မဇ္ဈိမနိကာယ်

၄—ဃောဋမုခသုတ်

၄၁၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ အသျှင်ဥဒေနသည် ဗာရာဏသီပြည် ခေမိယသရက်ဥယျာဉ်၌ သီတင်းသုံး နေတော်မူ ၏။ ထိုအခါ ဃောဋမုခအမည်ရှိသော ပုဏ္ဏားသည် ဗာရာဏသီပြည်သို့ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့်ရောက်လာ၏။ ထိုအခါ ဃောဋမုခပုဏ္ဏားသည် အညောင်းပြေ လမ်းလျှောက်လှည့်လည်သည်ရှိသော်ခေမိယသရက်ဥယျာဉ်သို့ ရောက်လာလေ၏။ ထိုအခါ အသျှင်ဥဒေနသည် လွင်တီးခေါင်၌့စင်္ကြံသွားနေ၏။ ဃောဋမုခပုဏ္ဏားသည် အသျှင်ဥဒေနထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်ဥဒေနနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကိုပြောဆိုပြီးဆုံးစေပြီးနောက် စင်္ကြံသွားသော အသျှင်ဥဒေနသို့ အတုလိုက်၍ စင်္ကြံသွားကာ”အသျှင်ရဟန်း တရားစောင့်သော ရဟန်းသည် မရှိဟု အကျွန်ုပ်အား ဤသို့သော အယူဖြစ်ပါ၏၊ ထိုသို့ဖြစ်ခြင်းသည်လည်း အသျှင်ကဲ့သို့သော ပုဂ္ဂိုလ်တို့အား မဖူးမြင်ရခြင်းကြောင့်လည်းကောင်း၊ တရားသဘောကို မမြင်သောကြောင့်လည်းကောင်း ဖြစ်ပါ၏”ဟု လျှောက်၏။

ဤသို့ လျှောက်သည်ရှိသော် အသျှင်ဥဒေနသည် စင်္ကြံမှသက်ဆင်း၍ ကျောင်းသို့ ဝင်ကာ ခင်းထားသော နေရာ၌ ထိုင်၏၊ ဃောဋမုခပုဏ္ဏားသည်လည်း စင်္ကြံမှ သက်ဆင်း၍ ကျောင်းသို့ ဝင်ကာသင့်လျော်ရာ၌ ရပ်တည်၏၊ သင့်လျော်ရာ၌ ရပ်တည်နေသော ဃောဋမုခပုဏ္ဏားကို အသျှင်ဥဒေနသည်”ပုဏ္ဏား နေရာတို့သည် ရှိပါကုန်၏၊ အကယ်၍ အလိုရှိမူ နေထိုင်ပါလော့”ဟု ဆို၏။ အကျွန်ုပ်တို့သည်အသျှင်ဥဒေန၏ ထိုဖိတ်ကြား ချက်ကိုသာလျှင် ဆိုင်းငံ့လျက် နေပါကုန်၏၊ အဘယ့်ကြောင့် အကျွန်ုပ်ကဲ့သို့သော သူသည် မဖိတ်ဘဲ နေရာ၌ ရှေးဦးစွာ နေသင့်၏ဟု အောက်မေ့နိုင်ပါအံ့နည်းဟု (လျှောက်၏)။ ထို့နောက် ဃောဋမုခပုဏ္ဏားသည် နိမ့်သော ထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသောအရပ်၌ ထိုင်နေ၏၊ တစ်ခုသောအရပ်၌ ထိုင်ပြီးသော ဃောဋမုခပုဏ္ဏားသည် အသျှင်ဥဒေနကို “အသျှင်ရဟန်း တရားစောင့်သော ရဟန်းသည် မရှိဟု အကျွန်ုပ်အား ဤသို့သော အယူဖြစ်ပါ၏၊ ထိုသို့ ဖြစ်ခြင်းသည်လည်းအသျှင်ကဲ့သို့သော ပုဂ္ဂိုလ်တို့အား မဖူးမြင်ရခြင်းကြောင့်လည်းကောင်း၊ တရားသဘောကို မမြင်သောကြောင့်လည်းကောင်း ဖြစ်ပါ၏”ဟု လျှောက်၏။

ပုဏ္ဏား သင်သည် ငါ့အား ခွင့်ပြုသင့်သည်ကို ခွင့်ပြုငြားအံ့၊ တားမြစ်သင့်သည်ကိုလည်း တားမြစ်ငြားအံ့၊ ငါဆိုသော စကား၏ အဓိပ္ပါယ်ကို မသိမူ ငါ့ကိုသာလျှင် “အသျှင်ဥဒေန ဤစကားကား အဘယ်သို့ပါနည်း၊ ဤစကား၏ အနက်အဓိပ္ပါယ်ကား အဘယ်သို့ပါနည်း”ဟု တစ်ဆင့်တက်၍ မေးမြန်းငြားအံ့၊ ဤသို့ဖြစ်လျှင် ဤအရာ၌ ငါတို့အား စကားပြောဆိုမှု ဖြစ်ရာ၏ဟု (ဆို၏)။ အကျွန်ုပ်သည် အသျှင်ဥဒေနအား ခွင့်ပြုသင့်သည်ကို ခွင့်ပြုပါအံ့၊ တားမြစ်သင့်သည်ကိုလည်း တားမြစ်ပါအံ့၊ အကျွန်ုပ်သည်အသျှင်ဥဒေန ပြောကြားသော စကား၏ အဓိပ္ပါယ်ကို မသိမူ အသျှင်ဥဒေနကိုသာလျှင် “အသျှင်ဥဒေနဤစကားကား အဘယ်သို့ပါနည်း၊ ဤစကား၏ အနက်အဓိပ္ပါယ်ကား အဘယ်ပါနည်း”ဟု တစ်ဆင့်တက်၍ မေးမြန်းပါအံ့၊ ဤအတိုင်းပင် ဤအရာ၌ အကျွန်ုပ်တို့၏ စကားပြောဆိုခြင်းသည် ဖြစ်ပါစေလော့ဟု (ဆို၏)။

၄၁၃။ ပုဏ္ဏား လောက၌ ဤ ပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏၊ အဘယ်လေးမျိုးတို့နည်း ဟူမူ—

(၁) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်၏၊ မိမိကိုယ်ကိုပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်၏။

(၂) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်၏၊ သူတစ်ပါးကိုပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်၏။

(၃) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုလည်း ပူပန်ဆင်းရဲစေတတ်၏၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့်အားထုတ်၏၊ သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေတတ်၏၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့်အားထုတ်၏။

(၄) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သူလည်း မဟုတ်၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်းမဟုတ်၊ သူတစ်ပါးကိုပူပန်ဆင်းရဲစေတတ်သူလည်းမဟုတ်၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်၊ ထိုသူသည် မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်၊ သူတစ်ပါးကိုလည်း မပူပန့်မဆင်းရဲစေတတ်သည်ဖြစ်၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်မှုမရှိသည် ငြိမ်းချမ်းသည် အေးမြသည် ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရ၏။ ပုဏ္ဏား ဤပုဂ္ဂိုလ်လေးမျိုးတို့တွင် အဘယ်ပုဂ္ဂိုလ်သည် သင်၏ စိတ်ကို နှစ်သိမ့်စေဘိသနည်းဟု (မိန့်ဆိုတော်မူ၏)။

အသျှင်ဥဒေန မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲပြုကျင့်အားထုတ်သော သူသည်လည်း အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။ အသျှင်ဥဒေန သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သောသူသည်လည်း အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။ အသျှင်ဥဒေန မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်၍မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ ဖြစ်သည့်ပြင် သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်တတ်သော သူသည်လည်း အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။

အသျှင်ဥဒေန မိမိကိုယ်ကိုလည်း မပူပန်မဆင်းရဲစေတတ်ဘဲ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်သည့်ပြင်၊ သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်ဘဲသူတစ်ပါး ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်သော ပုဂ္ဂိုလ်သည်သာလျှင်မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်ဘဲ သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်သည် ဖြစ်၍မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်မှု မရှိသည် ငြိမ်းချမ်းသည်အေးမြသည် ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရ၏။ ဤပုဂ္ဂိုလ်သည်သာလျှင် အကျွန်ုပ်၏ စိတ်ကို နှစ်သိမ့်စေနိုင်ပါသည်ဟု (လျှောက်၏)။

ပုဏ္ဏား ဤပုဂ္ဂိုလ်သုံးယောက်တို့သည် အဘယ်ကြောင့် သင့်စိတ်ကို မနှစ်သိမ့်စေနိုင်ဘိသနည်းဟု (မေးတော်မူ၏)။ အသျှင်ဥဒေန မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သော သူသည် ချမ်းသာကို အလိုရှိသော ဆင်းရဲကို စက်ဆုပ်သော မိမိကိုယ်ကို ပူပန်ဆင်းရဲစေပါ၏၊ အဖန်တလဲလဲ ပူပန်ဆင်းရဲစေပါ၏၊ ဤအကြောင်းကြောင့် ဤပုဂ္ဂိုလ်သည်အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။

အသျှင်ဥဒေန သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲပြုကျင့်အားထုတ်သောသူသည်လည်း ချမ်းသာကို အလိုရှိသော ဆင်းရဲကို စက်ဆုပ်သော သူတစ်ပါးကိုပူပန်ဆင်းရဲစေပါ၏၊ အဖန်တလဲလဲ ပူပန်ဆင်းရဲစေပါ၏၊ ဤအကြောင်းကြောင့် ဤပုဂ္ဂိုလ်သည်အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။

အသျှင်ဥဒေန မိမိကိုယ်ကိုလည်း ပူပန်ဆင်းရဲစေတတ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန် တလဲလဲပြုကျင့်အားထုတ်သော၊ သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေတတ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲ စေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သော သူသည်လည်း ချမ်းသာကို အလိုရှိသော ဆင်းရဲကို စက် ဆုပ်သောမိမိကိုယ်ကိုလည်းကောင်း သူတစ်ပါးကိုလည်းကောင်း ပူပန်ဆင်းရဲစေပါ၏၊ အဖန်တလဲလဲပူပန်ဆင်းရဲစေပါ၏၊ ဤအကြောင်းကြောင့် ဤပုဂ္ဂိုလ်သည် အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။

အသျှင်ဥဒေန မိမိကိုယ်ကိုလည်း မပူပန်မဆင်းရဲစေတတ်ဘဲ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်သည့်ပြင်၊ သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်ဘဲ သူတစ်ပါး ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်သော ပုဂ္ဂိုလ်သည်ကားမိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်၊ သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်သည် ဖြစ်၍မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်ခြင်းမရှိသည် ငြိမ်းချမ်းသည်အေးမြသည် ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရ၏။ ထိုသူသည် ချမ်းသာ့ကို လိုလားသော ဆင်းရဲကို စက်ဆုပ်သော မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း ပူပန်စေသူမဟုတ်၊ ဆင်းရဲစေသူမဟုတ်ပါ၊ ဤအကြောင်းကြောင့် ဤပုဂ္ဂိုလ်သည် အကျွန်ုပ်၏ စိတ်ကို နှစ်သိမ့်စေပါ၏ဟု (လျှောက်၏)။

၄၁၄။ ပုဏ္ဏား ပရိသတ်တို့သည် ဤနှစ်ပါးတို့တည်း။ အဘယ်နှစ်ပါးတို့နည်းဟူမူ— ပုဏ္ဏားဤလောက၌ အချို့သော ပရိသတ်သည် ပတ္တမြားနားတောင်းတို့၌ ပြင်းစွာတပ်ခြင်းဖြင့် တပ်နှစ်သက်ကုန်သည်ဖြစ်၍ သားမယား ကျွန်မိန်းမ ကျွန်ယောကျာ်း လယ်ယာ ရွှေ ငွေတို့ကို ရှာမှီး၏။

ပုဏ္ဏား ဤလောက၌ အချို့သော ပရိသတ်သည် ပတ္တမြားနားတောင်းတို့၌ ပြင်းစွာတပ်ခြင်းဖြင့်မတပ်မနှစ်သက်ကုန်သည် ဖြစ်၍ သားမယား ကျွန်မိန်းမ ကျွန်ယောကျာ်း လယ်ယာ ရွှေ ငွေတို့ကိုပယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။

ပုဏ္ဏား ထိုပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သူလည်း မဟုတ်၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သူလည်း မဟုတ်၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်၊ ထိုသူသည် မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်၊ သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်သည်ဖြစ်၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်မှုမရှိသည်ငြိမ်းချမ်းသည် အေးမြသည် ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရ၏။

ပုဏ္ဏား ပရိသတ်တစ်မျိုးသည်ကား ပတ္တမြားနားတောင်းတို့၌ ပြင်းစွာတပ်ခြင်းဖြင့် တပ်နှစ်သက်ကုန်သည် ဖြစ်၍ သားမယား ကျွန်မိန်းမ ကျွန်ယောကျာ်း လယ်ယာ ရွှေ ငွေတို့ကို ရှာမှီး၏၊ ပရိသတ်တစ်မျိုးသည်ကား ပတ္တမြားနားတောင်းတို့၌ ပြင်းစွာတပ်ခြင်းဖြင့် မတပ်မနှစ်သက်သည်ဖြစ်၍ သားမယားကျွန်မိန်းမ ကျွန်ယောကျာ်း လယ်ယာ ရွှေ ငွေတို့ကို ပယ်စွန့်၍ လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြု၏၊ ဤပရိသတ်နှစ်မျိုးတို့တွင် အဘယ်ပရိသတ်၌ အဘယ်ပုဂ္ဂိုလ်ကို သင်သည် အများဆုံး မြင်ပါသနည်းဟု (မေး၏)။

အသျှင်ဥဒေန မိမိကိုယ်ကို မပူပန် မဆင်းရဲစေတတ်ဘဲ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှုကို အဖန် တလဲလဲပြုကျင့်အားထုတ်သူလည်း မဟုတ်သည့်ပြင် သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်ဘဲ သူတစ်ပါးပူပန်ဆင်းရဲစေမှုကို အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ မဟုတ်သော ပုဂ္ဂိုလ်သည်သာလျှင်မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်ဘဲ သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်သည်ဖြစ်၍မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ မွတ်သိပ်မှုမရှိသည် ငြိမ်းချမ်းသည် အေးမြသည်ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သော ကိုယ်ဖြင့် နေထိုင်ရ၏။ ဤပုဂ္ဂိုလ်ကို အကျွန်ုပ်သည်ပတ္တမြားနားတောင်းတို့၌ ပြင်းစွာတပ်ခြင်းဖြင့် တပ်နှစ်သက်ခြင်းမရှိ၊ သားမယား ကျွန်မိန်းမ ကျွန်ယောကျာ်း လယ်ယာ ရွှေ ငွေကို ပယ်၍ လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုသော ဤပရိသတ်၌အများဆုံး မြင်ရပါ၏ဟု (လျှောက်၏)။

ပုဏ္ဏား ယခုအခါ၌သာလျှင် “အသျှင်ရဟန်း တရားစောင့်သော ရဟန်းသည် မရှိ၊ ဤသို့ အကျွန်ုပ် မှာဤအယူသည် ဖြစ်ပါ၏၊ ထိုသို့ဖြစ်ခြင်းသည် အသျှင်ကဲ့သို့သော သဘောရှိသော ရဟန်းတို့ကို မတွေ့မြင်ရသောကြောင့်လည်းကောင်း၊ တရားသဘောကို မမြင်သောကြောင့်လည်းကောင်း ဖြစ်ပါ၏”ဟု သင်ပြောဆိုသော စကားကို ငါတို့ သိကြရကုန်၏ဟု (ဆို၏)။ အသျှင်ဥဒေန ထိုစကားကို စင်စစ် အကြောင်းနှင့်တကွ ပြောဆိုခဲ့ပါ၏၊ တရားစောင့်သော ရဟန်းသည် ရှိ၏၊ အကျွန်ုပ်မှာ ဤသို့ အယူဖြစ်ပါ၏ဟူ၍သာလျှင် အကျွန်ုပ်တို့ကို အသျှင်ဥဒေနသည် မှတ်တော်မူပါလော့၊ အသျှင်ဥဒေနသည် အကျွန်ုပ်အားလေးယောက်သော ပုဂ္ဂိုလ်တို့ကို အကျယ်အားဖြင့် မဝေဖန်ဘဲ အကျဉ်းဟောထားပါ၏၊ အသျှင်ဥဒေနသည် အကျွန်ုပ်အား အစဉ်သနားသည်ကို အကြောင်းပြု၍ ဤလေးယောက်သော ပုဂ္ဂိုလ်တို့ကို အကျယ်အားဖြင့် ဝေဖန်ပြပါလော့ဟု (လျှောက်၏)။ ပုဏ္ဏား သို့ဖြစ်ပါမူ နားထောင်လော့၊ ကောင်းစွာ နှလုံးသွင်းလေလော့၊ ဟောပေအံ့ဟု (မိန့်ဆိုတော်မူ၏)။ အသျှင်ဘုရားကောင်းပါပြီ ဟူ၍သာလျှင် ဃောဋမုခပုဏ္ဏားသည် အသျှင်ဥဒေနအား ပြန်ကြားလျှောက်ထား၏။ အသျှင်ဥဒေနသည် ဤစကားကို မိန့်ဆိုတော်မူ၏—

၄၁၅။ ပုဏ္ဏား မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သော၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန် တလဲလဲပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်သည် အဘယ်နည်းဟူမူ— ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်အဝတ် မဝတ်ဘဲ နေ၏၊ လူ့အကျင့်ကို စွန့်၍ (ရပ်လျက် ကျင်ကြီး ကျင်ငယ်စွန့်ခြင်း စသည်ကို) ကျင့်၏၊ လက်ဖြင့် (မစင်ကို) သုတ်၏၊ အသျှင် လာလော့ဆိုသူ၏ ဆွမ်းကို မခံ၊ အသျှင်ရပ်လော့ဆိုသူ၏ ဆွမ်းကို မခံ၊ ရှေးရှုဆောင်လာသော ဆွမ်းကို မခံ၊ ရည်စူး၍ ပြုသော ဆွမ်းကို မခံ၊ ပင့်ဖိတ် (ဆွမ်းကို) မခံ၊ အိုးဝမှ (ခူး၍ လောင်းလှူအပ်သော ဆွမ်းကို) မခံ၊ တောင်းဝမှ (ခူး၍လောင်းလှူအပ်သော ဆွမ်းကို) မခံ၊ တံခါးခုံခြား၍ (လှူသော ဆွမ်းကို) မခံ၊ တုတ်ခြား၍ (လှူသောဆွမ်းကို) မခံ၊ ကျည်ပွေ့ခြား၍ (လှူသော ဆွမ်းကို) မခံ၊ နှစ်ယောက်စားစဉ် (လှူသော ဆွမ်းကို) မခံ၊ ကိုယ်ဝန်ဆောင်မိန်းမ (လှူသော ဆွမ်းကို) မခံ၊ နို့တိုက်ဆဲမိန်းမ (လှူသော ဆွမ်းကို) မခံ၊ ယောကျာ်းနှင့်နှီးနှောနေသော မိန်းမ၏ (ဆွမ်းကို) မခံ၊ ဆော်သြ၍ (လှူသော ဆွမ်းကို) မခံ၊ ခွေးမျှော်ရာ (ဆွမ်းကို) မခံ၊ ယင်အုံရာ (ဆွမ်းကို) မခံ၊ ငါးမစား၊ အမဲမစား၊ သေမသောက်၊ အရက်မသောက်၊ ဖွဲ၌မြှုပ်သော ဆေးရည်ကို မသောက်၊ တစ်အိမ်၌သာ ဆွမ်းခံ၏၊ တစ်လုတ်သာစား၏၊ နှစ်အိမ်၌သာ ဆွမ်းခံ၏၊ နှစ်လုတ်သာ စား၏။ပ။ ခုနစ်အိမ်၌သာ ဆွမ်းခံ၏၊ ခုနစ်လုတ်သာစား၏၊ ခွက်ငယ်တစ်ခုဖြင့်လည်း ရောင့်ရဲ၏၊ ခွက်ငယ်နှစ်ခု ဖြင့်လည်း ရောင့်ရဲ၏။ပ။ ခွက်ငယ်ခုနစ်ခုဖြင့်လည်း ရောင့်ရဲ၏၊ တစ်ရက်ခြား လည်း အစာစား၏၊ နှစ်ရက်ခြားလည်းအစာစား၏။ပ။ ခုနစ်ရက်ခြားလည်း အစာစား၏၊ ဤနည်းဖြင့် ဤသို့သဘောရှိသော လဝက်တစ်ကြိမ်အစာစားခြင်း အကျင့်ကို ကျင့်၍ နေ၏။

ထိုပုဂ္ဂိုလ်သည် ဟင်းရွက်စိမ်းကိုသော်လည်း စား၏၊ ဆန်စိမ်းကိုသော်လည်း စား၏၊ မြက်သီးဆန်ကိုသော်လည်း စား၏၊ သားရေဖတ်ကိုသော်လည်း စား၏၊ မှော်ကိုသော်လည်း စား၏၊ ဆန်ကွဲကိုသော်လည်း စား၏၊ ထမင်းချိုးကိုသော်လည်း စား၏၊ နှမ်းမှုန့်ညက်ကိုသော်လည်း စား၏၊ မြက်ကိုသော်လည်း စား၏၊ နွားချေးကိုသော်လည်း စား၏၊ တောသစ်မြစ် သစ်သီးလျှင် အစာရှိသည်ဖြစ်၍ ကြွေကျသော သစ်သီးကို စားလေ့ရှိ၏၊ ထိုပုဂ္ဂိုလ်သည် ပိုက်ဆံလျှော် အဝတ်တို့ကိုသော်လည်း ဆောင်၏၊ ပိုက်ဆံ လျှော်ဖြင့် ရောနှောရက်သော အဝတ်တို့ကိုသော်လည်း ဆောင်၏၊ သူသေကောင်အဝတ်တို့ကိုသော်လည်း ဆောင်၏၊ ပံ့သကူအဝတ်တို့ကိုသော်လည်း ဆောင်၏၊ သစ်ခေါက်အဝတ်တို့ကိုသော်လည်း ဆောင်၏၊ သစ်နက်ရေကိုသော်လည်း ဆောင်၏၊ သစ်နက်ရေမျှင်အဝတ်ကိုသော်လည်း ဆောင်၏၊ သမန်းမြက်အဝတ် ကိုသော်လည်း ဆောင်၏၊ လျှော်တေအဝတ်ကိုသော်လည်း ဆောင်၏၊ ပျဉ်ချပ်အဝတ်ကိုသော်လည်း ဆောင် ၏၊ ဆံခြည်ကမ္ဗလာကိုသော်လည်း ဆောင်၏၊ သားမြီးကမ္ဗလာကိုသော်လည်း ဆောင်၏၊ ခင်ပုပ်ငှက်တောင်အဝတ်ကိုသော်လည်း ဆောင်၏၊ ဆံမုတ်ဆိတ်ကိုသော်လည်း နုတ်၏၊ ဆံမုတ်ဆိတ် နုတ်ခြင်းအမှုကိုသော်လည်း ပြုနေ၏၊ နေရာကို ပယ်၍ မတ်မတ်ရပ်၍သော်လည်း နေ၏၊ ဆောင့်ကြောင့်သော်လည်းထိုင်၏၊ ဆောင့်ကြောင့်ထိုင်ခြင်း အမှုကိုသော်လည်း ပြုနေ၏၊ ဆူးအခင်းပေါ်၌သော်လည်း နေ၏၊ ဆူးအခင်းပေါ်၌ အိပ်၏၊ ညနေချမ်းလျှင် သုံးကြိမ်မြောက် ရေသို့ သက်ဆင်းခြင်း အမှုကိုသော်လည်း ပြုနေ၏၊ ဤဆိုအပ်ပြီးသောနည်းဖြင့် ဤသို့သဘောရှိသော များစွာသော ကိုယ်ခန္ဓာကို ပူပန်စေမှု အဖန်ဖန်ဆင်းရဲစေမှုကို အားထုတ်သည်ဖြစ်၍ နေထိုင်၏။ ပုဏ္ဏား ဤပုဂ္ဂိုလ်ကို မိမိကိုယ်ကို ပူပန်ဆင်းရဲစေ့တတ်သော၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှုကို အဖန်တလဲလဲ ပြုကျင့်အားထုတ်တတ်သော ပုဂ္ဂိုလ်ဟူ၍ဆိုရ၏။

၄၁၆။ ပုဏ္ဏား သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သော၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန် တလဲလဲပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ— ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်သိုးသတ်သမားဖြစ်၏၊ ဝက်သတ်သမားဖြစ်၏၊ ငှက်သတ်သမားဖြစ်၏၊ သားသတ်သမား ဖြစ်၏၊ ကြမ်း၊ ကတ်၏၊ တံငါသည်ဖြစ်၏၊ ခိုးသူဖြစ်၏၊ ခိုးသူသတ်သမားဖြစ်၏၊ နွားသတ်သမားဖြစ်၏၊ ထောင်ပိုင်အာဏာမှူး အာဏာသားဖြစ်၏၊ ထိုမှတစ်ပါး ကြမ်း၊ ကတ်သော အမှုတို့ကို ပြုလုပ်သူအားလုံး တည်း။ ပုဏ္ဏား ဤပုဂ္ဂိုလ်မျိုးကို သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သော သူတစ်ပါးကို ပူပန်ဆင်းရဲ စေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။

၄၁၇။ ပုဏ္ဏား မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ ဖြစ်သည့်ပြင် သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ— ပုဏ္ဏားဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဦးထိပ်၌ မင်းအဘိသိက် သွန်းလောင်းအပ်သော ဘုရင်မင်းမြတ်သော်လည်း ဖြစ်၏၊ များစွာသော ဥစ္စာနှစ်ရှိသော ဗြဟ္မာမျိုး ပုဏ္ဏားသော်လည်း ဖြစ်၏၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်မျိုးသည် မြို့၏ အရှေ့မျက်နှာအရပ်၌ ယဇ်ပူဇော်ရာ အိမ်သစ်ကို ဆောက်လုပ်စေ၍ဆံမုတ်ဆိတ်ကို ရိတ်ပယ်ပြီးလျှင် ခွါနှင့်တကွသော သစ်နက်ရေကို ဝတ်ရုံပြီးနောက် ထောပတ်ဆီတို့ဖြင့်ကိုယ်ကို သုတ်လိမ်း၍ သားကောင်ဦးချိုဖြင့် ကျောက်ကုန်းကို အယားဖျောက်လျက် မိဖုရားကြီးပုရောဟိတ်ပုဏ္ဏားကြီးတို့နှင့်အတူ ထိုယဇ်ပူဇော်ရာ အိမ်သစ်သို့ ဝင်ကြ၏၊ ထိုမင်းသည် ထိုယဇ်ပူဇော်ရာအိမ်သစ်၌ အခင်းမရှိသော စိုသော နွားချေးဖြင့် လိမ်းကျံထားသော မြေကြီး၌ အိပ်၏၊ အဆင်းအရောင်အားဖြင့် အမိနှင့်တူသော သားငယ်ရှိသော တစ်ကောင်သော နွားမ၏ နို့တစ်တိုင်မှ ထွက်သော နို့ရည်ဖြင့်မင်းသည် မျှတ၏၊ ဒုတိယနို့တိုင်မှ ထွက်သော နို့ရည်ဖြင့် မိဖုရားကြီးသည် မျှတ၏၊ တတိယနို့တိုင်မှထွက်သော နို့ရည်ဖြင့် ပုရောဟိတ်ပုဏ္ဏားသည် မျှတ၏၊ စတုတ္ထနို့တိုင်မှ ထွက်သော နို့ရည်ဖြင့် မီးကိုပူဇော်၏၊ ကြွင်းကျန်သော နို့ရည်ဖြင့် နွားငယ်သည် မျှတရ၏။ ထိုမင်းသည် ဤသို့ မိန့်ဆို၏—

“ယဇ်ပူဇော်ခြင်းအကျိုးငှါ ဤမျှသော နွားလားတို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ခြင်းအကျိုးငှါဤမျှလောက်ကုန်သော နွားပေါက်တို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ခြင်းအကျိုးငှါဤမျှလောက်ကုန်သော နွားမတမ်းတို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ခြင်းအကျိုးငှါဤမျှလောက်ကုန်သော ဆိတ်တို့ကို သတ် ကြကုန်လော့၊ ယဇ်ပူဇော်ခြင်းအကျိုးငှါဤမျှလောက်ကုန်သော သိုးတို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော် ခြင်းအကျိုးငှါ ဤမျှလောက်ကုန်သောမြင်းတို့ကို သတ်ကြကုန်လော့၊ ယဇ်တိုင်အလို့ငှါ ဤမျှလောက် ကုန်သော သစ်ပင်တို့ကိုခုတ်ဖြတ်ကြကုန်လော့၊ အကာအရံပြုခြင်း ယဇ်မြေပြင်၌ ခင်းခြင်းအလို့ငှါ ဤ မျှလောက်ကုန်သောမြေဇာမြက်တို့ကို ရိတ်ကြကုန်လော့”ဟု (မိန့်ဆို၏)။ ထိုမင်း၏ ကျေးကျွန် အစေ အပါးအလုပ်သမားတို့သည်လည်း အပြစ်ဒဏ်ဖြင့် အခြိမ်းအခြောက် ခံကြရကုန်သည်ဖြစ်၍ မျက်ရည်ဖြင့်ပြည့်သော မျက်နှာရှိကြကုန်လျက် ငိုကြွေးကြကုန်လျက် အမှုကြီးငယ်တို့ကို ပြုလုပ်ကြကုန်၏။ ပုဏ္ဏားဤပုဂ္ဂိုလ်မျိုးကို မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူဖြစ်သည့်ပြင် သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေ တတ်သည်ဖြစ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။

၄၁၈။ ပုဏ္ဏား မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သူ မဟုတ်သည့်ပြင် မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်သည်သာမက သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သူ့မဟုတ်သည့်ပြင် သူတစ်ပါး ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားမထုတ်သော ပုဂ္ဂိုလ်မျိုးဖြစ်သော၊ မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ် သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်သောသူဖြစ်၍ မျက်မှောက်အတ္တဘော၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်မှု မရှိသည် ငြိမ်းချမ်းသည်အေးမြသည် ချမ်းသာသုခကို ခံစားရသည်ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရသော ပုဂ္ဂိုလ်ဟူသည်အဘယ်နည်း ဟူမူ—

ပုဏ္ဏား ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့လွန်မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်သိ၍ သူတစ်ပါးတို့ကို သိစေတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည်ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤသြကာသလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော ဤသတ္တလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသောအနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏။

ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ့်သားသည်လည်းကောင်း၊ အခြားဇာတ်တစ်မျိုးမျိုး၌ ဖြစ်သောသူသည်လည်းကောင်း ကြားနာရ၏၊ ထိုသူသည် ထိုတရားတော်ကို ကြားနာရ၍မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏၊ ထိုသူသည် ထိုယုံကြည်မှုကို ရသည်ဖြစ်၍ ဤသို့ ဆင်ခြင်၏—“လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြောင်းဖြစ်၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ လူ့ဘောင်၌ နေသူသည် ဤမြတ်သော အကျင့်ကို စင်စစ် ပြည့်စုံစွာ စင်စစ်စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်တူစွာ ကျင့်ခြင်းငှါ မလွယ်၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည် ဆိုးသော အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ”ဟု (ဆင်ခြင်၏)။

ထိုသူသည် နောင်အခါ၌ နည်းသော ဥစ္စာစုကို စွန့်၍ဖြစ်စေ၊ များသော ဥစ္စာစုကို စွန့်၍ဖြစ်စေ၊ နည်းသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ၊ များသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ ထိုသူသည် ဤသို့ရဟန်းပြုပြီးသည်ရှိသော် ရဟန်းတို့၏ (ရဟန်းကျင့်, ရဟန်းသက်ဟူသော) သိက္ခာ, သာဇီဝသို့ ရောက်သည်ဖြစ်၍ အသက်သတ် ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကိုလိုလားလျက် နေ၏။

မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ပေးသည်ကိုသာ ယူ၏။ ပေးသည်ကိုသာ အလိုရှိ၏၊ မခိုးမဝှက် စင်ကြယ်သောကိုယ်ဖြင့် နေ၏။

မမြတ်သော အကျင့်ကို ပယ်၍ မြတ်သောအကျင့်ကို ကျင့်၏၊ ယုတ်သော အကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏။

မဟုတ်မမှန် ပြောခြင်းကို ပယ်၍ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏၊ အမှန်ကိုသာ ဆိုလေ့ရှိ၏။ မှန်သောစကားချင်း ဆက်စပ်စေ၏၊ တည်သောစကားရှိ၏၊ ယုံကြည်ထိုက်သော စကားရှိ၏၊ လောကကိုလှည့်စားတတ်သူ မဟုတ်။

ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ဤသူတို့ထံမှ နားထောင်၍ ထိုသူတို့နှင့် ဤသူတို့ ကွဲပြားခြင်းငှါ ထိုသူတို့ထံ၌ မပြောတတ်၊ ထိုသူတို့ထံမှ နားထောင်၍ ဤသူတို့နှင့် ထိုသူတို့ကွဲပြားခြင်းငှါ ဤသူတို့ထံ၌ မပြောတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကိုနှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုသော စကားကို ဆိုလေ့ရှိ၏။

ကြမ်းတမ်းသော စကားကို ပယ်၍ ကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်၏၊ အကြင်စကားသည်အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့သက်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများ နှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော စကားကိုသာ ဆို၏။

ပြိန်ဖျင်းသော စကားကို ပယ်၍ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏၊ (သင့်သော) အခါ၌သာဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌သာအကြောင်းနှင့်တကွ သော အပိုင်းအခြားရှိသော အစီးအပွါးနှင့်စပ်သော မှတ်သားလောက်သောစကားကိုသာ ဆိုလေ့ရှိ၏။

ထိုပုဂ္ဂိုလ်သည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏၊ ဆွမ်းတစ်နပ်သာစားလေ့ရှိ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်၏၊ နေလွဲစားခြင်းမှ ရှောင်ကြဉ်၏၊ ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်းမှ ရှောင်ကြဉ်၏၊ ပန်းပန်ခြင်းနံ့သာခြယ် ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်၏၊ မြင့်သောနေရာ မြတ်သောနေရာမှရှောင်ကြဉ်၏၊ ရွှေ ငွေကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကောက်စိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ မိန်းမအို မိန်းမပျိုကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကျွန်မိန်းမကျွန်ယောကျာ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ဆိတ်နှင့်သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကြက်ဝက်ကိုခံယူခြင်းမှ ရှောင်ကြဉ်၏၊ ဆင် နွား မြင်း မြည်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ လယ်နှင့်ယာကိုခံယူခြင်းမှ ရှောင်ကြဉ်၏၊ တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏၊ ဝယ်မှုရောင်းမှုမှ ရှောင်ကြဉ်၏၊ ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်းတာစဉ်းလဲခြင်းမှ ရှောင်ကြဉ်၏၊ တံစိုးယူခြင်း လှည့်ဖြားခြင်း အတုပြုခြင်း တည်းဟူသော ကောက်ကျစ်ခြင်းမှ ရှောင်ကြဉ်၏၊ ဖြတ်ခြင်းသတ်ခြင်း နှောင်ဖွဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း (ရွာနိဂုံးတို့ကို) ဖျက်ဆီးခြင်းဓားပြတိုက်ခြင်းမှ ရှောင်ကြဉ်၏။

ထိုရဟန်းသည် ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့်, ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့်ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့် အတူပါမြဲ ပရိက္ခရာမျှသာ ရှိသဖြင့်) တပါတည်းယူပြီးဖြစ်၍သာလျှင် သွား၏၊ ဥပမာသော်ကား အတောင်ရှိသော ငှက်သည် ပျံလေရာရာသို့ မိမိအတောင်သာ ဝန်ရှိသည်ဖြစ်၍ ပျံသကဲ့သို့၊ ဤအတူ ရဟန်းသည် ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့်, ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့် အတူပါမြဲပရိက္ခရာမျှသာ ရှိသဖြင့်) တပါတည်းယူပြီး ဖြစ်၍သာလျှင် သွား၏။ ထိုရဟန်းသည် ဤမြတ်သောသီလအစုနှင့် ပြည့်စုံသည်ဖြစ်၍ အတွင်းအဇ္ဈ တ္တသန္တာန်၌ အပြစ်မရှိသော ချမ်းသာကို ခံစားရ၏။

၄၁၉။ ထိုရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ကို မြင်သော် (မိန်းမ ယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ အကယ်၍ စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်မာသောအကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ရဟန်းသည့်ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်ရှောက်၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ရောက်၏။

နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းသော်။ပ။ လျှာဖြင့်အရသာ ‘ရသာရုံ’ ကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိသော်။ပ။ စိတ်ဖြင့်သဘော ‘ဓမ္မာရုံ’ ကို သိသော် (မိန်းမ ယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသောအင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ အကယ်၍ မနိန္ဒြေကိုမစောင့်စည်းဘဲနေလျှင် ယင်း (မနိန္ဒြေဟူသော) အကြောင်းကြောင့် မက်မောခြင်း’အဘိဇ္ဈာ’နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကိုလိုက်၍ နှိပ်စက် ကုန်ရာ၏၊ ထို့ကြောင့် ရဟန်းသည် ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကိုစောင့်ရှောက်၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏၊ ထို (ရဟန်း) သည် ဤမြတ်သော ဣန္ဒြေကိုစောင့်စည်းခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ မိမိသန္တာန်၌ (ကိလေသာနှင့်မရောသော) ချမ်းသာကို ခံစား၏။

ထိုရဟန်းသည် ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ တူရူကြည့်ရာတစောင်းကြည့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ဒုကုဋ်သပိတ် သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ် စွန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာ ထိုင်ရာအိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏။

ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့်လည်း ပြည့်စုံသည်ဖြစ်၍ (ဤမြတ်သော ရောင့်ရဲခြင်းနှင့်လည်း ပြည့်စုံသည်ဖြစ်၍) ဤမြတ်သော ဣန္ဒြေစောင့်စည်းခြင်းနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော သတိသမ္ပဇဉ်နှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဆိတ်ငြိမ်သော အိပ်ရာနေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို (မှီဝဲ၏)။

ထိုရဟန်းသည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ’ကို ပယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ ကင်းသောစိတ်ဖြင့် နေ၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ စိတ်ကို စင်ကြယ်စေ၏။ ပျက်စီးစေလိုသော ဒေါသကိုပယ်၍ မပျက်စီးစေလိုသော စိတ်ရှိသည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက်နေ၏၊ ပျက်စီးစေလိုသော ပြစ်မှားမှုမှ စိတ်ကို စင်ကြယ်စေ၏။ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကိုပယ်၍ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍ အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍သတိရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ စိတ်ကိုစင်ကြယ်စေ၏။ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်ခြင်း ‘ကုက္ကုစ္စ’ ကို ပယ်၍ အတွင်းသန္တာန်၌ငြိမ်သက်သော စိတ်ရှိသည် ဖြစ်၍ မပျံ့လွင့်သည် ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’နောင်တတစ်ဖန်ပူပန်ခြင်း ‘ကုက္ကုစ္စ’ မှ စိတ်ကို စင်ကြယ်စေ၏။ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်၍ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို လွန်မြောက်သည် ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ မှ စိတ်ကို စင်ကြယ်စေ၏။

ထိုရဟန်းသည် စိတ်ညစ်ညူးခြင်းကို ဖြစ်စေတတ်ကုန်သော ပညာ၏ အားနည်းခြင်းကို ပြုတတ်ကုန်သော နီဝရဏတရားငါးပါးတို့ကို ပယ်ဖျောက်၍ နေ၏။ ထိုရဟန်းသည် ကာမဂုဏ်တို့မှ ဆိတ်၍သာလျှင် အကုသိုလ် တရားတို့မှ ဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွဖြစ်သောသုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့်တကွဖြစ်သော နီဝရဏဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’့ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌စိတ်ကို ကြည်လင်စေတတ် သော စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ ကို ပွါးစေတတ်သောကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ် ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသောတည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် အောက်မေ့ခြင်း ‘သတိ’ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာ ခြင်း ‘သုခ’ ကိုလည်းကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူ့ကို “လျစ်လျူရှုသူ သတိရှိသူချမ်းသာစွာနေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍နေ၏။ ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သောသတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။

၄၂ဝ။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော’ပုဗ္ဗေနိဝါသာနုဿတိ’ ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထိုရဟန်းသည် များပြားသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏၊ ဤသည်ကား အဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း “ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် အမည်အနွယ်နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့၏။

ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော ‘စုတူပပါတဉာဏ်’ အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခုဉာဏ်’ ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသောသတ္တဝါ မကောင်းသောလားရာရှိ သောသတ္တဝါတို့ကို မြင်၏၊ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကို သိ၏။

“အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’နှင့်ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်’နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့်ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲ ပျက်စီး၍ကျရောက်ရာ ငရဲ၌ ဖြစ်ပေါ်ကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘ကာယ သုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘ဝစီသုစရိုက်’ နှင့်ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘မနောသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကိုစွပ်စွဲခြင်းမှ ကင်းကုန်၏၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့်ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ လူ့ပြည်နတ်ပြည်သုဂတိ၌ ဖြစ်ပေါ် ကုန်၏”ဟု ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခုဉာဏ်’ ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါကောင်းသောလားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကို သိ၏။

ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ရောက်လတ်သော် ထို (ရဟန်း) သည် အာသဝေါတရားတို့ကို ကုန်စေသော ‘အာသဝက္ခယ’ ဉာဏ် အလို့ငှါစိတ်ကို ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် ဤကား ဆင်းရဲ ‘ဒုက္ခ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်းအကြောင်း ‘သမုဒယ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ‘ဒုက္ခနိရောဓ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်း ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤသည်တို့ကား ယိုစီးခြင်း’အာသဝ’တို့ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ယိုစီးခြင်း ‘အာသဝ’တို့ ဖြစ်ပေါ်ခြင်းအကြောင်း’အာသဝသမုဒယ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ယိုစီးခြင်း ‘အာသဝ’ တို့ချုပ်ရာ (နိဗ္ဗာန်) ‘အာသဝနိရောဓ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝတို့ချုပ် ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း ‘အာသဝနိရောဓဂါမိနီ ပဋိပဒါ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့ သိသော ဤသို့မြင်သော ထိုရဟန်း၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးလတ်သော် လွတ်မြောက်ခဲ့လေပြီဟု အသိဉာဏ်ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စ အလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ”ဟု သိ၏။

ပုဏ္ဏား ဤပုဂ္ဂိုလ်ကို မိမိကိုယ်ကို မပူပန် မဆင်းရဲစေတတ်ဘဲ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ မဟုတ်သည့်ပြင်၊ သူတစ်ပါးကို မပူပန် မဆင်းရဲစေတတ်ဘဲ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ မဟုတ်သော ပုဂ္ဂိုလ်ဖြစ်သည့်ပြင် မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်၊ သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်သည်ဖြစ်၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်မှု မရှိသည် ငြိမ်းချမ်းသည် အေးမြသည်ချမ်းသာသုခကို ခံစားရသည်ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရသူဟု ဆိုရ၏ဟု (မိန့်ဆိုတော်မူ၏)။

၄၂၁။ ဤသို့ အသျှင်ဥဒေနက မိန့်ပြအပ်သည်ရှိသော် ဃောဋမုခပုဏ္ဏားသည် အသျှင်ဥဒေနအားဤစကားကို လျှောက်၏—“အသျှင်ဥဒေန (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဥဒေန (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဥဒေန မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား့လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင်အသျှင် ဥဒေနသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူ၏၊ အကျွန်ုပ်တို့သည်အသျှင်ဥဒေနကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏၊ သံဃာတော် ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဥဒေနသည်အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက် ဆုံး ကိုးကွယ်သော ဥပါသကာဟူ၍ မှတ်တော်မူပါ”ဟု (လျှောက်၏)။

ပုဏ္ဏား သင်သည် ငါ့ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ မရောက်လေလင့်၊ အကြင်အသျှင်ကို ငါသည်ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်၏၊ ထိုအသျှင်မြတ်စွာဘုရားကိုသာလျှင်ကိုးကွယ်ဆည်းကပ်လေလော့ဟု (ဆို၏)။ အသျှင်ဥဒေန ယခုအခါ အဘယ်အရပ်၌ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုအသျှင်ဂေါတမသည် နေပါသနည်းဟု (မေးလျှောက် ၏)။ ပုဏ္ဏား အမှန်အားဖြင့် ယခုအခါပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူပြီဟု (မိန့်ဆို၏)။

အသျှင်ဥဒေန အကယ်၍ အကျွန်ုပ်တို့သည် ဆယ်ယူဇနာတို့၌ ထိုအသျှင်ဂေါတမမြတ်စွာဘုရားရှိသည်ကို ကြားသိကုန်ငြားအံ့၊ ဆယ်ယူဇနာတို့သို့လည်း အကျွန်ုပ်တို့သည် ပူဇော်အထူးကိုခံတော်မူထိုက် သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုဂေါတမမြတ်စွာဘုရားကို ဖူးမြင် ခြင်းငှါ သွားကြပါကုန်အံ့။

အသျှင်ဥဒေန အကယ်၍မူလည်း အကျွန်ုပ်တို့သည် ယူဇနာနှစ်ဆယ်တို့၌ ထိုအသျှင်ဂေါတမမြတ်စွာဘုရားရှိသည်ကို ကြားသိကုန်ငြားအံ့၊ ယူဇနာသုံးဆယ်တို့၌။ပ။ ယူဇနာလေးဆယ်တို့၌ ယူဇနာငါးဆယ်တို့၌ ထိုအသျှင် ဂေါတမမြတ်စွာဘုရား ရှိသည်ကို ကြားသိကုန်ငြားအံ့၊ (သို့ကြားရပါမူ) ယူဇနာငါးဆယ်တို့ကိုလည်း အကျွန်ုပ်တို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုအသျှင် ဂေါတမမြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ သွားကြပါကုန်အံ့။ အသျှင်ဥဒေန အကယ်၍မူလည်း အကျွန်ုပ်တို့သည် ယူဇနာတစ်ရာ၌ ထိုအသျှင်ဂေါတမမြတ်စွာဘုရား ရှိသည်ကိုကြားသိကုန်ငြားအံ့၊ အကျွန်ုပ်တို့သည် ယူဇနာတစ်ရာ ခရီးသို့လည်း ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုအသျှင်ဂေါတမမြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ သွားကြပါကုန်အံ့။

အသျှင်ဥဒေန ထိုအသျှင်ဂေါတမမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသောကြောင့် အကျွန်ုပ်တို့သည်ပရိနိဗ္ဗာန်ပြုတော်မူပြီးသည်လည်း ဖြစ်သော ထိုအသျှင်ဂေါတမမြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ ရဟန်းသံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ အသျှင်ဥဒေနသည် အကျွန်ုပ်ကို ယနေ့ကိုအစပြု၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်း ကပ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့။ အသျှင်ဥဒေနအကျွန်ုပ်အား အင်္ဂမင်းက နေ့တိုင်း အမြဲထောက်ပံ့ထားသော ရိက္ခာရှိပါ၏၊ ထိုရိက္ခာမှ အကျွန်ုပ်သည်အသျှင်ဥဒေနအား တစ်ရက်စာ အမြဲထောက်ပံ့ထားသော ရိက္ခာကို ပေးလှူပါအံ့ဟု (လျှောက်၏)။

ပုဏ္ဏား သင့်အား အင်္ဂမင်းက နေ့တိုင်း အဘယ်မျှလောက် အမြဲထောက်ပံ့ထားသော ရိက္ခာကိုပေးပါသနည်းဟု (မေး၏)။ အသျှင်ဥဒေန အသပြာငါးရာတို့ကို ပေးပါ၏ဟု (လျှောက်၏)။ ပုဏ္ဏားငါတို့မှာ ရွှေငွေကို ခံယူခြင်းငှါ မအပ်ဟု (မိန့်ဆို၏)။ အသျှင်ဥဒေနမှာ ထိုရွှေငွေသည် အကယ်၍ မအပ်သည်ဖြစ်အံ့၊ အသျှင်ဥဒေန၏ အကျိုးငှါ ကျောင်းဆောက်ပါအံ့ဟု (လျှောက်၏)။ ပုဏ္ဏား အကယ်၍့သင်သည် ငါ၏ အကျိုးငှါ ကျောင်းဆောက်လုပ်လိုငြားအံ့၊ ပါဋလိပုတ်ပြည်၌ သံဃာများ၏ စည်းဝေးရာဇရပ်ကို ဆောက်လုပ်လေလော့ဟု (မိန့်ဆို၏)။ အသျှင်ဥဒေနသည် အကျွန်ုပ်ကို သံဃာ၌ ဒါနကို ဆောက်တည်စေ၏၊ ဤအကြောင်းကြောင့်လည်း အကျွန်ုပ်သည် အသျှင်ဥဒေနအား အတိုင်းထက်အလွန် နှစ်သက်ဝမ်းမြောက်ပါ၏။ အသျှင်ဥဒေန ထိုအကျွန်ုပ်သည် ထိုတစ်နေ့စာ အမြဲထောက်ပံ့ထားသောရိက္ခာဖြင့်လည်း ကောင်း၊ တစ်ပါးသော အမြဲထောက်ပံ့ထားသော ရိက္ခာဖြင့်လည်းကောင်းပါဋလိပုတ်ပြည်၌ သံဃာ၏ စည်း ဝေးရာဇရပ်ကို ဆောက်လုပ်စေပါအံ့ဟု (လျှောက်၏)။ ထိုအခါဃောဋမုခပုဏ္ဏားသည် ထိုတစ်နေ့စာ အမြဲထောက်ပံ့ထားသော ရိက္ခာဖြင့်လည်းကောင်း၊ တစ်ပါးသောအမြဲထောက်ပံ့ထားသော ရိက္ခာဖြင့်လည်း ကောင်း ပါဋလိပုတ်ပြည်၌ သံဃာ၏ စည်းဝေးရန် ဇရပ်ကိုဆောက်လုပ်စေ၏။ ထိုဇရပ်ကို ယခုအခါ ဃောဋမုခီဇရပ်ဟူ၍ ဆိုရသတည်း။

လေးခုမြောက် ဃောဋမုခသုတ် ပြီး၏။