မဇ္ဈိမနိကာယ်

၆—ဧသုကာရီသုတ်

၄၃၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏အရံဖြစ်သော ဇေတဝန် ကျောင်း၌သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဧသုကာရီပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —“အသျှင်ဂေါတမ ပုဏ္ဏားတို့သည် လေးပါးသော လုပ်ကျွေးခြင်းတို့ကို ပညတ်ကြပါကုန်၏၊ ပုဏ္ဏားမျိုးအားလုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ မင်းမျိုးအား လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ ကုန်သည်မျိုးအား လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ သူဆင်းရဲမျိုးအား လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ အသျှင်ဂေါတမ ထိုလေးပါးသော လုပ်ကျွေးခြင်းတို့တွင် ပုဏ္ဏားတို့သည် ဤသို့ ပုဏ္ဏားမျိုးအား့လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ ပုဏ္ဏားမျိုးသည်မူလည်း ပုဏ္ဏားကို လုပ်ကျွေးရာပါ၏၊ မင်းမျိုးသည်မူလည်း ပုဏ္ဏားကို လုပ်ကျွေးရာပါ၏၊ ကုန်သည်မျိုးသည်မူလည်း ပုဏ္ဏားကို လုပ်ကျွေးရာပါ၏၊ သူဆင်းရဲ မျိုးသည်မူလည်း ပုဏ္ဏားကို လုပ်ကျွေးရာပါ၏၊ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ဤသို့လျှင်ပုဏ္ဏားမျိုးအား လုပ်ကျွေးခြင်းကို ပညတ်ပါကုန်၏။ အသျှင်ဂေါတမ ထိုလေးပါးသော လုပ်ကျွေးခြင်းတို့တွင် ပုဏ္ဏားတို့သည် ဤသို့ မင်းအား လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ မင်းသည်မျိုးမူလည်းမင်းကို လုပ်ကျွေးရာပါ၏၊ ကုန်သည်မျိုးသည်မူလည်း မင်းကို လုပ်ကျွေးရာပါ၏၊ သူဆင်းရဲမျိုးသည်မူလည်း မင်းကို လုပ်ကျွေးရာပါ၏၊ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ဤသို့လျှင် မင်းအား လုပ်ကျွေးခြင်းကို ပညတ်ပါကုန်၏။

အသျှင်ဂေါတမ ထိုလုပ်ကျွေးခြင်းတို့တွင် ပုဏ္ဏားတို့သည် ဤသို့ ကုန်သည်မျိုးအား လုပ်ကျွေးခြင်း ကိုပညတ်ပါကုန်၏၊ ကုန်သည်မျိုးသည်မူလည်း ကုန်သည်ကို လုပ်ကျွေးရာပါ၏၊ သူဆင်းရဲမျိုးသည်မူ လည်းကုန်သည်ကို လုပ်ကျွေးရာပါ၏၊ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ဤသို့လျှင် ကုန်သည်အားလုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ထိုလေးပါးသော လုပ်ကျွေးခြင်းတို့တွင် ပုဏ္ဏားတို့သည် ဤသို့ သူဆင်းရဲမျိုးအား လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ သူဆင်းရဲမျိုးသည်သာ သူဆင်းရဲအား လုပ်ကျွေးရာပါ၏၊ တစ်ပါးသော အမျိုးသည် သူဆင်းရဲကို အဘယ်မှာ လုပ်ကျွေးပါလတ္တံ့နည်း၊ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် သူဆင်းရဲအား ဤသို့သာလျှင် လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ဤလေးပါးသော လုပ်ကျွေးခြင်းတို့ကို ပညတ်ကြပါကုန်၏၊ ဤသို့ပညတ်ရာ၌ အသျှင်ဂေါတမသည် အဘယ်သို့ ဆိုလိုပါသနည်း”ဟု (လျှောက်၏)။

၄၃၇။ ပုဏ္ဏား အလုံးစုံသော သူအပေါင်းသည် ပုဏ္ဏားတို့၏ “ဤလေးပါးသော လုပ်ကျွေးခြင်းကိုပညတ်ကြပါကုန်လော့”ဟူသော ဤပညတ်ချက်ကို ခွင့်ပြုပါ၏လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမဤသို့ကား ခွင့်မပြုကြပါဟု (လျှောက်၏)။ ပုဏ္ဏား ဥပမာအားဖြင့် ကွမ်းစားမျှ ကိုယ်ပိုင်ဥစ္စာမရှိ ဆင်းရဲနွမ်းပါးသော ယောကျာ်းသည် ရှိရာ၏၊ ထိုယောကျာ်းသည် အလိုမရှိဘဲလျက် “ယောကျာ်း သင်သည်ဤအသားကိုလည်း စားရမည်၊ အဖိုးကိုလည်း ပေးရမည်”ဟု အဖို့အစုကို ဆွဲယူစေကုန်ရာသကဲ့သို့ပုဏ္ဏား ဤအတူသာလျှင် ပုဏ္ဏားတို့သည် ထိုရဟန်းပုဏ္ဏားတို့က ဝန်မခံကြကုန်ဘဲလျက် ဤလေးပါးသောလုပ်ကျွေးခြင်းတို့ကို ပညတ်ကြပါကုန်၏။ ပုဏ္ဏား ငါသည် အလုံးစုံသောသူကို လုပ်ကျွေးသင့်၏ဟုမဟောကြား၊ ပုဏ္ဏား ငါသည် အလုံးစုံသောသူကို မလုပ်ကျွေးသင့် ဟူ၍လည်း မဟောကြား။ ပုဏ္ဏားအကြောင်းမူကား ယင်းသို့ လုပ်ကျွေးသောသူအား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့် ယုတ်မာသည် ဖြစ်ရာ၏၊ မြတ်သည် မဖြစ်ရာ၊ ထိုသို့ သဘောရှိသော လုပ်ကျွေးခြင်းတို့ကို လုပ်ကျွေးသင့်၏ဟုငါ မဟောကြား။ ပုဏ္ဏား ယင်းသို့ လုပ်ကျွေးသောသူအား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့်မြတ်သည် ဖြစ်ရာ၏၊ ယုတ်မာသည် မဖြစ်ရာ၊ ထိုသို့ သဘောရှိသော လုပ်ကျွေးခြင်းကို လုပ်ကျွေးသင့်၏ဟု ငါ ဟောကြား၏။

ပုဏ္ဏား “ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော သင့်အား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့်ယုတ်မာသည် ဖြစ်ရာ၏၊ မြတ်သည် မဖြစ်ရာ၊ ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော သင့်အား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့် မြတ်သည် ဖြစ်ရာ၏၊ ယုတ်မာသည် မဖြစ်ရာ၊ ဤနှစ်မျိုးသော လုပ်ကျွေးခြင်းတို့တွင် အဘယ်လုပ်ကျွေးခြင်းကို လုပ်ကျွေးမည်နည်း”ဟု မင်းကိုမူလည်း အကယ်၍မေးကုန်ငြားအံ့၊ ပုဏ္ဏားမင်းသည်လည်း ကောင်းစွာ ဖြေကြားပါမူ “ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသောငါ့အား လုပ်ကျွေးခြင်း ဟူသော အကြောင်းကြောင့် ယုတ်မာသည် ဖြစ်ရာ၏၊ မြတ်သည် မဖြစ်ရာ၊ ငါသည် ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို မလုပ်ကျွေး၊ ထို့ပြင် ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော ငါ့အားလုပ်ကျွေးခြင်းဟူသော အကြောင်း ကြောင့် မြတ်သည် ဖြစ်ရာ၏၊ ယုတ်မာသည် မဖြစ်ရာ၊ ့ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို ငါသည် လုပ်ကျွေးအံ့”ဟု ဖြေကြားရာ၏။

ပုဏ္ဏား ပုဏ္ဏားကိုမူလည်း အကယ်၍။ပ။ ပုဏ္ဏားကုန်သည်ကိုမူလည်း အကယ်၍။ပ။ ပုဏ္ဏား”ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော သင့်အား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့် ယုတ်မာသည်ဖြစ်ရာ၏၊ မြတ်သည် မဖြစ်ရာ၊ ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော သင့်အား လုပ်ကျွေးခြင်းဟူသောအကြောင်းကြောင့် မြတ်သည် ဖြစ်ရာ၏၊ ယုတ်မာသည် မဖြစ်ရာ၊ ဤနှစ်မျိုးသော လုပ်ကျွေးခြင်းတို့တွင်အဘယ်လုပ်ကျွေးခြင်းကို သင်သည် လုပ်ကျွေးမည်နည်း”ဟု သူဆင်းရဲကိုမူလည်း အကယ်၍ မေးကုန်ငြားအံ့။ ပုဏ္ဏား သူဆင်းရဲသည်လည်း ကောင်းစွာ ဖြေကြားပါမူ “ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော ငါ့အားလုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့် ယုတ်မာသည် ဖြစ်ရာ၏၊ မြတ်သည် မဖြစ်ရာ၊ ငါသည် ထိုပုဂ္ဂိုလ်ကို မလုပ်ကျွေး၊ ထို့ပြင် ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော ငါ့အား လုပ်ကျွေးခြင်းဟူသောအကြောင်း ကြောင့် မြတ်သည် ဖြစ်ရာ၏၊ ယုတ်မာသည် မဖြစ်ရာ၊ ထိုပုဂ္ဂိုလ်ကို ငါသည်လုပ်ကျွေးပါအံ့”ဟု ဖြေကြားရာ၏။ ပုဏ္ဏား မြင့်သောအမျိုး၌ ဖြစ်ခြင်းကြောင့် မြတ်၏ဟု ငါ မဟော၊ ပုဏ္ဏား မြင့်သော အမျိုး၌ ဖြစ်ခြင်းကြောင့် ယုတ်၏ဟု ငါ မဟော။ ပုဏ္ဏား မွန်မြတ်သောအဆင်းရှိသည်၏အဖြစ်ကြောင့် မြတ်၏ဟု ငါ မဟော၊ ပုဏ္ဏား မွန်မြတ်သော အဆင်းရှိသည်၏အဖြစ်ကြောင့် ယုတ်၏ဟု ငါမဟော။ ပုဏ္ဏား မွန်မြတ်သော စည်းစိမ်ဥစ္စာရှိသည်၏အဖြစ်ကြောင့်မြတ်၏ဟု ငါမဟော၊ ပုဏ္ဏား မွန်မြတ်သော စည်းစိမ်ဥစ္စာရှိသည်၏အဖြစ်ကြောင့် ယုတ်၏ဟု ငါ မဟော။

၄၃၈။ ပုဏ္ဏား အကြောင်းမူကား ဤလောက၌ အချို့သောသူသည် မြင့်မြတ်သော အမျိုး၌ ဖြစ်ပါလျက်လည်း သူ့အသက်ကို သတ်လေ့ရှိ၏၊ သူ့ဥစ္စာကို ခိုးယူလေ့ရှိ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မဟုတ်မမှန် ပြောဆိုတတ်၏၊ ကုန်းစကားကို ပြောဆိုတတ်၏၊ ကြမ်းတမ်းသော စကားကို ပြောဆိုတတ်၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုတတ်၏၊ သူတစ်ပါးပစ္စည်းကို မတရားရလိုခြင်းရှိ၏၊ သူတစ်ပါးပျက်စီးမှုကို ရှေးရှုကြံစည်၏၊ မှားသောအယူဝါဒရှိ၏၊ ထို့ကြောင့် ထိုသူကို မြင့်မြတ်သော အမျိုး၌ဖြစ်ခြင်းကြောင့်မြတ်၏ဟု ငါ မဟော၊ ပုဏ္ဏား ထို့ပြင် ဤလောက၌ အချို့သော သူသည် မြင့်မြတ်သောအမျိုး၌ ဖြစ်ပါလျက်လည်း သူ၏အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်၏၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ကြဉ်ရှောင်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ကြဉ်ရှောင်၏၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ကြဉ်ရှောင်၏၊ ကုန်းစကားမှ ကြဉ်ရှောင်၏၊ ကြမ်းတမ်းသောစကားမှ ကြဉ်ရှောင်၏၊ ပြိန်ဖျင်းသောစကားကို ပြောခြင်းမှကြဉ်ရှောင်၏၊ သူတစ်ပါးပစ္စည်းကို မတရားရလိုခြင်း မရှိ၊ သူတစ်ပါးပျက်စီးစေလိုစိတ် မရှိ၊ ဖြောင့်မှန်သောအယူရှိ၏၊ ထို့ကြောင့် ထိုသူကို မြင့်မြတ်သော အမျိုး၌ ဖြစ်ခြင်းကြောင့် ယုတ်မာ၏ဟု ငါ မဟော။

၄၃၉။ ပုဏ္ဏား အကြောင်းမူကား မွန်မြတ်သော အဆင်းရှိသော သူသည်လည်း။ပ။ ပုဏ္ဏား ဤလောက၌ အချို့သောသူသည် မွန်မြတ်သော စည်းစိမ်ဥစ္စာရှိသူ ဖြစ်ပါလျက်လည်း သူ၏ အသက်ကို သတ်လေ့ရှိ၏။ပ။ မှားသော အယူကို ယူ၏၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်ကို မွန်မြတ်သော စည်းစိမ်ဥစ္စာရှိသည်၏အဖြစ်ကြောင့် မြတ်၏ဟု ငါ မဟော၊ ပုဏ္ဏား ထို့ပြင် ဤလောက၌ အချို့သောသူသည် မွန်မြတ်သောစည်းစိမ်ဥစ္စာရှိသူ ဖြစ်ပါလျက်လည်း သူ့အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်၏။ပ။ ဖြောင့်မှန်သောအယူရှိ၏၊ ထို့ကြောင့် ထိုသူကို မွန်မြတ်သော စည်းစိမ်ဥစ္စာရှိသည်၏ အဖြစ်ကြောင့် ယုတ်၏ဟု ငါ မဟော။ ပုဏ္ဏား အလုံးစုံသော ပုဂ္ဂိုလ်ကို လုပ်ကျွေးအပ်၏ဟု ငါ မဟော၊ ပုဏ္ဏား အလုံးစုံသော သူကို မလုပ်ကျွေးအပ်ဟု ငါ မဟော၊ ပုဏ္ဏား ယင်းသို့ လုပ်ကျွေးသော သူအား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့် သဒ္ဓါတရားသည် ပွါးများ၏၊ သီလသည် ပွါးများ၏၊ အကြားအမြင်သည် ပွါးများ၏၊ စွန့်ကြဲခြင်းသည် ပွါးများ၏၊ ပညာသည် ပွါးများ၏၊ ထိုသို့သဘောရှိသော လုပ်ကျွေးခြင်းကို လုပ်ကျွေးသင့်၏ဟု ငါဟော၏။ ပုဏ္ဏား ယင်းသို့ လုပ်ကျွေးသော သူအား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့် သဒ္ဓါတရားသည် မတိုးပွါး၊ သီလသည် မတိုးပွါး၊ အကြားအမြင်သည် မတိုးပွါး၊ စွန့်ကြဲခြင်းသည် မတိုးပွါး၊ ့ပညာသည် မတိုးပွါး၊ ထိုသို့သဘောရှိသော လုပ်ကျွေးခြင်းကို လုပ်ကျွေးသင့်၏ဟု ငါ မဟောဟု (မိန့်တော်မူ၏)။

၄၄ဝ။ ဤသို့ မိန့်တော်မူသော် ဧသုကာရီပုဏ္ဏားသည် မြတ်စွာဘုရားအား ဤသို့ လျှောက်၏—“အသျှင်ဂေါတမ ပုဏ္ဏားတို့သည် လေးပါးသော ကိုယ်ပိုင်ဥစ္စာတို့ကို ပညတ်ကြပါကုန်၏၊ ပုဏ္ဏား၏ကိုယ်ပိုင်ဥစ္စာကို ပညတ်ကြပါကုန်၏၊ မင်း၏ ကိုယ်ပိုင်ဥစ္စာကို ပညတ်ကြပါကုန်၏၊ ကုန်သည်၏ ကိုယ်ပိုင်ဥစ္စာကို ပညတ်ကြပါကုန်၏၊ သူဆင်းရဲ၏ ကိုယ်ပိုင်ဥစ္စာကို ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ထိုလေးပါးသော ကိုယ်ပိုင်ဥစ္စာတို့တွင် ဤသည့်ဆွမ်းခံခြင်းကို ပုဏ္ဏား၏ ကိုယ်ပိုင်ဥစ္စာဟူ၍ ပုဏ္ဏားတို့သည်ပညတ်ကြပါကုန်၏။ ဆွမ်းခံလှည့်လည်ခြင်း ဟူသော (ပုဏ္ဏားတို့၏) ကိုယ်ပိုင်ဥစ္စာကို မထီမဲ့မြင် ပြုသောပုဏ္ဏားသည် အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူသော နွားကျောင်းသားကဲ့သို့ ကိုယ့်ကိစ္စမဟုတ်သည်ကို ပြုသည် မည်၏။ အသျှင်ဂေါတမ ဤသို့လျှင် ပုဏ္ဏား၏ ဤကိုယ်ပိုင်ဥစ္စာကို ပုဏ္ဏားတို့သည်ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ထိုလေးပါးသော ကိုယ်ပိုင် ဥစ္စာတို့တွင် ဤသည့် လေး နှင့်တောင့်ကိုမင်း၏ ကိုယ်ပိုင်ဥစ္စာဟု ပုဏ္ဏားတို့သည် ပညတ်ကြပါကုန်၏။ လေးနှင့် တောင့်ဟူသော မင်း၏ ကိုယ်ပိုင်ဥစ္စာကို မထီမဲ့မြင်ပြုသော မင်းသည် အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူသော နွားကျောင်းသားကဲ့သို့ ကိုယ့်ကိစ္စမဟုတ်သည်ကို ပြုသည် မည်ပါ၏။ အသျှင်ဂေါတမ ဤသို့လျှင် မင်း၏ ဤကိုယ်ပိုင်ဥစ္စာကို ပုဏ္ဏားတို့သည် ပညတ်ကြပါကုန်၏။

အသျှင်ဂေါတမ ထိုလေးပါးသော ကိုယ်ပိုင်ဥစ္စာတို့တွင် ဤသည့် လယ်ထွန်ခြင်း နွားကျောင်းခြင်းကိုကုန်သည်၏ ကိုယ်ပိုင်ဥစ္စာဟု ပုဏ္ဏားတို့သည် ပညတ်ကြပါကုန်၏၊ လယ်ထွန်ခြင်း နွားကျောင်းခြင်းဟူသော ကိုယ်ပိုင် ဥစ္စာကို မထီမဲ့မြင်ပြုသော ကုန်သည်သည် အရှင်မပေးသော သူတစ်ပါးဥစ္စာကိုခိုးယူသော နွားကျောင်းသားကဲ့သို့ ကိုယ့်ကိစ္စမဟုတ်သည်ကို ပြုသည်မည်ပါ၏။ အသျှင်ဂေါတမဤသို့လျှင် ကုန် သည်၏ ဤကိုယ်ပိုင် ဥစ္စာကို ပုဏ္ဏားတို့သည် ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမထိုလေးပါးသော ကိုယ်ပိုင်ဥစ္စာတို့တွင် ဤသည့် မြက်ရိတ်တံစဉ်နှင့် ထမ်းပိုးကို သူဆင်းရဲ၏ကိုယ်ပိုင်ဥစ္စာဟု ပုဏ္ဏားတို့သည် ပညတ်ကြပါကုန်၏၊ မြက်ရိတ်တံစဉ်နှင့် ထမ်းပိုးဟူသော ကိုယ်ပိုင်ဥစ္စာကိုမထီမဲ့မြင်ပြုသော သူဆင်းရဲ သည် အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူသော နွားကျောင်းသားကဲ့သို့ကိုယ့်ကိစ္စမဟုတ်သည်ကို ပြုသည် မည်ပါ၏။ အသျှင်ဂေါတမ ဤသို့လျှင် သူဆင်းရဲ၏ဤကိုယ်ပိုင်ဥစ္စာကို ပုဏ္ဏားတို့သည် ပညတ် ကြပါကုန်၏။ အသျှင်ဂေါတမ ပုဏ္ဏားတို့သည်ဤလေးပါးသော ကိုယ်ပိုင်ဥစ္စာတို့ကို ပညတ်ကြပါကုန်၏။ ဤအရာ၌ အသျှင်ဂေါတမသည် အဘယ်သို့ဆိုလိုပါသနည်း”ဟု (လျှောက်၏)။

၄၄၁။ ပုဏ္ဏား အလုံးစုံသော လူအပေါင်းသည် ပုဏ္ဏားတို့၏ “ဤလေးပါးသော ကိုယ်ပိုင်ဥစ္စာတို့ကိုပညတ်ကြပါကုန်လော့” ဟူသော ဤပညတ်ချက်ကို ခွင့်ပြုပါ၏လောဟု (မေးတော်မူ၏)။ အသျှင် ဂေါတမဤသို့ကား ခွင့်မပြုပါဟု (လျှောက်၏)။ ပုဏ္ဏား ဥပမာအားဖြင့် ကွမ်းစားမျှ ကိုယ်ပိုင်ဥစ္စာမရှိဆင်းရဲနွမ်းပါးသော ယောကျာ်းသည် ရှိရာ၏၊ ထိုယောကျာ်းသည် အလိုမရှိဘဲလျက် “အိုယောကျာ်းသင်သည် ဤအသားကိုလည်း စားရမည်၊ အဖိုးကိုလည်း ပေးရမည်”ဟု အဖို့အစုကို ဆွဲယူစေကုန်ရာသကဲ့သို့ ပုဏ္ဏား ဤအတူသာလျှင် ပုဏ္ဏားတို့သည် ထိုရဟန်းပုဏ္ဏားတို့က ဝန်မခံကြကုန်ဘဲလျက်ဤလေးပါးသော ကိုယ်ပိုင်ဥစ္စာတို့ကို ပညတ်ကြကုန်၏။

ပုဏ္ဏား မြတ်သော လောကုတ္တရာတရားကို ယောကျာ်း၏ ကိုယ်ပိုင်ဥစ္စာဟူ၍ ငါ ပညတ်၏၊ ရှေး၌ဖြစ်သော မိဘမှ ဆင်းသက်လာသည့် အမျိုးအနွယ်ကို အောက်မေ့သော သူအား အတ္တဘောဖြစ်ရာ အမျိုးအားဖြင့်သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏၊ မင်းမျိုး၌ အကယ်၍ အတ္တဘောဖြစ်သည် ဖြစ်အံ့၊ မင်းဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။ ပုဏ္ဏားမျိုး၌ အကယ်၍ အတ္တဘောဖြစ်သည် ဖြစ်အံ့၊ ့ပုဏ္ဏားဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။ ကုန်သည်မျိုး၌ အကယ်၍ အတ္တဘောဖြစ်သည် ဖြစ်အံ့၊ ကုန်သည်ဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။ သူဆင်းရဲမျိုး၌ အကယ်၍ အတ္တဘောဖြစ်သည် ဖြစ်အံ့၊ သူဆင်းရဲဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။

ပုဏ္ဏား ဥပမာအားဖြင့် မီးသည် ထိုထိုတောက်ပကြောင်းဖြင့်သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ရောက်၏၊ အကယ်၍ မီးသည် ထင်းကို အစွဲ ပြု၍ တောက်ပငြားအံ့၊ ထင်းမီးဟူ၍သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ အကယ်၍ မီးသည် ဝါးကို စွဲ၍ တောက်ပငြားအံ့၊ ဝါးမီးဟူ၍သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ အကယ်၍ မီးသည် မြက်ကို အစွဲပြု၍ တောက်ပငြားအံ့၊ မြက်မီးဟူ၍သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ အကယ်၍ မီးသည် နွားချေးကို အစွဲပြု၍ တောက်ပငြားအံ့၊ နွားချေးမီးဟူ၍သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ ပုဏ္ဏား ဤအတူသာလျှင် မြတ်သောလောကုတ္တရာတရားကို ယောကျာ်း၏ ကိုယ်ပိုင်ဥစ္စာဟူ၍ ငါပညတ်၏။

ရှေး၌ဖြစ်သော မိဘမှ ဆင်းသက်လာသည့် အမျိုးအနွယ်ကို အစဉ်အောက်မေ့သောသူအားအတ္တဘောဖြစ်ရာ အမျိုးအားဖြင့်သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏၊ မင်းမျိုး၌ အကယ်၍အတ္တဘောဖြစ်သည် ဖြစ်အံ့၊ မင်းဟူ၍သာ ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ ပုဏ္ဏားမျိုး၌ အကယ်၍အတ္တဘောဖြစ်သည် ဖြစ်အံ့၊ ပုဏ္ဏားဟူ၍သာ ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ ကုန်သည်မျိုး၌အကယ် ၍ အတ္တဘောဖြစ်သည် ဖြစ်အံ့၊ ကုန်သည်ဟူ၍သာ ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ သူဆင်းရဲမျိုး၌ အကယ်၍ အတ္တဘောဖြစ်သည်ဖြစ်အံ့၊ သူဆင်းရဲဟူ၍သာ ခေါ်ဝေါ်ရေတွက်ခြင်းသို့ရောက်၏။

ပုဏ္ဏား အကယ်၍ မင်းမျိုးမှ ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်း မြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကို သတ်ခြင်းမှကြဉ်ရှောင်အံ့၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ကြဉ်ရှောင်အံ့၊ မမြတ်သော မေထုန်အကျင့်မှ ကြဉ်ရှောင်အံ့၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ကြဉ်ရှောင်အံ့၊ ကုန်းစကားမှ ကြဉ်ရှောင်အံ့၊ ကြမ်းတမ်းသောစကားမှကြဉ်ရှောင်အံ့၊ ပြိန်ဖျင်းသော စကားမှ ကြဉ်ရှောင်အံ့၊ သူ့ဥစ္စာ မတရားလိုချင်မှုကို ရှေးရှုမကြံစည်အံ့၊ သူတစ်ပါးပျက်စီးမှုကို ရှေးရှုမကြံစည်အံ့၊ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကိုပြည့်စုံစေသူ ဖြစ်၏။

ပုဏ္ဏား အကယ်၍လည်း ပုဏ္ဏားမျိုးမှ ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်း မြတ်စွာဘုရား ဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှ ကြဉ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။

ပုဏ္ဏား အကယ်၍လည်း ကုန်သည်မျိုးမှ ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်း မြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှ ကြဉ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။

ပုဏ္ဏား အကယ်၍လည်း သူဆင်းရဲမျိုးမှ ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်း မြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှ ကြဉ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။

၄၄၂။ ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤနေရာ၌ ပုဏ္ဏားသည်သာလျှင်ရန်ကင်းစေလို ဆင်းရဲကင်းစေလိုသော မေတ္တာစိတ်ကို ပွါးများခြင်းငှါ စွမ်းနိုင်သလော၊ မင်းသည် မစွမ်း့နိုင်သလော၊ ကုန်သည်သည် မစွမ်းနိုင်သလော၊ သူဆင်းရဲသည် မစွမ်းနိုင်သလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ။ မင်းသည်လည်း ရန်ကင်းစေလို ဆင်းရဲကင်းစေလိုသောမေတ္တာစိတ်ကို ပွါးခြင်းငှါ စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမ ပုဏ္ဏားသည်လည်း စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမကုန်သည်သည်လည်း စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမ သူဆင်းရဲသည်လည်း စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမဤနေရာ၌ အမျိုးလေးပါးလုံးတို့သည်လည်း ရန်ကင်းစေလို ဆင်းရဲကင်းစေလိုသော မေတ္တာစိတ်ကိုပွါးများခြင်းငှါ စွမ်းနိုင်ကြပါကုန်၏ဟု (လျှောက်၏)။ ပုဏ္ဏား ဤအတူသာလျှင် အကယ်၍မင်းမျိုးမှလည်း ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်းမြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကို သတ်ခြင်းမှကြဉ်ရှောင်အံ့။ပ။ မှန်သော အယူ ရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ် တရားကို ပြည့်စုံစေသူဖြစ်၏။ ပုဏ္ဏား ပုဏ္ဏားမျိုးမှလည်း အကယ်၍။ ပုဏ္ဏား ကုန်သည်မျိုးမှလည်း အကယ်၍။ ပုဏ္ဏားသူဆင်းရဲမျိုးမှလည်း အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်းမြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှကြဉ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။

၄၄၃။ ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ပုဏ္ဏားသည်သာ ကြေးတွန်းဆပ်ပြာကို ယူ၍မြစ်သို့သွားလျက် မြူအညစ်အကြေးကို မျှောခြင်းငှါ စွမ်းနိုင်သလော၊ မင်းမျိုးသည် မစွမ်းနိုင်သလော၊ ကုန်သည်မျိုးသည် မစွမ်းနိုင်သလော၊ သူဆင်းရဲမျိုးသည် မစွမ်းနိုင်သလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ။ အသျှင်ဂေါတမ မင်းမျိုးဖြစ်သူသည်လည်း ချေးတွန်းဆပ်ပြာကိုယူ၍ မြစ်သို့သွားလျက် မြူအညစ်အကြေးကို မျှောခြင်းငှါ စွမ်းနိုင်ပါ၏။ အသျှင်ဂေါတမ ပုဏ္ဏားသည်လည်း စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမ ကုန်သည်သည်လည်း စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမ သူဆင်းရဲသည်လည်း စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမ အလုံးစုံလည်းဖြစ်ကုန်သော အမျိုးလေးပါးတို့သည် ကြေးတွန်းဆပ်ပြာကို ယူ၍ မြစ်သို့ သွားလျက် မြူအညစ်အကြေးကို မျှောခြင်းငှါ စွမ်းနိုင်ပါကုန်၏ဟု (လျှောက်၏)။

ပုဏ္ဏား ဤအတူသာလျှင် အကယ်၍ မင်းမျိုးမှလည်း လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြား အံ့၊ ထိုသူသည်လည်း မြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှ ကြဉ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။

ပုဏ္ဏား ပုဏ္ဏား မျိုးမှလည်း အကယ်၍။ ပုဏ္ဏား ကုန်သည်မျိုးမှလည်း အကယ်၍။ ပုဏ္ဏားသူဆင်းရဲမျိုးမှလည်း အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်းမြတ်စွာဘုရား ဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကို သတ်ခြင်းမှကြဉ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။

၄၄၄။ ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ ရေမြေကို အစိုးရသော ဦးထိပ်၌အဘိသိက်သွန်းပြီးသော မင်းသည် အထူးထူးသော ဇာတ် အမျိုးရှိကုန်သော တစ်ရာသောယောကျာ်းတို့ကို စည်းဝေးစေ၏၊ အချင်းတို့ လာကြကုန်လော့၊ မင်းမျိုး ပုဏ္ဏားမျိုး မြို့စားမျိုးဖြစ်ကုန်သော သူတို့သည် မီးပွတ်ခုံကိုယူ၍ ကျွန်းသား အင်ကြင်းသား ထင်းရှူးသား စန္ဒကူးသား ကြာပဒုမ္မာသား၏ မီးကို ဖြစ်စေကြကုန်လော့၊ တေဇောဓာတ်ကို ပြုကြကုန်လော့၊ ထိုမှတစ်ပါး အချင်းတို့ လာကြကုန်လော့၊ ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုး နှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက်သွန် (ဘင်ကျုံး) မျိုးဖြစ်ကုန်သော သူတို့သည် မီးပွတ်ခုံကို ယူ၍ ခွေးစားကျင်း ဝက်စားကျင်း ဆိုးရည်စားကျင်း ကြက်ဆူသားထင်း၏ မီးကို ဖြစ်စေကြကုန်လော့၊ တေဇောဓာတ်ကို ပြုကြကုန်လော့ဟု (အမိန့်ချမှတ်ရာ၏)။

ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ မင်းမျိုး ပုဏ္ဏားမျိုး မြို့စားမျိုးဖြစ်သော သူတို့သည် မီးပွတ်ခုံကိုယူ၍ ကျွန်းသား အင်ကြင်းသား ထင်းရှူးသား စန္ဒကူးသား ကြာပဒုမ္မာသား၏မီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကို ပြုထား၏၊ ထိုမီးတေဇောဓာတ်သည်သာလျှင် အလျှံရှိသည် အဆင်းရှိသည် အရောင်ရှိသည် ဖြစ်ရာသလော၊ ထိုမီးဖြင့်သာလျှင်လည်း မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ပြုစွမ်းနိုင်လေသလော။

ထိုမှတစ်ပါး ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုး နှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက်သွန် (ဘင်ကျုံး) မျိုးဖြစ်ကုန်သော သူတို့သည် မီးပွတ်ခုံကိုယူ၍ ခွေးစားကျင်း ဝက်စားကျင်း ဆိုးရည်စားကျင်းကြက်ဆူသားထင်း၏ မီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကို ပြုထား၏၊ ထိုမီးတေဇောဓာတ်သည် အလျှံမရှိသည် အဆင်းမရှိသည် အရောင်မရှိသည် ဖြစ်ရာသလော၊ ထိုမီးဖြင့်လည်း မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကိုပြုခြင်းငှါလည်း မစွမ်းနိုင်လေသလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ။ အသျှင်ဂေါတမ မင်းမျိုး ပုဏ္ဏားမျိုး မြို့စားမျိုးဖြစ်သောသူတို့သည် မီးပွတ်ခုံကို ယူ၍ ကျွန်းသား အင်ကြင်းသား ထင်းရှူးသား စန္ဒကူးသား ကြာပဒုမ္မာသားမီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကို ပြုထား၏၊ ထိုမီးတေဇောဓာတ်သည် အလျှံရှိသည် အဆင်းရှိသည်အရောင်ရှိသည် ဖြစ်ရာပါ၏၊ ထိုမီးဖြင့်လည်း မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ပြုခြင်းငှါ စွမ်းနိုင်ရာပါ၏။

ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုး နှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက်သွန် (ဘင်ကျုံး) မျိုးဖြစ်ကုန်သော သူတို့သည် မီးပွတ်ခုံကိုယူ၍ ခွေးစားကျင်း ဝက်စားကျင်း ဆိုးရည်စားကျင်း ကြက်ဆူသားထင်း မီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကို ပြုထား၏၊ ထိုမီးတေဇောဓာတ်သည်လည်း အလျှံရှိသည်အဆင်းရှိသည် အရောင်ရှိသည်သာ ဖြစ်ရာပါ၏၊ ထိုမီးဖြင့်လည်း မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ပြုခြင်းငှါစွမ်းနိုင်ပါ၏။ အသျှင်ဂေါတမ အလုံးစုံသော မီးသည်ပင် အလျှံရှိပါ၏၊ အဆင်းရှိပါ၏၊ အရောင်ရှိပါ၏၊ အလုံးစုံသော မီးဖြင့်ပင် မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ပြုခြင်းငှါ စွမ်းနိုင်ပါ၏ဟု (လျှောက်၏)။

ပုဏ္ဏား ဤအတူသာလျှင် မင်းမျိုးမှလည်း အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြား အံ့၊ ထိုသူသည်လည်း မြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှ ကြဉ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။

ပုဏ္ဏား ပုဏ္ဏားမျိုးမှလည်း အကယ်၍။ ပုဏ္ဏား ကုန်သည်မျိုးမှလည်း အကယ်၍။ ပုဏ္ဏားသူဆင်းရဲမျိုးမှလည်း အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်းမြတ်စွာဘုရား ဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှ ကြဉ်ရှောင်အံ့၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ကြဉ်ရှောင်အံ့၊ မမြတ်သော မေထုန်အကျင့်မှ ကြဉ်ရှောင်အံ့၊ မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဉ်ရှောင်အံ့၊ ကုန်းစကားမှ ကြဉ်ရှောင်အံ့၊ ကြမ်းတမ်းသောစကားမှ ကြဉ်ရှောင်အံ့၊ ပြိန်ဖျင်းသော စကားမှ ကြဉ်ရှောင်အံ့၊ သူ့ဥစ္စာ မတရားလိုချင်မှုကို ရှေးရှုမကြံအံ့၊ သူတစ်ပါးပျက်စီးရန်မကြံအံ့၊ မှန်သော အယူရှိသည် ဖြစ်အံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည်ရှိသော် ဧသုကာရီပုဏ္ဏားသည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ အစပြု၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု ဤစကားကို လျှောက်ထားလေသတည်း။

ခြောက်ခုမြောက် ဧသုကာရီသုတ် ပြီး၏။