မဇ္ဈိမနိကာယ်

၉—ဓမ္မစေတိယသုတ်

၃၆၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း မေဒါဠုပမည်သော သာကီဝင်တို့၏ နိဂုံး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် မြို့ငယ်တို့သို့ အစဉ်ရောက်လာ၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ဒီဃကာရာယနစစ်သူကြီးကိုခေါ်၍ “အဆွေ ကာရာယန ကောင်းသည်ထက် ကောင်းကုန်သော ယာဉ်တို့ကို ကကုန်လော့၊ ကောင်းမြတ်သော ရှုမျှော်ခင်းကို ကြည့်ရှုရန် ဥယျာဉ်မြေသို့ သွားကြကုန်အံ့”ဟု မိန့်၏။ “အရှင်မင်းကြီးကောင်းပါပြီ” ဟူ၍ ဒီဃကာရာယန စစ်သူကြီးသည် ပသေနဒိကောသလမင်းကြီးအားပြန်လျှောက်ကြားပြီးလျှင် ကောင်းသည် ထက် ကောင်းကုန်သော ယာဉ်တို့ကို က၍ “မင်းကြီးကောင်းသည်ထက် ကောင်းကုန်သော ယာဉ်တို့ကို ကပြီးပါပြီ၊ ယခု သွားရန်အချိန်ကို အရှင်မင်းကြီး သိ၏ (သွားရန်မှာ အရှင်မင်းကြီး၏ အလိုအတိုင်းပင် ဖြစ်ပါ၏)”ဟု လျှောက်၏။

ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ကောင်းသည်ထက် ကောင်းသော ယာဉ်ကို တက်စီး၍ကောင်းသည်ထက် ကောင်းကုန်သော ယာဉ်တို့ဖြင့် ကြီးကျယ်သော မင်း၏ ကျက်သရေဖြင့် မြို့ငယ်မှထွက်လေ၏၊ အရံဥယျာဉ်သို့ ဝင်လေ၏။ ယာဉ်ဖြင့် သွားနိုင်ရာ အရပ်တိုင်အောင် ယာဉ်ဖြင့်သွား၍ယာဉ်မှသက်ဆင်းပြီးလျှင် ခြေကျင်သာလျှင် အရံဥယျာဉ်သို့ ဝင်လေ၏။ ပသေနဒိကောသလမင်းကြီးသည်အရံဥယျာဉ်၌ အညောင်းပြေ လမ်းလျှောက်လှည့်လည်သည်ရှိသော် နှစ်သက်ဖွယ်ကြည်လင်ဖွယ်ကို ဖြစ်စေတတ်၍ တိတ်ဆိတ်ငြိမ်သက်လျက် လူတို့မှဖြစ်သော လေမှကင်းကုန်သော လူတို့လျှို့ဝှက်အပ်သောအမှုကို ပြုရာဖြစ်ကုန်သော တစ်ယောက်တည်း ကိန်းအောင်းခြင်းငှါ လျှောက်ပတ်ကုန်သောသစ်ပင်ရင်းတို့ကို မြင်သော် မြတ်စွာဘုရားကိုသာလျှင် အကြောင်းပြု၍ အောက်မေ့မှု ‘သတိ’ သည်ထင်ရှားဖြစ်ပေါ်၏ — “ဤသစ်ပင်ရင်းတို့သည် နှစ်သက်ဖွယ်ကို ဖြစ်စေတတ်ကုန်၏၊ ကြည်လင်ဖွယ်ကိုဖြစ်စေတတ်ကုန်၏၊ တိတ်ဆိတ်ကုန်၏၊ ငြိမ်သက်ကုန်၏၊ လူတို့မှဖြစ်သော လေမှကင်းကုန်၏၊ လူတို့လျှို့ဝှက်အပ်သော အမှုကို ပြုရာဖြစ်ကုန်၏၊ တစ်ယောက်တည်း ကိန်းအောင်းခြင်းငှါလျောက်ပတ်ကုန်၏၊ ယင်းသစ်ပင်မျိုးတို့၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရားကို ငါတို့ဆည်းကပ်ကြကုန်ဖူးပြီ”ဟု အောက်မေ့မှု ‘သတိ’ သည် ထင်ရှားစွာ ဖြစ်ပေါ်၏။

၃၆၅။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ဒီဃကာရာယနစစ်သူကြီးကို ခေါ်၍ “အချင်းကာရာယန စစ်သူကြီး ဤသစ်ပင်ရင်းတို့သည် နှစ်သက်ဖွယ်ကို ဖြစ်စေတတ်ကုန်၏၊ ကြည်လင်ဖွယ်ကိုဖြစ်စေတတ်ကုန်၏၊ တိတ်ဆိတ်ကုန်၏၊ ငြိမ်သက်ကုန်၏၊ လူတို့မှဖြစ်သော လေမှကင်းကုန်၏၊ လူတို့လျှို့ဝှက်အပ်သော အမှုကိုပြုရန် သင့်လျော်ကုန်၏။ ယင်းသစ်ပင်မျိုးတို့၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဆည်းကပ်ဖူးကုန်၏။ အဆွေကာရာယနစစ်သူကြီး ယခုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ့ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် အဘယ်အရပ်မှာ နေတော်မူသနည်း”ဟုမေး၏။ မင်းကြီး မေဒါဠုပမည်သော သာကီဝင်မင်းတို့၏ နိဂုံး၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူပါ၏ဟု (လျှောက်၏)။ အဆွေကာရာယန မေဒါဠုပမည်သော နိဂုံးရွာကြီးသည် မြို့ငယ်မှအဘယ်မျှလောက် ဝေးကွာရာ၌ ရှိပါသနည်းဟု (မေး၏)။ မင်းကြီး မဝေးလှပါ၊ သွားရန် အချိန် ရနိုင်ပါသေးသည်၊ သုံးယူဇနာမျှသာ ရှိပါ၏၊ ကြွင်းကျန်သော နေ့ပိုင်းဖြင့်သွားရန် တတ်နိုင်ပါ၏ဟု (လျှောက်၏)။

အဆွေကာရာယန သို့ဖြစ်ပါမူ ကောင်းသည်ထက် ကောင်းကုန်သော ယာဉ်တို့ကို ကစေလော့၊ ငါတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ရန် သွားကုန်အံ့ဟု (ဆို၏)။ “အရှင်မင်းမြတ် ကောင်းပါပြီ” ဟူ၍ဒီဃကာရာယန စစ်သူကြီးသည် ပသေနဒိကောသလမင်းကြီးအား ပြန်ကြား၍ ကောင်းသည်ထက် ကောင်းကုန်သော ယာဉ်တို့ကို ကစေပြီးလျှင် ပသေနဒိကောသလမင်းကြီးအား “အရှင်မင်းကြီး အရှင်မင်းကြီးအတွက် ကောင်းသည်ထက် ကောင်းကုန်သော ယာဉ်တို့ကို ကစေပြီးပါပြီ၊ ယခု သင်မင်းကြီးသည်သွားရန်အချိန်ကို သိ၏ (သွားရန်မှာ အရှင်မင်းကြီး၏ အလိုအတိုင်းပင် ဖြစ်ပါ၏)”ဟု လျှောက်၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ကောင်းသည်ထက် ကောင်းသော ယာဉ်ကို တက်စီး၍ ကောင်းသည်ထက် ကောင်းကုန်သော ယာဉ်တို့ဖြင့် မြို့ငယ်မှ ထွက်ပြီးလျှင် သာကီဝင်မင်းတို့၏နေရာ မေဒါဠုပမည်သော နိဂုံးသို့ သွားလေ၏၊ ထိုကြွင်းကျန်သော နေ့ပိုင်းဖြင့်သာလျှင် သာကီဝင်မင်းတို့၏နေရာမေဒါဠုပမည်သော နိဂုံးသို့ ရောက်လေ၏၊ ယာဉ်ဖြင့် သွားနိုင်သော အရပ်တိုင်အောင် ယာဉ်ဖြင့် သွား၍ယာဉ်မှ သက်ဆင်းပြီးလျှင် ခြေကျင်သာလျှင် ကျောင်းတော်သို့ ဝင်လေ၏။

၃၆၆။ ထိုစဉ်အခါ၌ များစွာသော ရဟန်းတို့သည် လွင်ပြင်၌ စင်္ကြံသွားနေကုန်၏၊ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ထိုရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် ထိုရဟန်းတို့အား “အသျှင်ဘုရားတို့ယခုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် အဘယ်အရပ်မှာ သီတင်းသုံးတော်မူပါသနည်း၊ တပည့်တော်တို့သည်ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားကို ဖူးမြင်ရန် အလိုရှိကြပါကုန်၏”ဟု လျှောက်၏။ မင်းကြီး တံခါးပိတ်ထားသော ဤကျောင်းသို့ တိတ်ဆိတ်စွာ ချဉ်းကပ်ပြီးနောက် မုခ်ဦးသို့ ဖြည်းညင်းစွာ ဝင်၍ ချောင်းဟန့်ပြီးလျှင်တံခါးကို ခေါက်လော့၊ မြတ်စွာဘုရားသည် သင့်အား တံခါးကို ဖွင့်ပေးတော်မူပါလိမ့်မည်ဟု (ဆိုကြကုန်၏)။

ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ထိုအရပ်၌သာလျှင် သန်လျက်ကိုလည်းကောင်း၊ သင်းကျစ်ကိုလည်းကောင်း ဒီဃကာရာယနစစ်သူကြီးအား အပ်နှင်းလေ၏။ ထိုအခါ ဒီဃကာရာယနစစ်သူကြီးအား “ယခုအခါ မင်းသည် လျှို့ဝှက်မှုကို ပြု၏၊ ယခုအခါ ဤအရပ်၌သာလျှင် ငါသည် ရပ်တည်သင့်၏”ဟု အကြံဖြစ်၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် တံခါးပိတ်ထားသော ကျောင်းသို့ တိတ်ဆိတ်စွာ ချဉ်းကပ်ပြီးနောက် မုခ်ဦးသို့ ဖြည်းညှင်းစွာ ဝင်၍ ချောင်းဟန့်ပြီးလျှင် တံခါးကို ခေါက်၏။ မြတ်စွာဘုရားသည် တံခါးကို ဖွင့်တော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ကျောင်းတွင်းသို့ဝင်၍ မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးခေါင်းဖြင့် ဝပ်၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ခံတွင်းဖြင့်စုပ်၏၊ လက်တို့ဖြင့်လည်း အဖန်ဖန် သုံးသပ်ဆုပ်နယ်၏ “အသျှင်ဘုရား အကျွန်ုပ်သည် ပသေနဒိကောသလမင်းပါတည်း၊ သျှင်ဘုရား အကျွန်ုပ်သည် ပသေနဒိ ကောသလမင်းပါတည်း”ဟု အမည်ကိုလည်းကြားလျှောက်၏။

၃၆၇။ မင်းကြီး သင်မင်းကြီးသည် အဘယ်အကျိုးကို မြင်သည်ဖြစ်၍ ဤခန္ဓာကိုယ်၌ ဤသို့သဘောရှိသော အလွန်အကြူးရိုသေခြင်းကို ပြုဘိသနည်း၊ ချစ်ခင်လေးစားမှုကို ပြုဘိသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြတ်စွာဘုရား၌ “မြတ်စွာဘုရားသည် မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောကြားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းမြတ်သော အကျင့်ရှိ၏”ဟု ဤသို့ အကျွန်ုပ်အား တရားတော်သို့ အစဉ်လိုက်သော ဉာဏ်သည် ဖြစ်ပါ၏။ မြတ်စွာဘုရား အကျွန်ုပ်သည် ဤလောက၌ ဆယ်နှစ် အနှစ်နှစ်ဆယ်အနှစ်သုံးဆယ် အနှစ်လေးဆယ်တို့ပတ်လုံး အပိုင်းအခြားပြု၍ မြတ်သောအကျင့်ကို ကျင့်ကုန်သောသမဏဗြာဟ္မဏအချို့တို့ကို တွေ့မြင်ရပါ၏။ ထိုသမဏ ဗြာဟ္မဏတို့သည် နောက်အခါ၌ ကောင်းစွာရေချိုးလိမ်းကျံ စီမံပြုပြင်ထားသော ဆံမုတ်ဆိတ်တို့ ရှိကုန်သည်ဖြစ်၍ ကာမဂုဏ်ငါးပါးတို့ဖြင့် ရောင့်ရဲပြည့်စုံ ခံစားကြကုန်၏။ အသျှင်ဘုရား ဤသာသနာတော်၌ အကျွန်ုပ်သည် အသက်ရှည်သမျှ အသက်ဆုံးသည့်တိုင်အောင် စင်ကြယ်သောအကျင့်ကို ကျင့်ကုန်သော ရဟန်းတို့ကို တွေ့မြင်ရပါ၏။ အသျှင်ဘုရားအကျွန်ုပ်သည် ဤသာသနာတော်မှ အပ၌ တစ်ပါးသော ဤသို့ ပြည့်စုံစင်ကြယ်သော မြတ်သောအကျင့်ကိုမမြင်မိပါ။ အသျှင်ဘုရား မြတ်စွာဘုရား၌ “မြတ်စွာဘုရားသည် မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောကြားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းမြတ်သော အကျင့်ရှိ၏”ဟု ဤသို့ အကျွန်ုပ်အား တရားတော်သို့ အစဉ်လိုက်သော ဉာဏ်သည် ဖြစ်ပါ၏။

၃၆၈။ အသျှင်ဘုရား နောက်တစ်မျိုးကား မင်းအချင်းချင်းတို့လည်း ငြင်းခုံကြကုန်၏၊ မင်းမျိုးအချင်းချင်းတို့လည်း ငြင်းခုံကြကုန်၏၊ ပုဏ္ဏားမျိုးအချင်းချင်းတို့လည်း ငြင်းခုံကြကုန်၏၊ သူကြွယ်အချင်းချင်းတို့လည်း ငြင်းခုံကြကုန်၏၊ သားနှင့်အမိလည်း ငြင်းခုံ၏၊ အမိနှင့်သားလည်း ငြင်းခုံ၏၊ သားနှင့်အဖလည်း ငြင်းခုံ၏၊ အဖနှင့်သားလည်း ငြင်းခုံ၏၊ နှမနှင့်မောင်လည်း ငြင်းခုံ၏၊ မောင်နှင့်နှမလည်းငြင်းခုံ၏၊ မိတ်ဆွေ အချင်းချင်းလည်း ငြင်းခုံ၏။ အသျှင်ဘုရား ထိုမှတစ်ပါး ဤသာသနာတော်၌ အညီအညွတ် ဝမ်းမြောက်ကုန်သည်ဖြစ်၍ နို့နှင့်ရေသဖွယ် ဖြစ်ကုန်လျက် အချင်းချင်းချစ်ခင်သော မျက်စိတို့ဖြင့် ရှုကြည့်ကုန်လျက် နေကြကုန်သော ရဟန်းတော်တို့ကို အကျွန်ုပ်သည် တွေ့မြင်ရပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသာသနာတော်မှ အပ၌ တစ်ပါးသော ဤသို့ ညီညွတ်သော ပရိသတ်ကို မမြင်ရပါ။ အသျှင်ဘုရား မြတ်စွာဘုရား၌ “မြတ်စွာဘုရားသည် မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောကြားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားအပေါင်းသည် ကောင်းမြတ်သော အကျင့်ရှိ၏”ဟု ဤသို့လည်း အကျွန်ုပ်အား တရားတော်သို့ အစဉ်လိုက်သော ဉာဏ်သည် ဖြစ်ပါ၏။

၃၆၉။ အသျှင်ဘုရား နောက်တစ်မျိုးကား အကျွန်ုပ်သည် အရံတစ်ခုမှ အရံတစ်ခုသို့ ဥယျာဉ် တစ်ခုမှဥယျာဉ်တစ်ခုသို့ လမ်းလျှောက်လှည့်လည်ပါ၏၊ ထိုအကျွန်ုပ်သည် ထိုအရံဥယျာဉ်တို့၌ ကြည့်ရှုရန်လူအပေါင်း၏ မျက်စိကို မဆွဲဆောင်နိုင်သကဲ့သို့ ဖြစ်သည့် ကြုံလှီခေါင်းပါး၍ မလှမပ ဖျော့တော့သောအဆင်းရှိလျက် အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့ကို တွေ့မြင်ရပါ၏။

အသျှင်ဘုရား ထိုအကျွန်ုပ်အား “ဤအသျှင်တို့သည် မချွတ်ဧကန် မမွေ့လျော်ကုန်ဘဲသာလျှင်မြတ်သောအကျင့်ကို ကျင့်ကြကုန်၏။ ထိုအသျှင်တို့အား ပြုမိ၍ ဖုံးလွှမ်းထားသော တစ်စုံတစ်ခုသောမကောင်းမှုသည် ရှိတန်ရာ၏၊ ထို့ကြောင့်သာလျှင် ဤအသျှင်တို့သည် ကြုံလှီကုန်၏၊ ခေါင်းပါးကုန်၏၊ မလှမပ ဖြစ်ကုန်၏၊ ဖျော့တော့သော အဆင်းရှိကုန်၏၊ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိကုန်၏၊ ကြည့်ရှုရန် လူအပေါင်း၏ မျက်စိကို မဆွဲဆောင်နိုင်သကဲ့သို့ ဖြစ်ကုန်၏”ဟု ဤသို့သော အကြံသည် ဖြစ်ပါ၏။ အကျွန်ုပ်သည် ထိုရဟန်းတို့သို့ ချဉ်းကပ်၍ “အသျှင်တို့ သင်တို့သည် အဘယ်အကြောင်းကြောင့်ကြည့်ရှု ရန် လူအပေါင်း၏ မျက်စိကို မဆွဲဆောင်နိုင်သကဲ့သို့ ကြုံလှီခေါင်းပါး၍ မလှမပ ဖျော့တော့သော အဆင်းရှိလျက် အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိကုန်သနည်း”ဟု ဆိုခဲ့၏။ ထိုရဟန်းပုဏ္ဏားတို့သည်”မင်းကြီး ငါတို့အား အမျိုးလိုက် ဖြစ်သည့်ရောဂါရှိ၏”ဟု ဆိုကြကုန်၏။

အသျှင်ဘုရား ဤသာသနာတော်၌ ရွှင်လန်းသည်ထက် ရွှင်လန်း တက်ကြွသည်ထက် တက်ကြွ၍အလွန်မွေ့လျော်သည့်သဘော ပြည့်ဖြိုးသောဣန္ဒြေ ရှိကုန်လျက် ကြောင့်ကြမဲ့ဖြစ်ကာ အမွေး ‘မာန်’ ကိုချထားပြီးလျှင် သူတစ်ပါးပေးသောပစ္စည်းဖြင့် အသက်မွေးကုန်သော သားသမင်စိတ်ထားဖြင့် နေကြသည့်ရဟန်းတို့ကို အကျွန်ုပ်မြင်ပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်အား “အမှန်အားဖြင့် ဤအသျှင်တို့သည် ထိုမြတ်စွာဘုရား၏ သာသနာတော်၌ မွန်မြတ်သော ရှေးတရားထက် ထူးသော နောက်တရားကို သိကြကုန်၏၊ ထို့ကြောင့်သာလျှင် ဤအသျှင်တို့သည် ရွှင်လန်းသည်ထက် ရွှင်လန်း တက်ကြွသည်ထက်တက်ကြွ၍ အလွန်မွေ့လျော်သည့်သဘော ပြည့်ဖြိုးသောဣန္ဒြေ ရှိကုန်လျက် ကြောင့်ကြမဲ့ဖြစ်ကာ အမွေး’မာန်’ ကို ချထားပြီးလျှင် သူတစ်ပါးတို့ ပေးသော ပစ္စည်းဖြင့် အသက်မွေးကုန်သည်ဖြစ်၍ သားသမင်စိတ်ထားဖြင့် နေကြကုန်၏”ဟု အကြံဖြစ်၏။ အသျှင်ဘုရား အကျွန်ုပ်အား “မြတ်စွာဘုရားသည် မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားအပေါင်းသည် ကောင်းမြတ်သော အကျင့်ရှိ၏”ဟု မြတ်စွာဘုရား အပေါ်ဝယ်တရားနှင့်လျော်သော ဉာဏ်သည် ဖြစ်ပါ၏။

၃၇ဝ။ အသျှင်ဘုရား တစ်ဖန် ထို့ပြင်လည်း ဦးထိပ်၌ အဘိသိက်သွန်းထားသော မင်းမျိုးစင်စစ်မင်းဖြစ်သော အကျွန်ုပ်သည် သတ်ထိုက်သောသူကို သတ်ရန်လည်းကောင်း ပစွည်းဆုံးရှုံးစေသင့်သူကိုလည်း ပစွည်းဆုံးရှုံးစေရန်လည်းကောင်း နှင်ထုတ်ထိုက်သူကိုလည်း နှင်ထုတ်ရန်လည်းကောင်း စွမ်းနိုင်ပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်သည် တရားဆုံးဖြတ်ရာ၌ ထိုင်နေစဉ် အကြားအကြား၌ စကားပြောဆိုကြကုန်၏။ ထိုအကျွန်ုပ်သည် အမောင်တို့ တရားဆုံးဖြတ်ရာ၌ ငါထိုင်နေစဉ် အကြားအကြား၌ စကားမပြောဆိုကြကုန်လင့်၊ အမောင်တို့ ငါ၏ စကား ပြီးဆုံးသည့်တိုင်အောင် ဆိုင်းငံ့ကြကုန်ဦးလော့ဟု ဆိုပါသော်လည်း မရပါ။ အသျှင်ဘုရား ထိုအကျွန်ုပ်အား အကြားအကြား၌ စကားပြောဆိုကြပါကုန်၏။

အသျှင်ဘုရား ဤသာသနာတော်ဝယ် အရာမက များစွာသော ပရိသတ်၌ မြတ်စွာဘုရား တရား ဟောတော်မူသောအခါ ချေဆတ်သံ ချောင်းဟန့်သံ မရှိသည့် မြတ်စွာဘုရား၏ တပည့်ရဟန်းတို့ကို အကျွန်ုပ်မြင်ရပါ၏။ အသျှင်ဘုရား ရှေးကဖြစ်ဖူးသည်မှာ မြတ်စွာဘုရားသည် အရာမက များစွာသော ပရိသတ်၌တရားတော်ကို ဟောတော်မူ၏၊ ထိုပရိသတ်၌ မြတ်စွာဘုရား၏ တပည့်တစ်ဦးသည် ချောင်း ဟန့်၏၊ ထိုရဟန်းကို သီတင်းသုံး ဖော်တစ်ဦးက “အသျှင်သည် တိတ်ဆိတ်ပါလော့၊ အသျှင်သည် အသံမပြုပါလင့်၊ ငါတို့၏ဆရာ မြတ်စွာဘုရားသည် တရားဟောတော်မူ၏”ဟု ဒူးဖြင့်တို့၏။ အသျှင်ဘုရားထိုအကျွန်ုပ်အား “အချင်းတို့ အံဖွယ်ရှိပါပေစွ တကား၊ အချင်းတို့ မဖြစ်ဘူးမြဲ ဖြစ်လေစွတကား၊ အချင်းတို့ တုတ်လှံတံမပါဘဲ ဓားလက်နက်မပါဘဲ ပရိသတ်ကို ကောင်းစွာ ဆုံးမထားနိုင်လေစွတကား”ဟု အကြံသည် ဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသာသနာတော်မှ အပ၌ ဤသို့ ကောင်းစွာ ဆုံးမထားသော အခြားပရိသတ်ကို မမြင်ပါ။ အသျှင်ဘုရား အကျွန်ုပ်အား “မြတ်စွာဘုရားသည် မဖောက်မပြန်ကိုယ်တိုင် သိတော်မူ၏၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထား တော်မူပါပေ၏၊ မြတ်စွာ ဘုရား၏ တပည့်သားအပေါင်းသည် ကောင်းမြတ်သော အကျင့်ရှိ၏”ဟု မြတ်စွာဘုရားအပေါ်ဝယ် တရား နှင့်လျော်သော ဉာဏ်သည် ဖြစ်ပါ၏။

၃၇၁။ အသျှင်ဘုရား တစ်ဖန် ထို့ပြင်လည်း ဤလောက၌ အကျွန်ုပ်သည် သိမ်မွေ့သော ဉာဏ်ရှိကုန်သော သူတစ်ပါးတို့ အယူကို လေ့လာပြီးဖြစ်ကုန်သော သားမြီးကို ပစ်ခွဲနိုင်သည့် လေးသမားနှင့်တူကုန်သော အချို့သော မင်းမျိုးပညာရှိတို့ကိုလည်း တွေ့မြင်ရပါ၏၊ ထိုသူတို့သည် မှားသော အယူတို့ကို ပညာဖြင့် ဖျက်ဆီးနေဘိသကဲ့သို့ ကျက်စားနေကုန်၏။ ထိုပညာရှိမင်းတို့သည် “ရဟန်းဂေါတမသည့်ဤမည်သော ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ရောက်လာလိမ့်မည်”ဟု ကြားကြကုန်၏။ ထိုသူတို့သည် “ငါတို့သည် ဤပြဿနာကို ရဟန်းဂေါတမသို့ ကပ်၍ မေးကြကုန်အံ့၊ အကယ်၍ ဤသို့အမေးခံရသော ရဟန်းဂေါတမသည် ငါတို့အား ဤသို့ ဖြေကြားခဲ့မူ ထိုရဟန်းဂေါတမအား ငါတို့သည်ဤသို့ ဝါဒတင်ကုန်အံ့၊ အကယ်၍ ဤသို့ အမေးခံရသော ရဟန်းဂေါတမသည် ငါတို့အား ဤသို့လည်းဖြေကြားခဲ့မူ ငါတို့သည် ထိုရဟန်းဂေါတမအား ဤသို့လည်း ဝါဒတင်ကုန်အံ့”ဟု ပြဿနာကို စီမံကြကုန်၏။

ထိုပညာရှိမင်းတို့သည် “အချင်းတို့ ရဟန်းဂေါတမသည် ဤအမည်ရှိသော ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း သက်ရောက်လာပြီ”ဟု ကြားကြကုန်၏။ ထိုပညာရှိမင်းတို့သည် မြတ်စွာဘုရားအထံ ချဉ်းကပ်ကြကုန်၏၊ ထိုသူတို့ကို မြတ်စွာဘုရားသည် (တရားစကားဖြင့်) အကျိုးစီးပွားကို သိမြင်စေတော်မူ၏။ (တရားကို) ဆောက်တည်စေတော်မူ၏၊ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏၊ ထိုသူတို့သည် မြတ်စွာဘုရားက (တရားစကားဖြင့်) အကျိုးစီးပွားကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ ရွှင်လန်းစေအပ်ပြီဖြစ်ရကား မြတ်စွာဘုရားအားပြဿနာကိုလည်း မမေးကြကုန်၊ အဘယ်မှာ ဝါဒတင်ကုန်တော့အံ့နည်း။ အမှန်အားဖြင့် မြတ်စွာဘုရား၏တပည့်တို့သည်သာ ဖြစ်ကြရကုန်၏။ အသျှင်ဘုရား အကျွန်ုပ်အား “မြတ်စွာဘုရားသည် မဖောက်မပြန်ကိုယ်တိုင် သိတော်မူ၏၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားအပေါင်းသည် ကောင်းမြတ်သော အကျင့်ရှိ၏”ဟု မြတ်စွာဘုရားအပေါ်ဝယ် တရားနှင့်လျော်သော ဉာဏ်သည် ဖြစ်ပါ၏။

၃၇၂။ အသျှင်ဘုရား တစ်ဖန် ထို့ပြင်လည်း အကျွန်ုပ်သည် ဤလောက၌ အချို့ ပုဏ္ဏားပညာရှိ။ပ။ အချို့ သူကြွယ်ပညာရှိ။ပ။ သိမ်မွေ့သော ဉာဏ်ရှိကုန်သော သူတစ်ပါးတို့အယူကို လေ့လာပြီး ဖြစ်ကုန်သော သားမြီးကို ပစ်ခွဲနိုင်သည့် လေးသမားနှင့် တူကုန်သော အချို့ရဟန်းပညာရှိတို့ကို တွေ့မြင်ရပါ၏။ ထိုသူတို့သည် မှားသော အယူတို့ကို ပညာဖြင့် ဖျက်ဆီးနေဘိသကဲ့သို့ ကျက်စားနေကုန်၏။ ထိုသူတို့သည် “အချင်းတို့ ရဟန်းဂေါတမသည် ဤမည်သော ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း သက်ရောက်လာလိမ့်မည်”ဟု ကြားကြကုန်၏။ ထိုသူတို့သည် “ငါတို့သည် ဤပြဿနာကို ရဟန်းဂေါတမသို့ကပ်၍ မေးကုန်အံ့၊ အကယ်၍ ဤသို့အမေးခံရသော ရဟန်းဂေါတမသည် ငါတို့အား ဤသို့ ဖြေကြားခဲ့မူထိုရဟန်းဂေါတမအား ငါတို့သည် ဤသို့ ဝါဒတင်ကုန်အံ့၊ အကယ်၍ ဤသို့ အမေးခံရသော ရဟန်းဂေါတမသည် ငါတို့အား ဤသို့လည်း ဖြေကြားခဲ့မူ ငါတို့သည် ထိုရဟန်းဂေါတမအား ဤသို့လည်းဝါဒတင်ကြကုန်အံ့”ဟု ပြဿနာကို စီမံကြကုန်၏။

ထိုပညာရှိရဟန်းတို့သည် “အချင်းတို့ ရဟန်းဂေါတမသည် ဤမည်သော ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း သက်ရောက်လာပြီ”ဟု ကြားကြကုန်၏။ ထိုသူတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်၏။ ထိုသူတို့ကို မြတ်စွာဘုရားသည် (တရားစကားဖြင့်) အကျိုးစီးပွားကို သိမြင်စေတော်မူ၏၊ (တရားကို) ဆောက်တည်စေတော်မူ၏၊ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူ၏။ ထိုသူတို့သည် မြတ်စွာဘုရားက (တရားစကားဖြင့်) အကျိုးစီးပွားကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ ရွှင်လန်းစေပြီးဖြစ်ရကား မြတ်စွာဘုရားအား ပြဿနာကိုလည်း မမေးကြကုန်။ အဘယ်မှာ ဝါဒတင်ကုန်တော့အံ့နည်း၊ အမှန်အားဖြင့် မြတ်စွာဘုရားကိုသာလျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရန် ခွင့်တောင်းကြကုန်၏။ ထိုသူတို့ကို မြတ်စွာဘုရားသည် ရှင်ရဟန်းပြုပေး၏၊ ရှင်ရဟန်းဖြစ်ပြီးသော ထိုသူတို့သည် ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်သည်ရှိသော် မကြာမြင့်မီသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြသည့် အမျိုးကောင်းသားတို့ လိုလား တောင့်တအပ့်သော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အတုမဲ့ အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေကြကုန်၏။

ထိုသူတို့သည် “ရှေးအခါက ငါတို့သည် ရဟန်းမဟုတ်ကြကုန်ဘဲလျက် ရဟန်းဟု ဝန်ခံခဲ့ကြကုန်ပြီ၊ ငါတို့သည် မကောင်းမှုကို အပပြုအပ်ပြီးသူ မဟုတ်ကြကုန်ဘဲလျက် မကောင်းမှုကို အပပြုအပ်ပြီးသူတို့ဟူ၍ ဝန်ခံခဲ့ကြကုန်ပြီ၊ ပူဇော်အထူးကို ခံထိုက်သော ရဟန္တာတို့ မဟုတ်ကြကုန်ဘဲလျက် ပူဇော်အထူးကိုခံထိုက်သော ရဟန္တာတို့ဟူ၍ ဝန်ခံခဲ့ကြကုန်ပြီ၊ ယခုမှသာလျှင် ငါတို့သည် ရဟန်းအစစ် ဖြစ်ကြကုန်ပြီ၊ ယခုမှသာလျှင် ငါတို့ သည် ရဟန်းအစစ် ဖြစ်ကြကုန်ပြီ၊ ယခုမှသာလျှင် ငါတို့သည် မကောင်းမှုကိုအပပြုပြီးသူအစစ် ဖြစ်ကြကုန်ပြီ၊ ယခုမှသာလျှင် ပူဇော်အထူးကို ခံထိုက်သော ရဟန္တာအစစ် ဖြစ်ကြကုန်ပြီ။ အချင်းတို့ ငါတို့သည် ပျက်စီးကာနီးသူများ ဖြစ်လျက် မပျက်စီးဘဲရှိကြကုန်၏၊ အချင်းတို့ငါတို့သည် ပျက်စီးကာနီးသူများ ဖြစ်လျက် မပျက်စီးဘဲ ရှိကြရကုန်၏”ဟု ပြောဆိုကြကုန်၏။ အသျှင်ဘုရား အကျွန်ုပ်အား “မြတ်စွာဘုရားသည် မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊ တရားတော်သည်မြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားအပေါင်းသည်ကောင်း မြတ်သော အကျင့်ရှိ၏”ဟု မြတ်စွာဘုရားအပေါ်ဝယ် တရားနှင့်လျော်သော ဉာဏ်သည် ဖြစ်ပါ၏။

၃၇၃။ အသျှင်ဘုရား တစ်ဖန် ထို့ပြင်လည်း လက်သမားဖြစ်ကြသော ဤဣသိဒတ္တနှင့် ပုရာဏတို့ သည်အကျွန်ုပ်၏ ထမင်းရိက္ခာကို စားကြကုန်၏၊ အကျွန်ုပ်၏ ယာဉ်တို့ကို စီးကြကုန်၏၊ အကျွန်ုပ်သည်ထိုသူတို့၏ အသက်သခင် ဖြစ်၏၊ စည်းစိမ်ဆောင်နှင်းပေးထား၏။ သို့ရာတွင် မြတ်စွာဘုရား၌ အရိုအသေပြုကြကုန်သကဲ့သို့ အကျွန်ုပ်၌ ရိုသေတုပ်ဝပ်ခြင်းကို မပြုကြကုန်။ အသျှင်ဘုရား ရှေးက ဖြစ်ဖူးသည်မှာ အကျွန်ုပ်သည် စစ်ချီတက်လတ်သော် လက်သမားဖြစ်ကြသော ဣသိဒတ္တနှင့် ပုရာဏတို့ကိုစုံစမ်းလိုသည်ဖြစ်၍ ကျဉ်းမြောင်းသော နေရာတစ်ခု၌ ကပ်ရောက်နေထိုင်၏။ အသျှင်ဘုရား ထိုအခါလက်သမားဖြစ်ကြသော ဤဣသိဒတ္တနှင့် ပုရာဏတို့သည် များစွာသော ညဉ့်တို့ပတ်လုံး တရားစကားဖြင့်လွန်စေ၍ မြတ်စွာဘုရားရှိရာ အရပ်သို့ ဦးခေါင်းပြုကာ အကျွန်ုပ်ကို ခြေရင်းဘက်ပြုလျက် အိပ်ကြကုန်၏။

အသျှင်ဘုရား ထိုအကျွန်ုပ်မှာ “အချင်းတို့ အံဖွယ်ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်လေစွ တကား၊ လက်သမားဖြစ်ကြသော ဤဣသိဒတ္တနှင့် ပုရာဏတို့သည် ငါ၏ ထမင်းရိက္ခာကို စားကြကုန်၏၊ ငါ၏ယာဉ်ကို စီးကြကုန်၏၊ ငါသည် ထိုသူတို့၏ အသက်သခင် ဖြစ်၏။ ငါသည် ထိုသူတို့အား စည်းစိမ် ကိုဆောင်နှင်းပေးထား၏၊ သို့ရာတွင် မြတ်စွာဘုရား၌ ရိုသေတုပ်ဝပ်ကြကုန်သကဲ့သို့ ငါ၌ ရိုသေတုပ်ဝပ်ခြင်းကို မပြုကြကုန်၊ အမှန်အားဖြင့် ဤအသျှင်တို့သည် ထိုမြတ်စွာဘုရား သာသနာတော်၌ မွန်မြတ်သော ရှေးတရားထက် ထူးသော နောက်တရားကို သိကြကုန်သည် ဖြစ်လတ္တံ့”ဟု အကြံဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်အား “မြတ်စွာဘုရားသည် မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားအပေါင်းသည်ကောင်းမြတ်သော အကျင့်ရှိ၏”ဟု မြတ်စွာဘုရား အပေါ်ဝယ် တရားနှင့်လျော်သော ဉာဏ်သည် ဖြစ်ပါ၏။

၃၇၄။ အသျှင်ဘုရား တစ်ဖန် ထို့ ပြင်လည်း မြတ်စွာဘုရားလည်း မင်းမျိုးဖြစ်၍ အကျွန်ုပ်လည်းမင်းမျိုးဖြစ်ပါ၏၊ မြတ်စွာဘုရားလည်း ကောသလတိုင်းသား ဖြစ်တော်မူ၍ အကျွန်ုပ်လည်း ကောသလတိုင်းသား ဖြစ်ပါ၏၊ မြတ်စွာဘုရားလည်း သက်တော်ရှစ်ဆယ်ရှိတော်မူ၍ အကျွန်ုပ်လည်းအသက်ရှစ်ဆယ် ရှိပါ၏။ အသျှင်ဘုရား ဤသို့သော အကြောင်းကြောင့်လည်း အကျွန်ုပ်သည်မြတ်စွာဘုရား၌ အလွန် အကြူး ရိုသေခြင်းကို ပြုခြင်းငှါ တတ်ကောင်းပါ၏၊ ချစ်ခင်လေးစားမှုကိုပြခြင်းငှါ တတ်ကောင်းပါ၏၊ အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့ သွားပါကုန်အံ့၊ အကျွန်ုပ်တို့သည့်များစွာသော ပြုဖွယ်ကိစ္စ ရှိကြပါ ကုန်၏ဟု (လျှောက်၏)။ မင်းကြီး သင်ယခု သွားရန် အချိန်ကို သိ၏ (သွားရန်မှာ သင်မင်းကြီး၏ အလို အတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။ ထိုအခါပသေနဒိကောသလမင်းကြီးသည် နေရာမှ ထ၍ မြတ်စွာ ဘုရားကို ရိုသေစွာ ရှိခိုး၍ အရိုအသေပြုကာဖဲသွားလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ပသေနဒိကောသလမင်းကြီးဖဲသွား၍ မကြာမြင့်မီပင် ရဟန်းတို့ကိုခေါ်တော်မူ၍ “ရဟန်းတို့ ဤပသေနဒိကောသလမင်းကြီးသည် တရား၌ အရိုအသေပြုမှုတို့ကို ပြောကြား၍ နေရာမှ ထကာ ဖဲသွား၏၊ ရဟန်းတို့ တရား၌ အရိုအသေ ပြုမှုတို့ကို သင်ယူကြကုန်လော့၊ ရဟန်းတို့ တရား၌ အရိုအသေပြုမှုတို့ကို အဖန်တစ်လဲလဲ လေ့ကျက်ကြကုန်လော့၊ ရဟန်းတို့ တရား၌ အရိုအသေပြုမှုတို့ကို ဆောင်ကြကုန်လော့၊ ရဟန်းတို့ တရား၌ အရိုအသေ ပြုမှုတို့သည် အကျိုးစီးပွားနှင့်စပ်ကုန်၏၊ မဂ်တည်းဟူသော မြတ်သော အကျင့်၏ အစအဦးဖြစ်ကုန်၏”ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကိုဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကြကုန်ပြီ။

ကိုးခုမြောက် ဓမ္မစေတိယသုတ် ပြီး၏။