မဇ္ဈိမနိကာယ်

၁—ဗြဟ္မာယုသုတ်

၃၈၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ငါးရာမျှလောက်သော ရဟန်းသံဃာနှင့် အတူဝိဒေဟတိုင်း၌ ဒေသစာရီ ကြွချီတော်မူ၏။ ထိုအခါ ရက်ချုပ်အားဖြင့် အသက်တစ်ရာ့နှစ်ဆယ်ရှိ၍အိုမင်းကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် နောက်ဆုံးအရွယ်သို့ရောက်သော ဗြဟ္မာယုပုဏ္ဏားသည်မိထိလာပြည်၌ နေ၏၊ နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ’သဒ္ဒါ’ ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်း၁နှင့်တကွ ဗေဒင်သုံးပုံတို့၏ ကမ်းတစ်ဖက်သို့ ရောက်၏၊ ပဒကျမ်း၂ကို တတ်၏၊ ဗျာကရုဏ်းကျမ်း၃ကို တတ်၏၊ လောကာယတကျမ်း၄ မဟာပုရိသလက္ခဏာကျမ်း တို့၌ အကြွင်းမဲ့ တတ်မြောက်၏၊ ထိုဗြဟ္မာယုပုဏ္ဏားသည် ဤသို့ကြားသိလေ၏ —“အချင်းတို့ သာကီဝင် မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသားရဟန်းဂေါတမသည် ငါးရာမျှလောက်သော ရဟန်းသံဃာ နှင့်အတူ ဒေသစာရီ ကြွချီတော်မူရာဝိဒေဟတိုင်းသို့ ရောက်လာသတတ်၊ အသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ပြန့်နှံ့၍ ထွက်၏ —‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက် သော အကြောင်းကြောင့်လည်း’အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောအကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့်ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်း သောစကားကိုဆိုတော်မူတတ်သော အကြောင့်ကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသောအကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင့်ကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏’ဟု (ပြန့်နှံ့၍ ထွက်၏)။

ထိုမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြဟ္မဏ မင်းများလူများ နှင်တကွသော လူ့လောကကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုလျက်ဟောကြားတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏၊ ထိုသို့သဘောရှိကုန်သော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု (ကြားသိလေ၏)။

၃၈၄။ ထိုစဉ်အခါ၌ ဗြဟ္မာယုပုဏ္ဏား၏ တပည့်ဖြစ်သော ဥတ္တရလုလင်သည် ရှိ၏၊ ထိုလုလင်သည်နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ ကျမ်း ငါးခုမြောက်ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့၏ ကမ်းတစ်ဖက်သို့ ရောက်၏၊ ပဒကျမ်း ကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏၊ ထိုဗြဟ္မာယုပုဏ္ဏားသည် ဥတ္တရလုလင်ကို ဤသို့ ပြော၏ — “ချစ်သားဥတ္တရ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ဤရဟန်း ဂေါတမသည် များစွာသော ငါးရာမျှသော ရဟန်းသံဃာနှင့်တကွ ဝိဒေဟတိုင်း၌ ဒေသစာရီ ကြွချီတော်မူလာ၏၊ ထိုအသျှင်ဂေါတမ၏ ကောင်းသောကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏ — ‘ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့် လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏။ပ။ ထိုသို့သဘောရှိကုန်သော ရဟန္တာတို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု (ကြားသိရ၏)။

“ချစ်သားဥတ္တရ လာလော့၊ သင်သည် ရဟန်းဂေါတမထံသို့ ချဉ်းကပ်ပြီးလျှင် ရဟန်းဂေါတမ၏ကျော်စောသတင်းသည် အမှန်အတိုင်း ပျံ့နှံ့၍ ထွက်သလော၊ အမှန်အတိုင်းမဟုတ်ဘဲ ပျံ့နှံ့၍ ထွက်သလော၊ ထိုအသျှင်ဂေါတမသည် ကျော်စောသည့်အတိုင်း မှန်သလော၊ မမှန်သလောဟု ငါတို့ သိနိုင်ရန်အလို့ငှါ ရဟန်းဂေါတမကို သိအောင် စုံစမ်းချေလော့”ဟု ဆို၏။ အသျှင် “ထိုအသျှင်ဂေါတမ၏ကျော်စော သတင်းသည် အမှန်အတိုင်း ပျံ့နှံ့၍ ထွက်သလော၊ အမှန်အတိုင်း မဟုတ်ဘဲ ပျံ့နှံ့၍ထွက်သလော၊ ထိုအသျှင်ဂေါတမသည် ကျော်စောသည့်အတိုင်း မှန်သလော၊ မမှန်သလောဟုအကျွန်ုပ်သည် ထိုအသျှင် ဂေါတမကို အဘယ်သို့လျှင် သိအောင် စုံစမ်းရပါအံ့ နည်း”ဟု (မေး၏)။

ချစ်သားဥတ္တရ ငါတို့၏ ဝေဒကျမ်းတို့၌ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာ တို့သည့်လာကုန်၏၊ ယင်းလက္ခဏာတို့နှင့် ပြည့်စုံသော ယောကျာ်းမြတ်အား နှစ်မျိုးသော အဖြစ်တို့သာလျှင်ရှိကုန်၏၊ အခြားသော အဖြစ်မရှိကုန်။ ထိုယောကျာ်းမြတ်သည် အကယ်၍ လူ့ဘောင်၌ နေငြားအံ့၊ တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကိုအစိုးရသော ရန်အပေါင်းကို အောင်သော တိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသောစကြဝတေးမင်းဖြစ်၏၊ ထိုစကြဝတေးမင်းအား ဤရတနာခုနစ်ပါးတို့သည် ဖြစ်ကုန်၏။ ဤသည်တို့ကားအဘယ်နည်း၊ စကြာရတနာ ဆင်ရတနာ မြင်းရတနာ ပတ္တမြားရတနာ မိန်းမရတနာ သူကြွယ်ရတနာခုနစ်ခုမြောက်သော သားကြီးရတနာ တို့တည်း။ ထိုစကြဝတေးမင်း၌ ရဲရင့်ကုန်သော သူရဲကောင်းအင်္ဂရုပ် ရှိကုန်သော တစ်ဖက် စစ်သည်တို့ကို နှိမ်နင်းနိုင်ကုန်သော အထောင်မကသောသားတော်တို့သည် ရှိကုန် ၏၊ ထို စကြဝတေးမင်းသည် သမုဒ္ဒရာအဆုံးရှိသော ဤမြေကို ဒဏ်မခတ်မူ၍မသတ်ဖြတ်မူ၍ တရား သဖြင့် အောင်မြင်လျက် အုပ်စိုး၏။ အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ငြားအံ့၊ ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော လောက၌ ကိလေသာ အပိတ်အဖုံးကို ဖွင့်လှစ်နိုင်သော ဘုရားဖြစ်၏။ ချစ်သားဥတ္တရငါသည် သင့်အား ဝေဒကျမ်းတို့ကို သင်ကြားပေးပြီး မဟုတ်လော၊ သင်သည် ဝေဒကျမ်းတို့ကို သင်ကြားခံယူပြီး မဟုတ် လောဟု (ပြောကြား၏)။

၃၈၅။ “အသျှင် ကောင်းပါပြီ”ဟု ဥတ္တရလုလင်သည် ဗြဟ္မာယုပုဏ္ဏားအား ဝန်ခံပြီးလျှင် နေရာမှ ထ၍ဗြဟ္မာယုပုဏ္ဏားကို ရှိခိုးလျက် အရိုအသေပြုကာ ဝိဒေဟတိုင်း မြတ်စွာဘုရားရှိရာသို့ ဖဲသွားလေ၏၊ အစဉ်အတိုင်း ဖဲသွားပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏၊ မြတ်စွာဘုရားထံ သို့ ချဉ်းကပ်ပြီးလျှင်မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ဥတ္တရလုလင်သည်မြတ်စွာဘုရား၏ ကိုယ်တော်၌ သုံးဆယ့် နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့ကို ကြည့်ရှုရှာဖွေ၏။ မြတ်စွာဘုရားကိုယ်တော်၌ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့ကို များသောအားဖြင့်မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သောလျှာတော် ၌လည်းကောင်း ဤမမြင်ရသော ယောကျာ်းမြတ်လက္ခဏာ နှစ်ပါးတို့၌ ယုံမှား၏၊ တွေးတောယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။ ထိုအခါ မြတ်စွာဘုရားအား ဤသို့အကြံဖြစ်၏ — “ဤ ဥတ္တရလုလင်သည် ငါ၏ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ် လက္ခဏာတို့ကိုများသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့်ဖုံးလွှမ်းသော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့် သော လျှာတော်၌လည်းကောင်း ဤမမြင်ရသော ယောကျာ်းမြတ်လက္ခဏာနှစ်ပါးတို့၌ ယုံမှား၏၊ တွေးတောယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံ ကြည်နိုင်။ ငါသည် တန်ခိုးဖန်ဆင်းပြရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။

ထိုအခါ မြတ်စွာဘုရားသည် အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်ကို ဥတ္တရလုလင်မြင်နိုင်ရန် တန်ခိုးဖန်ဆင်းတော်မူ၏၊ ထို့နောက် မြတ်စွာဘုရားသည် လျှာတော်ကို ထုတ်၍ နားတွင်းနှစ်ဖက်တို့ကို လည်းအပြန်အလှန် သုံးသပ်တော်မူ၏၊ နှာခေါင်းပေါက် နှစ်ခုတို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ ၏၊ အလုံးစုံသော နဖူးပြင်ကိုလည်း လျှာဖြင့် ဖုံးအုပ်တော်မူ၏။ ထိုအခါ ဥတ္တရလုလင်အား ဤသို့သောအကြံဖြစ်၏ — “ရဟန်းဂေါတမသည် သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့နှင့် ပြည့်စုံသည်သာတည်း၊ ငါသည် အကယ်၍ ရဟန်းဂေါတမ နောက်သို့ အစဉ်လိုက်ရမူ ထိုရဟန်းဂေါတမ၏ဣရိယာပုထ်ကို မြင်ရာ၏”ဟု (အကြံဖြစ်၏)။ ထို့နောက် ဥတ္တရလုလင်သည် ခုနစ်လပတ်လုံး အစဉ်လိုက်သော အရိပ်ကဲ့သို့ မြတ်စွာဘုရား၏ နောက်သို့ အစဉ်လိုက်လေ၏။

၃၈၆။ ခုနစ်လလွန်သောအခါ ဥတ္တရလုလင်သည် ဝိဒေဟတိုင်း မိထိလာပြည်သို့ ဖဲသွား၏၊ အစဉ့်အတိုင်း လှည့်လည်၍ မိထိလာပြည် ဗြဟ္မာယုပုဏ္ဏား၏ အထံသို့ ချဉ်းကပ်၍ ဗြဟ္မာယု ပုဏ္ဏားအားရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေ၏၊ ထိုင်နေသော ဥတ္တရလုလင်ကို ဗြဟ္မာယုပုဏ္ဏား သည် “ချစ်သားဥတ္တရ ထိုအသျှင်ဂေါတမ၏ ကျော်စောသတင်းသည် အမှန်အတိုင်း ပျံ့နှံ့၍ ထွက်သလော၊ အမှန်အတိုင်းမဟုတ်ဘဲ ပျံ့နှံ့၍ ထွက်သလော၊ ထိုအသျှင်ဂေါတမသည် ကျော်စော သည့်အတိုင်း မှန်သလော၊ မမှန်သလော”ဟု (မေး၏)။ အသျှင် ထိုအသျှင် ဂေါတမ၏ ကျော်စော သတင်းသည် အမှန်အတိုင်းပျံ့နှံ့၍ ထွက်ပါ၏၊ အမှန်အတိုင်းမဟုတ်ဘဲ ပျံ့နှံ့၍ ထွက်သည် မဟုတ်ပါ၊ ထိုအသျှင်ဂေါတမသည်ကျော်စော သည့်အတိုင်းပင် မှန်ပါ၏၊ မမှန်သည် မဟုတ်ပါ။ အသျှင် ထိုအသျှင် ဂေါတမသည်သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့နှင့်လည်း ပြည့်စုံပါ၏ဟု (ပြောဆို၏)။

ထိုအသျှင်ဂေါတမသည် အညီအညွတ် ကောင်းစွာထိသော ခြေဖဝါးရှိ၏။ ဤအညီအညွတ် ကောင်းစွာထိသော ခြေဖဝါးရှိခြင်းသည်လည်း ထိုအသျှင်ဂေါတမ၏ မဟာပုရိသလက္ခဏာ ဖြစ်၏။ (၁)

ထိုအသျှင်ဂေါတမ၏ အောက်ခြေဖဝါးပြင်တို့၌ အကန့်တစ်ထောင် အကွပ်ပုံတောင်းတို့နှင့် တကွသောအလုံးစုံသောအခြင်းအရာနှင့် ပြည့်စုံသော စက်တို့သည် ဖြစ်ကုန်၏။ (၂)

ထိုအသျှင်ဂေါတမသည် ရှည်သော ဖနောင့်ရှိ၏။ (၃)

ထိုအသျှင်ဂေါတမသည် ရှည်သော လက်ချောင်း ခြေချောင်း ရှိ၏။ (၄)

ထိုအသျှင်ဂေါတမသည် နူးညံ့သိမ်မွေ့သော လက်ဖဝါး ခြေဖဝါး ရှိ၏။ (၅)

ထိုအသျှင်ဂေါတမသည် လေသွန်တံခါး၌စီထားသော ရွှေပွတ်လုံးကဲ့သို့ ညီညွတ်သော လက်ခြေ ရှိ၏။ (၆)

ထိုအသျှင်ဂေါတမသည် (ဖမိုးမှသည် လေးသစ်တက်၍ အထက်၌ တည်သော) မြင့်သော ဖမျက် ရှိ၏။ (၇)

ထိုအသျှင်ဂေါတမသည် ဧဏီသား၏ မြင်းခေါင်းနှင့်တူသော ပြည့်ဖြိုးသော မြင်းခေါင်းရှိ၏။ (၈)

ထိုအသျှင်ဂေါတမသည် ရပ်လျက်သာလျှင် မကိုင်းညွတ်ဘဲ နှစ်ဖက်သော လက်ဝါးအပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ်ဆုပ်နယ်နိုင်၏။ (၉)

ထိုအသျှင်ဂေါတမသည် အအိမ်ဖြင့် ဖုံးလွှမ်းသော အင်္ဂါဇာတ် ရှိ၏။ (၁ဝ)

ထိုအသျှင်ဂေါတမသည် ရွှေစင် (ရုပ်) နှင့် တူသော အဆင်းရှိ၏၊ ရွှေအဆင်းနှင့်တူသော အရေရှိ၏။ (၁၁)

ထိုအသျှင်ဂေါတမသည် သိမ်မွေ့သော အရေရှိ၏၊ အရေသိမ်မွေ့သောကြောင့် ကိုယ်၌ မြူအညစ်အကြေး မလိမ်းကျံ မကပ်ငြိ။ (၁၂)

ထိုအသျှင်ဂေါတမသည် (မွေးညင်းပေါက်တို့၌) တစ်ချောင်းစီ တစ်ချောင်းစီ ပေါက်သော မွေးညှင်း ရှိ၏၊ မွေးညင်းပေါက် တစ်ခုတစ်ခု၌ တစ်ချောင်း တစ်ချောင်းစီသော မွေးညင်းရှိကုန်၏။ (၁၃)

ထိုအသျှင်ဂေါတမသည် အထက်သို့ ကော့တက်သော မွေးညင်းရှိ၏၊ အထက်သို့ ကော့တက်ကုန် သောမွေးညင်းတို့သည် ညိုကုန်၏၊ မျက်စဉ်းညို အဆင်းရှိကုန်၏၊ ရစ်ပတ်၍ လည်ကုန်၏၊ လကျာ်ရစ် လည်၍တည်ကုန်၏၊ (၁၄)

ထိုအသျှင်ဂေါတမသည် ဗြဟ္မာ့ကိုယ်နှင့်တူသော ဖြောင့်မတ်သော ကိုယ်ရှိ၏။ (၁၅)

ထိုအသျှင်ဂေါတမသည် အရပ်ခုနစ်ပါး၌ ပြည့်ဖြိုးသော အသားရှိ၏။ (၁၆)

ထိုအသျှင်ဂေါတမသည် (ကေသရာ) ခြင်္သေ့မင်း၏ ရှေ့ထက်ဝက်ကိုယ်နှင့်တူသော ကိုယ်ရှိ၏။ (၁၇)

ထိုအသျှင်ဂေါတမသည် ပခုံးစွန်းနှစ်ဖက်အတွင်း၌ ပြည့်ဖြိုးသော အသားရှိ၏။ (၁၈)

ထိုအသျှင်ဂေါတမသည် ပညောင်ပင်အဝန်းကဲ့သို့ ဝန်းသောကိုယ်ရှိ၏၊ ထိုအသျှင်ဂေါတမ၏ ကိုယ်သည်အရပ်ရှိသလောက် အလံရှိ၏၊ အလံရှိသလောက် အရပ်ရှိ၏။ (၁၉)

ထိုအသျှင်ဂေါတမသည် ညီညွတ်စွာ လုံးသော လည်ရှိ၏။ (၂ဝ)

ထိုအသျှင်ဂေါတမသည် အရသာကိုဆောင်နိုင်သော အကြောရှိ၏။ (၂၁)

ထိုအသျှင်ဂေါတမသည် (ကေသရာ) ခြင်္သေ့မင်း၏ မေးနှင့် တူသော မေးရှိ၏။ (၂၂)

ထိုအသျှင်ဂေါတမသည် သွားလေးဆယ် ရှိ၏။ (၂၃)

ထိုအသျှင်ဂေါတမသည် ညီညွတ်သော သွားရှိ၏။ (၂၄)

ထိုအသျှင်ဂေါတမသည် မကျဲသော သွားရှိ၏။ (၂၅)

ထိုအသျှင်ဂေါတမသည် အလွန်ဖြူစင်သော အစွယ်လေးချောင်း ရှိ၏။ (၂၆)

ထိုအသျှင်ဂေါတမသည် ရှည်ပြန့်သော လျှာရှိ၏။ (၂၇)

ထိုအသျှင်ဂေါတမသည် ဗြဟ္မာ၏အသံနှင့်တူသော အသံရှိ၏၊ ကရဝိက်ငှက်အသံနှင့်တူသော အသံ ရှိ၏။ (၂၈)

ထိုအသျှင်ဂေါတမသည် အလွန်ညိုသော မျက်လုံးရှိ၏။ (၂၉)

ထိုအသျှင်ဂေါတမသည် နွားငယ်ကလေး၏ မျက်မှောင်နှင့်တူသော မျက်မှောင်ရှိ၏။ (၃ဝ)

ထိုအသျှင်ဂေါတမ၏ (ဥဏ္ဏလုံ) မွေးရှင်သည် မျက်မှောင် နှစ်ဖက်အကြား၌ ပေါက်၏၊ ဖြူစင်နူးညံ့သော လဲဝါဂွမ်းနှင့် တူ၏။ (၃၁)

ထိုအသျှင်ဂေါတမသည် သင်းကျစ်ပြားရစ်သကဲ့သို့ ဦးခေါင်းရှိ၏၊ ဤသင်းကျစ်ပြားရစ်သကဲ့သို့ဦးခေါင်းရှိခြင်းသည်လည်း ထိုအသျှင်ဂေါတမ၏ မဟာပုရိသလက္ခဏာတည်း။ (၃၂)

ထိုအသျှင်ဂေါတမသည် ဤသုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ် လက္ခဏာတို့နှင့် ပြည့်စုံ၏။

၃၈၇။ ထိုအသျှင်ဂေါတမသည် ကြွသွားသည်ရှိသော် လကျာ်ခြေတော်ဖြင့် ရှေးဦးစွာ ဖဲကြွတော်မူ၏၊ ထိုအသျှင်ဂေါတမသည် မဝေးလွန်းရာ၌ ခြေတော်ကို နုတ်ကြွတော်မူ၏၊ မနီးလွန်းရာ၌ ခြေတော်ကိုချတော်မူ၏၊ မမြန်လွန်းဘဲ ကြွသွားတော်မူ၏၊ မနှေးလွန်းဘဲ ကြွသွားတော်မူ၏၊ ပုဆစ်ဒူးအချင်းချင်းမထိခိုက်စေဘဲ ကြွသွားတော်မူ၏၊ ဖမျက်အချင်းချင်း မထိခိုက်စေဘဲ ကြွသွားတော်မူ၏၊ ထိုအသျှင်ဂေါတမသည် ကြွသွားတော်မူသည်ရှိသော် ပေါင်ကို မြှောက်တော်မမူ၊ ညွတ်တော်မမူ၊ တောင့်ထားတော်မမူ၊ ခါတော်မမူ၊ ထိုအသျှင်ဂေါတမ ကြွသွား တော်မူလတ်သော် အောက်ပိုင်းကိုယ်သည်သာ လှုပ်၏၊ ကိုယ်အား ယူ၍ ကြွတော်မမူ။ ထိုအသျှင် ဂေါတမသည် ပြန်ကြည့်တော်မူသည်ရှိသော် အလုံးစုံသောကိုယ်ဖြင့်သာလျှင် ပြန်ကြည့်တော်မူ၏၊ ထိုအသျှင်ဂေါတမသည် အထက်သို့ မော့ကြည့်တော်မမူ၊ အောက်သို့ ငုံ့ကြည့် တော်မမူ၊ ထိုထို ဤ ကြည့်လျက် သွားတော်မမူ၊ ထမ်းပိုးတစ်ပြန်မျှကိုသာကြည့်တော်မူ၏၊ ထမ်းပိုး တစ်ပြန်ထက် အလွန်လည်း ထိုအသျှင်ဂေါတမအား အပိတ်အပင်မရှိသောဉာဏ်အမြင်သည် ဖြစ် တော်မူ၏။

ထိုအသျှင်ဂေါတမသည် ရွာတွင်းသို့ ဝင်တော်မူသည်ရှိသော် ကိုယ်ကို မြှောက်တော်မမူ၊ ညွတ် တော်မမူ၊ တောင့်ထားတော်မမူ၊ ခါတော်မမူ၊ ထိုအသျှင်ဂေါတမသည် နေရာ၏ မဝေးလွန်း မနီးလွန်း၌ ကိုယ်ကိုလှည့်တော်မူ၏၊ လက်ဖြင့် ထောက်၍ နေရာ၌ ထိုင်တော်မမူ၊ နေရာ၌ ကိုယ်ကိုလည်း ပစ်ချ တော်မမူ၊ ထိုအသျှင်ဂေါတမသည် ရွာတွင်း၌ နေတော်မူသည်ရှိသော် လက်ဆော့တော်မမူ၊ ခြေဆော့တော် မမူ၊ ဒူးဆစ်အချင်းချင်းတင်၍ ထိုင်တော်မမူ၊ ဖမျက်အချင်းချင်း တင်၍ ထိုင်တော်မမူ၊ မေးကို လက်ထောက်၍လည်း ထိုင်တော်မမူ၊ ထိုအသျှင် ဂေါတမသည် ရွာတွင်း၌ နေတော်မူသည်ရှိသော် မကြောက်ရွံ့မတွန့်ဆုတ် မတုန်လှုပ် မချောက်ချား၊ ထိုအသျှင် ဂေါတမသည် မကြောက်ရွံ့ မတွန့်ဆုတ် မတုန်လှုပ်မချောက်ချားဘဲ ကြက်သီးမွေးညင်းထမှု ကင်းသည်ဖြစ်၍ ကင်းဆိတ်ရာ (နိဗ္ဗာန်) သို့ ညွတ်သောစိတ်ရှိသည်ဖြစ်၍လည်း ရွာတွင်း၌ နေတော်မူ၏။

ထိုအသျှင်ဂေါတမသည် သပိတ်ဆေးရေကို ယူသည်ရှိသော် သပိတ်ကို မြှောက်တော်မမူ၊ ညွတ်တော်မမူ၊ တောင့်ထားတော်မမူ၊ ခါတော်မမူ၊ ထိုအသျှင်ဂေါတမသည် မနည်းလွန်း မများလွန်းသောသပိတ်ဆေးရေကို ခံယူတော်မူ၏၊ ထိုအသျှင်ဂေါတမသည် ခလောက် ခလောက် အသံကို ပြု၍ သပိတ်ကို့ဆေးတော်မမူ၊ မှောက်လှန်၍ ဆေးတော်မမူ၊ သပိတ်ကို မြေ၌ ချ၍ လက်ဆေးတော်မမူ၊ လက်ဆေးလျှင်သပိတ်ဆေးပြီး ဖြစ်၏၊ သပိတ်ဆေးလျှင် လက်ဆေးပြီး ဖြစ်တော်မူ၏၊ ထိုအသျှင် ဂေါတမသည် သပိတ်ဆေးရေကို မနီးလွန်း မဝေးလွန်း၌ စွန့်တော်မူ၏၊ ဖရိုဖရဲ ပြန့်ကျဲ၍ စွန့်တော်မမူ။

ထိုအသျှင်ဂေါတမသည် ဆွမ်းကို ခံယူသည်ရှိသော် သပိတ်ကို မြှောက်တော်မမူ၊ ညွတ်တော်မမူ၊ တောင့်ထားတော်မမူ၊ ခါတော်မမူ၊ ထိုအသျှင်ဂေါတမသည် မနည်းလွန်း မများလွန်းသော ဆွမ်းကိုခံယူတော်မူ၏။ ထိုအသျှင်ဂေါတမသည် ဟင်းကို ဟင်းပမာဏဖြင့် သုံးဆောင်တော်မူ၏၊ ဟင်းဖြင့် ဆွမ်းလုတ်ကို လွန်စေတော်မမူ၊ အသျှင်ဂေါတမသည် ခံတွင်း၌ ဆွမ်းလုတ်ကို နှစ်ကြိမ် သုံးကြိမ်လွေး၍မျိုချတော်မူ၏၊ တစ်စုံတစ်ခုသော ထမင်းဝါးဖတ်သည် မကြေညက်ဘဲ ထိုအသျှင် ဂေါတမ၏ကိုယ်တော်သို့ မဝင်၊ တစ်စုံတစ်ခုသော ထမင်း ဝါးဖတ်သည် ထိုအသျှင်ဂေါတမ၏ ခံတွင်း၌ မကြွင်းကျန်၊ ထို့ပြင် ဆွမ်းလုတ်သို့ ညွတ်လျက် အရသာကို သိသည် ဖြစ်၍ ထိုအသျှင် ဂေါတမသည် အာဟာရကိုသုံးဆောင် တော်မူ၏၊ အရသာကို တပ်မက်သောအားဖြင့် သိသည် ဖြစ်၍ သုံးဆောင်တော်မမူ။

ထိုအသျှင်ဂေါတမသည် မြူးထူးရန် မာန်ရစ်ရန် တန်ဆာဆင်ရန် အသားအရေ ဖွံ့ဖြိုးတိုးပွားရန်သုံးဆောင်တော်မူသည် မဟုတ်၊ ဤကိုယ်၏ တည်တံ့ရန်သာ မျှတရန်သာ ပင်ပန်းခြင်းငြိမ်းရုံမျှသာမြတ်သောအကျင့်ကို ချီးမြှောက်ရန်သာ သုံးဆောင်တော်မူ၏။ ဤသို့ မှီဝဲခြင်းဖြင့် ဝေဒနာဟောင်းကိုလည်းပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်းသည်လည်းကောင်း၊ ချမ်းသာစွာနေရခြင်းသည်လည်းကောင်း ဖြစ်လိမ့်မည်ဟု အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အဟာရကို သုံးဆောင်၏။ ထိုအသျှင်ဂေါတမသည် ဆွမ်းစားပြီး နောက် သပိတ်ဆေးရေကို ခံယူသည်ရှိသော် သပိတ်ကိုမြှောက်တော်မမူ၊ ညွတ်တော်မမူ၊ တောင့်ထားတော်မမူ၊ ခါတော်မမူ။

ထိုအသျှင်ဂေါတမသည် မနည်းလွန်း မများလွန်းသော သပိတ်ဆေးရေကို ခံယူတော်မူ၏၊ ထိုအသျှင်ဂေါတမသည် ခလောက် ခလောက် အသံကို ပြု၍ သပိတ်ကို ဆေးတော်မမူ၊ မှောက်လှန်၍ ဆေးတော်မမူ။ သပိတ်ကို မြေ၌ချ၍ လက်ဆေးတော်မမူ၊ လက်ဆေးလျှင် သပိတ်ဆေးပြီးဖြစ်၏၊ သပိတ်ဆေးလျှင်လက်ဆေးပြီး ဖြစ်တော်မူ၏။ ထိုအသျှင်ဂေါတမသည် မနီးလွန်း မဝေးလွန်း၌ သပိတ်ဆေးရေကို စွန့်တော်မူ၏၊ ဖရိုဖရဲ ဖြန့်ကြဲ၍ စွန့်တော်မမူ။ ထိုအသျှင်ဂေါတမသည် ဆွမ်းစားပြီးသည်ရှိသော် သပိတ်ကိုမြေ၌ ချတော်မမူ၊ မနီးလွန်း မဝေးလွန်း၌ ထားတော်မူ၏၊ သပိတ်ကို အလိုမရှိသည်လည်း မဟုတ်၊ သပိတ်၌ အခါလေးမြင့် စောင့်ရှောက်သည်လည်း မဟုတ်၊ ထိုအသျှင်ဂေါတမသည် ဆွမ်းစားပြီးသည်ရှိသော်တစ်ခဏမျှ ဆိတ်ဆိတ်နေတော်မူ၏၊ အနုမောဒနာ ပြုရအံ့သော အခါကိုမူကား လွန်စေတော်မမူ။ ထိုအသျှင် ဂေါတမသည် ဆွမ်းစားပြီးသည်ရှိသော် အနုမောဒနာ ပြုတော်မူ၏။ ထိုဆွမ်းကို ကဲ့ရဲ့တော် မမူ၊ အခြားဆွမ်းကို မတောင့်တ၊ စင်စစ်အားဖြင့် ထိုပရိသတ်ကို တရားစကားဖြင့် အကျိုးစီပွါးကို သိမြင်စေတော်မူ၏၊ (တရားကို) ဆောက်တည်စေတော်မူ၏၊ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူ၏။

ထိုအသျှင်ဂေါတမသည် ထိုပရိသတ်ကို တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရား ကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူပြီးသော် နေရာမှထကာ ဖဲကြွတော်မူ၏။ ထိုအသျှင်ဂေါတမသည် အလွန်လျင်မြန်စွာ ကြွသွားတော်မမူ၊ အလွန်နှေးကွေးစွာ ကြွသွားတော်မမူ၊ လွတ်မြောက်လိုသကဲ့သို့ ကြွသွားတော်မမူ၊ ထိုအသျှင် ဂေါတမ၏ ကိုယ်တော်၌ သင်္ကန်းသည်အလွန်လည်း မမြင့်တက်၊ အလွန်လည်း မလျောကျ၊ ကိုယ်တော်၌ ကပ်ငြိသည်လည်း မဟုတ်၊ ကိုယ်တော်မှ ကွာနေသည်လည်း မဟုတ်။ ထိုအသျှင် ဂေါတမ၏ ကိုယ်တော်မှ သင်္ကန်းသည် လေလည်းမလွင့်၊ ထိုအသျှင်ဂေါတမ၏ ကိုယ်တော်၌ အညစ် အကြေးသည်လည်း မလိမ်းကျံ (မကပ်ငြိ)၊ ထိုအသျှင်ဂေါတမသည် ကျောင်းတော်သို့သွား၍ ခင်းထားသော နေရာ၌ ထိုင်တော်မူ၏၊ ထိုင်ပြီးနောက် ခြေဆေးတော်မူ၏၊ ထိုအသျှင်ဂေါတမသည် ခြေကို တန်ဆာဆင်ခြင်းနှင့် ယှဉ်သော လုံ့လကို အဖန်ဖန်အားထုတ်၍ နေတော့်မမူ။ ထိုအသျှင် ဂေါတမသည် ခြေဆေးပြီးနောက် ထက်ဝယ်ဖွဲ့ ခွေ၍ ကိုယ်ကို ဖြောင့်စွာထားလျက်ကမ္မဋ္ဌာန်းကို ရှေးရှု သတိကို ဖြစ်စေကာ ထိုင်နေတော်မူ၏။

ထိုအသျှင်ဂေါတမသည် မိမိကိုယ်ကို ဆင်းရဲစေရန်လည်း အားမထုတ်၊ သူတစ်ပါးကို ဆင်းရဲစေရန်လည်း အားမထုတ်၊ နှစ်ဦးလုံး ဆင်းရဲစေရန်လည်း အားမထုတ်၊ ကိုယ်ကျိုး သူကျိုး နှစ်ပါးစုံ လောကသားအားလုံး၏ အကျိုးစီးပွားကိုသာလျှင် ကြံစည်စဉ်းစား၍ နေတော်မူ၏။ ထိုအသျှင်ဂေါတမသည် အရံသို့ ရောက်သည်ရှိသော် ပရိသတ်၌ တရားဟောတော် မူ၏၊ ထိုပရိသတ်ကို မမြှောက်ပင့်၊ ထိုပရိသတ်ကိုမနှိမ့်ချ၊ စင်စစ်အမှန်အားဖြင့် ထိုပရိသတ်ကို တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရား ကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုအသျှင်ဂေါတမ၏ ခံတွင်းတော်မှ သန့်ရှင်းသိလွယ် သော သာယာဖွယ် နာပျော်ဖွယ်ကောင်းသောလုံးစည်းသော ဖရိုဖရဲမကျဲ သော နက်နဲသော ပဲ့တင်ထပ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့်အသံတော်သည် ပေါ်ထွက်၏။ ထိုအသျှင် ဂေါတမ သည် ပရိသတ်ရှိသလောက် အသံတော်ဖြင့်သိစေနိုင်၏၊ ထိုပရိသတ်မှ အပသို့ ထိုအသျှင်ဂေါတမ ၏ အသံတော်သည် မထွက်။ ထိုအသျှင်ဂေါတမသည် တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေ လျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီး သော် ထိုပရိသတ်ရှိ လူတို့သည်မစွန့်လိုသော စိတ်ရှိကုန်သည်ဖြစ်၍ ဖူးမြော်ကြကုန်လျက်သာလျှင် နေရာမှ ထကာ ဖဲသွား ကြကုန်၏။

အသျှင် အကျွန်ုပ်တို့သည် ထိုအသျှင်ဂေါတမ ကြွသွားတော်မူနေသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ ရပ်နေတော်မူသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ ရွာအတွင်းသို့ ဝင်တော်မူနေသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ ရွာတွင်း၌ ဆိတ်ဆိတ်ထိုင်နေတော်မူသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ ရွာတွင်း၌ စားသောက်တော်မူသည် ကိုလည်း မြင်ခဲ့ရပါကုန်၏၊ ဆွမ်းစားပြီး၍ ဆိတ်ဆိတ်ထိုင်နေတော်မူ သည်ကိုလည်းမြင်ခဲ့ရပါကုန်၏၊ ဆွမ်းစားပြီး၍ အနုမောဒနာ ပြုတော်မူသည်ကိုလည်း မြင်ခဲ့ရပါ ကုန်၏၊ အရံသို့ကြွတော်မူသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ အရံအတွင်းသို့ ရောက်၍ ဆိတ်ဆိတ်ထိုင်နေတော်မူသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ အရံ အတွင်းသို့ရောက်၍ ပရိသတ်၌ တရားဟောတော်မူသည်ကိုလည်းမြင်ခဲ့ရပါကုန်၏၊ ထိုအသျှင်ဂေါတမသည် ဤသို့ ဤသို့လည်း သဘောရှိပါ၏၊ ထို့ထက်လည်းလွန်ကဲတော်မူပါသေး၏ဟု ပြောဆို၏။

၃၈၈။ ဤသို့ ပြောကြားသော် ဗြဟ္မာယုပုဏ္ဏားသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ကိုယ်ဝတ်ကို စံပယ်တင်လျက် မြတ်စွာဘုရားရှိတော်မူရာသို့ လက်အုပ်ချီကာ —

“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဟူ၍

သုံးကြိမ်တိုင်တိုင် ဥဒါန်းကျူးရင့်လေ၏။

[ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသောထိုမြတ်စွာဘုရားအား ရှိခိုးပါ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုး ပါ၏။ ]

ငါတို့သည် တချိန်ချိန်၌ ထိုအသျှင်ဂေါတမနှင့်အတူ တွေ့ဆုံကောင်း တွေ့ဆုံကုန်တန်ရာ၏၊ စိုးစဉ်းမျှသော စကားပြောဟောမှုသည်လည်း ဖြစ်ကောင်းတန်ရာ၏ဟု (ပြောဆို၏)။

၃၈၉။ ထိုအခါ မြတ်စွာဘုရားသည် ဝိဒေဟတိုင်း၌ အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူသည်ရှိ သော်မိထိလာပြည်သို့ ရောက်၏၊ မြတ်စွာဘုရားသည် ထိုမိထိလာပြည် မဃဒေဝသရက်ဥယျာဉ်၌့သီတင်းသုံးနေတော်မူ၏။ မိထိလာပြည်နေ ပုဏ္ဏားနှင့် အမျိုးသား တို့သည် (ဤသို့) ကြားသိကြကုန်၏ — “အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင် မင်းသားရဟန်းဂေါတမသည် ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့် အတူ ဝိဒေဟတိုင်း၌ဒေသစာရီလှည့်လည်တော်မူသည်ဖြစ်၍ မိထိလာပြည် မဃဒေဝသရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူသတတ်၊ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စော သတင်းသည် ပျံ ့နှံ့၍ထွက်၏ —‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်း ကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း’သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့်ပြည့်စုံ တော်မူသောအကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော် မူတတ်သောအကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်း ကြောင့်လည်း’လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူ သောအကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသောအကြောင်း ကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်း ကြောင့်လည်း’ဘဂဝါ’ မည်တော်မူ၏’ဟု ပျံ့နှံ့၍ ထွက်၏။

ထိုမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများလူများနှင့် တကွသော လူ့လောကကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုလျက်ဟောကြားတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်းအဆုံး၏ကောင်း ခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော် မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့သဘောရှိကုန်သောရဟန္တာပုဂ္ဂိုလ်တို့ကို ဖူးမြော် ရခြင်းသည် ကောင်းသည်သာတည်း”ဟု (ကြားသိလေ၏)။

ထိုအခါ မိထိလာပြည်နေ ပုဏ္ဏားနှင့်အမျိုးသားတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီး လျှင်အချို့တို့သည် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြောဆိုပြီးဆုံးစေ၍ တစ်ခုသောနေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် အမည်အနွယ်ကို ပြောကြားလျက် တစ်ခုသောနေရာ၌ ထိုင်ကုန်၏၊ အချို ့တို့သည် တိတ်ဆိတ်စွာ တစ်ခုသော နေရာ၌ ထိုင်ကုန်၏။

၃၉ဝ။ ဗြဟ္မာယုပုဏ္ဏားသည် ဤသို့ ကြားသိလေ၏ —“အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်း ပြုသည့်သာကီဝင်မင်းသား ရဟန်းဂေါတမသည် မိထိလာပြည်သို့ ရောက်တော်မူ၍ မဃဒေဝသရက် ဥယျာဉ်၌သီတင်းသုံးနေတော်မူ၏”ဟု (ကြားသိလေ၏)။ ထိုအခါဗြဟ္မာယုပုဏ္ဏားသည် များစွာသောတပည့်ပရိသတ်တို့နှင့်အတူ မဃဒေဝသရက်ဥယျာဉ်သို့ ချဉ်းကပ်လေ၏၊ ထိုအခါမဃဒေဝသရက်ဥယျာဉ်၏ အနီး၌ ဗြဟ္မာယုပုဏ္ဏားအား “ရှေးဦးစွာ မပန်ကြားဘဲ ရဟန်းဂေါတမကိုဖူးမြင်ရန် ချဉ်းကပ်ခြင်းသည် ငါ့အား မသင့်လျော်ချေ”ဟု အကြံဖြစ်၏။

ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် လုလင်တစ်ယောက်ကို ခေါ်၍ ဤသို့ ပြောဆို၏— “အမောင် သင်လာခဲ့လော့၊ ရဟန်းဂေါတမထံသို့ ချဉ်းကပ်၍ ‘အသျှင်ဂေါတမ ဗြဟ္မာယုပုဏ္ဏားသည် အသျှင်ဂေါတမကိုအနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရ ကြောင်းများကို မေးလျှောက်ပါ၏’ဟု ငါ၏စကားဖြင့် ရဟန်းဂေါတမကို အနာကင်းကြောင်း ရောဂါကင်းကြောင်းကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်လေလော့။ ထို့ပြင့်ဤသို့ လည်း လျှောက်လေလော့ ‘အသျှင်ဂေါတမ ဗြဟ္မာယုပုဏ္ဏား သည် ရက်ချုပ်အားဖြင့်အသက်တစ်ရာ့နှစ် ဆယ်ရှိ၍ အိုမင်းကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန် မြောက် နောက်ဆုံးအရွယ်သို့ရောက်ရှိပါပြီ၊ နိဃဏ္ဍု ‘အဘိဓာန် ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ ကျမ်းငါးခုမြောက် ဣတိဟာသ ကျမ်း နှင့်တကွ ဗေဒင်သုံးပုံတို့၏ ကမ်း တစ်ဖက်သို့ ရောက်၏၊ ပုဒ်တို့၌လိမ္မာ၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတ ကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့တတ်မြောက်၏။ အသျှင် မိထိလာပြည်၌ နေကြ ကုန်သော ပုဏ္ဏားနှင့် အမျိုးသားရှိသမျှတို့တွင်စည်းစိမ်ဥစ္စာ အားဖြင့် ဗြဟ္မာယု ပုဏ္ဏားကို အမြတ်ဆုံးဟု ဆိုရပါ၏၊ ဗေဒင်တို့ဖြင့်လည်းဗြဟ္မာယုပုဏ္ဏားကို အမြတ်ဆုံးဟု ဆိုရပါ၏။ အသက်အားဖြင့်လည်းကောင်း၊ အခြံအရံအားဖြင့်လည်းကောင်း ဗြဟ္မာယုပုဏ္ဏားကို အမြတ်ဆုံးဟု ဆိုရပါ၏။ ထိုဗြဟ္မာယုပုဏ္ဏားသည်အသျှင်ဂေါတမကို ဖူးမြင်လိုပါ၏’ဟု လျှောက်ထားလေလော့”ဟု (ဆို၏)။

“အသျှင် ကောင်းပါပြီ”ဟူ၍ ထိုလုလင်သည် ဗြဟ္မာယုပုဏ္ဏားအား ပြန်ကြား၍ မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏။ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ရပ်တည်ကာ “အသျှင်ဂေါတမဗြဟ္မာယုပုဏ္ဏား သည် အသျှင် ဂေါတမကို အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်းသန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများကို မေးလျှောက်လိုက်ပါ၏၊ ထို့ပြင် ဤသို့လည်းလျှောက်လိုက်ပါ၏ — ‘အသျှင်ဂေါတမ ဗြဟ္မာယုပုဏ္ဏားသည် ရက်ချုပ်အားဖြင့် အသက်တစ်ရာ့နှစ်ဆယ်ရှိ၍အိုမင်းကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် နောက်ဆုံးအရွယ်သို့ ရောက်ရှိပါပြီ၊ နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ ကျမ်း ငါးခုမြောက်ဣတိဟာသကျမ်း နှင့်တကွ ဗေဒင်သုံးပုံ တို့၏ ကမ်းတစ်ဖက်သို့ ရောက်ပါ၏၊ ပဒကျမ်းကို တတ်ပါ၏၊ ဗျာကရုဏ်းကျမ်း ကို တတ်ပါ၏၊ လောကာယတကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့တတ်မြောက်ပါ၏။ အသျှင်ဘုရား မိထိလာပြည်၌ နေကြကုန်သော ပုဏ္ဏားနှင့် အမျိုးသားရှိသမျှတို့တွင်စည်းစိမ်ဥစ္စာအားဖြင့် ဗြဟ္မာ ယုပုဏ္ဏားကို အမြတ်ဆုံးဟု ဆိုရပါ၏၊ ဗေဒင်အားဖြင့်လည်းဗြဟ္မာယုပုဏ္ဏားကို အမြတ်ဆုံးဟု ဆိုရပါ၏။ အသက်အားဖြင့်လည်းကောင်း၊ အခြံအရံအားဖြင့်လည်းကောင်း ဗြဟ္မာယုပုဏ္ဏားကို အမြတ်ဆုံးဟု ဆိုရပါ ၏။ ထိုဗြဟ္မာယုပုဏ္ဏားသည်အသျှင်ဂေါတမအား ဖူးမြင်ရန် အလိုရှိပါ၏’ဟု လျှောက်လိုက်ပါ၏”ဟူ၍ လျှောက်၏။

လုလင် ဗြဟ္မာယုပုဏ္ဏားသည် ယခုအခါ ဖူးမြင်ရန် အချိန်ကို သိ၏ (ဖူးမြင်ရန်မှာ ထိုဗြဟ္မာယု ပုဏ္ဏား၏အလိုအတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။ ထိုအခါ ထိုလုလင်သည် ဗြဟ္မာယုပုဏ္ဏားထံသို့ ချဉ်းကပ်၍”အသျှင် ရဟန်းဂေါတမသည် ခွင့်ပြုပါပြီ၊ ယခုအခါ အသျှင်သည် သွားရန် အချိန်ကို သိ၏ (သွားရန်မှာအသျှင်၏ အလိုအတိုင်းပင် ဖြစ်ပါသည်)”ဟု ပြောကြား၏။

၃၉၁။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လေ၏။ ရှေးဦးစွာ ရောက်နှင့် သောပရိသတ်သည် ဗြဟ္မာယုပုဏ္ဏားလာသည်ကို အဝေးကပင်မြင်လတ်သော် ထင်ရှား ကျော်စောသူအခြ ံအရံများသူအား ပြုမြဲဓမ္မတာအတိုင်း ဖယ်ရှား၍ နေရာပေး၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် ထိုပရိသတ်ကို “အချင်းတို့ တော်ပြီ၊ သင်တို့သည် မိမိနေရာ၌ ထိုင်ကြကုန်လော့၊ ငါသည် ရဟန်းဂေါတမ၏အနီး၌ ထိုင်အံ့”ဟု ဆို၏။

ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီး နောက်သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရား၏ ကိုယ်တော်၌ သုံးဆယ့်နှစ်ပါး သော ယောကျာ်းမြတ်လက္ခဏာတို့ကို ကြည့်ရှုရှာ ဖွေ၏။ ဗြဟ္မာယု ပုဏ္ဏားသည် မြတ်စွာဘုရား၏ ကိုယ်တော်၌့သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ် လက္ခဏာတို့ကို များသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကားမမြင်၊ အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသ နိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သော လျှာတော်၌လည်းကောင်း (ဤမမြင်ရသော) ယောကျာ်းမြတ် လက္ခဏာနှစ်ပါးတို့၌ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။ ထိုအခါ ဗြဟ္မာယု ပုဏ္ဏားသည် မြတ်စွာဘုရားအား ဂါထာတို့ဖြင့် လျှောက်၏ —

“အသျှင်ဂေါတမ အကျွန်ုပ်သည် ယောကျာ်းမြတ်တို့၏ လက္ခဏာတို့ကို သုံးဆယ့်နှစ်ပါးတို့ဟူ၍ကြားဖူးပါ၏၊ အသျှင်ဂေါတမ၏ ကိုယ်တော်၌ ထိုလက္ခဏာ တို့တွင် နှစ်ပါးသော လက္ခဏာတို့ကိုမတွေ့မြင်ရပါ။

လူတို့ထက် မြတ်တော်မူသော အသျှင်ဂေါတမ၊ အသျှင်မြတ်၏ အဝတ်ဖြင့် ဖုံးကွယ်နေသောအင်္ဂါဇာတ်သည် သိုအိမ်၌ တည်ပါ၏လော၊ နာရီသဒ္ဒါနှင့် (လိင်) တူမျှစွာ ခေါ်ဆိုအပ်သော လျှာတော်သည်မပေါ်ထင်သေးသည် မဟုတ်ပါလော။

ကျယ်ပြန့်သော လျှာတော်ရှိပါ၏လော၊ အဘယ်သို့သော အခြင်းအရာဖြင့် သိရ ပါကုန်အံ့နည်း၊ မြတ်စွာဘုရား ထိုကျယ်ပြန့်သော လျှာတော်ကို ထုတ်၍ ပြတော်မူ ပါလော့၊ အကျွန်ုပ်တို့၏ ယုံမှားကိုပယ်ဖျောက်တော်မူပါလော့။

မျက်မှောက်စီးပွါးအလို့ငှါ လည်းကောင်း၊ တမလွန်ချမ်းသာအလို့ငှါ လည်းကောင်းအခွင့်ရကုန်သည်ရှိသော် လွန်စွာတောင့်တနေသော တစ်စုံတစ်ခုသော ပုစ္ဆာကိုမေးလျှောက်လိုကြပါကုန်၏”ဟု (လျှောက်၏)။

၃၉၂။ ထိုအခါ မြတ်စွာဘုရားအား ဤသို့ အကြံဖြစ်၏ —“ဤဗြဟ္မာယုပုဏ္ဏားသည် ငါ၏ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ် လက္ခဏာတို့ကို များသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်၌လည်းကောင်း ရှည်ပြန့်သော လျှာတော်၌လည်းကောင်း ဤ (မမြင်ရသော) ယောကျာ်းမြတ် လက္ခဏာနှစ်ပါးတို့၌ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်၊ ငါသည် တန်ခိုးဖန်ဆင်း ပြရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။ ထိုအခါ မြတ်စွာဘုရားသည်အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်ကို ဗြဟ္မာယုပုဏ္ဏား မြင်နိုင်ရန် တန်ခိုးဖန်ဆင်းတော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် လျှာတော်ကို ထုတ်၍ နားတွင်းနှစ်ဖက်တို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ၏။ နှာခေါင်းနှစ်ဖက်တို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ၏။ အလုံးစုံသော နဖူးပြင်တို့ကိုလည်း လျှာဖြင့် ဖုံးအုပ်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဗြဟ္မာယု ပုဏ္ဏားကို ဂါထာတို့ဖြင့် ပြန်၍မိန့်တော်မူ၏ —

“ပုဏ္ဏား သင်သည် ယောကျာ်းမြတ်တို့၏ လက္ခဏာတို့ကိုသုံးဆယ့်နှစ်ပါးတို့ဟူ၍ ကြားဖူး၏၊ ထိုသုံးဆယ့်နှစ်ပါးသော ထိုလက္ခဏာတို့သည် ငါ့ကိုယ်၌ ထင်ရှား ရှိကုန်၏၊ သင်အားယုံမှားတွေးတောခြင်း မဖြစ်စေလင့်။

ပုဏ္ဏား ငါသည် ပိုင်းခြား၍ သိသင့်သော တရားကို ပိုင်းခြား၍ သိပြီးပြီ၊ ပွါးများသင့်သောတရားကိုလည်း ပွါးများပြီးပြီ၊ ပယ်သင့်သော တရားကိုလည်း ပယ်ပြီးပြီ၊ ထို့ကြောင့် ငါသည်ဘုရားဖြစ်ပေ၏။

မျက်မှောက်စီးပွါးအလို့ငှါ လည်းကောင်း၊ တမလွန်ချမ်းသာအလို့ငှါ လည်းကောင်း အခွင့်ရသည်ဖြစ်၍လွန်စွာတောင့်တထားသော မေးလိုသမျှ ပြဿနာအလုံးစုံကို မေးလျှောက်လေလော့”ဟု (မိန့်တော်မူ၏)။

၃၉၃။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားအား “ငါ့ကို ရဟန်းဂေါတမသည် ခွင့်ပြုပြီးပြီ၊ ငါသည် ရဟန်းဂေါတမအား မျက်မှောက် အကျိုးကိုပင် မေးရအံ့လော၊ တမလွန်အကျိုးကိုပင် မေးရအံ့လော၊ အဘယ်အရာကိ်ု မေးရအံ့နည်း”ဟု အကြံဖြစ်၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားအား “ငါသည် မျက်မှောက်အကျိုးတို့၌ လိမ္မာ၏၊ မျက်မှောက်အကျိုးစီးပွါးကို သူတစ်ပါးတို့ကပင်လည်း ငါ့အား မေးမြန်းကြကုန်သေး၏၊ ့ငါသည် တမလွန်အကျိုးစီးပွါးကိ်ု မေးလျှောက်ရမူ ကောင်းလေရာ ၏“ဟု အကြံဖြစ်ပြန်၏။ ထိုအခါဗြဟ္မာယု ပုဏ္ဏားသည် မြတ်စွာဘုရားကို ဂါထာတို့ဖြင့် လျှောက်ထား၏ —

“အဘယ်သို့လျှင် မကောင်းမှုကို အပပြုပြီးသူ ဖြစ်ပါသနည်း၊ အဘယ်သို့လျှင် သိခြင်းအဆုံးသို့ရောက်သူ ဖြစ်ပါသနည်း၊ အသျှင် အဘယ်သို့လျှင် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူ ဖြစ်ပါသနည်း၊ အဘယ်သို့လျှင် စင်ကြယ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုရ ပါသနည်း။

အဘယ်သို့လျှင် ရဟန္တာဖြစ်ပါသနည်း၊ အဘယ်သို့လျှင် အလုံးစုံသော ဂုဏ် ကျေးဇူးနှင့် ပြည့်စုံသူဖြစ်ပါသနည်း၊ အသျှင် အဘယ်သို့လျှင် အရဟတ္တမဂ်ဉာဏ် မောနေယျနှင့် ပြည့်စုံသူ ဖြစ်ပါသနည်း၊ အဘယ်သို့လျှင် သစ္စာလေးပါးကို သိသူဟူ၍ ဆိုရပါသနည်း”ဟု (လျှောက်၏)။

၃၉၄။ ထိုအခါ မြတ်စွာဘုရားသည် ဗြဟ္မာယုပုဏ္ဏားကို ဂါထာတို့ဖြင့် ပြန်၍ ဖြေကြားတော်မူ၏ —

“အကြင်သူသည် ရှေးကနေခဲ့ဖူးသော ခန္ဓာအစဉ်ကို သိ၏၊ နတ်ဘုံံနှင့် အပါယ် ဘုံကိုလည်း မြင်၏၊ ထိုမှတစ်ပါး ဇာတိ၏ ကုန်ခြင်းသို့ ရောက်၏၊ အရဟတ္တမဂ် ဉာဏ်ကို အထူးသိ၍ အဆုံးသို့ ရောက်၏၊ ထိုသူသည် မုနိခေါ်သော ရဟန်း ဖြစ်၏။

အချင်းခပ်သိမ်း ရာဂတို့မှ လွတ်သောကြောင့် အထူးသဖြင့် စင်ကြယ်သောစိတ်ကို သိ၏၊ ပဋိသန္ဓေနေခြင်း သေခြင်းကို ပယ်ပြီး ဖြစ်၏၊ မြတ်သော အကျင့် အားလုံးနှင့် ပြည့်စုံ၏၊ အလုံးစုံသောတရားတို့၏ ကမ်းတစ်ဖက်သို့ ရောက်၏၊ ထိုကဲ့သို့သောသူကို ဗုဒ္ဓဟူ၍ ဆိုရ၏”ဟု (ဖြေကြားတော်မူ၏)။

ဤသို့ မိန့်တော်မူသည် ရှိသော် ဗြဟ္မာယု ပုဏ္ဏားသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံး ထက်၌ကိုယ်ဝတ်ကို စံပယ်တင်သည်ကို ပြု၍ မြတ်စွာဘုရားခြေတော်တို့၌ ဦးတိုက်ကာ ခြေတော်တို့ကိုခံတွင်းဖြင့်လည်း စုပ်၏၊ လက်တို့ဖြင့်လည်း သုံးသပ်၏၊ “အသျှင်ဂေါတမ အကျွန်ုပ်သည် ဗြဟ္မာယုပုဏ္ဏားပါတည်း၊ အသျှင်ဂေါတမ အကျွန်ုပ်သည် ဗြဟ္မာယုပုဏ္ဏားပါ တည်း”ဟု အမည်ကိုလည်းလျှောက်ကြား၏။ ထိုအခါ ထိုရောက်လာသော ပရိသတ်သည် “အချင်းတို့ အံ့သြဖွယ်ကောင်းလေစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်လေစွတကား၊ ဤဗြဟ္မာယုပုဏ္ဏားသည် ယင်းသို့ထင်ရှားကျော်စော အခြံအရံပေါများသူ ဖြစ်ပါလျက် ဤသို့ သဘောရှိသော လွန်လွန်ကဲကဲတုပ်ဝပ်ရိုသေခြင်းကို ပြုဘိ၏”ဟု အံ့သြဖွယ် မဖြစ်ဖူးမြ ဲဖြစ်သော စိတ်ရှိသည် ဖြစ်လေသတည်း။ ထိုအခါမြတ်စွာဘုရားသည် ဗြဟ္မာယုပုဏ္ဏားကို “ပုဏ္ဏား တော်သင့်ပြီ ထလော့၊ သင်သည် မိမိနေရာ၌ထိုင်လော့၊ သင်၏ စိတ်သည် ငါ၌ ကြည်ညို ပေပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည်ထ၍ မိမိနေရာ၌ ထိုင်လေ၏။

၃၉၅။ ထိုအခါ မြတ်စွာဘုရားသည် ဗြဟ္မာယုပုဏ္ဏားအား အစဉ်အတိုင်းသော တရားစကားကိုဟောတော်မူ၏။ ဤသည်ကား အဘယ်နည်း၊ ဒါနနှင့်စပ်သောစကား သီလနှင့်စပ်သောစကား နတ်ပြည်နှင့်စပ်သောစကား ကာမဂုဏ်တို့၏ အပြစ်ယုတ်ညံ့ခြင်း ညစ်ညူးခြင်း ကာမဂုဏ်တို့မှ ထွက်မြောက်ခြင်းအကျိုးကို ပြတော်မူ၏။ မြတ်စွာဘုရားသည် ဗြဟ္မာယုပုဏ္ဏား၌ အသင့်ရှိသောစိတ် နူးညံ့သောစိတ် အပိတ်အပင် ‘နီဝရဏ’မှ ကင်းသောစိတ် တက်ကြွသောစိတ် ကြည်လင်သောစိတ် ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရား၏ ကိုယ်တိုင်ထုတ်ဖော် သိမြင်ပြီးသော ဆင်းရဲ ‘ဒုက္ခ’၊ ဆင်းရဲခြင်းဖြစ်ကြောင်း’သမုဒယ’၊ ဆင်းရဲချုပ်ရာ ‘နိရောဓ’၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်းစဉ် ‘မဂ္ဂ’ ဖြစ်သောတရားကို ဟော ကြားတော်မူ၏။ မည်းညစ်ခြင်းကင်း သော ဖြူစင်သော အဝတ်သည် ဆိုးရည်ကိုကောင်းစွာ စွဲယူသကဲ့သို့၊ ထို့အတူ ဗြဟ္မာယုပုဏ္ဏား အား ထိုနေရာ၌ပင်လျှင် “ဖြစ်ခြင်းသဘောရှိသောတရားအလုံးစုံသည် ချုပ်ခြင်း သဘောရှိ၏”ဟု ကိလေသာမြူ အညစ်အကြေးကင်းသော တရားမျက်စိ’သောတာပတ္တိမဂ် ဉအဏ်’ ဖြစ်ပေါ်လေ၏။

ထိုအခါ တရားကို မြင်ပြီးသော တရားသို့ ရောက်ပြီးသော တရားကို သိပြီးသော တရားသို့သက်ဝင်ပြီးသော ယုံမှားခြင်းကို ကူးမြောက်ပြီးသော သို့လော သို့လော ကင်းပြီးသော မြတ်စွာဘုရားသာသနာတော်၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသော မိမိမှတစ်ပါး အားထားရာမလိုသော ဗြဟ္မာယုပုဏ္ဏားသည်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ — “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမဥပမာသော်ကား မှောက်ထားသောဝတ္ထုကို လှန်ဘိသကဲ့သို့ လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကိုဖွင့်လှစ်ဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကိုပြောကြားဘိသကဲ့သို့လည်းကောင်း ‘မျက်စိရှိသောသူ တို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟုအမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့ လည်းကောင်း အသျှင်ဂေါတမ ဤအတူသာလျှင်အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့် တရား တော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ် ပါ၏၊ တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်သော ဥပါသကာဟုမှတ်တော်မူပါ၊ အသျှင်ဂေါတမသည် ရဟန်းသံဃာနှင့်အတူ နက်ဖြန်အဖို့ အကျွန်ုပ်၏ ဆွမ်း ကိုလက်ခံတော်မူပါ”ဟု (လျှောက်၏)။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိလျှင် နေရာမှထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြု၍ ဖဲသွားလေ၏။ ထို့နောက် ဗြဟ္မာယုပုဏ္ဏားသည် ထိုညဉ့်လွန်သောအခါ မိမိနေအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီရင်ပြီး၍ “အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု မြတ်စွာဘုရား အား အချိန် (တန်ကြောင်း) ကို လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက်ဗြဟ္မာယုပုဏ္ဏား၏အိမ်သို့ ချဉ်း ကပ်တော်မူပြီးလျှင် ပြင်ထားသော နေရာ၌ ရဟန်းသံဃာနှင့်အတူ ထိုင်တော်မူ၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်း သံဃာကိုမွန်မြတ် သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့် တိုင်အောင် (ကိုယ်တိုင်) လုပ်ကျွေး၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်မြောက် သဖြင့် ဝိဒေဟတိုင်းဝယ်ဒေသစာရီ ကြွချီတော် မူ၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် မြတ်စွာဘုရား ဖဲသွား၍ မကြာမြင့်မီသေဆုံးကွယ်လွန်လေ၏။ ထိုအခါ များစွာကုန်သော ရဟန်းတော်တို့သည် မြတ်စွာဘုရားအထံတော်သို့ချဉ်းကပ်ကြကုန်၍ မြတ်စွာ ဘုရားကို ရှိခိုးကြကုန်လျက် သင့်လျော်ရာ၌ ထိုင်နေကြကာ “အသျှင်ဘုရားဗြဟ္မာယုပုဏ္ဏားသည် သေဆုံး ကွယ်လွန်ပါပြီ၊ ထိုဗြဟ္မာယုပုဏ္ဏား၏ လားရာဂတိကား အဘယ်ပါနည်း၊ ထိုဗြဟ္မာယုပုဏ္ဏား၏ တမလွန် လောကကား အဘယ်ပါနည်း”ဟု ပြဿနာကို မေးလျှောက်ကြကုန်ပြီ။ ရဟန်းတို့ ဗြဟ္မာယုပုဏ္ဏားသည် ပညာရှိ၏၊ တရားအား လျော်သော အကျင့်ကို ကျင့်၏၊ ငါ့ကိုတရားတည်းဟူသော အကြောင်းကြောင့် မညှဉ်းဆဲပေ။ ရဟန်းတို့ ဗြဟ္မာယုပုဏ္ဏားသည်အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် ထို ဗြဟ္မာ့ပြည်၌ပင် ပရိနိဗ္ဗာန် ပြုခြင်းသဘောရှိသော ဥပပါတ်ပဋိသန္ဓေ တည်နေ၏၊ ထို (ဗြဟ္မာ့ပြည်) လောကမှ ပြန်လာခြင်းသဘော မရှိတော့ချေဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကား တော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကြကုန်ပြီ။

ရှေးဦးစွာသော ဗြဟ္မာယုသုတ် ပြီး၏။

၁။ မဟာဘာရတစသော ရှေးဟောင်း ရာဇဝင် ပုံပြင်ကျမ်း။

၂။ ဝေဒကျမ်းလာ ပုဒ်ရင်းတို့ကို ထုတ်နုတ်စီစဉ် ပြသောကျမ်း။

၃။ ဓာတ် + ပစ္စည်း+ ဝိဘတ်တို့ဖြင့် ဝေဖန်၍ ပုဒ်တို့၏ ပြီးစီးပုံကို ပြသောကျမ်း။

၄။ မျက်မြင် လောကအကြောင်းကိုသာ ပြသော ရုပ်ဝါဒကျမ်း။ (စာရ်ဗာကဆရာ၏ ရုပ်ဝါဒစသည်)။