မဇ္ဈိမနိကာယ်

၅—စင်္ကီသုတ်

၄၂၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီကြွချီတော်မူသည်ရှိသော် သြပါသာဒမည်သော ပုဏ္ဏားရွာဆီသို့ ရောက်လေ၏။ မြတ်စွာဘုရားသည်ထိုသြပါသာဒရွာ မြောက်ဘက်ရှိ နတ်တို့ကို ဗလိနတ်စာကျွေးရာ အင်ကြင်းတော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ စင်္ကီမည်သော ပုဏ္ဏားသည် လူစည်ကား၍ ကျွဲနွားစသည် ပေါများသော မြက်ထင်းရေတို့နှင့် ပြည့်စုံသော ဆန်စပါးနှင့် ပြည့်စုံသော မင်းမှရသည့် စည်းစိမ်ဖြစ်သော ပသေနဒိကောသလမင်းသည် ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော သြပါသာဒရွာကို အုပ်ချုပ်၍ နေ၏။ သြပါသာဒရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် (ဤသို့) ကြားသိလေကုန်၏—“အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည် များစွာသော ရဟန်းသံဃာနှင့်အတူကောသလတိုင်း၌ ဒေသစာရီကြွချီတော်မူရာ သြပါသာဒရွာသို့ ရောက်တော်မူ၍ သြပါသာဒရွာ မြောက်ဘက်ရှိ နတ်တို့ကို ဗလိနတ်စာကျွေးရာ အင်ကြင်းတော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏—

‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း’သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့် လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့် လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း’လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသောအကြောင်းကြောင့်လည်း ‘အနုတ္တရောပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့် လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ ၏‘ဟု (ပျံ့နှံ့၍ ထွက်၏)။

ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏတို့နှင့်တကွသော မင်းများ လူများနှင့်တကွသော သတ္တဝါအပေါင်းကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။ ထိုမြတ်စွာ ဘုရားသည် အစ၏ ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံ သော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသောစင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့ သဘောရှိကုန်သော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကိုဖူးမြော်ရခြင်းသည် ကောင်း သည်သာတည်း”ဟု (ကြားသိလေကုန်၏)။

၄၂၃။ ထိုစဉ်အခါ၌ သြပါသာဒရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် သြပါသာဒရွာမှ အစုလိုက်အအုပ်လိုက် ထွက်ကြပြီးလျှင် တပေါင်းတည်း ဖြစ်ကုန်လျက် မြောက်အရပ်သို့ရှေးရှု နတ်တို့ကို ဗလိနတ်စာကျွေးရာ အင်ကြင်းတောသို့ သွားကြကုန်၏။ ထိုစဉ်အခါ၌ စင်္ကီပုဏ္ဏားသည် ပြာသာဒ်ထက်၌နေ့အချိန် လျောင်းလျက် ရှိ၏၊ ထိုစင်္ကီပုဏ္ဏားသည် သြပါသာဒရွာမှ အစုလိုက် အအုပ်လိုက်ထွက်ကြပြီးလျှင် တပေါင်းတည်း ဖြစ်ကုန်လျက် မြောက်အရပ်သို့ရှေးရှု နတ်တို့ကို ဗလိနတ်စာကျွေးရာအင်ကြင်းတောသို့ သွားနေကြသော သြပါသာဒရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့ကို မြင်သော် အမတ်အား၁ ဤသို့မေး၏— “အမတ် သြပါသာဒရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် သြပါသာဒရွာမှ အစုလိုက်အအုပ်လိုက် ထွက်ကြပြီးလျှင် တပေါင်းတည်း ဖြစ်ကုန်လျက် မြောက်အရပ်သို့ ရှေးရှု နတ်တို့ကို ဗလိနတ်စာကျွေးရာ အင်ကြင်းတောသို့ အဘယ့်ကြောင့် သွားကြကုန်သနည်း”ဟု (မေး၏)။

အသျှင်စင်္ကီ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည် များစွာ သောရဟန်းသံဃာနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူရာ သြပါသာဒရွာသို့ ရောက်တော်မူ၍ သြပါသာဒရွာ မြောက်ဘက်ရှိ နတ်တို့ကို ဗလိနတ်စာကျွေးရာ အင်ကြင်းတော၌ နေပါ၏။ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်ပါ၏— “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’မည် တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း’ဝိဇ္ဇာစရဏ သမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း’လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမ ထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသောအကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသ ဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု (ပျံ့နှံ့၍ ထွက်၏)။ ထိုသူတို့သည် ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် သွားကြပါကုန်၏ဟု (အမတ်က ပြန် ကြား၏)။

အမတ် သို့ဖြစ်လျှင် သြပါသာဒရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့ထံသို့ ချဉ်းကပ်၍ “အချင်းတို့ဆိုင်းငံ့ကြပါဦး၊ စင်္ကီပုဏ္ဏားသည်လည်း ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ပါလိမ့်မည်ဟု စင်္ကီပုဏ္ဏားက မှာကြားလိုက်ပါသည်”ဟု ပြောကြားချေလော့ဟု မိန့်ဆို၏။ “အရှင် ကောင်းပါပြီ”ဟု ထိုအမတ်သည် စင်္ကီပုဏ္ဏားအား ဝန်ခံပြီးလျှင် သြပါသာဒရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့ထံသို့ ချဉ်းကပ်၍သြပါသာဒရွာနေ ပုဏ္ဏားနှင့်အမျိုးသားတို့အား ဤစကားကို ပြောဆို၏— “အချင်းတို့ ဆိုင်းငံ့ကြပါဦး၊ စင်္ကီပုဏ္ဏားသည်လည်း ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ပါလိမ့်မည်ဟု စင်္ကီပုဏ္ဏားက မှာကြားလိုက်ပါသည်”ဟု (ပြောဆို၏)။

၄၂၄။ ထိုစဉ်အခါ၌ အတိုင်းတိုင်း အပြည်ပြည်မှ လာကုန်သော ငါးရာမျှသော ပုဏ္ဏားတို့သည်ကိစ္စတစ်ခုဖြင့် သြပါသာဒရွာ၌ တည်းခိုနေကုန်၏၊ “စင်္ကီပုဏ္ဏားသည် ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်လတ္တံ့”ဟု ကြားကုန်၍ ထိုပုဏ္ဏားတို့သည် စင်္ကီပုဏ္ဏားထံသို့ ချဉ်းကပ်ကြပြီးလျှင် “အသျှင်စင်္ကီသည်ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်လတ္တံ့ ဟူသည် မှန်ပါသလော”ဟု မေးကုန်၏။ အချင်းတို့”ငါသည်လည်း ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်အံ့”ဟု ကြံလျက် ရှိပါသည်ဟူ၍ ဆို၏။

အသျှင်စင်္ကီသည် ရဟန်းဂေါတမကို ဖူးမြော်ရန် မချဉ်းကပ်ပါလင့်၊ အသျှင်စင်္ကီသည် ရဟန်း ဂေါတမကိုဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ ရဟန်းဂေါတမသည်သာ အသျှင်စင်္ကီကို ဖူးမြော်ရန် ချဉ်းကပ် ထိုက်ပါ၏၊ အသျှင်စင်္ကီသည် အမိဘက် အဖဘက် နှစ်ဖက်လုံးမှ ကောင်းသော ဇာတ်ရှိပါ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိပါ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့ မခံရ၊ အကြင်အကြောင်းကြောင့် အသျှင်စင်္ကီသည် အမိဘက် အဖဘက် နှစ်ဖက်လုံးမှကောင်းသောဇာတ် ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သောစကား ဖြင့် အပယ်မခံခဲ့ရပါ၊ အကဲ့ရဲ့ မခံခဲ့ရပါ၊ ဤအကြောင်းကြောင့်လည်း အသျှင်စင်္ကီသည်ရဟန်းဂေါတမကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ ရဟန်းဂေါတမသည်သာ အသျှင်စင်္ကီကို ဖူးမြော်ရန်ချဉ်းကပ်ထိုက်ပါ၏။

အသျှင်စင်္ကီသည် ကြွယ်ဝ၏၊ များသော ဥစ္စာရှိ၏၊ များသော စည်းစိမ်ရှိ၏။ပ။ အသျှင်စင်္ကီသည်နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ ကျမ်း ငါးခုမြောက်ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာ ယတကျမ်း မဟာပုရိသလက္ခာဏာကျမ်းတို့၌ အကြွင်းမဲ့တတ်မြောက်၏။ပ။ အသျှင်စင်္ကီသည် အဆင်းလှ၏၊ ရှုချင်ဖွယ် ရှိ၏၊ ကြည်ညိုဖွယ် ရှိ၏၊ မြတ်သောအဆင်းဏ္ဌာန်နှင့် ပြည့်စုံ၏၊ ဗြဟ္မာနှင့်တူသော အဆင်းရှိ၏၊ ဗြဟ္မာနှင့်တူသော ကိုယ်ရှိ၏၊ ခံ့ညား၏ (မသေးသိမ်သော ရှုမြင်ဖွယ်ရှိ၏)။ပ။ အသျှင်စင်္ကီသည် သီလရှိ၏၊ ကြီးပွားသော သီလရှိ၏၊ ကြီးပွားသော သီလနှင့်ပြည့်စုံ၏။ပ။ အသျှင်စင်္ကီသည် ကောင်းသော စကားရှိ၏၊ ကောင်းသော မြွက်ဆိုသံရှိ၏၊ ယဉ်ကျေးသော စကားနှင့် ပြည့်စုံ၏၊ သန့်ရှင်းသော အပြစ်ကင်းသော အဓိပ္ပါယ်သိလွယ်သော စကားနှင့်ပြည့်စုံ၏။ပ။ အသျှင်စင်္ကီသည် များစွာသော သူတို့၏ ဆရာဖြစ်၏၊ ဆရာ့ဆရာဖြစ်၏၊ လုလင် သုံးရာတို့အား ဝေဒကျမ်းတို့ကို ပို့ချ၏။ပ။ အသျှင်စင်္ကီကို ပသေနဒိကောသလမင်းသည် အရိုအသေပြု၏၊ အလေးပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ တုပ်ဝပ်၏။ပ။ အသျှင်စင်္ကီသည် လူစည်ကား၍ ကျွဲနွားစသည်ပေါများသော မြက်ထင်းရေတို့နှင့်ပြည့်စုံသော ဆန်စပါးနှင့်ပြည့်စုံသော မင်းမှရသည့် စည်းစိမ်ဖြစ်သောပသေနဒိကောသလမင်းသည် ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော သြပါသာဒရွာကို အုပ်ချုပ်၍နေ၏၊ အကြင်အကြောင်းကြောင့် အသျှင်စင်္ကီသည် လူစည်ကား၍ ကျွဲနွားစသည် ပေါများသောမြက်ထင်း ရေတို့နှင့်ပြည့်စုံသော ဆန်စပါးနှင့်ပြည့်စုံသော မင်းမှရသည့် စည်းစိမ်ဖြစ်သောပသေနဒိကောသလမင်း သည် ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော သြပါသာဒရွာကို အုပ်ချုပ်၍နေ၏၊ ဤအကြောင်း ကြောင့်လည်း အသျှင်စင်္ကီသည် ရဟန်းဂေါတမကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ ရဟန်းဂေါတမသည် သာ အသျှင်စင်္ကီကို ဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါ၏ ဟူ၍ (ဆိုကုန်၏)။

၄၂၅။ ဤသို့ဆိုကုန်သော် စင်္ကီပုဏ္ဏားသည် ထိုပုဏ္ဏားတို့အား ဤစကားကို ဆို၏— “အချင်းတို့သို့ဖြစ်လျှင် ငါ၏ စကားကို နားထောင်ကြပါဦး၊ ငါတို့သည် ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါကုန်၏၊ ထိုအသျှင်ဂေါတမကား ငါတို့ကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အမိဘက် အဖဘက် နှစ်ဖက်လုံးမှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ၊ အကြင်အကြောင်းကြောင့် ရဟန်းဂေါတမသည် အမိဘက် အဖဘက် နှစ်ဖက်လုံးမှ ကောင်းသောဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့်အပယ်မခံရ၊ အကဲ့ရဲ့ မခံရ၊ ဤအကြောင်းကြောင့်လည်း ထိုအသျှင်ဂေါတမသည် ငါတို့ကို ဖူးမြော်ရန်မချဉ်းကပ်ထိုက်ပါ၊ အမှန်အားဖြင့်ဆိုလျှင် ငါတို့သည်သာ ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဉ်းကပ့်ထိုက်ပါကုန်၏။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် မြေအောက်၌လည်း ထားသော မြေပေါ်၌လည်းထားသော များစွာသော ရွှေငွေကို ပယ်စွန့်၍ ရဟန်းပြု၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် ငယ်ရွယ် ပျိုမျစ်သည်ဖြစ်လျက် ကောင်းစွာ မည်းနက်သော ဆံပင်ရှိသည်ဖြစ်လျက် ပဌမအရွယ်ဟူသော ကောင်းသော အရွယ်နှင့် ပြည့်စုံသည်ဖြစ်လျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အမိအဖတို့ သဘောမတူကြသဖြင့် မျက်ရည်ရွှဲစိုငိုယိုကုန်စဉ် ဆံမုတ်ဆိတ်ကို ပယ်ပြီး၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ မြတ်သောအဆင်း သဏ္ဌာန်နှင့်ပြည့်စုံ၏၊ ဗြဟ္မာနှင့်တူသော အဆင်းရှိ၏၊ ဗြဟ္မာနှင့်တူသော ကိုယ်ရှိ၏၊ ခံ့ညား၏ (မသေးသိမ်သော ရှုမြင်ဖွယ်ရှိ၏)။ပ။ အချင်းတို့ စင်စစ်သော်ကားရဟန်းဂေါတမသည် သီလရှိ၏၊ မြတ်သော သီလရှိ၏၊ ကောင်းသော သီလရှိ၏၊ ကောင်းသော သီလနှင့်ပြည့်စုံ၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် ကောင်းသော စကားရှိ၏၊ ကောင်းသောမြွက်ဆိုသံရှိ၏၊ ယဉ်ကျေးသော စကားနှင့်ပြည့်စုံ၏၊ သန့်ရှင်းသော အပြစ်ကင်းသော အဓိပ္ပါယ် သိလွယ်သော စကားနှင့် ပြည့်စုံ၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် များစွာသော သူတို့၏ဆရာဖြစ်၏၊ ဆရာ့ဆရာဖြစ်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် ကာမဂုဏ်၌ တပ်မက်ခြင်း ကုန်ခန်းပြီးဖြစ်၏၊ လျှပ်ပေါ်ခြင်း ကင်း၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်း ဂေါတမသည် ကံကို ယုံကြည်သော ဝါဒရှိ၏၊ အကြောင်းကို ယုံကြည်သော ဝါဒရှိ၏၊ ပုဏ္ဏားပရိသတ်၌ ကောင်းကျိုးကိုသာလျှင် ရှေးရှု၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် မင်းမျိုးစဉ်ဆက် မပျက်သော မြင့်မြတ်သော အမျိုးမှ ရဟန်းပြု၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် များသော ဥစ္စာရှိသော များသော စည်းစိမ်ရှိသော ကြွယ်ဝသော အမျိုးမှ ရဟန်းပြု၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို အမေးပြဿနာ မေးမြန်းခြင်းငှါ တိုင်းတစ်ပါး ဇနပုဒ်တစ်ပါးမှ လာကြကုန်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို အထောင်မက များစွာသော နတ်တို့သည်အသက် ဖြင့် ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်ကုန်၏။ပ။ အချင်းတို့ ရဟန်းဂေါတမ၏ကောင်းမြတ်သော ကျော်စောသံသည် ဤသို့ ပျံ့နှံ့၍ထွက်၏—

“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း’သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း’လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသောအကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသောအကြောင်းကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေး ပါးတရားတို့ကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသောအကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု (ပျံ့နှံ့၍ ထွက်၏)။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် သုံးဆယ့်နှစ်ပါးကုန်သော ယောကျာ်းမြတ်လက္ခဏာတော်တို့နှင့် ပြည့်စုံတော်မူ၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို မဂဓတိုင်းကိုအစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းသည် သားမယားနှင့်တကွ အသက်နှင်း၍ ကိုးကွယ်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို ပသေနဒိကောသလမင်းသည် သားမယားနှင့်တကွ အသက့်နှင်း၍ ကိုးကွယ်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို ပေါက္ခရသာတိပုဏ္ဏားသည် သားမယားနှင့်တကွ အသက်နှင်း၍ ကိုးကွယ်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည်သြပါသာဒရွာသို့ ရောက်တော်မူ၍ သြပါသာဒရွာ မြောက်ဘက်ရှိ နတ်တို့ကို ဗလိနတ်စာကျွေးရာဖြစ်သောအင်ကြင်းတော၌ သီတင်းသုံးနေတော်မူ၏။ အချင်းတို့ အကြင်သမဏဗြာဟ္မဏတို့သည် ငါတို့၏ ရွာနယ်ပယ်သို့ လာကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ဧည့်သည်များ ဖြစ်ကုန်၏၊ ဧည့်သည်တို့ကို ငါတို့သည်အရိုအသေ ပြုသင့်ကုန်၏၊ အလေးပြုသင့်ကုန်၏၊ မြတ်နိုးသင့်ကုန်၏၊ ပူဇော်သင့်ကုန်၏။

အချင်းတို့ အကြင်အကြောင်းကြောင့် ရဟန်းဂေါတမသည် သြပါသာဒရွာသို့ ရောက်လာတော်မူ၍သြပါသာဒရွာ၏ မြောက်ဘက်ရှိ နတ်တို့ကို ဗလိနတ်စာ ကျွေးရာဖြစ်သော အင်ကြင်းတော၌ သီတင်းသုံးနေတော်မူ၏၊ ရဟန်းဂေါတမသည် ငါတို့၏ ဧည့်သည်တော်ဖြစ်ပေ၏၊ ဧည့်သည်တော်ကို ငါတို့သည်အရိုအသေ ပြုသင့်၏၊ အလေးပြုသင့်၏၊ မြတ်နိုးသင့်၏၊ ပူဇော်သင့်၏၊ ဤအကြောင်းကြောင့်လည်း ထိုရဟန်းဂေါတမသည် ငါတို့ကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ အမှန်အားဖြင့်ဆိုလျှင် ငါတို့သည်သာ ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါကုန်၏။

အချင်းတို့ ငါသည် ထိုအသျှင်ဂေါတမ၏ ဤမျှလောက်သောဂုဏ်တို့ကိုသာ သိ၏၊ ထိုအသျှင်ဂေါတမသည်ကား ဤမျှလောက်သော ဂုဏ်တို့နှင့်သာ ပြည့်စုံသည် မဟုတ်ပေ၊ (အမှန်အားဖြင့်သော်ကား) ထိုအသျှင်ဂေါတမသည် အတိုင်းမသိသော ဂုဏ်တို့နှင့် ပြည့်စုံတော်မူပါပေ၏၊ ထိုအသျှင်ဂေါတမသည်တစ်ပါးပါးမျှလည်းဖြစ်သော ထိုဂုဏ်အင်္ဂါနှင့် ပြည့်စုံသော် ငါတို့ကို ဖူးမြော်ရန် ချဉ်းကပ်ခြင်းငှါ မထိုက်၊ စင်စစ်သော်ကား ငါတို့သည်သာလျှင် ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ထိုက် ကုန်၏ဟု (ဆို၏)။ အသျှင် သို့ဖြစ်လျှင် အကျွန်ုပ်တို့အားလုံးပင် ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ကြပါကုန်အံ့ဟု (ပြန်ကြားပြောဆိုကြကုန်၏)။

၄၂၆။ ထိုအခါ စင်္ကီပုဏ္ဏားသည် များစွာသော ပုဏ္ဏားအပေါင်းနှင့်အတူ မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏။ ဝမ်းမြောက်ဖွယ်အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီး၍ တစ်ခုသောနေရာ၌ ထိုင်နေ၏။ ထိုအခါ မြတ်စွာဘုရားသည်ပုဏ္ဏားကြီးတို့နှင့်အတူ စိုးစဉ်း စိုးစဉ်း အောက်မေ့ဖွယ်စကားကို ပြီးဆုံးစေ၍ နေ၏။ ထိုအခါ ခေါင်းရိတ်ပြီးစလည်းဖြစ်သော ရက်ချုပ်အားဖြင့်လည်း တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိသော ကာပဋိကမည်သောလုလင်ငယ်သည် ရှိ၏၊ ထိုလုလင်ငယ်သည် နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်းအက္ခရပ္ပဘေဒ’သဒ္ဒါ’ ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့၏ ကမ်းတစ်ဖက်သို့ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏၊ (ထိုလုလင်သည်) ထိုပရိသတ်၌ ထိုင်နေလျက် ရှိ၏၊ ထိုကာပဋိကသည် မြတ်စွာဘုရားနှင့်အတူ စကားပြောဆိုကုန်သော ပုဏ္ဏားကြီးတို့၏ စကားကို ကြားဖြတ်၍ ကြားဖြတ်၍ ပြောဆို၏။

ထိုအခါ မြတ်စွာဘုရားသည် ကာပဋိကလုလင်ကို “အမောင်ဘာရဒွါဇ တိုင်ပင်ပြောဆိုနေကြသောပုဏ္ဏားကြီးတို့၏ စကားကို ကြားဖြတ်၍ ကြားဖြတ်၍ မပြောဆိုပါလင့်၊ အမောင်ဘာရဒွါဇသည်စကားဆုံး သည့်တိုင်အောင် ဆိုင်းငံ့ပါလော့”ဟု မောင်းမဲမိန့်ဆို၏။ ဤသို့ မိန့်ဆိုတော်မူသော်စင်္ကီပုဏ္ဏားသည် မြတ်စွာဘုရားအား ဤသို့ လျှောက်၏—“အသျှင်ဂေါတမသည် ကာပဋိကလုလင်ကိုမမောင်းမဲပါလင့်၊ ကာပဋိကလုလင်သည် အမျိုးကောင်းသားလည်း ဖြစ်ပါ၏၊ ကာပဋိကလုလင်သည်အကြားအမြင်လည်း များပါ၏၊ ကာပဋိကလုလင်သည် ပညာရှိလည်း ဖြစ်ပါ၏၊ ကာပဋိကလုလင်သည်ပီပီသသလည်း ပြောဆို တတ်ပါ၏၊ ကာပဋိကလုလင်သည် ဤစကား၌ အသျှင်ဂေါတမနှင့်အတူတုံ့ပြန်ပြောဆိုခြင်းငှါလည်း စွမ်း နိုင်ပါ၏”ဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားအား “စင်စစ်ဧကန် ကာပဋိကလုလင်သည် ဝိဇ္ဇာသုံးပါး စကားအရာ၌ စကားပြောဆိုလတ္တံ့၊ ထိုအကြောင်းကြောင့်သာလျှင် ပုဏ္ဏားတို့သည် ဤကာပဋိကလုလင်ကို ရှေ့ဆောင်ပြုလာကြကုန်၏”ဟု အကြံဖြစ်၏။ ထိုအခါ ကာပဋိကလုလင်အား “ရဟန်းဂေါတမသည် ငါ့ဘက်ကိုမျက်စိစိုက်ကြည့်သော အခါ ငါသည် ရဟန်းဂေါတမကို ပြဿနာမေးအံ့”ဟု အကြံဖြစ်၏။ ထိုအခါမြတ်စွာဘုရားသည် ကာပဋိကလုလင်၏ စိတ်အကြံကို (မိမိ) စိတ်တော်ဖြင့် သိ၍ ကာပဋိကလုလင်ရှိရာသို့စိုက်ကြည့်တော်မူ၏။

၄၂၇။ ထိုအခါ ကာပဋိကလုလင်အား “ရဟန်းဂေါတမသည် ငါ့ကို စိတ်ဝင်စားလာ၏၊ ငါသည်ရဟန်းဂေါတမကို ပြဿနာမေးရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုအခါ ကာပဋိကလုလင်သည်မြတ်စွာဘုရားအား ဤစကားကို မေးလျှောက်၏ — “အသျှင်ဂေါတမ ပုဏ္ဏားတို့အား ဤသို့ဖြစ်သတတ်ဤသို့ဖြစ်သတတ်ဟု အဆက်ဆက် ဆောင်လာခြင်းဖြင့်, ကျမ်းဂန်အခိုင်အမာရှိခြင်းဖြင့် ရိုးရာဖြစ်သောဗေဒင်၌ ပုဏ္ဏားတို့သည် ‘ဤစကားသည်သာ မှန်၏၊ အခြားစကားသည် အချည်းနှီးသာတည်း’ဟုတစ်ဖက်သတ်အားဖြင့် ဆုံးဖြတ်ခြင်းသို့ ရောက်ကုန်၏၊ ဤအရာ၌ အသျှင်ဂေါတမသည် အဘယ်သို့ဆိုလိုပါသနည်း”ဟု (မေးလျှောက်၏)။

ဘာရဒွါဇ ပုဏ္ဏားတို့တွင် “ငါသည် ဤအကြောင်းကို သိ၏၊ ငါသည် ဤအကြောင်းကို မြင်၏၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ဆိုသော တစ်ယောက်တလေသော ပုဏ္ဏားသည်လည်း ရှိလေသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မရှိပါဟု (လျှောက်၏)။

ဘာရဒွါဇ ပုဏ္ဏားတို့တွင် “ငါသည် ဤအကြောင်းကို သိ၏၊ ငါသည် ဤအကြောင်းကို မြင်၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ဆိုသော တစ်ယောက်သော ဆရာ၊ တစ်ယောက်တလေသော ဆရာ့ဆရာ၊ ခုနစ်ဆက်မြောက်တိုင်အောင်ဖြစ်သော ဆရာ့ဆရာသည်လည်း ရှိလေသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မရှိပါဟု (လျှောက်၏)။ ဘာရဒွါဇပုဏ္ဏားတို့၏ လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သော ဝေဒကျမ်းတို့ကို ပို့ချကုန်သောအကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ပုဏ္ဏားတို့သည် အကြင် (ရသေ့) တို့ သီဆိုပို့ချ ပေါင်းစုထားသော ထိုရှေးဟောင်း ဝေဒကျမ်းတို့ကို လိုက်၍ သီဆိုကုန်၏၊ လိုက်၍ ရွတ်ဖတ်ကုန်၏၊ ရွတ်ဖတ်နည်းအတိုင်း လိုက်၍ ရွတ်ဖတ်ကုန်၏၊ ပို့ချနည်းအတိုင်း လိုက်၍ ပို့ချကုန်၏၊ ဤရသေ့တို့သည်ကား အဘယ်နည်း။ အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမတဂ္ဂိရသေ့ အင်္ဂီရသရသေ့ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း။ ထိုရသေ့တို့သည်လည်း “ငါတို့သည်ဤအကြောင်းကို သိကြကုန်၏၊ ငါတို့သည် ဤအကြောင်းကို မြင်ကြကုန်၏၊ ဤငါတို့အယူသည်သာမှန်၏၊ အခြားအယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုကြကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့လည်း မပြောဆိုကြပါကုန်ဟု (လျှောက်၏)။

ဘာရဒွါဇ ဤသို့လျှင် ပုဏ္ဏားတို့တွင် “ငါသည် ဤအကြောင်းကို သိ၏၊ ငါသည် ဤအကြောင်းကိုမြင်၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ဆိုသောပုဏ္ဏားတစ် ယောက်တလေမျှလည်း မရှိ၊ ပုဏ္ဏားတို့တွင် “ငါသည် ဤအကြောင်းကို သိ၏၊ ငါသည်ဤအကြောင်းကို မြင်၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟုပြောဆိုသောဆရာ၊ ဆရာ့ ဆရာ၊ ခုနစ်ဆက်မြောက်တိုင်အောင် ဖြစ်သော ဆရာ့ဆရာ တစ်ယောက်တလေမျှလည်း မရှိ။ ပုဏ္ဏားတို့၏ လက်ဦးဆရာကုန်ဖြစ်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သောဝေဒကျမ်းတို့ကို ပို့ချကုန်သော အကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ပုဏ္ဏားတို့သည် အကြင် (ရသေ့) တို့ သီဆိုပို့ချ ပေါင်းစုထားသော ထိုရှေးဟောင်း ဝေဒကျမ်းတို့ကို လိုက်၍ သီဆိုကုန်၏၊ လိုက်၍ရွတ်ဖတ်ကုန်၏၊ ရွတ်ဖတ်နည်းအတိုင်း လိုက်၍ ရွတ်ဖတ်ကုန်၏၊ ပို့ချနည်းအတိုင်း လိုက်၍ ပို့ချကုန်၏၊ ့ဤရသေ့တို့သည်ကား အဘယ်နည်း။ အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ယမတဂ္ဂိရသေ့ အင်္ဂီရသရသေ့ ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း။ ထိုရသေ့တို့သည်လည်း “ငါတို့သည် ဤအကြောင်းကို သိကြကုန်၏၊ ငါတို့သည် ဤအကြောင်းကိုမြင်ကြ ကုန်၏၊ ဤငါတို့အယူသည်သာ မှန်၏၊ အခြား အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့မပြော ဆိုကြကုန်။

၄၂၈။ ဘာရဒွါဇ ဥပမာအားဖြင့် အချင်းချင်း ဆွဲကိုင်ဆက်စပ်လျက်ရှိသော သူကန်းအစဉ်အတန်းသည်ရှိ၏၊ ရှေ့ဆုံးလူသည်လည်း မမြင်၊ အလယ်လူသည်လည်း မမြင်၊ နောက်ဆုံးလူသည်လည်း မမြင်။ ဘာရဒွါဇ ဤဥပမာအတူသာလျှင် ပုဏ္ဏားတို့ပြောဆိုသော စကားသည် သူကန်းအစဉ်အတန်းကဲ့သို့ဖြစ်ချေ၏၊ ရှေ့ဆုံးလူသည်လည်း မမြင်၊ အလယ်လူသည်လည်း မမြင်၊ နောက်ဆုံးလူသည်လည်း မမြင်။ ဘာရဒွါဇ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤသို့ ဖြစ်သည်ရှိသော် ပုဏ္ဏားတို့၏ ယုံကြည်ခြင်းသည် အခြေအမြစ်မရှိသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤအရာ၌ ပုဏ္ဏားတို့သည် ယုံကြည်ချက်ဖြင့်သာလျှင် ဆည်းကပ်ကြကုန်သည် မဟုတ်ပါကုန်၊ ထိုအရာ၌ ပုဏ္ဏားတို့သည်တစ်ဆင့်ကြားဖြင့်လည်း ဆည်းကပ်ကြပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ သင်သည် ရှေ့က ယုံကြည်ချက်သို့ လိုက်၏၊ ယခု တစ်ဆင့်ကြားကို ပြောဆိုဘိ၏၊ ဘာရဒွါဇ ဤငါးပါးသော တရားတို့သည်မျက်မှောက် ဘဝ၌ပင် (အမှန် အမှား) နှစ်ပါးသော အကျိုးရှိကုန်၏။ အဘယ်ငါးပါးတို့နည်းဟူမူ—ယုံကြည်ခြင်း ‘သဒ္ဓါ’၊ နှစ်သက်ခြင်း ‘ရုစိ’၊ တစ်ဆင့်ကြားခြင်း ‘အနုဿဝ’၊ အခြင်းအရာကို ကြံစည်ခြင်း’အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်း ‘ဒိဋ္ဌိနိဇ္ဈာနက္ခ နိ ္တ’တို့တည်း၊ ဘာရဒွါဇ ဤငါးပါးသော တရားတို့သည် မျက်မှောက်သော ဘဝ၌ပင် နှစ်ပါးသော အကျိုးရှိကုန်၏။

ဘာရဒွါဇ ကောင်းစွာ ယုံကြည်ထားသော်လည်း အချည်းနှီး အလကား အမှား (မမှန်) ဖြစ်တက်၏၊ ကောင်းစွာ ယုံကြည်မထားသော်လည်းဟုတ်သည် မှန်သည် မချွတ်လွဲသည် ဖြစ်တက်၏၊ ဘာရဒွါဇကောင်းစွာ နှစ်သက်ထားသော်လည်း။ပ။ ကောင်းစွာ တစ်ဆင့်ကြားထားသော်လည်း။ပ။ ကောင်းစွာအဖန်ဖန် ကြံဆထားသော်လည်း။ပ။ ကောင်းစွာ ရှုဆင်ခြင်ထားသော်လည်း အချည်းနှီး အလကားအမှား ဖြစ်တက်၏၊ ကောင်းစွာ ရှုဆင်ခြင်မထားသော်လည်းဟုတ်သည် မှန်သည် မချွတ်လွဲသည်ဖြစ်တတ်၏၊ ဘာရဒွါဇ သစ္စာကို အစဉ်စောင့်ရှောက်သော သိကြားလိမ္မာသော ယောကျာ်းသည် ဤအရာ၌”ငါ၏ အယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးသာတည်း”ဟု စင်စစ် ဆုံးဖြတ်ခြင်းသို့ရောက်ခြင်းငှါ မသင့်ဟု (မိန့်တော်မူ၏)။

၄၂၉။ အသျှင်ဂေါတမ အဘယ်မျှ အတိုင်းအရှည်ဖြင့် သစ္စာကို စောင့်ရှောက်ခြင်း ဖြစ်ပါသနည်း၊ အဘယ်မျှ အတိုင်းအရှည်ဖြင့် သစ္စာကို စောင့်ရှောက်သူ ဖြစ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား သစ္စာကို စောင့်ရှောက်ခြင်းကို မေးလျှောက်ကြပါကုန်၏ဟု (လျှောက်၏)။

ဘာရဒွါဇ ဤသို့ ငါ့မှာ ယုံကြည်ခြင်းသည် ဖြစ်၏ဟု ယောကျာ်းမှာ ယုံကြည်ခြင်းသည် အကယ်၍ဖြစ်စေကာမူ “ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးသာတည်း”ဟု စင်စစ် ဆုံးဖြတ်ခြင်းသို့ကား မရောက်သေး၊ ဤသို့ ဆိုသူသည် သစ္စာကို စောင့်၏။ ဘာရဒွါဇ ယောကျာ်းအား နှစ်သက်ခြင်းသည် အကယ်၍ ဖြစ်စေကာမူ။ပ။ ဘာရဒွါဇ ယောကျာ်းအား တစ်ဆင့်ကြားခြင်းသည်အကယ်၍ ဖြစ်စေကာမူ။ပ။ ဘာရဒွါဇ ယောကျာ်းအား အခြင်းအရာကို ကြံစည်ခြင်းသည် အကယ်၍ဖြစ်စေကာမူ။ပ။ ဘာရဒွါဇ ဤသို့ ငါ့အား အယူကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်းသည် ဖြစ်၏ဟုအယူကို စူးစိုက်ကြည့်ရှု ၍ ကျေနပ်ခြင်းသည် ယောကျာ်းအား အကယ်၍ ဖြစ်စေကာမူ”ဤအယူသည်သာ မှန်၏၊ အခြားအယူ သည် အချည်းနှီးသာတည်း”ဟု တစ်ဖက်သတ်ဆုံးဖြတ်ခြင်းသို့ကား မရောက်သေး၊ ဤသို့ ဆိုသူသည် သစ္စာကို စောင့်၏။ ဘာရဒွါဇ့ဤမျှအတိုင်းအရှည်ဖြင့် သစ္စာကို စောင့်ရှောက်ခြင်းသည် ဖြစ်၏၊ ဤမျှ အတိုင်းအရှည်ဖြင့် သစ္စာကိုအစဉ်စောင့်သူ ဖြစ်၏၊ ဤမျှ အတိုင်းအရှည်ဖြင့်သာ ငါတို့သည် သစ္စာကို စောင့်ရှောက်ခြင်းကိုပညတ်ကုန်၏၊ ဤမျှအတိုင်းအရှည်ဖြင့် သစ္စာကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်နိုင် သေးဟု (မိန့်တော်မူ၏)။

၄၃ဝ။ အသျှင်ဂေါတမ ဤမျှ အတိုင်းအရှည်ဖြင့် သစ္စာကို စောင့်ရှောက်ခြင်းသည် ဖြစ်ပါ၏၊ ဤမျှအတိုင်းအရှည်ဖြင့် သစ္စာကို စောင့်ရှောက်သူ ဖြစ်ပါ၏၊ အကျွန်ုပ်တို့သည်လည်း ဤမျှအတိုင်းအရှည်ဖြင့်သစ္စာကို စောင့်ခြင်းကို ရှုမြင်ကြပါကုန်၏။ အသျှင်ဂေါတမ အဘယ်မျှ အတိုင်းအရှည်ဖြင့် သစ္စာကိုထိုးထွင်း၍ သိခြင်းဖြစ်ပါသနည်း၊ အဘယ်မျှ အတိုင်းအရှည်ဖြင့် သစ္စာကို ထိုးထွင်း၍ သိသူဖြစ်ပါသနည်း၊ အကျွန်ုပ်တို့သည် သစ္စာကို ထိုးထွင်း၍ သိခြင်းကို အသျှင်ဂေါတမအား မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။

ဘာရဒွါဇ ဤသာသနာတော်၌ ရဟန်းသည် တစ်ခုခုသော ရွာကိုလည်းကောင်း၊ နိဂုံးကိုလည်းကောင်းအမှီပြု၍နေ၏၊ ထိုရဟန်းကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်၏သားသည်လည်းကောင်း ချဉ်းကပ်၍လောဘတရား ဒေါသတရား မောဟတရား သုံးပါးတို့၌ စူးစမ်း၏—“လောဘတရား လွှမ်းမိုးခံရသောစိတ်ရှိသူသည် မသိဘဲလျက်လည်း ‘သိ၏’ဟု ဆိုလေရာ၏၊ မမြင်ဘဲလျက်လည်း ‘မြင်၏’ဟုဆိုလေရာ၏၊ ရှည်မြင့်စွာ အကျိုးမဲ့စေမည့် ဆင်းရဲစေမည့် အရာကို သူတစ်ပါးတို့အားလည်း ဆောက်တည်စေရာ၏၊ ထိုသို့သော လောဘတရားမျိုးသည် ဤအသျှင်အား ရှိလေသလော”ဟု စူးစမ်း၏၊ ထိုအသျှင်ကို စူးစမ်းသည်ရှိသော် “လောဘတရား လွှမ်းမိုးခံရသော စိတ်ရှိသူသည် မသိဘဲလျက်လည်း’သိ၏’ဟု ဆိုလေရာ၏၊ မမြင်ဘဲလျက် ‘မြင်၏’ဟု ဆိုလေရာ၏၊ ရှည်မြင့်စွာ အကျိုးမဲ့စေမည့်ဆင်းရဲစေမည့် အရာကို သူတစ်ပါးတို့အား ဆောက်တည်စေရာ၏၊ ထိုသို့သော လောဘတရားမျိုးသည်ဤအသျှင် အား မရှိ၊ လိုချင်တပ်မက်မှု မရှိသော သူ၏ ကိုယ်နှုတ်အမူအရာကဲ့သို့ ဤအသျှင်၏ကိုယ်အမူအရာ နှုတ်အမူအရာသည် ဖြစ်၏။ ဤအသျှင် ဟောကြားသည့် တရားသည် နက်နဲ၏၊ မြင်နိုင်ခဲ၏၊ ထိုးထွင်း၍ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ ကြံစည်၍ မရနိုင်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိအပ်၏၊ ထိုတရားမျိုးကို တပ်နှစ်သက်မှု ရှိသောသူသည် ဟောကြားရန် မဖြစ်နိုင်”ဟုသိ၏။

၄၃၁။ စူးစမ်းသော သူသည် လောဘတရားတို့မှ စင်ကြယ်သော ထိုရဟန်းကို မြင်သောကြောင့်ထိုရဟန်းကို တဆင့်တက်၍ ဒေါသတရားတို့၌ စူးစမ်းပြန်၏—“ဒေါသတရား လွှမ်းမိုးခံရသော စိတ်ရှိသူသည် မသိဘဲလျက်လည်း ‘သိ၏’ဟု ဆိုလေရာ၏၊ မမြင်ဘဲလျက်လည်း ‘မြင်၏’ဟု ဆိုလေရာ၏၊ ရှည်မြင့်စွာ အကျိုးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်စေမည့်အရာကို သူတစ်ပါးတို့အားလည်း ဆောက်တည်စေရာ၏၊ ထိုသို့သော ဒေါသတရားမျိုးသည် ဤအသျှင်အား ရှိသလော”ဟု စူးစမ်း၏။ ထိုအသျှင်ကိုစူးစမ်းသည်ရှိသော် “ဒေါသတရား လွှမ်းမိုးခံရသော စိတ်ရှိသူသည် မသိဘဲလျက်လည်း ‘သိ၏’ဟု ဆိုလေရာ၏၊ မမြင်ဘဲလျက်လည်း ‘မြင်၏’ဟု ဆိုလေရာ၏၊ ရှည်မြင့်စွာ အကျိုးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်စေမည့်အရာကို သူတစ်ပါးတို့အားလည်း ဆောက်တည်စေရာ၏၊ ထိုသို့သော ဒေါသတရားမျိုးသည် ဤအသျှင်အား မရှိ၊ ဒေါသကင်းသော သူ၏ ကိုယ်နှုတ်အမူ အရာကဲ့သို့ ဤအသျှင်၏ ကိုယ်အမူအရာနှုတ်အမူအရာသည် ဖြစ်၏၊ ဤအသျှင် ဟောကြားသည့် တရားသည် နက်နဲ၏၊ မြင်နိုင်ခဲ၏၊ ထိုးထွင်း၍သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ ကြံဆ၍ မသိအပ်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိအပ်၏၊ ထိုတရားကို ဒေါသမကင်းသော သူသည် ဟောကြားရန် မဖြစ်နိုင်”ဟု သိ၏။

၄၃၂။ စူးစမ်းသူသည် ဒေါသတရားတို့မှ အထူးသဖြင့် စင်ကြယ်သော ထိုရဟန်းကို မြင်သော ကြောင့်ထိုရဟန်းကို တဆင့်တက်၍ မောဟတရားတို့၌ စူးစမ်းပြန်၏—“မောဟတရား လွှမ်းမိုးခံရသော စိတ်ရှိသူသည် မသိဘဲလျက်လည်း ‘သိ၏’ဟု ဆိုလေရာ၏၊ မမြင်ဘဲလျက်လည်း ‘မြင်၏’ဟုဆိုလေရာ၏၊ ရှည်မြင့်စွာ အကျိုးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်စေမည့်အရာကို သူတစ်ပါးတို့အားလည်းဆောက်တည်စေ ရာ၏၊ ထိုသို့သော မောဟတရား မျိုးသည် ဤအသျှင်အား ရှိလေသလော”ဟုစူးစမ်းပြန်၏။ ထို အသျှင်ကို စူးစမ်းသည်ရှိသော် “မောဟတရား လွှမ်းမိုးခံရသော စိတ်ရှိသူသည်မသိဘဲလျက်လည်း ‘သိ၏’ဟု ဆိုလေရာ၏၊ မမြင်ဘဲလျက်လည်း ‘မြင်၏’ဟု ဆိုလေရာ၏၊ ရှည်မြင့်စွာ အကျိုးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်စေမည့်အရာကို သူတစ်ပါးတို့အားလည်း ဆောက်တည်စေရာ၏၊ ထိုသို့သော မောဟ တရားမျိုးသည် ဤအသျှင်အား မရှိ၊ မောဟကင်းသောသူ၏ကိုယ်နှုတ်အမူအရာကဲ့သို့ ဤအသျှင်၏ ကိုယ်အမူအရာ နှုတ်အမူအရာသည် ဖြစ်၏၊ ဤအသျှင်ဟောကြားအပ်သော တရားသည် နက်နဲ၏၊ မြင်နိုင်ခဲ၏၊ ထိုးထွင်း၍ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ ကြံဆ၍ မသိနိုင်၊ သိမ်မွေ့၏၊ ပညာရှိ တို့သာ သိအပ်၏၊ ထိုတရားကို မောဟမကင်းသောသူသည် ဟောကြားရန် မဖြစ်နိုင်”ဟု သိ၏။

စူးစမ်းသူသည် မောဟတရားတို့မှ အထူးသဖြင့် စင်ကြယ်သော ထိုရဟန်းကို မြင်သောကြောင့်ထိုရဟန်း၌ ယုံကြည်မှုကို ဖြစ်ပွါးစေ၏၊ ယုံကြည်မှု ဖြစ်သည်ရှိသော် ချဉ်းကပ်၏၊ ချဉ်းကပ်သည်ရှိသော်ဆည်းကပ်၏၊ ဆည်းကပ်သည်ရှိသော် နားထောင်၏၊ နားထောင်သောသူသည် တရားကို နာယူ၏၊ ကြားနာရ၍ တရားကို ဆောင်၏၊ ဆောင်ထားသော တရားတို့၏ အနက်သဘောကို စူးစမ်းဆင်ခြင်၏၊ အနက်သဘောကို စူးစမ်းဆင်ခြင်သည်ရှိသော် တရားတို့သည် ရှုဆင်ခြင်ခြင်းငှါ ခံ့ကုန်၏၊ တရားတို့သည်ရှုဆင်ခြင်ခြင်းငှါ ခံ့သည်ရှိသော် အလိုဆန္ဒသည် ဖြစ်၏၊ အလိုဆန္ဒဖြစ်သည်ရှိသော် အားထုတ်၏၊ အားထုတ်သည်ရှိသော် နှိုင်းချိန်၏၊ နှိုင်းချိန်ပြီးသော် ပြင်းစွာအားထုတ်၏၊ စိတ်စိုက်နေသည်ရှိသော် ကိုယ် (နာမကာယ) ဖြင့်လည်း မွန်မြတ်သောသစ္စာကို မျက်မှောက်ပြုနိုင်၏၊ ပညာဖြင့်လည်း ထိုးထွင်း၍ မြင်နိုင်၏။ အာရဒွါဇ ဤမျှအတိုင်းအရှည်ဖြင့် မဂ်ကို လျော်စွာ သိခြင်းသည် ဖြစ်၏၊ ဤမျှ အတိုင်းအရှည်ဖြင့်မဂ်ကို လျော်စွာ သိတက်သူ ဖြစ်၏၊ ဤမျှအတိုင်းအရှည်ဖြင့်လည်း ငါတို့သည် သစ္စာကို လျော်စွာသိခြင်းကို ပညတ်ပြောဆိုကုန်၏၊ ဖိုလ်ကို မျက်မှောက်ပြုခြင်းသည်ကား မဖြစ်သေးသည်သာတည်းဟု (မိန့်တော်မူ၏)။

၄၃၃။ အသျှင်ဂေါတမ ဤမျှအတိုင်းအရှည်ဖြင့် မဂ်ကို လျော်စွာ သိခြင်းသည် ဖြစ်ပါ၏၊ ဤမျှအတိုင်းအရှည်ဖြင့် မဂ်ကို လျော်စွာ သိသူ ဖြစ်ပါ၏၊ ဤမျှ အတိုင်းအရှည်ဖြင့်လည်း အကျွန်ုပ်တို့သည်မဂ်ကို ထိုးထွင်း၍ သိခြင်းကို မြင်ကြပါကုန်၏။ အသျှင်ဂေါတမ အဘယ်မျှ အတိုင်းအရှည်ဖြင့် ဖိုလ်ကိုမျက်မှောက်ပြုခြင်းသည် ဖြစ်ပါသနည်း။ ဖိုလ်သို့ အစဉ်ရောက်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ဖိုလ်ကို မျက်မှောက်ပြုခြင်းကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။

ဘာရဒွါဇ ထိုတရားတို့ကိုသာလျှင် ထုံခြင်းကြောင့် ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ လေ့လာခြင်းကြောင့် ဖိုလ်ကို မျက်မှောက်ပြုခြင်းသည် ဖြစ်၏၊ ဘာရဒွါဇ ဤမျှအတိုင်းအရှည်ဖြင့် ဖိုလ်ကို မျက်မှောက်ပြုခြင်းသည် ဖြစ်၏၊ ဤမျှအတိုင်းအရှည်ဖြင့် ဖိုလ်သို့ လျော်စွာ ရောက်၏၊ ဤမျှ အတိုင်းအရှည်ဖြင့်လည်း ငါတို့သည် ဖိုလ်ကို မျက်မှောက်ပြုခြင်းကို ပညတ်ကုန်၏ဟု (မိန့်တော်မူ၏)။

၄၃၄။ အသျှင်ဂေါတမ ဤမျှအတိုင်းအရှည်ဖြင့် ဖိုလ်ကို မျက်မှောက်ပြုခြင်းသည် ဖြစ်ပါ၏၊ ဤမျှအတိုင်းအရှည်ဖြင့် ဖိုလ်သို့ လျော်စွာ ရောက်ပါ၏၊ ဤမျှအတိုင်းအရှည်ဖြင့်လည်း အကျွန်ုပ်တို့သည်ဖိုလ်ကို မျက်မှောက်ပြုခြင်းကို မြင်ကြပါကုန်၏၊ အသျှင်ဂေါတမ အဘယ်တရားသည် ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာ ကျေးဇူးပြုပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။

ဘာရဒွါဇ (မဂ်ကို) အားထုတ်ခြင်းသည် ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာ ကျေးဇူးပြု၏၊ ့အကယ်၍ ထိုမဂ်ကို အားမထုတ်ငြားအံ့၊ ဖိုလ်သို့ လျောက်ပတ်စွာ မရောက်နိုင်လေရာ၊ မဂ်ကို အားထုတ်ခြင်းကြောင့်သာ ဖိုလ်သို့ လျောက်ပတ်စွာ ရောက်နိုင်၏၊ ထို့ကြောင့် (မဂ်ကို) အားထုတ်ခြင်းသည်ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာကျေးဇူးပြု၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ မဂ်ကိုအားထုတ်ခြင်း အား အဘယ်တရားသည် များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည်အသျှင်ဂေါတမအား မဂ်ကို အားထုတ်ခြင်းအား ကျေးဇူးပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ နှိုင်းချိန်ခြင်းသည် မဂ်ကို အားထုတ်ခြင်းအား များစွာကျေးဇူး ပြုတတ်၏၊ အကယ်၍ မနှိုင်းချိန် ငြားအံ့၊ ဤမဂ်ကို ပွါးများခြင်းကို အားမထုတ်လေရာ၊ နှိုင်းချိန်သောကြောင့်သာ (မဂ်ကို ရအောင်) အားထုတ်၏၊ ထို့ကြောင့် မဂ်ကို အားထုတ်ခြင်းအား နှိုင်းချိန်ခြင်းသည် များစွာကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အဘယ်တရားသည် နှိုင်းချိန်ခြင်းအား များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား နှိုင်းချိန်ခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ အားထုတ်ခြင်းသည် နှိုင်းချိန်ခြင်းအား များစွာ ကျေးဇူးပြုတတ်၏၊ အကယ်၍ အားမထုတ်ငြားအံ့၊ မနှိုင်းချိန်လေရာ၊ အားထုတ်သောကြောင့်သာ နှိုင်းချိန်၏၊ ထို့ကြောင့် အားထုတ်ခြင်းသည် နှိုင်းချိန်ခြင်းအား များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အဘယ်တရားသည် အားထုတ်ခြင်းအား များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား အားထုတ်ခြင်းအား များစွာကျေးဇူး ပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ ပြုလိုမှု ‘ဆန္ဒ’ သည် အားထုတ်ခြင်းအား များစွာကျေးဇူးပြုတတ်၏၊ အကယ်၍ ပြုလိုမှု ‘ဆန္ဒ’ မဖြစ်ငြားအံ့၊ အားမထုတ်လေရာ၊ ပြုလိုမှု ‘ဆန္ဒ’ ဖြစ်သောကြောင့်သာ အားထုတ်၏၊ ထို့ကြောင့် ပြုလိုမှု ‘ဆန္ဒ’သည် အားထုတ်ခြင်းအား များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ ပြုလိုမှု ‘ဆန္ဒ’ အား အဘယ်တရားသည် များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ပြုလိုမှု ‘ဆန္ဒ’ အား များစွာ ကျေးဇူးပြုတတ်သော တရားကိုမေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ ပြုလိုမှု ‘ဆန္ဒ’အား တရားတို့ကို စူးစိုက်ကြည့်ရှု၍ကျေနပ်ခြင်းသည် များစွာ ကျေးဇူးပြုတတ်၏၊ ထိုတရားတို့ကို အကယ်၍ စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်းမဖြစ်ငြားအံ့၊ ပြုလိုမှု ‘ဆန္ဒ’ သည် မဖြစ်လေရာ၊ တရားတို့ကို စူးစိုက်ကြည့်ရှု၍ ကျေနပ်သောကြောင့်သာပြုလိုမှု ‘ဆန္ဒ’သည် ဖြစ်၏၊ ထို့ကြောင့် ပြုလိုမှု’ဆန္ဒ’ အား တရားတို့ကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်းသည် များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ တရားတို့ကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်းအား အဘယ်တရားသည် များစွာကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား တရားတို့ကို စူးစိုက်ကြည့်ရှု၍ကျေနပ်မှုအား များစွာ ကျေးဇူးပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ တရားတို့ကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်းအား အနက်သဘောကို စူးစမ်းခြင်းသည် များစွာကျေးဇူးပြုတတ်၏၊ အကယ်၍ ထိုအနက်သဘောကို စူးစမ်းခြင်းသည် မဖြစ်ငြားအံ့၊ ဤတရားတို့ကိုစူးစိုက်ကြည့်ရှု၍ ကျေနပ်မှု မရကုန်ရာ၊ အနက်သဘောကို စူးစမ်းသောကြောင့်သာ တရားတို့ကို စူးစိုက်ကြည့်ရှု၍ ကျေနပ်မှုရကုန်၏၊ ထို့ကြောင့် အနက်သဘောကို စူးစမ်းခြင်းသည် တရားတို့ကို စူးစိုက်ကြည့်ရှုရာ၌ ကျေနပ်မှုအား များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အနက်သဘောကို စူးစမ်းခြင်းအား အဘယ်တရားသည် များစွာကျေးဇူး ပြုတတ်ပါသနည်း၊ အနက်သဘောကို စူးစမ်းခြင်းအား များစွာကျေးဇူး ပြုတတ်သော တရားကို အကျွန်ုပ်တို့သည်အသျှင်ဂေါတမအား မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ အနက်သဘောကို့စူးစမ်းခြင်းအား တရားကို ဆောင်ခြင်းမှတ်ခြင်းသည် များစွာ ကျေးဇူးပြုတတ်၏၊ အကယ်၍ ထိုတရားကိုမဆောင်ငြား မမှတ်ငြားအံ့၊ ဤအနက်သဘောကို မစူးစမ်းနိုင်လေရာ၊ တရားကိုဆောင်ထားမှတ်ထားသောကြောင့်သာ အနက်သဘောကို စူးစမ်းနိုင်၏၊ ထို့ကြောင့် အနက်သဘောကိုစူးစမ်းခြင်းအား တရားကို ဆောင်ထား ခြင်း မှတ်ထားခြင်းသည် များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ တရားကို ဆောင်ထားခြင်း မှတ်ထားခြင်းအား အဘယ်တရားသည် များစွာကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား တရားကို ဆောင်ထားခြင်း မှတ်ထားခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇတရားကို ဆောင်ထားခြင်း မှတ်ထားခြင်းအား တရားကို ကြားနာခြင်းသည် များစွာ ကျေးဇူးပြုတတ်၏၊ အကယ်၍ ထိုတရားကို မကြားနာငြားအံ့၊ ဤတရားကို မဆောင်ထား မမှတ်ထား နိုင်လေရာ၊ တရားကိုကြားနာသောကြောင့်သာ တရားကို ဆောင် မှတ်နိုင်၏၊ ထို့ကြောင့် တရားကို ဆောင်ထားခြင်း မှတ်ထားခြင်းအား တရားတော်ကို ကြားနာခြင်းသည် များစွာကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ တရားနာခြင်းအား အဘယ်တရားသည် များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား တရားနာခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကိုမေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ တရားနာခြင်းအား နားစိုက်ခြင်းသည် များစွာကျေးဇူး ပြုတတ်၏၊ အကယ်၍ နားမစိုက်ငြားအံ့၊ ဤတရားကို မနာလေရာ၊ နားစိုက်သောကြောင့်သာတရားကို နာ၏၊ ထို့ကြောင့် တရားနာခြင်းအား နားစိုက်ခြင်းသည် များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ နားစိုက်ခြင်းအား အဘယ်တရားသည် များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား နားစိုက်ခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကိုမေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ နားစိုက်ခြင်းအား ဆည်းကပ်ခြင်းသည် များစွာကျေးဇူး ပြုတတ်၏၊ အကယ်၍ မဆည်းကပ်ငြားအံ့၊ ဤသို့ နားမစိုက်လေရာ၊ ဆည်းကပ်သောကြောင့်သာ နားစိုက်၏၊ ထို့ကြောင့် နားစိုက်ခြင်းအား ဆည်းကပ်ခြင်းသည် များစွာကျေးဇူးပြုတတ်၏ဟု (မိန့်တော် မူ၏)။

အသျှင်ဂေါတမ ဆည်းကပ်ခြင်းအား အဘယ်တရားသည် များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ဆည်းကပ်ခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကိုမေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ ဆည်းကပ်ခြင်းအား ချဉ်းကပ်ခြင်းသည် များစွာကျေးဇူး ပြုတတ်၏၊ အကယ်၍ ထိုသို့ မချဉ်းကပ်ငြားအံ့၊ ဤသို့ ဆည်းကပ်ခြင်းသည် မဖြစ်နိုင်ရာ၊ ချဉ်းကပ် သောကြောင့်သာ ဆည်းကပ်ခြင်းသည် ဖြစ်၏၊ ထို့ကြောင့် ဆည်းကပ်ခြင်းအားချဉ်းကပ်ခြင်းသည် များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ ချဉ်းကပ်ခြင်းအား အဘယ်တရားသည် များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ချဉ်းကပ်ခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကိုမေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ ချဉ်းကပ်ခြင်းအား ယုံကြည်မှု ‘သဒ္ဓါ’ သည် များစွာကျေးဇူးပြုတတ်၏၊ အကယ်၍ ထိုသို့ ယုံကြည်မှု ‘သဒ္ဓါ’ မဖြစ်ငြားအံ့၊ ဤသို့ ချဉ်းကပ်ခြင်းသည် မဖြစ်နိုင်ရာ၊ ယုံကြည်မှု ‘သဒ္ဓါ’ ဖြစ်သောကြောင့်သာ ချဉ်းကပ်၏၊ ထို့ကြောင့် ချဉ်းကပ်ခြင်းအား ယုံကြည်မှု’သဒ္ဓါ’သည် များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။

၄၃၅။ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား သစ္စာကို အစဉ်စောင့်ရှောက်ခြင်းကို မေးပါကုန်ပြီ၊ အသျှင်ဂေါတမသည် သစ္စာကို အစဉ်စောင့်ရှောက်ခြင်းကို ဖြေကြားခဲ့ပါပြီ၊ ထိုဖြေကြားတော်မူချက်ကိုလည်း့အကျွန်ုပ်တို့သည် သဘောလည်း ကျလှပါ၏၊ နှစ်သက်လည်း နှစ်သက်လှပါ၏၊ ထိုဖြေကြားချက်ဖြင့်လည်း အကျွန်ုပ်တို့သည် နှစ်သက်သောစိတ် ရှိကြပါကုန်၏။ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအားသစ္စာကို လျော်စွာသိခြင်းကို မေးလျှောက်ပါကုန်ပြီ၊ အသျှင်ဂေါတမသည် သစ္စာကို လျော်စွာသိခြင်းကိုဖြေကြားခဲ့ပါပြီ၊ ထိုဖြေကြားချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်း ကျလှပါ၏၊ နှစ်သက်လည်းနှစ်သက်လှပါ၏၊ ထိုဖြေကြားချက်ဖြင့်လည်း အကျွန်ုပ်တို့သည် နှစ်သက်သောစိတ် ရှိကြပါကုန်၏။ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ဖိုလ်ကို မျက်မှောက်ပြုခြင်းကို မေးပါကုန်၏၊ အသျှင်ဂေါတမသည်ဖိုလ်ကို မျက်မှောက်ပြုခြင်းကို ဖြေကြားတော်မူပါ၏၊ ထိုဖြေကြားချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်း ကျလှပါ၏၊ နှစ်သက်လည်း နှစ်သက်လှပါ၏၊ ထိုဖြေကြားချက်ဖြင့်လည်း နှစ်သက်သောစိတ်ရှိကြပါကုန်၏။ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏၊ အသျှင်ဂေါတမသည် ဖိုလ်ကို မျက်မှောက်ပြုခြင်းအားများစွာ ကျေးဇူးပြုတတ်သော တရားကို ဖြေကြားတော်မူပါ၏၊ ထိုဖြေကြားချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်း ကျလှပါ၏၊ နှစ်သက်လည်း နှစ်သက်လှပါ၏၊ ထိုဖြေကြားချက်ဖြင့်လည်း အကျွန်ုပ်တို့သည် နှစ်သက်သောစိတ် ရှိကြပါကုန်၏။

အကျွန်ုပ်တို့ မေးတိုင်းမေးတိုင်း ပြဿနာကိုပင် အသျှင်ဂေါတမသည် ဖြေကြားတော်မူ၏၊ ထို ဖြေကြားချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်း ကျလှပါ၏၊ နှစ်သက်လည်း နှစ်သက်လှပါ ကုန်၏၊ ထိုဖြေကြားချက်ဖြင့်လည်း နှစ်သက်သောစိတ် ရှိကြပါကုန်၏။ အသျှင်ဂေါတမ အကျွန်ုပ်တို့သည်ရှေးအခါက အလကား ဦးပြည်းရဟန်းယုတ်တို့သည် ဇာတ်နိမ့်ကုန်၏၊ မည်းညစ်ကုန်၏၊ ဗြဟ္မာမင်း၏ခြေမှ မွေးဖွားကုန်၏၊ အဘယ်မှာ တရားသဘောကို သိကြကုန်အံ့နည်းဟု ဤသို့ အထင်မှားကြပါကုန်၏။ အသျှင်ဂေါတမသည် အကျွန်ုပ်တို့အား ရဟန်းတို့၌ ရဟန်းဟူသော ချစ်ခြင်းကို လွန်စွာ ဖြစ်စေဘိ၏တကား၊ ရဟန်းတို့၌ ရဟန်းဟူသော ကြည်ညိုခြင်းကို လွန်စွာ ဖြစ်စေဘိ၏တကား၊ ရဟန်းတို့၌ရဟန်းဟူသော ရိုသေခြင်းကို လွန်စွာ ဖြစ်စေဘိ၏တကား၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်အား ယနေ့ကို အစပြု၍ အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်တက်သော ဥပါသကာ ဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။

ငါးခုမြောက် စင်္ကီသုတ် ပြီး၏။

၁။ အတိုင်ပင်ခံအမတ်