မဇ္ဈိမနိကာယ်

၂—သေလသုတ်

၃၉၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် တစ်ထောင့်နှစ်ရာ့ငါးဆယ်မျှ များစွာသော ရဟန်းသံဃာနှင့် အတူအင်္ဂုတ္တရာပတိုင်း၌ ဒေသစာရီ ကြွချီတော်မူသည်ရှိသော် အာပဏမည်သော အင်္ဂုတ္တရာပနိဂုံးသို့ဆိုက်ရောက်တော် မူလေ၏။ ကေဏိယမည်သော ရသေ့သည် ဤသို့ ကြားသိလေ၏ — “အချင်းတို့သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည် တစ်ထောင့်နှစ်ရာ့ငါးဆယ်မျှများစွာသော ရဟန်းသံဃာနှင့်အတူ အင်္ဂုတ္တရာပတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူရာ အာပဏနိဂုံးသို့ဆိုက်ရောက်လာသတတ်။ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ထွက်၏ — ‘ထိုရဟန်းဂေါတမသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း’အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောအကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့်ပြည့်စုံတော်မူသော အကြောင်းကြောင့် လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသောစကားကိုဆိုတော်မူတတ်သော အကြောင့်ကြောင့် လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသောအကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည် တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့လွန်မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်း ကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင် သိ၍ သူတစ်ပါးကို သိစေတော်မူသောအကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီး တော်မူသော အကြောင်းကြောင့်လည်း’ဘဂဝါ’ မည်တော်မူ၏’ဟု (ပျံ့နှံ့၍ ထွက်၏)။

ထိုမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏမင်းများ လူများနှင့် တကွသော လူ့လောကကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက်ဟောကြားတော်မူ၏။ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏။ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့သဘောရှိကုန်သော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု (ကြားသိလေ၏)။

ထိုအခါ ကေဏိယရသေ့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ကေဏိယရသေ့ကို မြတ်စွာဘုရားသည်တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုအခါ ကေဏိယရသေ့သည် မြတ်စွာဘုရားက တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေအပ်သည်ရှိသော် မြတ်စွာဘုရားကို “အသျှင်ဂေါတမသည် နက်ဖြန်အတွက် ရဟန်းသံဃာနှင့်အတူ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါလော့”ဟု လျှောက်၏။

ဤသို့ လျှောက်သည်ရှိသော် မြတ်စွာဘုရားသည် ကေဏိယရသေ့ကို “ကေဏိယ ရဟန်းသံဃာသည်များ၏၊ ရဟန်းပေါင်း တစ်ထောင့်နှစ်ရာ့ငါးဆယ် အရေအတွက်ရှိ၏၊ သင်သည်လည်း ပုဏ္ဏားတို့၌ အလွန်ကြည်ညိုသူဖြစ်၏”ဟု မိန့်တော်မူ၏။ နှစ်ကြိမ်မြောက်လည်း ကေဏိယရသေ့သည် မြတ်စွာဘုရား ကို”အသျှင်ဂေါတမ ရဟန်းသံဃာသည် အကယ်၍ များစေကာမူ တစ်ထောင့်နှစ်ရာ့ငါးဆယ် အရေအတွက်ရှိစေကာမူ အကျွန်ုပ်သည်လည်း ပုဏ္ဏားတို့၌ အလွန်ကြည်ညိုသူဖြစ်စေကာမူ အသျှင်ဂေါတမသည် နက်ဖြန်အတွက် ရဟန်းအပေါင်းနှင့်အတူ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ”ဟု လျှောက်ပြန်၏။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ကေဏိယရသေ့ကို “ကေဏိယ ရဟန်းသံဃာသည် များပြား၏၊ တစ်ထောင့် နှစ်ရာ့ငါးဆယ် အရေအတွက်ရှိ၏၊ သင်သည်လည်း ပုဏ္ဏားတို့၌ အလွန်ကြည်ညိုသူဖြစ်၏”ဟုမိန့်တော်မူ၏။ သုံးကြိမ်မြောက်လည်း ကေဏိယရသေ့သည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ ရဟန်းသံဃာသည် အကယ်၍ များစေကာမူ တစ်ထောင့် နှစ်ရာ့ငါးဆယ် အရေအတွက်ရှိစေကာမူ အကျွန်ုပ်သည်လည်း ပုဏ္ဏားတို့၌ အလွန်ကြည်ညိုသူဖြစ်စေကာမူ အသျှင်ဂေါတမသည် နက်ဖြန်အတွက် ရဟန်းသံဃာနှင့်အတူ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ”ဟု လျှောက်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူသဖြင့် လက်ခံတော်မူ၏။

ထိုအခါ ကေဏိယရသေ့သည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိ၍ နေရာမှထကာ မိမိ၏သင်္ခမ်းကျောင်းသို့ ချဉ်းကပ်၍ မိတ်ဆွေ ခင်ပွန်း ဆွေမျိုးသားချင်းတို့ကို “အိုမိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့ ငါ၏ စကားကို နားထောင်ကြပါကုန်၊ ငါသည် ရဟန်းဂေါတမကို ရဟန်းသံဃာနှင့်အတူ နက်ဖြန်အတွက် ဆွမ်းစား ဖိတ်ခဲ့ပြီ၊ ယင်းအကြောင်းကြောင့် သင်တို့သည် ငါ့အား လုပ်အားပေးကြပါကုန်လော့”ဟု ပြောဆို၏။ “အသျှင် ကောင်းပါပြီ”ဟု ကေဏိယရသေ့၏ မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည် ကေဏိယရသေ့၏ စကားကို နာယူကြပြီးလျှင် အချို့သူတို့သည် ဖိုခုံလောက် ကျင်းတူးကြကုန်၏၊ အချို့သူတို့သည် ထင်းခွဲကြကုန်၏၊ အချို့သူတို့သည် အိုးခွက်တို့ကို ဆေးကြောကြကုန်၏၊ အချို့သူတို့သည် သောက်ရေအိုးကြီးကို တည်ထားကြကုန်၏၊ အ ချို့သူတို့သည် နေရာတို့ကို ခင်းကျင်းကြကုန်၏၊ ကေဏိယရသေ့သည်ကား ကိုယ်တိုင်သာလျှင် တန်ဆောင်းဝန်းကို ပြုစီရင်၏။

၃၉၇။ ထိုစဉ်အခါ၌ သေလပုဏ္ဏားသည် အာပဏနိဂုံး၌ နေ၏၊ နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ’အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်းနှင့် တကွ ဗေဒင် သုံးပုံတို့၏တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်းမဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်ပြီးဖြစ်၏၊ သုံးရာသော လုလင်ပျို တို့ကိုလည်းဗေဒင်တို့ကို သင်ကြားပို့ချ နေ၏၊ ထိုအခါ ကေဏိယရသေ့သည် သေလပုဏ္ဏား၌ အလွန် ကြည်ညို၏။

ထိုအခါ သေလပုဏ္ဏားသည် သုံးရာသော လုလင်ပျိုတို့ ခြံရံလျက် အညောင်းပြေ လမ်းလျှောက်လှည့်လည်လတ်သော် ကေဏိယရသေ့၏ သင်္ခမ်းကျောင်းသို့ ချဉ်းကပ်လေ၏၊ သေလပုဏ္ဏားသည်ကေဏိယရသေ့၏ သင်္ခမ်းကျောင်း၌ ဖိုခုံလောက်တူးသူ အချို့တို့ကိုလည်းကောင်း ထင်းခွဲသူ အချို့တို့ကိုလည်းကောင်း အိုးခွက်ဆေးကြောသူ အချို့တို့ကိုလည်းကောင်း၊ သောက်ရေအိုးကြီးတည်ထားသူ အချို့တို့ကိုလည်းကောင်း၊ နေရာခင်းသူ အချို့တို့ကိုလည်းကောင်း၊ ကိုယ်တိုင်သာလျှင် တန်ဆောင်းဝန်းကို စီမံနေသော ကေဏိယရသေ့ကိုလည်းကောင်း မြင်လျှင် ကေဏိယရသေ့ကို “အသျှင်ကေဏိယအား သမီးယူခြင်း’အာဝါဟ’ မင်္ဂလာလည်း ဖြစ်လိမ့်မည်လော၊ သို့မဟုတ် သမီးပေးခြင်း ‘ဝိဝါဟ’ မင်္ဂလာလည်း ဖြစ်လိမ့်မည်လော၊ သို့မဟုတ် ကြီးစွာသော ယဇ်ပူဇော်မှုလည်း နီးကပ်နေပြီလော၊ သို့မဟုတ် မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းကိုမူလည်း ဗိုလ်ပါအပေါင်းနှင့်တကွ နက်ဖြန်အတွက် ဖိတ်ကြားထားပါသလော”ဟု ပြောဆို၏။

အသျှင်သေလ အကျွန်ုပ်အား သမီးယူခြင်း ‘အာဝါဟ’ မင်္ဂလာလည်း ဖြစ်လိမ့်မည် မဟုတ်ပါ၊ ့သမီးပေးခြင်း ‘ဝိဝါဟ’ မင်္ဂလာလည်း ဖြစ်လိမ့်မည် မဟုတ်ပါ၊ မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းကိုမူလည်း ဗိုလ်ပါအပေါင်းနှင့်တကွ နက်ဖြန်အတွက် ဖိတ်ကြားမထားပါ၊ စင်စစ်သော်ကား အကျွန်ုပ်အား ကြီးစွာသော ယဇ်ပူဇော်ခြင်းသည် နီးကပ်နေပါ၏၊ အသျှင် သာကီဝင်မင်းသားဖြစ်သော သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ရဟန်းဂေါတမသည် ရှိပါ၏၊ အင်္ဂုတ္တရာပတိုင်း၌ တစ်ထောင့်နှစ်ရာ့ငါးဆယ်မျှ အရေအတွက်ရှိသော များစွာသော ရဟန်းသံဃာနှင့်အတူ ဒေသစာရီ လှည့်လည်ကာ အာပဏနိဂုံးသို့ ယခု ရောက်ရှိနေပါ၏။

ထိုအသျှင်ဂေါတမ၏ ဤသို့ ကောင်းမြတ်သော ကျော်စောသံသည် ပျံ့နှံ့၍ ထွက်ပေါ်ပါ၏—“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း’သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောအကြောင်း ကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း’လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသောအကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့် လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု (ပျံ့နှံ့၍ထွက်၏)။ ထိုဂေါတမမြတ်စွာဘုရားကို အကျွန်ုပ်သည် နက်ဖြန် အတွက် ရဟန်းသံဃာနှင့်အတူဆွမ်းစားဖိတ်ထားပါ၏ဟု (ဆို၏)။ ကေဏိယ “ဘုရား”ဟူ၍ ဆိုသလော။ သေလ “ဘုရား”ဟူ၍ဆိုပါ၏။ ကေဏိယ”ဘုရား”ဟူ၍ ဆိုသလော။ သေလ”ဘုရား”ဟူ၍ ဆိုပါ၏ဟု (ဆို၏)။

၃၉၈။ ထိုအခါ သေလပုဏ္ဏားအား ဤသို့သော အကြံသည် ဖြစ်၏— လောက၌ ‘ဘုရား ဘုရား’ဟူသော အသံမျှလည်း အလွန်ကြားရခဲ၏၊ အမှန်အားဖြင့် ငါတို့၏ ဝေဒကျမ်းတို့၌ သုံးဆယ့်နှစ်ပါးသောယောကျာ်းမြတ်တို့၏ လက္ခဏာတို့သည် လာကုန်၏၊ ယင်းလက္ခဏာတို့နှင့် ပြည့်စုံသော ယောကျာ်းမြတ်အား နှစ်မျိုးသော အဖြစ်တို့သာလျှင် ရှိကုန်၏၊ အခြားသော အဖြစ်တို့ကား မရှိကုန်။ ထိုယောကျာ်းမြတ် သည် အကယ်၍ လူ့ဘောင်၌ နေငြားအံ့၊ တရားစောင့်သော တရားနှင့်အညီမင်းပြုသော သမုဒ္ဒရာလေး စင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော လူအပေါင်းကိုအောင်သော တိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်း ဖြစ်၏။ ထို (စကြဝတေး) မင်းအား ဤရတနာခုနစ်ပါးတို့သည် ဖြစ်ကုန်၏။ ဤသည်တို့ကား အဘယ်နည်း၊ စကြာရတနာ ဆင်ရတနာ မြင်း ရတနာ ပတ္တမြားရတနာ မိန်းမရတနာ သူကြွယ် ရတနာ ခုနစ်ခုမြောက်သားကြီးရတနာတို့တည်း။ ထို (စကြဝတေး) မင်း၌ ရဲရင့်ကုန်သော သူရဲကောင်းအင်္ဂရုပ်ရှိကုန်သောတစ်ဖက်စစ်သည်တို့ကို နှိမ်နင်း နိုင်ကုန်သော အထောင်မကသော သားတော်တို့သည် ရှိကုန်၏။ ထို (စကြဝတေး) မင်းသည် သမုဒ္ဒရာ အဆုံးရှိသော ဤမြေကို တုတ်မဆောင်မူ၍ လက်နက်မဆောင်မူ၍တရားသဖြင့် အောင်မြင်လျက် အုပ်စိုး ၏။ အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောလောက၌ (ကိလေသာ) အပိတ် အဖုံးကို ဖွင့်လှစ်ပြီးသော ဘုရားဖြစ်၏။ အသျှင်ကေဏိယပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုအသျှင်ဂေါတမသည် ယခုအခါ အဘယ်အရပ်မှာ သီတင်းသုံး နေတော်မူပါသနည်းဟု (မေး၏)။

ဤသို့ မေးသည်ရှိသော် ကေဏိယရသေ့သည် လက်ယာလက်မောင်းကို မြှောက်၍ သေလပုဏ္ဏားကို့”သေလ ဤညိုမှိုင်းသော တောတန်းဝယ် သီတင်းသုံးနေတော်မူပါ၏”ဟု ပြောဆို၏။ ထိုအခါ သေလပုဏ္ဏားသည် သုံးရာသော လုလင်တို့နှင့် အတူ မြတ်စွာဘုရားထံသို့ ချဉ်းကပ်လေ၏။ ထိုအခါ သေလပုဏ္ဏားသည် ထိုသုံးရာသော လုလင်ပျိုတို့ကို “အမောင်တို့ ခြေလှမ်းမှန်မှန် လှမ်း၍ အသံမပြုဘဲ လာကြကုန်လော့၊ ထိုမြတ်စွာဘုရားတို့သည် ခြင်္သေ့မင်းကဲ့သို့ တစ်ဦးတည်း ကျက်စားကြသည်ဖြစ်၍ ခဲယဉ်းစွာချဉ်းကပ်သင့်သူများ ဖြစ်ကြကုန်၏။ အမောင်တို့ ရဟန်းဂေါတမနှင့် အတူ ငါပြောဆိုတိုင်ပင်နေသော အခါ’အမောင်တို့သည် ငါ၏ (စကား၌) ကြားညှပ် မပြောဆိုကြကုန်လင့်၊ အမောင်တို့သည် ငါ၏စကားပြီးဆုံး သည့်တိုင်အောင် ဆိုင်းငံ့ကြကုန်လော့’ဟု” ပြောကြား၏။

ထိုအခါ သေလပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်ကာ မြတ်စွာဘုရား၏ ကိုယ်တော်၌ သုံးဆယ့်နှစ်ပါးကုန်သော ယောကျာ်းမြတ်တို့၏လက္ခဏာကို ရှာမှီးလေ၏။ သေလပုဏ္ဏားသည် မြတ်စွာဘုရား၏ ကိုယ်တော်၌ သုံးဆယ့်နှစ်ပါးသောယောကျာ်းမြတ်လက္ခဏာတို့ကို များသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သော လျှာတော်၌လည်းကောင်း ဤ (မမြင်ရသော) ယောကျာ်းမြတ်လက္ခဏာ နှစ်ပါးတို့၌ ယုံမှား၏၊ တွေးတောယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်၊ ထိုအခါ မြတ်စွာဘုရားအား ဤသို့ အကြံဖြစ်၏—“ဤသေလ ပုဏ္ဏားသည် ငါ၏ သုံးဆယ့်နှစ်ပါးသောယောကျာ်းမြတ် လက္ခဏာတို့ကို များသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သော လျှာတော်၌လည်းကောင်း ဤ (မမြင်ရသော) ယောကျာ်းမြတ်လက္ခဏာ နှစ်ပါးတို့၌ ယုံမှား၏၊ တွေးတောယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်၊ ငါသည် တန်ခိုးဖန်ဆင်းပြရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။

ထိုအခါ မြတ်စွာဘုရားသည် အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်ကို သေလပုဏ္ဏားမြင်နိုင်ရန်တန်ခိုးဖန်ဆင်းတော်မူ၏၊ ထို့နောက် မြတ်စွာဘုရားသည် လျှာတော်ကို ထုတ်၍ နားတွင်းနှစ်ဖက်တို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ၏၊ နှာခေါင်းပေါက်နှစ်ခုတို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ၏၊ အလုံးစုံသော နဖူးပြင်ကိုလည်း လျှာဖြင့် ဖုံးအုပ်တော်မူ၏၊ ထိုအခါ သေလပုဏ္ဏားအား ဤသို့ အကြံဖြစ်၏— “ရဟန်းဂေါတမသည် တင်းတင်းပြည့်ညီသော သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတော်တို့နှင့် ပြည့်စုံတော်မူပေ၏၊ တင်းတင်းမပြည့်ညီသော လက္ခဏာတို့နှင့် ပြည့်စုံသည် မဟုတ်ပေ။ သို့သော်လည်း ထိုရဟန်းဂေါတမသည် ‘ဘုရားဟုတ် မဟုတ်’ ကိုကား ငါမသိရသေးချေ။ ပူဇော်အထူးကိုခံတော်မူထိုက်သော အလုံးစုံသောတရားတို့ကို ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားတို့သည်မိမိ၏ ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုသည်ရှိသော် မိမိကိုယ်ကို ထင်စွာ ပြုတတ်ကြကုန်၏ဟု ဆရာ့ဆရာဖြစ်ကုန်သော ကြီးရင့်အိုမင်းသည့် ပုဏ္ဏားတို့ ပြောဆိုသည်ကို ကြားရဖူး၏၊ ငါသည် ရဟန်းဂေါတမကိုမျက်မှောက်၌ပင် သင့်လျော်လျောက်ပတ်သော ဂါထာတို့ဖြင့် ချီးကျူးပြောဆိုရမူကောင်းမြတ်လေရာ၏”ဟု အကြံဖြစ်လေ၏။

၃၉၉။ ထိုအခါ သေလပုဏ္ဏားသည် မြတ်စွာဘုရားကို မျက်မှောက်၌ပင် သင့်လျော်လျောက်ပတ်သောဂါထာတို့ဖြင့် ချီးကျူးပြောဆိုလေ၏—

လုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် (သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်တို့၏လက္ခဏာတို့နှင့်) ပြည့်စုံသော ကိုယ်တော်မြတ် ရှိတော်မူပါ ပေ၏၊ တဝင်းဝင်းတလျှပ်လျှပ်ကောင်းမြတ်သော ကိုယ်တော်ရောင် ရှှိိတော်မူပါပေ၏၊ အလုံးအရပ် မြတ်သောသဏ္ဌာန်တော်လည်းရှှိတော်မူပါပေ၏၊ ကြည့်ရှု၍ မဝနိုင် ဖွယ် တင့်တယ်သောကိုယ်တော်လည်း ရှှိတော်မူပါပေ၏၊ ရွှေစင်နှင့်တူသော အဆင်း တော်မြတ်လည်း ရှှိိတော်မူပါပေ၏၊ ငွေစင်ပမာ ကောင်းစွာ ဖြူဖွေးသော စွယ်တော် မြတ်လည်း ရှှိတော်မူပါပေ၏၊ အလုံးအရပ်နှင့် ဖြောင့်မတ်ညီညွတ်သူအား ဆန်းဆန်းကြယ်ကြယ် နှစ်သက်ဖွယ်ရှိကုန်သော အကြင်လက္ခဏာတော်ကြီးတို့သည် ဖြစ် ကုန်၏၊ အလုံးစုံသောထိုယောကျာ်းမြတ်တို့၏ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါး တို့သည် အသျှင်ဘုရား၏ ကိုယ်တော်၌ဖြစ်ထွန်းပေါ်ပေါက်ပါကုန်၏။

အသျှင်ဘုရားသည် (ငါးပါးသောအဆင်း) ကြည်လင်ခြင်းနှင့် ပြည့်စုံသော မျက်စိ တော်လည်းရှှိတော်မူပါ၏၊ တင့်တယ်ကောင်းမြတ်သော မျက်နှာတော်လည်း ရှိပါ ၏၊ အလုံးအရပ်ထွားကျိုင်းတော်မူပါ၏၊ ဖြောင့်မတ်သော ကိုယ်တော်လည်း ရှိပါ ၏၊ ထွန်းလင်းတောက်ပသောအရောင်တော်နှင့်လည်း ပြည့်စုံတော်မူပါ၏၊ ရဟန်း အပေါင်းတို့၏ အလယ်၌ရောင်ခြည်တစ်ထောင်ဆောင်သော နေမင်းကြီးကဲ့သို့ တင့် တယ်တော်မူလှပါပေ၏။

အသျှင်ဘုရားသည် ကောင်းမြတ်တင့်တယ် ရှုချင်ဖွယ်နှင့်လည်း ပြည့်စုံတော်မူ ပါ၏၊ ရွှေပြားဖြင့်ကပ်သကဲ့သို့ မြတ်သော အရေအဆင်းတော်နှင့်လည်း ပြည့်စုံ တော်မူပါ၏၊ ဤသို့ မြတ်သောအဆင်းနှင့်ပြည့်စုံတော်မူသော အသျှင်ဘုရားအား ရဟန်း၏ အဖြစ်ဖြင့် အဘယ်အကျိုးရှိပါအံ့နည်း။

သမုဒ္ဒရာအဆုံးရှိသော လေးကျွန်းလုံးကို အစိုးရသော အောင်ပြီးသော ရန်သူရှိ သော ဇမ္ဗူဒီပါမြေမျက်နှာကို အစိုးရသော ရထားစီးနင်း မင်းတကာတို့ထက် မြတ်သော စကြဝတေးမင်းကြီးဖြစ်ရန်ထိုက်ပါ၏။

မြို့စား ရွာစားဖြစ်ကြကုန်သော မင်းအများတို့သည် အသျှင်ဘုရား၏ အလိုနိုင်ငံ တော်သို့အစဉ်လိုက်ကြပါစေကုန်သတည်း၊ လူတို့ကို အစိုးရသော မင်းတကာတို့ ထက် မင်းဖြစ်သောစကြဝတေးမင်းကြီးဖြစ်တော်မူ၍ တိုင်းပြည်နိုင်ငံကို အစိုးရ သော မင်းလုပ်တော်မူပါလော့၊ ထိုမင်းတို့သည်အသျှင်ဂေါတမအား မင်းအဖြစ်ကို တင်မြှောက်ကြပါစေကုန်သတည်းဟု (လျှောက်၏)။

သေလပုဏ္ဏား ငါသည် မင်းဖြစ်ပေ၏၊ အတုမရှိ မွန်မြတ်သော တရားမင်းဖြစ် ပေ၏၊ တရားသဖြင့် (တရား) စက်ကို လည်စေနိုင်၏၊ တစ်စုံတစ်ယောက်မျှ (ငါ လည်စေသည့်) တရားစက်ကို မလည်စေနိုင်ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အသျှင်ဘုရားသည် တရားမှန်ကို ကိုယ်တိုင် သိသော ဘုရား ဟူ၍ ဝန်ခံဘိသလော၊ အတုမဲ့ မြင့်မြတ်သော တရားမင်းဖြစ်၍ တရားသဖြင့် (တရား) စကြာကို လည်စေနိုင်၏ဟု ဆိုပါသလော။

ဆရာ (အလို) သို့ အစဉ်လိုက်တတ်သော အသျှင်၏တပည့် စစ်သူကြီးကား အဘယ်သူပါနည်း၊ အသျှင်လည်စေပြီးသော ထိုတရားစကြာကို မည်သူသည် အတု လိုက်၍ လည်စေပါသနည်းဟု (လျှောက်၏)။

(မြတ်စွာဘုရားသည် ‘သေလ’ဟု ခေါ်တော်မူကာ) ငါ လည်စေအပ်သော အတုမဲ့ တရားစကြာကိုအနုဇာတသား သာရိပုတြာသည် ငါဘုရားသို့ အတုလိုက်၍ လည်စေ၏ဟု (မိန့်တော်မူ၏)။

ပုဏ္ဏား ငါသည် ထိုးထွင်း၍ သိသင့်သည်ကို ထိုးထွင်း၍ သိခဲ့ပြီ၊ ပွါးများအား ထုတ်သင့်သည်ကိုလည်းပွါးများအားထုတ်ပြီးပြီ၊ ပယ်သင့်သည်ကိုလည်း ပယ်ပြီးပြီ၊ ထို့ကြောင့် ငါသည် ဘုရားဖြစ်ခဲ့ပြီ။

ပုဏ္ဏား ငါ၌ ယုံမှားသံသယကို ပယ်ဖျောက်လေလော့၊ လွတ်လွတ် ယုံကြည်လေ လော့၊ ဘုရားသျှင်တို့အား မပြတ်မလပ် ဖူးမြင်ရခြင်းသည် အလွန်တရာ ရခဲလှ စွာ၏။

ပုဏ္ဏား လောက၌ မြတ်စွာဘုရားတို့၏ မပြတ်မလပ် ထင်ရှားစွာ ပွင့်တော်မူခြင်း ကို ရခဲလှစွာ၏၊ ထိုငါသည် ကိုယ်တိုင် မှန်စွာ သိသည်ဖြစ်၍ ကိလေသာငြောင့် တံသင်းကို ပယ်ခွင်းပြီးသူ ဖြစ်၏၊ အတုမရှိ မွန်မြတ်သူ ဖြစ်ပေ၏။

မြင့်မြတ်သူဖြစ်၍ နှိုင်းရှည့်စရာကို လွန်ပြီးဖြစ်၏၊ မာရ်စစ်သည်ကို နှိမ်နင်းပြီးသူ ဖြစ်၏၊ ရန်သူအားလုံးတို့ကို (မိမိ) အလိုသို့ လိုက်စေ၍ မည်သည့်အတွက်မျှ ဘေးမရှိဘဲ ဝမ်းမြောက်ရပေ၏။

အမောင်တို့ (ကိလေသာ) ငြောင့်တံသင်းကို ပယ်ခွင်းပြီးသူဖြစ်၍ ကြီးမြတ်သော လုံ့လရှိတော်မူသောမျက်စိငါးမျိုး ပိုင်စိုးသူ (မြတ်စွာဘုရား) သည် တောအတွင်း ဝယ် ခြင်္သေ့မင်း ဟောက်သကဲ့သို့ပြောဆိုတိုင်းသော စကားကို မှတ်သားကြ ကုန်လော့။

မြင့်မြတ်သူဖြစ်၍ နှိုင်းရှည့်စရာကို လွန်မြောက်ပြီးသော မာရ်စစ်သည်ကို နှိမ် နင်းပြီးသောမြတ်စွာဘုရားကို ဖူးမြင်ရ၍ အဘယ်သူသည် မကြည်ညိုဘဲနေနိုင် ပါအံ့နည်း၊ လူရိုင်းမျိုးပင်သော်လည်းမကြည်ညိုဘဲ မနေနိုင်ရာ။

ငါ့ကို အလိုရှိသူသည် ငါ့နောက်သို့ လိုက်လော့၊ အလိုမရှိသူသည် သွားလေ လော့၊ ငါသည်ဤနေရာ၌ပင် မြတ်သော ပညာရှိ၏ အထံတော်ဝယ် ရဟန်း ပြုတော့အံ့။

အသျှင်သည် ဤကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား အဆုံးအမ တော်ကို ဤအတိုင်းအကယ်၍ နှစ်သက်ပါမူကား အကျွန်ုပ်တို့သည်လည်း မြတ် သော ပညာရှိ၏ အထံတော်ဝယ်ရဟန်းပြုကြပါကုန်အံ့။

သုံးရာသော ဤပုဏ္ဏားလုလင်ပျိုတို့သည် လက်အုပ်ချီကုန်လျက် “မြတ်စွာဘုရား အသျှင်မြတ်၏အထံတော်ဝယ် အကျွန်ုပ်တို့သည် မြတ်သော အကျင့်ကို ကျင့်ကြ ပါကုန်အံ့”ဟု လျှောက်ကြကုန်၏။

(မြတ်စွာဘုရားသည် ‘သေလ’ဟု ခေါ်တော်မူကာ) ကိုယ်တွေ့ဖြစ်၍ အခါမလင့် အကျိုးပေးနိုင်သောမြတ်သောအကျင့်ကို ကောင်းစွာ ဟောကြားထားပေ၏၊ ယင်း မြတ်သော အကျင့်၌ မမေ့မလျော့ကျင့်ကြံအားထုတ်သူ၏ ရဟန်းအဖြစ်ကား အချည်းနှီး မဖြစ်နိုင်ချေဟု (မိန့်တော်မူ၏)။

သေလပုဏ္ဏားသည် ပရိသတ်နှင့်တကွ မြတ်စွာဘုရား၏ အထံတော်၌ ရှင်ရဟန်းအဖြစ်ကို ရလေသတည်း။

၄ဝဝ။ ထိုအခါ ကေဏိယရသေ့သည် ထိုညဉ့်လွန်သဖြင့် မိမိသင်္ခမ်းကျောင်း၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီရင်ပြီးလျှင် “အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု မြတ်စွာဘုရားအားအချိန် (တန်ကြောင်း) ကို ကြားလျှောက်စေ၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူတော်မူလျက်ကေဏိယရသေ့၏ သင်္ခမ်းကျောင်းသို့ ချဉ်းကပ်တော်မူ၍ ခင်းထားသော နေရာ၌ ရဟန်းသံဃာ နှင့်အတူသီတင်းသုံးထိုင်နေတော်မူ၏။ ထိုအခါ ကေဏိယရသေ့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာကိုမွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၏။ ထိုအခါ ကေဏိယ ရသေ့သည် မြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှ လက်တော်ဖယ်ပြီးသောအခါနိမ့်သော ထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသော နေရာ၌ ထိုင်နေ၏။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသောကေဏိယရသေ့ကို မြတ်စွာဘုရားသည်—

“ယဇ်ပူဇော်ခြင်းတို့တွင် မီးကို လုပ်ကျွေးပူဇော်ခြင်းသည် အဦးအစဖြစ်၏၊ သာဝိတ္တီဂါထာသည်ဆန်းကျမ်း၏ အဦးအစ ဖြစ်၏၊ လူတို့တွင် မင်းသည် ပဓာန ဖြစ်၏၊ မြစ်တို့တွင် သမုဒ္ဒရာသည်ပဓာနဖြစ်၏။

နက္ခတ်တို့တွင် လသည် ပဓာနဖြစ်၏၊ အပူတို့တွင် နေသည် ပဓာနဖြစ်၏၊ ကောင်းမှုကိုအလိုရှိကြကုန်သော ပုဂ္ဂိုလ်တို့ ပေးလှူပူဇော်အပ်သော ပုဂ္ဂိုလ်တို့တွင် သံဃာသည် ပဓာနဖြစ်၏”ဟုဂါထာတို့ဖြင့် အနုမောဒနာကို ပြုတော်မူ၏၊

ထိုအခါ မြတ်စွာဘုရားသည် ကေဏိယရသေ့ကို ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုပြီးလျှင် နေရာမှထကာ ဖဲသွားတော်မူ၏။

ထိုအခါ အသျှင်သေလသည် ပရိသတ်နှင့်တကွ တစ်ပါးစီ တစ်ပါးစီ ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော့်ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးသားများ လိုလားအပ်သည့် အတုမဲ့မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို မကြာမီ ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ ပရိသတ်နှင့်တကွ အသျှင်သေလသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။ ထို့နောက် အသျှင်သေလသည် ပရိသတ်နှင့်တကွ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကိုစံပယ်တင်လျက် မြတ်စွာဘုရားရှိတော်မူရာသို့ လက်အုပ်ချီပြီးလျှင် မြတ်စွာဘုရားကို ဂါထာတို့ဖြင့် ချီးကျူးလျှောက်ထား၏—

“စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ဤနေ့မှ လွန်ပြီးသော ရှစ်ရက်မြောက်ကအကျွန်ုပ်တို့သည် ကိုးကွယ်ဆည်းကပ်ခြင်းကို ပြုခဲ့ကြကုန်သော ကြောင့် မိမိတို့သည်အသျှင်ဘုရားအဆုံးအမတော်၌ အတုမရှိသော ယဉ်ကျေးခြင်း ဖြင့် ယဉ်ကျေးကြပါကုန်ပြီ။

အသျှင်မြတ်သည် ဘုရားပါတည်း၊ အသျှင်မြတ်သည် ဆုံးမတတ်သူ ဆရာပါ တည်း၊ အသျှင်မြတ်သည်မာရ်ကို နှိမ်နင်းနိုင်သူ မုနိပါတည်း၊ အနုသယတို့ကို ဖြတ်၍ ကူးမြောက်တော်မူပြီးသောအသျှင်ဘုရားသည် ဤသတ္တဝါအပေါင်းကို ကူး မြောက်စေတော်မူပါပြီ။

အသျှင်ဘုရားသည် ဥပဓိကို ကောင်းစွာ လွန်မြောက်ပါပြီ၊ အသျှင်ဘုရားသည် အာသဝေါတရားတို့ကိုဖောက်ခွဲပြီးပါပြီ၊ ဥပါဒါန်မရှိသည်ဖြစ်၍ ခြင်္သေ့မင်းကဲ့သို့ ကြောက်ထိတ်ခြင်း ကင်းတော်မူပါ၏။

သုံးရာသော ဤရဟန်းတော်တို့သည် လက်အုပ်ချီလျက် ရပ်တည်နေကြပါ ကုန်၏၊ ကြီးမြတ်သောလုံ့လရှိတော်မူသော မြတ်စွာဘုရား ခြေတော်တို့ကို ဆန့် တော်မူပါလော့၊ ဆရာဘုရားအား ရဟန်းများရှိခိုးကြပါစေ”ဟု (လျှောက်လေသ တည်း)။

နှစ်ခုမြောက် သေလသုတ် ပြီး၏။