မဇ္ဈိမနိကာယ်

၇—ဓနဉ္ဇာနိသုတ်

၄၄၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် များစွာသော ရဟန်းအပေါင်းနှင့်အတူ ဒက္ခိဏာဂိရိ ဇနပုဒ်သို့ ဒေသစာရီ ကြွချီတော်မူ၏။ ထိုအခါ တစ်ပါးသော ရဟန်းသည် ရာဇဂြိုဟ်ပြည်၌ ဝါကျွတ်ခဲ့၍ ဒက္ခိဏာဂိရိဇနပုဒ် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်ကာ အသျှင်သာရိပုတြာနှင့်အတူဝမ်းမြောက်ဝမ်းသာ စကား ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေ၏။ တစ်ခုသော နေရာ၌ ထိုင်နေသော ထိုရဟန်းကို အသျှင်သာရိပုတြာသည် ဤသို့သော စကားကို မေးမြန်း၏— “ငါ့သျှင် အသို့ပါနည်း၊ မြတ်စွာဘုရားသည်အနာကင်းပါ၏လော၊ အားရှိပါ၏လော”ဟု (မေးမြန်း၏)။ ငါ့သျှင် မြတ်စွာဘုရားသည် အနာကင်းပါ၏အားရှိပါ၏ဟု (လျှောက်၏)။ ငါ့သျှင် အသို့ပါနည်း ရဟန်းအပေါင်းသည် အနာကင်းပါ၏လော၊ အားရှိပါ၏လောဟု (မေးမြန်း၏)။ ငါ့သျှင် ရဟန်းအပေါင်းလည်း အနာကင်းပါ၏ အားရှိပါ၏ဟု (လျှောက်၏)။ ငါ့သျှင် တဏ္ဍုလပါလီ တံခါးအနီး၌ နေသော ဓနဉ္ဇာနိပုဏ္ဏားသည် အသို့ပါနည်း၊ အနာကင်းပါ၏လော၊ အားရှိပါ၏လောဟု (မေးမြန်း၏)။ ငါ့သျှင် ဓနဉ္ဇာနိပုဏ္ဏားသည်လည်း အနာကင်းပါ၏၊ အားရှိပါ၏ဟု (လျှောက်၏)။ ငါ့သျှင် အသို့ပါနည်း၊ ဓနဉ္ဇာနီပုဏ္ဏားသည် မမေ့မလျော့ရှိပါ၏လောဟု (မေးမြန်း၏)။ ငါ့သျှင် ဓနဉ္ဇာနိပုဏ္ဏားအား မမေ့မလျော့ခြင်းသည် အဘယ်မှာ ရှိပါအံ့နည်း၊ ငါ့သျှင် ဓနဉ္ဇာနိပုဏ္ဏားသည်မင်းကို အမှီပြု၍ ပုဏ္ဏားသူကြွယ်တို့ကို လုယက်၏၊ ပုဏ္ဏားသူကြယ်တို့ကို အမှီပြု၍ မင်းကို လုယက်၏၊ ထိုဓနဉ္ဇာနီပုဏ္ဏား၏ သဒ္ဓါတရားရှိသောအမျိုးမှ ဆောင်ယူထားသော သဒ္ဓါတရားရှိသော မယားသည်လည်းသေခဲ့ပြီ။ ထိုဓနဉ္ဇာနိ ပုဏ္ဏားသည် တစ်ပါးသော သဒ္ဓါတရားမရှိသော အမျိုးမှ သဒ္ဓါတရားမရှိသောမယားကို ဆောင်ခဲ့၏။ ငါ့သျှင် ငါတို့သည် မကောင်းသဖြင့် ကြားရသည်ကို ကြားကြရပေကုန်၏၊ ငါ့သျှင် ငါတို့သည် မကောင်းသဖြင့် ကြားရသည်ကို ကြားကြရပေကုန်၏၊ ငါတို့သည် မေ့လျော့သောဓနဉ္ဇာနိ ပုဏ္ဏားကို ကြားကြကုန်၏၊ အကယ်၍ ငါတို့သည် ဓနဉ္ဇာနိပုဏ္ဏားနှင့် တစ်ရံတစ်ခါ တွေ့ဆုံကြရမူတစ်စုံတစ်ခုသော စကားပြောဆိုမှု ဖြစ်ကောင်းဖြစ်တန် ရာ၏ဟု (ဆို၏)။

၄၄၆။ ထိုအခါ အသျှင်သာရိပုတြာမထေရ်သည် ဒက္ခိဏာဂိရိဇနပုဒ်၌ မွေ့လျော်သမျှ နေတော်မူ၍ရာဇဂြိုဟ်ပြည်သို့ ဒေသစာရီ ကြွတော်မူ၏၊ အစဉ်အတိုင်း ဒေသစာရီ ကြွတော်မူသည်ရှိသော် ရာဇဂြိုဟ်ပြည်သို့ ရောက်လေ၏၊ အသျှင်သာရိပုတြာသည် ထိုရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ နေတော်မူ၏၊ ထိုအခါ အသျှင်သာရိပုတြာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍သပိတ်သင်္ကန်းကို ယူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းအလို့ငှါ ဝင်လေ၏၊ ထိုအခါ ဓနဉ္ဇာနိပုဏ္ဏားသည်မြို့ပြင်နွားခြံ၌ နွားတို့ကို နို့ညစ်စေ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံ၍ဆွမ်းခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီးနောက် ဓနဉ္ဇာနိပုဏ္ဏားထံသို့ ချဉ်းကပ်လေ၏၊ ဓနဉ္ဇာနိပုဏ္ဏားသည်အဝေးကသာလျှင် ကြွလာသော အသျှင်သာရိပုတြာကို မြင်လေ၍ အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်ကာအသျှင်သာရိပုတြာကို “အသျှင်သာရိပုတြာ ဤနို့ခွက်ထဲမှ နွားနို့သစ်ကို သောက်ပါလော့၊ ထိုသောက်စဉ်ပင် ဆွမ်းစားအံ့သော အချိန်အခါသည် ဖြစ်ပါလတ္တံ့”ဟု ဤစကားကို လျှောက်၏။ ပုဏ္ဏားတော်ပြီ၊ ငါသည် ယနေ့ ဆွမ်းစားခြင်းကိစ္စကို ပြုပြီးပြီ၊ ငါသည် ဤအမည်ရှိသော သစ်ပင်ရင်း၌နေ့သန့်စင်နေအံ့၊ ထို သစ်ပင်ရင်းသို့ သင် လာခဲ့လော့ဟု (ဆို၏)။ “အသျှင် ကောင်းပါပြီ”ဟူ၍သာလျှင်ဓနဉ္ဇာနိပုဏ္ဏားသည် အသျှင်သာရိပုတြာအား ပြန်၍ လျှောက်ကြား၏။

ထိုအခါ ဓနဉ္ဇာနိပုဏ္ဏားသည် နံနက်စာ စားပြီးနောက် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး့ဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေပြီးသော ဓနဉ္ဇာနိပုဏ္ဏားကို အသျှင်သာရိပုတြာသည် “ဓနဉ္ဇာနိပုဏ္ဏား သင်သည် မမေ့မလျော့ ရှိပါ၏လော”ဟု (မေး၏)။ အသျှင်သာရိပုတြာအကျွန်ုပ်တို့အား မမေ့မလျော့ဘဲ အဘယ်မှာရှိပါအံ့နည်း၊ အကျွန်ုပ်တို့သည် အမိအဖကို လုပ်ကျွေးရ၏၊ သားမယားကို လုပ်ကျွေးရ၏၊ ကျွန်အမှုလုပ်တို့ကို လုပ်ကျွေးရ၏၊ မိတ်ဆွေခင်ပွန်းတို့အား မိတ်ဆွေခင်ပွန်းကိစ္စကို ပြုရ၏၊ ဆွေမျိုးသားချင်းတို့အား ဆွေမျိုးသားချင်းကိစ္စကို ပြုရ၏၊ ဧည့်သည်တို့အားဧည့်သည်ကို ပြုရသော ဝတ္တရားကို ပြုရ၏၊ ရှေးအခါက သေပြီးသူတို့အား ရှေးကသေပြီးသူ၌ ပြုရသောဝတ်ကို ပြုရ၏၊ နတ်တို့အား နတ်အလျောက် ပြုဖွယ်ကိစ္စကို ပြုရ၏၊ မင်းအား မင်းအလျောက်ပြုဖွယ်ကိစ္စကို ပြုရ၏၊ ဤခန္ဓာကိုယ်ကိုလည်း ပြည့်ဖြိုးစေရ၏၊ ပွါးစေရ၏ဟု (လျှောက်၏)။

၄၄၇။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သော သူသည်မိဘတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကို မတရားသောအကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည် မိဘတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကိုကျင်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် ထိုသူ၏ အမိအဖတို့ကသော်လည်း “ဤသူသည် ငါတို့ကို အကြောင်းပြု၍မတရားသောအကျင့် မမျှတ သောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကားမရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဉ် သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သောသူသည် သား မယားကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကို မတရားသော အကျင့်မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူ သည်”ငါသည်ကား သားမယားကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် သားမယားတို့ကသော်လည်း “ဤသူကား ငါတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု တောင်းပန်၍ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဉ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သောသူသည် ကျွန်အမှု လုပ်ယောကျာ်းကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကိုမတရားသော အကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည်ကား ကျွန်အမှုလုပ်ယောကျာ်းကို အကြောင်းပြု၍ မတရားသောအကျင့်မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် ကျွန်အမှုလုပ်ယောကျာ်းတို့ကသော်လည်း “ဤသူကား ငါတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဉ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သောသူသည် မိတ်ဆွေ့ခင်ပွန်းတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကို မတရားသောအကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည်ကား မိတ်ဆွေခင်ပွန်းတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်း အံ့လော။ ထိုသို့မဟုတ် မိတ်ဆွေခင်ပွန်းတို့ကသော်လည်း “ဤသူကား ငါတို့ကိုအကြောင်းပြု၍ မတရား သောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကိုငရဲသို့ ဆွဲမချကြပါကုန် လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဉ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သောသူသည် ဆွေမျိုးသားချင်းတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကိုမတရားသောအကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည်ကား ဆွေမျိုးသားချင်းတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် ဆွေမျိုးသားချင်းတို့ကသော်လည်း “ဤသူကား ငါတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဉ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သောသူသည် ဧည့်သည်တို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကို မတရားသောအကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည်ကား ဧည့်သည်တို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကိုကျင့်ခဲ့ပါ ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့ မဟုတ် ထိုသူ၏ ဧည့်သည်တို့ကသော်လည်း “ဤသူကား ငါတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကိုငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်း ပန်၍) ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဉ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤ လောက၌ အချို့သော သူသည် ရှေးကသေပြီးသူတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကိုမတရားသောအကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည်ကား ရှေးက သေပြီးသူတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် ရှေးက သေပြီးသူတို့ကသော်လည်း “ဤသူကား ငါတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်း အံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဉ်သာလျှင် ငရဲ ထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သော သူသည် နတ်တို့ကို့အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကို မတရားသော အကျင့်မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထို သူသည်”ငါသည်ကား နတ်တို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် နတ်တို့ကသော်လည်း “ဤသူကား ငါတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့ လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကိုငိုကြွေးစဉ် သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သော သူသည် မင်းတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကို မတရားသော အကျင့်မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည်”ငါသည်ကား မင်းကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် ထိုသူ၏ မင်းကသော်လည်း “ဤသူကား ငါ့ကို အကြောင်းပြု၍ မတရားသောအကျင့်မမျှတသောအကျင့် ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့ လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာထိုသူကို ငိုကြွေးစဉ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သောသူသည် ကိုယ်ပြည့်ဖြိုးရန် အကြောင်းပြု၍ ပွါးစီးရန် အကြောင်းပြု၍ မတရားသော အကျင့် မမျှတသော အကျင့်ကိုကျင့်ငြားအံ့၊ ထိုသူကို မတရားသောအကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည်ကား ကိုယ်ပြည့်ဖြိုးရန် အကြောင်းပြု၍ ပွါးစီးရန်အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် ထိုသူ၏တစ်ပါးသောသူတို့က သော်လည်း “ဤသူကား ကိုယ်ပြည့်ဖြိုးရန် အကြောင်းပြု၍ ပွါးစီးရန်အကြောင်းပြု၍ မတရားသော အကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကိုငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဉ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။

၄၄၈။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည် မိဘတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ရာ၏၊ အကြင်သူသည်ကား မိဘတို့ကိုအကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်ရာ၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည် မိဘတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ရာ၏၊ ထိုသူသည် မမြတ်ပါ၊ အသျှင်သာရိပုတြာ အကြင်သူသည်ကား မိဘတို့ကိုအကြောင်းပြု၍ တရားသောအကျင့် မျှတသော အကျင့်ကို ကျင့်ရာပါ၏၊ ထိုသူသည်သာလျှင် မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့် မမျှတသော အကျင့်ကို ကျင့်ခြင်းထက် တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်ခြင်းသည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ တစ်ပါးသောသူတို့အတွက် ပြုလုပ်ရကုန်သော တရားနှင့်လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် အမိအဖတို့ကို လုပ်ကျွေးခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်အမှုကို မပြုခြင်းငှါလည်းကောင်း၊ ကုသိုလ်ကောင်းမှု့အကျင့်ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်၏။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည် သားမယားကို အကြောင်း ပြု၍မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကား သားမယားကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်ရာ၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည် သားမယားကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာ အကြင်သူသည်ကား သားမယားကိုအကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်ရာ၏၊ ထိုသူသည်သာလျှင် မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့် မမျှတသောအကျင့်ထက် တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက် ပြုလုပ်ရကုန်သော တရားနှင့် လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် သားမယားကို လုပ်ကျွေးခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်မှုကို မပြုခြင်းငှါလည်းကောင်း၊ ကုသိုလ် ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်၏။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည် ကျွန်အမှုလုပ်ယောကျာ်းကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကား ကျွန် အမှုလုပ်ယောကျာ်းကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည် ကျွန်အမှုလုပ်ယောကျာ်းကို အကြောင်းပြု၍မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည် မြတ်သည် မဖြစ်ပါ။ အသျှင်သာရိပုတြာအကြင်သူသည်ကား ကျွန်အမှုလုပ်ယောကျာ်းကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကိုကျင့်၏၊ ထိုသူသည်သာလျှင် မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့်မမျှတသောအကျင့်ထက် တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိသူတစ်ပါးတို့အတွက် ပြုလုပ်ရကုန်သော တရားနှင့် လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် ကျွန်အမှုလုပ် ယောကျာ်းတို့ကို ကျွေးမွေးခြင်းငှါလည်းကောင်း၊ ယုတ်မာသောအကုသိုလ်မှုကို မပြုခြင်းငှါလည်းကောင်း၊ ကုသိုလ်ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်းစွမ်းနိုင်၏။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည်ကား မိတ်ဆွေ ခင်ပွန်းတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကားမိတ်ဆွေခင်ပွန်း တို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည်ကားမိတ်ဆွေခင်ပွန်းတို့ကို အကြောင်းပြု၍ မတရားသော အကျင့် မမျှတသော အကျင့်ကို ကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာ အကြင်သူသည်ကား မိတ်ဆွေ ခင်ပွန်းတို့ကို အကြောင်းပြု၍တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည် သာလျှင် မြတ်ပါ၏။ အသျှင်သာရိပုတြာမတရားသောအကျင့် မမျှတသောအကျင့်ထက် တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက် ပြုလုပ်ရကုန်သော တရားနှင့် လျော်ကုန်သောအမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် မိတ်ဆွေခင်ပွန်းတို့အားလည်း မိတ်ဆွေခင်ပွန်းကိစ္စကိုပြုခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်မှုကို မပြုခြင်းငှါလည်းကောင်း၊ ကုသိုလ်ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်ပါ၏။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည်ကား ဆွေမျိုး သားချင်းတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကား ဆွေမျိုး့သားချင်းတို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည်ကား ဆွေမျိုးသားချင်းတို့ကို အကြောင်းပြု၍မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာ အကြင်သူသည်ကား ဆွေမျိုးသားချင်းတို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည်သာလျှင် မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့် မမျှတသောအကျင့်ထက်တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက်ပြုလုပ်ရကုန်သော တရားနှင့်လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် ဆွေမျိုးသားချင်းတို့အားလည်း ဆွေမျိုးသားချင်းကိစ္စကို ပြုခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်မှုကို မပြုခြင်းငှါလည်းကောင်း၊ ကုသိုလ်ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်ပါ၏။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည်ကား ဧည့်သည်တို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကားဧည့်သည်တို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည်မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည်ကား ဧည့်သည်တို့ကို အကြောင်းပြု၍မတရားသော အကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာအကြင်သူသည်ကား ဧည့်သည်တို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည်သာ မြတ်ပါ ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့် မမျှတသောအကျင့်ထက်တရားသောအကျင့် မျှတသော အကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက်ပြုလုပ်ရကုန်သော တရားနှင့် လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့်ဧည့်သည်တို့အားလည်း ဧည့်သည်ကိစ္စကို ပြုခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်မှုကိုမပြုခြင်းငှါလည်းကောင်း၊ ကုသိုလ်ကောင်းမှုအကျင့် ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်ပါ၏။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည်ကား ရှေးက သေပြီးသူတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကား ရှေးကသေပြီးသူတို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည်ကား ရှေးက သေပြီးသူတို့ကို အကြောင်းပြု၍မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာ အကြင်သူသည်ကား ရှေးက သေပြီးသူတို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည်သာ မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့် မမျှတသောအကျင့်ထက် တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက်ပြုလုပ်ရကုန် သော တရားနှင့် လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် ရှေးကသေပြီးသူတို့အား လည်း ရှေးက သေပြီးသူတို့ကိစ္စကို ပြုခြင်းငှါလည်းကောင်း၊ ယုတ်မာသောအကုသိုလ်မှုကို မပြုခြင်းငှါ လည်းကောင်း၊ ကုသိုလ်ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်းစွမ်းနိုင်ပါ၏။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည် နတ်တို့ကို အကြောင်းပြု၍မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကား နတ်တို့ကို အကြောင်းပြု၍တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည် နတ်တို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကိုကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာ အကြင်သူသည် နတ်တို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည်သာ မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသော အကျင့် မမျှတသောအကျင့်ထက် တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက် ပြုလုပ်ရကုန်သော တရားနှင့်လျော်ကုန်သော အမှုတို့သည်ရှိကုန်၏၊ ယင်း အမှုတို့ဖြင့် နတ်တို့အား နတ်ကိစ္စကို ပြုခြင်းငှါလည်းကောင်း၊ ယုတ်မာသောအကုသိုလ်မှုကို မပြုခြင်းငှါ လည်းကောင်း၊ ကုသိုလ်ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်းစွမ်းနိုင်ပါ၏။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည် မင်းကို အကြောင်းပြု၍မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကား မင်းကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာအကြင်သူသည် မင်းကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည်မမြတ်ပါ။ အသျှင်သာရိပုတြာ အကြင်သူသည်ကား မင်းကို အကြောင်းပြု၍ တရားသောအကျင့်မျှတသော အကျင့်ကို ကျင့်၏၊ ထိုသူသည်သာ မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့်မမျှတသော အကျင့်ထက် တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါး တို့အတွက် ပြုလုပ်ရကုန်သော တရားနှင့်လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် မင်းအား မင်းကိစ္စကို ပြုခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်မှုကိုမပြုခြင်းငှါလည်းကောင်း၊ ကုသိုလ်ကောင်းမှု အကျင့်ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်ပါ၏။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည်ကား ခန္ဓာကိုယ်ပြည့်ဖြိုးရန်အကြောင်းပြု၍ ပွါးစီးရန် အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူ သည်ကား ခန္ဓာကိုယ်ပြည့်ဖြိုးရန် အကြောင်းပြု၍ ပွါးစီးရန် အကြောင်းပြု၍ တရားသောအကျင့် မျှတသော အကျင့်ကိုကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာအကြင်သူ သည်ကား ခန္ဓာကိုယ်ပြည့်ဖြိုးရန် အကြောင်းပြု၍ ပွါးစီးရန် အကြောင်းပြု၍မတရားသောအကျင့် မမျှ တသောအကျင့်ကို ကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာအကြင်သူသည်ကား ခန္ဓာကိုယ် ပြည့်ဖြိုးရန် အကြောင်းပြု၍ ပွါးစီးရန် အကြောင်းပြု၍တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည်သာ မြတ်ပါ၏။ အသျှင်သာရိပုတြာမတရားသောအကျင့် မမျှတသောအကျင့်ထက် တရားသော အကျင့် မျှတသောအကျင့်သည်သာမြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက် ပြုလုပ်ရ ကုန်သော တရားနှင့်လျော်ကုန်သောအမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် ခန္ဓာကိုယ်ကို ပြည့်ဖြိုးစေ ခြင်းငှါလည်းကောင်း၊ ပွါးစီးစေခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်မှုကို မပြုခြင်းငှါလည်း ကောင်း၊ ကုသိုလ်ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်ပါ၏ဟု (မိန့်တော်မူ၏)။

၄၄၉။ ထိုအခါ ဓနဉ္ဇာနိပုဏ္ဏားသည် အသျှင်သာရိပုတြာ ဟောတော်မူသော တရားကို အလွန်နှစ်သက်ဝမ်းမြောက်သည်ဖြစ်၍ နေရာမှထကာ ဖဲသွား၏။ ထို့နောက် ဓနဉ္ဇာနိပုဏ္ဏားသည် တစ်ပါးသောအခါ၌ ဖျားနေ၏၊ ဒုက္ခရောက်နေ၏၊ အသည်းအသန် မမာနေ၏၊ ထိုအခါ ဓနဉ္ဇာနိပုဏ္ဏားသည် တစ်ယောက်သော ယောကျာ်းကို ခေါ်၍ “အမောင်ယောကျာ်း လာပါဦး၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ငါ၏ စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်လေလော့၊ ‘အသျှင်ဘုရား ဓနဉ္ဇာနိပုဏ္ဏားသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာနေပါ၏၊ ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏’ဟု လျှောက်ပါလေ။ အသျှင်သာရိပုတြာထံသို့လည်း ချဉ်းကပ်၍ ငါ၏စကားဖြင့်အသျှင်သာရိပုတြာ၏ ခြေတော်တို့ကို ဦးတိုက်လေလော့၊ ‘အသျှင်ဘုရား ဓနဉ္ဇာနိပုဏ္ဏားသည်ဖျားနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာနေပါ၏၊ ထိုပုဏ္ဏားသည် အသျှင်သာရိပုတြာ၏ခြေတော်တို့ကို ဦးတိုက်ပါ၏’၊ ‘အသျှင်ဘုရား တောင်းပန်ပါ၏၊ အသျှင်သာရိပုတြာသည် ဓနဉ္ဇာနိပုဏ္ဏား၏့အိမ်ဆီသို့ အစဉ်သနားသဖြင့် ချဉ်းကပ်တော်မူပါလော့’ဟု ဤသို့လည်း လျှောက်ပါလေ”ဟုမှာထားပြောဆို၏။

“အသျှင် ကောင်းပါပြီ”ဟူ၍ ထိုယောကျာ်းသည် ဓနဉ္ဇာနိပုဏ္ဏားအား ပြန်ကြား၍ မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်၏၊ သင့်လျော် ရာ၌ ထိုင်ပြီးသော ထိုယောကျာ်းသည် မြတ်စွာဘုရားကို “အသျှင်ဘုရား ဓနဉ္ဇာနိပုဏ္ဏားသည်ဖျားနာနေ ပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာနေပါ၏၊ ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ခြေတော်တို့ကို ဦးတိုက်လိုက်ပါ၏”ဟု ဤစကားကို လျှောက်၏။ အသျှင်သာရိပုတြာထံသို့လည်းချဉ်းကပ်၍ အသျှင် သာရိပုတြာကို အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ကာ “အသျှင်ဘုရားဓနဉ္ဇာနိပုဏ္ဏားသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာနေပါ၏၊ ထိုပုဏ္ဏားသည်အသျှင်သာရိပုတြာ၏ ခြေတော်တို့ကို ဦးတိုက်ပါ၏။ ‘အသျှင်ဘုရား တောင်းပန်ပါ၏၊ အသျှင်သာရိပုတြာသည် အစဉ်သနား သဖြင့် ဓနဉ္ဇာနိပုဏ္ဏား၏ အိမ်ဆီသို့ ချဉ်းကပ်တော်မူပါ’ဟုဤသို့လည်း လျှောက်လိုက်ပါ၏”ဟူ၍ လျှောက်၏။ အသျှင်သာရိပုတြာသည် ဆိတ်ဆိတ်နေသဖြင့်လက်ခံတော်မူ၏။

၄၅ဝ။ ထိုအခါ အသျှင်သာရိပုတြာသည် သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင်ဓနဉ္ဇာနိပုဏ္ဏား၏အိမ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်ကာ ဓနဉ္ဇာနိပုဏ္ဏားကို “ဓနဉ္ဇာနိ အသို့နည်း၊ သင့်အား ခံ့ကျန်းပါ၏လော၊ မျှတပါ၏လော၊ ဒုက္ခဝေဒနာတို့သည် ဆုတ်ယုတ်ပါကုန်၏လော၊ မတိုးတက်ဘဲ ရှိပါကုန်၏လော၊ ဆုတ်ယုတ်သောအရာသည် ထင်ပါ၏လော၊ တိုးတက်သော အရာသည်မထင်ဘဲ ရှိပါ၏လော”ဟု ဤစကားကို မေးမြန်းပြောဆို၏။ အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်သော ဝေဒနာတို့သည် တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သောအရာသည် ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ။

အသျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသောယောကျာ်းသည် ထက်လှစွာသော ခက်ရင်းဖြင့်ထိပ်ကိုထိုး၍ နှိိပ်ဘိသကဲ့သို့ အသျှင်သာရိပုတြာ ဤအတူသာလျှင် ပြင်းထန်သော လေတို့သည် ထိပ်၌ထိုးကျင့်ပါကုန်၏၊ အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သောဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ။

အသျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသောယောကျာ်းသည် မြဲမြံခိုင်ခံ့သော ကြိုးပိုင်းဖြင့် ဦးခေါင်းကိုရစ်ပတ်ခြင်းကို ပေးရာသကဲ့သို့ အသျှင်သာရိပုတြာ ဤအတူသာလျှင် ဦးခေါင်း၌ အလွန်ပြင်းထန်ကုန်သော ဦးခေါင်းကိုက်ဝေဒနာတို့သည် ဖြစ်ပါကုန်၏၊ အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ ရှေ့သို့တိုးတက်သော အရာသည်သာ ထင်ပါ၏၊ နောက်သို့ဆုတ်ယုတ်သောအရာသည် မထင်ပါ။

အသျှင်သာရိပုတြာ ဥပမာအားဖြင့် လိမ္မာသော နွားသတ်ယောကျာ်းသည်လည်းကောင်း နွားသတ်ယောကျာ်း၏ တပည့်သည်လည်းကောင်း ထက်လှစွာသော သားလှီးဓားဖြင့် ဝမ်းကို ရစ်၍ လှီးဘိသကဲ့သို့အသျှင်သာရိပုတြာ ဤအတူသာလျှင် ပြင်းထန်ကုန်သော လေတို့သည် ဝမ်းကို ရစ်ကုန်၏၊ အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ ရှေ့သို့ တိုးတက်သော အရာသည်သာထင်ပါ၏၊ နောက်သို့ ဆုတ်ယုတ်သော အရာသည် မထင်ပါ။

အသျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျာ်းနှစ်ယောက်တို့သည် အားနည်းသော ယောကျာ်းတစ်ယောက်ကို အသီးအသီး လက်မောင်းတို့၌ ကိုင်တွယ်၍ မီးကျီးစု၌ ကင်ကုန်ရာသကဲ့သို့အပြန်အလှန် ကင်ကုန်ရာသကဲ့သို့ အသျှင်သာရိပုတြာ ဤအတူသာလျှင် ခန္ဓာကိုယ်၌ ပြင်းပြင်းထန်ထန်ပူလောင်ခြင်းသည် ဖြစ်ပါ၏၊ အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အားပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်။ ရှေ့သို့တိုးတက်သော အရာသည်သာ ထင်ပါ၏၊ နောက်သို့ ဆုတ်ယုတ်သောအရာသည် မထင်ပါဟု (လျှောက်၏)။

၄၅၁။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ငရဲသားသည်လည်းကောင်း၊ တိရစ္ဆာန်သည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ ငရဲသားထက်တိရစ္ဆာန် သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ တိရစ္ဆာန်သည် လည်းကောင်း၊ ပြိတ္တာသည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ တိရစ္ဆာန်ထက် ပြိတ္တာသည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကိုအဘယ်သို့ မှတ်ထင်ဘိ သနည်း၊ ပြိတ္တာသည်လည်းကောင်း၊ လူတို့သည်လည်းကောင်း အဘယ်သည်မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ ပြိတ္တာထက် လူတို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ လူတို့သည်လည်းကောင်း၊ စာတုမဟာရာဇ်နတ်တို့သည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာလူတို့ထက် စာတုမဟာရာဇ်နတ်တို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့မှတ်ထင်ဘိသနည်း၊ စာတုမဟာရာဇ်နတ်တို့သည် လည်းကောင်း၊ တာဝတိံ သာနတ်တို့သည်လည်းကောင်းအဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင် သာရိပုတြာ စာတုမဟာရာဇ်နတ်တို့ထက်တာဝတိံ သာနတ်တို့သည် မြတ်ပါ၏ဟု (လျှောက်၏)။

ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ တာဝတိံ သာနတ်တို့သည်လည်းကောင်း၊ ယာမာနတ်တို့သည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာတာဝတိံ သာနတ်တို့ထက် ယာမာနတ်တို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ယာမာနတ်တို့သည်လည်းကောင်း၊ တုသိတာနတ်တို့သည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ ယာမာနတ်တို့ထက် တုသိတာနတ်တို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ တုသိတာနတ်တို့သည်လည်းကောင်း၊ နိမ္မာနရတိနတ်တို့သည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ တုသိတာနတ်တို့ထက် နိမ္မာနရတိနတ်တို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ နိမ္မာနရတိနတ်တို့သည်လည်းကောင်း၊ ပရနိမ္မိတဝသဝတ္တီနတ်တို့သည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ နိမ္မာနရတိနတ်တို့ထက် ပရနိမ္မိတဝသဝတ္တီနတ်တို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့မှတ်ထင်ဘိသနည်း၊ ပရနိမ္မိတဝသဝတ္တီနတ်တို့သည်လည်းကောင်း၊ ဗြဟ္မာ့ပြည်လောကသည်လည်းကောင်းအဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာသည် ဗြဟ္မာ့ပြည်လောကဟူ၍ ဆိုပါသလော၊ အသျှင်သာရိပုတြာသည် ဗြဟ္မာ့ပြည်လောကဟူ၍ ဆိုပါသလောဟု (လျှောက်၏)။

ထိုအခါ အသျှင်သာရိပုတြာအား “ဤပုဏ္ဏားတို့သည်ကား ဗြဟ္မာ့ပြည်သို့ ညွတ်သော စိတ်ရှိကုန်၏၊ အကယ်၍ ငါသည် ဓနဉ္ဇာနိပုဏ္ဏားအား ဗြဟ္မာတို့၏ အပေါင်းအဖော်ဖြစ်စေခြင်းငှါ ဗြဟ္မာ့ပြည်ရောက်ကြောင်းတရားကို ဟောကြားရမူ ကောင်းလေရာ၏”ဟု ဤသို့သော အကြံသည် ဖြစ်လေ၏။ ဓနဉ္ဇာနိသင့်အား ငါသည် ဗြဟ္မာတို့၏ အပေါင်းအဖော် ဖြစ်စေခြင်းငှါ ဗြဟ္မာ့ပြည်ရောက်ကြောင်း တရားကိုဟောကြားပေအံ့၊ ထိုတရားကို သင်နာယူလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ငါဟောပေအံ့ဟု (ဆို၏)။ ့“အသျှင် ကောင်းပါပြီ” ဟူ၍သာလျှင် ဓနဉ္ဇာနိပုဏ္ဏားသည် အသျှင်သာရိပုတြာအား ပြန်ကြား၏၊ အသျှင်သာရိပုတြာသည် ဤသို့သောစကားကို ဟောကြား၏ “ဓနဉ္ဇာနိ ဗြဟ္မာတို့၏ အပေါင်းအဖော်ဖြစ်စေခြင်းငှါ ဗြဟ္မာ့ပြည်ရောက်ကြောင်း တရားကား အဘယ်နည်းဟူမူ— ဓနဉ္ဇာနိ ဤလောက၌ရဟန်းသည် မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူနှစ်ခုမြောက်သောအရပ်ကို။ ထို့အတူ သုံးခုမြောက်သောအရပ်ကို။ ထို့အတူ လေးခုမြောက်သောအရပ်ကို။ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသောအရပ်အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သောအပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော ချစ်ခြင်းမေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍နေ၏။ ဓနဉ္ဇာနိ ဤတရားကား ဗြဟ္မာတို့၏ အပေါင်းအဖော်ဖြစ်စေခြင်းငှါ ဗြဟ္မာ့ပြည်ရောက်ကြောင်းခရီးတည်း။

၄၅၂။ ဓနဉ္ဇာနိ တစ်ဖန်လည်း ရဟန်းသည် ကရုဏာနှင့်တကွဖြစ်သော စိတ်ဖြင့်။ပ။ မုဒိတာနှင့် တကွဖြစ်သော စိတ်ဖြင့်။ ဥပေက္ခာနှင့်တကွဖြစ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ ထို့အတူ သုံးခုမြောက်အရပ်ကို။ ထို့အတူ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသောအရပ် အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော လျစ်လျူရှုခြင်း ဥပေက္ခာနှင့် တကွဖြစ်သော စိတ်ဖြင့်ပျံ့နှံ ့စေ၍ နေ၏။ ဓနဉ္ဇာနိ ဤတရားသည်ကား ဗြဟ္မာတို့၏အပေါင်းအဖော်ဖြစ်စေခြင်းငှါ ဗြဟ္မာ့ပြည်ရောက်ကြောင်း ခရီးတည်းဟု (မိန့်ဆို၏)။ အသျှင်သာရိပုတြာ သို့ဖြစ်ပါမူ အကျွန်ုပ်၏စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါလော့၊ “အသျှင်ဘုရား ဓနဉ္ဇာနိပုဏ္ဏားသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာနေပါ၏၊ ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏”ဟု လျှောက်ထားပါဟူ၍ မှာကြားလိုက်၏။

ထိုအခါ အသျှင်သာရိပုတြာသည် ဓနဉ္ဇာနိပုဏ္ဏားကို အထက်မဂ်ဖိုလ် ပြုဖွယ်ကိစ္စရှိပါလျက် ယုတ်ညံ့ သောဗြဟ္မာ့ပြည်လောကသို့ ရောက်ကြောင်းအကျင့်၌ တည်စေ၍ နေရာမှထကာ ဖဲသွား၏။ ထိုအခါဓနဉ္ဇာနိပုဏ္ဏားသည် အသျှင်သာရိပုတြာ ဖဲသွား၍ မကြာမြင့်မီ သေဆုံး၍ ဗြဟ္မာ့ပြည်သို့လည်းကပ်ရောက်၏။

၄၅၃။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့ ဤသာရိပုတြာသည် ဓနဉ္ဇာနိပုဏ္ဏား ကိုအထက်မဂ်ဖိုလ် ပြုဖွယ်ကိစ္စရှိပါလျက် ယုတ်ညံ့သော ဗြဟ္မာ့ပြည်လောကသို့ ရောက်ကြောင်းအကျင့်၌တည်စေ၍ နေရာမှထကာ ဖဲသွား၏”ဟု မိန့်ကြားတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ထိုင်ကာ မြတ်စွာဘုရားကို “အသျှင်ဘုရား ဓနဉ္ဇာနီပုဏ္ဏားသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန်မမာနေပါ၏၊ ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်လိုက်ပါ၏”ဟု ဤသို့သောစကားကို လျှောက်၏။ သာရိပုတြာ အဘယ့်ကြောင့် သင်သည် ဓနဉ္ဇာနိပုဏ္ဏားကို အထက်မဂ်ဖိုလ်ပြုဖွယ် ကိစ္စရှိပါလျက် ယုတ်ညံ့သော ဗြဟ္မာ့ပြည်လောကသို့ ရောက်ကြောင်းအကျင့်၌ တည်စေ၍နေရာမှထကာ ဖဲလာဘိသနည်းဟု မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်မှာ “ဤပုဏ္ဏားတို့သည်ဗြဟ္မာ့ပြည်လောက သို့ ကိုင်းညွတ်သော စိတ်ရှိကြကုန်၏၊ အကယ်၍ ငါသည် ဓနဉ္ဇာနီ ပုဏ္ဏားအားဗြဟ္မာတို့၏ အပေါင်း အဖော်ဖြစ်စေခြင်းငှါ ဗြဟ္မာ့ပြည်ရောက်ကြောင်းတရားကို ဟောကြားရမူကောင်းလေရာ၏”ဟု ဤသို့သော အကြံဖြစ်ခဲ့ပါ၏ဟု (လျှောက်၏)။ သာရိပုတြာ ဓနဉ္ဇာနိပုဏ္ဏားသည်သေဆုံးလေပြီ၊ ဗြဟ္မာ့ပြည်လောကသို့ လည်း ရောက်လေပြီဟု (မိန့်တော်မူ၏)။

ခုနစ်ခုမြောက် ဓနဉ္ဇာနိသုတ် ပြီး၏။