မဇ္ဈိမနိကာယ်

၈—ဗာဟိတိကသုတ်

၃၅၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍သပိတ်သင်္ကန်းကို ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်လေ၏။ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းခံရာမှဖဲကာ ဆွမ်းစားပြီးနောက် မိဂါရသူဌေး၏ အမိသဖွယ်ဖြစ်သော ဝိသာခါ၏ ပုဗ္ဗာရုံကျောင်းပြာသာဒ်သို့ နေ့သန့်စင်ရန် ချဉ်းကပ်၏။ ထိုအခါ ပသေနဒိကောသလမင်းသည် ဧကပုဏ္ဍရီကဆင်ကို တက်စီး၍ နေ့မွန်းတည့်အချိန်၌ သာဝတ္ထိပြည်မှ ထွက်ခဲ့၏၊ ပသေနဒိကောသလမင်းသည် ကြွလာသော အသျှင်အာနန္ဒာကို အဝေးကပင် မြင်၍ သိရိဝဎ္ဍ အမတ်ကြီးကို “အဆွေသိရိဝဎ္ဍ ဤရဟန်းကား အသျှင်အာနန္ဒာလေလော”ဟု မေးမြန်း၏။ မင်းကြီး မှန်ပါ၏၊ ဤရဟန်းကား အသျှင်အာနန္ဒာပါတည်းဟု (လျှောက်၏)။

ထိုအခါ ပသေနဒိကောသလမင်းသည် မင်းချင်းတစ်ယောက်ကို “အမောင်ယောကျာ်း လာလော့၊ သင်သည် အသျှင်အာနန္ဒာထံသို့ချဉ်းကပ်၍ ငါ၏စကားဖြင့် အသျှင်အာနန္ဒာ၏ ခြေတော်တို့ကို ဦးတိုက်လေလော့၊ ‘အသျှင်ဘုရား ပသေနဒိကောသလမင်းသည် အသျှင်အာနန္ဒာ၏ ခြေတော်တို့ကို ဦးတိုက်ပါ၏’ဟု လျှောက်လေလော့၊ ထို့ပြင် ‘အသျှင်ဘုရား အသျှင်အာနန္ဒာအား တစ်စုံတစ်ခု အဆောတလျင်ပြုဖွယ်ကိစ္စ မရှိပါမူ သနားစောင့်ရှောက်မှုကို အကြောင်းပြု၍ တစ်ခဏမျှ ဆိုင်းငံ့တော်မူပါဦးလော့’ဟူ၍လည်း လျှောက်လေလော့”ဟု မိန့်ဆို၏။ “မင်းကြီး ကောင်းပါပြီ”ဟူ၍ ထိုယောကျာ်းသည် ပသေနဒီကောသလမင်းကြီးအား ပြန်လျှောက်ကြားပြီးလျှင် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာကိုရှိခိုးလျက် သင့်လျော်ရာ၌ ရပ်တည်ကာ “အသျှင်ဘုရား ပသေနဒီကောသလမင်းကြီးသည် အသျှင်ဘုရား၏ခြေတော်တို့ကို ဦးတိုက်ပါ၏၊ (ထို့ပြင်) ‘အသျှင်ဘုရား အသျှင်အာနန္ဒာအား အဆောတလျင် ပြုဖွယ်ကိစ္စမရှိပါမူ သနားစောင့်ရှောက်မှုကို အကြောင်းပြု၍ တစ်ခဏမျှ ဆိုင်းငံ့တော်မူပါဦးလော့’ ဟူ၍လည်းလျှောက်ထားလိုက်ပါ၏”ဟု လျှောက်ထားလေ၏။ အသျှင်အာနန္ဒာသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။

ထိုအခါ ပသေနဒိကောသလမင်းသည် ဆင်ဖြင့် သွားသင့်သော အရပ်တိုင်အောင် ဆင်ဖြင့်သွား၍ ဆင်မှဆင်းသက်ပြီးလျှင် ခြေကျင်သာလျှင် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အလွန်ရိုသေစွာ ရှိခိုးပြီးလျှင်သင့်လျော်ရာ၌ ရပ်တည်ကာ အသျှင်အာနန္ဒာကို “အသျှင်ဘုရား အသျှင်အာနန္ဒာအား အဆောတလျင်ပြုဖွယ်ကိစ္စမရှိပါမူ သနားစောင့်ရှောက်မှုကို အကြောင်းပြု၍ အစိရဝတီ မြစ်ကမ်းနားသို့ ကြွတော်မူစေချင်ပါ၏”ဟု လျှောက်၏။ အသျှင်အာနန္ဒာသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။

၃၅၉။ ထိုအခါ အသျှင်အာနန္ဒာသည် အစိရဝတီ မြစ်ကမ်းပါးသို့ ချဉ်းကပ်၍ တစ်ခုသော သစ်ပင် ရင်းခင်းထားသော နေရာ၌ ထိုင်၏။ ထိုအခါ ပသေနဒိကောသလမင်းသည် ဆင်ဖြင့် သွားသင့်သောအရပ်သို့တိုင်အောင် ဆင်ဖြင့်သွား၍ ဆင်မှ ဆင်းသက်ပြီးလျှင် ခြေကျင်သာလျှင် အသျှင်အာနန္ဒာထံသို့ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ရပ်တည်ကာ အသျှင်အာနန္ဒာကို “အသျှင်ဘုရား အသျှင်အာနန္ဒာသည် ဤဆင်ကုန်းနှီး၌ ထိုင်တော်မူပါလော့”ဟု လျှောက်၏။ မင်းကြီးတော်ပြီ၊ အသင်ထိုင်လော့၊ ငါသည် မိမိနေရာ၌ ထိုင်ပြီးပြီဟု (မိန့်၏)။ ပသေနဒိကောသလမင်းသည် ခင်းထားသောနေရာ၌ ထိုင် သည်သာတည်း။ ထိုင်နေပြီးသော ပသေနဒိ ကောသလမင်းသည် အသျှင်အာနန္ဒာကို”အသျှင်ဘုရား အာနန္ဒာ သမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော ကိုယ်ကျင့်တရားမျိုးကိုထိုမြတ်စွာဘုရားသည် ကျင့်ကြံရာပါသေးသလော”ဟု လျှောက်၏။ မင်းကြီး ပညာရှိ သမဏဗြာဟ္မဏတို့အပြစ်တင်ထိုက်သော ကိုယ်ကျင့်တရားမျိုးကို ထိုမြတ်စွာဘုရားသည် မကျင့်ကြံပါဟု (မိန့်ဆို ၏)။

အသျှင်ဘုရားအာနန္ဒာ။ပ။ နှုတ်ကျင့်တရားမျိုးကို ထိုမြတ်စွာဘုရားသည် ကျင့်ကြံရာပါသေးသလော။ပ။ ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော စိတ်ကျင့်တရားမျိုးကို ထိုမြတ်စွာဘုရားသည်ကျင့်ကြံရာပါသေးသလော”ဟု (မေးလျှောက်၏)။ မင်းကြီး ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော စိတ်ကျင့်တရားမျိုးကို ထိုမြတ်စွာဘုရားသည် မကျင့်ကြံပါဟု (မိန့်ဆို၏)။

အသျှင်ဘုရား အံ့ဖွယ်ရှိစွတကား၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်လေစွတကား၊ အသျှင်ဘုရားအကျွန်ုပ်တို့သည် အမေးအားဖြင့် ပြည့်စုံစေရန် မစွမ်းနိုင်သောအရာကို အသျှင်အာနန္ဒာသည် ပြဿနာဖြေကြားသဖြင့် ပြည့်စုံစေပါ၏။ အသျှင်ဘုရား မိုက်ကုန် မလိမ္မာကုန်သောသူတို့သည် မစူးစမ်းကြမဆင်ခြင်ကြကုန်မူ၍ သူတစ်ပါးတို့၏ ဂုဏ်ကိုလည်းကောင်း၊ ဂုဏ်ကျေးဇူးမဲ့ကိုလည်းကောင်း ပြောဆိုတတ်ကြကုန်၏၊ အကျွန်ုပ်တို့သည် ထိုသူတို့ ပြောဆိုသော စကားကို အနှစ်သာရအားဖြင့်မယုံကြည်ကြပါကုန်။ အသျှင်ဘုရား ပညာရှိကုန် လိမ္မာကုန် ထိုးထွင်းဉာဏ်ရှိကုန်သော သူတို့သည်စူးစမ်း ဆင်ခြင်၍ သူတစ်ပါး တို့၏ဂုဏ်ကိုလည်းကောင်း၊ ဂုဏ်ကျေးဇူးမဲ့ကိုလည်းကောင်းပြောဆိုကြကုန်၏၊ အကျွန်ုပ်တို့သည် ထိုပညာ ရှိတို့ ပြောဆိုသောစကားကို အနှစ်သာရအားဖြင့်ယုံကြည်ကြပါကုန်၏။

၃၆ဝ။ အသျှင်ဘုရားအာနန္ဒာ ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး မကောင်းသော ကိုယ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။

အသျှင်ဘုရား မကောင်းသော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးအပြစ်ရှိသော ကိုယ်ကျင့် တရားမျိုးပေတည်းဟု (ဆို၏)။

အသျှင်ဘုရား အပြစ်ရှိသော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးဆင်းရဲနှင့်တကွဖြစ်သော ကိုယ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။

အသျှင်ဘုရား ဆင်းရဲနှင့်တကွဖြစ်သော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက် ၏)။ မင်းကြီး ဆင်းရဲသောအကျိုးကို ဖြစ်စေတတ်သော ကိုယ်ကျင့် တရားမျိုးပေတည်းဟု (ဆို၏)။

အသျှင်ဘုရား ဆင်းရဲသောအကျိုးကို ဖြစ်စေတတ်သော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါ နည်းဟု (လျှောက်၏)။ မင်းကြီး မိမိဆင်းရဲရန် သူတစ်ပါးဆင်းရဲရန် နှစ်ပါးစုံဆင်းရဲရန် ဖြစ်သည့်ပြင်ထိုပုဂ္ဂိုလ်အား အကုသိုလ်တရားတိုးပွား၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ခြင်းသဘောရှိသည့် တရားမျိုးသည် ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော ကိုယ်ကျင့်တရားမျိုးဖြစ်၏ဟု (ဆို၏)။

အသျှင်ဘုရားအာနန္ဒာ နှုတ်ကျင့်တရားမျိုးဟူသည်။ပ။ ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက် သောစိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး မကောင်းသော စိတ်ကျင့်တရားမျိုး ပေတည်းဟု (ဆို၏)။

အသျှင်ဘုရား မကောင်းသော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးအပြစ်နှင့်တကွဖြစ်သော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။

အသျှင်ဘုရား အပြစ်နှင့်တကွဖြစ်သော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး ဆင်းရဲနှင့် တကွဖြစ်သော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။

အသျှင်ဘုရား ဆင်းရဲနှင့်တကွဖြစ်သော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး ဆင်းရဲသောအကျိုးကို ဖြစ်စေတတ်သော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။

အသျှင်ဘုရား ဆင်းရဲသော အကျိုးကို ဖြစ်စေတတ်သော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး မိမိဆင်းရဲရန် သူတစ်ပါးဆင်းရဲရန် နှစ်ပါးစုံဆင်းရဲရန် ဖြစ်သည့်ပြင် ထိုသူအား အကုသိုလ်တရားတို့ တိုးပွားကုန်၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ခြင်းသဘောရှိသည့် တရားမျိုးသည် ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော စိတ်ကျင့်တရားမျိုး ဖြစ်၏ဟု (ဆို၏)။

အသျှင်ဘုရားအာနန္ဒာ အလုံးစုံသော အကုသိုလ်တရားတို့ကိုသာလျှင် ပယ်ခြင်းကို ထိုမြတ်စွာဘုရားသည် ချီးမွမ်းတော်မူပါသလောဟု (လျှောက်၏)။ မင်းကြီး မြတ်စွာဘုရားသည် အလုံးစုံသော အကုသိုလ်တရားတို့ကို ပယ်တော်မူ၏ ကုသိုလ်တရားတို့နှင့် ပြည့်စုံတော်မူ၏ဟု (ဆို၏)။

၃၆၁။ အသျှင်ဘုရားအာနန္ဒာ ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်မတင်ထိုက်သော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး ကောင်းသော ကိုယ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။

အသျှင်ဘုရား ကောင်းသော ကိုယ်ကျင့် တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးအပြစ်မရှိသော ကိုယ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။

အသျှင်ဘုရား အပြစ်မရှိသော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးဆင်းရဲမရှိသော ကိုယ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။

အသျှင်ဘုရား ဆင်းရဲမရှိသော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးချမ်းသာသောအကျိုးကို ဖြစ်စေတတ်သော ကိုယ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။

အသျှင်ဘုရား ချမ်းသာသောအကျိုးကို ဖြစ်စေတတ်သော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး မိမိဆင်းရဲရန် သူတစ်ပါးဆင်းရဲရန် နှစ်ပါးစုံဆင်းရဲရန် မဖြစ်သည့်ပြင်ထိုပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးခြင်း သဘောရှိသည့် တရားမျိုးသည် ပညာရှိ သမဏဗြာဟ္မဏတို့ အပြစ်မတင်ထိုက်သော ကိုယ်ကျင့်တရားမျိုး ဖြစ်၏ဟု (ဆို၏)။

အသျှင်ဘုရားအာနန္ဒာ နှုတ်ကျင့်တရားမျိုးဟူသည်။ပ။ ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်မတင်ထိုက်သော စိတ်ကျင့်တရားမျိုး ဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး ကောင်းသော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။

အသျှင်ဘုရား ကောင်းသော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးအပြစ်မရှိသော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။

အသျှင်ဘုရား အပြစ်မရှိသော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးဆင်းရဲမရှိသော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။

အသျှင်ဘုရား ဆင်းရဲမရှိသော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးချမ်းသာသော အကျိုးကိုဖြစ်စေတတ်သော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။

အသျှင်ဘုရား ချမ်းသာသောအကျိုးကို ဖြစ်စေတတ်သော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး မိမိဆင်းရဲရန် သူတစ်ပါးဆင်းရဲရန် နှစ်ပါးစုံဆင်းရဲရန် မဖြစ်သည့်ပြင့်ထိုပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွားခြင်းသဘောရှိသည့် တရားမျိုးသည် ပညာရှိသမဏ ဗြာဟ္မဏတို့ အပြစ်မတင်ထိုက်သော စိတ်ကျင့်တရားမျိုးဖြစ်၏ဟု (ဆို၏)။

အသျှင်ဘုရားအာနန္ဒာ ထိုမြတ်စွာဘုရားသည် အလုံးစုံသော ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကိုသာ လျှင်ချီးမွမ်းတော်မူပါသလောဟု (လျှောက်၏)။ မင်းကြီး မြတ်စွာဘုရားသည် အလုံးစုံသော အကုသိုလ်တရားတို့ကို ပယ်တော်မူ၏၊ ကုသိုလ်တရားတို့နှင့် ပြည့်စုံတော်မူ၏ဟု (မိန့်ဆို၏)။

၃၆၂။ အသျှင်ဘုရား အံဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား အသျှင်အာနန္ဒာ ဟောကြားတော်မူသော ဤတရားတော်ကား အလွန် ကောင်းမြတ်လှပါပေ၏။ အသျှင်ဘုရားအကျွန်ုပ်တို့သည် အသျှင်အာနန္ဒာ၏ ဤစကားတော်ကြောင့်လည်း နှစ်လိုဝမ်းမြောက်ကြပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် အသျှင်အာနန္ဒာ၏ စကားတော်ကြောင့် နှစ်လိုဝမ်းမြောက်ကြပါကုန်သည်ဖြစ်၍အသျှင်အာနန္ဒာအား ဆင်ရတနာသည် အကယ်၍ အပ်စပ်ပါမူ ဆင်ရတနာကို အသျှင်အာနန္ဒာအား ပေးလှူပါကုန်အံ့။ အသျှင်အာနန္ဒာအား မြင်းရတနာသည် အကယ်၍ အပ်စပ်ပါမူ မြင်းရတနာကိုလည်း အသျှင်အာနန္ဒာအား အကျွန်ုပ်တို့သည် ပေးလှူပါကုန်အံ့။ အသျှင်အာနန္ဒာအား ရွာဆုသည် အကယ်၍အပ်စပ်ပါမူ ရွာဆုကိုလည်း အသျှင်အာနန္ဒာအား အကျွန်ုပ်တို့သည် ပေးလှူပါကုန်အံ့။ အသျှင်ဘုရားသို့ပင်ဖြစ်ပါသော် လည်း အကျွန်ုပ်တို့သည် “ထိုဆင်ရတနာစသည်သည် အသျှင်အာနန္ဒာအားမအပ်စပ်”သည်ကို သိရှိပါ ကုန်၏။ အသျှင်ဘုရား အကျွန်ုပ်၏ ဤဗာဟိတိကတိုင်းဖြစ် အဝတ်သည်မဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏သား အဇာတသတ်မင်းက အဝတ်ကျည်တောက်၌ ထည့်၍ပို့ဆက်သော အဝတ် ဖြစ်ပါ၏၊ အလျားအားဖြင့် တစ်ဆယ့်ခြောက်တောင်တိတိ ရှိပါ၏၊ အနံအားဖြင့်ရှစ်တောင်တိတိ ရှိပါ၏။ အသျှင်ဘုရား အသျှင်အာနန္ဒာသည် သနားစောင့်ရှောက်မှုကို အကြောင်းပြု၍ထိုအဝတ်အထည်ကို အလှူခံတော်မူပါလော့ဟု (လျှောက်၏)။ မင်းကြီး တန်ပြီ၊ ငါ့အား သင်္ကန်းသုံးထည်ပြည့်စုံပြီဟု (မိန့် ဆို၏)။

အသျှင်ဘုရား အသျှင် အာနန္ဒာသည်လည်းကောင်း၊ အကျွန်ုပ်တို့သည်လည်းကောင်း ဤ အစိရဝတီမြစ်ကို မြင်ကြပါကုန်၏။ တောင်ထိပ်၌ မိုးကြီးသည်းထန်စွာ ရွာသောအခါ ဤအစိရဝတီမြစ်သည် ကမ်းနှစ်ဖက်တို့ကို အပြည့်အလျှံ စီးသွားသကဲ့သို့၊ ဤအတူ အသျှင်အာနန္ဒာသည် ဤဗာဟိတိကတိုင်းဖြစ် အဝတ်အထည်ကို မိမိ၏ တိစီဝရိက် သင်္ကန်းပြုရပါလိမ့်မည်။ အသျှင်အာနန္ဒာ၏ အဟောင်းဖြစ်သော သင်္ကန်းသုံးထည်ကို သီတင်းသုံးဖော်တို့နှင့် ခွဲခြမ်းဝေဖန်ရပါလိမ့်မည်။ ဤသို့ သုံးဆောင်သည်ရှိသော် အကျွန်ုပ်တို့၏ ဤအလှူသည် စီး၍သွားပါလိမ့်မည် ထင်ပါသည်။ အသျှင်ဘုရား အသျှင်အာနန္ဒာသည် ဗာဟိတိကတိုင်းဖြစ် အဝတ်အထည်ကို အလှူခံတော်မူပါလော့ဟု (လျှောက်၏)။ အသျှင်အာနန္ဒာသည် ဗာဟိတိကတိုင်းဖြစ် အဝတ်အထည်ကို ခံယူလေ၏။

ထိုအခါ ပသေနဒိကောသလမင်းကြီးသည် အသျှင်အာနန္ဒာကို “အသျှင်ဘုရားအာနန္ဒာ ယခုအခါအကျွန်ုပ်တို့ သွားကြပါကုန်အံ့၊ အကျွန်ုပ်တို့သည် များသောကိစ္စ များသောပြုဖွယ် ရှိပါကုန်၏”ဟုလျှောက်လေ၏။ မင်းကြီး သွားရန်အချိန်ကို သင် သိ၏ (သွားရန်မှာ သင်၏အလိုအတိုင်းပင် ဖြစ်၏)ဟုမိန့်ဆို၏၊ ထိုအခါ ပသေနဒိ ကောသလမင်းကြီးသည် အသျှင်အာနန္ဒာ၏ တရားစကားကို အလွန်နှစ်သက်ဝမ်းမြောက်ကာ အနုမောဒနာပြု၍ နေရာမှ ထပြီးလျှင် အသျှင်အာနန္ဒာကို ရှိခိုး၍ အရိုအသေပြုကာဖဲသွားလေ၏။

၃၆၃။ ထိုအခါ အသျှင်အာနန္ဒာသည် ပသေနဒိကောသလမင်းကြီး ဖဲသွား၍ မကြာမီ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ထိုင်ကာ ပသေနဒိကောသလမင်းကြီးနှင့်အတူ ပြောဆိုခဲ့သမျှစကားအလုံးစုံကို မြတ်စွာဘုရားအား လျှောက်ထားလေ၏။ ထိုဗာဟိတိကတိုင်းဖြစ် အဝတ်အထည်ကိုလည်း မြတ်စွာဘုရားအား တစ်ဆင့်ဆက်ကပ်လှူဒါန်းလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကိုခေါ်၍ “ရဟန်းတို့ အာနန္ဒာကို ဖူးမြော်ရန်လည်းကောင်း၊ ဆည်းကပ်ရန်လည်းကောင်းအခွင့်ရခြင်းသည် ပသေနဒိကောသလမင်းအား အရတော်လေစွ၊ ရဟန်းတို့ ပသေနဒိကောသလမင်းသည်ကောင်းသော လာဘ်ကို ရလေစွ”ဟု မိန့်တော်မူ၏။

မြတ်စွာဘုရားသည် ဤစကားတော်ကို မိန့်တော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကြကုန်ပြီ။

ရှစ်ခုမြောက် ဗာဟိတိကသုတ် ပြီး၏။