မဇ္ဈိမနိကာယ်

၈—ဝါသေဋ္ဌသုတ်

၄၅၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဣ စ္ဆာနင်္ဂလနိဂုံး ဣ စ္ဆာနင်္ဂလတောအုပ်၌ သီတင်းသုံးနေတော် မူ၏။ ထိုစဉ်အခါ၌ အလွန်ထင်ရှား ကျော်စောကုန်သော ပုဏ္ဏားသူဌေး များစွာတို့သည် ဣ စ္ဆာနင်္ဂလနိဂုံး၌တည်းခို နေကုန်၏။ ဤသူတို့ကား အဘယ်နည်း။ စင်္ကီပုဏ္ဏား တာရုက္ခပုဏ္ဏား ပေါက္ခရသာတိပုဏ္ဏားဇာဏေုဿာဏိ ပုဏ္ဏား တောဒေယျပုဏ္ဏားနှင့် အလွန်ထင်ရှား ကျော်စောကုန်သော အခြားပုဏ္ဏားသူဌေးတို့ပေတည်း။ ထိုအခါ အညောင်းပြေ လမ်းလျှောက်ခြင်းဖြင့် တစ်ယောက်နောက် တစ်ယောက်လိုက်ကာစင်္ကြံသွားလျက် လှည့်လည်လျက် နေကြစဉ် ဝါသေဋ္ဌနှင့် ဘာရဒွါဇလုလင်တို့အား ဤစကားအထူးသည်ဖြစ်ပေါ်၏— “အချင်း အဘယ်သို့သော အခြင်းအရာဖြင့် ဗြာဟ္မဏမည်သနည်း”ဟု (ဖြစ်ပေါ်၏)။

ဘာရဒွါဇလုလင်သည် ဤသို့ဆို၏ “အချင်း အကြင့်ကြောင့် အမိဘက် အဖဘက် နှစ်ဖက်လုံးတို့မှကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သောစကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ၊ အချင်း ဤမျှသော အတိုင်းအရှည်ဖြင့် ဗြာဟ္မဏမည်ပါ၏”ဟု (ဆို၏)။

ဝါသေဋ္ဌလုလင်သည် ဤသို့ ဆို၏ “အချင်း အကြင့်ကြောင့် သီလလည်း ရှိ၏၊ ဝတ်အကျင့်နှင့်လည်းပြည့်စုံ၏၊ အချင်း ဤမျှသောအတိုင်းအရှည်ဖြင့် ဗြာဟ္မဏမည်ပါ၏”ဟု (ဆို၏)။ ဘာရဒွါဇလုလင်သည်ဝါသေဋ္ဌလုလင်ကို သိနားလည်စေခြင်းငှါ မစွမ်းနိုင်၊ ဝါသေဋ္ဌလုလင်သည်လည်း ဘာရဒွါဇလုလင်ကိုသိနားလည်စေခြင်းငှါ မစွမ်းနိုင်။

ထိုအခါ ဝါသေဋ္ဌလုလင်သည် ဘာရဒွါဇလုလင်အား ဤသို့ ပြော၏—“အချင်းဘာရဒွါဇ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည် ဣ စ္ဆာနင်္ဂလနိဂုံး ဣ စ္ဆာနင်္ဂလတောအုပ်၌ သီတင်းသုံးနေတော်မူ၏။ ထိ်ုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ပျံ့နှံ့၍ထွက်၏—’ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း’အရဟံ’မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့်’စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း’အနုတ္တရော ပုရိသဒမ္မသာရထိ’မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသောအကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့် လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသောအကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏’ဟု (ပျံ့နှံ့၍ ထွက်၏)။

အချင်းဘာရဒွါဇ သွားကြစို့၊ ရဟန်းဂေါတမထံသို့ ချဉ်းကပ်၍ ဤအကြောင်းကို ရဟန်းဂေါတမအားမေးကုန်အံ၊ ရဟန်းဂေါတမဖြေကြားသောအတိုင်း ထို (အကြောင်း) ကို ငါတို့ မှတ်သားကုန်အံ့”ဟု (ပြောဆို၏)။ “အချင်း ကောင်းပြီ”ဟု ဘာရဒွါဇလုလင်သည် ဝါသေဋ္ဌလုလင်အား ပြန်ကြား၏။

၄၅၅။ ထိုအခါ ဝါသေဋ္ဌနှင့် ဘာရဒွါဇလုလင်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်ပြီးသော ဝါသေဋ္ဌ့လုလင်သည် မြတ်စွာဘုရားအား ဂါထာတို့ဖြင့် ရွတ်ဆိုလျှောက်ကြား၏—

“အသျှင်ဂေါတမ အကျွန်ုပ်သည် ပေါက္ခရသာတိပုဏ္ဏား၏ တပည့်ကြီးပါတည်း၊ ဤလုလင်သည်ကားတာရုက္ခပုဏ္ဏား၏ တပည့်ကြီးပါတည်း၊ အကျွန်ုပ်တို့ နှစ်ဦး လုံးကိုပင် ဗေဒင်သုံးပုံကိုတတ်မြောက်ပြီးသူများဟူ၍ ဆရာကလည်း ခွင့်ပြုပါ၏၊ အကျွန်ုပ်တို့ ကိုယ်တိုင်လည်း ဝန်ခံပါကုန်၏။

ဗေဒင်သုံးပုံတို့၏ အနက်သဘော၌ အလုံးစုံ အကြွင်းမဲ့ တတ်မြောက်ပါကုန်၏၊ အကျွန်ုပ်တို့သည်ပုဒ်ဝါကျကို ဆောင်ကုန်သည်လည်းကောင်း၊ သဒ္ဒါဗျာကရုဏ်း ကျမ်းကို ဆောင်ကုန်သည်လည်ကောင်းဖြစ်ပါကုန်၏၊ ပြောဆိုသော အရာ၌လည်း ဆရာနှင့်တူသည် ဖြစ်ပါကုန်၏။ အသျှင်ဂေါတမထိုအကျွန်ုပ်တို့အား အမျိုးဇာတ် ဝါဒကို အကြောင်းပြု၍ ပြောဆိုရာ၌ ငြင်းခုံခြင်းသည် ရှိပါ၏။

ဇာတ် အမျိုးကြောင့် ဗြာဟ္မဏမည်၏ဟု ဘာရဒွါဇသည် ဤသို့ ပြောဆိုပါ၏၊ အကျွန်ုပ်သည်ကားမိမိပြုသော အမှုကြောင့် ဗြာဟ္မဏမည်၏ဟု ပြောဆိုပါ၏၊ ငါးပါးသော စက္ခုရှိတော်မူသော မြတ်စွာဘုရားဤသို့ အကျွန်ုပ်တို့ ငြင်းခုံကြပုံကို သိတော်မူပါလော့။

ထိုအကျွန်ုတို့ နှစ်ယောက်တို့သည် အချင်းချင်း နားလည်မှုရစေခြင်းငှါ မတတ် နိုင်ကြပါကုန်၊ ထိုအကျွန်ုပ်တို့သည် (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိ၏ဟု ထင်ရှားကျော်စောသောမြတ်စွာဘုရားကို မေးလျှောက်ခြင်းငှါ လာခဲ့ခြင်း ဖြစ်ပါကုန်၏။

ယုတ်လျော့ခြင်းကို လွန်သဖြင့် ပြည့်သော လပြည့်ဝန်းအတူ လောက၌ ဂေါတမ နွယ်ဖွားအသျှင်ဘုရားကို လူအများတို့သည် ချဉ်းကပ်ကြ၍ လက်အုပ်ချီမိုး ရှိခိုး ကြကုန်လျက် ရိုသေမြတ်နိုးရှိခိုးကြပါကုန်၏။

လောက၌ မျက်စိသဖွယ် ဖြစ်ထွန်းပေါ်ပေါက်တော်မူသော အသျှင်ဂေါတမကို အကျွန်ုပ်တို့သည်မေးလျှောက်ကြပါကုန်၏၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏမည်သည် ဖြစ်ပါသလော၊ ထိုသို့မဟုတ်ပြုလုပ်ပြောဆိုသော အမှုကြောင့် ဗြာဟ္မဏမည်သည် ဖြစ်ပါသလော၊ ဗြာဟ္မဏ၏ အဖြစ်ကိုမသိကြကုန်သော အကျွန်ုပ်တို့အား သိနိုင် လောက်အောင် ဟောကြားတော်မူပါဘုရားဟု (လျှောက်၏)။

၄၅၆။ ဝါသေဋ္ဌ ငါသည် ထိုသင်တို့အား သတ္တဝါတို့၏ ဇာတ် (အမျိုး) အကျယ် ကိုဟုတ်မှန်သောအတိုင်း အစဉ်အားဖြင့် ဖြေကြားပေအံ့၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည် အချင်းချင်းကွဲပြားကြကုန်၏။

မြက်သစ်ပင်တို့ကိုလည်း သိကြကုန်လော့၊ မြက်သစ်ပင်တို့သည်ကား ပြန်၍ မသိနိုင်ကြကုန်၊ ထိုမြက်သစ်ပင်တို့၏ ပုံသဏ္ဌာန်သည် အမျိုးဇာတ်အတိုင်း ဖြစ်၏၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည်အချင်းချင်း ကွဲပြားကြကုန်၏။

ထိုမှတစ်ပါး ပေါက်ဖတ်တို့ကိုလည်းကောင်း၊ နှံကောင်တို့ကိုလည်ကောင်း၊ ပိုးရွ ခြပုန်းတိုင်အောင်သောသတ္တဝါတို့ကိုလည်းကောင်း သိကြကုန်လော့၊ ထိုသတ္တဝါတို့ ၏ ပုံသဏ္ဌာန်သည် အမျိုးဇာတ်အတိုင်းဖြစ်၏၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည် အချင်းချင်း ကွဲပြားကြကုန်၏။

ငယ်သည်လည်း ဖြစ်ကုန်သော ကြီးသည်လည်း ဖြစ်ကုန်သော အခြေလေး ချောင်းရှိသောသတ္တဝါတို့ကိုလည်း သိကြကုန်လော့၊ ထိုအခြေလေးချောင်းရှိသော သတ္တဝါတို့၏ ပုံသဏ္ဌာန်သည်အမျိုးဇာတ်အတိုင်း ဖြစ်၏၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည် အချင်းချင်း ကွဲပြားကြကုန်၏။

ဝမ်းရေလျှင် ခြေရှိကုန်သော ရှည်သော ကျောက်ကုန်းရှိကုန်သော မြွေတို့ကို သိကြကုန်လော့၊ ထိုမြွေတို့၏ ပုံသဏ္ဌာန်သည် အမျိုးဇာတ်အတိုင်း ဖြစ်၏၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည် အချင်းချင်းကွဲပြားကြကုန်၏။

ထိုမှတစ်ပါး ရေ၌ ကျက်စားသော ငါးတို့ကိုလည်း သိကြကုန်လော့၊ ထိုငါးတို့၏ ပုံသဏ္ဌာန်သည်အမျိုးဇာတ်အတိုင်း ဖြစ်၏၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည် အချင်းချင်း ကွဲပြားကြကုန်၏။

ထိုမှတစ်ပါး အတောင်ယာဉ်ရှိ၍ ကောင်းကင်သွား ငှက်တို့ကိုလည်း သိကြကုန် လော့၊ ထိုငှက်တို့၏ပုံသဏ္ဌာန်သည် အမျိုးဇာတ်အတိုင်း ဖြစ်၏၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည် အချင်းချင်းကွဲပြားကြကုန်၏။

ဤသတ္တဝါဇာတ်တို့၌ ပုံသဏ္ဌာန်သည် အသီးသီး အမျိုးဇာတ်အတိုင်း ဖြစ်သ ကဲ့သို့ ဤအတူ လူတို့၌ပုံသဏ္ဌာန်သည် အသီးသီး အမျိုးဇာတ်အတိုင်း ဖြစ်ခြင်း မရှိ။

ဆံပင်တို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ဦးခေါင်းတို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ နား တို့ဖြင့်လည်းကွဲပြားခြင်းမရှိ၊ မျက်စိတို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ခံတွင်းဖြင့် လည်း ကွဲပြားခြင်း မရှိ၊ နှာခေါင်းဖြင့်လည်း ကွဲပြားခြင်းမရှိ၊ နှုတ်ခမ်းတို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ မျက်ခုံးတို့ဖြင့်လည်းကွဲပြားခြင်းမရှိ။

လည်ပင်းဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ပခုံးတို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ဝမ်းဖြင့် လည်း ကွဲပြားခြင်းမရှိ၊ ကျောက်ကုန်းဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ခါးဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ရင်ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ကျဉ်းမြောင်းသောအရပ် အင်္ဂါဇာတ် ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ မေထုန်အကျင့်ဖြင့်လည်း ကွဲပြားခြင်းမရှိ။

လက်တို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ခြေတို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ လက်ချောင်းတို့ဖြင့်လည်းကောင်း၊ လက်သည်းတို့ဖြင့်လည်းကောင်း ကွဲပြားခြင်းမရှိ၊ မြင်း ခေါင်းတို့ဖြင့်လည်းကွဲပြားခြင်းမရှိ၊ ပေါင်တို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ အဆင်း အားဖြင့်လည်း ကွဲပြားခြင်း မရှိ၊ အသံအားဖြင့်လည်း ကွဲပြားခြင်းမရှိ၊ တစ်ပါးသော သတ္တဝါ အမျိုးဇာတ်တို့၌ကဲ့သို့ ပုံသဏ္ဌာန်သည်အမျိုးဇာတ်အတိုင်း မဖြစ်သည် သာတည်း။

၄၅၇။ လူတို့၏ ဥစ္စာဖြစ်သော ကိုယ်တို့၌ အသီးအခြား ထိုကွဲလွဲချက်သည် မရှိ၊ လူတို့၌ ကွဲလွဲချက်ကိုအခေါ်ဝေါ်အားဖြင့်သာ ဆိုရ၏။

ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သော သူသည် လယ်လုပ်ခြင်းအမှုကို မှီ၍ အသက်မွေး၏၊ ထိုသူသည် လယ်သမားသာ မည်၏၊ ပုဏ္ဏား မမည်နိုင်ဟု ဤသို့ သိလော့။

ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သောသူသည် အထူးထူး အပြားပြား များစွာသော အတတ်ဖြင့်အသက်မွေး၏၊ ထိုသူသည် အတတ်ပညာသည်သာ မည်၏၊ ဗြာဟ္မဏ မမည်နိုင်ဟု ဤသို့ သိလော့။

ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သောသူသည် ကုန်သွယ်ခြင်းကို မှီ၍ အသက်မွေး၏၊ ထိုသူသည်ကုန်သည်သာ မည်၏၊ ဗြာဟ္မဏ မမည်နိုင်ဟု ဤသို့ သိလော့။

ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သော သူသည် သူတစ်ပါးတို့ အခိုင်း အစေအဖြစ်ဖြင့်အသက်မွေး၏၊ ထိုသူသည် အစေခံသာ မည်၏၊ ဗြာဟ္မဏ မမည် နိုင်ဟု ဤသို့ သိလော့။

ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သော သူသည် ခိုးယူခြင်းကို မှီ၍ အသက်မွေး၏၊ ထိုသူသည်ခိုးသူသာ မည်၏၊ ဗြာဟ္မဏ မမည်နိုင်ဟု ဤသို့ သိလော့။

ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သော သူသည် လက်နက်ကို မှီ၍ အသက်မွေး၏၊ ထိုသူသည်စစ်သည်သာ မည်၏၊ ဗြာဟ္မဏ မမည်နိုင်ဟု ဤသို့ သိလော့။

ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သောသူသည် ပုရောဟိတ်အမှုဖြင့် အသက်မွေး၏၊ ထိုသူသည်ယဇ်ပူဇော်သမားသာ မည်၏၊ ဗြာဟ္မဏ မမည်နိုင်ဟု ဤသို့ သိလော့။

ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သောသူသည် ရွာကိုလည်းကောင်း၊ တိုင်း နိုင်ငံကိုလည်းကောင်းအပိုင်စားရ၏၊ ထိုသူသည် မင်းသာ မည်၏၊ ဗြာဟ္မဏ မမည်နိုင်ဟု ဤသို့ သိလော့။

မျိုးရိုးအားဖြင့် ဖြစ်ကာမျှ, အမိဝမ်းတိုက်၌ ဖြစ်ကာမျှကို ဗြာဟ္မဏမည်၏ဟူ၍ ငါမဆို၊ ထိုသူသည်ကြောင့်ကြမှု ရှိနေသေးမူ ဘောဝါဒီသာ မည်၏၊ ကြောင့်ကြမှု မရှိသူ စွဲလမ်းမှု မရှိသူကို ဗြာဟ္မဏဟူ၍ငါ ဆို၏။

၄၅၈။ အကြင်သူသည် အလုံးစုံသောသံယောဇဉ်ကို ဖြတ်တောက်၍ စင်စစ် တပ်မက်တွယ်တာမှု မရှိ၊ တပ်မက်မှုကို ကျော်လွန်သော ကိလေသာတို့မှ ကင်းသော ထိုသူကို ဗြာဟ္မဏဟူ၍ ငါဆို၏။

ရန်ငြိုးဖွဲ့ခြင်းကိုလည်းကောင်း (နှောင်ဖွဲ့တတ်သော ကြိုးသဖွယ်ဖြစ်သော) တဏှာကိုလည်းကောင်းအစဉ်မပြတ် ကိန်းအောင်းတတ်သော အနုသယနှင့်တကွ ဖြစ်သော ခြောက်ဆယ့်နှစ်ပါးသောမိစ္ဆာဒိဋ္ဌိကိုလည်းကောင်း ဖြတ်၍ ပယ်အပ်ပြီး သော အဝိဇ္ဇာတံခါး ကျင်ရှိသော သိပြီးသောသစ္စာလေးပါးရှိသော ထိုသူကို ဗြာဟ္မဏဟူ၍ ငါဆို၏။

အကြင်သူသည် သူတစ်ပါးတို့ ဆဲရေးသည်ကိုလည်းကောင်း၊ ပုတ်ခတ်ခြင်း နှောင်ဖွဲ့ခြင်းကိုလည်းကောင်းအမျက်မထွက်မူ၍ သည်းခံနိုင်၏၊ သည်းခံမှုအား ရှိသော အကြိမ်ကြိမ် သည်းခံနိုင်သော ထိုသူကိုဗြာဟ္မဏဟူ၍ ငါဆို၏။

အမျက်မထွက်တတ်သော (ကိလေသာကို ခါတွက်တတ်သော ဓုတင်) အကျင့်ရှိ သော သီလဂုဏ်ရှိသောရာဂ စသည် ထူပြောခြင်း ကင်းသော ယဉ်ကျေးသော ဣန္ဒြေရှိသော အဆုံးစွန်သောကိုယ်ရှိသော ထိုသူကိုဗြာဟ္မဏဟူ၍ ငါဆို၏။

ကြာဖက်၌ ရေကဲ့သို့လည်းကောင်း၊ ပွတ်ဆောက်ဖျား၌ မုန်ညင်းစေ့ကဲ့သို့လည်း ကောင်း အကြင်သူသည်ကာမဂုဏ်တရားတို့၌ မလိမ်းကျံ မကပ်ငြိ၊ ထိုသို့ သဘောရှိသော သူကို ဗြာဟ္မဏဟူ၍ ငါဆို၏။

အကြင်သူသည် ဤဘဝ၌ပင် မိမိ၏ ဒုက္ခကုန်ရာ အရဟတ္တဖိုလ်ကို မျက်မှောက် ပြု၍ သိ၏၊ ချထားပြီးသော ဝန်ရှိသော ကိလေသာနှင့် မယှဉ်သော ထိုသူကို ဗြာဟ္မဏဟူ၍ ငါဆို၏။

နက်နဲသော အာရုံတို့၌ ဖြစ်သော ပညာဉာဏ်ရှိသော၊ (မိုးကြိုးစက်ကဲ့သို့) ပြကတေ့ ထက်မြက်သောပညာရှိသော၊ နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော လမ်းကြောင်းဟုတ်, မဟုတ်၌ လိမ္မာသော၊ မြတ်သောအကျိုးစီးပွါးသို့ အစဉ် ရောက်ပြီးသော ထိုသူကို ဗြာဟ္မဏဟူ၍ ငါဆို၏။

အိမ်ရာတည်ထောင်သော သူတို့နှင့်လည်းကောင်း၊ အိမ်ရာမထောင်သော ရဟန်း တို့နှင့်လည်းကောင်းနှစ်ပါးစုံသော သူတို့နှင့် မရောမယှက်သော၊ ဝတ္ထုကာမ ကိလေသာကာမတို့၌ မကပ်ငြိသော၊ နည်းသောအလိုရှိသော ထိုသူကို ဗြာဟ္မဏ ဟူ၍ ငါ ဆို၏။

အကြင်သူသည် ထိတ်လန့်တတ်သောသတ္တဝါ (ပုထုဇဉ်), မထိတ်လန့်တတ်သော သတ္ထဝါ (ရဟန္တာ) တို့၌တုတ်လက်နက်ကို ချထားပြီးဖြစ်၍ မသတ်ဖြတ် မညှဉ်းဆဲ၊ ထိုသို့သဘော ရှိသောသူကို ဗြာဟ္မဏဟူ၍ငါဆို၏။

ရန်ငြိုးဖွဲ့တတ်သော သူတို့၌ တုံ့ပြန်၍ ရန်ငြိုး မဖွဲ့တတ်သော သဘောရှိသော၊ လက်နက်လှံကန်စွဲကိုင်သူတို့တွင် လက်နက်လှံကန်စွဲကိုင်တတ်သော သဘောမရှိ သော၊ ကိလေသာရန်ငြိမ်းအေးပြီးသော၊ စွဲလမ်းတတ်သူတို့တွင် မစွဲလမ်းတတ် သော သဘောရှိသော ထိုသူကို ဗြာဟ္မဏဟူ၍ငါဆို၏။

အကြင်သူအား ရာဂသည်လည်းကောင်း၊ ဒေါသသည်လည်းကောင်း၊ မာနသည် လည်းကောင်း၊ သူ့ကျေးဇူးကို ချေဖျက်ခြင်းသည်လည်းကောင်း ပွတ်ဆောက်ဖျားမှ မုံညင်းစေ့ကဲ့သို့ လျှောကျ၏၊ ထိုသို့သဘောရှိသော သူကို ဗြာဟ္မဏဟူ၍ ငါဆို၏။

၄၅၉။ တစ်စုံတစ်ယောက်သော သူကိုမျှ မငြိစွန်းစေတတ်သော၊ မကြမ်းကြုတ် သော၊ အနက်ကိုသိစေတတ်သော၊ မှန်ကန်သော စကားမျိုးကို အကြင်သူသည် မြွက်ဆိုတတ်၏၊ ထိုသူကိုဗြာဟ္မဏဟူ၍ ငါဆို၏။

အကြင်သူသည် လောက၌ ရှည်သည်လည်းဖြစ်သော၊ တိုသည်လည်းဖြစ်သော၊ ငယ်သည်လည်းဖြစ်သော၊ ကြီးသည်လည်းဖြစ်သော၊ ကောင်း, မကောင်းလည်းဖြစ် သော၊ အရှင်မပေးသော ဥစ္စာကို မခိုးယူတတ်၊ ထိုသူကို ဗြာဟ္မဏဟူ၍ ငါဆို၏။

အကြင်သူအား ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း တဏှာတောင့်တမှု မရှိ၊ အာသာတဏှာကင်းသော၊ ကိလေသာနှင့်မယှဉ်သော ထို သူကို ဗြာဟ္မဏ ဟူ၍ ငါဆို၏။

အကြင်သူအား သို့လော သို့လော တွေးတောမှုမရှိသော မှန်ကန်သော သဘော ကို သိ၍တဏှာအာလယတို့သည် မရှိကြကုန်၊ အမြိုက်နိဗ္ဗာန်အတွင်းသို့ အစဉ် ဝင်ရောက် ပြီးသော ထိုသူကိုဗြာဟ္မဏဟူ၍ ငါဆို၏။

ဤသာသနာတော်၌ အကြင်သူသည် ကုသိုလ်ဟူသော ကပ်ငြိခြင်းကိုလည်း ကောင်း၊ အကုသိုလ်ဟူသောကပ်ငြိခြင်းကိုလည်းကောင်း နှစ်ပါးစုံသော ကပ်ငြိခြင်း ကို လွန်မြောက်၏၊ ပူဆွေးခြင်း မရှိသောကိလေသာ မြူကင်းသော စင်ကြယ်သော ထိုသူကို ဗြာဟ္မဏ ဟူ၍ ငါ ဆို၏။

လကဲ့သို့ အညစ်အကြေးကင်းသော၊ စင်ကြယ်သော၊ အထူးသဖြင့်ကြည်လင် သော၊ မနောက် ကျုသော၊ ကုန်ပြီးသောတဏှာဘဝရှိသော ထိုသူကို ဗြာဟ္မဏဟူ၍ ငါဆို၏။

အကြင်သူသည် လွန်မြောက်နိုင်ခဲသော ခရီးမှားဖြစ်သော အဖန်ဖန်ကျင်လည် တတ်သောတွေဝေတတ်သော မောဟကို လွန်မြောက်တတ်၏၊ သြဃလေးပါးကို ကူးမြောက်ပြီးသူ ဖြစ်၏၊ နိဗ္ဗာန်ကမ်းတစ်ဖက်သို့ ရောက်ပြီးသူ ဖြစ်၏၊ အာရုံ, လက္ခဏာယာဉ်ကို ရှုသောအားဖြင့် ကပ်၍ရှုတတ်၏၊ တုန်လှုပ်တတ်သော တဏှာမရှိ၊ သို့လော သို့လော တွေးတောယုံမှားမှု မရှိ၊ မစွဲလမ်းမူ၍ငြိမ်းအေး၏၊ ထိုသို့သဘောရှိသော သူကို ဗြာဟ္မဏ ဟူ၍ ငါ ဆို၏။

ဤလောက၌ အကြင်သူသည် ဝတ္ထုကာမ ကိလေသာကာမ နှစ်ပါးစုံကို ပယ် ဖျောက်၍အိမ်ရာမထောင်ဘဲ ရဟန်းပြု၏၊ ကုန်ပြီးသောကာမ ကုန်ပြီးသော ဘဝ ရှိသော ထိုသူကို ဗြာဟ္မဏဟူ၍ငါ ဆို၏။

ဤလောက၌ အကြင်သူသည် တဏှာကို ပယ်ဖျောက်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏၊ ကုန်းပြီးသောတဏှာ ကုန်းပြီးသောဘဝရှိသော ထိုသူကို ဗြာဟ္မဏ ဟူ၍ ငါ ဆို၏။

အကြင်သူသည် လူ၌ဖြစ်သော ကာမဂုဏ်နှင့်ယှဉ်ခြင်း နတ်၌ဖြစ်သော ကာမဂုဏ် နှင့် ယှဉ်ခြင်းကိုပယ်၍ လူ၌ဖြစ်သော ကာမဂုဏ်နှင့်ယှဉ်ခြင်း နတ်၌ဖြစ်သော ကာမဂုဏ်နှင့် ယှဉ်ခြင်းကို လွန်မြောက်၍အလုံးစုံသော ကိလေသာယှဉ်ခြင်းဖြင့် မယှဉ်သော ထိုသူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။

ကာမဂုဏ်တို့၌ မွေ့လျော်ခြင်းကိုလည်းကောင်း၊ ကုသိုလ်ပွါးများခြင်း၌ မမွေ့ လျော်ခြင်းကိုလည်းကောင်းပယ်ဖျောက်၍ ငြိမ်းချမ်းပြီးသော၊ ဥပဓိကင်းပြီးသော၊ လောကအလုံးကို နှိမ်နင်း၍ တည်သော၊ လုံ့လဝီရိယရှိသောသူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။

အကြင်သူသည် သတ္တဝါတို့၏ စုတိကိုလည်းကောင်း၊ ပဋိသန္ဓေကိုလည်းကောင်း အချင်းခပ်သိမ်း သိ၏၊ ငြိကပ်တွယ်တာမှု မရှိသော၊ ကောင်းမြတ်သော နိဗ္ဗာန် အရပ်သို့ ရောက်ပြီးသော၊ သစ္စာလေးပါးကိုသိသော ထိုသူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။

အကြင် သူ၏ လားရောက်ရမည့် ဂတိကို နတ်တို့သည်လည်းကောင်း၊ ဂန္ဓဗ္ဗတို့ သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း မသိနိုင်ကြကုန်၊ ကုန်ပြီးသော အာသဝေါရှိသော၊ ပူဇော်အထူးကိုခံတော်မူထိုက်သော ထိုသူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။

အကြင်သူအား ရှေးဖြစ်သော အတိတ်၌လည်းကောင်း၊ နောက်ဖြစ်သော အနာဂတ်၌လည်းကောင်း၊ အလယ်ဖြစ်သော ပစ္စုပ္ပန်၌လည်းကောင်း ကြောင့်ကြမှု မရှိ။ ကြောင့်ကြမှု မရှိသော၊ စွဲလမ်းမှုမရှိသောထိုသူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။

ရှေ့ဆောင်နွားလားဥသဘနှင့်တူသော၊ မြတ်သော ဝီရိယရှိသော၊ မြတ်သော သီလက္ခန္ဓစသည့်ကျေးဇူးဂုဏ်အထူးကို ဆည်းပူးရှာမှီးပြီးသော၊ အောင်အပ်ပြီး သော အောင်ပွဲရှိသော၊ ကင်းပြီးသောတဏှာရှိသော၊ ကိလေသာအညစ်အကြေးကို ဆေးလျှော်ပြီးသော၊ သစ္စာလေးပါးကို သိပြီးဖြစ်သော ထိုသူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။

အကြင်သူသည် ရှေးက နေခဲ့ဖူးသော ဘဝအဆက်ကို သိ၏၊ နတ်ရွာရောက် ကြောင်းကောင်းမြတ်သော လမ်းခရီးကိုလည်း မြင်၏၊ ပဋိသန္ဓေနေမှုကုန်ရာ နိဗ္ဗာန်သို့လည်း ရောက်၏၊ ထိုသို့သဘောရှိသော သူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။

၄၆ဝ။ ဤဗြာဟ္မဏဟူသော အမည်သည် လောက၌ ခေါ်ဝေါ်ပြောဆိုရသော အမည်မျှသာတည်း၊ ဗြာဟ္မဏ, ဝါသေဋ္ဌ, ဘာရဒွါဇစသော အမည်အနွယ်ကို လူတို့ ကြံဆထား၏၊ အဆင့်ဆင့်ခေါ်ဝေါ်ပြောဆိုသော အမည်အားဖြင့် လာ၏၊ ထိုထို မွေးဖွားရာကာလ စသည်တို့၌ ဆွေမျိုးတို့သည်ကြံဆထား၏။

ဗြာဟ္မဏဟူသော အမည်သည် ခေါ်ဝေါ်ခြင်းငှါ သမုတ်ထားသော အမည်မျှသာ တည်းဟုမသိသောသူတို့၏ ရှည်မြင့်စွာသော ကာလပတ်လုံး အစဉ်ကိန်းနေသော မှားသောအယူအဆမျှသာတည်း၊ မသိသောသူတို့သည် ဗြာဟ္မဏဟူသည် ဇာတ် အားဖြင့်ဖြစ်၏ဟု အစဉ်အဆက်ပြောဆိုကြကုန်၏။

ဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ ဇာတ်ကြောင့် ဗြာဟ္မဏ မဟုတ်သူ မဖြစ်နိုင်၊ မိမိပြုလုပ်သော အလုပ်ကြောင့် ဗြာဟ္မဏ ဖြစ်၏၊ မိမိပြုလုပ်သော အလုပ်ကြောင့် ဗြာဟ္မဏ မဟုတ်သူဖြစ်၏။

မိမိပြုလုပ်သော အမှုကြောင့် လယ်သမား ဖြစ်၏၊ မိမိပြုလုပ်သော အလုပ် ကြောင့် အတတ်ပညာသည်ဖြစ်၏၊ မိမိပြုလုပ်သောအလုပ်ကြောင့် ကုန်သည် ဖြစ်၏၊ မိမိပြုလုပ်သော အလုပ်ကြောင့် အစေခံ ဖြစ်၏။

မိမိပြုလုပ်သောအလုပ်ကြောင့် ခိုးသူ ဖြစ်၏၊ မိမိပြုလုပ်သော အလုပ်ကြောင့် စစ်သား ဖြစ်၏၊ မိမိပြု လုပ်သောအလုပ်ကြောင့် ယဇ်ပူဇော်သမား ဖြစ်၏၊ မိမိပြု လုပ်သော အလုပ်ကြောင့် မင်းဖြစ်၏။

အကြောင်းကို စွဲ၍ အကျိုးဖြစ်၏ဟု ပဋိစ္စသမုပ္ပါဒ်ကို မြင်လေ့ရှိကုန်သော၊ ကံ ကံ၏ အကျိုး၌လိမ္မာကုန်သော ပညာရှိတို့သည် ဤသို့ဟုတ်တိုင်းမှန်စွာ ဤ ကံတရားကို မြင်ကြကုန်၏။

လောကသည် ကံကြောင့် ဖြစ်၏၊ သတ္တဝါအပေါင်းသည် ကံကြောင့် ဖြစ်၏၊ သွားသော ရထား၏နားပန်းစွန်းကဲ့သို့ သတ္တဝါတို့ကို ကံက ဖွဲ့စပ်ထား၏။

ကိလေသာကို ခါတွက်တတ်သော ဓုတင်အကျင့်ဖြင့်လည်းကောင်း၊ မေထုန်အကျင့် ကိုရှောင်ကြဉ်ခြင်းဖြင့်လည်းကောင်း၊ စောင့်စည်းအပ်သော သီလဖြင့်လည်းကောင်း၊ ဣန္ဒြေခြောက်ပါးကိုဆုံးမခြင်းဖြင့်လည်းကောင်း ဤချီးမွမ်းအပ်သော အထူးစင် ကြယ်သော အကြောင်းကံကြောင့် ဗြာဟ္မဏမည်၏၊ ဤသို့သဘောရှိသော ပုဂ္ဂိုလ် ကို မြတ်သော ဗြာဟ္မဏဟူ၍ ငါ ဆို၏။

ဝါသေဋ္ဌ သုံးပါးသော ဝိဇ္ဇာဉာဏ်တို့နှင့် ပြည့်စုံသော၊ ငြိမ်းအေးပြီးသော ကိလေ သာ ရှိသော၊ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်းကုန်ပြီးသောသူသည် သိကြားနားလည် သူတို့၏ ဗြဟ္မာလည်း မည်၏၊ သိကြားလည်းမည်၏၊ ဤသို့ သင် သိလော့”ဟု (မိန့်တော်မူ၏)။

၄၆၁။ ဤသို့ မိန့်တော်မူသည်ရှိသော် ဝါသေဋ္ဌ, ဘာရဒွါဇလုလင်တို့သည် မြတ်စွာဘုရားကို”အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမ ထိုအကျွန်ုပ်တို့သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကို့လည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်း ကပ်သော ဥပါသကာတို့ဟူ၍ မှတ်တော်မူပါ”ဟု (လျှောက်ထားကြလေကုန်သတည်း)။

ရှစ်ခုမြောက် ဝါသေဋ္ဌသုတ် ပြီး၏။