်နက်ဖြင့်သော်လည်းကောင်း ဆုံးမခြင်းငှါ မစွမ်းနိုင်ကြပါကုန်၊ ထိုအင်္ဂုလိမာလ ကိုမြတ်စွာဘုရားသည် တုတ်လှံတံ မပါဘဲလျက် ဓားလက်နက် မပါဘဲလျက်သာလျှင် ယဉ်ကျေးစေတော်မူနိုင်ပါပေ၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် ယခု သွားကြပါကုန်အံ့၊ အကျွန်ုပ်တို့သည် များသောကိစ္စများသော ပြုဖွယ်ရှိကြပါကုန်၏”ဟု လျှောက်၏။ မင်းကြီး ယခု သွားရန် အချိန်ကို သင်သိ၏ (သွားရန်မှာ သင့်အလိုအတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။ ထိုအခါ ပသေနဒိကောသလ မင်းကြီးသည်နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ဖဲခွါသွားလေ၏။

ထိုအခါ အသျှင်အင်္ဂုလိမာလသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင်သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏။ အသျှင်အင်္ဂုလိမာလသည် သာဝတ္ထိပြည်၌ အိမ်စဉ်အတိုင်းဆွမ်းအလို့ငှါ လှည့်လည်တော်မူသည်ရှိသော် သားမဖွားနိုင်သော မသက်သာသော ကိုယ်ဝန်ရှိသောမိန်းမတစ်ယောက်ကို မြင်၍ “အချင်းတို့ သတ္တဝါတို့သည် ပင်ပန်းကုန်စွတကား၊ အချင်းတို့ သတ္တဝါတို့သည် ပင်ပန်းကုန်စွတကား”ဟု အကြံဖြစ်၏။ ထိုအခါ အသျှင်အင်္ဂုလိမာလသည် သာဝတ္ထိပြည်၌ ဆွမ်း့အလို့ငှါ လှည့်လည်၍ ဆွမ်းခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီးနောက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် သင့်လျော်စွာ ထိုင်နေလျက် “အသျှင်ဘုရား အကျွန်ုပ်သည်ယနေ့နံနက်ပိုင်းအခါက သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါဝင်ခဲ့ပါ၏။ အသျှင် ဘုရား အကျွန်ုပ်သည် သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှါ အိမ်စဉ်အတိုင်းလှည့်လည်တော်မူသည်ရှိသော် သားမဖွားနိုင်သော မသက်သာသော ကိုယ်ဝန်ရှိသော မိန်းမတစ်ယောက်ကိုမြင်ခဲ့ရ၍ အကျွန်ုပ်အား “အချင်းတို့ သတ္တဝါတို့သည် ပင်ပန်းကုန်စွတကား၊ အချင်းတို့ သတ္တဝါတို့သည်ပင်ပန်းကုန်စွတကား”ဟု အကြံဖြစ်ခဲ့ပါ၏ဟု (လျှောက်၏)။

အင်္ဂုလိမာလ သို့ဖြစ်မူ သင်သည် ထိုမိန်းမထံသို့ ချဉ်းကပ်ပြီးလျှင် ထိုမိန်းမကို “နှမ ငါသည်မွေးဖွားသောအခါမှ စ၍ သေစေလိုသော စေတနာဖြင့် သတ္တဝါတို့ကို သတ်ဖူးသည်ဟု မသိစဖူး၊ ထိုမှန်သောစကားကြောင့် သင့်အားလည်းကောင်း၊ ကိုယ်ဝန်သတ္တဝါအားလည်းကောင်း ချမ်းသာခြင်းသည်ဖြစ်စေသတည်း”ဟု ဆိုလေလော့ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ထိုအကျွန်ုပ်သည် သိလျက် ချွတ်ယွင်းသော စကားကို ပြောဆိုခြင်း ဖြစ်ရာသည်မဟုတ်ပါလော၊ အသျှင်ဘုရား အကျွန်ုပ်သည် များစွာသော သတ္တဝါတို့ကို သေစေလိုသော စေတနာနှင့်တကွ သတ်ခဲ့ဖူးသည် မဟုတ်ပါလောဟု (လျှောက်၏)။ အင်္ဂုလိမာလ သို့ဖြစ်မူ သင်သည် ထိုမိန်းမထံသို့ချဉ်းကပ်ပြီးလျှင် ထိုမိန်းမကို “နှမ ငါသည် အရိယာဇာတ်ဝင် ဖြစ်သောအခါမှ စ၍ သေစေလိုသောစေတနာဖြင့် သတ္တဝါကို သတ်ဖူးသည်ဟူ၍ မသိစဖူး၊ ထိုမှန်သောသစ္စာစကားကြောင့် သင့်အားလည်းကောင်း၊ ကိုယ်ဝန်သတ္တဝါအားလည်းကောင်း ချမ်းသာခြင်းသည် ဖြစ်စေသတည်း”ဟု ဆိုလေလော့ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အင်္ဂုလိမာလသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၍ ထိုမိန်းမထံသို့ ချဉ်းကပ်ပြီးလျှင် ထိုမိန်းမကို “နှမ ငါသည် အရိယာဇာတ်ဝင် ဖြစ်သောအခါမှစ၍သေစေလိုသော စေတနာဖြင့် သတ္တဝါကို သတ်ဖူး၏ဟူ၍ ငါ မသိစဖူး၊ ထိုမှန်သောသစ္စာစကားကြောင့်သင့်အားလည်းကောင်း၊ ကိုယ်ဝန်သတ္တဝါအားလည်းကောင်း ချမ်းသာခြင်းသည် ဖြစ်စေသတည်း”ဟု ပြောဆို၏။ ထိုအခါ ထိုမိန်းမအားလည်းကောင်း၊ ကိုယ်ဝန်သတ္တဝါအားလည်းကောင်း ချမ်းသာခြင်း ဖြစ်လေ၏။

ထိုအခါ အသျှင်အင်္ဂုလိမာလသည် တစ်ပါးတည်း ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍ မမေ့မလျော့ ပြင်းထန်စွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် မကြာမီပင်လျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြကုန်သော အမျိုးကောင်းသားများ လိုလားအပ်သည့် အတုမဲ့မြတ်သောအကျင့်၏ ဆုံးခန်းတိုင်မှုကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေပြီ၊ ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအတွက် တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိပြီ”ဟု သိ၏။ အသျှင်အင်္ဂုလိမာလသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေသတည်း။

၃၅၂။ ထိုအခါ အသျှင်အင်္ဂုလိမာလသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကိုယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏။ ထိုအခါ တစ်ပါးသောအရပ်သို့ ပစ်သောခဲသည်အသျှင် အင်္ဂုလိမာလ၏ကိုယ်ပေါ်၌ ကျ၏၊ တစ်ပါးသောအရပ်သို့ ပစ်သော တုတ်လှံတံသည် အသျှင်အင်္ဂုလိမာလ၏ ကိုယ်ပေါ်၌ ကျ၏၊ တစ်ပါးသောအရပ်သို့ ပစ်သော ကျောက်စရစ်သည် အသျှင်အင်္ဂုလိမာလ၏ ကိုယ်ပေါ်၌ ကျ၏၊ ထိုအခါ အသျှင်အင်္ဂုလိမာလသည် ကွဲသောဦးခေါင်း ယိုစီးသောသွေးကွဲသောသပိတ် စုတ်ပြတ်သောဒုကုဋ်ဖြင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။ မြတ်စွာဘုရားသည် အဝေးမှလာသော အသျှင်အင်္ဂုလိမာလကို မြင်တော်မူ၍ “မကောင်းမှုကို အပပြုပြီးသောရဟန်း သင်သည်းခံလော့၊ မကောင်းမှုကို အပပြုပြီးသောရဟန်း သင် သည်းခံလော့၊ မကောင်းမှုကို အပပြုပြီးသော ရဟန်း သင်သည် ယင်း (ပါဏာတိပါတ) အကုသိုလ်ကံ၏ အကျိုးအားဖြင့် နှစ်ပေါင်းများစွာနှစ်ရာပေါင်းများစွာ နှစ်ထောင်ပေါင်းများစွာပတ်လုံး ငရဲ၌ ကျက်လေရာ၏။ မကောင်းမှုကို အပပြုပြီးသောရဟန်း သင်သည် ထို (ပါဏာတိပါတ) အကုသိုလ်အကျိုးကို ယခုဘဝ၌ပင် ခံစားရဘိ၏”ဟုမိန့်တော်မူ၏။ ထိုအခါ အသျှင် အင်္ဂုလိမာလသည် ဆိတ်ငြိမ်ရာသို့ကပ်၍ တစ်ပါးတည်းကိန်းအောင်းလျက် အရဟတ္တဖိုလ်ချမ်းသာကို ခံစားနေ၏။ ထိုအခါ ဤဥဒါန်းကို ကျူးရင့်၏—

“ရှေးအခါကသာလျှင် မေ့လျော့၍ နောက်အခါ၌ မမေ့မလျော့သူသည် တိမ်တိုက်မှ လွတ်သောလကဲ့သို့ဤသတ္တလောကကို တောက်ပထွန်းလင်းစေ၏။

ပြုပြီးသော မကောင်းမှုကို ကုသိုလ်တရားဖြင့် ပိတ်ပင်တားဆီးသူသည် တိမ်တိုက် မှလွတ်သောလကဲ့သို့ ဤသတ္တလောကကို တောက်ပထွန်းလင်းစေ၏။

ငယ်ရွယ်စဉ်ကပင်လျှင် မြတ်စွာဘုရားသာသနာတော်၌ အားထုတ်သော ရဟန်း သည် တိမ်တိုက်မှလွတ်သောလကဲ့သို့ ဤသတ္တလောကကို တောက်ပထွန်းလင်း စေ၏။

ငါ၏ ရန်သူတို့သည် တရားနှင့်စပ်သော စကားကို ကြားနာနိုင်ကြပါစေကုန် သတည်း၊ ငါ၏ရန်သူတို့သည် မြတ်စွာဘုရားသာသနာတော်၌ အားထုတ်နိုင်ကြပါ စေကုန်သတည်း၊ ငါ၏ရန်သူဖြစ်ကုန်သော ထိုလူတို့သည် သူတစ်ပါးအား တရား ကို ဆောက်တည်ကြစေသည့်သူတော်ကောင်းတို့ထံသို့ ချဉ်းကပ်နိုင်ကြပါစေကုန် သတည်း။

ငါ၏ ရန်သူတို့သည် သည်းခံခြင်းကို ဆိုလေ့ရှိကုန်သော၊ မဆန့်ကျင်မှုမေတ္တာကို ချီးကျူးလေ့ရှိကုန်သောသူတို့၏ တရားကို အခါခါ နာကြားနိုင်ကြပါစေကုန် သတည်း၊ ထိုတရားကိုလည်း အစဉ်လိုက်နာကျင့်ကြံနိုင်ကြပါစေကုန်သတည်း။

ထို ငါ၏ရန်သူသည် စင်စစ် ငါ့ကို မညှဉ်းဆဲပါစေသတည်း၊ ငါမှတစ်ပါး အခြား သူကိုလည်းမညှဉ်းဆဲပါစေသတည်း၊ မွန်မြတ်သော နိဗ္ဗာန်သို့ ရောက်၍ အမြဲ တပ်မက်သော တဏှာကိုစောင့်ရှောက်နိုင်ပါစေသတည်း။

ရေကို မြောင်းသွယ်သူတို့သည် ရေကို ဆောင်ယူကြကုန်၏၊ မြားသမားတို့သည် မြားကိုဖြောင့်ကြကုန်၏၊ သစ်ရွေသမားတို့သည် သစ်ကို ဖြောင့်အောင် ရွေကြ ကုန်၏၊ ပညာရှိတို့သည်မိမိကိုယ်ကို ဆုံးမကြကုန်၏။

အချို့သူတို့သည် လှံတံဖြင့်လည်းကောင်း ချွန်းကောက်တို့ဖြင့်လည်းကောင်း၊ ကြိမ်လုံးတို့ဖြင့်လည်းကောင်း ဆုံးမကြကုန်၏၊ တာဒိဂုဏ်ရှိတော်မူသော မြတ်စွာ ဘုရားသည်တုတ်လှံတံမရှိဘဲ လက်နက်မရှိဘဲ ငါ့ကို ယဉ်ကျေးအောင် ဆုံးမတော် မူပြီ။

ငါသည် ရှေးအခါက ညှဉ်းဆဲတတ်သူဖြစ်လျက် ‘အဟိ ံသက’ အမည်ရှိခဲ့၏၊ ငါသည် ယနေ့မှ စ၍တစ်စုံတစ်ယောက်ကိုမျှ မညှင်းဆဲတတ်သောကြောင့် မှန်ကန် သောအမည် ရခဲ့ပြီ၊ ငါသည် ရှေးအခါကအင်္ဂုလိမာလဟူ၍ ထင်ရှားကျော်စောသော ခိုးသူကြီး ဖြစ်ခဲ့၏၊ ကြီးစွာသော သံသရာသြဃ၌နစ်မျောသည်ဖြစ်၍ မြတ်စွာ ဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။

ငါသည် ရှေးအခါက အင်္ဂုလိမာလဟူ၍ ထင်ရှားကျော်စောသော သွေးစွန်းသော လက်ရှိသောသူသတ်ယောကျာ်း ဖြစ်ခဲ့၏၊ ကိုးကွယ်ရာ နိဗ္ဗာန်ကို မြင်သည်ဖြစ်၍ ဘဝနှောင်ကြိုးနှင့် တူသောတဏှာကို နုတ်ပယ်ခဲ့ပြီ။

အကြိမ်များစွာ အပါယ်ရွာကို လားစေတတ်သော ထိုသို့သဘောရှိသော အကုသိုလ်ကံကို ပြုခဲ့သော်လည်းယင်းကံကို ရှို့မြှိုက်တတ်သည့် (မဂ်စေတနာ) တွေ့ထိအပ်သောကြောင့် မကောင်းကျိုးကြွေးမြီကင်းသည်ဖြစ်၍ ဘောဇဉ်ကို ငါ သုံးဆောင်ရပေပြီ။

ပညာမဲ့ငြား လူမိုက်များတို့သည် မေ့လျော့ခြင်းကို အားထုတ်ကြကုန်၏၊ ပညာရှိ ယောကျာ်းသည့်မမေ့မလျော့မှုကို မြတ်သောဥစ္စာကဲ့သို့ စောင့်ရှောက်၏၊ မေ့လျော့ ခြင်းကို အားမထုတ်ကြကုန်လင့်၊ ကာမဂုဏ်တို့၌ မွေ့လျော်ပေါင်းဖော်မှုကို အား မထုတ်ကြကုန်လင့်၊ မမေ့မလျော့ဘဲ ရှုဆင်ခြင်သူသည်သာပြန့်ပြောသော နိဗ္ဗာန် ချမ်းသာသို့ ပေါက်ရောက်နိုင်၏။

ထို ငါ၏ သာသနာ့ဘောင်သို့ ရောက်လာခြင်းသည် ကောင်းသော ရောက်လာ ခြင်းပေတည်း၊ ငါ၏ရဟန်းပြုအံ့ဟု ပြောဆိုခြင်းသည် မကောင်းသောပြောဆိုခြင်း မဟုတ်၊ ကောင်းစွာ ဝေဖန်ဟောကြားသောတရားတို့တွင် အမြတ်ဆုံး နိဗ္ဗာန်သို့ ရောက်ပြီ။

ထို ငါ၏ သာသနာ့ဘောင်သို့ ရောက်လာခြင်းသည် ကောင်းသော ရောက်လာ ခြင်းပေတည်း၊ ငါ၏ရဟန်းပြုအံ့ဟု ပြောဆိုခြင်းသည် မကောင်းသောပြောဆိုခြင်း မဟုတ်၊ ဝိဇ္ဇာသုံးပါးတို့သို့ အစဉ်အားဖြင့်ရောက်ခဲ့ပြီ၊ မြတ်စွာဘုရား၏ အဆုံး အမတော်ကို ပြုအပ်ပြီးပေပြီ”ဟု (ကျူးရင့်လေသတည်း)။

ခြောက်ခုမြောက် အင်္ဂုလိမာလသုတ် ပြီး၏။