မဇ္ဈိမနိကာယ်
၁ဝ—ကဏ္ဏကတ္ထလသုတ်
၃၇၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဥရုညမြို့ ကဏ္ဏကတ္ထလမည်သော သားသမင်တော၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်းသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ဥရုညမြို့သို့ဆိုက်ရောက်လာ၏၊ ထိုအခါ ပသေနဒိကောသလမင်းသည် ယောကျာ်းတစ်ယောက်ကို ခေါ်၍ “အမောင်ယောကျာ်း သင် လာလော့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ငါ၏စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်လော့၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်းချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်လေလော့— ‘အသျှင်ဘုရား ပသေနဒိကောသလမင်းကြီးသည်မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်းသန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်လိုက်ပါ၏’ဟု (လျှောက်လေလော့)။ ‘အသျှင် ဘုရား ပသေနဒီကောသလမင်းသည် ယနေ့ နံနက်စာ စားပြီးနောက် မြတ်စွာဘုရားကိုဖူးမြော်ခြင်းငှါ ချဉ်းကပ်ပါလိမ့်မည်’ဟု ဤသို့လည်း လျှောက်လေလော့”ဟု ပြောဆိုမှာထား၏။
“အရှင်မင်းကြီး ကောင်းပါပြီ”ဟူ၍သာလျှင် ထိုယောကျာ်းသည် ပသေနဒိကောသလမင်းအားပြန်ကြားလျှောက်ထား၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ခါ အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ထိုင်လျက် “အသျှင်ဘုရား ပသေနဒီကောသလမင်းကြီးသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းတို့ကို မေးလျှောက်ပါ၏— ‘အသျှင်ဘုရား ပသေနဒီကောသလမင်းသည် ယနေ့နံနက် နံနက်စာစားပြီးနောက် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ ချဉ်းကပ်ပါလိမ့်မည်’ဟု ဤသို့လည်း လျှောက်လိုက်ပါ၏”ဟု လျှောက်ထားလေ၏။ သောမာအမည်ရှိသော နှမတော်နှင့် သကုလာအမည်ရှိသော နှမတော်တို့သည်လည်း “ယနေ့ ပသေနဒိကောသလ မင်းကြီးသည် နံနက်စာ စားပြီးနောက် မြတ်စွာဘုရားကိုဖူးမြော်ခြင်းငှါ ချဉ်းကပ်ပါလိမ့်မည်”ဟု ကြားကြကုန်သည်သာတည်း။
ထိုအခါ သောမာအမည်ရှိသော နှမတော်နှင့် သကုလာအမည်ရှိသော နှမတော်တို့သည်လည်းပွဲတော်အုပ်ပို့ဆောင်ရာ၌ ပသေနဒိကောသလမင်းကြီးသို့ ချဉ်းကပ်ကြကုန်၍ “မင်းကြီး အကျွန်ုပ်တို့၏စကားဖြင့်လည်း မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါလော့၊ အနာကင်းကြောင်း ရောဂါကင်း့ကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်ပါလော့။ အသျှင်ဘုရား သောမာအမည်ရှိသော နှမတော်နှင့် သကုလာအမည်ရှိသော နှမတော်တို့သည်လည်းမြတ်စွာဘုရား ၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်းကျန်းမာကြောင်း သန်စွမ်း ကြောင်း ချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်ပါ၏ဟု ဤသို့လည်းလျှောက်ပါလော့”ဟု ပြောဆို ကြကုန်၏။
၃၇၆။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် နံနက်စာ စားပြီးနောက် မြတ်စွာဘုရားအထံသို့ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ကာ “အသျှင်ဘုရား သောမာအမည်ရှိသော နှမတော်နှင့်သကုလာအမည်ရှိသော နှမတော်တို့သည်လည်း မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကိုမေး လျှောက်ပါ၏”ဟု လျှောက်၏။ မင်းကြီး သောမာအမည်ရှိသော နှမတော်နှင့်သကုလာအမည်ရှိသော နှမတော်တို့သည်လည်း အခြားတစ်ပါးသော တမန်ကို မရကြကုန်သလောဟု (မေးတော်မူ၏)။ အသျှင် ဘုရား သောမာအမည်ရှိသော နှမတော်နှင့် သကုလာ အမည်ရှိသောနှမတော်တို့သည်လည်း “ယနေ့ ပသေနဒိကောသလမင်းကြီးသည် နံနက်စာ စားပြီးနောက်မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ ချဉ်းကပ်လိမ့် မည်”ဟု ကြားကြကုန်၏။ အသျှင်ဘုရား ထိုအခါသောမာအမည်ရှိသော နှမတော်နှင့် သကုလာ အမည် ရှိသော နှစ်မတော်တို့သည်လည်းပွဲတော်အုပ်ပို့ ဆောင်ရာ၌ အကျွန်ုပ်ကို ချဉ်းကပ်ကြကုန်၍ “မင်းကြီး အကျွန်ုပ်တို့၏ စကားဖြင့်လည်းမြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါလော့၊ အနာကင်းကြောင်း ရောဂါကင်းကြောင်းကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်ပါ လော့၊ သောမာအမည်ရှိသော နှမတော်နှင့် သကုလာအမည်ရှိသော နှမတော်တို့သည်လည်း မြတ်စွာဘုရား ၏ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်ပါ၏”ဟု (ဤစကားကို လျှောက်ထားပါကုန်၏ ဟူ၍လျှောက်၏)။ မင်းကြီး သောမာအမည်ရှိသော နှမတော်နှင့် သကုလာအမည်ရှိသော နှမတော်တို့သည်ချမ်းသာကြစေကုန် သတည်းဟု မိန့်တော်မူ၏။
၃၇၇။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား ‘တရားအလုံးစုံကို သိသော တရားအလုံးစုံကို မြင်သော အကြွင်းမဲ့ ဉာဏ်ပညာရှိ၏ဟု ဝန်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်း မရှိနိုင်၊ ဤသို့ ဝန်ခံနိုင်သော အကြောင်းမျိုးသည်မရှိနိုင်’ဟု ရဟန်းဂေါတမ ဆို၏ ဟူ၍ အကျွန်ုပ်ကြားရပါ၏။ အသျှင်ဘုရား ‘တရားအလုံးစုံကို သိသောတရားအလုံးစုံကို မြင်သော အကြွင်းမဲ့ ဉာဏ်အမြင်ရှိ၏ဟု ဝန်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်း မရှိနိုင်၊ ဤသို့ (ဝန်ခံနိုင်) သော အကြောင်းမျိုးသည် မရှိနိုင်’ဟုရဟန်းဂေါတမသည် ဆို၏ဟု ပြောဆိုကြသော သူတို့သည် မြတ်စွာဘုရား၏ စကားအတိုင်း ပြောဆိုကြပါကုန်သလော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သော အကြောင်းဖြင့် မစွပ်စွဲဘဲ ရှိကြပါကုန်၏လော၊ အကြောင်းအားလျော်သော အကြောင်းကိုလည်း ပြောကြားကြပါကုန်၏လော၊ တစ်စုံတစ်ခုအကြောင်းအားလျော်သော ရှေးဦးစွာ ပြောဆိုခြင်း အဆင့်ဆင့် ပြောဆိုခြင်းသည် ကဲရဲ့အပ်သော အရာသို့ မရောက်ဘဲ ရှိပါ၏လော”ဟု လျှောက်၏။ မင်းကြီး “တရားအလုံးစုံကို သိသော တရားအလုံးစုံကို မြင်သောအကြွင်းမဲ့ ဉာဏ်အမြင်ရှိ၏ဟု ဝန်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်း မရှိ၊ ဤသို့ ဝန်ခံနိုင်သော အကြောင်းမျိုးသည် မရှိနိုင်ဟု ရဟန်းဂေါတမ ဆို၏ဟု ပြောဆိုကြသော သူတို့သည် ငါ့စကားအတိုင်း ပြောဆိုကြသည် မဟုတ်ကြကုန်၊ ထိုသူတို့သည် မဟုတ်မမှန်သောအကြောင်းအရာဖြင့်လည်း ငါ့ကို စွပ်စွဲကြကုန်၏”ဟု (မိန့်တော်မူ၏)။
၃၇၈။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ဝိဋဋူဘစစ်သူကြီးကို ခေါ်၍ “စစ်သူကြီးအဘယ်သူသည် ဤစကားကို နန်းတော်တွင်း၌ ပြောကြားလာပါသနည်း”ဟု မေးမြန်း၏။ မင်းကြီးအာကာသအနွယ် ဖြစ်သော သဉ္ဇယပုဏ္ဏားသည် ပြောကြားပါ၏ဟု (လျှောက်၏)။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် တစ်ယောက်သော မင်းချင်းကို ခေါ်၍ “အမောင်ယောကျာ်း အသင်လာခဲ့လော့၊ ငါ၏ စကားဖြင့် အာကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားကို ‘အသျှင် သင့်ကိုပသေနဒိကောသလမင်းကြီး သည် ခေါ်၏’ဟု ဆို၍ ခေါ်ချေလော့”ဟု မိန့်၏။ “အရှင်မင်းမြတ်ကောင်းပါပြီ”ဟူ၍သာလျှင် ထို မင်းချင်းသည် ပသေနဒီကောသလမင်းကြီးအား ပြန်ကြားလျှောက်ထား၍အာကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားရှိရာသို့ ချဉ်းကပ်ကာ “အသျှင် သင့်အား ပသေနဒိကောသလမင်းကြီးသည် ခေါ်၏”ဟု ပြောကြားလေ၏။
ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား မြတ်စွာဘုရားသည်တစ်စုံတစ်ခုကို ရည်ညွှန်း၍ ဟောတော်မူသော စကားသည် ရှိတန်ရာ၏၊ ထိုစကားကိုပင် လူအများကတစ်မျိုးတစ်မည်အားဖြင့် သိမှတ်နေရာပါ၏၊ အသျှင်ဘုရား ထိုကဲ့သို့သော စကားမျိုးကို မြတ်စွာဘုရားဆိုဖူး၏ဟု မှတ်မိပါသလော”ဟု လျှောက်၏။ မင်းကြီး တစ်ကြိမ်တည်းဖြင့်သာလျှင် အလုံးစုံကိုသိနိုင်သော အလုံးစုံကိုမြင်နိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်းမရှိပါ၊ ဤသို့ (သိနိုင် မြင်နိုင်) သော အကြောင်းမျိုးသည် မရှိနိုင်၊ ဤသို့ စကား ပြောကြားဖူးသည်ကို ငါမှတ်မိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား တစ်ကြိမ်တည်းဖြင့်သာလျှင် အလုံးစုံကိုသိနိုင်သော အလုံးစုံကိုမြင်နိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်း မရှိ၊ ဤသို့ သိနိုင်မြင်နိုင်သော အကြောင်းမျိုးသည် မရှိနိုင်ဟု အကြောင်းမှန်သဘောကို မိန့်ဆိုတော်မူပေ၏၊ အသျှင်ဘုရားမြတ်စွာဘုရားသည် အကြောင်းခိုင်လုံသော သဘောကို မိန့်ဆိုတော်မူပေ၏။
အသျှင်ဘုရား အမျိုးတို့သည် မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ သူဆင်းရဲမျိုးဟူ၍ ဤလေးမျိုးတို့ပါတည်း။ အသျှင်ဘုရား ဤလေးပါးသော အမျိုးတို့၏ အထူးသည် ရှိပါသလော၊ ခြားနားမှုသည်ဖြစ်ရာပါသလောဟု (လျှောက်၏)။ မင်းကြီး အမျိုးတို့သည် မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ သူဆင်းရဲမျိုးဟူ၍ လေးမျိုးတို့တည်း။ မင်းကြီး ဤလေးပါးသော အမျိုးတို့တွင် ရှိခိုးမှု ခရီးဦးကြိုဆိုမှုလက်အုပ်ချီမှု အရိုအသေပြုမှုတို့ကို ထောက်၍ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ဤနှစ်ပါးသော အမျိုးတို့ကို မြတ်၏ဟု ဆိုကုန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို မျက်မှောက်၌ဖြစ်သော အကျိုးစီးပွားကို မေးလျှောက်သည် မဟုတ်ပါ။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကိုတမလွန်လောက၌ ဖြစ်သော အကျိုးစီးပွားကို မေးလျှောက်ပါ၏။ အသျှင်ဘုရား အမျိုးတို့သည် မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ သူဆင်းရဲမျိုး ဟူ၍ ဤလေးမျိုးတို့ပါတည်း။ အသျှင်ဘုရား ဤလေးပါးသောအမျိုးတို့၏ အထူးသည် ရှိပါသလော၊ ခြားနားမှုသည် ဖြစ်ပါသလောဟု (လျှောက်၏)။
၃၇၉။ မင်းကြီး ကမ္မဋ္ဌာန်း စီးဖြန်းမှု ပဓာနအလုပ်ကို ပြုလုပ်သူတို့၏ အင်္ဂါတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမှု—မင်းကြီး ဤသာသနာတော်၌ —
(၁) ရဟန်းသည် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိ၏၊ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော့ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း’သတ္ထာဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူသောအကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူ သော အကြောင်းကြောင့်လည်း’ဘဂဝါ’ မည်တော်မူ၏”ဟု မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို ယုံကြည်၏။
(၂) အနာကင်း၏၊ ရောဂါ ကင်း၏၊ အညီအမျှကျေကျက်စေတတ်သော မပူလွန်း မအေးလွန်းသောအလယ်လတ်ဖြစ်သော ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှါ ခံ့သော ပါစကတေဇောဓာတ် (ဝမ်းမီး) နှင့် ပြည့်စုံ၏။
(၃) မစဉ်းလဲတတ်၊ မလှည့်ပတ်တတ်၊ ဆရာဖြစ်သော မြတ်စွာဘုရား၌လည်းကောင်း၊ သိကြားလိမ္မာသော သီတင်းသုံးဖော်တို့၌လည်းကောင်းဟုတ်မှန်သည့်အတိုင်း မိမိကိုယ်ကို ထင်စွာပြုတတ်၏။
(၄) အားထုတ်အပ်သော ဝီရိယရှိသည်ဖြစ်၍ နေ၏၊ အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့ကို ပြည့်စုံစေခြင်းငှါ အားအစွမ်းရှိ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ မချထားအပ်သော ဝန်ရှိ၏။
(၅) ပညာရှိ၏၊ ဖြစ်မှု ပျက်မှု (ဥပါဒ်စွန်း ဘင်စွန်း) ကို ပိုင်းခြားခြင်းငှါ စွမ်းနိုင်သော ပညာနှင့်ပြည့်စုံ၏၊ ကိလေသာကို ဖောက်ခွဲခြင်းငှါ စွမ်းနိုင်သော ဒုက္ခ၏ကုန်ရာနိဗ္ဗာန်သို့ ကောင်းစွာရောက်ကြောင်း ဖြစ်သော မြတ်သော ဝိပဿနာပညာနှင့် ပြည့်စုံ၏။
မင်းကြီး ကမ္မဋ္ဌာန်းစီးဖြန်းမှု ပဓာနအလုပ်ကို ပြုလုပ်သူတို့၏ အင်္ဂါတို့သည် ဤငါးပါးတို့တည်း။ မင်းကြီး မင်းမျိုး ပုဏ္ဏားမျိုး ကုန်သည်မျိုး သူဆင်းရဲမျိုးအားဖြင့် ဤ အမျိုးလေးပါးတို့ သည် ဤကမ္မဋ္ဌာန်းစီးဖြန်းမှု အင်္ဂါငါးပါးတို့နှင့် ပြည့်စုံခဲ့မူ ဤအရာ၌ ထိုသူတို့အား ရှည်မြင့်စွာသော ကာလပတ်လုံးအစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မင်းမျိုး ပုဏ္ဏားမျိုးကုန်သည်မျိုး သူဆင်းရဲမျိုး အားဖြင့် ဤအမျိုးလေးပါးတို့ သည် ဤကမ္မဋ္ဌာန်းစီးဖြန်းမှု အင်္ဂါငါးပါးတို့နှင့်ပြည့်စုံခဲ့မူ အသျှင်ဘုရား ဤအရာ၌ ဤသူတို့၏ အထူးသည် ရှိပါသလော၊ ခြားနားမှုသည် ရှိပါသလောဟု (လျှောက်၏)။ မင်ကြီး ဤအရာ၌ ထိုသူတို့၏ အားထုတ်မှု ထူးခြားသည်၏အဖြစ်ကို ငါ ဟော၏။ မင်းကြီး ဥပမာအားဖြင့် ကောင်းစွာဆုံးမပြီးသော ကောင်းစွာ ယဉ်ကျေးပြီးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ် နွားနှစ်ကောင်တို့သည် ရှိကုန်ရာ၏။ မဆုံးမရသေးသောမယဉ်ကျေး သေးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ် နွားနှစ်ကောင်တို့သည်ရှိကုန် ရာ၏။
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ကောင်းစွာဆုံးမပြီးသော ကောင်းစွာယဉ်ကျေးပြီးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ် နွားနှစ်ကောင်တို့သည် စင်စစ်အားဖြင့် ယဉ်ကျေးကုန်သည် ဖြစ်၍သာလျှင် ယဉ်ကျေးသောအပြုအမူသို့ ရောက်ကုန်ရာသည် မဟုတ်လော၊ ယဉ်ကျေးကုန်သည်ဖြစ်၍သာလျှင် ယဉ်ကျေးသော နေရာဌာနသို့ ရောက်ကုန်ရာသည်မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရောက်ကုန်ရာ ပါ၏ဟု (လျှောက်၏)။ မဆုံးမရသေးသော မယဉ် ကျေးသေးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ်နွားနှစ်ကောင်တို့သည် ကောင်း စွာဆုံးမပြီးသော ကောင်းစွာယဉ်ကျေးပြီးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ် နွားနှစ်ကောင်တို့ကဲ့သို့ မယဉ်ကျေးကုန်ဘဲသာလျှင်ယဉ်ကျေးသော အပြုအမူသို့ ရောက်ကုန်ရာသလော၊ မယဉ်ကျေးကုန်ဘဲသာလျှင် ယဉ်ကျေးသောနေရာဌာနသို့ ရောက်ကုန်ရာ သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရောက်နိုင်ပါဟု (လျှောက်၏)။ မင်းကြီး ဤအတူသာလျှင် ယုံကြည်မှု၊ အနာကင်းမှု၊ ဟန်မဆောင်မှု မလှည့်ပတ်မှု၊ ထက်သန်သော လုံ့လရှိမှု၊ ပညာနှင့်ပြည့်စုံမှု ရှိသူသည် ရောက်သင့်သော အရာဌာနသို့ မယုံကြည်မှု၊ အနာများမှု၊ ဟန်ဆောင်မှု လှည့်ပတ်မှု၊ ပျင်းရိမှု၊ ပညာကင်းမှု ရှိသူသည် ရောက်နိုင်ရမည်ဟူသော ဤအကြောင်းသည် မရှိနိုင်ဟု (မိန့်တော်မူ၏)။
၃၈ဝ။ အသျှင်ဘုရား မြတ်စွာဘုရားသည် အကြောင်းမှန်သဘောကို ဟောကြားတော်မူ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကြောင်းခိုင်လုံသော သဘောကို ဟောကြားတော်မူ၏။ အသျှင်ဘုရားမင်းမျိုး ပုဏ္ဏားမျိုး ကုန်သည်မျိုး သူဆင်းရဲမျိုးအားဖြင့် ဤအမျိုးလေးပါးတို့ သည် ဤကမ္မဋ္ဌာန်းစီးဖြန်းမှု အင်္ဂါငါးပါးတို့နှင့် အကယ်၍ ပြည့်စုံခဲ့မူ ထိုအမျိုးလေးပါးတို့သည် အကယ်၍ ကောင်းစွာအားထုတ်မှုရှိခဲ့မူ ထိုသူတို့၏ ဤအရာ၌ အထူးရှိပါသေးသလော၊ ခြားနားမှုရှိပါသလောဟု (လျှောက်၏)။ မင်းကြီး ထိုသူတို့၏ ဤအရာ၌ မဂ်ဖိုလ်အချင်းချင်း တစ်စုံတစ်ခုသော ခြားနားမူကို ငါ မဟော။ မင်းကြီး ဥပမာအားဖြင့် ယောကျာ်းတစ်ယောက်သည် ကျွန်းသား ထင်းခြောက်ကို ယူ၍ မီးမွှေးရာ၏၊ တေဇော ဓာတ်ကို ပြုရာ၏၊ အခြားယောကျာ်းသည် အင်ကြင်းသားထင်း ခြောက်ကို ယူ၍ မီးမွှေးရာ၏၊ တေဇော ဓာတ်ကို ပြုရာ၏ အခြားယောကျာ်းသည် သရက်သားထင်းခြောက်ကို ယူ၍ မီးမွှေးရာ၏၊ တေဇောဓာတ် ကို ပြုရာ၏၊ အခြားယောကျာ်းသည် ရေသဖန်းသားထင်းခြောက်ကို ယူ၍ မီးမွှေးရာ၏၊ တေဇောဓာတ်ကို ပြုရာ၏။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ထင်းအမျိုးမျိုးမှဖြစ်ကုန်သော ထိုမီးတို့၏ တစ်စုံတစ်ခု ခြားနားမှုသည် ရှိသေးသလော၊ မီးလျှံအချင်းချင်းအဆင်းအချင်းချင်း အရောင်အချင်းချင်း တစ်စုံတစ်ခုခြားနားမှုသည် ရှိသေးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရှိပါဟု (လျှောက်၏)။
မင်းကြီး ဤဥပမာအတူသာလျှင် လုံ့လဖြင့် မွှေနှောက်၍ ရအပ်သော, လုံ့လကြောင့်ဖြစ်သော တန်ခိုး၌မဂ်ဖိုလ် အချင်းချင်း တစ်စုံတစ်ခု ခြားနားမှုကို ငါ မဟောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားမြတ်စွာဘုရားသည် အကြောင်းမှန်သဘောကို ဟောကြားတော်မူ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည်အကြောင်းခိုင်လုံသောစကားကို ဟောကြားတော်မူ၏။ အသျှင်ဘုရား နတ်တို့သည် ရှိကြပါကုန်၏လောဟု (လျှောက်၏)။ မင်းကြီး သင်သည် အဘယ့်ကြောင့် နတ်တို့သည် ရှိကြပါကုန်၏လောဟု ဤသို့မေးလျှောက်ဘိသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုနတ်တို့သည် ပဋိသန္ဓေအားဖြင့် ဤလူ့ပြည်သို့ လာရောက်ကြပါကုန်သေးသလော၊ သို့မဟုတ် ပဋိသန္ဓေအားဖြင့် ဤလူ့ပြည်သို့ မလာရောက်ကြကုန်ဘဲ ရှိပါကုန်သလောဟု (လျှောက်၏)။ မင်းကြီး စေတသိက ဒုက္ခရှိကြကုန်သော နတ်တို့သည် ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်လာနိုင်ကုန်၏။ စေတသိကဒုက္ခ မရှိကြကုန်သော နတ်တို့သည်ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက် မလာကြကုန်ဟု (မိန့်တော်မူ၏)။
၃၈၁။ ဤသို့ မိန့်တော်မူသော် ဝိဋဋူဘစစ်သူကြီးသည် မြတ်စွာဘုရားကို “အသျှင်ဘုရားစေတသိကဒုက္ခ ရှိကြသေးသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်လာနိုင်ကုန်သော နတ်တို့သည် စေတသိကဒုက္ခ မရှိကြသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် မလာနိုင်ကြကုန်သော နတ်တို့ကိုနေရာမှ ရွေ့စေနိုင်ကုန်သလော၊ နှင်ထုတ်မူလည်း နှင်ထုတ်နိုင်ကြကုန်သလော”ဟု လျှောက်၏။
ထိုအခါ အသျှင်အာနန္ဒာအား “ဝိဋဋူဘစစ်သူကြီးသည် ပသေနဒိကောသလမင်းကြီး၏ သားတော်တည်း၊ ငါလည်း မြတ်စွာဘုရား၏ သားတော်တည်း၊ ဤအခါကား သားတော်အချင်းချင်း တိုင်ပင်ရမည့်အချိန်အခါတည်း”ဟု အကြံဖြစ်၏။ ထိုအခါ အသျှင်အာနန္ဒာသည် ဝိဋဋူဘစစ်သူကြီးကို “စစ်သူကြီး ဤအရာ၌ သင့်ကိုသာလျှင် ငါပြန်၍မေးအံ့၊ သင်နှစ်သက်သည့်အတိုင်း ထိုပြဿနာကို ဖြေကြားလော့၊ စစ်သူကြီး ဤအရာ၌ အဘယ်သို့ မှတ်ထင်သနည်း၊ ပသေနဒိကောသလမင်းကြီး စိုးမိုးအုပ်ချုပ် မင်းလုပ်ရာ နိုင်ငံတော်၌ ပသေနဒိကောသလမင်းကြီးသည် ရဟန်းကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း၊ ဘုန်းရှိသောသူကိုလည်းကောင်း၊ ဘုန်းမဲ့သောသူကိုလည်းကောင်း၊ မြတ်သော အကျင့်ရှိသူကိုလည်းကောင်း၊ မြတ်သောအကျင့် မရှိသူကိုလည်းကောင်း ထိုတိုင်းပြည်မှ ရွေ့လျောနှင်ထုတ်ရန် စွမ်းနိုင်ရာသည် မဟုတ်လော”ဟု (မေး၏)။ အသျှင်ပသေနဒိကောသလမင်းကြီး စိုးမိုးအုပ်ချုပ်မင်းလုပ်ရာ နိုင်ငံတော်၌့ပသေနဒိကောသလမင်းကြီးသည် ရဟန်းကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း၊ ဘုန်းရှိသောသူကိုလည်းကောင်း၊ ဘုန်းမဲ့သောသူကိုလည်းကောင်း၊ မြတ်သောအကျင့် ရှိသူကိုလည်းကောင်း၊ မြတ်သောအကျင့်မရှိသူကိုလည်းကောင်း ထိုတိုင်းပြည်မှ ရွေ့လျောနှင်ထုတ်ရန် စွမ်းနိုင်ပါ၏ဟု (လျှောက်၏)။
စစ်သူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ပသေနဒိကောသလမင်းကြီး စိုးမိုးအုပ်ချုပ်မင်းမလုပ်ရာ တိုင်းနိုင်ငံ၌ ပသေနဒိကောသလမင်းကြီးသည် ရဟန်းကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း၊ ဘုန်းရှိသူကိုလည်းကောင်း၊ ဘုန်းမဲ့သူကိုလည်းကောင်း၊ မြတ်သောအကျင့် ရှိသူကိုလည်းကောင်း၊ မြတ်သောအကျင့် မရှိသူကိုလည်းကောင်း တိုင်းပြည်မှ ရွေ့လျောနှင်ထုတ်ရန် စွမ်းနိုင်ပါအံ့လောဟု (မေး၏)။ အသျှင်ပသေနဒိကောသလမင်းကြီး စိုးမိုးအုပ်ချုပ်မင်းမလုပ်ရာ တိုင်းနိုင်ငံ၌ ပသေနဒိကောသလမင်းကြီးသည် ရဟန်းကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း၊ ဘုန်းရှိသူကိုလည်းကောင်း၊ ဘုန်းမဲ့သူကိုလည်းကောင်း၊ မြတ်သော အကျင့်ရှိသူကိုလည်းကောင်း၊ မြတ်သောအကျင့် မရှိသူကိုလည်းကောင်းထိုတိုင်း နိုင်ငံမှ ရွေ့လျောနှင်ထုတ်ရန် မစွမ်းနိုင်ပါဟု (လျှောက်၏)။
စစ်သူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် တာဝတိံသာနတ်တို့ကို ကြားဖူးပါ၏လောဟု (မေး၏)။ အသျှင် မှန်ပါ၏၊ တာဝတိံသာနတ်တို့ကို အကျွန်ုပ်ကြားဖူးပါ၏၊ အသျှင် ဤအရာ၌ ပသေနဒိ ကောသလမင်းကြီးသည်လည်း တာဝတိံသာနတ်တို့ကို ကြားဖူးပါ၏ဟု (လျှောက်၏)။ စစ်သူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ပသေနဒိကောသလမင်းကြီးသည်လည်း တာဝတိံသာနတ်တို့ကို ထိုနေရာမှ ရွေ့လျောနှင်ထုတ်ရန် စွမ်းနိုင်ပါသလောဟု (မေး၏)။ အသျှင်ဘုရားပသေနဒိကောသလမင်းကြီးသည် တာဝတိံ သာနတ်တို့ကို မြင်ခြင်းကိုမျှလည်း မစွမ်းနိုင်၊ ထိုနေရာမှ ရွေ့လျောစေ နှင်ထုတ်စေရန် အဘယ်မှာ စွမ်းနိုင်ပါအံ့နည်းဟု (လျှောက်၏)။ စစ်သူကြီး ဤအတူသာလျှင်စေတသိကဒုက္ခရှိကြသေးသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်လာနိုင်ကုန်သော နတ်တို့သည် စေတသိကဒုက္ခမရှိကြသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်မလာကုန်သော နတ်တို့ကို မြင်ခြင်းငှါသော်လည်း မစွမ်းနိုင်ကြကုန်၊ အဘယ်မှာလျှင် ထိုတည်ရာဌာနမှ ရွေ့လျောမူလည်း ရွေ့လျောစေနိုင်ကုန်အံ့နည်း၊ နှင်ထုတ်မူလည်း နှင်ထုတ်နိုင်ပါကုန်အံ့နည်းဟု (မိန့်ဆို၏)။
၃၈၂။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မြတ်စွာဘုရားကို “အသျှင်ဘုရား ဤရဟန်းသည်အဘယ်အမည်ရှိပါသနည်း”ဟု လျှောက်၏။ မင်းကြီး အာနန္ဒာ အမည်ရှိပေ၏ဟု (မိန့်တော်မူ၏)။ အချင်းတို့ နှစ်သက်ဖွယ် ရှိပေစွတကား၊ အချင်းတို့ နှစ်သက်ဖွယ် ရှိပေစွတကား။ အသျှင်ဘုရား အသျှင်အာနန္ဒာသည် အကြောင်းမှန်သော သဘောကို ဆိုပေ၏၊ အသျှင်ဘုရား အသျှင်အာနန္ဒာသည် အကြောင်းခိုင်လုံသော သဘောကို ဆိုပေ၏။ အသျှင်ဘုရား ဗြဟ္မာတို့သည် ရှိပါကုန်သလောဟု (လျှောက်၏)။
မင်းကြီး သင်သည် အဘယ့်ကြောင့် “အသျှင်ဘုရား ဗြဟ္မာတို့သည် ရှိပါကုန်သလော”ဟု ဤသို့ဆိုဘိသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုဗြဟ္မာသည် ပဋိသန္ဓေအားဖြင့် ဤလူ့ပြည်သို့ လာရောက်ပါသေးသလော၊ သို့မဟုတ် ဤလူ့ပြည်သို့ မလာရောက်ဘဲ ရှိပါသလောဟု (လျှောက်၏)။ မင်းကြီး စေတသိက ဒုက္ခရှိသော ဗြဟ္မာသည် ဤလူ့ပြည်သို့ ပဋိသန္ဓေတည်နေသောအားဖြင့်ကပ်ရောက်လာနိုင်၏၊ စေတသိကဒုက္ခ မရှိသော ဗြဟ္မာသည် ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့်ကပ်ရောက်မလာနိုင်ဟု (မိန့်တော်မူ၏)။
ထိုအခါ တစ်ယောက်သော မင်းချင်းသည် ပသေနဒိကောသလမင်းကြီးကို “မင်းကြီး အာကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားသည် ရောက်လာပါပြီ”ဟု သံတော်ဦးတင်၏။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် အာကာသအနွယ်ဖြစ်သော သဉ္စယပုဏ္ဏားကို “ပုဏ္ဏား အဘယ်သူသည် ဤစကားကို မင်း၏နန်းတော်တွင်း၌ ပြောဆိုပါသနည်း”ဟု မေး၏၊ မင်းကြီး ဝိဋဋူဘစစ်သူကြီးပါတည်းဟု (သံတော်ဦးတင်၏)။ ဝိဋဋူဘစစ်သူကြီးသည် “မင်းကြီး အာကာသအနွယ်ဖြစ်သော သဉ္စယပုဏ္ဏားပါတည်း”ဟု့ (သံတော်ဦးတင်၏)။ ထိုအခါ တစ်ယောက်သော မင်းချင်းယောကျာ်းသည် ပသေနဒိကောသလမင်းကြီးကို”မင်းကြီး သွားအံ့သောအခါ တိုင်ပါပြီ”ဟု သံတော်ဦးတင်၏။
ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မြတ်စွာဘုရားကို “အသျှင်ဘုရား အကျွန်ုပ်တို့သည်မြတ်စွာဘုရားကို သဗ္ဗညုတဉာဏ်အကြောင်းကို မေးလျှောက်ပါကုန်၏၊ မြတ်စွာဘုရားသည်သဗ္ဗညုတဉာဏ် အကြောင်းကို ဖြေကြားတော်မူပါ၏။ ထိုဖြေကြားတော်မူချက်ကိုလည်း အကျွန်ုပ်တို့သည်သဘောလည်း ကျပါ၏၊ နှစ်လည်း နှစ်သက်ပါ၏၊ ထိုအဖြေဖြင့်လည်း နှစ်လိုသောစိတ်ရှိကြပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကိုမေးလျှောက်ပါကုန်၏၊ မြတ်စွာ ဘုရားသည် အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကိုလည်းဖြေကြားတော်မူပါ၏။ ထိုဖြေကြားချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်းကျပါ၏၊ နှစ်လည်းနှစ်သက်ပါ၏၊ ထိုဖြေကြားတော်မူချက်ဖြင့်လည်း နှစ်လို သောစိတ်ရှိကြပါကုန်၏။ အသျှင်ဘုရားအကျွန်ုပ်တို့သည် မြတ်စွာဘုရားကို လွန်မြတ်သော နတ်တို့ကို မေးလျှောက်ပါကုန်၏၊ မြတ်စွာဘုရားသည်လွန်မြတ်သော နတ်တို့ကို ဖြေကြားတော်မူပါ၏။ ထိုဖြေကြား တော်မူချက်ကိုလည်း အကျွန်ုပ်တို့သည်သဘောလည်းကျပါ၏၊ နှစ်လည်း နှစ်သက်ပါ၏၊ ထိုဖြေကြား တော်မူချက်ဖြင့်လည်းနှစ်လိုသောစိတ်ရှိကြပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို လွန်မြတ်သောဗြဟ္မာကို မေးလျှောက်ပါကုန်၏၊ မြတ်စွာဘုရားသည် လွန်မြတ်သော ဗြဟ္မာကို ဖြေကြား တော်မူပါ၏။ ထိုဖြေကြားတော်မူချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်းကျပါ၏၊ နှစ်လည်း နှစ်သက်ပါ၏၊ ထိုဖြေကြားတော်မူချက်ဖြင့်လည်း နှစ်လိုသောစိတ်ရှိကြပါကုန်၏။
အကျွန်ုပ်တို့သည် မြတ်စွာဘုရားအား မေးလျှောက်တိုင်းသော ပြဿနာကို မြတ်စွာဘုရားသည်ဖြေကြားတော်မူ၏၊ ထိုဖြေကြားတော်မူချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်းကျပါ၏၊ နှစ်လည်းနှစ်သက်ပါ၏၊ ထိုဖြေကြားတော်မူချက်ဖြင့်လည်း နှစ်လိုသော စိတ်ရှိကြပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် ယခုအခါ သွားကြပါကုန်အံ့၊ အကျွန်ုပ်တို့သည် များသောကိစ္စ များသော ပြုဖွယ်ရှိကြပါကုန်၏”ဟု လျှောက်၏။ မင်းကြီး ယခု သွားရန် အချိန်ကို သင် သိ၏ (သွားရန်မှာ သင်၏ အလိုအတိုင်းပင်ဖြစ်၏)ဟု (မိန့်တော်မူ၏)။ ထိုအခါ ပသေနဒိကောသလမင်းသည် မြတ်စွာဘုရား၏ တရားတော်ကိုအလွန် နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုကာ ဖဲသွားလေသတည်း။
ဆယ်ခုမြောက် ကဏ္ဏကတ္ထလသုတ် ပြီး၏။
လေးခုမြောက် ရာဇဝဂ် ပြီး၏။