မဇ္ဈိမနိကာယ်

၇—ပိယဇာတိကသုတ်

၃၅၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ တစ်ယောက်သော သူကြွယ်၏ ချစ်ဖွယ်နှစ်သက်ဖွယ်ဖြစ်သည့်တစ်ယောက်တည်းသော သားသည် သေဆုံး၏။ ထိုသားသေဆုံးခြင်းကြောင့် အလုပ်ကိစ္စကို မလုပ်လို၊ ထမင်းကိုလည်း မစားလို။ ထိုသူကြွယ်သည် သုသာန်သို့ သွား၍ “တစ်ယောက်တည်းသောသား အဘယ်မှာနည်း၊ တစ်ယောက်တည်းသောသား အဘယ်မှာနည်း”ဟု ငိုကြွေး၏။ ထို့နောက် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေသော ထိုသူကြွယ်ကို မြတ်စွာဘုရားသည် “သူကြွယ်ကိုယ့်စိတ်၌ တည်သော သင်၏ ဣန္ဒြေတို့သည် မရှိကုန်တကား၊ သင်၏ မျက်စိစသော ဣန္ဒြေတို့သည်ဖောက်ဖောက်ပြန်ပြန် ရှိကုန်စွတကား”ဟု မိန့်ဆိုမေးမြန်းတော်မူ၏။ အသျှင်ဘုရား အကျွန်ုပ်၏မျက်စိစသော ဣန္ဒြေတို့သည် အဘယ်မှာ ဖောက်ဖောက်ပြန်ပြန် မရှိဘဲ နေကုန်အံ့နည်း။ အသျှင်ဘုရားအကျွန်ုပ်၏ ချစ်ဖွယ် နှစ်သက်ဖွယ်ဖြစ်သော တစ်ယောက်တည်းသော သားသည် သေဆုံးပါ၏။ ထိုသားသေဆုံးခြင်းကြောင့် အလုပ်ကိစ္စကိုလည်း မပြုလုပ်လိုပါ၊ ထမင်းကိုလည်း မစားလိုပါ။ ထိုအကျွန်ုပ်သည်သုသာန်သင်္ချိုင်းသို့ သွား၍ “တစ်ယောက်တည်းသောသား အဘယ်မှာနည်း၊ တစ်ယောက်တည်းသောသားအဘယ်မှာနည်း”ဟု ငိုကြွေးပါ၏ဟု (လျှောက်၏)။

သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ၏၊ သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ ၏။ သူကြွယ် ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏ဟု အဘယ်သူအား ဤသို့ ဖြစ်လိမ့်မည်နည်း။ အသျှင်ဘုရားနှစ်သက်ခြင်း ဝမ်းမြောက်ခြင်းတို့သည်သာ ချစ်ခြင်းကြောင့် ဖြစ်ပေါ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏ဟု (လျှောက်၏)။ ထို့နောက် ထိုသူကြွယ်သည် မြတ်စွာဘုရား၏ စကားတော်ကို မနှစ်မြို့ဘဲကန့် ကွက်တားမြစ်၍ နေရာမှ ထကာ ဖဲသွားလေ၏။

၃၅၄။ ထိုအခါ များစွာကုန်သော အလောင်းကြူးသူ (ကစားသမား) တို့သည် မြတ်စွာဘုရား၏ အနီး၌အန်တို့ဖြင့် ကစားနေကြကုန်၏၊ ထိုအခါ ထိုသူကြွယ်သည် ထိုကစားသမားတို့ထံသို့ ချဉ်းကပ်၍”အချင်းတို့ ငါသည် ရဟန်းဂေါတမထံသို့ ချဉ်းကပ်၍ ရဟန်းဂေါတမကို ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ထိုင်နေခဲ့ပြီ၊ အချင်းတို့ သင့်လျော်ရာ၌ ထိုင်နေသော ငါ့ကို ရဟန်းဂေါတမသည် ‘သူကြွယ် ကိုယ့်စိတ်၌့တည်သော သင်၏ ဣန္ဒြေတို့သည် မရှိကုန်တကား၊ သင်၏ မျက်စိစသော ဣန္ဒြေတို့သည် ဖောက်ဖောက်ပြန်ပြန် ရှိကုန်စွတကား’ဟု မိန့်ဆို၏။ အချင်းတို့ ဤသို့မိန့်သည်ရှိသော် ငါသည် ရဟန်းဂေါတမကို ‘အသျှင်ဘုရား အကျွန်ုပ်၏ မျက်စိအစရှိသော ဣန္ဒြေတို့သည် အဘယ်မှာ ဖောက်ဖောက်ပြန်ပြန်မရှိဘဲ နေကုန်အံ့နည်း။ အသျှင်ဘုရား အကျွန်ုပ်၏ ချစ်ဖွယ် နှစ်သက်ဖွယ်ဖြစ်သည့်တစ်ယောက်တည်းသော သားသည် သေဆုံးခဲ့ပါ၏။ ထိုသားသေဆုံးခြင်းကြောင့် အလုပ်ကိစ္စကိုလည်းမပြုလုပ်လိုပါ၊ ထမင်း ကိုလည်း မစားလိုပါ။ ထိုအကျွန်ုပ်သည် သုသာန်သင်္ချိုင်းသို့ သွား၍တစ်ယောက်တည်းသောသား အဘယ်မှာနည်း၊ တစ်ယောက်တည်းသောသား အဘယ်မှာနည်းဟုငိုကြွေးမြည် တမ်းပါ၏’ဟု (လျှောက်၏)။

သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ၏၊ သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ ၏။ သူကြွယ် ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏ဟု (မိန့်ဆို၏)။ အသျှင်ဘုရား ပူဆွေးခြင်းငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏ဟု အဘယ်သူအား ဤသို့ ဖြစ်လိမ့်မည်နည်း။ အသျှင်ဘုရား နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းတို့သည်သာ ချစ်ခြင်းကြောင့် ဖြစ်ပေါ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏ဟု (လျှောက်၏)။ အချင်းတို့ ထိုအခါ ငါသည် ရဟန်း ဂေါတမ၏စကားကို မနှစ်မြို့ဘဲ ကန့်ကွက်တားမြစ်၍ နေရာမှထကာ ဖဲခဲ့ပြီ”ဟု ပြောဆို၏။ “သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ၏၊ သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ၏။ သူကြွယ် နှစ်သက်ဝမ်းမြောက်ခြင်းတို့သည်သာချစ်ခြင်းကြောင့် ဖြစ်ပေါ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏”ဟု (ပြောဆိုကြကုန်၏)။ ထိုအခါထိုသူကြွယ်သည် “ငါ၏ ဝါဒသည် ကစားသမားတို့၏ဝါဒနှင့် ညီမျှ၏”ဟု ဆို၍ ဖဲသွားလေ၏။ ထိုအခါဤစကားအကြောင်းအရာသည် အဆင့်ဆင့် နန်းတော်တွင်းသို့တိုင် ရောက်လေ၏။

၃၅၅။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မလ္လိကာမိဖုရားကြီးကို “မလ္လိကာမိဖုရား သင်မိဖုရား၏ ရဟန်းဂေါတမသည် ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏ဟု ဟောတော်မူသတတ်”ဟုမိန့်ဆို၏။ မင်းကြီး အကယ်၍ ဤစကားကို မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်အံ့၊ ဤစကားသည်ဤအတိုင်း မှန်ပေ၏ဟု (သံတော်ဦးတင်လေ၏)။ မလ္လိကာမိဖုရားသည် ရဟန်းဂေါတမ ပြောဆိုသောစကားတိုင်းကိုပင် ဤစကားကို မြတ်စွာဘုရား ဟောတော်မူသည်ဖြစ်အံ့၊ ဤစကားသည် ဤအတိုင်းမှန်ပေ၏ဟု အလွန်ဝမ်းမြောက်နှစ်သက်လေ့ရှိ၏၊ “ဆရာ ပြောဆိုတိုင်းသော စကားကိုသာလျှင် တပည့်သည် ‘ဆရာ ဤစကားသည် မှန်ပါ၏၊ ဆရာ ဤစကားသည် မှန်ပါ၏’ဟု အလွန်ဝမ်းမြောက်သကဲ့သို့၊ မလ္လိကာမိဖုရား သင်လည်း ရဟန်းဂေါတမပြောဆိုသော စကားတိုင်းကိုပင် ‘မင်းကြီး ဤစကားကိုအကယ်၍ မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်အံ့၊ ဤစကားသည် ဤအတိုင်း မှန်ပေ၏’ဟု အလွန်ဝမ်းမြောက်၏။ မမြတ်နိုးအပ်သောမလ္လိကာ သွားလော့၊ ပျက်စီးလေလော့”ဟု (ပြောဆို၏၊ အော်ငေါက်၏)။

ထိုအခါ မလ္လိကာမိဖုရားသည် နာဠိဇင်္ဃပုဏ္ဏားကို ခေါ်၍ “ပုဏ္ဏား သင် လာလော့၊ မြတ်စွာဘုရား ထံသို့ချဉ်းကပ်၍ ငါ၏စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်လော့၊ အနာကင်းကြောင်းရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းတို့ကို မေးလျှောက်လော့၊ ‘အသျှင်ဘုရား မလ္လိကာမိဖုရားသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကိုမေးမြန်းပါ၏’ဟု လျှောက်လေလော့၊ ထို့ပြင် ‘အသျှင်ဘုရား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏့ဟု မြတ်စွာဘုရား ဟောကြားတော်မူဖူးပါသလော’ဟုလည်း လျှောက်လေလော့။ မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း ကောင်းစွာ မှတ်သားနာယူခဲ့၍ ငါ့အား ပြောကြားလော့၊ မြတ်စွာဘုရားတို့သည်ချွတ်ယွင်းသောစကားကို မပြောဆိုကြကုန်”ဟု ပြောဆို၏။

“အသျှင်မိဖုရားကြီး ကောင်းပါပြီ”ဟူ၍သာလျှင် နာဠိဇင်္ဃပုဏ္ဏားသည် မလ္လိကာမိဖုရားကြီးအားပြန်လျှောက်ကြား၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေလျက်မြတ်စွာဘုရားကို “အသျှင်ဂေါတမ မလ္လိကာမိဖုရားသည် အသျှင်ဂေါတမ၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်းချမ်းသာစွာနေရကြောင်းတို့ကို မေးလိုက်ပါ၏၊ ထို့ပြင် ‘အသျှင်ဘုရား ပူဆွေးခြင်း ငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင်အမွန်အစရှိကုန်၏ဟု မြတ်စွာ ဘုရားဟောကြားတော်မူဖူးပါသလော’ဟူ၍လည်း ပြောဆိုမှာထားလိုက်ပါ၏”ဟု လျှောက်၏။

၃၅၆။ ပုဏ္ဏား ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ၏၊ ပုဏ္ဏား ဤအရာသည် ဤအတိုင်းပင်ဖြစ်ပေ၏။ ပုဏ္ဏား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏၊ ပုဏ္ဏား ပူဆွေးခြင်း ငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ပေါ်ပုံ, ချစ်ခြင်းလျှင်အမွန်အစရှိပုံကို ဤနည်းဖြင့် သိသင့်၏။ ပုဏ္ဏား ရှေးကဖြစ်ဖူးသည်ကား ဤသာဝတ္ထိပြည်၌ပင်တစ်ယောက်သော မိန်းမ၏ အမိသည် သေဆုံး၏၊ ထိုမိန်းမသည် ထိုအမိသေဆုံးခြင်းကြောင့် ရူးသွပ်သည်စိတ်ပျံ့လွင့်သည်ဖြစ်၍ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဉ်းကပ်၍”ငါ၏ အမိကို မြင်ကြပါကုန်၏လော၊ ငါ၏ အမိကို မြင်ကြပါကုန်၏လော”ဟု ဆိုပြီ။ ပုဏ္ဏားဤနည်းဖြင့် လည်း “ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်း ကြောင့် ဖြစ်ပေါ်ပုံ, ချစ်ခြင်းလျှင် အမွန်အစရှိပုံကို” သိသင့်၏။

ပုဏ္ဏား ရှေးကဖြစ်ဖူးသည်ကား ဤသာဝတ္ထိပြည်၌ပင် တစ်ယောက်သောမိန်းမ၏ အဖသည် သေဆုံး၏၊ မောင်ကြီးမောင်ငယ်သည် သေဆုံး၏။ ညီမ အစ်မသည် သေဆုံး၏။ သားသည် သေဆုံး၏။ သမီးသည်သေဆုံး၏။ လင်ယောကျာ်းသည် သေဆုံး၏၊ ထိုမိန်းမသည် ထိုလင်ယောကျာ်း သေဆုံးခြင်း ကြောင့်ရူးသွပ်သည် စိတ်ပျံ့လွင့်သည်ဖြစ်၍ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံ တစ်ခုသို့ချဉ်းကပ်၍ “ငါ၏လင် ယောကျာ်းကို မြင်ကြပါကုန်၏လော၊ ငါ၏လင်ယောကျာ်းကို မြင်ကြပါကုန်၏လော”ဟု ဆို၏။ ပုဏ္ဏား ဤနည်းဖြင့်လည်း “ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ပေါ်ပုံ, ချစ်ခြင်းလျှင် အမွန်အစရှိပုံကို”သိသင့်၏။ ပုဏ္ဏား ရှေးကဖြစ်ဖူးသည်ကား ဤသာဝတ္ထိပြည်၌ပင် တစ်ယောက်သော ယောကျာ်း၏အမိသည် သေဆုံး၏၊ ထိုယောကျာ်းသည် ထိုအမိသေဆုံးခြင်းကြောင့် ရူးသွပ်သည် စိတ်ပျံ့လွင့်သည်ဖြစ်၍လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဉ်းကပ်၍ “ငါ၏အမိကို မြင်ကြပါကုန်၏လော၊ ငါ၏အမိကို မြင်ကြပါကုန်၏လော”ဟု ဆို၏။ ပုဏ္ဏား ဤနည်းဖြင့်လည်း “ပူဆွေးခြင်းငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ပေါ်ပုံ, ချစ်ခြင်းလျှင် အမွန်အစရှိပုံကို” သိသင့်၏။

ပုဏ္ဏား ရှေးက ဖြစ်ဖူးသည်ကား ဤသာဝတ္ထိပြည်၌ပင် တစ်ယောက်သောယောကျာ်း၏ အဖသည် သေဆုံး၏။ ညီအစ်ကိုသည် သေဆုံး၏။ အစ်မ နှမသည် သေဆုံး၏။ သားသည် သေဆုံး၏။ သမီးသည်သေဆုံး၏။ မယားသည် သေဆုံး၏၊ ထိုယောကျာ်းသည် ထိုမယားသေဆုံးခြင်းကြောင့် ရူးသွပ်သည့်စိတ်ပျံ့လွင့်သည်ဖြစ်၍ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဉ်းကပ်၍”ငါ၏မယားကို မြင်ကြပါကုန်၏လော၊ ငါ၏မယားကို မြင်ကြပါကုန်၏လော”ဟု ဆို၏။ ပုဏ္ဏား ဤနည်းဖြင့်လည်း “ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်ချစ်ခြင်းကြောင့် ဖြစ်ပေါ်ပုံ, ချစ်ခြင်းလျှင် အမွန်အစရှိပုံကို” သိသင့်၏။

ပုဏ္ဏား ရှေးက ဖြစ်ဖူးသည်ကား ဤသာဝတ္ထိပြည်၌ပင် တစ်ယောက်သော မိန်းမသည် မိမိလင်ယောကျာ်း အိမ်မှ မိဘဆွေမျိုးတို့အိမ်သို့ သွားရောက်နေထိုင်၏၊ ထိုမိန်းမ၏ မိဘဆွေမျိုးတို့သည်လက်ရှိလင်ယောကျာ်းနှင့် ဖြတ်၍ အခြားယောကျာ်းနှင့် ထိမ်းမြားလိုကြကုန်၏၊ ထိုမိန်းမသည်ကား ထိုနောက်ထိမ်းမြားမည့်ယောကျာ်းကို အလိုမရှိ၊ မနှစ်သက်။ ထိုအခါ ထိုမိန်းမသည်လက်ရှိလင်ယောကျာ်းကို “အရှင့်သား ဤဆွေမျိုးတို့သည် ငါ့ကို သင်နှင့်ဖြတ်၍ အခြားယောကျာ်းနှင့်ထိမ်းမြားလိုကြကုန်၏၊ ငါလည်း ထိုယောကျာ်းကို အလိုမရှိ”ဟု ဆို၏။ ထိုအခါထိုလက်ရှိလင်ယောကျာ်းသည် ထိုမိန်းမကို နှစ်ပိုင်းပိုင်းပြီးလျှင် ငါတို့နှစ်ယောက်သည် သေလွန်သောနောက်ဘဝ၌ ပေါင်းကြကုန်အံ့ဟု ကြံ၍ မိမိ ရင်ဘတ်ကို ဖောက်ခွဲ၏။ ပုဏ္ဏား ဤနည်းဖြင့်လည်း”ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့်ဖြစ်ပေါ်ပုံ, ချစ်ခြင်းလျှင် အမွန်အစရှိပုံကို” သိသင့်၏ဟု (မိန့်တော်မူ၏)။

၃၅၇။ ထိုအခါ နာဠိဇင်္ဃပုဏ္ဏားသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန်နှစ်သက် ဝမ်းမြောက် ၍နေရာမှ ထကာ မလ္လိကာ မိဖုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် ပြောဆိုခဲ့သမျှ စကားအလုံးစုံကို မလ္လိကာမိဖုရားကြီးအား ပြောကြားလေ၏။ ထိုအခါ မလ္လိကာမိဖုရားကြီးသည် ပသေနဒိကောသလမင်းကြီးထံသို့ ချဉ်းကပ်၍ ပသေနဒိကောသလမင်းကြီးကို ဤသို့ ပြောဆို၏— “မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဝဇိရီသတို့သမီးကို သင်မင်းကြီး ချစ်သည် မဟုတ်လော”ဟု (မေးလျှောက်၏)။ မလ္လိကာ မှန်၏၊ ဝဇိရီသတို့သမီးကို ငါ ချစ်၏ဟု (မိန့်ဆို၏)။

မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အသင်မင်းကြီး၏ ဝဇိရီသတို့သမီးငယ်၏သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးလျှောက်၏)။ မလ္လိကာ ဝဇိရီသတို့သမီးငယ်၏ သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ ဇီဝိတိန္ဒြေသော်လည်း ဖောက်ပြန်ရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်းဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ထိုအကြောင်းကို ရည်ရွယ်၍ “ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏”ဟု ဟောကြားတော်မူ၏။

မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းကြီးသည် ဝါသဘခတ္တိယာ မင်းသမီးကိုချစ်သည် မဟုတ်လောဟု (မေးလျှောက်၏)။ မလ္လိကာ မှန်၏၊ ဝါသဘခတ္တိယာ မင်းသမီးကို ငါချစ်၏ဟု (မိန့်ဆို၏)။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဝါသဘခတ္တိယာ၏ သေဆုံးခြင်းတစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးလျှောက်၏)။ မလ္လိကာဝါသဘခတ္တိယာ၏ သေဆုံးခြင်း တစ်မျိုးတစ်မည်ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ ဇီဝိတိန္ဒြေသော်လည်းဖောက်ပြန်ရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်းဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို့ခံတော် မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားသည် ထို အကြောင်းကို ရည်ရွယ်၍ “ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်း ခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင်အမွန်အစရှိကုန်၏”ဟု ဟောကြားတော်မူ၏။

မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းကြီးသည် ဝိဋဋူဘစစ်သူကြီးကို ချစ်သည်မဟုတ်လောဟု (မေးလျှောက်၏)။ မလ္လိကာ မှန်၏၊ ဝိဋဋူဘစစ်သူကြီးကို ငါချစ်၏ဟု (မိန့်ဆို၏)။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဝိဋဋူဘစစ်သူကြီး၏ သေဆုံးခြင်း တစ်မျိုးတစ်မည်ဖောက်ပြန်ခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးလျှောက်၏)။ မလ္လိကာ ဝိဋဋူ ဘစစ်သူကြီး၏ သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ ဇီဝိတိန္ဒြေသော်လည်း ဖောက်ပြန်ရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်းဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ထိုအကြောင်းကိုရည်ရွယ်၍ “ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏”ဟု ဟောကြားတော်မူ၏။

မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းကြီးသည် အကျွန်ုပ်ကို ချစ်သည်မဟုတ်လောဟု (မေးလျှောက်၏)။ မလ္လိကာ မှန်၏၊ သင်မိဖုရားကို ငါချစ်ပေ၏ဟု (ဆို၏)။ မင်းကြီးထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အကျွန်ုပ်၏ သေဆုံးခြင်း တစ်မျိုးတစ်မည်ဖောက် ပြန်ခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးလျှောက်၏)။ မလ္လိကာ သင်၏ သေဆုံးခြင်း တစ်မျိုးတစ်မည်ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ ဇီဝိတိန္ဒြေသော်လည်း ဖောက်ပြန်ရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်းဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤအကြောင်းကို ရည်ရွယ်၍ “ပူဆွေးခြင်းငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏”ဟု ဟောကြားတော်မူ၏။

မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းကြီးသည် ကာသိတိုင်း ကောသလတိုင်းတို့ကို ချစ်သည် မဟုတ်လောဟု (မေးလျှောက်၏)။ မလ္လိကာ မှန်၏၊ ကာသိတိုင်း ကောသလတိုင်းတို့ကို ငါချစ်၏၊ မလ္လိကာ ကာသိတိုင်း ကောသလတိုင်းတို့၏ အာနုဘော်ကြောင့် ကာသိတိုင်း၌ဖြစ်သောစန္ဒကူးကို ခံစားသုံး ဆောင်ရ၏၊ ပန်းနံ့သာ နံ့သာပျောင်းတို့ကို သုံးဆောင်ရ၏ဟု (ဆို၏)။ မင်းကြီးထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ကာသိတိုင်း ကောသလတိုင်းတို့၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည် ပြောင်းလွဲခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးလျှောက်၏)။ မလ္လိကာ ကာသိတိုင်းကောသလတိုင်းတို့၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည်ပြောင်းလွဲခြင်းကြောင့် ငါ့မှာ ဇီဝိတိန္ဒြေသော်လည်းဖောက်ပြန်ရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်းဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကိုခံတော် မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားသည် ထိုအကြောင်းကို ရည်ရွယ်၍ “ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း့စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင်အမွန်အစရှိကုန်၏”ဟု ဟောကြား တော်မူ၏ဟု (လျှောက်၏)။

မလ္လိကာ အံ့ဖွယ်ရှိစွတကား၊ မလ္လိကာ မဖြစ်ဖူးမြဲ ဖြစ်ပေစွတကား၊ ထိုမြတ်စွာဘုရားသည် အလွန်တရာပညာဖြင့် ထိုးထွင်း၍ ပညာဖြင့် မြင်တော်မူတတ်ပါပေစွ၊ မလ္လိကာ လာလော့၊ နှုတ်ဆေးရေ ပေးလော့ဟု (မိန့်၏)။ ထို့နောက် ပသေနဒိကောသလမင်းကြီးသည် နေရာမှထ၍ လက်ဝဲတစ်ဖက် ပခုံး ထက်၌ကိုယ်ဝတ်ကို စံပယ်တင်သည်ကိုပြု၍ မြတ်စွာဘုရားထံသို့ လက်အုပ်ချီ၍ “နမော တဿ ဘဂဝတောအရဟတော သမ္မာ သမ္ဗုဒ္ဓဿ၊ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဟူ၍ သုံးကြိမ်တိုင်တိုင် ဥဒါန်းကျူးရင့်လေ သတည်း။

ခုနစ်ခုမြောက် ပိယဇာတိကသုတ် ပြီး၏။