မဇ္ဈိမနိကာယ်

၃—အဿလာယနသုတ်

၄ဝ၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ငါးရာမျှလောက်သော နိုင်ငံခြားသားပုဏ္ဏားတို့သည် တစ်စုံတစ်ခု ပြုဖွယ်ကိစ္စဖြင့် သာဝတ္ထိပြည်၌ နေကြကုန်၏။ ထိုအခါ ပုဏ္ဏားတို့အား ဤသို့ အကြံဖြစ်၏—“ဤရဟန်းဂေါတမသည် အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကို ပညတ်၏၊ အဘယ်သူသည် ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ ပြိုင်ဆိုင် ပြောဆိုခြင်းငှါ စွမ်းနိုင်ပါအံ့နည်း”ဟု (အကြံဖြစ်၏)။

ထိုအခါ အဿလာယန အမည်ရသော လုလင်သည် သာဝတ္ထိပြည်၌ နေ၏၊ နုပျို၏၊ ဆံချပြီးသောဦးခေါင်းရှိ၏၊ ရက်ချုပ်အားဖြင့် တစ်ဆယ့်ခြောက်နှစ်အရွယ်ရှိ၏၊ နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ’အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့၏တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်းမဟာပုရိသလက္ခဏာ ကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏။ ထို့နောက် ထိုပုဏ္ဏားတို့အား ဤသို့အကြံဖြစ်၏— “ဤအဿလာယန လုလင်သည် သာဝတ္ထိပြည်၌ နေ၏၊ နုပျို၏၊ ဆံချပြီးသော ဦးခေါင်းရှိ၏၊ ရက်ချုပ်အားဖြင့် အသက်တစ်ဆယ့် ခြောက်နှစ်အရွယ် ရှိ၏၊ ဗေဒင်သုံးပုံတို့၏ ကမ်းတစ်ဖက်သို့ရောက်၏။ပ။ အပြည့်အစုံ တတ်မြောက်၏၊ ထိုလုလင်သည် ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ပြိုင်ဆိုင် ပြောဆိုရန် စွမ်းနိုင်၏”ဟု (အကြံဖြစ်၏)။

ထိုအခါ ထိုပုဏ္ဏားတို့သည် အဿလာယနလုလင်ထံသို့ ချဉ်းကပ်၍ အဿလာယနလုလင်ကို့”အမောင်အဿလာယန ဤရဟန်းဂေါတမသည် အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကို ပညတ်၏၊ အမောင်အဿလာယန သွားပါချေ၊ ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ ပြိုင်ဆိုင်ပြောဆိုပါလော့”ဟု ပြောဆိုကြကုန်၏။

ဤသို့ ပြောဆိုသည်ရှိသော် အဿလာယနလုလင်သည် ထိုပုဏ္ဏားတို့ကို “အသျှင်တို့ ရဟန်းဂေါတမသည် သဘာဝကျကျ ပြောဆိုလေ့ရှိ၏၊ သဘာဝကျကျ ပြောဆိုလေ့ရှိသူတို့သည် ပြိုင်ဆိုင်ပြောဆိုရန် ခဲယဉ်းပါကုန်၏၊ အကျွန်ုပ်သည် ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ ပြိုင်ဆိုင်ပြောဆိုရန်မစွမ်းနိုင်ပါ”ဟု ပြောဆို၏။ နှစ်ကြိမ်မြောက်လည်း ထိုပုဏ္ဏားတို့သည် အဿလာယနလုလင်ကို”အမောင်အဿလာယန ဤရဟန်းဂေါတမသည် အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကို ပညတ်၏၊ အမောင်အဿလာယန သွားပါချေ၊ ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ ပြိုင်ဆိုင်ပြောဆိုပါလော့၊ အမောင်အဿလာယနသည် ပရိဗိုဇ်အစီအစဉ် (ဗေဒင်) ကိုလည်း ကျင့်ဆောင် (သင်ယူ) ပြီးပါပြီ”ဟုပြောဆိုကြကုန်၏။ နှစ်ကြိမ်မြောက်လည်း အဿလာယန လုလင်သည် ထိုပုဏ္ဏားတို့ကို “အသျှင်တို့ရဟန်းဂေါတမသည် သဘာဝကျကျ ပြောဆိုလေ့ရှိ၏၊ သဘာဝကျကျ ပြောဆိုလေ့ရှိသူတို့သည် ပြိုင်ဆိုင်ပြောဆိုရန် ခဲယဉ်းပါကုန်၏၊ အကျွန်ုပ်သည် ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ ပြိုင်ဆိုင်ပြောဆိုရန် မစွမ်းနိုင်ပါ”ဟု ပြောဆို၏။ သုံးကြိမ်မြောက်လည်း ထိုပုဏ္ဏားတို့သည် အဿလာယနလုလင်ကို “အမောင်အဿလာယန ဤရဟန်းဂေါတမသည် အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကိုပညတ်၏၊ အမောင် အဿလာယန သွားပါချေ၊ ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ပြိုင်ဆိုင်ပြောဆိုပါလော့၊ အမောင် အဿလာယနသည် ပရိဗိုဇ်အစီအစဉ် (ဗေဒင်) ကိုလည်း ကျင့်ဆောင် (သင်ယူ) ပြီးပါပြီ၊ အမောင် အဿလာယနသည် စစ်မထိုးဘဲ ရှုံးနည်းမျိုး မရှုံးပါစေလင့်”ဟုပြောဆိုကြကုန်၏။

ဤသို့ ပြောဆိုသည်ရှိသော် အဿလာယနလုလင်သည် ထိုပုဏ္ဏားတို့ကို “အသျှင်တို့ ‘ရဟန်းဂေါတမသည် သဘာဝကျကျ ပြောဆိုလေ့ရှိ၏၊ သဘာဝကျကျ ပြောဆိုလေ့ရှိသူတို့သည် ပြိုင်ဆိုင်ပြောဆိုရန် ခဲယဉ်းပါကုန်၏၊ အကျွန်ုပ်သည် ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ ပြိုင်ဆိုင်ပြောဆိုရန်မစွမ်းနိုင်ပါ’ဟု အကျွန်ုပ်ပြောသော်လည်း မရလေ၊ သို့ဖြစ်သောကြောင့် အကျွန်ုပ်သည် အသျှင်တို့၏စကားဖြင့် သွားပါတော့အံ့”ဟု ပြောဆို၏။

၄ဝ၂။ ထိုအခါ အဿလာယနလုလင်သည် များစွာသော ပုဏ္ဏားအပေါင်းနှင့်အတူ မြတ်စွာဘုရား ထံသို့ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဂေါတမ ‘ပုဏ္ဏားမျိုးသည်သာလျှင် မြတ်၏၊ အခြားအမျိုးသည် ယုတ်၏၊ ပုဏ္ဏားမျိုးသည်သာလျှင် ဖြူစင်၏၊ အခြားအမျိုးသည် မည်းညစ်၏၊ ပုဏ္ဏားတို့သည်သာလျှင် စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သည်သာလျှင် ဗြဟ္မာ၏ သားရင်းတို့ ဖြစ်ကုန်၏၊ ခံတွင်းမှပေါက်ဖွားသူများ ဖြစ်ကုန်၏၊ ဗြဟ္မာမှ ပေါက်ဖွားလာကုန်၏၊ ဗြဟ္မာဖန်ဆင်းထားသူတို့ ဖြစ်ကုန်၏၊ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏’ဟု ပုဏ္ဏားတို့သည် ပြောဆိုကြပါကုန်၏၊ ဤပုဏ္ဏားတို့ ပြောဆိုရာ၌အသျှင်ဂေါတမသည် အဘယ်သို့ ဆိုလိုပါသနည်း”ဟု (လျှောက်၏)။

အဿလာယန ပုဏ္ဏားတို့တွင် ဥတုလာသူ ကိုယ်ဝန်ဆောင်သူ သားဖွားသူ နို့တိုက်နေသူ ပုဏ္ဏေးမတို့ကို မြင်ရကုန်သည် မဟုတ်လော၊ ထိုပုဏ္ဏားတို့သည် ပုဏ္ဏေးမတို့၏ အင်္ဂါဇာတ်မှ ဖြစ်ကြကုန်လျက်”ပုဏ္ဏားမျိုးသည်သာလျှင် မြတ်၏၊ အခြားအမျိုးသည် ယုတ်၏၊ ပုဏ္ဏားမျိုးသည်သာလျှင် ဖြူစင်၏၊ အခြားအမျိုးသည် မည်းညစ်၏၊ ပုဏ္ဏားတို့သည်သာ စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သည်သာ ဗြဟ္မာ၏ သားရင်းတို့ ဖြစ်ကုန်၏၊ ခံတွင်းမှ ပေါက်ဖွားသူများ ဖြစ့်ကုန်၏၊ ဗြဟ္မာမှ ပေါက်ဖွားလာကုန်၏၊ ဗြဟ္မာဖန်ဆင်းထားသူတို့ ဖြစ်ကုန်၏၊ ဗြဟ္မာ၏အမွေခံတို့ ဖြစ်ကုန်၏”ဟု ဆိုကြကုန်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင် ဆိုစေကာမူပုဏ္ဏားတို့ကား ဤအရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏အမွေခံတို့ ဖြစ်ကုန်၏”ဟု ဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။

၄ဝ၃။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ “ယောပြည် ကမ္ဗောဇ ပြည်နှင့်အခြားအစွန်အဖျားကျသော နယ်တို့၌ အရှင်မျိုး ကျွန်မျိုးအားဖြင့် နှစ်မျိုးသာ ရှိကုန်၏၊ အရှင်မျိုးဖြစ်လျက် ကျွန်ဖြစ်ပြန်၏၊ ကျွန်မျိုးဖြစ်လျက် အရှင်ဖြစ်ပြန်၏”ဟု သင်ကြားဖူး၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား “ယောပြည် ကမ္ဗောဇပြည်နှင့် အခြားအစွန်အဖျားကျသော နယ်တို့၌ အရှင်မျိုးကျွန်မျိုးအားဖြင့် နှစ်မျိုးသာ ရှိကုန်၏၊ အရှင်မျိုးဖြစ်လျက် ကျွန်ဖြစ်ပြန်၏၊ ကျွန်မျိုးဖြစ်လျက် အရှင်ဖြစ်ပြန်၏”ဟု အကျွန်ုပ်ကြားဖူးပါ၏ဟု (လျှောက်၏)။ အဿလာယန ဤသို့ ဖြစ်ရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏အမွေခံတို့ ဖြစ်ကုန်၏”ဟု ဆိုကြကုန်သောပုဏ္ဏားတို့၏ အားကိုးကား အဘယ်နည်း၊ အထောက်အထားကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင် ဆိုစေကာမူ ပုဏ္ဏားတို့ကား ဤအရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟု ဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။

၄ဝ၄။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ မင်းမျိုးသည်သာ အသက် သတ်မူမပေးသည်ကိုယူမူ ကာမတို့၌ မှားယွင်းစွာကျင့်မူ မဟုတ်မမှန်ပြောဆိုမူ ကုန်းစကားကိုဆိုမူ ကြမ်းကြုတ်သော စကားကို ပြောဆိုမူ အကျိုးမရှိ ပြိန်ဖျင်းသောစကားကို ပြောဆိုမူ သူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုကြံစည်မူ (သူတစ်ပါး) ပျက်စီးရန် ကြံစည်မူ မှားသောအယူရှိမူ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသောလားရာ ဖရိုဖရဲကျရာဖြစ်သော အပါယ်ငရဲသို့ ကျရောက်ရာသလော၊ ပုဏ္ဏားမျိုးသည် မကျရောက် ရာသလော။ ကုန်သည်မျိုးသည်သာ။ပ။ သူဆင်းရဲမျိုးသည်သာ အသက်သတ်မူ မပေးသည်ကိုယူမူ ကာမတို့၌ မှားယွင်းစွာကျင့်မူ မဟုတ်မမှန်ပြောဆိုမူ ကုန်းစကားကိုဆိုမူ ကြမ်းကြုတ်သောစကားကို ပြောဆိုမူ အကျိုးမရှိ ပြိန်ဖျင်းသော စကားကို ပြောဆိုမူသူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုကြံစည်မူ (သူတစ်ပါး) ပျက်စီးရန် ကြံစည်မူ မှားသောအယူရှိမူ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ မကောင်းသော လားရာ ပျက်စီး၍ကျရာအပါယ်ငရဲသို့ ကျရောက်ရာသလော၊ ပုဏ္ဏားမျိုးသည် မကျရောက်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ဤသို့ဖြစ်ရန် မသင့်ပါ။ အသျှင်ဂေါတမ မင်းမျိုးသည်လည်း အသက်သတ်မူမပေးသည်ကို ယူမူ ကာမတို့၌ မှားယွင်းစွာကျင့်မူ မဟုတ်မမှန်ပြောဆိုမူ ကုန်းစကားကိုဆိုမူ ကြမ်းကြုတ်သောစကားကို ပြောဆိုမူ အကျိုးမရှိ ပြိန်ဖျင်းသောစကားကို ပြောဆိုမူ သူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုကြံစည်မူ (သူတစ်ပါး) ပျက်စီးရန် ကြံစည်မူ မှားသော အယူဝါဒရှိမူ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော အပါယ်ငရဲသို့ ကပ်ရောက်ရာပါ၏။ အသျှင်ဂေါတမ ပုဏ္ဏားမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ ကုန်သည်မျိုးသည်လည်း။ပ။ အသျှင်ဂေါတမ သူဆင်းရဲမျိုးသည်လည်း။ပ။

အသျှင်ဂေါတမ အလုံးစုံသော အမျိုးလေးပါးတို့သည်လည်း အသက်သတ်ကြပါကုန်မူ မပေးသည်ကို ယူကြပါကုန်မူ ကာမတို့၌ မှားယွင်းစွာ ကျင့်ကြပါကုန်မူ မဟုတ်မမှန်ပြောဆိုကြပါကုန်မူ ကုန်းစကားကိုပြောဆိုကြပါကုန်မူ ကြမ်းကြုတ်သောစကားကို ပြောဆိုကြပါကုန်မူ အကျိုးမရှိ ပြိန်ဖျင်းသောစကားကိုပြောဆိုကြပါကုန်မူ သူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုကြံစည်ကြပါကုန်မူ (သူတစ်ပါး) ပျက်စီးရန် ကြံစည်ကြပါကုန်မူ မှားသောအယူဝါဒရှိကြပါကုန်မူ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက့်၌ မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ အပါယ်ငရဲသို့ ကျရောက်ကုန်ရာပါ၏ဟု (လျှောက်၏)။ အဿလာယန ဤသို့ ဖြစ်ရာ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည်ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကြကုန်၏”ဟု ဆိုကြကုန်သော ပုဏ္ဏားတို့၏ အားကိုးကားအဘယ်နည်း၊ အထောက် အထားကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင်ဆိုစေကာမူ ပုဏ္ဏားတို့ကား ဤအရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန် ၏“ဟု ဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။

၄ဝ၅။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ပုဏ္ဏားမျိုးသည်သာလျှင်အသက်သတ်ခြင်းမှ ကြဉ်ရှောင်မူ မပေးသည်ကိုယူခြင်းမှ ကြဉ်ရှောင်မူ ကာမတို့၌ မှားယွင်းစွာကျင့်ခြင်းမှကြဉ်ရှောင်မူ မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဉ်ရှောင်မူ ကုန်းစကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်မူ ကြမ်းကြုတ်သောစကားမှ ကြဉ်ရှောင်မူ အကျိုးမရှိ ပြိန်ဖျင်းသောစကားမှ ကြဉ်ရှောင်မူ သူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုကြံစည်မှု မရှိမူ (သူတစ်ပါးကို) ပျက်စီးရန် ကြံစည်လိုစိတ် မရှိမူမှန်သောအယူဝါဒရှိမူ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရာသလော၊ မင်းမျိုးသည် မကပ်ရောက် ရာသလော၊ ကုန်သည်မျိုးသည် မကပ်ရောက်ရာသလော၊ သူဆင်းရဲမျိုးသည် မကပ်ရောက်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ၊ အသျှင်ဂေါတမ ထိုစကားသည် မှန်ပါ၏၊ မင်းမျိုးဖြစ်သူသည်လည်း အသက်သတ်ခြင်းမှ ကြဉ်ရှောင်ပါမူ မပေးသည်ကိုယူခြင်းမှ ကြဉ်ရှောင်ပါမူ ကာမတို့၌မှားယွင်းစွာ ကျင့်ခြင်းမှ ကြဉ်ရှောင်ပါမူ မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဉ်ရှောင်ပါမူ ကုန်းစကားကိုပြောဆိုခြင်းမှ ကြဉ်ရှောင်ပါမူ ကြမ်းကြုတ်သောစကားမှ ကြဉ်ရှောင်ပါမူ အကျိုးမရှိ ပြိန်ဖျင်းသောစကားမှကြဉ်ရှောင်ပါမူ သူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုကြံစည်မှု မရှိပါမူ (သူတစ်ပါးတို့) ပျက်စီးရန် ကြံစည်သောစိတ် မရှိပါမူ မှန်သော အယူဝါဒရှိပါမူ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ရွာလောကသို့ ကပ်ရောက် နိုင်ရာပါ၏။ အသျှင်ဂေါတမ ပုဏ္ဏားမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ ကုန်သည်မျိုးသည်လည်း။ပ။ အသျှင်ဂေါတမ သူဆင်းရဲမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ မှန်၏၊ အလုံးစုံသော အမျိုးလေးပါးတို့သည်ပင် အသက်သတ်ခြင်းမှ ကြဉ်ရှောင်ကြပါကုန်မူ မပေးသည်ကိုယူခြင်းမှ ကြဉ်ရှောင်ကြပါကုန်မူ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ကြဉ်ရှောင်ကြပါကုန်မူ မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဉ်ရှောင်ကြပါကုန်မူ ကုန်းစကားကိုပြောဆိုခြင်းမှကြဉ်ရှောင်ကြပါကုန်မူ ကြမ်းကြုတ်သောစကားမှ ကြဉ်ရှောင်ကြပါကုန်မူ အကျိုးမရှိ ပြိန်ဖျင်းသောစကားမှကြဉ်ရှောင်ကြပါကုန်မူ သူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုမကြံစည်ကြပါကုန်မူ (သူတစ်ပါးတို့) ပျက်စီးရန် ကြံစည်သောစိတ် မရှိကြပါကုန်မူ ဖြောင့်မှန်သော အယူဝါဒရှိကြပါကုန်မူကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ကောင်းသောလားရာ နတ်ရွာလောကသို့ကပ်ရောက်နိုင်ရာပါကုန်၏ဟု (လျှောက်၏)။

အဿလာယန ဤသို့ ဖြစ်ရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟု ဆိုကြကုန်သော ပုဏ္ဏားတို့၏ အားကိုးကား အဘယ်နည်း၊ အထောက်အထားကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင် ဆိုစေကာမူ ပုဏ္ဏားတို့ကား ဤအရာ၌ “ပုဏ္ဏားမျိုးသည်သာလျှင် မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟု ဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။

၄ဝ၆။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ပုဏ္ဏားမျိုးသည်သာလျှင် ဤအမည်ရှိသော အရပ်၌ ရန်ကင်းသော ကြောင့်ကြကင်းသော မေတ္တာစိတ်ကို ပွါးများရန် စွမ်းနိုင်လေသလော၊ မင်းမျိုးသည် မစွမ်းနိုင်လေသလော၊ ကုန်သည်မျိုးသည် မစွမ်းနိုင်လေသလော၊ သူဆင်းရဲမျိုး့သည် မစွမ်းနိုင်လေသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ၊ အသျှင်ဂေါတမ မင်းမျိုးသည်လည်း ဤမည်သော အရပ်၌ ရန်ကင်းသော ကြောင့်ကြကင်းသော မေတ္တာစိတ်ကိုပွါးများရန် စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမ ပုဏ္ဏားမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ ကုန်သည်မျိုးသည်လည်း။ပ။ အသျှင်ဂေါတမ သူဆင်းရဲမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ အလုံးစုံသော အမျိုးလေးပါးတို့ပင် ဤမည်သော အရပ်၌ ရန်ကင်းသော ကြောင့်ကြကင်းသော မေတ္တာစိတ်ကို ပွါးများရန် စွမ်းနိုင်ကြပါကုန်၏ဟု (လျှောက်၏)။ အဿလာယန ဤသို့ ဖြစ်ရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟု ဆိုကြကုန်သော ပုဏ္ဏားတို့၏ အားကိုးကားအဘယ်နည်း၊ အထောက်အထားကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင်ဆိုစေကာမူ ပုဏ္ဏားတို့ကား ဤအရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏အမွေခံတို့ ဖြစ်ကုန်၏”ဟု ဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။

၄ဝ၇။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ပုဏ္ဏားမျိုးသည်သာ ကြေးတွန်းဆပ်ပြာကို ယူ၍ မြစ်သို့သွားကာ မြူအညစ်အကြေးကို မျှောရန် စွမ်းနိုင်သလော၊ မင်းမျိုးကားမစွမ်းနိုင်သလော၊ ကုန်သည်မျိုးကား မစွမ်းနိုင်သလော၊ သူဆင်းရဲမျိုးကား မစွမ်းနိုင်သလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ၊ အသျှင်ဂေါတမ မင်းမျိုးသည်လည်း ကြေးတွန်းဆပ်ပြာကို ယူ၍ မြစ်သို့ သွားကာ မြူအညစ်အကြေးကို မျှောရန် စွမ်းနိုင်ရာပါ၏၊ အသျှင်ဂေါတမပုဏ္ဏားမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ ကုန်သည်မျိုးသည်လည်း။ပ။ အသျှင်ဂေါတမ သူဆင်းရဲမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ အလုံးစုံသော အမျိုး လေးပါးတို့ပင် ကြေးတွန်းဆပ်ပြာကို ယူ၍ မြစ်သို့သွားကာ မြူအညစ်အကြေးကို မျှောရန် စွမ်းနိုင်ကြပါကုန်၏ဟု (လျှောက်၏)။ အဿလာယန ဤသို့ဖြစ်ရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟု ဆိုကြကုန်သော ပုဏ္ဏားတို့၏ အားကိုးကား အဘယ်နည်း၊ အထောက်အထားကားအဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင် ဆိုစေကာမူ ဤအရာ၌ ပုဏ္ဏားတို့ကား”ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟုဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။

၄ဝ၈။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ရေမြေကို အစိုးရသော ဦးထိပ်၌အဘိသိက်သွန်းပြီးသော မင်းသည် ဤအရပ်၌ ဇာတ်အမျိုးမျိုးရှိသော ယောကျာ်းတစ်ရာကိုစည်းဝေးစေရာ၏— “အချင်းတို့ လာကြကုန်လော့၊ မင်းမျိုး ပုဏ္ဏားမျိုး မြို့စားမျိုးတို့သည် မီးပွတ်ခုံကို ယူ၍ ကျွန်းသား အင်ကြင်းသား ထင်းရှူးသား စန္ဒကူးသား ပဒုမ္မာသား မီးကို ဖြစ်စေကြကုန်လော့၊ တေဇောဓာတ်ကို ထင်စွာ ပြုကြကုန်လော့။ အချင်းတို့ လာကြကုန်လော့၊ ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုးနှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက် သွန် (ဘင်ကျုံး) မျိုးဖြစ်သော သူတို့သည် မီးပွတ်ခုံကို ယူ၍ခွေးစားကျင်း ဝက်စားကျင်း ဆိုးရည်စားကျင်း ကြက်ဆူသားထင်း မီးကို ဖြစ်စေကြကုန်လော့၊ တေဇောဓာတ်ကို ထင်စွာ ပြုကြကုန်လော့”ဟု ဆို၍ စည်းဝေးစေရာ၏။

အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ မင်းမျိုး ပုဏ္ဏားမျိုး မြို့စားမျိုးတို့ သည်မီးပွတ်ခုံကို ယူ၍ ကျွန်းသား အင်ကြင်းသား ထင်းရှူးသား စန္ဒကူးသား ပဒုမ္မာသား မီးကို ဖြစ်စေ ၏၊ တေဇောဓာတ်ကို ဖြစ်စေ၏၊ ထိုမီးသည်သာ အလျှံအဆင်း အရောင်အလင်း ရှိလေသလော၊ ထိုမီးဖြင့်သာ မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ပြုစွမ်းနိုင်လေသလော။ ထိုမှ တစ်ပါး ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုး နှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက်သွန် (ဘင်ကျုံး) မျိုးတို့သည် မီးပွတ်ခုံကို ယူ၍ခွေးစားကျင်း ဝက်စားကျင်း ဆိုးရည်စားကျင်း ကြက်ဆူသားထင်း မီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကိုဖြစ်စေ၏၊ ထိုမီးသည် အလျှံအဆင်း အရောင်အလင်း မရှိလေသလော၊ ထိုမီးဖြင့်လည်း မီးနှင့်ဆိုင်ရာ့ကိစ္စအရပ်ရပ်ကို ပြုခြင်းငှါ မစွမ်းနိုင်လေသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ၊ အသျှင်ဂေါတမ မင်းမျိုး ပုဏ္ဏားမျိုး မြို့စားမျိုးဖြစ်သော သူတို့သည် မီးပွတ်ခုံကို ယူ၍ ကျွန်းသား အင်ကြင်းသား ထင်းရှူးသား စန္ဒကူးသား ပဒုမ္မာသား မီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကို ဖြစ်စေ၏၊ ထိုမီးသည်လည်း အလျှံအဆင်း အရောင်အလင်း ရှိသည် ဖြစ်ရာပါ၏၊ ထိုမီးဖြင့်လည်း မီးနှင့်ဆိုင်ရာကိစ္စအရပ်ရပ်ကို ပြုခြင်းငှါ စွမ်းနိုင်ရာပါ၏၊ ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုး နှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက်သွန် (ဘင်ကျုံး) မျိုးတို့သည် မီးပွတ်ခုံကို ယူ၍ ခွေးစားကျင်း ဝက်စားကျင်း ဆိုးရည်စားကျင်း ကြက်ဆူသားထင်း မီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကို ဖြစ်စေ၏၊ ထိုမီးသည်လည်း အလျှံအဆင်း အရောင်အလင်း ရှိသည်ဖြစ်ရာပါ၏၊ ထိုမီးဖြင့်လည်း မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ပြုခြင်းငှါစွမ်းနိုင်ရာပါ၏။ အသျှင်ဂေါတမ အလုံးစုံသော မီးသည်ပင် အရောင်အလင်း ရှိပါ၏၊ အလုံးစုံသော မီးဖြင့်ပင် မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ပြုခြင်းငှါ စွမ်းနိုင်ပါ၏ဟု (လျှောက်၏)။

အဿလာယန ဤသို့ ဖြစ်ရာ၌ “ပုဏ္ဏားမျိုးသည်သာလျှင် မြတ်၏၊ အခြားအမျိုးသည် ယုတ်၏၊ ပုဏ္ဏားမျိုးသည်သာ ဖြူစင်၏၊ အခြားအမျိုးသည် မည်းညစ်၏၊ ပုဏ္ဏားတို့သည်သာ စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သည် ဗြဟ္မာ၏ သားရင်းဖြစ်ကုန်၏၊ ခံတွင်းမှပေါက်ဖွားလာ သူများ ဖြစ်ကုန်၏၊ ဗြဟ္မာမှ ပေါက်ဖွားလာကုန်၏၊ ဗြဟ္မာဖန်ဆင်ထားသူတို့ ဖြစ်ကုန်၏၊ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟု ဆိုကုန်သော ပုဏ္ဏားတို့၏ အားကိုးကား အဘယ်နည်း၊ အထောက်အထားကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင် ဆိုစေကာမူ ဤအရာ၌ပုဏ္ဏားတို့ကား “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ တစ်ပါးသောအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ဖြစ်ကုန်၏”ဟု ဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။

၄ဝ၉။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ မင်းမျိုးသတို့သားသည် ပုဏ္ဏားမျိုးသတို့သမီးနှင့် အတူပေါင်းဖော်ခြင်းကို ပြုရာ၏၊ ထိုသူတို့ ပေါင်းဖော်ခြင်းကို အစွဲပြု၍ သားကို ဖွားမြင်ရာ၏၊ မင်းမျိုးသတို့သားနှင့် ပုဏ္ဏားမျိုးသတို့သမီးမှ ဖွားမြင်သော သားသည်အမိနှင့်လည်း တူသည်၊ အဖနှင့်လည်း တူသည်၊ မင်းသားဟူ၍လည်း ဆိုသင့်သည်၊ ပုဏ္ဏားဟူ၍လည်းဆိုသင့်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မင်းမျိုးဖြစ်သော သတို့သားနှင့် ပုဏ္ဏားမျိုးဖြစ်သော သတို့သမီးမှ ဖွားမြင်သော သားသည် အမိနှင့်လည်း တူပါ၏၊ အဖနှင့်လည်း တူပါ၏၊ မင်းသားဟူ၍လည်း ဆိုသင့်ပါ၏၊ ပုဏ္ဏားဟူ၍လည်း ဆိုသင့်ပါ၏ဟု (လျှောက်၏)။

အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ ပုဏ္ဏားမျိုးသတို့သားသည် မင်းမျိုးသတို့သမီးနှင့် အတူပေါင်းဖော်ခြင်းကို ပြုရာ၏၊ ထိုသူတို့ ပေါင်းဖော်ခြင်းကို အစွဲပြု၍သားကို ဖွားမြင်ရာ၏၊ ပုဏ္ဏားမျိုးသတို့သားနှင့် မင်းမျိုးသတို့သမီးမှ ဖွားမြင်သော သားသည် အမိနှင့်လည်း တူသည်၊ အဖနှင့်လည်း တူသည်၊ မင်းသားဟူ၍လည်း ဆိုသင့်သည်၊ ပုဏ္ဏားဟူ၍လည်း ဆိုသင့်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ပုဏ္ဏားမျိုးသတို့သားနှင့် မင်းမျိုးသတို့သမီးမှဖွားမြင်သော သားသည် အမိနှင့်လည်း တူပါ၏၊ အဖနှင့်လည်း တူပါ၏၊ မင်းသားဟူ၍လည်း ဆိုသင့်ပါ၏၊ ပုဏ္ဏားဟူ၍လည်း ဆိုသင့်ပါ၏ဟု လျှောက်၏)။

အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ မြင်းမကို မြည်း (လား) နှင့်မျိုးစပ်ကုန်ရာ၏၊ ၎င်းတို့ မျိုးစပ်ခြင်းကို အစွဲ ပြု၍ သားငယ်သည် ဖြစ်ထွန်းရာ၏၊ မြင်းမ နှင့် မြည်း (လား) မှ ဖွားမြင်သော သားငယ်သည် အမိနှင့်လည်း တူသည်၊ အဖနှင့်လည်း တူသည်၊ မြင်းဟူ၍လည်းဆိုသင့်သည်၊ မြည်းဟူ၍လည်း ဆိုသင့်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင် ဂေါတမအညံ့စား အဿတိုရ် ဖြစ်ပါ၏။ အသျှင်ဂေါတမ ဤအဿတိုရ်၏ ဤထူးခြားမှုကို မြင်ရပါ၏၊ ဤရှေးစကားနှစ်မျိုး၌ သတို့သားတို့၏ တစ်စုံတစ်ခု ထူးခြားမှုကို မမြင်ပါဟု (လျှောက်၏)။

အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ တစ်ဝမ်းတည်းပေါက်ညီအစ်ကိုနှစ်ယောက်တို့ ရှိကုန်ရာ၏၊ တစ်ယောက်သောသူသည် ဝေဒကျမ်းကို သရဇ္ဈာယ်တတ်၏၊ ဝေဒကျမ်းကို ဆောင်ထား၏၊ တစ်ယောက်သောသူသည် ဝေဒကျမ်းကို မသရဇ္ဈာယ်တတ်၊ ဝေဒကျမ်းကိုမဆောင်ထားတတ်၊ ဤနှစ်ယောက်သောသူတို့တွင် အဘယ်သူအား ပုဏ္ဏားတို့သည် သေသူအကျိုးငှါကျွေးသော (ကုဗ္ဘီး) ထမင်း မင်္ဂလာထမင်း ယဇ်ပူဇော်သောထမင်း ဧည့်သည်အကျိုးငှါ ပြုအပ်သောထမင်းတို့ကို ရှေးဦးစွာ ကျွေးကုန်ရာသနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဝေဒကျမ်းကိုသရဇ္ဈာယ်တတ်သော ဝေဒကျမ်းကို ဆောင်ထားသော လုလင်အား ပုဏ္ဏားတို့သည် သေသူအကျိုးငှါကျွေးသော (ကုဗ္ဘီး) ထမင်း မင်္ဂလာထမင်း ယဇ်ပူဇော်သောထမင်း ဧည့်သည် အကျိုးငှါ ပြုအပ်သောထမင်းတို့ကို ရှေးဦးစွာ ကျွေးကုန်ရာပါ၏၊ အသျှင်ဂေါတမ ထိုစကားသည် မှန်၏၊ ဝေဒကျမ်းကိုမသရဇ္ဈာယ်တတ်သော ဝေဒကျမ်းကို မဆောင်ထားသောသူ၌ ကျွေးမွေးခြင်းသည် အဘယ်မှာ အကျိုးများပါအံ့နည်းဟု (လျှောက်၏)။

အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ တစ်ဝမ်းတည်းပေါက်ညီအစ်ကိုနှစ်ယောက်တို့ ရှိကုန်ရာ၏၊ တစ်ယောက်သောသူသည် ဝေဒကျမ်းကို သရဇ္ဈာယ်တတ်၏၊ ဝေဒကျမ်းကို ဆောင်ထား၏၊ သီလမရှိ၊ ယုတ်မာသော အကျင့်ရှိ၏၊ တစ်ယောက်သောသူသည် ဝေဒကျမ်းကိုမသရဇ္ဈာယ်၊ ဝေဒကျမ်းကို မဆောင်ထား၊ သီလရှိ၏၊ ကောင်းမြတ်သော ကိုယ်ကျင့်တရားရှိ၏၊ ဤနှစ်ယောက်သောသူတို့တွင် အဘယ်သူအား ပုဏ္ဏားတို့သည် သေသူအကျိုးငှါ ကျွေးသော (ကုဗ္ဘီး) ထမင်းမင်္ဂလာထမင်း ယဇ်ပူဇော်သော ထမင်း ဧည့်သည်အကျိုးငှါ ပြုထားသော ထမင်းတို့ကို ရှေးဦးစွာ ကျွေးကုန်ရာသနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဝေဒကျမ်းကို မသရဇ္ဈာယ်တတ်သော ဝေဒကျမ်းကိုဆောင်မထားသော သီလရှိသော ကောင်းမြတ်သော ကိုယ်ကျင့်တရားရှိသော လုလင်အား ပုဏ္ဏားတို့သည်သေသူအကျိုးငှါ ကျွေးသော (ကုဗ္ဘီး) ထမင်း မင်္ဂလာထမင်း ယဇ်ပူဇော်သောထမင်း ဧည့်သည် အကျိုးငှါပြုထားသော ထမင်းတို့ကို ရှေးဦးစွာ ကျွေးကုန်ရာပါ၏၊ အသျှင်ဂေါတမ ထိုစကားသည် မှန်၏၊ သီလမရှိ ယုတ်မာသော အကျင့်ရှိသောသူအား ပေးလှူခြင်းသည် အဘယ်မှာ အကျိုးများပါအံ့နည်းဟု (လျှောက် ၏)။

အဿလာယန သင်သည် ရှေးဦးစွာ ဇာတ်အမျိုးကို လိုက်၏၊ ဇာတ်အမျိုးကို လိုက်ပြီးနောက်ဝေဒကျမ်းတို့ကို လိုက်၏၊ ဝေဒကျမ်းတို့ကို လိုက်ပြီးနောက် အကျင့်ကို လိုက်၏၊ အကျင့်ကို လိုက်ပြီးနောက် ငါ ပညတ်သော အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကို တစ်ဖန် လိုက်ပြန်၏ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသော် အဿလာယနလုလင်သည် ဆိတ်ဆိတ်ဖြစ်လျက် မျက်နှာမလှဖြစ်လျက် လည်ကုပ်ကျိုးလျက် အောက်သို့ မျက်နှာချကာ ကြံမှိုင်လျက် စကားဆိုခြင်းမရှိသည် ဖြစ်၍ နေ၏။

၄၁ဝ။ ထိုအခါ မြတ်စွာဘုရားသည် အဿလာယနလုလင်ကို ဆိတ်ဆိတ်ဖြစ်လျက် မျက်နှာမလှဖြစ်လျက် လည်ကုပ်ကျိုးလျက် အောက်သို့ မျက်နှာချကာ ကြံမှိုင်လျက် စကားမဆိုသည်ကို သိတော်မူ၍ဤစကားကို မိန့်တော်မူ၏— အဿလာယန ရှေးက ဖြစ်ဖူးသည်ကား တောကြီးအတွင်း သစ်ရွက်မိုးကျောင်း၌ ကောင်းစွာ တိုင်ပင်နေကြသော ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့အား “ပုဏ္ဏားမျိုးသည်သာမြတ်၏၊ တစ်ပါးသော အမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏အမွေခံတို့ ဖြစ်ကုန်၏”ဟု ဤသို့သဘောရှိသော ယုတ်မာသော အယူသည် ဖြစ်၏။

အဿလာယန မည်းနက်သော ဒေဝလရသေ့သည် “တောကြီးအတွင်း သစ်ရွက်မိုးကျောင်း၌ ကောင်းစွာတိုင်ပင်နေကြသော ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့အား ‘ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ တစ်ပါးသောအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏’ဟု ဤသို့ သဘောရှိသော ယုတ်မာသောအယူသည် ဖြစ်သတတ်”ဟု ကြားသိလေ၏။ အဿလာယန ထိုအခါ မည်းနက်သော ဒေဝလရသေ့သည့်ဆံမုတ်ဆိတ်ကို ရိတ်၍ မောင်းသော အဆင်းရှိကုန်သော ပုဆိုးတို့ကို ဝတ်ရုံကာ အထပ်ထပ်သော ဖိနပ်ကိုစီးလျက် ရွှေဖြင့်ပြီးသော တောင်ဝှေးကို ကိုင်ပြီးလျှင် ပုဏ္ဏားမျိုး ရသေ့ ခုနစ်ယောက်တို့၏သစ်ရွက်မိုးကျောင်း ပရိဝုဏ်၌ ထင်ရှားဖြစ်လေ၏။ အဿလာယန ထိုအခါ မည်း နက်သောဒေဝလရသေ့သည် ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့၏ သစ်ရွက်မိုးကျောင်း ပရိဝုဏ်၌ စင်္ကြံ သွားလျက်”အသျှင်တို့ ဤပုဏ္ဏားမျိုး ရသေ့တို့သည် ယခု အဘယ်သို့ သွားကြကုန်သနည်း၊ အသျှင် တို့ဤပုဏ္ဏားမျိုး ရသေ့တို့သည် ယခု အဘယ်သို့ သွားကြကုန်သနည်း”ဟု ဆိုလေ၏။

အဿလာယန ထိုအခါ ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့အား “ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက် တို့၏သစ်ရွက်မိုးကျောင်း ပရိဝုဏ်၌ ရွာသူသားငယ်ကဲ့သို့ စင်္ကြံသွားလျက် ‘အသျှင်တို့ ဤပုဏ္ဏားမျိုးရသေ့တို့သည် ယခု အဘယ်သို့ သွားကြကုန်သနည်း၊ အသျှင်တို့ ဤပုဏ္ဏားမျိုး ရသေ့တို့သည် ယခုအဘယ်သို့ သွားကြကုန်သနည်း’ဟု ဆိုနေသူကား အဘယ်သူနည်း၊ ယခု ငါတို့သည် ထိုသူ့ကို ကျိန်ဆဲကုန်အံ့”ဟု အကြံဖြစ်၏။ အဿလာယန ထိုအခါ ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့သည်မည်းနက်သော ဒေဝလရသေ့ကို “သူယုတ် ပြာဖြစ်လေလော့၊ သူယုတ် ပြာဖြစ်လေလော့”ဟုကျိန်ဆဲကြကုန်၏။ အဿလာယန ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့ ကျိန်ဆဲတိုင်း ကျိန်ဆဲတိုင်းမည်းနက်သော ဒေဝလ ရသေ့သည် အထူးသဖြင့် အဆင်းလှ၏၊ အထူးသဖြင့် ရှုချင်ဖွယ်လည်း ရှိ၏၊ အထူးသဖြင့် ကြည်ညို ဖွယ်လည်း ရှိ၏။

အဿလာယန ထိုအခါ ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့အား “ငါတို့၏ အကျင့်ကား အချည်းနှီးဖြစ်စွတကား၊ ငါတို့၏ မြတ်သောအကျင့်သည် အကျိုးမရှိလေစွတကား၊ ငါတို့သည် ရှေးအခါက ‘သူယုတ်ပြာဖြစ်လေလော့၊ သူယုတ် ပြာဖြစ်လေလော့’ဟု ကျိန်ဆဲခံရသောသူအချို့သည် ပြာဖြစ်၏။ ဤရသေ့ကား ငါတို့ ကျိန်ဆဲတိုင်း ကျိန်ဆဲတိုင်း အထူးသဖြင့် အလွန်အဆင်းလှ၏၊ အထူးသဖြင့်ရှုချင်ဖွယ်လည်း ရှိ၏၊ အထူးသဖြင့် ကြည်ညိုဖွယ်လည်း ရှိ၏”ဟု အကြံသည် ဖြစ်၏။ အသျှင်ရသေ့တို့၏ အကျင့်သည် အချည်း နှီးမဟုတ်၊ မြတ်သောအကျင့်သည် အကျိုးမရှိသည် မဟုတ်၊ အသျှင်တို့ ငါ၌ စိတ်ပြစ်မှားခြင်းကို စွန့်ကြ ကုန်လော့ဟု (ဆို၏)။ စိတ်ပြစ်မှားခြင်းကို ငါတို့စွန့်ပါကုန်၏၊ အသျှင်သည် အဘယ်သူ ဖြစ်ပါသနည်းဟု (မေးကုန်၏)။ “မည်းနက်သောဒေဝလရသေ့” ဟူ၍ အသျှင်တို့ ကြားဖူးသည် မဟုတ်လောဟု (ဆို၏)။ အသျှင် ကြားဖူးပါ၏ဟု (ဆိုကြကုန်၏)။ အသျှင်တို့ ထိုအကျွန်ုပ်သည် ဒေဝလရသေ့ဖြစ်၏ဟု (ဆို၏)။ အဿလာယန ထိုအခါပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့သည် မည်းနက်သော ဒေဝလရသေ့ကို ရှိခိုးရန် အားထုတ်ကြကုန်၏။

၄၁၁။ အဿလာယန ထိုအခါ မည်းနက်သော ဒေဝလရသေ့သည် ခုနစ်ယောက်ကုန်သော ပုဏ္ဏားမျိုးရသေ့တို့ကို “အချင်းတို့ တောကြီးအတွင်း သစ်ရွက်မိုးကျောင်း၌ ကောင်းစွာ တိုင်ပင်နေကြသောပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့အား ‘ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏၊ ပုဏ္ဏားမျိုးသည်သာ ဖြူစင်၏၊ အခြားအမျိုးသည် မည်းနက်၏၊ ပုဏ္ဏားတို့သည်သာ စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သည်သာ ဗြဟ္မာ၏ သားရင်းတို့ ဖြစ်ကုန်၏၊ ခံတွင်းမှပေါက်ဖွားလာသူများ ဖြစ်ကုန်၏၊ ဗြဟ္မာမှ ပေါက်ဖွားသူတို့ ဖြစ်ကုန်၏၊ ဗြဟ္မာဖန်ဆင်းထားသူများဖြစ်ကုန်၏၊ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကြကုန်၏’ဟု ဤသို့ သဘောရှိသော ယုတ်မာသော အယူဝါဒသည် ဖြစ်၏” ဟူသော အကြောင်းကို အကျွန်ုပ် ကြားရ၏ဟု ဤစကားကို ပြောဆို၏။ အသျှင် မှန်ပါ၏ဟု (ဆိုကြကုန်၏)။

အသျှင်တို့သည် “အမိသည် ပုဏ္ဏားမျိုးယောကျာ်းကိုသာ သံဝါသ ပြု၏၊ ပုဏ္ဏားမျိုးမဟုတ်သောယောကျာ်းကို သံဝါသ မပြု”ဟု သိကြပါကုန်၏လောဟု (မေး၏)။ အသျှင် မသိကြပါကုန်ဟု (ဆိုကြကုန်၏)။

အချင်းတို့ အဖွားသည် ခုနစ်ဆက်မြောက်သော အဖွားတိုင်အောင် ပုဏ္ဏားမျိုးယောကျာ်းကိုသာသံဝါသပြု၏၊ ပုဏ္ဏားမျိုးမဟုတ်သော ယောကျာ်းကို သံဝါသ မပြုဟု သိကြပါကုန်၏လောဟု (မေး၏)။ အသျှင် မသိကြပါကုန်ဟု (ဆိုကြကုန်၏)။

အချင်းတို့ အဖသည် ပုဏ္ဏေးမကိုသာ သံဝါသ ပြု၏၊ ပုဏ္ဏေးမ မဟုတ်သူကို သံဝါသ မပြုဟုသိကြပါကုန်၏လောဟု (မေး၏)။ အသျှင် မသိကြပါကုန်ဟု (ဆိုကြကုန်၏)။

အချင်းတို့ အဖိုးသည် ခုနစ်ဆက်မြောက်သော အဖိုးတိုင်အောင် ပုဏ္ဏေးမကိုသာ သံဝါသ ပြု၏၊ ပုဏ္ဏေးမ မဟုတ်သူကို သံဝါသ မပြုဟု သိကြပါကုန်၏လောဟု (မေး၏)။ အသျှင် မသိကြပါကုန်ဟု (ဆိုကြကုန်၏)။

အချင်းတို့ ကိုယ်ဝန်တည်ပုံ အခြင်းအရာကို သိကြကုန်၏လောဟု (မေး၏)။ အသျှင် အကျွန်ုပ်တို့သည် ကိုယ်ဝန်တည်ပုံ အခြင်းအရာကို သိကြကုန်၏၊ ဤလောက၌ မိဘတို့သည်လည်း သံဝါသ ပြုသောအားဖြင့် ပေါင်းဆုံကြကုန်၏၊ အမိသည်လည်း ဥတုပန်း ပွင့်ဆဲဖြစ်၏၊ ရောက်အပ်သော သတ္တဝါသည်လည်း ရှေးရှုတည်၏၊ ဤသို့ သုံးပါးကုန်သော အကြောင်းတို့၏ စည်းဝေးမိခြင်းကြောင့် ကိုယ်ဝန်၏သက်ဝင်၍ တည်ခြင်းသည် ဖြစ်ပါ၏ဟု (ဆိုကြကုန်၏)။

အချင်းတို့ ထိုရောက်လာဝင်စားမည့် သတ္တဝါကလေးသည် မင်းတည်းဟူ၍လည်းကောင်း၊ ပုဏ္ဏားတည်းဟူ၍လည်းကောင်း၊ ကုန်သည်တည်းဟူ၍လည်းကောင်း၊ သူဆင်းရဲတည်းဟူ၍လည်းကောင်း သိကြပါကုန်၏လောဟု (မေး၏)။ အသျှင် ထိုဝင်စားမည့် သတ္တဝါကလေးသည် မင်းတည်းဟူ၍လည်းကောင်း၊ ပုဏ္ဏားတည်းဟူ၍လည်းကောင်း၊ ကုန်သည်တည်းဟူ၍လည်းကောင်း၊ သူဆင်းရဲတည်းဟူ၍လည်းကောင်းအကျွန်ုပ်တို့ မသိနိုင်ကြပါဟု (ဆိုကြကုန်၏)။ အချင်းတို့ ဤသို့ဖြစ်သည်ရှိသော် “အသင်တို့သည်အဘယ်သူတို့ ဖြစ်ကြကုန်၏”ဟု သိကြကုန်၏လောဟု (မေး၏)။ အသျှင် ဤသို့ဖြစ်သည်ရှိသော်”အကျွန်ုပ်တို့သည် အဘယ်သူတို့ ဖြစ်ကြကုန်၏”ဟု မသိကြပါကုန်ဟု (ဆိုကြကုန်၏)။ အဿလာယနထိုမည်းနက်သော ဒေဝလရသေ့က ဤမိမိ၏ဇာတ် အမျိုးဝါဒ၌ မေးစိစစ်အပ်ကုန်သည်ရှိသော် အယူ၌တည်စေအပ်ကုန်သည်ရှိသော် အယူကို ပြောဆိုအပ်ကုန်သည်ရှိသော် ထိုခုနစ်ယောက်ကုန်သော ပုဏ္ဏားမျိုးရသေ့တို့သည် ပြည့်စုံစွာ မဖြေကြားနိုင်ကြကုန်။ ယခုအခါ ငါက မိမိ၏ ဇာတ်အမျိုးဝါဒ၌ မေးစိစစ်အပ်သည်ရှိသော် အယူ၌ တည်စေအပ်သည်ရှိသော် အယူကို ပြောဆိုအပ်သည်ရှိသော် သင်သည် အဘယ်မှာ ပြည့်ပြည့်စုံစုံ ဖြေကြားနိုင်လတ္တံ့နည်း၊ သင်သည် သင့်ဆရာနှင့်တကွ ယင်းခုနစ်ယောက်သော ရသေ့တို့၏ ယောက်မကိုင် ပုဏ္ဏားကိုမျှ မမီသေးဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူအပ်သည်ရှိသော် အဿလာယနလုလင်သည် မြတ်စွာဘုရားကို “အသျှင်ဂေါတမနှစ်သက်ဖွယ်ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ရှည်သမျှ ကာလပတ်လုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာဒါယကာဟူ၍မှတ်တော်မူပါလော့”ဟု လျှောက်၏။

သုံးခုမြောက် အဿလာယနသုတ် ပြီး၏။